မြန်မာနိုင်ငံတွင် နိုင်ငံရေးမုန်တိုင်းတခုပါ ထပ်မံကျရောက်နေသည်လော
ခင်မမမျိုး (၁၀၊၅၊ ၂၀၀၈)
မြန်မာနိုင်ငံအတွင်းသို့ နာဂစ်မုန်တိုင်းကြီး ၀င်ရောက်တိုက်ခတ်သွားသည်။ ပြည်သူများသန်းနှင့်ချီ၍ ဒုက္ခဆင်းရဲ ရောက်ခဲ့ကြရသည်။ သိန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ အလောင်းများက မြင်မကောင်းရှူမကောင်း။ မြို့တော်ဟောင်းကြီးဖြစ်ခဲ့ဖူးသော ရန်ကုန်မြို့ကြီးသည် နေ့ချင်းညချင်း မှောင်မှောင်မဲမဲ မြို့ပျက်ကြီးဖြစ်သွားသည်။ အစိုးရယန္တရားများ ရပ်သွားသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည်။ မြန်မာပြည်၏ ဆန်အိုးကြီးဖြစ်သော ဧရာဝတီတိုင်းတွင် မြို့များ၊ ရွာများ အများအပြား ပျက်စီးသွားသည်။ လပွတ္တာမြို့နယ်တခုတည်းတွင်ပင် ရွာပေါင်း (၂၂)ရွာ လုံးဝပျောက်ဆုံးသွားသည်။
အဆိုပါမုန်တိုင်းသတင်းသည် ကြားရသူမြန်မာများကိုသာမက ကမ္ဘာတ၀ှမ်းလုံးကိုပင် တုန်လှုပ်ချောက်ချားစေခဲ့သည်။ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်နေရာချထားရေး၊ အကူအညီပေးရေး စကားလုံးများက နေရာတိုင်းတွင် ပျံ့လွင့်လာသည်။ သို့ပေမယ့် ထိုစကားလုံးများနောက်ကွယ်မှ လက်တွေ့ဆောင်ရွက်ချက်များတွင်ကား ပြေပြစ်ချောမွေ့ခြင်းများ လုံးဝမရှိခဲ့။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ပထ၀ီဝင်အနေအထား၊ သဘာဝသယံဇာတနှင့် မြန်မာလူမျိုးများ၏ စိတ်ထားများသည် ရှုပ်ထွေးနက်နဲလှသော ပြဿနာပေါင်းများစွာကို ဖြစ်ပွားစေခဲ့သည်။ နိုင်ငံရေးမုန်တိုင်းတခုပင် ထပ်မံကျရောက်နေသည်လောဟု တွေးစရာရှိလာသည်။ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ပါဝင်သူများ အခန်းကဏ္ဍခွဲ၍ လေ့လာကြည့်ပါစို့။
(၁) ပြည်ပရောက်မြန်မာများ
မုန်တိုင်းအန္တရာယ်ကျရောက်ချိန်မှစ၍ ပြည်ပရောက်မြန်မာများအားလုံး ဆောင်ရွက်ခဲ့ ကြသည့် တူညီသော လုပ်ရပ်တခုမှာ အလှူငွေ ကောက်ခံခြင်းပင် ဖြစ်သည်။ အချင်းချင်းသတင်းများဖလှယ်၍ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ပြည်ပရောက်အတိုက် အခံမြန်မာများ၊ ကျောင်းသားမြန်မာများ၊ အခြေစိုက်အလုပ်လုပ်ကိုင်နေသူမြန်မာများ၊ စစ်အုပ်စုမှလွှတ်ထားသော ပညာတော်သင်မြန်မာများ စသည့် မြန်မာများအားလုံး တက်တက်ကြွကြွ၊ ကိုယ့်အစုအဖွဲ့နှင့်ကိုယ် ပါဝင်ခဲ့ကြသည်။ လူမှုရေးစိတ်အပြည့်အ၀ ရှိခဲ့ကြသည်။
ထိုအပိုင်းတွင် တူညီသော်လည်း အတွေးအမြင်ပိုင်းတွင်ကား မတူညီကြပါ။ လူတကိုယ်၊ စိတ်တမျိုးပင် ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် အုပ်စုကြီးလေးအုပ်စုခန့် ကွဲထွက်လာခဲ့သည်။ ပထမအုပ်စုက မုန်တိုင်းကိစ္စအားလုံး၏ တရားခံကို စစ်အစိုးရအဖြစ်သတ်မှတ်ပြောဆိုခြင်းဖြစ်သည်။ ကြိုတင်ကာကွယ်ရေးလုပ်သင့်ပါလျက် မပြုလုပ်ခဲ့ခြင်း၊ မုန်တိုင်းဒုက္ခသည်များအား လျစ်လျူရှုခြင်း၊ သင့်လျော်သော ကယ်ဆယ်မှုများမပြုလုပ်ခြင်း၊ ဆန္ဒခံယူပွဲအား ဇွတ်အတင်းပြုလုပ်ခြင်းများအပေါ်တွင် ဇောင်းပေးပြောဆိုကြသည်။ အမေရိကန်နိုင်ငံနှင့်အခြားသော နိုင်ငံများမှ လူသားချင်း စာနာထောက်ထား၍ မြန်မာနိုင်ငံသို့ ၀င်ရောက်ပေးသင့်ကြောင်း လှုံ့ဆော်ကြသည်။ စစ်အစိုးရအား ရှုံ့ချကြောင်း ကြေငြာချက်များထုတ်ပြန်ကြသည်။
ဒုတိယအုပ်စုမှာကား ထိုပထမအုပ်စုများကို ထိပ်တိုက်ပြန်လည်ပြောဆို ဖြေရှင်းနေသည့် အုပ်စုဖြစ်သည်။ ပြည်သူလူထု၏ လက်ထဲသို့ ရေတဗူးပင် ကိုယ်တိုင်သွားထည့်နိုင်ခြင်းမရှိပဲ ဘေးထိုင်ဘုပြောလုပ်နေကြကြောင်း ပြောဆို၍၊ ပြည်တွင်းတွင် စစ်အုပ်စုမှ ပြုလုပ်နေသော ကယ်ဆယ်ရေးလုပ်ငန်းများကို အသားပေးပြောဆိုရေးသားမှုများ ပြုလုပ်ကြသည်။
တတိယအုပ်စုမှာကား နိုင်ငံတော်၏ အရေးပေါ်အချိန်ကာလတွင် ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်စေလိုသူများဖြစ်သည်။ ပြည်သူများလက်ထဲသို့ ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိသွားရေးသည် အဓိကဖြစ်ပြီး၊ ခေတ္တခဏကာလတွင် တဦးပေါ်တဦး အပြစ်များ ပုံချမနေသင့်ကြောင်း၊ နောင်တချိန်တွင်မှ judgement ကိစ္စကို ပြုလုပ်ရန် ပြောဆိုကြသည်။
စတုတ္ထအုပ်စုမှာကား စစ်အုပ်စုရော၊ အတိုက်အခံများရော ထင်ရာမြင်ရာ ပြောကြ၊ လုပ်ကြခြင်းဖြင့် ပြည်သူများမှာ ကြားညပ်ခံစားနေကြရသည်ဟု ထင်မြင်သူများဖြစ်သည်။ စစ်အုပ်စု၏ စာနာစိတ်ကင်းမဲ့ခြင်း၊ ပြဿနာကို ပြည်သူ့အကျိုးမျှော်၍ ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း များကို ပြောဆိုနေသကဲ့သို့ ပြည်တွင်းပြည်ပအတိုက်အခံများ၏ ညီညွတ်မှုမရှိခြင်း၊ လူများပြီးပွဲမစည်ဖြစ်နေခြင်း၊ တယောက်တပေါက် ပြောဆိုခြင်း၊ စနစ်တကျရှိသော လုပ်နည်းလုပ်ဟန်မရှိခြင်း၊ တွေဝေတတ်ခြင်း၊ ပြတ်ပြတ်သားသားမဆောင်ရွက်တတ်ခြင်း၊ အပြောများနေခြင်းများ အပေါ်တွင် စိတ်ပျက်နေကြသူများဖြစ်သည်။
(၂) ပြည်တွင်းအတိုက်အခံများ
ပြည်တွင်းအတိုက်အခံများတွင် အများဆုံးအာရုံစိုက်ခံရသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်သည်။ မုန်တိုင်းနှင့်ပတ်သက်၍ တာဝန်မဲ့ခဲ့သော နအဖလုပ်ရပ်များအား ရှုံ့ချကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။ ဆန္ဒခံယူပွဲကို မုန်တိုင်းဒဏ်ခံရသော မြို့နယ်များမှအပ ကျန်နေရာများတွင် ဆက်လက်ကျင်းပရန် နအဖမှ ကြေငြာထားခြင်းအပေါ် ရှုံ့ချကြောင်း၊ ပြည်သူအများဒုက္ခခံစားနေရချိန်တွင် ဆန္ဒခံယူပွဲ တခုလုံးအား ရွှေ့ဆိုင်းရန် ကြေငြာချက်တခုကိုလည်း ထပ်မံထုတ်ပြန်ထားသည်။ ထိုကြေငြာချက်များသာမက ယခုကဲ့သို့ ပြည်သူအများ လေဘေး၊ ရောဂါဘေး၊ အငတ်ဘေးကြုံတွေ့နေရချိန်တွင် တတ်နိုင်သမျှ ကျရာနေရာမှ ပူးပေါင်းဆောင်ရွက်ခွင့်ပြုရန် ကြေငြာပေးလျှင် ပိုမို၍ ကောင်းမွန်ဆီလျော်ပါလိမ့်မည်။ လက်ခံသည်၊ ငြင်းဆန်သည်က နအဖအပိုင်း။ တောင်းဆိုသင့်သည်က အတိုက်အခံများအပိုင်းသာ ဖြစ်သည်။ ထို့အပြင် မြန်မာတနိုင်ငံလုံးမှ ကျောင်းသားလူငယ်များ မုန်တိုင်းကျရာနေရာများသို့ သွားရောက်၍ နအဖစစ်တပ်၊ အင်အယ်လ်ဒီ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကြံ့ခိုင်ရေးအဖွဲ့များ၊ မီးသတ်အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ အားလုံးနှင့် အတူ ပူးပေါင်းဆောင်ရွက်ကြရန် အင်အယ်လ်ဒီမှဦးဆောင်နှိုးဆော်သင့်ပါသည်။ ယုံကြည်မှုတည်ဆောက်ရေး ဆိုသည်ကို ပြည်သူအများ အရေးကြုံချိန်တွင် တည်ဆောက်ကြရန် စတင်ဖိတ်ခေါ်သင့်ပါသည်။ ပြည်တွင်းအတိုက်အခံရဲဘော်များမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တကိုယ်တော်ပူးပေါင်းဆောင်ရွက်နေမှုများ၊ အစုအဖွဲ့ငယ်အလိုက် လှုပ်ရှားနေမှုများ ရှိပါသည်။
(၃) မီဒီယာ
ပြည်တွင်းနအဖမီဒီယာများမှ နအဖ၏ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြံ့ဖွတ်များ၊ တပ်မတော်သားများ၏ အခန်းကဏ္ဍကို မြှင့်တင်ပြောဆိုနေကြသည်။ ထောက်ခံပွဲကိစ္စသီချင်းများ လွှင့်ထုတ်နေကြပုံမှာ အော့နှလုံးနာစရာပင် ကောင်းလှသည်။ ပြည်သူလူထု၏အသံကို ကိုယ်စားမပြုပဲ နအဖပြောသည်များကိုသာ ဟုတ်သည်ရော၊ မဟုတ်သည်ရော၊ ရောကြိတ်နေကြလေသည်။ မုန်တိုင်းအန္တရာယ်ကို အရိပ်အယောင်ပင် မပြခဲ့ကြ။ ဖြစ်ခဲ့သည်ထားတော့။ ယခုအချိန်တွင် အရေးကြီးဆုံးလုပ်သင့်သည်မှာကား ကူးစက်ရောဂါပိုးများ စတင်ပျံ့နှံ့လာသည့် အန္တရာယ်မှ ကာကွယ်ရန် နည်းလမ်းများကို ပြည်သူလူထုထံသို့ တင်ပြသင့်ပေသည်။
ပြည်ပအတိုက်အခံမီဒီယာများသည်ကား သတင်းရယူနိုင်မှုစွမ်းပကား ကောင်းမွန် လှပါသည်။ လူထု၏အသံကို ကိုယ်စားပြုလေသည်။ နအဖတာဝန်မဲ့ခဲ့သည်များကို ဒိုးဒိုးဒေါက်ဒေါက်၊ အချက်ပိုင်ပိုင် ထောက်ပြနိုင်စွမ်းရှိသည်။ မြန်မာပြည်သူလူထုအားလုံးမှ သတင်းမှန်ရရှိရေး အားကိုးနေရသည့် မီဒီယာများဖြစ်သည်။ တခုတော့ရှိပေသည်။ မုန်တိုင်းသတင်း (၄၈)နာရီကျော်ကြိုရချိန်တွင် ပြည်တွင်းမှ သောတဆင်သူများအတွက် မုန်တိုင်းအန္တရာယ် ကာကွယ်ရေးသတင်းအချက်အလက်များအား အဘယ်ကြောင့် ဦးစားပေးမလွှင့်ခဲ့ကြသနည်း ဆိုသည်ကိုတော့ မေးခွန်းထုတ်ဖွယ်ရာပင်ဖြစ်သည်။ မုန်တိုင်းနောက်ဆက်တွဲတွင် ဖြစ်လာနိုင်သည့် ဆိုးကျိုးများနှင့် မည်သို့မည်ပုံ ကာကွယ်သင့်သည်ဆိုသော အချက်များကို ယခုလိုအခြေအနေတွင် ဦးစားပေး ပြောဆိုသင့်ကြပေသည်။
နိုင်ငံတကာ မီဒီယာများမှာကား မုန်တိုင်းကျချိန်မှစ၍ မြန်မာနိုင်ငံသတင်းများ၊ အလှူငွေကောက်ခံရေးသတင်းများကို ဆက်တိုက် ထုတ်လွှင့်ပေးကြသည်။ သတင်းမှန်ရရှိရေးကို စွမ်းစွမ်းတမံဆောင်ရွက်ကြသည်။ ပြည်တွင်းဝင်ရောက် သတင်းဝင်ယူရန် ကြိုးပမ်းသည့် သတင်းထောက်တယောက်အား သတင်းမှန်ဖုန်းကွယ်လိုသော နအဖမှ ပြည်နှင်လိုက်သည့် ကိစ္စပင် ပေါ်ပေါက်လာသည်။
(၄) နအဖနှင့် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ
ဤကဏ္ဍမှာ အရေးကြီးဆုံးဖြစ်သည်။ ပါဝင်နေသူများ၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ လုပ်ရပ်များက မြန်မာပြည်သူလူထုအပေါ် ကြီးစွာသော ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုများ ဖြစ်စေခဲ့သည်။ မုန်တိုင်းနှင့်ပတ်သက်၍ တာဝန်အရှိဆုံးသူမှာ နအဖပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် မြန်မာနိုင်ငံကို လက်ရှိအုပ်ချုပ်နေသော အစိုးရတရပ်ဖြစ်သောကြောင့်ဖြစ်သည်။
မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မည်သည့်အရာမျှမလုပ်ခဲ့ပါ။ သို့ပေမယ့် မုန်တိုင်းပြီးသွားသည့်အခါတွင် နအဖဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေသည်တော့ မဟုတ်ပါ။ တစုံတရာတော့ ပြုလုပ်နေပါလိမ့်မည်။ ဤကဲ့သို့သော ကြီးမားလှသည့် မုန်တိုင်းအန္တရာယ်ကြီးသည် မြန်မာနိုင်ငံတွင် တခါမျှ ဖြစ်ပေါ်ဖူးခြင်း မရှိခဲ့ပါ။ သို့ဖြစ်၍ ထိရောက်စွာ စီမံခန့်ခွဲမှု မည်သို့မျှ ပြုနိုင်မည်မဟုတ်ပါ။ ပြုလုပ်ရန် နည်းပညာ၊ စနစ်၊ အတွေ့အကြုံမရှိပါ။ ထို့အတွက် အပြစ်ပြောနေရန်မလိုအပ်ပါ။ သို့ပေမယ့် အပြစ်ဆိုရမည့်အချက်က အဆိုပါ နည်းပညာ၊ စနစ်များအကူအညီရယူရန် နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်သည်။
အဘယ်ကြောင့် ထိုသို့ဖြစ်နေရသနည်း။ သဘာဝအန္တရာယ်ကျရောက်ခံရသည့် နိုင်ငံများတွင် အာဏာရှင်အစိုးရများ ပြုတ်ကျခဲ့သည့် သာဓကများက ကမ္ဘာ့သမိုင်းအဆက်ဆက်တွင် ရှိနေသောကြောင့်ဖြစ်သည်။ ထိုအဖြစ်မျိုး ဖြစ်ပွားလာမည်ကို နအဖအလွန်ကြောက်လေသည်။ သို့ဖြစ်ရာ ထောက်ပံ့ကူညီရေးနှင့်တွဲ၍ political process အား undermine လုပ်မည်လားဆိုသည့် သံသယနှင့် ယှဉ်၍ အရာရာကို ဆုံးဖြတ်နေလေတော့သည်။ စစ်အစိုးရ၏ non-political အကူအညီကို လက်ခံမည်ပြောဆိုထားခြင်းအချက်သည် ဤသံသယကို ညွှန်ပြနေပေသည်။
ထို့အတူပင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများကလည်း နအဖအပေါ်တွင် ကြီးစွာသော သံသယစိတ်ဖြစ်ပေါ်ခဲ့ကြသည်။ နအဖမှ ကူညီထောက်ပံ့ပေးမည့် အစီအစဉ်ကို မယုံကြည်သဖြင့် ပစ္စည်းအင်အားတင်မက လူအင်အားပါ ၀င်ရောက်ခွင့်ပြုရန် တောင်းဆိုကြသည်။ စစ်သဘောင်္များဖြင့် ၀င်ရောက်ရန်ကိုပင် ပြောဆိုကြသကဲ့သို့၊ ကုလသမဂ္ဂ mandate ဖြင့် နအဖခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၀င်ရောက်ရန်အထိပင် ကြိုးပမ်းခဲ့ကြသည်။ မုန်တိုင်းအကူအညီပေးရန် တခုတည်းပင်လား၊ အခြားနောက်ဆက်တွဲများ ပါသေးသည်လား ဆိုသည်ကတော့ ထိုသူများပင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ်တွင် အမှန်တကယ် စေတနာရှိပါက မုန်တိုင်းကူညီထောက်ပံ့ရေးတွင် နအဖအား မယုံကြည်၍ ထောက်ပံ့မှု လျှော့ပေးသည်၊ ကုလသမဂ္ဂမှ လူသားချင်းစာနာမှုဖြင့် ကျူးကျော်ဝင်ရောက်ရန် mandate ပေးသင့်သည်ဟူ၍ ယခုလိုအချိန်တွင်မှ ထကြေငြာခြင်းထက် မြန်မာပြည်အစိုးရသည် မုန်တိုင်းကူညီထောက်ပံ့ရေးအဖွဲ့အား နှောင့်နှေးအောင် ပြုလုပ်ပါက မြန်မာပြည်စစ်အုပ်စုအား နှစ်စဉ်နိုင်ငံခြားငွေသန်းပေါင်းများစွာ ထုတ်ပေးနေသည့် တိုတယ်လ်ရေနံကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာလိုက်မည် ဟု ကြေငြာလိုက်ပါက ပိုမိုဖိအားပေးရာရောက်ပေလိမ့်မည်။ ယခုကဲ့သို့လုပ်လိုက်သည်က ခေါင်းအနည်းငယ်ပြူစ ပြုလာသောလိပ်ကို ခေါင်းပြန်ဝင်သွားအောင် လုပ်လိုက်သကဲ့သို့ပင် ရှိသည်။ လုံခြုံရေးကောင်စီတွင် ရုရှားနှင့်တရုတ်က ဗွီတိုနှင့် ပယ်ချနိုင်သည်ကို မတွက်ခဲ့သည်လား၊ တွက်ခဲ့သည်လား၊ လုပ်ရသည့်အကြောင်းရင်းကိုတော့ လုပ်သူများသာ သိပေလိမ့်မည်။ တဘက်နှင့်တဘက် အပြန်အလှန် စွပ်စွဲမှုများကတော့ ပေါ်ထွက်လာလေတော့သည်။
ထိုသို့သောသံသယစိတ်၊ မယုံကြည်စိတ်သည် အရာရာကို အမှားအယွင်းများ ဖြစ်စေ့ခဲ့လေသည်။ ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသွားတယောက်ဝင်လျှင်ပင် အမေရိကန်စီအိုင်အေလား၊ ဗြိတိန်သူလျှိုလား၊ ပြင်သစ် ထောက်လှမ်းရေးလား ထင်ကာ အမြီးတနံ့နံ့လိုက်နေတတ်လေ့ရှိသော နအဖသည် နိုင်ငံတကာကူညီ ထောက်ပံ့ရေးအဖွဲ့များမှ လူကိုယ်တိုင်ဝင်ရောက်၍ ပစ္စည်းများ၊ ရိက္ခာများ ဝေပေးမည်ဆိုသည်ကို မည်သို့မည်ပုံ လက်ခံနိုင်အံ့နည်း။ နိုင်ငံတော်လုံခြုံရေးအမြင်မှကြည့်လျှင် ဖြစ်ပွားခဲ့သော နယ်မြေများအားလုံးသည် မြန်မာနိုင်ငံ၏ ပင်လယ်ထွက်ပေါက်။ ထိုအခြေအနေများကြားထဲတွင် ရေတပ်သင်္ဘောကိစ္စများပါ ပါလာသည်ဆိုတော့ နအဖသွေးကြောင်သွားတော့သည်။
အဓိကဆုံးဖြတ်ရမည့် နအဖအစိုးရ စိတ်ထဲတွင် ထိုသို့ဖြစ်လာသည်နှင့် ကမ္ဘာ့လူသမိုင်းတွင် အဆိုးဝါးဆုံးသော ကိစ္စရပ်ကြီးတခု ဖြစ်ပွားလာခဲ့ရလေသည်။ နိုင်ငံတကာအကူအညီများ အကြီးအကျယ် နှောင့်နှေးကုန်သည်။ မုန်တိုင်းနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် ပြင်ဆင်ခြင်းမရှိသဖြင့် ကူးစက်ရောဂါပိုးပြန့်ပွားမှုများ ဖြစ်လာသည်။ ရေတိုကယ်ဆယ်ရေးလုပ်ငန်းများ မည်သို့မှ မထိရောက်တော့။ ပြည်တွင်းတွင် လှုပ်ရှားနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအပေါ်တွင်လည်း တင်းကြပ်မှုများ ပိုဖြစ်လာသည်။ ပြည်ပကပဲ ၀င်လာတော့မည်လော၊ ပြည်တွင်းကပဲ လူထုတိုက်ပွဲများ စလာတော့မည်လော၊ တပ်မတော်ထဲကပဲ ပုန်ကန်လာတော့မည်လော စသည့် သို့လော၊ သို့လောအတွေးများဖြင့် နအဖအရူးမီးဝိုင်းနေတော့သည်။ safe site ယူလိုဇောဖြင့် ဆန္ဒခံယူပွဲကြီးကို အသားကုန် တွန်းတော့သည်။ ပြည်တွင်းတွင် အကူအညီပေးနိုင်သည့် အင်အားစုများ ကယ်ဆယ်ရေးလုပ်ငန်းများထဲသို့ ရောက်မနေပဲ မည်သည့်စစ်အချက်အချာနေရာများသို့ ပြောင်းရွှေ့နေရာချထားခြင်း ခံရသည်ကိုတော့ နအဖပင် အသိဆုံးဖြစ်ပေလိမ့်မည်။
တခါက ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်လေးတခုက စာရေးသူအတွေးထဲသို့ ၀င်လာပါသည်။ စိတ်ကစဉ့်ကလျားရောဂါခံစားနေရသော လူတယောက်သည် လူတယောက်အား ဖမ်းဆီးချုပ်နှောင်ထားသည်။ ဖြစ်ပွားခဲ့သည့်နေရာက ရေထဲတွင် ခြေတံရှည်အိမ်ဆောက်ထားသော ရှမ်းပြည်နယ်တနေရာဖြစ်သည်။ ထိုပြဿနာအား ပြေလည်အောင် ဖြေရှင်းရန် ထိုခေတ်ထိုအခါက အသိစိတ်ဓာတ်နှင့် ကျွမ်းကျင်မှုများသည် အလွန်ပင် ခေတ်နောက်ကျနေခဲ့ပါသည်။ ယနေ့ခေတ်အခါ ကာလကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတယောက်မှ ၀င်ရောက်ဖြောင့်ဖျ၍၊ ဓားစာခံဖြစ်နေသူအား ကယ်တင်ခြင်း စသည့် သံတမန်နည်းလမ်းများ၊ ပဋ္ဋိပက္ခဖြေရှင်းရေး၊ ကြားခံဆောင်ရွက်ပေးရေး နည်းလမ်းအမျိုးမျိုးကလည်း မရှိသေး။ ထိုသောအခါ ရွာလူထုက ပညာသားမပါသည့် လုပ်ရိုးလုပ်ဟန် နည်းတခုကိုပင် လုပ်တော့သည်။ ရွာသားများအားလုံးသိအောင် မောင်းခတ်၍ ရွာသားများစုစည်းကား လှေပေါင်းစုံဖြင့် ထိုအိမ်အားသွားဝိုင်း၍ လူကောင်းအား ထုတ်ပေးရန် စိတ်ရောဂါသည်ကို တောင်းဆိုကြခြင်းဖြစ်လေသည်။ မထုတ်ပေးပါက အားလုံးဝင်ရောက်စီးနင်းမည်ဖြစ်ကြောင်းကိုလည်း အော်ဟစ်ပြောဆိုခဲ့ကြသည်။ တောင်းဆိုသည့်အတိုင်း ထုတ်ပေးခဲ့ပါသည်။ ဓားဖြင့်ခုတ်သတ်ထားရုံမက အကြိမ်ကြိမ်ပါ အမွှန်းခံထားရသည့် အလောင်းကြီးအား အိမ်ပေါ်မှနေ၍ လှေများပေါ်သို့ ချပေးလိုက်ပါသည်။ မည်သူ့အတွက် အကျိုးရှိခဲ့ပါသနည်း။ သက်ဆိုင်သူများကို ထောက်ထား၍ ရွာအမည်များအား မဖော်ပြလိုတော့ပါ။
အဓိကဆိုလိုချင်သည်က ပြဿနာတခုဖြစ်ပွားလာလျှင် ထိုပြဿနာတွင် ပါဝင်သူများ၏ စိတ်ထား၊ အတွေးအခေါ်စသည်တို့ကိုပါ ထည့်သွင်းစဉ်းစား၍ မည်သို့မည်ပုံ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ကို ကြိုတင်တွေးခေါ်ပြီးမှသာ ဆုံးဖြတ်လုပ်ကိုင်ကြရန်ဖြစ်သည်။ စွန့်စားရဲသူက သူရဲကောင်းဖြစ်မည်။ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်နိုင်သူက ခေါင်းဆောင်ကောင်းဖြစ်မည်။ မီးပွားကို သေးငယ်အောင် လုပ်နိုင်သူက သံတမန်ကောင်းဖြစ်မည်။ လုပ်နိုင်သည်ကို လုပ်ဆောင်ရန်နှင့် မလုပ်နိုင်ပဲ ကျွံထွက်သွားသည်များ၊ မိုက်ရူးရဲဆန်သွားသည်များ မဖြစ်ပွားအောင် ဆင်ခြင်တုံတရားဖြင့် စဉ်းစားမှုရှိရန်တော့ လိုအပ်လှပေသည်။
ကမ္ဘာ့နိုင်ငံရေးသီအိုရီများတွင် realism နှင့် liberalism နှစ်ခုသည် အလွန်ပင် အရေးပါလှပြီး၊ ကြီးမားလှသော ကမ္ဘာ့အရေးများအပေါ်တွင် စိုးမိုး ခြယ်လှယ်တတ်လေသည်။ အနှစ်ချုပ်ဆိုရလျှင် realism ကို လက်ခံယုံကြည်သူများသည် နိုင်ငံတော်လုံခြုံရေးဆိုသည်ကို ပထမဆုံး ဦးစားပေးထားတတ်ပြီး အရာတော်တော်များများတွင် sovereignty နှင့် security အရေးကိုသာ ပွဲထုတ်တွက်ဆတတ်ကြသည်။ နိုင်ငံတော်အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းကမျှ ၀င်ရောက်ခြယ်လှယ်ပြောဆို ပိုင်ခွင့်မရှိဆိုသည့်အချက်ကို ပြင်းထန်စွာ စွဲမြဲပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုသည်ကို sensitivity နှင့် vulnerability ရှိသော အခြေအနေတရပ်အဖြစ် ခံယူထားသူများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် ပင်ကိုသဘာဝကပင် စစ်အစိုးရဖြစ်နေရုံသာမက စစ်အစိုးရ၏ strategic thinker များအားလုံးနီးပါးသည် neo-realists များဖြစ်ကြသည်။
အခြားတဘက်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများသည် ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီနိုင်ငံများမှ အဖွဲ့များစသည်တို့ဖြစ်ကြသည်။ အကြောင်းအရာကိစ္စအများစုတွင် လစ်ဘရယ်အမြင်ဖြင့် ကြည့်ရှူတတ်ကြသည်။ ပူးပေါင်းဆောင်ရွက်မှုသည် ပြဿနာတရပ်မဟုတ်ပဲ၊ နှစ်ဦးနှစ်ဘက်အကျိုးစီးပွားရှိပါက နိုင်ငံများအားလုံးသည် ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုသို့ဆောင်ရွက်ရန်ကိုလည်း မည်သည့်နည်းလမ်းနှင့်မဆို တွန်းအားပေးသင့်သည်ဟု တွက်ဆတတ်ကြသည်။
ယခုမြန်မာ့အရေးဖြစ်စဉ်များသည် ထိုအတွေးအမြင်နှစ်ခု ထိပ်တိုက် ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။ နအဖသည် စစ်အစိုးရဖြစ်သည့်အတိုင်း စစ်အမြင်ဖြင့်ပင် တွေးခေါ်ပါသည်။ နိုင်ငံတော်စီးပွားရေးကိုလည်း တိုးတက်အောင် စီမံခန့်ခွဲနိုင်ခြင်းမရှိ၊ ပြည်တွင်းပြည်ပအတိုက်အခံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံတကာအကူအညီကိုသာ ခြွင်းချက်မရှိလိုအပ်လာသည့် မုန်တိုင်းအန္တရာယ်ကြီး ကျရောက်လာခဲ့ခြင်းဖြစ်ရာ ထိုအခြေအနေကို နအဖက ၄င်းတို့ ၏ ပါဝါကို ထိခိုက်လာနိုင်တော့မည့် အဖြစ်အပျက်တရပ်အဖြစ် ကြိုတင်တွေးဆ ထားကြပြီး ဖြစ်နေသည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများအတွက် အကျိုးရှိသော်လည်း ၄င်းတို့အတွက် အကျိုးမရှိနိုင်ကြောင်းကို zero-sum gain perspective ဖြင့် ကြိုတင်တွက်ချက်ကြသည်။
ထိုသို့သောတွက်ချက်မှုများကိုလည်း ပြည်ပနိုင်ငံတချို့၏ စကားလုံးအသုံးအနှုန်းများ၊ ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်းများ၏ တချို့သော လုပ်ရပ်များက အတည်သွားပြုပေးလိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့သည်။ စေတနာလွန်သည်လား၊ မီးလောင်ရာလေပင့်လိုက်သည်လား၊ ပွဲလန့်တုန်းဖျာခင်းလိုက်သည်လား ဆိုသည်ကတော့ သက်ဆိုင်သူများပင် သိပေလိမ့်မည်။
မည်သို့ဆိုစေ ယခုမုန်တိုင်းအန္တရာယ်ဆိုးကြီး ကျရောက်ခဲ့သည်မှာ တပတ်တင်းတင်းပြည့်လာခဲ့လေပြီ။ ထိရောက်သော အကူအညီများကို မြန်မာလူထု ယခုအချိန်အထိ မရရှိသေးပါ။ အန္တရာယ်ကျရောက်ပြီးကာလ ပထမ လေးပတ်မှ ခြောက်ပတ်အချိန်သည် ကယ်ဆယ်ရေးလုပ်ငန်းများအားလုံး ထိရောက်စွာ လုပ်ကိုင်ရမည့် အခြေအနေဖြစ်သည်။ မတူညီသောအမြင်များဖြင့် ပြောဆိုဆုံးဖြတ်နေကြရမည့် အချိန်ကာလ မဟုတ်ပါ။ စစ်အုပ်စုပြုတ်ကျချိန်အထိလည်း ရောဂါပိုးများက မပြန့်ပွားပဲ ထိုင်စောင့်ပေးနေမည်မဟုတ်ပါ။ နိုင်ငံတကာ အစိုးရများမှလည်း conditionality နှင့် political judgement ပြုလုပ်ချမှတ်နေရမည့် အချိန်ကာလမဟုတ်ပါ။ သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းမှသာ ပြေလည်မည့်ကိစ္စရပ်ဖြစ်ပါသည်။ သို့ပေမယ့် Coercive Diplomacy ကို သုံး၍တော့ရနိုင်လိမ့်မည်မထင်ပါ။
စစ်အုပ်စုမှလည်း အရူးမီးဝိုင်း ဖြစ်နေရန် မလိုအပ်ပါ။ စစ်အုပ်စုအတွက် အခြေအနေကို ရိုးရိုးသားသား၊ မျှမျှတတ၊ မှန်မှန်ကန်ကန်ကိုင်တွယ် တတ်လျှင် အခွင့်အရေးပင် ဖြစ်လာပါလိမ့်ဦးမည်။ နိုင်ငံရေးကစားရန် ကိစ္စတခုမဟုတ်ပါ။ လူသန်းပေါင်းများစွာ၏ အသက်များ၊ ဘ၀များနှင့် ပတ်သက်နေပါသည်။ နိုင်ငံရေးကစားမည်ဆိုလျှင်လည်း စနစ်တကျသာ လုပ်တတ်ခဲ့ကြလျှင် တဘက်ဘက်ကတော့ ပွဲပြတ်နိုင်သည့် အခွင့်အရေးများရှိခဲ့ပါသည်။ နှစ်ဘက်စလုံးမှ မယူတတ်ခဲ့ကြပါ။အရေးကြီးဆုံးကတော့ ဒုက္ခရောက်နေသော ပြည်သူလူထုဆီသို့ ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးလက်ဝယ်ရောက်သွားရေးနှင့် မုန်တိုင်းနောက်ဆက်တွဲဆိုးကျိုးများအား ခံစားရမှု လျော့နည်းရေးသာ ဖြစ်သဖြင့် လုပ်သင့်လုပ်ထိုက်သည်များကိုသာ အားလုံးဝိုင်းဝန်း၍ လုပ်ဆောင်ကြသင့်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပေသည်။