(လွန်ခဲ့တဲ့ နှစ်နှစ်က ဆောင်းပါးဟောင်းလေးကို ပြန်တင်လိုက်ပါတယ်)
မိုးကြိုးပစ်၊ ထန်းလက်နဲ့ကာ၊ မရဘူးကွယ်
နှစ်ဆယ်ရာစု နှောင်းပိုင်းမှစ၍ ကမ္ဘာတခွင်တွင် ပြိုးပြိုးပြက်ပြက်နှင့် လျှပ်စီးများ လင်းလက်လာသည်။ တိုးတက်လာသော သတင်းနှင့်နည်းပညာ လျှပ်စီးများ။ မည်သို့ဆိုစေ၊ ဤနည်းပညာ အသစ်အဆန်းများဖြင့် ကမ္ဘာကြီးကား နေ့ချင်းညချင်းပင် ရွာကြီးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ အလင်းရောင်သည် မှန်ကန်မှု၊ ခိုင်မာတည်ကြည်မှု၊ တိုးတက်သော အမြင်ရှိမှု တို့အပေါ်တွင် အခြေခံသူများအတွက် အထောက်အကူ ဖြစ်စေသော်လဲ မသမာမှု၊ လိမ်လည်မှု၊ အမှန်တရားများအား ဖုန်းကွယ်လိုမှု တို့အပေါ်တွင် အခြေခံသူများအတွက်ကား ငယ်ထိပ်မိုးကြိုးပစ်သကဲ့သို့နှယ် ဖြစ်သွားသည်။ မိုးကြိုးပစ်တာကို ထန်းလက်နှင့်ကာ၍ မရနိုင်မှန်းသိရက်နှင့်ကာဖို့ ကြိုးစားကြသူများ ပေါ်ပေါက်လာသည်။
ကျွန်မတို့ မြန်မာနိုင်ငံတွင် နအဖဗိုလ်ချုပ်ကြီးများ ငွေကုန်ကြေးကျခံကာ ပြုလုပ်နေရသော စီမံကိန်းတစ်ရပ်ရှိသည်။ ထိုစီမံကိန်းကြီးကား သတင်းမှန်ပြည်သူဆီသို့ မရောက်စေရေး စီမံကိန်း။ အဆိုပါ စီမံကိန်းအောက်တွင်ရှိနေသည့် မြောက်မြားစွာသော စီမံချက်များအတွက် ခန့်အပ်ထားရသော လူသားအရင်းအမြစ်များ၊ အသုံးပြုရသော နည်းပညာစနစ်များကား အများအပြား။ အဆိုပါ လူသားအရင်းအမြစ်များ၊ နည်းပညာစနစ်များကိုသာ မြန်မာပြည် တိုးတက်ရေးအတွက် မှန်ကန်စွာ သုံးစွဲခဲ့မည်ဆိုလျှင် ယခုအချိန်တွင် မြန်မာပြည်ကြီး တိုးတက်ပြီးသား ဖြစ်နေခဲ့လိမ့်မည်။
သို့ပေမယ့် မြန်မာပြည်တိုးတက်ရေးသည် စစ်အုပ်စုတို့အတွက် အရေးကြီးသည်မဟုတ်။ အရေးကြီးသည်က အာဏာတည်မြဲရေး။ အာဏာတည်မြဲဖို့ဆိုရာတွင် ပြည်သူ့ထံမှအာဏာကို မတရားရယူထားသည်မို့ ပိုင်ရှင်များပြန်တောင်းမည်ကို ကြောက်တလန့်လန့် ဖြစ်နေကြရရှာသည်။ ထိုသို့ပြန်မတောင်းစေရန် ပြည်သူများကို သတင်းအမှောင် ချထားမှဖြစ်မည်၊ သတင်းမှန်များကို စိတ်မဝင်စားအောင် လုပ်ထားမှဖြစ်မည်ဟု စစ်အုပ်စုတို့က ယူဆကြသည်။
ဤ စကောလောက်မှ ဇောက်မနေသော အယူအဆအတွေးတို့ဖြင့် ကျောင်းသင်ခန်းစာများ ပြောင်းသည်။ နားမလည်သူ ကလေးငယ်များအား နအဖအာဘော်များ ရိုက်သွင်းသည်။ ၈၈လူသတ်ပွဲမြင်ခဲ့သည့် ပြည်သူများ အာရုံပြောင်းစေရေးအတွက် တနေ့တာလုပ်ငန်းများ မရှုပ်ရှုပ်အောင် ဖန်တီးထားသည်။ ရန်ကုန်မြို့တော်ကြီးတွင် ညမှရေပေးသည်။ ညဘက်တရေးနိုး ရေထတင်နေရသည်နှင့်ကို တိုက်ခန်းနေ ပြည်သူများ ဒုက္ခရောက် နေရတော့သည်။ အထက်တန်းလွှာများ အတွက်ကား ဇိမ်ခံဟိုတယ်များ၊ ကလပ်များကို စစ်အုပ်စုဆွေမျိုးများက ဦးဆောင်ကာ ဖွင့်ပေးသည်။ ညဘက်ကလပ် တက်နေရသည်နှင့်ပင် မအားနိုင်ကြတော့။ လူငယ်များအတွက်လဲ စတိတ်ရှိုးများ မရိုးရအောင်ပင်။ ရှိသူများရော၊ မရှိသူများပါ စတိတ်ရှိုးထဲ အာရုံရောက်ကုန်ကြသည်။
လူလတ်ပိုင်းများအတွက်လဲ အချိန်ကုန်စရာများ ဖန်တီးပေးသည်။ ဘောလုံးပွဲနှင့် ချဲထီလောင်းကစားများ။ ချဲထီက (၁၅)ရက် တစ်ခါဆိုတော့ တစ်နေ့တစ်ခါ လောင်း၍ရသည့် နှစ်လုံးထီများ ထပ်ပေါ်လာပြန်သည်။ တနေကုန်တနေခန်း တကုပ်ကုပ်နှင့် ဆိုက်ကားဂိတ်မှအစ ဘုန်းကြီးကျောင်းများအဆုံး တွက်နေလိုက်ကြသည်မှာ ကမ္ဘာပေါ်တွင် နေ့စဉ်သချာင်္ အတွက်ဆုံး တိုင်းပြည်ကိုသာ ဆုပေးပါက မြန်မာပြည်ပင် ဗိုလ်စွဲပေလိမ့်မည်။ အဆိုပါနှစ်လုံးထီများနောက်တွင် မည်သူများ ကြိုးကိုင်နေသနည်း။ စစ်အုပ်စုအသိဆုံးပင် ဖြစ်ပေလိမ့်မည်။ တချိန်တည်းမှာပင် မြဝတီရုပ်မြင်သံကြား ပေါ်လာပြီး၊ အခန်းဆက် စိတ်ဝင်စားဖွယ် တရုတ်ကားများ၊ ကိုးရီးယားကားများ ဆက်တိုက်ပြတော့သည်။မူလတန်းကလေးမှအစ အသက်ရှစ်ဆယ်ကျော်များအဆုံး၊ အခန်းဆက် ကိုးရီးယား၊ တရုတ်ကားများ ရူးလိုက်ကြသည်မှာ ကလေးငယ်များ ကျန်စစ်သားကိုပင် မသိတော့။ ကျန်ကျောင်းကိုတော့ အားလုံးသိကြသတဲ့။ နှစ်ပေါင်းတစ်ရာ လောက်ကြာလျှင် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှု ဆိုသည်ပင် ကမ္ဘာမှာ ကွယ်ပျောက်တော့မည်လားမသိ။
ဤမျှနှင့် အမှန်ကို ဖုံးကွယ်မရ၍ မရနိုင်သေးမှန်းသိတော့ ဂျာနယ်များ ထုတ်ကြပြန်သည်။ နာမည်မျိုးစုံနှင့် ဖြစ်သော်လဲ အများစုကား ထောက်လှမ်းရေး ကြိုးကိုင်ဂျာနယ်များ။ မဆီမဆိုင် ဘောလုံးဂျာနယ်ထဲလဲ နိုင်ငံရေးသမားများအား အပုပ်ချသတင်းပါလာသည်။ ဖက်ရှင်ဂျာနယ်ထဲလဲ ကျောင်းသားတပ်မတော်ကို အဖျက်လုပ်ငန်းများ လုပ်သည်ဆိုပြီး သတင်းမှားများ ထည့်ထားပြန်သည်။ သတင်းစာ ရှင်းလင်းပွဲဆိုသည်နှင့် ပြည်သူအားလုံး တပြိုင်နက်တည်း တီဗွီခလုတ်ပိတ်သည်ကို သိထားကြလေတော့ လူအများ စိတ်ဝင်စားသည့်နေရာတွင် ဆွမ်းဆန်ထဲ ကြွက်ချေးရောထည့်သည့် ကိစ္စကို ဦးစားပေး လုပ်လာကြသည်။
ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ ရေဒီယို(၄)ခုမှ တစ်နေ့နှစ်နာရီခန့်စီ ထုတ်လွှင့်သော သတင်းမှန်များကို လူထုထဲမပြန့်ပွားစေရန်ကိုလည်း နည်းမျိုးစုံဖြင့် ဟန့်တားကြသည်။ စွပ်စွဲပြောဆိုကြသည်။ အသံသတင်းကိုပင် ‘သမီးလင်နောက်လိုက်’သလို ဤမျှ ပျာယာခတ်ခဲ့ရသော နအဖတို့သည် အသံတင်မက၊ ရုပ်ပုံများပင် တွေ့မြင်ရသော လျှပ်စီးများနှင့်အတူ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာသည့် အင်တာနက်ဆိုတာကြီးကိုကား ဒူးတုန်အောင် ကြောက်ကြလေတော့သည်။
ရှောင်၍ရမည်ထင်ပြီး ရှောင်ကြည့်ကြသေးသည်။ မြန်မာလူမျိုးတို့သည် တကမ္ဘာလုံးတွင် အင်တာနက် တော်လှန်ရေးကြီးဖြစ်ပွားပြီး နှစ်ပေါင်းများစွာကြာမှသာ အင်တာနက်ဆိုသော စကားလုံးကို စတင်ကြားဖူး ကြခြင်းသာဖြစ်သည်။ အသုံးပြုခွင့်ပေးပြန်တော့လဲ အဆမတန် ကြီးမားသော စရိတ်များဖြင့် ပြည်သူအများ အလွယ်တကူ မသုံးနိုင်အောင် ပြုလုပ်ထားကြသည်။ စီးပွားရေးလုပ်ငန်း အချို့ကို စပေးသည်။ ပြီးမှတစတစ တိုးတက်၍ အင်တာနက်ကဖီးလေးများ ပေါ်လာသည်။ သုံးစွဲချင်သူများမှာ မွေးစာရင်း၊ သေစာရင်းလုပ်သလို ဘာလုပ်ဖို့သုံးမည်ကအစ မှတ်တမ်းပေးရသည်။ မည်သည့်ဝက်ဘ်ဆိုဒ်များအား မည်သူကဝင်သည်ထွက်သည် လိုက်စစ်နေကြသည်မှာလဲ အမောတကော။ ပိတ်လိုက်ရသည့် အင်တာနက်စာမျက်နှာများမှာလဲ အများအပြား။ နအဖကိုယ်စား ရင်မောလိုက်ပါဘိခြင်း။ လူသတ်သမား အလောင်းမည်သို့ ဖျောက်ရမှန်းမသိပဲ ဗျာများနေသည့်ပုံနှင့် တူလှသည်။
ယခင်က သူတို့ချပေးသည့် အီးမေးလ်ကိုသုံးကြရရာမှ အခြားအီးမေးလ်တချို့ ဖွင့်ပေးသည်။ စကားပြောခွင့်ကို ပိတ်လိုက်ဖွင့်လိုက်။ အချင်းချင်းပေးသည့် ရည်စားစာကအစ လိုက်ဖတ်နေကြရရှာသည့် စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများဘဝမှာလဲ လူ့သိက္ခာနှင့် ချိန်ထိုးကြည့်လျှင် အလွန်ပင်ရွံစရာ ကောင်းသည့်အလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများဘ၀သို့ ရောက်နေကြလေပြီ။ ထမင်းတလုပ်အတွက်နှင့် လူ့စည်းကမ်း၊ လူ့သိက္ခာများကို ချိုးဖောက်နေကြရရှာသည့် ဘဝများပါတကား။
ပြည်ပမှလွှင့်တင်ထားသော အက်တာနက်စာမျက်နှာများအား ဖွင့်ပေးသင့် မဖွင့်ပေးသင့်၊ စစ်ဆေးနေ ကြရသည်မှာလဲ တော်တော်ပင် အချိန်ကုန် လူပင်ပန်းမည့်အလုပ်။ သို့ပေမယ့် မည်မျှဖုံးဖုံး၊ မလုံနိုင်ပဲဖြစ်နေသည်ကတော့ အမှန်ပင်။ မြန်မာလူမျိုးအချို့၏ ဦးနှောက်နှင့် အသိဥာဏ်ထက်မြက်မှုကို မည်သို့သင်းကွပ်၍ ရပါမည်နည်း။ မတရားမှုကို ငြိမ်မခံပဲ အမှန်ဘက်ကရပ်တည်ကာ ကူညီပေးတတ်သော နိုင်ငံတကာမှ နည်းပညာရှင်များ၏ ကျွမ်းကျင်သော ဦးနှောက်များကိုလဲ မည်သို့ယှဉ်နိုင်ပါမည်နည်း။ ကျွမ်းကျင်ပညာရှင်များက ပိတ်ထားသောတံခါးကို မည်သို့ဖွင့်လှစ်ရမည်ကို နည်းစနစ်များပေးလေ့ ရှိကြပါသည်။
နအဖတို့ကဲ့သို့မတရားအစိုးရများ၏ Internet Censorships များကိုကျော်လွှားနိုင်သည့် Psiphon Software ကား ထွက်ပေါ်လာလေသည်။ အသေးစိတ်သိလိုသူများ www.psiphon.ca တွင် လေ့လာ၍အခမဲ့ ဒေါင်းလုပ် လုပ်နိုင်ပါကြောင်း သတင်းကောင်းပါးရင်းဖြင့်----။
(မှတ်ချက်။ နိဂုံးချုပ်ရန် စဉ်းစားရင်း ကက်ဆက်ခလုတ်ကို အမှတ်တမဲ့ ဖွင့်မိတော့ ကိုင်ဇာ၏ သီချင်းသံက လွင့်ပျံလာသည်။‘မိုးကြိုးပစ် ထန်းလက်နဲ့ကာ၊ မရဘူးကွယ်’တဲ့။ ဤသည်ကပင် နိဂုံးဖြစ်သွားပြီထင်ပါသည်)
ခင်မမမျိုး
(၉၊ ၁၂၊ ၂၀၀၆)