ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

River (Part-8) (Novel)

Saturday, September 6, 2008


မြစ်တစ်စင်း (အပိုင်း- )


(၁၅)


ညီမလေး၊ ဘာဆုတောင်းခဲ့လဲ”

အစ်ကိုအလုပ်လုပ်ရာ ရွာလေးအနီးရှိ တောင်ပေါ်ဘုရားလေးအား အတူလာဖူးပြီး၊ ဘုရားပေါ်မှ အဆင်းမှာ အစ်ကိုက လှမ်းမေးခြင်းဖြစ်သည်။

အစ်ကိုအရင်ပြောလေ”

အစ်ကိုလား။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းခဲ့တယ်”


ရုပ်ရှင်တွေထဲမှာတော့ “ကိုယ်တို့နှစ်ယောက် အမြန်ဆုံးနီးပါစေလို့ ဆုတောင်းခဲ့တယ်” ဟူ၍သာ ကြားဖူးသည်။ လက်တွေ့နှင့် တခြားစီဆိုပေမယ့် နိုင်ငံရေးကိုသာ ပထမဦးစားပေး အမြဲထားတတ်သော သူမရဲ့ချစ်သူလေးကို သူမနားလည်ပါသည်လေ။ လိမ်မပြောပဲ အမှန်အတိုင်း ပြောသည်ကိုပင် ကျေးဇူးတင်ရဦးမည်။ ပြီးတော့ သူမကိုယ်တိုင်ကလဲ တည်တည်ငြိမ်ငြိမ်မဟုတ်ပဲ အချိန်ပြည့်အချစ်စကားများပြော၊ အချစ်ဋ္ဋိက္ခာများ လာဖွင့်နေလျှင် အရမ်းပင် နားကြားမြင်းကပ်တတ်သူဖြစ်သည်။


မှတ်မှတ်ရရ သူမကားမောင်းကာစက တကောက် ကောက် လိုက်နေတတ်သော ဆိုင်ကယ်သမား တယောက်ရှိသည်။ အော်ထုတ်လဲ မရ၊ မနှောင့်ယှက်ရန် တောင်းပန်ပြောလဲမရ၊ နောက်ဆုံးတော့ ကားကိုဂငယ် ကွေ့ကွေ့ပြီး နောက်မှခပ်ခွာခွာလိုက်လာသော ဆိုင်ကယ်နှင့် ခေါင်းချင်းဆိုင်လိုက်တော့မှ အလောသုံးဆယ် ဆိုင်ကယ်ကို မြောင်းထဲထိုးဆင်းလိုက်ရကာ၊ ခေါင်းကွဲဆေးရုံရောက်သွားပြီး၊ သူမလဲ နားညီးသက်သာသွားခဲ့ရသည်။ ဘာပဲပြောပြော ထိုကဲ့သို့ အူကြောင်ကြောင်များမဟုတ်ပဲ အပိုတွေ မပြောတတ်သူ ချစ်သူတယောက်ရခဲ့၍ တော်သေးသည် ဆိုရမည်ပင်။


ညီမလေးလာ၊ ဟိုနားမှာသွားထိုင်ရအောင်၊ ရှုခင်းအရမ်းလှတယ်”

အစ်ကိုခေါ်သွားရာသို့ လိုက်၍ကြည့်မိသည်။ နေ၀င်ကာစ အချိန်လေး၏ မှောင်ရီပျိုးပျ အလင်းရောင်အောက်မှ တောင်တန်းကြီးများ၊ တောင်တန်းများပတ်လည်ဝိုင်းနေသော ရွာငယ်လေးများအား မြင်ရသည်မှာ စိတ်ကြည်နူးဖွယ် ကောင်းလှသည်။ ဘယ်လောက်များ အေးချမ်းသာယာလိုက်ပါသနည်း။


ညနေကျောင်းဆင်းပြီးလို့ အိမ်ပြန်ထမင်းစားပြီးရင် အစ်ကိုဒီနေရာလေးကို အမြဲလာတတ်တယ်။ တောင်တန်းကြီးတွေကိုကြည့်ပြီး တွေးတောရင်း၊ တခါတလေလဲ ချမရေးဖြစ်တဲ့ ကဗျာလေးတွေကို ရင်ထဲကနေ သီကုံးနေမိတယ်။ တခါတလေကျတော့လဲ ချမဆွဲဖြစ်တဲ့ ပန်းချီကားလေးတွေကို စိတ်ထဲကနေ ဖော်ကျူးရင်းပေါ့”


ရည်းစားဟောင်းတွေကိုရော၊ သတိမရမိဘူးလား အစ်ကိုရ”

အစ်ကို့ကို ကြည့်ရင်း စချင်စိတ်ပေါ်လာသဖြင့် နောက်လိုက်မိသည်။


အစ်ကိုညီမလေးကို ပြောပြပြီးသားလေ။ လူသားသဘာဝအရ စိတ်လှုပ်ရှားတာတွေ ရှိခဲ့ဖူးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တချိန်တည်းမှာ တော်လှန်ရေးအရှိန်ကလဲ မြင့်နေခဲ့တော့ ရည်းစားဖြစ်ဖို့ နေနေသာသာ၊ ခင်မင်မှုအဆင့်တောင် မရောက်ခဲ့ရဘူး။ ရည်းစားရှိရင်လဲ ကွဲမှာပါပဲ။ အစ်ကို့သူငယ်ချင်းတယောက်ဆို သူထောင်ကလွတ်တဲ့နေ့၊ သူ့ရည်းစားဆီ သွားအတွေ့မှာ မင်္ဂလာပွဲနဲ့ ထိပ်တိုက်တိုးနေခဲ့တာမျိုးတောင်ရှိတယ်။ ဒီတော်လှန်ရေးကြီးထဲမှာ ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ အများကြီးပဲ

စိတ်မကောင်းစရာပဲ အစ်ကိုရယ်။ ညီမလေးတို့တွေရော ဘယ်လိုကြုံကြရမလဲ မသိဘူးနော်”


လွှတ်ခနဲ ပြောလိုက်မိတဲ့ စကားမှာ သူ့မျက်နှာ ကွက်ကနဲ ပျက်သွားတာကို သတိထားလိုက်မိသည်။ အတင်းဇွတ်တိုးနေကြပေမယ့် လွယ်လွယ်နှင့်တော့ ဖြစ်နိုင်မည်မဟုတ်မှန်း၊ လိုအပ်ရင် စွန့်စားကြရမည်မှန်း သူမတို့နှစ်ယောက်လုံး ကြိုတင်မှန်းဆထားပြီးသားပါ။ နောင်ခါလာ၊ နောင်ခါဈေး၊ ဖြစ်လာသမျှ ရင်ဆိုင်ဖို့သာ ရှိပါသည်လေ။


တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကွဲခဲ့ကြရင် အသက်မသေသေးသရွေ့ မြန်မာပြည်တော်လှန်ရေးကို ဆက်လုပ်ကြရအောင်နော်။ မြန်မာပြည်ဒီမိုကရေစီ ရပြီးတဲ့နှစ်ရဲ့ ပထမဆုံး အောက်တိုဘာလ (၂၁) ရက်နေ့မှာ ကိုယ်တို့ ဒီနေရာလေးမှာ ပြန်ဆုံကြမယ်။ မိသားစုကိုယ်စီဖြစ်နေရင် မောင်နှမလို၊ ရဲဘော်ရဲဘက်လို ဆက်ပြီး ခင်မင်သွားကြမယ်။ ပိုင်ဆိုင်သူတွေ မရှိကြဘူးဆိုရင် ဘ၀ခရီးကို အေးအတူပူအမျှ ဆက်လျှောက်ကြမယ်။ ဒါပေမယ့် အစ်ကိုမရောက်လာဘူး ဆိုရင်တော့ ဘုရားပေါ်တက်ပြီး အမျှဝေပေး”


တော်ပြီအစ်ကို၊ ဆက်မပြောနဲ့တော့”

သူမမခံရပ်နိုင်စွာ ထအော်လိုက်မိသည်။ မျက်ရည်များက မည်သို့မည်ပုံစီးကျလာသည်မသိ။

ညီမလေး၊ အဲလိုမငိုရဘူးလေ။ အစ်ကိုက စကားအဖြစ် ပြောတာပါ”


သူမမျက်ရည်များကို ကြင်နာစွာသုတ်ပေးရင်း သူကပြောလေသည်။ စကားအဖြစ်လေးနဲ့တင် သူမမှာ ကမ္ဘာပျက်သလောက်ခံစားလိုက်ရသည်။ တကယ်များဆိုရင်တော့ သူမရူးသွားလိမ့်မည် ထင်ပါသည်။

နောက်ကိုအဲလိုတွေ မပြောပါနဲ့ အစ်ကိုရယ်။ ရှင်ကွဲကွဲပြီး အဆင်ပြေနေတာ မြင်ရကြားရရင် ဖြေသာဦးမယ်။ သေကွဲကွဲကြရင်တော့ ကျန်နေခဲ့သူရဲ့ရင်မှာ ဘယ်လောက်ထိ မုန်တိုင်းထန်ကုန်မလဲ စဉ်းစားကြည့်ပါ။ တော်လှန်ရေးတခုမှာ လိုအပ်ရင် အသက်နဲ့ရင်းရမယ်ဆိုတာ ညီမလေးနားလည်ပါတယ်။ ဒါပေမယ့်အစ်ကိုရယ်။ နမိတ်မရှိ နမာမရှိတွေ မပြောပါနဲ့နော်။ ညီမလေးမကြားရက်လို့ပါ”


မျက်ရည်များကြားမှ ငိုသံပါစကားလုံးများဖြင့် သူမပြောနေမိသည်။ ပြောရင်းနှင့်ပင် တော်လှန်ရေးကာလတလျှောက် ချစ်သူများ၊ ခင်ပွန်းများ ဆုံးရှုံးသွားရသည့် အမျိုးသမီးများကို ကိုယ်ချင်းစာမိသွားသည်။ စကားလေးမှာတင် သူမအသည်းကွဲထွက်သွားမတတ် ခံစားခဲ့ရသည်။ လက်တွေ့ဆုံးရှုံးခဲ့သူများတွေရဲ့ ရင်ထဲမှာဆို ဘယ်လောက်များ ခံစားနေကြရရှာမလဲ။


မပြောတော့ဘူးနော်ညီမလေး။ အစ်ကို နောက်ကိုလုံးဝမပြောတော့ဘူး။ ကတိပေးတယ်။ အခုတော့ အစ်ကို့ကော်လာကြီးကို ဆွဲထားတာ နဲနဲလျှော့ပါဦး။ တော်တော်ကြာ တော်လှန်ရေးမှာ အသက်မပျောက်ပဲ ရည်းစားက လည်ပင်းညှစ်လို့ အသက်ပျောက်တယ်ဆို လူကြားမကောင်း၊ သူကြားမကောင်း”


သူပြောရင်းရယ်နေတော့မှ ယောင်တောင်ပေါင်တောင်နှင့် ဘယ်အချိန်က ကောက်ဆွဲထားမိမှန်းမသိသော ရှပ်အင်္ကျီကြီးကို လွှတ်လိုက်ရပါတော့သည်။ ချစ်သူဘ၀ဆိုတာ ဒီလိုပဲ အမှတ်တရာများနှင့် ပြည့်နှက်နေတတ်ပါသေးသည်လေ။


အမယ်။ ဘယ်ပျောက်နေမှန်းမသိလို့ လိုက်ရှာနေကြတာ။ သူတို့က ဒီရောက်နေတာကိုး။

ခရီးအတူလာ အစ်မကြီးများရောက်လာသဖြင့် သူမတို့၏ ရှုခင်းသာနေရာလေးက စည်စည်ကားကားဖြစ်သွားသည်။ ရေမြေတောတောင်သဘာဝ အခြေအနေများ၊ ဒီနေရာဝန်းကျင်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအကြောင်းကို အစ်ကိုက အကျယ်တ၀င့်ရှင်းပြနေသည်။ တောင်ပေါ်မြို့မှာနေပေမယ့် သူငယ်ချင်းအချို့မှအပ တိုင်းရင်းသားများနှင့် နီးနီးကပ်ကပ်မနေဖူးသူ သူမအတွက်တော့ အချို့သော အကြောင်းအရာများသည် အသစ်အဆန်းပုံပြင်များပမာကဲ့သို့ပင် ဖြစ်နေသည်။ ဒီရှမ်းတောင်တန်းကြီးပေါ်မှာပဲ တမြေတည်းနေခဲ့ပါလျက် တချို့ တိုင်းရင်းသားလူမျိုးများကို ဆိုလျှင် စာပေ၊ ယဉ်ကျေးမှုတွေကို သိဖို့ဝေးလို့၊ လူမျိုးအမည်ပင် သေချာမကြားဖူးအောင် ဖြစ်နေခဲ့ရသည်။ သူမပဲ သိပ်ညံ့လွန်းခဲ့တာလားလို့ တွေးနေချိန်မှာပဲ အစ်ကို ဆက်ပြောနေသော စကားများက အဖြေတခုကို ထုတ်ပေးလိုက်ပါသည်။


သေချာတွေးကြည့်ရင် တကယ်ရင်နာဖို့ကောင်းတယ်။ တမြေတည်းနေ၊ တရေတည်းသောက်နေတဲ့ ညီအစ်ကို မောင်နှမတွေကြားမှာ ရက်ရက်စက်စက် သွေးခွဲခံထားရတယ်ဗျာ။ ကျွန်တော်ရွာမှာ စာစသင်တဲ့နေ့က ကလေးတယောက်က မေးတယ်။ ဆရာလေးက ဗမာလားတဲ့။ ဟုတ်တယ်ပြောတော့၊ ကျောင်းသားတွေကို ဘာပြောလိုက်တယ်မသိဘူး။ အားလုံးထပြေးလို့ ကျွန်တော့်မှာ အိုးနင်းခွက်နင်း။ ရွာလူကြီးတွေနဲ့ သူတို့မိဘတွေကို လိုက်ပြောခိုင်းရတယ်။ ကျွန်တော်ဟာ ဗမာပေမယ့် စစ်သားဗမာတွေနဲ့ မတူဘူးဆိုတာကိုပေါ့။ နောက်မှတဖြည်းဖြည်းချင်း စစ်တပ်မှာလဲ ဗမာတွေတင်ရှိတာမဟုတ်ဘူး။ တိုင်းရင်းသားတွေလဲပါတယ်။ ရွာတွေမှာ ရမ်းကားနှိပ်စက် အနိုင်ကျင့်နေတာ ဗမာလူမျိုးတွေမဟုတ်ပါဘူး။ တနိုင်ငံလုံးက လူစိတ်မရှိတဲ့လူတွေ သွားစုဝေးမိနေတဲ့ လူသတ်အဖွဲ့တခုသာဖြစ်တယ်ဆိုတာ ပြောပြရတယ်။ အင်း- တော်တော်တော့ခက်သား။ ကျွန်တော်ဘယ်လောက်ပြောပြော သူတို့ကမျက်မြင်ကြုံထားရတော့ ဗမာစစ်တပ်လို့ပဲ အထင်ရောက်နေတာ။ သူတို့ရင်ထဲကို သွတ်သွင်းခဲ့တဲ့ အဲဒီမြင်ကွင်းတွေကို အချိန်ယူပြီး သေချာဖျောက်ပေးနိုင်မှ၊ မဟုတ်ရင် စစ်ခွေးတွေလုပ်တာနဲ့ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်ကုန်ပြီ

ဘယ်လိုမြင်ကွင်းတွေလဲအစ်ကို”


သူမသိချင်ဇောနှင့် ၀င်မေးဖြစ်သည်။

ဒီရှမ်းနယ်တကြောဟာ လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးနယ်မြေပဲညီမလေး။ မတရားတာကို ဆန့်ကျင်ခဲ့တဲ့ တော်လှန်ရေးသမားတွေရဲ့ သွေးစက်တွေ၊ တောက်ခေါက်သံတွေ၊ တိုက်ပွဲခေါ်သံတွေ၊ ငိုကြွေးသံတွေ၊ မျက်ရည်စက်တွေဟာ ရှမ်းရိုးမတောင်တန်းကြီးရဲ့ သင်္ကေတတွေ ဖြစ်နေခဲ့ရပြီ။ အင်မတန်သာယာတဲ့ ရှမ်းအိုးစည်သံနေရာမှာ သေနတ်သံ၊ ဗုံးသံတွေက နေရာယူခဲ့ရတယ်။ စစ်တပ်ဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲဆိုရင် ရွာငယ်လေးတွေမှာ ရိုးသားသားသားလုပ်ကိုင်စားသောက်နေတဲ့ တိုင်းရင်းသားတွေကို သတ်ဖြတ်၊ ရိက္ခာလု၊ ရိုက်နှက် နှိပ်စက်ကလူပြုပြီးရင် “ဗမာကွ” လို့ ဟစ်ကြွေးခဲ့ကြတယ်။ တိုင်းရင်းသားတွေကို ရင့်ရင့်သီးသီး ဆဲဆို၊ တိုင်းရင်းသူတွေကို မုဒိန်းကျင့်၊ ရွာတွေကို မီးတင်ရှို့၊ အခြေကျနေတဲ့ရွာတွေကို အတင်းရွှေ့ခိုင်းနဲ့ ရွာတွေကသာ ပအိုဝ့်ရွာ၊ ပလောင်ရွာ၊ ရှမ်းရွာ၊ ဓနုရွာ၊ အင်းသားရွာဆိုပြီး ကွဲသွားမယ်။ သူတို့အော်သံတွေကတော့ “ဗမာကွ”၊ “ဗမာကွ” ဆိုပြီး မိုက်ရိုင်းခဲ့ကြတာ”


ယုတ်မာလိုက်ကြတာ။ ဒါတွေကြောင့် ကျောင်းမှာတုန်းက ရှမ်းကလဲ သူ့အုပ်စုနှင့်သူ၊ ပအိုဝ့်ကလဲ သူ့အုပ်စုနှင့်သူနေပြီး၊ ညီမလေးတို့ဗမာတွေကို ခပ်ရှောင်ရှောင်လုပ်ခဲ့ကြတာကိုး။ ညီမလေးကတော့ အစက ဘယ်သိမလဲ။ ပေါင်းသင်းဆက်ဆံရေးမကောင်းဘူးပဲ ထင်ခဲ့တာပေါ့။ တမြေတည်းနေတဲ့သူတွေ၊ တကျောင်းတည်းစာအတူသင်နေသူတွေ သွေးကွဲနေကြရတာ၊ ဒင်းတို့ကြောင့်ကိုး”


ဟုတ်တယ်ညီမလေး။ အဲဒါကြောင့် အန်တီစု ရှမ်းပြည်လာတုန်းကဆို ရှမ်းပြည်နယ်ဟာ အရေးကြီးတယ်နော် ဆိုတဲ့စကားမြို့တိုင်းမှာ ပြောသွာခဲ့တာ။ ဗမာနဲ့ တိုင်းရင်းသားတွေကိုတင် မဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်းကိုလဲ ခွဲထားကြသေးတယ်။ အို- ဒီလောက်ရိုးသားတဲ့ ပအိုဝ့်တိုင်းရင်းသားတွေကိုတောင် သွေးထိုးခဲ့ကြသေးတာပဲ”


အစ်မနန်းကိန်ဖောင်းက ၀င်ပြောသည်။ သေသေချာချာ စဉ်းစားကြည့်တော့မှ စစ်အစိုးရ၏ ယုတ်မာမှုများမှာ ကွင်းကွင်းကွက်ကွက် ပေါ်လာရသည်။

ဗိုလ်ချုပ်ခင်ညွန့်ကတော့ ရှမ်းပြည်လာတိုင်း ကျောက်တလုံးသွားပြီး ပအိုဝ့်ဖြူက အဘဦးအောင်ခမ်းထီ ကို သွားတွေ့ရ၊ ကန်တော့ရနဲ့ လုပ်ပြနေတာအမောပဲ။ ပအိုဝ့်နီအဖွဲ့ကိုလဲ လုပ်ငန်းတွေချပေး၊ ဘာပေးအသံတွေ ကြားနေရတယ်”


နားလှည့်ပါးရိုက်လုပ်နေကြတာလေ။ ပအိုဝ့်ဖြူဝင်လာတော့ ပအိုဝ့်နီနဲ့ ထိပ်တိုက်တွေ့ပေးတယ်။ အချင်းချင်းသတ်ခိုင်းတိုက်ခိုင်းတယ်။ နှစ်ဖွဲ့လုံးဝင်လာတော့ ရှမ်းနဲ့ ထိပ်တိုက်တွေ့ပေးတယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတယ်ဆိုတာ သူတို့မှသူတို့အစစ်။ ဒါနဲ့များ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အော်နေကြသေးတယ်။ တော်တော်လေးကို မျက်နှာပြောင်တိုက်တဲ့လူတွေ”

တိုင်းရင်းသားအဖွဲ့တွေလဲ ထောင်ချောက်မိခံလိုက်ရတာပါ။ သိတဲ့အချိန်ကျတော့ ရန်စည်း၊ ငါစည်းထားလို့မရအောင်ကို ရန်သူက ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးဖြစ်သွားတာကိုး”


လုပ်ငန်းတွေချပေးတော့ သစ်လုပ်ငန်းတွေ စချကတည်းက မရိုးသားဘူးဆိုတာ အထင်ရှားကြီးပါ။ တဖွဲ့သိမ်းသွင်းလိုက်၊ တဖွဲ့ကို ဖိတိုက်လိုက်၊ လှုပ်ရှားခွင် ကျဉ်းအောင် လုပ်လိုက်၊ လုပ်ငန်းတွေ ချပေးလိုက်၊ အခွင့်အရေးပေးပြီး အချင်းချင်းခွပ်ခိုင်းလိုက်နဲ့ စစ်ရေးကိုကျတော့ မသိမသာ အသာစီးယူသွားတာ။ တိုင်းရင်းသားအဖွဲ့တွေလဲ ပိတ်မိကုန်တယ်။ ပြိုင်တူပြန်ထွက်မှ၊ ပူးပေါင်းနိုင်မှ တော်ကာကျမယ်။ အရေးကြီးဆုံးကတော့ သွေးခွဲနေတာကို လိုက်မကွဲမိဖို့ပဲ။ ဖယ်ဒရယ်ပြည်ထောင်စုကြီးအတွက် အားလုံးပြိုင်တူ ညီညွတ်ကြဖို့ပဲ။ မဟုတ်ရင် စစ်ကျွန်ဘ၀က တသက်လုံးလွတ်မှာမဟုတ်ဘူး


သိထားသည့် အချက်အလက်များကို တယောက်တလှည့် ၀င်ဆွေးနွေးကြရင် ရှမ်းတောင်တန်းပေါ်မှ စကားဝိုင်းလေးသည် ဆောင်းကာလ လေအေးလေးကြားဝယ် အလွန်ပင် အနှစ်သာရ ရှိခဲ့ပါသည်။


ကဲ၊ စကားပြောလို့ကောင်းနေကြတာ။ နဲနဲတောင်မှောင်လာပြီ။ ပြန်ကြရအောင်။ နက်ဖြန်ကျရင် ဟိုဘက်တောင်ကြောပေါ်က ရှမ်းဘုန်းကြီးကျောင်း လိုက်ပို့ပေးမယ်”

ကိုဇော်ဝင်း၊ ကျွန်မတို့မထွက်လာခင် ခေါပုတ်လှီးလာခဲ့တယ်။ အဆင်သင့်ကြော်ရုံပဲ။ ပြန်ရောက်ရင် ၀ိုင်းဖွဲ့ကြရအောင်”


ထိုညက တောင်ပေါ်ရွာလေးတရွာတွင် အခါးရေသောက်ရင်း၊ ခေါပုတ်ကြော်စားရင်း၊ အစ်ကိုက ဂစ်တာတီးပြီး သူမတို့တတွေက ၀ိုင်းဖွဲ့သီချင်းဆိုကြရင်းဖြင့် ပျော်စရာအလွန်ကောင်းခဲ့ပါသည်။ တယောက်စီဆိုကြဖို့ ပွဲတောင်းတော့ အစ်ကိုက ဂျေညီညီရဲ့ “ချစ်မိနေပြီ” သီချင်းအား သီဆိုပြီး၊ သူမက မီမီဝင်းဖေရဲ့ “ဘာကြောင့်ချစ်” သီချင်းလေးကို ဆိုဖြစ်လေသည်။ သီချင်းဆိုဆဲ ဆုံမိကြတဲ့ မျက်ဝန်းလေးတွေဟာ နှလုံးသားပြတင်းလေးများ ဖြစ်လေမလား။


ပွဲသိမ်းခါနီးတော့ အစ်ကိုက စိုင်းဆိုင်မောဝ်၏ “ရိုးရာမပျက်တဲ့မြေ” သီချင်းလေးကို စတီးလိုက်သဖြင့် သူမတို့ကလဲ ညီညွတ်စွာပင်


ပန်းချယ်ရီပွင့်တဲ့တောင်တန်း-

နှင်းမြူဆိုင်းတဲ့တောင်တန်း-

မောရှမ်းတို့ရဲ့မွေးမြေ-

ရှမ်းပြည်က ချစ်စရာ-

သာယာပျော်ရွှင်ခြင်းနဲ့ပြည့်ဝခဲ့တာ

အာ----

ရိုးရာမပျက်တဲ့မြေပါ။


မြူးမြူးကြွကြွအကတွေ

အိုးစည်ကြီးနဲ့လေ

ဘယ်ညာယိုင်ကာနင်းတဲ့

ဓားသိုင်းရဲ့ရိုးရာ

မရိုးနိုင်တာ

ယနေ့ထက်တိုင်ပါ။


စိမ်းစိုလန်းဆန်းနေတဲ့

ထင်းရူးတောကြီးများရယ်

လက်ဖက်ယာခင်းများရယ်

စတော်ဘယ်ရီခင်းနဲ့

ရှူတိုင်းလှနေပါတဲ့ရှမ်းမြေ။


ဆိုသော သီချင်းစာသားများကို ပြိုင်တူဆိုခဲ့ကြပါသည်။


သြော်- ရှမ်းပြည်မှာ မွေးခဲ့ကြတဲ့ ဗမာလေးတယောက်၊ ဗမာမလေးတယောက်၊ ရှမ်းမလေးတယောက်၊ ပအိုဝ့်မလေးတယောက်တို့ရဲ့ သံပြိုင်ဟစ်ကြွေးနေတဲ့ ဒီသီချင်းသံလေးကို သွေးခွဲရန်တိုက်ပေးနေတဲ့ စစ်အာဏာရှင်ကြီးများကို မြင်စေချင်စမ်းပါဘိ။


(ဆက်လက်ဖော်ပြပါမည်)


ခင်မမမျိုး


  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP