ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဘ၀စစ်မြေပြင်

Thursday, August 14, 2008

ဘ၀စစ်မြေပြင်


ဘ၀ဆိုတဲ့စစ်မြေပြင်မှာ တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ဆင်နွှဲရလိမ့်မယ်။ ဒဏ်ရာတွေလဲ အများကြီးရလိမ့်မယ်။ အကြိမ်ကြိမ်အခါခါလဲ လဲကျသွားလိမ့်မယ်။ ဒါပေမယ့် လဲကျတဲ့အခါတိုင်း ပြန်ထဖို့အားယူကြိုးစားနေသရွေ့ မင်းမရှုံးသေးဘူး”


ကျွန်မရဲ့မှန်တင်ခုံပေါ်မှာ ဒီစာစုလေးကို ကပ်ထားပါတယ်။ သာမန်အားဖြင့်ကြည့်ရင် သုံးကြောင်းသာရှိတဲ့ စာစုလေးပေမယ့် ကျွန်မဘ၀အတွက်တော့ အင်မတန်တန်ဖိုးရှိတဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာစုလေးတခုပါ။ ဒီစာစုလေး ကျွန်မအတွေးထဲ ဘယ်လိုရောက်လာခဲ့လဲဆိုတာ မမှတ်မိတော့ပေမယ့် ဘ၀နဲ့ပတ်သက်တဲ့တစုံတရာရေးပြီးကပ်ထားဖို့ စဉ်းစားလိုက်တဲ့အခါ ဒီစကားလုံးလေးတွေက ကျွန်မခေါင်းထဲကနေ အလိုလို ထွက်ကျလာခဲ့ပါတယ်။ အကြိမ်ကြိမ်လဲကျခဲ့ဖူးပြီး၊ အကြိမ်ကြိမ်ပြန်ထဖို့ ကြိုးစားခဲ့ဖူးတဲ့ ကျွန်မရဲ့ အတွေးတွေထဲကို အချိန်ကာလတခုမှာကတည်းက တွဲခိုနေခဲ့တာများ ဖြစ်လေမလားပဲ။


ဘ၀ဆိုတဲ့အရာမှာ ထူးဆန်းဆန်းကြယ်တဲ့ အချိုးအကွေ့လေးတွေများ မရှိခဲ့ဘူးဆိုရင် ဒီအချိန်မှာ ကျွန်မဘာဖြစ်နေမလဲ။ ပြန်ပြီးစဉ်းစားကြည့်မိတယ်။ သေချာတာတခုကတော့ ကျွန်မမိခင်ဖြစ်စေချင်ခဲ့တဲ့ ဆရာဝန်တယောက်ဖြစ်နေခဲ့လိမ့်မယ်။ ဆေးကုသရေးကို ၀ါသနာမပါပဲ ပြည်သူ့ကျန်းမာရေးပိုင်းမှာ ပိုပြီး စိတ်ဝင်စားသူဖြစ်တဲ့အတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘွဲ့လွန်တခု ယူထားဖြစ်လိမ့်မယ်။ ပေါ်လစီရေးရာဌာနတခုခုမှာ အလုပ်လုပ်ဖြစ်နေလိမ့်မယ်။ တပြိုင်နက်တည်းမှာပဲ ၀ါသနာပါတဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတယောက်ဖြစ်လိမ့်မယ်။ အားလပ်ချိန်မှာ ကလေးတွေ စာသင်ပေးရင်း၊ စာရေးနေသူတယောက်ဖြစ်လိမ့်မယ်။ ဒါဟာ ငယ်စဉ်က ကျွန်မစိတ်ကူးယဉ်ခဲ့ဖူးတဲ့ ဘ၀လေးတခုပါပဲ။


ဒါပေမယ့်လည်း ဘ၀မှာတကယ်ဖြစ်လာနိုင်တွေဟာ ဇာတ်လမ်းပမာတွေထက် ဆန်းကြယ်တတ်တယ်ဆိုတဲ့ စကားကများ မှန်လေသလားမသိ။ ပထမဦးဆုံး ဘ၀ရဲ့ အချိုးအကွေ့ တခုကို စတင်ကြုံတွေ့ခဲ့ပါတယ်။ မတရားတာကို ကိုယ်နဲ့ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ၀င်ပါတတ်တဲ့ ကျွန်မရဲ့ အတွေးတွေထဲကို မတရားမှုတွေ ကြုံတွေ့နေရတဲ့ ဒုက္ခသည်ပြည်သူတွေက စတင်ဝင်ရောက်လာခဲ့ပါတယ်။ အရာတော်တော်များများ လိုချင်တာရခဲ့ဖူးသူတယောက်ရဲ့ ဘ၀မှာ ဒီလိုအဖြစ်အပျက်တွေနဲ့ မနီးစပ်ခဲ့တာ အမှန်ပါပဲ။ အမှန်တရားတွေ သိလာရချိန်ကျတော့ ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး မနေတတ်ခဲ့ဘူး။ အမှန်တရားဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ရလာဒ်ကတော့ မိဘအသိုင်းအ၀ိုင်းတွေနဲ့ အလှမ်းဝေးကွာတဲ့ လမ်းကြောင်းတခုပေါ် ရောက်သွားခဲ့တာပါ။


ဒီလိုနဲ့မတရားတာကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ် လျှောက်နေစဉ်မှာ ဘ၀မှာ အသက်လောက်ချစ်ရတဲ့ ချစ်သူတယောက်ကို ဆုံဆည်းခဲ့ရတယ်။ ယုံကြည်ချက်တူညီတဲ့လမ်းကြောင်းပေါ်က ဘ၀နှစ်ခုကို ပေါင်းစပ်ဖို့ မျှော်လင့်ချက်တွေ ထားခဲ့ကြတယ်။ အတူတူဘ၀ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ ယုံကြည်ချက်တွေကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်ဆိုး၊ စနစ်ဆိုးအောက်မှာ အမှန်စကား ဆိုမြွက်ဖို့ဆိုတာကတော့ သိပ်မလွယ်ခဲ့။ ကြုံခဲ့ရတဲ့ အခက်အခဲတွေက အများအပြား။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်လုပ်ချင်တာတွေကို မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက် ဘယ်လိုလုပ်ယူလို့ရမှာလဲဆိုတာ သံသယရှိလာတဲ့ အချိန်မှာတော့ ငယ်စဉ်က ရည်ရွယ်ခဲ့ဖူးတဲ့ ဘ၀တခုဟာ ကျွန်မနဲ့ တစတစ ဝေးကွာသွားပါတော့တယ်။


မျက်စိရှေ့မှာ မြင်နေရတဲ့ မတရားမှုဖြစ်ရပ်များ၊ ကြေကွဲစရာဖြစ်ရပ်များအားလုံးရဲ့ တရားခံဟာ စနစ်ဆိုးဖြစ်တာကြောင့် ဒီစနစ်ဆိုးကို တိုက်ဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားဖြစ်ခဲ့ကြတယ်။ ဒီအချိန်မှာပဲ ကျွန်မတို့ဘ၀ထဲကို မျှော်လင့်ချက်ရောင်ခြည်တန်းလေးတခု ၀င်ရောက်လာခဲ့တယ်။ သင်ပုန်းချေရမယ်၊ ယုံကြည်မှုတည်ဆောက်ရမယ်ဆိုတဲ့ စကားလုံးလေးတွေပါ။ ကျွန်မတို့ အပြည့်အ၀ တန်ဖိုးထားခဲ့ကြပါတယ်။ တိုးတက်လာသယောင်ဖြစ်နေတဲ့ အခြေအနေလေးတွေအတွက် ပျော်ရွှင်ခဲ့ကြတယ်။ တိုင်းပြည်တည်ဆောက်ရေးကဏ္ဍမှာ အုပ်တချပ်လေးအဖြစ် ပါဝင်နိုင်ဖို့ဆိုပြီး၊ သူရဲ့ သဘောတူညီချက်နဲ့ အမေလွှတ်တဲ့ နိုင်ငံခြားပညာရေးခရီးကို ကျွန်မထွက်လာဖြစ်ခဲ့တယ်။ သင်ယူရတဲ့ပညာရပ်အပြင် တိုင်းပြည်အတွက် လိုအပ်မယ်ထင်တဲ့ တခြားပညာရပ်တွေကိုပါ တစိုက်မတ်မတ်လေ့လာဖြစ်ခဲ့တယ်။ မျှော်လင့်ချက်တွေနဲ့ပါလေ။


မိဘအသိုင်းအ၀ိုင်းက လက်ခံမှာ မဟုတ်တာကို ကြိုသိထားရက်နဲ့ ဘ၀နှစ်ခုအတူ ပေါင်းစပ်ရေးအတွက်ကိုပါ ကြိုတင်ပြင်ဆင်ခဲ့ကြတယ်။ စင်ကာပူ ကျောင်းတခုကနေ ကျွန်မရဲ့မွေးရပ်ဇာတိမြို့လေးမှာ ကျောင်းခွဲဖွင့်ခွင့် သဘောတူညီချက်ရတဲ့အချိန်မှာတော့ ကျွန်မတို့ရဲ့ အနာဂတ်ခရီးလမ်းဟာ ချောမွေ့နေခဲ့သလိုပါပဲ။ တဘက်ကနေ ၀မ်းရေးအတွက်စာသင်ရင်း စီးပွားရေးလုပ်ငန်းတွေလုပ်ကြရင်း၊ တဘက်ကနေလဲ ယုံကြည်ရာ လမ်းကြောင်းကို ဆက်လျှောက်ကြမယ်ပေါ့လေ။ သူထောင်ချင်တဲ့နိုင်ငံရေးအဖွဲ့အစည်း၊ သူထုတ်ချင်တဲ့နိုင်ငံရေးစာစောင် စတာတွေအတွက် စိတ်ကူးယဉ်လို့ကို မဆုံးခဲ့ပါဘူး။ သူ့ရင်ထဲမှာ အမြဲလွှင့်ထားတယ်ဆိုတဲ့ ခွပ်ဒေါင်းအလံလေး ပြင်ပမှာ လွှင့်ထူနိုင်ခွင့်အတွက် အတူကြိုးစားကြမယ်ဆိုတဲ့ မျှော်လင့်ချက်တွေအပြည့်နဲ့ပါ။ တကယ်တော့ ဘ၀ဆိုတဲ့ စစ်မြေပြင်ကြီးမှာ တိုက်ပွဲတွေ ရှိနေနိုင်သေးတယ်ဆိုတာကို ကျွန်မတို့တွေ ခဏမေ့သွားခဲ့ကြတာပါ။


ဒီလိုနဲ့ မျှော်လင့်မထားတဲ့အရာတွေဟာ မျှော်လင့်မထားတဲ့အချိန်မှာ ဖြစ်ပွားလာခဲ့ပြန်ပါတယ်။ သမိုင်းရဲ့ ဆိုးရွားလာတဲ့ လူသတ်ပွဲကြီးတခုက ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေကို ရိုက်ချိုးပစ်ခဲ့ပါတယ်။ ဒါလား- ယုံကြည်မှုတည်ဆောက်မှုရဲ့ ရလာဒ်၊ ဒါတဲ့လား- တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်ဆိုတာအတွက် အဖြေ။ အကြိမ်ကြိမ်ကတိပျက်ခဲ့ပြီး၊ အကြိမ်ကြိမ်ရက်စက်မှုတွေ မြင်တွေ့ခဲ့ရပေမယ့် ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့တော့ တကယ်ကို ထင်မှတ်မထားခဲ့မိတာပါ။ ချုံခိုတိုက်ပွဲဆိုတာ စစ်မြေပြင်မှာဆိုရင်တော့ လုပ်သင့်တာတခုဆိုပေမယ့် လက်နက်မဲ့လူတွေကို ထောင်ချောက်ဆင်ပြီး၊ ရိုက်သတ်တာမျိုးဆိုတာကတော့ အင်မတန်ကို ကောက်ကျစ်ယုတ်မာသူတွေကျမှ လုပ်တတ်ကြတာပါလေ။


ဘာပဲဖြစ်ဖြစ်အဲဒီဖြစ်ရပ်ဆိုးကြီးဟာ ကျွန်မဘ၀ရဲ့ စစ်မြေပြင်မှာတော့ အလဲထိုးခံခဲ့ရတဲ့ တိုက်ပွဲကြီးတခုပါပဲ။ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းခဲ့ရတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ ပျောက်ဆုံးသွားသူအတွက်သာမက တခြားရဲဘော်ရဲဘက် ပျောက်ဆုံးသွားသူတွေအတွက်ပါ နာကြည်းခဲ့ရတယ်။ ရန်သူအပေါ်မှာ ဒီလောက်တောင်ပဲ ယုံကြည်ခဲ့ရသလားဆိုပြီး ကိုယ့်ရဲ့ဘက်တော်သားတွေအတွက် ယူကျုံးမရဖြစ်ခဲ့ရတယ်။ လူကြီးလူကောင်းမဆန်တဲ့ရန်သူကို အထင်သေးခဲ့ရတယ်။ ခံစားချက်တွေကို အင်အားအဖြစ် ပြောင်းလဲပစ်နိုင်ဖို့၊ လဲကျရာက ပြန်ထနိုင်ဖို့ အတော်ကို အားယူခဲ့ရတာပါ။ ဒီလိုနဲ့ပဲ ယူဂျီကနေ အိုဂျီကို တက်ဖြစ်ခဲ့တယ်၊ လှုပ်ရှားမှုတွေထဲမှာ အားသွန်ခွန်စိုက် ပါဖြစ်သွားခဲ့တယ်။ စာတွေရေးဖြစ်ခဲ့တယ်။ ဖြစ်လာတဲ့အခြေအနေမှာ ကိုယ့်ဘ၀ကို အကောင်းဆုံးရပ်တည်နိုင်အောင် တဘက်ကကြိုးစားရင်း၊ တဘက်ကနေလဲ အနာဂတ်တိုင်းပြည် တည်ဆောက်ရေးမှာ တဘက်တလမ်းကနေ အားကူပေးနိုင်မယ့် ပညာရပ်တွေကို လေ့လာဖြစ်ခဲ့တယ်။ ဘ၀စစ်မြေပြင်မှာ အလဲထိုးဖို့ပြင်ဆင်ထားတဲ့ နောက်ထပ်တိုက်ပွဲကြီးတခု ရှေ့ခရီးမှာ စောင့်ကြိုနေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူးပေါ့။ တိုက်ပွဲတွေ တွေ့ရမယ်ဆိုတာ မျှော်လင့်ထားပေမယ့် ဒီလောက်ကြီးမားမယ်လို့တော့ မတွေးတောခဲ့မိဘူးပေါ့လေ။


အဲဒီတိုက်ပွဲကြီးတခုကတော့ မမျှော်လင့်တဲ့အချိန်မှာ ကျွန်မရုတ်တရက် အိမ်ထောင်ကျသွားခဲ့တာပါပဲ။ အဲဒီအချိန်က ကျွန်မဘ၀မှာ အာမခံချက်ရှိပြီး၊ ကိုယ့်ဘ၀ရပ်တည်ရေးအတွက်သာမက၊ လုပ်နေဆဲနိုင်ငံရေးဖော်ဆောင်မှုတွေကိုပါ အသင့်အတင့် ထောက်ကူပေးနိုင်တဲ့ အလုပ်ကောင်းတခုရထားခဲ့ပါတယ်။ ရှေ့ဆက်တက်မယ့် ရာထူးအခွင့်အလမ်းတွေနဲ့အတူ တခါတလေ ညဘက် ()နာရီလောက်အထိပါ အလုပ်ထဲမှာ ရှိနေခဲ့ဘူးပါတယ်။ တဘက်ကနေလဲ ဒုတိယမြောက်ဘွဲ့လွန်တခုဖြစ်တဲ့ မဟာဝိဇ္ဇာဘွဲ့ကို အချိန်ပိုင်းတက်နေဆဲ။ ပြီးရင်ပါရဂူဘွဲ့ဆက်တက်ပြီး၊ အိုင်အမ်အက်ဖ်မှာ အသက် (၃၂)နှစ်အောက် ပီအိတ်ခ်ျဒီဘွဲ့ရများသာ လျှောက်ထားနိုင်တဲ့ အလုပ်အတွက် ကျွန်မအရာရာကို ကြိုတင်ပြင်ဆင်နေခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများ တနိုင်ငံပြီးတနိုင်ငံကိုသွားရင်း စီးပွားရေးစနစ်ပြုပြင်ရေးတွေမှာ ပါဝင်ထားတဲ့ အတွေ့အကြုံဟာ တချိန်ကျွန်မရဲ့နိုင်ငံတော်ကြီးအတွက် အကျိုးကျေးဇူးရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ထားခဲ့ပါတယ်။


ဒီအချိန်မှာ ကျွန်မမှားခဲ့တဲ့အချက်တချက်က ကျွန်မရဲ့ ပျောက်ဆုံးသွားတဲ့ချစ်သူနဲ့ တနှစ်တည်း၊ တရက်တည်းမွေးတဲ့လူတယောက်ကို စိတ်ဝင်စားသွားမိခြင်းပါ။ မွေးနေ့တူပေမယ့် စိတ်ဓာတ်၊ အကျင့်စာရိတ္တနဲ့ ခံယူချက်တွေမှာ ဆန့်ကျင်ဘက်တွေ ဖြစ်နေလိမ့်မယ်လို့တော့ ကျွန်မထည့်မတွက်ခဲ့မိဘူးပေါ့လေ။ ဒီလိုနဲ့ပဲ ဘာဆိုဘာမှ ကြိုတင်ပြင်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ပဲ “မိန်းမဆိုတာ လူသိရှင်ကြား ပတ်သက်ခံလိုက်ရရင် အရှက်တရားနဲ့ သိက္ခာအတွက် ယောက်ျားတယောက်ကို ယူချင်ချင်မယူချင်ချင် ယူရတာပဲကွ။ လက်ထပ်ပြီးရင်လဲ ကလေးရှိနေရင် အဲဒီယောက်ျားကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ကလေးမျက်နှာနဲ့ ပေါင်းရတာပဲကွ။ မင်းကဘယ်လိုမိန်းမမျိုးမို့လို့လဲ” လို့ နောင်တချိန်ဆိုလာခဲ့တဲ့ ယောက်ျားတယောက်ရဲ့ ထောင်ချောက်ထဲကို ကျဆင်းသွားခဲ့ရပါတယ်။ တကယ်တော့ “နိုင်ငံရပ်ခြားမှာ ကိုယ့်မြန်မာအချင်းချင်း ထောင်ထဲ မပို့ချင်ခဲ့တဲ့ ကျွန်မရဲ့ စိတ်ဓာတ်” နဲ့ “လူ့ပြည်ကအပ်တချောင်းနဲ့ နတ်ပြည်ကအပ်တချောင်းထိဖို့ထက် လူ့ဘ၀ရဖို့ကပိုခက်ခဲတယ်။ လူ့ဘ၀မရခင် ဘယ်လိုဘ၀မျိုးတွေမှာ ကျင်လည်ခဲ့ရတယ်မှန်းမသိ။ လူဖြစ်ခွင့်ပေးသင့်တယ်” ဆိုတဲ့ အတွေးအခေါ်တွေကပဲ မှားခဲ့လေသလားမသိ။ ကျွန်မကတော့ အလိုလိုနေရင်းအိမ်ထောင်ဆိုတာကို ကျသွားခဲ့ပါတယ်။ အိမ်ထောင်ကျတာနဲ့ အိမ်ထောင်ပြုတာ ဆိုတာတွေက တကယ်တော့တူသလိုလိုနဲ့ အလွန်ကို ကွာခြားလှတာပါ။


ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ ဘ၀တခုပြိုလဲခြင်းဆိုတာ အဲဒီမှာ စတင်တော့တာပါပဲ။ ကျောင်းသားတပ်မတော်က စာသင်ကျောင်းမှာ လုပ်အားပေးသုံးလသွားလုပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်။ ကတိမတည်သလိုဖြစ်ခဲ့ရတဲ့အတွက် အခုအချိန်ထိ စိတ်မကောင်း။အဲဒီတုန်းက၀ယ်ထားတဲ့ ဘန်ကောက်လေယာဉ်လက်မှတ်ဟောင်းလေးကို ပြန်ကြည့်မိတိုင်း ပြောပြီးမထမ်းဆောင်နိုင်ခဲ့တဲ့တာဝန်တခုအတွက် ဒေါသထွက်ခဲ့ရတယ်။ အရေးထဲ ကိုယ်ဝန်ဆောင်ဘ၀မှာ severe hyperemesis က လာဖြစ်ပါတော့တယ်။ အစာရော၊ ရေရောမ၀င်ပဲပြန်အန်ထွက်နေလို့ ဆေးပါသွင်းရတော့တဲ့အခါ ကျွန်မသိပ်နှစ်သက်နေပြီဖြစ်တဲ့ အလုပ်ကို လက်လွှတ်လိုက်ရပါတယ်။ ကျောင်းကိုတော့ ဆရာ၊ ဆရာမများက နားလည်မှုနဲ့ အတန်းပျက်ကွက်တာတွေကို အရေးမယူပဲ Lecture notes တွေကို အီးမေးလ်ကနေပို့ပေးတာပါလုပ်ပြီး ကူညီပေးခဲ့တဲ့အတွက် ပညာရေးမှာတော့ သိပ်ပြီး မထိခိုက်ခဲ့ပါဘူး။ ဒီကြားထဲ ကံကောင်းတာတချက်က ကျွန်မတို့နှစ်ယောက်ရဲ့ နေထိုင်ရာနိုင်ငံမတူတာပါပဲ။ ကျွန်မဆီကိုလာဖို့က ကျွန်မခေါ်မှ ဖြစ်နိုင်တာအတွက်ကြောင့် လက်ထပ်ပြီးကတည်းက separated ဖြစ်နေခဲ့ခြင်းဟာ ကျွန်မအတွက်တော့ မဟာကံကောင်းခြင်းပါပဲ။ မဟုတ်ရင် နေမကောင်းရတဲ့ကြားထဲ မျက်နှာကိုပါတွေ့နေရရင် အတော်ဆိုးဝါးမယ့်ကိစ္စပါ။ ဖုန်းလာဆက်နေလို့ အသံကြားရတာတောင် စိတ်ကုန်လွန်းလို့ ဖုန်းကြိုးဖြုတ်ထားရတဲ့အထိပါပဲ။ ဒီကြားထဲ ပညာရေးမလုပ်တော့ဖို့၊ ပိုက်ဆံရှာတဲ့အလုပ်မှာပဲ အာရုံစိုက်ဖို့ တောင်းဆိုနေတာက ပိုဆိုးသေးတယ်။ ညအိပ်မယ်လုပ်တိုင်း ဒီအတွက် ကျွန်မမှာ စိုးရိမ်တကြီးကို ဖြစ်ခဲ့ရပါတယ်။ ကျွန်မက ပညာရေးဆိုတာမှာ ဘွဲ့အတွက်တင် လုပ်နေတာမဟုတ်ပဲ ပညာရပ်ထဲမှာ စိတ်ရောကိုယ်ပါနစ်နေတာ ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။ မြန်မာပြည်ဒီမိုကရေစီရရင် research institution ထောင်မယ်။ တက္ကသိုလ်မှာ စာသင်မယ်။ ပညာပြန်မျှဝေဖို့ ရည်ရွယ်ထားသူတယောက်ဟာ ပညာနဲ့ အဆက်ပြတ်လို့မှ မဖြစ်တာပဲကိုး။ စာဖတ်တာတွေမှာ ဖြစ်လာတော့မယ့် အနှောင့်အယှက်တွေကို ကြိုတွေးမိပြီး အိပ်မပျော်ခဲ့တဲ့ညတွေမှ အများကြီးရယ်ပါ။


ဒါပေမယ့်လည်းလေ ကံကြမ္မာက ကျွန်မကို မျက်နှာသာလေးတော့ ပေးခဲ့ပါတယ်။ သူ့ရဲ့ ခြေလှမ်းတကွက်မှားကို သိခွင့်ရလိုက်ပြီး၊ အိမ်ထောင်ဆိုတာကြီးကနေ ကျွန်မလွတ်မြောက်နိုင်ခဲ့ပါတယ်။ တော်ပါသေးရဲ့။ လူမဖြစ်ခင်ကတည်းက ဖခင်မဲ့သွားတဲ့ ငါးလသား သန္ဓေသားလေးအတွက် ထည့်မစဉ်းစားဘူးလားလို့ သူငယ်ချင်းတွေက ပြောကြပါတယ်။ လောကမှာ တခါတလေကျတော့ မရှိတာဟာ ရှိတာထက် ကောင်းတဲ့အခြေအနေလေးတွေလည်း ရှိသေးတယ်ဆိုတာ ကျွန်မပြောပြဖြစ်ခဲ့တယ်။ ဘယ်လိုမှ ပြေလည်နိုင်မှာ မဟုတ်တဲ့ ဖခင်နဲ့မိခင်ကြားမှာ လူဖြစ်ပြီး စိတ်ညစ်နေရတာထက်စာရင်၊ တယောက်တည်းဆီမှာ လူဖြစ်ပြီး အေးအေးဆေးဆေးနေရတာက ပိုမိုကောင်းမွန်ပါလိမ့်မယ်။


ကျွန်မဘ၀မှာလေ အပျော်ဆုံးအချိန်ဟာ အဲဒီအချိန်ပါပဲ။ ကွာရှင်းပြတ်စဲလိုက်ချိန်မှာ ခံစားလိုက်ရတဲ့ ပျော်ရွှင်မှုဟာ ကျွန်မဘ၀မှာ ကြုံတွေ့ခဲ့ဖူးတဲ့ ဘယ်အပျော်နဲ့မှ နှိုင်းယှဉ်လို့မရနိုင်အောင်ပါပဲ။ ကျွန်မရဲ့ စိတ်တွေ ပေါ့ပါးလန်းဆန်းသွားတယ်။ ဘ၀အပေါ်အကောင်းမြင်စိတ်နဲ့အတူ အားသစ်အင်သစ်တွေ တက်လာတယ်။ ရှေ့ဆက်ရမယ့် ဘ၀ခရီးအတွက် ခွန်အားသစ်တွေ ဖြစ်ထွန်းလာခဲ့တယ်။ ကိုယ့်ကိုကိုယ်မယုံကြည်နိုင်လောက်အောင် တကယ့်ကို တက်တက်ကြွကြွဖြစ်နေခဲ့ပါတယ်။ တချို့မေးကြပါတယ်။ မိန်းမတယောက်ဘေးမှာ လင်ယောက်ျားတယောက်မရှိရင် ဘာဖြစ်သွားမယ်ထင်သလဲတဲ့။ ကျွန်မကိုလာမေးရင်တော့ ကျွန်မက ဖြေရပါလိမ့်မယ်။ ကိုယ့်ဘာသာကိုယ်တည်ဆောက်ရယူနိုင်တဲ့ ဘ၀အောင်မြင်ရေးလမ်းကြောင်းပေါ် ရောက်သွားပါ တယ်လို့ဖြေမိမှာ အမှန်ပါပဲ။


ကိုယ်က လိုလိုချင်ချင်နဲ့ ဘ၀ထဲကို ဖိတ်ခေါ်လိုက်လို့ ရောက်လာသူဆိုရင်တော့ တမျိုးဖြစ်ပါလိမ့်မယ်။ အဲလိုမဟုတ်ရင်တော့ မဖိတ်ပဲ အိမ်ထဲကို ဧည့်စိမ်းတယောက်ရောက်လာရင် အိမ်ကလူတွေအတွက် အနှောင့်အယှက်ဖြစ်စေသလိုပဲ ကျွန်မဘ၀ထဲကို ကျွန်မ မဖိတ်ခေါ်ထားတဲ့ ယောက်ျားဆိုသူ တယောက် မတော်တဆရောက်လာတဲ့အခါ ဘ၀ခရီးအတွက် အနှောင့်အယှက်တွေ အတော်များများတော့ ဖြစ်စေပါတော့တယ်။


ကျွန်မသားလေးကို မွေးပြီး အိမ်ပြန်ရောက်လာတဲ့နေ့မှာ ကျွန်မသိပ်လိုချင်ပြီး ကြိုးစားထားခဲ့တဲ့ အောက်စဖိုဒ့်တက္ကသိုလ် Doctor of Philosophy in Economics တက်ရောက်ခွင့် စာရွက်က အိမ်မှာ စောင့်ကြိုနေခဲ့ပါတယ်။ အချိန်ပြည့်လေးနှစ် သင်တန်းပါ။ အင်တာဗျူးသွားစဉ်က သိပ်နေမကောင်းတာမို့ ရလိမ့်မယ်လို့ မျှော်လင့်ချက်သိပ်မထားခဲ့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီမှာ ကျွန်မသိပ်စိတ်ဝင်စားတဲ့ Development Economics သုတေသနပိုင်းတွေကို သေချာညွှန်ကြားပြသပေးနိုင်မယ့် နိုဘယ်ဆုရ ပါမောက္ခကြီးတွေရှိပါတယ်။ ကျွန်မလုပ်ချင်တဲ့ သုတေသနတွေကို အပြည့်စုံဆုံးပံ့ပိုးပေးနိုင်မယ့် စာအုပ်စာတမ်းတွေ ရှိနေပါတယ်။ ကျွန်မလိုချင်တဲ့အရာတော်တော်များများဟာ အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။ ဒီကနေတဆင့်တက်ပြီး ၊ ကျွန်မသွားချင်တဲ့ အာဖရိကတိုက်နဲ့လက်တင်အမေရိကက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးရာအလုပ်တွေကို သွားလုပ်လို့ ရနိုင်ပါတယ်။ အတွေ့အကြုံတွေအများကြီးကို ကျွန်မရယူနိုင်ပါလိမ့်မယ်။ တက်ခွင့်ရတယ်ဆိုတာ တကယ့်ကို ပျော်စရာ အခွင့်အလမ်းကြီးပါပဲ။


သြော်-ဒါပေမယ့်လဲလေ- အော့စဖို့ဒ်က ပါရဂူဘွဲ့တွေကို အချိန်ပိုင်းတက်လို့မရဘူးဆိုတာ သိထားတဲ့ ကျွန်မအတွက်တော့ အချိန်ပြည့်လေးနှစ်ကို မွေးကာစကလေးလေးနဲ့ ဘယ်လိုဖြတ်သန်းရမှာလဲ ဆိုတာတွေ တွေးမိတဲ့အခါ၊ ကျွန်မရမယ့် စကောလားရှစ်တလတထောင်ခန့်ဟာ ကလေးထိန်းခ တလ (၉၀၀)နဲ့တင် ကုန်သွားမယ်ဆိုတာ တွေးမိလာတဲ့အခါ၊ ကျောင်းပြီးသွားတဲ့အခါကျရင်လဲ ဟိုနိုင်ငံသုံးလ၊ ဒီနိုင်ငံသုံးလသွားနေရမယ့် အလုပ်သဘာဝနဲ့ ကလေးငယ်လေးနဲ့ မဖြစ်နိုင်ဘူးဆိုတာ သတိပြုမိတဲ့အခါ၊ နံရံကို လက်သီးနဲ့ ဒေါသတကြီး ပိတ်ထိုးမိရုံမှတပါး တခြားရွေးစရာ မရှိခဲ့ပါဘူးလေ။ ကျွန်မတို့ယူကေ တက္ကသိုလ်တွေက offer ပေးချိန်မှာ accept (သို့) deny လုပ်ရပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးတခုရဲ့ offer ကို deny ဆိုတဲ့ အကွက်လေးထဲမှာ အမှတ်ခြစ်လိုက်ရတဲ့ ကျွန်မရဲ့ လက်တွေ တဆတ်ဆတ်တုန်နေခဲ့တာကို အခုအချိန်ထိ အမှတ်ရနေမိဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်တော့မှ ဇွဲမလျှော့ပဲ ကျွန်မဒီဘွဲ့ကို မရရအောင်ကို တချိန်ချိန်မှာ ယူမယ်လို့တော့ ဆုံးဖြတ်ချက်ချလိုက်မိတယ်။


ဒါကြောင့်လဲ နောက်ပိုင်း ကျွန်မတို့ တက္ကသိုလ်မှာပဲ အချိန်ပိုင်းပါရဂူဘွဲ့တက်ဖို့လုပ်ဖြစ်တော့ Economics အစား Politics ကို ကျွန်မရွေးလျှောက်ဖြစ်ခဲ့ပါတယ်။ ယူထားတဲ့ဘာသာရပ်တွေက နှစ်ခုလုံးအတွက် relevant discipline ဖြစ်နေလို့တော်ပါသေးတယ်။ Economics ပါရဂူဘွဲ့ကိုတော့ ကျွန်မ Oxford ကနေပဲ တချိန်မှာ ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားတာကြောင့်ပါပဲ။ သားလေးအရွယ်ရောက်ပြီးလို့ ကျွန်မတာဝန်ယူဖို့မလိုတော့တဲ့အချိန်တခုမှာပေါ့လေ။ ပြီးရင် ကျွန်မသွားဖို့ရည်ရွယ်ခဲ့တဲ့ နိုင်ငံတွေဆီ ဆက်သွားမယ်။ အလုပ်သွားလုပ်မယ်။ ဒီမျှော်လင့်ချက်တွေနဲ့ ကျွန်မလဲ အသက်ရှင်နေရတော့တာပါပဲ။ မြန်မာပြည်ဒီမိုကရေစီ ဒီကြားထဲ ရသွားခဲ့ရင်တော့ တမျိုးပေါ့လေ။ ဘာကိုမှစဉ်းစားစရာမလိုတော့ပဲ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ကျရာနေရာမှာ ပါဝင်ရမှာပေါ့။ လုပ်ချင်တာတွေကို အကောင်အထည်စဖော်ရမှာပေါ့။


အင်း- အခုအချိန်မှာတော့ လဲကျပြိုလဲသွားခဲ့တဲ့ ဘ၀တခုကို ပြန်လည်ထူထောင်နေရဆဲပါပဲလေ။ ပါရဂူဘွဲ့ရမယ့်အချိန်ဟာ အချိန်ပိုင်းလုပ်ရတာဖြစ်တဲ့အတွက် မျှော်မှန်းထားခဲ့တဲ့ အချိန်ထက်တော့ နှစ်ပေါင်းများစွာနောက်ကျသွားပါတယ်။ အလုပ်မှာလဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် focus မဟုတ်တော့ပဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံထဲက စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဘဏ္ဍာရေးကဏ္ဍဖြစ်နေပြန်ပါတယ်။ အဲဒီအတွက်လည်း ရာထူးတွေအဆင့်ဆင့်တက်နိုင်ဖို့ fellowship စာမေးပွဲတွေ ထပ်ဖြေရပြန်ပါတော့တယ်။ လမ်းကြောင်းနည်းနည်းရွေ့သွားတာဖြစ်တဲ့အတွက် ပိုပြီး ကြိုးစားရတာတော့ အမှန်ပါပဲ။ ဒီလိုသာ ဒီနိုင်ငံမှာပဲ ဘယ်လောက်ကြာမှန်းမသိ ဆက်နေရလိမ့်မယ်လို့ ကြိုသိခဲ့ရင် Development Economics အစား Corporate Finance and Investment Banking ကို specialized လုပ်ခဲ့မှာပေါ့လို့တော့ တွေးမိသား။


ဒါပေမယ့်လဲ ဘ၀ဆိုတာ ဘာဖြစ်လာမယ်မှန်းကြိုသိလို့ရနိုင်တာမှ မဟုတ်ပဲလေနော်။ ဘ၀ဆိုတဲ့ စစ်မြေပြင်ထဲမှာ အသေအလဲ ဆင်နွှဲရမယ့် တိုက်ပွဲကြီးတွေက ခပ်များများရယ်။ ကျွန်မရဲ့ ဘ၀ရှေ့ခရီးလမ်းကြောင်းမှာလဲ ဘယ်အကွေ့ကျရင် ဘယ်လိုတိုက်ပွဲတွေနဲ့ တွေ့ရဦးမယ်မသိ။ ဘာပဲဖြစ်ဖြစ် လဲကျတိုင်း ပြန်ထနိုင်ဖို့ကိုတော့ ကျွန်မအမြဲ ကြိုးစားနေမှာပဲ။


ခင်မမမျိုး (၁၄၊ ၈၊ ၂၀၀၈)


(ဘ၀မှာ အမျိုးသမီးတွေအတွက် ဘ၀ဖော် လင်ယောက်ျားတယောက်ရှိသင့်တယ်လို့ လူအများက ပြောဆိုကြပါတယ်။ ဒါပေမယ့် ကိုယ့်ဘ၀ထဲကို ယောက်ျားတယောက်ဝင်ရောက်လာတာဟာ အမြဲတမ်း အပေါင်းလက္ခဏာ မထွက်နိုင်ဘူးဆိုတဲ့အချက်ကိုတော့ ဘ၀တူမိန်းကလေးများ သင်ခန်းစာယူနိုင်ဖို့ ဒီပို့စ်လေးနဲ့ သတိပေးပါရစေနော်။ တခါတရံမှာ ယောက်ျားတွေဟာ မိန်းမတယောက်ရဲ့ ဘ၀မြင့်မားမှု၊ ရာထူးတိုးတက်မှု၊ အောင်မြင်မှုတွေအတွက် အတားအဆီးတွေ၊ နှောင့်နှေးကြန့်ကြာစေတာတွေပါလို့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ခြယ်လှယ်နေကြတဲ့ လန်ဒန် City Finance Centre က အမျိုးသမီးအမှုဆောင်အရာရှိ ရှစ်ဆယ်ရာခိုင်နှုန်းကျော်က သုတေသနတခုမှာ ဖြေကြားထား ခဲ့ဖူးကြောင်းပါ)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP