ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ကျွန်မနှင့် မတော်တဆမှုများ

Monday, November 16, 2009

လူကြီးတွေက ပြောတတ်ကြတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ်။ အစွဲအလမ်း မထားပါနဲ့တဲ့။ ဒါပေမယ့် အစွဲအလမ်း မဟုတ်ပဲ တိုက်ဆိုင်မှုတွေ များလာတဲ့အခါ အလိုလို သတိပြုမိတာတွေ၊ သတိထားတွေကတော့ ဖြစ်လာတော့တာပါပဲ။ ကျွန်မကို မွေးတာက အင်္ဂလိပ်လိုဆို အောက်တိုဘာလ၊ မြန်မာလိုဆို နိုဝင်ဘာလထဲ ရောက်နေတဲ့ ကာလတခုမှာပါ။ မန်မာလိုနဲ့ပဲ မွေးသက္ကရာဇ်ကို တွက်ယူတာများတော့ များသောအားဖြင့် နိုဝင်ဘာထဲမှာပဲ မွေးနေ့ဖြစ်သွားလေ့ရှိတယ်။ မွေးကတည်းက ကျန်းမာရေးမကောင်းလို့ တလလုံးလုံး ညသူနာပြု၊ နေ့သူနာပြုတွေနဲ့ အချိန်ပြည့်။ သုံးနှစ်အရွယ်ရောက်တော့လဲ အသည်းအသန်ဖြစ်လို့ တလနီးပါး ကုယူရနဲ့ အတော်ခြူချာတာကလား။ စနေသမီး နေတက်ရေတက်၊ မရဏဖွား၊ သားဦး ဆိုတဲ့ ဂုဏ်ပုဒ်တွေကို လူတွေက ထောပနာပြုတာလဲ ခံခဲ့ရပါရဲ့။ “သားဦးစနေ၊ မီးလိုမွှေ” ဆိုတဲ့ စကားလုံးများ မကြားချင်မှအဆုံး။ မွေးသဖခင်ကြီးကတောင် “ငယ်ငယ်တုန်းက သမီးကို ဓားထမ်းပြီး ကျော်ဖို့ လူတွေက သတိပေးတာကို မကျော်မိလို့ အဖေနဲ့ အမေကွဲတာ။ သမီးလဲ သူပုန်ဖြစ်တာ“ လို့ ပြောခဲ့သေး။ ဒါတွေက အဆန်းမဟုတ်ပေမယ့် ခက်တာက အောက်တိုဘာ၊ နိုဝင်ဘာလတွေရောက်တိုင်း ကျွန်မမှာ မတော်တဆမှု တခုခု ဖြစ်လာတတ်တာတွေပါ။




အစွဲအလမ်းကြီး မဟုတ်ပေမယ့် ဒီလတွေရောက်ရင် ကျွန်မမှာ အလိုလို သတိပြု၊ သတိထား လာမိတော့တာပါပဲ။ ဒီလောက်သတိထားနေတဲ့ ကြားကလဲ တခုခုကတော့ ဖြစ်လိုက်ရမှ။ လူဆိုတာကလဲ နေ့စဉ်နဲ့အမျှ သွားလာ လှုပ်ရှားနေရတာဆိုတော့ လှုပ်ရှားသွားလာမှုတိုင်းကိုတော့ ဘယ်ရပ်ထားနိုင် ပါ့မလဲ။ ဘယ်မှမသွားပဲ အိမ်ထဲမှာ နေရင်းထိုင်းရင်း ဖျားလာတာတွေကလဲ ရှိတတ်သေးရဲ့။ ဒီလိုနဲ့ ကျွန်မမှာ မတော်တဆဖြစ်မှုတွေက ဒီလိုအချိန်တွေရောက်ရင် နှစ်တိုင်းလိုလို တခုခုရှိလာတော့တာပါပဲ။ ဖြစ်ပုံတွေကလဲ စုံမှစုံ။ ပိုက်ဆံအိတ်ပျောက်တာ၊ ကြက်တောင်ရိုက်ရင်း ချော်လဲတာကနေ အရိုးအက်သွားတာစတဲ့ အသေးအမွှားလေးတွေကနေ ဆိုင်ကယ်မှောက်တာ၊ ယာဉ်တိုက်မှုဖြစ်တာ၊ ကိုယ့်အိမ်တက်ရတဲ့ လှေကားမှာ အလောင်းတွေ့တာ အဆုံး ပေါက်တီးပေါက်ရှာတွေ ဖြစ်ရ၊ ကြုံရ၊ တွေ့ရ၊ ရင်ဆိုင်ရတော့တာပါပဲ။

တောင်ကြီးနဲ့ ရန်ကုန်အကြား၊ တောင်ကြီးနဲ့မန္တလေးအကြား၊ မန္တလေးနဲ့ မေမြို့အကြားမှာ ယာဉ်တိုက်မှုများစွာကို ကြုံတွေ့ခဲ့ရဖူးတယ်။ ဖြစ်လိုက်ရင်လဲ ဒီလတွေမှာပဲ။ မှတ်မှတ်ရရ တကြိမ်မှာတုန်းကဆို ကျွန်မစီးသွားတဲ့ ခရီးသည်တင်ကားက ရှေ့ကသစ်လုံးကားကို ၀င်တိုက်တာ။ ကျွန်မက တလျှောက်လုံး ရှေ့ဆုံးခုံထိုင်လာခဲ့တဲ့သူပါ။ ယာဉ်တိုက်မှု မဖြစ်ခင် မြို့တမြို့မှာ ထမင်းစားဝင်နားရင်း အစ်မကြီးတယောက်နဲ့ ခင်မင်သွားတာကနေ အစ်မကြီးက သူ့နားက ထိုင်ခုံမှာ လာထိုင်ဖို့ပြောတာနဲ့ စကားပြောဖြစ်ရင်း နောက်မှာသွားထိုင်မိတာ။ ကျွန်မခုံမှာ ခုံလွတ်တယ်ဆိုပြီး ၀င်ထိုင်တဲ့လူက သေလုမျောပါး ဒဏ်ရာရသွားတယ်။ သေသလား၊ ရှင်သလားတော့ မသိတော့။ မေမေကဆို ကျွန်မခရီးသွားမယ်ဆိုတိုင်း ဘုရားတနေတော့တာပဲ။ ကျွန်မနဲ့ ကားမောင်းသမားနှစ်ယောက်ထဲ တညလုံးမောင်းရမယ့် ခရီးတွေကျတော့လဲ စိတ်မချ။ လေယာဉ်ကျတော့လဲ ကျွန်မကိုယ်တိုင်ကိုက သိပ်မစီးချင်။ ခရီးသည်တင်ကားတွေပေါ်မှာ မိတ်ဆွေဖွဲ့ရ၊ လူမျိုးစုံ ကြုံရတွေ့ရတာကို ကျွန်မက စိတ်ဝင်စားနေမိတာကိုး။ ကျွန်မချစ်သူက “လူတွေထဲမှာ ဘ၀ရဲ့ တန်ဖိုးကို ရှာဖို့၊ လူထုလူတန်းစားအလွှာ အသီးသီးကို လေ့လာဖို့“ တိုက်တွန်းခဲ့တာတွေလဲ ပါမယ်ထင်ပါရဲ့။ တောင်ကြီးနဲ့ ရန်ကုန်ဆိုတာက နေ့လည်ဆယ့်နှစ်နာရီကနေ နောက်တနေ့နံနက် ခြောက်နာရီ၊ ခုနစ်နာရီအထိ ဆိုတော့ ကားပေါ်မှာ ဆယ့်ရှစ်နာရီလောက်ကြာတာကိုး။ ကျွန်မက ဒီခရီးဆို သိပ်စိတ်ဝင်စားတာပဲ။ ဒီလိုနဲ့ပဲ မတော်တဆမှုလေးတွေ တိုက်တိုက်ဆိုင်ဆိုင်ကြုံပြီး၊ သေကံမရောက်၊ သက်မပျောက်ခဲ့တာလေးတွေလဲ ကြုံခဲ့ ဆုံခဲ့ရပါရဲ့။

တကြိမ်တုန်းကလဲ မေမြို့နဲ့ မန္တလေးမှာ ကြံကြံဖန်ဖန် အဖြစ်အပျက်တခုဖြစ်ခဲ့ဖူးပါတယ်။ မေမြို့ကို မိတ်ဆွေတချို့သွားပို့တာမှာ ခရီးတခုလုံးကားက အကောင်း။ မှောင်ချိန်မှာ အပြန်လမ်းမြို့က ထွက်မယ်လုပ်မှ ကားကပျက်ရော။ ဒါနဲ့ နီးရာဝပ်ရှော့တခုမှာ လုံးဝ ထားခဲ့ရပြီး၊ ကားတွေငှားတော့ ဘယ်ကားမှမလိုက်။ အချိန်ကလဲ ညဦးပိုင်းဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် မန္တလေးတော့ ဒီညအရောက်ပြန်မယ်လို့ ဆုံးဖြတ်မိကြတယ်။ ကျွန်မနဲ့ပါလာတဲ့ သူငယ်ချင်းနဲ့ ညီမလေးနှစ်ယောက်က အနည်းငယ် ကြောက်တတ်တယ်။ တခြားမြို့မှာ ညအိပ်ညနေ မနေချင်ဘူးလို့ ဆိုတာကိုး။ သူတို့ကို မန္တလေးပြန်ပို့ပြီးမှ နောက်နေ့ကျရင်ကိုယ်က မေမြို့ပြန်တက်လာမယ်ပေါ့။ စိတ်ထဲကတော့။ ဒီလိုနဲ့ စုံစမ်းကြည့်တော့ လားရှိုးဘက်က ဆင်းလာမယ့် ခရီးသည်တင်ကားကို စောင့်စီးတဲ့။ မထူးပါဘူး။ စောင့်စီးတာပေါ့ဆိုပြီး စီးလိုက်ကြတယ်။ ကြုံပဲကြုံတတ်ပါရဲ့ရှင်။ ကျွန်မတို့ကို ကားပေါ်တင်လာပြီး ငါးမိနစ်လဲကျရော ကားက ပျက်ပါလေရော။ ဒါနဲ့ မေမြို့ကို ပြန်လှည့်ရပြန်ရော။ ၀ပ်ရှော့တခုမှာ ပြင်လိုက်တော့ တနာရီအတွင်းကောင်းသွားတယ်ရှင့်။ ဒါနဲ့ ဆက်ထွက်လာကြတာ။ ၂၁ မိုင်ဂိတ်လဲ ရောက်ရော ပြဿနာတက်ပါလေရော။ အဲဒီနေ့က ဆန်မှောင်ခိုကိစ္စတွေနဲ့ တိုင်းမှူးပါဆင်းလာရပြီး ပြဿနာတက်နေလို့ ယာဉ်တွေအကုန်လုံး ရပ်ထားရတယ်။ အခြေအနေကတော့ တညလုံး အဲဒီမှာ နေရမယ့်ပုံပဲ။

ဒါနဲ့ ဆင်းသွားပြီး သက်ဆိုင်ရာကို သွားတွေ့တယ်။ မန္တလေးဆေးတက္ကသိုလ်က ကျောင်းသူတွေ ဆိုတော့ ဟိုဘက်က ကျောင်းသားတွေနဲ့ ပြဿနာမတက်ချင်ဘူးထင်ပါ့။ အရေးကြုံချိန်ဆိုတော့ ဆိုင်ရာပိုင်ရာ နာမည်တွေလဲ ရွတ်ရတာပေါ့။ ဒါနဲ့ အရာရှိတယောက်က ကားတန်းကိုတော့ မလွှတ်လိုက်နိုင်ဘူး။ အမိန့်အရမို့ လို့ ဆိုပြီး သမီးတို့ကိုတော့ မန္တလေးပြန်ပို့ဖို့ စီစဉ်ပေးမယ်ဆိုတယ်။ ကားပေါ်က ပစ္စည်းတွေ သွားယူလို့ ပြောတယ်။ ကျွန်မလဲ ပစ္စည်းယူဖို့ပြန်လာခဲ့တာပဲ။ ဒါပေမယ့် အဲဒီမှာ ကျွန်မတို့ကို လှမ်းကြည့်နေတဲ့ မျက်လုံးလေးတွေကို ရင်ဆိုင်လိုက်ရတယ်။ အဖွားအရွယ်တွေလဲ ပါတယ်။ တချို့က အနွေးထည်အကျီင်္မ၀တ်ထားဘူး။ ကားက မှန်လုံကားမဟုတ်ဘူး။ ဒီနေရာက ဌက်ဖျားဒေသ။ ကျွန်မ ရင်ထဲ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ ဒီကားပေါ်မှာ ခရီးအတူထွက်လာပြီးမှ သူတို့ကို ထားခဲ့ပြီး ခရီးဆုံးကို ဆက်သွားဖို့ကို ကျွန်မစိတ်ထဲ မတရားသလို ခံစားလိုက်ရတယ်။ ဒါနဲ့ ဟိုအရာရှိကို ဆက်မသွားတော့ ဘူးလို့ သွားပြေးပြောလိုက်တယ်။

ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို ဒီမှာ ညအိပ်မလား၊ မေမြို့ပြန်အိပ်မလား ဆိုတာ ဆန္ဒခံယူရတယ်။ဒီနေရာမှာ ညအိပ်ရင် ညရဲ့ ဆောင်းတွင်းအအေးဒဏ်၊ ခြင်အန္တရာယ်၊ ဌက်ဖျားစတာတွေ ပြောရတယ်။ တည်းခိုခန်းစရိတ် တာဝန်ယူပေးပါမယ်လဲ ဆိုရသေးတယ်။ ပြီးတော့မှ ကားမောင်းသမားကို မေမြို့ကို နောက်ပြန်လှည့်ပေးဖို့ ညှိပြီး မေမြို့ပြန်တက်လာကြတယ်။ ကံက အဲဒီအချိန်ထိ မကောင်းသေးဘူး။ တည်းခိုခန်းတွေမှာ လူတွေ ပြည့်နေပြီ။ လူနှစ်ဆယ်လောက်ဆိုတော့လဲ လူအုပ်က နည်းနည်းကြီးတာကိုး။ အချိန်ကလဲ ညဆယ့်နှစ်နာရီကျော်နေပြီ။ နောက်ဆုံးတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတကျောင်း မောင်းခိုင်းပြီး ညတနာရီမှာ ကျောင်းထိုင်ဆရာတော်ကို သွားနှိုးခဲ့ရတဲ့အဖြစ်။ သာသနာ့အရိပ်ကို ခိုလှုံရတာများ အေးချမ်းလိုက်ပါဘိ။ ညတွင်းချင်းမှာတင် ဆရာတော်နဲ့ ဦးပဇင်းတွေက တညတာတည်းခိုရေးကို စီစဉ်ပေးခဲ့ကြပါတယ်။ လူအများက အိပ်တော့ မအိပ်နိုင်ကြပါဘူး။ ဆာကလဲ ဆာနေကြတာမို့ ကျောင်းအနီးက ညလုံးပေါက်လက်ဖက်ရည်ဆိုင်မှာ မုန့်တွေသွားပြေးဝယ်ရတာလဲ အမှတ်ရမိနေပါသေးရဲ့။ မှတ်မှတ်ရရ (၂၀၀၀) ခုနှစ်၊ နိုဝင်ဘာလ တညမှာပေါ့။

အဲဒီလို ကြံကြံဖန်ဖန်တွေ ဆုံရ၊ ကြုံရတတ်တဲ့ ကျွန်မဟာ ဒီနှစ်ထဲမှာတော့ ဒီအချိန်မရောက်ခင်ကတည်းက သတိတွေအကြိမ်ကြိမ်ထားရပါရဲ့။ မသွားမဖြစ်တဲ့ လန်ဒန်ခရီးစဉ်တခု ပေါ်လာလို့ ခရီးထွက်ရတော့လဲ တညလုံး ပုတီးစိပ်ပြီး သွားရတော့တာပါပဲ။ ဆယ့်နှစ်နာရီကြာတဲ့ ခရီးဆိုတော့ ရှေးဦးသူနာပြု ဆေးသေတ္တာလေးပါ ဆောင်သွားရတော့တယ်။ သားလေးကလဲ ပါလာတာကိုး။ ဒီလိုနဲ့ ခရီးစဉ် တလျှောက်လုံး ခလုတ်မထိ၊ ဆူးမညိနဲ့ ချောချောမွေ့မွေ့ပြန်ရောက်လာပြီး ဟုတ်လှပြီလို့ စိတ်ကို ဒုန်းဒုန်းချလိုက်ပြီးချိန် တညမှာပေါ့။ ညကြီးမင်းကြီး ဆယ်နာရီကျော်မှာ အိပ်ပျော်နေတဲ့ သားပေါက်စဟာ နိုးလာပြီး ထမင်းစားစားပွဲဆီကို လမ်းလျှောက်တော်မူပါတော့တယ်။ စားပွဲပေါ်က ရေကို သူက ဆွဲယူသောက်ပါတယ်။ ပြီးလဲပြီးရော၊ ဘာကို အလိုမကျတယ်မသိ၊ စိတ်တိုလာပြီး သကာလ ထမင်းစားစားပွဲက သစ်သားကုလားထိုင်ကြီးကို တွန်းလှဲပစ်လိုက်တာကြောင့် နောက်ကလိုက်လာတဲ့ ကျွန်မမှာ ပြူးတူးပြဲတဲ ထခုန်လိုက်ပေမယ့် မလွတ်တော့ပဲ ခြေထောက်တဘက်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ပိကျသွားပါတော့တယ်ရှင်။ အခုတော့ ကျွန်မမှာ အရိုးမကျိုးသွားပေမယ့်လဲ အရှိန်ပြင်းတာကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်ပဲ ခြေထောက်နာနေလျက်ရှိပါကြောင်း။


နောက်ဆက်တွဲ

ဇာတ်လမ်းက ဒီမှာတင် ပြီးလားဆိုတော့ မပြီးသေးပြန်ပါဘူး။ ဒီလိုနဲ့ ခြေထောက်နာနေတဲ့ ကျွန်မဟာ လမ်းလျှောက်ရင် ခြေထော့နဲ့ထော့နဲ့နဲ့ ကိုယ့်ကြောင့် သားပေါက်စရဲ့ နေ့ကလေးထိန်းကျောင်း သင်ခန်းစာလေးတွေ မပျက်စေရဆိုတဲ့ ထုံး နှလုံးမူပြီး၊ သားလေးကို လက်တဘက်ကဆွဲ၊ လက်တဘက်က သူ့ကျောပိုးအိတ်လေးကို ကိုင်ပြီး ကျောင်းပို့ဖို့ ရည်ရွယ်ထွက်သွားပါတယ်။ အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ သားပေါက်စလေးဟာ ဇောင်းကလွှတ်လိုက်တဲ့ မြင်းလို လက်ထဲကနေ လှစ်ခနဲထွက်သွားပြီး၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ ခုန်ပေါက်ပြေးပါတော့တယ်။ ကျွန်မကလဲ စိုးရိမ်တကြီးနဲ့ “သားရေ။ မပြေးနဲ့။ ချော်လဲမယ်“ လို့ လှမ်းအော်ရုံရှိသေး၊ ပလက်ဖောင်းပေါ်ကနေ လမ်းပေါ်ကို မှောက်ရက် ပြုတ်ကျပါတယ်။ ဘယ်လိုကနေ ဘယ်လိုသားနားရောက်သွားတယ်မသိ။ ဆွဲထူလိုက်တော့ နှာခေါင်းက သွေးတွေကို မြင်ရတာကြောင့် ပြာခနဲ ဖြစ်ပြီး၊ သူ့ကို အိမ်ပေါ်မတင်လာရပါတော့တယ်။ လှေကားထစ်တွေကို ဘယ်လိုနင်းတက်ခဲ့တယ်လဲ မသိတော့။ ရောက်ရောက်ချင်း ရှေးဦးသူနာပြု သေတ္တာလေးဆွဲပြီး အနာကို စစ်ဆေးကြည့်ရပါတယ်။ နှာခေါင်းမှာ ပွန်းပဲ့သွားတာတွေပဲ တွေ့ပြီး အရိုးကျိုးသွားတဲ့ လက္ခဏာမတွေ့တော့မှ စိတ်အနည်းငယ်အေးရပါတော့တယ်။ ဒီတော့မှ ခြေထောက်က နာလာတာလဲ သတိထားမိ။ ခုများတော့ သားအမိနှစ်ယောက်မှာ ကိုယ်စီကိုယ်စီ ဒဏ်ရာတွေနဲ့။ ခေတ်ဟောင်းက မင်းသမီးကြီး ဒေါ်မြလေးပြောတတ်သလိုပဲ ”ပြောကို မပြောချင်တော့ဘူး“ လို့ အားရပါးရ ဆိုလိုက်ချင်ပါကြောင်း


ခင်မမမျိုး (၁၆၊ ၁၁၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP