(၁)
အချိန်ကား (၂၀၀၁) ခုနှစ်။
နေရာကား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ၀မ်ပါခရွာ။
“နင်တို့ မယုတ်မာနဲ့နော်။ ငါ့မှာ ယောက်ျားရှိတယ်”
နန်းမိုခမ်းတယောက် ကြောက်လန့်တကြားဖြင့် အော်ဟစ်နေမိသည်။ ရွာမှ အတန်ငယ်ဝေးသည်မို့ အော်မယ့်သာအော်နေရပေမယ့် သူမအော်သံကို မည်သူမှ ကြားနိုင်မည်မဟုတ်မှန်း စိတ်ထဲက အလိုလိုသိနေသည်။ သို့ပေမယ့်လဲ မတတ်နိုင်။ ဒီလိုအခြေအနေမျိုးမှာ မိန်းမသားတယောက်အနေနဲ့ အော်ရုံကလွဲ၍ ဘာများတတ်နိုင်ပါမည်လဲ။ ပြီးတော့ သူမရင်ဆိုင်တွေ့နေရသည်က ဗမာစစ်တပ်က လက်မရွံ့ လူသတ်သမားများ။
အိမ်က ယောက်ျားဖြစ်သူ စိုင်းကျောက် နေမကောင်းတာကြောင့် ယာခင်းထဲသို့ သူမတယောက်ထဲ ထွက်လာခဲ့မိတာဖြစ်သည်။ ဗမာစစ်တပ်မှ ပေါ်တာဆွဲတာ ခဏခဏခံနေရတာမို့ စိုင်းကျောက်မှာလဲ နလန်မထူနိုင်။ သုံးနှစ်အရွယ် သမီးငယ်လေးကလဲ ရှိတာမို့ မိသားစုဝမ်းရေးအတွက် သူမပဲ ရုန်းကန်နေရသည်။
“ကောင်မ။ ပါးစပ်ကို ပိတ်ထားစမ်း။ သေသွားချင်လား”
စစ်သားများက သူမအား အတင်းဆွဲပြီး အနီးမှ ချုံထဲသို့ ခေါ်သွားသည်။ ထွက်ပြေးဖို့ စဉ်းစားနေတုန်း သမီးမျက်နှာလေးကို မြင်လိုက်မိသည်။ သူမသေလို့မဖြစ်ပါ။ နောက်ဆုံးတော့ မျက်ရည်စက်လက်ဖြင့် ရုန်းရင်းကန်ရင်း၊ ဗမာစစ်သားများ၏ အဓမ္မပြုကျင့်မှုကို ခံလိုက်ရလေသည်။ စစ်သားများ ထွက်သွားသောအခါမှ အားရပါးရ ငိုကြွေးရင်း ရွာသို့အပြေးပြန်လာခဲ့သည်။ ဒီတပ်ကို သူမသိသည်။ တပ်ရင်း (၃၅၉)။ သူမတို့ရွာသို့ ၀င်ထွက်သွားလာနေကျ တပ်ရင်း။ သူမယောက်ျားကို ခေါ်ပြီး ရွာလူကြီးဆီသွားပြောရမည်။ သူမအား မတရားပြုကျင့်သည့် စစ်သားများအား သူတို့ အထက်လူကြီးဆီ သွားတိုင်ရမည်။
(၂)
(၂၀၀၁)ခုနှစ်၊ ဖေဖော်ဝါရီလ။
ခမရ (၃၅၉)။ တာချီလိတ်မြို့။
“ဘာလဲ။ ခင်ဗျားတို့က တပ်မတော်ကိုနာမည်ဖျက်နေတာလား”
“မဟုတ်ပါဘူး ဗိုလ်မှူးရယ်။ ဒီကလေးမက ယာထဲသွားရင်း အမှန်တကယ် ကြုံလာရတာပါ”
တပ်မှူးဆိုသူ၏ အမေးကို ရွာလူကြီးမှ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ဖြေနေဆဲ သူမကတော့ အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။ လူကြီးတယောက်အနေဖြင့် မတရားမှုကို လာရောက် တိုင်တန်းခဲ့ခြင်းသာ ဖြစ်သည်။ အခုတော့ သူ့လူတွေကိစ္စ တာဝန်မယူသည့်အပြင် သူမတို့ကိုပင် တရားခံလို ပြန်မေးနေလေသည်။
“ဒါကတော့ ဦးအိုက်ပန်ရယ်။ မိန်းမတွေဆိုတာ လူမိရင် ဒီလိုပဲ ပြောမှာပေါ့။ သူ့ဟာသူ ဘယ်က ရွာသားတွေနဲ့မှန်းသိ ဖြစ်တဲ့ကိစ္စမှာ ကျုပ်တို့စစ်တပ်ကို တရားခံလာမရှာစမ်းပါနဲ့။ ခင်ဗျားလဲ ရွာလူကြီးဖြစ်ပြီး ဒီလောက်မှ နားမလည်ဘူးလား”
ဦးအိုက်ပန်စကားအဆုံးမှာ သူမယောက်ျား စိုင်းကျောက် တယောက် ၀ုန်းကနဲ ထရပ်လိုက်တာကို တွေ့ရသည်။
“ခင်ဗျား၊ ကျုပ်မယားကို မစော်ကားနဲ့။ ခင်ဗျားတို့ စစ်တပ် ရွာတကာမှာ မိန်းကလေးတွေ ဖျက်ဆီးနေတာ လူတိုင်းအသိ”
“ဟေ့ကောင်။ မင်းပါးစပ်ကို ပိတ်ထားစမ်း။ စော်ကားနေတာက မင်း။ မင်းတို့တွေအတွက် ငါတို့က အသေခံတိုက်ပေးနေရတာ”
“ဘာ ငါတို့တွေအတွက်လဲ။ မင်းတို့ ဗမာစစ်တပ်တွေလာမှ ငါတို့တွေ ဒုက္ခရောက်တာ။ ငါတို့ဘာသာနေရင် ဘာမှမဖြစ်ဘူး”
“ဟေ့ကောင်တွေ၊ ဒီကောင့်ကို ဖမ်းချုပ်လိုက်စမ်း”
တပ်မှူးဆိုသူ၏ အမိန့်ပေးသံအဆုံးတွင် စစ်သားများပြေးလာပြီး၊ စိုင်းကျောက်ကို ရိုက်နှက်ထုထောင်းကြတော့သည်။
“မလုပ်ကြပါနဲ့ရှင်။ မလုပ်ကြပါနဲ့”
သူမအလန့်တကြားအော်ဟစ်မိသည်။ ရွာလူကြီးမှာလည်း တဆတ်ဆတ်တုန်ယင်နေတာ တွေ့ရသည်။
“ဘာမလုပ်ပါနဲ့လဲ။ ကောင်မ။ နင့်ကို ငါ့တပ်ထဲက လူတွေအားလုံးကို တန်းစီခေါ်ပြမယ်။ နင့်ကို ဟိုဟာလုပ်သွားတယ်ဆိုတဲ့ လူတွေကို ရွေးထုတ်ပြ။ မပြနိုင်လို့ကတော့ နင်ကော၊ နင့်အကောင်ကော အသေပဲ။ တပ်မတော်ကို စော်ကားမှုနဲ့ ထောင်ထဲ ထည့်ပစ်မယ်”
“မလုပ်ပါနဲ့ရှင်။ မလုပ်ပါနဲ့။ ကျွန်မ အဲဒီလူတွေကို မှတ်မိပါတယ်။ တယောက်က ပုခုံးမှာ အပွင့်နှစ်ပွင့်နဲ့ပါ”
ဒီတပ်ကဆိုတာကို သိနေတာမို့ သူမအခိုင်အမာ ဆိုလိုက်မိသည်။
“ညနေကျရင် ပြန်လာခဲ့။ ငါ့လူတွေ မစုံသေးဘူး။ နင့်ယောက်ျားကိုတော့ ငါတို့ဖမ်းထားမယ်”
“ကျွန်မကိုသနားပါရှင်။ မတိုင်နဲ့ဆိုလဲ မတိုင်တော့ပါဘူး။ ကျွန်မယောက်ျားကို ပြန်လွှတ်ပေးပါ”
“မင်းတို့ကို ငါမသင်္ကာဘူး။ ငါတို့တပ်မတော်ကို နာမည်ဖျက်ချင်တဲ့ သူပုန်တွေပဲ ဖြစ်ရမယ်။ သူ့ကို စစ်ဆေးစရာရှိတယ်။ မလွှတ်နိုင်ဘူး။ ဦးအိုက်ပန်။ သူ့ကို ခေါ်သွားတော့။ ညနေပြန်လာခဲ့။ နောက်ဆိုရင် ကောင်မတွေပြောတိုင်း မယုံနဲ့။ ခင်ဗျားပါ အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်”
“ဟုတ်။ ဟုတ်ကဲ့။ ကျွန်တော်နောက်ကို ဘယ်သူမှ မခေါ်လာတော့ပါဘူး”
ဦးအိုက်ပန်နောက်သို့ သူမငိုယိုရင်းလိုက်ပါလာခဲ့ရသည်။
ညနေရောက်တော့ သူမတို့ နောက်တခါ ပြန်လာခဲ့ပါသည်။ စိုင်းကျောက်ကို တွေ့ခွင့်ရဖို့ တောင်းပန်ပြောပေမယ့် စစ်ဆင်ရေးမှာ ပေါ်တာလိုလို့ ထည့်လိုက်သည်ဟု ဆိုသည်။ သူမကို မုဒိမ်းပြုကျင့်သွားသူများကိုလဲ မတွေ့ရတော့။ တန်းစီပြီးခေါ်ပြသူများထဲမှာ ထိုသူများ မပါ။
“တပ်မတော်ကို စော်ကားမှုနဲ့ ဒဏ်ငွေ တသိန်းဆောင်ရမယ်။ ဒဏ်ငွေလာဆောင်မှ နင့်အကောင်ကို ပြန်လွှတ်ပေးမယ်”လို့ ဆိုလိုက်သည်။ သူမဘာလုပ်ရပါမည်လဲ။ လူကိုလဲ စော်ကားသည်။ လင်ယောက်ျားကိုလဲ ဖမ်းထားသည်။ ငွေကိုလဲ တောင်းသည်။ အဲဒါ သူမတို့ပြည်သူတွေအတွက် အသက်အသေခံ တိုက်ပေးနေတဲ့ စစ်တပ်တဲ့။
“မဟုတ်ဘူး။ အဲဒါ လူသတ်ကောင်တွေ၊ မုဒိမ်းကောင်တွေ၊ ပြန်ပေးသမားတွေ”
အတွေးနှင့်အတူ သူမ နာနာကြည်းကြည်း ငိုချလိုက်ပါတော့သည်။
(၃)
အချိန်ကား (၂၀၀၄) ခုနှစ်။
နေရာကား ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်။
“နန်းခမ်းရေ။ အန်တီခေါ်နေတယ်”
ဘ၀တူ အလုပ်သမလေး နန်းလှအသံကြောင့် သူမ ခေါင်းနပန်းကြီးသွားရသည်။ တယောက်ယောက် ကများ သူမကို တိုင်သွားလေသလား။ သူမတို့လို လိင်ကျွန်ဘ၀မှာ အလုပ်ရှင်ကိုလဲ ကြောက်ရသည်။ အဆီတ၀င်းဝင်း မျက်နှာကြီးများဖြင့် ကာမရမက်ကျေးကျွန်ကြီးများကိုလဲ ကြောက်ကြရသည်။ ထိုကာမကျေးကျွန်ကြီးများက စိတ်တိုင်းမကျပဲ တိုင်တောသွားလျှင် အန်တီက အညှာအတာမရှိ ရိုက်နှက်တတ်လေသည်။ အန်တီဆိုသူက မြန်မာစကား၊ ရှမ်းစကားကို ကျွမ်းကျင်စွာ ပြောတတ်သည့် ထိုင်းအမျိုးသမီးကြီး။ ထိုအမျိုးသမီးကြီးဆီသို့ သူမရောက်ခဲ့ရသည်မှာ သူမဆန္ဒပါခဲ့၍ မဟုတ်ပါ။
စိုင်းကျောက်ကို ငွေတသိန်းနှင့် ရွေးရမည်ဆိုတော့ ငွေရလိုရငြား ရွာမှ အဆက်အသွယ်ဖြင့် တဘက်ကမ်းသို့ ရောက်လာခဲ့ရသည်။ ဟိုဘက်ကမ်းရောက်ရင် ငွေတွေအများကြီးရမယ်ဆိုသော စကားလုံးတွေကို သူမယုံစားခဲ့မိသည်။ သမီးလေးရဲ့ နောင်ရေးကလဲ ရှိသေးတယ်မဟုတ်လား။ တကယ်တမ်းကျတော့ ဖွတ်မရ၊ ဓားမဆုံး ဘ၀သို့ သူမကျရောက်ရတော့သည်။ ဘ၀ကို ရိုးရိုးသားသားနဲ့ တောင်ယာစိုက်စားခဲ့သည့် သူမမှာ ဒီလိုဗဟုသုတတွေ မရှိ။ ဟိုဘက်ကမ်းရောက်ရင် အလုပ်လုပ်ရမယ်ဆိုတာသာ သိထားခဲ့သည်။ အကယ်၍ ထိုအလုပ်သည် လိင်ကျွန်အလုပ်မှန်းသာ သူမကြိုသိခဲ့ပါလျှင်------။ သားသမီးချင်း ကိုယ်ချင်းမစာ၊ နှမချင်းကိုယ်ချင်းမစာသည့် လူပွဲစားများ သူမတို့တိုင်းပြည်မှာ အများအပြား ရှိနေပြီဆိုတာကိုသာ သူမကြိုသိခဲ့ပါလျှင်--------။
ဘာကိုမှ ကြိုမသိခဲ့သူ၊ သူမအတွက်တော့ ဘ၀ဆိုသည်မှာ အဖတ်ဆယ်မရတော့ပါ။ နည်းအမျိုးမျိုးဖြင့် ငြင်းဆန်စဉ်က ကိုယ်ပေါ်သို့ကျရောက်လာသည့် တုတ်ချက်များကို သူမ အရမ်းပဲ ကြောက်ပါသည်လေ။ ဆွေနီးမျိုးစပ်နဲ့ ထားခဲ့ရသည့် သမီးလေးကိုလဲ လွမ်းလှပြီ။ သမီးလေး အသက်ရှင်ရက်မှ ရှိပါသေးရဲ့လား။ စိုင်းကျောက်ကော ငွေနဲ့လာရွေးမယ့်လူ မရှိလို့ အသတ်ခံလိုက်ရပြီလား။ ဒါတွေကို သူမမသိပါ။ တမ်းတမိလို့ ငိုကြွေးခဲ့ရသည့် မျက်ရည်တွေ၊ ဘ၀ပျက်လို့ ငိုကြွေးရတဲ့ မျက်ရည်တွေ၊ ရွံစရာကောင်းလှတဲ့ မျက်နှာကြီးတွေကို အော့နှလုံးနာစွာ မြင်တွေ့နေရလို့ ကြိတ်ပြီး ကျခဲ့ရတဲ့ မျက်ရည်တွေ။ ဒီမျက်ရည်တွေကိုသာ ပေါင်းလိုက်ရင် သူမနေရတဲ့ အခန်းလေးထဲမှာ မျက်ရည်အိုင်ကြီး ဖြစ်နေတာ ကြာလှရောပေါ့။
“မင်း၊ ဟိုဘက်ကမ်း ပြန်ရမယ်”
“ရှင်။ တကယ်လား အန်တီ။ ၀မ်းသာလိုက်တာ”
“၀မ်းသာမနေနဲ့။ မင်းမှာ အေအိုင်ဒီအက်စ်ဖြစ်နေပြီ။ ငါတို့ဆီမှာ မထားနိုင်တော့ဘူး။ ဒီနေ့ပဲပြန်ရမယ်။ ငါ့လူတွေ ကားဂိတ်လိုက်ပို့ပေးလိမ့်မယ်”
အေအိုင်ဒီအက်စ်ဆိုသော အသံကြားရတော့ သူမလန့်သွားသည်။ ဘယ်လိုဖြစ်တာမှန်း မသိပေမယ့် ကုမရတဲ့ ရောဂါဆိုးကြီးဆိုတာတော့ ကြားဖူးသည်။ ဘာလို့ဖြစ်ရမှာလဲ။ သူမဆီကိုမှ ဒီရောဂါကြီးက ဘာလို့ရောက်လာရတာတဲ့လဲ။
(၄)
(၂၀၀၅) ခုနှစ်။
တာချီလိတ်မြို့။ -----------ရုံးခန်း။
လူမှုထောက်ကူပြု အန်ဂျီအိုအဖွဲ့တဖွဲ့မှ အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရသူများအတွက် လိုအပ်သော ဆေးဝါးတွေ ပံ့ပိုးနေသည့် နေရာသို့ သူမရောက်ရှိနေပါသည်။ ရွာကို ပြန်ရောက်ရောက်ချင်းပင် သတင်းဆိုးများကို ဆိုင်းမဆင့်၊ ဘုံမဆင့် ကြားရတော့သည်။ သူမယောက်ျား အသက်ရှင်ရက် ရွာကို ပြန်ရောက်မလာခဲ့ပါ။ သေပြီဆိုသော သတင်းသာ ရောက်လာခဲ့သည်တဲ့။ သမီးငယ်လေးလဲ အသက်မရှင်ခဲ့ပါ။ ဖျားနာပြီး သေဆုံးသွားသည်တဲ့။ သတင်းဆိုးများကြောင့် သူမ သတ်သေချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။ သို့ပေမယ့် ရွာမှာ ရှိနေသော သူမလိုမျိုးပင် ရောဂါပိုးကူးစက်ခံရသည့် အမျိုးသမီးတချို့က သူမကို ကူညီအားပေးခဲ့ကြသည်။ မိန်းမသားအချင်းချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် တယောက်လက်များကို တယောက် ခိုင်ခိုင်မာမာ လက်တွဲဖြစ်ခဲ့ကြသည်။ သူတို့အကူအညီဖြင့် အန်ဂျီအိုဆိုသော အဖွဲ့ကြီးတခုနဲ့လဲ ဆက်သွယ်ဖြစ်ခဲ့သည်။ ဘာပဲပြောပြော ရေနစ်သူ ၀ါးကူထိုးတတ်ကြတဲ့ ဒီခေတ်ကြီးထဲမှာ ကောက်ရိုးတမျှင်ဟာလဲ တန်ဖိုးရှိစမြဲ မဟုတ်ပါလား။
“လာ၊ ညီမလေး”
မစိုးစိုးအသံက ကြည်လင်နွေးထွေးလို့နေသည်။ ရောဂါသည်သူမကို ဖေးဖေးမမ ဆက်ဆံသည်မို့ မစိုးစိုးနဲ့တွေ့တိုင်း သူမ စိတ်တွေ လန်းဆန်းသွားတတ်စမြဲ။
“ကျွန်မ နည်းနည်းနောက်ကျသွားတယ်”
“ရပါတယ်။ ကိစ္စမရှိပါဘူး။ ရုံးမှာ ဘယ်သူမှမရှိတော့တာနဲ့ အတော်ပဲ။ ကျွန်မလဲ နန်းမိုခမ်း အကြောင်းလေးတွေ တစွန်းတစ ကြားရကတည်းက မေးချင်တာလေးတွေ ရှိနေလို့”
“ဘာမေးစရာရှိလို့လဲဆရာမ”
“ကျွန်မကို ဆရာမလို့ မခေါ်ပါနဲ့။ မစိုးလို့ပဲခေါ်ပါ။ ရင်းရင်းနှီးနှီးပေါ့”
“ဟုတ်ကဲ့။ မစိုး”
“ဖြစ်နိုင်မယ်ဆိုရင်လေ နန်းမိုခမ်းရဲ့ ဘ၀ဇာတ်ကြောင်းလေးကို ပြည့်ပြည့်စုံစုံလေးသိချင်လို့ပါ”
“ရှင်”
“ဒီလိုပါ။ ကျွန်မက ဒီဒေသက မဟုတ်ပါဘူး။ ဒီဒေသနဲ့ အဝေးကြီးမှာ နေထိုင်ကြီးပြင်းခဲ့သူပါ။ ကျွန်မကျောင်းပြီးတော့ အလုပ်ရှာရင်း ဒီအလုပ်လေးကို မထင်မှတ်ပဲ ရခဲ့တယ်။ လုပ်ရင်းနဲ့ ဘယ်လောက်တောင် မွန်မြတ်တဲ့အလုပ်ဆိုတာကိုလဲ တစတစ သိနားလည်ခဲ့ရတယ်။ ကျွန်မဘ၀မှာ မနီးစပ်ခဲ့တဲ့ တမြေတည်းနေ၊ တရေတည်းသောက်နေရတဲ့ လူအများကိုလဲ သိကျွမ်းခဲ့ရတယ်။ ဒီလိုသိကျွမ်းလာရင်း လူတွေရဲ့ ဘ၀တွေကို ကျွန်မစိတ်ဝင်စားလာမိလို့ပါ။ နန်းမိုခမ်း ပြောချင်မှ ပြောပါနော်။ ကျွန်မက သိချင်ရုံ သက်သက်ပါ”
“ရပါတယ် မစိုးရဲ့။ ကျွန်မလဲ ဒီကိစ္စတွေကို တယောက်ယောက်ကို ပြောပြချင်နေတာ။ ဟိုလေ- ဒီမှာ ပြောလို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်။ ဘယ်သူ့မှ မရှိတော့တာပဲ”
ဘာလိုလိုနဲ့ မေးသူကလဲရှိ၊ သူမကလဲ တယောက်ယောက်ကို ရင်ဖွင့်ချင်နေသူမို့ ဘ၀ဇာတ်ကြောင်းစုံကို ရင်ဖွင့်ဖြစ်သွားသည်။ ပြောနေသူ၊ သူမက မျက်ရည်စက်လက်နဲ့ ပြောနေသလို နားထောင်နေသူကလဲ မျက်ရည်ဝဲပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ သတိထားမိသည်။ သူမသမီးလေးဆုံးသွားတဲ့ အကြောင်းကို ရောက်တော့ သူမမနေနိုင်တော့ပဲ ငိုချလိုက်မိချိန်မှာ သူမလက်ကို မစိုးက လာဆုပ်ကိုင်လိုက်လေသည်။
“ညီမနန်းမိုခမ်း။ ဘာမှအားမငယ်နဲ့ ညီမလေး။ တကယ်တော့ ဒီအဖြစ်ဆိုးတွေဟာ ညီမကြောင့် ဖြစ်ရတာမှ မဟုတ်ပဲကွယ်။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ တိုင်းပြည်မှာ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးကို ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်မှု မပေးနိုင်လို့၊ လူတွေရဲ့ အသက်ကို ကာကွယ်ပေးရမယ့် စစ်တပ်ဟာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေလို့၊ သူတပါးမျက်ရည်စက်လက်ကို ငွေကြေးနဲ့လဲလှယ်ကြတဲ့ လူပွဲစား လူယုတ်မာတွေရှိနေလို့ ညီမလေးလို အမျိုးကောင်းသမီးတွေ ဒုက္ခရောက်ကြရတာပါ။ ဒါကြောင့် ညီမလေးရဲ့ စိတ်ဓာတ်ကို လုံးဝအကျမခံပါနဲ့။ ညီမလေးရဲ့ စိတ်အင်အားကို အတတ်နိုင်ဆုံး ခိုင်မာအောင် စုစည်းထားပါ။ ဒီစစ်အာဏာရှင်တွေကြောင့် ဘ၀ပျက်ခဲ့ရပေမယ့် စိတ်ဓာတ်ကိုတော့ လုံးဝ ယိုင်လဲ မခံပါနဲ့။ စိတ်ဓာတ်မကျသေးသရွေ့ ညီမလေးဘ၀ကို ဖျက်ခဲ့တဲ့ ဒီလူတွေကို ညီမလေး မရှုံးသေးဘူး။ ညီမလေးကို အမတို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန် ရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာလေး တပုဒ် ရွတ်ပြမယ်နော်-----။
မစိုးစိုးရဲ့ ကဗျာရွတ်ဆိုသံလေးက ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသားနှင့် ထွက်ပေါ်လို့ လာပါသည်။ အားလုံးကို မမှတ်မိပေမယ့် စာသားလေးတချို့ကတော့ သူမနှလုံးသားထဲကို စိမ့်ဝင်သွားခဲ့လေသည်။
“မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင်
ထားနိုင်မယ်ဆိုရင်” တဲ့။
မစိုးဆီမှ ပြန်လာသော သူမခြေလှမ်းများက ဖြတ်လတ်လို့နေသည်။ ဘာလိုပဲဖြစ်ဖြစ် သူမရဲ့ စိတ်အင်အားကို ခိုင်မာစွာ လက်ကိုင်ထားပြီး၊ ဘ၀ရဲ့ ကျန်ရှိနေသော အချိန်လေးများကို ဖြတ်သန်းနိုင်ဖို့ သူမကြိုးစားရပါဦးမည်။ မြန်မာပြည်ရဲ့ အာဏာရှင်စနစ်ဆိုးက သူမဘ၀ကို ဖျက်ဆီးခဲ့ပါသည်။ သို့ပေမယ့် သူမစိတ်အင်အားကိုတော့ မဖျက်ဆီးနိုင်အောင် ခိုင်မာစွာလက်ကိုင်ထားမည်ဟု သန္နိဌာန်ချရင်း--------။
ခင်မမမျိုး (၃၁၊ ၃၊ ၂၀၀၉)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
စိတ်အင်အား (၀တ္ထုတို)
Tuesday, March 31, 2009
Posted by
Khin Ma Ma Myo
Labels:
ဝတ္ထုတိုစာစုများ