ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

နိုင်ငံတကာ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှု သမိုင်းကြောင်း

Friday, November 6, 2009

၂၁ ရာစုမှာ အမျိုးသမီးအခွင့်အလမ်းဆိုတဲ့ စကားလုံးဟာ တကမ္ဘာလုံးမှာ ကျယ်ကျယ်လောင်လောင် အသံတွေထွက်နေပါတယ်။ နိုင်ငံများစွာများလဲ ကျားမ တန်းတူညီမျှမှုအခွင့်အရေးအတွက် လှုပ်ရှားမှုတွေ ပျံ့နှံ့နေပါတယ်။ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုဆိုတာ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေကို စိန်ခေါ်မှုတရပ်အနေနဲ့ မြင်ကြပါတယ်။ ဒါပေမယ့် အစဉ်အလာဆိုတာ လူတွေက ပြုလုပ်ခဲ့တာပါ။ ဒီလိုပြုလုပ်ခဲ့တာမှာ အဲဒီခေတ်အခါရဲ့ လူမှုစီးပွားစနစ်အရ သင့်လျော်သလို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုခေတ်အခါမှာကျတော့ ကမ္ဘာ့လူမှုစီးပွားစနစ်တွေလဲ အသွင်သဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနေခဲ့ပြီဖြစ် ပါတယ်။ ဒါကြောင့် အစဉ်အလာဓလေ့ထုံးစံတွေထဲက ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေကိုသာ လက်ဆင့်ကမ်းသယ်ယူပြီး၊ ဖယ်ရှားသင့်တာတွေကို ဖယ်ရှားရမယ့် အချိန်ရောက်နေပြီဖြစ်ပါတယ်။ ဒါမှလဲ တိုးတက်တဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာပါ။ ခြေကျင်ခရီးကနေ လေယာဉ်ပျံတွေ ပေါ်ပေါက်လာတာ၊ ခိုနဲ့ စာပို့စနစ်ကနေ လျှပ်စစ်စာပို့စနစ်တွေ ဖြစ်လာတာကို မလွဲမသွေလက်ခံ အသုံးပြုလာရတဲ့ အချိန်မှာ ကျားမတန်းတူ ညီမျှမှုဆိုတာကလဲ လက်ခံကျင့်သုံးရမယ့် အခြေအနေတခု ဖြစ်လာနေခဲ့ပါပြီ။ အခုဒီဆောင်းပါးမှာ ကျားမတန်းတူညီမျှမှု အခြေတည်ထွက်ပေါ်လာခဲ့တဲ့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုရဲ့ သမိုင်းကြောင်းကို တင်ပြမှာဖြစ်ပါတယ်။



ကနဦးအစ
အမျိုးသမီးအခွင့်အလမ်း တောင်းဆိုမှုတွေဟာ ၁၇ ရာစုနှောင်းပိုင်းနဲ့ ၁၈ ရာစုနှောင်းပိုင်းတွေမှာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၉ရာစုမှာ ဥရောပ တော်လှန်ရေးတွေ ထွက်ပေါ်လာတဲ့ အချိန်ကာလအထိ ထင်သာမြင်သာ မရှိခဲ့ပါဘူး အမျိုးသမီးအခွင့်အလမ်းနဲ့ ပတ်သက်ပြီး ပထမဆုံး လှုပ်ရှားခဲ့သူကတော့ ဗြိတိသျှစာရေးဆရာမနဲ့ အမျိုးသမီးဝါဒီတဦးဖြစ်တဲ့ မေရီအက်စ်တယ်လ်ပါပဲ။ သူမရေးသားခဲ့တဲ့ Serious Proposal to the Ladies ဆိုတဲ့ စာတမ်းထဲမှာ အမျိုးသမီးအခွင့်အလမ်းတွေ အတွက် တောင်းဆိုမှုတွေ ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးတွေအတွက် ကောလိပ်ကျောင်းတည်ထောင်ပေးရေး အချက်ပါဝင်တာကြောင့် “အမျိုးသမီးတွေဆိုတာ အိမ်တွင်းမှုလုပ်ရမယ်၊ အမျိုးသားတွေက ပြင်ပလူမှုဆက်ဆံရေး၊ အုပ်ချုပ်ရေး လုပ်ရမှာကြောင့် ပညာတတ်ရမယ်“ ဆိုတဲ့ အတွေးအခေါ်တွေ အမြစ်တွယ်နေတဲ့ အဲဒီခေတ်လူ့အဖွဲ့အစည်းရဲ့ ဝေဖန်ပြစ်တင်ရှုံ့ချခြင်းကို ခံခဲ့ရပါတယ်။

အမေရိကန်ပြည်တွင်းစစ်ကာလတွေထဲက ၁၇၇၆ ခုနှစ်မှာ Abigail Adams ဆိုတဲ့ အမျိုးသမီးဟာ နောင်တချိန်မှာ အမေရိကန်ရဲ့ vice-president ဖြစ်လာခဲ့တဲ့ သူမရဲ့အမျိုးသား ဂျွန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသမီးအခွင့်အလမ်းရေးရာတွေ ထည့်သွင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ သူမက နောင်တချိန်မှာ အမျိုးသမီးတွေရဲ့ တော်လှန်ရေးတွေ ပေါ်ထွက်လာဦးမယ်လို့ ဆိုခဲ့ပါတယ်။ သူမရဲ့အဆိုဟာ ၁၇၈၉ ခုနှစ်မှာ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေးကာလမှာ အမျိုးသမီးအခွင့်အလမ်းအတွက် လှုပ်ရှားတောင်းဆိုမှုတွေ ပေါ်ထွက်လာခဲ့လို့ပါပဲ။ ၁၇၉၂ ခုနှစ်ရောက်တော့ အင်္ဂလန်က Mary Wollstonecraft ဆိုတဲ့ အမျိုးသမီးဟာ အမျိုးသမီးအခွင့်အလမ်း လမ်းညွှန်စာတမ်းကို ထုတ်ဝေခဲ့ပါတယ်။ သူမရဲ့စာတမ်းကို ဘာသာစကား မြောက်မြားစွာ ဘာသာပြန်ဆိုခဲ့ကြပြီး၊ တကမ္ဘာလုံးမှာ အမျိုးသမီးအခွင့်အလမ်းနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိလာကြပါတယ်။ သူမဟာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခွင့်အလမ်းတွေကို တောင်းဆိုခဲ့တာကြောင့် အဲဒီခေတ်ကာလက အမြစ်တွယ်နေတဲ့ “နိုင်ငံရေးဆိုတာ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်“ဆိုတဲ့ အယူအဆတွေကို ကိုင်စွဲထားသူတွေက ပြစ်တင်ရှုံ့ချတာကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ နောင်နှစ်ပေါင်း လေးဆယ်ကျော်အကြာမှာတော့ သူမရဲ့ တောင်းဆိုချက်တွေကို ကိုင်စွဲပြီး ကမ္ဘာအနှံ့မှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ပထမဦးဆုံးနိုင်ငံတကာအမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှု
၁၈၃၀ နဲ့ ၁၈၄၀ ကာလတွေဟာ လူနေမှုစနစ် ပြုပြင်ပြောင်းလဲရေးကာလတွေ ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေရဲ့ မဲပေးခွင့် လှုပ်ရှားမှုတွေ စတင်ပေါ်ထွက်လာပါတယ်။ ဥရောပမှာ ပေါ်ပေါက်လာခဲ့တဲ့ ဘာသာရေးလှုပ်ရှားမှုတွေ၊ အမေရိကန်ပြည်ထောင်စုမှာ ပေါ်ပေါက်လာခဲ့တဲ့ လက်ထပ်ထားသော အမျိုးသမီးများရဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေးလှုပ်ရှားမှုတွေ၊ ၁၈၄၇-၄၈ ကာလ ဥရောပ တော်လှန်ရေးတွေဟာ အမျိုးသမီး လှုပ်ရှားတက်ကြွသူများစွာကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ စာပေဟာ တော်လှန်ရေးတခုရဲ့ လက်နက်ဖြစ်တာကြောင့် အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ စာပေလက်နက်ကို အသုံးပြုပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။

အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုကြီး အချိန်တိုကာလအတွင်းမှာတင် နိုင်ငံတကာ လှုပ်ရှားမှု အသွင်သဏ္ဍာန်ကို ကူးပြောင်းသွားတဲ့ အဓိကအချက်ကတော့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်း မခွဲခြားပဲ အချင်းချင်းအားပေးကူညီမှုနဲ့ တော်လှန်ရေးလမ်းကြောင်းပေါ်အခြေတည်သော သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြလို့ပါပဲ။ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားသူတွေဟာ လှုပ်ရှားမှုဖော်ဆောင်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေကို တနိုင်ငံနဲ့ တနိုင်ငံ ပို့ဆောင်ဖြန့်ဝေခဲ့ကြပါတယ်။ ဘာသာစကားကျွမ်းကျင်သူတွေက တခြားဘာသာစကားတခုကနေ မိခင်ဘာသာစကားကို ပြန်ဆိုဖြန့်ဝေ ခဲ့ကြတယ်။ အမျိုးသမီးထုအတွင်းကို အတွေးအခေါ်သစ်တွေ ပျံ့နှံ့ရောက်ရှိအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်း ခဲ့ကြပါတယ်။ လူထုဟောပြောပွဲတွေ ပြုလုပ်ကြပါတယ်။ (၁၈၄၇) ခုနှစ်မှာ အမျိုးသမီးဝါဒီများအဖြစ် မိမိကိုယ်ကို ယုံကြည်လက်ခံတဲ့ ရာပေါင်းများစွာသော အမျိုးသမီးတွေဟာ နိုင်ငံတကာပူးပေါင်းလှုပ်ရှားမှု အသွင်နဲ့ ခြေဆန့်လာခဲ့ကြပါတယ်။

၁၈၄၈ ခုနှစ်မှာ နယူးယောက်မှာ ပထမဆုံးအမျိုးသမီးညီလာခံကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့ နစ်နာမှုများ ကြေညာစာတမ်းကို ရေးဆွဲခဲ့တဲ့ အက်လီဇဘက် စတင်တန်ဟာ ကမ္ဘာ့အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုကြီးမှာ တစတစ နာမည်ကြီးလာခဲ့ပါတယ်။ အက်လီဇဘက်ဟာ ၁၉၅၁ ခုနှစ်မှာ အန်တိုနီဆိုတဲ့ အမျိုးသမီးတဦးကို စတင်တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အတွေးအခေါ်နဲ့ ယုံကြည်ချက်တူညီတဲ့အတွက် တဦးနဲ့တဦး ကူညီထောက်ခံတဲ့ ဘ၀တသက်တာ မိတ်ဆွေများအဖြစ် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြပါတယ်။ အန်တိုနီက ဖွဲ့စည်းတည်ဆောက်ရေးနဲ့ မဟာဗျူဟာ ရေးဆွဲရေးတွေမှာ အားသာချက်ရှိပါတယ်။ အက်လီဇဘက်မှာ လူထုဟောပြောမှုနဲ့ စည်းရုံးရေးစွမ်းရည်တွေမှာ အားသာချက်ရှိပါတယ်။

လှုပ်ရှားမှုတခုမှာ ဒီစွမ်းရည်တွေက အရေးကြီးဆုံး ဖြစ်ပါတယ်။ စင်ပေါ်မှာ ကပြရတဲ့ အရည်အချင်းတွေနဲ့ စင်နောက်မှာ ဇာတ်ညွှန်းရေးဆွဲရတဲ့ အရည်အချင်းတွေလို့ အတိုချုံး ဆိုနိုင်ပါတယ်။ လူ့စိတ်ဆိုတာကလဲ အတော်ရှုပ်ထွေးပါတယ်။ လူအများက စင်ပေါ်မှာ ကပြရင်း ရလာမယ့် ကျော်ကြားမှုတွေ၊ လက်ခုပ်သံတွေကို လူမသိ၊ သူမသိနဲ့ စင်နောက်မှာနေပြီး ကိုယ့်ဇာတ်ညွန်းအောင်မြင်သွားလို့ ပျော်ရွှင်တဲ့ ပီတိ အရသာတွေထက် ပိုပြီး နှစ်သက်တတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ မင်းသားကြီး မလုပ်ရလို့ ပတ်မထိုးဖောက်သူတွေ၊ စင်ပေါ် မရမနေ ကုတ်ကပ်တက်သူတွေ၊ တစင်ထောင်သူတွေ များလာပြီး လှုပ်ရှားမှုစင်လဲ ပြိုလဲတော့တာပါပဲ။ စင်ပေါ်က အရည်အချင်းနဲ့ စင်နောက်က အရည်အချင်း ရှိသူတွေ ဟန်ချက်ညီ လက်တွဲမိနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါဟာ လှုပ်ရှားမှုတိုင်းရဲ့ အသက်သွေးကြောပါပဲ။

အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုမှာတော့ နပိုလီယံလို့ အများက နာမည်ပေးထားတဲ့ ဗျူဟာရေးဆွဲရေး ကျွမ်းကျင်သူ အန်တိုနီနဲ့ လူထုစည်းရုံးရေးကျွမ်းကျင်သူ အက်လီဇဘက်တို့ ဟန်ချက်ညီ လက်တွဲသွားမိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ နယူးယောက် ဥပေဒေမှာ အမျိုးသမီးကလေး သူငယ် စောင့်ရှောက်ခွင့်နဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်လစာကို ကိုယ်ပိုင်ထိန်းချုပ်သုံးစွဲခွင့် ဆိုင်ရာ အခွင့်အလမ်းတွေကို ပြငှာန်းတဲ့ ဥပေဒေအချက်အလက်တွေ ပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလက အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်နဲ့ လမ်းခွဲရင် မိခင်က ကလေးသူငယ်အုပ်ထိန်းခွင့်မရပဲ ဖခင်ကသာ ရပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုလိုက်ရင် မိဘအမွေအနှစ် ဥစ္စာပစ္စည်းတွေကို အမျိုးသားကို လွှဲပြောင်းပေးရပါတယ်။ ကိုယ်ပိုင်လုပ်အားကြောင့် ရလာတဲ့ လစာကိုလဲ ကိုယ်တိုင်သုံးစွဲခွင့်မရှိပါဘူး။ ဒီအခြေအနေတွေကို အန်တိုနီနဲ့ အက်လီဇဘက်တို့ဦးဆောင်တဲ့ အမေရိကန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောင်းလဲနိုင် ခဲ့ကြပါတယ်။ ဒီအောင်ပွဲဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဗြိတိသျှ၊ ဂျာမဏီ၊ ကနေဒါနိုင်ငံက အမျိုးသမီးဝါဒီတွေဟာ အမျိုးသမီး မြေယာပိုင်ဆိုင်မှုအခွင့်အလမ်းတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားလာခဲ့ကြပါတော့တယ်။ (၁၈၈၈) ခုနှစ်မှာကျတော့ အန်တိုနီနဲ့ အက်လီဇဘက် စတင်တန်တို့ဟာ ဥရောပအမျိုးသမီးဝါဒီ အဆက်အသွယ်တွေနဲ့ ပူးတွဲပြီး၊ နိုင်ငံတကာအမျိုးသမီးကောင်စီကို ဦးဆောင်တည်ထောင်ခဲ့ကြပါတော့တယ်။

၂၀ ရာစုခေတ် အမျိုးသမီး ကွန်ယက်ချိတ်ဆက်မှု

၁၉၀၄ ခုနှစ်မှာ ဂျာမဏီနိုင်ငံ၊ ဘာလင်မှာ ကျင်းပတဲ့ နိုင်ငံတကာအမျိုးသမီးကောင်စီ ကွန်ဖရင့်မှာ နိုင်ငံတကာအမျိုးသမီး မဲပေးခွင့်လှုပ်ရှားမှု မဟာမိတ်အဖွဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ အမျိုးသမီး လှုပ်ရှားမှုတွေဟာ နိုင်ငံအနှံ့မှာ သီးခြားဆီ ဖြစ်ပေါ်နေတာ ဖြစ်ပေမယ့် နိုင်ငံပေါင်းစုံက အမျိုးသမီးဝါဒီတွေဟာ တဖွဲ့ချင်း၊ တဖွဲ့ချင်း ကွန်ယက်ချိတ်ဆက်မှုတွေ၊ ကူညီအားပေးမှုတွေ၊ အတွေးအမြင် ဖလှယ်မှုတွေ ရှိနေခဲ့ကြပါတယ်။ ၁၉၁၀ မှာ ဂျာမဏီမှာ ကျင်းပတဲ့ ဆိုရှယ်လစ်အမျိုးသမီး နိုင်ငံတကာ ကွန်ဖရင့်မှာ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတကာ အမျိုးသမီး များနေ့ကို စတင်သတ်မှတ်ခဲ့ကြပါတယ်။ (စကားချပ်- ကမ္ဘာ့ကုလသမဂ္ဂက ၁၉၇၅ ခုနှစ်ကျမှ မတ်လ (၈) ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အနေနဲ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်)

ပထမကမ္ဘာစစ်မတိုင်ခင် ကာလတလျှောက်မှာ အမျိုးသမီးတွေဟာ မဲပေးခွင့်အတွက် နိုင်ငံပေါင်းစုံမှာ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ မဲပေးခွင့်အတွက် ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့ကြသလို၊ နယ်သာလန်က Carrie Catt ဆိုတဲ့ အမျိုးသမီးကလဲ ဘာသာရေးမစ်ရှင် ခရီးထွက်ရင်း၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ နိုင်ငံစတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီး မဲပေးခွင့် အခွင့်အလမ်းတွေကို ဟောပြောလှုံ့ဆော်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကြီးကာလ (၁၉၁၅) ခုနှစ်မှာ ဥရောပအမျိုးသမီးအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ဆိုရှယ်လစ်အမျိုးသမီး နိုင်ငံတကာ ကွန်ဖရင့်နဲ့ ဥရောပ- အမေရိက နိုင်ငံတကာအမျိုးသမီး ကွန်ဂရက် တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ပြုလုပ် လာခဲ့ကြပါတယ်။ (၁၉၁၉) ကျတော့ ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးဆိုင်ရာ နိုင်ငံတကာ အမျိုးသမီးအဖွဲ့ချုပ်ကြီးကို ဆွစ်ဇလန်၊ ဂျာနီဗာမှာ ဖွဲ့စည်းခဲ့ကြပါတယ်။

ပထမကမ္ဘာစစ်အပြီးကာလမှာ ပဲရစ် ငြိမ်းချမ်းရေးကွန်ဖရင့်ကို အမျိုးသမီးကိုယ်စားလှယ်တွေသွားရောက်ခဲ့ပြီး အမျိုးသမီးအခွင့်အလမ်းဆိုင်ရာ အကြံပြုချက်စာတမ်းတွေ ပေးအပ်ခဲ့ကြပါတယ်။ ဒီကာလတလျှောက်မှာ အမျိုးသမီးလှုပ်ရှားမှုဟာ ဥရောပနဲ့ အမေရိကသာမကပဲ တကမ္ဘာလုံးကို ပျံ့နှံ့သွားပါပြီ။ အီဂျစ်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ မက်ဆီကို နိုင်ငံတွေမှာ အမျိုးသမီးအဖွဲ့အစည်းတွေ စတင်ပေါ်ပေါက်လာပါတယ်။ ၁၉၂၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးဆိုင်ရာ နိုင်ငံတကာအမျိုးသမီး အဖွဲ့ချုပ်ကြီးမှာ အဖွဲ့ဝင် ငါးသောင်းကျော် ပါဝင်နေပါပြီ။ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ နိုင်ငံတကာ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီး၊ လှုပ်ရှားမှု အရှိန်အဟုန်ကို မြှင့်တင်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပြောင်းလဲလာပါတယ်။ လူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်ကြောင့် အမျိုးသမီးတွေရဲ့ လုပ်အားကို ချန်လှပ်ထားလို့ မရတော့တဲ့ အခြေအနေဖြစ်လာပါတယ်။ ၁၉၄၀ အလွန်ကာလတွေမှာ အမေရိကန်နဲ့ ဥရောပက အိမ်ထောင်မရှိအမျိုးသမီးများရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ အိမ်ထောင်ရှိအမျိုးသမီးများရဲ့ ၈၀ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်တွေဆီ ရောက်နေကြပါပြီ။ အမျိုးသမီးအလုပ်သမားတွေအတွက် လစာတိုးမြှင့်မှု၊ အလုပ်လုပ်ချိန် မျှတမှု ဆိုင်ရာ မူဝါဒသစ်တွေလဲ ပြငှန်းလာကြရပါတော့တယ်။ အမျိုးသားနဲ့ အမျိုးသမီး လူမှုညီမျှမှု ပထမဆုံးအကြိမ် ထွက်ပေါ်လာပါတယ်။ စစ်ပြီးကာလရောက်တော့ နိုင်ငံအများအပြားမှာ အမျိုးသမီးတွေ မဲပေးခွင့် ရရှိလာပါတော့တယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလကျတော့ ၁၉၄၆ ခုနှစ်မှာ ကုလသမ္မဂ္ဂ အမျိုးသမီးအဆင့်အတန်း ကော်မရှင် ထွက်ပေါ်လာပါတယ်။ အမျိုးသမီးတွေရဲ့ တန်းတူညီမျှ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခွင့်အလမ်းတွေကို တိုးမြှင့်ဖော်ထုတ်ပေးဖို့ဖြစ်ပါတယ်။ ၁၉၅၁ မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (အိုင်အယ်လ်အို) ကနေအမျိုးသမီး လုပ်အားခ တန်းတူညီမျှရေး ကွန်ဗင်းရှင်း ကို လက်ခံပြီး၊ ၁၉၅၃ မှာ စတင်ကျင့်သုံးပါတယ်။ နိုင်ငံပေါင်း များစွာက လက်ခံကျင့်သုံးလျက်ရှိပါတယ်။



အမျိုးသမီးနှင့်ကမ္ဘာ့ကုလသမဂ္ဂ

၁၉၇၀ ကာလတွေမှာ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု လှိုင်းလုံးကြီးက ကမ္ဘာတ၀ှမ်းမှာ ပျံ့နှံ့နေခဲ့ပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂက ဒီလှိုင်းလုံးကြီးကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၉၇၅ ခုနှစ်ကို နိုင်ငံတကာအမျိုးသမီးများနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ (၁၉၇၅) ခုနှစ်မှာ မက်ဆီကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးညီလာခံကြီးမှာ အန်ဂျီအိုအဖွဲ့များက အမျိုးသမီး ခြောက်ထောင်ကျော်နဲ့ အစိုးရကိုယ်စားလှယ်အမျိုးသမီး (၁၃၃) ဦး တက်ရောက်ခဲ့ကြပါတယ်။ ကိုလိုနီစနစ်ရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများပေါ် သက်ရောက်ခဲ့တဲ့ ဆိုးကျိုးတွေကို ဆွေးနွေးခဲ့ကြပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေအဖွဲ့ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ၁၉၇၆ ကနေ ၁၉၈၅ ခုနှစ်အထိကို အမျိုးသမီးများအတွက် ကုလသမဂ္ဂ ဆယ်စုနှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။

(၁၉၈၀) ခုနှစ်မှာ ကိုပင်ဟေဂင်မှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီး ညီလာခံကြီးမှာ နိုင်ငံပေါင်း (၁၄၅) နိုင်ငံက အမျိုးသမီးကိုယ်စားလှယ်များနဲ့ အန်ဂျီအိုင်အဖွဲ့များက အမျိုးသမီး ရှစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။ ကိုပင်ဟေဂင်ကွန်ဖရင့်ကနေ အမျိုးသမီးများနိုင်ငံရေးနဲ့ ဆုံးဖြတ်ချက် ချမှတ်ရေးမှာ ပါဝင်ခွင့် ရရှိရေး၊ ဥပေဒနဲ့ မူဝါဒများမှာ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံမှု ပပျောက်ရေးတွေကို တောင်းဆိုတဲ့ ကမ္ဘာ့လှုပ်ရှားမှု အစီအစဉ်ကို ရေးဆွဲဖော်ဆောင်ခဲ့ပါတယ်။

အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုကို ကျားမ တန်းတူညီမျှရေး လှုပ်ရှားမှုအနေနဲ့ အသွင်သဏ္ဍာန် ဖော်ဆောင်လာတာကတော့ ၁၉၈၅ ခုနှစ်မှာ ကင်ညာမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီး ၀ါဒဆိုတာကို ကျား၊ မ တန်းတူ ညီမျှမှုကို ဦးတည်စေတဲ့ ၀ါဒတရပ်အဖြစ် လူတွေက သိနားလည်ခြင်း မရှိခဲ့ကြပါဘူး။ အမျိုးသားတွေဟာ ရာစုနှစ်ပေါင်းများစွာ အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံခဲ့ကြတာ ဖြစ်တဲ့အတွက် အတုန့်အလှည့်အနေနဲ့ အမျိုးသမီးတွေက ပြန်လည်ဆက်ဆံမှာကို ကြောက်စိတ်ဝင် ခဲ့ကြပါတယ်။ အမျိုးသမီးဝါဒကို မိန်းမကြီးစိုးရေးဝါဒအဖြစ် ပုံဖော်ခဲ့ကြပါတယ်။ အမျိုးသမီးဝါဒဆိုတဲ့ စကားလုံးကို အဆိုးဘက်ကနေ ပုံဖော်ထားတာကြောင့် အမျိုးသမီးဝါဒီတွေကို လူ့အဖွဲ့အစည်းက အဆိုးဘက်ကနေ ရှုမြင်တတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးဝါဒရဲ့ အခြေခံအနှစ်သာရက အမျိုးသားတွေကို နှိမ့်ချဆက်ဆံတာ မဟုတ်ပါဘူး။ ကျားမတန်းတူညီမျှမှုပေါ်မှာ အခြေခံပြီး၊ တဦးနဲ့တဦး လွှမ်းမိုးချုပ်ချယ်မှုကင်းတဲ့ လွတ်လပ်သော လူ့ဘောင်သစ်ကို တည်ဆောက်ဖို့ ရည်ရွယ်ချက်သာ ဖြစ်ပါတယ်။ မိသားစုတွင်းမှာလဲ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမျှမှု၊ အတူတကွယှဉ်တွဲနေထိုင်မှုကိုသာ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို အမျိုးသမီးဝါဒီတွေက အမျိုးသမီးတွေသာမက အမျိုးသားတွေပါ နားလည်အောင် ပညာပေးမှု ပြုလုပ်လာခဲ့ကြရပါတယ်။

ကင်ညာညီလာခံကနေ အမျိုးသမီးအခွင့်အလမ်းတွေကို ကဏ္ဍသုံးရပ်မှာ မြှင့်တင်ပေးဖို့ ဗျူဟာတွေ ချမှတ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပေဒေရေးရာကဏ္ဍ၊ လူမှုဘ၀တန်းတူညီမျှရေး၊ နိုင်ငံရေးပါဝင်ပတ်သက်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာ တန်းတူညီမျှရေးတဲ့ ကဏ္ဍတွေမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ရှင်းလင်းပြတ်သားတဲ့ လှုပ်ရှားမှုပလက်ဖောင်းကတော့ ၁၉၉၅ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ စတုတ္တအကြိမ် ကမ္ဘာ့အမျိုးသမီး ညီလာခံမှာမှ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကြီးမှာ အန်ဂျီအိုအဖွဲ့ ၂၁၀၀ ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီး ငါးထောင်ကျော်၊ အစိုးရကိုယ်စားလှယ် ၁၈၉ ယောက်နဲ့ တသီးပုဂ္ဂလ အန်ဂျီအိုဖိုရမ် ”၉၅ ကနေတဆင့်တက်ရောက်လာတဲ့ အမျိုးသမီး သုံးသောင်းကျော်၊ အင်တာနက်ကနေ တက်ရောက်တဲ့ အမျိုးသမီးထောင်ပေါင်းများစွာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ စုစုပေါင်း လေးသောင်းခုနစ်ထောင်ကျော် တက်ရောက်ခဲ့တဲ့ အကြီးကျယ်ဆုံးကွန်ဖရင့်ကြီး တခုဖြစ်ခဲ့ပါတယ်။

ဒီညီလာခံကြီးကနေ ဘီဂျင်းကြေငြာစာတမ်းကြီးထုတ်ပြန်ခဲ့ပြီး၊ ဘီဂျင်းလှုပ်ရှားမှုပလက်ဖောင်းကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုပလက်ဖောင်းဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနှင့် လေ့ကျင့်သင်တန်းပေးရေး၊ ကျန်းမာရေး၊ အမျိုးသမီးအကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋ္ဋိပက္ခ၊ စီးပွားရေး၊ အာဏာရအမျိုးသမီးများ၊ အမျိုးသမီးရေးရာမြှင့်တင်ရေး institutional mechanisms များ၊ အမျိုးသမီးနှင့်လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် သတင်း၊စာနယ်ဇင်း၊ အမျိုးသမီးနှင့် ပတ်ဝန်းကျင်၊ အမျိုးသမီး ကလေးသူငယ်စတဲ့ ကဏ္ဍာန်စုံ လှုပ်ရှားမှုတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

(၁၉၉၇) ခုနှစ်ရောက်တော့ အီးယူ (၁၅) နိုင်ငံကနေ အမ်စတာဒမ် စာချုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာချုပ်မှာ ကျား၊ မ တန်းတူညီမျှမှုကို အီးယူရဲ့ အခြေခံ အခွင့်အရေးအနေနဲ့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်၊ ဇွန်လကျတော့ ကုလသမဂ္ဂအထွေထွေ ညီလာခံနဲ့ အမျိုးသမီးအခွင့်အလမ်းမြှင့်တင်ရေး ဌာနခွဲတို့ကနေပြုလုပ်တဲ့ အမျိုးသမီး ၂၀၀၀ – ၂၁ ရာစု ကျားမ၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး ဆိုတဲ့ ယူအင် အထူး ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ ဘီဂျင်း + ၅ လို့ နာမည်ရတဲ့ ဒီဆွေးနွေးပွဲမှာ ဘီဂျင်းလှုပ်ရှားမှု ပလက်ဖောင်းအရ တိုးတက်မှုတွေကို ပြန်လှန်အကဲဖြတ်ဆန်းစစ်မှုတွေ လုပ်ခဲ့ကြပါတယ်။

(၂၀၀၀) ခုနှစ်၊ ဟက်တင်ဘာ (၆) ရက်ကနေ (၈) ရက်နေ့အတွင်းမှာ နယူးယောက်ကုလသမဂ္ဂ ရုံးချုပ်မှာ နိုင်ငံတော် အစိုးရအကြီးအကဲတွေ စုဝေးရောက်ရှိခဲ့ကြပါတယ်။ အဲဒီမှာ Millennium ကြေညာချက်စာတမ်းကြီးကို ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာစာတမ်းထဲမှာ “ကျားမတန်းတူညီမျှရေးကို မြှင့်တင်ခြင်းနှင့် အမျိုးသမီးများအား empowerment လုပ်ခြင်းသည် ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ်သိပ်မှုနှင့် ရောဂါပိုးမွှားများကို တိုက်ဖျက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထိရောက်ဆုံး နည်းလမ်းများဖြစ်သည်“ ဆိုတဲ့ အချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာပဲ အောက်တိုဘာလ (၃၁) ရက်နေ့မှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ Resolution 1325 ကို ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ (၂၅ )ရက်နေ့ကို အမျိုးသမီးများ အကြမ်းဖက်မှုခံရမှုမှ လွတ်ကင်းခွင့်ရရေး နိုင်ငံတကာ နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံပေါင်းများစွာမှာ အထိမ်းအမှတ်တွေ ပြုလုပ်နေကြပါတယ်။

၂၀၀၅ ခုနှစ်မှာ ဘီဂျင်းမှာ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးကွန်ဖရင့်ကြီးရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည် ကွန်ဖရင့်ကျင်းပခဲ့ပါတယ်။ ဘီဂျင်း+၁၀ မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ gender mainstreaming အပေါ် ယုံကြည်ထောက်ခံမှုကို ကြေညာခဲ့ကြပြီး၊ ကွန်ဖရင့် ထောက်ခံချက်တွေကို ၂၀၀၅ ခုနှစ် World Summit ကို ယူဆောင်သွားဖို့ စီမံခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၀၅ World Summit မှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှုခံရမှုမှ ပပျောက်ရေး၊ အစိုးရဌာနဆိုင်ရာများမှာ ဆုံးဖြတ်ချက် ချမှတ်နိုင်မယ့် အမျိုးသမီး အကြီးအကဲများ ပါဝင်လာရေး စတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်အကောင် အထည်ဖော်လာခဲ့ကြပါတယ်။

နိဂုံး
သမိုင်းဆိုတာ လူတွေက ရေးသားရတာဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းအစဉ်အလာဆိုတာကလဲ ခေတ်စနစ်တခုမှာ ရှိနေတဲ့ လူသားတွေက မျက်မှောက်ခေတ်အခြေအနေနဲ့ အနာဂတ်အလားအလာတွေကို ရှုမြင်သုံးသပ်ပြီး၊ ပယ်သင့်တာကိုပယ်၊ ယူသင့်တာကိုယူ၊ အသစ်ဖန်တီးသင့်တာကို ကြံဆောင် ဖန်တီးပေးရတာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှု သမိုင်းကြောင်းကို တိုးတက်တဲ့ အတွေးအခေါ် ရှိတဲ့ အမျိုးသမီးတွေက သွေး၊ ချွေး၊ ဦးနှောက်တွေနဲ့ ဖန်တီး ရေးသားခဲ့ကြပြီး၊ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားတွေက ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ ဒါတွေကို တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေက လက်ခံခဲ့ကြပြီး၊ လိုက်လျောညီထွေတဲ့ ပြောင်းလဲမှုတွေ လုပ်လာခဲ့ကြပါတယ်။ ဒီလို တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေ ပေါင်းစပ်မှုကနေ ယနေ့မျက်မှောက်ခေတ် တိုးတက်တဲ့ ကမ္ဘာ့လူ့ဘောင်ကြီး ထွက်ပေါ်လာခဲ့ပါတာဖြစ်ပါတယ်။ ဒါကြောင့်
လှုပ်ရှားမှုသမိုင်းကြောင်းကို ရေးသားမယ့် တိုးတက်သော အတွေးအခေါ်ရှိတဲ့ အမျိုးသမီးတွေ
ခေတ်စနစ်နဲ့ အနာဂတ်ကို ရှုမြင်သုံးသပ်နိုင်မယ့် တိုးတက်သော အမြင်ရှိတဲ့ အမျိုးသားတွေ
ခေတ်နဲ့အညီလိုက်လျောညီထွေ ပြောင်းလဲနိုင်မယ့် တိုးတက်သော လူ့အဖွဲ့အစည်း တွေကို
တရားမျှတမှု၊ လွတ်လပ်ပွင့်လင်းမှု၊ ညီညွတ်သွေးစည်းမှု၊ တန်းတူညီမျှမှု အပေါ်မှာ အခြေခံမယ့် ၂၁ ရာစု မြန်မာ့လူ့ဘောင်သစ်ကြီးက စောင့်မျှော်ကြိုဆိုလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၆၊၁၁၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP