ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Emotional Bank Account

Tuesday, November 10, 2009

ကျွန်မတို့ လူသားတွေ အားလုံးဟာ ခန္ဓာကိုယ်အသွေးအသား၊ စဉ်းစားဥာဏ်ရှိတဲ့ ဦးနှောက်၊ ခံစားတတ်တဲ့ စိတ်နှလုံးသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေကြရပါတယ်။ နံနက်မိုးလင်းမှာ မျက်စိနှစ်လုံး စဖွင့်ချိန်ကစလို့ ခန္ဓာကိုယ်သန့်စင်ရေး၊ စားရေးသောက်ရေး၊ အိမ်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ်စပြီး ကိုယ့်တာဝန်နဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ နေ့စဉ်လူမှုဘ၀မှာ အတူနေတဲ့ မိသားစု၊ အိမ်ထောင်စုဝင်တွေက အစပြုလို့ ကျင်လည်နေရတဲ့ နယ်ပယ်အလိုက် လူအများနဲ့ မဖြစ်မနေ ဆက်ဆံကြရပါတယ်။ အဲဒီအခါမှာ အလုပ်၊ ကျောင်း၊ မိသားစု တာဝန်ဝတ္တရားတွေရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ခံစားမှုအလိုက် စဉ်းစားတွေးခေါ် ပြောဆိုတာလေးတွေ ရှိတတ်တယ်။



လူကြီးသူမတွေကတော့ အိမ်က ပြဿနာ အလုပ်ထဲ မသယ်သွားနဲ့။ အလုပ်က ပြဿနာ အိမ်မသယ်လာနဲ့ လို့တောင် ဆိုစမှတ်ပြုကြပါရဲ့။ ရုံးထဲမှာလဲ ဒီနေ့တော့ ရာသီဥတု မသာယာဘူး ဆိုပြီး လူကြီးတွေရဲ့ စိတ်အခြေအနေကို အချင်းချင်း သတိပေး ပြောတတ်ကြတယ်။ မိသားစုတွင်းမှာလဲ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေမှာ ပြဿနာတွေ ခဏခဏ တက်တတ်ကြတယ်။ အိမ်ထောင်ဘက် တွေအချင်းချင်း ရန်တွေ ဖြစ်ကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြည့်မရဖြစ်တယ်။ အရမ်းခင်တဲ့ သူငယ်ချင်းတွေကနေ မခေါ်နိုင်၊ မပြောနိုင်တွေ ဖြစ်တာတွေလဲ ရှိတယ်။ အစည်းအဝေးတွေမှာ ကောင်းမိကောင်းရက် ဆွေးနွေးနေရင်းက ထငြင်းကုန်တာရှိတာ။ စိတ်မထိန်းနိုင်ပဲ ခွန်းကြီးခွန်းငယ် တွေဖြစ်ကြ၊ ထချကုန်တာတွေလဲ ရှိတယ်။

ကိုယ့်စိတ်က အားငယ်နေတဲ့အချိန်၊ ရှုံးနိမ့်နေတယ်လို့ ထင်ချိန်မှာ ပြောရိုးပြောစဉ်အတိုင်း လူတဘက်သားက ပြောတာကိုလဲ ဆရာလုပ်တယ် ထင်တတ်တယ်။ ကိုယ့်စိတ်က ဘ၀မြင့်နေတဲ့ အချိန်မှာ တဘက်လူက ကြည့်ရိုးကြည့်စဉ် ကြည့်တာကိုလဲ ကိုယ့်ကို စော်ကားနေတယ်လို့ ထင်တတ်တယ်။ လူတယောက်ကို အနုတ်လက္ခဏာကနေ ကြည့်မိပြီးရင် အပေါင်းလက္ခဏာဖြစ်လာဖို့ကလဲ တော်တော်ခဲယဉ်းပြန်ရော။ အပေါင်းလက္ခဏာနဲ့ ကြည့်မိရင်လဲ ဘာလုပ်လုပ်ကောင်းနေပြန်ရော။ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ပြုမူဆောင်ရွက်ပုံတွေက လေ့လာလေ၊ နက်နဲလေ။ မိမိကိုယ်ကို လေ့လာကြည့်ကြရင်တောင် အတော်နက်နဲတဲ့ ကိစ္စ။ တခါတလေ ဒေါသထွက်သွားမိတဲ့ ကိစ္စတခုကို သွေးအေးချိန်မှာ ဘာကြောင့် ထွက်သွားရတာလဲ ပြန်စဉ်းစားကြည့်တော့ သွေးဆူချိန်မှာလောက် ဒေါသဖြစ်စရာ မကောင်းတော့တာတွေ လူတိုင်း ကြုံဖူးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့လူသားတွေဟာ တဦးတယောက်တည်းပဲ အပူအပင်ကင်းနိုင်သမျှ ကင်းကင်း နေတော့မယ်လို့ ယတိပြတ် မဆုံးဖြတ်နိုင်သေးစဉ်ကာလတခုအထိမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ နေထိုင်နေကြရဦးမှာပဲ ဖြစ်ပါတယ်။

ကျွန်မဟာ ပင်ကိုယ်သဘာဝအရ စိတ်အတော်ဆတ်တဲ့ လူပါ။ နီးစပ်တဲ့ လူအများက စိတ်ရှည်တယ်၊ သည်းခံတတ်တယ် ဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မသည်းမခံနိုင်တဲ့ ကိစ္စလေးတွေ တချို့ကလဲ ရှိတတ်တယ်။ တချို့ကိစ္စတွေကျတော့ သည်းခံလိုက်ရင်၊ ငြိမ်နေရင် ပြီးပေမယ့် တချို့ကိစ္စတွေကျတော့လဲ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလိုက်မှ ပြီးနိုင်တာတွေကလဲ ရှိတတ်ပါတယ်။ ပြဿနာအမျိုးအစားပေါ် မူတည်မယ်ထင်ပါတယ်။ စိတ်ခံစားမှုနဲ့ တုန့်ပြန်မိတာတွေလဲ ရှိတတ်ပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်အရွယ်၊ အခြေအနေတခု ရောက်လာချိန်ကျတော့ လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာ အရေးကြီးတဲ့ Emotional Bank Accountကို ဖွင့်ဖို့ ကြိုးစားလာရပါတော့တယ်။ ဒီစကားလုံးလေးကို ကျွန်မ စတွေ့တာက Stephen Covey ရေးတဲ့ The 7 Habits of Highly Effective People: Powerful lessons in Personal Change ဆိုတဲ့ စာအုပ်ထဲမှာပါ။ စာရေးဆရာကတော့ လူသားတွေဟာ ငွေကြေးဓန ဘဏ်စာရင်းတွေ ဖွင့်ထားကြသလို Emotional Bank Accountကိုလဲ ဖွင့်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီဘဏ်စာရင်းမှာ ထည့်သွင်းသင့်တဲ့ စာရင်းခြောက်ချက်ကိုလဲ သူက ဆိုထားပါသေးတယ်။



(၁) တဘက်သားကို နားလည်မှု
စာရေးဆရာက တဘက်သားကို နားလည်မှုရှိဖို့ ဆိုထားပါတယ်။ ကျွန်မကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောရရင်တော့ နားလည်တယ်ဆိုတဲ့ စကားလုံးလေးက အပြောလွယ်သလောက် အလုပ်အလွန်ခက်တဲ့ ကိစ္စပါ။ မိဘနဲ့ သားသမီးအကြား၊ ဆွေမျိုးသားချင်းအကြား၊ ငယ်ပေါင်းသူငယ်ချင်းတွေအကြားမှာတောင် နားလည်မှု လွဲမှားရာက ဆက်ဆံရေးအဆင်မပြေတာလေးတွေ ရှိတတ်တယ်ဆိုရင် သူစိမ်းသူမနဲ့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ နားလည်မှုဆိုတာက ချက်ချင်းရနိုင်တာတော့ မဟုတ်ပါ။ အပြန်အလှန် နားလည်မှုရလာအောင် ကြိုးပမ်းယူရပါတယ်။ နားလည်မှုမရခင် ဆက်ဆံရေး ပြိုလဲသွားတာလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး နားလည်လာအောင် ကြိုးစားချင်စိတ်လေးရှိဖို့ကတော့ လိုအပ်လှပါတယ်။ တဘက်သားက ကိုယ့်စိတ်ကို အနှောင့် အယှက်ဖြစ်စေတဲ့ အပြောအဆို၊ အပြုအမူလေးတွေ ရှိလာရင် အခြေအနေ၊ အချိန်အခါ၊ သူပြုမူရတဲ့ အကြောင်းရင်း စတာတွေကို လေ့လာကြည့်ပြီးမှ တုန့်ပြန်သင့်တာကို တုန့်ပြန်တာမျိုးကို ဆိုလိုတာပါ။ သူ့နေရာကနေ တချက် ပြန်ဝင်စဉ်းစားကြည့်လိုက်တာမျိုးပါ။ မလွယ်ပါ။ အလွန်ခက်လှပါတယ်။ အခြေအနေ၊ အချိန်အခါတိုင်းမှာ ကျင့်သုံးလို့ မဖြစ်နိုင်ပေမယ့် ကျင့်သုံးလို့ ရနိုင်တဲ့ အခြေအနေမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ မိတ်ဆွေဖြစ်လာမယ့်သူတွေ၊ မိတ်ဆွေဖြစ်ပြီးသူတွေကို ဆုံးရှုံးမှုနည်းမှာ အမှန်ပါပဲ။

(၂) အသေးအမွှားလေးတွေကို ဂရုစိုက်တတ်မှု

ဒီအချက်ကို ဖတ်ရတော့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ ယှဉ်ပြီး တွေးမိတယ်။ ကျွန်မတို့တတွေဟာ အလုပ်အလွန်များတဲ့ အချိန်တွေမှာ ဒီကိစ္စတွေကို မေ့လျော့နေ တတ်ကြပါတယ်။ ဒီအချက်က အာရုံထားတာနဲ့လဲ ပတ်သက်မယ်လို့ ကျွန်မတော့ ယူဆမိပါတယ်။ ကလေးတွေနဲ့ အသက်အရွယ်ကြီးသူတွေက လူလတ်ပိုင်းတွေထက် တခြားသူတွေကို ပိုဂရုစိုက် တတ်ကြပါတယ်။ လူလတ်ပိုင်းတွေကျတော့ ကြင်နာမှု၊ နွေးထွေးမှု မရှိတာလား ဆိုတော့ မဟုတ်ပါ။ တခြား အာရုံထားစရာတွေ များလို့ တယောက်နဲ့ တယောက် ဂရုမစိုက်မိကြတာပါ။ အနီးကပ်ဆုံး အိမ်ထောင်ဘက်တွေမှာတောင် တတိယအရွယ်ရောက်မှ တဦးနဲ့တဦး ပိုပြီး ဖေးဖေးမမ၊ နွေးနွေးထွေးထွေး တွေ ရှိလာကြတယ်လို့ ကျွန်မမိတ်ဆွေ အဖိုးကြီး၊ အဖွားကြီးများက ပြောကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေမှာလဲ မိသားစုအတွင်းမှာ၊ မိတ်ဆွေသူငယ်ချင်းတွေ အတွင်းမှာ၊ လုပ်ဖော်ကိုင်ဖက်တွေအတွင်းမှာ၊ ရဲဘော်ရဲဘက်တွေ အကြားမှာ၊ ဆရာတပည့်တွေအကြားမှာ အသေးအမွှားကိစ္စလေးတွေကို ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံမှုလေးတွေ ရှိလာရင် ဆက်ဆံရေးက တော်တော်ပြေလည်နိုင်ပါတယ်။ သေးကွေးတဲ့ ကြင်နာမှုလေးတခုကနေ ဘ၀တသက်တာ မိတ်ဆွေတွေ ဖြစ်သွားတတ်တာတွေ ရှိသလို၊ သူငယ်ချင်းအရင်းတွေ ကြားမှာ ထားရှိရမယ့် အပြန်အလှန်လေးစားမှုကို ဖောက်ဖျက်တာလေးတခုကနေ တသက်လုံး မခေါ်နိုင်မပြောနိုင် ဖြစ်သွားတတ်တာလေးတွေလဲ ရှိတတ်လို့ပါ။ ဘ၀အတွေ့အကြုံလေးတွေမှာ ဘတ်စ်ကားပေါ်အတက် အိတ်လေးမတင်ပေးမိတာကနေ စားအိမ်သောက်အိမ် မိတ်ဆွေဖြစ်ခဲ့ဖူးတာ ရှိသလို၊ အမှတ်တမဲ့နဲ့ သူ့ရှေ့မှာ တခြား သူငယ်ချင်းတယောက်ကို ပိုဦးစားပေးမိသလို ဖြစ်သွားတာကို ခံစားသွားပြီး သူငယ်ချင်းအဖြစ်က ရပ်စဲခံခဲ့ရဖူးတာလဲ ရှိပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်လေးဟာ တစုံတရာတော့ လူ့ဘ၀အတွက် အကျုံးဝင်မှာ အသေအချာပါပဲ။ အသေးအမွှားလေးတွေကို ဂရုစိုက်ပါ။ လူတွေကို ကြင်နာပါ။ နွေးနွေးထွေးထွေး ဆက်ဆံပါ။

(၃) လူတဘက်သားအပေါ်မှာ လေးလေးနက်နက်ထားရှိမှု

စာရေးသူကတော့ ကတိပေးထားတဲ့ လုပ်ငန်းဆောင်တာလေးတွေကို မဖြစ်မနေ လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။ အနည်းဆုံး မလုပ်ဆောင်ပေးနိုင်ရင်တော့ ပျက်ကွက်မှုအတွက် လေးလေးနက်နက် တောင်းပန်သင့်တယ်၊ အစားထိုးအစီအစဉ် လုပ်ပေးသင့်တယ်လို့ ကျွန်မကတော့ ထပ်ဆင့် ထည့်သွင်းချင်ပါတယ်။ အလုပ်သိပ်များတဲ့အခါမှာ အရေးကြီးမှု၊ ဦးစားပေးမှုပေါ် မူတည်ပြီး ပျက်ကွက်တာလေးတွေလဲ ရှိတတ်ပါတယ်။ ကျွန်မသားပေါက်စလေးကို ကြားရက် ညဦးပိုင်းတွေမှာ ကျွန်မစာဖတ်တာကို မနှောင့်ယှက်ပဲ သူ့ဘာသာ ကစားမယ်ဆိုရင် တနင်္ဂနွေနေ့မှာ ပင်လယ်ကမ်းခြေက ကစားကွင်းကို ခေါ်သွားမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီတနင်္ဂနွေနေ့တုန်းက သူ့ကို အ၀တ်တွေ အကုန်လဲပေးပြီးမှ တခြားပိုအရေးကြီးတဲ့၊ ဦးစားပေးသင့်တဲ့ ကိစ္စတခုပေါ်လာပါတယ်။ အွန်လိုင်းပေါ် ရောက်နေရတာကြောင့် သူ့ကို တီဗွီကာတွန်းလေးပဲ ဖွင့်ပေးလိုက်ရပါတယ်။ နောက်တပတ် တနင်္ဂနွေနေ့မှာ အပြင်သွားရအောင်ဆိုပြီး အ၀တ်လဲပေးဖို့ ခေါ်ပါတယ်။ သူကျွန်မဆီ ချက်ချင်းမလာဘူး။ ကျွန်မကိုကြည့်တဲ့ သူ့မျက်လုံးလေးထဲမှာ အရိပ်တချို့ကို ကျွန်မခံစားလို့ ရနေသလိုပဲ။ ဒါနဲ့ ကျွန်မကိုယ်တိုင် အ၀တ်အရင်လဲရပါတယ်။ ဖိနပ်စီးပြီး၊ အားလုံးပြင်ဆင်ပြီးမှ သူ့ကိုခေါ်တော့ အပေါ်အကျီင်္လေးကို သူ့ဘာသာသူ ချွတ်ပြီး ကျွန်မဆီ ပြေးလာတော့တာပါပဲ။ သုံးနှစ်နီးပါး ကလေးငယ်လေးမှာတောင် ယုံကြည်မှုနဲ့ တဘက်သားအပေါ် အလေးအနက်ထားမှု ရှိမရှိအပေါ် ခံစားတတ်ပါလားဆိုတာ မျက်မြင်တွေ့လိုက်ရပါတယ်။ ဒါကြောင့် တဘက်သားအပေါ် အလေးအနက် ထားပါ။ ကတိပေးပြီးရင် ကြိုးစားလုပ်ပေးပါ။ အခြေအနေကြောင့် ပျက်ကွက်ခဲ့ရရင် ရှင်းပြတောင်းပန်ပါ။ တဘက်သားကို တခြားအစားထိုး အစီအစဉ်လေးတွေ လုပ်ပေးပါလို့ ဆိုချင်ပါတယ်။

(၄) မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ပြောပါ

စာရေးသူကတဦးနဲ့ တဦး မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပေးဖို့ ဆိုထားပါတယ်။ အနည်းငယ်ခက်တာ အမှန်ပေမယ့် ခုရှုတ်မှ နောင်ရှင်း ဆိုသလိုပဲ ကျွန်မဘ၀ကိုယ်တွေ့အရဆိုရင်တော့ ကနဦးအစကတည်းက အားလုံးရှင်းထားတာ ကောင်းပါတယ်။ အလုပ်ခွင်ဆက်ဆံရေးမှာ၊ မိဘနဲ့သားသမီး ဆက်ဆံရေးမှာ၊ အိမ်ထောင်ရေးတွေမှာ ပြဿနာ အဖြစ်ဆုံး အချက်က ဒီအချက်ဖြစ်ပါတယ်။ မျှော်မှန်းချက်လို့ ဆိုလိုက်ရင် လူတွေက ငွေတွေ၊ စိန်တွေ သွားမြင်ကြပါတယ်။ အဲဒါတွေကို ဆိုလိုတာမဟုတ်ပါ။ လူတဦးနဲ့ တဦး မိတ်ဆွေဖြစ်တယ်ဆိုရင် တဦးနဲ့ တဦး မိတ်ဆွေဖြစ်ချင်တဲ့ မျှော်မှန်းချက် ရှိလို့ မိတ်ဆွေဖြစ်တာပါ။ အဲဒီမှာမှ ကိုယ်က ဘယ်လိုမိတ်ဆွေမျိုးလိုချင်တာလဲ။ ဈေးအတူသွားဖို့ မိတ်ဆွေလား၊ ဖုန်းဆက်စကားပြောဖို့ မိတ်ဆွေလား၊ တဦးနဲ့တဦး တိုင်တိုင်ပင်ပင်လုပ်ဖို့ မိတ်ဆွေလား၊ ပွင့်ပွင့်လင်းလင်း အစောကြီးကတည်းက ရှင်းလင်းပြောပြထားတာ ကောင်းပါတယ်။ မတူတာတွေညှိပြီး၊ လုံးဝမတူရင်လဲ ကနဦးကတည်းက အသိအကျွမ်းလောက် အဆင့်မှာပဲ ထားလို့ရပါတယ်။ ခင်မင်ရင်းနှီးနီးစပ်မှု အတိုင်းအတာတခုရှိလာပြီးမှ ကိုယ်က ဖုန်းဆက်တာကို သူက မကိုင်လို့၊ ဈေးဝယ်ထွက်ဖို့ပြောတာကို သူက မအားဘူးပြောလို့၊ သူက အွန်လိုင်းမှာ ချက်တင် လုပ်ချင်တာကို ကိုယ်က မလုပ်နိုင်လို့တွေနဲ့ တယောက်နဲ့တယောက် စိတ်တွေခုပြီး မခေါ်နိုင်၊ မပြောနိုင်တွေဖြစ်ပြန်တာနဲ့ စာရင် စောစောကတည်းက သိရုံ၊ ကျွမ်းရုံလောက်ပဲ ရှိနေတာက ပိုကောင်းပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေလဲ ဒီအတိုင်းပါပဲ။ အလုပ်စမလုပ်ခင်ကတည်းက အလုပ်တာဝန် ခွဲဝေမှု လုပ်ထားသင့်ပါတယ်။ ကျွမ်းကျင်မှု အခြေအနေ၊ ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီး တိတိကျကျ အလုပ်အကိုင်ရှိထားသင့်ပါတယ်။ အဲလိုမဟုတ်ပဲ နောက်မှ သူက ဒါမလုပ်လို့၊ ငါကချည်းပဲ လုပ်နေရလို့၊ မင်းကဘာလုပ်လဲ၊ ငါက ဘာလုပ်လဲနဲ့ ဖြစ်လာကြရင် လူကြားလို့လဲ မကောင်း။ တယောက်နဲ့တယောက် ယုံကြည်မှုတွေလဲပျက်နဲ့ ဖြစ်တတ်ပါတယ်။ အစုအဖွဲ့စိတ်လေးတွေလဲ ပျောက်ကုန်တတ်ပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့ကြ၊ ကွဲကြ၊ ပြန်ပေါင်းကြ၊ ပြန်ကွဲကြတွေ ဖြစ်နေတာ ဒီကိစ္စကြောင့် များပါတယ်။ မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း အပြန်အလှန် ကြိုတင်အသိပေးပြီးမှ အလုပ်တခုကို လုပ်တာကောင်းပါတယ်။

အိမ်ထောင်ရေးမှာလဲ ဒီအတိုင်းပါပဲ။ ဒီအချက်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်မက အိမ်ထောင်ကွဲတယောက်ဆိုတော့ အိမ်ထောင်ကွဲတယောက်က အိမ်ထောင်ရေးအကြောင်း ပြောတာ မဆီမလျော်ဖူးလို့ တချို့က ထင်ချင်ထင်ပါမယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲရခြင်းဟာ မျှော်မှန်းချက်ရှင်းလင်းမှု မရှိတာကြောင့်ဆိုတဲ့ အချက်ကို ပြောကြားလိုတာ ဖြစ်ပါတယ်။ ကျွန်မဘက်မှာက ကျွန်မအိမ်ထောင်ဘက်ဟောင်းနဲ့ ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ ရှိခဲ့တာ မဟုတ်ပါ။ ပျောက်ဆုံးသွားခဲ့တဲ့ ချစ်သူတယောက်နဲ့ မွေးနေ့တူ၊ မွေးဖွားနှစ်တူသူ တယောက်ကို တွေ့ရတာမို့ စိတ်ဝင်စားမိရုံလေး သက်သက်ပါ။ ပြေလည်တဲ့ ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ပြီးမှ အဆင်သိပ်ပြေသွားရင်တောင် စေ့စပ်တာလောက်ပဲ လုပ်ပြီး၊ ကျွန်မမှန်းထားတဲ့ ပညာအဆင့်အတန်းနဲ့ အလုပ်အကိုင်အဆင့်အတန်း တခုရောက်မှ အိမ်ထောင်ပြုဖို့ ရည်ရွယ်သူပါ။ ဒီတော့ ကျွန်မမှာ သူနဲ့ ပတ်သက်တဲ့ အိမ်ထောင်ရေး မျှော်မှန်းချက် လုံးဝမရှိခဲ့ပါ။ သူ့ကို အိမ်ထောင်ဘက်အဖြစ် လက်ခံဖို့ဆိုတာ စိတ်ကူးထဲမှာ ရှိတောင် မရှိသေးပါ။ သူ့ဘက်က အိမ်ထောင်မပြုခင် မျှော်မှန်းချက်ကိုတော့ လက်ထပ်ပြီးနောက်ပိုင်း၊ လမ်းခွဲမယ်ဆိုတဲ့ အချိန်မှာမှ သိလိုက်ရပါတယ်။

ဒီတုန်းက သူက ဒီလိုဆိုပါတယ်။ “မိန်းမပဲကွာ။ အတင်းအဓမ္မပြုကျင့်လိုပဲဖြစ်ဖြစ်၊ တခြားဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီယောက်ျားနဲ့ ကလေးရသွားရင် ယူကို ယူရမှာပဲ။ ယောက်ျားယူပြီးရင်လဲ အဲဒီ ယောက်ျားက ဘယ်လိုလူပဲဖြစ်နေနေ၊ နောက်ဆုံး ဇိမ်ခေါင်းပဲ ဖြစ်နေနေ ဆက်ပေါင်းရမှာပဲ။ ကွာမယ်ဆိုရအောင် မင်းက ဘယ်လိုမိန်းမမျိုးမို့လဲ။ ငါလိုချင်တာက ငါက လှမ်းကြည့်လိုက်တာနဲ့ ပါးစပ်ပိတ်နေမယ့် မိန်းမမျိုး“ လို့ ဆိုပါတယ်။ ရီရခက်၊ ငိုရခက်လို့ပဲ ဆိုရမယ် ထင်ပါရဲ့။ အဲဒီစကားကို ကျွန်မနားထဲ စွဲနေမိတယ်။ ပြန်တွေးကြည့်မိတိုင်းလဲ ပြုံးမိတာ အခါခါ။ ဖူးစာများ ကြံကြံဖန်ဖန် ဆုံမှ ဆုံတတ်ပါရဲ့။

ဒါကြောင့်လဲ ကလေးနောင်ရေးဆိုပြီး ကြားဝင်စေ့စပ်မယ်ဆိုသူတိုင်းကို ကျွန်မက အသည်းအသန် တားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မဆီမှာကလဲ သူ့လို ယောက်ျားမျိုးကို အိမ်ထောင်ဘက်အနေနဲ့ မျှော်မှန်းချက်နေနေသာသာ၊ မိတ်ဆွေအနေနဲ့ မျှော်မှန်းချက်တောင် ရှိတာ မဟုတ်လို့ပါပဲ။ ဒီလိုပဲ သူ့ရဲ့ အတွေးအခေါ်၊ မျှော်မှန်းချက် အနေနဲ့ဆိုရင်လဲ အိမ်ထောင်ဘက်ယောက်ျားဆိုတာကို အပြန်အလှန်လေးစားမှု၊ တဦးနဲ့ တဦး တန်ဖိုးထားမှု၊ တန်းတူညီမျှမှုရှိတဲ့ ဘ၀လက်တွဲဖော်တယောက်လို့ပဲ မြင်ပြီး၊ ကျေးကျွန်တယောက်လို မနေနိုင်တဲ့ မိန်းမတယောက်ကို အိမ်ထောင်ဘက်အနေနဲ့ ဆက်ရှိနေရမှာ အတော်ခက်ခဲမှာ ဖြစ်လို့ပါပဲ။ သူ့အတွက် သူမျှော်မှန်းတဲ့ အိမ်ထောင်ဘက် ကိုယ်ရည်ကိုယ်သွေးရှိမယ့် အမျိုးသမီးတယောက်နဲ့ ဘ၀သစ်တည်ဆောက်တာက ရေရှည်မှာ ပိုကောင်းမွန်မယ်ဆိုတာကို ကျွန်မသိနေပြီး ဖြစ်လို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကောက်ခါငင်ခါ၊ ထင်ရာစိုင်းလိုက်တဲ့ သူ့ရဲ့ အပြုအမူတခုကြောင့် ကျွန်မဘက်မှာလဲ အများကြီး နစ်နာသွားခဲ့သလို၊ သူ့ဘက်မှာလဲ တာဝန်မကျေတဲ့ ဖခင်တယောက် ဖြစ်သွားခဲ့တယ်။ ကလေးငယ်တယောက် ဓားစာခံ ဖြစ်သွားခဲ့တယ်။ ဒါတွေဟာ မျှော်မှန်းချက်တွေကို ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း မပြောထားခဲ့ကြလို့ပါပဲ။ ချစ်သူတွေ၊ အိမ်ထောင်ဘက် တွေဟာ ဒီအချက်တွေကို အထူးတလည် ဂရုပြုသင့်ပါတယ်။ မိဘပဲဖြစ်ဖြစ်၊ သားသမီးပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ ဇနီးခင်ပွန်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် တဦးနဲ့ တဦး မျှော်မှန်းချက်တွေကို ရှင်းရှင်းအသိပေးပြီးမှ ရှေ့ဆက်သင့်ပါတယ်။

(၅) စိတ်ချယုံကြည်ရမှုကို ပြသခြင်း

ဒီအချက်က အတော်အရေးကြီးတဲ့ အချက်လို့ စာရေးသူက ဆိုထားပါတယ်။ ကျွန်မကိုယ်တွေ့အရလဲ ဒီအချက်က အရေးကြီးတယ်မြင်ပါတယ်။ ကျွန်မတို့ လူသားတွေအားလုံးဆီမှာ အဆိုးမြင်၊ အကောင်းမြင်စိတ်လေးတွေ ရှိကြပါတယ်။ လူတိုင်းမှာကလဲ အဆိုးလဲ ရှိပါတယ်။ အကောင်းလဲ ရှိပါတယ်။ တူတာ တွဲလုပ်၊ မတူတာ ခွဲလုပ်၊ လုံးဝတွဲလို့မရရင်လဲ ရှောင်လုပ်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် လူအားလုံးမှာ အားနည်းချက်တခုကတော့ ကိုယ့်ရန်သူ၊ ကိုယ့်ပြိုင်ဘက်ရဲ့ ကောင်းတာလေးတွေကို မြင်တဲ့အခါ မသိချင်ယောင်ဆောင်ပြီး၊ ဆိုးတာမှ ရွေးပြောချင်တဲ့ အကျင့်ပဲ။ လူတိုင်းမှာ ရှိတဲ့ အားနည်းချက်ပါ။ နောက်အားနည်းချက်တခုကတော့ သူတပါးအောင်မြင်တာ၊ ကြီးပွားတာဆိုရင် စိတ်ထဲမှာ ၀င်တတ်ကြတဲ့ မနာလိုစိတ်လေးတွေပါ။ လူတွေက တယောက်နဲ့ တယောက်နဲ့ မသိသူတွေဆို အကြောင်းမဟုတ်ဘူး။ သိသူတွေမှာ တယောက်ယောက်က တနေရာရာမှာ ကိုယ်နဲ့ မတူပဲ အတိုင်းအတာတခုအထိ အောင်မြင်သွားရင် ပြဿနာဖြစ်လာတာတွေ ရှိပါတယ်။ မရှိတုန်းမှာ မျှတစားနေတာပဲ။ အဲဒီထဲမှာ တယောက်က နည်းနည်းမရှိလာလိုက်နဲ့။ သူက ဘယ်လိုပါ။ အလကားပါ စပြီး ဖြစ်တော့တာပဲ။ လူမှုဆက်ဆံရေးမှာ ဖြစ်သင့်တာတွေက ကိုယ့်မိတ်ဆွေအောင်မြင်သွားရင် သူနဲ့ကိုယ်နဲ့ မိတ်ဆွေအနေနဲ့ ဂုဏ်ယူပေးတာ၊ အောင်မြင်ချိန်နဲ့ ဆုံးရှုံးချိန်အားလုံးမှာ အဆင်သင့်ရှိနေတဲ့ မိတ်ဆွေကောင်းအဖြစ် ရပ်တည်ပေးတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လူ့စိတ်တွေက အတော်ခက်ပါတယ်။ အောင်မြင်ချိန်တွေကျရင် ရှောင်ခွာပြီး ငယ်ကျိုးငယ်နာဖော်၊ ပုတ်ခတ်မှုတွေ လုပ်တတ်တဲ့ အကျင့်တွေ ရှိတတ်ကြပါတယ်။ အောင်မြင်သူတွေဘက်ကလဲ ဘ၀မြင့်ပြီး ရှောင်ခွာခွာ လုပ်တာတွေလဲ ရှိပါတယ်။ လူ့ဘ၀ဆိုတာ နိမ့်တုန်မြင့်တုန် အမြဲရှိတတ်တယ်၊ ကြွေတလှည့်၊ ကြွက်တခုန်ဆိုတဲ့ သဘောလေးကို ကိုင်စွဲပြီး ရှုံးနိမ့်ချိန်တွေကို ပြင်ဆင်ထားဖို့လဲ လိုအပ်လှပါတယ်။ တခါတရံမှာ လူတွေကို အရင်က လုပ်ခဲ့တာတွေနဲ့ လက်ရှိအလုပ်တွေနဲ့ ချိန်ထိုးကြည့်ပေးဖို့ လိုအပ်လှပါတယ်။ အရင်က ဓားပြဗိုလ်၊ အခုလက်ရှိ လူအများကြည်ညိုလေးစားစရာကောင်းတဲ့ ဘုန်းတော်ကြီးလဲ ရှိတတ်တာပဲ။ အရင်က ကျောင်းဆရာ၊ အခု လက်မရွံအရက်သမားဖြစ်နေတာလဲ ရှိတတ်တာပါပဲ။ ဒါပေမယ့်လဲ အရင်က သူဌေးဖြစ်ပြီး၊ ခုကျမှ လမ်းဘေးရောက်နေတဲ့ အိမ်ခြေယာမဲ့ရဲ့ ဘ၀ဇာတ်ကြောင်းကိုသာ စိတ်မ၀င်စားရင်နေမယ်၊ နာမည်ကြီး လူတယောက်ရဲ့ ငယ်ငယ်တုန်းက ကျောင်းခန်းထဲ ဆေးလိပ်ခိုးသောက်ဖူးတာကို ပြောဆိုပြီး အထင်မကြီးပါဘူးကွာ လုပ်ချင်သူတွေက အများသားကလား။

နောက်အားနည်းချက်တခုက အတင်းတုပ်တတ်တဲ့ အကျင့်ပါပဲ။ “သန်းရှာအတင်းတုပ်၊ မိန်းမအလုပ်“ဆိုလို့ မိန်းမများကြီးပဲ မယူဆပါနဲ့။ ယောက်ျားများ အတင်းတုပ်ရင်လဲ မိန်းမများထက် ပိုဆိုးပြီး ပေါက်ကရလေးဆယ် အကုန်ပြောတတ်ပါတယ်။ လူဟာ လူပဲမို့ လူလိုပဲ ကျင့်ကြံကြပါတယ်။ ယောက်ျားရယ်၊ မိန်းမရယ် မဟုတ်ပါ။ နောက်ထပ်အကျင့်တခုကတော့ တခြားသူကို နှိမ့်ချပြီး မိမိကိုယ်ကို ကိုယ်ရည်သွေးတတ်တဲ့ အကျင့်ပါ။ ဒါကလဲ လူတိုင်းလိုလိုမှာ ရှိတတ်တဲ့ အတွင်းစိတ်လေးတွေပါ။ ညီအစ်ကို မောင်နှမထဲမှာတောင် ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ မသိမသာလဲရှိသလို ထင်ထင်ရှားရှား လူသိရှင်ကြားလဲ ရှိပါတယ်။ သူဘာလဲ၊ ငါဘာလဲ ငြင်းခုန်မှုတွေ ဖြစ်တတ်တာက ဒီစိတ်အခြေခံ လေးတွေကြောင့်ပါ။ မသိမသာလေးတွေက နားလည်ပေးနိုင်ကြပေမယ့် ထင်ရှားလွန်း လာရင်ကျတော့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေပါတော့တယ်။ တခြားလူတယောက်ကို နှိမ့်ချပြီး၊ လာပြောတာကို နားထောင်နေရသူတယောက်ရဲ့ စိတ်ထဲမှာ ငါနဲ့ ပတ်သက်ပြီးကော သူအဲလိုပဲ ပြောနေတာများလား ဆိုတဲ့ မယုံကြည်မှုတွေ တိုးပွားလာစေလို့ပါပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ ခေါင်းဆောင်လုပ်နေသူတွေ ဒီအချက်ကို ဂရုစိုက်ဖို့ လိုပါတယ်။

(၆) အမှားလုပ်မိပါက ရိုးသားစွာနဲ့ တောင်းပန်ခြင်း

စာရေးသူကတော့ တောင်းပန်ပါဆိုတဲ့ အချက်ကို နောက်ဆုံးအချက်အနေနဲ့ ထည့်ထားပါတယ်။ ကျွန်မကိုယ်တွေ့အရဆိုရင်တော့ တောင်းပန်တယ်ဆိုတာကလဲ အလွန်ကို ခက်ခဲတတ်တာကလား။ ဘာလို့လဲဆိုတော့ “ငါ“ ဆိုတဲ့ မာနတွေက ခံနေကြလို့ပါ။ သူငယ်ချင်းအချင်းချင်းကျတော့လဲ တောင်းပန်ရအောင် “သူက ဘာမို့လဲ“၊ မိဘကျတော့လဲ “ငါမွေးထားတဲ့သားသမီးကို ငါက ပြန်တောင်းပန်စရာလား“၊ သားသမီးကျတော့လဲ “မိဘပဲဥစ္စာ။ နားလည်ပေးရမှာပေါ့“၊ ညီအစ်ကို မောင်နှမကျတော့လဲ “အရင်းကြီးတွေပဲ၊ ကြီးကြီးကျယ်ကျယ်တွေ မလိုပါဘူး“၊ အထက်လူကြီးကျတော့လဲ “ငါတောင်းပန်လိုက်ရင် အရိုအသေ တန်သွားမှာပေါ့”၊ လက်အောက်ငယ်သားကျတော့လဲ “အခြေအနေအရသာ တောင်းပန်ရတာ၊ စိတ်ထဲက တောင်းပန်ချင်တာ မဟုတ်ဘူး။ အလုပ်ပြုတ်မှာစိုးလို့။ ဒီလူကြီး ပင်စင်ယူပြီးမှ သိမယ်“ စတဲ့ မာန်မာနလေးတွေက ခံနေတတ်ကြပါတယ်။ ခက်တာက တောင်းပန်လိုက်ရင် တောင်းပန်သူဘက်ကလဲ အောက်ကျနောက်ကျ တောင်းပန်ရတယ်လို့ အထင်ရှိနေသလို၊ တောင်းပန်ခံရသူဘက်ကလဲ ဟုတ်လှပြီထင်ပြီး ဘ၀င်မြင့်သွားတတ်တဲ့ အကျင့်တွေပဲ။ တကယ်က မှားသွားတာ တခုဖြစ်တယ်၊ တောင်းပန်သူက တောင်းပန်လိုက်တယ်၊ ကျေအေးသူက ကျေအေးလိုက်တာ။ အဲဒီမှာတင် ဒီကိစ္စက ပြီးသွားပြီဖြစ်တယ်။ ရှေ့ဆက်ဆံရေးကို သယ်ဆောင်သွားဖို့ မလိုအပ်သလို၊ အမှတ်ထားပြီး အစဖော်ဖို့လဲ မလိုအပ်ဘူး။ တချိန်မှာ တယောက်က မှားပြီး၊ နောက်တချိန်ကျတော့ ပြောင်းပြန်ဖြစ်နေတတ်တာလဲ ရှိတတ်တယ်။ ဒါမျိုးတွေက မိဘနဲ့ သားသမီးမှာလဲ ရှိတတ်တယ်။ ပထမကိစ္စရပ်မှာ သားသမီးကမှားတယ်၊ မိဘက မှန်တယ်။ နောက်ကိစ္စတခုကျတော့ “သားဟိုတခါကလဲ ဖြစ်ပြီးပြီလေ။ သားတောင်းပန်လို့ ဖေဖေက ခွင့်လွှတ်ထားရတာ။ ခုတခေါက်လဲ ဖေဖေပဲမှန်တယ်။ ဖေဖေပြောသလို သားလုပ်ရမယ်“ လို့ ပြောတတ်တဲ့ မိဘတွေ မရှိဘူးမဟုတ်ဘူး။ ရှိကိုရှိတယ်။ အဲဒီမှာတင် သားနဲ့ အဖေကြားက ဆက်ဆံရေး တံတိုင်းတခုဖြစ်တော့တာပဲ။ မိဘနဲ့ သားသမီးမှာတောင် ဖြစ်တတ်သေးရင် တခြားလူတွေကတော့ ပိုဆိုးရောဆိုပါတော့။ ဒါကြောင့် အမှားလုပ်မိရင် ရိုးသားစွာနဲ့ တောင်းပန်ပါ။ သူတပါး တောင်းပန်မှုကိုလဲ အခွင့်အရေး မယူပါနဲ့လို့ ကျွန်မက ထပ်မံ ဖြည့်စွက်ချင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ကျွန်မဟာ စိတ်ပညာရပ်ဆိုင်ရာ ပညာရှင်တယောက်မဟုတ်ပါ။ လူသားတွေရဲ့ ပြုမူဆောင်ရွက်မှုတွေကို လေ့လာတဲ့ ပညာရှင်တယောက်လဲ မဟုတ်ပါ။ ကျွန်မမှတ်သားထားမိဖူးတဲ့ အချက်ခြောက်ချက်ကို ကျွန်မရဲ့ ဘ၀ကိုယ်တွေ့ဖြစ်ရပ်တွေပေါ်မှာ အခြေခံပြီးမှ ဒီဆောင်းပါးကို ရေးသားထားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ပါတဲ့ လူတွေရဲ့ အကျင့်တွေဆိုတာကလဲ လူုသားတိုင်းရဲ့ ယေဘူယျအကျင့်တွေကို ဆိုလိုတာဖြစ်ပါတယ်။ လူတိုင်းမှာ အကျင့်ဆိုးတွေ ရှိကြပါတယ်။ အားနည်းချက်တွေ ရှိပါတယ်။ အတိမ်အနက်ပဲ ကွာကြပါတယ်။ ကျွန်မလဲ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဆန်းစစ်ပြီး၊ Emotional Bank Account မှာ ပမာဏများလာအောင် ကြိုးစားပြုပြင်နေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးထဲကနေ စာဖတ်သူအတွက် တစုံတရာ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း----။

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP