ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ကိုယ်တွေ့မြန်မာ့ပညာရေး (အပိုင်း-၁)

Friday, October 5, 2007


အခုအပတ်တွေက ယူကေ တက္ကသိုလ်တွေရဲ့ ကျောင်းဖွင့်ရာသီပါ။ ကျောင်းဖွင့်ရာသီတွေရဲ့ ထုံးစံအတိုင်း ဆရာ၊ ဆရာမတွေရော၊ သုတေသန ကျောင်းသားကျောင်းသူတွေပါ ဖတ်လက်စ စာအုပ်တွေဘေးချ၊ ရေးလက်စစာတမ်းတွေ အသာခေါက်ပြီး အလုပ်များကြရပါတယ်။ ကျောင်းသားတွေအတွက် course advisor appointment တွေ၊ သင်ရိုးတွေ၊ reference တွေကို update လုပ်တဲ့ meeting တွေ၊ ဘာသာရပ်အလိုက် course co-ordinator တွေနဲ့ lecturer တွေ၊ Teaching Assistant တွေရဲ့ သီးသန့်တွေ့ဆုံပွဲတွေ၊ ပါဝင်ထားတဲ့ society အဖွဲ့တွေရဲ့ welcome party စတာတွေနဲ့ ကျောင်းလောကမှာ ဒီအချိန်ရယ်၊ စာမေးပွဲချိန်တွေရယ်ဟာ အလုပ်ရှုပ်ဆုံးပဲ ဖြစ်မယ်ထင်ပါတယ်။

ယူကေမှာက များသောအားဖြင့် tutorial ချိန်တွေ တာဝန်ယူဖို့ tutor တွေ ခန့်လေ့ သိပ်မရှိပါဘူး။ (PhD, MPhil, MLitt, MRes) စတဲ့ သုတေသနကျောင်းသား ကျောင်းသူတွေကိုပဲ Teaching Assistant တွေ ပြန်လုပ်ခိုင်းလေ့ရှိပါတယ်။ သုတေသနကျောင်းသားတွေမှာ တက္ကသိုလ်ကနေ တိုက်ရိုက် studentship ပေးထားသူတွေ၊ Research Council တွေက studentship ပေးထားသူတွေ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်နေသူတွေစသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ အားလုံးထဲမှာ တက္ကသိုလ်က studentship ယူထားသူတွေကတော့ အလုပ်ရှုပ်ဆုံးပါပဲ။ ပညာသင်ကြားစရိတ်၊ သုတေသနစရိတ်အပါအ၀င် သင့်လျော်တဲ့ နေစရိတ်၊ စားစရိတ် (အဲ-ကလေးငယ်ရှိရင် ကလေးထိန်းစရိတ်) ပါပေးပြီး၊ အပူအပင်မရှိ ပညာဆုံးခန်းတိုင်အောင် တာဝန်ယူပေးပါတယ်။ အပြန်အလှန် အနေနဲ့ တပတ်မှာ ပျမ်းမျှ (၆)နာရီခန့် ဘွဲ့ကြိုသင်တန်းတွေရဲ့ tutorial ချိန်တွေမှာ တာဝန်ယူပေးရပါတယ်။ ကျောင်းဖွင့်ချိန်၊ စာမေးပွဲချိန်တွေမှာလဲ လိုအပ်ရင် လိုအပ်သလို တာဝန်ယူပေးရပါတယ်။ ဒါပေမယ့် tutorial မဟုတ်တဲ့ တခြား အချိန်တွေအတွက် သင့်တင့်တဲ့ လုပ်အားခကို ထပ်ပေးလေ့ရှိပါတယ်။ စာမေးပွဲခန်းစောင့်ရင်လဲ အခန်းစောင့်ကြေး အပိုဆောင်းပေးပါတယ်။ လူတယောက်ရဲ့ လုပ်အားနဲ့ အချိန်ကို အလွန်ပဲ တန်ဖိုးထားတတ်ကြပါတယ်။

ကျောင်းသူကျောင်းသားတွေရဲ့ ဘ၀ရှေ့ရေးကိုလဲ အတော်ဂရုစိုက်ကြတယ်။ ကျောင်းစဖွင့်ချိန်မှာ ကျောင်းသားတိုင်း မဖြစ်မနေ လုပ်ရတဲ့အလုပ်ကတော့ course advisor နဲ့ တွေ့ဆုံခြင်းပါ။ ပါမောက္ခတွေ၊ ကထိကတွေကိုယ်တိုင် တယောက်စီကို သေချာတွေ့ဆုံပြီး သူတို့ major ယူထားတဲ့ ဘွဲ့အတွက် လိုအပ်မယ့် credit points တွေ၊ တခြားရွေးချယ်ယူနိုင်တဲ့ minor ဘာသာရပ်တွေကို သေချာရှင်းပြ၊ မေးခွန်းတွေဖြေနဲ့ တယောက်ကို အနဲဆုံး (၁၅) မိနစ်ခန့် အချိန်ပေးကြပါတယ်။ Economics တက်မယ့်သူကလဲ chemistry ကို minor ယူချင်ယူတာပါပဲ။ Economics ကို Physics နဲ့ joint honors တက်သူလဲ ရှိတာပါပဲ။ အရေးကြီးတာက ကျောင်းသားရဲ့ စိတ်ဝင်စားမှုပါ။ သူစိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခြင်းအားဖြင့် ပညာသင်ကြားရေးကို လွယ်ကူ ချောမွတ်စေသလို၊ သူရဲ့စိတ်ဓာတ်ဟာလဲ အမြဲတက်ကြွနေပါတယ်။ ပညာကို လိုချင်စိတ်ရှိနေပါတယ်။

ဘွဲ့ရပြီးသားသူတွေထဲက သူတို့ရပြီးသားဘာသာရပ်ကို ဘွဲ့လွန်ဆက်မသွားချင်တော့လို့ စိတ်ဝင်စားမှုကြောင့်ပဲဖြစ်ဖြစ်၊ career change ဖို့အတွက်ပဲဖြစ်ဖြစ် တခြားဘွဲ့တခုကိုပဲ ပထမနှစ်ကနေ စတက်သူတွေလဲ ရှိပါတယ်။ တချို့ဆို အသက် ခြောက်ဆယ်ကျော်နေပါပြီ။ ပင်စင်ယူပြီးမှ ပညာရပ်အသစ်တခုကို ထပ်လေ့လာနေတာပါ။ “ပညာလို အိုသည်မရှိ” စကားပုံလေးကို သွားသတိရမိပါတယ်။ တဆက်တည်းမှာပဲ “ဘွဲ့တခုရရင် ပြီးရောပေါ့။ ဘာလုပ်လို့ရမှာလဲ” ဆိုတဲ့ အတိတ်တုန်းက ကြားခဲ့ဖူးတဲ့ စကားသံတွေကို သွားသတိရမိပါတယ်။

ပညာရေးမှာ အတတ်ပညာကအဓိကလား၊ အသိပညာက အဓိကလား၊ အတန်းပညာက အဓိကလား၊ ဘ၀ပညာက အဓိကလားဆိုတဲ့ အကြောင်းအရာတွေကိုတော့ အခု argue မလုပ်ချင်သေးပါ။ ဒါပေမယ့် United Nations Development Programme (UNDP) ကနေ လူတယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု တိုင်းတာတဲ့ Human Development Index (HDI) အချက်တွေထဲက တခုဖြစ်တဲ့ Knowledge ကိုတော့

(2/3* adult literacy rate + 1/3 * mean years of schooling) ဆိုတဲ့ formula လေးနဲ့ တွက်ချက်တာ တွေ့ရပါတယ်။

နိုင်ငံတခုရဲ့ Economic Growth အတွက် Technology နဲ့ Human Capital (Education) ဟာ ၂၁ရာစုရဲ့ အရေးကြီးဆုံး ကဏ္ဍတွေဖြစ်လာပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ Education ကို အလွန်ပင် ရှေ့တန်းတင် နေရာပေးကြပေမယ့် ကျွန်မတို့ မြန်မာပြည်မှာကတော့ နိုင်ငံတော်ဘဏ္ဍာရဲ့ ရာနှုန်းအနည်းငယ်မျှကိုပဲ ဒီကဏ္ဍမှာ သုံးလေ့ရှိတယ်။ သုံးတဲ့ရာနှုန်းအနည်းငယ်မှာလဲ ရှိပြီးသား တက္ကသိုလ်ကြီးတွေကို အသုံးမပြုပဲ တက္ကသိုလ်အသစ်တွေကို မလိုတဲ့နေရာမှာ ဆောက်လိုဆောက်နဲ့ ဖြုန်းပစ်ပြန်ပါတယ်။ အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေး နှစ်ခုစလုံးမှာ စနစ်ကျတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ထောက်ကူတွေ မရှိပြန်ပါဘူး။ ပညာရှင်တွေကို ပညာရှင်တွေလို မဆက်ဆံပြန်တော့ brain drain ပြဿနာကလဲ အရမ်းကို ကြီးမားပါတယ်။

ပညာရေးလောကထဲကို academic တယောက်အနေနဲ့ ၀င်လာပြီဆိုကတည်းက သူတို့ဆီမှာ ပညာရပ်ကို စိတ်ဝင်တစား နှစ်သက်မြတ်နိုးမှုတွေ ရှိကြစမြဲပါ။ လူ့ဘောင်လောကကို အကျိုးပြုနိုင်မယ့် သုတေသနတွေ လုပ်ချင်မယ်၊ ပညာကို မျှဝေပေးချင်မယ်၊ ပညာရပ်ဆိုင်ရာ conference တွေ၊ workshop တွေ လုပ်ချင်မယ်၊ research institute တွေ ထောင်ချင်မယ်၊ တိုင်းပြည်အတွက် မိမိပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ လိုအပ်ချက်တွေ တွေ့ရင် တင်ပြဆွေးနွေးချင်မယ် စိတ်တွေ ရှိနေကြပါမယ်။ ဒီလိုလူတွေကို ၀ါဒရေးရာ အဖွဲ့တွေထဲ အတင်းဝင်ခိုင်း၊ ဘာတွေမှန်းမသိတဲ့ စာရွက်စုတ်တွေ လက်ထဲထိုးပေးပြီး လူထုစည်းဝေးပွဲတွေ တက်ပြောလိုပြောခိုင်း၊ ကျောင်းသားတွေကို watchdog လုပ်ခိုင်းလိုလုပ်ခိုင်း၊ အရည်အချင်းအတိုင်းမဟုတ်ပဲ အအောင်ပေးခိုင်းလိုပေးခိုင်းတွေ လုပ်လာတဲ့အခါ၊ သုတေသနဆက်ပြုဖို့လဲ အခွင့်အရေးတွေ မရှိတဲ့အခါ ဘယ်လိုပညာရှင်မျိုးကမှ နေချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ ပါရဂူဘွဲ့ရသူဆိုတာကတောင် အဲဒီပညာရပ်ကို နားလည်စပြုစပဲ ရှိသေးတယ်လို့ ဆိုကြတယ် မဟုတ်ပါလား။ မြန်မာပြည်က ပညာရေးကဏ္ဍ ဖျက်ဆီးခံရမှုအကြောင်းကိုတော့ နောက်ပိုင်းမှ data တွေနဲ့ သုတေသန ပြုပါဦးမယ်။ မြန်မာပြည်မှာ ကြုံခဲ့ဖူးတဲ့ ကိုယ်တွေ့ပညာရေး အကြောင်းလေးကို အနည်းငယ် မျှဝေခွင့်ပြုပါ။ မြန်မာပြည်မှာ study guide လုပ်ဖူးတာလေးတွေ၊ ကျူရှင်သင်ဖူးတာလေးတွေပဲ ရှိတာမို့ ပညာရေးစနစ်ထဲက ဆရာ အတွေ့အကြုံတော့ မရှိခဲ့ပါ။ ကျောင်းသားအတွေ့အကြုံပဲ ရှိတာမို့ အဲဒီအကြောင်းလေးတွေကိုပဲ ပြန်ပြောင်းအောက်မေ့ ရေးသားချင်ပါတယ်။

အခြေခံပညာရေး

အခြေခံပညာရေးနဲ့ ပတ်သက်ပြီး အဖြစ်အပျက်လေးတချို့ကို ပြန်သတိရမိပါတယ်။ တချို့က ပညာရေးစနစ်နဲ့ ပတ်သက်ပြီး၊ တချို့ကတော့ သင်ကြားရေးပုံစံနဲ့ ဆိုင်ပါတယ်။

ကျွန်မအခြေခံပညာရေး သင်ယူခဲ့ရတာက နယ်မြို့လေးတစ်ခုမှာပါ။ ပထမဆုံးမှတ်မိနေတဲ့အဖြစ်အပျက်ကတော့ ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင် ၁၉၈၇ ခု ကာလမှာပါ။ အဲဒီတုန်းက ကျွန်မ (၃)တန်းပါ။ တနေ့မှာတော့ ဆရာမနဲ့ ကျွန်မ ပြဿနာတခုအကြီးအကျယ်တက်ပါတယ်။ သူသင်တဲ့ သင်္ချာပုစ္ဆာကို တခြားနည်းနဲ့ရော တွက်လို့မရဘူးလားဆိုပြီး ကိုယ်ထင်တဲ့နည်းကို ပြောမိရာက စတာပါ။ အဖြေကတူတူပါပဲ။ ဒါပေမယ့် သူသင်တဲ့နည်းအတိုင်းပဲ တွက်မှ အမှန်ပေးမယ်လို့ တဘက်သတ် စီရင်ချက်ချပါတော့တယ်။ ကျွန်မ ဆရာမကို စော်ကားနေတာမဟုတ်ပါ။ အနန္တောအနန္တ ငါးပါးမှာ တပါးအပါအ၀င်ပါ။ ကျွန်မပြောချင်တာက မြန်မာပြည်က စာသင်ခန်းတော်တော်များများဟာ ကျောင်းသားဗဟိုပြု မဟုတ်ပဲ၊ ဆရာ ဗဟိုပြု ဖြစ်နေတဲ့အချက်ကိုပါ။ တနေ့လုံး ဆရာတွေကချည်းပဲ ရှင်းလင်းသင်ကြားနေရတာဖြစ်တာမို့ ဆရာတွေအတွက်လဲ အလွန်ပင်ပန်းရသလို ကျောင်းသားတွေ အတွက်လဲ ပျင်းရိငြီးငွေ့စရာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ တွေးခေါ်မြော်မြင်မှုတွေ၊ ဥာဏ်ရည်ဥာဏ်သွေး တွေကိုလဲ ထိခိုက်စေပါတယ်။ တစုံတခုလုပ်ရင် initiative မဖြစ်တော့ပဲ တယောက်ယောက်ကပြသပြီးမှ၊ တယောက်ယောက်က စလုပ်ပြီးမှ လုပ်တတ်တဲ့ အကျင့်တွေ ဖြစ်ပေါ်လာပါတယ်။ အပြန်အလှန် ဆွေးနွေးမှုတွေ မရှိပဲ သင်ထားတဲ့အတိုင်း ကျက်မှတ်နေရတာဖြစ်လို့ သူတပါးခူးပြီးသားထမင်းကိုမှ စားတတ်တာလေးတွေ ဖြစ်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ ပညာသင်ကြားသူနဲ့ ပညာသင်ယူသူကြားမှာ ကြောက်ရွံ့မှု စည်းတခု ခြားသွားတဲ့ ကိစ္စပါ။ ဆရာမကသင်၊ ကျွန်မတို့ကကျက်၊ နောက်တနေ့ စာပြန်၊ မရရင် ပြစ်ဒဏ်ဆိုတဲ့ ကြက်တူရွေးသင်ကြားရေးစနစ်ရဲ့ နောက်ဆက်တွဲဟာ အခုအချိန်အထိ ကျွန်မပေါ်ကို effect တခု သက်ရောက်နေဆဲပါပဲ။ ဆရာ၊ ဆရာမတွေနဲ့ အပြန်အလှန် ဆွေးနွေးတဲ့အခါ မေးခွန်းမေးဖို့ ရှိန်နေတဲ့ ပြဿနာပါ။ ကိုယ့်ယူဆချက်ကို လွတ်လပ်စွာ ပြောဖို့ တခါတရံ နှုတ်နှေးနေတတ်ပါတယ်။ ကျောင်းသားတွေရဲ့ intelligence ကို ဖော်ထုတ်ပေးပြီး၊ ဆရာနဲ့တပည့် အပြန်အလှန် ဆက်ဆံမှုတဲ့ ပညာသင်ကြားရေးပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ ထင်မိပါတယ်။

နောက်တခုကတော့ ၈၈ အရေးတော်ပုံ နောက်ပိုင်းကာလမှာပါ။ ဒီတခါကတော့ ကံကောင်းလို့ ကျောင်းထုတ်မခံရတာပါ။ ဖြစ်ပုံက (၆)တန်းမှာ သင်ရတဲ့ မြန်မာ့သမိုင်းဘာသာရပ်ဟာ ကျွန်မဖတ်ဖူးတဲ့ စာအုပ်ထဲက တချို့အချက်တွေနဲ့ကွဲနေတာကို သူငယ်ချင်းတွေကို ပြောမိတာပါ။ အရေးတော်ပုံကာလမှာ ကျောင်းတနှစ်ပိတ်တော့ အဖိုးလက်ထက်ကတည်းက စုဆောင်းထားတဲ့ စာအုပ်တွေဖတ်ဖို့ အချိန်ရသွားပါတယ်။ ကျောင်းပြင်ပ ပညာရေးလို့ပဲ ဆိုရမှာပါ။ အဲဒီမှာ နိုင်ငံရေးစာအုပ်တချို့လဲ ပါလေတော့ ကျောင်းမှာသင်တဲ့ သမိုင်းတချို့ဟာ တမျိုးပါလားလို့ စတွေးမိလာတယ်။ တွေးမိတဲ့အတိုင်း ရိုးရိုးလေးပြောတာပါ။ ဒါပေမယ့် ကျွန်မနိုင်ငံရေး ပြောနေပါတယ်ဆိုပြီး ကျောင်းက မိဘခေါ်တွေ့လိုတွေ့၊ အိမ်မှာ ကျွန်မအဖမ်းခံရတော့မှာပဲဆိုပြီး မိသားစုတွေက ငိုလိုငို၊ သူငယ်ချင်းတွေက ရှောင်လိုရှောင်၊ ဆရာမတွေက စောင့်ကြည့်လို စောင့်ကြည့်နဲ့ အတော်ဒုက္ခ များသွားရပါတယ်။ မြန်မာပြည်က သမိုင်းသင်ရိုးအမှားတွေကနေ ကျောင်းသားတွေပေါ် ရိုက်တဲ့ ဂယက်ပါ။ ပိုဆိုးတာက သမိုင်းမှားကြီးကို ဘုမသိဘမသိနဲ့ လက်ခံကြရတာကိုပါ။ တပ်မတော်ဆိုတာနဲ့ နိုင်ငံတော်ကယ်တင်ရှင်ကြီး ဆိုတာကို သမိုင်းကာလအဆင့်ဆင့်မှာ ရေးထားတာတွေ၊ ဖယ်ဒရယ်မူကို ပြည်ထောင်စု ဖြိုခွဲမယ့်မူအဖြစ်ရေးထားတာတွေဟာ သမိုင်းကြောင်းတွေ၊ နိုင်ငံတော်အရေးတွေမှာ မမှန်ကန်တဲ့ လမ်းကြောင်းတွေ၊ အတွေးအခေါ်တွေဆီကို ဦးတည်သွားစေခဲ့ပါတယ်။ ဒါတွေကို အဟုတ်ထင်ပြီး၊ စစ်တက္ကသိုလ်သွားတက်ကြတဲ့ ကျွန်မသူငယ်ချင်းတွေ အများကြီးပါ။ သူတို့ တကယ်ကို မသိကြတာ၊ နားမလည်ကြတာကို တွေ့ရတယ်။ စနစ်ဆိုးက သင်ရိုးမှားတွေရဲ့ သားကောင်တွေ ဖြစ်ကုန်ကြပါတယ်။ မျိုးဆက်လိုက်ကို ဂယက်ရိုက်စေတဲ့ ပညာရေးစနစ်အမှားမျိုးပါ။

နောက်ကိစ္စတခုကတော့ ကျွန်မရှစ်တန်းလောက်မှာ ကြုံခဲ့တာပါ။ ရှစ်တန်းမှာ ကျွန်မတို့ အတွက် ဖွံ့ဖြိုးရေးချိန်ဆိုတာရှိပါတယ်။ ဂီတဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ အိမ်တွင်းမှုဖြစ်ဖြစ် ယူရပါတယ်။ ကျွန်မဆိုတာကတော့ မြန်မာပြည်မြေပုံတောင် မနည်း ဆွဲနေရသူဆိုတော့ ပန်းချီနဲ့ကလဲ မဖြစ်၊ ဂီတဆိုတာမှာလဲ ခံစားတတ်တာက လွဲရင် ဖန်တီးဖို့ဆိုတာ မဖြစ်နိုင် (သီချင်းဆိုမိရင်တောင် ကိုယ့်အသံကြားပြီး ကိုယ်ပြန် စိတ်ညစ်ရသူ)ဖြစ်လေတော့ မယူနိုင်၊ အိမ်တွင်းမှုဆိုရာမှကလဲ အပ်ပေါက်ထိုးရမယ့်အစား တောထဲသွားပြီး ကျားနဲ့သာ တွေ့ပါရစေတော့လို့ ဆုတောင်းမိလောက်အောင် ဖြစ်ထွန်းမှု မရှိတဲ့သူုဖြစ်ပြန်နဲ့ အတော်ပဲ ဦးနှောက်ခြောက်ရပါတယ်။ နောက်ဆုံးတော့ အကြံတခုရတာနဲ့ တသက်လုံးသော့ခတ်ပိတ်ထားခံရတဲ့ စာကြည့်တိုက်ထဲက စာအုပ်လေးတွေကို အဲဒီအချိန်မှာ ဖတ်ခွင့်တောင်းရပါတယ်။ စာကြည့်တိုက်ထဲက စာအုပ်ဆိုတာ ဖတ်ဖို့ ထားတာပေမယ့် စုတ်ပြဲပျက်စီးမှာ စိုးလို့ဆိုပြီး ဘယ်သူမှ ဖတ်ခွင့်မရှိပဲ သော့ပိတ်ချုပ်နှောင်ထားခြင်း ခံနေကြရပါတယ်။ စာအုပ်လေးတွေကို လွတ်မြောက်ခွင့် ပေးချင်ပေမယ့် တောင်းဆိုသူ ကျွန်မမှာရလိုက်တဲ့ ရလာဒ်ကတော့ ကျောင်းဘောလုံးကွင်းထဲမှာ အမှိုက်ကောက်ပါတဲ့၊ ဒါနဲ့ပဲ ကျွန်မလို တခြားဟာတွေ မလုပ်ချင်သူတွေရဲ့ ဖွံ့ဖြိုးရေးအချိန် အမှိုက်ကောက်ပွဲ စရတော့တာပါပဲ။ ကျောင်းသူကျောင်းသားတွေမှာ သူ့ဘာသာ စိတ်ဝင်စားရာတွေရှိတတ်ပါတယ်။ ဒါတွေကို ဖော်ထုတ်ပေးဖို့လိုအပ်လှပါတယ်။

ပြီးတော့ စာကြည့်တိုက်ကိစ္စပါ။ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေကို တကယ်ဖတ်ခွင့်ပြုတဲ့ စာကြည့်တိုက်တွေ ရှိသင့်ပါတယ်။ အသိပညာပေးစာအုပ်တွေ ထားသင့်ပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်တွေ ရှိသင့်ပါတယ်။ အဲလိုမဟုတ်တော့ ကျောင်းသားတွေဟာ ပြင်ပအငှားဆိုင်တွေ ရောက်ကုန်ပါရော။ ပြင်ပအငှားဆိုင်တွေကို မကောင်းပြောတာမဟုတ်ပါ။ လူငယ်ထုအပေါ် တာဝန်ယူစိတ်ရှိတဲ့ ဆိုင်ထိုင်သူများကိုလဲ တွေ့ဖူးပါတယ်။ တချို့ဆိုရင် ကျွန်မရဲ့ ကျောင်းပြင်ပ ဆရာတွေ၊ လမ်းပြကြယ်တွေလို့တောင် ဆိုနိုင်ပါတယ်။ စာအုပ်ကောင်းများစွာကို ညွှန်ပြပေးခဲ့ကြပါတယ်။ ဒါပေမယ့် လူ့စိတ်လူ့မနောဆိုတာက အမျိုးမျိုးရှိလေတော့ တချို့ဆိုင်တွေက ပိုက်ဆံရရင်ပြီးရော၊ ကလေးဖတ်သင့်မဖတ်သင့်တွေကို စိတ်မ၀င်စားပဲ ငှားတတ်ကြပါတယ်။ မြန်မာနိုင်ငံက စာပေစိစစ်ရေးဆိုတာကလဲ နိုင်ငံရေး၊ ပေါ်လစီရေးကိုပဲ လုပ်နေကြပြီး အသက်ဘယ်နှစ်နှစ်အောက် မဖတ်ရ ဆိုတဲ့စနစ်မျိုးတွေလဲမရှိလေတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာတွေ ရှိပါတယ်။

တကယ်ဆို ကျောင်းသားလူငယ်လေးတွေ စာပေနဲ့မွေ့လျော်တတ်အောင်၊ အသိပညာ တိုးပွားအောင် စာကြည့်တိုက်ဆိုတာတွေကို ကျောင်းတွင်းသာမက အရပ်ထဲတွေမှာပါ အများအပြား ဖွင့်ကြရမှာပါ။ စာအုပ်ပျက်စီးမှာမို့ စာပေးမဖတ်တာဟာ စာအုပ်တစ်ခုရဲ့ ဖြစ်တည်မှုကို အလေးမထားရာ ရောက်ပါတယ်။ စာအုပ်ဆိုတာ အလှပြပန်းကန်ပြားလေးတွေ၊ အလှပြငါးလေးတွေလို ထိုင်ကြည့်နေဖို့ ပေါ်လာတာမဟုတ်ဘူးလို့ ကျွန်မတော့ ယုံကြည်ထားပါတယ်။ စုတ်ပြဲပျက်စီးမှု မရှိအောင်လဲ စည်းကမ်းပြ လမ်းညွှန်ပေးလို့ ရပါတယ်။ စာရွက်တွေလှန်ရင် စနစ်တကျဘယ်လိုလှန်ရမယ်၊ ဖတ်ပြီး ခဏချထားချင်ရင် Bookmark လေးတွေနဲ့ ဘယ်လိုထားရမယ်၊ စာရွက်တွေ မခေါက်ရဘူး၊ စာအုပ်ကို ချချင်ရာမချထားရဘူး၊ မဖတ်တော့ရင် စနစ်တကျ စားပွဲပေါ် ဘယ်လိုပြန်တင်ရမယ် စသည်ဖြင့် ပြောဆိုသင်ပြထားလို့ ရတာပါပဲ။

အခုတော့ “ချီလွန်းရင်ချိ“ဆိုသလို ဟိုဟာမလုပ်ရ၊ဒီဟာမလုပ်ရ ဆိုတာတွေအောက်မှာ ခူးပြီးသားထမင်းတင်မက ၀ါးပြီးကျွေးတာကိုမှ စားချင်တဲ့ အခြေအနေကို ဆိုက်ရောက်ရတော့တာပါပဲ။ အထက်တန်းကျောင်းသား အရွယ်တွေအထိ မြန်မာစာ၊ အင်္ဂလိပ်စာ စာစီစာကုံးတွေကို အလွတ်ကျက်နေကြရတာဟာ ဒီစာကြည့်တိုက်တွေ အားနည်းမှုရဲ့ ဆိုးကျိုးရလာဒ်ပါပဲ။ ကိုယ့်ဘာသာကိုယ်ရေးမယ်ဆိုရင်တောင် ကိုးကားစရာ၊ လေ့လာစရာ resource တွေက limitation ဖြစ်နေပါတယ်။ မြန်မာပြည်မှာ စာကြည့်တိုက်တွေ (မှတ်ချက်။ ပေါ်လစီရေးရာစာကြည့်တိုက်များ မဟုတ်ပါ) မြို့ရွာအနှံ့၊ ကျောင်းအနှံ့မပေါ်သေးသရွေ့ Human Capital Investment မှာ ကျွန်မတို့တိုင်းပြည်ဟာ အနိမ့်ဆုံးဖြစ်နေမှာပါပဲ။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဟာလဲ နှောင့်နှေးနေမှာပါပဲ။

နောက်ကိစ္စရပ်တခု အမှတ်ရနေမိတာကတော့ ဆယ်တန်းကျောင်းသူဘ၀မှာ ကြုံခဲ့ရတဲ့ကိစ္စပါ။ ဒီဖြစ်ရပ်ကတော့ ကျောင်းသားတဦးချင်းစီရဲ့ individual learning style နဲ့ ပတ်သက်ပါတယ်။ ကျွန်မတို့ကျောင်းက နယ်ကျောင်းပေမယ့် အတော်ကို စည်းကမ်းကြီးပါတယ်။ အောင်ချက်ကောင်းအောင် ဆရာဆရာမတွေက စေတနာအရမ်းထားပြီး ကြိုးစားသင်ပေးကြပါတယ်။ ဒီအထဲမှာက အီကိုဆရာမကတော့ အသင်အပြလဲကောင်း၊ အရိုက်လဲကြမ်းတာကြောင့် အလွန်ကို နာမည်ကြီးပါတယ်။ ဒီဆရာမနဲ့ ကျွန်မနဲ့မှ ထိပ်တိုက်ကို တွေ့ခဲ့ရတာပါ။ ပြဿနာအစက ဒီလိုပါ။ ကျွန်မတို့ အထက်တန်းရောက်တဲ့နှစ်မှာပဲ နိုင်ငံတော်အစိုးရရဲ့ စေတနာဆိုတာကြီးကြောင့် သိပ္ပံနဲ့ ၀ိဇ္ဇာဘာသာရပ်တွေ ပေါင်းသင်ရတဲ့ ပညာရေးစနစ်သစ်ကြီးနဲ့ စတွေ့ကြရပါတယ်။ နဂိုကဆို မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဘာသာတွေပြီးရင် သိပ္ပံသမားကလဲ ဇီဝ၊ ဓာတု၊ ရူပသုံးဘာသာထပ်ယူ၊ ၀ိဇ္ဇာသမားကလဲ သမိုင်း၊ ပထ၀ီ၊ အီကိုသုံးဘာသာထပ်ယူနဲ့ စုစုပေါင်း ခြောက်ဘာသာ စီသာ သင်ကြရပါတယ်။ အဲ- ကျွန်မတို့လက်ထက်ကျတော့ သိပ္ပံဘာသာတွေကို ပေါင်းပြီးတဘာသာ၊ ၀ိဇ္ဇာဘာသာတွေကို ပေါင်းပြီး တဘာသာနဲ့ (၅)ဘာသာဆိုပေမယ့် (၉)ဘာသာ သင်နေရသလိုဖြစ်သွားပါရော။ ဟိုလဲစပ်စပ်စပ်စပ်၊ ဒီလဲစပ်စပ်စပ်စပ်နဲ့ ဘာမှကို ရေရေရာရာမသိရတဲ့ အဖြစ်မျိုးပါ။ သင်ရိုးတွေ ဖြတ်တောက် လျှော့ပေါ့ထားတယ်ဆိုပေမယ့် စနစ်တကျမဟုတ်ပဲ အခန်းတွေကျော်၊ အခန်းတွေပေါင်းနဲ့ ရောက်တတ်ရာရာတွေ ဖြစ်နေတာပါ။

ကျွန်မကလဲ ရောက်တတ်ရာရာဆို အလွန်ကို စိတ်ဆိုးတတ်ပါတယ်။ အကြောင်းအရာတခုကို သေချာမသိပဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင် အဖြစ်မျိုးကို ကျေနပ်တတ်သူ မဟုတ်ပြန်တော့ သင်ရိုးဟောင်းတွေပါ ပြန်လှန်နေတာနဲ့ တနေ့စာတနေ့ကျက်တဲ့ကိစ္စကို မလုပ်နိုင်ခဲ့ပါ။ နံနက် (၇)နာရီဆို ကျူရှင်၊ (၈)နာရီခွဲကနေညနေအထိက ကျောင်း၊ပြီးတော့ ကျူရှင်နဲ့ ကျွန်မစာကျက်ချိန်ဟာ တနေ့ (၆)နာရီရဖို့ကို မနည်းဖျစ်ညှစ်ယူရတာပါ။ ဒီကြားထဲက သင်ရိုးဟောင်းတွေပါဖတ်ရ၊ မေးခွန်းဟောင်းတွေ လေ့ကျင့်ရနဲ့ဆိုတော့ ကျွန်မရဲ့ learning style ကို ကျွန်မကိုယ့်ဘာသာ ချရတော့တယ်။ တဘာသာတရက်စီ ခွဲကိုင်တဲ့နည်းပါ။ မြန်မာစာကိုင်တဲ့နေ့ဆို တခြားဘယ်စာအုပ်မှ မကိုင်တော့ဘူး။ အခုအချိန်အထိလဲ ဒီအကျင့်က စွဲနေပါပြီ။ တပတ်တခါ စနေနေ့တိုင်း ဒိုင်ယာရီမှာ ဘယ်နေ့ ဘာဖတ်မယ် ဆိုတာ plan ချထားပြီးမှ စာဖတ်၊ စာရေးလုပ်တတ်ပါတော့တယ်။ ဒီနည်းကစာတမ်းတွေ၊ Journal articles တွေ ဖတ်ဖို့အတွက် ပြီးလို့ပြီးမှန်းမသိအောင်ကို အလွန်ပဲ အသုံးဝင်လှပါတယ်။ နှိုက်နှိုက်ချွတ်ချွတ်နဲ့ ကို လေ့လာနိုင်ပါတယ်။

အဲ-အဲဒီတုန်းကတော့ ဒီ learning style ကို လုပ်နေချိန်မှာ ဆရာမနဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ။ ဆရာမကလဲ စေတနာနဲ့ပါ။ သူစာမေးတိုင်း မရတော့ ကျွန်မစိတ်လေနေတယ်လို့ထင်သွားတာဖြစ်မှာပါ။ learning style အဖန်တီးကောင်းတဲ့ ကျွန်မလဲ ဆရာမရဲ့ ကြိမ်ဒဏ်ကို လှလှကြီး ခံလိုက်ရပါတယ်။ တချက်လဲမဟုတ်၊ နှစ်ချက်လဲမဟုတ်၊ (၁၅)ချက်တိတိပါ။ တကယ်ကို အီစလံဝေခဲ့ရတာပါ။ ဒီနေရာမှာ ဆရာမလဲမမှား၊ ကျွန်မလဲ မမှားပါ။ မှားနေတာကတော့ ကြက်တူရွေးနှုတ်တိုက် ပညာသင်ကြားရေး စနစ်ပါ။ ဒီနေ့သင်၊ နက်ဖြန်အလွတ်ပြန် စနစ်ကြီးပါ။ ဆရာ၊ ဆရာမတွေရဲ့ Teaching style မတူသလို ကျောင်းသားတွေရဲ့ learning style တွေလဲ မတူပါ။ ဖတ်မှတ်ပြီး၊ စာမေးပွဲရောက်မှ ခေါင်းထဲ ရှိတာတွေ ချရေးတတ်သူတွေ ရှိသလို အလွတ်ကျက်၊ ရေးချပြီး၊ စာမေးပွဲခန်းကထွက်တာနဲ့ တလုံးမှ ခေါင်းထဲ မကျန်တော့တဲ့လူတွေလဲ ရှိပါတယ်။ အဲ- စာမေးပွဲအောင်ဖို့က အဓိကလား၊ စာတတ်ဖို့ကအဓိကလားဆိုတာမေးလာခဲ့ရင်တော့အတော်အဖြေရကျပ်လှပါ တယ်။ ကျွန်မအမြင်ကတော့ စာတတ်ဖို့ရော၊ စာမေးပွဲအောင်ဖို့ရော နှစ်ခုစလုံးအဓိကကျတယ်လို့ပဲ ဆိုချင်ပါတယ်။ စစ်မှန်တဲ့ စာမေးပွဲစစ်နည်း ဖြစ်ဖို့တော့လိုအပ်လှပါတယ်။

ဒီနေရာမှာ ကျွန်မတို့ ဆယ်တန်းဖြေရစဉ်ကာလက စာမေးပွဲအကြောင်း သွားသတိရမိပြန်ပါတယ်။ ဘယ်လိုကဘယ်လိုဖြစ်တယ်မသိ၊ စပေါ့ဆိုတာတွေက အလွန်ပဲ ခေတ်စားလှပါတယ်။ စပေါ့မှာမှ အမျိုးမျိုး၊ နာမည်ကြီး ကျောင်းတွေရဲ့စပေါ့တွေ၊ ဘယ်ပါမောက္ခ၊ ညာပါမောက္ခတွေရဲ့စပေါ့တွေ၊ အထူးထုတ်တွေရဲ့စပေါ့တွေစသည်ဖြင့်ပါ။ အဲ-သံရုံးစပေါ့ဆိုတာလဲ ပါသေးရဲ့၊ အကျယ်မချဲ့လိုတော့ပါ။ သို့ပေမယ့် စပေါ့ပြဿနာကလဲ အတော်ပဲကြီးပါတယ်။ ဖြေရမယ့်ဘာသာကို ကိုယ့်ဘာသာ revision လုပ်ရမယ့်အစား ဖုန်းတခါလာတမျိုးနဲ့ မျက်ကလူးဆန်ပြာ မျောက်မူးလဲ ဖြစ်ကိန်းတွေပါ။ နောက်ဆုံးတော့ ကျွန်မအမေက တယ်လီဖုန်းကြိုးကို ဆွဲဖြုတ်ပြီး “ကျက်ချင်ရာသာကျက်၊ ကိုယ့်ဘက်ကကြိုးစားတဲ့တာဝန်ကျေပြီးပြီ၊ စပေါ့မတိုးလို့ မအောင်လဲ ကျေနပ်တယ်“ ပြောရတဲ့အထိပါပဲ။ မှတ်မှတ်ရရ၊ သင်္ချာဖြေတဲ့နေ့မှာ အခန်းထဲမ၀င်ခင် သူငယ်ချင်းတစ်ယောက်က AABCBBA စသဖြင့် ၃၅လုံးတွဲကို အတင်းနှုတ်တိုက် သင်ပေးပါတယ်။ သင်္ချာပထမပိုင်းမေးခွန်းက ABCD ရွေးရတဲ့ (၃၅)မှတ်ဖိုး မေးခွန်းလေးတွေပါ။ သူစိတ်ချမ်းသာအောင် လိုက်မှတ်သွားပြီး၊ တွက်စရာတွေတွက်ပြီးတော့ သူ့ဟာလေးတိုက်ပြီး ရွတ်ကြည့်တယ်။ အမယ်-တယ်ဟုတ်ပါလားကွယ်ရို့။ ကွက်တိပါပဲ။ ဒါလေးနဲ့တင် နဲနဲဆက်တွက်လိုက်ရင် အောင်မှတ်ရနိုင်တဲ့ အခြေအနေမျိုးပါ။ သြော်- သင်္ချာကိုတောင် နှုတ်တိုက်ကျက်ဖြေရတဲ့ စာမေးပွဲမျိုးဖြစ်အောင် ဘယ်သူတွေကများ ဖန်တီးခဲ့ပါလိမ့်လို့ တွေးပြီး ပြုံးခဲ့မိသေးတယ်။ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်။ ခေါင်မိုးမှ မလုံတာ၊ မိုးယိုတာကို အပြစ်တင်လို့ ရပါတော့မလား။

ဒါနဲ့တောင်ပြီးတာမဟုတ်ပါ။ နောက်ကိစ္စတခုက အောင်စာရင်းမထွက်ခင် ပေါ်လာပါသေးတယ်။ ကျွန်မတို့အခြေခံပညာရေး ကျောင်းသားဘ၀မှာ “The Whole Burma” ဆိုတဲ့ ကိစ္စကြီးက အတော်ကို ဂယက်ရိုက်တာပါ။ ဆယ်တန်းစာမေးပွဲမှာ မြန်မာတပြည်လုံးမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသားဆယ်ယောက်ကို တခမ်းတနား ဆုပေးတဲ့ပွဲပါ။ ကျောင်းသားတွေတင်မက ကျောင်းတွေ၊ ဆရာမတွေ၊ ကျူရှင်ဆရာတွေပါ အပြိုင်အဆိုင်ဖြစ်ကြရတဲ့ ကိစ္စပါ။ မိဘတွေမှာလဲ ဒီကိစ္စကိုပဲ ရင်တမမနဲ့။ မြန်မာပြည်မှာ ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက စာစစ်သွားတဲ့ ဆရာမတွေကို လာဘ်ထိုးပြီး အမှတ်ကြိုကြည့်ကြတာက အစဉ်အလာကို ဖြစ်နေပါပြီ။ အမှတ်အခြေအနေကြည့်ပြီး ဆေး၊စက်မှုအမှတ်လိုနေရင် ဖြည့်ဆည်းတာ၊ အောင်မှတ်လိုနေရင် ဖြည့်ဆည်းတာတွေ လုပ်နေကြတာ ဆိုတော့ အမှတ်တွေတောင် တမှတ်ဘယ်လောက် ဆိုပြီး ဈေးပေါက်နေတာပါ။ အဲ- ကျွန်မအမှတ် ကြည့်ခိုင်းထားတဲ့ ဆရာမကတော့ The Whole Burma အမှတ်ဆိုပြီး ငွေ ဆယ့်ရှစ်သိန်းတောင်းပါတယ်။ အားလုံးအပြိုင်အဆိုင် လုပ်နေကြတာမို့ ပိုပိုလိုလိုလို့ ဆိုပါတယ်။ ကျွန်မဘာလုပ်ရမလဲ အသည်းအသန် စဉ်းစားရချိန်မှာတော့ မေမေက ကျွန်မရှေ့မှာ ငွေပုံတဘက်၊ Self-confidence လို့ ရေးထားတဲ့ စာရွက်တဘက်ကို ချပြီး ရွေးခိုင်းပါတော့တယ်။ ငွေပုံကို ရွေးလိုက်ရင် သေချာပေါက် The Whole Burma ဖြစ်မယ်၊ Self-confidence ကို ရွေးလိုက်ရင်တော့ ဖြစ်ချင်လဲဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ဒါပေမယ့် ငွေပုံကို ရွေးလိုက်တာနဲ့ ကျွန်မရဲ့ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်တဲ့စိတ်ဟာ သုညဖြစ်သွားတော့မယ်ဆိုတာတွေ ရှင်းပြပြီး စဉ်းစားခိုင်းခဲ့ပါတယ်။ ကျွန်မငွေပုံတွေကို တွန်းဖယ်ပစ်နိုင်ခဲ့ပါတယ်။ အတော်ကို စွန့်စားခဲ့ရတဲ့ ကိစ္စတရပ်ပါ။ အဲဒီတုန်းကသာ ငွေပုံကို ရွေးခဲ့ရင် ကျွန်မစိတ်ထဲမှာ ပညာဆိုတာကို နှစ်နှစ်ကာကာ တန်ဖိုးထားတဲ့စိတ်တွေ အခုလောက်ထိ ရှိလာပါတော့မလားလို့ သံသယဖြစ်မိတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်တွေ၊ ကိုယ်ကျင့်တရားတွေကို ဖျက်ဆီးပစ်တဲ့ ပညာရေးစနစ်မျိုးကို ကျွန်မအရမ်း မုန်းမိတာအမှန်ပဲ။

တကယ်တော့ စာမေးပွဲတွေမှာ အမှတ်ဝယ်ခွင့်ပေးထားတာ၊ စာကူးချခွင့် ပေးထားတာ၊ စပေါ့ ရောဂါကူးစက်အောင် ခွင့်ပြုထားတာတွေဟာ လူငယ်တွေရဲ့ ခြေလှမ်းကို ရပ်အောင်လုပ်လိုက်တာ၊ အသိဥာဏ်တံခါးတွေကို ပိတ်ပစ်လိုက်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှု စွမ်းအားတွေကို ဖျက်ဆီးပစ်လိုက်တာတွေပါပဲ။ လူ့စွမ်းအားအရင်းအမြစ်တွေကို တစတစ ပျက်သုဉ်းပျောက်ကွယ်အောင် လုပ်ထားတဲ့ စီမံချက်တွေပဲလို့ ကျွန်မမြင်မိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP