ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

မိခင်သောက

Friday, September 5, 2008

မိခင်သောက


မိခင်တယောက်ရဲ့သောကကို သမီးကိုယ်တိုင်မိခင်ဖြစ်လာတဲ့အခါကျရင် နားလည်လာမှာပါတဲ့”


မေမေပြောခဲ့တဲ့ စကားပါ။ သမီးအတွက် အင်မတန်စိတ်ပူပင်တတ်တဲ့ မေမေ့ကို ကျွန်မက စိတ်အေးအေးထားဖို့၊ မစိုးရိမ်ဖို့ ပြောလေတိုင်း ဒီစကားကို မေမေပြောလေ့ရှိပါတယ်။ဘာပဲဖြစ်ဖြစ် အလွန်မှန်တဲ့စကား၊ သွေးထွက်အောင် မှန်တဲ့စကားဆိုတာကိုတော့ ကျွန်မကိုယ်တိုင် မိခင်ဖြစ်လာတဲ့ အခါမှာ တစတစ အသိအမှတ်ပြုလာရပါတယ်။


တနေ့ကဆိုရင်ပဲ ကြည့်ပါ။ အလုပ်က ပြန်ရောက်တော့ သားလေးကို ညစာကျွေး၊ ကိုယ့်ညစာကို ကမန်းကတန်းစား၊ ညနေပိုင်း parenting skills workshop လေးကို သွားတက်၊ အိမ်ပြန်ရောက်တော့ သားလေးကိုသိပ်၊၊ သူအိပ်ပြီဆိုတော့မှ နီးနေပြီဖြစ်တဲ့ fellowship စာမေးပွဲတခုအတွက် မေးခွန်းဟောင်းတွေလေ့ကျင့်၊ လုပ်သင့်လုပ်ထိုက်တဲ့ တခြားအလုပ်လေးတွေလုပ်နဲ့ အိပ်မယ်ဆိုတော့ နာရီက ညနှစ်ချက်ထိုးဖြစ်နေပါပြီ။ အိပ်တော့မယ် လုပ်ပြီးမှ ပို့ထားတဲ့ အီးမေးလ်လေးတခုက အရေးကြီးတာမို့ reply များ ပြန်လာမလားဆိုပြီး၊ yahoo ယူကေ ကို ၀င်လိုက်မိပါတယ်။ သတင်းမှာ ခေါင်းစီးကြီးက ကလေးငယ်လေးတယောက် ပြတင်းပေါ်မှ ပြုတ်ကျသေဆုံးတဲ့။အခင်းဖြစ်ခဲ့တာက လန်ဒန်မြောက်ပိုင်းမှာပါ။ တနှစ်ခွဲအရွယ် ကလေးလေးကို အဘိုးက ထိန်းနေတုန်း၊ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ပြုတ်ကျသွားတာတဲ့။


သတင်းဖတ်ပြီးတာနဲ့ ကျွန်မမှာ ပျာယာစခတ်တော့တာပဲ။ ကုလားထိုင်ပေါ်တွယ်တက်လိုက်၊ စားပွဲပေါ်တွယ်တွက်လိုက်၊ ကုတင်ပေါ်တွယ်တွက်လိုက်လုပ်နေတဲ့ တနှစ်ခွဲသားငယ်လေးအတွက် စိုးရိမ်သွားမိတယ်။ သူတို့အရွယ်လေးတွေက အရာရာကို စူးစမ်းချင်နေကြတာ။ စားပွဲပေါ်ရောက်သွားတုန်းများ၊ ပြတင်းပေါက်ကနေ တွယ်ဆင်းလိုက်ရင် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒီအတွေးတွေနဲ့ ကျွန်မတယောက် ညကြီးမင်းကြီး တခန်းဝင် တခန်းထွက်နဲ့ ပြတင်းပေါက်တွေကို သေချာပိတ်ထားခြင်းရှိမရှိ လိုက်လံ စစ်ဆေးပါရောလား။ သားလေးကတော့ တရှူးရှူးအိပ်လို့ကောင်းဆဲ။ အမယ်လေး။ ဒီအရွယ်လေးနဲ့ ဟောက်တောင် ဟောက်လို့။ ကျွန်မတို့ မိခင်တွေများ အဖြစ်ကသည်းလိုက်ရင် အဲလို၊ အဲလို။


အများအားဖြင့် အေးအေးဆေးဆေးနေတတ်လေ့ရှိတဲ့ ကျွန်မတယောက် မိခင်သောက ဆိုတာကို စပြီး နားလည်လာတာက သားလေးကို ကိုယ်ဝန်ဆောင်စ လေးလမှာပါ။ ultrasound ထဲမှာ ကလေးလေးရဲ့ လှုပ်ရှားမှုလေးတွေကို စတွေ့လိုက်ရပြီးကတည်းက ကျွန်မတယောက် အဖြစ်သည်းခဲ့တော့တာပါ။ မျက်စိမှိတ်လိုက်ရင် အဲဒီပုံလေးတွေကိုပဲ မြင်ယောင်နေခဲ့တယ်။ ဒုတိယနှစ်အမ်ဘီဘီအက်စ်တုန်းက စိတ်မပါလက်မပါ အလွတ်ကျက်ခဲ့ရဖူးတဲ့ စာအုပ်တွေကို ပြန်ရှာဖတ်ရတာလဲ အမော။ ဘယ်နှစ်ပတ်ဆိုရင် ကလေးလေးရဲ့ ဘယ်အစိတ်အပိုင်း ဖွံ့ဖြိုးလာမယ်၊ ဘယ်နှစ်ပတ်ဆိုရင် သူစကန်နိုင်ပြီ ဆိုတာတွေနဲ့ ရက်တွေ၊ လတွေတွက်ရတာလဲ အမော။ ခရစ်စမတ်ညမှာ အထဲက ကလေးလေးက အရမ်းကန်တော့ တညလုံးအိပ်လို့မရ။ ပါတီများသွားချင်နေတာလားမသိဘူးလို့တောင် သူငယ်ချင်းတွေကို ဖုန်းဆက်လိုက်ပြောမိတဲ့အထိ။ သူ့ဆံပင်တွေ ဖွံ့ဖြိုးမယ့် အပတ်မှာ အသည်းအသန် နေမကောင်းဖြစ်တော့ အားလုံးက ကိုယ့်အတွက်စိုးရိမ်နေကြပေမယ့်၊ ကျွန်မကတော့ မွေးလာမယ့် ကလေးလေး ဆံပင်ပါပါ့မလားလို့ ကြံကြံဖန်ဖန် တွေးပူနေမိသေးတယ်။


မွေးရတဲ့ အချိန်မှာလဲ အတော့်ကို ခက်ခက်ခဲခဲ မွေးခဲ့ရပါတယ်။ သောကြာနေ့နေ့လည်မှာ ဗိုက်စနာပေမယ့် ရေမွှာက တနင်္လာနေ့နံနက်အထိ မပေါက်သေး။ တဖြည်းဖြည်း ဗိုက်နာချိန်တွေက စိတ်စိတ်လာတာနဲ့အမျှ၊ နာကျင်မှုတွေကလည်း ပိုပို ပြင်းထန်လာခဲ့တယ်။ နာရီခုနစ်ဆယ်ကျော် အိပ်ရေးကဆက်တိုက်ပျက်နေသလို သွေးကလဲ အရမ်းတိုးနေတာမို့၊ ဆရာဝန်တွေ အတော်စိတ်ပူခဲ့ရပါတယ်။ တနလာင်္နံနက်ရောက်တော့ မဖြစ်ချေဘူးဆိုပြီး၊ ရေမွှာကို သူတို့ဘာသာ ဖောက်ပစ်လိုက်ကြတယ်။ ဒါပေမယ့် ကလေးလေးက မထွက်လာဘူး။ ကျွန်မလဲ အားကုန်ညှစ်နဲ့ နေ့လည်ပိုင်းအထိ အခြေအနေက မထူးသေး။ အဲဒီအချိန်မှာ သူတို့ပြောနေသံတွေ ကြားလိုက်ရတယ်။ baby is unhappy တဲ့။ မြတ်စွာဘုရား။ ကျွန်မကလေးလေး မပျော်ဘူးတဲ့။ ဒီစကားရဲ့ နောက်ဆက်တွဲကို နားလည်နေတာမို့ အရမ်းကို စိုးရိမ်သွားမိတယ်။ “မဖြစ်ရဘူး။ အဖြစ်မခံနိုင်ဘူး။ ငါတယောက်ထဲ ဒီခရီးကြမ်းကြီးကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ပွဲဝင်ကာနီးမှ ဒီလိုမဖြစ်ရဘူး။ ဒီကလေးလေး လူ့လောကကြီးထဲ ရောက်ကိုရောက်လာရမယ်။ ငါအသက်ဆုံးရင် ဆုံးပါစေ။ ကလေးလေး အသက်ရှင်ရမယ်” ဒီစကားတွေကို ကျွန်မဘယ်လောက်ကြာအောင် ရေရွတ်နေခဲ့မှန်းမသိ။ နောက်ဆုံးစိတ်လျှော့လိုက်ချိန်မှာ ကျွန်မရဲ့ဘေးမှာ ကလေးပေါက်စနလေးကို နမ့်စ်တွေက လာချပေးလိုက်ပါပြီ။ အချိန်က သုံးနာရီ တမိနစ်တဲ့။ လူဖြစ်ကာစ သားလေးကို ကျွန်မ သေချာမကြည့်ရဲသေး။ မိုင်ရှစ်ရာကျော်ဝေးတဲ့ လန်ဒန်မြို့ကနေ ကျွန်မဆီကို အပြေးအလွှားရောက်လာပြီး၊ စနေနေ့ည ၁၂ နာရီကျော်ကတည်းက ကျွန်မဘေးမှာ တချိန်လုံးရှိနေပေးခဲ့တဲ့ သူငယ်ချင်း ရေချယ် ကို ခြေလက်အဂါင်္စုံရဲ့လား အရင်မေးမိတယ်။ မိခင်တယောက်ရဲ့ သောကတွေရယ်ပါ။ ပြီးတော့မှ ကျွန်မရဲ့သားလေးကို ကျွန်မသေချာကြည့်လိုက်တယ်။ ကျွန်မရဲ့သွေး၊ ကျွန်မရဲ့သား။ နဖူးပြင်လေးကို အနမ်းလေးတချက် ဖွဖွလေး ပေးမိပါရောလား။


သားသားလေးကို ရင်ခွင်ထဲမှာ ဖက်ထားပြီး ခဏနားနေမိတယ်။ ကျွန်မအခြေအနေက စိတ်မချရသေးတာကြောင့် ward ထဲ မပြောင်းသေး။ မွေးခန်းထဲမှာပဲ ခြောက်နာရီလောက်အထိထားကြတယ်။ ပြီးတော့မှ ရေချိုး၊ ကိုယ်လက်သန့်စင်ရ။ ရေချိုးခန်းထဲက ထွက်လာပြီး မကြာခင် သောက တခုက စဖြစ်ရပြန်တယ်။ ကျွန်မသားလေး အရမ်းချမ်းနေလို့တဲ့။ မိခင်ရဲ့ ရင်ငွေ့ပေးရမယ်တဲ့။ စိတ်ပူပြီး ကလေးလေးကို အမြန်ကောက်ချီ။ မွေးစကလေးလေးတွေ ချမ်းရင် မိခင်ရဲ့ ရင်ငွေ့နဲ့ အနွေးဓာတ်ပေးရတယ်တဲ့။ အို- အမေ့ရင်ခွင်ဆိုတာ သားငယ်၊ သမီးငယ်လေးတွေရဲ့ ခိုလှုံရာ အရိပ်ကြီးပါပေါ့လား။ သားလေးကို ဖက်ထားပြီး သူ့ကိုယ်မှာ အနွေးဓာတ်လေးဝင်လာဖို့ လုပ်ယူရပြန်ရော။


ဒီလိုနဲ့ စိတ်အေးမယ်ကြံကာရှိသေး။ မျက်နှာချင်းဆိုင် အမျိုးသမီးက သူ့ကလေးကို နို့တိုက်နေတာ တွေ့တော့မှ သတိဝင်မိ။ အယ်-သားလေး မငိုသေးပါလား။ နို့တိုက်တော့လဲ သားလေးက နို့မစို့။ သားလေးကို နို့စို့တတ်အောင် နှစ်ရက်လောက် လုပ်ယူကြရပြန်၊ သားလေးနို့စို့ပါစေလို့ ဘုရားမှာ ဆုတောင်းရတာလဲ အမော။ မိခင်ဖြစ်ရတာ မလွယ်လှပါကလား။ ဒီလိုနှင့် မိခင်ကလဲ သွေးတိုးနေဆဲ၊ ကလေးကလဲ နို့မစို့ဖြစ်နေတော့ ဆရာဝန်ကြီးများက ဆေးရုံမှ ပေးမဆင်းရဲကြဖြစ်နေတုန်း တပူပေါ်နှစ်ပူဆင့် ဆိုသလို သားလေးဆီမှာ အသားဝါက ဖြစ်လာပြန်တယ်။ အဆန်းတကြယ်မဟုတ်၊ ဖြစ်နေကျဆိုပေမယ့် ကုတင်ဘေးက ပုခက်လေးမှာ အမြဲအိပ်နေကျသားလေးကို တခြားအခန်းထဲ ပို့ပြီး မီးအပူပေးတော့ ကျွန်မမှာ သောကရောက်ရပြန်။ ၃နာရီခြားတခါ နို့တိုက်ရတာမို့ ကြားချိန်လေးမှာ နားဖို့ ဘယ်လိုပဲ နားချကြပေမယ့် သားလေးကို မခွဲနိုင်တာကြောင့် တချိန်လုံးသွားကြည့်နေတဲ့ ကျွန်မကို ကြာတော့ မျက်စိနောက်လို့ပဲလားမသိ။ သားအမိနှစ်ယောက်တည်း အခန်းတခန်းသီးသန့်ပေးပြီး၊ သားလေးကိုလဲ အခန်းထဲမှာပဲ မီးကင်ပေးကြတော့တယ်။ အဲဒီလိုကို ရပ်ကျော်ရွာကျော် အဖြစ်သည်းခဲ့တာ။

ဒီလိုနှင့်---ဒီလိုနှင့်ပါ။

အခုဆိုရင် သားလေးလဲ တနှစ်ခွဲ ကျော်လာခဲ့ပြီ။ ဒီတနှစ်ခွဲကာလအတွင်းက အဖျားကြီးပြီး တက်သွားလို့ လူနာတင်ကားခေါ်ပြီး အရေးပေါ်ကို ရာဘာဖိနပ်နဲ့ လိုက်သွားမိခဲ့တဲ့ အဖြစ်အပျက်လေးတွေ၊ ဘဏ်ကတ်တွေရော၊ ပိုက်ဆံတွေရော ဘာမှ မပါသွားလို့ သူနာပြုဆီက ပိုက်ဆံချေးပြီး ဆေးရုံဆင်းခဲ့ရတာလေးတွေ၊ သားလေးက ခရမ်းချဉ်သီး၊ ကြက်ဥစတာတွေကအစ allergic ဖြစ်တတ်တာမို့ ခဏခဏ ဆေးရုံပြေးကြရတာလေးတွေ၊ ပုဇွန်စားမိပြီး အသည်းအသန်ဖြစ်လို့ အရေးပေါ်မှာ အသက်လုရတာလေးတွေနဲ့ သောကဗျာပါဒဖြစ်စရာတွေက အများအပြား။ ပြန်တွေးကြည့်ပြီး ရယ်ချင်စရာဖြစ်နေတာတွေကလည်း အများအပြား။

အဲဒီလို မိခင်တွေရဲ့ သောကတွေကို ကိုယ်တိုင် ခံစားမိလာရလေလေ၊ မိခင်တွေအပေါ် လေးစားကြည်ညိုမိလေ။ မိခင်မေတ္တာကို စော်ကားချင်တဲ့ သားဆိုးသမီးမိုက်တွေကို ဒေါသထွက်မိလေ။ မိခင်လောင်းအမျိုးသမီးတွေကို မစာနာတတ်တဲ့ သူယုတ်မာတွေကို ရွံရှာမုန်းတီးမိလေ၊ သားသမီးတွေနဲ့ပတ်သက်ပြီး ပူပန်ရတဲ့ သောကဝေဒနာတွေကို မျိုသိပ်ခံစားရင်း အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ရတဲ့ ဒေါ်စုတို့လို၊ မနီလာသိန်းတို့လို၊ မမီးမီးတို့လို အမျိုးသမီးသူရဲကောင်းတွေကို လေးစားမိလေ ဖြစ်လာရပါတယ်။ ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်ဆိုတဲ့ ယောကျာ်းအင်အား၊သုံးသိန်းကျော်တပ်မတော်ကြီးရဲ့ အကြီးအကဲတွေဟာ မိန်းမတယောက်ကို ဘာလို့မရင်ဆိုင်ရဲကြတာလဲဆိုတာကိုလည်း တစတစ သဘောပေါက်လာရပါတယ်။ တကယ်တော့ ပြည်သူကို ရင်ဝယ်သားလို သဘောထားပြီး ပူပန်စိုးရိမ်ပေးနေသော၊ ပြည်သူ့မိခင်တယောက်ရဲ့ သောကဝေဒနာကနေ ထွက်ပေါ်လာတဲ့ အရာရာကို ရင်ဆိုင်ရဲသော သတ္တိခွန်အားကို သူတို့ဘယ်လို ယှဉ်ပြိုင်ရဲကြမှာတဲ့လဲ။


ခင်မမမျိုး (၅၊ ၉၊ ၂၀၀၈)



















  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP