ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

သတိမမူ၊ ဂူမမြင်

Monday, March 23, 2009

အခုတလော ကျွန်မ မောမောနေတတ်တယ်။ ခေါင်းကိုက်သလိုလို၊ မူးသလိုလိုကလဲဖြစ်၊ ပင်ပန်းနွမ်းနယ်သလိုလဲဖြစ်နဲ့ တော်တော်အနေရဆိုးတာ။ အစတုန်းကတော့ ဒါတွေဟာ silent killer လို့ခေါ်နေကြတဲ့ ကာဗွန်မိုနော့ဆိုဒ်ဓာတ်တွေ ကျွန်မအိမ်ထဲမှာ အများအပြား ရှိနေတာကြောင့်လို့ သတိမထားမိခဲ့ဘူး။ သတိမထားမိတာထက် အလုပ်တွေများပြီး “သတိမမူ၊ ဂူမမြင်” ဖြစ်နေတာဆိုရင် ပိုမှန်မယ်။ တကယ်တော့ ဒီအကြောင်းတွေ မကြားဖူးတာလဲ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်နဲ့ မဆိုင်သလိုပဲ နေခဲ့မိတာ။

ခဏခဏခေါင်းကိုက်လိုက်၊ မူးလိုက်ဆိုတော့ သွေးတိုးနေလို့လို့ပဲ ထင်ခဲ့တာ။ ကျွန်မဆိုတာကလဲ လူ့သက်တမ်းတ၀က်လောက်မပြည့်သေးခင်ကတည်းက သွေးတိုးရောဂါက ရှိနေပြီ။ နှလုံးက တခါတလေ အောင့်တတ်သေး။ အဲလိုဆိုတော့ ခေါင်းမူးလာတာနဲ့ပဲ သွေးကျဆေးလေး ကောက်သောက်တတ်တာက အကျင့်ပါသလို ဖြစ်နေခဲ့တာ။ ပင်ပန်းနွမ်းနယ်နေတာ၊ မောမောနေတာကိုလဲ ဒီလိုပဲ အလုပ်တွေ များနေလို့ပဲ ထင်ခဲ့တာ။ အချိန်ဆိုတာကို အလုပ်နဲ့ပဲ တိုင်းတာတွက်ချက်နေတတ်တဲ့သူ ဖြစ်နေခဲ့တာက အခက်သား။ ၀င်ငွေရှာရတဲ့ အလုပ်ကတဘက်၊ မွေးဖွားရာ ဇာတိအတွက် လုပ်သင့်တာတွေ လုပ်နေရတာက တဘက်၊ နေထိုင်ကျက်စားရာ ဌာနေအတွက် လုပ်သင့်တာတွေ လုပ်နေရတာက တဘက်၊ formal education ကို ကလေးတဘက်ကြောင့် ခေတ္တရပ်ထားရပေမယ့်လဲ professional education တွေကျပြန်တော့ ဘ၀ရှေ့ရေး၊ အလုပ်အကိုင် ရာထူးအခွင့်အရေးတွေအတွက် လုပ်နေရတာက တဘက်၊ professional member အဖြစ် ပါဝင်ထားရတဲ့ အဖွဲ့တွေရဲ့ နှစ်ပတ်လည်ညီလာခံတွေ၊ စာတမ်းဖတ်ပွဲတွေအတွက် သုတေသနလုပ်ရတာကတဘက်၊ ဒီကြားထဲ အချိန်ပြည့်၊ အချိန်ပိုင်းကျောင်းတွေ ပြန်မတက်နိုင် သေးခင်မှာ ကိုယ်စိတ်ဝင်စားရာ နယ်ပယ်နဲ့ ပတ်သက်တဲ့ ပညာရပ်လေးတခုတော့ အဝေးသင်လေး လုပ်ထားဦးမှ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လန်ဒန်တက္ကသိုလ်က အဝေးသင် LLB ဘွဲ့လေးဖြေဖို့ စာဖတ်နေရတာက တဘက်နဲ့ ဆိုတော့ ရသမျှအချိန်လေးတွေကို တစက္ကန့်၊ နှစ်စက္ကန့် ခွာနေရတဲ့ဘ၀ကို ရောက်နေတာ။

ဘာလိုပဲဖြစ်ဖြစ် အခုတလောတော့ အရမ်းပင်ပန်းနေတာနဲ့ အနားယူဦးမှဆိုပြီး၊ ည (၁၂) နာရီလောက်ဆို ပုံမှန်အိပ်ယာဝင်လိုက်တာ စာရေးတာတောင် နည်းနည်းကျဲသွားပါလေရော။ ပို့စ်အသစ်တွေတောင် သိပ်မတင်ဖြစ်သလို ဖြစ်သွားတယ်။ ဒါပေမယ့် ခက်တာက အဲဒီလို တပတ်ဆယ်ရက်လောက် အနားယူလိုက်ပေမယ့်လဲ ပင်ပန်းတာတွေက ပျောက်မသွားပြန်ဘူး။ တခုခုတော့ လွဲနေပြီလို့ ထင်လိုက်မိတယ်။ ပိုသိသာလာတာက ဒီတပတ် စနေ၊ တနင်္ဂနွေမှာ အိမ်မှာလဲ တနေ့လုံးနေလိုက်တဲ့ အခါမှာပဲ။ ဘယ်လိုမှန်းကို မသိဘူးလေ။ အိမ်မှာနေတော့မှပဲ ပိုပင်ပန်းနေသလိုလို၊ ကိုယ်လက်အဂါင်္နာကျင်နေသလို ဖြစ်နေတော့တာကိုး။

ဒါနဲ့ ဒီနေ့ညနေတော့ အသိဆရာဝန်မတယောက်ဆီ ဖုန်းဆက်မေးတော့ ဆရာဝန်ဆီသွားပြီး CohB test စစ်ဖို့ အကြံပေးတယ်။ အဲဒါက ကိုယ့်သွေးထဲက ကာဗွန်မိုနော့ဆိုဒ် ပမာဏကို စစ်တာ။ ဒီလိုစစ်ရင် အိမ်ကနေ ချက်ချင်းတိုက်ရိုက်သွားရမယ်လို့လဲ သူက သတိပေးတယ်။ ဒီအဆိပ်ဓာတ်ငွေ့က အချိန်ကြာလာတာနဲ့ အမျှ မြန်မြန် ပျောက်သွားတတ်တယ် ဆိုပဲ။ စစ်မယ်ဆိုရင် အိမ်ကနေ ဆေးခန်းကို တိုက်ရိုက်သွားရမယ်တဲ့။ အလုပ်ပြီးမှ၊ ဟိုဝင်ဒီဝင်ပြီးမှ မသွားရဖူးတဲ့။ ကျောင်းတုန်းကတော့ ဒီဂုဏ်သတ္တိတွေသင်ဖူးတယ် ထင်ပါရဲ့။ အချိန်တွေကြာလာတော့လဲ မမှတ်မိတော့ပါဘူးလေ။ အခုများတော့ ခေါင်းထဲမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဥပဒေ စကားလုံးတွေပဲ ကျန်တော့သလား မသိဘူး။ ငယ်ငယ်တုန်းက သင်ဖူးတဲ့ စာတွေတောင် သိပ်မမှတ်မိတော့ဘူး။ အသက်ကြီးလာလို့လဲ ပါမယ် ထင်ပါရဲ့။

အဲဒါနဲ့ ဖုန်းချအပြီး၊ နောက်နေ့တော့ GP ဆီ သွားရမယ်ဆိုတဲ့ အတွေးလေးနဲ့ ညစာပြင်ဖို့ မီးဖိုထဲ လှမ်းအ၀င်မှာ ရုတ်တရက်လန့်သွားတယ်။ အနံ့။ အနံ့။ ဓာတ်ငွေ့နံ့။ တချိန်တည်းမှာပဲ မဖြစ်ခင်သာ သတိမမူရင်နေမယ်။ ဖြစ်လာရင်တော့ ဘယ်လိုလုပ်ရမလဲဆိုတာ ချက်ချင်းတုန့်ပြန်တတ်တဲ့ ဦးနှောက်ဟာ ချက်ချင်းအလုပ်စလုပ်သွားတော့တယ်။ အိမ်ထဲမှာ ဓာတ်ငွေ့နံ့ရတာနဲ့

(၁) ဂက်စ်မီတာမှာရှိတဲ့ gas supply ကို ချက်ချင်းပိတ်ပစ်ရမယ်။
(၂) မီးဖို၊ heater အစရှိတဲ့ gas appliances အားလုံးကို ချက်ချင်းပိတ်ပစ်ရမယ်။
(၃) မီးခလုတ်တွေကို မထိရဘူး။
(၄) ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို လေ၀င်လေထွက်ရအောင် ဖွင့်လိုက်ရမယ်။
(၅) Gas Emergency ကို ချက်ချင်းအကြောင်းကြားရမယ်။

ဘာရယ်တော့လဲမဟုတ်၊ ဘ၀အတွက် လိုအပ်တဲ့ အခြေခံသင်တန်းလေးတွေလို့ ယူဆပြီးတက်ထားဖူးတဲ့ Health and Safety သင်တန်းတုန်းက အချက်အလက်လေးတွေက အလိုအလျောက် ခေါင်းထဲ ၀င်လာတယ်။ ဒါနဲ့ သားလေးကို လေ၀င်လေထွက်ရှိတဲ့ နေရာနားမှာ ခဏသွားထားလိုက်ပြီး လုပ်သင့်တာလေးတွေ ဆက်လုပ်ရတော့တာပါပဲ။ ဂက်စ်အရေးပေါ်ကို လှမ်းခေါ်လိုက်တာဆိုတော့ အင်ဂျင်နီယာကတော့ ဆယ့်ငါးမိနစ်အတွင်း ရောက်လာပါတယ်။ တကယ်တော့ ဂက်စ်ပိုက်က နည်းနည်းချင်းစိမ့်နေတာကို ကျွန်မသတိမထားမိခဲ့တာပါ။

တခါတရံမှာ အသိဆိုတာ သိရုံနဲ့ မပြီးဘူး။ အသိကို သတိရှိဖို့လဲ လိုအပ်တယ်ဆိုတာ ဒီအဖြစ်အပျက်လေးက သင်ခန်းစာရလိုက်ပါတယ်။ အဖြစ်အပျက်လေးလို့သာ ဆိုရတာပါ။ ဒီလို အဖြစ်အပျက်လေးတွေကြောင့် လူတွေ ရဲ့ အသက်တွေ ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့်လဲ “သတိမမူ၊ ဂူမမြင်” ဆိုတဲ့ အဆိုအမိန့်ကို ရှေးလူကြီးတွေက ပြောကြားဆုံးမခဲ့တာ ဖြစ်မှာပါ။

ဒါကြောင့် ကာဗွန်မိုနော့ဆိုက်ဒ် အဆိပ်ငွေ့ကို သတိပြုကြဖို့၊ gas appliances တွေကို ကျွမ်းကျင်သူတွေခေါ်ပြီး ပုံမှန်စစ်ဆေးကြဖို့၊ flue area မှာ ပိတ်ဆို့မှုတွေဖြစ်တတ်တဲ့ ငှက်သိုက်စတာတွေကို ဂရုတစိုက်ဖယ်ရှားဖို့၊ အိမ်ထဲမှာ လုံလောက်တဲ့ လေ၀င်လေထွက်ရှိဖို့၊ gas grill တွေကို room heater တွေအနေနဲ့ အသုံးမပြုဖို့၊ ဖြစ်နိုင်မယ်ဆိုရင် အိမ်ထဲမှာ CO detector တပ်ဆင်ဖို့ ဆိုတဲ့ အဆိပ်ဓာတ်ငွေ့အန္တရာယ်မှကင်းဝေးရေး အချက်လေးတွေကို သတိပေးပြောကြား လိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၃၊ ၃၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP