ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်း အကြောင်း တစေ့တစောင်း

Friday, July 29, 2011

(၂၀၀၀) ခုနှစ်နှောင်းပေါင်း ကာလတွေမှာ တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ စီမံချက်တွေနဲ့ ပတ်သက်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်း (Poverty Reduction Strategy paper- PRSP) တွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ ပြည်တွင်းမူဝါဒများနဲ့ ပြည်ပအကူအညီ ရယူမှုအတွက် လမ်းပြမြေပုံတွေ ဖြစ်လာပြီး၊ ရလဒ်အခြေပြု ကိန်းဂဏာန်းများ ပါဝင်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအင်စတီကျူးရှင်းများ (International Financial Institutions)၊ အလှူငွေထောက်ပံ့သူများ (Donors) တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများထံက ချေးငွေများ၊ ထောက်ပံ့ကြေးများ ရယူရာမှာ လိုအပ်ချက်တရပ် ဖြစ်လာပါတယ်။


သွင်ပြင်လက္ခဏာများ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ အခြားစီမံကိန်းတွေ၊ စီမံချက်တွေနဲ့ ခြားနားတဲ့ သွင်ပြင်လက္ခဏာ ခြောက်ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းကို သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရများက ဦးဆောင်ပြီး ချမှတ်ရတဲ့ national ownership သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ ဒုတိယကတော့ သက်ဆိုင်ရာအစိုးရများက ဦးဆောင်ရေးဆွဲရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ကုန်သည်များအသင်း၊ လုပ်ငန်းရှင်များ၊ အလုပ်သမား သမဂ္ဂများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများကို တိုင်ပင်ညှိနှိုင်းရမှာ ဖြစ်တဲ့ public consultation သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။

တတိယသွင်ပြင်လက္ခဏာကတော့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ Public Expenditures Review ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ United Nations Development Assistance Framework (UNDAF) ရဲ့ country programming process မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။

ပဉ္ဇမ သွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ public actions ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ ဆဋ္ဌမသွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းတွေထဲမှာ တိုးတက်မှုကို လေ့လာ တိုင်းတာတဲ့ ကိန်းဂဏာန်းတွေ ပါဝင်တဲ့အတွက် monitoring process ပါဝင်တဲ့အတွက် မူဝါဒတွေ၊ မဟာဗျူဟာတွေကို စာရွက်ပေါ်မှာတင် ရေးသားထားတာမဟုတ်ပဲ လက်တွေ့ အကောင်အထည် ဖော်မှုကို တွန်းအား ပေးပါတယ်။

စာတမ်းရေးသားသူများ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ စာတမ်းတွေ ပေါ်ထွက်လာရေးအတွက် အစိုးရက ဦးဆောင်ဦးရွက်ပြုရပြီး၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ (သို့မဟုတ်) အစိုးရအကြံပေးများက ရေးသားလေ့ရှိပါတယ်။ များသောအားဖြင့် စာတမ်း မူကြမ်း နှစ်စောင်၊ သုံးစောင် ပေါ်ထွက်လေ့ရှိပြီး၊ အများပြည်သူကြားကို ဖြန့်ဝေကြပါတယ်။ စာတမ်းနဲ့ ပတ်သက်ပြီး တိုးတက်မှု၊ ပြန်လည်ပြင်ဆင်မှုတွေကို နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲများမှာ ပြုလုပ်လေ့ရှိပါတယ်။ ပထမ စာတမ်းကို အတည်ပြုပြီးနောက် (၃) နှစ် (သို့မဟုတ်) (၅) နှစ် ကြာလာချိန်မှာ ပြန်လည်သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲများက အရေးကြီးလှပါတယ်။

တချို့နိုင်ငံတွေမှာတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းနဲ့ ပတ်သက်ပြီး အထူးကော်မတီတွေ ဖွဲ့စည်း ထားတတ်ကြပါတယ်။ အထူးကော်မတီတွေထဲမှာ အဆင့်အမြင့်ဆုံး ကော်မတီကတော့ ၀န်ကြီးများအဆင့်ကော်မတီ ဖြစ်ပါတယ်။ ဒီကော်မတီထဲမှာ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး စတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရမယ့် ၀န်ကြီးဌာနများက ၀န်ကြီးတွေ ပါဝင်ပါတယ်။

ဒီဝန်ကြီးများအဆင့် ကော်မတီကိုတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ technical committee က အစီရင်ခံရပါတယ်။ ဒီကော်မတီက ပုံမှန်ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ အရေးကြီးဆုံး ကော်မတီဖြစ်ပြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန (သို့မဟုတ်) စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတခုက ကော်မတီဥက္ကဌအဖြစ် တာဝန်ယူလေ့ရှိပါတယ်။ ဒီကော်မတီထဲမှာ ၀န်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ ပါဝင်လေ့ရှိပြီး၊ ရံဖန်ရံခါမှာ ကုလသမဂ္ဂအကြံပေးအရာရှိများလဲ ပါဝင်တတ်ပါတယ်။

ပါဝင်သည့် အကြောင်းအရာများ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ များသောအားဖြင့် အောက်ပါအကြောင်းအရာများ ပါဝင်လေ့ရှိပါတယ်။

(၁) Macroeconomic issues
စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်၊ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ၊ ဈေးကွက်၊ ပုဂ္ဂိလိကပိုင်ဆိုင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ၊ ဆင်းရဲနွမ်းပါးမှု အခြေအနေ၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု၊ မြို့ပြဆင်းရဲနွမ်းပါးမှု၊ ချမ်းသာဆင်းရဲ ကွာဟမှု၊ လူမှုဖူလုံရေး၊ လယ်ယာစိုက်ပျိုးရေး၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

(၂) The consultative process
လက်ရှိပြီးစီးထားမှု၊ အနာဂတ်လုပ်ငန်းဆောင်တာ လျာထားချက်များ

(၃) Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)
တရားဥပဒေစိုးမိုးရေး၊ ဥပဒေရေးရာ ပြင်ဆင်ပြောင်းလဲမှု၊ ပြည်သူ့ဝန်ထမ်းရေးရာ ပြုပြင်ပြောင်းလဲမှု၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ လာဘ်ပေးလာဘ်ယူမှု တားဆီးရေး

(၄) Human Capability (လူသားစွမ်းရည်)
ကျန်းမာရေးနှင့် အာဟာရပြည့်ဝရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ အလုပ်သမားအခွင့်အရေး၊

(၅) Private Sector
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သမ၀ါယမလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ အိုင်တီနှင့် ဆက်သွယ်ရေးနည်းပညာ၊ သဘာဝသယံဇာတ အရင်းအမြစ်

(၆) Infrastructure
စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သောက်သုံးရေ ရှိရှိရေး

(၇) Poverty monitoring and analysis
ရည်ညွန်းတိုင်းတာသော ကိန်းဂဏာန်းများ၊ တိုးတက်မှုအခြေအနေ၊ စာရင်းအင်းစနစ် (statistical systems) များ

(၈) Cross-cutting Issues
ကျားမရေးရာ၊ အေအိုင်ဒီအက်စ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မဟာဗျူဟာဆက်ဆံရေး၊ လူ့အဖွဲ့အစည်း အခြေပြု ဖွံ့ဖြိုးတိုးတက်ရေး

(၉) Policy matrix
ရည်မှန်းချက်များ၊ လက်ရှိအခြေအနေအထိ တိုးတက်မှုအခြေအနေ၊ စီမံချက် လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်တွက်ချက်မှု၊ ဘတ်ဂျက်ချမှတ်ခွဲဝေသုံးစွဲမှု၊ မူဝါဒရေးရာ framework များ

(၁၀) Country specific topics
ကလေးလုပ်သား၊ ပဋိပက္ခနှင့် လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်အန္တရာယ် ကာကွယ်ရေး၊ အစားအစာ လုံခြုံရေး၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနှင့် တားဆီးကာကွယ်ရေး

မဟာဗျူဟာစာတမ်း ရေးဆွဲဖော်ဆောင်မှုအဆင့်ဆင့်

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းဟာ စက္ကူပေါ်က စီမံကိန်းမဟုတ်ပဲ၊ လက်တွေ့အကောင်အထည် ဖော်ဆောင်ရမယ့် မဟာဗျူဟာများ၊ မူဝါဒများနဲ့ လုပ်ငန်းစဉ်များ ပါဝင်တဲ့အတွက် မဟာဗျူဟာစာတမ်း ရေးဆွဲဖော်ဆောင်မှုတွေဟာ ongoing process အနေနဲ့ အဆင့်ဆင့် ပါဝင်နေပါတယ်။ မဟာဗျူဟာ ရေးဆွဲချမှတ်ခြင်း (Formulation)၊ အကောင်အထည်ဖော်ဆောင်ခြင်း (Implementation) နဲ့ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Analysis) စသဖြင့် အဆင့် သုံးဆင့်ပါဝင်ပါတယ်။


စာတမ်းမူကြမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရှိသူတွေက ရေးသားပြီးတဲ့အခါ ပထမဦးဆုံးအနေနဲ့ Interim PRSP (I-PRSP) တွေကို ရေးဆွဲဖို့လိုပါတယ်။ I-PRSP ရေးဆွဲပြီး၊ တနှစ်ခန့်အကြာ (ကိုးလနှင့် နှစ်နှစ်အတွင်း) မှာ Full PRSP ရေးဆွဲရမှာဖြစ်ပါတယ်။ Full PRSP က သုံးနှစ် (သို့မဟုတ်) ငါးနှစ် သက်တမ်းရှိပြီး၊ သက်တမ်းကာလတလျှောက်မှာ တိုးတက်မှုအစီရင်ခံစာတွေ ရေးသားတင်ပြလေ့ရှိကြပါတယ်။ သက်တမ်းကုန်ချိန်မှာ PRSP Review ပြန်လုပ်ပြီး၊ နောက်ထပ် PRSP ကို ဖြည့်စွက်ပြင်ဆင်ရေးဆွဲရမှာ ဖြစ်ပါတယ်။ မဟာဗျူဟာ ရေးဆွဲချမှတ်ခြင်း (Formulation)၊ အကောင်အထည် ဖော်ဆောင်ခြင်း (Implementation) နဲ့ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Analysis) အဆင့် သုံးဆင့်ဟာ စက်ဝန်းတခုကဲ့သို့ ဆက်လက်လည်ပတ်မှု ရှိနေမှာ ဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးကို အထောက်အကူပြုပါတယ်။

အရေးပါသော မေးခွန်းများ

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းအတွက် key building blocks များ ဖြစ်တဲ့ အရေးပါသော မေးခွန်းများ (လေ့လာဆန်းစစ်ရမည့် အချက်များ) ကိုလဲ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်များက ရေးသား တင်ပြထားကြပါတယ်။

(၁) ဘယ်သူတွေက ဆင်းရဲနွမ်းပါးသူတွေလဲ။ ဘာကြောင့် ဆင်းရဲနွမ်းပါးကြရလဲ။
ဆင်းရဲနွမ်းပါးသူ အရေအတွက်၊ အများစုနေထိုင်ရာ ဒေသ၊ ဆင်းရဲနွမ်းပါးရသော အကြောင်းရင်းများ၊ ဆင်းရဲတွင်းထဲသို့ ကျရောက်နေရသည့် အချိန်ကာလအတိုင်းအတာ၊ ချမ်းသာဆင်းရဲ ကွာဟမှု အခြေအနေ၊ ငွေကြေးံသုံးစွဲမှု မူဝါဒများ၊ ၀င်ငွေရရှိသည့် အရင်းအမြစ်များ၊ လူသားအရင်းအမြစ်၊ ဆင်းရဲနွမ်းပါးသူများ၏ အရေးပေါ် လိုအပ်ချက်များ၊ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ မရေရာမသေချာမှုများ၊ နိုင်ငံတော်၏ ၀န်ဆောင်မှုများအား အသုံးပြုနိုင်သည့် အခြေအနေ များကို လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။

(၂) စီးပွားရေးတိုးတက်ရေးအတွက် ဘယ်လို မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရမလဲ။
macrostability ဖြစ်လာစေရန်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ထိရောက်သော စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများ ချမှတ်ခြင်း၊ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ကြိုးပမ်းခြင်း၊ ငွေကြေးဖောင်းပွမှု မဖြစ်ပွားစေသော ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များအား ရှာဖွေခြင်း၊ fiscal management တွင် ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေး၊ လာဘ်ပေးလာဘ်ယူမှုများအား တိုက်ဖျက်ခြင်း၊ ဘဏ်လုပ်ငန်းစနစ်၊ အခွန်စနစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်သော လုပ်သားများ မွေးထုတ်ရေး၊ အသေးစား ငွေချေးစနစ် (microcredit) အင်စတီကျူးရှင်းများ ဖော်ဆောင်ရေး စတဲ့ မူဝါဒတွေကို ဆန်းစစ်လေ့လာရန်လိုအပ်ပါတယ်။

(၃) စီးပွားရေးတိုးတက်ရေး ဆောင်ရွက်မှုတွေမှာ ဆင်းရဲနွမ်းပါးသူတွေ ပါဝင်ဖို့အတွက် ဘာတွေက အတားအဆီး ဖြစ်စေသလဲ။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အစိုးရအသုံးစရိတ်၊ စစ်အသုံးစရိတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသုံးစရိတ်၊ မြို့ပြအသုံးစရိတ်များ စသည့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှု အခြေအနေ၊ လာဘ်ပေးလာဘ်ယူမှု အခြေအနေ၊ ပြည်သူ့ဘဏ္ဍာ ခွဲဝေသုံးစွဲမှုတွင် ပွင့်လင်းမြင်သာမှု၊ အခွန်စနစ်၏ ဆင်းရဲနွမ်းပါးမှုအပေါ် သက်ရောက်မှု အခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေး ၀န်ဆောင်မှု၊ အကြွေးရယူသုံးစွဲနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ စသည်များအား လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။

(၄) အုပ်ချုပ်ရေး အစီအမံများ ထိရောက်စေရန် မည်သို့ ပြုလုပ်မည်နည်း။
ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲများကျင်းပခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဦးတည်စေမည့် ပါဝါခွဲဝေမှု အစီအမံများ ဖော်ဆောင်ခြင်း၊ လူသားအချင်းချင်း ခွဲခြားသတ်မှတ်မှု ရှိစေသည့် ဥပဒေများအား ပြင်ဆင်ခြင်း၊ ယုံကြည်အားကိုးရမည့် ဥပဒေဘက်တော်များ တိုးပွားစေမည့် စနစ်အား တည်ဆောက်ခြင်း၊ ဘက်မလိုက်သော တရားစီရင်ရေးစနစ် ရှိခြင်း၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဆိုင်ရာ အခက်အခဲများနှင့် အတားအဆီးများအား ဖော်ထုတ်ခြင်း၊ တိုင်းပြည်ဘဏ္ဍာခွဲဝေသုံးစွဲမှုဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိခြင်း စတာတွေကို ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။

(၅) တွေ့ဆုံဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် အများပြည်သူမှ ပူးပေါင်းပါဝင်လာအောင် မည်သို့ဆောင်ရွက် မည်နည်း။
အများပြည်သူမှ လက်ရှိပူးပေါင်းပါဝင်မှု အခြေအနေ၊ ကိုယ်စားပြုမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ခံမှု၊ ဆင်းရဲနွမ်းပါးမှု လေ့လာဆန်းစစ်ချက်များနှင့် မူဝါဒရေးရာ စာတမ်းများကို အများပြည်သူသို့ ဖြန့်ဝေအသိပေးမှု၊ မူဝါဒများရေးဆွဲရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု အခြေအနေ၊ စီမံချက်များ အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ feedback များ စတာတွေကို ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။

(၆) အရေးပါသော ကဏ္ဍများ (ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်များ) ၏ မူဝါဒများနှင့် စီမံချက်များ သည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ပြုပါသလား။
စီမံချက်များအား ဒေသအလိုက် ဖြန့်ကျက်ဆောင်ရွက်ထားမှု အခြေအနေ၊ supply side ဆိုင်ရာ အခက်အခဲများ၊ demand side ဆိုင်ရာ အခက်အခဲများ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးသူများ၏ ဘဏ္ဍာရေးလိုအပ်ချက်များ၊ ကဏ္ဍအလိုက် ၀င်ရောက်စွက်ဖက်မှု (sectoral interventions) စတာတွေကို လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။

(၇) ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေများကို တိုင်းတာနိုင်ပါသလား။

တိုင်းတာနိုင်သည့် ကိန်းဂဏာန်းများ၊ အခြေပြဇယားများ သတ်မှတ်ခြင်း၊ သင့်လျော်သော အချက်အလက်များ စုဆောင်းနိုင်ခြင်း၊ ရလဒ်များအား ဆန်းစစ်လေ့လာ၍ အများပြည်သူသို့ ဖြန့်ဖြူးခြင်း၊ stakeholders များထံမှ feedback များ ရယူနိုင်ခြင်း စတာတွေကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။

နိဂုံး

တိုင်းပြည်တပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်တွေကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေက ဖော်ဆောင်ရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ နိုင်ငံတော်အစိုးရတွေက ဦးဆောင်ပြီး (country ownership) သဏ္ဍာန်နဲ့ ဖော်ဆောင်မှု၊ ပြည်သူများက ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက အားပေးကူညီထောက်ပံ့မှုတွေ ရှိလာမှသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ country owner သဏ္ဍာန်ရှိမှု၊ အများပြည်သူပူးပေါင်းပါဝင်နိုင်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု စတာတွေကို ထောက်ကူပြုတဲ့ ဆင်းရဲနွမ်းပါးမှု မဟာဗျူဟာ စာတမ်း (Poverty Reduction Strategy Paper) တွေကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ လမ်းပြမြေပုံများ အဖြစ် ကမ္ဘာတ၀ှမ်းက ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ရေးဆွဲအကောင်အထည်ဖော်နေကြပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၈၊ ၇၊ ၂၀၁၁)

ရည်ညွှန်းကိုးကား

IMF (2001) Guidelines for Joint Staff Assessment of a Poverty Reduction Strategy Paper, Washington DC.
Review of the Poverty Reduction Strategy Paper (PRSP) Approach: Early Experience with Interim PRSPs and

Full PRSPs (2002), IMF and International Development Association

UNDP & NDI (2004) Strengthening Parliamentary Involvement in the Poverty Reduction Strategy Process and the Millennium Development Goals: Legislative Public Outreach on Poverty Issues, Parliaments and Poverty Series Toolkit No. 3

World Bank (2002) Poverty Reduction Strategy Sourcebook, Washington DC.

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP