တန်ဆောင်မုန်းလကို ရောက်ရင် အဝေးမှာ ရောက်နေကြတဲ့ တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့ ရင်ထဲမှာ အလွမ်းဝေဒနာတွေ ခံစားကြရတတ်ပါတယ်။ တန်ဆောင်တိုင်ပွဲတော်နဲ့ မီးပုံပျံကြီးတွေကို လွမ်းဆွေးတမ်းတမိတတ်ကြပါတယ်။ တန်ဆောင်တိုင်ပွဲတော် ဆိုတာက ငယ်ဘ၀ရဲ့ ပုံရိပ်တွေထဲမှာ ဘယ်တော့မှ မေ့ပျောက်နိုင်ကြမှာ မဟုတ်တော့တဲ့ အမှတ်တရ ပုံရိပ်လေးတွေပါ။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကြီးရဲ့ ထူးခြားတဲ့ အမှတ်ရစရာတွေကတော့ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲနဲ့ မီးပုံပျံလွှတ်ပြိုင်ပွဲနဲ့ ပူဇော်ပွဲတွေပဲ ဖြစ်ပါတယ်။ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲမှာဆိုရင် တောင်ကြီးမြို့ မင်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်) ကထိန်ပဒေသာပင်တွေ ထမ်းပြီး လှည့်လည်ကြတာပါ။ ပဒေသာပင်တွေ ထမ်းတဲ့လူတွေကထမ်းရင်း အဆိုအတီးတွေနဲ့ အလွန်ပျော်စရာ ကောင်းတာပါ။ ငယ်ငယ်တုန်းကတော့ အိမ်ကလူကြီးတွေက ပူဇော်ပွဲထဲမှာ လမ်းလျှောက်ပါဝင်ခွင့် မပေးပါဘူး။ ဒါပေမယ့် မင်းလမ်း လမ်းမကြီးပေါ်က မိတ်ဆွေတွေ အိမ်အပေါ်ထပ်က ပွဲတော်ကြီးကို ကြည့်ခွင့်ရပါတယ်။ မူလတန်း အရွယ်တွေတုန်းကပါ။
အလယ်တန်း၊ အထက်တန်း ရောက်တော့ ပူဇော်ပွဲမှာ လမ်းလိုက်မလျှောက်ပေမယ့် ကျောင်းရဲ့ ကထိန်ပဒေသာပင် တွေအတွက် ပိုက်ဆံလေးတွေ ပုံစံအမျိုးမျိုးနဲ့ ခေါက်တာမှာ ပါဝင်တတ်လာပါပြီ။ ဒီလိုအချိန်တွေဆို ကျောင်းမှာကလဲ ဆရာမတွေ စာကောင်းကောင်းသင်လို့ မရတတ်ပါဘူး။ တခါတလေ နေ့လည်ပိုင်း တပိုင်းလုံး စာမသင်တော့ပဲ ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး ပဒေသာပင် သီးကြပါတယ်။ အတန်းလိုက် မိမိတို့ ပဒေသာပင်ကို အကောင်းဆုံးဖြစ်အောင် အပြိုင်အဆိုင် ပြုလုပ်ကြပါတယ်။ အထက်တန်းအောင်ပြီးတဲ့အခါမှာတော့ လူကြီးတွေလဲ မတားနိုင်ကြတော့ပါ။ ကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ လှည့်လည်ပါဝင်ဖြစ်ပါတော့တယ်။
လူငယ်ဘ၀ဆိုတော့ အပြိုင်အဆိုင်ကလဲ များကြပါသေးတယ်။ အက်ဖ်အီးစီခေတ်ကောင်းချိန်ဆိုတော့ အက်ဖ်အီးစီနဲ့ မြန်မာငွေစက္ကူတွေနဲ့ ပေါင်းစပ်ပြီး ကိုယ့်ပဒေသာပင်ကို တန်ဖိုးကြီးအောင် လုပ်ဖြစ်ကြပါသေးတယ်။ အပြိုင်အဆိုင်လုပ်ကြရတဲ့ ပဒေသာပင်တွေကို လိုက်ကြည့်ကြရတာလဲ အမော။ ပဒေသာပင်လှည့်လည်ပူဇော်ပွဲပြီးလို့ အိမ်ပြန်ရောက်ချိန်မှာ ဘယ်အုပ်စုရဲ့ ပဒေသာပင်မှာက အက်ဖ်အီးစီထည့်တာ နည်းပါတယ်၊ ဘယ်အုပ်စုက များတယ်တွေနဲ့ ဖောက်သည်ချမိတော့ အလှူဆိုတာ တမူးတမတ်ပဲ ထည့်ထည့်၊ ညောင်စေ့လောက်လှူပေမယ့် စေတနာပွားရင် ညောင်ပင်လောက် များပြားကြောင်း သတိပေးဆုံးမ ပြောဆိုကြပါတော့တယ်။ မသိတာမဟုတ်ပေမယ့် တခါတရံကျရင် အသက်ငယ်ရွယ်မှုရဲ့ မာနနဲ့ အပြိုင်အဆိုင်စိတ်တွေက လူတွေကို လွှမ်းမိုးသွား တတ်ကြောင်း သင်ခန်းစာတခုကို ရသွားခဲ့ပါတယ်။ နောင်နှစ် တန်ဆောင်တိုင်ပွဲတော် တွေမှာကျတော့ ဒီလိုစိတ်အညစ်အကြေးတွေကို သတိနဲ့ ဆင်ခြင်ဖယ်ရှားဖြစ်သွားပါတော့တယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အမှတ်တရတွေထဲမှာ သတိတရ ဖြစ်စေတာကတော့ ပွဲဈေးခင်းတွေပါပဲ။ ဒီအချိန်ကျရင် တောင်ကြီးမြို့တော်ကြီးဟာ မြန်မာတနိုင်ငံလုံးက ဧည့်သည်တွေနဲ့ ကြက်ပျံမကျ စည်ကားလှပါတယ်။ တောင်ကြီးမြို့အနီးတ၀ိုက်က ညောင်ရွှေ၊ အောင်ပန်း၊ ပင်းတယ၊ကလော၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချားမြို့တွေက လူအများကလဲ စုပေါင်းပြီး ပွဲတော်ကို လာဆင်နွှဲကြပါတယ်။ တန်ဆောင်တိုင်ပွဲ ဈေးခင်းမှာ စားစရာတွေကလဲ အစုံအလင်ပါပဲ။ ဒီအချိန်ရောက်တိုင်း ကျွန်မတို့အိမ်မှာ ဧည့်သည်တွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ပွေးလှ၊ ပင်းတယနယ်ဘက်က အမေ့မိတ်ဆွေတွေလာရင် ဟင်းသီးဟင်းရွက်လက်ဆောင်တွေ ကားတစီးတိုက် ပါလာလေ့ရှိပါတယ်။ ပြည်မဘက်က ဧည့်သည်တွေ ရောက်လာရင်တော့ အိမ်အနီးက တည်းခိုခန်းတွေမှာလူပြည့်ပါတော့တယ်။
ပင်းတယဘက်က ဧည့်သည်တွေနဲ့ ပွဲဈေးခင်း လိုက်လည်လိုက်၊ စားလိုက်သောက်လိုက်၊ ပြည်မက ဧည့်သည်တွေနဲ့ အင်းလေးကန် အလည်လိုက်သွားလိုက်၊ ရပ်စောက်-ဗထူးဘက် လိုက်သွားလိုက်နဲ့ ကျွန်မမှာလဲ အတော်အလုပ်များပါတယ်။ ပွဲဈေးတွေ လိုက်လည်ရင်း ဟိုဧည့်သည်နဲ့ ဘိလပ်ရည်သောက်လိုက်၊ ဟင်းထုပ်စားလိုက်၊ ဒီဧည့်သည်နဲ့ အကြော်စုံစားလိုက်၊ ရေနွေးကြမ်း သောက်လိုက်၊ ညဘက်ကျတော့ မေမေတို့အသိုင်းအ၀ိုင်းထဲက ညစာတည်ခင်း ဧည့်ခံပွဲဆိုတာတွေကို လိုက်တက်လိုက်လုပ်ရင်း တန်ဆောင်တိုင်ပွဲတော်ပြီးရင် ကျွန်မဟာ ၀၀ကစ်ကစ်လေး ဖြစ်သွားပါ တော့တယ်။
ဒီလို လူအများတကာနဲ့ ပွဲဈေးခင်းထဲ ရောက်သွားတတ်ပေမယ့် မိသားစုနဲ့ကတော့ တကြိမ်၊ နှစ်ကြိမ်ပဲ ရောက်ဖူးလိုက်ပါတယ်။ အကြောင်းကတော့ ကျွန်မ ခြောက်နှစ်အရွယ်လောက်မှာ ပွဲဈေးထဲ လိုက်ပို့ရင်း ကျွန်မရဲ့ဖွားလေးတော်သူ ဖွားထွေးရဲ့ စိန်ကြယ်သီးနှစ်လုံးကို ခါးပိုက်နှိုက် ခံရလို့ပါပဲ။ ဖွားထွေးက ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ထုံးစံအတိုင်း ရင်ဖုံး အင်္ကျီလေးတွေကို ရတနာကြယ်သီးလေးတွေ တပ်ပြီး ၀တ်ပါတယ်။ ဆွဲကြိုးလော့ကက်က ပတ္တမြားဆိုရင် ပတ္တမြားကြယ်သီး၊ မြဆိုရင် မြကြယ်သီး၊ ပုလဲနဲ့စိန် အပါးဝိုင်းလေးဆိုရင်လဲ တပုံစံတည်း ၀တ်ပြီးမှ အပြင်သွားတာပါ။ အဲဒီနေ့ကတော့ ကြံကြံဖန်ဖန် ခါးပိုက်နှိုက်ကလဲ လည်ပင်းက စိန်ဆွဲကြိုးကို မဖြတ်ပဲ စိန်ကြယ်သီးတွေကိုမှ ဖြုတ်ယူသွားသမို့ အပျိုကြီး ဖွားထွေးခမျာ မချိတင်ကဲ၊ တဗျစ်တောက်တောက် ဖြစ်ပြီး ပွဲဈေးကို စိတ်အနာကြီး နာသွားပါတော့တယ်။
ဒီလိုပွဲဈေးကို စိတ်နာပါတယ်ဆိုမှ ဆယ်တန်းအောင်ပြီးစ မြေးဖြစ်သူ ကျွန်မက ပွဲဈေးမှာ ဈေးသွားရောင်းဦးမယ်ဆိုတော့ မျက်လုံးကြီး ဘယ်လောက်ပြူးကျယ်သွားမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။ ကျွန်မကလဲ ဘာရယ်မဟုတ်။ စူးစမ်းချင်စိတ်လေးသက်သက်ပါ။ သူငယ်ချင်းတွေက အပျော်အနေနဲ့ ဆိုင်ခန်းလေးတခုယူပြီး အကြော်စုံ၊ ဟင်းထုပ်နဲ့ ၀က်သားချဉ်ရောင်းဖို့ လုပ်တာကြောင့် ပါဖြစ်သွားတာပါ။ အပျော်ဆိုပေမယ့်လဲ ပင်ပန်းပါကလား။ ဘယ်နှယ့် ဗူးသီးတလုံးထိုင်လှီးရတာကိုက အတော်လက်ဝင်၊ ဆီပူအိုးရှေ့လဲ ဘယ်သူမှ မထိုင်နိုင်နဲ့ နောက်ဆုံးတော့ တကယ်လုပ်တတ်တဲ့ လူတွေ ရှာငှားရ၊ သူများဆိုင်က ဟင်းထုပ်တွေ ၀ယ်ပြီး ကိုယ့်ဆိုင်မှာ ပြန်တင်နဲ့ အမြတ်ထွက်ဖို့ နေနေသာသာ အရင်းတောင် ပြုတ်ကြ။ ဘယ်သူအမိန့်ပေးတာကိုမှ ဆတ်ဆတ်ထိ မခံတတ်သူတွေ စားသုံးသူတွေရဲ့ အသံတိုးတိုးတမျိုး၊ အသံကျယ်ကျယ်တမျိုး တောင်းဆိုမှုတွေကို မချိတင်ကဲ အကြိုက်လိုက်ဆောင် ပေးရတာက လွဲရင်တော့ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေပါပဲ။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နဲ့ ပတ်သက်ပြီး တခါမြင်ဖူးရုံနဲ့ တသက်မမေ့နိုင်စရာကတော့ မီးပုံပျံကြီးတွေပါပဲ။ နေ့လည်ပိုင်းဆိုရင် အရောင်အသွေးစုံ တိရစ္ဆာန်ရုပ်မီးပုံပျံကြီးတွေက ကောင်းကင်ပေါ် တက်လာပါတယ်။ ညဘက်ဆိုရင်တော့ မီးကျည်နဲ့ စိန်နားပန်မီးပုံပျံတွေက ပိုများပါတယ်။ အကြောင်းရင်းကတော့ မီးကျည်မီးပုံးပျံပြိုင်ပွဲနဲ့ စိန်နားပန် မီးပုံးပျံပြိုင်ပွဲတွေကို ညဘက်မှာ ကျင်းပလေ့ရှိလို့ပါပဲ။ မီးကျည်မီးပုံးပျံပြိုင်ပွဲက ပေါက်ကွဲတဲ့ မီးပန်းတွေရဲ့ အလှကို ပြိုင်တဲ့ ပွဲဖြစ်ပါတယ်။ မီးပုံပျံအောက်မှာ မီးရှူးမီးပန်းလေးတွေ ချိတ်ဆွဲထားပြီး၊ ကောင်းကင်ကို လွှတ်တင်လိုက်တဲ့အခါ မီးပန်းလေးတွေက ပေါက်ကွဲပါတယ်။ အဲဒီပေါက်ကွဲပုံ အလှကို ပြိုင်တာပါ။
စိန်နားပန် မီးပုံးပျံပြိုင်ပွဲမှာကျတော့ မီးပုံးပျံရဲ့ အောက်ခြေနဲ့ ဘေးတွေမှာ ကွင်းလေးတွေလုပ်ပြီး ရောင်စုံမီးပုံးလေးတွေ ထပ်ချိတ်ထားပါတယ်။ ဒီပြိုင်ပွဲမှာကျတော့ ဒီဇိုင်းစာသားအလှကို ပြိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို လာကြတဲ့ ပရိသတ်ကလဲ များပြားလှပါတယ်။ ညသန်းခေါင်ကျော်မှ ပြီးတတ်ပါတယ်။ ဧည့်သည်အများနဲ့ သွားကြည့်ရရင် စကားလေးတွေ ပြောလိုက်ကြ၊ မီးပုံပျံကြီးတွေကို ကြည့်လိုက်ကြ၊ နေကြာစေ့လေးတွေ ၀ါးလိုက်ကြ၊ ပြောင်းဖူးပြုတ်လေးတွေ ကိုက်လိုက်ကြ၊ ပင်စိမ်းသီးသုပ်လေးတွေ စားလိုက်ကြနဲ့ အတော်ပျော်စရာ ကောင်းတာပါ။
တောင်ကြီးမှာ ကျွန်မရှိနေခဲ့တဲ့ အချိန်တွေတုန်းကတော့ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနဲ့ မသိုးသင်္ကန်းကပ်လှူ ပူဇော်ပွဲတွေကို မကြားခဲ့ရပါဘူး။ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲကို မကြုံဘူးလို့ဆိုပြီး ရန်ကုန်ရွှေတိဂုံဘုရားက ပွဲကို တကူးတက ရောက်ဖြစ်ခဲ့ပါသေးတယ်။ တောင်ကြီးမြို့က စူဠာမုနိလောက ချမ်းသာဘုရားကို ၁၉၉၆ ခုနှစ်မှာမှ ထီးတင်တာဆိုတော့ ၂၀၀၀ ခုနှစ် နှောင်းပိုင်းမှာမှ ဘုရားပွဲတော်နဲ့အတူ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲတွေ တိုးချဲ့ကျင်းပတာ ဖြစ်မယ်လို့ ထင်ပါတယ်။ တချိန်ချိန်ကျရင်တော့ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲမှာ ညလုံးပေါက်လေးသွားပြီး လိုအပ်တာလေးတွေ ကူညီဖို့ လုပ်အားပေးခွင့် ကြုံချင်ပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလို တန်ဆောင်တိုင်ပွဲတော်ချိန်တွေမှာ မွေးရပ်မြေ တောင်ကြီးကို လွမ်းတဲ့ စိတ်လေးတွေက ထိန်းမရတော့ပါလား။
တောင်ကြီးကိုလဲ လွမ်းတယ်။
တန်ဆောင်တိုင်ပွဲတော်ကြီးကိုလဲ လွမ်းတယ်။
ပွဲခင်းထဲမှာ အတူလက်တွဲလျှောက်လည်ကြရင်း ဗိုက်ဆာပြီအစ်ကိုလို့ပူဆာတဲ့ ချစ်သူလေးကို ဟင်းထုပ်ပူပူနွေးနွေးလေးတွေ တယုတယ ခွံ့ကျွေးခဲ့ဖူးတဲ့ တချိန်က သက်ဆိုင်သူကိုလဲ လွမ်းနေမိဆဲပဲ။
ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၁၀)