တခါတုန်းက မိုးကုတ်က သူငယ်ချင်းဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ရပ်ကွက်မှာက လီဆူး လူမျိုးတွေ အများအပြား နေထိုင်ပါတယ်။ ဒါနဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းတွေနဲ့ ထပ်မိတ်ဆက်ပေးရင်း အိမ်တအိမ်က ကျွန်မကို ထမင်းစားဖိတ်ပါတယ်။ ထမင်းဝိုင်းမှာ ပျော်ပျော်ပါးပါး စားသောက်ကြရင်း ပြန်ခါနီးတော့ အိမ်ရှင်ကောင်မလေးက ကျွန်မသူငယ်ချင်းကို လှမ်းမေးပါတယ်။ နက်ဖြန် ထာပွဲသွားမလား ဆိုပြီးတော့ပါ။ အဲဒီအချိန်မှာ ကျွန်မက ထာပွဲဆိုတာကို ပွဲတော်တခုခုလို့ ထင်သွားပါတယ်။ ဒါနဲ့ ပွဲရှိတာလား။ ကျွန်မလဲ လိုက်ချင်တယ်လို့ မနေနိုင်၊ မထိုင်နိုင် ၀င်ပြောမိပါတယ်။ အဲဒီကောင်မလေးက ပြုံးစိစိ ဖြစ်သွားပြီး၊ သူငယ်ချင်းကို လှမ်းကြည့်ပါတယ်။ နောက်မှ သိရတာက ထာပွဲဆိုတာ မိုးကုတ်မှာ ရှေးတုန်းက ကျောက်တွေပြရင် ထာလို့ ခေါ်တဲ့ ကြေးလင်ဗန်းကြီးတွေနဲ့ ထည့်ပြလေ့ရှိတာကြောင့် ကျောက်မျက်ရတနာတွေ အရောင်းအ၀ယ် လုပ်ကြတဲ့ နေရာကို ထာပွဲလို့ ခေါ်ကြတာပါတဲ့။ ဒီတုန်းက တွေးလိုက်မိပါတယ်။ မြန်မာစကားကို မြန်မာလို ပြောပေမယ့်လဲ ဒေသအခေါ်အဝေါ်၊ အခြေခံသဘောတရားတွေပေါ်မှာ မူတည်ပြီး ပြောသူနဲ့ နားလည်သူတွေအကြားမှာ နားလည်မှုလွဲတာတွေ ရှိနိုင်တယ် ဆိုတာကိုပါပဲ။
ခုလဲ မြန်မာလို ရေးမယ့် ဆောင်းပါးမှာ ကိုးလို့ကန့်လန့်နဲ့ အင်္ဂလိပ်လို ခေါင်းစဉ် တပ်ထားရပါတယ်။ အကြောင်းရင်းကတော့ ဒီခေါင်းစဉ်ကို မြန်မာလို ဘာသာပြန်လိုက်တာနဲ့ ဝေါဟာရ နောက်ကွယ်က အခြေခံသဘောတရားတွေနဲ့ ကွဲလွဲတဲ့ အဓိပ္ပာယ်ကောက်ယူမှုတွေ ဖြစ်လာနိုင်စေလို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာစကားမှာ အင်္ဂလိပ်ဘာသာကနေ ဘာသာပြန်ယူထားတဲ့ စကားတွေ ရှိပါတယ်။ တချို့စကားလုံးတွေကျတော့လဲ တိုက်ရိုက်ပြန်ဆိုထားကြပါတယ်။ ဥပမာ- မော်တော်ကား (Motorcar)၊ ကွန်ပျူတာ (Computer)၊ ဒီမိုကရေစီ (Democracy) စတဲ့ စကားလုံးတွေပါ။ တချို့စကားလုံးတွေကျတော့လဲ ဆီလျော်အောင် ဘာသာပြန်လိုက်ကြပါတယ်။ ဒါပေမယ့် တခါတလေမှာ ဆီလျော်အောင် ဘာသာပြန်လိုက်ရင် ဘာကြီးမှန်း မသိတာတွေလဲ ထွက်လာတတ်ပါသေးတယ်။ ဥပမာ- ကွန်ပျူတာ ဘာသာရပ်မှာ Hardware ကို အမာထည်၊ Software ကို အပျော့ထည်လို့ ဘာသာပြန်ထားတာတွေ ဖြစ်ပါတယ်။ ကျွန်မ ရှစ်တန်းလောက်မှာ ကွန်ပျူတာဆိုတာကြီးကို စသင်ရတော့ အဲဒီအမာထည်၊ အပျော့ထည် ဆိုတာကြီးကို စကြားရတဲ့အခါ ကျွန်မနားထဲမှာ ဘယ်လို ဖြစ်မှန်းကို မသိဘူး။ အပျော့ထည်ဆိုတော့ ပျော့စိစိကြီး ဖြစ်လို့နေမှာ၊ ဘာကြီးလဲပေါ့။
အခုလဲ ဆီလျော်အောင် ဘာသာပြန်ထားကြရင်း ရှုပ်ထွေးနေတဲ့ ဝေါဟာရတွေ ရှိနေပါတယ်။ Violence ဆိုတာကို အကြမ်းဖက်မှု၊ Non-Violence ဆိုတာကို အကြမ်းမဖက်မှု၊ Terrorism ဆိုတာကိုလဲ အကြမ်းဖက်မှု ဆိုပြီး ဘာသာပြန်လေ့ရှိကြပါတယ်။ ဒီတော့ အကြမ်းဖက်မှုလို့ ဆိုလိုက်တာနဲ့ ဆိုလိုတာက Violence ကို ဆိုလိုချင်တာ ဖြစ်ပေမယ့် လူအများက Terrorism လို့ မြင်သွားတာလဲ ရှိပါတယ်။ Political Violence အမျိုးအစားတမျိုးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး (Armed Struggle) ကို ရည်ညွှန်းပြီး၊ လုပ်ဆောင်နေသူများကို အကြမ်းဖက်တယ်လို့ ဆိုလိုက်ရင်လဲ ဒါက Terrorist လို့ ပြောလိုက်သလို ဖြစ်သွားပြန်ပါတယ်။ ဒီအခြေအနေတွေကို State Terrorism ကျူးလွန်နေတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက အခွင့်ကောင်းယူပြီး၊ လက်နက်ကိုင်တာနဲ့တင် Terrorist ဖြစ်အောင် မလိမ့်တပတ် တံဆိပ်ကပ်မှုတွေ လုပ်လာပါတော့တယ်။
ဒီပြဿနာတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေကြားထဲမှာ၊ လူ့အဖွဲ့အစည်းအတွင်းမှာ တိုးတိုးကြိတ်ကြိတ် ငြင်းခုန်မှုတွေ၊ အမြင်ကွဲလွဲမှုတွေ ဖြစ်တတ်တဲ့ ပြဿနာ တရပ်ဖြစ်ပါတယ်။ များသောအားဖြင့် လူအများက အကြမ်းမဖက်ဘူးဆိုတာကို Non-Violence, အကြမ်းဖက်မှုဆိုတာကို Terrorism လို့ပဲ တွဲပြီး မှတ်ယူသွားတတ်ကြပါတယ်။ ဒီတော့ Non-Violence မဟုတ်ရင်ပဲ Terrorism လို့ ကောက်ချက်ချနေသူတွေလဲ ရှိလာပြန်ပါတယ်။ ကြာရင် ဒီပြဿနာဟာ အကျယ်၊ အကျယ်ဖြစ်လာပြီး မလိုလားအပ်တဲ့ အပြန်အလှန် ငြင်းခုန်မှုတွေ၊ နိုင်ငံရေး သွေးကွဲမှုတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ ဒါတွေ မြစ်ဖျားခံလာတဲ့ Violence, Non-Violence နဲ့ Terrorism တို့ရဲ့ အခြေခံ သဘောတရားတွေကတော့ ဒီလို ရှုပ်ထွေးမှုတွေ မရှိပါ။ သဘောတရားအချင်းချင်း အငြင်းပွားမှုတွေ ရှိပေမယ့် Violence နဲ့ Terrorism အကြားမှာတော့ ထင်သာ မြင်သာတဲ့ ကွဲလွဲမှုတွေ ရှိပါတယ်။
Violence ဆိုရာဝယ်
Violence ဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ Violence ဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ Violence သဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေအထိ ပါဝင်ပါတယ်။
လူအများက Violence လို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိသွား တတ်ကြပါတယ်။ ဒါတွေက Violence အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ သဘောတရား ရောထွေးနေလို့ ဖြစ်ပါတယ်။ (terrorism က Violence ရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ Violence မှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ ရှိပါတယ်)
ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ violence ဆိုတာကို Direct Violence၊ Structural Violence နဲ့ Cultural Violence ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ Direct Violence က ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ Direct Violence မှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင်ပါတယ်။ Direct Violence ကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ Direct Violence ဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကို သာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။
ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ Direct Violence ကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ Violence လုပ်ခံရခြင်းပဲ ဖြစ်ပါတယ်။
လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ ကွာဟချက်ကြီးမှု၊ ကျားမခွဲခြား သတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး ၀န်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင် ရပ်တည်နေရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or repressive structures တွေရဲ့ ဖိနှိပ်မှုတွေကို ခံစားရလို့ဖြစ်ပါတယ်။
နောက်ထပ် Violence တခုကတော့ cultural violence ဖြစ်ပါတယ်။ cultural violence ဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက Direct Violence ခေါင်းစီးအောက် ရောက်သွားမှာပါ။ Cultural Violence ဆိုတာက direct violence နဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့ နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ်ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။
structural violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးတည်သွားစေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ Direct Violence ဟာ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေကို သက်ရောက်စေနိုင်ပြီး၊ Cultural Violence က အမြင်သဘောထား (attitudes) တွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး Direct Violence ကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး cultural violence ကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။
Non-Violence ဆိုရာဝယ်
Non-Violence ဆိုတဲ့ သဘောတရားဟာ ကမ္ဘာပေါ်မှာ ရှေးနှစ်ပေါင်းများစွာ ကတည်းက ပေါ်ပေါက်နေတဲ့ သဘောတရားတရပ် ဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရား အများစုမှာ Non-Violence သဘောတရားတွေ ပါဝင်နေပါတယ်။ Non-Violence နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိပါတယ်။ အယူအဆတွေ၊ ရှုမြင်သုံးသပ်မှုတွေ အများအပြားရှိပါတယ်။ ငြိမ်းချမ်းရေး သဘောတရား ဖြစ်ထွန်းမှုပေါ်မှာ မူတည်ပြီး Non-Violence ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုကြရာမှာ ပညာရှင်တွေက ခြောက်မျိုးခွဲခြားထားကြပါတယ်။
ပထမတမျိုးကတော့ Non-Violence ဆိုတာ စစ်မဖြစ်ရန် ကာကွယ်ခြင်း ဖြစ်ပါတယ်။ စစ်ဆိုတာက Violence ဖြစ်စေတဲ့အတွက် စစ်မဖြစ်ရန် ကာကွယ်တဲ့ ဘယ်လိုလုပ်ငန်းဆောင်တာမဆို Non-Violence action ပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။။ နယူးကလီးယား deterrence strategy ဟာလဲ Non-Violence လုပ်ငန်းဆောင်တာဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ စစ်အေးတိုက်ပွဲကာလမှာ နယူးကလီးယား လက်နက်တွေသာ မရှိခဲ့ရင် ကမ္ဘာစစ်နောက်တကြိမ် ထပ်ဖြစ်သွားနိုင်တာကြောင့် nuclear deterrence strategy ဟာ စစ်ပွဲကို ကာကွယ်ပေးခဲ့တယ်လို့ စစ်ဘက်ခေါင်းဆောင်များနဲ့ စစ်အေးတိုက်ပွဲကာလ ပညာရှင်အချို့က သုံးသပ်ကြတာ ဖြစ်ပါတယ်။
Non-Violence ဆိုတာကို International System ချိန်ခွင်လျှာ ညီလာအောင် ထိန်းကျောင်းပေးတဲ့ အနေနဲ့ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ကြပါတယ်။ non-violence သဘောတရားကို အခြေခံပြီး စစ်ဖြစ်လာရင်တောင် ဒီစစ်ဟာ war without weapons ဖြစ်တဲ့အတွက် နိုင်ငံတကာရေးရာမှာ ပါဝါချိန်ခွင်လျှာ ညီမျှလာအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆ သတ်မှတ်ကြပါတယ်။ အချို့သော နိုင်ငံရေး၊ စီးပွားရေး စနစ်တွေမှာ Violence က ဒွန်တွဲ ပါနေတာဖြစ်တဲ့အတွက် ဒီစနစ်တွေကို ပြုပြင်ပြောင်းလဲနိုင်ရေးဟာ ငြိမ်းချမ်းရေး သုတေသန နယ်ပယ်အတွက် အခြေခံအကျဆုံး လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်။ ဒီလို Structural Violence မရှိအောင် ပြုလုပ်ခြင်းကို Structural Non-violence အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။
feminists တွေက မိသားစုဘ၀ကနေ အစပြုပြီး လူ့အဖွဲ့အစည်းအတွင်းမှာ violence အမြစ်တွယ်နေတာကို ထောက်ပြ ဝေဖန်ခဲ့ကြပြီး၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတဲ့ Patriarchy စနစ်ဟာ violence ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ Non-Violence ပြုမူဆောင်ရွက်မှုတွေဟာ လူတဦးနဲ့ တဦးအကြားက ဆက်ဆံရေး၊ လူတဦးချင်းနဲ့ နိုင်ငံအကြားက ဆက်ဆံရေးတွေမှာပါ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတဲ့ feminist non-violence အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလဲ ရှိပါတယ်။ Holistic Gaia Peace ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ရှုပြီး non-violence ဆိုတဲ့ သဘောတရားမှာ နိုင်ငံတော်ကနေ လူပုဂ္ဂိုလ်တဦးချင်းအထိ လုပ်ဆောင်ကြတဲ့ non-violent actions တွေအားလုံးနဲ့ Non-violent political and economic structures များ ဖြစ်ပေါ်လာရေး လုပ်ဆောင်ချက်တွေ အားလုံးပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ လူပုဂ္ဂိုလ်အချင်းချင်းသာမက သက်ရှိသတ္တ၀ါလောကနဲ့ ဆက်စပ်မှုတွေမှာပါ non-violence ဖြစ်ရမယ်လို့လဲ ရှုမြင်ကြတာကြောင့် environmentalism, vegetarianism စတဲ့ ၀ါဒတွေမှာ ထပ်ပြီး ပေါ်ထွက်လာပါတယ်။
Holistic Inner and Outer Peace ဆိုတဲ့ ရှူထောင့်ကနေ ကြည့်ရှူပြီး non-violence ဆိုတဲ့ သဘောတရားကို ဘ၀ဒဿန အနေနဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုတာလဲ ရှိပါတယ်။ လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်တွေက ဒီရှုထောင့်အမြင်တွေကို ကိုင်စွဲပြီး nnon-violence ဟာ လှုပ်ရှားမှုရဲ့ အသက်သွေးကြော အဖြစ် ကျင့်သုံးမှုတွေလဲ ရှိပါတယ်။ ရုရှားက Izo Tolstoy၊ အမေရိကန် ပြည်ထောင်စုက Henry David Thoreau၊ အိန္ဒိယက မဟတ္တမ ဂန္ဒီ၊ အမေရိကန်ပြည်ထောင်စုက Martin Luther Kingနဲ့ Cesar Chavez ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက non-violence ဆိုတဲ့ သဘောတရားကို လှုပ်ရှားမှု Tactic တခုအနေနဲ့တင် မဟုတ်ပဲ၊ အသက်သွေးကြောအနေနဲ့ ယုံကြည်သက်ဝင်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘ၀မှာပါ ဘ၀ဒဿနအနေနဲ့ လက်ခံ ကျင့်သုံးကြတာ ဖြစ်ပါတယ်။
ဒီလို Non-Violence သဘောတရားတွေကို ရှုထောင့်အမျိုးမျိုးကနေ အနက်အဓိပ္ပာယ်ဖွင့်ဆိုကြ၊ ကိုယ်ပိုင်လက်တွေ့ဘ၀က အစပြုလို့ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအထိ နည်းမျိုးစုံနဲ့ အသုံးပြုကြရာမှာ အောင်မြင်ခဲ့တာတွေ ရှိသလို၊ မအောင်မြင်ခဲ့တာတွေ။ အားနည်းချက်ရှိခဲ့တာတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းမှာ Violence အမြစ်တွယ်နေရင် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ အများအပြား ဖြစ်စေတတ်တာ၊ Direct Violence ဖြစ်တဲ့ ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ကိုင်ဆောင်မှုတွေကြောင့် လူတွေရဲ့ အသက်အန္တရာယ်ကို ဆုံးရှုံးစေတတ်တာ၊ ကိုယ်ခန္ဓာထိခိုက်ပျက်စီးမှုတွေ ဖြစ်စေတတ်တာ၊ Structural Violence ဖြစ်တဲ့ နိုင်ငံရေးစနစ်တွေ၊ လူမှုစီးပွားစနစ်တွေကြောင့်လဲ လူသားတွေရဲ့ လူ့ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေ ဖြစ်လာတတ်တာ၊ Cultural Violence က Direct Violence နဲ့ Structural Violence ကို အားဖြည့်ကူညီပေးမှုတွေ ရှိတတ်တာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ ဒါကြောင့် Non-Violence သဘောတရားတွေ လူ့အဖွဲ့အစည်းအတွင်းမှာ ပျံ့ပွားလာခြင်း၊ Non-Violence ယဉ်ကျေးမှုတရပ် လူ့အဖွဲ့အစည်းအတွင်းမှာ ရှင်သန် ထွန်းကားခြင်း ရှိလာမှသာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်လို့ ငြိမ်းချမ်းရေးသိပ္ပံပညာက မီးမောင်းထိုးပြ ထားပါတယ်။
Terrorism ဆိုရာဝယ်
Terrorism ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်းသမားတွေ၊ အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြပါတယ်။ Terrorism Studies ဆိုင်ရာမှာ နာမည်ကြီးပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က Terrorism ဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များပြည့်မှီဖို့အတွက် တရားမ၀င်လက်နက် အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့ အနက်ဖွင့်ဆိုခဲ့တယ်။ Terrorism Studies သင်တန်းအားလုံးမှာ မရှိမဖြစ်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ 'Inside Terrorism' ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ Terrorism ဆိုတာမှာ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ Terrorism ရဲ့ သားကောင်တွေ (သို့) ပစ်မှတ်တွေကိုသာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊ Violence နည်းနဲ့ ဖြေရှင်းမှုတွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။
Terrorism ဆိုတာထဲမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရားပါဝင်တာကြောင့် Terrorists များ ကိုင်စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ် Terrorismကို လေ့လာတဲ့ လက်နက်ကျွမ်းကျင် ပညာရှင်များကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ၊ အများအပြား သေကျေပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး ခွဲခြားဖော်ပြခဲ့ကြပါတယ်။ စစ်သုံးလက်နက်တွေဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ- ၄၇၊ အမ်- ၁၆ တို့လို ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန်လုပ် Ingramလို စက်သေနတ်တွေ၊ အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ် Stingerနဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု Terrorist attacks တွေမှာ အသုံးပြုကြပါတယ်။ ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4 (C-4) တို့လို ပလပ်စတစ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့ triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊ လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။
နောက်တမျိုးကတော့ WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာ အေးဂျင့်တွေ၊ ဇီဝဆိုင်ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေကနေ နယူးကလီးယား လက်နက်တွေအထိ ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးကတည်းက ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ အတိုကောက်ခေါ်ကြတဲ့ chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်လာခဲ့ရင် ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။
ဒီလို နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ ပေါ်လစီရေးဆွဲနေသူတွေအတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစား လာကြရပြန်ပါတယ်။ ဘာလဲဆိုတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ ပါဝင်နေတဲ့ အချက်ပါ။ လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းတွေဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့ လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင် State Terrorism ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ ရောက်သွားတဲ့အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး အပေါ်မှာ ဘယ်လောက်ထိခိုက်စေမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တချက်ဖြစ်လာပါတော့တယ်။
တကယ်တော့ နိုင်ငံတော်အစိုးရဆိုတာ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြည့်စုံဖူလုံစေဖို့၊ ပညာရေးတိုးတက်မြင့်မားစေဖို့၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့ လူထုက ရွေးချယ်တာဝန်ပေး၊ အာဏာအပ်နှင်းခံထားရတဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒါပေမယ့် တချို့သော နိုင်ငံတွေမှာ အာဏာဟာ လူထုက မသက်ဆင်းပဲ လူထုကို ခြိမ်းချောက်သတ်ဖြတ်ပြီး၊ မတရားအာဏာယူထားတဲ့ အစိုးရတွေ အုပ်ချုပ်နေကြပါတယ်။ ဒီလိုအစိုးရတွေဟာ အကြောက်တရားနဲ့အုပ်ချုပ်ဖို့အတွက် ပြည်သူလူထုကို အန္တရာယ် ပြုတတ်ကြပါတယ်။ လူထုရဲ့ ပညာရည်အဆင့်အတန်းတွေ တိုးတက်မြင့်မားလာရင် တွေးခေါ်မှုအဆင့်အတန်းတွေ တိုးမြင့်လာပြီး နိုင်ငံရဲ့ ပကတိအမှန်တရားကို သိမြင်လာတာနဲ့အမျှ တော်လှန်ပုန်ကန်မှုတွေ ပေါ်ပေါက်လာတတ်တာ ဓမ္မတာမို့ ဒီလို အစိုးရတွေဟာ ပညာရည်အဆင့်အတန်း မြင့်မားမှုမရှိအောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးထားတတ်ကြပါတယ်။
ကျန်းမာရေး၊ စားဝတ်နေရေး ပြည့်စုံဖူလုံရေးကိုလည်း စေတနာမှန်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိကြတော့ပါဘူး။ အာဏာတည်မြဲရေးအတွက် အာဏာရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာဖို့အရေးနဲ့ အင်အားကြီးမားလာဖို့အရေးကိုသာ ရှေးရှုလုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်း လူထုကို ခြိမ်းချောက် အကြမ်းဖက်မှုတွေကလဲ တစတစ တိုးမြင့်လာပါတယ်။ ဒီလိုအခြေအနေမျိုးကို (state terrorism) အမျိုးအစားတွေထဲက state terrorism as domestic policy အဖြစ် ပညာရှင်များက ခေါ်ဆိုသတ်မှတ်လာကြပါတယ်။
Violence နှင့် Terrorism သဘောတရားတို့၏ ကွဲပြားမှုများ
Violence နဲ့ Terrorism ကို မြန်မာလိုဘာသာပြန်ကြရမှာ အကြမ်းဖက်မှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေအနေနဲ့ ဆင်တူယိုးမှားတွေ ဘာသာပြန်ကြပေမယ့် အခြေခံသဘောတရားတွေမှာတော့ ကွဲပြားမှုတွေ အများအပြား ရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး Political Violence တွေ ဖြစ်ပွားလာတဲ့အခါ ဖြစ်ပွားတဲ့ သဏ္ဍာန် အမျိုးမျိုး ရှိပါတယ်။ အဓိကရုဏ်း (Riots)၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခြင်း (Political Assassinations)၊ သူပုန်ထမှု (Insurgency)၊ Terrorism ဆိုပြီး သဏ္ဍာန်အမျိုးမျိုး ရှိပါတယ်။ Terrorism ဆိုတာ အစွန်းရောက်ဝါဒ (extremism) ပေါ်မှာ အခြေတည်ပြီး ပေါ်ထွက်လာတဲ့ Political Violence အမျိုးအစားတခုဖြစ်ပါတယ်။ ဒါကြောင့် Violence နဲ့ Terrorism ကို အတူတူပဲ လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။
လက်နက်ကိုင်တော်လှန်ရေး (A/S)၊ တော်လှန်ရေးစစ်ပွဲ Guerrillas Warfare (GW)၊ သူပုန်ထမှု Insurgency၊ တော်လှန်ရေး (Revolution) အမျိုးသားလွတ်မြောက်ရေး (National Liberation) စတာတွေအားလုံးဟာ Political Violence အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Political Violence ဆိုတာက လူသားသမိုင်းနဲ့ အတူမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မတရားမှုတွေက ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဆိုတာ လူ့တာဝန်တရပ် ဖြစ်လာပါတယ်။ ဒီတာဝန်ကို ကမ္ဘာတ၀ှမ်းလုံးက ပြည်သူ လူထုကြီးက အသက်နဲ့ရင်းပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ မတရားတဲ့ အာဏာရှင် အစိုးရများစွာဟာ လူထုကြီးရဲ့ Political Violence တွေကြောင့် အာဏာကို စွန့်လွှတ်ခဲ့ကြရပါတယ်။ Political Violence တွေကြောင့် အမေရိကန်တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပါတယ်။ Thomas Jefferson က တော်လှန်ပုန်ကန်မှုဆိုတာ အစိုးရတရပ်ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက် လိုအပ်တဲ့ ဆေးဝါး ဖြစ်တယ်လို့ ဆိုထားခဲ့ဖူးပါတယ်။
utilitarianism နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်တဲ့ John Stuart Mill ကလဲ political violence ဆိုတာကို ဖြစ်ပေါ်လာတဲ့ အခြေအနေတရပ်မှာ ကျင့်ဝတ်အားဖြင့် ဘယ်လောက်မှန်ကန်တယ်ဆိုတဲ့ balance of reason ပေါ်မှာ မူတည်ပြီး justify လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ တကယ်လို့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်နေပြီဆိုရင်၊ လူထုရဲ့ အမြင်နဲ့ သဘောထားတွေကို လျစ်လျူပြုနေပြီဆိုရင် ဒီလို အခြေအနေမျိုးမှာ လူထုအနေနဲ့ political violence ကို အသုံးပြုပြီး တော်လှန်ရမှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို ပေါ်လွင်အောင် ရေးသားထားခဲ့ပါတယ်။ Political Violence ကို အသုံးပြုရာမှာ တရားမျှတမှုရှိမရှိ ဆိုတဲ့ အချက်နဲ့ အောင်ပွဲအတွက် ဖြစ်နိုင်ချေရှိမှု နှစ်ခုကို ကြည့်ပြီး justify လုပ်ဖို့ ဆိုထားခဲ့ပါတယ်။
Robert Audi ကတော့ တခြားငြိမ်းချမ်းရေးနည်းလမ်းများကို ဘယ်လိုမှ အသုံးပြုလို့ မရနိုင်တော့တဲ့အဆုံးမှာ Political Violence ကို နောက်ဆုံးနည်းလမ်းအနေနဲ့ အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူက နိုင်ငံရေးအဖွဲ့အစည်းတခုဟာ တောင်းဆိုမှု၊ အသနားခံမှုတွေ ဘာမှကို ထပ်လုပ်လို့ မရနိုင်တော့တဲ့ အခြေအနေ၊ တောင်းဆိုချက်မှန်သမျှကို လျစ်လျူရှုခံနေရတဲ့ အခြေအနေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံလိုက်ရတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ပုန်ကန်တော်လှန်မှုတွေ ပြုလုပ်တဲ့ တော်လှန်ရေး လမ်းကြောင်းတခုပေါ်ကို တက်ရောက်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ အာဏာရှင် အစိုးရတွေကို သံတမန်နည်းလမ်း၊ သာမန် တောင်းဆိုချက် နိုင်ငံရေးနည်းလမ်းတွေနဲ့တော့ အောင်မြင်အောင် ဆန့်ကျင်နိုင်မှာ မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ဒီလိုတွေးခေါ်ပညာရှင်တွေအပါအ၀င် ကမ္ဘာ့ပြည်သူလူထုဟာ Political Violence အမျိုးအစားတွေဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ သူပုန်ထမှုတွေ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်တဲ့ အာဏာရှင်တွေကို ပုန်ကန်မှုတွေအနေနဲ့ တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ အဖိနှိပ်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်တဲ့ Non-State actors တော်လှန်ရေးအဖွဲ့အစည်းတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့်လဲ တော်လှန်ရေး အဖွဲ့အစည်း တချို့ဟာ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မကျူးလွန်သင့်တဲ့ ရာဇ၀တ်မှုတွေကို စတင် ပြုလုပ်လာကြပါတော့တယ်။ မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ထိပါးစေတဲ့ ဗုံးဖောက်ခွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ စစ်ပွဲမှာတောင် ရှောင်ရှားရမယ့် ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်းစတာတွေကို စီးနင်းမှုတွေ၊ အများပြည်သူ အသုံးပြုတဲ့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလို လုပ်ဆောင်လာမှုတွေမှာ Political Frustration ကြောင့် ပေါ်ထွက်သွားတဲ့ တိုက်ခိုက်မှုတွေသာမက အဖွဲ့အစည်းရဲ့ အမည်ကို လူသိထင်ရှားဖြစ်စေလိုမှု၊ ခေါင်းဆောင်အမည် နာမည်ကျော်ကြားလိုမှုနဲ့ နိုင်ငံတကာပြည်သူတွေက သိသွားစေလိုမှု စတဲ့ ရည်ရွယ်ချက်တွေပါ ပါဝင်လာကြပါတယ်။
ဒါတွေဟာ (၁၉၇၀) နှောင်းပိုင်း ကာလတွေမှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ Terrorist attacks များစွာနဲ့အတူ လက်နက်ကိုင်တော်လှန်ရေး ရေချိန် နိမ့်တုန်မြင့်တုန် ဖြစ်ကုန်မှုတွေနဲ့ တော်လှန်ရေးလမ်းစဉ်တွေကို လူထုက အပြည့်အ၀ ထောက်ခံ ပါဝင်မှု လျော့ပါးလာမှုတွေရဲ့ နိဒါန်း အစပါပဲ။ တော်လှန်ရေးနဲ့ Terrorism ကို ဝေေ၀၀ါးဝါး နဲ့ နားလည်မှုတွေ ရှုပ်ထွေးကုန်ကြပါတယ်။ တော်လှန်ရေးသမားတွေကို Terrorist တွေလို့ တံဆိပ်ကပ် ချေမှုန်းနိုင်ခွင့်ကို အာဏာရှင်တွေကို သွားပေးလိုက်သလို ဖြစ်ကုန်ပြီး၊ အာဏာရှင်တွေက ကျူးလွန်နေတဲ့ State Terrorism ကို ထင်သာမြင်သာ မရှိစေပဲ ရောထွေးသွားစေပါတယ်။ တခါတရံမှာ ဒီလို အခြေအနေတွေဖြစ်အောင် အာဏာရှင်တွေ ကိုယ်တိုင်က ဗုံးဖောက်ခွဲမှုတွေ လုပ်ပြီး တော်လှန်ရေးသမားတွေကို စွပ်စွဲတာတွေလဲ ဖြစ်လာပါတယ်။
လက်နက်ကိုင် တော်လှန်ရေးနဲ့ Terrorism အကြားမှာ ခြားထားတဲ့ စည်းဘောင်ဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ ချီတက်လာတဲ့ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်မှု၊ မြို့ပြမှာ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံကို ဗုံးခွဲမှု၊ ပြည်သူလူထုကို indiscriminate killings မဖြစ်စေသော မြို့ပြပြောက်ကျားတိုက်ပွဲများ ဆိုရင် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ indiscriminate killings ကျတော့ Terrorism ဖြစ်သွားပါတယ်။ စစ်ဖြစ်နေတဲ့ အခြေအနေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အများပြည်သူအတွက် ခုခံကာကွယ်ပေးနေရတဲ့ အခြေအနေ စတာတွေပေါ်မှာလဲ မူတည်ပါသေးတယ်။
Violence နှင့် Non-Violence သဘောတရားတို့အကြားက ကွဲပြားမှုများ
ငြိမ်းချမ်းရေးဆိုတာ violence ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီသဘောတရားကို လက်ခံပြီး၊ ငြိမ်းချမ်းရေး ဆောင်ကျဉ်းဖို့ ကြိုးပမ်းသူတွေက Non-Violence အတွေးအခေါ်၊ အမြင်သဘောထားတွေ ပျံ့နှံ့လာဖို့ ကြိုးပမ်းလုပ်ဆောင်လေ့ ရှိကြပါတယ်။ Non-Violence ယဉ်ကျေးမှု ထွန်းကားလာဖို့အတွက် Non-Violence အတွေးအခေါ်တွေကို လူ့အဖွဲ့အစည်းအတွင်းမှာ ဖြန့်ဖြူးပေးပြီး လူအများရဲ့ အမြင်သဘောထား (attitudes) တွေကို ပြောင်းလဲပေးရင် Direct Violence ကို ရပ်နိုင်သွားမယ်လို့ ယူဆကြပါတယ်။ ဒီအခြေအနေအထိကို လူအများက လက်ခံပါတယ်။ ဒါပေမယ့် Structural Violence ကိုကော ဘယ်လိုရပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေ ပေါ်ထွက်လာပါတော့တယ်။ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများကတော့ Non-Violence နည်းလမ်းများနဲ့ ရပ်ဖို့ အကြံပြုချက်လေ့ရှိပါတယ်။ အကြံပြုချက်တွေရဲ့ အနှစ်သာရက ပြည့်စုံပေမယ့် လက်တွေ့မှာကျတော့ လိုက်နာဖို့ ခဲယဉ်းတယ်လို့ အချို့က ဆိုပါတယ်။
နိုင်ငံတနိုင်ငံက aggression ဖြစ်လာပြီး၊ အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်လာတဲ့အခါ ကျူးကျော်ခံရတဲ့ နိုင်ငံတွေက ပြန်ပြီး မတွန်းလှန်ရတော့ဘူးလား။ ဒီလို မတွန်းလှန်ရဘူးဆိုရင် ဒီနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရပ်ဆိုင်းသွားအောင် တခြားဘာနည်းလမ်းနဲ့ လုပ်ပေးနိုင်မလဲ။ ဒီလိုလုပ်ပေးဖို့ ဘယ်အဖွဲ့အစည်းက တာဝန်ယူမလဲ။ နိုင်ငံတနိုင်ငံမှာ စစ်တပ်ဆိုတာ ထားရှိဖို့ လိုအပ်သလား ဆိုတာတွေက မေးစရာ ဖြစ်လာပါတော့တယ်။ သေချာရေရာတဲ့ အဖြေက လက်ရှိအချိန်ထိ မပေါ်ပေါက်သေးပဲ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးရမယ့် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်တိုင်က peace operations တွေမှာ လက်နက်ကိုင်တပ်သားတွေကို မလွဲမရှောင်သာ အသုံးပြုမှု ရှိနေရပြန်ပါတယ်။
(၁၉၆၀) အလွန် ကမ္ဘာ့နိုင်ငံရေးလောကမှာ Arms Control, Disarmament စတဲ့ ဝေါဟာရတွေ အလွန်ခေတ်စားခဲ့ပါတယ်။ လူအများကို သေကြေစေနိုင်တဲ့ လက်နက်တွေကို ထိန်းချုပ်ဖို့၊ လက်နက်များကို abolition လုပ်ဖို့ စတာတွေနဲ့ ပတ်သက်ပါတယ်။ ကမ္ဘာပေါ်က စစ်ပွဲတွေမှာ လူအများသေကြေပျက်စီးတာဟာ စစ်လက်နက် ပစ္စည်းတွေကြောင့် ဖြစ်တယ်။ ဒါကြောင့် စစ်လက်နက်ပစ္စည်းများကို ဖျက်သိမ်းလိုက်ခြင်းဟာ high road to peace လို့ ယူဆသူများလဲ ရှိပါတယ်။ ဒါပေမယ့် လက်နက်များကို abolition လုပ်ဖို့ဆိုတာကိုတော့ ငြိမ်းချမ်းရေးရှေ့ဆောင် ဒီမိုကရေစီ နိုင်ငံကြီးတွေကိုယ်တိုင်က လက်မခံနိုင်ကြပါဘူး။ လက်နက်များထုတ်လုပ်မှုကို လျှော့ချဖို့၊ အပြန်အလှန် arms race မဖြစ်အောင် ထိန်းချုပ်မှု ဆိုရာတွေမှာတောင် အခက်အခဲတွေ၊ အယူအဆ ကွဲလွဲမှုတွေက အများအပြား ရှိနေဆဲပါပဲ။ (၁၉၉၀) အလွန်ကာလတွေမှာ Chemical Weapons Convention, Comprehensive Test Ban Treaty စတဲ့ တိုးတက်မှုတွေ ရှိလာပေမယ့် နိုင်ငံတကာ စာချုပ်တွေ၊ ဘဘောတူညီချက်တွေမှာ မပါဝင်လာသေးတဲ့ နိုင်ငံတွေကလဲ အများအပြား။ Structural Violence ကို Non-Violence နဲ့ပဲ ဖြေရှင်းလို့ ရမယ်ဆိုတဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှုက ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံတော်လုံခြုံရေးအတွေးအခေါ်၊ ကာကွယ်ရေး အတွေးအခေါ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားသေးပါဘူး။ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးရာ တာဝန်ရှိသူတွေအကြားမှာ အမြင်ကွဲလွဲမှုတွေ ဖြစ်နေကြပါတယ်။
မှုခင်းရေးရာမှာလဲ Culture of Non-Violence ပေါ်မှာ မူတည်ပြီး အမြင်ကွဲလွဲမှုတွေ ရှိလာကြပါတယ်။ ယူကေနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေအများစုဟာ သေနတ်ကိုင်ဆောင်ခွင့် မရှိပါဘူး။ လက်နက်ပါဝင်ပတ်သက်နေတဲ့ မှုခင်းတွေကို ကိုယ်တွယ်ဖို့ tactical Firearms Unit ဆိုတာသီးခြားရှိပါတယ်။။ ဒါက ဘာကို ပြလဲဆိုရင် မှုခင်းထိန်းချုပ်ရေးမှာ အတတ်နိုင်ဆုံး Culture of Non-violence ကို အားပေးထားပြီး၊ မလွှဲသာမရှောင်သာမှသာ Violence ကို အသုံးပြုတယ်ဆိုတာပါပဲ။ ဒီလို အခြေအနေမှာတောင် Violence နဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲမှုတွေက ထပ်ဖြစ်ပါသေးတယ်။ firearms officer အနေနဲ့ လက်နက်ကိုင်ထားတဲ့ ပြစ်မှုကျူးလွန်တယ်လို့ သံသယဖြစ်သူ (suspect) ကို ရင်ဆိုင်တဲ့အခါမှာ stun gun ကို အသုံးပြုခွင့်ရှိပါတယ်။ Stun gun ဆိုတာက ပစ္စတိုနဲ့ သဏ္ဍာန်တူပြီး၊ 50000 volt အားရှိတဲ့အတွက် လူတယောက်ကို ထိမိတဲ့အခါ ခေတ္တ disable ဖြစ်သွားစေပါတယ်။ ဒီအချိန်မှာ လက်နက်သိမ်းတာ၊ ဖမ်းဆီးတာတွေ လုပ်လို့ရပါတယ်။ မှုခင်းအချို့မှာ သေနတ်ကိုင်ထားသူတွေ သေနတ်နဲ့ မပစ်ခတ်ချိန်မှာ stun gun နဲ့ အချိန်မီ ကာကွယ်လိုက်နိုင်တာတွေ ရှိခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အချို့သော ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ ကနေဒါနဲ့ အမေရိကားမှာ stun gun ကြောင့် လူ (၇၄) ဦးသေဆုံးခဲ့ဖူးတယ်ဆိုတဲ့ အချက်ကြောင့်ပါ။ stun gun ဟာလဲ Violence ဖြစ်တာကြောင့် ရဲအဖွဲ့အနေနဲ့ မကိုင်တွယ်သင့်ဘူး၊ suspect အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုရင် လူ ရှစ်ယောက်လောက်ကို သတ်ဖြတ်ပြီး၊ ထွက်ပြေးနေရာကနေ ထိပ်တိုက်ရင်ဆိုင်ထားမှုမှာလဲ ဘယ်လိုမှ mediation လုပ်လို့ မရတော့ပဲ အချိန်မရွေး လူတယောက်ကို ပစ်သတ်တော့မယ့် suspect ရဲ့ လက်ထဲက သေနတ်ကျည်ဆံ မထွက်လာအောင် ဘယ်လို non-violence နည်းလမ်းကို သုံးပြီး ကာကွယ်နိုင်မှာလဲလို့ ပြန်ပြီး ငြင်းဆိုသူကလဲ ငြင်းကြပါတယ်။ stun gun ကြောင့် suspect အန္တရာယ်ဖြစ်မှာကို စိုးရိမ်သူတွေလဲ ရှိသလို၊ suspect ကြောင့် လူတွေ ထပ်သေမှာကို စိုးရိမ်သူတွေလဲ ရှိကြပါတယ်။ သူ့ရှုထောင့်နဲ့သူတော့လဲ မှန်နေကြပြန်ပါတယ်။ ဒီလို နှစ်ဘက်လုံးမှန်ကန်နေတဲ့ အခြေအနေတခုမှာ ထွက်ပေါ်လာမယ့် outcome တခုကို ချိန်ဆပြီး လုပ်ကြရမှာက လက်တွေ့လုပ်နေသူများရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
နိုင်ငံတကာရေးရာ၊ မှုခင်းရေးရာတွေအပြင် ကိုလိုနီနယ်ချဲ့စနစ်အောက်ကနေ လွတ်မြောက်ရေးလှုပ်ရှားမှုတွေနဲ့ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာလဲ Violence နဲ့ Non-Violence တို့အကြားမှာ အမြင်မတူတာတွေ ရှိပါတယ်။ ကိုလိုနီနယ်ချဲ့စနစ်နဲ့ အာဏာရှင်စနစ် လက်အောက်ခံ တိုင်းပြည်တွေမှာ Structural Violence က အမြစ်တွယ်နေပါတယ်။ ဒီလို အမြစ်တွယ်နေမှုကို Direct Violence နည်းလမ်းတွေ ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား စတာတွေနဲ့ ဖယ်ရှားမလား၊ Non-Violence နည်းလမ်းတွေဖြစ်တဲ့ လူထုအရေးတော်ပုံ၊ ဆန္ဒပြပွဲ စတာတွေနဲ့ ဖယ်ရှားမလား ဆိုတာအပေါ်မှာ အမြင်ကွဲလွဲမှုတွေ ရှိလာကြပါတယ်။
လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအားလုံးဟာ Violence ကြောင့် အောင်မြင်ခဲ့တယ်၊ Non-Violence ကြောင့် အောင်မြင်ခဲ့တယ်လို့ ဘယ်သူမှ တရားသေသတ်မှတ်လို့ မရနိုင်သလို၊ ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကုးပြောင်းမှုဟာလဲ Non-Violence နဲ့မှ အောင်မြင်မယ်၊ Violence နဲ့မှ အောင်မြင်မယ်လို့ ဘယ်သူမှ တရားသေ ပြောကြားလို့ မရနိုင်ပါဘူး။ အမေရိကန်ရဲ့ ဒီမိုကရေစီ အုတ်မြစ်ဟာ Violence နည်းလမ်းဖြစ်တဲ့ ပြည်တွင်းစစ်အပြီးမှာမှ ခိုင်ခိုင်မာမာ ချနိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးမှုဟာ Violence နည်းလမ်း ဖြစ်တဲ့ ပြင်သစ်တော်လှန်ရေးနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြိုဖျက်ပြီးမှ အစပြုခဲ့ပါတယ်။ ကိုလိုနီ နယ်ချဲ့စနစ်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ Violence နည်းလမ်း ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှကျတော့ ထူးထူးခြားခြား Non-Violence နဲ့ လွတ်လပ်ရေးရအောင် ခေါင်းဆောင်တွေက ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Non-Violence နဲ့ လွတ်လပ်ရေးရပြီးကာမှ Violence တွေဖြစ်ပြီး နိုင်ငံ နှစ်ခြမ်း ကွဲသွားပြန်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီမိုကရေစီ အုတ်မြစ်ကိုတော့ Non-violence လှုပ်ရှားမှုနဲ့ ချနိုင်ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီ အုတ်မြစ်ကိုတော့ နှစ်ဘက်ခေါင်းဆောင်များညှိနှိုင်းမှုအပြီးမှာ ဒီမိုကရေစီလှုပ်ရှားသူများဘက်က လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ရပြီး၊ အစိုးရဘက်က အရေးပေါ် အခြေအနေကြေငြာထားခြင်း ရုတ်သိမ်းမှု၊ ဥပဒေများ ပြုပြင်ပြောင်းလဲမှု၊ ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ ပြည်တွင်းကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်မှု၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှု စတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်နဲ့ ဒီမိုကရေစီ အုတ်မြစ်ချနိုင်တယ်ဆိုပေမယ့် Non-Violence လှုပ်ရှားမှုပဲ ရှိခဲ့တာ မဟုတ်ပါဘူး။ Violence နည်းလမ်းတွေလဲ ပါဝင်ခဲ့ပါတယ်။
အီရတ်က အာဏာရှင်စနစ်ကျတော့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ ၀င်ရောက်ပြီး Violence နည်းလမ်းဖြစ်တဲ့ စစ်ပွဲနဲ့ ချေမှုန်းမှ ရပ်တန့်သွားပြီး၊ ဒီမိုကရေစီ အုတ်မြစ်စ်ချနိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်နှောင်းပိုင်းက အစပြုပြီး ပေါ်ထွက်လာတဲ့ အာရပ်ကမ္ဘာက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ တူနီရှားနဲ့ အီဂျစ်တို့မှာ Non-Violence နဲ့ အောင်မြင်ခဲ့ပါတယ်။ လစ်ဗျားမှာကျတော့ Non-Violence နဲ့ မအောင်မြင်တော့ Violence နည်းလမ်းတွေကို ဆက်ပြီးသုံးနေကြပါတယ်။ မြန်မာနိုင်ငံမှာလဲ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်အဆက်ဆက်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ Violence နည်းလမ်းတွေ ဖြစ်လိုက်၊ Non-Violence လှုပ်ရှားမှုတွေ ဖြစ်လိုက်နဲ့ သံသရာ လည်နေဆဲပါပဲ။ Violence နဲ့မှ အောင်မြင်မယ်၊ Non-Violence နဲ့မှ အောင်မြင်မယ်လို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်သေးပါဘူး။ ဘယ်လို ပုံစံနဲ့ လွတ်မြောက်သွားမယ်ဆိုတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ Violence နဲ့ Non-Violence ပေါင်းစပ်ရမယ်လို့ ယူဆသူများက Violence နည်းလမ်းများနဲ့ တိုက်ပွဲဝင်ကြ၊ အားပေးထောက်ခံကြသလို၊ Non-Violence ကို ယုံကြည်သူများကလဲ Non-Violence နဲ့ တိုက်ပွဲဝင်ကြ၊ အားပေးထောက်ခံကြပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေမှာ ယုံကြည်တဲ့ နည်းလမ်းကို ကိုင်စွဲပြီး အောင်ပွဲရဖို့ ကြိုးပမ်းနိုင်ဖို့ကသာ ပိုပြီး အရေးကြီးပါတယ်။ လုပ်ဆောင်နေသူတွေအကြား သူ့နည်းက ကောင်းတယ်၊ ကိုယ့်နည်းက ကောင်းတယ်လို့ သတ်မှတ်မှုတွေဖြစ်လာရင် မလိုလားအပ်တဲ့ အငြင်းပွားမှုတွေနဲ့ သွေးကွဲမှုတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ ပိုပြီးဆိုးတာက Violence နဲ့ Terrorism ကို မြန်မာဘာသာစကားမှာ အကြမ်းဖက်မှု ဆိုပြီး စကားလုံးတလုံးတည်း ဘာသာပြန်ထားလေတော့ Non-Violence မဟုတ်ဘူးလို့ ဆိုလိုက်တာနဲ့ ဆိုလိုတာက Violence ကို ဆိုလိုတာဖြစ်ပေမယ့် Terrorism ကို ဆိုလိုလိုက်တာမျိုး ဖြစ်သွားပြီး နားလည်မှု လွဲမှားတဲ့ ပြဿနာတွေ ဖြစ်လာစေတတ်တာပဲ ဖြစ်ပါတယ်။ သဘောတရားမတူပဲ ဘာသာပြန်စကားလုံးတူနေတဲ့ ဒီသုံးပွင့်ဆိုင် ဝေါဟာရပြဿနာကနေ နောက်ဆက်တွဲဂယက်တွေ မရိုက်ခတ်လာအောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။
နိဂုံး
ကလေးငယ်လေးတယောက်ကို စိတ်ကစဥ့်ကလျားဝေဒနာသည်တယောက်က ဖမ်းချုပ်ထားပြီး ပုဆိန်တလက်နဲ့ သူ့အနားဘယ်သူမှ မကပ်လာအောင် ခြိမ်းချောက်နေတာကို မြင်တွေ့ရတဲ့အခါ ဒါကို Violence လို့ အားလုံးက လက်ခံကြပါတယ်။ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာမှာကျတော့ အတွေးအမြင်က တူညီမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ကိုင်စွဲသူက ပုဆိန်ကိုင်ထားတဲ့ စိတ်ဝေဒနာသည် ပုဆိန်ကို လွှတ်ချလိုက်အောင် ဖြောင်းဖျဆွေးနွေးဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဒါက Non- Violence နည်းလမ်းကို ကျင့်သုံးတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဥပဒေကြောင်းအရ ဖြေရှင်းရမယ်လို့ ယူဆသူက ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဆီကို အပြေးအလွှားသွားပြီး၊ အကြောင်းကြားပါလိမ့်မယ်။ ဒါကလဲ Non-Violence နည်းလမ်းပါပဲ။ တာဝန်ရှိသူတွေက လိုက်လာပြီး၊ ကလေးကို ကယ်ဖို့အတွက် မလွဲသာမရှောင်သာ စိတ်ဝေဒနာသည်ကို သေနတ်နဲ့ ပစ်လိုက်ရတယ် ဆိုရင်တော့ Direct Violence ပါသွားပါပြီ။
ဒီလို ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ မရှိတဲ့ အခြေအနေမျိုး (သို့မဟုတ်) သွားခေါ်ဖို့ အလှမ်းဝေးနေတဲ့ အခြေအနေမျိုး (သို့မဟုတ်) သွားခေါ်နေဆဲကာလမှာ စိတ်ဝေဒနာသည်က ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေကို ခုတ်ထစ်ဖြတ်တောက်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ ဒီစိတ်ဝေဒနာသည် လက်ထဲက ပုဆိန်ကို ၀င်လုဖို့ ကြိုးပမ်းသူတွေကလဲ ပေါ်လာမှာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက Direct Violence နည်းလမ်းပါပဲ။ ဒီလို Direct Violence သုံးတဲ့အခါ စိတ်ဝေဒနာသည်က ပုဆိန်ကို ဟိုရမ်း၊ ဒီရမ်း လုပ်တဲ့အတွက် သွေးထွက်သံယို ထိခိုက်မှုတွေကလဲ မလွဲမသွေ ရှိလာဦးမှာပါပဲ။ တချိန်တည်းမှာပဲ စိတ်ဝေဒနာသည်ရဲ့ လုပ်ရပ်ကို ဒေါသထွက်ပြီး စိတ်ဝေဒနာသည်ရဲ့ မိခင်ကို လက်စားချေမယ်လို့ စဉ်းစားသူတွေလဲ ပေါ်ထွက်လာနိုင်တာပါပဲ။ ဒီလိုဆိုရင်တော့ Terrorism လမ်းကြောင်းပေါ်ကို ရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။
ဒီလို အခြေအနေတွေမှာ Terrorism လမ်းကြောင်းပေါ် မရောက်သွားအောင်လဲ ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ လိုလာသလို Non-Violence နဲ့ Violence တွေအချင်းချင်း သူမှန်တယ်၊ ကိုယ်မှန်တယ်လို့ ငြင်းနေရင်း အချိန်မကုန်ကြဖို့လဲ လိုလာပါတယ်။ အရေးကြီးတာကတော့ ပုဆိန်ကိုင်ထားတဲ့ စိတ်ဝေဒနာသည်ရဲ့ လက်ထဲမှာ ကလေးအသက် မဆုံးရှုံးသွားဖို့အတွက် စိတ်ဝေဒနာသည်လက်ထဲက ပုဆိန် လွတ်ကျသွားဖို့ပဲ ဖြစ်ပါတယ်။
ရေရှည်ခံ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမရှိပဲ၊ အမြင်သဘောထား (attitudes) တွေ ပြောင်းလဲရုံတခုတည်းနဲ့ မအောင်မြင်နိုင်ပါဘူး။ ပြုမူဆောင်ရွက်ပုံများကို ပြုပြင်ရာမှာ Non-violence အပြုအမူတွေ ဖြစ်စေဖို့အတွက် လုံခြုံရေးရှိတယ်လို့ ခံစားရမှု (sense of security) ရှိလာအောင် လုပ်ဆောင်ပေးနိုင်မှုတွေလဲ လိုအပ်ပါတယ်။ ညဘက်အပြင်ထွက်ရင် မလုံခြုံနိုင်ဘူးလို့ ခံစားရလို့ လက်နက်ဆောင် သွားတတ်သူများရဲ့ behaviour ကို Non-Violence အမြင် သဘောထားတွေ ဖြန့်ဖြူးပေးရုံနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ လက်နက်ဆောင်သွားဖို့ မလိုအပ်တော့တဲ့ sense of security ရှိလာမှသာ လက်နက်နဲ့ Violence မလုပ်ဘူးဆိုတဲ့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲခြင်း ရှိလာမှာပါ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် Culture of Non-Violence ထွန်းကားလာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ Culture of Non-Violence ထွန်းကားလာဖို့အတွက် sense of security ရှိလာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ sense of security ရှိလာဖို့အတွက် sense of security ရှိစေမယ့် political and socio-economic structures တွေ ရှိဖို့လိုအပ်ပါတယ်။ ဒီလိုရှိလာအောင် structural violence တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒီလိုဖယ်ရှားရာမှာ violence နည်းလမ်းကို သုံးမလား၊ non-violence ကို သုံးမလား ဆိုတာကတော့ ဘ၀ဒဿန၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ အခြေအနေ၊ အချိန်အခါ စတဲ့ အကြောင်းတရားများပေါ်မှာပဲ မူတည်ပါတယ်။ အမှန်တရား အချင်းချင်း ခလုတ်တိုက်နေကြတဲ့အခါ အမှားတွေ ထကြွရှင်သန်လာတတ်တယ်ဆိုတာကို သတိပြုဖို့လဲ လိုအပ်ပါတယ်။
ခင်မမမျိုး (၂၊ ၇၊ ၂၀၁၁)
(စာရေးသူသည် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊ နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့များ ရရှိထားသည့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ တဦးဖြစ်ပါသည်။)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
Violence, Non-Violence and Terrorism
Saturday, July 2, 2011
လမ်းပေါ်က အမှတ်တရများ
Friday, July 1, 2011
ကျွန်မဘ၀မှာ စိတ်ဝင်စားတဲ့ အကြောင်းအရာများစွာ အနက် နှစ်ခုထဲကို ရွေးပါလို့ သူငယ်ချင်းတချို့က မေးလာတဲ့အခါတိုင်း စာဖတ်ခြင်းနဲ့ ခရီးထွက်ခြင်းကို ကျွန်မရွေးချယ်လေ့ရှိပါတယ်။ စာဖတ်၊ စာသင်၊ စာရေးရင်းက ခရီးတွေ ရံဖန်ရံခါ ထွက်ရတဲ့ တကိုယ်ရေတကာယ လွတ်လပ်တဲ့ ဘ၀လေးတခုကို ဖိနှိပ်မှုတွေ ကင်းဝေးသွားတဲ့ အမိမြေမှာ တည်ဆောက်ခွင့်ရရေးဟာ ကျွန်မရဲ့ ဘ၀ရည်မှန်းချက် ပန်းတိုင်လေးပါ။ ကျွန်မ ငယ်ငယ်လေးကတည်းက ခရီးထွက်ရတာကို အရမ်းနှစ်သက်ပါတယ်။ အိမ်က ရပ်ဝေးခရီးသွားမယ်ဆိုရင် ကျွန်မ သိပ်ပျော်တာပဲ။ အရွယ်ရောက်လာတဲ့အခါကျတော့လဲ အခါအခွင့်ကြုံတိုင်း ခရီးထွက်ပါတယ်။ ခရီးတွေထွက်ရင်း လမ်းပေါ်မှာ ကြုံရတဲ့ အမှတ်တရလေးတွေကလဲ အများအပြားပါပဲ။ ဒီအမှတ်တရ လေးတွေထဲမှာ ဖြစ်ရပ်လေး (၄) ခုကိုတော့ မှတ်မှတ်ရရ ပိုရှိနေတတ်ပါတယ်။
ဖြစ်ရပ် (၁)
အချိန်က (၁၉၈၀) အလွန်ကာလ။
ဖေဖေ့ညီမရဲ့ မင်္ဂလာပွဲကို သွားဖို့အတွက် သားသမီးနှစ်ယောက်ကို ကားပေါ်တင်ပြီး ဖေဖေနဲ့ မေမေက တောင်ကြီးကနေ ရန်ကုန်ကို ခရီးထွက်ပါတယ်။ ဒီတုန်းက ကျွန်မက အသက် ငါးနှစ်လောက်ပဲ ရှိပါသေးတယ်။ မောင်လေးက နှစ်နှစ်ကျော်၊ သုံးနှစ်လေး။
ဖေဖေက ကားမောင်းသူပါ။ ဒီခရီးကို ဦးဆောင်ထွက်လာသူကလဲ ဖေဖေပါ။ ဒီလိုနဲ့ လမ်းခရီးရောက်တော့ မောင်လေးက ကားမူးပြီး တလမ်းလုံး တောက်လျှောက်အန်ပါတယ်။ ကားက လမ်းမှာ ရပ်လိုက်၊ ဆက်မောင်းလိုက်နဲ့ ခရီးမတွင်ပါဘူး။ ပျဉ်းမနားကို ရောက်တော့ မောင်လေး အခြေအနေက တော်တော်ဆိုးနေပါပြီ။ ညကလဲ တော်တော်ညဉ့်နက်နေပါပြီ။ ဒီအချိန်မှာ ဖေဖေက ရန်ကုန်မရောက်ရောက်အောင် အတင်းစွတ်မောင်းပြီး ခရီးကို ဆက်သွားလို့ မဖြစ်တော့ဘူးဆိုတာ သဘောပေါက်သွားပါတယ်။ ကျွန်မမှာလဲ ကားနောက်ခန်းမှာ အိပ်လိုက်၊ မောင်လေး ငိုရင် ထကြည့်လိုက်။ မောင်လေးက အတော်အားနည်းနေပါပြီ။ မေမေ့မှာကလဲ သောက်ဆေးပဲ ပါလာပြီး ဆေးဝါးက မပြည့်စုံ။
အဲဒီအချိန်မှာ ဖေဖေက မေမေနဲ့ မောင်လေးကို ဆေးရုံကို လိုက်ပို့ဖို့ စဉ်းစားခဲ့တယ်လို့ မေမေက ပြန်ပြောဖူးပါတယ်။ ဒီအချိန်မှာ မေမေက စဉ်းစားခဲ့ပါတယ်။ ဆေးရုံကို သွားဖို့အထိက မလိုအပ်။ မေမေကိုယ်တိုင်က ဆရာဝန်။ လိုအပ်နေတာက ဆေးပဲ လိုအပ်တယ်။ မောင်လေးကို ဆေးတချောင်းထိုးပေးဖို့ လိုအပ်နေတယ်။ ပြီးတော့ ဆေးရုံသွားခဲ့မယ်ဆိုရင် ဆေးရုံတက်တာ၊ ဆေးရုံဆင်းတာတွေက အခုတက်၊ အခုဆင်းလုပ်လို့ရတာ မဟုတ်။ အားလုံးလဲ ခရီးပန်းနေတာကြောင့် အိပ်ငိုက်နေကြပြီလို့ သုံးသပ်ပြီး၊ စားသောက်ဆိုင်တခုမှာ မြို့နယ်ဆရာဝန်ကြီး လိပ်စာကို မေးပါတယ်။ ပြီးတော့မှ ဆရာဝန်ကြီး အိမ်ကိုသွားပြီး အကျိုးအကြောင်းပြောပြ၊ ဆေးတောင်းတော့ ဆေးကလဲ အဆင်သင့်ရှိနေတာမို့ မောင်လေးကို ကုပေးနိုင်ခဲ့ပါတယ်။ တည်းခိုခန်းကိုတောင် အသွားမခံပဲ သူတို့ အိမ်မှာပဲ တည်းခိုခိုင်းခဲ့ပါတယ်။
ဒီတုန်းက ခရီးကို ဦးဆောင်ထွက်လာတာက ဖေဖေ။ လမ်းမှာ ကြုံရတဲ့ ကိစ္စတွေမှာ အစစအရာရာ ဦးဆောင်ဖြေရှင်းနေတာက မေမေ။ ဘာမှန်းသေချာ မသိပေမယ့် မေမေက ဟိုလူနဲ့ပြော၊ ဒီလူနဲ့တွေ့၊ လုပ်စရာရှိတာတွေကို ရှေ့က ဦးဆောင်လုပ်၊ ဖေဖေက နောက်ကနေ ဟိုပြုံးပြ၊ ဒီပြုံးပြ အဖြစ်လေးကို မျက်စိထဲက မထွက်တော့ပါ။ ဒီအဖြစ်လေးကို နောက်ပိုင်းမှာ ပြန်တွေးမိတိုင်း လူတိုင်းမှာ သူ့အစွမ်းအစနဲ့ သူ ရှိတာမို့ အမြဲတမ်းခေါင်းဆောင်ဆိုတာ မရှိနိုင်ဘူးလို့ ကောက်ချက်ချလိုက်မိပါတယ်။ ဖေဖေဦးဆောင်ထွက်လာတဲ့ ခရီးလမ်းပေါ်မှာ အခြေအနေအရ မေမေက ဦးဆောင်သူဖြစ်သွားခဲ့ပါတယ်။ ဒါကို ဖေဖေကလဲ ကျေကျေနပ်နပ်နဲ့ နောက်က လိုက်လုပ်ပေးခဲ့ပါတယ်။ သူလုပ်တယ်၊ ငါလုပ်တယ် ဆိုတာကအရေးမကြီး။ အရေးကြီးတာက မောင်လေးရဲ့ ကျန်းမာရေး။ ဘုံအကျိုးစီးပွားကို ကြည့်လာချိန်မှာ သူလုပ်တာ၊ ငါလုပ်တာဆိုတာတွေက အဓိက မကျတော့ဘူးဆိုတာကိုလဲ နောက်ပိုင်းမှာ စဉ်းစားလာမိခဲ့ပါတယ်။
ဖြစ်ရပ် (၂)
အချိန်က (၁၉၉၇) ခုနှစ်။
ဒီအချိန်မှာတုန်းက ကျွန်မ ရန်ကုန်ကို ခေတ္တသွားနေဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း၊ စီးပွားရေးစီမံခန့်ခွဲရေးသင်တန်း စတဲ့ ခေါင်းစဉ်တွေအောက်မှာ ဆယ်တန်းအောင်ပြီးစ လူငယ်တယောက်ရဲ့ ကျောင်းပြင်ပ ဘ၀ကို စူးစမ်းလိုစိတ်တွေက ဒွန်တွဲလျက်။
အဲဒီအချိန်မှာပဲ မှတ်မှတ်ရရ ဝေါ ရေဘေး ဖြစ်ပါတယ်။ ရေဘေးသတင်းကို သယ်ဆောင်လာတာက ဖွားဖွားရဲ့ မိတ်ဆွေတွေပါ။ လူတွေ ဘယ်လိုဒုက္ခရောက်ကြတာ၊ တံတားကျိုးလို့ ရထားခေါင်းတွဲ စိုက်ကျသွားတာ စတာတွေကို ကြားကြားချင်း ဖွားဖွားက ကျွန်မကို အ၀တ်အစားချက်ချင်းသွားလဲ ခိုင်းပါတော့တယ်။ ပြီးလဲ ပြီးရော မြေးအဖွားနှစ်ယောက် ရန်ကုန်မြို့အနှံ့က ဖွားဖွားရဲ့ အသိအကျွမ်းမိတ်ဆွေတွေဆီ အလှူခံ ထွက်ကြပါတော့တယ်။
ဖွားဖွားရဲ့ အသိအကျွမ်း မိတ်ဆွေတွေထဲမှာ ကျောက်မျက်ရတနာ အလုပ်လုပ်နေသူတွေ များတာမို့ အလှူငွေက အတော်ရပါတယ်။ တချို့က သူတို့ မိတ်ဆွေတွေပါ ခေါ်ပြီး ရေဘေးကယ်ဆယ်ရေးလိုက်မယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဖွားဖွားက ဦးဆောင်ပြီး လူငယ်တချို့နဲ့ ကျွန်မတို့တွေ ဝေါနယ်ဘက်ကို ခရီးထွက်ဖြစ်ကြပါတော့တယ်။ ဒီတုန်းက လမ်းတွေက ပျက်၊ ရေတွေကကြီးနဲ့ ဝေါမြို့က မိတ်ဆွေတွေအိမ် ရောက်ချိန်မှာ အိမ်အောက်ပိုင်းက ရေမြှုပ်နေလို့ အိမ်ပေါ်ထပ်မှာပဲ နေကြရပါတယ်။ အနီးအနားတ၀ိုက်က ရွာတွေကို လှည့်လည်ပြီး၊ စားသောက်ကုန်တွေ ပေးကြတော့ ဘုန်းတော်ကြီးကျောင်းတွေ သွားတဲ့အခါ ကားလမ်းမပေါ်ကနေ လှေနဲ့ သွားရပါတယ်။ ရေဘေးဒုက္ခသည်တွေက အများအပြား။
ဒီလိုနဲ့ ရန်ကုန်ပြန်လိုက်၊ စားသောက်ကုန်တွေ ၀ယ်လိုက်၊ ခရီးထပ်သွားလိုက်နဲ့ သုံးလေးခေါက် သွားဖြစ်ကြတာ တခါမှာတော့ ကျွန်မတို့ စီးသွားတဲ့ ကားက ပျက်ပြီး၊ နောက်က ဆန်အိတ်တွေ သယ်လာတဲ့ ကားပေါ်မှာ စုထိုင်ရင်း သွားကြရပါတယ်။ အဲဒီမှာ နိုင်ငံရေးသမား အများစု တက်ရောက်ရလေ့ရှိတဲ့ ဘ၀တက္ကသိုလ်က ဆင်းလာသူတချို့၊ သာယာဝတီ ဘ၀တက္ကသိုလ်မှာ ရောက်နေသူထံကို လစဉ်သွားတွေ့နေရတဲ့ အမျိုးသမီးတယောက်နဲ့ သူ့သူငယ်ချင်းတွေလဲ ပါလာကြပါတယ်။ ဆန်အိတ်တွေပေါ်မှာ စကားထိုင်ပြောနေကြရင်း တခါတရံ ရယ်စရာတွေ ပြောတဲ့အခါ အသက် ရှစ်ဆယ်နီးပါး ဖွားဖွားက သဘောကျပြီး ရယ်လိုက်တာများ မျက်ရည်တောင်ထွက်လို့။ ဖွားဖွားမျက်နှာက ပကတိကင်းစင်ပြီး ဒီလို ဒုက္ခရောက်နေသူတွေဆီ သွားကူညီရတာကို ပီတိတွေ ဖြစ်နေလိုက်တာ။
ကျွန်မ တွေးမိခဲ့ပါတယ်။
ဒီလိုသွားဖို့ ဖွားဖွားကို ဘယ်သူကမှလဲ လာပြောတာ မဟုတ်။ မသွားလဲ ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်။ လူသားချင်းစာနာမှုနဲ့ သူ့ဘာသာသူ တာဝန်လေးတခု ၀င်ယူခဲ့တာပါ။ ပထမဆုံးခရီးစဉ်မှာ ဘုန်းကြီးကျောင်းတခုကို ရောက်တုန်းက ဘုန်းတော်ကြီးက မိန့်ပါတယ်။ ကျောင်းမှာ ရေဘေးဒုက္ခသည်တွေ အများအပြားရောက်လာပြီး၊ စားနပ်ရိက္ခာအတွက် စဉ်းစားမိချိန်မှာ ရေဘေးကယ်ဆယ်ရေး လာကြမှာပါလို့ မျှော်ခဲ့သေးတယ်။ ဒါပေမယ့် ပထမဦးဆုံးကျောင်းကို ရောက်လာသူတွေကို အသက်ရှစ်ဆယ်နီးပါး အဖွားတယောက်က ဦးဆောင်လာမယ်လို့တော့ ထင်မထားမိဘူးတဲ့။
လောကမှာ အသက်အရွယ်ကြီးတာ၊ ငယ်တာက ပဓာန မဟုတ်။ ရင်ထဲက စေတနာနဲ့ လုပ်ရည်ကိုင်ရည်ကသာ အဓိက။ ကားလမ်းပေါ်ကနေ လှေပေါ်ကို လှမ်းတက်တဲ့ အဖွားရဲ့ ခြေလှမ်းတွေ ယိုင်ချင်ယိုင်နေခဲ့လိမ့်မယ်။ ဆန်အိတ်တွေ၊ စားသောက်ကုန်တွေကို ကားပေါ်က ချချိန်မှာ အဖွားကိုယ်တိုင် ၀င်ပြီး မသယ်မနိုင်ပဲ ဖြစ်ချင်ဖြစ်နေခဲ့လိမ့်မယ်။ သို့ပေမယ့် ပစ္စည်းတွေကို လိုနေသူတွေဆီရောက်အောင် သူ့ရဲ့ မေတ္တာတရား၊ စည်းရုံးရေးစွမ်းအားတွေနဲ့ လုပ်ဆောင်ပေးခဲ့ပါတယ်။
ကားပေါ်ကနေ ဆန်အိတ်သယ်မတာမှာ မပါလို့ဆိုပြီး အသက်ရှစ်ဆယ်နီးပါး အဖွားအိုတယောက်ကို ဘယ်သူမှ အပြစ်ဆိုဝေဖန်သူမရှိခဲ့ပါ။သူဦးဆောင်ထွက်လာသော ခရီးမှာ လိုက်လာခဲ့ကြပါတယ်။ နိုင်တဲ့ ၀န်ကို ထမ်းခဲ့ကြတယ်။ သူမလုပ်နိုင်တာတွေကို အားဖြည့်ကူညီပေးခဲ့ကြတယ်။ သူသိပ်ပင်ပန်းနေချိန်မှာ ခေတ္တနားခိုင်းပြီး အခြားရွာများသို့ အဖွဲ့ခွဲပြီး ခရီးဆက်ခဲ့ကြပါတယ်။ တခြားရွာတွေမှာ ရေတွေထဲ ဖြတ်သွားရတာမို့ ရေတွေရွှဲသူကရွှဲ။ ဒါကိုလဲ အဖွားက ဦးဆောင်လာပြီး၊ ရေထဲ လိုက်မဆင်းလာဘူးလို့ ဘယ်သူမှ ပြောမနေခဲ့ကြပါ။ သက်ကြီးရွယ်အို ရေဘေးကယ်ဆယ်ရေးအဖွဲ့ ဆိုပြီးတော့လဲ ဘယ်သူမှ ဆိုမနေကြပါ။ ဒီအချိန်မှာ အားလုံးရဲ့ စိတ်ထဲမှာ ရှိတာက ရေဘေးဒုက္ခသည်တွေလက်ထဲ စားသောက်ကုန်တွေ အမြန်ဆုံး ရောက်သွားဖို့။ ထမင်းဆာနေတဲ့ ကလေးငယ်လေးတွေရဲ့ ပါးစပ်ထဲကို ထမင်းတလုတ် ရောက်သွားဖို့။ ဒါကြောင့် ဘယ်သူဘာလုပ်နေလဲ ဆိုတာလဲ လိုက်မကြည့်နိုင်၊ ဘယ်သူဘာဖြစ်နေတယ် ဆိုတာလဲ ဝေဖန်ပြောနေဖို့ အချိန်မရ၊ သူ့အသက်အရွယ်နဲ့သူ လုပ်နိုင်တာလေး လုပ်နေတဲ့ အဖွားကိုလဲ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ်၊ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ အပြစ်မြင်နေဖို့ အချိန်မရ။ ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းခဲ့ကြပါတယ်။
ဖြစ်ရပ် (၃)
အချိန်က (၁၉၉၉) ခုနှစ်။
ကိစ္စတခုနဲ့ တောင်ကြီးကနေ ရန်ကုန်ကို သွားဖို့ အကြောင်း ကြုံလာခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်ခရီးထက်စာရင် ကားလမ်းခရီးကို နှစ်သက်တဲ့ ကျွန်မရဲ့ ထုံးစံအတိုင်း ခရီးသည်တင် မှန်လုံကားကြီးကို စီးသွားခဲ့ပါတယ်။ တောင်ကြီးကနေ ရန်ကုန်ကို သွားတဲ့ ခရီးသည်တင်ကားတွေက တောင်ကြီးမြို့နဲ့ ရွှေညောင်အကြားမှာရှိတဲ့ အေးသာယာဆိုတဲ့ အဝေးပြေးဂိတ်ကနေ ထွက်လေ့ရှိပါတယ်။ နေ့လည် ၁၂ နာရီခွဲ (တချို့ကားတွေကျတော့လဲ တနာရီခွဲ) လောက်နေ ထွက်ရင် နောက်နေ့ နံနက် ခုနစ်နာရီလောက်မှ ရန်ကုန်က စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ကို ရောက်ပါတယ်။ အချိန်တော်တော်ကြာ သွားရတဲ့ ခရီးစဉ်တခုပါ။
အေးသာယာကနေ ရွှေညောင်၊ ဟဲဟိုး စတဲ့ မြို့တွေကို ဖြတ်ပြီးတဲ့အခါ အောင်ပန်းဆိုတဲ့ မြို့လေးမှာ တခဏ နားလေ့ရှိပါတယ်။ အဲဒီက ဆိုင်တွေမှာ လက်ဖရည်သောက်သူသောက်၊ မုန့်စားသူစား၊ ဒေသထွက် သီးနှံတွေ လက်ဆောင်ယူသွားဖို့ ၀ယ်သူဝယ်နဲ့ ပြန်ထွက်သွားပြီးရင်၊ ကလောမြို့ကနေ တဆင့် ရှမ်းတောင်တန်း အကွေ့အပတ်များကို ကျော်လွန်ပြီး၊ မြေပြန့်ဘက်ရောက်မှ ညစာစား ရပ်နားလေ့ရှိပါတယ်။
ဖြစ်ချင်တော့ အဲဒီနေ့က ကျွန်မစီးတဲ့ ကားက ထွက်ကတည်းက နောက်ကျပါတယ်။ အောင်ပန်းမှာလဲ အချိန်တော်တော်ကြာကို ရပ်ပါတယ်။ ခရီးသွားရင် ကားဆရာတွေကို အချိန်တွေ မမေးကောင်းဘူးဆိုလို့ တခုခုဖြစ်နေသလားလို့ စိတ်ထင့်ပေမယ့် မမေးဖြစ်ပါဘူး။ အောင်ပန်းကပြန်ထွက်တော့ ညနေပိုင်းဖြစ်နေပါပြီ။ မှတ်မှတ်ရရ ရုပ်ရှင်တကား စပြပါတယ်။ ကျွန်မတို့ ခရီးသည်တွေလဲ ရုပ်ရှင်လေးထဲ စိတ်ရောက်သွားကြပါရော။ ရန်ကုန်အ၀င် နောက်ကျမယ်လို့တော့ ကိုယ်စီ တွေးထားကြမယ် ထင်ပါတယ်။ ဒီလိုနဲ့ အရှိန်လေးရကာစရှိသေး၊ ဗြုန်းဆို ကားကြီးက ထိုးရပ်သွားပါလေရော။ ကားသမားတွေက စက်ပျက်လို့ ပြင်မယ် ပြောပါတယ်။ ဆေးလိပ်ထွက်သောက်သူမှ တပါး ဘယ်သူမှ အောက်မဆင်းကြပါဘူး။ ကားပေါ်မှာပဲ ထိုင်နေကြရင်း အချိန်တွေက တစထက် တစ ကုန်လာပါတယ်။ မှောင်စလဲ ပြုလာတော့ ဟိုမေးဒီစမ်း လုပ်လာကြပါပြီ။
ကျွန်မအနီးက တိုက်ပုံဝတ် ဦးလေးကြီးက ကားသမားတွေဆီ ဆင်းသွားပါတယ်။ အေးသာယာကားဂိတ်မှာကတည်းက ဌာနဆိုင်ရာ ကားတခုက လိုက်ပို့တာကို မြင်တော့မြင်လိုက်မိသား။ ကားသမားတွေနဲ့ စကားပြောရင်း သူ့ပုံစံက ခါးထောက်လိုက်၊ စိတ်ပျက်တဲ့ အမူအယာ ဖြစ်လိုက်၊ နာရီကြည့်လိုက်ဆိုတော့ ကားတစီးလုံးလဲ လှုပ်လှုပ်ရွရွ ဖြစ်လာပါတော့တယ်။ ကျွန်မလဲ မနေနိုင်တော့။ ဆင်းသွားမိပါတော့တယ်။ ကားသမားတွေက ပြင်တော့ပြင်နေကြောင်း၊ ဘယ်အချိန်ပြီးမယ် မသိကြောင်းပဲ ပြောနေပါတော့တယ်။ တစတစနဲ့ အချိန်က ည ခုနစ်နာရီလောက် ဖြစ်လာပါတယ်။ လူတွေလဲ စိတ်တိုစ ပြုလာကြပါတယ်။ ဆောင်းရာသီမို့ ချမ်းကလဲ ချမ်းပါတယ်။
ကားသမားတွေဆီ တခါ ထပ်ဆင်းသွားဖြစ်ပါတယ်။ အဲဒီမှာ အသက် ၂၅ လောက်ရှိတဲ့ အစ်ကိုကြီးတယောက်က ကားသမားတွေကို ခင်ဗျားတို့၊ တခုခု စီစဉ်ပေးသင့်ပြီလို့ ပြောနေတာ ကြားရပါတယ်။ ဒါနဲ့ အရေးဆိုဖို့ အဖော်တော့ ရပြီဆိုပြီး၊ တခုခု လုပ်ပေးဖို့ ၀င်ပြောလိုက်ပါတယ်။ ကားသမားတွေက သူတို့လဲ ကြိုးစားပြင်နေတာပဲ လို့ ဆိုပါတယ်။ အဲဒီမှာ သူက ပြင်မရရင်လဲ တောင်ကြီးက ကားလိုင်းတာဝန်ရှိသူတွေဆီ ဖုန်းဆက်ဖို့ ပြောပြီး၊ ကလောသွားမယ့် ကားတစီးကို လှမ်းတားပေးလိုက်ပါတယ်။ ကားသမားပြန်ရောက်လာတော့ ကားတစီး ထပ်ပြီးစီစဉ်ပေးမှာ ဖြစ်ကြောင်း၊ စီစဉ်မယ့်ကားက နောက်တနေ့ မနက် ရန်ကုန်ကနေ ရောက်လာမယ့်ကားလို့ ဆိုပါတယ်။ အားလုံး ပွစိပွစိဖြစ်ကုန်ကြပါရော။ ဒီလိုဆို တညလုံးကားပေါ်မှာ အိပ်ပြီး စောင့်ရတော့မှာ မဟုတ်လား။
အဲဒီမှာပဲ ခုနက တိုက်ပုံနဲ့ လူကြီးက ငါကတော့ လမ်းမှာ မအိပ်နိုင်ဆိုပြီး သူ့ခရီးဆောင်အိတ်ကို ထုတ်ခိုင်းပြီး ကားတစီး တားထွက်သွားပါတယ်။ ကလောဘက်က ဟိုတယ်တခုခုကို သွားမယ် ထင်ပါရဲ့။ ကားပေါ်မှာ ကျွန်မအမေရဲ့ မိတ်ဆွေ အထူးကုဆရာဝန်မကြီး တယောက်လဲ ပါလာပါတယ်။ သူ့ကို ကျွန်မ သွားတိုင်ပင်ပါတယ်။ ဘယ်လိုစီစဉ်ရင် ကောင်းမလဲဆိုတော့ သူကလဲ အန်တီ့မိတ်ဆွေတော့ ကလောမှာ ရှိတယ်။ အန်တီနဲ့သမီး သွားပြီး တည်းရအောင်။ မနက်ကျမှ ကလောကနေ ကားစောင့်စီးတာပေါ့၊ ကားသမားတွေကို ပြောခဲ့မယ်လေလို့ ဆိုပါတယ်။ ခရီးသည်တွေကို ကြည့်လိုက်ရင်း ဒီလိုကြီး ထားသွားရမှာကို တကိုယ်ကောင်းဆန်သလိုများ ဖြစ်မလားလို့ မဆီမဆိုင် ကျွန်မသွားတွေးလိုက်မိတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းဆာနေပြီ။ ကျွန်မဆာသလို သူတို့လဲ ဆာနေမှာပဲ။ အသက်ကြီးသူတွေလဲ ကားပေါ်မှာ ပါလာတယ်။ ဒါနဲ့ပဲ အန်တီနဲ့ ကျွန်မ မလိုက်သွားဖြစ်ဘူး။
ခုနက အစ်ကိုကြီးကို စကားသွားပြောပြီး ကျွန်မတို့တတွေ တခုခု စီစဉ်ရအောင်လို့ ညှိကြည့်တယ်။ သူက အစားအသောက်ကိစ္စ တာဝန်ယူ၊ ကျွန်မက နေရေးထိုင်ရေးကိစ္စ တာဝန်ယူနိုင်မလား မေးတယ်။ ကလောမှာက ကျွန်မနဲ့ သိတဲ့ ဘုန်းကြီးကျောင်းရှိတယ်၊ ဒါပေမယ့် ကလောက စားသောက်ဆိုင်တွေ အဲဒီအချိန်မှာဖွင့်လား၊ မဖွင့်လား မသေချာဘူး။ ဒါနဲ့ သူက ညလုံးပေါက် ဆိုင်ဖွင့်တဲ့ အောင်ပန်းကို ပြန်သွားဖို့ စဉ်းစားတယ်။ သူက ယုံကြည်ရအောင် မှတ်ပုံတင်ကတ်ကို ကားသမားတွေဆီ ထားခဲ့မယ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော် စားလိုတဲ့ စာရင်းကို ပေးဆိုပြီး ပိုက်ဆံကောက်တယ်။ ပြီးတော့ ကားတစီးတားပြီး အောင်ပန်းဘက် လိုက်သွားပါရော။ အဲဒီအချိန်မှာ ကလောနဲ့ အောင်ပန်းကြားမှာ ကားတွေ သွားနေတာက ကျွန်မတို့အတွက် ကံကောင်းသွားတယ်။
ကျွန်မ တားစီးမိတဲ့ ကားက ကလောစစ်ဦးစီးတက္ကသိုလ်ဘက်ကို သွားမယ့် စစ်ကား။ အခြေအနေကို ပြောပြတော့ လိုက်ခွင့်ပြုတယ်။ ကလောက ဘုန်းကြီးကျောင်းအထိ လိုက်ပို့ပေးခဲ့တယ်။ ဘုန်းဘုန်းကလဲ တညတာတည်းခိုဖို့ ခွင့်ပြုတယ်။ စစ်ကားမောင်းတဲ့ နှစ်ရစ်နဲ့ ဆရာကြီးက သဘောအလွန်ကောင်းတယ်။ ခေတ်စနစ်ဆိုးကြောင့် စစ်တပ်မှာ အရိပ်မဲ ထင်နေပေမယ့် စစ်တပ်ထဲမှာလဲ သဘောထားပြည့်ဝသူတွေ ရှိနေမှာပဲဆိုတာ ဒီတုန်းက တွေးမိသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ ဘုန်းဘုန်းကို လျှောက်ပြီး ကျောင်းပေါ်က ပြန်ဆင်းလာချိန်မှာ အဲဒီဆရာကြီး ရှိနေခဲ့တယ်။ ကျွန်မကို ကားအထိ ပြန်လိုက်ပို့ပေးရုံမက ကားပျက်ပေါ်က လူတွေကိုပါ ဘုန်းကြီးကျောင်းအရောက် ခေါက်တုံ့ခေါက်ပြန် ပို့ပေးခဲ့တယ်။ ရှမ်းပြည်ရဲ့ ဆောင်းတညမှာ ကျွန်မတို့တွေ ကားပေါ်မှာ မအိပ်ခဲ့ရဘူး။ ဆာလောင်မွတ်သိပ်မှုလဲ မခံခဲ့ရဘူး။
ဒီကားပေါ်က လူတွေမှာ အသိအကျွမ်းအချို့ကလွဲလို့ ရင်းနှီးသူတယောက်မှ မရှိကြဘူး။ ဘယ်သူဘယ်ဝါဆိုတာတောင် မသိခဲ့ကြပါဘူး။ လမ်းမှာ ကားပျက်မယ်ဆိုတာကိုလဲ မတွေးမိခဲ့ကြပါဘူး။ ဒီကားပေါ်ကနေ ထွက်သွားတဲ့ ဦးလေးကြီးနဲ့ အထူးကုဆရာဝန်မကြီးတို့အပြင် ကားပေါ်မှာ တခြား ဂုဏ်ပါဝါကြီးသူတွေ၊ အရာရှိကြီးတွေ၊ ပညာတတ်သူတွေ ဘယ်လောက် ရှိနေမယ်ဆိုတာလဲ ကျွန်မတို့ မသိနိုင်ပါဘူး။ အားလုံးဟာ သူ့အိမ်မှာ၊ သူ့ရုံးမှာ၊ သူနဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာတော့ ခေါင်းဆောင်တွေ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအခြေအနေတခုမှာတုန်းကတော့ လူငယ်လေးတယောက်က ဦးဆောင်သွားခဲ့ပါတယ်။ သူလုပ်နိုင်တယ်ဆိုတာကို မြင်တဲ့ ဆယ်ကျော်သက်ကျောင်းသူလေး ကျွန်မက သူ့ကို ဘာကူညီပေးရမလဲဆိုပြီး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်က သိပ်ပြီး ကြီးကျယ်လှတဲ့ ကိစ္စတခုမဟုတ်ပေမယ့် ကျွန်မကို အတွေးအမြင်တချို့ပေးခဲ့ပါတယ်။ ရာထူးအာဏာရှိတိုင်း၊ လုပ်ပိုင်ခွင့်ရှိတိုင်း၊ ပညာတတ်တိုင်း အခြေအနေတခုမှာ ဦးဆောင်သူ ဖြစ်ချင်မှ ဖြစ်လာတယ် ဆိုတာကိုပါပဲ။ ခရီးစထွက်စဉ်တုန်းက ကျွန်မက ဌာနဆိုင်ရာကားနဲ့ ရောက်လာတဲ့ တိုက်ပုံဝတ်လူကြီးကိုပဲ မြင်ခဲ့တာပါ။ ဒီလူငယ်လေး ကားပေါ်မှာ ပါလာတယ်ဆိုတာ သတိတောင် မထားမိခဲ့ပါဘူး။ ဒါပေမယ့် အခြေအနေတရပ်မှာ သူဟာ ကားပေါ်က ခရီးသည်တွေအတွက်တော့ ပြဿနာကို ဦးဆောင်ဖြေရှင်းသူ ဖြစ်သွားခဲ့ပါတယ်။ နောက်တချက်က ကားသမားတွေပါ။ ကားပျက်တာနဲ့ ပတ်သက်ရင် မောင်းလာတဲ့ သူတို့ဆီမှာ တာဝန်ရှိပေမယ့်၊ အများသက်သာရာရအောင် တစုံတရာ စီစဉ်ပေးခြင်းမရှိပဲ ကားပေါ်မှာပဲ ဖြစ်သလို ထားလိုက်တာပါ။ ဒီလို တာဝန်ရှိသူက တာဝန်မယူတဲ့အခါ တာဝန်မယူသူတွေကိုပဲ အပြစ်တင်ရုံနဲ့ မပြီးပဲ၊ တစုံတရာ ကိုယ်ဘာလုပ်ပေးနိုင်မလဲ လို့ စဉ်းစားသင့်တယ်ဆိုတာ တွေးလိုက်မိပါတယ်။ နောက်ပိုင်းမှ သူတို့ကားလိုင်းကို ကွန်ပလိန့်တက်တာက တပိုင်း၊ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ တတ်နိုင်သမျှလေး ၀ိုင်းဝန်းကြိုးပမ်းပေးတာက တပိုင်းလို့ ယူဆလိုက်မိပါတယ်။
ဖြစ်ရပ် (၄)
အချိန်က (၂၀၀၀) ခုနှစ်။
မေမြို့ကို မိတ်ဆွေတချို့သွားပို့တာမှာ ခရီးတခုလုံးကားက အကောင်း။ မှောင်ချိန်မှာ အပြန်လမ်းမြို့က ထွက်မယ်လုပ်မှ ကားကပျက်ပါတော့တယ်။ ဒါနဲ့ နီးရာဝပ်ရှော့တခုမှာ လုံးဝ ထားခဲ့ရပြီး၊ ကားတွေငှားတော့ ဘယ်ကားမှမလိုက်။ အချိန်ကလဲ ညဦးပိုင်းဖြစ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးတော့ ဒီညအရောက်ပြန်မယ်လို့ ဆုံးဖြတ်မိကြတယ်။ ကျွန်မနဲ့ပါလာတဲ့ သူငယ်ချင်းနဲ့ ညီမလေးနှစ်ယောက်က အနည်းငယ် ကြောက်တတ်တယ်။ တခြားမြို့မှာ ညအိပ်ညနေ မနေချင်ဘူးလို့ ဆိုတာကြောင့်ပါ။ သူတို့ကို မန္တလေးပြန်ပို့ပြီးမှ နောက်နေ့ကျရင်ကိုယ်က မေမြို့ပြန်တက်၊ ကားသွားယူလို့ တွေးထားလိုက်တယ်။ ဒီလိုနဲ့ စုံစမ်းကြည့်တော့ လားရှိုးဘက်က ဆင်းလာမယ့် ခရီးသည်တင်ကားကို စောင့်စီးတဲ့။ မထူးပါဘူး။ စောင့်စီးတာပေါ့ဆိုပြီး စီးလိုက်ကြတယ်။
မကြာပါဘူး။ ကျွန်မတို့ကို ကားပေါ်တင်လာပြီး ငါးမိနစ်လဲကျရော ကားက ပျက်ပါလေရော။ ဒါနဲ့ မေမြို့ကို ပြန်လှည့်ရပါတော့တယ်။ ၀ပ်ရှော့တခုမှာ ပြင်လိုက်တော့ တနာရီအတွင်းကောင်းသွားတယ်။ ဒါနဲ့ ဆက်ထွက်လာကြတာ ၂၁ မိုင်ဂိတ်လဲ ရောက်ရော ပြဿနာတက်ပါလေရော။ အဲဒီနေ့က ဆန်မှောင်ခိုကိစ္စတွေနဲ့ တိုင်းမှူးပါဆင်းလာရပြီး ပြဿနာတက်နေလို့ ယာဉ်တွေအကုန်လုံး ရပ်ထားရတယ်။ အခြေအနေကတော့ တညလုံး အဲဒီမှာ နေရမယ့်ပုံ။
ဒါနဲ့ ဆင်းသွားပြီး သက်ဆိုင်ရာကို သွားတွေ့တယ်။ မန္တလေးဆေးတက္ကသိုလ်က ကျောင်းသူတွေ ဆိုတော့ ဟိုဘက်က ကျောင်းသားတွေနဲ့ ပြဿနာမတက်ချင်ဘူးထင်တယ်။ ဒါနဲ့ အရာရှိတယောက်က ကားတန်းကိုတော့ မလွှတ်လိုက်နိုင်ဘူး။ အမိန့်အရမို့ လို့ ဆိုပြီး သမီးတို့ကိုတော့ မန္တလေးပြန်ပို့ဖို့ စီစဉ်ပေးမယ်ဆိုတယ်။ ကားပေါ်က ပစ္စည်းတွေ သွားယူလို့ ပြောတယ်။ ကျွန်မလဲ ပစ္စည်းယူဖို့ပြန်လာခဲ့တာပဲ။ ဒါပေမယ့် အဲဒီမှာ ကျွန်မတို့ကို လှမ်းကြည့်နေတဲ့ မျက်လုံးလေးတွေကို ရင်ဆိုင်လိုက်ရတယ်။ အဖွားအရွယ်တွေလဲ ပါတယ်။ တချို့က အနွေးထည်အကျီင်္မ၀တ်ထားဘူး။ ကားက မှန်လုံကားမဟုတ်ဘူး။ ဒီနေရာက ဌက်ဖျားဒေသ။ ကျွန်မ ရင်ထဲ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ ဒီကားပေါ်မှာ ခရီးအတူထွက်လာပြီးမှ သူတို့ကို ထားခဲ့ပြီး ခရီးဆုံးကို ဆက်သွားဖို့ကို ကျွန်မစိတ်ထဲ မတရားသလို ခံစားလိုက်ရတယ်။ ဒါနဲ့ ဟိုအရာရှိကို ဆက်မသွားတော့ ဘူးလို့ သွားပြေးပြောလိုက်တယ်။
ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို ဒီမှာ ညအိပ်မလား၊ မေမြို့ပြန်အိပ်မလား ဆိုတာ ဆန္ဒခံယူရတယ်။ဒီနေရာမှာ ညအိပ်ရင် ညရဲ့ ဆောင်းတွင်းအအေးဒဏ်၊ ခြင်အန္တရာယ်၊ ဌက်ဖျားစတာတွေ ပြောရတယ်။ တည်းခိုခန်းစရိတ် တာဝန်ယူပေးပါမယ်လဲ ဆိုရသေးတယ်။ ပြီးတော့မှ ကားမောင်းသမားကို မေမြို့ကို နောက်ပြန်လှည့်ပေးဖို့ ညှိပြီး မေမြို့ပြန်တက်လာကြတယ်။မေမြို့ရောက်တော့ တည်းခိုခန်းတွေမှာလဲ လူတွေက ပြည့်နေပြီ။ လူနှစ်ဆယ်လောက်ဆိုတော့လဲ လူအုပ်က နည်းနည်းကြီးတာကြောင့် ဖြစ်မယ်။ အချိန်ကလဲ ညဆယ့်နှစ်နာရီကျော်နေပြီ။ နောက်ဆုံးတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတကျောင်း မောင်းခိုင်းပြီး ညတနာရီမှာ ကျောင်းထိုင်ဆရာတော်ကို သွားနှိုးခဲ့ရတဲ့အဖြစ်ကို ကြုံရပါတော့တယ်။ ညတွင်းချင်းမှာတင် ဆရာတော်နဲ့ ဦးပဇင်းတွေက တညတာတည်းခိုရေးကို စီစဉ်ပေးခဲ့ကြပါတယ်။ လူအများက အိပ်တော့ မအိပ်နိုင်ကြပါဘူး။ ဆာကလဲ ဆာနေကြတာမို့ ကျောင်းအနီးက ညလုံးပေါက်လက်ဖက်ရည်ဆိုင်မှာ မုန့်တွေသွားပြေးဝယ်ကြရပါသေးတယ်။
ဒီဖြစ်ရပ်လေးဟာလဲ ကြီးကျယ်လှတဲ့ ဖြစ်ရပ်လေးတခု မဟုတ်ခဲ့ပေမယ့် ကျွန်မကို အမှတ်တရ ဖြစ်နေစေခဲ့တယ်။ အဓိကကတော့ ကားပေါ်က ပစ္စည်းယူဖို့၊ သူငယ်ချင်းနဲ့ သူ့ညီမလေးနှစ်ယောက်ကို ပြန်ခေါ်ဖို့ သွားမိချိန်မှာ ခရီးသည်တွေကို ကြည့်မိရင်း ဖြစ်လာတဲ့ ခံစားချက်။ ဒီခံစားချက်လေးက ကျွန်မဆီမှာ ငွေ့ငွေ့လေး ကပ်ပါနေပါတယ်။။ အမှောင်နဲ့ အန္တရာယ်တွေကနေ ကိုယ်က လွတ်မြောက်နေပေမယ့် အမှောင်ထဲမှာ ကျန်နေခဲ့သူတွေ ရှိနေသေးတယ်။ ဒီအတွေးတွေက ကျွန်မရဲ့ အိပ်စက်ချိန်တွေကို လုယူထားဆဲ...........................။
ခင်မမမျိုး (၃၀၊ ၆၊ ၂၀၁၁)
ကြိုးစင်ပေါ်မှ စကားများ
Sunday, June 26, 2011
ကြိုးစင်။
ဒီစကားလုံးကို ကြားရသည့်အခါတိုင်း ရုရှားသူရဲကောင်းမလေး ဇိုယာက ကျွန်မရဲ့ အတွေးအိမ်ထဲသို့ ၀င်ရောက်လာတတ်သည်။ ခုနစ်တန်း ကျောင်းသူဘ၀၊ ပြင်ပ စာပေများ၊ ဗဟုသုတများကို သဲသဲမတ်မတ် လိုက်ရှာနေချိန်မှာ ဇိုယာက ကျွန်မနှလုံးသားထဲသို့ ရုတ်ခြည်း ၀င်ရောက်လာခဲ့တာဖြစ်သည်။ လည်ပင်းမှာ ကြိုးကွင်းစွပ်ခံထားရချိန်တွင် ဇိုယာ ပြောကြားလိုက်သော စကားလုံးများက ကျွန်မ သွေးကြောများ အတွင်းသို့ တစုံတရာ အင်အားတို့ကို စီးဝင်သွားစေခဲ့သည်။
ရဲဘော်တို့။ သေရမှာကို ငါမကြောက်ဘူး။ ဖက်ဆစ်တွေကို သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်ကြ
ကြိုးပေးသတ်တာကို ၀ိုင်းကြည့်နေကြတဲ့ ပရိသတ်အပေါင်းကို ကြိုးစင်ပေါ်ကနေ ပြန်အားပေးသွားခဲ့တဲ့ သူရဲကောင်းမလေး ဇိုယာအကြောင်းကို သိရပြီး များမကြာမီသော အချိန်ကာလတခုမှာပင် ဂျူးလီးယက် ဖူးချစ်ကိုလဲ ကျွန်မ ရင်းနှီးခွင့် ရသွားခဲ့ပြန်သည်။ ကားမောင်းသမားကို မြို့ပတ်မောင်းခိုင်းပြီး၊ ချောင်ကြိုချောင်ကြား စာအုပ်အငှားဆိုင် များကို ရှာဖွေတွေ့ရှိရင်း မည်သူမည်ဝါဟု မမှတ်မိတော့သည့် ဦးလေးကြီးများ၊ အစ်ကိုကြီးများ၏ ဖတ်သင့်သော စာအုပ်များကို လမ်းညွှန်ပေးတာတွေ ကြုံခဲ့ရသည်။ ဦးလေးကြီးတယောက်က ငှားဖို့ ထားတာ မဟုတ်ပဲ သိမ်းထားတဲ့ စာအုပ် ဆိုပြီး စာအုပ်တအုပ် ပေးဖတ်ဖူးသည်။ စာအုပ်ငှားခလဲ မယူပဲ ပေးဖတ်ခဲ့သည်။ ထိုစာအုပ်ကား ဂျူးလီယက်ဖူးချစ်၏ ကြိုးစင်ပေါ်မှ မှတ်တမ်းများ။
“ ကျနော်၏ ပြဇာတ်သည်လဲ အဆုံးသို့ တိုင်လှပေပြီ။ ထိုဇာတ်သိမ်းခဏ်းကိုကား ကျနော်မရေးခဲ့တော့။ သိလဲ မသိတော့။ ထိုဇာတ်သိမ်းခဏ်းကား ပြဇာတ်မဟုတ်တော့။ ဘ၀ ပင် ဖြစ်လေသည်။
ဘ၀တွင်ကား ပွဲကြည့်သူ ဟူ၍ မရှိ။
ကားလိပ်လဲ ပွင့်လေပြီ။
လူအပေါင်းတို့
ခင်ဗျားတို့အား ကျနော် ချစ်ခဲ့သည်။
နိုးနိုးကြားကြား ရှိကြလော့"
ဂျူးလီးယက်ဖူးချစ်၏ နောက်ဆုံးစကားလုံးများက ကျွန်မအား ဘ၀နှင့် ပတ်သက်၍ မေးခွန်းများကို ပေးအပ်လာခဲ့သည်။
"ဘ၀တွင်ကား ပွဲကြည့်သူ ဟူ၍မရှိ" “ နိုးနိုးကြားကြား ရှိကြလော့"
ဒီစကားလုံးလေးကို ကျွန်မ အကြိမ်ကြိမ် ပြန်လည်ရေရွတ်မိဘူးသည်။ နီးစပ်ရာ လူကြီးများကို လိုက်မေးကြည့်မိသည်။ ဒဿန အမျိုးမျိုးဖြင့် အဖြေထုတ်ခဲ့ကြသည်။ တွေးစရာများက အများအပြား။ ကြိုးစင်များ၊ ထောင်နံရံများကို ကျွန်မ စိတ်ဝင်စားလာသည်။ နိုင်ငံတကာ တော်လှန်ရေး ရုပ်ရှင်ကားများကို လိုက်ကြည့်မိသည်။ ဆရာစံကို ကြိုးပေးသတ်ခဲ့သော သာယာဝတီထောင်ကို မြင်ဖူးချင်လာသည်။ ထောင်နှင့် ပတ်သက်သော စာများကို လိုက်ရှာဖတ်ဖြစ်သည်။ ကြိုးမိန့်ပေး ခံထားရသော အကျဉ်းသားတယောက်ရဲ့ စိတ်အခြေအနေ၊ ကြိုးစင်ပေါ်သို့ သွားရာ ခြေလှမ်းများ၊ သေခြင်းတရားကို ရင်ဆိုင်ပုံရင်ဆိုင်နည်းများ စသည်များပါသော ထောင်၊ ကြိုးတိုက်၊ ကြိုးစင် စာများကို လိုက်ရှာ ဖြစ်ခဲ့သည်။
နောင်သုံးနှစ်လောက်အကြာမှာ ဆယ်တန်းအောင်တော့ မွေးရပ်ဇာတိကို ခေတ္တခွာ၍ ရန်ကုန်မှာ ခဏတာ သွားနေဖြစ်ချိန်မှာ စာအုပ်အဟောင်းဆိုင်များမှ ဦးကြီးများနှင့် ခင်မင်သွားခဲ့သည်။ စာအုပ်အဟောင်းများရွေးရင်း ဆိုင်ရှင်နှင့် စကားအပြန်အလှန် ပြောရင်းမှ ဘေးမှ နားထောင်နေတဲ့ ဦးလေးကြီးတယောက်နှင့်လဲ မိတ်ဆွေ ဖြစ်ခဲ့ဘူးသည်။ သူက ကျွန်မကို ကလေးမလို့ ခေါ်သည်။ ကျွန်မနာမည်ကို မမေးခဲ့။ သူ့နာမည်ကိုလဲ ဦး....လို့သာ မှတ်ထားလိုက်လို့ ဆိုသည်။ ထိုနေ့က ကျွန်မ ရှာနေသော စာအုပ်ကို သူ့ဆီမှာ လာယူဖို့ ပြောသည်။ မြေနီကုန်းမှ လက်ဖရည်ဆိုင် တဆိုင်မှာ ချိန်းသည်။ မမြင်ဖူး၊ မတွေ့ဖူးသည့် သူစိမ်းတယောက်ကို လက်ဖရည်ဆိုင်မှာ သွားတွေ့ရလောက်အောင် အသက် ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးတယောက်မှာ ဘယ်လို အင်အားရှိခဲ့လေသည်မသိ။ သေချာသည်ကတော့ ကျွန်မ သွားဖြစ်ခဲ့ပါသည်။
နောက်ပိုင်းမှာလဲ ဦးလေးကြီးနှင့်တခါတရံ တွေ့ဖြစ်ခဲ့သည်။ ဆူးလေဘုရားအနီးမှာ၊ မြေနီကုန်းမှာ၊ လှည်းတန်းမှာ ကျွန်မတို့ ဆုံဖြစ်ခဲ့ကြသည်။ ဦးလေးကြီးက တက္ကစီစီးလာသော ကျွန်မကို သင်္ကန်းကျွန်း၊ ရွှေပေါက်ကံ၊ သာကေတသို့ သွားသော ဘတ်စ်ကားများစီးကြည့်ရန် တိုက်တွန်းခဲ့သည်။ ကမ်းနားမှ အလုပ်သမားများ၊ ကုန်စိမ်းဈေးများသို့ သွားကြည့်ခိုင်းခဲ့သည်။ ပဲခူးအရှေ့ခြမ်း၊ အနောက်ခြမ်း ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများဘက်သို့ ခရီးထွက်ရန် တိုက်တွန်းခဲ့သည်။ ရှမ်းပြည်ဘက်အသွားအပြန်မှာ ရထားကို ရိုးရိုးတန်းမှ စီးကြည့်ရန် ဆိုခဲ့သည်။
အခါအခွင့်သင့်တဲ့ အခါများမှာ သူပြောသည်များကို ကျွန်မလိုက်လုပ်ဖြစ်ခဲ့ပါသည်။ ဦးလေးကြီးက ထိုအတွေ့အကြုံများကို ပေးခဲ့သည်မကပဲ၊ ဗဟုသုတ ဖြစ်ဖွယ်အကြောင်းအရာများကိုလဲ ပြောပြခဲ့ပြန်သည်။ ကျွန်မ မေးသော ဖူးချစ်၏ စကားလုံးများကိုလဲ ကျွန်မလက်ခံနိုင်သော အတွေးအခေါ် များဖြင့် ရှင်းပြခဲ့သည်။ ထောင်၊ ကြိုးတိုက်၊ ကြိုးစင် အကြောင်းများကလဲ တစွန်းတစ။ ပြီးတော့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဆလိုင်းတင်မောင်ဦး စသော အမည်များ။
ဦးလေးကြီးပြောပြလို့ အမည်များကို ကြားဖူးခဲ့ပေမယ့် ဖြစ်စဉ်များကို အသေးစိတ် မသိခဲ့ရ။ နယ်မှ အဖွားက လွမ်းသည်ဆိုပြီး အတင်း ပြန်ခေါ်တာမို့ သတ်မှတ်ချိန်ထက် စောပြန်ခဲ့ရသည်။ ဦးလေးကြီးကို နှုတ်မဆက်ဖြစ်ခဲ့။ အဆက်အသွယ် ပြတ်သွားခဲ့တာမို့ အသေးစိတ် ထပ်မမေးဖြစ်ခဲ့တာလဲ ပါမည်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစင်၊ ဦးနေ၀င်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သော ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဦးသန့် အရေးအခင်းနှင့် ဆလိုင်းတင်မောင်ဦး စသော အမည်များကတော့ ကျွန်မရဲ့ အတွေးအိမ်ထဲမှာ တွဲခိုနေခဲ့သည်။
နောက်ပိုင်းမှာတော့ အတွေးရိပ်များတွင် အမည်နာမတခုအဖြစ် ရှိနေခဲ့ဖူးသော ဆလိုင်းကိုတင်မောင်ဦး၏ ကြိုးစင်ပေါ်သို့ ရဲရဲဝံ့ဝံ့သွားခဲ့သော ခြေလှမ်းများ၊ ပြောဆိုခဲ့သော စကားလုံးများကို အသေးစိတ် သိခွင့် ရလာခဲ့ပါတော့သည်။ ကြိုးစင်ပေါ်သို့ ဦးတည်သော ခြေလှမ်းများမှာ ဆလိုင်းကိုတင်မောင်ဦး ပြောကြားခဲ့သည်က
မင်းတို့ ငါ့ကို သတ်လို့ ရပေမယ့်၊ ငါ့ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ သတ်လို့ မရဘူး။
မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။
တော်လှန်ရေးသူရဲကောင်းတို့၏ ကြိုးစင်ပေါ်မှ စကားများသည် တော်လှန်ရေး စိတ်ဓာတ်၊ တော်လှန်ရေးဝိဥာဉ်တို့ကို နောင်မျိုးဆက်များ၏ သွေးကြောများတွင်းသို့ စီးဝင်စေ စမြဲ။ နှလုံးအိမ်တို့ကို ကိုင်လှုပ်နိုင်စွမ်း ရှိစမြဲ။
ကျွန်မ ယုံကြည်သည်။
ကြိုးစင်ပေါ်သို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲသော ခြေလှမ်းများ၊ သေခြင်းတရားကို မတုပ်မလှုပ် ရင်ဆိုင်ရဲသော တည်ကြည်ခိုင်မာမှုများနှင့် စစ်ဖိနပ်အောက်မှာ ဒူးမထောက်သော စိတ်ဓာတ်များ၏ အရှိန်အဟုန်များ ပေါင်းဆုံသွားသော တနေ့မှာ ….........................................။
ခင်မမမျိုး (၂၆၊ ၆၊ ၂၀၁၁)
(ဆလိုင်းကိုတင်မောင်ဦးကဲ့သို့ ဒူးမထောက်၊ လက်မမြှောက်ပဲ ကြိုးစင်ပေါ်သို့ ရဲဝံ့စွာ တက်ခဲ့ကြသည့်
ကမ္ဘာ့တော်လှန်ရေး၊ မြန်မာ့တော်လှန်ရေး သူရဲကောင်းများအား လေးစားဦးညွတ်လျက်)
အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၂)
ဒို့တာဝန် အရေးသုံးပါး
စစ်အာဏာရှင်စနစ်နဲ့ ယနေ့ လက်ရှိ ရွေးကောက်ခံ အာဏာရှင်စနစ်ကို အကောင်အထည်ဖော် နေကြသူများဟာ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် လက်တွေ့မှာ အမှန်တကယ် ဒီ မူဝါဒတွေကို ကျင့်သုံးပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။
(၁) ပြည်ထောင်စု မပြိုကွဲရေး
ပြည်ထောင်စု ဆိုတဲ့ စကားလုံးဟာ နိုင်ငံတော် တည်ထောင်မှု (state - formation) ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေနဲ့ ဆက်နွယ်ပါတယ်။ လူတဦးချင်းဆီမှာ နိုင်ငံရေးတန်ဖိုး (political values) တွေ တူတိုင်း၊ နိုင်ငံရေး အစီအမံ (political arrangements) တွေ မတူညီပါဘူး။ နိုင်ငံရေး တန်ဖိုးတွေ မတူပေမယ့်လဲ နိုင်ငံရေး အစီအမံမှာ ကျတော့ တူသွားတတ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ ဆိုတာ မရှိဘူး ဆိုတဲ့ အတွေးအခေါ်ဟာ ဒီအချက်တွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။
နိုင်ငံတော်တည်ထောင်မှုမှာ ပြည်ထောင်စု အသွင်သဏ္ဍာန်နဲ့ တည်ထောင်မှု ဆိုရင် နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) တွေက အလွန်အရေးကြီးပါတယ်။ ဒါတွေ မရှိရင် နိုင်ငံတော်တည်ထောင်မှု ဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍ တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။ အခြားသဏ္ဍာန်မူကွဲတွေလဲ ရှိပါသေးတယ်။
unitary state system မှာ နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ ရှိပြီး၊ ဒေါင်လိုက် သဏ္ဍာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ်တော် တရပ်ပဲ ရှိပြီး၊ တရားစီရင်ရေး စနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံ တည်ထောင်ထားမှု စနစ်က unitary state system ဖြစ်ပါတယ်။ federal state system မှာ နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဍာန်ပါ ရှိပါတယ်။ ဖယ်ဒရယ် အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဍာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး ကွဲပြားကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖဒရယ် အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊ လက်နက်ကိုင်တပ်များ ထားရှိမှု၊ စာပို့ စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေများ ပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။
separate state system ဆိုတာကတော့ လူမျိုးရေး၊ ၀ါဒရေး၊ ဘာသာရေး စတာပေါ်မှာ အခြေခံပြီး သီးခြားနိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယ နိုင်ငံမှ လွတ်လပ်သော သီးခြား နိုင်ငံအဖြစ် ပါကစ္စတန် နိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့ နိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ခွဲထွက်ပြီး နိုင်ငံ တည်ထောင်မှု သဏ္ဍာန် ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ အသွင်ကူးပြောင်းကာလတွေ ဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ လွတ်လပ်ရေးရစ ကာလ (ဥပမာ- ကိုလိုနီ နိုင်ငံများ) တွေနဲ့ အင်အားကြီး အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသော ကာလ (ဥပမာ- ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာ အရေးတွေ ပေါ်ထွက်တတ်ပါတယ်။
သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ အသွင်ကူးပြောင်းကာလ ဆိုတာ နိုင်ငံတော် တည်ထောင်မှု (state- formation) လို့ သတ်မှတ်လေ့ရှိကြ ပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူညီမျှမှု ဆိုင်ရာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု၊ ကတိတည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ confidence-building measures များ ဖော်ဆောင်ထားမှု စတာတွေကို ကြိုတင်ပြင်ဆင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို တဦး၊ တဖွဲ့၊ တပါတီ တည်းပေါ်မှာ အလုံးစုံ ပုံအပ်ပြီး၊ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှုတွေ အားနည်းခဲ့ရင်၊ အာဏာရ အစိုးရဘက်က တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို မလေးစားပဲ အာဏာအလွဲသုံးစားလုပ်ပြီး ဖိအားပေးမှုတွေ ဖြစ်ရင် ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရကာစ အခြေအနေဟာ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှု အားနည်းချက်တွေရဲ့ ရလဒ်တွေပါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ရရှိရေးအတွက် တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေး ၀ါဒပေါင်းစုံရှိတဲ့ အဖွဲ့အစည်းပေါင်းစုံက လက်တွဲခဲ့ကြပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တွေ တူညီခဲ့ကြပါတယ်။
သို့ပေမယ့် နယ်ချဲ့လက်အောက် မရောက်ခင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစီအမံတွေမှာ စစ်အနိုင်တိုက်ပြီး စုစည်းသိမ်းသွင်းမှုပေါ်မှာ အခြေခံတဲ့ state formation သဏ္ဍာန် ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ နိုင်ငံရေးဝါဒပေါင်းစုံ လက်ကိုင်စွဲထားတဲ့ အဖွဲ့အစည်းပေါင်းစုံမှာလဲ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ အချို့က unitary state၊ အချို့က federal state၊ အချို့ကတော့ separate state အထိ စဉ်းစားထားမှုတွေ ရှိကြပါတယ်။
ဒီလို မတူညီမှုတွေကို ပင်လုံစာချုပ်နဲ့ ညှိနှိုင်းယူခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ပင်လုံစာချုပ် နိဒါန်းမှာ "ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ - - - သဘောတူညီ ကြလေသည်˝ လို့ ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပင်လုံညီလာခံဟာ all inclusive dialogue လုပ်ပေးနိုင်ခဲ့တဲ့ ညီလာခံ မဟုတ်ပါဘူး။ ကရင်နီ၊ မွန်၊ ကရင်၊ ရခိုင် အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုခြင်း မရှိနိုင်ခဲ့ပါဘူး။
အဆိုးဆုံးကတော့ ယုံကြည်မှု တည်ဆောက်ထားမှု အခြေအနေပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာခြင်း အစမှာကတည်းက အပြန်အလှန်ယုံကြည်မှုဟာ အင်စတီကျူးရှင်းပေါ်မှာ အခြေခံ တာထက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင် များရဲ့ ယုံကြည်လေးစားမှု အပေါ်မှာ အခြေခံထားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဟာ တိုင်းပြည်အတွက် အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီး တခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ကြီးထွားလာစေခဲ့တဲ့ ကံဆိုးမိုးမှောင်ကျစေသော အကြောင်း တရားကြီး တခုဆိုရင်လဲ မမှားပါဘူး။ ဗိုလ်ချုပ်တို့သာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်ရေး မရခင် အချိန်ကာလတိုလေး အတွင်းမှာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့မှာ ဖြစ်သလို၊ ပြည်တွင်းစစ်ကို တားဆီးနိုင်မယ့် အသွင်ကူးပြောင်းကာလဆိုင်ရာ ကြိုတင်ပြင်ဆင် တည်ဆောက်မှုတွေလဲ လုပ်ထားနိုင်ခဲ့မှာပါ။
သို့ပေမယ့် မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုလို့ပဲ ဆိုရလေမလား၊ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးကြပြီး၊ အင်စတီကျူးရှင်း တည်ဆောက်မှု အားနည်းခြင်းရဲ့ အကျိုးဆက်လို့ပဲ ဆိုရလေမလား မသိ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည်နှင့် ပြည်ထောင်စုပုံသဏ္ဍာန် အစိုးရနှင့် အာဏာခွဲဝေမှု၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှခွင့်၊ ပင်လုံစိတ်ဓာတ် စတာတွေက တစထက်တစ လျော့ပါးပျောက်ကွယ်လာခဲ့ပါတော့တယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဉ်က ဗိုလ်ချုပ်ကိုယ်စားပြုခဲ့တဲ့ ဖဆပလ အစိုးရမှာလဲ တပြည်ထောင်စနစ် (unitary system) ကို နိုင်ငံတည်ထောင်မှုဆိုင်ရာ နိုင်ငံရေးအစီအမံအဖြစ် လက်ခံယုံကြည်သူများက ကြီးစိုးခဲ့ပါတယ်။
အသွင်ကူးပြောင်းကာလတိုင်းမှာ အာဏာရအစိုးရရဲ့ အတွေးအခေါ်၊ အယူအဆတွေဟာ အခရာကျပါတယ်။ ငြိမ်းချမ်းစွာနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ဖော်ဆောင်မှု၊ အာဏာကို အသုံးပြု၍ အင်အားသုံးဖြေရှင်းမှု ဆိုတဲ့ နည်းလမ်းတွေအနက် လွတ်လပ်ရေးရကာစ ဖဆပလ အစိုးရက အများဆုံးအသုံးပြုခဲ့တဲ့ နည်းလမ်းကတော့ အုပ်ချုပ်ရေးအာဏာနဲ့ စစ်တပ်ကို အသုံးပြုပြီး အင်အားသုံးဖြေရှင်းမှုတွေပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားတာ အားနည်းနေတဲ့ အချိန်ကာလ၊ သံသယများ ကြီးထွားနေသောကာလ၊ ညီညွတ်ရေးဆိုရာမှာလဲ လူမျိုးစုအားလုံးကို ကိုယ်စားပြုထားခြင်း မရှိသေးသော ပင်လုံစာချုပ်တခုသာ ရှိနေသော ကာလ၊ တနည်းဆိုရင် နိုင်ငံရေးအရ political sensitivity အမြင့်မားဆုံး ဖြစ်နေသော ကာလတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ အတင်းအကြပ် လက်နက်သိမ်းမှုတွေ ရှိလာခဲ့ပါတယ်။
လက်နက်နဲ့အင်အားသုံးဖြေရှင်းမှုဆိုတာ အခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီးမှ ထိရောက်မှု ရှိပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ မလျော်ညီရင် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်သွားစေ တတ်ပါတယ်။ ဥပမာ- လူနှစ်ဦးမှာ တဦးနဲ့ တဦး မယုံကြည်မှုတွေ၊ သံသယတွေ ရှိနေချိန်မှာ တဦးက လူသူစုဆောင်းပြီး တုတ်၊ ဓား တွေနဲ့ အခြားလူတဦးထံကို ရှေ့ရှုသွားမယ်ဆိုရင် သွားသူများက တိုက်ခိုက်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တဘက်နဲ့ တဘက် တိုက်ခိုက်မှု ဖြစ်ကို ဖြစ်ပါတယ်။
ဖဆပလ အစိုးရ လက်ထက်မှာ ပြည်တွင်းစစ်မီးတွေ တောက်လောက်လာခြင်းဟာ နဂိုရှိရင်းစွဲ နိုင်ငံတော် တည်ထောင်မှု (state formation) ဆိုင်ရာ အားနည်းချက်တွေပေါ်မှာ လက်နက်နဲ့ ဖိအားပေးမှုတွေ၊ လက်နက်အတင်းအကြပ် လိုက်လံ သိမ်းဆည်းမှုတွေက ထပ်ဆောင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။ confidence-building measures တွေ အားနည်းခဲ့ကြပါတယ်။ ၀ါဒရေးရာ ပဋိပက္ခတွေအပြင် ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခတွေကလဲ စတင်ပေါ်ထွက်ခဲ့ပါတယ်။ ဒါက ပင်လုံစာချုပ်တခုတည်းဟာ ပြည်ထောင်စုအရေးအတွက် လုံလောက်သော ပြင်ဆင်မှု မဟုတ်ခဲ့ဘူးဆိုတာ ပြသတဲ့ လက္ခဏာ တရပ်ပါပဲ။
ဖဆပလ အစိုးရလက်ထက်မှာ ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားဖြစ်တဲ့ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှုထက် တပြည်ထောင်စနစ်နဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုကို ပိုပြီး ဇောင်းပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးထက် စစ်ဆင်ရေးကြီးများနဲ့ ချေမှုန်းနိုင်ရေးကို ဦးစားပေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်ခုပ် နှစ်ဘက်တီးမှ မြည်တဲ့ အရာ ဖြစ်ပါတယ်။ အာဏာရသူများနဲ့ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရ ဖြစ်စေ အတိုက်အခံ ပြုနေသူများဘက်က ငြိမ်းချမ်းရေးရဖို့ မည်မျှပဲ ပြင်ဆင်နေသည်ဖြစ်စေ၊ တောင်းဆိုနေသည် ဖြစ်စေ၊ အာဏာလက်ဝယ် ရထားတဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးဆိုတာကို လက်နက်ဖြုတ်သိမ်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ နိုင်ငံရေးအရ အပြီးတိုင် ချေမှုန်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ အာဏာရသူများရဲ့ သတ်မှတ်ချက်များအတိုင်း အတိုက်အခံများဘက်မှ လိုက်နာဆောင်ရွက်ရမည့် အရာလို့ သတ်မှတ်နေသမျှ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုတာ ဒူးထောက်အညံ့ခံရေး မဟုတ်ပါ။
နောက်ဆုံးမှာတော့ ဖဆပလရဲ့ တပြည်ထောင်စနစ်ကို တိုင်းရင်းသားများက ပြည်ထောင်စုသဏ္ဍာန် တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီအခါမှာ ဖဆပလ ၀န်ကြီးချုပ်က ပြည်ထောင်စုအရေးကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုပဲ နိုင်ငံတော်အာဏာကို ဗိုလ်နေ၀င်းဆီ ထိုးအပ်လိုက်ပါတော့တယ်။ ဗိုလ်နေ၀င်းက အရပ်သားအစိုးရကို အာဏာပြန်လွှဲ ပေးထားစဉ်ကာလမှလဲ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာနဲ့ (၁၉၆၁) ခုနှစ်မှာ တောင်ကြီးမြို့မှာ ညီလာခံတရပ် ကျင်းပပြီး၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ကိုတောင်းဆိုခဲ့ကြပါတယ်။ ၀န်ကြီးချုပ် ဦးနုက ရွေးကောက်ပွဲဝင်စဉ်က ကတိအတိုင်း အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပ ပေးခဲ့ပါတယ်။ ဆယ်စုနှစ်ကျော် ကာလတလျှောက် ပြည်ထောင်စုသဏ္ဍာန် အကောင်အထည်ဖို့ အားနည်းခဲ့ရာက ပြည်ထောင်စုသဏ္ဍာန် အခင်းအကျင်းအတွက် ပထမဆုံး ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ federal arrangements မဖြစ်သွားရင်တောင် အနည်းဆုံး quasi- federal arrangements ဖြစ်သွားစေနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ရှိခဲ့ပါတယ်။ Unitary state ကနေ Federal State အနေနဲ့ တစတစ အသွင်ကူးသွားစေနိုင်တဲ့ local autonomy, provincial autonomy စနစ်တွေကိုလဲ နှီးနှောဖလှယ်ပွဲတွေက တဆင့် အမြင်တွေ ချပြဆွေးနွေးနိုင်ခဲ့ကြမှာပါ။ (၁၉၆၂) ခုနှစ်၊ ဖေဖော်ဝါရီလဟာ နိုင်ငံတော်ကြီးက ပြည်ထောင်စုသဏ္ဍာန်ကို ပထမဆုံးခြေလှမ်း စလှမ်းစ ကာလပါ။
သို့ပေမယ့် ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ်အုပ်စုက (၁၉၆၂) ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ ပြည်ထောင်စု မပြိုကွဲရေးလို့ ဆိုပါတယ်။ လက်တွေ့မှာကျတော့ တပြည်ထောင်စနစ် မပြိုကွဲရေး၊ ဗဟိုအစိုးရမှ အာဏာကို အပြည့်အ၀ ချုပ်ကိုင်ထားနိုင်ရေး ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသဏ္ဍာန် ဖော်ဆောင်ရေး ခြေလှမ်းကို ရိုက်ချိုးခြင်း ဖြစ်တဲ့အတွက် ပြည်ထောင်စု ပြိုကွဲရေးပဲ ဖြစ်ပါတော့တယ်။
ဒီလို ပြည်ထောင်စု မပြိုကွဲရေး လို့ အမည်ခံတဲ့ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းဆောင်တာတွေကို တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖ ခေတ် ကာလတလျှောက်လုံးမှာ စစ်အာဏာရှင် အဆက်ဆက်က အမွေခံ ကျင့်သုံးခဲ့ကြပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာကို ပြည်ထောင်စု ပြိုကွဲစေတဲ့ စနစ်လို့ သတ်မှတ် ပြောဆိုပါတယ်။ စစ်အာဏာသိမ်းယူမှုတွေကို ပြည်ထောင်စု မပြိုကွဲရေးအတွက် ကာကွယ်စောင့်ရှောက်ရခြင်း၊ တိုင်းပြည် ချောက်ထဲကျမည့် အရေးကို ကာကွယ်စောင့်ရှောက်ရခြင်းလို့ ၀ါဒဖြန့်ချိရေးတွေ လုပ်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှာ ထည့်သွင်းခဲ့ပါတယ်။ အတွေးအမြင်၊ အသိဥာဏ် ပိတ်ပင်မှုတွေ လုပ်ပါတယ်။
ဦးနှောက်ဆေးခြင်း၊ ၀ါဒဖြန့်ချိခြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တွေ ဆိုတာက စစ်မြေပြင်မှာ လက်နက်ကြီး မိုးရွာခံရတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်ပါတယ်။ လူတယောက်ကို ခြောက်လခန့် စနစ်တကျ ဦးနှောက်ဆေးပြီး၊ အယူအဆအမှားတွေကို ရိုက်သွင်းလို့ ရပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စုစည်းခိုင်မာနေတဲ့ အင်အားစုကြီးကို နှစ်အနည်းငယ်အတွင်း ဖရိုဖရဲ တစစီ ပြန့်ကျဲအောင် လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ၀ါဒဖြန့်ချိရေး လက်နက်နဲ့ အမှန်တွေအမှားဖြစ်၊ အမှားတွေ အမှန်ဖြစ်ပြီး၊ အမှန်နဲ့ အမှား မသဲကွဲတော့တာတွေ ပြုလုပ်လို့ ရပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ဟာ ဒီလက်နက်တွေကို စနစ်တကျ အသုံးချခဲ့ကြပါတယ်။
သူရဲကောင်းဝါဒ၊ စစ်ဘုရင်ဝါဒ၊ ဗမာဘုရင်များက အစိတ်စိတ်အမြွာမြွာ ကွဲပြားနေတဲ့ နိုင်ငံကို စစ်ရေး အင်အားသုံးပြီး ပြန်လည်စုစည်းယူထားတဲ့ သမိုင်းကြောင်း၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး သမိုင်းကြောင်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ရန်ကုန်အစိုးရလို့ အခေါ်ခံခဲ့ရရာကနေ ခဲရာခဲဆစ် အသက်၊ သွေး၊ ချွေး စတေးပြီး နိုင်ငံတော်ကြီးကို ကာကွယ်ထားရတဲ့ သမိုင်း၊ တိုင်းရင်းသားတွေက ဖယ်ဒရယ်စနစ်ကို တောင်းဆိုပြီး ပြည်ထောင်စုပြိုကွဲရေး ပြုလုပ်လာတဲ့ အန္တရာယ်ကို တပ်မတော်မှ ကာကွယ်လိုက်ရခြင်း၊ လူသတ်ခေါင်းဖြတ်ပြီး မင်းမဲ့စရိုက်များ စိုးမိုးနေချိန်မှာ ချောက်ထဲကျမည့် အရေးမှ တိုင်းပြည်ကို ကယ်တင်ထားရခြင်း စတဲ့ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းများကို အာဂုံဆောင်ကျက်မှတ်ပြီး ကြီးပြင်းလာရတဲ့ လူငယ်များကို တပ်သားသစ်သင်တန်းများမှာ ခြောက်လခန့်၊ ဗိုလ်သင်တန်းများမှာ သုံးနှစ်ခန့် သင်တန်းပေးမှု၊ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေးမှု၊ အရပ်သားများကို ၀န်ထမ်း သင်တန်းများမှာ သင်တန်းပေးမှု၊ ကြံ့ဖွတ်အဖွဲ့ဝင်များကို စီမံခန့်ခွဲရေးသင်တန်းတွေမှာ သင်တန်းပေးမှု စတဲ့ အချိန်ကာလတွေဟာ လူတယောက်ကို ဦးနှောက်ဆေးဖို့ လုံလောက်တဲ့ အချိန်ကာလ တခု ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ လက်ဆင့်ကမ်းအမွေတွေကို ထိန်းသိမ်းကြရင်း ဖယ်ဒရယ်မူ ဆိုတာကို ပြည်ထောင်စု ပြိုကွဲရေး မူလို့ လက်ခံထားကြသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ လက်နက်ကိုင် အင်အားစုများကို သောင်းကျန်းသူများဟု အမှန်တကယ် ယုံကြည်လက်ခံနေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ တိုင်းရင်းသားများကို ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်းနေကြတယ်လို့ ထင်မှတ်နေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ အဖိနှိပ်ခံ ပြည်သူတို့ရဲ့ တိတ်တဆိတ် ရင်ထဲက ငိုကြွေးသံတွေ စုပြုံထွက်လာတဲ့ လူထုအရေးတော်ပုံများကို သူပုန်များ မြို့ထဲ ၀င်စီးနေပြီဟု အမိန့်ပေးခံရ၍ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်ခဲ့သူ တပ်မတော်သားများ မည်၍မည်မျှ ရှိခဲ့ပါသလဲ။ သံဃာတော်များ မေတ္တာပို့ ဆုတောင်းခြင်းကို သံဃာတုများဖြင့် ပြည်ထောင်စု ပြိုကွဲရေး လာလုပ်နေပြီဟု တပ်လှန့်ပစ်ခတ်သတ်ဖြတ်ခိုင်းမှုများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။
မည်သို့ဆိုစေ၊ သေချာသည်ကတော့ ပြည်ထောင်စု မပြိုကွဲရေးဆိုသော ခေါင်းစဉ်အောက်မှ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းစဉ်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများမှ မိမိတို့လုပ်လိုက်တဲ့ အလုပ်ရဲ့ အတိုင်းအဆ ပမာဏကို မသိပဲ စစ်အာဏာရှင်တို့ အလိုကျ လိုက်လံလုပ်ဆောင်ပေးနေကြပြီး၊ ပြည်ထောင်စု မပြိုကွဲရန် ကာကွယ်နေတယ်လို့ ထင်မှတ်မှားမှုတွေ ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။
ယနေ့ လက်ရှိ ဗိုလ်သိန်းစိန် အစိုးရ လက်ထက်မှာလဲ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ လက်ဆင့်ကမ်းအမွေတွေကို ဆက်လက် စောင့်ထိန်းနေကြဆဲပါ။ လူမျိုးစုဒေသတွေမှာ သက်ဆိုင်ရာ လွှတ်တော်တွေ ရှိပြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေ ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ ကျင့်သုံးမှုဆိုင်ရာ အာဏာအပိုင်းအခြားတွေကလဲ စာရွက်ပေါ်မှာသာ ရှိပြီး၊ ဗဟို အစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိနေပါတယ်။ အာဏာခွဲဝေမှု (Division of Power) ကိုလဲ ကျင့်သုံးနိုင်မှု မရှိပါ။
ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တို့မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခုခံနေရမှုများ၊ ဒေသတွင်း စစ်ပြေးဒုက္ခသည်များရဲ့ အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး၊ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက စစ်တပ်အကြီးအကဲတွေထံ တောင်းဆိုရမယ့် တာဝန်တွေကိုလဲ ထမ်းဆောင်နိုင်ခြင်း မရှိကြသေးပါဘူး။ သေနတ်ပြောင်းတွေနဲ့ ဓားမိုးထားမှုတွေ အောက်မှာ နှုတ်ဆိတ်နေကြရပါတယ်။ အစိုးရအဖွဲ့ဆိုတာ လွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်တဲ့အတွက် လွှတ်တော်အမတ်များ စုစည်းပြီး ကာကွယ်ရေးဝန်ကြီးကို ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှု၊ ထိုးစစ်များ ရပ်ဆိုင်းရန် တောင်းဆိုမှုတွေကိုလဲ လွှတ်တော်အမတ်များ ပြုလုပ်နိုင်ခြင်း မရှိကြသေးပါဘူး။ နှုတ်ဆိတ်နေကြရပါတယ်။
ငြိမ်းအဖွဲ့များလို့ အများခေါ်ဝေါ် သုံးစွဲထားတဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်တို့ အကြားမှာ ၁၉၉၀ အလွန်ကာလတွေက ဖြစ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာလဲ စစ်မှန်သော ငြိမ်းချမ်းရေး အသွင်မဆောင်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုပ်ဆောင်နိုင်မှု အတိုင်းအတာ အထိသာ ရှိခဲ့ပြီး၊ စစ်အာဏာရှင်တို့ဘက်မှ နယ်မြေ စိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ ဖိအားပေးရေး၊ သပ်လျှိုဖြိုခွဲရေး စတာတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။
၁၉၉၀ အလွန်ကာလတွေနဲ့ ၂၁ ရာစု ကနဦးပိုင်းတွေမှာ ဖိအားပေးမှုများ အသွင်သဏ္ဍာန် အမျိုးမျိုးနှင့် ရှိခဲ့ရာက ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးချိန်နောက်ပိုင်းမှာ အာဏာရှင်တို့ဘက်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အစဉ်တစိုက် ဖိအားပေးပြီး၊ ခြေကုပ်ယူတပ်စွဲမှုတွေ၊ ရင်ဆိုင်ထိန်းချုပ်မှုတွေ၊ ကြိုကြား ထိတွေ့မှုတွေ၊ အင်အားအလုံးအရင်းဖြင့် နယ်မြေအနီးသို့ ချဉ်းကပ်ဝန်းရံမှုတွေ၊ အင်အားပြခြိမ်းချောက်မှုတွေ၊ တိုင်းရင်းသားခေါင်းဆောင်များအား မောက်မောက် မာမာ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တပ်မတော်ဘက်က အလုံးစုံချေမှုန်းရေးနဲ့ စစ်ဆင်ရေးကြီးများ ဆင်နွှဲခြင်း မရှိလာရင်တောင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အကြားမှာ နယ်ခြားစောင့်တပ်လုပ်ဖို့၊ လက်နက်ချဖို့ ဖိအားပေးလိုက်၊ စစ်ရေးအင်အားပြလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ mediator များက ကြားဝင်လာပြီး အပစ်အခတ် ရပ်စဲလိုက်နဲ့ သံသရာလည်နေမှုဟာ ပြည်ထောင်စုသဏ္ဍာန် တည်ဆောက်မှု နိုင်ငံရေး အခင်းအကျင်းတွေ မဖြစ်ပေါ်လာသေးသမျှ ကာလပတ်လုံး ဖြစ်နေမှာတော့ အသေအချာပါပဲ။ စစ်မှန်သော ရေရှည်ခံ ငြိမ်းချမ်းရေးကတော့ ပေါ်ထွက်လာခြင်း ရှိမှာ မဟုတ်ပါ။
ဗိုလ်သိန်းစိန် အစိုးရရဲ့ အခုလို ပြည်ထောင်စုသဏ္ဍာန်၊ ဒီမိုကရေစီ အသွင်သဏ္ဍာန် မရှိတဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုများဟာ ပြည်တွင်းစစ်မီးကို မွှေးနေတာနဲ့ အတူတူပါပဲ။ တချိန်ချိန်မှာ ပြည်တွင်းစစ်မီးတောက်ကြီး အချိန်မရွေး ထတောက်သွားနိုင်ပါတယ်။ ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲရေးကို ဦးတည်သွားနိုင်ပါတယ်။ ပြည်ထောင်စု မပြိုကွဲရေးကို ဦးထိပ်ထားသည်ဟု အမည်ခံပြီး၊ ပြည်ထောင်စုစနစ်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းဟာ ပြည်ထောင်စုကို ဖြိုခွဲနေတာနဲ့ အတူတူပါပဲ။ ပြည်ထောင်စု သဏ္ဍာန် တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး အခင်းအကျင်းများကို ဖျက်ဆီးနှောင့်ယှက်ခြင်းဟာ ပြည်ထောင်စု ပြိုကွဲရေးလုပ်တာပဲ ဖြစ်ပါတယ်။
ခင်မမမျိုး
အပိုင်း(၃) ကို ဆက်လက် တင်ပြပါမည်။
အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့ တာဝန် (အပိုင်း - ၁)
Friday, June 24, 2011
နိဒါန်း
ပြည်ထောင်စု မပြိုကွဲရေး.............................................................ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး.....................................ဒို့အရေး
အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး …........................................ဒို့အရေး
ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးမှာ ဆိုင်းဘုတ်တင် ချိတ်ဆွဲ ထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်းထားတာတွေကို ကျွန်ုပ်တို့ အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ အနှစ်သာရ အနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ သို့ပေမယ့် ဒီမူဝါဒတွေဟာ နိုင်ငံတော်အာဏာ သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ အမှန်တကယ် ကျင့်သုံးနေတဲ့ မူဝါဒတွေ ဖြစ်ပါရဲ့လား။ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့တွေဟာ ဒို့တာဝန်အရေးသုံးပါး ဆိုတာကို ဦးထိပ်ထားပြီး အမှန်တကယ် ဆောင်ရွက်နေတာ ဖြစ်ပါရဲ့လား။
မြန်မာနိုင်ငံနှင့် အာဏာရှင်စနစ်
ဒီမိုကရေစီ သဘောတရားများအရ အာဏာဟာ ပြည်သူထံမှ သက်ဆင်းရပါတယ်။ ပြည်သူထံမှ မသက်ဆင်းတဲ့ အာဏာဟာ သက်ဆင်းလာတဲ့ အရင်းခံနေရာကိုပဲ အကျိုးပြုပြီး၊ ပြည်သူကို အကျိုး မပြုနိုင်ပါဘူး။ စစ်အာဏာဟာ အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုကိုပဲ အကျိုးပြုပါတယ်။ လူတစုကနေ ဆင်းသက်လာတဲ့ အာဏာဟာ လူတစုကိုပဲ အကျိုးပြုပါတယ်။ ဒါကြောင့်လဲ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (လွတ်လပ်မှုနှင့် တရားမျှတမှု မရှိသော အာဏာရှင် ရွေးကောက်ပွဲများ ကျင်းပပြီး အာဏာယူထားသော စနစ်) စတဲ့ စနစ်ဆိုးတွေကို ကမ္ဘာတ၀ှမ်းမှာ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ သိသာထင်ရှားသော အာဏာအပိုင်းအခြား (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်း တရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်းချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံအများစုများ ကျင့်သုံးနေကြပါတယ်။
အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒများ ချမှတ် အကောင်အထည် ဖော်ဆောင်ရပါတယ်။ တပ်မတော်ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့ကတော့ တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက် ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။
နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဍာန်တွေ ကွဲပြားပါတယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။ တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ပါလီမန်က ချမှတ်လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးမှာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။ တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အစည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့က တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။
မြန်မာနိုင်ငံမှာ တိုင်းတပါးသားတွေ အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့စနစ်နဲ့ ဖက်ဆစ် စနစ်တွေကို ဖယ်ရှားလိုက်ရင် သက်ဦးဆံပိုင် ဘုရင်စနစ် နဲ့ စစ်အာဏာရှင်စနစ် တွေကသာ ကာလအတန်ကြာ ကြီးစိုးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန်စနစ်ကျင့်သုံးတဲ့ ကာလမှာကလဲ အာဏာ လုပွဲတွေနဲ့ စစ်မက်တွေ ဖြစ်နေခဲ့တာကြောင့် အာဏာအပိုင်းအခြား တိတိပပ မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ တို့အကြားမှာ ရောထွေးမှုတွေ၊ တရားစီရင်ရေးမှာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိခဲ့ပါတယ်။
သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အာဏာက ပြည်သူက သက်ဆင်းတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အာဏာဟာ မင်းရိုးမင်းနွယ်က ဆင်းသက်မှု၊ စစ်ပွဲမှာ အနိုင်ရသူ စစ်ဘုရင်က တိုင်းပြည်အုပ်ချုပ်မှု စတာတွေကနေ သက်ဆင်းလာပါတယ်။ ဥပဒေပြု အာဏာကလဲ ဘုရင်က ခန့်အပ်မှုပေါ်မှာပဲ မူတည်ပြီး၊ ပြည်သူကို ကိုယ်စားပြုခြင်း မရှိခဲ့ပါ။ တရားစီရင်ရေး အာဏာကလဲ အုပ်ချုပ်ရေးအာဏာကနေ ထပ်မံသက်ဆင်းလာပါတယ်။
(၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါ စစ်အုပ်စုကနေပဲ သက်ဆင်းလာပါတော့တယ်။ မဆလ ပါတီ လက်ထက်မှာလဲ အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်း စစ်အုပ်စုက ဦးစီးတဲ့ တပါတီအာဏာရှင်စနစ် ကနေပဲ သက်ဆင်းလာခဲ့ပါတယ်။ (၁၉၈၈) စစ်အာဏာသိမ်းပွဲ အပြီးမှာလဲ အာဏာသုံးရပ်ဟာ စစ်အာဏာရှင်တွေရဲ့ န၀တ၊ နအဖ အဖွဲ့အစည်းတွေ ကနေပဲ သက်ဆင်းလာပါတယ်။
ဒီလိုနဲ့ နအဖက အမျိုးသားညီလာခံ ခေါ်ယူပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။ ဒီမူကြမ်းကို (၂၀၀၈) ခုနှစ်မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး၊ အတည်ပြုခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ဖွတ်ပါတီက အစိုးရ ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအစိုးရအဖွဲ့ကို နအဖ စစ်အာဏာရှင် ဟောင်း ဗိုလ်သိန်းစိန်ကဦးဆောင်ပြီး အရပ်သား အစိုးရလို့ ကြေငြာခဲ့ပါတယ်။ ဒီင်္မိုကရေစီ စနစ် အသွင်ကူးပြောင်းမှုလို့ ဆိုခဲ့ပါတယ်။
သို့ပေမယ့် ဒီမိုကရေစနစ်မှာ အရေးပါတဲ့ အာဏာအပိုင်းအခြား (separation of powers) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ constitutional principle မဖြစ်ခဲ့သလို၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးစနစ်မှာလဲ အာဏာအပိုင်းအခြား အသွင်သဏ္ဍာန်တွေ မရှိနေပါဘူး။ ဗိုလ်သိန်းစိန် ဦးဆောင် ကြံ့ဖွတ်ပါတီကို အနိုင်ရရှိစေခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ခဲ့ပါဘူး။
လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ (Representative Democracy) စနစ် အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့အခြေအနေ (necessary condition) တခုဖြစ်ပါတယ်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲတွေဟာ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ဖို့လိုအပ်ပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံ ပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာကြပါတယ်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာမှာ electoral process ကို တန်းတူညီမျှ အားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် အာဏာရှင် ဘက်တော်သားတွေက ခြိမ်းချောက် နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ် လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲမှာ ဒီလို အတုအယောင် ရွေးကောက်ပွဲရဲ့ သွင်ပြင်၊ လက္ခဏာတွေ ရှိနေခဲ့တယ်ဆိုတာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အားလုံးက သိပြီး၊ မြင်ပြီးသား ဖြစ်ပါတယ်။ ရာထူး၊ အာဏာ၊ အကြောက်တရား၊ ရှင်သန်ရပ်တည်မှု၊ အချိန်အခါ စတာတွေကို ထောက်ထားပြီး နှုတ်ဆိတ်နေကြခြင်းသာ ဖြစ်ပါမယ်။
ဒီအချက်တွေကို ထောက်မယ်ဆိုရင် အာဏာဆိုတာ ပြည်သူဆီက အပြည့်အ၀ သက်ဆင်းခဲ့ခြင်း မရှိဘူးဆိုတာ အသေအချာပါပဲ။ တရားဥပဒေပြုရေး အာဏာ ရရှိထားတဲ့ ပါလီမန်ရဲ့ ၇၅ ရာခိုင်နှုန်းမှာ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့သလို၊ ၂၅ ရာခိုင်နှုန်းကတော့ အုပ်ချုပ်ရေး အာဏာကို စောင့်ရှောက်ရမယ့် တပ်မတော်ကနေ အော်တိုမက်တစ် သက်ဆင်းလာတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရရှိထားတဲ့ အစိုးရအဖွဲ့မှာကလဲ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့ပါဘူး။
တရားစီရင်ရေးအာဏာမှာလဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ဖြစ်စေတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်သတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်း မပြုလုပ်ထားပါဘူး။ စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဆက်လက် ကျင့်သုံးဆဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီအာဏာ သုံးရပ်လုံးကို နိုင်ငံတော်လုံခြုံရေးကောင်စီက ပြန်လည် ထိန်းချုပ်ထားပါတယ်။ ဒီလို သွင်ပြင်လက္ခဏာ တွေဟာ ဒီမိုကရေစီစနစ် ရဲ့ သွင်ပြင်လက္ခဏာတွေမဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (Electoral authoritarianism) ရဲ့ သွင်ပြင်လက္ခဏာတွေသာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ စနစ် မဟုတ်ပဲ အာဏာရှင်စနစ် အမျိုးအစား တမျိုး ဖြစ်တဲ့ ရွေးကောက်ခံ အာဏာရှင် စနစ်ပဲ ဖြစ်ပါတယ်။
အပိုင်း(၂) ကို ဆက်လက် တင်ပြပါမည်။
ခင်မမမျိုး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ မင်္ဂလာ အထိမ်းအမှတ် အမှတ်တရ စာစုများ
Saturday, June 18, 2011
အစာငတ်ခံ ဆန္ဒပြခြင်း
" ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငါစဉ်းစားနေခဲ့တယ်။ လူအများက ခန္ဓာကိုယ် အကြောင်းကို အပြော များကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး "
ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်)
(၁၉၈၁) ခုနှစ်က အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကြီးဟာ အိုင်ယာလန် နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ရီပတ်ပလင်ကန် အကျဉ်းသား ဘော်ဘီဆဲင်ဒ် အပါအ၀င် အကျဉ်းသား ဆယ်ဦး သေဆုံးခဲ့ပါတယ်။ ဒီအစာငတ်ခံ ဆန္ဒပြပွဲနဲ့ ထောင်တွင်းတိုက်ပွဲတွေဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင်ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပြီး၊ မြောက်ပိုင်းအိုင်ယာလန်ရဲ့ နိုင်ငံရေးအခြေအနေကို ကမ္ဘာကို မီးထောင်ထိုးပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြပွဲမှာ အဓိက သုံးခဲ့ကြတဲ့ လက်နက်ကတော့ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း (The body as a weapon) ဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးအန်တုမှု (political defiance) နဲ့ လူမှုဗေဒ (sociology)၊ မနုဿဗေဒ (anthropology) ဘာသာရပ် စတာတွေမှာ အရေးကြီးတဲ့ သဘောတရားတရပ်ဖြစ်ပြီး၊ အစာငတ်ခံ ဆန္ဒပြခြင်းကနေ အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်းအထိ အကျုံးဝင်ပါတယ်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာတော့ ပြည်သူလူထု အကြားမှာ ဗုံးခွဲမှုတွေက အကြမ်းဖက်မှု (Terrorism) ဖြစ်ပြီး၊ တဘက်ရန်သူရဲ့ ပစ်မှတ်ကို ချေမှုန်းတာကတော့ လက်နက်ကိုင် တော်လှန်ရေး (Armed Struggle) ဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခြင်း မပြုပါဘူး။ အကြမ်းမဖက် တိုက်ပွဲနည်းနာ တခုဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းကိုပဲ သီးခြားဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။
အစာငတ်ခံ ဆန္ဒပြခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အိုင်စီအာစီလို့ လူသိများကြတဲ့ International Committee of the Red Cross က Hern´an Reyes ဆိုသူက အစာငတ်ခံ ဆန္ဒပြခြင်းမှာ အစာဖြတ်တောက်ခြင်း၊ မိမိသဘောဆန္ဒဖြင့် ပြုလုပ်ခြင်းနဲ့ ရည်ရွယ်ချက် ဖော်ပြခြင်းဆိုတဲ့ အပိုင်း (၃) ပိုင်း ပါဝင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အကျဉ်းထောင်မှာ အစားအစာ မစားသူများမှာ အစားအစာကို ငြင်းဆန်သူများ (food refuser)များ နဲ့ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများ (real hunger strikers) ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။
အစားအစာကို ငြင်းဆန်သူများမှာ အခြေအနေ အကြောင်းတစုံတရာကြောင့် ရုတ်ခြည်း ငြင်းဆန်သူများနဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်သူများဆိုပြီး နှစ်မျိုး ထပ်ကွဲပါတယ်။ အကျဉ်းထောင်ရဲ့ အစားအစာကြောင့်ဖြစ်စေ၊ ထောင်ဝန်ထမ်းဆက်ဆံရေးကြောင့် ဖြစ်စေ၊ တစုံတရာ စိတ်ရှုပ်ထွေးမှုများနဲ့ ဒေါသစိတ်ကြောင့်ဖြစ်စေ အစားအစာကို ရုတ်ခြည်းငြင်းဆန် လိုက်သူတွေ ရှိတတ်ပါတယ်။ ဒီလို အကျဉ်းသားတွေဆီမှာ ရည်ရွယ်ချက် တစုံတရာ မရှိတာကြောင့် ဆာလောင်မှုကြောင့်ဖြစ်စေ၊ အခြေအနေတခုကြောင့် ဖြစ်စေ အလွယ်တကူ အစာပြန်စားသွားလေ့ ရှိပါတယ်။
နောက်တမျိုးကတော့ ထောင်ထဲမှာ အမြန်သေဆုံးသွားရင်လဲ သေဆုံးသွားပါစေ သဘောထားပြီး၊ ဘ၀ကို အရှုံးပေးစိတ်နဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်တာဖြစ်ပါတယ်။ ရောဂါဘယ ခံစားရသူများနဲ့ ဘ၀မှာ မျှော်လင့်ချက်ပျောက်နေသူများမှာ ဒီလို ငြင်းဆန်မှုတွေ ရှိလာတတ်ပါတယ်။ ဒီလို အစားအစာကို ငြင်းဆန်သူများမှာ တစုံတရာ နိုင်ငံရေး ဖိအားကို အသုံးပြုမှု မရှိပါဘူး။ တချိန်တည်းမှာ အများအပြားရှိနိုင်ပေမယ့် တဦးချင်းသီးခြား ငြင်းဆန်မှုတွေ ဖြစ်ပါတယ်။ အာဏာပိုင်များနဲ့ ထိပ်တိုက်ရင်ဆိုင်မှုသဏ္ဍာန်၊ တိုက်ပွဲသဏ္ဍာန် မပါဝင်ပါဘူး။ အုပ်စုဖွဲ့မှု မရှိပါဘူး။
အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာလဲ နောက်ဆုံးအဆင့် သေဆုံးဖို့အထိ ရည်ရွယ်သူများ ရှိသလို၊ တိုက်ပွဲရေချိန်ပေါ် မူတည်ပြီး အတိုးအလျှော့ လုပ်သူများ ဆိုပြီး နှစ်မျိုးထပ် ကွဲပြားပါတယ်။ ဘယ်လိုကွဲပြားမှုတွေ ရှိပေမယ့် အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာ နိုင်ငံရေး ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားအခွင့်အရေး အပြည့်အ၀ ရရှိရေး၊ နှိပ်စက်ညှဉ်းပမ်းမှုများ လျှော့ချရေး၊ အကျဉ်းထောင် မတရားမှုများ ဖော်ထုတ်ရေး စတာတွေကနေ နိုင်ငံရေးတောင်းဆိုချက်စသည်အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများဟာ တစုံတရာ နိုင်ငံရေး ဖိအားကို အုပ်စုလိုက် အသုံးပြုကြတာ ဖြစ်ပါတယ်။
အစာငတ်ခံ ဆန္ဒပြသူများဆိုင်ရာ ကြေငြာစာတမ်း (Declaration on Hunger Strikers – Declaration of Malta) မှာတော့ World Medical Association က အစာငတ်ခံဆန္ဒပြသူဆိုတာ အစာငတ်ခံ ဆန္ဒပြမယ်လို့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး၊ အစားအစာကို အချိန်အတိုင်းအတာတခုအထိ ငြင်းဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ အရ ကျန်းမာသူများလို့ အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြသူများရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းစွမ်းရည် (decision-making capacity) ကို ဒီဖွင့်ဆိုချက်က အဓိက မီးမောင်းထိုးပြထားခဲ့ပါတယ်။
တုန့်ပြန်မှုများနှင့် ထည့်သွင်းစဉ်းစားလေ့ရှိသော အချက်အလက်များ
အစာငတ်ခံ ဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေက ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး၊ အစာငတ်ခံ ဆန္ဒပြမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက တုန့်ပြန်မှုတွေက ရှုမြင်သုံးသပ်ပုံပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ များသောအားဖြင့် အကျဉ်းထောင် အစာငတ်ခံ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သုံးသပ်လေ့ရှိတဲ့ ရှုထောင့်တွေကတော့ အစာငတ်ခံ ဆန္ဒပြသူများဆီမှာ political expression ကို ဖော်ထုတ်ရန် အခွင့်အရေးရှိသလား ဆိုတာနဲ့ ပတ်သက်ပါတယ်။
ဒီမိုကရေစီ ထောင်တွေမှာတော့ ဒီအခွင့်အရေးကို အသိအမှတ်ပြုပြီး ညှိနှိုင်းမှုတွေ ရှိပေမယ့်၊ အာဏာရှင်နိုင်ငံတွေ မှာတော့ ဒီအခွင့်အရေးကို အသိအမှတ်မပြုပဲ အတင်းအကြပ် အစာကျွေးတာ၊ ညှဉ်းပန်းနှိပ်စက် တာတွေနဲ့ တိုက်ပိတ်ပြစ်ဒဏ်ပေးတာတွေ လုပ်လေ့ရှိပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြခြင်းရဲ့ ရည်ရွယ်ချက်တွေဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြု မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိသလား၊ တရားဝင်မှု ရှိစေသလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
တခါတရံမှာ အစာငတ်ခံ ဆန္ဒပြသူတွေဘက်က အဖျက်မူဝါဒတွေ ဖြစ်နေတတ်ပြီး၊ တခါတရံမှာတော့ အစာငတ်ခံ ဆန္ဒပြသူတွေက နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြုရေးကို လုပ်ဆောင်နေသူများ ဖြစ်ပြီး၊ အာဏာပိုင်တွေက နိုင်ငံကို ဖျက်ဆီးနေသူများလဲ ဖြစ်နေတတ်ပြန်ပါတယ်။ အမှန်အမှားကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ အစိုးရအဖွဲ့ရဲ့ တရားဝင်မှု (legitimacy)၊ တရားဥပဒေစိုးမိုးရေး စတာတွေပေါ်မှာပဲ မူတည်ပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြသူများဟာ အသေခံဖို့အထိ ရည်ရွယ်ချက်ရှိမရှိနဲ့ အသေခံလိုက်တဲ့အခါ နိုင်ငံရေးအရ အခြေအနေ မည်၍ မည်မျှ ဖြစ်သွားနိုင်ခြင်း ရှိမရှိ ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။
အစာငတ်ခံ ဆန္ဒပြမှုတွေမှာ အခြေအနေပြ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ တဦးချင်းအနေနဲ့လား၊ အုပ်စုအနေနဲ့လားဆိုတာကို အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲသဏ္ဍာန် သတ်မှတ်ဖို့ လိုအပ်ပါတယ်။ အုပ်စုဖွဲ့သဏ္ဍာန်က ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်တွေကို ပိုပြီး ထိထိမိမိ မီးမောင်းထိုးပြနိုင်ပြီး၊ credibility ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အုပ်စုဖွဲ့ အစာငတ်ခံ ဆန္ဒပြခြင်း (collective hunger strikes) တွေကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ အာဏာပိုင် နှစ်ဘက်စလုံးက လေးလေးနက်နက် အာရုံစိုက်ကြပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းမှာ ပါဝင်သူတွေရဲ့ လူမျိုး၊ ဘာသာ၊ အကျဉ်းချခြင်းခံရသော အမှု၊ အစာငတ်ခံဆန္ဒပြခြင်းကို အရေးယူမှု အခြေအနေ စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
အစာငတ်ခံဆန္ဒပြခြင်းဟာ ဥပဒေရေးရာ မူဝါဒတွေကို သက်ရောက်မှု ရှိစေပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ စာနယ်ဇင်းနဲ့ နိုင်ငံရေးသမားတွေရဲ့ အာရုံစိုက်မှုကို ခံရတာကြောင့် ဥပဒေရေးရာ မူဝါဒတွေရဲ့ strategic turning point ကို ဖြစ်ပွားစေပါတယ်။ ၁၉၈၁ ခုနှစ် အိုင်ယာလန် အစာငတ်ခံ ဆန္ဒပြပွဲမှာ ရီပတ်ပလီကန်ပါတီက ဘော်လီဆဲင်ဒ်ဟာ ခြောက်ဆယ့်ကိုးရက်တိတိ ဆန္ဒပြခဲ့ပြီး၊ အခြားရဲဘော် ကိုးယောက်နဲ့အတူ ကျဆုံးခဲ့ပါတယ်။ ဒီအရေးဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင် ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ အခြားအချက်တွေကတော့ တဦးချင်းရေးရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ဆက်စပ်ပါတယ်။ အာဏာပိုင်တွေဘက်က တုန့်ပြန်မှုတွေမှာလဲ ဒီတဦးချင်းရေးရာ အချက်တွေက လွှမ်းမိုးမှု ရှိပါတယ်။
မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများ
မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ ရဲရဲတောက် သံဃာ့အာဇာနည်တပါးဖြစ်တဲ့ ဆရာတော် ဦးဝိစာရရဲ့ အစာငတ်ခံ ဆန္ဒပြခြင်းဟာ သမိုင်းမော်ကွန်းတွင်ရစ်ခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တုန်းက နယ်ချဲ့အစိုးရမှ ရာဇသတ်ပုဒ်မ (၁၂၄) (က) အစိုးရအား အကြည်ညိုပျက်အောင် ဟောပြောမှု နဲ့ သာယာဝတီထောင်မှာ မတရား ချုပ်နှောင်ထားစဉ်မှာ ဆရာတော်ဦးဝိစာရက သိမ်တခုခုမှာ ဥပုဒ်ပြုခွင့်တောင်းခဲ့ပါတယ်။ ငြင်းဆိုခံခဲ့ရတဲ့ အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ရာမှာ ရန်ကုန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး၊ ရက်ပေါင်း လေးဆယ်အထိ ရန်ကုန်ထောင်မှာ ဆက်လက်ဆန္ဒပြမှုကြောင့် နယ်ချဲ့အစိုးရ အာဏာပိုင်တွေက ဥပုဒ်ပြုခွင့် ပြုခဲ့ရပါတယ်။
အမှုစစ်ဆေးပြီး ထောင်ချခံခဲ့ရတာကြောင့် အင်းစိန်ရုံးကနေ ထောင်ဘူးဝပြန်အရောက်မှာ အာဏာပိုင်တွေက ထောင်ဝတ်စုံ နံငယ်ပိုင်းကို လဲလှယ်စေခဲ့ရာမှာလဲ သင်္ကန်းမှ လွဲ၍ မည်သည့်အ၀တ်မှ မ၀တ်နိုင်လို့ ဆိုခဲ့တာကြောင့် သင်္ကန်းဆွဲချွတ်ပြီး အ၀တ်ဗလာနဲ့ တိုက်ပိတ်ခံရပြန်ပါတယ်။ ဒီအတွက်ကြောင့် ၁၉၂၇ ခုနှစ်၊ မေလ (၈) ရက်နေ့မှာ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြစဉ်ကာလတွေမှာ နယ်ချဲ့လက်ပါးစေတွေက ရိုက်နှက်နှိပ်စက်ခြင်း၊ ကန်ကျောက်ခြင်း၊ စိတ်ရောဂါသည်များထားရှိရာထောင်သို့ ပို့ဆောင်ခြင်း၊ စိတ်ရောဂါသည်များနှင့် အတူထားရှိခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နယ်ချဲ့အစိုးရ လက်လျှောက်ပြီး ဆရာတော်ကို သင်္ကန်းဝတ်ခွင့် ပြန်ပေးခဲ့ရပါတယ်။
မကြာခင်မှာပဲ သင်္ကန်းပြန်ချွတ်ပြန်တာကြောင့် ဆရာတော်က တတိယအကြိမ် အစာငတ်ခံ ဆန္ဒပြတဲ့အတွက် ထောင်တွင်းတိုက်ပွဲပြင်းထန်လာတာကြောင့် အိန္ဒိယထောင်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပါတယ်။ ၁၉၂၉ မှာ ရန်ကုန်ထောင်သို့ ပြန်လည်ရောက်ရှိပြီး၊ ထောင်မှ လွတ်မြောက်ခဲ့ရာမှာ ထောင်မှလွတ်မြောက်ပြီး မကြာခင်မှာပဲ သုံးခွနယ်၊ ဖရုံကန်ရွာ တရားပွဲမှာ အစိုးရ အကြည်အညို ပျက်စေရန် ဟောပြောမှုနဲ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဟန်းတော်တို့ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရာမှာ မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြပြီး ထပ်မံ တောင်းဆိုခဲ့ပါတယ်။ အစာငတ်တ်ခံဆန္ဒပြရာမှ ရက်ပေါင်း (၁၆၆) ရက်မြောက်တဲ့ ၁၉၂၉ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ဆရာတော် ဦးဝိစာရ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်နောက်ဆုံးမိန့်ကြားခဲ့တဲ့ လိမ်မာရစ်ကြပါ ဆိုတဲ့ စကားလုံးဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်ကို မြှင့်တင်ပေးခဲ့ပါတယ်။
မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှတ်တိုင်များထဲက ကိုးကိုးကျွန်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများဟာလဲ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သူရဲကောင်း စိတ်ဓာတ်တွေ မျိုးဆက်သစ် တော်လှန်ရေး သမားတွေဆီမှာ ပျံ့နှံ့လာအောင် စိတ်ဓာတ်အမွေပေးခဲ့ပါတယ်။ ကိုးကိုးကျွန်း တိုက်ပွဲများရဲ့ ပထမဦး ပွဲဦးထွက် ငါးပိတိုက်ပွဲမှာတုန်းက ထောင်အာဏာပိုင်များက ငါးပိပုပ်တွေကို ပေးပြီး၊ ပေးတာယူ-ကျွေးတာစား သဘောမျိုးနဲ့ တော်လှန်ရေးသမားတွေကို အကဲစမ်း အညွှန့်ချိုးခဲ့တာကြောင့် တော်လှန်ရေးသမားများကို အစာငတ်ခံ တိုက်ပွဲနဲ့ တုန့်ပြန်ခဲ့ရာမှာ အာဏာပိုင်တို့ လက်လျှော့ပေးခဲ့ရပါတယ်။
ရဲနီဦးတင်ငြိမ်း ကိုးကိုးကျွန်းမှာ ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာခဲ့တဲ့ ကိုးကိုးကျွန်း ရက်လေးဆယ် တိုက်ပွဲကြီးဟာလဲ တောင်းဆိုချက် (၅) ရပ်နဲ့အတူ အာဏာပိုင်တွေကို တုန်လှုပ်စေခဲ့ပါတယ်။ ဒီတောင်းဆိုချက် (၅) ရပ်ကတော့ ရဲနီတင်ငြိမ်း အလောင်း ပြည်မပြန်ပို့ပေးရေး၊ နာတာရှည်ရောဂါသည် (သို့မဟုတ်) ကျွန်းမှာ ကုလို့မရသော ရောဂါသည်များကို ပြည်မပြန်ပို့ပေးရေး၊ စည်သွတ်ဗူးအစား အသားစိုပေးရေး၊ တရားဝင်ထုတ်ဝေသော စာနယ်ဇင်းများ ဖတ်ခွင့်ရရှိရေးနဲ့ အိမ်နှင့် စာရေးဆက်သွယ်ခွင့်ရရှိရေး စတာတွေ ဖြစ်ပါတယ်။ ပထမတောင်းဆိုချက်ဖြစ်တဲ့ အလောင်းကိုတော့ အာဏာပိုင်များက အတင်းအဓမ္မလုယူပြီး သဂြိုလ်လိုက်ပါတယ်။ နောက်တောင်းဆိုချက် (၄) ချက်ကိုတော့ ရက်ပေါင်း (၄၀) အကြာမှာ အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရပါတယ်။
နောက်ထပ်ပေါ်ထွက်လာခဲ့တဲ့ (၅၃) ရက် အစာငတ်ခံတိုက်ပွဲကြီးကတော့ တော်လှန်ရေးသမား တွေကို ကိုးကိုးကျွန်းကို ပို့ပြီး၊ ချုပ်နှောင်နှိပ်စက်ခြင်း အခြေခံဖြစ်တဲ့ ကိုယ်ထူကိုယ်ထ မူဝါဒကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးရေးနဲ့ ပြည်မထောင်အခွင့်အရေးများ ကိုးကိုးကျွန်းမှာလဲ ရရှိရေး တောင်းဆိုချက်များနဲ့ တိုက်ပွဲဝင်ခဲ့ကြရာမှာ အသက်ပေးခဲ့ကြသော ရဲဘော်များရဲ့ အလောင်းစင်တွေရှေ့က ပိုစတာတွေပေါ် ထောင်ခဲ့ကြတဲ့ သူတို့ပြောခဲ့တဲ့ စကားတွေမှာ သူတို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေကို တော်လှန်ရေးလမ်းညွှန်သဖွယ် မီးမောင်းထိုးပြနေခဲ့ပါတယ်။
ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့။ ဆက်တိုက်။ (ရဲဘော်သိန်းကြည်)
လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါ မကျန်အောင်ထိုးရသလို၊ ရန်သူကိုတိုက်ရာမှာလည်း အငုတ်အမြစ် မကျန်အောင် တိုက်ရမယ်။ (ရဲဘော်အုန်းမော်)
ခိုင်မာတဲ့ သန္နိဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာ မရှိဘူး။ (ရဲဘော်ချစ်ဆွေ)
ကျွန်တော်ကတော့ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ဘူး။ (ရဲဘော်စိန်ချင်း)
ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ (ရဲဘော်လေးမောင်)
ပြည်သူ့သူရဲကောင်း ရဲဘော်ရှစ်ယောက် အသက်ပေးခဲ့ရတဲ့ ၅၃ရက် တိုက်ပွဲမှာလဲ အာဏာပိုင်တွေက အလျှော့ပေးခဲ့ရပါတယ်။
နိဂုံး
မဆလ၊ န၀တ၊ နအဖ၊ ဦးသိန်းစိန် ရုပ်သေးအစိုးရ စတဲ့ အာဏာရှင် အဆက်ဆက်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာလဲ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေကို ဆန့်ကျင်အန်တုခဲ့ကြပါတယ်။ မတရားမှုဟာ ဥပဒေဖြစ်နေသရွေ့၊ အာဏာတည်နေသရွေ့၊ ဆန့်ကျင်တော်လှန်သူဆိုတာ ရှိနေစမြဲပါပဲ။ ဒီလို တော်လှန်သူတွေကို အကျဉ်းထောင်တွေထဲမှာ၊ တိုက်တွေထဲမှာ၊ ကျွန်းတွေမှာ နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားရင်လဲ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ရပေမယ့် တော်လှန်စိတ်ကိုတော့ ချုပ်နှောင်လို့ မရနိုင်ပါဘူး။ တော်လှန်စိတ်ကို မီးမောင်းထိုးပြတဲ့ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ထောင်တွင်းတိုက်ပွဲတွေဟာ အချုပ်ခန်း၊ ထောင်အဆောင်များ၊ တိုက်များနဲ့ ကျွန်းတွေကနေ ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်ပြီး၊ အာဏာရှင်စနစ် အဆုံးမသတ်သရွေ့ ဆက်လက် ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၆၊ ၆၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။ ။
ရန်ကုန်ပြည်သူများ (၂၀၀၈) သံဃာ့အာဇာနည် ဆရာတော်ဦးဝိစာရ၊ http://burmesepeople.blogspot.com/2008_07_01_archive.html
ရဲဘော်ဖိုးသံချောင်း (၂၀၀၄) ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား၊ Study Desk Publication, India
BAUMAN, Z. (1992) Survival as social construct. Theory, Culture and Society. 9(1): 1-36.
SANDS, B. (1998) Writings from Prison. Dublin: Mercier Press.
Reyes, H. (1998) Medical and Ethical Aspects of Hunger Strikes in Custody and the Issue of Torture, in Oehmichen, M., 19 MALTREATMENT AND TORTURE, RESEARCH IN LEGAL MEDICINE
World Med. Ass’n, Declaration on Hunger Strikers, Nov. 1991, rev. Oct. 2006, available at
www.wma.net/en/30publications/10policies/h31/index.html
Yuill, C. (2007) The Body As Weapon: Bobby Sands and the Republican Hunger Strikes, Sociological Research Online, Volume 12, Issue 2