သေမင်းတမန်ရထားလမ်းကြီးကို အပြီးမခံကြပါနှင့်
စစ်အုပ်စုခြေလှမ်းအလွန်သွက်နေသည်။ င့ါမြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်၊ မည်သူ့ကိုမျှဂရုမစိုက် ဟူသော အသွင်သဏ္ဍာန်က လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီးပေါ်နေပြီ။ အရေးတော်ပုံကာလတွင်းမှာပင် လက်ကိုင် တုတ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ၊ မသိနားမလည်သေးသူ ရှစ်နှစ်ကိုးနှစ်ကလေးငယ်များ၊ ခြိမ်းချောက်ခေါ်ဆောင်ထားသူ ၀န်ထမ်းများ၊ ပိုက်ဆံပေးခေါ်ဆောင်ထားသူ လူတချို့စသည်တို့ကို သုံး၍ သူတို့လမ်းစဉ်ထောက်ခံပွဲများ ပြုလုပ်ကြသည်။ အဖွဲ့ဝင် (၅၄)ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မရှင်တရပ်ကို ထပ်မံ ဖွဲ့စည်းလိုက်ပြန်သည်။ ရပ်ကျော်ရွာကျော်၊ ကမ္ဘာကျော်လူသတ်ပွဲများကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပင် ပါဝင်ပတ်သက်ကာ မြန်မာ့အနာဂတ်ရေး ရှေးရှု၍ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်သို့ ဆွဲခေါ်နေချိန်တွင် လမ်းကြောင်းပေါ်သို့ တက်မလာပဲ သွားနေဆဲလမ်းကိုသာ အရှိန်မြှင့်၍ ဆက်သွားနေခြင်းဖြစ်သည်။
အောက်တိုဘာ (၁၈)ရက်နေ့က နအဖတွင်း(၁)ဗိုလ်သိန်းစိန်အမိန့်ဖြင့် ထုတ်ပြန်သည့်ကြေငြာချက်တွင် အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတရပ်လုံးက ထောက်ခံအားပေးမှုကို လေးစားသောအားဖြင့်လည်းကောင်း၊ မူဝါဒလမ်းစဉ်(၇)ရပ်ကို အကောင်အထည်ဖော်သည့် အနေဖြင့်လည်းကောင်း ထိုကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည် ဟု ဆိုထားသည်။ ထိုလမ်းစဉ် (၇)ရပ်၏ အဆုံးတွင် မည်သည့်အရာရှိသနည်း။ စစ်အုပ်စုသက်တမ်းရှည်ရေးသာ ရှိသည်။ ပြည်သူလူထုအတွက် အကျိုးစီးပွားဘာမျှမရှိ။ သမိုင်းအဆက်ဆက်တွင် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကို မျိုးဆက်များနှင့်ချီ၍ ခံကြရပြီးပြီ။ သက်တမ်းထပ်ရှည်နေပါက မြန်မာလူမျိုးပင် ပျောက်ကွယ်သွားတော့မည်။ ပြည်သူအများအသက်ရှင်လျက်သေနေသည့် ဘ၀များသို့ ကျရောက်ရတော့မည်။ နအဖလမ်းပြမြေပုံ (၇)ချက်သည် ပြည်သူအများအား ကြမ္မာဆိုးသို့ ခေါ်ယူသွားမည့် သေမင်းတမန် ရထားလမ်းကြီးနှင့် တူလှသည်။ ထိုရထားလမ်းကြီးကို လမ်းဆုံးအရောက်ခံ၍ မဖြစ်။ အဆင့်တိုင်း၊ အဆင့်တိုင်းတွင် တိုက်ဖျက်သွားကြရမည်ဖြစ်သည်။ ရထားလမ်းကြီးကို အပြီးခံ၍ မဖြစ်။
စစ်အုပ်စုလှည့်ကွက်တွင် ကျွန်ုပ်တို့ မမျောသွားစေရန် အရေးကြီးလှသည်။ စစ်အုပ်စုသည် ခံစစ်ကို ထိုးစစ်ဖြစ်အောင် ပြောင်းယူရာ၌ အလွန်ပင် ပရိယာယ် ကြွယ်လှသူများဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ပူပူနွေးနွေးကာလ အချိန်မရွေး လူထုအရေးတော်ပုံကြီးများ ပေါ်ပေါက်ရန် တာစူနေချိန်၊ လူထုကြီးထဲတွင်နိုင်ငံရေးဒီရေအမြင့်မားဆုံးဖြစ်နေချိန်၊ရှေ့တန်းစစ်မျက်နှာများ တွင် တိုက်ပွဲကြီးငယ် နွှဲနေရချိန်တွင် ရွေးကောက်ပွဲ လုပ်ရန် ပါတီများ ထောင်ခွင့်ပေးထားခြင်း၊ ရွေးကောက်ပွဲကျင်းပပေးခြင်း စသည်များဖြင့် ခံစစ်ကို အချိန်ဆွဲယူထားခဲ့သည်။ ခေါင်းဆောင်များ၊ လှုပ်ရှားတက်ကြွသူများကို ကောက်သင်းကောက် ဖမ်းဆီးထိန်းချုပ်ထားခဲ့သည်။ ရွေးကောက်ပွဲဖြင့် ကမ္ဘာကို မျက်လှည့်ပြခဲ့သည်။ စစ်အုပ်စုက တိုက်ပွဲကို အနိုင်ရော၊ အရှုံးပါ တွက်ထားသည်။ တစညဖြင့် စီချင်းထိုးခိုင်းထားသော်လည်း တစညအခြေအနေမကောင်းလျှင် ကျားကွက်မည်သို့ရွှေ့ရမည်ကို ကြိုတင်တွက်ထားပုံပေါ်သည်။ လူထုက သမိုင်းပေးတာဝန်ကျေစွာ ဆန္ဒမှန်ထုတ်ဖော်ခဲ့ကြသည်။ နအဖအထိမနာသည်တော့ မဟုတ်။ အထိနာပါသည်။ သို့ပေမယ့် သူတို့မှာ Plan B ရှိသည်။ ထိုးကျွေးစရာကို ချက်ချင်းထိုးကျွေး၍ ကြိုတင်တွက်ချက်ထားသည့်အတိုင်း ကျားကွက်တကွက် ရွှေ့ပစ်လိုက်သည်။ ရွေးကောက်ခံအမတ်များဖြင့် အချိန်မှီ အစိုးရ ဖွဲ့ရန်မဖြစ်နိုင်ခဲ့တော့။ နအဖလက်ဦးသွားသည်။ နအဖမလိမ့်တပတ်လုပ်သွားမှန်း လူထုကြီးမသိမဟုတ်။ သိသော်လည်း တိုက်ပွဲချက်ချင်းမဆင်နိုင်၊ တိုက်ပွဲဆိုသည်က အရှိန်ယူရသည်။ သိသိကြီးနှင့် ခံလိုက်ကြရသည်။
တဖန်အမျိုးသားညီလာခံဆိုပြီး လုပ်ပြလိုက်တော့ မျောသူတချို့ မျောသွားကြပြန်သည်။ နအဖကလည်း လှလှပပကြီး အချိန်ဆွဲကာ သူ့အစီအစဉ်ကို အခက်အခဲမရှိ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ကြံ့ဖွတ်ဆိုသည်က အမျိုးသားညီလာခံနှင့် မရှေးမနှောင်း ပေါ်လာသည့်အဖွဲ့ဖြစ်သည်။ ပေါ်ပေါက်စဉ်ကပင် တချိန်တွင် နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ရန်ဖြစ်သည်ဆိုခြင်းကို အမှုဆောင်သင်တန်းများမှ တို့တာဝန်အရေးသုံးပါး ဘာသာရပ်တွင် ထည့်သွင်း ပို့ချထားကြသည်။ အာဏာတင်မက၊ လုပ်ပိုင်ခွင့်များစွာ အပ်နှင်းပြီး သခင်အားရ ကျွန်ပါးဝစိတ် ရိုက်သွင်းပေးထားသည်။ အင်အယ်ဒီပါတီ က ညီလာခံကို boycott လုပ်ထွက်တော့ ထို ခွေးများက အမွေးပြောင်နေပြီ။ ထိုခွေးများဖြင့် အယ်အင်ဒီကို ဖိတိုက်ထားသည်။ တပ်ကိုထုတ်မသုံးပဲ တပ်ခွေးများကို ပဏာမထုတ်သုံးကာ ၀န်းရံထိန်းချုပ်ထားခြင်းဖြစ်သည်။ ထိုမျှမကသေး။ ရှစ်တယ့်ရှစ်ကို သင်ခန်းစာယူ၍ တပ်မတော်တပ်မတပ်ရင်းများတွင် တပ်မှူးတဦးတည်း၌ပင် အာဏာတည်မနေအောင် ဖွဲ့စည်းပုံများ၊ လုပ်ငန်းတာဝန် ခွဲဝေမှုများဖြင့် ထိန်းချုပ်ထားလိုက်သည်။ တပ်ရင်းများသည် အုပ်ချုပ်ရေးရာများတွင် အခြေစိုက်ဧရိယာပိုင် တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး၊ စစ်ရေးရာ ပိုင်းတွင်မူ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။ ထိုနည်းများဖြင့် တပ်ကိုချုပ်ထားသည်။ တဖက်မှပင် နိုင်ငံတကာ ဖိအားပြင်းလာချိန်တွင် ဒေါ်စုကို ထုတ်ပေးလိုက်၊ အရှိန်လျော့သွားချိန်တွင် ပြန်ဖမ်းလိုက်နှင့် နိုင်ငံတကာကို နိုင်ငံရေးကစားနေခဲ့သည်။
ဒီပဲယင်းအရေးအခင်းသည် ဒေါ်စုနှင့် အင်အယ်ဒီကို လက်စတုံးပစ်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီးသာဖြစ်သည်။ လုပ်ကြံမှု အထမမြောက်ပဲ နိုင်ငံတကာ၏ အာရုံက သူတို့ဘက် လှည့်လာသော အခြေအနေအဆိုးနှင့် ကြုံသွားကြသည်။ နောက်တကြိမ် ခံစစ်နေရာ ရောက်သွားပြန်ခြင်းဖြစ်သည်။ ထိုးစစ်ဖြစ်အောင် အရှိတ်ယူရပြန်သည်။ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသော အမျိုးသားညီလာခံကြီးကို ပြန်အသက်သွင်းလိုက်သည်။ ပွဲကို ဖြတ်မှ ဖြစ်တော့မည်ဟူသော ရည်ရွယ်ချက်နှင့် လမ်းပြမြေပုံဆွဲကြတော့သည်။
ဤနေရာတွင် လမ်းပြမြေပုံကို စစ်အုပ်စုသက်ဆိုးရှည်ရေးအတွက် အသုံးပြုရန် အာရုံမစိုက်တော့ပဲ တစ်ယောက်တည်းမင်းသားကြီးလုပ်ချင်နေသည့် ဗိုလ်ခင်ညွန့်ဂယက်က ပေါ်လာပြန်သည်။ ဗိုလ်ခင်ညွန့်က လမ်းပြမြေပုံ အဆုံးသတ်ပွဲတွင် နဂိုမူလအတိုင်း ကြံ့ဖွတ်များနေရာယူမည့်အရေး အစာကြေပုံမပေါ်။ ကြံ့ဖွတ်တွင် သူ့နေရာမရှိ။ ဗိုလ်သန်းရွှေနေရာသာ ထိပ်ဆုံးမှာရှိသည်။ ဒီတော့ အာဏာကို ချောင်းနေသူပီပီ ပိုင်ရာဆိုင်ရာ ငြိမ်းအဖွဲ့များကို ညှိနှိုင်းထားပြီး၊ သူကိုယ်တိုင်ကလည်း သူ့အပိုင်သဖွယ်ဖြစ်နေသော နစကများကိုသုံး၍ ရံပုံငွေရှာတော့သည်။ အရှာကောင်း၍ စီမံချက်ပေါ်ပြီး ဖြုတ်ထုတ်သတ်ထောင်နန်းစံ သွားရခြင်းဖြစ်သည်။
ဤနေရာတွင် စစ်အုပ်စုတို့သည် သူတို့ တစုတည်းအတွက်သာမက မျိုးဆက်တခုလုံးအတွက် လုပ်နေကြမှန်း သိသာထင်ရှားသည်။ နောင်လာမည့် မြန်မာ့သမိုင်းကာလတလျှောက်လုံးတွင် ပြည်သူအားလုံး စစ်ဖိနပ်အောက်မှာသာ နေရမည်ဆိုသော စီမံချက်ကြီးကို အတ္တတကြီး၊ အညှိုးတကြီး လုပ်နေခြင်းသာဖြစ်သည်။ သေမင်းတမန် ရထားလမ်းကြီးကို သူတို့ဘက်မှ မပြီးပြီးအောင် ဖော်ထုတ်ကြလိမ့်မည်။ ယခုလို ယင်းတို့ ခံစစ်ကာလ ရောက်နေချိန်တွင် ပို၍ အရှိန်မြှင့်လုပ်သွားမည်ဟု ယူဆရပါသည်။
ယင်းတို့၏ လူမဆန်သော လုပ်ရပ်များကြောင့် နိုင်ငံတကာက သည်းမခံနိုင်ဖြစ်နေသည်၊ လူထုကြီးက ပေါက်ကွဲနေပြီဆိုသည်ကို ဒင်းတို့မသိမဟုတ်၊ သိသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး ကို စကားပစ်လိုက်ခြင်းဖြစ်သည်။ ကြိုးရှည်ရှည်နှင့် လှန်၍ ကစားရန် ညှိနှိုင်းဆက်သွယ်ရေးတာဝန်ခံအဖြစ် ဗိုလ်အောင်ကြည်ကို ခန့်ပြထားခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးပွဲ မတိုင်ခင် ကမ်းလှမ်းချက်ကပင် ပ၀ါဖြူလက်ဆောင်သွားပေးသကဲ့သို့ရှိသည်။ အမှန်တကယ် တွေ့ဆုံဆွေးနွေးလျှင်ကား ပ၀ါဖြူရမ်းပြပါ၊ လက်နက်ချပါဟုပင် စပြောတော့မည်လား မသိ။ ဗိုလ်သန်းရွှေ၏ ကမ်းလှမ်းချက် အတိမ်အနက်ကို ဂမ်ဘာရီနှင့် ကုလသမဂ္ဂ သိအောင် ဖော်ထုတ်ပေးကြရမည်။ နိုင်ငံတကာပါ နအဖကျားကွက်တွင် အမျောမခံရစေဖို့ အရေးကြီးသည်။
ထိုကဲ့သို့ နိုင်ငံတကာကို လိမ်ဆင်ထုတ်နေဆဲတွင် သူတို့ဘက်ကတော့ လုပ်စရာရှိသည်ကို သွက်သွက် ဆက်လုပ်နေကြသည်။ ခံစစ်ကို ထိုးစစ်အဖြစ် သူတို့ ထပ်မပြောင်းနိုင်ခင် ပြည်သူလူထုနှင့် အတိုက်အခံများဘက်မှ proactive strategies များချမှတ်၍ သေမင်းတမန် ရထားလမ်းကြီး ဖောက်လုပ်နေခြင်းကို အမြန်ဆီးတားနိုင်ရန် လိုသည်။ ဒီတကြိမ် reactive ဖြစ်နေလို့က အနှစ်နှစ်ဆယ်မဟုတ်ပါ။ ပြည်သူအားလုံး၏ သေတွင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ချော့ပေါင်း၊ လျှော့ပေါင်းရေး လမ်းစဉ်တွင် မျောပါအချိန်ကုန်မနေပဲ ဖွင့်ချဆန့်ကျင်ရေး လမ်းစဉ်ကိုသာ အားဖြည့် လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ လမ်းပြမြေပုံသေမင်းတမန်ရထားလမ်းကြီး မပြီးဆုံးစေရေး ကြိုးပမ်းဆောင်ရွက်ကြပါစို့။
(