အတိတ်ကိုပြန်လည်တူးဆွခြင်း (၁)- အုပ်စုဖွဲ့ခြင်း
တခါတလေ ငယ်ငယ်တုန်းက အကြောင်းအရာလေးတွေကို ပြန်လည်သတိရနေမိတတ်တယ်။ တိုက်ဆိုင်တဲ့အခါ သူ့အလိုလို အတွေးထဲ ၀င်လာတတ်တာလေးတွေလဲ ရှိတာပေါ့။ အခုတလောတော့ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး နေ့စဉ်နဲ့အမျှ စိတ်သောကရောက်ရတာကတမျိုး၊ စကားထိုင်ပြောနေတာထက်စာရင် လုပ်နိုင်တာလေးတွေ လုပ်မယ်ဆိုပြီး ကိုယ်တတ်နိုင်တာလေးတွေ လုပ်နေဖြစ်တာကတမျိုး၊ တက္ကသိုလ်က တခုသောဘွဲ့အတွက် သုတေသနလုပ်နေရုံရတင်မကပဲ၊ နောက်ထပ် professional fellowship စာမေးပွဲတခုကိုဖြေဖို့ စာမေးပွဲကြေးသွင်းပြီးသား ဖြစ်နေတာမို့ စာမေးပွဲအတွက်ပါပြင်ဆင်နေရတာက တမျိုး၊ အလုပ်ကတမျိုး၊ သားငယ်လေးကတမျိုးနဲ့ ရှုပ်ယှက်ခတ်နေစဉ်မှာ နာဂစ်မုန်တိုင်း၊ နိုင်ငံရေးမုန်တိုင်းတွေတင်မကပဲ နောက်ထပ်မုန်တိုင်းတမျိုးဖြစ်တဲ့ `ငါနဲ့မတူ။ ငါ့ရန်သူ` မုန်တိုင်းအကြောင်းတွေပါ ကြားလိုက်ရတာမို့ အတော်ပင် စိတ်မကောင်းဖြစ်သွားမိတယ်။ အဲဒီလိုစိတ်မကောင်းဖြစ်နေတုန်း ငယ်ငယ်တုန်းက အကြောင်းလေးတခုကို ပြန်သတိရသွားတာမို့ အတိတ်ကို ပြန်လည်တူးဆွကြည့်လိုက်မိပါရဲ့။ အဖြစ်အပျက်ကတော့ ဒီလိုပါ------။
ကျွန်မတို့ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့ကျောင်းမှာ အတန်းတင်စာမေးပွဲပြီးရင် အဆင့်တွေစီပြီး အဆင့် (၁)ကနေ (၅၀)- (၆၀) ခန့်ကို အေခန်းပို့တဲ့ အလေ့အထရှိခဲ့တယ်။ အဲ- လေးတန်းနှစ်ရောက်တော့ ဘာလို့ရယ်မသိဘူး။ အဲဒီလို ထိပ်ဆုံး (၅၀)၊ (၆၀) ကို အေခန်းပို့တာမျိုး မလုပ်ပဲ (၁)နဲ့ (၂) ကို အေခန်း၊ (၃)နဲ့ (၄) ကို ဘီခန်း စသည်ဖြင့် ပို့တာတွေ လုပ်တော့တယ်။ အဲဒီတုန်းက ကျွန်မက သုံးတန်းမှာ အဆင့် (၃)သာရလေတော့ ဘီခန်းကို ရောက်သွားပါလေရော။ အမေဆိုတာ ၀မ်းနည်းပက်လက်နဲ့ ကျောင်းအပ်တဲ့နေ့မှာ အတန်းပိုင်ဆရာမသစ်ဖြစ်လာမယ့် ဆရာမဒေါ်ခင်ငြိမ်းက မနည်းရှင်းပြလိုက်လို့သာ တော်သေး။ မဟုတ်ရင် သူ့သမီး အဆင့် (၆၀) ကျော်ရတယ်ဆိုပြီး အတော့်ကို ၀မ်းနည်းသွားရှာတာ။
ထားပါတော့။ အဲ-ဒီလိုနဲ့ (၁) ကနေ (၁၀)အတွင်းက စာပြိုင်ဘက်တွေကို အခန်းခွဲထည့်လိုက်တော့ တယောက်ချင်းပြိုင်နေတဲ့ပုံစံကနေ ပြောင်းလဲသွားပါလေရော။ အေခန်း၊ ဘီခန်း၊ စီခန်း၊ ဒီခန်း စသည်ဖြင့် အုပ်စုတွေ ဖြစ်လာတော့တာပါ။ ကိုယ့်အခန်းထဲမှာ ဘယ်လိုဖြေဖြေ ဒီအဆင့်တွေပဲ ရမှာ သေချာနေကြတော့ အဆင့်ကို မပြိုင်ကြတော့ဘူး။ အမှတ်ကို ပြိုင်ကြတာ။ အသည်းအသန်ပါပဲ။ ဆရာမတွေကလဲ အေအုပ်စုကဆို သင်္ချာမှာ ဘယ်လိုတော်တာ၊ ဘီအုပ်စုကဆို သမိုင်းမှာ ဘယ်လိုစတာတွေပြောပြီး လိုက်ဖွပေးပါလေရော။ အပြိုင်အဆိုင်စိတ်ကို အတော်အားပေးကြတာ။ တခုကောင်းတာကတော့ စာသိပ်မလုပ်တဲ့လူတွေလဲ ကိုယ့်အုပ်စုနဲ့ကိုယ်အားပေးကြ၊ မြှောက်ပေးကြနဲ့ လုပ်ရင်း အတန်းတွေထဲမှာ အရင်နှစ်တွေတုန်းကလို စာတော်သူ၊ စာညံ့သူ ခွဲခြားမှုတွေ သိပ်မရှိကြတော့ဘူး။ ဒါပေမယ့် ကိုယ့်အုပ်စုမှ ကိုယ့်အုပ်စုဖြစ်နေကြတာက ကြာလာတော့ အစွဲတွေဖြစ်ပြီး အစွန်းရောက်ကုန်တာပေါ့။ အုပ်စုထဲမှာ စာတော်တဲ့လူတွေကလဲ ၀ိုင်းပြီး မြှောက်တာခံနေရတော့ ကိုယ့်ဘာသာ သွေးနာထင်တွေရောက်ကုန်ကြပြန်ရော။ အမယ်လေး။ ကစားရင်တောင် အေခန်းကသပ်သပ်၊ ဘီခန်းက သပ်သပ်တွေ ဖြစ်လာကြတာ။ တကယ့်ကို သူတလူငါတမင်းဖြစ်နေကြတာ။ ပြိုင်လိုက်ရတာလဲဖတ်ဖတ်မော။ ကျက်လိုက်ရတဲ့စာ၊ တွက်လိုက်ရတဲ့သင်္ချာ။ မလုပ်လို့လဲမရ။ ဟိုအရင်နှစ်တွေကလို ကိုယ်တယောက်တည်း အဆင့်ရဖို့မဟုတ်တော့ဘူးလေ။ ဒါက အုပ်စုချင်းပြိုင်ပွဲမဟုတ်လား။ ပြန်တွေးကြည့်မိရင် ရယ်စရာအကောင်းသား။ အဲဒီတုန်းကတော့ ရယ်စရာမကောင်းဘူး။ အုပ်စုဗိုလ်ဖြစ်နေတော့ တခြားအုပ်စုက သူငယ်ချင်းတွေတွေ့ရင် ရီပြချင်တာတောင် မရီပြရဲဘူး။ မနှုတ်ဆက်ရဲဘူး။ ကိုယ့်လူတွေက အထင်လွဲမှာ စိုးလို့။
ကြာလာတော့ ဆရာမတွေလဲ ကြားကနေအနေရခက်ကုန်ကြတယ်။ နံနက်ကျောင်းလာတာကို ထိုင်စောင့်ပြီး အုပ်စုချင်းအပြိုင်အဆိုင် ခြင်းတောင်းသွားပြေးဆွဲကြတာ။ အုပ်စုတခုခုကို ခြင်းတောင်းလေးပေးလိုက်လို့ကတော့ နေရင်းထိုင်ရင်း အဲဒီဆရာမ စိတ်ကောက်ခံရရော။ ဘက်လိုက်တယ်လို့ အစွပ်စွဲခံရရော။ တခေါက်တုန်းကဆို အေအုပ်စုနဲ့ ဆရာမ ဒေါ်ခင်ငြိမ်း နေ့လည်စာ အတူသွားစားတာကို ဆန္ဒပြတဲ့အနေနဲ့ ကျွန်မတို့ ဘီအုပ်စုတွေ တခုခုလုပ်ဖို့ ဆုံးဖြတ်ကြပေါလေရော။ တကယ်ဆို သူကဘီအခန်းအတန်းပိုင်မို့ ဘီခန်းကျောင်းသားတွေရဲ့ ခွင့်ပြုချက်လိုတယ်ဆိုပြီးတော့ပေါ့။ အေခန်းကျတော့ သူက ဘာသာရပ်ဆိုင်ရာ ဆရာမလေ။ ဒီလိုနဲ့ ကျွန်မနဲ့ သူငယ်ချင်းတယောက်က ဆရာမ၀င်လာရင် တတန်းလုံးမတ်တပ်ရပ်နှုတ်ဆက်ချိန်မှာ မရပ်ပဲ ပေပြီးထိုင်နေမို့ အုပ်စုရဲ့သဘောတူညီချက်ရတယ်။ သူများမြှောက်ပေးတာကို ကျွန်မတို့ကလဲ တကယ်ကို လိုက်လုပ်ခဲ့ကြတယ်။ နောက်ပိုင်းနားလည်တတ်တဲ့အချိန်ရောက်လာတော့မှ ဆရာမကို ပြန် ကန်တော့ တောင်းပန်ခဲ့ရတယ်။ သြော်- ဆရာမသဘောထားကြီးပေလို့။ စိတ်တိုတတ်တဲ့ဆရာမမျိုးသာဆိုရင် `ငါ့ကို ကျောင်းသားတွေရှေ့ မခန့်လေးစားလုပ်ရလား` ဆိုပြီး ထရိုက်ရင် နေရင်းထိုင်ရင်း နာဦးမှာ။
ဒီလိုနဲ့ တနေ့ကျတော့ အင်္ဂလိပ်စာ အမှတ်ထွက်ပါလေရော။ အေခန်းက တယောက်က အင်္ဂလိပ်စာမှာ ပိုတော်တယ်လေ။ ဒါကို ကျွန်မတို့ အချင်းချင်းကတော့ သိတာပေါ့။ မြွေမြွေချင်း ခြေမြင်တယ်လေ။ ဒါပေမယ့် ဘီအုပ်စုထဲက တယောက်က အေအုပ်စု အမှတ်ပိုများသွားတာ မကျေနပ်ဘူး။ အဲဒါဆရာမမျက်နှာလိုက်ပြီး အမှတ်ပိုပေးတာပဲဖြစ်ရမယ်၊ ဆရာမကို သီတင်းကျွတ်သွားကန်တော့ထားတာပဲဖြစ်ရမယ်နဲ့ မကျေမနပ်ဆိုပါလေရော။ သူ့အဆိုကို အားလုံးကလဲ သံယောင်တွေလိုက်ကြတယ်။ မဆီမဆိုင် ဆရာမကိုပြောနေကြတာ ကျွန်မဘယ်ခံနိုင်မလဲ။ အဲဒီတော့ မဟုတ်ကြောင်း၊ ကျွန်မတို့က သူ့လောက်မတော်တာဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲတွင် ယှဉ်နိုင်အောင် ပိုမိုကြိုးစားရမှာ ဖြစ်ကြောင်း ပြောပြဖြစ်တယ်။
အဲဒီတော့ ကျွန်မကို တယောက်က ဒေါသတကြီးထပြောတယ်။
`ခင်မမမျိုး။ နင်ဘယ်အုပ်စုဘက်မှာ ပါနေတာလဲ။ ဟိုလိုလို၊ ဒီလိုလိုမလုပ်နဲ့။ ဘာလို့ အေအုပ်စု တော်တဲ့အကြောင်းကို ပြောရတာလဲ။ ငါတို့ညံ့တာကိုလဲ ဘာလို့ပြောနေတာလဲ။ နင့်ကို မခေါ်တော့ဘူး။ တခြားလူတွေကိုလဲ နင့်နဲ့မပေါင်းဖို့ လိုက်ပြောမယ်` ဆိုပဲ။
ကဲ-ဘယ်လိုလုပ်ရပါ့။
အဲဒီတုန်းကတော့ ကလေးပီပီ ပြန်ပြောမိတယ်။
`ငါ့အဖိုးကပြောဖူးတယ်။ ရန်သူပေမယ့်လဲ ချီးကျူးစရာရှိရင် ချီးကျူးရမှာပဲတဲ့။ သူတော်လို့တော်တယ်ပြောတာဘာဖြစ်လဲ။ သူ့လိုတော်ချင်ရင်တော်အောင်ကြိုးစားကြပေါ့။ ငါ့ကို မခေါ်တာနဲ့ပဲ နင်တို့က ဟိုကအုပ်စုကို နိုင်သွားမှာမှ မဟုတ်တာ` ဆိုပြီးတော့ပေါ့။
အခုတော့တိုက်ဆိုင်နေတာနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာပြန်တွေးမိလာတယ်။ တကယ်တော့ လူတိုင်းမှာ ရပ်တည်ချက်ဆိုတာရှိကြစမြဲ။ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ အားလုံးဟာ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ဖော်ဆောင်ကြတယ်။ ဒါပေမယ့် ရပ်တည်ချက်တူနေတိုင်း အမြင်တွေပါတူမယ်လို့ မဆိုနိုင်ပြန်ဘူး။ အမှုတခုဆိုပါစို့။ တရားသူကြီးနေရာကကြည့်တဲ့အမြင်၊ တရားလိုရှေ့နေကကြည့်တဲ့အမြင်၊ တရားခံရှေ့နေက ကြည့်တဲ့အမြင်၊ ရုံးမှာ လာနားထောင်သူတွေရဲ့အမြင်ဆိုပြီး အမြင်အမျိုးမျိုး ရှိစမြဲပဲ။ တရားလိုရှေ့နေတယောက်အနေနဲ့ တရားခံရှေ့နေစဉ်းစားနိုင်မယ့် အချက်တွေကို စဉ်းစားလိုက်မိတာနဲ့ပ၊ဲ တဘက်ကတော်တာကို ချီးမွမ်းပြောဆိုလိုက်တာနဲ့ပဲ ဒီရှေ့နေတော့ ဘက်ပြောင်းသွားပြီလို့ ပြောလို့မရပါဘူး။ မဟာဗျူဟာ လေ့လာရေးမှာ အဓိကအကျဆုံးက ကိုယ့်အားသာချက်၊ တဘက်လူအားသာချက်၊ ကိုယ့်အားနည်းချက်၊ တဘက်လူအားနည်းချက် တွေကို ချိန်ထိုးလေ့လာပြီး၊ အခွင့်အရေးတွေ၊ အနှောင့်အယှက်တွေကို ဘက်နှစ်ဘက်စလုံးကနေချိန်ဆသုံးသပ်မှုလို့ အဆိုရှိတယ်မဟုတ်ပါလား။ (strength-weakness- opportunity- threat analysis) လို့ ပြောကြတယ်။ ဒီလိုသုံးသပ်မှုလုပ်နိုင်ဖို့ ကိုယ့်ရပ်တည်မှုဘက်ကနေမဟုတ်ပဲ ရန်သူ့ဘက်ကအမြင်တွေကိုလဲ ထည့်သွင်းစဉ်းစား ပြောဆိုရတာတွေ ရှိတတ်တာပေါ့။ ဒါကို ရပ်တည်ချက်ပြောင်းသွားပြီ စွပ်စွဲလို့မရဘူး။ ရန်သူ့အားသာချက်တွေ ဖော်ထုတ်ထောက်ပြတာကိုလည်း ဘက်ပြောင်းပြီး ဘက်လိုက်ပြောဆိုနေတယ်လို့ မထင်မြင်ရဘူး။ ကိုယ့်မဟာဗျူဟာမှာ ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။
ဒီလိုပဲ။ ဘေးကနေထိုင်ကြည့်နေတဲ့ ပရိသတ်ဆိုတာကလဲ အမြင်အမျိုးမျိုးရှိမှာပဲလေ။ တရားလိုနဲ့ပတ်သက်သူတွေရှိသလို၊ တရားခံနဲ့ပတ်သက်သူတွေလဲရှိမယ်။ ဘယ်သူနဲ့မှ မပတ်သက်သူတွေလဲရှိမယ်။ ဒါကို ရှေ့နေနှစ်ယောက်က ပရိသတ်တွေကိုသွားပြီး ကလော်တုတ်ဆဲတယ်လို့များ ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ ကိုယ်ပြောတာလက်မခံတာနဲ့ပဲ ကြံရာပါဆိုပြီး တရားခံလိုက်ဆွဲထည့်တယ်လို့လည်း ဘယ်တရားခွင်မှာ ကြားဖူးကြလို့လဲ။
တကယ်တော့ လောကမှာ နေရာတိုင်းအဖြူချည်း၊ အမည်းချည်းဆိုတာ ရှိတာမဟုတ်ဘူး။ အ၀ါရောင်လဲရှိမယ်။ အနီရောင်လဲရှိမယ်။ အနီရောင်မြင်ရတာကို အဖြူရောင်အုပ်စုလူက အဖြူရောင်ပဲမြင်တယ်ပြောရမယ်၊ အမည်းရောင်အုပ်စုလူက အမည်းရောင်ပဲ မြင်တယ်ပြောရမယ်လို့ အုပ်စုဖွဲ့သတ်မှတ်တာမျိုးတွေက သဘာဝသိပ်မကျလှဘူး။ လူ့အတွေးအခေါ်၊ အမြင်တွေကို စော်ကားရာလဲကျတယ်။
ဘာပဲဖြစ်ဖြစ် လူသားတယောက်အနေနဲ့ အမှန်တရားဆိုတာကို လေးစားရမယ်။ တန်ဖိုးထားရမယ်။ အုပ်စုတခုတွင်းမှာ ရပ်တည်သူပဲဖြစ်ဖြစ်၊ ပရိတ်သတ်ပဲဖြစ်ဖြစ် ဘယ်သူမဆို ကိုယ်မြင်တဲ့အမြင်ကို ဖော်ထုတ်ရဲရမယ်။ ဒါကိုလဲ လေးလေးစားစား အသိအမှတ်ပြုကြရမယ်။ အလုပ်ပိုင်းမှာကတော့ `အမြင်တူတာမှာ တွဲလုပ်၊ မတူတာမှာ ခွဲလုပ်` တတ်ရမှာပေါ့။ ရပ်တည်ချက်နဲ့ ဆိုင်သွားတာကိုး။ ဒီလိုမဟုတ်ပဲ `ငါနဲ့မတူငါ့ရန်သူ``ငါဖြူရင်နင်လိုက်ဖြူရမယ်။ မဖြူဘူးဆိုရင် နင့်ကို အမည်းလို့သတ်မှတ်မယ်` ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဆိုရင်တော့ အကျိုးယုတ်တာပဲ အမြတ်ထွက်လာနိုင်မယ်လို့ တွေးမိပါရဲ့။
အတိတ်က အုပ်စုဖွဲ့ခြင်းနဲ့ ပတ်သက်တာလေးကို သွားသတိရမိရာက ပေါ်လာတဲ့အတွေးစလေးတွေပါ။ အသေးစိတ် ဆက်တွေးချင်သေးပေမယ့်၊ ဥပမာလေးတွေပါ ထည့်ချင်ပေမယ့်၊ ရေခဏသွားသောက်မိတုန်းမှာ စားပွဲပေါ်က FIA (UK) စာအုပ်တွေက မြင်ကွင်းထဲဝင်လာကြပြန်တော့ `စာမေးပွဲ`ဆိုတာကို ပြေးသတိရမိ။ အတွေးတွေကလဲ ဘယ်ရောက်ကုန်မှန်းမသိ။ သြော်-ဘ၀---ဘ၀။
ခင်မမမျိုး