ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ကြိုးစင်ပေါ်မှ စကားများ

Sunday, June 26, 2011

ကြိုးစင်။

ဒီစကားလုံးကို ကြားရသည့်အခါတိုင်း ရုရှားသူရဲကောင်းမလေး ဇိုယာက ကျွန်မရဲ့ အတွေးအိမ်ထဲသို့ ၀င်ရောက်လာတတ်သည်။ ခုနစ်တန်း ကျောင်းသူဘ၀၊ ပြင်ပ စာပေများ၊ ဗဟုသုတများကို သဲသဲမတ်မတ် လိုက်ရှာနေချိန်မှာ ဇိုယာက ကျွန်မနှလုံးသားထဲသို့ ရုတ်ခြည်း ၀င်ရောက်လာခဲ့တာဖြစ်သည်။ လည်ပင်းမှာ ကြိုးကွင်းစွပ်ခံထားရချိန်တွင် ဇိုယာ ပြောကြားလိုက်သော စကားလုံးများက ကျွန်မ သွေးကြောများ အတွင်းသို့ တစုံတရာ အင်အားတို့ကို စီးဝင်သွားစေခဲ့သည်။



ရဲဘော်တို့။ သေရမှာကို ငါမကြောက်ဘူး။ ဖက်ဆစ်တွေကို သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်ကြ

ကြိုးပေးသတ်တာကို ၀ိုင်းကြည့်နေကြတဲ့ ပရိသတ်အပေါင်းကို ကြိုးစင်ပေါ်ကနေ ပြန်အားပေးသွားခဲ့တဲ့ သူရဲကောင်းမလေး ဇိုယာအကြောင်းကို သိရပြီး များမကြာမီသော အချိန်ကာလတခုမှာပင် ဂျူးလီးယက် ဖူးချစ်ကိုလဲ ကျွန်မ ရင်းနှီးခွင့် ရသွားခဲ့ပြန်သည်။ ကားမောင်းသမားကို မြို့ပတ်မောင်းခိုင်းပြီး၊ ချောင်ကြိုချောင်ကြား စာအုပ်အငှားဆိုင် များကို ရှာဖွေတွေ့ရှိရင်း မည်သူမည်ဝါဟု မမှတ်မိတော့သည့် ဦးလေးကြီးများ၊ အစ်ကိုကြီးများ၏ ဖတ်သင့်သော စာအုပ်များကို လမ်းညွှန်ပေးတာတွေ ကြုံခဲ့ရသည်။ ဦးလေးကြီးတယောက်က ငှားဖို့ ထားတာ မဟုတ်ပဲ သိမ်းထားတဲ့ စာအုပ် ဆိုပြီး စာအုပ်တအုပ် ပေးဖတ်ဖူးသည်။ စာအုပ်ငှားခလဲ မယူပဲ ပေးဖတ်ခဲ့သည်။ ထိုစာအုပ်ကား ဂျူးလီယက်ဖူးချစ်၏ ကြိုးစင်ပေါ်မှ မှတ်တမ်းများ။

“ ကျနော်၏ ပြဇာတ်သည်လဲ အဆုံးသို့ တိုင်လှပေပြီ။ ထိုဇာတ်သိမ်းခဏ်းကိုကား ကျနော်မရေးခဲ့တော့။ သိလဲ မသိတော့။ ထိုဇာတ်သိမ်းခဏ်းကား ပြဇာတ်မဟုတ်တော့။ ဘ၀ ပင် ဖြစ်လေသည်။
ဘ၀တွင်ကား ပွဲကြည့်သူ ဟူ၍ မရှိ။
ကားလိပ်လဲ ပွင့်လေပြီ။
လူအပေါင်းတို့
ခင်ဗျားတို့အား ကျနော် ချစ်ခဲ့သည်။
နိုးနိုးကြားကြား ရှိကြလော့"


ဂျူးလီးယက်ဖူးချစ်၏ နောက်ဆုံးစကားလုံးများက ကျွန်မအား ဘ၀နှင့် ပတ်သက်၍ မေးခွန်းများကို ပေးအပ်လာခဲ့သည်။

"ဘ၀တွင်ကား ပွဲကြည့်သူ ဟူ၍မရှိ" “ နိုးနိုးကြားကြား ရှိကြလော့"

ဒီစကားလုံးလေးကို ကျွန်မ အကြိမ်ကြိမ် ပြန်လည်ရေရွတ်မိဘူးသည်။ နီးစပ်ရာ လူကြီးများကို လိုက်မေးကြည့်မိသည်။ ဒဿန အမျိုးမျိုးဖြင့် အဖြေထုတ်ခဲ့ကြသည်။ တွေးစရာများက အများအပြား။ ကြိုးစင်များ၊ ထောင်နံရံများကို ကျွန်မ စိတ်ဝင်စားလာသည်။ နိုင်ငံတကာ တော်လှန်ရေး ရုပ်ရှင်ကားများကို လိုက်ကြည့်မိသည်။ ဆရာစံကို ကြိုးပေးသတ်ခဲ့သော သာယာဝတီထောင်ကို မြင်ဖူးချင်လာသည်။ ထောင်နှင့် ပတ်သက်သော စာများကို လိုက်ရှာဖတ်ဖြစ်သည်။ ကြိုးမိန့်ပေး ခံထားရသော အကျဉ်းသားတယောက်ရဲ့ စိတ်အခြေအနေ၊ ကြိုးစင်ပေါ်သို့ သွားရာ ခြေလှမ်းများ၊ သေခြင်းတရားကို ရင်ဆိုင်ပုံရင်ဆိုင်နည်းများ စသည်များပါသော ထောင်၊ ကြိုးတိုက်၊ ကြိုးစင် စာများကို လိုက်ရှာ ဖြစ်ခဲ့သည်။

နောင်သုံးနှစ်လောက်အကြာမှာ ဆယ်တန်းအောင်တော့ မွေးရပ်ဇာတိကို ခေတ္တခွာ၍ ရန်ကုန်မှာ ခဏတာ သွားနေဖြစ်ချိန်မှာ စာအုပ်အဟောင်းဆိုင်များမှ ဦးကြီးများနှင့် ခင်မင်သွားခဲ့သည်။ စာအုပ်အဟောင်းများရွေးရင်း ဆိုင်ရှင်နှင့် စကားအပြန်အလှန် ပြောရင်းမှ ဘေးမှ နားထောင်နေတဲ့ ဦးလေးကြီးတယောက်နှင့်လဲ မိတ်ဆွေ ဖြစ်ခဲ့ဘူးသည်။ သူက ကျွန်မကို ကလေးမလို့ ခေါ်သည်။ ကျွန်မနာမည်ကို မမေးခဲ့။ သူ့နာမည်ကိုလဲ ဦး....လို့သာ မှတ်ထားလိုက်လို့ ဆိုသည်။ ထိုနေ့က ကျွန်မ ရှာနေသော စာအုပ်ကို သူ့ဆီမှာ လာယူဖို့ ပြောသည်။ မြေနီကုန်းမှ လက်ဖရည်ဆိုင် တဆိုင်မှာ ချိန်းသည်။ မမြင်ဖူး၊ မတွေ့ဖူးသည့် သူစိမ်းတယောက်ကို လက်ဖရည်ဆိုင်မှာ သွားတွေ့ရလောက်အောင် အသက် ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးတယောက်မှာ ဘယ်လို အင်အားရှိခဲ့လေသည်မသိ။ သေချာသည်ကတော့ ကျွန်မ သွားဖြစ်ခဲ့ပါသည်။

နောက်ပိုင်းမှာလဲ ဦးလေးကြီးနှင့်တခါတရံ တွေ့ဖြစ်ခဲ့သည်။ ဆူးလေဘုရားအနီးမှာ၊ မြေနီကုန်းမှာ၊ လှည်းတန်းမှာ ကျွန်မတို့ ဆုံဖြစ်ခဲ့ကြသည်။ ဦးလေးကြီးက တက္ကစီစီးလာသော ကျွန်မကို သင်္ကန်းကျွန်း၊ ရွှေပေါက်ကံ၊ သာကေတသို့ သွားသော ဘတ်စ်ကားများစီးကြည့်ရန် တိုက်တွန်းခဲ့သည်။ ကမ်းနားမှ အလုပ်သမားများ၊ ကုန်စိမ်းဈေးများသို့ သွားကြည့်ခိုင်းခဲ့သည်။ ပဲခူးအရှေ့ခြမ်း၊ အနောက်ခြမ်း ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများဘက်သို့ ခရီးထွက်ရန် တိုက်တွန်းခဲ့သည်။ ရှမ်းပြည်ဘက်အသွားအပြန်မှာ ရထားကို ရိုးရိုးတန်းမှ စီးကြည့်ရန် ဆိုခဲ့သည်။

အခါအခွင့်သင့်တဲ့ အခါများမှာ သူပြောသည်များကို ကျွန်မလိုက်လုပ်ဖြစ်ခဲ့ပါသည်။ ဦးလေးကြီးက ထိုအတွေ့အကြုံများကို ပေးခဲ့သည်မကပဲ၊ ဗဟုသုတ ဖြစ်ဖွယ်အကြောင်းအရာများကိုလဲ ပြောပြခဲ့ပြန်သည်။ ကျွန်မ မေးသော ဖူးချစ်၏ စကားလုံးများကိုလဲ ကျွန်မလက်ခံနိုင်သော အတွေးအခေါ် များဖြင့် ရှင်းပြခဲ့သည်။ ထောင်၊ ကြိုးတိုက်၊ ကြိုးစင် အကြောင်းများကလဲ တစွန်းတစ။ ပြီးတော့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဆလိုင်းတင်မောင်ဦး စသော အမည်များ။

ဦးလေးကြီးပြောပြလို့ အမည်များကို ကြားဖူးခဲ့ပေမယ့် ဖြစ်စဉ်များကို အသေးစိတ် မသိခဲ့ရ။ နယ်မှ အဖွားက လွမ်းသည်ဆိုပြီး အတင်း ပြန်ခေါ်တာမို့ သတ်မှတ်ချိန်ထက် စောပြန်ခဲ့ရသည်။ ဦးလေးကြီးကို နှုတ်မဆက်ဖြစ်ခဲ့။ အဆက်အသွယ် ပြတ်သွားခဲ့တာမို့ အသေးစိတ် ထပ်မမေးဖြစ်ခဲ့တာလဲ ပါမည်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစင်၊ ဦးနေ၀င်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သော ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဦးသန့် အရေးအခင်းနှင့် ဆလိုင်းတင်မောင်ဦး စသော အမည်များကတော့ ကျွန်မရဲ့ အတွေးအိမ်ထဲမှာ တွဲခိုနေခဲ့သည်။

နောက်ပိုင်းမှာတော့ အတွေးရိပ်များတွင် အမည်နာမတခုအဖြစ် ရှိနေခဲ့ဖူးသော ဆလိုင်းကိုတင်မောင်ဦး၏ ကြိုးစင်ပေါ်သို့ ရဲရဲဝံ့ဝံ့သွားခဲ့သော ခြေလှမ်းများ၊ ပြောဆိုခဲ့သော စကားလုံးများကို အသေးစိတ် သိခွင့် ရလာခဲ့ပါတော့သည်။ ကြိုးစင်ပေါ်သို့ ဦးတည်သော ခြေလှမ်းများမှာ ဆလိုင်းကိုတင်မောင်ဦး ပြောကြားခဲ့သည်က

မင်းတို့ ငါ့ကို သတ်လို့ ရပေမယ့်၊ ငါ့ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ သတ်လို့ မရဘူး။
မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။





တော်လှန်ရေးသူရဲကောင်းတို့၏ ကြိုးစင်ပေါ်မှ စကားများသည် တော်လှန်ရေး စိတ်ဓာတ်၊ တော်လှန်ရေးဝိဥာဉ်တို့ကို နောင်မျိုးဆက်များ၏ သွေးကြောများတွင်းသို့ စီးဝင်စေ စမြဲ။ နှလုံးအိမ်တို့ကို ကိုင်လှုပ်နိုင်စွမ်း ရှိစမြဲ။

ကျွန်မ ယုံကြည်သည်။

ကြိုးစင်ပေါ်သို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲသော ခြေလှမ်းများ၊ သေခြင်းတရားကို မတုပ်မလှုပ် ရင်ဆိုင်ရဲသော တည်ကြည်ခိုင်မာမှုများနှင့် စစ်ဖိနပ်အောက်မှာ ဒူးမထောက်သော စိတ်ဓာတ်များ၏ အရှိန်အဟုန်များ ပေါင်းဆုံသွားသော တနေ့မှာ ….........................................။

ခင်မမမျိုး (၂၆၊ ၆၊ ၂၀၁၁)



(ဆလိုင်းကိုတင်မောင်ဦးကဲ့သို့ ဒူးမထောက်၊ လက်မမြှောက်ပဲ ကြိုးစင်ပေါ်သို့ ရဲဝံ့စွာ တက်ခဲ့ကြသည့်
ကမ္ဘာ့တော်လှန်ရေး၊ မြန်မာ့တော်လှန်ရေး သူရဲကောင်းများအား လေးစားဦးညွတ်လျက်)


အပြည့်အစုံဖတ်ချင်ရင်..>>>

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၂)

ဒို့တာဝန် အရေးသုံးပါး

စစ်အာဏာရှင်စနစ်နဲ့ ယနေ့ လက်ရှိ ရွေးကောက်ခံ အာဏာရှင်စနစ်ကို အကောင်အထည်ဖော် နေကြသူများဟာ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် လက်တွေ့မှာ အမှန်တကယ် ဒီ မူဝါဒတွေကို ကျင့်သုံးပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။


(၁) ပြည်ထောင်စု မပြိုကွဲရေး

ပြည်ထောင်စု ဆိုတဲ့ စကားလုံးဟာ နိုင်ငံတော် တည်ထောင်မှု (state - formation) ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေနဲ့ ဆက်နွယ်ပါတယ်။ လူတဦးချင်းဆီမှာ နိုင်ငံရေးတန်ဖိုး (political values) တွေ တူတိုင်း၊ နိုင်ငံရေး အစီအမံ (political arrangements) တွေ မတူညီပါဘူး။ နိုင်ငံရေး တန်ဖိုးတွေ မတူပေမယ့်လဲ နိုင်ငံရေး အစီအမံမှာ ကျတော့ တူသွားတတ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ ဆိုတာ မရှိဘူး ဆိုတဲ့ အတွေးအခေါ်ဟာ ဒီအချက်တွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

နိုင်ငံတော်တည်ထောင်မှုမှာ ပြည်ထောင်စု အသွင်သဏ္ဍာန်နဲ့ တည်ထောင်မှု ဆိုရင် နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) တွေက အလွန်အရေးကြီးပါတယ်။ ဒါတွေ မရှိရင် နိုင်ငံတော်တည်ထောင်မှု ဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍ တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။ အခြားသဏ္ဍာန်မူကွဲတွေလဲ ရှိပါသေးတယ်။

unitary state system မှာ နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ ရှိပြီး၊ ဒေါင်လိုက် သဏ္ဍာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ်တော် တရပ်ပဲ ရှိပြီး၊ တရားစီရင်ရေး စနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံ တည်ထောင်ထားမှု စနစ်က unitary state system ဖြစ်ပါတယ်။ federal state system မှာ နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဍာန်ပါ ရှိပါတယ်။ ဖယ်ဒရယ် အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဍာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး ကွဲပြားကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖဒရယ် အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊ လက်နက်ကိုင်တပ်များ ထားရှိမှု၊ စာပို့ စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေများ ပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။

separate state system ဆိုတာကတော့ လူမျိုးရေး၊ ၀ါဒရေး၊ ဘာသာရေး စတာပေါ်မှာ အခြေခံပြီး သီးခြားနိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယ နိုင်ငံမှ လွတ်လပ်သော သီးခြား နိုင်ငံအဖြစ် ပါကစ္စတန် နိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့ နိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ခွဲထွက်ပြီး နိုင်ငံ တည်ထောင်မှု သဏ္ဍာန် ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ အသွင်ကူးပြောင်းကာလတွေ ဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ လွတ်လပ်ရေးရစ ကာလ (ဥပမာ- ကိုလိုနီ နိုင်ငံများ) တွေနဲ့ အင်အားကြီး အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသော ကာလ (ဥပမာ- ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာ အရေးတွေ ပေါ်ထွက်တတ်ပါတယ်။

သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ အသွင်ကူးပြောင်းကာလ ဆိုတာ နိုင်ငံတော် တည်ထောင်မှု (state- formation) လို့ သတ်မှတ်လေ့ရှိကြ ပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူညီမျှမှု ဆိုင်ရာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု၊ ကတိတည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ confidence-building measures များ ဖော်ဆောင်ထားမှု စတာတွေကို ကြိုတင်ပြင်ဆင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို တဦး၊ တဖွဲ့၊ တပါတီ တည်းပေါ်မှာ အလုံးစုံ ပုံအပ်ပြီး၊ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှုတွေ အားနည်းခဲ့ရင်၊ အာဏာရ အစိုးရဘက်က တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို မလေးစားပဲ အာဏာအလွဲသုံးစားလုပ်ပြီး ဖိအားပေးမှုတွေ ဖြစ်ရင် ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရကာစ အခြေအနေဟာ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှု အားနည်းချက်တွေရဲ့ ရလဒ်တွေပါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ရရှိရေးအတွက် တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေး ၀ါဒပေါင်းစုံရှိတဲ့ အဖွဲ့အစည်းပေါင်းစုံက လက်တွဲခဲ့ကြပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တွေ တူညီခဲ့ကြပါတယ်။

သို့ပေမယ့် နယ်ချဲ့လက်အောက် မရောက်ခင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစီအမံတွေမှာ စစ်အနိုင်တိုက်ပြီး စုစည်းသိမ်းသွင်းမှုပေါ်မှာ အခြေခံတဲ့ state formation သဏ္ဍာန် ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ နိုင်ငံရေးဝါဒပေါင်းစုံ လက်ကိုင်စွဲထားတဲ့ အဖွဲ့အစည်းပေါင်းစုံမှာလဲ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ အချို့က unitary state၊ အချို့က federal state၊ အချို့ကတော့ separate state အထိ စဉ်းစားထားမှုတွေ ရှိကြပါတယ်။

ဒီလို မတူညီမှုတွေကို ပင်လုံစာချုပ်နဲ့ ညှိနှိုင်းယူခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ပင်လုံစာချုပ် နိဒါန်းမှာ "ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ - - - သဘောတူညီ ကြလေသည်˝ လို့ ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပင်လုံညီလာခံဟာ all inclusive dialogue လုပ်ပေးနိုင်ခဲ့တဲ့ ညီလာခံ မဟုတ်ပါဘူး။ ကရင်နီ၊ မွန်၊ ကရင်၊ ရခိုင် အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုခြင်း မရှိနိုင်ခဲ့ပါဘူး။

အဆိုးဆုံးကတော့ ယုံကြည်မှု တည်ဆောက်ထားမှု အခြေအနေပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာခြင်း အစမှာကတည်းက အပြန်အလှန်ယုံကြည်မှုဟာ အင်စတီကျူးရှင်းပေါ်မှာ အခြေခံ တာထက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင် များရဲ့ ယုံကြည်လေးစားမှု အပေါ်မှာ အခြေခံထားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဟာ တိုင်းပြည်အတွက် အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီး တခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ကြီးထွားလာစေခဲ့တဲ့ ကံဆိုးမိုးမှောင်ကျစေသော အကြောင်း တရားကြီး တခုဆိုရင်လဲ မမှားပါဘူး။ ဗိုလ်ချုပ်တို့သာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်ရေး မရခင် အချိန်ကာလတိုလေး အတွင်းမှာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့မှာ ဖြစ်သလို၊ ပြည်တွင်းစစ်ကို တားဆီးနိုင်မယ့် အသွင်ကူးပြောင်းကာလဆိုင်ရာ ကြိုတင်ပြင်ဆင် တည်ဆောက်မှုတွေလဲ လုပ်ထားနိုင်ခဲ့မှာပါ။

သို့ပေမယ့် မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုလို့ပဲ ဆိုရလေမလား၊ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးကြပြီး၊ အင်စတီကျူးရှင်း တည်ဆောက်မှု အားနည်းခြင်းရဲ့ အကျိုးဆက်လို့ပဲ ဆိုရလေမလား မသိ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည်နှင့် ပြည်ထောင်စုပုံသဏ္ဍာန် အစိုးရနှင့် အာဏာခွဲဝေမှု၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှခွင့်၊ ပင်လုံစိတ်ဓာတ် စတာတွေက တစထက်တစ လျော့ပါးပျောက်ကွယ်လာခဲ့ပါတော့တယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဉ်က ဗိုလ်ချုပ်ကိုယ်စားပြုခဲ့တဲ့ ဖဆပလ အစိုးရမှာလဲ တပြည်ထောင်စနစ် (unitary system) ကို နိုင်ငံတည်ထောင်မှုဆိုင်ရာ နိုင်ငံရေးအစီအမံအဖြစ် လက်ခံယုံကြည်သူများက ကြီးစိုးခဲ့ပါတယ်။

အသွင်ကူးပြောင်းကာလတိုင်းမှာ အာဏာရအစိုးရရဲ့ အတွေးအခေါ်၊ အယူအဆတွေဟာ အခရာကျပါတယ်။ ငြိမ်းချမ်းစွာနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ဖော်ဆောင်မှု၊ အာဏာကို အသုံးပြု၍ အင်အားသုံးဖြေရှင်းမှု ဆိုတဲ့ နည်းလမ်းတွေအနက် လွတ်လပ်ရေးရကာစ ဖဆပလ အစိုးရက အများဆုံးအသုံးပြုခဲ့တဲ့ နည်းလမ်းကတော့ အုပ်ချုပ်ရေးအာဏာနဲ့ စစ်တပ်ကို အသုံးပြုပြီး အင်အားသုံးဖြေရှင်းမှုတွေပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားတာ အားနည်းနေတဲ့ အချိန်ကာလ၊ သံသယများ ကြီးထွားနေသောကာလ၊ ညီညွတ်ရေးဆိုရာမှာလဲ လူမျိုးစုအားလုံးကို ကိုယ်စားပြုထားခြင်း မရှိသေးသော ပင်လုံစာချုပ်တခုသာ ရှိနေသော ကာလ၊ တနည်းဆိုရင် နိုင်ငံရေးအရ political sensitivity အမြင့်မားဆုံး ဖြစ်နေသော ကာလတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ အတင်းအကြပ် လက်နက်သိမ်းမှုတွေ ရှိလာခဲ့ပါတယ်။

လက်နက်နဲ့အင်အားသုံးဖြေရှင်းမှုဆိုတာ အခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီးမှ ထိရောက်မှု ရှိပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ မလျော်ညီရင် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်သွားစေ တတ်ပါတယ်။ ဥပမာ- လူနှစ်ဦးမှာ တဦးနဲ့ တဦး မယုံကြည်မှုတွေ၊ သံသယတွေ ရှိနေချိန်မှာ တဦးက လူသူစုဆောင်းပြီး တုတ်၊ ဓား တွေနဲ့ အခြားလူတဦးထံကို ရှေ့ရှုသွားမယ်ဆိုရင် သွားသူများက တိုက်ခိုက်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တဘက်နဲ့ တဘက် တိုက်ခိုက်မှု ဖြစ်ကို ဖြစ်ပါတယ်။

ဖဆပလ အစိုးရ လက်ထက်မှာ ပြည်တွင်းစစ်မီးတွေ တောက်လောက်လာခြင်းဟာ နဂိုရှိရင်းစွဲ နိုင်ငံတော် တည်ထောင်မှု (state formation) ဆိုင်ရာ အားနည်းချက်တွေပေါ်မှာ လက်နက်နဲ့ ဖိအားပေးမှုတွေ၊ လက်နက်အတင်းအကြပ် လိုက်လံ သိမ်းဆည်းမှုတွေက ထပ်ဆောင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။ confidence-building measures တွေ အားနည်းခဲ့ကြပါတယ်။ ၀ါဒရေးရာ ပဋိပက္ခတွေအပြင် ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခတွေကလဲ စတင်ပေါ်ထွက်ခဲ့ပါတယ်။ ဒါက ပင်လုံစာချုပ်တခုတည်းဟာ ပြည်ထောင်စုအရေးအတွက် လုံလောက်သော ပြင်ဆင်မှု မဟုတ်ခဲ့ဘူးဆိုတာ ပြသတဲ့ လက္ခဏာ တရပ်ပါပဲ။

ဖဆပလ အစိုးရလက်ထက်မှာ ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားဖြစ်တဲ့ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှုထက် တပြည်ထောင်စနစ်နဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုကို ပိုပြီး ဇောင်းပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးထက် စစ်ဆင်ရေးကြီးများနဲ့ ချေမှုန်းနိုင်ရေးကို ဦးစားပေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်ခုပ် နှစ်ဘက်တီးမှ မြည်တဲ့ အရာ ဖြစ်ပါတယ်။ အာဏာရသူများနဲ့ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရ ဖြစ်စေ အတိုက်အခံ ပြုနေသူများဘက်က ငြိမ်းချမ်းရေးရဖို့ မည်မျှပဲ ပြင်ဆင်နေသည်ဖြစ်စေ၊ တောင်းဆိုနေသည် ဖြစ်စေ၊ အာဏာလက်ဝယ် ရထားတဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးဆိုတာကို လက်နက်ဖြုတ်သိမ်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ နိုင်ငံရေးအရ အပြီးတိုင် ချေမှုန်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ အာဏာရသူများရဲ့ သတ်မှတ်ချက်များအတိုင်း အတိုက်အခံများဘက်မှ လိုက်နာဆောင်ရွက်ရမည့် အရာလို့ သတ်မှတ်နေသမျှ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုတာ ဒူးထောက်အညံ့ခံရေး မဟုတ်ပါ။

နောက်ဆုံးမှာတော့ ဖဆပလရဲ့ တပြည်ထောင်စနစ်ကို တိုင်းရင်းသားများက ပြည်ထောင်စုသဏ္ဍာန် တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီအခါမှာ ဖဆပလ ၀န်ကြီးချုပ်က ပြည်ထောင်စုအရေးကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုပဲ နိုင်ငံတော်အာဏာကို ဗိုလ်နေ၀င်းဆီ ထိုးအပ်လိုက်ပါတော့တယ်။ ဗိုလ်နေ၀င်းက အရပ်သားအစိုးရကို အာဏာပြန်လွှဲ ပေးထားစဉ်ကာလမှလဲ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာနဲ့ (၁၉၆၁) ခုနှစ်မှာ တောင်ကြီးမြို့မှာ ညီလာခံတရပ် ကျင်းပပြီး၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ကိုတောင်းဆိုခဲ့ကြပါတယ်။ ၀န်ကြီးချုပ် ဦးနုက ရွေးကောက်ပွဲဝင်စဉ်က ကတိအတိုင်း အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပ ပေးခဲ့ပါတယ်။ ဆယ်စုနှစ်ကျော် ကာလတလျှောက် ပြည်ထောင်စုသဏ္ဍာန် အကောင်အထည်ဖို့ အားနည်းခဲ့ရာက ပြည်ထောင်စုသဏ္ဍာန် အခင်းအကျင်းအတွက် ပထမဆုံး ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ federal arrangements မဖြစ်သွားရင်တောင် အနည်းဆုံး quasi- federal arrangements ဖြစ်သွားစေနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ရှိခဲ့ပါတယ်။ Unitary state ကနေ Federal State အနေနဲ့ တစတစ အသွင်ကူးသွားစေနိုင်တဲ့ local autonomy, provincial autonomy စနစ်တွေကိုလဲ နှီးနှောဖလှယ်ပွဲတွေက တဆင့် အမြင်တွေ ချပြဆွေးနွေးနိုင်ခဲ့ကြမှာပါ။ (၁၉၆၂) ခုနှစ်၊ ဖေဖော်ဝါရီလဟာ နိုင်ငံတော်ကြီးက ပြည်ထောင်စုသဏ္ဍာန်ကို ပထမဆုံးခြေလှမ်း စလှမ်းစ ကာလပါ။

သို့ပေမယ့် ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ်အုပ်စုက (၁၉၆၂) ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ ပြည်ထောင်စု မပြိုကွဲရေးလို့ ဆိုပါတယ်။ လက်တွေ့မှာကျတော့ တပြည်ထောင်စနစ် မပြိုကွဲရေး၊ ဗဟိုအစိုးရမှ အာဏာကို အပြည့်အ၀ ချုပ်ကိုင်ထားနိုင်ရေး ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသဏ္ဍာန် ဖော်ဆောင်ရေး ခြေလှမ်းကို ရိုက်ချိုးခြင်း ဖြစ်တဲ့အတွက် ပြည်ထောင်စု ပြိုကွဲရေးပဲ ဖြစ်ပါတော့တယ်။

ဒီလို ပြည်ထောင်စု မပြိုကွဲရေး လို့ အမည်ခံတဲ့ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းဆောင်တာတွေကို တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖ ခေတ် ကာလတလျှောက်လုံးမှာ စစ်အာဏာရှင် အဆက်ဆက်က အမွေခံ ကျင့်သုံးခဲ့ကြပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာကို ပြည်ထောင်စု ပြိုကွဲစေတဲ့ စနစ်လို့ သတ်မှတ် ပြောဆိုပါတယ်။ စစ်အာဏာသိမ်းယူမှုတွေကို ပြည်ထောင်စု မပြိုကွဲရေးအတွက် ကာကွယ်စောင့်ရှောက်ရခြင်း၊ တိုင်းပြည် ချောက်ထဲကျမည့် အရေးကို ကာကွယ်စောင့်ရှောက်ရခြင်းလို့ ၀ါဒဖြန့်ချိရေးတွေ လုပ်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှာ ထည့်သွင်းခဲ့ပါတယ်။ အတွေးအမြင်၊ အသိဥာဏ် ပိတ်ပင်မှုတွေ လုပ်ပါတယ်။

ဦးနှောက်ဆေးခြင်း၊ ၀ါဒဖြန့်ချိခြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တွေ ဆိုတာက စစ်မြေပြင်မှာ လက်နက်ကြီး မိုးရွာခံရတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်ပါတယ်။ လူတယောက်ကို ခြောက်လခန့် စနစ်တကျ ဦးနှောက်ဆေးပြီး၊ အယူအဆအမှားတွေကို ရိုက်သွင်းလို့ ရပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စုစည်းခိုင်မာနေတဲ့ အင်အားစုကြီးကို နှစ်အနည်းငယ်အတွင်း ဖရိုဖရဲ တစစီ ပြန့်ကျဲအောင် လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ၀ါဒဖြန့်ချိရေး လက်နက်နဲ့ အမှန်တွေအမှားဖြစ်၊ အမှားတွေ အမှန်ဖြစ်ပြီး၊ အမှန်နဲ့ အမှား မသဲကွဲတော့တာတွေ ပြုလုပ်လို့ ရပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ဟာ ဒီလက်နက်တွေကို စနစ်တကျ အသုံးချခဲ့ကြပါတယ်။

သူရဲကောင်းဝါဒ၊ စစ်ဘုရင်ဝါဒ၊ ဗမာဘုရင်များက အစိတ်စိတ်အမြွာမြွာ ကွဲပြားနေတဲ့ နိုင်ငံကို စစ်ရေး အင်အားသုံးပြီး ပြန်လည်စုစည်းယူထားတဲ့ သမိုင်းကြောင်း၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး သမိုင်းကြောင်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ရန်ကုန်အစိုးရလို့ အခေါ်ခံခဲ့ရရာကနေ ခဲရာခဲဆစ် အသက်၊ သွေး၊ ချွေး စတေးပြီး နိုင်ငံတော်ကြီးကို ကာကွယ်ထားရတဲ့ သမိုင်း၊ တိုင်းရင်းသားတွေက ဖယ်ဒရယ်စနစ်ကို တောင်းဆိုပြီး ပြည်ထောင်စုပြိုကွဲရေး ပြုလုပ်လာတဲ့ အန္တရာယ်ကို တပ်မတော်မှ ကာကွယ်လိုက်ရခြင်း၊ လူသတ်ခေါင်းဖြတ်ပြီး မင်းမဲ့စရိုက်များ စိုးမိုးနေချိန်မှာ ချောက်ထဲကျမည့် အရေးမှ တိုင်းပြည်ကို ကယ်တင်ထားရခြင်း စတဲ့ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းများကို အာဂုံဆောင်ကျက်မှတ်ပြီး ကြီးပြင်းလာရတဲ့ လူငယ်များကို တပ်သားသစ်သင်တန်းများမှာ ခြောက်လခန့်၊ ဗိုလ်သင်တန်းများမှာ သုံးနှစ်ခန့် သင်တန်းပေးမှု၊ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေးမှု၊ အရပ်သားများကို ၀န်ထမ်း သင်တန်းများမှာ သင်တန်းပေးမှု၊ ကြံ့ဖွတ်အဖွဲ့ဝင်များကို စီမံခန့်ခွဲရေးသင်တန်းတွေမှာ သင်တန်းပေးမှု စတဲ့ အချိန်ကာလတွေဟာ လူတယောက်ကို ဦးနှောက်ဆေးဖို့ လုံလောက်တဲ့ အချိန်ကာလ တခု ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ လက်ဆင့်ကမ်းအမွေတွေကို ထိန်းသိမ်းကြရင်း ဖယ်ဒရယ်မူ ဆိုတာကို ပြည်ထောင်စု ပြိုကွဲရေး မူလို့ လက်ခံထားကြသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ လက်နက်ကိုင် အင်အားစုများကို သောင်းကျန်းသူများဟု အမှန်တကယ် ယုံကြည်လက်ခံနေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ တိုင်းရင်းသားများကို ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်းနေကြတယ်လို့ ထင်မှတ်နေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ အဖိနှိပ်ခံ ပြည်သူတို့ရဲ့ တိတ်တဆိတ် ရင်ထဲက ငိုကြွေးသံတွေ စုပြုံထွက်လာတဲ့ လူထုအရေးတော်ပုံများကို သူပုန်များ မြို့ထဲ ၀င်စီးနေပြီဟု အမိန့်ပေးခံရ၍ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်ခဲ့သူ တပ်မတော်သားများ မည်၍မည်မျှ ရှိခဲ့ပါသလဲ။ သံဃာတော်များ မေတ္တာပို့ ဆုတောင်းခြင်းကို သံဃာတုများဖြင့် ပြည်ထောင်စု ပြိုကွဲရေး လာလုပ်နေပြီဟု တပ်လှန့်ပစ်ခတ်သတ်ဖြတ်ခိုင်းမှုများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ ပြည်ထောင်စု မပြိုကွဲရေးဆိုသော ခေါင်းစဉ်အောက်မှ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းစဉ်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများမှ မိမိတို့လုပ်လိုက်တဲ့ အလုပ်ရဲ့ အတိုင်းအဆ ပမာဏကို မသိပဲ စစ်အာဏာရှင်တို့ အလိုကျ လိုက်လံလုပ်ဆောင်ပေးနေကြပြီး၊ ပြည်ထောင်စု မပြိုကွဲရန် ကာကွယ်နေတယ်လို့ ထင်မှတ်မှားမှုတွေ ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယနေ့ လက်ရှိ ဗိုလ်သိန်းစိန် အစိုးရ လက်ထက်မှာလဲ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ လက်ဆင့်ကမ်းအမွေတွေကို ဆက်လက် စောင့်ထိန်းနေကြဆဲပါ။ လူမျိုးစုဒေသတွေမှာ သက်ဆိုင်ရာ လွှတ်တော်တွေ ရှိပြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေ ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ ကျင့်သုံးမှုဆိုင်ရာ အာဏာအပိုင်းအခြားတွေကလဲ စာရွက်ပေါ်မှာသာ ရှိပြီး၊ ဗဟို အစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိနေပါတယ်။ အာဏာခွဲဝေမှု (Division of Power) ကိုလဲ ကျင့်သုံးနိုင်မှု မရှိပါ။

ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တို့မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခုခံနေရမှုများ၊ ဒေသတွင်း စစ်ပြေးဒုက္ခသည်များရဲ့ အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး၊ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက စစ်တပ်အကြီးအကဲတွေထံ တောင်းဆိုရမယ့် တာဝန်တွေကိုလဲ ထမ်းဆောင်နိုင်ခြင်း မရှိကြသေးပါဘူး။ သေနတ်ပြောင်းတွေနဲ့ ဓားမိုးထားမှုတွေ အောက်မှာ နှုတ်ဆိတ်နေကြရပါတယ်။ အစိုးရအဖွဲ့ဆိုတာ လွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်တဲ့အတွက် လွှတ်တော်အမတ်များ စုစည်းပြီး ကာကွယ်ရေးဝန်ကြီးကို ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှု၊ ထိုးစစ်များ ရပ်ဆိုင်းရန် တောင်းဆိုမှုတွေကိုလဲ လွှတ်တော်အမတ်များ ပြုလုပ်နိုင်ခြင်း မရှိကြသေးပါဘူး။ နှုတ်ဆိတ်နေကြရပါတယ်။

ငြိမ်းအဖွဲ့များလို့ အများခေါ်ဝေါ် သုံးစွဲထားတဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်တို့ အကြားမှာ ၁၉၉၀ အလွန်ကာလတွေက ဖြစ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာလဲ စစ်မှန်သော ငြိမ်းချမ်းရေး အသွင်မဆောင်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုပ်ဆောင်နိုင်မှု အတိုင်းအတာ အထိသာ ရှိခဲ့ပြီး၊ စစ်အာဏာရှင်တို့ဘက်မှ နယ်မြေ စိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ ဖိအားပေးရေး၊ သပ်လျှိုဖြိုခွဲရေး စတာတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။

၁၉၉၀ အလွန်ကာလတွေနဲ့ ၂၁ ရာစု ကနဦးပိုင်းတွေမှာ ဖိအားပေးမှုများ အသွင်သဏ္ဍာန် အမျိုးမျိုးနှင့် ရှိခဲ့ရာက ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးချိန်နောက်ပိုင်းမှာ အာဏာရှင်တို့ဘက်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အစဉ်တစိုက် ဖိအားပေးပြီး၊ ခြေကုပ်ယူတပ်စွဲမှုတွေ၊ ရင်ဆိုင်ထိန်းချုပ်မှုတွေ၊ ကြိုကြား ထိတွေ့မှုတွေ၊ အင်အားအလုံးအရင်းဖြင့် နယ်မြေအနီးသို့ ချဉ်းကပ်ဝန်းရံမှုတွေ၊ အင်အားပြခြိမ်းချောက်မှုတွေ၊ တိုင်းရင်းသားခေါင်းဆောင်များအား မောက်မောက် မာမာ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တပ်မတော်ဘက်က အလုံးစုံချေမှုန်းရေးနဲ့ စစ်ဆင်ရေးကြီးများ ဆင်နွှဲခြင်း မရှိလာရင်တောင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အကြားမှာ နယ်ခြားစောင့်တပ်လုပ်ဖို့၊ လက်နက်ချဖို့ ဖိအားပေးလိုက်၊ စစ်ရေးအင်အားပြလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ mediator များက ကြားဝင်လာပြီး အပစ်အခတ် ရပ်စဲလိုက်နဲ့ သံသရာလည်နေမှုဟာ ပြည်ထောင်စုသဏ္ဍာန် တည်ဆောက်မှု နိုင်ငံရေး အခင်းအကျင်းတွေ မဖြစ်ပေါ်လာသေးသမျှ ကာလပတ်လုံး ဖြစ်နေမှာတော့ အသေအချာပါပဲ။ စစ်မှန်သော ရေရှည်ခံ ငြိမ်းချမ်းရေးကတော့ ပေါ်ထွက်လာခြင်း ရှိမှာ မဟုတ်ပါ။

ဗိုလ်သိန်းစိန် အစိုးရရဲ့ အခုလို ပြည်ထောင်စုသဏ္ဍာန်၊ ဒီမိုကရေစီ အသွင်သဏ္ဍာန် မရှိတဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုများဟာ ပြည်တွင်းစစ်မီးကို မွှေးနေတာနဲ့ အတူတူပါပဲ။ တချိန်ချိန်မှာ ပြည်တွင်းစစ်မီးတောက်ကြီး အချိန်မရွေး ထတောက်သွားနိုင်ပါတယ်။ ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲရေးကို ဦးတည်သွားနိုင်ပါတယ်။ ပြည်ထောင်စု မပြိုကွဲရေးကို ဦးထိပ်ထားသည်ဟု အမည်ခံပြီး၊ ပြည်ထောင်စုစနစ်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းဟာ ပြည်ထောင်စုကို ဖြိုခွဲနေတာနဲ့ အတူတူပါပဲ။ ပြည်ထောင်စု သဏ္ဍာန် တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး အခင်းအကျင်းများကို ဖျက်ဆီးနှောင့်ယှက်ခြင်းဟာ ပြည်ထောင်စု ပြိုကွဲရေးလုပ်တာပဲ ဖြစ်ပါတယ်။


ခင်မမမျိုး

အပိုင်း(၃) ကို ဆက်လက် တင်ပြပါမည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့ တာဝန် (အပိုင်း - ၁)

Friday, June 24, 2011

နိဒါန်း


ပြည်ထောင်စု မပြိုကွဲရေး.............................................................ဒို့အရေး

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး.....................................ဒို့အရေး

အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး …........................................ဒို့အရေး


ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးမှာ ဆိုင်းဘုတ်တင် ချိတ်ဆွဲ ထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်းထားတာတွေကို ကျွန်ုပ်တို့ အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ အနှစ်သာရ အနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ သို့ပေမယ့် ဒီမူဝါဒတွေဟာ နိုင်ငံတော်အာဏာ သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ အမှန်တကယ် ကျင့်သုံးနေတဲ့ မူဝါဒတွေ ဖြစ်ပါရဲ့လား။ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့တွေဟာ ဒို့တာဝန်အရေးသုံးပါး ဆိုတာကို ဦးထိပ်ထားပြီး အမှန်တကယ် ဆောင်ရွက်နေတာ ဖြစ်ပါရဲ့လား။


မြန်မာနိုင်ငံနှင့် အာဏာရှင်စနစ်

ဒီမိုကရေစီ သဘောတရားများအရ အာဏာဟာ ပြည်သူထံမှ သက်ဆင်းရပါတယ်။ ပြည်သူထံမှ မသက်ဆင်းတဲ့ အာဏာဟာ သက်ဆင်းလာတဲ့ အရင်းခံနေရာကိုပဲ အကျိုးပြုပြီး၊ ပြည်သူကို အကျိုး မပြုနိုင်ပါဘူး။ စစ်အာဏာဟာ အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုကိုပဲ အကျိုးပြုပါတယ်။ လူတစုကနေ ဆင်းသက်လာတဲ့ အာဏာဟာ လူတစုကိုပဲ အကျိုးပြုပါတယ်။ ဒါကြောင့်လဲ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (လွတ်လပ်မှုနှင့် တရားမျှတမှု မရှိသော အာဏာရှင် ရွေးကောက်ပွဲများ ကျင်းပပြီး အာဏာယူထားသော စနစ်) စတဲ့ စနစ်ဆိုးတွေကို ကမ္ဘာတ၀ှမ်းမှာ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ သိသာထင်ရှားသော အာဏာအပိုင်းအခြား (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်း တရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်းချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံအများစုများ ကျင့်သုံးနေကြပါတယ်။

အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒများ ချမှတ် အကောင်အထည် ဖော်ဆောင်ရပါတယ်။ တပ်မတော်ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့ကတော့ တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက် ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။

နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဍာန်တွေ ကွဲပြားပါတယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။ တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ပါလီမန်က ချမှတ်လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးမှာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။ တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အစည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့က တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။

မြန်မာနိုင်ငံမှာ တိုင်းတပါးသားတွေ အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့စနစ်နဲ့ ဖက်ဆစ် စနစ်တွေကို ဖယ်ရှားလိုက်ရင် သက်ဦးဆံပိုင် ဘုရင်စနစ် နဲ့ စစ်အာဏာရှင်စနစ် တွေကသာ ကာလအတန်ကြာ ကြီးစိုးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန်စနစ်ကျင့်သုံးတဲ့ ကာလမှာကလဲ အာဏာ လုပွဲတွေနဲ့ စစ်မက်တွေ ဖြစ်နေခဲ့တာကြောင့် အာဏာအပိုင်းအခြား တိတိပပ မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ တို့အကြားမှာ ရောထွေးမှုတွေ၊ တရားစီရင်ရေးမှာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိခဲ့ပါတယ်။

သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အာဏာက ပြည်သူက သက်ဆင်းတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အာဏာဟာ မင်းရိုးမင်းနွယ်က ဆင်းသက်မှု၊ စစ်ပွဲမှာ အနိုင်ရသူ စစ်ဘုရင်က တိုင်းပြည်အုပ်ချုပ်မှု စတာတွေကနေ သက်ဆင်းလာပါတယ်။ ဥပဒေပြု အာဏာကလဲ ဘုရင်က ခန့်အပ်မှုပေါ်မှာပဲ မူတည်ပြီး၊ ပြည်သူကို ကိုယ်စားပြုခြင်း မရှိခဲ့ပါ။ တရားစီရင်ရေး အာဏာကလဲ အုပ်ချုပ်ရေးအာဏာကနေ ထပ်မံသက်ဆင်းလာပါတယ်။

(၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါ စစ်အုပ်စုကနေပဲ သက်ဆင်းလာပါတော့တယ်။ မဆလ ပါတီ လက်ထက်မှာလဲ အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်း စစ်အုပ်စုက ဦးစီးတဲ့ တပါတီအာဏာရှင်စနစ် ကနေပဲ သက်ဆင်းလာခဲ့ပါတယ်။ (၁၉၈၈) စစ်အာဏာသိမ်းပွဲ အပြီးမှာလဲ အာဏာသုံးရပ်ဟာ စစ်အာဏာရှင်တွေရဲ့ န၀တ၊ နအဖ အဖွဲ့အစည်းတွေ ကနေပဲ သက်ဆင်းလာပါတယ်။

ဒီလိုနဲ့ နအဖက အမျိုးသားညီလာခံ ခေါ်ယူပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။ ဒီမူကြမ်းကို (၂၀၀၈) ခုနှစ်မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး၊ အတည်ပြုခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ဖွတ်ပါတီက အစိုးရ ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအစိုးရအဖွဲ့ကို နအဖ စစ်အာဏာရှင် ဟောင်း ဗိုလ်သိန်းစိန်ကဦးဆောင်ပြီး အရပ်သား အစိုးရလို့ ကြေငြာခဲ့ပါတယ်။ ဒီင်္မိုကရေစီ စနစ် အသွင်ကူးပြောင်းမှုလို့ ဆိုခဲ့ပါတယ်။

သို့ပေမယ့် ဒီမိုကရေစနစ်မှာ အရေးပါတဲ့ အာဏာအပိုင်းအခြား (separation of powers) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ constitutional principle မဖြစ်ခဲ့သလို၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးစနစ်မှာလဲ အာဏာအပိုင်းအခြား အသွင်သဏ္ဍာန်တွေ မရှိနေပါဘူး။ ဗိုလ်သိန်းစိန် ဦးဆောင် ကြံ့ဖွတ်ပါတီကို အနိုင်ရရှိစေခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ခဲ့ပါဘူး။

လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ (Representative Democracy) စနစ် အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့အခြေအနေ (necessary condition) တခုဖြစ်ပါတယ်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲတွေဟာ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ဖို့လိုအပ်ပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံ ပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာကြပါတယ်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာမှာ electoral process ကို တန်းတူညီမျှ အားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် အာဏာရှင် ဘက်တော်သားတွေက ခြိမ်းချောက် နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ် လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲမှာ ဒီလို အတုအယောင် ရွေးကောက်ပွဲရဲ့ သွင်ပြင်၊ လက္ခဏာတွေ ရှိနေခဲ့တယ်ဆိုတာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အားလုံးက သိပြီး၊ မြင်ပြီးသား ဖြစ်ပါတယ်။ ရာထူး၊ အာဏာ၊ အကြောက်တရား၊ ရှင်သန်ရပ်တည်မှု၊ အချိန်အခါ စတာတွေကို ထောက်ထားပြီး နှုတ်ဆိတ်နေကြခြင်းသာ ဖြစ်ပါမယ်။

ဒီအချက်တွေကို ထောက်မယ်ဆိုရင် အာဏာဆိုတာ ပြည်သူဆီက အပြည့်အ၀ သက်ဆင်းခဲ့ခြင်း မရှိဘူးဆိုတာ အသေအချာပါပဲ။ တရားဥပဒေပြုရေး အာဏာ ရရှိထားတဲ့ ပါလီမန်ရဲ့ ၇၅ ရာခိုင်နှုန်းမှာ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့သလို၊ ၂၅ ရာခိုင်နှုန်းကတော့ အုပ်ချုပ်ရေး အာဏာကို စောင့်ရှောက်ရမယ့် တပ်မတော်ကနေ အော်တိုမက်တစ် သက်ဆင်းလာတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရရှိထားတဲ့ အစိုးရအဖွဲ့မှာကလဲ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့ပါဘူး။

တရားစီရင်ရေးအာဏာမှာလဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ဖြစ်စေတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်သတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်း မပြုလုပ်ထားပါဘူး။ စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဆက်လက် ကျင့်သုံးဆဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီအာဏာ သုံးရပ်လုံးကို နိုင်ငံတော်လုံခြုံရေးကောင်စီက ပြန်လည် ထိန်းချုပ်ထားပါတယ်။ ဒီလို သွင်ပြင်လက္ခဏာ တွေဟာ ဒီမိုကရေစီစနစ် ရဲ့ သွင်ပြင်လက္ခဏာတွေမဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (Electoral authoritarianism) ရဲ့ သွင်ပြင်လက္ခဏာတွေသာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ စနစ် မဟုတ်ပဲ အာဏာရှင်စနစ် အမျိုးအစား တမျိုး ဖြစ်တဲ့ ရွေးကောက်ခံ အာဏာရှင် စနစ်ပဲ ဖြစ်ပါတယ်။

အပိုင်း(၂) ကို ဆက်လက် တင်ပြပါမည်။

ခင်မမမျိုး


အပြည့်အစုံဖတ်ချင်ရင်..>>>

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ မင်္ဂလာ အထိမ်းအမှတ် အမှတ်တရ စာစုများ

Saturday, June 18, 2011

Happy Birthday (PCFB)

အပြည့်အစုံဖတ်ချင်ရင်..>>>

အစာငတ်ခံ ဆန္ဒပြခြင်း

" ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငါစဉ်းစားနေခဲ့တယ်။ လူအများက ခန္ဓာကိုယ် အကြောင်းကို အပြော များကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး "
ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်)

(၁၉၈၁) ခုနှစ်က အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကြီးဟာ အိုင်ယာလန် နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ရီပတ်ပလင်ကန် အကျဉ်းသား ဘော်ဘီဆဲင်ဒ် အပါအ၀င် အကျဉ်းသား ဆယ်ဦး သေဆုံးခဲ့ပါတယ်။ ဒီအစာငတ်ခံ ဆန္ဒပြပွဲနဲ့ ထောင်တွင်းတိုက်ပွဲတွေဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင်ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပြီး၊ မြောက်ပိုင်းအိုင်ယာလန်ရဲ့ နိုင်ငံရေးအခြေအနေကို ကမ္ဘာကို မီးထောင်ထိုးပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြပွဲမှာ အဓိက သုံးခဲ့ကြတဲ့ လက်နက်ကတော့ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။



လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း (The body as a weapon) ဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးအန်တုမှု (political defiance) နဲ့ လူမှုဗေဒ (sociology)၊ မနုဿဗေဒ (anthropology) ဘာသာရပ် စတာတွေမှာ အရေးကြီးတဲ့ သဘောတရားတရပ်ဖြစ်ပြီး၊ အစာငတ်ခံ ဆန္ဒပြခြင်းကနေ အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်းအထိ အကျုံးဝင်ပါတယ်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာတော့ ပြည်သူလူထု အကြားမှာ ဗုံးခွဲမှုတွေက အကြမ်းဖက်မှု (Terrorism) ဖြစ်ပြီး၊ တဘက်ရန်သူရဲ့ ပစ်မှတ်ကို ချေမှုန်းတာကတော့ လက်နက်ကိုင် တော်လှန်ရေး (Armed Struggle) ဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခြင်း မပြုပါဘူး။ အကြမ်းမဖက် တိုက်ပွဲနည်းနာ တခုဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းကိုပဲ သီးခြားဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။



အစာငတ်ခံ ဆန္ဒပြခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အိုင်စီအာစီလို့ လူသိများကြတဲ့ International Committee of the Red Cross က Hern´an Reyes ဆိုသူက အစာငတ်ခံ ဆန္ဒပြခြင်းမှာ အစာဖြတ်တောက်ခြင်း၊ မိမိသဘောဆန္ဒဖြင့် ပြုလုပ်ခြင်းနဲ့ ရည်ရွယ်ချက် ဖော်ပြခြင်းဆိုတဲ့ အပိုင်း (၃) ပိုင်း ပါဝင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အကျဉ်းထောင်မှာ အစားအစာ မစားသူများမှာ အစားအစာကို ငြင်းဆန်သူများ (food refuser)များ နဲ့ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများ (real hunger strikers) ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။

အစားအစာကို ငြင်းဆန်သူများမှာ အခြေအနေ အကြောင်းတစုံတရာကြောင့် ရုတ်ခြည်း ငြင်းဆန်သူများနဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်သူများဆိုပြီး နှစ်မျိုး ထပ်ကွဲပါတယ်။ အကျဉ်းထောင်ရဲ့ အစားအစာကြောင့်ဖြစ်စေ၊ ထောင်ဝန်ထမ်းဆက်ဆံရေးကြောင့် ဖြစ်စေ၊ တစုံတရာ စိတ်ရှုပ်ထွေးမှုများနဲ့ ဒေါသစိတ်ကြောင့်ဖြစ်စေ အစားအစာကို ရုတ်ခြည်းငြင်းဆန် လိုက်သူတွေ ရှိတတ်ပါတယ်။ ဒီလို အကျဉ်းသားတွေဆီမှာ ရည်ရွယ်ချက် တစုံတရာ မရှိတာကြောင့် ဆာလောင်မှုကြောင့်ဖြစ်စေ၊ အခြေအနေတခုကြောင့် ဖြစ်စေ အလွယ်တကူ အစာပြန်စားသွားလေ့ ရှိပါတယ်။

နောက်တမျိုးကတော့ ထောင်ထဲမှာ အမြန်သေဆုံးသွားရင်လဲ သေဆုံးသွားပါစေ သဘောထားပြီး၊ ဘ၀ကို အရှုံးပေးစိတ်နဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်တာဖြစ်ပါတယ်။ ရောဂါဘယ ခံစားရသူများနဲ့ ဘ၀မှာ မျှော်လင့်ချက်ပျောက်နေသူများမှာ ဒီလို ငြင်းဆန်မှုတွေ ရှိလာတတ်ပါတယ်။ ဒီလို အစားအစာကို ငြင်းဆန်သူများမှာ တစုံတရာ နိုင်ငံရေး ဖိအားကို အသုံးပြုမှု မရှိပါဘူး။ တချိန်တည်းမှာ အများအပြားရှိနိုင်ပေမယ့် တဦးချင်းသီးခြား ငြင်းဆန်မှုတွေ ဖြစ်ပါတယ်။ အာဏာပိုင်များနဲ့ ထိပ်တိုက်ရင်ဆိုင်မှုသဏ္ဍာန်၊ တိုက်ပွဲသဏ္ဍာန် မပါဝင်ပါဘူး။ အုပ်စုဖွဲ့မှု မရှိပါဘူး။

အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာလဲ နောက်ဆုံးအဆင့် သေဆုံးဖို့အထိ ရည်ရွယ်သူများ ရှိသလို၊ တိုက်ပွဲရေချိန်ပေါ် မူတည်ပြီး အတိုးအလျှော့ လုပ်သူများ ဆိုပြီး နှစ်မျိုးထပ် ကွဲပြားပါတယ်။ ဘယ်လိုကွဲပြားမှုတွေ ရှိပေမယ့် အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာ နိုင်ငံရေး ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားအခွင့်အရေး အပြည့်အ၀ ရရှိရေး၊ နှိပ်စက်ညှဉ်းပမ်းမှုများ လျှော့ချရေး၊ အကျဉ်းထောင် မတရားမှုများ ဖော်ထုတ်ရေး စတာတွေကနေ နိုင်ငံရေးတောင်းဆိုချက်စသည်အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများဟာ တစုံတရာ နိုင်ငံရေး ဖိအားကို အုပ်စုလိုက် အသုံးပြုကြတာ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြသူများဆိုင်ရာ ကြေငြာစာတမ်း (Declaration on Hunger Strikers – Declaration of Malta) မှာတော့ World Medical Association က အစာငတ်ခံဆန္ဒပြသူဆိုတာ အစာငတ်ခံ ဆန္ဒပြမယ်လို့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး၊ အစားအစာကို အချိန်အတိုင်းအတာတခုအထိ ငြင်းဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ အရ ကျန်းမာသူများလို့ အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြသူများရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းစွမ်းရည် (decision-making capacity) ကို ဒီဖွင့်ဆိုချက်က အဓိက မီးမောင်းထိုးပြထားခဲ့ပါတယ်။

တုန့်ပြန်မှုများနှင့် ထည့်သွင်းစဉ်းစားလေ့ရှိသော အချက်အလက်များ

အစာငတ်ခံ ဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေက ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး၊ အစာငတ်ခံ ဆန္ဒပြမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက တုန့်ပြန်မှုတွေက ရှုမြင်သုံးသပ်ပုံပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ များသောအားဖြင့် အကျဉ်းထောင် အစာငတ်ခံ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သုံးသပ်လေ့ရှိတဲ့ ရှုထောင့်တွေကတော့ အစာငတ်ခံ ဆန္ဒပြသူများဆီမှာ political expression ကို ဖော်ထုတ်ရန် အခွင့်အရေးရှိသလား ဆိုတာနဲ့ ပတ်သက်ပါတယ်။

ဒီမိုကရေစီ ထောင်တွေမှာတော့ ဒီအခွင့်အရေးကို အသိအမှတ်ပြုပြီး ညှိနှိုင်းမှုတွေ ရှိပေမယ့်၊ အာဏာရှင်နိုင်ငံတွေ မှာတော့ ဒီအခွင့်အရေးကို အသိအမှတ်မပြုပဲ အတင်းအကြပ် အစာကျွေးတာ၊ ညှဉ်းပန်းနှိပ်စက် တာတွေနဲ့ တိုက်ပိတ်ပြစ်ဒဏ်ပေးတာတွေ လုပ်လေ့ရှိပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြခြင်းရဲ့ ရည်ရွယ်ချက်တွေဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြု မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိသလား၊ တရားဝင်မှု ရှိစေသလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တခါတရံမှာ အစာငတ်ခံ ဆန္ဒပြသူတွေဘက်က အဖျက်မူဝါဒတွေ ဖြစ်နေတတ်ပြီး၊ တခါတရံမှာတော့ အစာငတ်ခံ ဆန္ဒပြသူတွေက နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြုရေးကို လုပ်ဆောင်နေသူများ ဖြစ်ပြီး၊ အာဏာပိုင်တွေက နိုင်ငံကို ဖျက်ဆီးနေသူများလဲ ဖြစ်နေတတ်ပြန်ပါတယ်။ အမှန်အမှားကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ အစိုးရအဖွဲ့ရဲ့ တရားဝင်မှု (legitimacy)၊ တရားဥပဒေစိုးမိုးရေး စတာတွေပေါ်မှာပဲ မူတည်ပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြသူများဟာ အသေခံဖို့အထိ ရည်ရွယ်ချက်ရှိမရှိနဲ့ အသေခံလိုက်တဲ့အခါ နိုင်ငံရေးအရ အခြေအနေ မည်၍ မည်မျှ ဖြစ်သွားနိုင်ခြင်း ရှိမရှိ ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။

အစာငတ်ခံ ဆန္ဒပြမှုတွေမှာ အခြေအနေပြ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ တဦးချင်းအနေနဲ့လား၊ အုပ်စုအနေနဲ့လားဆိုတာကို အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲသဏ္ဍာန် သတ်မှတ်ဖို့ လိုအပ်ပါတယ်။ အုပ်စုဖွဲ့သဏ္ဍာန်က ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်တွေကို ပိုပြီး ထိထိမိမိ မီးမောင်းထိုးပြနိုင်ပြီး၊ credibility ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အုပ်စုဖွဲ့ အစာငတ်ခံ ဆန္ဒပြခြင်း (collective hunger strikes) တွေကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ အာဏာပိုင် နှစ်ဘက်စလုံးက လေးလေးနက်နက် အာရုံစိုက်ကြပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းမှာ ပါဝင်သူတွေရဲ့ လူမျိုး၊ ဘာသာ၊ အကျဉ်းချခြင်းခံရသော အမှု၊ အစာငတ်ခံဆန္ဒပြခြင်းကို အရေးယူမှု အခြေအနေ စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အစာငတ်ခံဆန္ဒပြခြင်းဟာ ဥပဒေရေးရာ မူဝါဒတွေကို သက်ရောက်မှု ရှိစေပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ စာနယ်ဇင်းနဲ့ နိုင်ငံရေးသမားတွေရဲ့ အာရုံစိုက်မှုကို ခံရတာကြောင့် ဥပဒေရေးရာ မူဝါဒတွေရဲ့ strategic turning point ကို ဖြစ်ပွားစေပါတယ်။ ၁၉၈၁ ခုနှစ် အိုင်ယာလန် အစာငတ်ခံ ဆန္ဒပြပွဲမှာ ရီပတ်ပလီကန်ပါတီက ဘော်လီဆဲင်ဒ်ဟာ ခြောက်ဆယ့်ကိုးရက်တိတိ ဆန္ဒပြခဲ့ပြီး၊ အခြားရဲဘော် ကိုးယောက်နဲ့အတူ ကျဆုံးခဲ့ပါတယ်။ ဒီအရေးဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင် ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ အခြားအချက်တွေကတော့ တဦးချင်းရေးရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ဆက်စပ်ပါတယ်။ အာဏာပိုင်တွေဘက်က တုန့်ပြန်မှုတွေမှာလဲ ဒီတဦးချင်းရေးရာ အချက်တွေက လွှမ်းမိုးမှု ရှိပါတယ်။

မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများ

မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ ရဲရဲတောက် သံဃာ့အာဇာနည်တပါးဖြစ်တဲ့ ဆရာတော် ဦးဝိစာရရဲ့ အစာငတ်ခံ ဆန္ဒပြခြင်းဟာ သမိုင်းမော်ကွန်းတွင်ရစ်ခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တုန်းက နယ်ချဲ့အစိုးရမှ ရာဇသတ်ပုဒ်မ (၁၂၄) (က) အစိုးရအား အကြည်ညိုပျက်အောင် ဟောပြောမှု နဲ့ သာယာဝတီထောင်မှာ မတရား ချုပ်နှောင်ထားစဉ်မှာ ဆရာတော်ဦးဝိစာရက သိမ်တခုခုမှာ ဥပုဒ်ပြုခွင့်တောင်းခဲ့ပါတယ်။ ငြင်းဆိုခံခဲ့ရတဲ့ အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ရာမှာ ရန်ကုန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး၊ ရက်ပေါင်း လေးဆယ်အထိ ရန်ကုန်ထောင်မှာ ဆက်လက်ဆန္ဒပြမှုကြောင့် နယ်ချဲ့အစိုးရ အာဏာပိုင်တွေက ဥပုဒ်ပြုခွင့် ပြုခဲ့ရပါတယ်။

အမှုစစ်ဆေးပြီး ထောင်ချခံခဲ့ရတာကြောင့် အင်းစိန်ရုံးကနေ ထောင်ဘူးဝပြန်အရောက်မှာ အာဏာပိုင်တွေက ထောင်ဝတ်စုံ နံငယ်ပိုင်းကို လဲလှယ်စေခဲ့ရာမှာလဲ သင်္ကန်းမှ လွဲ၍ မည်သည့်အ၀တ်မှ မ၀တ်နိုင်လို့ ဆိုခဲ့တာကြောင့် သင်္ကန်းဆွဲချွတ်ပြီး အ၀တ်ဗလာနဲ့ တိုက်ပိတ်ခံရပြန်ပါတယ်။ ဒီအတွက်ကြောင့် ၁၉၂၇ ခုနှစ်၊ မေလ (၈) ရက်နေ့မှာ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြစဉ်ကာလတွေမှာ နယ်ချဲ့လက်ပါးစေတွေက ရိုက်နှက်နှိပ်စက်ခြင်း၊ ကန်ကျောက်ခြင်း၊ စိတ်ရောဂါသည်များထားရှိရာထောင်သို့ ပို့ဆောင်ခြင်း၊ စိတ်ရောဂါသည်များနှင့် အတူထားရှိခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နယ်ချဲ့အစိုးရ လက်လျှောက်ပြီး ဆရာတော်ကို သင်္ကန်းဝတ်ခွင့် ပြန်ပေးခဲ့ရပါတယ်။

မကြာခင်မှာပဲ သင်္ကန်းပြန်ချွတ်ပြန်တာကြောင့် ဆရာတော်က တတိယအကြိမ် အစာငတ်ခံ ဆန္ဒပြတဲ့အတွက် ထောင်တွင်းတိုက်ပွဲပြင်းထန်လာတာကြောင့် အိန္ဒိယထောင်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပါတယ်။ ၁၉၂၉ မှာ ရန်ကုန်ထောင်သို့ ပြန်လည်ရောက်ရှိပြီး၊ ထောင်မှ လွတ်မြောက်ခဲ့ရာမှာ ထောင်မှလွတ်မြောက်ပြီး မကြာခင်မှာပဲ သုံးခွနယ်၊ ဖရုံကန်ရွာ တရားပွဲမှာ အစိုးရ အကြည်အညို ပျက်စေရန် ဟောပြောမှုနဲ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဟန်းတော်တို့ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရာမှာ မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြပြီး ထပ်မံ တောင်းဆိုခဲ့ပါတယ်။ အစာငတ်တ်ခံဆန္ဒပြရာမှ ရက်ပေါင်း (၁၆၆) ရက်မြောက်တဲ့ ၁၉၂၉ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ဆရာတော် ဦးဝိစာရ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်နောက်ဆုံးမိန့်ကြားခဲ့တဲ့ လိမ်မာရစ်ကြပါ ဆိုတဲ့ စကားလုံးဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်ကို မြှင့်တင်ပေးခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှတ်တိုင်များထဲက ကိုးကိုးကျွန်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများဟာလဲ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သူရဲကောင်း စိတ်ဓာတ်တွေ မျိုးဆက်သစ် တော်လှန်ရေး သမားတွေဆီမှာ ပျံ့နှံ့လာအောင် စိတ်ဓာတ်အမွေပေးခဲ့ပါတယ်။ ကိုးကိုးကျွန်း တိုက်ပွဲများရဲ့ ပထမဦး ပွဲဦးထွက် ငါးပိတိုက်ပွဲမှာတုန်းက ထောင်အာဏာပိုင်များက ငါးပိပုပ်တွေကို ပေးပြီး၊ ပေးတာယူ-ကျွေးတာစား သဘောမျိုးနဲ့ တော်လှန်ရေးသမားတွေကို အကဲစမ်း အညွှန့်ချိုးခဲ့တာကြောင့် တော်လှန်ရေးသမားများကို အစာငတ်ခံ တိုက်ပွဲနဲ့ တုန့်ပြန်ခဲ့ရာမှာ အာဏာပိုင်တို့ လက်လျှော့ပေးခဲ့ရပါတယ်။

ရဲနီဦးတင်ငြိမ်း ကိုးကိုးကျွန်းမှာ ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာခဲ့တဲ့ ကိုးကိုးကျွန်း ရက်လေးဆယ် တိုက်ပွဲကြီးဟာလဲ တောင်းဆိုချက် (၅) ရပ်နဲ့အတူ အာဏာပိုင်တွေကို တုန်လှုပ်စေခဲ့ပါတယ်။ ဒီတောင်းဆိုချက် (၅) ရပ်ကတော့ ရဲနီတင်ငြိမ်း အလောင်း ပြည်မပြန်ပို့ပေးရေး၊ နာတာရှည်ရောဂါသည် (သို့မဟုတ်) ကျွန်းမှာ ကုလို့မရသော ရောဂါသည်များကို ပြည်မပြန်ပို့ပေးရေး၊ စည်သွတ်ဗူးအစား အသားစိုပေးရေး၊ တရားဝင်ထုတ်ဝေသော စာနယ်ဇင်းများ ဖတ်ခွင့်ရရှိရေးနဲ့ အိမ်နှင့် စာရေးဆက်သွယ်ခွင့်ရရှိရေး စတာတွေ ဖြစ်ပါတယ်။ ပထမတောင်းဆိုချက်ဖြစ်တဲ့ အလောင်းကိုတော့ အာဏာပိုင်များက အတင်းအဓမ္မလုယူပြီး သဂြိုလ်လိုက်ပါတယ်။ နောက်တောင်းဆိုချက် (၄) ချက်ကိုတော့ ရက်ပေါင်း (၄၀) အကြာမှာ အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရပါတယ်။

နောက်ထပ်ပေါ်ထွက်လာခဲ့တဲ့ (၅၃) ရက် အစာငတ်ခံတိုက်ပွဲကြီးကတော့ တော်လှန်ရေးသမား တွေကို ကိုးကိုးကျွန်းကို ပို့ပြီး၊ ချုပ်နှောင်နှိပ်စက်ခြင်း အခြေခံဖြစ်တဲ့ ကိုယ်ထူကိုယ်ထ မူဝါဒကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးရေးနဲ့ ပြည်မထောင်အခွင့်အရေးများ ကိုးကိုးကျွန်းမှာလဲ ရရှိရေး တောင်းဆိုချက်များနဲ့ တိုက်ပွဲဝင်ခဲ့ကြရာမှာ အသက်ပေးခဲ့ကြသော ရဲဘော်များရဲ့ အလောင်းစင်တွေရှေ့က ပိုစတာတွေပေါ် ထောင်ခဲ့ကြတဲ့ သူတို့ပြောခဲ့တဲ့ စကားတွေမှာ သူတို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေကို တော်လှန်ရေးလမ်းညွှန်သဖွယ် မီးမောင်းထိုးပြနေခဲ့ပါတယ်။

ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့။ ဆက်တိုက်။ (ရဲဘော်သိန်းကြည်)

လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါ မကျန်အောင်ထိုးရသလို၊ ရန်သူကိုတိုက်ရာမှာလည်း အငုတ်အမြစ် မကျန်အောင် တိုက်ရမယ်။ (ရဲဘော်အုန်းမော်)

ခိုင်မာတဲ့ သန္နိဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာ မရှိဘူး။ (ရဲဘော်ချစ်ဆွေ)

ကျွန်တော်ကတော့ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ဘူး။ (ရဲဘော်စိန်ချင်း)

ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ (ရဲဘော်လေးမောင်)

ပြည်သူ့သူရဲကောင်း ရဲဘော်ရှစ်ယောက် အသက်ပေးခဲ့ရတဲ့ ၅၃ရက် တိုက်ပွဲမှာလဲ အာဏာပိုင်တွေက အလျှော့ပေးခဲ့ရပါတယ်။
နိဂုံး

မဆလ၊ န၀တ၊ နအဖ၊ ဦးသိန်းစိန် ရုပ်သေးအစိုးရ စတဲ့ အာဏာရှင် အဆက်ဆက်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာလဲ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေကို ဆန့်ကျင်အန်တုခဲ့ကြပါတယ်။ မတရားမှုဟာ ဥပဒေဖြစ်နေသရွေ့၊ အာဏာတည်နေသရွေ့၊ ဆန့်ကျင်တော်လှန်သူဆိုတာ ရှိနေစမြဲပါပဲ။ ဒီလို တော်လှန်သူတွေကို အကျဉ်းထောင်တွေထဲမှာ၊ တိုက်တွေထဲမှာ၊ ကျွန်းတွေမှာ နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားရင်လဲ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ရပေမယ့် တော်လှန်စိတ်ကိုတော့ ချုပ်နှောင်လို့ မရနိုင်ပါဘူး။ တော်လှန်စိတ်ကို မီးမောင်းထိုးပြတဲ့ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ထောင်တွင်းတိုက်ပွဲတွေဟာ အချုပ်ခန်း၊ ထောင်အဆောင်များ၊ တိုက်များနဲ့ ကျွန်းတွေကနေ ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်ပြီး၊ အာဏာရှင်စနစ် အဆုံးမသတ်သရွေ့ ဆက်လက် ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၆၊ ၆၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။ ။

ရန်ကုန်ပြည်သူများ (၂၀၀၈) သံဃာ့အာဇာနည် ဆရာတော်ဦးဝိစာရ၊ http://burmesepeople.blogspot.com/2008_07_01_archive.html

ရဲဘော်ဖိုးသံချောင်း (၂၀၀၄) ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား၊ Study Desk Publication, India

BAUMAN, Z. (1992) Survival as social construct. Theory, Culture and Society. 9(1): 1-36.

SANDS, B. (1998) Writings from Prison. Dublin: Mercier Press.

Reyes, H. (1998) Medical and Ethical Aspects of Hunger Strikes in Custody and the Issue of Torture, in Oehmichen, M., 19 MALTREATMENT AND TORTURE, RESEARCH IN LEGAL MEDICINE

World Med. Ass’n, Declaration on Hunger Strikers, Nov. 1991, rev. Oct. 2006, available at
www.wma.net/en/30publications/10policies/h31/index.html

Yuill, C. (2007) The Body As Weapon: Bobby Sands and the Republican Hunger Strikes, Sociological Research Online, Volume 12, Issue 2

အပြည့်အစုံဖတ်ချင်ရင်..>>>

အစာငတ်ခံဆန္ဒပြခြင်းနှင့် ထောင်တွင်းတိုက်ပွဲ (မလအ မှ ထုတ်ဝေသော စာစုများ)

Hunger Strikes (PCFB)

အပြည့်အစုံဖတ်ချင်ရင်..>>>

Unconventional Warfare ဆိုင်ရာ မှတ်စုများ

Thursday, June 16, 2011

Unconventional Warfare

အပြည့်အစုံဖတ်ချင်ရင်..>>>

ဟင်းတခွက်

Sunday, June 12, 2011

ကျွန်မ ဒီနေ့ ဟင်းတခွက် ချက်ဖြစ်ပါတယ်။ ဟင်းတခွက်ချက်တယ်ဆိုတာ အမြဲချက်နေသူတွေ အဖို့တော့ အဆန်းတကြယ် မဟုတ်ပေမယ့် ကျွန်မလို တလနေမှ တခါလောက်တောင် ဟင်းမချက်သူတွေ အတွက်တော့ ထူးထူးခြားခြား အလုပ်တခုပါ။ ကျွန်မရဲ့ ဟင်းချက်ပျင်းမှုကို ထောက်ကူပေးနေတာတွေကတော့ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်မှာ တကမ္ဘာလုံး ပျံ့နှံ့နေတဲ့ နိုင်ငံစုံ အစားအစာတွေရနိုင်တဲ့ စားသောက်ဆိုင်မျိုးစုံပဲ ဖြစ်ပါတော့တယ်။



ကျွန်မနေတဲ့ မြို့လေးက ပင်လယ်ကမ်းခြေမြို့လေးဖြစ်ပြီး၊ စားသောက်ဆိုင်တွေ အလွန်များတဲ့ မြို့ပါ။ ကျွန်မအိမ်ကနေ ငါးမိနစ်လောက်လျှောက်ပြီး လမ်းမပေါ် ထွက်လိုက်တာနဲ့ တရုတ်ဆိုင်၊ အိန္ဒိယဆိုင်၊ Scottish စားသောက်ဆိုင်၊ သီရိလင်္ကာဆိုင်၊ ဗီယက်နမ်ဆိုင် စတဲ့ ဆိုင်တွေအားလုံးပေါင်းလိုက်ရင် ဆယ်ဆိုင်ကျော် ရှိပါတယ်။ ဒီဆိုင်တွေကလဲ ကိုယ်တိုင်သွားစရာတောင်မလိုပဲ ဖုန်းလေးဆက်လိုက်တာနဲ့ အခမဲ့ အိမ်တိုင် ယာရောက် လာပို့ပေးတဲ့ ၀န်ဆောင်မှုတွေ ရှိပါတယ်။ ဒီဆိုင်လေးတွေက အစားအစာတွေကို ရိုးအီသွားရင်လဲ တမြို့လုံးမှာ ပျံ့နှံ့နေတဲ့ ဆိုင်တွေကနေ အိမ်တိုင်ယာရောက် လာပို့ခ အနည်းငယ် ပေးပြီး ဖုန်းဆက် မှာယူလို့ ရပါတယ်။

အိမ်ကို မှာမစားပဲ စားသောက်ဆိုင်မှာ စားချင်တယ်ဆိုရင်လဲ မိနစ်အစိတ်လောက် လမ်းလျှောက်ထွက်လိုက်ရင် ပင်လယ်ကမ်းခြေက တသီတတန်း ဆိုင်ပေါင်းများစွာကို ရောက်သွားနိုင်ပြီး၊ အစားအစာမျိုးစုံကို စိတ်တိုင်းကျ စားနိုင်ပါတော့တယ်။ ဒီလိုနဲ့ အစကတည်းက ဟင်းချက်ပျင်းတဲ့ ကျွန်မတယောက် ဓားတချက်မ၀င့်ရပဲ၊ ဖုန်းတချက်နှိပ်ရခြင်းနဲ့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ နေသားကျလိုက်ပုံများ သားပေါက်စလေးတောင် ကျောင်းက ပြန်ရောက်ပြီဆိုတာနဲ့ စားသောက်ဆိုင် menu တွေ အပုံလိုက်ထဲက တခုကို ရွေးထုတ်ခြင်း၊ တယ်လီဖုန်း ယူလာပေးပြီး မှာဖို့ ပြောခြင်း စတဲ့ အတတ်ပညာတွေကို ကျွမ်းကျင်လာ ပါပကောလား။

တခါတလေ ဆိုင်အစားအစာတွေကို မစားချင်တဲ့အခါလေးတွေ ဆိုရင်တော့ freezer ထဲ ထည့်ထားတဲ့ အသင့်ပြင်ဆင်ပြီးသား အစားအစာတွေကို မီးဖိုထဲ ပစ်ထည့်ပြီး၊ မိနစ်နှစ်ဆယ်၊ နာရီဝက်လောက် စောင့်လိုက်ရင် စားစရာတွေက ရလာပါရော။ ရံဖန်ရံခါလေးတွေမှာတော့ ဟင်းချက်နည်း စာအုပ်လေးတွေကို ဘေးမှာ ချပြီး ဟင်းလေးတွေ ချက်စားကြည့်မိပါရဲ့။ ဒါပေမယ့်လဲ အတော်ပဲ လက်ဝင်လှသကိုး။

ဒီလို ဟင်းမချက်စားသူ ကျွန်မတယောက် ဒီကနေ့တော့ ဟင်းတခွက် ချက်ရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဖြစ်က ဒီလိုပါ။ သားအမိနှစ်ယောက် လမ်းလျှောက်ထွက်ပြီး အပြန်မှာ ထုံးစံအတိုင်း လမ်းထိပ်က ကုန်စုံဆိုင်လေးဆီမှာ ရေခဲမုန့်နဲ့ ချောကလက် ၀ယ်ကြပါတယ်။ အဲဒီမှာ ကျွန်မက baby wipes လေးကုန်နေတာ သတိရပြီး၊ သွားယူပါတယ်။ သားလေးကို ပြန်တွေ့တော့ ကြက်သားရင်ပုံ ပက်ကင်ထုတ်လေးကို ကိုင်ရက်သား။ ကျွန်မက ပြန်ထားဖို့ ပြောတော့လဲ မရဘူး။ မရမက ယူမယ်ပြောတာကြောင့် ၀ယ်ခဲ့ရပါတော့တယ်။ ကြက်သွန်နီပါ ထပ်ဝယ်ရပါသေးတယ်။ တော်ကြာ အိမ်ရောက်မှ တူတူဟင်းချက်မယ်လို့ ကျေးဇူးရှင်လေးက ပြောလာရင် မခက်ရအောင်ပါ။ ဘယ်နဲ့ သားလေး တယောက်မွေးထားမိပါတယ်။ သူက အမေတောင် ပြန်ပြီး ဟိုဟာခိုင်း၊ ဒီဟာခိုင်းနဲ့။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ထင်တဲ့အတိုင်းပဲ တူတူဟင်းချက်ရအောင်လို့ ခေါ်ပြီး၊ စွေ့ကနဲ မီးဖိုထဲ ရောက်နေတာကြောင့် ကျွန်မမှာ စိတ်မပါတပါနဲ့ ကြက်သွန်နီကိုလှီးပြီး၊ ဘီဒိုတွေထဲက ဟင်းချက်စရာ အမှုန့်မျိုးစုံကို ထုတ်ရပါတော့တယ်။ expiry date ကိုလဲ ကြည့်ရသေးရဲ့။ နောက်တော့ ကြက်ရင်ပုံသားလေးတွေကို အတုံးသေးသေးလေးဖြစ်အောင် ဓားကိုင်ပြီး လှီးဖြတ်ရပါတော့တယ်။ ကြက်သွန်နီ၊ ဂျင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်သီးမှုန့်တွေကို မီးအပူနဲ့ ဆီသတ်ပြီး လှီးဖြတ်ထားတဲ့ အသားတွေကို ထပ်ထည့်ရပါတယ်။ ဆီပူလှိမ့်ပြီးမှ နောက်တော့ ရေနွေး အနည်းငယ်ရောပြီး မီးအေးအေးနဲ့ ကျက်အောင် ပြန်တည်ရပါတယ်။ ဒီလိုတွေ လုပ်နေရင်း ကျွန်မ အတွေးထဲကို တောင်အာဖရိက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်က အမှတ်တမဲ့နဲ့ ၀င်ရောက်လာပါတယ်။

တောင်အာဖရိက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်မှာတုန်းက ၁၉၅၀ ကနဦးကာလတွေမှာ အကြမ်းမဖက် ဥပဒေဘောင်တွင်း လှုပ်ရှားမှုအနေနဲ့ လူမျိုးပေါင်းစုံ တန်းတူညီမျှရေးကို တောင်းဆိုပြီး၊ ထောင်ထဲဝင်ကြတဲ့ နိုင်ငံရေး အန်တုမှု ကင်ပိန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ပိုင်းမှာ တောင်အာဖရိက အမျိုးသားကွန်ဂရက် (အေအင်စီ)နဲ့ အခြား မဟာမိတ်တွေက လူမျိုးပေါင်းစုံတန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေ ပါဝင်တဲ့ Freedom Charter ကို တောင်အာဖရိကအစိုးရဆီ တင်သွင်းခဲ့ပါတယ်။ အစိုးရက ငြင်းဆန်ပြီး၊ မင်ဒဲလားအပါအ၀င် ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။

၁၉၆၀ ခုနှစ်ရောက်တော့ ဒီလို normative leverage လုပ်နေရုံနဲ့ပဲ အောင်ပွဲရမှာ မဟုတ်ဘူးဆိုတာကို အေအင်စီခေါင်းဆောင်တွေ သဘောပေါက်လာကြပါတယ်။ နှစ်ပေါင်း (၅၀) ကြာအောင် ပြုလုပ်ခဲ့တဲ့ တောင်းဆိုချက်တွေ၊ လက်မှတ်ထိုးတောင်းဆိုမှုတွေဟာ Apartheid အစိုးရ ရပ်တည်မှုကို ရွေ့လျားအောင် မလုပ်နိုင်ခဲ့ဖူးဆိုတာကို သိမြင်လာကြပါတယ်။ ဒါနဲ့ နိုင်ငံနဲ့အ၀ှမ်း ဆန္ဒပြပွဲတွေကို အေအင်စီခေါင်းဆောင်တွေနဲ့ မဟာမိတ်တွေ စုပေါင်းပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီလိုနဲ့ (၁၉၆၀) The Sharpeville Massacreမှာ ဆန္ဒပြသူ (၆၉) ဦးကျဆုံးပြီး၊ (၁၈၀) ကျော် ဒဏ်ရာရခဲ့ပါတယ်။ တိုင်းပြည်တ၀ှမ်းက နိုင်ငံရေးလှုပ်ရှားသူ လူနှစ်ထောင်ကျော်ကိုလဲ အစိုးရက လိုက်လံဖမ်းဆီးပါတော့တယ်။

ဒီအခါမှာ ခေါင်းဆောင်တွေအနေနဲ့က ရွေးစရာလမ်း သိပ်မကျန်တော့ပါဘူး။ လူထုတိုက်ပွဲတခုတည်းနဲ့ မရ၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ပါ ပေါင်းစပ်ရမယ်လို့ အမြင်ရှိလာတာကြောင့် မင်ဒဲလားနဲ့ အေအင်စီဟာ ဇူးလူးဘာသာစကားနဲ့ “Spear of the Nation.” လို့ အမည်ရတဲ့ military wing ကို တည်ထောင်ပါတော့တယ်။ စစ်ရေးနဲ့ တောင်အာဖရိက စစ်တပ်ကို ယှဉ်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပေါင်းစပ်ခြင်းအားဖြင့် တွေ့ဆုံညှိနှိုင်းရေး စားပွဲပေါ်ကို အစိုးရဆီ တွန်းပို့နိုင်လာမယ်လို့ ယူဆခဲ့ကြပါတယ်။

(၁၉၆၂) ခုနှစ်မှာတော့ မင်ဒဲလားနဲ့ ခေါင်းဆောင်အချို့ကို တောင်အာဖရိက လုံခြုံရေးတပ်တွေက ဖမ်းဆီးမိသွားပါတယ်။ ခေါင်းဆောင်တွေ အဖမ်းခံရပြီးနောက်ပိုင်းမှာ အစိုးရဆန့်ကျင်ရေးအရှိန်က နှေးကျသွားခဲ့ ပါတယ်။ နိုင်ငံတွင်းလှုပ်ရှားမှုတွေ အားလျော့ပြီး၊ နိုင်ငံပြင်ပက မင်ဒဲလားလွတ်မြောက်ရေး လှုပ်ရှားမှု၊ နိုင်ငံတကာကင်ပိန်းတွေရဲ့ အရှိန်ကသာ ကြီးထွားလာခဲ့ပါတယ်။ အစိုးရထဲကို ၀င်ပူးပြီး (change from within) လုပ်မှပဲ ရတော့မယ်ဆိုတဲ့ နိုင်ငံရေးသဘောတရားတွေက ပျံ့နှံ့နေရာယူလာပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုရှိသမျှ ထကြွပုန်ကန်မှု၊ နိုင်ငံရေးအန်တုမှု ဆိုတာ ရှိနေမှာပဲဆိုတဲ့ တော်လှန်ရေးဥပဒေသတွေဟာ တောင်အာဖရိကမှာလဲ မှန်ကန်ခဲ့ပါတယ်။ မျိုးဆက်သစ် ခေါင်းဆောင်တွေ ထပ်မံပေါ်ထွက်လာခဲ့ပြီး၊ ၁၉၆၀ နှောင်းပိုင်းတွေမှာ The Black Consciousness Movement (BCM) စတာတွေ ပေါ်ပေါက်လာပါတယ်။

၁၉၇၆ ခုနှစ်မှာတော့ The Soweto uprising ပေါ်ထွက်လာပါတယ်။ ဒီလူထုအရေးတော်ပုံကြီးကို လူငယ်ကျောင်းသားတွေက ဦးဆောင်ခဲ့ကြတာပါ။ အရေးတော်ပုံကြီးဖြစ်ပွားခဲ့တဲ့ ပထမ နှစ်လအတွင်းမှာ လူငယ် နှစ်ထောင်ကျော် သေဆုံးခဲ့ပြီး၊ ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီလူထု အရေးတော်ပုံကြီးကို ပြည်ပမှာ ရှိနေတဲ့ မျိုးဆက်ဟောင်းတွေက အချိန်ကိုက် တိုင်မင်ပေးပြီး လှုပ်ရှားစေခဲ့တာလဲ မဟုတ်သလို၊ ပြည်တွင်းမှာ ရှိနေတဲ့ မျိုးဆက်ဟောင်း ခေါင်းဆောင်တွေက တိုက်ပွဲခေါ်ယူခဲ့တာလဲ မဟုတ်ပါဘူး။

မတရား အဖိနှိပ်ခံထားရတဲ့ လူထုလူတန်းစား အဖွဲ့အစည်းဆိုတာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ယမ်းအိုးကြီးတခုလိုပါပဲ။ တခါတရံမှာ သာမန်အချိန်ဆို ရေးကြီးခွင်ကျယ် လုပ်စရာ မဟုတ်တဲ့ ဖြစ်ရပ်လေးတခုကလဲ triggering event ကြီးတခု ဖြစ်သွားတတ်ပါတယ်။ အရေးကြီးတာက ဒီလိုအချိန်တွေအတွက် လူထုလူတန်းစား အလွှာအသီးသီးအကြားမှာ အမာခံ တည်ဆောက်ထားနိုင်မှု၊ တိုက်ပွဲဖြစ်လာခဲ့ရင် နိုင်ငံရေး ရေချိန်ကို ရေရှည်ထိန်းထားနိုင်မှု၊ အပြောင်းအလဲကာလမှာ စီမံအုပ်ချုပ်ရေး၊ အာဏာလွှဲပြောင်းရယူနိုင်ရေး၊ နိုင်ငံရေး လက်ဦးမှု ရယူရေးတို့အတွက် ညှိနှိုင်းထားမှု၊ ချိတ်ဆက်ထားမှု စတာတွေပဲ ဖြစ်ပါတယ်။ လူထုအရေးတော်ပုံဆိုတာက တိုက်ပွဲခေါ်တိုင်းလဲ ဖြစ်ချင်မှ ဖြစ်တာပါ။ တိုက်ပွဲမခေါ်ပဲလဲ အချိန်မရွေး ထဖြစ်သွားနိုင်ပါတယ်။

၁၉၇၆ ခုနှစ်၊ တောင်အာဖရိက လူထုအရေးတော်ပုံကြီးကလဲ ဒီလိုပဲ ရုတ်ခြည်း ထဖြစ်သွားခဲ့တာပါ။ အစိုးရက လူမည်းကျောင်းသားတွေကို လူဖြူ Boers တွေရဲ့ ဘာသာစကားကို အတင်းအကြပ် သင်ခိုင်းပါတယ်။ ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေက ဆန္ဒပြကြပါတယ်။ လုံခြုံရေးတပ်တွေကြောင့် ကျောင်းသားလေးတယောက် သေသွားပါတယ်။ ဒါကို မကျေနပ်တဲ့အတွက် Soweto မှာ အဓိကရုဏ်းဖြစ်ပြီး၊ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ နှစ်နှစ်ကျော်ကြာအောင် ဖြစ်ပွားခဲ့တဲ့ ဒီလူထုအရေးတော်ပုံကြီးမှာ လူပေါင်း တစ်သောင်းကျော်ခန့် သေဆုံးခဲ့ပါတယ်။

ဒီလူထု အရေးတော်ပုံကြီးဟာ တောင်အာဖရိက နိုင်ငံရေးသမိုင်းမှာတော့ သမိုင်းတကွေ့ကို ချိုးပစ်လိုက်ပါတော့တယ်။ နိုင်ငံရေးဆိုတာ အတွင်းက ပူးပြီးမှ ပြောင်းလဲမှု လုပ်ဆောင်ရမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ပါးစပ်တွေကို ပိတ်ပစ်လိုက်ပါတယ်။ သူတို့ရဲ့ စကားတွေကို လူထုက အယုံအကြည် မရှိတော့ပါဘူး။ ထောင်ထဲကို ရောက်သွားတဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ မျိုးဆက်ဟောင်းခေါင်းဆောင်တွေ ထောင်ထဲမှာ ပေါင်းစည်းမိသွားကြပါတယ်။ ထောင်ပေါင်းများစွာသော လူတွေက ထွက်ပြေးတိမ်းရှောင်ပြီး အေအင်စီနဲ့ ပီအေစီအဖွဲ့တို့ရဲ့ military wing တွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မျိုးဆက်သစ်တွေ ထပ်ပြီး ပေါ်ထွက်လာ ပါတယ်။

(၁၉၈၃) မှာ အစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲပြဌာန်းပြီး၊ လူထုရဲ့ တိုက်ပွဲရေချိန်ကို လျှော့ချဖို့နဲ့ တော်လှန်ဆန့်ကျင်သူတွေကို ဖြိုခွဲဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တော်လှန်ရေးသမားတွေထဲမှာ အာဏာနဲ့ အခွင့်အရေးကို အချောင်လိုချင်သူတွေက နည်းနေခဲ့ပါတယ်။ ရွေးကောက်ပွဲကို ညီညီညာညာ ဆန့်ကျင်ခဲ့ကြတာကြောင့် အစိုးရစိတ်တိုင်းကျ မဖြစ်ခဲ့ပါဘူး။ အထိနာစေခဲ့ပါတယ်။ (၁၉၈၅) ခုနှစ်မှာ The Sharpeville Massacre နှစ်ဆယ့်ငါးနှစ်မြောက် နှစ်ပတ်လည်ကို လူထုလှုပ်ရှားမှု အသွင်နဲ့ ကျင်းပကြတာကြောင့် အစိုးရက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေငြာ လိုက်ရပါတော့တယ်။

ဒီအခါမှာ လူပေါင်း နှစ်သန်းကျော်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ခုနစ်ထောင်ကျော်က နိုင်ငံရေးအန်တုမှု လှုပ်ရှားမှုကြီးကို စတင်ကြပါတော့တယ်။ လှုပ်ရှားမှုတခုမှာ အဖွဲ့အစည်းများတာက အကြောင်းမဟုတ်ပါ။ ဒီအဖွဲ့အစည်းတွေအားလုံးဆီမှာ ခိုင်မာတဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ရှိနေဖို့ကသာ အရေးကြီးတာပါ။ ဒီစိတ်ဓာတ်ရှိရင် အရေးကြုံလာချိန်မှာ အလိုအလျောက် ပေါင်းစည်းအား ထွက်သွားစမြဲပါပဲ။ ဒီအဖွဲ့အစည်း ခုနစ်ထောင်ကျော်ဟာ Mass Democratic Movement (MDM) ခေါင်းစီးအောက်မှာ လှုပ်ရှားခဲ့ကြပါတယ်။

တိုက်ပွဲမရှိပဲ တပ်ပေါင်းစုတွေ ဖွဲ့လိုက်၊ ကွဲလိုက်၊ ပြဲလိုက်၊ ပြန်တည်ထောင်လိုက်နဲ့ သံသရာ လည်နေတာထက်စာရင် ဒီလို တိုက်ပွဲရှိချိန်မှာ ကိုယ့်အဖွဲ့အစည်း၊ သူ့အဖွဲ့အစည်းစတာတွေကို ခေါင်းစီးမတင်ပဲ တပ်ပေါင်းစု လှုပ်ရှားမှုသဏ္ဍာန် ခေါင်းစီးကြီးတခု အောက်မှာ ညီညွတ်ရေး ဖြစ်တည်လာတာက ပိုပြီး ထိရောက်မှု ရှိတယ်ဆိုတာ တောင်အာဖရိကရဲ့ MDM လှုပ်ရှားမှုကြီးက သက်သေပြခဲ့ပါတယ်။

ဒီလို လှုပ်ရှားမှုကြီး အရှိန်ကောင်းလာတာနဲ့အမျှ အစိုးရဆီမှာ အာဏာရှိတာနဲ့ စစ်တပ်ကို ထိန်းချုပ်ထားနိုင်ရုံက လွဲလို့ ဘာမှ မကျန်တော့ပါဘူး။ ပြည်တွင်းပြည်ပ legitimacy မရှိပါဘူး။ အစိုးရဆန့်ကျင်သူတွေဘက်မှာတော့ အများပြည်သူရဲ့ ထောက်ခံအားပေးမှု၊ နိုင်ငံတကာ အသိအမှတ် ပြုမှု၊ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပေမယ့် အရှိန်တခုရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး၊ အစိုးရဘက်က နှိမ်နင်းသမျှ ဖိလေကြွလေ ဖြစ်လာတဲ့ ရေရှည် ရပ်တည်နိုင်သော တပ်ပေါင်းစု လှုပ်ရှားမှုကြီး၊ ငွေကြေးတွေ၊ အာဏာတွေနဲ့ သွေးဆောင်ဖြားယောင်းလို့ မရနိုင်တဲ့ ခေါင်းဆောင်များရဲ့ တော်လှန်စိတ် ခိုင်မာမှု စတာတွေရဲ့ အားတွေကို ရရှိနေပြီ ဖြစ်ပါတယ်။ တော်လှန်ရေးအရှိန်ကို နှောင့်နှေးစေခဲ့တဲ့ အတွင်းမှ ပူးသတ်မည်ဆိုသူများလဲ အခြေအနေမှန်ကို နားလည်သွားပြီး ပါးစပ်ပိတ်သွားသွားကြပါပြီ။ နှစ်ဘက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်နေပြီး၊ ပါဝါချိန်ခွင်လျှာ ညီလာတဲ့ အခြေအနေဖြစ်လာပါတယ်။

ဒီလိုအခြေအနေမှာ အစိုးရဘက်က မင်ဒဲလားရဲ့ တွေ့ဆုံဆွေးနွေးလိုသော ဆန္ဒရှိမရှိကို ကနဦး အတည်ပြုပါတယ်။ (၁၉၉၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ မင်ဒဲလားကို လွှတ်ပေးမည် ဖြစ်ကြောင်းနဲ့ အေအင်စီနှင့် အခြားနိုင်ငံရေးအဖွဲ့အစည်းများကို ban လုပ်ထားခြင်းကို ရုတ်သိမ်းမည်ဖြစ်ကြောင်း အစိုးရဘက်က စတင်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ မင်ဒဲလားက ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ လွတ်မြောက်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရေး ခြေလှမ်းကို အစိုးရဘက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စတင်ခဲ့ရခြင်းကလဲ ပါဝါချိန်ခွင်လျှာ ညီမျှလာခြင်းကြောင့်သာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံ လိုအပ်ချက်တွေကို နှစ်ဘက်စလုံးက အပေးအယူ လုပ်လာခဲ့ကြပါတယ်။ အေအင်စီဘက်က လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ပြီး၊ အစိုးရဘက်က အရေးပေါ် အခြေအနေ ရုတ်သိမ်းမှု၊ ဥပဒေများ ပြုပြင်ပြောင်းလဲမှု၊ ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ ပြည်တွင်းကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်မှု၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု စတာတွေ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးနေဆဲကာလမှာ ရာဇ၀တ်မှုထူပြောခြင်း၊ နိုင်ငံရေး အမြင်ပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းတွင်းမှာ တိုက်ခိုက်မှုများ ရှိခြင်း၊ ဂိုဏ်းဂဏများ ပေါ်ပေါက်လာခြင်း စတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီလို အခြေအနေကို ထိန်းနိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ စီးပွားရေးသမားတွေ ပူးပေါင်းပြီး National Peace Accord (NPA) ကို အကောင်အထည်ဖော် ခဲ့ကြပါတယ်။ နိုင်ငံအလိုက်၊ ဒေသအလိုက်၊ မြို့နယ်အလိုက် ငြိမ်းချမ်းရေး ကောင်စီတွေ ဖွဲ့စည်းပြီး သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကို အကောင်အထည် ဖော်ဆောင်ခဲ့ကြပါတယ်။ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အမည်ခံ အရှုံးပေးရေး၊ အညံ့ခံရေး တွေက မတူညီပါဘူး။

အမည်ခံ အရှုံးပေးရေး၊ အညံ့ခံရေး လမ်းစဉ် မဟုတ်တဲ့ မှန်ကန်သော ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး လှုပ်ရှားမှုတွေ ဆိုတာက နှစ်ဘက်ခေါင်းဆောင်တွေအားလုံး တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် ရောက်ရှိနေပြီးမှ နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် မလိုအပ်တော့တာကြောင့် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ကောင်စီတွေကို လူ့အဖွဲ့အစည်းတွင်းမှာ ဖွဲ့စည်းလှုပ်ရှားလာခြင်း ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် မရောက်ခင်မှာတုန်းကတော့ နိုင်ငံရေး အန်တုရေး၊ ထိပ်တိုက် ရင်ဆိုင်ရေး၊ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်တွေကိုပဲ တောင်အာဖရိက ဒိုင်ယာလော့ဖြစ်စဉ်မှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလမှာ Convention for a Democratic South Africa (CODESA) ကျင်းပနိုင်ခဲ့ပြီး၊ ၁၉၉၄ ခုနှစ် ရောက်မှ တောင်အာဖရိကရဲ့ ပထမဦးဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ပေါ်ထွက်လာခဲ့ပါတယ်။ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ်ကာလတွေမှာလဲ လူထုလှုပ်ရှားမှုတွေက မရပ်သွားပါဘူး။ တွေ့ဆုံဆွေးနွေးပွဲ စတင်လိုက်တာဟာ လူထုအတွက် အကျိုးရှိစေမယ့် ရလဒ်တွေ ဖြစ်လာဖို့ guaranteed မရှိပါဘူး။ တဘက်က အာဏာကို ရယူထားပြီး၊ စစ်တပ်ကို ကြိုးကိုင်ထားနိုင်တဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတာမှာ လူထုခေါင်းဆောင်တွေ ဘက်မှာကလဲ ပါဝါချိန်ခွင်လျှာအနေနဲ့ လူထုလှုပ်ရှားမှု အင်အား၊ နိုင်ငံတကာ ထောက်ခံမှုတွေ ရှိနေဖို့ လိုပါတယ်။ ဒီလိုပါဝါချိန်ခွင်လျှာ မညီမျှမှာ စိုးရိမ်တဲ့အတွက် နိုင်ငံတကာကလဲ ပိတ်ဆို့အရေးယူမှုကို ချက်ချင်း ပြန်ရုတ်သိမ်းခြင်း မရှိခဲ့ပါဘူး။ ဒါမှလဲ အာဏာရယူထားသူများဘက်မှ တဘက်သတ် နိုင်ထက်စီးနင်း မဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

တောင်အာဖရိက တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ်မှာ အေအင်စီနဲ့ အခြားနိုင်ငံရေးအဖွဲ့များဟာ လူထုဆန္ဒပြပွဲများ၊ သပိတ်များနဲ့ အလုပ်မသွားသော နေ့ရက်များ စတဲ့ လှုပ်ရှားမှုတွေကို အသုံးပြုပြီး တွေ့ဆုံဆွေးနွေးပွဲစားပွဲအတွက် coercive leverage တွေ သုံးခဲ့ကြပါတယ်။ အစိုးရထဲက တွေ့ဆုံဆွေးနွေးပွဲကို မလိုလားသူများက နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ပြီး အေအင်စီ အဖွဲ့ဝင်များကို သတ်ဖြတ်ခိုင်းမှုတွေလဲ ရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် အေအင်စီ ထောက်ခံသူ (၃၉) ယောက်ကို Soweto uprising နှစ်ပတ်လည် အခမ်းအနားတခုမှာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ခေါင်းဆောင်ကောင်းဖြစ်တဲ့ မင်ဒဲလားက အစိုးရကိုယ်တိုင် ပါဝင်နေတဲ့ ဒီ Boipatong massacreကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ Convention for a Democratic South Africa (CODESA) ထဲကနေ အေအင်စီကို ချက်ချင်းဆွဲထုတ်ပြီး၊ သူ့ပြည်သူတွေကို လုံခြုံရေးပေးဖို့နဲ့ အစိုးရကိုယ်တိုင်ကျူးလွန်တဲ့ ဒီအကြမ်းဖက်ကို စုံစမ်း အရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုပါတော့တယ်။ မင်ဒဲလားရဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂက မစ်ရှင် ဖွဲ့ပြီး စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ယူအင်မစ်ရှင်ဟာ နိုင်ငံတွင်းမှာ National Peace Accord က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ အတူ တွဲဖက်ပြီး၊ အများပြည်သူကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေကို စုံစမ်းပါတော့တယ်။ အစိုးရအာဏာပိုင်ရဲ့ ဘက်တော်သားတွေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီး၊ ကော်မရှင်အစီရင်ခံ ထုတ်ပြန်ခဲ့တာကြောင့် အစိုးရရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို လျှော့ချနိုင်လာပါတော့တယ်။

ဒီလို တောင်အာဖရိက ဒိုင်ယာလော့ခ်ဖြစ်စဉ်ကို ဟင်းချက်နေရင်းနဲ့ ပြန်ပြီး သတိရနေမိစဉ်မှာပဲ ဟင်းကျက်သွားတာကြောင့် အိုးထဲကနေ ပန်းကန်လေးထဲ ထည့်ပြီး ထမင်းစားပွဲဝိုင်းပေါ် တင်လိုက်မိပါတယ်။ သားပေါက်စကတော့ chicken curry ဆိုပြီး အော်မြူးနေလေရဲ့။ သူလဲ တခါတလေ အမေချက်တဲ့ ဟင်းလေး စားချင်ရှာတယ် ထင်ပါရဲ့။ ကျွန်မရဲ့ ဟင်းခွက်လေးကို ကြည့်ရင်း တောင်အာဖရိက ဒိုင်ယာလော့ခ် အောင်ပွဲလို့ ကြီးကြီးကျယ်ကျယ် သွားတွေးလိုက်မိသေးတယ်။ ဟင်းတခွက်ဖြစ်လာဖို့ အသားစိမ်းတွေကို ဓားနဲ့ ခုတ်ထစ် လှီးဖြတ်ရတာက လက်နက်ကိုင်တော်လှန်ရေး၊ မီးပြင်းပြင်းနဲ့ ဆီပူလှိမ့်ရတာက Mass Democratic Movement ၊ မီးအေးအေးလေးနဲ့ ကျက်အောင်ထားရတာက တွေ့ဆုံဆွေးနွေးနေစဉ်ကာလ၊ ပြီးတော့မှ ဟင်းလေးတခွက် ရလာရတာ မဟုတ်ပါလား။ ဒီဟင်းလေးမှာ အရသာ အစပ်အဟပ် မညီတာတွေ ရှိချင်လဲ ရှိနေမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အသားစိမ်းကြီးကို ဒီအတိုင်း ရေခဲသေတ္တာထဲ အအေးခံပြီး ပုပ်သိုးနံစော်သွားစေတာထက်စာရင် ဓားနဲ့ လှီးဖြတ်လိုက်၊ မီးပြင်းမှာ ဆီပူလှိမ့်လိုက်၊ မီးအေးနဲ့ ကျက်အောင်ထားလိုက်လုပ်ပြီး ဟင်းတခွက်အဖြစ် အသွင်ပြောင်းလိုက်တာကတော့ အကျိုးနည်းနည်းပိုရှိမယ် ထင်ပါရဲ့။

ခင်မမမျိုး (၁၂၊ ၆၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများ

Thursday, June 9, 2011



ကောင်းကျိုး၊ ဆိုးကျိုးစတဲ့ အကျိုးတရားတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားရတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်လည်ရှာဖွေပြီး၊ သင့်လျော်တဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ၊ ညှိနှိုင်းမှုတွေကို ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်တဲ့ ဘက်ပေါင်းစုံက ပြုလုပ်နိုင်မှသာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်တဘက်ထဲက ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုရုံနဲ့ ငြိမ်းချမ်းရေးရလာမှာ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ကနဦး ရှာဖွေဖော်ထုတ်နိုင်မှသာ ဆင်းရဲနွမ်းပါးသူတွေအတွက် အကျိုးကျေးဇူး ရှိလာမှာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ ရာသီဥတု အခြေအနေ၊ ပထ၀ီဝင် အနေအထား စတာတွေန့ ဆက်စပ်သလို ကောင်းမွန်သော အုပ်ချုပ်ရေး (good governance) အရည်အသွေး မပြည့်မှီမှုကြောင့်လဲ ဖြစ်ပွားနိုင်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ၊ အာဏာအလွဲ သုံးစားပြုမှုတွေ၊ ဈေးကွက်ကို အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ နီးစပ်သူများကသာ ထိန်းချုပ်ထားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားနည်းမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် အုပ်ချုပ်တဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတွေက ဆန္ဒမရှိမှုတွေဟာ ကောင်းမွန်သော အုပ်ချုပ်ရေး အားနည်းနေတဲ့ လက္ခဏာတွေပါပဲ။

ဒီလို ဆိုးရွားသော အုပ်ချုပ်ရေး (bad governance) လက္ခဏာရပ်တွေဟာ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အတားအဆီးတွေ ဖြစ်လာတတ်ပါတယ်။ ကျားမခွဲခြားမှု၊ လူဦးရေအဆမတန် တိုးပွားမှုနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်သလို၊ လူငယ်လူရွယ်တွေနဲ့ ကလေးသူငယ်တွေမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါဆိုး ပျံ့ပွားခံစားရခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေထဲမှာ အပါအ၀င် ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာသူပညာရှင်များက ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်း အဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများဆိုပြီး၊ အကြောင်းရင်း (၃) မျိုး ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ တိုင်းပြည်အဆင့်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သက်ရောက်မှု ရှိစေတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။ ရာသီဦတု ဆိုးရွားမှု၊ မိုးခေါင်ရေရှားမှု၊ မြစ်ချောင်းအင်းအိုင်ရှားပါးမှု၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးထွန်ယက်ခြင်းများ ဖြစ်ထွန်းအောင်မြင်နိုင်မည့် မြေယာရှားပါးမှု စတဲ့ သဘာဝ အကြောင်းတရားတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ စိုက်ပျိုးထုတ်လုပ်သူများဟာ သူတို့ရဲ့ ထွက်ကုန်တွေ ဈေးပေါပေါနဲ့ တန်ဖိုးဖြတ်ခံရပေမယ့် လူသုံးကုန်၊ စားသောက်ကုန်တွေကို ပြန်လည်ဝယ်ယူတဲ့ အခါမှာတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် ဈေးကြီးကြီးပေးပြီး ၀ယ်ယူကြရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုများ အားနည်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးခြင်းနဲ့ ဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်း စတဲ့ အကြောင်းတရားတွေဟာ လူအများကို ဆင်းရဲတွင်းထဲ ပို့ဆောင်ပေးပါတယ်။

အခြားအရေးကြီးတဲ့ တိုင်းပြည်အဆင့် အကြောင်းရင်းတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒများ ထိထိရောက်ရောက် ချမှတ်ဆောင်ရွက်ခြင်း မရှိမှု၊ စီးပွားရေးမတည်ငြိမ်မှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ဈေးကွက် မတည်ငြိမ်မှု၊ ပညာရှင်များရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ပိတ်ပင်တားဆီးခံရမှု၊ စစ်မက်ဖြစ်ပွားမှု၊ လူသားလုံခြုံရေး (Human security) အားနည်းမှု၊ တရားစီရင်ရေးဆိုင်ရာ မမျှတမှု စတာတွေပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ domestic institutions တွေနဲ့ social welfare system မရှိပဲ ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းမှုတွေဟာလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေ ထဲမှာ ပါဝင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ ကျားမ ခွဲခြားမှုတွေကြောင့် တန်းတူညီမျှမှု မရှိတာကလဲ poverty gap တွေ ဖြစ်ပွားစေပါတယ်။

တိုင်းပြည်အဆင့် ဆင်းရဲနွမ်းပါးမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေတာကတော့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် လူအများ သေကြေပျက်စီးမှု၊ ရွာများ ဖျက်ဆီးမီးရှို့ခံရမှု၊ ရွှေ့ပြောင်းနေရာ ချထားခြင်း ခံရမှု၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု၊ ကုန်စီးဆင်းမှု မချောမွေ့မှု၊ အလုပ်လုပ်နိုင်သော လူငယ်လူရွယ်များ စစ်မြေပြင်မှာ ရောက်ရှိနေမှု၊ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှု၊ စစ်အသုံးစရိတ်များ ကြီးမားမှု စတာတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။

လူ့အဖွဲ့အစည်းအဆင့် (community-level) မှာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းကတော့ infrastructure နဲ့ သက်ဆိုင်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး လမ်းမကြီးများနှင့် ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ဒေသတွင်းမှာ ကျောင်းများနဲ့ ဆေးရုံ၊ ဆေးခန်းများ ရှိခြင်း၊ မြေယာခွဲဝေမှု စနစ်တကျရှိခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များပြားခြင်း၊ လူမှုကိုယ်စားပြုမှု ရှိခြင်း စတာတွေဟာ Infrastructure Development ရဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုသွင်ပြင်လက္ခဏာတွေ ချို့တဲ့မှုဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအဆင့်မှာ နောက်ထပ် အရေးပါတဲ့ အကြောင်းရင်းကတော့ ၂၁ ရာစုကမ္ဘာမှာ ကျယ်ပြန့်လာတဲ့ လူမှုကွန်ယက်များ (social networks) နဲ့ လူမှုအရင်းအနှီး (social capital) ပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လူမှုအင်စတီကျူးရှင်းများ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ လူမှုရေးအဖွဲ့အစည်းများ၊ လူမှုကွန်ယက်များ တည်ထောက်ခြင်းဖြင့် လူမှုအရင်းအနှီး တိုးပွားလာစေပြီး၊ ဆင်းရဲနွမ်းပါးသူများရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ လူမှုကွန်ယက်များနဲ့ လူမှုရေးအဖွဲ့အစည်းများဟာ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အရေးကြီးတဲ့ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ပေးနိုင်တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်တာတွေကို အထောက်အကူပြုပါတယ်။

အိမ်ထောင်စု အဆင့်မှာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့ အိမ်ထောင်စုအရွယ်အစား၊ အိမ်ထောင်စု ဖွဲ့စည်းမှုသဏ္ဍာန်၊ ၀င်ငွေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေစတာတွေနဲ့ သက်ဆိုင်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ငယ်ရွယ်သူ ကလေးသူငယ်များ အများစု ပါဝင်တဲ့ အိမ်ထောင်စုတွေဟာ အလုပ်လုပ်နိုင်သော အသက်အရွယ် လူအများစုပါဝင်တဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးတတ်ပါတယ်။ လူငယ်များ အိမ်ထောင်ဦးစီးပြုတဲ့ အိမ်ထောင်စုတွေဟာ လူလတ်ပိုင်းများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ မှီခိုသူများတဲ့ အိမ်ထောင်စုတွေဟာ အိမ်ရှိလူကုန် အလုပ်လုပ်ကြတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။

အမျိုးသမီးများ ဦးစီးတဲ့ အိမ်ထောင်စုတွေဟာလဲ အမျိုးသားများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်စုရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေနဲ့ အလုပ်တာဝန် ထမ်းဆောင်မှုတွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်တတ်လေ့ရှိပေမယ့် ကျားမတန်းတူ ညီမျှမှု မရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဘ၀ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခွင့် အခွင့်အလမ်းတွေ ရှားပါးကြပါတယ်။ ပညာအရည်အချင်း ကွာဟမှု၊ အိမ်ထောင်ဘက်အမျိုးသားများက အလုပ်လုပ်ခွင့် မပေးမှု၊ လုပ်ခလစာ လျော့နည်း ရမှု၊ မြေယာပိုင်ဆိုင်မှု အခွင့်အလမ်း နည်းပါးမှု စတာတွေကြောင့် ဆင်းရဲတွင်းထဲ ရောက်နေကြရတဲ့ အမျိုးသမီးတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိပါတယ်။

အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေဟာ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ အိမ်ထောင်စုဝင်များရဲ့ ကျန်းမာရေး ဆိုးရွားမှု အခြေအနေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဆိုရင် ဆေးရုံ၊ ဆေးခန်းများနဲ့ ကွာဝေးမှု (ဥပမာ- နယ်များမှ မြို့သို့တက်၍ ဆေးကုရခြင်း)၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ် မရှိမှု စတာတွေကြောင့် ဆေးကုသစရိတ်ကုန်ကျမှုနဲ့ အိမ်ထောင်စုဝင်ငွေဟာ အချိုးမညီနိုင်ပဲ ဆင်းရဲတွင်းထဲ ကျဆင်းသွားကြ ရပါတယ်။

ပညာရေးစနစ် အားနည်းချက်ကြောင့် မလိုအပ်ပဲ ကုန်ကျရတဲ့ ကျောင်းလခ၊ ဆရာ-ဆရာမများကို ပူဇော်ခ၊ ကျူရှင်လခ၊ မေးခွန်းလိုက်ခ၊ စာမေးပွဲအောင်ကြေး၊ ကျောင်းခန်း ရေအိုးဖိုး၊ တံမြက်စည်းဖိုး စတာတွေကလဲ အိမ်ထောင်စုရဲ့ စားဝတ်နေရေး အခြေအနေကို ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ကုန်ကျစရိတ်များကြောင့် မိဘများက ကျောင်းမထားနိုင်ပဲ အလုပ်ကြမ်းများ လုပ်ခိုင်းရတဲ့ အခါမှာလဲ ကလေးသူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပြန်ပါတယ်။ တခါ ပညာမတတ်တဲ့အတွက် အလုပ်အကိုင် ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရပြန်ပါတယ်။ ဒီလို အခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှု သံသရာထဲကနေ သားစဉ်မြေးဆက် ရုန်းမထွက်နိုင်တဲ့ အိမ်ထောင်စုတွေ အများအပြား ရှိပါတယ်။

အိမ်ထောင်စုဝင်တွေရဲ့ အရက်သေစာ သောက်စားမှု၊ မူးယစ်ရမ်းကားမှု၊ လောင်းကစား ပြုလုပ်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု (မိန်းမလိုက်စားမှု) စတာတွေကလဲ အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ နိုင်ငံရေးယုံကြည်ချက်ကြောင့်ဖြစ်စေ၊ ရာဇ၀တ်မှုခင်းများကြောင့် ဖြစ်စေ၊ ထောင်သွင်းအကျဉ်းချခံထားရသူများ အိမ်ထောင်စုထဲမှာ ရှိနေရင်လဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေပါတယ်။ တရားမ မှုခင်းများကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ရမှုများလဲ အချိန်နဲ့ အမှုအခင်းကုန်ကျစရိတ်များကြောင့် ဆင်းရဲနွမ်းပါးမှု ဖြစ်စေတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို ခွဲခြားစိတ်ဖြာပြီး၊ ပြင်ဆင်မှုများ၊ ရှောင်ကြဉ်မှုများ၊ ပြုပင်ပြောင်းလဲမှုများ၊ ဖြည့်ဆည်းမှုများကို စနစ်တကျပြုလုပ်နိုင်မှသာ ထိရောက်နိုင်မှာ ဖြစ်တဲ့အတွက် တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်းအဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ၊ လူမှုကွန်ယက်ချိတ်ဆက်ရေး လှုပ်ရှားမှုများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၈၊ ၆၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။

Haughton, J. & Khandker, S. (2009) Handbook on Poverty and Inequality, World Bank, Washington DC.
UNESCO (2002) Social Capital and Poverty Reduction: Which role for the Civil Society Organizations and the state?, Paris

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း

Wednesday, June 8, 2011





တိုင်းပြည်တခုရဲ့ ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို သိရှိဖို့ သင့်လျော်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာ (Measures of poverty) များနဲ့ တိုင်းတာသတ်မှတ်ဖို့ လိုပါတယ်။ ဒါမှလဲ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရာမှာ အခြေအနေမှန်နဲ့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို လေ့လာသူပညာရှင်တွေက အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြပေးခဲ့ကြပါတယ်။ ပထမအကျိုးကျေးဇူးကတော့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ တိုင်းတာသတ်မှတ်ချက်တွေဟာ နိုင်ငံရေး၊ စီးပွားရေး အာဂျင်ဒါမှာ ဆင်းရဲနွမ်းပါးမှုအရေးကို ထည့်သွင်းစဉ်းစားစေခြင်းပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလေ့လာသူ ပညာရှင် Ravallion က ဆင်းရဲနွမ်းပါးမှုကို တိုင်းတာသတ်မှတ်ထားခြင်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ ချမှတ်သူတွေအနေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို လျစ်လျူရှုထားလို့ မရနိုင်ပဲ၊ ဆင်းရဲနွမ်းပါးမှု အရေးဟာ မူဝါဒရေးရာမှာ အစဉ်အမြဲ ထည့်သွင်းစဉ်းစားရမယ့် အချက်တချက် ဖြစ်လာတယ်လို့ ဆိုထားခဲ့ပါတယ်။

ဒုတိယအကျိုးကျေးဇူးကတော့ အစိုးရတာဝန်ရှိသူများနဲ့ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဆင်းရဲနွမ်းပါးသူများကို ၀င်ရောက်အကူအညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ဘယ်လိုဘယ်ပုံ ကြုံတွေ့နေရတယ်ဆိုတာကို အတိုင်းအတာ၊ ကိန်းဂဏာန်းတွေ တိတိကျကျ မပါပဲ အကူအညီပေးနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ပထ၀ီဝင် အနေအထား (ပြည်နယ်၊ တိုင်း၊ ဒေသ၊ တောင်ပေါ် မြေပြန့် စသည်များ) နဲ့ အိမ်ထောင်စု သွင်ပြင်လက္ခဏာများ (ပညာရေး၊ အိမ်ထောင်စုဝင် အရေအတွက် စသည်များ) တွေပေါ် မူတည်ပြီး၊ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို လေ့လာခွဲခြားနိုင်မှသာ လိုအပ်တဲ့ အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်မှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုများ (households headed by women) တွေရဲ့ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းဟာ အမျိုးသားဦးဆောင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး များပြားနေတယ်ဆိုရင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒတွေမှာ ကျားမကွဲပြားမှုပေါ် အခြေခံတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုပါတယ်။ အထက်တန်းပြီးသူများပါဝင်တဲ့ အိမ်ထောင်စုတွေက မူလတန်းပြီးဆုံးသူများသာ ပါဝင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး ဆင်းရဲနွမ်းပါးမှု လျော့နည်းတယ်ဆိုရင် သက်ဆိုင်ရာဒေသမှာ ပညာရေးအခွင့်အလမ်း တိုးမြှင့်ပေးတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို တိုင်းတာသတ်မှတ်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လဲ နိုင်ငံရဲ့ ဘယ်ဒေသမှာ ဆင်းရဲနွမ်းပါးသူ ရာခိုင်နှုန်း ပိုများတယ်၊ ဘယ်လို အိမ်ထောင်စုတွေက ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) ထက်လျော့နည်းတဲ့ ၀င်ငွေတွေကို ရရှိနေကြတယ်၊ ဆင်းရဲချမ်းသာကွာဟမှုနှုန်းက မည်၍မည်မျှ ဖြစ်နေတယ်ဆိုတာကို သိရှိမှသာ သက်ဆိုင်ရာနိုင်ငံအလိုက် အကူအညီပေးမှု၊ ၀င်ရောက်စွက်ဖက်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိစေနိုင်တဲ့ တတိယ အကျိုးကျေးဇူးကတော့ ချမှတ် အကောင်အထည်ဖော်နေတဲ့ ပရောဂျက်များနဲ့ မူဝါဒများဟာ ဆင်းရဲနွမ်းပါးမှုကို အမှန်တကယ် လျှော့ချနိုင်ခြင်း ရှိမရှိ လေ့လာဆန်းစစ်နိုင်တာပဲ ဖြစ်ပါတယ်။ စာရွက်ပေါ်က မူဝါဒတွေဟာ လက်တွေ့မှာ အမှန်တကယ် ထိရောက်ချင်မှ ထိရောက်နိုင်မှာပါ။ ဒီလိုဆန်းစစ်ခြင်းအားဖြင့် မူဝါဒတွေရဲ့ ထိရောက်နိုင်မှုရှိမရှိ အကျိုးဆက်တွေကို သိရှိနိုင်သလို၊ အရင်းအမြစ်များကို အကူအညီပေးမှုဟာ ဆင်းရဲနွမ်းပါးသူများကို အမှန်တကယ် အကျိုးရှိမရှိ၊ ကြားဖြတ်အလွဲသုံးစားပြုမှုများ ရှိမရှိ စတာတွေကိုလဲ သုံးသပ်နိုင်ပါတယ်။

စတုတ္ထအကျိုးကျေးဇူးကတော့ အစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရာမှာ ထိရောက်ခြင်း ရှိမရှိဆိုတဲ့ အင်စတီကျူးရှင်းများရဲ့ ထိရောက်မှု အခြေအနေကို ဆန်းစစ်နိုင်ပါတယ်။ ထိရောက်နိုင်မှု ကိန်းဂဏာန်း တိုင်းတာ သတ်မှတ်ချက်တွေ တိတိကျကျမရှိပဲ အစိုးရတရပ်ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်နေ ပါတယ်လို့ ဘယ်သူမှ ရေရေရာရာ ပြောနိုင်မှာ မဟုတ်ပါဘူး။

ဒီလို အကျိုးကျေးဇူးတွေကြောင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာများစွာကို အသုံးပြုပြီး တိုင်းတာသတ်မှတ်မှုတွေ သက်ဆိုင်ရာ နိုင်ငံအလိုက် ပြုလုပ်ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာတွေမှာ headcount index (P0)၊ poverty gap index (P1)၊ squared poverty gap (“poverty severity”) index (P2)၊ Sen-Shorrocks-Thon index၊ Watts Index စသည်ဖြင့် အမျိုးမျိုး ကွဲပြားပါတယ်။

ဒီလို တိုင်းတာသတ်မှတ်ချက်တွေဟာ တိုင်းပြည်ရဲ့ ပထ၀ီဝင်အနေအထားကွဲပြားမှု၊ လူ့အဖွဲ့အစည်း သွင်ပြင်လက္ခဏာ ကွဲပြားမှု၊ အိမ်ထောင်စု သွင်ပြင်လက္ခဏာ ကွဲပြားမှုတွေပေါ်မှာ အခြေခံတဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် အမျိုးမျိုးကို လေ့လာဆန်းစစ်တဲ့ country poverty profile အတွက် အထောက်အကူပြုပါတယ်။ ပြည်နယ် (အေ)နဲ့ ပြည်နယ် (ဘီ) တို့အကြား၊ စာသင်ကျောင်းရှိတဲ့ရွာနဲ့ စာသင်ကျောင်းမရှိတဲ့ ရွာတို့အကြား၊ အိမ်ထောင်စု (စီ) နဲ့ အိမ်ထောင်စု (ဒီ) တို့အကြားတွေမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေက တူညီမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုတွေ၊ ကွဲပြားမှုတွေကို မူဝါဒချမှတ်သူများက ကွဲကွဲပြားပြား သိရှိဖို့ လိုအပ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်စွဲစာအုပ်ထဲမှာ တိုင်းပြည်တခုချင်းစီအလိုက် poverty profile ပြင်ဆင်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ဒီအချက်တွေကတော့
(၁) တိုင်းပြည်ရဲ့ ဒေသအသီးသီးမှာ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် ကွဲပြားမှု ရှိပါသလား။
(၂) လူဦးရေထူထပ်တဲ့ ဒေသများဟာ ဆင်းရဲနွမ်းပါးသူများ အများဆုံး နေထိုင်ရာ ဒေသများ ဖြစ်ပါသလား။
(၃) ၀င်ငွေနည်းပါးမှုဟာ ကျားမ၊ အသက်အရွယ်၊ မြို့ပြကျေးလက်၊ လူမျိုး၊ လူမျိုးစု သွင်ပြင်လက္ခဏာများနဲ့ ဆက်စပ်မှု ရှိနေပါသလား။
(၄) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိနိုင်တဲ့ main sources တွေက ဘာတွေလဲ။
(၅) ဆင်းရဲနွမ်းပါးသူတွေက သူတို့ရဲ့ အသက်ရှင်သန် ရပ်တည်ရေးအတွက် မှီခိုအားထားပြုနေတဲ့ စီးပွားရေးကဏ္ဍတွေက ဘာတွေလဲ။
(၆) ဘယ်လို ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကား နေသလဲ။ ကမ္ဘာ့ဈေးကွက်ရဲ့ ဈေးနှုန်း အပြောင်းအလဲနဲ့ ငွေလဲလှယ်နှုန်း အပြောင်းအလဲတို့က ရိုက်ခိုက်စေနိုင်တဲ့ သွင်းကုန်၊ ထုတ်ကုန်တွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကားနေသလား။
(၇) ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ လယ်ယာစိုက်ပျိုးရေးမှာ ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မှု အတိုင်းအတာတွေ ရှိသလဲ။
(၈) အလုပ်အကိုင်ရှားပါးမှုက ဘယ်လောက်ဆိုးရွားနေသလဲ။
(၉) ဆင်းရဲနွမ်းပါးသူတွေ အဓိက စားသုံးနေရတဲ့ စားသောက်ကုန်၊ လူသုံးကုန်တွေက ဘာတွေလဲ။
(၁၀) ၀င်ငွေနည်းပါးခြင်းနဲ့ အာဟာရမပြည့်ဝမှု၊ ပညာရေးအခြေအနေတွေက ဘယ်လို ဆက်စပ်နေသလဲ။
(၁၁) ဆင်းရဲနွမ်းပါးသူတွေရဲ့ မျိုးဆက်ပြန့်ပွားမှု သွင်ပြင်လက္ခဏာတွေက ဘယ်လိုရှိသလဲ။
(၁၂) ဆင်းရဲနွမ်းပါးသူတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ ပြည်သူ့ဝန်ဆောင်မှု (လမ်းပန်းဆက်သွယ်ရေး၊ မီးသတ်၊ ရဲ၊ စည်ပင်သာယာ စသည်များ) အရည်အသွေးက မည်မျှရှိသလဲ။
(၁၃) ဆင်းရဲနွမ်းပါးသူများရဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေက ဘယ်လောက် အရေးပါသလဲ။
(၁၄) ဆင်းရဲနွမ်းပါးသူများရဲ့ ချေးငွေ ရရှိနိုင်မှု အခြေအနေက ဘယ်လိုရှိသလဲ။
(၁၅) ဆင်းရဲနွမ်းပါးသူများရဲ့ မြေယာ၊ အဆောက်အအုံ ပိုင်ဆိုင်မှုတွေက ဘာတွေလဲ။ ပိုင်ဆိုင်မှု အခွင့်အရေးများ ရှိသလား။
(၁၆) သဘာဝအရင်းအမြစ်တွေကို အသုံးပြုနိုင်မှုဟာ ဘယ်လောက်အထိ လုံခြုံစိတ်ချရသလဲ။
(၁၇) သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်မှုရှိနေသလား။
(၁၈) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိမှာ အတက်အကျ၊ အပြောင်းအလဲဖြစ်နိုင်တာတွေက ဘာတွေလဲ။
(၁၉) လူ့အဖွဲ့အစည်းမှာရှိတဲ့ ဘယ်လို အစုအဖွဲ့တွေဟာ တခြားအစုအဖွဲ့တွေထက် ပိုပြီး ဆင်းရဲနွမ်းပါးနိုင်တဲ့ risk တွေ ပိုများနေသလဲ။
စတာတွေပဲ ဖြစ်ပါတယ်။

ဒီလိုအချက်တွေပါဝင်တဲ့ poverty profile ဟာ သက်ဆိုင်ရာ ဒေသအလိုက်၊ အစုအဖွဲ့အလိုက်၊ အိမ်ထောင်စုအလိုက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အရေးကြီးဆုံး တိုင်းတာမှုကိန်းဂဏန်းတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး အခြေပြ ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေမှန်ကို သိသာထင်ရှားတဲ့ တိုင်းတာသတ်မှတ်မှုတွေ ပြုလုပ်မှသာ သက်ဆိုင်ရာ အစိုးရတွေရဲ့ မူဝါဒရေးရာတွေဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အလေးပေးဆောင်ရွက်ခြင်း ရှိမရှိ၊ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေဟာ ထိရောက်ခြင်း ရှိမရှိ စတာတွေကို လေ့လာဆန်းစစ်နိုင်ပြီး၊ တိုးတက်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ပကတိ အခြေအနေမှန်ကို သိရှိမှသာ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကလဲ ထိရောက်တဲ့ အကူအညီပေးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၇၊ ၆၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။

Ravallion, M. & Chen, S. (2001) Measuring Pro-Poor Growth, Development Research Group, World Bank
Ray, D. (1998) Development Economics, Princeton University Press, Princeton
World Bank. (1992) Poverty Reduction Handbook. Washington DC.
World Bank Institute (2005) Introduction to poverty analysis, Washington DC.

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုး

Monday, June 6, 2011




ဘောဂဗေဒပညာရှင်တွေက ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့် (Dimensions) များစွာကို ခွဲခြားသတ်မှတ်ပြီး၊ ဒီရှုထောင့်တွေနဲ့ ကျားမကွဲပြားမှု (gender)၊ သဘာဝပတ်ဝန်းကျင် (environment) တို့အကြားက ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်မျိုးစုံကို စီးပွားရေးစွမ်းရည် (economic capabilities)၊ လူသားစွမ်းရည် (human capabilities)၊ နိုင်ငံရေးစွမ်းရည် (political capabilities)၊ လူမှု-ယဉ်ကျေးမှုစွမ်းရည် (socio-cultural capabilities) နဲ့ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည် (protective capabilities) ဆိုပြီး ငါးမျိုး ခွဲခြားသတ်မှတ်ကြပါတယ်။



စီးပွားရေးစွမ်းရည် ဆိုတာ ၀င်ငွေရရှိမှု၊ စားသုံးမှုနဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု စတာတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်နဲ့ သက်ဆိုင်ပါတယ်။ လူသားတွေဆီမှာ စီးပွားရေးစွမ်းရည်တွေရှိခြင်းဟာ အစားအစာ ဖူလုံရေး၊ ရုပ်ဝတ္ထုပစ္စည်း တိုးပွားရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် အဓိကကျပါတယ်။ ဆင်းရဲနွမ်းပါးသူတွေဟာ ဘဏ္ဍာရေးအရင်းအမြစ် (ချေးငွေရရှိသုံးစွဲနိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း စသည်များ) နဲ့ သဘာဝသယံဇာတ အရင်းအမြစ် (မြေယာ၊ သစ်တော၊ ရေချိုရေငန် ငါးဖမ်းမှု စသည်များ) ကို အသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှသာ ဆင်းရဲတွင်းကနေ လွတ်မြောက် လာနိုင်မှာ ဖြစ်ပါတယ်။

လူသားစွမ်းရည် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ သန့်ရှင်းသော ရေနဲ့ အမိုးအကာ ရရှိရေး စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီအရာတွေဟာ လူသားတွေရဲ့ ဘ၀ တိုးတက်မြင့်မားရေးအတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရောဂါဘယနဲ့ စာတတ်မြောက်မှု မရှိခြင်းဟာ ထုတ်လုပ်မှု လုပ်အားကို ကျဆင်းစေနိုင်ပြီး၊ စီးပွားရေးစွမ်းရည်နဲ့ အခြားစွမ်းရည်များကို ထိခိုက်စေနိုင်ပါတယ်။ လူသားတွေဆီမှာ စာအရေးအဖတ်စွမ်းရည်တွေ ရှိခြင်းအားဖြင့် အများနဲ့ ဆက်ဆံရေးကို တိုးတက်စေပြီး၊ လူမှုရေးပါဝင်ပတ်သက်မှုနဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ပါတယ်။ ပညာရေး (အထူးသဖြင့် အမျိုးသမီးများရဲ့ ပညာရေး) အဆင့်အတန်း မြင့်မားလာမှုဟာ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး၊ သားဆက်ခြားရေး စတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေ ထိရောက်ရေးကို အထောက်အကူပြုတဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အသုံးဝင်လှပါတယ်။

နိုင်ငံရေးစွမ်းရည် ဆိုတာမှာတော့ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် စတာတွေနဲ့ ပတ်သက်ပါတယ်။ အခြေခံ နိုင်ငံရေးလွတ်လပ်ခွင့်များကို နိုင်ငံတော်အစိုးရက ချိုးဖောက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း တခုပဲ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မတရားမှုတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခြင်းဟာ အများပြည်သူတွေရဲ့ အကြောက်တရားကို တိုးမြင့်စေပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို ယုံကြည်ချက်ကို ထိခိုက်ကျဆင်းစေပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုဟာ အခြားလူမှုရေး စွမ်းရည်၊ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည်တွေ အပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

လူမှု-ယဉ်ကျေးမှုစွမ်းရည်တွေကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ပတ်သက်နိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ဒီစွမ်းရည်တွေမှာ လူမှုအဆင့်အတန်း၊ လူ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် တန်ဖိုးထားတဲ့ စံချိန်စံညွှန်းတွေ ပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ပထ၀ီဝင်အနေအထား အားနည်းချက်တွေနဲ့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။

ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေကတော့ စီးပွားရေးနဲ့ အခြား external shocks များကို လူသားတွေက ခံနိုင်ရည်ရှိရှိ တောင့်ခံနိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေဟာ ဆင်းရဲနွမ်းပါးမှုကို ကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ လုံခြုံမှုမရှိခြင်းဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးကို အတားအဆီးဖြစ်စေပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် ငတ်မွတ်ခေါင်းပါးမှု၊ စားဝတ်နေရေးမပြေလည်မှု၊ မှုခင်းထူပြောမှု၊ စစ်မက်ဖြစ်ပွားမှု စတာတွေဟာ စိုးရိမ်ပူပန်စရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ စီးပွားပျက်ကပ်တွေနဲ့ ပဋိပက္ခတွေကြောင့် လူအများက ဆင်းရဲတွင်းထဲကို ကျသွားလိုက်၊ ပြန်တက်ရန် ကြိုးစားလိုက်နဲ့ သံသရာလည်ရင်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

ကွဲပြားခြားနားတဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်တွေဟာ တခုနဲ့တခု အပြန်အလှန် ဆက်စပ်နေ ကြသလို ကျားမကွဲပြားမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့နဲ့လဲ ဆက်နွယ်နေပါတယ်။ ကျားမတန်းတူညီမျှရေးဟာ ဆင်းရဲနွမ်းပါးမှုကို လျော့နည်းစေနိုင်ပြီး၊ သဘောဝပတ်ဝန်းကျင်ရေးရာ အချက်တွေကလဲ ကျားမဆက်ဆံရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ ကျားမတန်းတူညီမျှရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး ရည်မှန်းချက်ပန်းတိုင်တွေလဲ ဖြစ်ပါတယ်။

ကျားမ တန်းတူညီမျှခြင်းမရှိမှု (Gender inequality) ဟာ ဆင်းရဲနွမ်းပါးမှု ရှုထောင့်မျိုးစုံနဲ့ သက်ဆိုင် ပါတယ်။ အချို့သော လူ့အဖွဲ့အစည်းတွေရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေမှာ အမျိုးသားတွေကို ပိုပြီး ဦးစားပေးမှုနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ အမြစ်တွယ်နေ တတ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကွဲပြားစွာ သက်ရောက်မှု ရှိစေပြီး၊ အမျိုးသမီးတွေ အပေါ်မှာ ပိုမို ထိခိုက်စေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေရဲ့ စားသောက်ကုန်၊ လူသုံးကုန်သုံးစွဲနိုင်မှု အချိုးအစားဟာ အမျိုးသမီးတွေ အတွက် ပိုမိုလျော့နည်းပါတယ်။ ဓလေ့ထုံးစံအရ စားသောက်ဖွယ်ရာတွေကို အမျိုးသားကို ပိုမိုဦးစားပေးတာ၊ သမီးမိန်းကလေးကို ကျောင်းနှုတ်ပြီး သားယောက်ျားလေးကို ကျောင်းဆက်ထား တာတွေလဲ ရှိတတ်ပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်အမျိုးသားတွေ၊ ဖခင်တွေ၊ အစ်ကို-မောင်တွေရဲ့ ဆင်းရဲနွမ်းပါးမှု နောက်ဆက်တွဲ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဘ၀ကိုလဲ အလွယ်တကူ ကျရောက်တတ် ပါသေးတယ်။ အချို့လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ စာတတ်မြောက်မှု ရာခိုင်နှုန်းက အမျိုးသားတွေထက် ပိုမိုနည်းပါးပြီး၊ နိုင်ငံရေးအရ၊ လူမှုရေးအရ နှိမ့်ချဆက်ဆံ ခံရတာတွေလဲ ရှိပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို ကျော်လွှားနိုင်သော စွမ်းရည်တွေဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးလေ့ရှိတာကြောင့် ဆင်းရဲနွမ်းပါးမှုရဲ့ ဆိုးကျိုးတွေကို အမျိုးသမီးတွေက ပိုမိုခံရလေ့ရှိပါတယ်။

တကယ်တော့ အမျိုးသမီးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေရဲ့ အသက်ရှင်ရပ်တည် နေထိုင်ရေးနဲ့ အခြေခံ လူသားစွမ်းရည် တိုးမြင့်လာရေးတို့အတွက် အရေးပါသူများ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ၀င်ငွေရရှိနိုင်မှု အခွင့်အလမ်းတွေ နည်းပါးခြင်းဟာ မိသားစုဝင်ငွေကို နည်းပါးစေသလို၊ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကိုလဲ ထိခိုက်စေနိုင်ပါတယ်။ တိုင်းပြည်ရဲ့ လူ့စွမ်းအားတွေကို အပြည့်အ၀ အသုံးချနိုင်မှု လျော့ကျစေပါတယ်။ ဒါကြောင့် ကျားမ တန်းတူညီမျှခြင်း မရှိမှုဟာ အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုအပြင်၊ တိုင်းပြည်တခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေတဲ့ အကြောင်းတရားတခုပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာတွေကလဲ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်နေပါတယ်။ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေးဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုများရဲ့ အသက်ရှင် ရပ်တည်ရေးကို သက်ရောက်မှုရှိစေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကလဲ လူသားတွေအပေါ် ကျရောက်စေတတ်ပါတယ်။ ကျေးလက်ဒေသတွေမှာ မြေဆီလွှာ ခြောက်ခန်းမှု၊ သစ်တောပြုန်းတီးမှုနဲ့ သားငါးရှားပါးမှုတွေဟာ လူသားတွေရဲ့ အသက်ရှင် ရပ်တည်ရေးကို တစထက်တစ ခြိမ်းချောက်လာပါတယ်။

သန့်ရှင်းသောရေ မရရှိမှုကြောင့်လဲ ၀မ်းပျက်ဝမ်းလျှောရောဂါဆိုးတွေ ကျရောက်စေနိုင်ပါတယ်။ စိုက်ပျိုးထွန်ယက်ရေး အတွက် ကောင်းမွန်တဲ့ လယ်ယာမြေနဲ့ သန့်ရှင်းသောရေ ရရှိရေးဟာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဒေသတွင်း ပဋိပက္ခတွေကိုပါ ဖြစ်ပွားစေတတ်တဲ့အတွက် သဘာဝ အရင်းအမြစ်တွေကို ရေရှည်ခံအောင် စနစ်တကျ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို အမျိုးသားရေး လုပ်ငန်းဆောင်တာတွေအနေနဲ့ ပညာပေးဖြန့်ဖြူးဖို့ လိုအပ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုးတွေဖြစ်တဲ့ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်း စတာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတတ်တဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ဒီလိုသဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဖြစ်ပွားလာခဲ့ ပိုပြီး ဆုံးရှုံးမှု များတတ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းဆောင်တာများကို မကျွမ်းကျင်မှု၊ ကယ်ဆယ်ရေး ထောက်ကူကိရိယာများနဲ့ လူ့စွမ်းအား မလုံလောက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ လာဘ်စားမှု၊ အလွဲသုံးစားပြုမှု စတာတွေဟာ လူအများကို ဆင်းရဲတွင်းထဲကို နက်သထက်နက်အောင် တွန်းပို့ပေးတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှုဆိုတာ စီမံကိန်းတွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ချမှတ် အကောင်အထည် ဖော်ဆောင်ရုံနဲ့တင် တိုက်ဖျက်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုကို အန်တုနိုင်ဖို့အတွက် စီးပွားရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်၊ လူမှု-ယဉ်ကျေးမှုစွမ်းရည်၊ လူသားစွမ်းရည်နဲ့ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည် စတဲ့ ရှုထောင့်စုံ စွမ်းရည်တွေ လူ့အဖွဲ့အစည်းမှာ ရှင်သန်ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါတင်မကပဲ ကျားမ တန်းတူညီမျှမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို စည်းကမ်းနည်းလမ်းတကျ အသုံးပြုနိုင်မှုဟာလဲ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၆၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Allen, T. & Thomas, A. (eds.) (2000) Poverty and Development into the 21st century, Oxford University Press, Oxford
OECD (1998) DAC Source Book on Concepts and Approaches Linked to Gender Equality, OECD publications, Paris
OECD (2001) Poverty reduction: International Development, OECD publications, Paris

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှု (Poverty) ဆိုရာဝယ်



ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုတာကို ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခြင်းရဲ့ လက္ခဏာတရပ်အနေနဲ့ ကမ္ဘာ့ပြည်သူတွေက သတ်မှတ်ထားကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဆင်းရဲတွင်းထဲမှ လူအများကို ကယ်ထုတ်ရေးလို့လဲ ရှုမြင်သုံးသပ်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၁၉၉၀) မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံရည်မှန်းချက်အဖြစ် ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးမှု ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ဖွင့်ဆိုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ သဘောတရားဟာလဲ ဒီမိုကရေစီ၊ လူမှုတရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ သဘောတရားတွေလိုပဲ လူမှုအသိုင်းအ၀ိုင်းကနေ ၀ိုင်းဝန်းတည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ သဘောတရား (social construct) ဖြစ်တဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ငြင်းဆိုချက်တွေ၊ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ ယေဘုယျအားဖြင့် cluster of meanings လေးခုကို အခြေခံပြီး ဖွင့်ဆိုတတ်ကြပါတယ်။


ပထမ cluster ကတော့ ၀င်ငွေ (income) မှာ အခြေခံပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာကို ၀င်ငွေနည်းပါးမှုအနေနဲ့ ရှုမြင်ပီး၊ ၀င်ငွေ မည်၍မည်မျှထက် လျော့နည်းရခဲ့ရင် ဆင်းရဲနွမ်းပါးတယ်လို့ တိုင်းတာသတ်မှတ်ကြပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားပြီး၊ ဒီ အကဲဖြတ်လိုင်း (ဆင်းရဲနွမ်းပါးသော နိုင်ငံများအပေါ် ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၇၀) ထက် လျော့နည်းရသူများဟာ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခံရပါတယ်။ ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်းရဲ့အောက်မှာ လူဦးရေရဲ့ ရာခိုင်နှုန်း မည်၍ မည်မျှ ရှိနေသလဲ ဆိုတာကို တွက်ချက်ကြည့်ခြင်းဖြင့် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာဆန်းစစ်နိုင်ပါတယ်။

ဒုတိယ cluster ကတော့ ရုပ်ဝတ္ထု ချို့တဲ့ခြင်း (material deprivation) မှာ အခြေခံပါတယ်။ ၀င်ငွေနည်းပါးမှုတင် မကပဲ အမိုးအကာ၊ အ၀တ်အထည်၊ ပရိဘောဂပစ္စည်း၊ ရေဒီယို၊ တီဗွီစတဲ့ ဖျော်ဖြေရေး စက်ပစ္စည်း စတဲ့ ရုပ်ဝတ္ထုတွေ ချို့တဲ့မှုကိုလဲ ဆင်းရဲနွမ်းပါးမှု အနေနဲ့ ထည့်သွင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျန်းမာရေးဝန်ဆောင်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ ပညာရေး ၀န်ဆောင်မှု စတာတွေကို ခံစားခွင့် မရှိတာတွေဟာလဲ ရုပ်ဝတ္ထု ချို့တဲ့ခြင်းပဲ ဖြစ်ပါတယ်။

တတိယ cluster ကတော့ ဘောဂဗေဒပညာရှင် Amartya Sen မီးမောင်းထိုးပြထားခဲ့တဲ့ စွမ်းရည် ချို့တဲ့ခြင်း (capability deprivation) ပဲ ဖြစ်ပါတယ်။ လူသားတွေဆီမှာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မယ့် စွမ်းရည်တွေရှိလာဖို့အတွက် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် (Economic, Social and Political Freedoms) လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်ခွင့်တွေ အမြစ်တွယ်ရှင်သန်နေတဲ့ လူမှုအင်စတီကျူးရှင်း (နိုင်ငံတော်အုပ်ချုပ်ရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်၊ အလုပ်သမားသမဂ္ဂ၊ အရပ်ဘက်လူ့အဖွဲ့အစည်း စသည်များ) ဟာ လူတဦးချင်းစီရဲ့ စွမ်းရည်၊ အခွင့်အလမ်းနဲ့ ရွေးချယ်ခွင့်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့် (Freedom) ကို ချုပ်ချယ်ခံရတဲ့ နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေရဲ့ မိမိတို့ ကံကြမ္မာကို ဖန်တီးနိုင်ခွင့် စွမ်းရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒီလို စွမ်းရည်ချို့တဲ့မှုဟာလဲ ဆင်းရဲနွမ်းပါးမှု ပါပဲ။

ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စတုတ္ထ cluster ကတော့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်း (social exclusion) ပဲ ဖြစ်ပါတယ်။ Social exclusion ဆိုတာမှာ အခွင့်အရေး (လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး)၊ အရင်းအမြစ် (လူ့စွမ်းအား အရင်းအမြစ်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော် ထောက်ပံ့မှု၊ ဈေးကွက်)နဲ့ ဆက်နွယ်မှု (မိသားစု ကွန်ယက်၊ ထောက်ပံ့ကူညီရေးကွန်ယက်) စတာတွေ ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ခံစားခွင့် မရှိခြင်း၊ အရင်းအမြစ်တွေ ရှားပါးခြင်း စတာတွေကို ကြုံတွေ့နေရတယ်ဆိုရင် ဒါဟာလဲ ဆင်းရဲနွမ်းပါးမှုပါပဲ။

ဆင်းရဲနွမ်းပါးမှုဟာ စီးပွားရေး၊ နိုင်ငံရေးရာတွေ အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိပါတယ်။ ဘယ်လို စီးပွားရေးစနစ်ကို ကျင့်သုံးသည်ပဲ ဖြစ်စေ၊ ဆင်းရဲနွမ်းပါးမှုကြောင့် လုပ်အားထုတ်လုပ်မှု (labour productivity) လျော့နည်းစေနိုင်ပါတယ်။ အဲဒီအခါမှာ စီးပွားရေးတိုးတက်မှု (economic growth) ကို ထိခိုက်စေပါတယ်။ စီးပွားရေးတိုးတက်မှု ကျဆင်းမှုကြောင့် အလုပ်လက်မဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အလုပ်လက်မဲ့ပြဿနာကြောင့် ဈေးကွက်မှာ စားသုံးသူတွေရဲ့ ငွေကြေးအသုံးပြုနိုင်မှု လျော့နည်းစေပြီး၊ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။

ဒီလို ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းဟာ ထုတ်ကုန်အက်တာပရိုက်စ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တာနဲ့ physical infrastructure (လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်)၊ Social Infrastructure (ကျန်းမာရေး၊ ပညာရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်) စတာတွေမှာ အားနည်းချက်တွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ အခြားနိုင်ငံများနဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါဟာ ဆင်းရဲနွမ်းပါးမှုရဲ့ တိုင်းပြည်စီးပွားရေးအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဟာ နိုင်ငံရေးရာတွေအပေါ်မှာလဲ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လူအများရဲ့ ဒေါသစိတ် တွေကို နှိုးဆွပေးနိုင်ပြီး၊ တခါတရံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် အကြမ်းဖက်မှု (violence) တွေ ဖြစ်ပွားစေတတ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေဟာ ယေဘုယျအားဖြင့် မိသားစုတွင်း၊ အိမ်တွင်းမှာ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိသားစုတွင်းဆက်ဆံရေးမှာ အားနည်းသူများ (အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)ဟာ သားကောင်များ ဖြစ်လာနိုင်ပါတယ်။ မိသားစုတွင်း အကြမ်းဖက်မှုတင်မကပဲ လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့လာတဲ့ အကြမ်းဖက်မှုတွေလဲ ရှိပါတယ်။

ဒါတွင်မကပဲ ဆင်းရဲနွမ်းပါးမှုဟာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပစ္စည်းယူ လူသတ်မှု၊ ခိုးယူမှု စတဲ့ စာရိတ္တပျက်စီးမှုဆိုင်ရာ မှုခင်းတွေရဲ့ အခြေခံ ဖြစ်ပွားစေသော အကြောင်းတရားလဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသလို၊ ဆင်းရဲနွမ်းပါးမှုကလဲ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကို ပြန်ဖြစ်စေပြီး၊ သံသရာလည် နေတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘ၀ မြင့်မားရေး စတာတွေအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ၀င်ငွေမြင့်မားမှု၊ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု စတာတွေအပြင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အ၀ရှိသော social institutions များ ပေါ်ထွက်လာဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)

ရည်ညွန်းကိုးကား။ ။

Korten, D. (1995) When Corporations Rule the World, Kumarian Press, San Francisco
Sen, A. (1985) Commodities and Capabilities, North Holland, Amsterdam
World Bank (1990) World Development Report, The World Bank, Washington DC.

အပြည့်အစုံဖတ်ချင်ရင်..>>>

ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရခြင်း

Sunday, June 5, 2011

စစ်မြေပြင်မှာ စစ်ကြောင်းတွေကို ကြားဖြတ်ပြီး ခြုံခိုတိုက်ခိုက်ခံရတာတွေ ရှိတတ်ပါတယ်။ ဒါကို စစ်သုံးစကားအနေနဲ့ ambush လုပ်တယ်လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ စစ်မြေပြင်မှာ ခြုံခိုတိုက်ခိုက် ခံရသလိုပဲ နိုင်ငံရေးမှာလဲ အရေးပါပုဂ္ဂိုလ်တွေရဲ့ ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်ခံရတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို ကြားဖြတ်တိုက်ခိုက်မှုတွေမှာ တိုက်ခိုက်သူတွေ အဓိကသုံးတဲ့ လက်နက်ကတော့ Surprise ပါပဲ။ မထင်မှတ်ထားတဲ့ အချိန်၊ မထင်မှတ်ထားတဲ့ နေရာမှာ ပေါ်ထွက်လာတတ်တဲ့ ရန်သူတွေက လက်တကမ်းမှာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ရန်သူတွေထက် ပိုပြီး အန္တရာယ်ကြီးပါတယ်။ ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ သဏ္ဍာန်နှစ်မျိုးရှိပါတယ်။ Static ambush နဲ့ mobile ambush တို့ ဖြစ်ပါတယ်။



Static ambush

အရေးပါ ပုဂ္ဂိုလ်တွေရဲ့ ယာဉ်တန်း ရပ်တန့်သွားအောင် လမ်းမပေါ်မှာ တစုံတရာနဲ့ ပိတ်ဆို့တားဆီးပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ ပိတ်ဆို့တားဆီးလေ့ရှိတဲ့ နည်းလမ်းတွေကတော့ အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းရှေ့မှာ မောင်းနှင်နေသောကားမှ ရုတ်တရက် ဘရိတ်အုပ် ရပ်တန့်ခြင်း၊ ကျောက်တုံးနှင့် သစ်ကိုင်းကျိုးများ လမ်းမပေါ်တွင် ရှိနေခြင်း၊ မိုင်းထောင်ထားခြင်း စတာတွေ ဖြစ်ပါတယ်။

Static ambush နဲ့ တိုက်ခိုက်ခံရချိန်မှာ ယာဉ်မောင်းသူတွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းမှာ follow-up car ပါလာခဲ့ရင် ဒီကားက principal vehicle ကို ကျော်သွားပြီး၊ ကြားဖြတ်တိုက်ခိုက်ခံရမှု ဖြစ်ပွားရာနေရာနဲ့ မီတာ (၂၀)အကွာမှာ defence position ယူဖို့လိုအပ်ပါတယ်။ escort ကားကတော့ လမ်းရဲ့ အခြားတဘက် မီတာ (၂၀) အကွာမှာ ရပ်ပြီး cover ယူရပါမယ်။ ဒီအချိန်မှာ principal vehicle ယာဉ်မောင်းက မောင်းထွက်ဖို့ ကြိုးစားရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် reverse gear နဲ့ ကားကို ၁၈၀ ဒီဂရီ လှည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ လမ်းကြောင်း အနည်းငယ်ရှင်းရင်တော့ U turn (သို့မဟုတ်) Y turn လုပ်နိုင်ပါတယ်။ အရေးကြီးဆုံးက ကြားဖြတ်တိုက်ခိုက်ခံရတဲ့ နေရာကနေ အမြန်ဆုံး ခွာနိုင်ဖို့ပါပဲ။

ယာဉ်တန်းမှာ ပါဝင်တဲ့ ကားတွေရဲ့ ယာဉ်မောင်းသူတွေဟာ ရှေ့ကကားရဲ့ ရှည်လျားမှုအတိုင်းအတာ တ၀က်ခန့်ရှိတဲ့ အကွာအဝေးကို ချိန်ဆပြီးမှ ကားကို ရပ်နားသင့်ပါတယ်။ ခရီးစဉ်တလျှောက်က escape routes တွေကို ကျွမ်းကျွမ်းကျင်ကျင် သိနားလည်ထားသင့်ပါတယ်။

Mobile ambush

Mobile ambush မှာ တိုက်ခိုက်နည်းမျိုးစုံကို ကြုံတွေ့ရနိုင်ပါတယ်။ ပထမနည်းကတော့ Pincer attack ဖြစ်ပါတယ်။ pincer attack မှာ ကားတစီးက အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါလာတဲ့ ကားကို ဘေးကနေ ယှဉ်မောင်းရင်း ကားရှေ့မှာ ပိတ်ရပ်လိုက်ပြီး၊ နောက်ထပ်ကားတစီးကတော့ နောက်ကနေ ပိတ်ရပ်လိုက်တာ ဖြစ်ပါတယ်။ နောက်တနည်းကတော့ Side street attack ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ လမ်းဘေးမှာ ရပ်နားထားတဲ့ကားက အရေးပါပုဂ္ဂိုလ် စီးနင်းလိုက်ပါလာတဲ့ ကားရှေ့ကို ရုတ်ခြည်းဖြတ်ဝင်လိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ်ကားတစီးကလဲ နောက်ကနေ ၀င်ရပ်လိုက်ပြီး ကားကို ရပ်တန့်စေတာ ဖြစ်ပါတယ်။

နောက်တနည်းကတော့ Side attack ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရမှာ ယာဉ်တန်း (သို့မဟုတ်) အရေးပါပုဂ္ဂိုလ် လိုက်ပါစီးနင်းလာတဲ့ ကားကို နောက်ကနေ ၀င်ရောက်တိုက်ခိုက်တာ၊ ဘေးတဘက် တချက်ကနေ တိုက်ခိုက်တာတွေ ဖြစ်ပါတယ်။ နောက်တနည်းကတော့ Motorbike attack ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်သမားတွေက ယာဉ်တန်းဘေးမှာ ကပ်လိုက်လာပြီး မီးပွိုင့် (သို့မဟုတ်) ယာဉ်တန်းရပ်တန့်ချိန်မှာ အရေးပါပုဂ္ဂိုလ်ရဲ့ အသက်ကို ရန်ရှာတာ ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ Pincer attack နဲ့ တိုက်ခိုက်ခံရတဲ့အခါ ဘရိတ်ဆောင့်ဆွဲပြီး၊ မောင်းထွက်နိုင်ဖို့ ကြိုးစားရပါမယ်။ Side street attack နဲ့ တိုက်ခိုက်ခံရတဲ့အခါ ရှေ့က ကားကို တိုက်ချပြီးဖြစ်စေ၊ နောက်ဆုတ်ဖို့ အကျယ်အ၀န်းရှိရင် နောက်ဆုတ်ပြီးဖြစ်စေ ပိတ်ဆို့ခံထားရတဲ့ အခြေအနေကနေ လွတ်မြောက်သွားနိုင်ဖို့ ကြိုးစားရပါမယ်။Side attack နဲ့ တိုက်ခိုက်ခံရရင် ဘရိတ်ဆွဲရပ်တန့်ပြီး ဂငယ်ကွေ့ ကွေ့ထွက်နိုင်ဖို့ ကြိုးစားရပါမယ်။

အရေးကြီးဆုံးကတော့ visual contact ကို ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။ မော်တော်ဆိုင်ကယ်နဲ့ တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ စဉ်ဆက်မပြတ် သတိရှိနေဖို့နဲ့ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတတ်ဖို့ပဲ ဖြစ်ပါတယ်။ escort vehicle တွေဟာ မော်တော်ဆိုင်ကယ်တွေ principal vehicle နားမကပ်နိုင်အောင် သတိထားပေးဖို့ လိုအပ်ပါတယ်။

လမ်းကြောင်း ကြိုတင်ပြင်ဆင်ခြင်း

အရေးပါပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်ထွက်ချိန်တွေနဲ့ မြို့တွင်းသွားလာချိန် လမ်းခရီးမှာ ကြားဖြတ် တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်ဖို့ လုံခြုံရေးအဖွဲ့က သင့်လျော်ရာ လမ်းကြောင်းကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ဟာ နေရာနှစ်ခုအကြား (ဥပမာ- ရုံးနဲ့ အိမ်) မှာ ပုံမှန်သွားလာတတ်လို့ ရှိရင် လုံခြုံရေးအဖွဲ့အနေနဲ့ သွားလို့ရနိုင်မယ့် လမ်းကြောင်းမျိုးစုံကို ကြိုတင်ပြင်ဆင်ရပါမယ်။ နေ့စဉ် လမ်းကြောင်းတွေကို ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် ကြိုတင် တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်ပါတယ်။ ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန်တွေကိုလဲ ပုံသေသတ်မှတ်ချက် မရှိတာကောင်းပါတယ်။

အထူးသဖြင့် ယာဉ်ပေါ် အတက်အဆင်း လုပ်ရမယ့် နေရာတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခရီးတိုမှာဖြစ်စေ၊ ခရီးရှည်မှာဖြစ်စေ black spots နဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သတိထားရပါမယ်။ အမြဲတမ်း အဆိုးဆုံး အတွက် ပြင်ဆင်ထားပြီး အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။

နိဂုံး

မော်တော်ယာဉ်တန်းတွေကို ambush လုပ်ပြီး၊ အရေးပါ ပုဂ္ဂိုလ်တွေရဲ့ အသက်အန္တရာယ်ကို ရန်ရှာမှုတွေဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် မြို့တွင်းခရီးနဲ့ နယ်စည်းရုံးရေး ခရီးစဉ်တွေမှာ မော်တော်ယာဉ်တန်းလုံခြုံရေးနဲ့ ambush ကြိုတင်ကာကွယ်ရေး၊ ambush ဖြစ်လာခဲ့ရင် ရင်ဆိုင်ကျော်လွှားနိုင်ရေး စတာတွေကို လုံခြုံရေး တာဝန်ယူထားသူများက ကျွမ်းကျင်စွာ စီမံထားဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP