လူထုတော်လှန်ရေး - အင်္ဂါခြောက်ရပ်၊ စစ်မျက်နှာငါးသွယ်
(အပိုင်း -၃)
(၃) တော်လှန်ရေးဦးဆောင်မှုနှင့် အဖွဲ့အစည်း
တော်လှန်ရေးအလားအလာတရပ်ပေါ်ပေါက်လာနိုင်သည်မှာ သဘာဝအလျောက်ဖြစ်သော်လည်း၊ အောင်မြင်သော တော်လှန်ရေးတရပ် ဆက်လက်ဆင်နွှဲရန်ကား နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်ဖြစ်ကြောင်း လီနင်က ဆိုခဲ့ဖူးလေသည်။ တော်လှန်ရေးတရပ်အတွက် မှန်ကန်သော ဦးဆောင်မှုနှင့် ထိရောက်စွာ လုပ်ဆောင်နိုင်သော အဖွဲ့အစည်းတရပ် လိုအပ်လှပေသည်။
တော်လှန်ရေးအလားအလာစတင်ရှိလာသည်နှင့် လူထုလူတန်းစားမျိုးစုံမှ တက်ကြွသူများနှင့် ဦးဆောင်နိုင်သည့်အရည်အချင်း ရှိသူများ ပေါ်ပေါက်လာတတ်သည်။ လှုပ်ရှားနေသော လူ့ဘောင်များတွင် ထိုသူများ ပေါ်ပေါက်လာသည်နှင့်အမျှ အဖွဲ့အစည်းမျိုးစုံလည်း ပေါ်ပေါက်လာတတ်သည်။ ထိုသို့များပြားလာခြင်းမှာ ညီညွတ်စွာ စုပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပါက ဦးဆောင်မှုအရည်အချင်းရှိသူများကို ကွဲပြားသွားစေတတ်သဖြင့် အထူးသတိပြုသင့်သည့် အချက်တရပ်ဖြစ်သည်။ အဖွဲ့အစည်းများမည်သို့ကွဲပြားစေကာမူ တပ်ပေါင်းစုများ ဖွဲ့စည်း၍ ခေါင်းဆောင်ကောင်းများကို ရွေးချယ်စုစည်းသင့်သည်။
ခေါင်းဆောင်များတွင် ရှိသည့်သည့်အရည်အချင်းများမှာကား စစ်မျက်နှာပေါ်တွင် မူတည်၍ ကွဲပြားခြားနားသည်။ positional-linear war များတွင် နည်းပညာမှာ အဓိကဖြစ်ပြီး၊ mobile war များတွင်ကား စိတ်ဓာတ်ခိုင်မာမှုမှာ အရေးကြီးသည်။ လူထုစစ်ပွဲတွင်မူ စဉ်းစားတွေးခေါ်နိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုများနှင့် လူမှုဆက်ဆံရေး အရည်အချင်းများ လိုအပ်သည်။ ထိုစစ်ပွဲအားလုံးသည် တခုနှင့် တခု ဆက်နွယ်နေသည်ဖြစ်ရာ ခေါင်းဆောင်တယောက်အတွက် အဆိုပါအရည်အချင်းများအားလုံး လိုအပ်မည်ဖြစ်ပြီး၊ စစ်မျက်နှာပေါ်တွင် မူတည်၍ အထူးကျွမ်းကျင် အရည်အချင်းလိုအပ်လေသည်။
နိုင်ငံတနိုင်ငံ၏ အစိုးရအုပ်ချုပ်ရေးတရပ်ကို ဖြိုဖျက်ပစ်ရန် လူထုတော်လှန်ရေးတရပ်ကို ဦးဆောင်ရမည့် ခေါင်းဆောင်တယောက် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များကို လေ့လာကြည့်ကြပါစို့။ အစပထမပိုင်းတွင် သူ့၌ နိုင်ငံရေးအဖွဲ့အစည်းမရှိ၊ အစိုးရဖွဲ့စည်းပုံမရှိ၊ ဘဏ္ဍာငွေမရှိ၊ လက်နက်ကိုင်အဖွဲ့အစည်းမရှိ၊ လူထုထောက်ခံမှုလည်းမရှိသေး။ ပထမဦးစွာ သူလုပ်ဆောင်ရမည်မှာကား လူထုကို စည်းရုံးရန်ဖြစ်သည်။ ထိုသို့စည်းရုံးရာ၌ လူ့ဘောင်တရပ် ခံစားနေရသည့် မကျေနပ်မှုများ၊ စိတ်ရှုပ်ထွေးမှုများ၊ စိတ်ဖိစီးမှုများ၊ဖိနှိပ်ခံရမှုများကို ဦးစားပေး ညွှ့န်ပြသင့်သည်။ စနစ်တခုကို ပြောင်းလဲရန် မည်သို့လိုအပ်ကြောင်း လမ်းညွှန်ပြရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ရန် သူသည် ဖြစ်နေသည့် အကျိုးအကြောင်းများကို စနစ်တကျရှင်းပြနိုင်ရမည်။ လူထုလူတန်းစားအားလုံးမှ လက်ခံနိုင်မည့် ပြဿနာဖြေရှင်းနိုင်မည့် အဖြေကို ပြောပြနိုင်ရမည်။ တော်လှန်ရေးလမ်းကြောင်းတရပ်ကို စနစ်တကျ လမ်းညွန်နိုင်ရမည်။ လူ့အဖွဲ့အစည်းအတွင်းမှ ကွဲပြားနေသော အတွေးအခေါ်များကို ဘုံလမ်းစဉ်သို့ ဦးဆောင် လမ်းတည့်ပေးနိုင်ရမည်။ ဘုံရန်သူကို ဖော်ထုတ်ညွှန်ပြပေးရမည်။
တော်လှန်ရေးဦးဆောင်သူများသည် လူထုကို စည်းရုံးနိုင်မှုသာမက အစိုးရဘက်တော်သားများကိုလည်း လူထုဘက်ပါလာအောင် လမ်းကြောင်းလွှဲနိုင်စွမ်းရှိရမည်။ ရန်သူ့အင်အားကို တစတစဖဲ့ခြွေသည့် နည်းလမ်းကိုသုံးခြင်းသည် ရန်သူများအား တစုတည်း ပိုမိုစည်းလုံးသွားအောင် တွန်းအားပေးခြင်းထက် ပိုမိုထိရောက်သည်။ ရန်သူ့ဘက်တော်သားများ၏ အတွေးအခေါ်၊ ခံယူချက်များ ပြောင်းလဲလာစေရန် ၀ါဒဖြန့်အစီအစဉ်ကို အကောင်အထည်ဖော်သင့်သည်။
ခြုံငုံဆိုလျှင်တော့ တော်လှန်ရေးခေါင်းဆောင်များသည် ဒဿနိက၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စိတ်ပညာစသော ဘာသာရပ်များအားလုံးတွင် ကျွမ်းကျင်သိမှီနေသူများဖြစ်ရန် လိုအပ်လှသည်။ အရေးကြီးဆုံးမှာကား လက်ရှိဖြစ်ရပ်များအပေါ်တွင် မှန်ကန်စွာသုံးသပ်၍ လိုအပ်သည်များကို လျင်မြန်စွာ ဆုံးဖြတ်လုပ်ကိုင်တတ်သောအရည်အချင်းဖြစ်သည်။ များသောအားဖြင့် ထိုသို့သော အရည်အချင်းရှိသူများ နည်းပါးတတ်သည်ဖြစ်ရာ၊ အောင်မြင်သော တော်လှန်ရေးခေါင်းဆောင်ကောင်းများကား အလွန်ပင် ရှားပါးလှလေသည်။ တဦးတယောက်တည်းက ဦးဆောင်သည်မဟုတ်ပဲ joint- leadership လုပ်ပါက ပိုမိုသင့်လျော်ပေသည်။ ဥပမာ- လီနင်နှင့် ထရော့စကီး၊ ကက်စထရိုနှင့် ဂူဗာရာ၊ ဟိုချီမင်းနှင့် ဘိုငုရင်တို့ဖြစ်သည်။
အောင်မြင်သော တော်လှန်ရေးတရပ်ကို ဦးဆောင်နိုင်မည့် အဖွဲ့အစည်းရေးရာ လိုအပ်ချက်များကို ဆက်လက်တင်ပြပါမည်။ ပထမဆုံးလိုအပ်ချက်မှာ လူ့အဖွဲ့အစည်းအတွင်းမှ လူထုလူတန်းစားများအတွင်းတွင် ဖွဲ့စည်းထားရမည့် grass-root infrastructure ဖြစ်သည်။ ခေါင်းဆောင်များ မည်မျှ အရည်အချင်းရှိနေစေကာမူ ဤလိုအပ်ချက်မပြည့်မီပါက တော်လှန်ရေးကြန့်ကြာတတ်ပေသည်။ ဧရိယာနယ်မြေပေါင်းစုံတွင် တော်လှန်ရေးအဖွဲ့ငယ်များ ဖွဲ့စည်းနိုင်မည့် တော်လှန်ရေး ကေဒါများ၊ မြေအောက် တော်လှန်ရေးဆဲလ်များ၊ သတင်းအချက်အလက်များနှင့် ထွက်ပေါက်လမ်းကြောင်းများအတွက် circuit organization၊ နိုင်ငံရေးထိန်းချုပ်မှုအတွက် vertical system- committees ၊ အမျိုးသမီးရေးရာ၊ လူငယ်ရေးရာ၊ ဘာသာရေးစသော ကော်မတီများအတွက် horizontal system- committee စသည်ဖြင့် လိုအပ်ပါသည်။
ဒုတိယလိုအပ်ချက်မှာကား စွမ်းရည်မြင့်မားသည့် ထောက်လှမ်းရေး အဖွဲ့ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး သတင်းအချက်အလက်များကို ထောက်လှမ်းနိုင်မည့် မြေအောက်ဆဲလ်များကို ဖွဲ့စည်းထားရန် ဖြစ်ပြီး၊ သီးခြားဆီ တာဝန်ခွဲပေးထားခြင်းရှိရမည်။ သို့မှသာ သတင်းအချက်အလက်များ overload ဖြစ်နေခြင်းများကို ရှောင်ရှားနိုင်မည်။ အဆိုပါသတင်းအချက်အလက်များအား မဟာဗျူဟာနှင့် နည်းဗျူဟာ ပြန်လည်ခွဲစိတ်ကာ သင့်လျော်သလို အသုံးပြုနိုင်မည့်သူများလည်း ဗဟိုအဖွဲ့တွင် ရှိနေရမည်။
တတိယလိုအပ်ချက်မှာကား အဆင့်အတန်းမြင့်မားသည့် ၀ါဒဖြန့်ချီရေးစနစ်ဖြစ်သည်။ ထိုစနစ်သည် တိကျသော သတင်းအချက်အလက်များကို မီဒီယာများမှတဆင့် လွှင့်ထုတ်ရမည်ဖြစ်သည်။ တော်လှန်ရေးတရပ်၏ နိုင်ငံရေးရာပရိုဂရမ်အတွက် ၀ါဒဖြန့်ချီရေးသည် အလွန်ပင် အရေးကြီးလှသည်။
စတုတ္ထလိုအပ်ချက်မှာကား နိုင်ငံရေးပေါ်လစီအပေါ်တွင် အခြေခံသော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းထားရှိရခြင်းမှာ စစ်ရေး အောင်မြင်မှုအတွက် မဟုတ်ပေ။ ရန်သူအပေါ်တွင် စစ်ရေးအရ အနိုင်မယူနိုင်သေးစေကာမူ balance of power ညှိရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းတရပ် မရှိမဖြစ်လိုအပ်သည်။ လက်နက်ကိုင်အဖွဲ့ စစ်မျက်နှာမပါရှိပဲ အောင်မြင်သည့် တော်လှန်ရေး အလွန်ပင် ရှားပါးလှပါသည်။
ပဉ္စမလိုအပ်ချက်မှာကား ပညာရေးစနစ်တရပ်ဖြစ်သည်။ တော်လှန်ရေးသမားများ၏ ပညာရည် တိုးတက်လာစေရုံမကပဲ တော်လှန်ရေးရာ၊ ၀ါဒရေးရာ၊ အဖွဲ့အစည်းရေးရာ၊ စိတ်ဓာတ်ရေးရာများအတွက် သင်တန်းကျောင်းများ၊ သင်တန်းများ လိုအပ်လှပေသည်။ တော်လှန်ရေးသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ထိုသင်တန်းကျောင်းများမှ ပြုလုပ်ပေးနိုင်သဖြင့်၊ အဖွဲ့အစည်းအတွင်းပညာရေးစနစ်တခုဖော်ဆောင်ရန် လိုအပ်လေသည်။
နောက်ဆုံးလိုအပ်ချက်မှာကား ပြည်ပအဆက်အသွယ်များ ဖော်ဆောင်ရန်ဖြစ်သည်။ တော်လှန်ရေးစစ်မျက်နှာငါးရပ်တွင် နိုင်ငံတကာစစ်မျက်နှာလည်း ပါဝင်သည်ဖြစ်ရာ ဤအချက်မှာလည်း အရေးကြီးလှသည်။ သို့ရာတွင် ဤစစ်မျက်နှာတခုတည်းနှင့် တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်မည် မဟုတ်သည်ကိုကား သတိချပ်သင့်သည်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၈၊ ၉၊ ၂၀၀၈)