ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ရွှေပြည်တော်ယောင်တိုင်းဝေး

Thursday, November 27, 2008

(အခုတလော မြန်မာ့ဒီမိုကရေစီအရေးဟာ စစ်အာဏာရှင်တွေရဲ့ အခင်းအကျင်းအတိုင်း လိုက်လျှောက်မှသာ အောင်မြင်နိုင်ဖွယ်ရှိကြောင်း ပညာရှင်ဆန်ဆန် သုံးသပ်ပြောဆိုမှုလေးတွေ ကြားနေရပါတယ်။ အများအားဖြင့် တတိယအုပ်စုဝင်များဆီမှ ဖြစ်ပါတယ်။ သူတို့အကြောင်း စဉ်းစားမိရင်း လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရေးဖူးတဲ့စာလေးကို သွားအမှတ်ရမိပါတယ်)


ရွှေပြည်တော်ယောင်တိုင်းဝေး


ဟိုယောင်ယောင်၊ ဒီယောင်ယောင်’ဆိုသော စကားလုံးကား မြန်မာ့လူ့ဘောင်တွင် အလွန် တွင်ကျယ်လှပါသည်။ လူသားတစ်ယောက်ဟူသည် မိမိဘဝတိုးတက်ရေးအတွက်၊ အဖွဲ့အစည်းတစ်ခုဟူသည် အဖွဲ့ပေါ်ပေါက်လာရခြင်း အကြောင်းရင်းအတွက်၊ နိုင်ငံတစ်ခုဟူသည် နိုင်ငံတော်တိုးတက်ရေး၊ နိုင်ငံသားများ လူနေမှုဘဝ လုံခြုံသာယာရေးအတွက် ရှင်းလင်းသောပန်းတိုင်၊ ပြတ်သားသော ယုံကြည်ချက်၊ ခိုင်မာသော ဆုံးဖြတ်ချက်များ ရှိရပေမည်။ ထိုသို့မရှိလျှင်ကား “ဟိုယောင်ယောင်၊ ဒီယောင်ယောင်” ဖြစ်၍ လူ့ဘောင်လောကအတွက် အကျိုးမရှိသော ဆန်ကုန်မြေလေးများ ဖြစ်တတ်ပါသည်။ ယင်းထက်ပိုဆိုးသည်ကား ထိုသို့သော လူများတွင် ပညာဥာဏ်များ၊ ရာထူးရာခံများရှိပြီး၊ ဆင်ခြင်တုံတရားမရှိပါက လူ့ဘောင်အတွက် အလွန်တရာ အန္တရာယ်ကြီးလာရခြင်းပင်ဖြစ်သည်။


ယခုနှစ်များအတွင်း၊ မြန်မာ့နိုင်ငံရေး လောကအတွင်း၌ တတိယအုပ်စုဆိုသော အုပ်စုတစ်ခု ပေါ်ပေါက်လာပါသည်။ အဖွဲ့ဝင်အင်အား မများလှသော်လည်း အာဏာရှင်စနစ်အား ပြည်သူလူထုက တွန်းလှန်နေသည့် တော်လှန်ရေးတစ်ရပ်အား စစ်အစိုးရနှင့် အတိုက်အခံအုပ်စုများ၏ အာဏာလုပွဲ သဏ္ဍာန်ပြောဆိုကာ လူထုနှင့် တော်လှန်ရေးအား ခွဲထုတ်နေမှု၊ အာဏာရှင်လက်ထဲသို့ လူသတ်လက်နက်များ မရောက်သွားစေရန် တားဆီးခြင်း ခြေလှမ်းများဖြစ်သော နိုင်ငံတကာ အရေးယူမှုများအား ကန့်ကွက်မှု စသည့်လုပ်ရပ်များမှာ မြန်မာလူမျိုးများ အနာဂတ်အတွက် သာမကပဲ၊ ရမ်းကားသော အစိုးရလက်ထဲသို့ ရောက်ရှိသွားသော လက်နက်နည်းပညာများမှတဆင့် နိုင်ငံတကာလုံ ခြုံရေးကိုပါ ထိခိုက်စေနိုင်သဖြင့် ပေါ့ပေါ့တန်တန် သဘောထားရမည့်ကိစ္စတစ်ခု မဟုတ်သည်ကတော့ သေချာလှပေသည်။


အဆိုပါ တတိယအုပ်စုတွင် မည်သို့သော လူအမျိုးအစားများ ပါဝင်နေသည်ကို လေ့လာကြည့်ကြပါစို့။ ပထမအမျိုးအစားမှာ “သေနတ်ကို မိုးပေါ်ထောင်မပစ်၊ တည့်တည့်သာပစ်မည်’ ဆို၍ သန်းပေါင်း များစွာသော လူထုအား ရုပ်မြင်သံကြားမှ ခြိမ်းချောက်ခဲ့သော ကွယ်လွန်သူ အာဏာရှင်ဟောင်း လက်ထက်ကတည်းက အာဏာရှင် မိသားစုဝင်များနှင့် အကျွမ်းတဝင်ရှိ၍၊ မြန်မာပြည်နှင့် ပြည်ပအား အိမ်ဦးနှင့်ကြမ်းပြင်ပမာ ကူးလူးသွားလာခဲ့ကြသော ပညာရှင်အမည်ခံ နိုင်ငံခြားပါမောက္ခများနှင့် ကထိကများဖြစ်ကြသည်။


ဒုတိယအမျိုးအစားများမှာကား အာဏာရှင်ဟောင်းကြီး၏ ပညာတတ် ဇနီးသည်တစ်ယောက်မှ မွေးမြူထားခဲ့သော တပည့်များဖြစ်သည်။ ထိုသူများမှာလဲ နည်းမျိုးစုံသော ထောက်ပံ့မှုများဖြင့်၊ ပြည်ပနိုင်ငံအရပ်ရပ်တွင် အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိခဲ့သူများဖြစ်သည်။


တတိယအမျိုးအစားများကား ထိုသူများထက်ပို၍ ထူးခြားဆန်းကြယ်သူများ ဖြစ်ပါသည်။ သူတို့သည်တစ်ချိန်က မြန်မာ့ဒီမိုကရေစီအရေးတွင် ပြည်တွင်းပြည်ပ၌ တက်ကြွကာလှုပ်ရှားခဲ့ပြီးမှ၊ နအဖအမျိုးသားညီလာခံအား စတင်ထောက်ခံခြင်း ခြေလှမ်းသစ်နှင့်အတူ၊ ဘက်ပြောင်းသွားသူများ ဖြစ်ပါသည်။ သို့ပေမယ်လဲ ယင်းတို့၏ ဂုဏ်သိက္ခာအတွက် ဘက်ပြောင်းခြင်း မပေါ်လွင်အောင်၊ လူထုအကျိုးကိုလို၍ ဆောင်ရွက်နေသယောင်ယောင် ရောင်တော်ပြန်နှင့် ရောလွှတ်နေကြသူများ ဖြစ်ပါသည်။ ထိုသူများနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးခဲ့သော နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများမှ လူတစ်ချို့မှာလဲ ယခင်က မြန်မာ့အရေး ဆောင်ရွက်နေရာမှ ထိုသူများ၏ ဝါဒဖြန့်ချီရေးသမားများ ဖြစ်လာကြပါသည်။ “ပုဂ္ဂိုလ်ခင်မှတရားမင်’ဆိုသော်လဲ၊ အမှားနှင့်အမှန်ကို ခွဲခြားဆုံးဖြတ်သော ဥာဏ်စွမ်းအား နည်းပါးသည်ပင် ဆိုရပေမည်။ မှားနေမှန်းသိပါလျက်၊ ပုဂ္ဂိုလ်ရေးကြောင့် ယုံကြည်ချက် စွန့်သည်ကတော့ မဖြစ်သင့်ပါ။ မိမိ၏ရင်းနှီးသော မိသားစုဝင်ပင်ဖြစ်ပါစေ၊ လိုအပ်လာလျှင်တော့ ပြတ်သားစွာပင် အမှန်တရားဘက်မှ ရပ်တည်ရပေမည်။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်လုပ်ရန် လုပ်ကောင်းသည့် ကိစ္စမဟုတ်ပါ။ နောက်ကွယ်တွင် လူ့အသက်များစွာ၊ ဘဝများစွာနှင့် ဆက်စပ်နေပါသည်။


မည်သို့ဆိုစေ၊ အဆိုပါတတိယအုပ်စုတွင်းမှ ပါရဂူဘွဲ့ရထားသူများ၊ မဟာဘွဲ့ရထားသူများ၏ အာဏာရှင်အလိုကျ ပြောဆိုဆောင်ရွက်နေမှုများကြောင့်၊ ပညာရှင်များကို ဖောက်ပြန်တတ်သော လူတန်းစားများအဖြစ် အချို့က ထင်မြင်ပြောဆိုလာခြင်းမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းပါသည်။ ပါရဂူဘွဲ့များ၊ မဟာဘွဲ့များအတွက် လျှောက်လှမ်းရသော ခရီးလမ်းများမှာ အလွန်ပင် ကြမ်းတမ်းလှပါသည်။ ငယ်ရွယ်နုပျိုသော ကာလတလျှောက်လုံးအား၊ အများနှင့်အတူ မပျော်ပါးနိုင်ပဲ သွားလေရာ စာအုပ်တကိုင်ကိုင်နှင့် ကုန်လွန်ရသော နှစ်ရှည်ကာလများ၊ အိပ်ရေးပျက်ရသောညများ၊ စားရန်ပင် အချိန်မပေးနိုင်၍ လွတ်ရသော ထမင်းနပ်များဖြင့် ကြိုးစားကြရသည်။ ထိုပင်ပန်းဆင်းရဲမှုများစွာ ခံပြီးမှလဲ ပညာရှင်တစ်ယောက်အနေဖြင့်၊ ပညာရှင် အသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းကို ခံကြရခြင်းဖြစ်ပါသည်။


သို့ရာတွင် ထိုအသိအမှတ်ပြုမှုခံရမှုအား ပညာရှင်အနေဖြင့် လူ့လောကကို အကျိုးပြုရန်သာဖြစ်ပါသည်။ သက်ဆိုင်ရာ ပညာရပ်များ နောက်ကွယ်တွင် လူ့လောကအား မည်သို့အကျိုးပြုရန် လမ်းညွှန်များ ပါဝင်ပြီးသားဖြစ်ပါသည်။ တလွဲဆံပင်ကောင်း၍ လူ့လောကအား အကျိုးယုတ်စေသူများဘက်မှ ရပ်တည်လိုက်ပါက လူ့လောကအတွက် အလွန်ပင် အန္တရာယ်ရှိလှပါသည်။ မြန်မာနိုင်ငံတွင် အာဏာရှင် အဆက်ဆက်တို့၏ အကွက်ချပြင်ဆင်၍ မျိုးဆက်သုဉ်းစေခဲ့သော စီမံချက်များကြောင့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ပေါ်လစီရေးရာများကဏ္ဍ၌ ကျွမ်းကျင်ပညာရှင်များ အလွန်ပင်ရှားပါးလှပါသည်။ ယင်းအပေါ်တွင် အခွင့်ကောင်းယူ၍၊ ကိုယ့်ဘာသာကိုယ် ပြတိုက်သွင်းခံ မြန်မာ့အရေးကျွမ်းကျင် လူတန်းစား သတ်မှတ်ကာ၊ အာဏာရှင်ဘက်လိုက် စကားလုံးများ ပြောဆို၍ တလွဲဆံပင် မကောင်းသင့်ကြပါ။ လူထုဘက်မှရပ်တည်၍၊ တတ်ထားသော ပညာရပ်များကို အကျိုးရှိစွာ သုံးသင့်ကြပါသည်။


နိဂုံးချုပ်ဆိုရသော် တတိယအုပ်စုဝင်များ အနေဖြင့်၊ ယုံကြည်ချက်ပျောက်၊ လမ်းစပျောက်ကာ ဟိုယောင်ယောင်၊ ဒီယောင်ယောင်ပြုလုပ်ခြင်းများ၊ အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်အောင် ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်၍ လူထုအကျိုးကို မျှော်ကိုးသင့်ပါကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါသည်။ လူထုအနေဖြင့်လဲ “ရွှေပြည်တော်၊ယောင်တိုင်းဝေး’ အဖြစ်မျိုးသို့ မကျရောက်ရလေအောင် သတိဥာဏ်နှင့်ယှဉ်၍ သူများယောင်တိုင်း လိုက်မယောင်သင့်ပါကြောင်း ပန်ကြားအပ်ပါသည်။


ခင်မမမျိုး (ဇန်န၀ါရီလ၊ ၂၀၀၇)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP