ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Education and Development (part- 3)

Monday, September 29, 2008

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း-)


ပညာရေးစီမံချက်နှင့်ပေါ်လစီများ


ပညာရေးစီမံချက်နှင့် ပေါ်လစီများချမှတ်ရာမှာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပြုလုပ်ရမယ့် စီမံချက်များ၊ ပေါ်လစီများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာ ချမှတ်ရမည့် ပေါ်လစီများမှာ များစွာသော ကွဲပြားမှုတွေ ရှိပါတယ်။


ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးက (၂၀၀၇)ခုနှစ်က ထုတ်ဝေတဲ့ Building Knowledge economies စာတမ်းမှာ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။


() မူလတန်း၊ပညာရေး

  • လူတိုင်းအတွက် ပညာရေး စီမံချက်များတွင် အာရုံစိုက်ရန်

  • ကျောင်းအပ်နှုန်းတိုးမြှင့်လာရေး ဆောင်ရွက်ရန်

  • အမျိုးသမီးငယ်များ၏ ပညာရေးနှင့်အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတိုးတက်လာစေရန်

  • အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ရန်



() အလယ်တန်း၊ အထက်တန်းပညာရေး

  • အလယ်တန်းကျောင်းအပ်နှုန်းတိုးမြင့်လာရေးဆောင်ရွက်ရန်

  • အထက်တန်းပညာရေးအား တက္ကသိုလ်ကောလိပ်ပညာရေးများအတွက် ပြင်ဆင်ပေးရုံသာမက လုပ်ငန်းခွင်ဘ၀နှင့်ပါ သင့်လျော်နိုင်စေမည့် ပညာရေးအစီအစဉ်များ ဖော်ဆောင်ရန်


() တက္ကသိုလ်၊ ကောလိပ်ပညာရေး

  • တက္ကသိုလ်၊ ကောလိပ်ပညာရေးအဆင့်အတန်းမြင့်မားလာစေရန်

  • Economy တွင် လိုအပ်သော အရည်အချင်းများနှင့် တွဲစပ်ဖော်ဆောင်ရန်

  • ပရိုဂရမ်နှင့် လိုအပ်သောအရည်အချင်းများကို ဖော်ထုတ်ရန် လုပ်ငန်းရှင်များထံမှ အကြံဥာဏ်ရယူရန်

  • အချိန်ကာလပိုမိုတိုတောင်းသော နည်းပညာပိုင်းဆိုင်ရာသင်တန်းများ (ဥပမာ- ပိုလီတက်နစ်များ) ဖွင့်လှစ်ရန်


() စဉ်ဆက်မပြတ်ပညာရေး

  • စာတတ်မြောက်မှုနှုန်းမြင့်မားလာရေး ဆောင်ရွက်ရန်

  • economy မှ လိုအပ်သော အရည်အချင်းများကို ဖော်ထုတ်ပေးနိုင်မည့် သင်တန်းများပေးရန်

  • အရည်အချင်းမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရန်

စသည်တို့ဖြစ်ပါတယ်။


များသောအားဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ပညာရေးစနစ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ပြဿနာများကို ရင်ဆိုင်နေကြရပါတယ်။ ပညာတတ်များနည်းပါးမှု၊ မထိရောက်သော ပညာရေးမူဝါဒများချမှတ်ထားမှု၊ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်များ economy လိုအပ်ချက်နှင့်မကိုက်ညီမှု၊ သိပ္ပံနဲ့နည်းပညာသင်တန်းများ ဖွင့်လှစ်ရန်အားနည်းမှု စတာတွေဖြစ်ပါတယ်။


ဘာသာစကားအနေနဲ့ကတော့ ပထမပိုင်းနှစ်များမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရာက တစတစ နိုင်ငံရပ်ခြားဘာသာစကားများကို တိုးချဲ့သင်ပေးသွားခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အာဖရိကတိုက်နိုင်ငံများမှာ ကျင့်သုံးရာမှာ ကြီးစွာသော အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ လူငယ်တွေကို ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးနဲ့ မိတ်မဆက်ပေးခင်မှာ solid language base နဲ့ သင်ယူလေ့လာရေးဖြစ်စဉ်ကို အခြေပြုတဲ့ approach ဖြစ်ပါတယ်။


ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အရေးကြီးတဲ့ပညာရေးရည်မှန်းချက်ကတော့ အရည်အသွေးမြင့်မားတဲ့ ဘွဲ့ရပညာတတ်များ အရေအတွက် တိုးတက်မြင့်မားလာခြင်းပဲဖြစ်သင့်ပါတယ်။ အရေအတွက်များပြားလာခြင်း တခုတည်းနဲ့ ပညာရေးရည်မှန်းချက် အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။


ပညာရေးမူဝါဒနဲ့ပတ်သက်ပြီး ယူနက်စကိုက ဖော်ထုတ်ထားတဲ့ generic simulation model, EPSSim နဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို နောက်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြပါမယ်။


(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၈၊ ၉၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Revolution (3)

Sunday, September 28, 2008

လူထုတော်လှန်ရေး - အင်္ဂါခြောက်ရပ်၊ စစ်မျက်နှာငါးသွယ်

(အပိုင်း -)


() တော်လှန်ရေးဦးဆောင်မှုနှင့် အဖွဲ့အစည်း


တော်လှန်ရေးအလားအလာတရပ်ပေါ်ပေါက်လာနိုင်သည်မှာ သဘာဝအလျောက်ဖြစ်သော်လည်း၊ အောင်မြင်သော တော်လှန်ရေးတရပ် ဆက်လက်ဆင်နွှဲရန်ကား နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်ဖြစ်ကြောင်း လီနင်က ဆိုခဲ့ဖူးလေသည်။ တော်လှန်ရေးတရပ်အတွက် မှန်ကန်သော ဦးဆောင်မှုနှင့် ထိရောက်စွာ လုပ်ဆောင်နိုင်သော အဖွဲ့အစည်းတရပ် လိုအပ်လှပေသည်။


တော်လှန်ရေးအလားအလာစတင်ရှိလာသည်နှင့် လူထုလူတန်းစားမျိုးစုံမှ တက်ကြွသူများနှင့် ဦးဆောင်နိုင်သည့်အရည်အချင်း ရှိသူများ ပေါ်ပေါက်လာတတ်သည်။ လှုပ်ရှားနေသော လူ့ဘောင်များတွင် ထိုသူများ ပေါ်ပေါက်လာသည်နှင့်အမျှ အဖွဲ့အစည်းမျိုးစုံလည်း ပေါ်ပေါက်လာတတ်သည်။ ထိုသို့များပြားလာခြင်းမှာ ညီညွတ်စွာ စုပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပါက ဦးဆောင်မှုအရည်အချင်းရှိသူများကို ကွဲပြားသွားစေတတ်သဖြင့် အထူးသတိပြုသင့်သည့် အချက်တရပ်ဖြစ်သည်။ အဖွဲ့အစည်းများမည်သို့ကွဲပြားစေကာမူ တပ်ပေါင်းစုများ ဖွဲ့စည်း၍ ခေါင်းဆောင်ကောင်းများကို ရွေးချယ်စုစည်းသင့်သည်။


ခေါင်းဆောင်များတွင် ရှိသည့်သည့်အရည်အချင်းများမှာကား စစ်မျက်နှာပေါ်တွင် မူတည်၍ ကွဲပြားခြားနားသည်။ positional-linear war များတွင် နည်းပညာမှာ အဓိကဖြစ်ပြီး၊ mobile war များတွင်ကား စိတ်ဓာတ်ခိုင်မာမှုမှာ အရေးကြီးသည်။ လူထုစစ်ပွဲတွင်မူ စဉ်းစားတွေးခေါ်နိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုများနှင့် လူမှုဆက်ဆံရေး အရည်အချင်းများ လိုအပ်သည်။ ထိုစစ်ပွဲအားလုံးသည် တခုနှင့် တခု ဆက်နွယ်နေသည်ဖြစ်ရာ ခေါင်းဆောင်တယောက်အတွက် အဆိုပါအရည်အချင်းများအားလုံး လိုအပ်မည်ဖြစ်ပြီး၊ စစ်မျက်နှာပေါ်တွင် မူတည်၍ အထူးကျွမ်းကျင် အရည်အချင်းလိုအပ်လေသည်။


နိုင်ငံတနိုင်ငံ၏ အစိုးရအုပ်ချုပ်ရေးတရပ်ကို ဖြိုဖျက်ပစ်ရန် လူထုတော်လှန်ရေးတရပ်ကို ဦးဆောင်ရမည့် ခေါင်းဆောင်တယောက် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များကို လေ့လာကြည့်ကြပါစို့။ အစပထမပိုင်းတွင် သူ့၌ နိုင်ငံရေးအဖွဲ့အစည်းမရှိ၊ အစိုးရဖွဲ့စည်းပုံမရှိ၊ ဘဏ္ဍာငွေမရှိ၊ လက်နက်ကိုင်အဖွဲ့အစည်းမရှိ၊ လူထုထောက်ခံမှုလည်းမရှိသေး။ ပထမဦးစွာ သူလုပ်ဆောင်ရမည်မှာကား လူထုကို စည်းရုံးရန်ဖြစ်သည်။ ထိုသို့စည်းရုံးရာ၌ လူ့ဘောင်တရပ် ခံစားနေရသည့် မကျေနပ်မှုများ၊ စိတ်ရှုပ်ထွေးမှုများ၊ စိတ်ဖိစီးမှုများ၊ဖိနှိပ်ခံရမှုများကို ဦးစားပေး ညွှ့န်ပြသင့်သည်။ စနစ်တခုကို ပြောင်းလဲရန် မည်သို့လိုအပ်ကြောင်း လမ်းညွှန်ပြရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ရန် သူသည် ဖြစ်နေသည့် အကျိုးအကြောင်းများကို စနစ်တကျရှင်းပြနိုင်ရမည်။ လူထုလူတန်းစားအားလုံးမှ လက်ခံနိုင်မည့် ပြဿနာဖြေရှင်းနိုင်မည့် အဖြေကို ပြောပြနိုင်ရမည်။ တော်လှန်ရေးလမ်းကြောင်းတရပ်ကို စနစ်တကျ လမ်းညွန်နိုင်ရမည်။ လူ့အဖွဲ့အစည်းအတွင်းမှ ကွဲပြားနေသော အတွေးအခေါ်များကို ဘုံလမ်းစဉ်သို့ ဦးဆောင် လမ်းတည့်ပေးနိုင်ရမည်။ ဘုံရန်သူကို ဖော်ထုတ်ညွှန်ပြပေးရမည်။


တော်လှန်ရေးဦးဆောင်သူများသည် လူထုကို စည်းရုံးနိုင်မှုသာမက အစိုးရဘက်တော်သားများကိုလည်း လူထုဘက်ပါလာအောင် လမ်းကြောင်းလွှဲနိုင်စွမ်းရှိရမည်။ ရန်သူ့အင်အားကို တစတစဖဲ့ခြွေသည့် နည်းလမ်းကိုသုံးခြင်းသည် ရန်သူများအား တစုတည်း ပိုမိုစည်းလုံးသွားအောင် တွန်းအားပေးခြင်းထက် ပိုမိုထိရောက်သည်။ ရန်သူ့ဘက်တော်သားများ၏ အတွေးအခေါ်၊ ခံယူချက်များ ပြောင်းလဲလာစေရန် ၀ါဒဖြန့်အစီအစဉ်ကို အကောင်အထည်ဖော်သင့်သည်။


ခြုံငုံဆိုလျှင်တော့ တော်လှန်ရေးခေါင်းဆောင်များသည် ဒဿနိက၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စိတ်ပညာစသော ဘာသာရပ်များအားလုံးတွင် ကျွမ်းကျင်သိမှီနေသူများဖြစ်ရန် လိုအပ်လှသည်။ အရေးကြီးဆုံးမှာကား လက်ရှိဖြစ်ရပ်များအပေါ်တွင် မှန်ကန်စွာသုံးသပ်၍ လိုအပ်သည်များကို လျင်မြန်စွာ ဆုံးဖြတ်လုပ်ကိုင်တတ်သောအရည်အချင်းဖြစ်သည်။ များသောအားဖြင့် ထိုသို့သော အရည်အချင်းရှိသူများ နည်းပါးတတ်သည်ဖြစ်ရာ၊ အောင်မြင်သော တော်လှန်ရေးခေါင်းဆောင်ကောင်းများကား အလွန်ပင် ရှားပါးလှလေသည်။ တဦးတယောက်တည်းက ဦးဆောင်သည်မဟုတ်ပဲ joint- leadership လုပ်ပါက ပိုမိုသင့်လျော်ပေသည်။ ဥပမာ- လီနင်နှင့် ထရော့စကီး၊ ကက်စထရိုနှင့် ဂူဗာရာ၊ ဟိုချီမင်းနှင့် ဘိုငုရင်တို့ဖြစ်သည်။


အောင်မြင်သော တော်လှန်ရေးတရပ်ကို ဦးဆောင်နိုင်မည့် အဖွဲ့အစည်းရေးရာ လိုအပ်ချက်များကို ဆက်လက်တင်ပြပါမည်။ ပထမဆုံးလိုအပ်ချက်မှာ လူ့အဖွဲ့အစည်းအတွင်းမှ လူထုလူတန်းစားများအတွင်းတွင် ဖွဲ့စည်းထားရမည့် grass-root infrastructure ဖြစ်သည်။ ခေါင်းဆောင်များ မည်မျှ အရည်အချင်းရှိနေစေကာမူ ဤလိုအပ်ချက်မပြည့်မီပါက တော်လှန်ရေးကြန့်ကြာတတ်ပေသည်။ ဧရိယာနယ်မြေပေါင်းစုံတွင် တော်လှန်ရေးအဖွဲ့ငယ်များ ဖွဲ့စည်းနိုင်မည့် တော်လှန်ရေး ကေဒါများ၊ မြေအောက် တော်လှန်ရေးဆဲလ်များ၊ သတင်းအချက်အလက်များနှင့် ထွက်ပေါက်လမ်းကြောင်းများအတွက် circuit organization၊ နိုင်ငံရေးထိန်းချုပ်မှုအတွက် vertical system- committees ၊ အမျိုးသမီးရေးရာ၊ လူငယ်ရေးရာ၊ ဘာသာရေးစသော ကော်မတီများအတွက် horizontal system- committee စသည်ဖြင့် လိုအပ်ပါသည်။


ဒုတိယလိုအပ်ချက်မှာကား စွမ်းရည်မြင့်မားသည့် ထောက်လှမ်းရေး အဖွဲ့ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး သတင်းအချက်အလက်များကို ထောက်လှမ်းနိုင်မည့် မြေအောက်ဆဲလ်များကို ဖွဲ့စည်းထားရန် ဖြစ်ပြီး၊ သီးခြားဆီ တာဝန်ခွဲပေးထားခြင်းရှိရမည်။ သို့မှသာ သတင်းအချက်အလက်များ overload ဖြစ်နေခြင်းများကို ရှောင်ရှားနိုင်မည်။ အဆိုပါသတင်းအချက်အလက်များအား မဟာဗျူဟာနှင့် နည်းဗျူဟာ ပြန်လည်ခွဲစိတ်ကာ သင့်လျော်သလို အသုံးပြုနိုင်မည့်သူများလည်း ဗဟိုအဖွဲ့တွင် ရှိနေရမည်။


တတိယလိုအပ်ချက်မှာကား အဆင့်အတန်းမြင့်မားသည့် ၀ါဒဖြန့်ချီရေးစနစ်ဖြစ်သည်။ ထိုစနစ်သည် တိကျသော သတင်းအချက်အလက်များကို မီဒီယာများမှတဆင့် လွှင့်ထုတ်ရမည်ဖြစ်သည်။ တော်လှန်ရေးတရပ်၏ နိုင်ငံရေးရာပရိုဂရမ်အတွက် ၀ါဒဖြန့်ချီရေးသည် အလွန်ပင် အရေးကြီးလှသည်။


စတုတ္ထလိုအပ်ချက်မှာကား နိုင်ငံရေးပေါ်လစီအပေါ်တွင် အခြေခံသော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းထားရှိရခြင်းမှာ စစ်ရေး အောင်မြင်မှုအတွက် မဟုတ်ပေ။ ရန်သူအပေါ်တွင် စစ်ရေးအရ အနိုင်မယူနိုင်သေးစေကာမူ balance of power ညှိရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းတရပ် မရှိမဖြစ်လိုအပ်သည်။ လက်နက်ကိုင်အဖွဲ့ စစ်မျက်နှာမပါရှိပဲ အောင်မြင်သည့် တော်လှန်ရေး အလွန်ပင် ရှားပါးလှပါသည်။


ပဉ္စမလိုအပ်ချက်မှာကား ပညာရေးစနစ်တရပ်ဖြစ်သည်။ တော်လှန်ရေးသမားများ၏ ပညာရည် တိုးတက်လာစေရုံမကပဲ တော်လှန်ရေးရာ၊ ၀ါဒရေးရာ၊ အဖွဲ့အစည်းရေးရာ၊ စိတ်ဓာတ်ရေးရာများအတွက် သင်တန်းကျောင်းများ၊ သင်တန်းများ လိုအပ်လှပေသည်။ တော်လှန်ရေးသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ထိုသင်တန်းကျောင်းများမှ ပြုလုပ်ပေးနိုင်သဖြင့်၊ အဖွဲ့အစည်းအတွင်းပညာရေးစနစ်တခုဖော်ဆောင်ရန် လိုအပ်လေသည်။


နောက်ဆုံးလိုအပ်ချက်မှာကား ပြည်ပအဆက်အသွယ်များ ဖော်ဆောင်ရန်ဖြစ်သည်။ တော်လှန်ရေးစစ်မျက်နှာငါးရပ်တွင် နိုင်ငံတကာစစ်မျက်နှာလည်း ပါဝင်သည်ဖြစ်ရာ ဤအချက်မှာလည်း အရေးကြီးလှသည်။ သို့ရာတွင် ဤစစ်မျက်နှာတခုတည်းနှင့် တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်မည် မဟုတ်သည်ကိုကား သတိချပ်သင့်သည်။


(ဆက်လက်ဖော်ပြပါမည်)


ခင်မမမျိုး (၂၈၊ ၉၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Revolution (2)

Sunday, September 21, 2008

လူထုတော်လှန်ရေး- အင်္ဂါခြောက်ရပ်၊ စစ်မျက်နှာငါးသွယ်
(
အပိုင်း-)



(
) တော်လှန်ရေးအခြေအနေ

လူထုတော်လှန်ရေး၏ ဒုတိယမြောက် အင်္ဂါရပ်မှာ တော်လှန်ရေးအခြေအနေဖြစ်သည်။ တော်လှန်ရေးအခြေအနေတရပ်သည် အလိုအလျောက် ပေါ်ပေါက်လာခြင်းကား မဟုတ်။ ပေါ်ပေါက်လာစေနိုင်သည့် အခြေခံအကြောင်းတရားများရှိပေသည်။


ပထမဆုံးအကြောင်းတရားမှာ နိုင်ငံရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ အခွင့်အရေးများ ဆုံးရှုံးခြင်းနှင့် လူထု၏ မျှော်မှန်းချက်များ မြင့်မားလာခြင်းဖြစ်သည်။ အကယ်၍ လူထုသည် ၄င်းတို့၏ ဘ၀အခြေအနေတိုးတက်မြင့်မားနိုင်မှု အခွင့်အရေးများကို နိုင်ငံရေးစနစ်မှ ကန့်သတ်ထိန်းချုပ်ထားသည်ကို တွေ့မြင်လာပါက၊ စနစ်နှင့် ပတ်သက်၍ တစုံတရာ ပြုပြင်ပြောင်းလဲမှုလိုအပ်သည်ကို သိမြင်လာပါက တော်လှန်ရေးဖြစ်စေနိုင်သည့် အခြေအနေတရပ် ပေါ်ပေါက်နေပြီဟု သတ်မှတ်နိုင်ပေသည်။ သို့ဖြစ်ရာ မိမိတို့၏ ရပိုင်ခွင့်များသည် နိုင်ငံရေးစနစ်မှားယွင်းမှုကြောင့် ဆုံးရှုံးနေရကြောင်းကို လူထုမှ သိမြင်လာစေရန် မီးးမောင်းထိုးပြရန် လိုအပ်လှလေသည်။


ဒုတိယအကြောင်းတရားမှာကား လူ့အဖွဲ့အစည်းအတွင်းမှ ပဋ္ဋိပက္ခများဖြစ်သည်။ အဆိုပါပဋ္ဋိပက္ခများသည် တော်လှန်ရေးအဖွဲ့အစည်းများ တိုးချဲ့ဖွဲ့စည်းလာနိုင်စေရန် အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ- အုပ်ချုပ်သူများသည် လူ့အဖွဲ့အစည်းအတွင်းတွင် လူမျိုးရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ ဖိနှိပ်ချုပ်ချယ်နေမှုများ ပြုလုပ်နေပါက ဖိနှိပ်ခံရသူများဘက်မှ ရပ်တည်၍၊ အုပ်ချုပ်သူများအား တော်လှန်နိုင်မည့် အင်အားစုများ တိုးချဲ့ဖွဲ့စည်းနိုင်ပေသည်။


တတိယအကြောင်းတရားမှာကား အစိုးရအုပ်ချုပ်ရေးစနစ် ထိရောက်မှုအားနည်းခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ များပြားခြင်းနှင့် နိုင်ငံတော်၏ စီးပွားရေးနှင့် လူသား အရင်းအမြစ်များအား လွဲမှားစွာအသုံးပြုနေခြင်းတို့ဖြစ်သည်။ လာဘ်ပေးလာဘ်ယူမှုများ၊ အရင်းအမြစ်များအား လွဲမှားစွာ အသုံးပြုမှုများသည် ရိုးသားမှု၊ အများအကျိုးဆောင်ရွက်မှုအပေါ်တွင် အခြေခံသော လူ့ဂုဏ်သိက္ခာနှင့် လူ့စွမ်းအားများကို ပျက်ယွင်းစေနိုင်သဖြင့် အာဏာရှင်အစိုးရများသည် လူထု၏ အကျင့်စာရိတ္တနှင့်စွမ်းအားများကို လာဘ်ပေးလာဘ်ယူမှုအားပေးခြင်း၊ အမှန်တရား ဘက်တွင်ရပ်တည်ပါက ပြစ်ဒဏ်ပေးခြင်း စသည်တို့ဖြင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးကာ အာဏာမြဲရန် ကြံဆောင်လေ့ရှိကြသည်။ ထိုအချက်ကို လူထုမှ သိမြင်နားလည်လာစေရန် မီးမောင်းထိုး၍၊ လူ့အဖွဲ့အစည်းကို ကာကွယ်ရန် စည်းရုံးလှုံ့ဆော်ရမည်။


စတုတ္ထအကြောင်းတရားမှာကား နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မပြုလုပ်နိုင်ခြင်းဖြစ်သည်။ အဆိုပါအခြေအနေတရပ် ဖြစ်ပွားလာပါက တော်လှန်ရေးစည်းရုံးလှုံ့ဆော်သူများမှ တော်လှန်ရေးတရပ်စတင်လာစေရန် ဦးဆောင်ဖန်တီးပေးရမည်ဖြစ်သည်။ ယင်းအတွက် တတိယအင်္ဂါရပ်ဖြစ်သော မှန်ကန်သောဦးဆောင်မှုနှင့် ဦးဆောင်အဖွဲ့အစည်းရှိရန် လိုအပ်လှသည်။ ထိုသို့မရှိပဲ အုပ်ချုပ်သူ အစိုးရမှ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအနည်းငယ်ပြုလုပ်ပြီး၊ political control ပြန်လည်ရရှိရန် လုပ်ဆောင်သွားပါက တော်လှန်ရေးနှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပွားစေနိုင်သည်။

(
ဆက်လက်ဖော်ပြပါမည်)


ခင်မမမျိုး (၂၁၊ ၉၊ ၂၀၀၈)



အပြည့်အစုံဖတ်ချင်ရင်..>>>

Never Give Up!

Tuesday, September 9, 2008


ဘယ်တော့မှ အရှုံးမပေးဘူး”

ခင်မမမျိုး

ဒီမိုကရေစီ၊

လူ့အခွင့်အရေးကို

အသက်တွေနဲ့

တံတားခင်းထားတယ်“တဲ့၊

ငါ့အတွေးထဲကို

အဲဒီသီချင်းသံတွေက

အရှိန်ပြင်းပြင်းနဲ့

ဝင်လာနေကြတယ်။



သွေး---သွေး---သွေး`“

သွေးစက်တွေနဲ့

ကွန်ပျူတာ

ဖန်သားပြင်ပေါ်က

ဓာတ်ပုံ၊ ဗွီဒီယိုတွေက

ငါ့မျက်လုံးအာရုံတွေကို

အရှိန်ပြင်းပြင်းနဲ့

စူးဝင်လာကြတယ်။



ဘာလို့များ

ငါတို့မြန်မာပြည်ဟာ

ကမ္ဘာ့အယုတ်မာဆုံး

လူသတ်သမားတွေရဲ့

အုပ်ချုပ်မှုအောက်ကိုမှ

ကျရောက်နေရတာတဲ့လဲ`“

ခံပြင်းနာကျည်းမှုတွေက

ငါ့နှလုံးသားတွေကို

ဆွဲဆောင့်နေကြတယ်။



ဘာလို့များ

ငါတို့သာသနာဟာ

စစ်ဖိနပ်အောက်ကို

ကျရောက်ရမှာတဲ့လဲ`“

အရှိန်အဟုန်နဲ့

မခံချင်စိတ်တွေက

ငါ့ကိုယ်ထဲက

သွေးတွေကို

ပွက်ပွက်ဆူနေစေတယ်။



ငါ့မျက်လုံးအစုံက

မျက်ရည်တွေကျနေဆဲမှာ

ငါ့နှုတ်ခမ်းအစုံက

ကမ္ဘာမကြေဘူး၊

ငါတို့သွေးနဲ့

ရေးခဲ့ရတဲ့

မော်ကွန်းတွေ“ဆိုတဲ့

စာသားကို

အကြိမ်ကြိမ်ရွတ်ဆိုနေမိတယ်။



စစ်အာဏာရှင်တို့ရေ-

မင်းတို့ရဲ့

သာသနာဖျက်လုပ်ရပ်တွေကို

တမျိုးသားလုံး

စိတ်နာနေကြပြီ၊

မင်းတို့အတွက်

ငါတို့တမျိုးသားလုံးမှာ

ပြောစရာတခွန်းပဲကျန်တယ်

ဘယ်တော့မှ အရှုံးမပေးဘူး”



(မနှစ်က စပ်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေး တပုဒ်ပါ။ စက်တင်ဘာတော်လှန်ရေးနှစ်ပတ်လည်အချိန်မှာ ပြန်တင်လိုက်ပါတယ်)


အပြည့်အစုံဖတ်ချင်ရင်..>>>

my recent view

Monday, September 8, 2008


အလုပ်တွေရှုပ်နေတာနဲ့ ကိုဂျူလိုင် တက်ခ်ထားတာ သတိမထားလိုက်မိဘူး။ ဒီနေ့မှ တွေ့တာနဲ့ လတ်တလော အမြင်လေးတွေကို ရေးပေးလိုက်ပါတယ်။ ဘလော့ခ်ဂါလောကထဲက ဒီယဉ်ကျေးမှုလေးကို တခြားဘလော့ခ်တွေမှာ ကြားဖူးဖတ်ဖူးနေတာ။ အခုမှပဲ ကိုယ်တွေ့ကြုံဖူးတော့တယ်။


ကိုယ့်ရဲ့နာမည် - ခင်မမမျိုး
ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ဂေါ်ဇီလာ၊ ဂျပုမ၊ ရှဥ့်မလေး
ကိုယ်ဒီမှာနေတယ် - ခေတ္တလူ့ဘုံ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - မေးလ်ပို့လိုက်ပါ။ ပြန်ဆက်သွယ်ပါ့မယ်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - အနီရောင်
အ၀တ်အစားဆိုရင် - မြန်မာထမီနဲ့ လက်ရှည်အကျီင်္
အစားအစာဆိုရင် - မြန်မာစာ၊ တရုတ်စာ၊ ဥရောပစာ
ပစ္စည်းဆိုရင် -

သီချင်းဆိုရင် - အလွမ်းကဖေး (ဂျေညီညီ)၊ မင်းကလွဲရင် (မီမီဝင်းဖေ)
စာရေးစာဆရာ - ဂျူး၊ မစန္ဒာ၊ မေငြိမ်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်
စာအုပ် - အညတရ ရုပ်ပုံလွှာများ (မြသန်းတင့်)
Life style –
စာဖတ်၊ စာရေး၊ စာသင်နေရတဲ့ဘ၀လေးတခု

ကိုယ့်ရဲ့ဝါသနာ - စာသင်တာ
အလိုချင်ဆုံးလက်ဆောင် - Nobel Prize for Economics
ကိုယ့်ရဲ့ အချစ်ဆုံးသူက - သားသားလေး
ကိုယ့်ရဲ့ အလေးစားဆုံးသူက – လူထုဘက်ကရပ်တည်သူတွေ၊အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်သူတွေ။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - လူကိုလူလို့မြင်သူတွေ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကိုယ်တိုင်။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - လူစိတ်မရှိသူတွေ။
ရင်အခုန်ဆုံးအချိန် - ပြောစရာလားလို့။
အကြောက်ဆုံးအချိန် - သားသားလေးကို အရေးပေါ်ခန်းမှာ အသက်လုနေတဲ့အချိန်။
အပျော်ဆုံးအချိန် - စာဖတ်ချိန်။
အမှတ်တရနေ့ - အောက်တိုဘာ (၂၁)ရက်နေ့ (ဘ၀မှာ အချစ်ဆိုတာကို စတင်တွေ့ရှိတဲ့နေ့)
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - လူသားအားလုံး ဘ၀နဲ့ဆန္ဒတထပ်တည်းဖြစ်ကြပါစေ

အချစ်ဆိုတာ - ဘ၀ရဲ့ခွန်အား
အမုန်းဆိုတာ - နာကျည်းမှုရဲ့နောက်ဆက်တွဲ
အလွမ်းဆိုတာ - တွယ်တာမှုရဲ့ပြယုဂ်
သံယောဇဉ်ဆိုတာ -နှောင်ကြိုးလေးတမျှင်
ဘ၀ဆိုတာ - စစ်မြေပြင်လေးတခု
သူငယ်ချင်းဆိုတာ - ကောင်းတူဆိုးဘက်
ချစ်သူဆိုတာ - ဘ၀ခရီးဖော်

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - စာဂျပိုးတယောက်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က – ဖြစ်ချင်တာကိုဖြစ်အောင်လုပ်မယ်
အပြောချင်ဆုံးစကားတစ်ခွန်း - ဘယ်တော့မှ မလျှော့နဲ့။ ကိုယ့်လမ်းကိုယ်ဆက်လျှောက်


အစဉ်အလာအရ လက်ဆင့်ကမ်း Tag လိုက်ပါပြီရှင်။


ဆရာမ ဒေါ်မေငြိမ်း


မကေသွယ်


မဂျစ်တူး

အပြည့်အစုံဖတ်ချင်ရင်..>>>

River (Part-8) (Novel)

Saturday, September 6, 2008


မြစ်တစ်စင်း (အပိုင်း- )


(၁၅)


ညီမလေး၊ ဘာဆုတောင်းခဲ့လဲ”

အစ်ကိုအလုပ်လုပ်ရာ ရွာလေးအနီးရှိ တောင်ပေါ်ဘုရားလေးအား အတူလာဖူးပြီး၊ ဘုရားပေါ်မှ အဆင်းမှာ အစ်ကိုက လှမ်းမေးခြင်းဖြစ်သည်။

အစ်ကိုအရင်ပြောလေ”

အစ်ကိုလား။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းခဲ့တယ်”


ရုပ်ရှင်တွေထဲမှာတော့ “ကိုယ်တို့နှစ်ယောက် အမြန်ဆုံးနီးပါစေလို့ ဆုတောင်းခဲ့တယ်” ဟူ၍သာ ကြားဖူးသည်။ လက်တွေ့နှင့် တခြားစီဆိုပေမယ့် နိုင်ငံရေးကိုသာ ပထမဦးစားပေး အမြဲထားတတ်သော သူမရဲ့ချစ်သူလေးကို သူမနားလည်ပါသည်လေ။ လိမ်မပြောပဲ အမှန်အတိုင်း ပြောသည်ကိုပင် ကျေးဇူးတင်ရဦးမည်။ ပြီးတော့ သူမကိုယ်တိုင်ကလဲ တည်တည်ငြိမ်ငြိမ်မဟုတ်ပဲ အချိန်ပြည့်အချစ်စကားများပြော၊ အချစ်ဋ္ဋိက္ခာများ လာဖွင့်နေလျှင် အရမ်းပင် နားကြားမြင်းကပ်တတ်သူဖြစ်သည်။


မှတ်မှတ်ရရ သူမကားမောင်းကာစက တကောက် ကောက် လိုက်နေတတ်သော ဆိုင်ကယ်သမား တယောက်ရှိသည်။ အော်ထုတ်လဲ မရ၊ မနှောင့်ယှက်ရန် တောင်းပန်ပြောလဲမရ၊ နောက်ဆုံးတော့ ကားကိုဂငယ် ကွေ့ကွေ့ပြီး နောက်မှခပ်ခွာခွာလိုက်လာသော ဆိုင်ကယ်နှင့် ခေါင်းချင်းဆိုင်လိုက်တော့မှ အလောသုံးဆယ် ဆိုင်ကယ်ကို မြောင်းထဲထိုးဆင်းလိုက်ရကာ၊ ခေါင်းကွဲဆေးရုံရောက်သွားပြီး၊ သူမလဲ နားညီးသက်သာသွားခဲ့ရသည်။ ဘာပဲပြောပြော ထိုကဲ့သို့ အူကြောင်ကြောင်များမဟုတ်ပဲ အပိုတွေ မပြောတတ်သူ ချစ်သူတယောက်ရခဲ့၍ တော်သေးသည် ဆိုရမည်ပင်။


ညီမလေးလာ၊ ဟိုနားမှာသွားထိုင်ရအောင်၊ ရှုခင်းအရမ်းလှတယ်”

အစ်ကိုခေါ်သွားရာသို့ လိုက်၍ကြည့်မိသည်။ နေ၀င်ကာစ အချိန်လေး၏ မှောင်ရီပျိုးပျ အလင်းရောင်အောက်မှ တောင်တန်းကြီးများ၊ တောင်တန်းများပတ်လည်ဝိုင်းနေသော ရွာငယ်လေးများအား မြင်ရသည်မှာ စိတ်ကြည်နူးဖွယ် ကောင်းလှသည်။ ဘယ်လောက်များ အေးချမ်းသာယာလိုက်ပါသနည်း။


ညနေကျောင်းဆင်းပြီးလို့ အိမ်ပြန်ထမင်းစားပြီးရင် အစ်ကိုဒီနေရာလေးကို အမြဲလာတတ်တယ်။ တောင်တန်းကြီးတွေကိုကြည့်ပြီး တွေးတောရင်း၊ တခါတလေလဲ ချမရေးဖြစ်တဲ့ ကဗျာလေးတွေကို ရင်ထဲကနေ သီကုံးနေမိတယ်။ တခါတလေကျတော့လဲ ချမဆွဲဖြစ်တဲ့ ပန်းချီကားလေးတွေကို စိတ်ထဲကနေ ဖော်ကျူးရင်းပေါ့”


ရည်းစားဟောင်းတွေကိုရော၊ သတိမရမိဘူးလား အစ်ကိုရ”

အစ်ကို့ကို ကြည့်ရင်း စချင်စိတ်ပေါ်လာသဖြင့် နောက်လိုက်မိသည်။


အစ်ကိုညီမလေးကို ပြောပြပြီးသားလေ။ လူသားသဘာဝအရ စိတ်လှုပ်ရှားတာတွေ ရှိခဲ့ဖူးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တချိန်တည်းမှာ တော်လှန်ရေးအရှိန်ကလဲ မြင့်နေခဲ့တော့ ရည်းစားဖြစ်ဖို့ နေနေသာသာ၊ ခင်မင်မှုအဆင့်တောင် မရောက်ခဲ့ရဘူး။ ရည်းစားရှိရင်လဲ ကွဲမှာပါပဲ။ အစ်ကို့သူငယ်ချင်းတယောက်ဆို သူထောင်ကလွတ်တဲ့နေ့၊ သူ့ရည်းစားဆီ သွားအတွေ့မှာ မင်္ဂလာပွဲနဲ့ ထိပ်တိုက်တိုးနေခဲ့တာမျိုးတောင်ရှိတယ်။ ဒီတော်လှန်ရေးကြီးထဲမှာ ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ အများကြီးပဲ

စိတ်မကောင်းစရာပဲ အစ်ကိုရယ်။ ညီမလေးတို့တွေရော ဘယ်လိုကြုံကြရမလဲ မသိဘူးနော်”


လွှတ်ခနဲ ပြောလိုက်မိတဲ့ စကားမှာ သူ့မျက်နှာ ကွက်ကနဲ ပျက်သွားတာကို သတိထားလိုက်မိသည်။ အတင်းဇွတ်တိုးနေကြပေမယ့် လွယ်လွယ်နှင့်တော့ ဖြစ်နိုင်မည်မဟုတ်မှန်း၊ လိုအပ်ရင် စွန့်စားကြရမည်မှန်း သူမတို့နှစ်ယောက်လုံး ကြိုတင်မှန်းဆထားပြီးသားပါ။ နောင်ခါလာ၊ နောင်ခါဈေး၊ ဖြစ်လာသမျှ ရင်ဆိုင်ဖို့သာ ရှိပါသည်လေ။


တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကွဲခဲ့ကြရင် အသက်မသေသေးသရွေ့ မြန်မာပြည်တော်လှန်ရေးကို ဆက်လုပ်ကြရအောင်နော်။ မြန်မာပြည်ဒီမိုကရေစီ ရပြီးတဲ့နှစ်ရဲ့ ပထမဆုံး အောက်တိုဘာလ (၂၁) ရက်နေ့မှာ ကိုယ်တို့ ဒီနေရာလေးမှာ ပြန်ဆုံကြမယ်။ မိသားစုကိုယ်စီဖြစ်နေရင် မောင်နှမလို၊ ရဲဘော်ရဲဘက်လို ဆက်ပြီး ခင်မင်သွားကြမယ်။ ပိုင်ဆိုင်သူတွေ မရှိကြဘူးဆိုရင် ဘ၀ခရီးကို အေးအတူပူအမျှ ဆက်လျှောက်ကြမယ်။ ဒါပေမယ့် အစ်ကိုမရောက်လာဘူး ဆိုရင်တော့ ဘုရားပေါ်တက်ပြီး အမျှဝေပေး”


တော်ပြီအစ်ကို၊ ဆက်မပြောနဲ့တော့”

သူမမခံရပ်နိုင်စွာ ထအော်လိုက်မိသည်။ မျက်ရည်များက မည်သို့မည်ပုံစီးကျလာသည်မသိ။

ညီမလေး၊ အဲလိုမငိုရဘူးလေ။ အစ်ကိုက စကားအဖြစ် ပြောတာပါ”


သူမမျက်ရည်များကို ကြင်နာစွာသုတ်ပေးရင်း သူကပြောလေသည်။ စကားအဖြစ်လေးနဲ့တင် သူမမှာ ကမ္ဘာပျက်သလောက်ခံစားလိုက်ရသည်။ တကယ်များဆိုရင်တော့ သူမရူးသွားလိမ့်မည် ထင်ပါသည်။

နောက်ကိုအဲလိုတွေ မပြောပါနဲ့ အစ်ကိုရယ်။ ရှင်ကွဲကွဲပြီး အဆင်ပြေနေတာ မြင်ရကြားရရင် ဖြေသာဦးမယ်။ သေကွဲကွဲကြရင်တော့ ကျန်နေခဲ့သူရဲ့ရင်မှာ ဘယ်လောက်ထိ မုန်တိုင်းထန်ကုန်မလဲ စဉ်းစားကြည့်ပါ။ တော်လှန်ရေးတခုမှာ လိုအပ်ရင် အသက်နဲ့ရင်းရမယ်ဆိုတာ ညီမလေးနားလည်ပါတယ်။ ဒါပေမယ့်အစ်ကိုရယ်။ နမိတ်မရှိ နမာမရှိတွေ မပြောပါနဲ့နော်။ ညီမလေးမကြားရက်လို့ပါ”


မျက်ရည်များကြားမှ ငိုသံပါစကားလုံးများဖြင့် သူမပြောနေမိသည်။ ပြောရင်းနှင့်ပင် တော်လှန်ရေးကာလတလျှောက် ချစ်သူများ၊ ခင်ပွန်းများ ဆုံးရှုံးသွားရသည့် အမျိုးသမီးများကို ကိုယ်ချင်းစာမိသွားသည်။ စကားလေးမှာတင် သူမအသည်းကွဲထွက်သွားမတတ် ခံစားခဲ့ရသည်။ လက်တွေ့ဆုံးရှုံးခဲ့သူများတွေရဲ့ ရင်ထဲမှာဆို ဘယ်လောက်များ ခံစားနေကြရရှာမလဲ။


မပြောတော့ဘူးနော်ညီမလေး။ အစ်ကို နောက်ကိုလုံးဝမပြောတော့ဘူး။ ကတိပေးတယ်။ အခုတော့ အစ်ကို့ကော်လာကြီးကို ဆွဲထားတာ နဲနဲလျှော့ပါဦး။ တော်တော်ကြာ တော်လှန်ရေးမှာ အသက်မပျောက်ပဲ ရည်းစားက လည်ပင်းညှစ်လို့ အသက်ပျောက်တယ်ဆို လူကြားမကောင်း၊ သူကြားမကောင်း”


သူပြောရင်းရယ်နေတော့မှ ယောင်တောင်ပေါင်တောင်နှင့် ဘယ်အချိန်က ကောက်ဆွဲထားမိမှန်းမသိသော ရှပ်အင်္ကျီကြီးကို လွှတ်လိုက်ရပါတော့သည်။ ချစ်သူဘ၀ဆိုတာ ဒီလိုပဲ အမှတ်တရာများနှင့် ပြည့်နှက်နေတတ်ပါသေးသည်လေ။


အမယ်။ ဘယ်ပျောက်နေမှန်းမသိလို့ လိုက်ရှာနေကြတာ။ သူတို့က ဒီရောက်နေတာကိုး။

ခရီးအတူလာ အစ်မကြီးများရောက်လာသဖြင့် သူမတို့၏ ရှုခင်းသာနေရာလေးက စည်စည်ကားကားဖြစ်သွားသည်။ ရေမြေတောတောင်သဘာဝ အခြေအနေများ၊ ဒီနေရာဝန်းကျင်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအကြောင်းကို အစ်ကိုက အကျယ်တ၀င့်ရှင်းပြနေသည်။ တောင်ပေါ်မြို့မှာနေပေမယ့် သူငယ်ချင်းအချို့မှအပ တိုင်းရင်းသားများနှင့် နီးနီးကပ်ကပ်မနေဖူးသူ သူမအတွက်တော့ အချို့သော အကြောင်းအရာများသည် အသစ်အဆန်းပုံပြင်များပမာကဲ့သို့ပင် ဖြစ်နေသည်။ ဒီရှမ်းတောင်တန်းကြီးပေါ်မှာပဲ တမြေတည်းနေခဲ့ပါလျက် တချို့ တိုင်းရင်းသားလူမျိုးများကို ဆိုလျှင် စာပေ၊ ယဉ်ကျေးမှုတွေကို သိဖို့ဝေးလို့၊ လူမျိုးအမည်ပင် သေချာမကြားဖူးအောင် ဖြစ်နေခဲ့ရသည်။ သူမပဲ သိပ်ညံ့လွန်းခဲ့တာလားလို့ တွေးနေချိန်မှာပဲ အစ်ကို ဆက်ပြောနေသော စကားများက အဖြေတခုကို ထုတ်ပေးလိုက်ပါသည်။


သေချာတွေးကြည့်ရင် တကယ်ရင်နာဖို့ကောင်းတယ်။ တမြေတည်းနေ၊ တရေတည်းသောက်နေတဲ့ ညီအစ်ကို မောင်နှမတွေကြားမှာ ရက်ရက်စက်စက် သွေးခွဲခံထားရတယ်ဗျာ။ ကျွန်တော်ရွာမှာ စာစသင်တဲ့နေ့က ကလေးတယောက်က မေးတယ်။ ဆရာလေးက ဗမာလားတဲ့။ ဟုတ်တယ်ပြောတော့၊ ကျောင်းသားတွေကို ဘာပြောလိုက်တယ်မသိဘူး။ အားလုံးထပြေးလို့ ကျွန်တော့်မှာ အိုးနင်းခွက်နင်း။ ရွာလူကြီးတွေနဲ့ သူတို့မိဘတွေကို လိုက်ပြောခိုင်းရတယ်။ ကျွန်တော်ဟာ ဗမာပေမယ့် စစ်သားဗမာတွေနဲ့ မတူဘူးဆိုတာကိုပေါ့။ နောက်မှတဖြည်းဖြည်းချင်း စစ်တပ်မှာလဲ ဗမာတွေတင်ရှိတာမဟုတ်ဘူး။ တိုင်းရင်းသားတွေလဲပါတယ်။ ရွာတွေမှာ ရမ်းကားနှိပ်စက် အနိုင်ကျင့်နေတာ ဗမာလူမျိုးတွေမဟုတ်ပါဘူး။ တနိုင်ငံလုံးက လူစိတ်မရှိတဲ့လူတွေ သွားစုဝေးမိနေတဲ့ လူသတ်အဖွဲ့တခုသာဖြစ်တယ်ဆိုတာ ပြောပြရတယ်။ အင်း- တော်တော်တော့ခက်သား။ ကျွန်တော်ဘယ်လောက်ပြောပြော သူတို့ကမျက်မြင်ကြုံထားရတော့ ဗမာစစ်တပ်လို့ပဲ အထင်ရောက်နေတာ။ သူတို့ရင်ထဲကို သွတ်သွင်းခဲ့တဲ့ အဲဒီမြင်ကွင်းတွေကို အချိန်ယူပြီး သေချာဖျောက်ပေးနိုင်မှ၊ မဟုတ်ရင် စစ်ခွေးတွေလုပ်တာနဲ့ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်ကုန်ပြီ

ဘယ်လိုမြင်ကွင်းတွေလဲအစ်ကို”


သူမသိချင်ဇောနှင့် ၀င်မေးဖြစ်သည်။

ဒီရှမ်းနယ်တကြောဟာ လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးနယ်မြေပဲညီမလေး။ မတရားတာကို ဆန့်ကျင်ခဲ့တဲ့ တော်လှန်ရေးသမားတွေရဲ့ သွေးစက်တွေ၊ တောက်ခေါက်သံတွေ၊ တိုက်ပွဲခေါ်သံတွေ၊ ငိုကြွေးသံတွေ၊ မျက်ရည်စက်တွေဟာ ရှမ်းရိုးမတောင်တန်းကြီးရဲ့ သင်္ကေတတွေ ဖြစ်နေခဲ့ရပြီ။ အင်မတန်သာယာတဲ့ ရှမ်းအိုးစည်သံနေရာမှာ သေနတ်သံ၊ ဗုံးသံတွေက နေရာယူခဲ့ရတယ်။ စစ်တပ်ဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲဆိုရင် ရွာငယ်လေးတွေမှာ ရိုးသားသားသားလုပ်ကိုင်စားသောက်နေတဲ့ တိုင်းရင်းသားတွေကို သတ်ဖြတ်၊ ရိက္ခာလု၊ ရိုက်နှက် နှိပ်စက်ကလူပြုပြီးရင် “ဗမာကွ” လို့ ဟစ်ကြွေးခဲ့ကြတယ်။ တိုင်းရင်းသားတွေကို ရင့်ရင့်သီးသီး ဆဲဆို၊ တိုင်းရင်းသူတွေကို မုဒိန်းကျင့်၊ ရွာတွေကို မီးတင်ရှို့၊ အခြေကျနေတဲ့ရွာတွေကို အတင်းရွှေ့ခိုင်းနဲ့ ရွာတွေကသာ ပအိုဝ့်ရွာ၊ ပလောင်ရွာ၊ ရှမ်းရွာ၊ ဓနုရွာ၊ အင်းသားရွာဆိုပြီး ကွဲသွားမယ်။ သူတို့အော်သံတွေကတော့ “ဗမာကွ”၊ “ဗမာကွ” ဆိုပြီး မိုက်ရိုင်းခဲ့ကြတာ”


ယုတ်မာလိုက်ကြတာ။ ဒါတွေကြောင့် ကျောင်းမှာတုန်းက ရှမ်းကလဲ သူ့အုပ်စုနှင့်သူ၊ ပအိုဝ့်ကလဲ သူ့အုပ်စုနှင့်သူနေပြီး၊ ညီမလေးတို့ဗမာတွေကို ခပ်ရှောင်ရှောင်လုပ်ခဲ့ကြတာကိုး။ ညီမလေးကတော့ အစက ဘယ်သိမလဲ။ ပေါင်းသင်းဆက်ဆံရေးမကောင်းဘူးပဲ ထင်ခဲ့တာပေါ့။ တမြေတည်းနေတဲ့သူတွေ၊ တကျောင်းတည်းစာအတူသင်နေသူတွေ သွေးကွဲနေကြရတာ၊ ဒင်းတို့ကြောင့်ကိုး”


ဟုတ်တယ်ညီမလေး။ အဲဒါကြောင့် အန်တီစု ရှမ်းပြည်လာတုန်းကဆို ရှမ်းပြည်နယ်ဟာ အရေးကြီးတယ်နော် ဆိုတဲ့စကားမြို့တိုင်းမှာ ပြောသွာခဲ့တာ။ ဗမာနဲ့ တိုင်းရင်းသားတွေကိုတင် မဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်းကိုလဲ ခွဲထားကြသေးတယ်။ အို- ဒီလောက်ရိုးသားတဲ့ ပအိုဝ့်တိုင်းရင်းသားတွေကိုတောင် သွေးထိုးခဲ့ကြသေးတာပဲ”


အစ်မနန်းကိန်ဖောင်းက ၀င်ပြောသည်။ သေသေချာချာ စဉ်းစားကြည့်တော့မှ စစ်အစိုးရ၏ ယုတ်မာမှုများမှာ ကွင်းကွင်းကွက်ကွက် ပေါ်လာရသည်။

ဗိုလ်ချုပ်ခင်ညွန့်ကတော့ ရှမ်းပြည်လာတိုင်း ကျောက်တလုံးသွားပြီး ပအိုဝ့်ဖြူက အဘဦးအောင်ခမ်းထီ ကို သွားတွေ့ရ၊ ကန်တော့ရနဲ့ လုပ်ပြနေတာအမောပဲ။ ပအိုဝ့်နီအဖွဲ့ကိုလဲ လုပ်ငန်းတွေချပေး၊ ဘာပေးအသံတွေ ကြားနေရတယ်”


နားလှည့်ပါးရိုက်လုပ်နေကြတာလေ။ ပအိုဝ့်ဖြူဝင်လာတော့ ပအိုဝ့်နီနဲ့ ထိပ်တိုက်တွေ့ပေးတယ်။ အချင်းချင်းသတ်ခိုင်းတိုက်ခိုင်းတယ်။ နှစ်ဖွဲ့လုံးဝင်လာတော့ ရှမ်းနဲ့ ထိပ်တိုက်တွေ့ပေးတယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတယ်ဆိုတာ သူတို့မှသူတို့အစစ်။ ဒါနဲ့များ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အော်နေကြသေးတယ်။ တော်တော်လေးကို မျက်နှာပြောင်တိုက်တဲ့လူတွေ”

တိုင်းရင်းသားအဖွဲ့တွေလဲ ထောင်ချောက်မိခံလိုက်ရတာပါ။ သိတဲ့အချိန်ကျတော့ ရန်စည်း၊ ငါစည်းထားလို့မရအောင်ကို ရန်သူက ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးဖြစ်သွားတာကိုး”


လုပ်ငန်းတွေချပေးတော့ သစ်လုပ်ငန်းတွေ စချကတည်းက မရိုးသားဘူးဆိုတာ အထင်ရှားကြီးပါ။ တဖွဲ့သိမ်းသွင်းလိုက်၊ တဖွဲ့ကို ဖိတိုက်လိုက်၊ လှုပ်ရှားခွင် ကျဉ်းအောင် လုပ်လိုက်၊ လုပ်ငန်းတွေ ချပေးလိုက်၊ အခွင့်အရေးပေးပြီး အချင်းချင်းခွပ်ခိုင်းလိုက်နဲ့ စစ်ရေးကိုကျတော့ မသိမသာ အသာစီးယူသွားတာ။ တိုင်းရင်းသားအဖွဲ့တွေလဲ ပိတ်မိကုန်တယ်။ ပြိုင်တူပြန်ထွက်မှ၊ ပူးပေါင်းနိုင်မှ တော်ကာကျမယ်။ အရေးကြီးဆုံးကတော့ သွေးခွဲနေတာကို လိုက်မကွဲမိဖို့ပဲ။ ဖယ်ဒရယ်ပြည်ထောင်စုကြီးအတွက် အားလုံးပြိုင်တူ ညီညွတ်ကြဖို့ပဲ။ မဟုတ်ရင် စစ်ကျွန်ဘ၀က တသက်လုံးလွတ်မှာမဟုတ်ဘူး


သိထားသည့် အချက်အလက်များကို တယောက်တလှည့် ၀င်ဆွေးနွေးကြရင် ရှမ်းတောင်တန်းပေါ်မှ စကားဝိုင်းလေးသည် ဆောင်းကာလ လေအေးလေးကြားဝယ် အလွန်ပင် အနှစ်သာရ ရှိခဲ့ပါသည်။


ကဲ၊ စကားပြောလို့ကောင်းနေကြတာ။ နဲနဲတောင်မှောင်လာပြီ။ ပြန်ကြရအောင်။ နက်ဖြန်ကျရင် ဟိုဘက်တောင်ကြောပေါ်က ရှမ်းဘုန်းကြီးကျောင်း လိုက်ပို့ပေးမယ်”

ကိုဇော်ဝင်း၊ ကျွန်မတို့မထွက်လာခင် ခေါပုတ်လှီးလာခဲ့တယ်။ အဆင်သင့်ကြော်ရုံပဲ။ ပြန်ရောက်ရင် ၀ိုင်းဖွဲ့ကြရအောင်”


ထိုညက တောင်ပေါ်ရွာလေးတရွာတွင် အခါးရေသောက်ရင်း၊ ခေါပုတ်ကြော်စားရင်း၊ အစ်ကိုက ဂစ်တာတီးပြီး သူမတို့တတွေက ၀ိုင်းဖွဲ့သီချင်းဆိုကြရင်းဖြင့် ပျော်စရာအလွန်ကောင်းခဲ့ပါသည်။ တယောက်စီဆိုကြဖို့ ပွဲတောင်းတော့ အစ်ကိုက ဂျေညီညီရဲ့ “ချစ်မိနေပြီ” သီချင်းအား သီဆိုပြီး၊ သူမက မီမီဝင်းဖေရဲ့ “ဘာကြောင့်ချစ်” သီချင်းလေးကို ဆိုဖြစ်လေသည်။ သီချင်းဆိုဆဲ ဆုံမိကြတဲ့ မျက်ဝန်းလေးတွေဟာ နှလုံးသားပြတင်းလေးများ ဖြစ်လေမလား။


ပွဲသိမ်းခါနီးတော့ အစ်ကိုက စိုင်းဆိုင်မောဝ်၏ “ရိုးရာမပျက်တဲ့မြေ” သီချင်းလေးကို စတီးလိုက်သဖြင့် သူမတို့ကလဲ ညီညွတ်စွာပင်


ပန်းချယ်ရီပွင့်တဲ့တောင်တန်း-

နှင်းမြူဆိုင်းတဲ့တောင်တန်း-

မောရှမ်းတို့ရဲ့မွေးမြေ-

ရှမ်းပြည်က ချစ်စရာ-

သာယာပျော်ရွှင်ခြင်းနဲ့ပြည့်ဝခဲ့တာ

အာ----

ရိုးရာမပျက်တဲ့မြေပါ။


မြူးမြူးကြွကြွအကတွေ

အိုးစည်ကြီးနဲ့လေ

ဘယ်ညာယိုင်ကာနင်းတဲ့

ဓားသိုင်းရဲ့ရိုးရာ

မရိုးနိုင်တာ

ယနေ့ထက်တိုင်ပါ။


စိမ်းစိုလန်းဆန်းနေတဲ့

ထင်းရူးတောကြီးများရယ်

လက်ဖက်ယာခင်းများရယ်

စတော်ဘယ်ရီခင်းနဲ့

ရှူတိုင်းလှနေပါတဲ့ရှမ်းမြေ။


ဆိုသော သီချင်းစာသားများကို ပြိုင်တူဆိုခဲ့ကြပါသည်။


သြော်- ရှမ်းပြည်မှာ မွေးခဲ့ကြတဲ့ ဗမာလေးတယောက်၊ ဗမာမလေးတယောက်၊ ရှမ်းမလေးတယောက်၊ ပအိုဝ့်မလေးတယောက်တို့ရဲ့ သံပြိုင်ဟစ်ကြွေးနေတဲ့ ဒီသီချင်းသံလေးကို သွေးခွဲရန်တိုက်ပေးနေတဲ့ စစ်အာဏာရှင်ကြီးများကို မြင်စေချင်စမ်းပါဘိ။


(ဆက်လက်ဖော်ပြပါမည်)


ခင်မမမျိုး


အပြည့်အစုံဖတ်ချင်ရင်..>>>

မိခင်သောက

Friday, September 5, 2008

မိခင်သောက


မိခင်တယောက်ရဲ့သောကကို သမီးကိုယ်တိုင်မိခင်ဖြစ်လာတဲ့အခါကျရင် နားလည်လာမှာပါတဲ့”


မေမေပြောခဲ့တဲ့ စကားပါ။ သမီးအတွက် အင်မတန်စိတ်ပူပင်တတ်တဲ့ မေမေ့ကို ကျွန်မက စိတ်အေးအေးထားဖို့၊ မစိုးရိမ်ဖို့ ပြောလေတိုင်း ဒီစကားကို မေမေပြောလေ့ရှိပါတယ်။ဘာပဲဖြစ်ဖြစ် အလွန်မှန်တဲ့စကား၊ သွေးထွက်အောင် မှန်တဲ့စကားဆိုတာကိုတော့ ကျွန်မကိုယ်တိုင် မိခင်ဖြစ်လာတဲ့ အခါမှာ တစတစ အသိအမှတ်ပြုလာရပါတယ်။


တနေ့ကဆိုရင်ပဲ ကြည့်ပါ။ အလုပ်က ပြန်ရောက်တော့ သားလေးကို ညစာကျွေး၊ ကိုယ့်ညစာကို ကမန်းကတန်းစား၊ ညနေပိုင်း parenting skills workshop လေးကို သွားတက်၊ အိမ်ပြန်ရောက်တော့ သားလေးကိုသိပ်၊၊ သူအိပ်ပြီဆိုတော့မှ နီးနေပြီဖြစ်တဲ့ fellowship စာမေးပွဲတခုအတွက် မေးခွန်းဟောင်းတွေလေ့ကျင့်၊ လုပ်သင့်လုပ်ထိုက်တဲ့ တခြားအလုပ်လေးတွေလုပ်နဲ့ အိပ်မယ်ဆိုတော့ နာရီက ညနှစ်ချက်ထိုးဖြစ်နေပါပြီ။ အိပ်တော့မယ် လုပ်ပြီးမှ ပို့ထားတဲ့ အီးမေးလ်လေးတခုက အရေးကြီးတာမို့ reply များ ပြန်လာမလားဆိုပြီး၊ yahoo ယူကေ ကို ၀င်လိုက်မိပါတယ်။ သတင်းမှာ ခေါင်းစီးကြီးက ကလေးငယ်လေးတယောက် ပြတင်းပေါ်မှ ပြုတ်ကျသေဆုံးတဲ့။အခင်းဖြစ်ခဲ့တာက လန်ဒန်မြောက်ပိုင်းမှာပါ။ တနှစ်ခွဲအရွယ် ကလေးလေးကို အဘိုးက ထိန်းနေတုန်း၊ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ပြုတ်ကျသွားတာတဲ့။


သတင်းဖတ်ပြီးတာနဲ့ ကျွန်မမှာ ပျာယာစခတ်တော့တာပဲ။ ကုလားထိုင်ပေါ်တွယ်တက်လိုက်၊ စားပွဲပေါ်တွယ်တွက်လိုက်၊ ကုတင်ပေါ်တွယ်တွက်လိုက်လုပ်နေတဲ့ တနှစ်ခွဲသားငယ်လေးအတွက် စိုးရိမ်သွားမိတယ်။ သူတို့အရွယ်လေးတွေက အရာရာကို စူးစမ်းချင်နေကြတာ။ စားပွဲပေါ်ရောက်သွားတုန်းများ၊ ပြတင်းပေါက်ကနေ တွယ်ဆင်းလိုက်ရင် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒီအတွေးတွေနဲ့ ကျွန်မတယောက် ညကြီးမင်းကြီး တခန်းဝင် တခန်းထွက်နဲ့ ပြတင်းပေါက်တွေကို သေချာပိတ်ထားခြင်းရှိမရှိ လိုက်လံ စစ်ဆေးပါရောလား။ သားလေးကတော့ တရှူးရှူးအိပ်လို့ကောင်းဆဲ။ အမယ်လေး။ ဒီအရွယ်လေးနဲ့ ဟောက်တောင် ဟောက်လို့။ ကျွန်မတို့ မိခင်တွေများ အဖြစ်ကသည်းလိုက်ရင် အဲလို၊ အဲလို။


အများအားဖြင့် အေးအေးဆေးဆေးနေတတ်လေ့ရှိတဲ့ ကျွန်မတယောက် မိခင်သောက ဆိုတာကို စပြီး နားလည်လာတာက သားလေးကို ကိုယ်ဝန်ဆောင်စ လေးလမှာပါ။ ultrasound ထဲမှာ ကလေးလေးရဲ့ လှုပ်ရှားမှုလေးတွေကို စတွေ့လိုက်ရပြီးကတည်းက ကျွန်မတယောက် အဖြစ်သည်းခဲ့တော့တာပါ။ မျက်စိမှိတ်လိုက်ရင် အဲဒီပုံလေးတွေကိုပဲ မြင်ယောင်နေခဲ့တယ်။ ဒုတိယနှစ်အမ်ဘီဘီအက်စ်တုန်းက စိတ်မပါလက်မပါ အလွတ်ကျက်ခဲ့ရဖူးတဲ့ စာအုပ်တွေကို ပြန်ရှာဖတ်ရတာလဲ အမော။ ဘယ်နှစ်ပတ်ဆိုရင် ကလေးလေးရဲ့ ဘယ်အစိတ်အပိုင်း ဖွံ့ဖြိုးလာမယ်၊ ဘယ်နှစ်ပတ်ဆိုရင် သူစကန်နိုင်ပြီ ဆိုတာတွေနဲ့ ရက်တွေ၊ လတွေတွက်ရတာလဲ အမော။ ခရစ်စမတ်ညမှာ အထဲက ကလေးလေးက အရမ်းကန်တော့ တညလုံးအိပ်လို့မရ။ ပါတီများသွားချင်နေတာလားမသိဘူးလို့တောင် သူငယ်ချင်းတွေကို ဖုန်းဆက်လိုက်ပြောမိတဲ့အထိ။ သူ့ဆံပင်တွေ ဖွံ့ဖြိုးမယ့် အပတ်မှာ အသည်းအသန် နေမကောင်းဖြစ်တော့ အားလုံးက ကိုယ့်အတွက်စိုးရိမ်နေကြပေမယ့်၊ ကျွန်မကတော့ မွေးလာမယ့် ကလေးလေး ဆံပင်ပါပါ့မလားလို့ ကြံကြံဖန်ဖန် တွေးပူနေမိသေးတယ်။


မွေးရတဲ့ အချိန်မှာလဲ အတော့်ကို ခက်ခက်ခဲခဲ မွေးခဲ့ရပါတယ်။ သောကြာနေ့နေ့လည်မှာ ဗိုက်စနာပေမယ့် ရေမွှာက တနင်္လာနေ့နံနက်အထိ မပေါက်သေး။ တဖြည်းဖြည်း ဗိုက်နာချိန်တွေက စိတ်စိတ်လာတာနဲ့အမျှ၊ နာကျင်မှုတွေကလည်း ပိုပို ပြင်းထန်လာခဲ့တယ်။ နာရီခုနစ်ဆယ်ကျော် အိပ်ရေးကဆက်တိုက်ပျက်နေသလို သွေးကလဲ အရမ်းတိုးနေတာမို့၊ ဆရာဝန်တွေ အတော်စိတ်ပူခဲ့ရပါတယ်။ တနလာင်္နံနက်ရောက်တော့ မဖြစ်ချေဘူးဆိုပြီး၊ ရေမွှာကို သူတို့ဘာသာ ဖောက်ပစ်လိုက်ကြတယ်။ ဒါပေမယ့် ကလေးလေးက မထွက်လာဘူး။ ကျွန်မလဲ အားကုန်ညှစ်နဲ့ နေ့လည်ပိုင်းအထိ အခြေအနေက မထူးသေး။ အဲဒီအချိန်မှာ သူတို့ပြောနေသံတွေ ကြားလိုက်ရတယ်။ baby is unhappy တဲ့။ မြတ်စွာဘုရား။ ကျွန်မကလေးလေး မပျော်ဘူးတဲ့။ ဒီစကားရဲ့ နောက်ဆက်တွဲကို နားလည်နေတာမို့ အရမ်းကို စိုးရိမ်သွားမိတယ်။ “မဖြစ်ရဘူး။ အဖြစ်မခံနိုင်ဘူး။ ငါတယောက်ထဲ ဒီခရီးကြမ်းကြီးကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ပွဲဝင်ကာနီးမှ ဒီလိုမဖြစ်ရဘူး။ ဒီကလေးလေး လူ့လောကကြီးထဲ ရောက်ကိုရောက်လာရမယ်။ ငါအသက်ဆုံးရင် ဆုံးပါစေ။ ကလေးလေး အသက်ရှင်ရမယ်” ဒီစကားတွေကို ကျွန်မဘယ်လောက်ကြာအောင် ရေရွတ်နေခဲ့မှန်းမသိ။ နောက်ဆုံးစိတ်လျှော့လိုက်ချိန်မှာ ကျွန်မရဲ့ဘေးမှာ ကလေးပေါက်စနလေးကို နမ့်စ်တွေက လာချပေးလိုက်ပါပြီ။ အချိန်က သုံးနာရီ တမိနစ်တဲ့။ လူဖြစ်ကာစ သားလေးကို ကျွန်မ သေချာမကြည့်ရဲသေး။ မိုင်ရှစ်ရာကျော်ဝေးတဲ့ လန်ဒန်မြို့ကနေ ကျွန်မဆီကို အပြေးအလွှားရောက်လာပြီး၊ စနေနေ့ည ၁၂ နာရီကျော်ကတည်းက ကျွန်မဘေးမှာ တချိန်လုံးရှိနေပေးခဲ့တဲ့ သူငယ်ချင်း ရေချယ် ကို ခြေလက်အဂါင်္စုံရဲ့လား အရင်မေးမိတယ်။ မိခင်တယောက်ရဲ့ သောကတွေရယ်ပါ။ ပြီးတော့မှ ကျွန်မရဲ့သားလေးကို ကျွန်မသေချာကြည့်လိုက်တယ်။ ကျွန်မရဲ့သွေး၊ ကျွန်မရဲ့သား။ နဖူးပြင်လေးကို အနမ်းလေးတချက် ဖွဖွလေး ပေးမိပါရောလား။


သားသားလေးကို ရင်ခွင်ထဲမှာ ဖက်ထားပြီး ခဏနားနေမိတယ်။ ကျွန်မအခြေအနေက စိတ်မချရသေးတာကြောင့် ward ထဲ မပြောင်းသေး။ မွေးခန်းထဲမှာပဲ ခြောက်နာရီလောက်အထိထားကြတယ်။ ပြီးတော့မှ ရေချိုး၊ ကိုယ်လက်သန့်စင်ရ။ ရေချိုးခန်းထဲက ထွက်လာပြီး မကြာခင် သောက တခုက စဖြစ်ရပြန်တယ်။ ကျွန်မသားလေး အရမ်းချမ်းနေလို့တဲ့။ မိခင်ရဲ့ ရင်ငွေ့ပေးရမယ်တဲ့။ စိတ်ပူပြီး ကလေးလေးကို အမြန်ကောက်ချီ။ မွေးစကလေးလေးတွေ ချမ်းရင် မိခင်ရဲ့ ရင်ငွေ့နဲ့ အနွေးဓာတ်ပေးရတယ်တဲ့။ အို- အမေ့ရင်ခွင်ဆိုတာ သားငယ်၊ သမီးငယ်လေးတွေရဲ့ ခိုလှုံရာ အရိပ်ကြီးပါပေါ့လား။ သားလေးကို ဖက်ထားပြီး သူ့ကိုယ်မှာ အနွေးဓာတ်လေးဝင်လာဖို့ လုပ်ယူရပြန်ရော။


ဒီလိုနဲ့ စိတ်အေးမယ်ကြံကာရှိသေး။ မျက်နှာချင်းဆိုင် အမျိုးသမီးက သူ့ကလေးကို နို့တိုက်နေတာ တွေ့တော့မှ သတိဝင်မိ။ အယ်-သားလေး မငိုသေးပါလား။ နို့တိုက်တော့လဲ သားလေးက နို့မစို့။ သားလေးကို နို့စို့တတ်အောင် နှစ်ရက်လောက် လုပ်ယူကြရပြန်၊ သားလေးနို့စို့ပါစေလို့ ဘုရားမှာ ဆုတောင်းရတာလဲ အမော။ မိခင်ဖြစ်ရတာ မလွယ်လှပါကလား။ ဒီလိုနှင့် မိခင်ကလဲ သွေးတိုးနေဆဲ၊ ကလေးကလဲ နို့မစို့ဖြစ်နေတော့ ဆရာဝန်ကြီးများက ဆေးရုံမှ ပေးမဆင်းရဲကြဖြစ်နေတုန်း တပူပေါ်နှစ်ပူဆင့် ဆိုသလို သားလေးဆီမှာ အသားဝါက ဖြစ်လာပြန်တယ်။ အဆန်းတကြယ်မဟုတ်၊ ဖြစ်နေကျဆိုပေမယ့် ကုတင်ဘေးက ပုခက်လေးမှာ အမြဲအိပ်နေကျသားလေးကို တခြားအခန်းထဲ ပို့ပြီး မီးအပူပေးတော့ ကျွန်မမှာ သောကရောက်ရပြန်။ ၃နာရီခြားတခါ နို့တိုက်ရတာမို့ ကြားချိန်လေးမှာ နားဖို့ ဘယ်လိုပဲ နားချကြပေမယ့် သားလေးကို မခွဲနိုင်တာကြောင့် တချိန်လုံးသွားကြည့်နေတဲ့ ကျွန်မကို ကြာတော့ မျက်စိနောက်လို့ပဲလားမသိ။ သားအမိနှစ်ယောက်တည်း အခန်းတခန်းသီးသန့်ပေးပြီး၊ သားလေးကိုလဲ အခန်းထဲမှာပဲ မီးကင်ပေးကြတော့တယ်။ အဲဒီလိုကို ရပ်ကျော်ရွာကျော် အဖြစ်သည်းခဲ့တာ။

ဒီလိုနှင့်---ဒီလိုနှင့်ပါ။

အခုဆိုရင် သားလေးလဲ တနှစ်ခွဲ ကျော်လာခဲ့ပြီ။ ဒီတနှစ်ခွဲကာလအတွင်းက အဖျားကြီးပြီး တက်သွားလို့ လူနာတင်ကားခေါ်ပြီး အရေးပေါ်ကို ရာဘာဖိနပ်နဲ့ လိုက်သွားမိခဲ့တဲ့ အဖြစ်အပျက်လေးတွေ၊ ဘဏ်ကတ်တွေရော၊ ပိုက်ဆံတွေရော ဘာမှ မပါသွားလို့ သူနာပြုဆီက ပိုက်ဆံချေးပြီး ဆေးရုံဆင်းခဲ့ရတာလေးတွေ၊ သားလေးက ခရမ်းချဉ်သီး၊ ကြက်ဥစတာတွေကအစ allergic ဖြစ်တတ်တာမို့ ခဏခဏ ဆေးရုံပြေးကြရတာလေးတွေ၊ ပုဇွန်စားမိပြီး အသည်းအသန်ဖြစ်လို့ အရေးပေါ်မှာ အသက်လုရတာလေးတွေနဲ့ သောကဗျာပါဒဖြစ်စရာတွေက အများအပြား။ ပြန်တွေးကြည့်ပြီး ရယ်ချင်စရာဖြစ်နေတာတွေကလည်း အများအပြား။

video

အဲဒီလို မိခင်တွေရဲ့ သောကတွေကို ကိုယ်တိုင် ခံစားမိလာရလေလေ၊ မိခင်တွေအပေါ် လေးစားကြည်ညိုမိလေ။ မိခင်မေတ္တာကို စော်ကားချင်တဲ့ သားဆိုးသမီးမိုက်တွေကို ဒေါသထွက်မိလေ။ မိခင်လောင်းအမျိုးသမီးတွေကို မစာနာတတ်တဲ့ သူယုတ်မာတွေကို ရွံရှာမုန်းတီးမိလေ၊ သားသမီးတွေနဲ့ပတ်သက်ပြီး ပူပန်ရတဲ့ သောကဝေဒနာတွေကို မျိုသိပ်ခံစားရင်း အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ရတဲ့ ဒေါ်စုတို့လို၊ မနီလာသိန်းတို့လို၊ မမီးမီးတို့လို အမျိုးသမီးသူရဲကောင်းတွေကို လေးစားမိလေ ဖြစ်လာရပါတယ်။ ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်ဆိုတဲ့ ယောကျာ်းအင်အား၊သုံးသိန်းကျော်တပ်မတော်ကြီးရဲ့ အကြီးအကဲတွေဟာ မိန်းမတယောက်ကို ဘာလို့မရင်ဆိုင်ရဲကြတာလဲဆိုတာကိုလည်း တစတစ သဘောပေါက်လာရပါတယ်။ တကယ်တော့ ပြည်သူကို ရင်ဝယ်သားလို သဘောထားပြီး ပူပန်စိုးရိမ်ပေးနေသော၊ ပြည်သူ့မိခင်တယောက်ရဲ့ သောကဝေဒနာကနေ ထွက်ပေါ်လာတဲ့ အရာရာကို ရင်ဆိုင်ရဲသော သတ္တိခွန်အားကို သူတို့ဘယ်လို ယှဉ်ပြိုင်ရဲကြမှာတဲ့လဲ။


ခင်မမမျိုး (၅၊ ၉၊ ၂၀၀၈)



















အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP