ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Hope!်

Saturday, October 27, 2007

မျှော်လင့်မိပါသည်

ပရော်ဖက်ဆာပီညဲရိုးအား မြန်မာပြည်သို့ ပြည်ဝင်ခွင့်ကို နအဖက ခွင့်ပြုထားပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ အာဆီယံအစည်းအဝေး မတိုင်မီ လာရောက်ရန် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက ဖိတ်ခ်ါထားခြင်း ဖြစ်ပါသည်။ ပရော်ဖက်ဆာသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးရေးရာများတွင် မြောက်မြားလှစွာသော အတွေ့အကြုံ ရှိသူတဦးဖြစ်ပြီး၊ မြန်မာလူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ (၂၀၀၁)ခုနှစ်ကတည်းက အဆင့်အမြင့်ဆုံး နေရာတွင် ရှိနေသူတဦးဖြစ်သည်။ နအဖကလည်း အားကျမခံ၊ တိုးတက်သော နှစ်ဆယ့်တစ်ရာစု လူ့ဘောင်ကြီးတွင် ကျင့်သုံးရန် လိုအပ်သည့် အရေးပါသော ကဏ္ဍကြီးဖြစ်သော လူ့အခွင့်အရေးကိုမှ နိုင်ငံတကာ၏ စောင့်ကြည့်မှု မျက်လုံးများအောက်တွင်ပင် ဖောက်ဖျက်ပြနေသည့် အဖွဲ့ကြီးဖြစ်သည်။ မည်သို့ဆိုစေ မကြာမီ အချိန်အတွင်း၌ကား သူတို့ ဆုံတွေ့ကြတော့မည်။ နှစ်ဘက်စလုံးသည် အကြိမ်ကြိမ်အခါခါ ဆုံဖူးသူများဖြစ်ခြင်း၊ မြန်မာနိုင်ငံရေးအခြေအနေသည်လည်း အဆုံးသတ်တိုက်ပွဲ အခြေအနေတွင် ရှိခြင်းတို့ကြောင့် ယခုပွဲသည် မြန်မာ့ရေးရာ နိုင်ငံတကာ ဇာတ်ခုံတွင် အလွန်အရေးပါပါသည်။

အခြေအနေကို ကြည့်မည်ဆိုပါက ယခုအချိန်တွင် နအဖသည် ပူပူနွေးနွေး လူ့အခွင့်အရေးများ ချိုးဖောက်ထားသူဖြစ်ပြီး၊ ပရော်ဖက်ဆာက လူ့အခွင့်အရေးများကို လေ့လာစုံစမ်းမည့်သူဖြစ်သည်။ ရှာဖွေဖော်ထုတ်မည့်သူဖြစ်သည်။ ပရော်ဖက်ဆာနှင့် ဂမ်ဘာရီ၏ ခရီးစဉ်နှစ်ခုက ယူအင်နှင့် တိုက်ရိုက်ပတ်သက်သည်ဆိုသော်လည်း သဘောသဘာဝက ကွဲပြားပါသည်။ ဂမ်ဘာရီခရီးစဉ်က အရေးယူရေးထက် ညှိနှိုင်းရေးကို ဦးတည်သည်။ ဂမ်ဘာရီခရီးစဉ်မှ ထွက်ပေါ်လာနိုင်သည့် outcome သည် တွေ့ဆုံ ဆွေးနွေးပွဲသာ ဖြစ်နိုင်သည်ကို နအဖကြိုတင်တွက်ထားပြီးဖြစ်သည်။ မြန်မာပြည်သားများ၏ နအဖလက်ခုပ်တွင်းသွန်လိုသွန်၊ မှောက်လိုမှောက်ဘ၀ကို လက်ပိုက်မကြည့်နိုင်သော နိုင်ငံတကာ ဖိအားကြောင့် ကုလသမဂ္ဂမှ ဂမ်ဘာရီအား စေလွှတ်ရခြင်းသာဖြစ်သည်။

သို့ပေမယ့် ယူအင်၏ humanitarian intervention တွင် အရေးကြီးဆုံး mechanism များဖြစ်သည့် military intervention နှင့် sanctions နှစ်ခုစလုံးကို နအဖဘက်က ရှောင်ထွက်နိုင်သည်။ Military Intervention ပြုလုပ်နိုင်သည့် precautionary principles ကို ဖြစ်ပွားခဲ့သည့် အခြေအနေများက ပြည့်မှီခြင်း မရှိ။ ပြည့်မှီသည်ထားဦး။ မြန်မာနိုင်ငံ၏ political Geography အနေအထားသည် မြန်မာပြည်သူတို့ဘက်တွင် မျက်နှာသာပေးမှုမရှိ။ တရုတ်နိုင်ငံသည် သူ့ လက်အောက်ခံနိုင်ငံသဖွယ်ဖြစ်နေသော မြန်မာပြည်ကို အဆုံးစွန်အထိ ကာကွယ်ပေးမည့်အနေအထားရှိသည်။ တဘက်မှလည်း (၂၀၅၀)ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးထိပ်ဆုံးနိုင်ငံဖြစ်လာစေရန် မျှော်မှန်းထားသည့် သူ့အနီးသို့ Western Power အရောက်ခံမည်မဟုတ်။ တရုတ်သည် နအဖအား ကာကွယ်နေခြင်း ဆိုသည်ထက် သူ့အကျိုးစီးပွားကို တိုက်ရိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။ အဆုံးမရလျှင် intervention ကို သူကိုယ်တိုင်က ဦးဆောင်မည့်အနေအထားတွင် ရှိသည်။ ထိုသို့ဖြစ်စေရန်လည်း တရုတ်နှင့် နအဖကြားတွင် လျှို့ဝှက်စစ်ရေးစာချုပ်များ ချုပ်ထားမည် ယူဆရသည်။ မြန်မာပြည်တွင် စက်တင်ဘာလူထုလှုပ်ရှားမှုကို မနှိမ်နင်းခင်၌ နအဖနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်သို့ သွားရောက်ခဲ့ခြင်းသည် ရိုးသားမှုတခုမဟုတ်။

တဖန် UN Sanctions ချရန်ဆိုသည်မှာလည်း တရုတ်၏ ဗီတိုအာဏာကို ကျော်လွှားနိုင်မှဖြစ်မည်။ လက်ရှိတွင် တရုတ်နိုင်ငံနှင့် နိုင်ငံတကာအခြေအနေက စီးပွားရေးရာတွင် အမှီသဟဲပြုမှု အလွန်ကြီးသည်။ ထိပ်တိုက်တွေ့ဆုံမှုကို မည်သည့်နိုင်ငံကမျှ ပြုလုပ်မည်မဟုတ်။ အာရှနေတိုးကဲ့သို့သော စစ်ရေး၊ နိုင်ငံရေး၊ကြိတ်ပွဲလေးတွင် ကန့်လန့်ကာနောက်ကွယ်တွင် ရှိနေကြသော်လည်း ထိပ်တိုက်တွေ့မှုအထိကား အလှမ်းအလွန် ဝေးနေသေးသည်။

ထိုသို့သော အခြေအနေတွင် ဂမ်ဘာရီလာသည်ကို နအဖက ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ခြင်းဖြစ်သည်။ ဂမ်ဘာရီအား သူတို့အလိုကျ ကြိုတင်စီစဉ်ထားရာနေရာများဆီ ခေါ်ဆောင်သွားသကဲ့သို့ ဂမ်ဘာရီအလိုကျလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခဲ့သည်။ ထို့ထက်ကျော်လွန်၍ ဂမ်ဘာရီတွင် တောင်းဆိုခွင့်မရှိ။ နအဖအား Government Level ထား၍ ဆက်ဆံခဲ့ခြင်းကိုက တရားဝင်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ နိုင်ငံတကာအတွက် ထွင်လို့မရသည့် ဆူးတခုနှယ်ဖြစ်သွားခဲ့သည်။ Government Level နှင့် ဆက်ဆံရခြင်း ဖြစ်နေသဖြင့် ဂမ်ဘာရီတွင် လိုက်နာရမည့် protocol များ ရှိနေသည်။ ဂမ်ဘာရီဘာမှမလုပ်ပေးနိုင်ဟု ကျွန်ုပ်တို့ ၀ိုင်းဝန်းအပြစ်တင်၍ မရ။ ကျားကွက်က အပြန်အလှန် ရွှေ့နေကြခြင်းဖြစ်သည်။ နိုင်ငံတကာဘက်မှလည်း တသက်လုံး ငြင်းလာခဲ့သည့် နအဖကို တွေ့ဆုံဆွေးနွေးရေး လမ်းပေါ်သို့ တွန်းပို့နိုင်ခဲ့သဖြင့် တစုံတရာ ထိရောက်မှုဟု ဆိုနိုင်သည်။ နိုင်ငံတကာဖိအားကြောင့် တွေ့ဆုံဆွေးနွေးရန်ကို နအဖသဘောတူလိုက်ရသည်။

ဤတွင် နအဖက ကျားကွက်တကွက်ကို ထပ်မံရွှေ့ချလိုက်သည်။ နိုင်ငံတကာ ကျေနပ်စေရန် ညှိနှိုင်းဆက်သွယ်ရေးတာဝန်ခံခန့်လိုက်သည်။ တဆက်တည်းတွင်လည်း ဒေါ်စုကို conditional offer ချပေးလိုက်သည်။ မြားတချက်နှင့် ငှက်နှစ်ကောင်၊ သုံးကောင် ပစ်ထားသကဲ့သို့ ရှိသည်။ လက်ခံလိုက်လျှင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ခဲ့သမျှ အခြေအနေများသည် ဒေါ်စုက ထိပ်တိုက်ရင်ဆိုင်ရေးလုပ်နေ၍၊ UN sanction မဟုတ်သေးသော်လည်း State level sanctionsများ ရှိနေ၍ ဟု လမ်းလွှဲလိုက်နိုင်သည်။ ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲကို အချိန်ဆွဲကျင်းပထားပြီး၊ တဘက်မှလည်း သူတို့လမ်းပြမြေပုံကို ဆက်လျှောက်နေနိုင်သည်။ State level sanctions များရုတ်သိမ်းခြင်း၊ နိုင်ငံတကာ အာရုံစိုက်မှုများ လျော့နည်းသွားခြင်းတို့ဖြင့် လတ်တလောရင်ဆိုင်နေရသော နိုင်ငံတကာဖိအားများ လျော့သွားနိုင်သည်။

အကယ်၍ ဒေါ်စုငြင်းခဲ့လျှင်ဆိုပါကလည်း တွေ့ဆုံဆွေးနွေးရေးကို သူတို့က ကမ်းလှမ်းပါလျက် အတိုက်အခံများက ငြင်းပယ်၍ပါဆိုကာ နိုင်ငံတကာကို ကလိမ်ကျနိုင်သည်။ ကမ်းလှမ်းချက်အတိမ်အနက်ကို နိုင်ငံတကာက သိရှိပြီး၊ လိုအပ်သည့်ဖိအားဆက်ပေးလျှင်က အကြောင်းမဟုတ်။ နအဖကောက်ကျစ်မှုကို မမြင်ပဲ ကမ်းလှမ်းချက် လက်ခံရန် ဒေါ်စုဘက်လှည့်ဖိအားပေးလျှင်က ပြဿနာ။ မိအေးနှစ်ခါနာဖြစ်နိုင်သည်။ ထိုအချက်ကို အတိုက်အခံများစုပေါင်း၍ ယခုအချိန်ကတည်းက နိုင်ငံတကာသို့ ကြိုတင်တင်ပြမှုများ၊ ဒေါ်စုပြန်လည် တောင်းဆိုရမည့်အချက်များအတွက် ညှိနှိုင်းအကြံပေးမှုများ လုပ်ထားသင့်သည်။

နအဖသည် ရေရှည်ခံစစ်ဆင်လျှင် ပြည်သူကို နိုင်မည်မဟုတ်တော့သည်ကို စက်တင်ဘာလူထုလှုပ်ရှားမှုနှင့်တင် နားလည်နေပြီ။ အောက်တန်းကျယုတ်မာသော နည်းဖြင့် တိုက်ပွဲကို လှလှပပအဆုံးသတ်ရန် ကြံစည်ထားပုံမှာ တောင်းဆိုချက်များနှင့်တင် ထင်ရှားနေပါပြီ။ အတိုက်အခံများ လက်ဦးဖို့လိုပါသည်။ တိုက်ပွဲ၏ အနိုင်အရှုံးသည် စစ်မြေပြင်မှာ မဟုတ်။ စစ်ဆင်ရေးခန်းမတွင် မူတည်ပါသည်။ စိတ်ဓာတ်ရေးမည်မျှကောင်းကောင်း၊ တက်ကြွမှု မည်မျှရှိရှိ၊ ခံစားချက်မည်မျှပြင်းထန်ထန် တိုက်နည်းတိုက်ဟန်မှန်မှသာ အောင်ပွဲခံနိုင်ပါသည်။

ယခုလိုအချိန်မျိုးတွင် အတိုက်အခံများအတွက် အရေးကြီးသော တာဝန်များ ရှိလာပါသည်။ ကျွန်ုပ်မြင်မိသည်မှာ-

(၁) ဖြစ်နိုင်ချေနည်းသော နိုင်ငံတကာဖိအားပေးမှုပုံစံများ (Military Interventions, UN sanctions) စသည်များတွင် အာရုံစိုက်မှုကို လျှော့ချ၍ ဖြစ်နိုင်ချေများသော နိုင်ငံတကာ ဖိအားပေးမှုပုံစံများတွင် စူးစိုက်ဆောင်ရွက်ခြင်း

(၂) တိုက်ပွဲဗဟိုချက်မနေရာဖြစ်နေသော ဒေါ်စုအား ၀န်းရံပေးခြင်း (တွေ့ဆုံဆွေးနွေးပွဲကို မလွှဲမရှောင်သာ စတင်ရသည်နှင့် စစ်ရေး၊စီးပွားရေး၊ နိုင်ငံရေး၊ တိုင်းရင်းသားရေးရာ နယ်ပယ်ပေါင်းစုံတွင် သက်ဆိုင်ရာအလိုက် ကျွမ်းကျင်သော မြန်မာလူမျိုးများပါဝင်သည့် အကြံပေးအဖွဲ့ ချက်ချင်းပေါ်ပေါက်လာရန်အရေးကြီးပါသည်။ နိုင်ငံခြားသားများပါသည့် အကြံပေးအဖွဲ့ကို နအဖက လက်ခံလိမ့်မည်မဟုတ်ပါ။ ခွဲခြားပြောနေခြင်းလုံးဝမဟုတ်ပါကြောင်း နားလည်ပေးစေလိုသည်။ မြန်မာစစ်အာဏာရှင်တို့သည် အလွန်ပင် ဆင်ခြေဆင်လက်များသော ကောက်ကျစ်သူများဖြစ်သောကြောင့် ပြောနေခြင်းဖြစ်ပါသည်။ မြန်မာများသူ့အဖွဲ့၊ ကိုယ့်အဖွဲ့ခွဲမနေကြပဲ ယခုကတည်းက စုစည်းထားလျှင် ပိုကောင်းပါသည်)

(၃) လူထုအရှိန်လျော့မကျစေရေး ကြိုးပမ်းလုပ်ဆောင်ခြင်း

(၄) ပြည်တွင်းပြည်ပတိုင်းရင်းသားအဖွဲ့အစည်းများဖြင့် ကြိုတင် ညှိနှိုင်းဆောင်ရွက်ခြင်း စသည်တို့ ဖြစ်ပါသည်။

ထိုမျှမက နိုင်ငံတကာကို လှည့်စား၍ သူတို့လုပ်ချင်သည်များကို လုပ်ပြီးသွား၊ လိုချင်သည်များကို ရပြီးသွားလျှင်သော်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးပွဲကို ထင်တိုင်းကျ မစီမံနိုင်လျှင်လည်းကောင်း၊ ဒေါ်စုမှ နအဖတို့၏ ငှက်ပစ်ပွဲလုပ်နေခြင်းကို စကတည်းက လက်မခံခဲ့လျှင်လည်းကောင်း၊ အတိုက်အခံများဘက်မှ ချက်ချင်း အကောင်အထည်ဖော်ရမည့် ဖွင့်ချဆန့်ကျင်ရေးလမ်းစဉ်ကိုလည်း ပြတ်ပြတ်သားသားချထားရန်၊ ကြိုတင်ပြင်ဆင်ထားရန်လိုပါသည်။ (၂၀၀၅) ဒီချုပ် ကမ်းလှမ်းချက်တုန်းကကဲ့သို့ စကားအဖတ်တင်ကျန်ရစ်ခြင်းနှင့် ကန့်လန့်ကာချ မဖြစ်ရစေရန် အရေးကြီးပါသည်။

ယခုကဲ့သို့သော အခြေအနေတွင် ပရော်ဖက်ဆာ ပီညဲရိုး မြန်မာပြည်သွားမည့် ခရီးစဉ်က နိုင်ငံတကာ ဇာတ်ခုံပေါ်သို့ ရောက်လာပါပြီ။ ပီညဲရိုးက facilitator role မဟုတ်။ မြန်မာ့လူ့အခွင့်အရေး အခြေအနေများကို စုံစမ်းဖော်ထုတ်ရမည့် fact-finding investigator role မှာ ရှိနေသည်။ သူလိုအပ်သည့် အခြေအနေကို တောင်းဆိုရမည့်သူဖြစ်သည်။ လူ့အခွင့်အရေး ရေးရာတွင် fact-finding သည် အလွန်အရေးကြီးသည်။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုမြောက်စေသော ပြစ်မှုများဖြစ်ပါက အပြည်ပြည်ဆိုင်ရာရာဇ၀တ်ခုံရုံးများ ပေါ်ပေါက်လာရေးအထိ အခြေအနေက ဦးတည်သည်။

ထိုသို့အရေးပါသော လူတစ်ယောက်ကို ယခုလိုအခြေအနေတွင် နအဖဘယ်ကြောင့် လက်ခံရသနည်း။ နိုဝင်ဘာ (၁၇)ရက်နေ့ အာဆီယံအစည်းအဝေးမတိုင်မီ ဟု နအဖ၀န်ကြီးက ဆိုထားပြီးသားဖြစ်သည်။ ထိုအစည်းအဝေးသည် ယခင်ကျင်းပနေကျ အစည်းအဝေးများနှင့် မတူပါ။ ထိုအစည်းအဝေးတွင် အာဆီယံပဋ္ဋိညာဉ်စာတမ်း၏ အစိတ်အပိုင်းတခုဖြစ်သော လူ့အခွင့်အရေး စောင့်ကြည့်ထိန်းသိမ်းရေး ယန္တရားတခုတည်ထောင်ရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများက ဆွေးနွေးကြမည်ဖြစ်သည်။ မည်သို့ဆိုစေ ထိုအစည်းအဝေးတွင် ပူပူနွေးနွေးလူ့အခွင့်အရေးချိုးဖောက်ထားကာစ မြန်မာနိုင်ငံသည် ပစ်မှတ်သဖွယ် ဖြစ်လာလိမ့်မည်။ ၁၀နှစ်နီးပါး အကာအကွယ်ပေးနေသည့် အာဆီယံကို ယူကေ၊ ယူအက်စ်တို့ကို ဆက်ဆံသလို နအဖဆက်ဆံ၍ မဖြစ်။ ထိုအတွက် ပီညဲရိုးအား အသုံးချလိုက်ခြင်းဖြစ်သည်။

နအဖနှင့်ပီညဲရိုး။ မည်သို့စခန်းဆက်သွားကြမည်လဲ။ ပီညဲရိုး တောင်းဆိုသည်ကို နအဖက လိုက်လျောမည်လား။ နအဖရုပ်သေးထိုးဇာတ်ကိုသာ ပီညဲရိုး ကြည့်ခဲ့ရမည်လား။ ပီညဲရိုးဆိုထားသည့်အတိုင်း နအဖက သူ့တောင်းဆိုချက်များကို မလိုက်လျောလျှင် ချက်ချင်းမြန်မာပြည်မှ ပြန်ထွက်မည်ဆိုသည့် အခြေအနေဖြစ်လာမည်လား။

မည်သို့ဆိုစေ ပီညဲရိုးခရီးစဉ်သည် အာဆီယံအစည်းအဝေးအတွက် အရေးပါသကဲ့သို့ အာဆီယံ အစည်းအဝေးသည် တွေ့ဆုံဆွေးနွေးခြင်းကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိလာပေလိမ့်မည်။ သတင်းအမှန်တစိတ်တဒေသကိုတော့ ပီညဲရိုး ဖော်ထုတ်နိုင်မည်ဟုတော့ မျှော်လင့်မိပါသည်။

(တော်လှန်ရေးသစ္စာဖြင့်)

ခင်မမမျိုး (၂၆၊၁၀၊ ၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

Liar


ကမ္ဘာကျော်လူလိမ်ကြီးများ

“မြန်မာပြည်သူတွေ

ဒုက္ခဆင်းရဲအတွက်

မေတ္တာပို့ဆုတောင်းသူ

သံဃာတော်အရှင်သူမြတ်တွေဟာ

သံဃာတုတွေပါ”တဲ့

သူတို့ကပြောတယ်။

“မြန်မာ့ဒီမိုကရေစီအရေး

အသက်၊သွေးစတေးလို့

တက်ကြွစွာလှုပ်ရှားသူတွေဟာ

အဖျက်သမားတွေပါ”တဲ့

သူတို့ကပြောတယ်။

“မြန်မာပြည်သူတွေ

ဘ၀အတွက်

ကိုယ်ချင်းစာစိတ်နဲ့

ကူညီပေးသူနိုင်ငံတကာဟာ

သူများပြည်တွင်းရေး

ဝင်စွက်သူတွေပါ”တဲ့

သူတို့ကပြောတယ်။

”အနီးကပ်ပစ်သတ်ခံလိုက်ရတဲ့

ဂျပန်ဂျာနယ်လစ်ဟာ

မိုးပေါ်ထောင်ဖောက်သော

သေနတ်ကျည်ဆံနဲ့

သေရတာပါ”တဲ့

သူတို့ကပြောတယ်။

”သံဃာ့ဆိုရင်

အရိပ်တောင်မနင်းပဲ

ရိုသေလေးစားတဲ့

နိုင်ငံတော်မှာ

သံဃာသွေးတွေ

မြေခရတာဟာ

သာသနာတော်သန့်ရှင်းရေး

လုပ်ရတာပါ”တဲ့

သူတို့ကပြောတယ်။

”ငြိမ်းချမ်းစွာလမ်းလျှောက်သော

ပြည်သူတွေဟာ

ဆူပူလှုံဆော်သူတွေပါ”တဲ့

သူတို့ကပြောတယ်။

“ဆွဲလားရမ်းလား

ဖမ်းဆီးရိုက်နှက်သော

စွမ်းအားရှင်တွေဟာ

ပြည်သူအစစ်တွေပါ”တဲ့

သူတို့ကပြောတယ်။

“လွတ်လပ်မှု၊

တရားမျှတမှုရှိသော

ဒီမိုကရေစီစနစ်ကို

တောင်းဆိုဆန္ဒပြမှုတွေဟာ

နိုင်ငံတော်ပြိုကွဲရန်

ကြိုးပမ်းမှုတွေပါ”တဲ့

သူတို့ကပြောတယ်။

”စစ်ဗိုလ်တမတ်သား

အုပ်ချုပ်မယ့်

နိုင်ငံတော်ပျက်ခရီးကို

ကြိုဆိုထောက်ခံပွဲတွေဟာ

လူထုသဘောထားတွေပါ“တဲ့

သူတို့ကပြောတယ်။

ဘယ်လိုပဲ

သူတို့ပြောပြော

နအဖစစ်အစိုးရပါးစပ်က

ထွက်သမျှတွေဟာ

ခွေးပါးစပ်က

နတ်စကားထွက်တာတွေမှန်း၊

နအဖစစ်အာဏာရှင်တွေဟာ

ကမ္ဘာကျော်လူလိမ်ကြီးတွေမှန်း

အများကလဲသိနေလေတော့----။

”လူလိမ်လူညာတွေ

အလိုမရှိ။

စစ်အာဏာရှင်စနစ်

ကျဆုံးရေး--

တို့အရေး”

ဟော-ကြားကြလားမိတ်ဆွေတို့

မြန်မာလူထုရဲ့

မိစ္ဆာကောင်ကမ္ဘာကျော်လူလိမ်ကြီးများအား

မောင်းထုတ်သံတွေကိုလေ။

(၂၅၊၁၀၊ ၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

Don't let them finish a deadly rail road

Wednesday, October 24, 2007

သေမင်းတမန်ရထားလမ်းကြီးကို အပြီးမခံကြပါနှင့်

စစ်အုပ်စုခြေလှမ်းအလွန်သွက်နေသည်။ င့ါမြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်၊ မည်သူ့ကိုမျှဂရုမစိုက် ဟူသော အသွင်သဏ္ဍာန်က လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီးပေါ်နေပြီ။ အရေးတော်ပုံကာလတွင်းမှာပင် လက်ကိုင် တုတ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ၊ မသိနားမလည်သေးသူ ရှစ်နှစ်ကိုးနှစ်ကလေးငယ်များ၊ ခြိမ်းချောက်ခေါ်ဆောင်ထားသူ ၀န်ထမ်းများ၊ ပိုက်ဆံပေးခေါ်ဆောင်ထားသူ လူတချို့စသည်တို့ကို သုံး၍ သူတို့လမ်းစဉ်ထောက်ခံပွဲများ ပြုလုပ်ကြသည်။ အဖွဲ့ဝင် (၅၄)ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မရှင်တရပ်ကို ထပ်မံ ဖွဲ့စည်းလိုက်ပြန်သည်။ ရပ်ကျော်ရွာကျော်၊ ကမ္ဘာကျော်လူသတ်ပွဲများကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပင် ပါဝင်ပတ်သက်ကာ မြန်မာ့အနာဂတ်ရေး ရှေးရှု၍ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်သို့ ဆွဲခေါ်နေချိန်တွင် လမ်းကြောင်းပေါ်သို့ တက်မလာပဲ သွားနေဆဲလမ်းကိုသာ အရှိန်မြှင့်၍ ဆက်သွားနေခြင်းဖြစ်သည်။

အောက်တိုဘာ (၁၈)ရက်နေ့က နအဖတွင်း(၁)ဗိုလ်သိန်းစိန်အမိန့်ဖြင့် ထုတ်ပြန်သည့်ကြေငြာချက်တွင် အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတရပ်လုံးက ထောက်ခံအားပေးမှုကို လေးစားသောအားဖြင့်လည်းကောင်း၊ မူဝါဒလမ်းစဉ်(၇)ရပ်ကို အကောင်အထည်ဖော်သည့် အနေဖြင့်လည်းကောင်း ထိုကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည် ဟု ဆိုထားသည်။ ထိုလမ်းစဉ် (၇)ရပ်၏ အဆုံးတွင် မည်သည့်အရာရှိသနည်း။ စစ်အုပ်စုသက်တမ်းရှည်ရေးသာ ရှိသည်။ ပြည်သူလူထုအတွက် အကျိုးစီးပွားဘာမျှမရှိ။ သမိုင်းအဆက်ဆက်တွင် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကို မျိုးဆက်များနှင့်ချီ၍ ခံကြရပြီးပြီ။ သက်တမ်းထပ်ရှည်နေပါက မြန်မာလူမျိုးပင် ပျောက်ကွယ်သွားတော့မည်။ ပြည်သူအများအသက်ရှင်လျက်သေနေသည့် ဘ၀များသို့ ကျရောက်ရတော့မည်။ နအဖလမ်းပြမြေပုံ (၇)ချက်သည် ပြည်သူအများအား ကြမ္မာဆိုးသို့ ခေါ်ယူသွားမည့် သေမင်းတမန် ရထားလမ်းကြီးနှင့် တူလှသည်။ ထိုရထားလမ်းကြီးကို လမ်းဆုံးအရောက်ခံ၍ မဖြစ်။ အဆင့်တိုင်း၊ အဆင့်တိုင်းတွင် တိုက်ဖျက်သွားကြရမည်ဖြစ်သည်။ ရထားလမ်းကြီးကို အပြီးခံ၍ မဖြစ်။

စစ်အုပ်စုလှည့်ကွက်တွင် ကျွန်ုပ်တို့ မမျောသွားစေရန် အရေးကြီးလှသည်။ စစ်အုပ်စုသည် ခံစစ်ကို ထိုးစစ်ဖြစ်အောင် ပြောင်းယူရာ၌ အလွန်ပင် ပရိယာယ် ကြွယ်လှသူများဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ပူပူနွေးနွေးကာလ အချိန်မရွေး လူထုအရေးတော်ပုံကြီးများ ပေါ်ပေါက်ရန် တာစူနေချိန်၊ လူထုကြီးထဲတွင်နိုင်ငံရေးဒီရေအမြင့်မားဆုံးဖြစ်နေချိန်၊ရှေ့တန်းစစ်မျက်နှာများ တွင် တိုက်ပွဲကြီးငယ် နွှဲနေရချိန်တွင် ရွေးကောက်ပွဲ လုပ်ရန် ပါတီများ ထောင်ခွင့်ပေးထားခြင်း၊ ရွေးကောက်ပွဲကျင်းပပေးခြင်း စသည်များဖြင့် ခံစစ်ကို အချိန်ဆွဲယူထားခဲ့သည်။ ခေါင်းဆောင်များ၊ လှုပ်ရှားတက်ကြွသူများကို ကောက်သင်းကောက် ဖမ်းဆီးထိန်းချုပ်ထားခဲ့သည်။ ရွေးကောက်ပွဲဖြင့် ကမ္ဘာကို မျက်လှည့်ပြခဲ့သည်။ စစ်အုပ်စုက တိုက်ပွဲကို အနိုင်ရော၊ အရှုံးပါ တွက်ထားသည်။ တစညဖြင့် စီချင်းထိုးခိုင်းထားသော်လည်း တစညအခြေအနေမကောင်းလျှင် ကျားကွက်မည်သို့ရွှေ့ရမည်ကို ကြိုတင်တွက်ထားပုံပေါ်သည်။ လူထုက သမိုင်းပေးတာဝန်ကျေစွာ ဆန္ဒမှန်ထုတ်ဖော်ခဲ့ကြသည်။ နအဖအထိမနာသည်တော့ မဟုတ်။ အထိနာပါသည်။ သို့ပေမယ့် သူတို့မှာ Plan B ရှိသည်။ ထိုးကျွေးစရာကို ချက်ချင်းထိုးကျွေး၍ ကြိုတင်တွက်ချက်ထားသည့်အတိုင်း ကျားကွက်တကွက် ရွှေ့ပစ်လိုက်သည်။ ရွေးကောက်ခံအမတ်များဖြင့် အချိန်မှီ အစိုးရ ဖွဲ့ရန်မဖြစ်နိုင်ခဲ့တော့။ နအဖလက်ဦးသွားသည်။ နအဖမလိမ့်တပတ်လုပ်သွားမှန်း လူထုကြီးမသိမဟုတ်။ သိသော်လည်း တိုက်ပွဲချက်ချင်းမဆင်နိုင်၊ တိုက်ပွဲဆိုသည်က အရှိန်ယူရသည်။ သိသိကြီးနှင့် ခံလိုက်ကြရသည်။

တဖန်အမျိုးသားညီလာခံဆိုပြီး လုပ်ပြလိုက်တော့ မျောသူတချို့ မျောသွားကြပြန်သည်။ နအဖကလည်း လှလှပပကြီး အချိန်ဆွဲကာ သူ့အစီအစဉ်ကို အခက်အခဲမရှိ အကောင်အထည် ဖော်နိုင်ခဲ့သည်။ ကြံ့ဖွတ်ဆိုသည်က အမျိုးသားညီလာခံနှင့် မရှေးမနှောင်း ပေါ်လာသည့်အဖွဲ့ဖြစ်သည်။ ပေါ်ပေါက်စဉ်ကပင် တချိန်တွင် နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ရန်ဖြစ်သည်ဆိုခြင်းကို အမှုဆောင်သင်တန်းများမှ တို့တာဝန်အရေးသုံးပါး ဘာသာရပ်တွင် ထည့်သွင်း ပို့ချထားကြသည်။ အာဏာတင်မက၊ လုပ်ပိုင်ခွင့်များစွာ အပ်နှင်းပြီး သခင်အားရ ကျွန်ပါးဝစိတ် ရိုက်သွင်းပေးထားသည်။ အင်အယ်ဒီပါတီ က ညီလာခံကို boycott လုပ်ထွက်တော့ ထို ခွေးများက အမွေးပြောင်နေပြီ။ ထိုခွေးများဖြင့် အယ်အင်ဒီကို ဖိတိုက်ထားသည်။ တပ်ကိုထုတ်မသုံးပဲ တပ်ခွေးများကို ပဏာမထုတ်သုံးကာ ၀န်းရံထိန်းချုပ်ထားခြင်းဖြစ်သည်။ ထိုမျှမကသေး။ ရှစ်တယ့်ရှစ်ကို သင်ခန်းစာယူ၍ တပ်မတော်တပ်မတပ်ရင်းများတွင် တပ်မှူးတဦးတည်း၌ပင် အာဏာတည်မနေအောင် ဖွဲ့စည်းပုံများ၊ လုပ်ငန်းတာဝန် ခွဲဝေမှုများဖြင့် ထိန်းချုပ်ထားလိုက်သည်။ တပ်ရင်းများသည် အုပ်ချုပ်ရေးရာများတွင် အခြေစိုက်ဧရိယာပိုင် တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး၊ စစ်ရေးရာ ပိုင်းတွင်မူ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။ ထိုနည်းများဖြင့် တပ်ကိုချုပ်ထားသည်။ တဖက်မှပင် နိုင်ငံတကာ ဖိအားပြင်းလာချိန်တွင် ဒေါ်စုကို ထုတ်ပေးလိုက်၊ အရှိန်လျော့သွားချိန်တွင် ပြန်ဖမ်းလိုက်နှင့် နိုင်ငံတကာကို နိုင်ငံရေးကစားနေခဲ့သည်။

ဒီပဲယင်းအရေးအခင်းသည် ဒေါ်စုနှင့် အင်အယ်ဒီကို လက်စတုံးပစ်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီးသာဖြစ်သည်။ လုပ်ကြံမှု အထမမြောက်ပဲ နိုင်ငံတကာ၏ အာရုံက သူတို့ဘက် လှည့်လာသော အခြေအနေအဆိုးနှင့် ကြုံသွားကြသည်။ နောက်တကြိမ် ခံစစ်နေရာ ရောက်သွားပြန်ခြင်းဖြစ်သည်။ ထိုးစစ်ဖြစ်အောင် အရှိတ်ယူရပြန်သည်။ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသော အမျိုးသားညီလာခံကြီးကို ပြန်အသက်သွင်းလိုက်သည်။ ပွဲကို ဖြတ်မှ ဖြစ်တော့မည်ဟူသော ရည်ရွယ်ချက်နှင့် လမ်းပြမြေပုံဆွဲကြတော့သည်။

ဤနေရာတွင် လမ်းပြမြေပုံကို စစ်အုပ်စုသက်ဆိုးရှည်ရေးအတွက် အသုံးပြုရန် အာရုံမစိုက်တော့ပဲ တစ်ယောက်တည်းမင်းသားကြီးလုပ်ချင်နေသည့် ဗိုလ်ခင်ညွန့်ဂယက်က ပေါ်လာပြန်သည်။ ဗိုလ်ခင်ညွန့်က လမ်းပြမြေပုံ အဆုံးသတ်ပွဲတွင် နဂိုမူလအတိုင်း ကြံ့ဖွတ်များနေရာယူမည့်အရေး အစာကြေပုံမပေါ်။ ကြံ့ဖွတ်တွင် သူ့နေရာမရှိ။ ဗိုလ်သန်းရွှေနေရာသာ ထိပ်ဆုံးမှာရှိသည်။ ဒီတော့ အာဏာကို ချောင်းနေသူပီပီ ပိုင်ရာဆိုင်ရာ ငြိမ်းအဖွဲ့များကို ညှိနှိုင်းထားပြီး၊ သူကိုယ်တိုင်ကလည်း သူ့အပိုင်သဖွယ်ဖြစ်နေသော နစကများကိုသုံး၍ ရံပုံငွေရှာတော့သည်။ အရှာကောင်း၍ စီမံချက်ပေါ်ပြီး ဖြုတ်ထုတ်သတ်ထောင်နန်းစံ သွားရခြင်းဖြစ်သည်။

ဤနေရာတွင် စစ်အုပ်စုတို့သည် သူတို့ တစုတည်းအတွက်သာမက မျိုးဆက်တခုလုံးအတွက် လုပ်နေကြမှန်း သိသာထင်ရှားသည်။ နောင်လာမည့် မြန်မာ့သမိုင်းကာလတလျှောက်လုံးတွင် ပြည်သူအားလုံး စစ်ဖိနပ်အောက်မှာသာ နေရမည်ဆိုသော စီမံချက်ကြီးကို အတ္တတကြီး၊ အညှိုးတကြီး လုပ်နေခြင်းသာဖြစ်သည်။ သေမင်းတမန် ရထားလမ်းကြီးကို သူတို့ဘက်မှ မပြီးပြီးအောင် ဖော်ထုတ်ကြလိမ့်မည်။ ယခုလို ယင်းတို့ ခံစစ်ကာလ ရောက်နေချိန်တွင် ပို၍ အရှိန်မြှင့်လုပ်သွားမည်ဟု ယူဆရပါသည်။

ယင်းတို့၏ လူမဆန်သော လုပ်ရပ်များကြောင့် နိုင်ငံတကာက သည်းမခံနိုင်ဖြစ်နေသည်၊ လူထုကြီးက ပေါက်ကွဲနေပြီဆိုသည်ကို ဒင်းတို့မသိမဟုတ်၊ သိသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး ကို စကားပစ်လိုက်ခြင်းဖြစ်သည်။ ကြိုးရှည်ရှည်နှင့် လှန်၍ ကစားရန် ညှိနှိုင်းဆက်သွယ်ရေးတာဝန်ခံအဖြစ် ဗိုလ်အောင်ကြည်ကို ခန့်ပြထားခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးပွဲ မတိုင်ခင် ကမ်းလှမ်းချက်ကပင် ပ၀ါဖြူလက်ဆောင်သွားပေးသကဲ့သို့ရှိသည်။ အမှန်တကယ် တွေ့ဆုံဆွေးနွေးလျှင်ကား ပ၀ါဖြူရမ်းပြပါ၊ လက်နက်ချပါဟုပင် စပြောတော့မည်လား မသိ။ ဗိုလ်သန်းရွှေ၏ ကမ်းလှမ်းချက် အတိမ်အနက်ကို ဂမ်ဘာရီနှင့် ကုလသမဂ္ဂ သိအောင် ဖော်ထုတ်ပေးကြရမည်။ နိုင်ငံတကာပါ နအဖကျားကွက်တွင် အမျောမခံရစေဖို့ အရေးကြီးသည်။

ထိုကဲ့သို့ နိုင်ငံတကာကို လိမ်ဆင်ထုတ်နေဆဲတွင် သူတို့ဘက်ကတော့ လုပ်စရာရှိသည်ကို သွက်သွက် ဆက်လုပ်နေကြသည်။ ခံစစ်ကို ထိုးစစ်အဖြစ် သူတို့ ထပ်မပြောင်းနိုင်ခင် ပြည်သူလူထုနှင့် အတိုက်အခံများဘက်မှ proactive strategies များချမှတ်၍ သေမင်းတမန် ရထားလမ်းကြီး ဖောက်လုပ်နေခြင်းကို အမြန်ဆီးတားနိုင်ရန် လိုသည်။ ဒီတကြိမ် reactive ဖြစ်နေလို့က အနှစ်နှစ်ဆယ်မဟုတ်ပါ။ ပြည်သူအားလုံး၏ သေတွင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ချော့ပေါင်း၊ လျှော့ပေါင်းရေး လမ်းစဉ်တွင် မျောပါအချိန်ကုန်မနေပဲ ဖွင့်ချဆန့်ကျင်ရေး လမ်းစဉ်ကိုသာ အားဖြည့် လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ လမ်းပြမြေပုံသေမင်းတမန်ရထားလမ်းကြီး မပြီးဆုံးစေရေး ကြိုးပမ်းဆောင်ရွက်ကြပါစို့။

(20/10/2007)

အပြည့်အစုံဖတ်ချင်ရင်..>>>

Trauma

Wednesday, October 17, 2007

စိတ်အနာ

ဘ၀ခရီးတလျှောက်မှာ

ရင်နာစရာအဖြစ်တွေ

ကြုံရတိုင်း၊

မယုံနိုင်စရာအဖြစ်ဆိုးတွေ

ရင်ဆိုင်ရတိုင်း

အတိတ်ဆိုတာကို

ခ၀ါချမေ့ပျောက်ရင်း

ရှေ့ဆက်ရမယ့်

ဘ၀ခရီးကိုသာ

အာရုံပြုခဲ့ဖူးတယ်။


သို့ပေမယ့်လဲလေ--

အခုများမှာတော့

လက်ရှိကာလ

အဖြစ်ဆိုးတွေရဲ့

အပူမီးတွေဟာ

ငါ့ရင်မှာ တမြေ့မြေ့

ကျွမ်းလောင်နေဆဲ၊

စိတ်အနာတွေဟာ

ငါ့ဦးနှောက်တွေကို

ဆွဲဆုတ်နေဆဲ၊

မခံချင်

နာကြည်းစိတ်တွေက

ငါ့လက်သီးတွေကို

တင်းကြပ်စွာဆုပ်ခိုင်းနေဆဲ၊

ဖြစ်ပျက်ခဲ့

အကြောင်းများစွာဟာ

ငါ့စိတ်၊ငါ့အတွေးထဲကနေ

ဘယ်လိုမှဖျောက်ဖျက်မရတော့ပါလား။


နံနက်ခင်းမိုးလင်းလို့

ပရိတ်ကြီး (၁၁)သုတ်ဖွင့်ရင်း

မေတ္တာပို့ ဆုတောင်းကို

နာကြားမိစဉ်တိုင်း

ငါ့အတွေးအိမ်ထဲမှာ

လမ်းလျှောက်မေတ္တာပို့နေတဲ့

သံဃာတော်တွေကိုပဲ

မြင်ယောင်လာမိတယ်။


နံရံပေါ်က

ရွှေတိဂုံစေတီတော်ကို

ကြည်ညိုစွာ

ဖူးမြော်မိစဉ်တိုင်း

ဘုရားပေါ်မှာ

ကျခဲ့ရတဲ့

သံဃာ့သွေးစက်တွေအတွက်

ယူကြုံးမရ

မျက်ရည်ကျမိတယ်၊

ဘုရားပေါ်မှာ

နင်းခဲ့တဲ့

စစ်ဖိနပ်တွေအတွက်

ခံပြင်းစွာ

နာကြည်းနေမိတယ်။


နိစ္စဒူဝ

တနေ့တာကိစ္စများတွေမှာ

လူအများနဲ့

ဆက်ဆံစဉ်မှာလဲ

ငါ့မျက်နှာကြီးကို

အပြုံးတုနဲ့

လွှမ်းခြုံရင်း

ရင်ထဲမှာ

ငိုကြွေးနေမိတယ်၊

Burma, Burma“ ဆိုတဲ့

ငါ့နိုင်ငံကြီးအကြောင်း

မမေးကြပါနဲ့တော့၊

အလုပ်ထဲမှာ

အမှားအယွင်းတွေ

ဖြစ်မှာစိုးလို့ပါလို့

အသံတိတ်စကားတွေနဲ့

တောင်းပန်နေမိတယ်။


ညအိပ်ယာဝင်ချိန်

အနန္တောအနန္တငါးပါးကို

ရှိခိုးကန်တော့ချိန်ရောက်တိုင်း

ပှုဇွန်တောင်ချောင်းထဲက

သံဃာတော်ရဲ့အလောင်းကို

မြင်ယောင်မိပြန်တော့

ရင်ထဲမှာနာလာရပြန်တယ်။


နိုးတ၀က်အိပ်တ၀က်

ညသံသရာမှာလဲ

ငွေကြာယံကျောင်းက

ငရဲပွက်သံတွေကို

ကြားယောင်မိပြန်တော့

မျက်ရည်စက်လက်

အိပ်စက်ညတွေ

ရှိလာရပြန်တယ်။


နအဖစစ်အာဏာရှင်တို့ရေ-

ပြီးခဲ့တဲ့အတိတ်ဆိုးတွေကို

မင်းတို့ဘယ်လိုဖုံးဖုံး

မင်းတို့ဘယ်လိုငြင်းငြင်း

အမှန်တရား

မြင်ကွင်းသက်သေတွေက

ငါတို့ရင်ထဲမှာ

စိတ်အနာအနေနဲ့

အမြစ်တွယ်နေကြပြီ။


မေ့ပျောက်လို့မရနိုင်တဲ့

စိတ်အနာတွေ

ပေါင်းစုပေါက်ကွဲစဉ်ခဏ

အာဏာရှင်စနစ်ဆိုးလဲ

တစစီလွင့်ပျောက်စေရမယ်

“သာသနာတော်ကို

စစ်ဖိနပ်အောက်

မကျရောက်စေရဘူး“

ဒါဟာ

အသက်နဲ့လဲပစ်မယ့်

ငါတို့ရဲ့

ရပ်တည်ချက်ပဲ--။

(17/10/2007)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆုတောင်း

Saturday, October 13, 2007


ကိုဌေးကြွယ်၊ မမီးမီးတို့ကို စစ်ခွေးများက ဖမ်းသွားကြသည်။

လူကို ခွေးဆွဲခံရသည့် ဘ၀ဆိုးမှ မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက်ကြပါစေဘုရား။

အပြည့်အစုံဖတ်ချင်ရင်..>>>

ခံစစ်နေရာရောက်နေသောစစ်ဘီလူးငကြောက်များ

Friday, October 12, 2007


နအဖစစ်အာဏာရှင်တို့ခံစစ်နေရာရောက်နေလေပြီ။ နောက်တချီဆိုလျှင် ဒင်းတို့ဆုတ်စစ်ဖြစ်ပြီး ကျွန်ုပ်တို့ ပြည်သူများ အောင်ပွဲရတော့မည်။ မြန်မာပြည်ကြီးပေါ်တွင် အရိပ်မိုးထားသော စစ်အာဏာရှင်စနစ်ကြီးကား နေ၀င်သွားတော့မည်ဖြစ်သည်။ လောကတွင် သဘာဝတရားကို မည်သို့သော အင်အားကြီး အရာကမျှ လွန်ဆန်နိုင်ခြင်း မရှိပါ။ နေဆိုသည်မှာ ထွက်ပြီးလျှင် ၀င်ရမည်။ အမှောင်ပြီးလျှင် အလင်းဆိုသည်မှာ ရောက်လာစမြဲ။

၂၀၀၇ခုနှစ်၊ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော ဘုရားသားတော်များ ဦးဆောင်သည့် စစ်အာဏာရှင် ပြုတ်ကျရေး လူထုတိုက်ပွဲများသည်နအဖအား ခံစစ်နေရာသို့ အပြီးတိုင် တွန်းပို့ခဲ့ပါသည်။ နအဖတို့အနေဖြင့် ဤမျှကြီးမားလှသော ထိုးစစ်ကြီးကို ကြုံတွေ့ရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြဟန် မတူပါ။ ထိုနည်းတူစွာပင် အတိုက်အခံများဘက်မှလည်း မျှော်လင့်ခဲ့ကြဟန် မတူပါ။ သို့ပေမယ့် သံဃာတော်များ၏ မေတ္တာဓာတ်နှင့် လူထုကြီး၏ အဖိနှိပ်ခံအားမာန်တို့ ပေါင်းစပ်သွားသည့်အခိုက်၌ အင်အားကြီးမားလှသော မြားတစင်းထွက်ပေါ်လာခဲ့သည်။ ထိုမြားသည် စစ်အာဏာရှင်တို့၏ ရင်ဝကို အရှိန်ပြင်းစွာ စူးနစ်ဝင်သွားသောအခါ ဘုရားမရှိ၊ တရားမရှိသူ သေအံ့မူးမူး လူတို့၏ ထုံးစံအတိုင်း လုပ်မိလုပ်ရာလုပ်၊ အော်မိချင်ရာအော်နှင့် သွေးရူးသွေးတမ်းဖြစ်ကြတော့သည်။

ကမ္ဘာပေါ်ရှိ မည်သည့်စစ်ပွဲတွင်မဆို အောင်ပွဲသည် သွေးအေးတည်ငြိမ်သူများ အတွက်ဖြစ်လာကာ သွေးရူးသွေးတမ်းဖြစ်တတ်သူများသည် ကျဆုံးစမြဲပင်ဖြစ်သည်။ မြန်မာပြည်မှ စစ်ဗိုလ်ချုပ်ကြီးများသည် သွေးရူးသွေးတမ်း သမားများဖြစ်ကြောင်းကို ဤအရေးတော်ပုံကြီးက မီးမောင်းထိုးပြနေခဲ့ပြီဖြစ်သည်။

တကယ်တော့ သြဂုတ်-စက်တင်ဘာ အရေးတော်ပုံကြီး မစတင်မီအထိ နအဖစစ်အာဏာရှင်တို့သည် သူတို့ကိုယ်သူတို့ မြန်မာ့အရေးတွင် အသာစီး ရနေပြီဟု ထင်ခဲ့ကြသည်။ ငြိမ်းအဖွဲ့များအား မြို့ပေါ်ခေါ်ကာ ရွှေငွေများခွံ့ထားနိုင်ခြင်း၊ အမျိုးဖျက်ညီလာခံအား အဆုံးသတ်၍ လမ်းပြမြေပုံ အဆင့်တဆင့်အား ပြီးဆုံးနိုင်ခြင်း၊ နိုင်ငံတကာ လက်နက်မဲ့စစ်မျက်နှာတခု ဖြစ်သော ကုလသမဂ္ဂတွင် တရုတ်နှင့် ရုရှားအား အပိုင်ပေါင်း၍ နိုင်ငံတကာမှ ထိရောက်စွာ အရေးယူမည့်အရေးကို ရှောင်ရှားနိုင်ခဲ့ခြင်းတို့အား အောင်ပွဲဟု ထင်ခဲ့ကြပုံပေါ်သည်။ ပြည်တွင်းအရေးများတွင်လည်း အထိဂရုဏ်းနှိမ်နင်းရေး ရဲတပ်များနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်များ ရှိလျှင် ဖူလုံပြီဟု မြင်ခဲ့ကြပုံပေါ်ပါသည်။ ပြည်သူလူထုကို သူတို့ အထင်သေးခဲ့ကြသည်။ ထို့ကြောင့်လည်း ဘုရားသား၊ ကျောင်းသားနှင့် လူထုကြီးသည် နအဖအား ခံစစ်နေရာသို့ တွန်းပို့လိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

သူတို့ကိုယ်သူတို့ ခံစစ်နေရာ ရောက်နေမှန်း သိရသော အချိန်၌ကား ဖရိုဖရဲ ဖြစ်ကြတော့သည်။ ထိုအခါ လေတိုးသည်ကိုပင် ရန်သူထင်ကာ သေနတ်ပစ်ဖောက်တတ်သော သတ္တိနည်းသူ ငကြောက်များ၏ ထုံးစံအတိုင်း တောပစ်တောင်ပစ်နှင့် ကြောက်မဲမဲနေကြတော့သည်။ လူ့စည်းကမ်းကိုလည်း နားမလည်၊ ကျင့်ဝတ်ဆိုသည်မှာလဲ ဝေလာဝေးနှင့် အဆုံးစွန် ကြောက်စိတ်မှသည် လူစိတ်ကင်းမဲ့ကာ တိရစ္ဆာန်စိတ်နှင့် နွားသိုးကြိုးပြတ်ကြီးနှယ် ဖြစ်နေလေသည်။ အဆိုပါနွားသိုးကြိုးပြတ်ကြီးအား ပါရမီဖြည့်နေသည့် ပေါက်ဖော်မကလည်း ရှိနေလိုက်သေးသည်။ သံဃာတော်များအား လူမဆန်စွာ အကြမ်းဖက်မှုမလုပ်ခင်တွင် နိုင်ငံခြားရေး ၀န်ကြီးအား ပေါက်ဖော်မဆီလွှတ်ကာ ရွှေလမ်းငွေလမ်းဖောက်၍ မီးစိမ်းလား၊ မီးနီလား တီးခေါက်လိုက်သေးသည်။ ပေါက်ဖော်မမီးစိမ်းပြသည်နှင့် အပိုင်ထင်ကာ အဟိတ်တိရစ္ဆာန်များပင် ပြုမည်မဟုတ်သာ အကုသိုလ်ဆိုးကြီးကို ပြုကျင့်ခဲ့ကြခြင်းဖြစ်သည်။

အဟိတ်တိရစ္ဆာန်များပင်လျှင် မေတ္တာဓာတ်ကို ခံစားနိုင်ကြသေးသည်ဖြစ်ရာ ယခု လူရုပ်ကြီးများ၊ လူ့ကိုယ်ခန္ဓာကြီးများကို ရရှိပိုင်ဆိုင်ထားသော အာဏာရှင်များနှင့် လက်ပါးစေများမှာကား စိတ်ဓာတ်ရေးရာတွင်မူ တိရစ္ဆာန်ထက်ပင် နိမ့်ကျသော မိစ္ဆာကောင်များ ဟုပင် ဆိုရပေမည်။ မေတ္တာပို့သံကို သေနတ်သံနှင့် လွှမ်းသည့် စစ်တပ်မျိုး ဗုဒ္ဓသာသနာတော် အစဉ်အဆက်တွင် မည်သည့်အခါကမျှ မရှိခဲ့စဖူး။ ဓမ္မကို အဓမ္မဖြင့် အနိုင်ယူရန် ကြိုးစားသူတို့၏ ဘ၀ကြမ္မာဆိုးကို နအဖတို့ မကြာခင် ကြုံတွေ့ကြရတော့မည်ဖြစ်သည်။

ယခုအခါတွင် နအဖတို့အစွမ်းကုန် စည်းလွတ်ဝါးလွတ် ရမ်းကားမှုများကြားတွင် လူထုတိုက်ပွဲများ ခေတ္တငြိမ်သက်နေသယောင်ရှိပါသည်။ အပြင်ပန်းတွင် ငြိမ်နေသယောင်ရှိသော်လည်း ပြည်သူလူထုကြီး တရပ်လုံး၏ ရင်ထဲမှ ဒေါသနှင့် နာကြည်းမှု မီးလျှံများကား တငွေ့ငွေ့ တောက်လောင်နေပေပြီ။ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံသည့် နိုင်ငံတော်ကြီးအား စားရမဲ့သောက်ရမဲ့ ကြမ္မာဆိုးကြီးဆိုက်ကပ်အောင် အချိန်ယူဖျက်ဆီးခဲ့ရုံမက တိုင်းပြည်၏ အလေးအမြတ်ထားရသည့် သာသနာတော်ကိုပင် ထိပါးစော်ကားသူ မိစ္ဆာများကို မည်သည့် လူပီသသော မြန်မာလူမျိုးကမှ ကျေနပ်လက်ခံနေကြမည်မဟုတ်ပါ။ နည်းပရိယာယ်အသွယ်သွယ်ဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြမည်သာဖြစ်သည်။

မုန်တိုင်းမကျမီ လေသည် ခေတ္တငြိမ်နေတတ်ပါသည်။ များမကြာမီသော အချိန်တွင်ကား မြန်မာပြည်တွင် တိုက်ခတ်မည့် သွေးမုန်တိုင်းတရပ်သည် ခံစစ်နေရာသို့ ကျရောက်နေပြီဖြစ်သော စစ်ဘီလူးငကြောက်များအား အဆုံးတိုင် တိုက်စားပစ်ပေတော့မည်။

တိုက်စစ်ကို အရှိန်မြှင့်ကြပါစို့။

(၁၁.၁၀.၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

တခါတုန်းကနေ့တနေ့


အဲဒီနေ့က

ကောင်းကင်ကြီးက

ကြည်လင်သန့်စင်နေတယ်၊

တောင်ကုန်းလေးပေါ်

ဖြတ်သန်းတိုက်ခတ်နေတဲ့

လေနုအေးလေးတွေက

ပတ်ဝန်းကျင်တခွင်ကို

အေးမြမြလေးဖြစ်နေစေတယ်၊

တောင်ပေါ်ဘုရားလေးဆီက

ဆည်းလည်းသံလေးတွေကိုလဲ

ကြည်နူးဖွယ်ရာ

ကြားနေရတယ်။


တောင်ကုန်းလေးရဲ့တနေရာမှာတော့

ကျွန်မတို့ချစ်သူနှစ်ယောက်

စာရွက်လေးတရွက်စီကို

လက်မှာကိုင်လို့

တကုပ်ကုပ်နဲ့

ရေးချွတ်နေခဲ့ကြတယ်။


ကျွန်မတို့နှစ်ယောက်ရဲ့

ဘ၀ခရီးအနာဂတ်တွေရယ်၊

ကျွန်မတို့

သိပ်ချစ်ကြတဲ့

မြန်မာပြည်ကြီးကို

ဖြစ်လာစေချင်တဲ့

ဆန္ဒလေးတွေရယ်ကို

စာရွက်ပေါ်မှာ

အတူရေးချရင်း

မျှော်လင့်ချက်တိုက်အိမ်ကြီးကို

ဆောက်လုပ်နေခဲ့ကြတာပါ။


ချစ်သူရယ်-

ဒီနေ့ဆိုရင်

ဒီတိုက်အိမ်ကြီးကို

မျှော်မှန်းနေခဲ့တာ

ငါးနှစ်တင်းတင်း

ပြည့်ခဲ့ရောပေါ့။


အဲဒီအခါတုန်းက

“ဒီမိုကရေစီရရင်

လွတ်မြောက်လာမယ့်

မြန်မာ့မြေပေါ်မှာ

မြန်မာ့ရေကိုသောက်၊

မြန်မာအစားအစာကို

မှီဝဲပြီး

မြန်မာကလေးတွေကို

စာသင်ပေးမယ်“ရယ်လို့

စိတ်ကူးထားခဲ့သူ

ကျွန်မလေ၊

အခုချိန်ခါမှာထိ

ကမ္ဘာပေါ်မှာ

မြန်မာဆိုတာကို

မျိုးသုဉ်းပျောက်ကွယ်အောင်

လုပ်နေတဲ့

မြန်မာ့ရန်သူ

နအဖကို

တိုက်ပွဲဝင်နေရဆဲပဲ။


အဲဒီအခါတုန်းက

“ဗုဒ္ဓသာသနာတော်

မြန်မာ့မြေပေါ်မှာ

အရောင်တ၀ါဝါ

ထွန်းလင်းပါစေ“လို့

ကျွန်မတို့တွေ

ဆန္ဒပြုခဲ့ကြတယ်နော်၊

ချစ်သူရယ်

အခုများမှာတော့

ကျွန်မတို့

ကိုးကွယ်ဆည်းကပ်

အလေးအမြတ်ထားရတဲ့

ရတနာသုံးပါး

တပါးပါဝင်

သံဃာ့သွေးတွေ

မြန်မာ့မြေပေါ်မှာ

စွန်းထင်းနေတာ

မြင်ရက်စရာပင်မရှိ၊

မျက်ရည်စက်လက်

အိပ်စက်ညတွေ

များလှပါပကောလား။


အဲဒီအခါတုန်းက

“မြန်မာပြည်သူတွေရဲ့

စားဝတ်နေရေး

လူနေမှုဘဝ

တိုးတက်သာယာပါစေ“ကြောင်း

ကျွန်မတို့တွေ

ဆန္ဒပြုခဲ့ကြတယ်နော်၊

ချစ်သူရယ်

အခုများမှာတော့

စားဝတ်နေရေး

ခြွတ်ခြုံကျနေတာ

ထမင်းနပ်မှန်အောင်

မစားနိုင်သူတွေ

ပိုများလာခဲ့ပြီတဲ့လေ။


အဲဒီအခါတုန်းက

“မြန်မာပြည်ကြီးမှာ

ဒီမိုကရေစီမျိုးစေ့ချနိုင်ရုံမက

အမြစ်တွယ်

ထွန်းကားပါစေကြောင်း

မောင်တထမ်း

မယ်တရွက်

လက်တွဲဆောင်ရွက်ဖို့“အရေး

ကျွန်မတို့တွေ

မျှော်တွေးခဲ့ကြဖူးတယ်နော်၊

ချစ်သူရယ်-

အခုချိန်ခါထိ

မျိုးစေ့မှန်ချနိုင်ဖို့အရေး

အသက်သွေးတွေနဲ့

တံတားခင်းနေရဆဲပါ။


တိုက်တိုက်ဆိုင်ဆိုင်ပဲ

ငါးနှစ်မြောက်

ဒီနေ့လေးမှာ

မြန်မာ့အရေးနဲ့

ပတ်သက်ပြီး

Glasgow မြို့လူထုကို

စကားပြောဖြစ်ခဲ့တယ်ချစ်သူ။


မြန်မာပြည်စစ်အစိုးရရဲ့

ယုတ်မာရိုင်းစိုင်းမှုတွေကို

ကမ္ဘာ့ပြည်သူတွေကိုပြောပြရင်း

မိဘနဲ့သားသမီး

ခင်ပွန်းနဲ့ချစ်ဇနီးတွေ၊

သိပ်ချစ်ကြတဲ့

ချစ်သူတွေကြားက

သေကွဲ၊ ရှင်ကွဲ

ဘ၀ဆိုးတွေကို

ပြောပြနေမိစဉ်မှာ

ကျွန်မမျက်ရည်တွေ

ကျနေခဲ့ရတယ်။


အို-ဘာပဲဖြစ်ဖြစ်

ကျွန်မတို့ရဲ့

မျှော်လင့်ချက်တိုက်အိမ်ကြီးကို

ဆက်လက်အကောင်အထည်ဖော်နေဆဲ၊

အဲဒီနေ့ရက်လေးလဲ

တသက်တာအဖြစ်

သတိရနေဆဲ၊

ရင်ထဲမှာ

ယုံကြည်ချက်ကတော့

“မြန်မာပြည်မှာ

ဒီမိုကရေစီ

ရကိုရရမယ်၊

စစ်အာဏာရှင်စနစ်

ပြုတ်ကိုပြုတ်ကျစေရမယ်“



(၆.၆.၂၀၀၇)

(Global Day of Action on Burma- Oct 6, 2007လှုပ်ရှားမှုကြီးကို ဂုဏ်ပြုပါကြောင်း)

အပြည့်အစုံဖတ်ချင်ရင်..>>>

အနားသတ်ကမ်းစပ်နှင့် အဆုံးသတ်အလင်းတန်း

Friday, October 5, 2007


ကျွန်ုပ်တို့မြန်မာပြည်ကြီးတွင် မင်းဆိုးမင်းယုတ်တို့၏ အမိုက်မှောင်ကြီးက ကြီးစိုးနေပါသည်။ လူသားချင်းစာနာခြင်းကင်းမဲ့မှု၊ ဘာသာသာသနာအား စော်ကားဖျက်ဆီးမှု၊ လူမဆန်စွာ ရိုင်းစိုင်းပက်စက်မှု စသည့် အမှောင်ထုကြီးက အုပ်မိုးနေပါသည်။ ထိုအမှောင်ထုကြီးပျောက်ကွယ်သွားစေရန်မှာ အဆုံးသတ် အလင်းတန်းလိုအပ်လှပါသည်။ ထိုအလင်းတန်းသည်ကား တရားမျှတမှုပင် ဖြစ်တော့သည်။

စစ်အာဏာရှင်အဆက်ဆက်တို့သည် မြန်မာလူထုအပေါ်တွင် မည်သို့သော အခါကမှ ရိုးသားဖြောင့်မတ်ခြင်းမရှိခဲ့ကြပါ။ စာနာနားလည်စိတ်မရှိခဲ့ကြသလို စေတနာမေတ္တာတရားလဲ ခေါင်းပါးလွန်းကြသည်။ ပြည်သူကို ရင်ဝယ်သားလို စောင့်ရှောက်ရမည့် အစိုးရတရပ်သည် ပြည်သူကို ရန်သူများလို ဆက်ဆံခဲ့ကြသည်။ ပြည်သူကို မိဘလို ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော်သားများသည် ပြည်သူကို သတ်ဖြတ်၍ ပြည်သူ့မျက်ရည်စက်ကို ရေချိုးကာ ပြည်သူ့သွေးစက်ကို ခြေဆေးခဲ့ကြသည်။ ခေတ်သစ် အဇာတသတ် ဘွဲ့ကို ကျေနပ်အားရစွာ အပြိုင်အဆိုင် ရယူခဲ့ကြသည်။

ထိုမျှနှင့်လဲ မရောင့်ရဲမတင်းတိမ်နိုင်ခဲ့ကြပါ။ ယခုအချိန်တွင်ကား မိဘပြည်သူများ၏ သွေးစက်များကို စုပ်ယူရသည်ကိုပင် မကျေနပ်နိုင်ကြပဲ လူအများဦးထိပ်ထားကြရသည့် ရတနာသုံးပါးကိုပင် အကြီးအကျယ် ပြစ်မှားခဲ့ကြလေပြီ။ သံဃာတော်များ၏ ကံဆောင်သပိတ်သည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သည့် ၀ိနည်းဒေသနာ တော်ဖြစ်သည်။ ထိုဒေသနာတော်အတိုင်း ကျင့်ကြံခဲ့ကြသည့် ရဟန်းသံဃာ များကို ပြစ်မှားခြင်းသည် ဘုရားကိုရော၊ တရားကိုပါ စော်ကားခြင်းသာဖြစ်သည်။ ရတနာသုံးပါးကို ဦးထိပ်မထားပဲ ခြေနှင့်နင်းဖျက်ခဲ့ခြင်းသည် သံသရာ အဆက်ဆက်၌ ငရဲအိုးထဲ စောက်ထိုးကျမည့် ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီး လိုက်ခြင်းသာဖြစ်သည်။

ကာလ၀ိပက်ဟူသည် နောက်ပိုးတက်သည်တင်မဟုတ်ပါ။ ရှေ့ပိုးလည်း တက်တတ်ပါသည်။ မကောင်းတာလုပ်၊ မကောင်းတာကြံသူများသည် တူသော အကျိုးပေးတတ်စမြဲပင်ဖြစ်သည်။ အာဏာရှင်တို့၏ အမိုက်မှောင်များကို ဖယ်ရှားမည့် အလင်းတန်းများကား မကြာမီ အချိန်တွင်ပင် ပေါ်ပေါက်လာပါလိမ့်မည်။

မည်မျှအပြောကျယ်လှသော ပင်လယ်သမုဒ္ဒရာကြီးပင် ဖြစ်စေကာမူ အနားသတ်ကမ်းစပ် ရှိစမြဲပင်ဖြစ်သည်။ ထိုနည်းတူစွာပင် မည်မျှများပြားသော မတရားမှုများပင်ဖြစ်စေကာမူ အဆုံးသတ်တွင် တရားမျှတမှု၏ အဆုံးအဖြတ်ကို ကြုံတွေ့ရစမြဲပင်ဖြစ်သည်။ ယခုအချိန်ဆိုလျှင် မတရားသော မင်းတရားများဖြစ်ကြသည့် ပူပူနွေးနွေး ငရဲသား နေ၀င်း၊ စောမောင် တို့သည် အပေါင်းအဖော်များထပ်မံရောက်လာမည့်အချိန်ကို ဆီပူအိုးထဲမှ နေ၍ စောင့်မျှော်နေလောက်ပေပြီ။

(မတရားသောစစ်အာဏာရှင်အစိုးရအား တရားမျှတမှုမှ မနှေးလျင်မြန်စွာ အနိုင်ရပါစေသတည်း)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP