ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဒက်....ဒက်......ဒက်

Tuesday, March 1, 2011

တခါတလေကျရင် ငယ်ငယ်တုန်းက သေနတ်ပစ် ကစားတာလေးတွေကို သတိသွားရမိတတ်ပါတယ်။ ကျွန်မငယ်ငယ်တုန်းက သေနတ်ပစ်ကစားတာကို တော်တော်ဝါသနာ ပါပါတယ်။ အိမ်က လူကြီးတွေက ကျောင်းစာမကျက်ပဲ အပြင်စာအုပ်တွေ ဖတ်နေလို့ဆိုပြီး ဆူရင်လဲ၊ "နားပူအောင်လုပ်ရင် တောခိုမှာ" လို့ ပြန်ပြီး ပြောလေ့ရှိပါတယ်။ သေနတ်ပစ်တာတို့၊ တောခိုတာတို့ စတဲ့ စကားလုံးတွေကို ယဉ်ပါးနေရခြင်းကတော့ ရှင်သန်ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်မယ်ထင်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက နေခဲ့တဲ့ တောင်ကြီးမြို့ဆိုတာကလဲ မြို့ပြင်ကို လေးမိုင်လောက် ထွက်လိုက်တာနဲ့တင် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်ဆက်စပ်လို့ ရနိုင်တဲ့ မြို့လေးဖြစ်နေတာကြောင့်ပါ။ ကိုးဆယ် ကာလလောက်တွေတုန်းကဆို ဝေးဝေးလံလံသွားပြီး တောခိုစရာ မလိုပါဘူး။ သူ့အဆက်အသွယ်နဲ့သူ ဆက်သွယ်လို့ ရရင် နေ့ချင်းတောခိုလို့ ရပါတယ်။



ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ချိန်မှာ ကျွန်မ အသက်သာ ဆယ်နှစ်အထက် ဖြစ်နေခဲ့မယ်ဆိုရင် တော်လှန်ရေး နယ်မြေထဲ ရောက်သွားခဲ့မှာတော့ အသေအချာပါပဲ။ နောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးသမား မဖြစ်ခဲ့ပေမယ့် စစ်ရေးလေ့လာသူ တယောက်ဖြစ်လာခဲ့ရတာဟာ ဗီဇနဲ့ ပတ်ဝန်းကျင် ပေါင်းစည်းသွားခဲ့မှုကြောင့် ဖြစ်မယ်ထင်ပါတယ်။ စစ်ပွဲတွေ၊ စစ်မြေပုံတွေကို ငယ်စဉ်ကတည်းက ကျွန်မ သိပ်စိတ်ဝင်စားပါတယ်။ ဒုတိယကမ္ဘာစစ် တိုက်ပွဲမြေပုံလေးတွေ စာအုပ်တွေထဲမှာ တွေ့ရင် ကူးဆွဲပြီး ဘယ်စစ်မျက်နှာမှာ ဘယ်တပ်တွေ တပ်စွဲတယ်၊ ဘယ်တပ်တွေ ထိတွေ့မှု ဖြစ်တယ်ဆိုတာ တကူးတက လိုက်မှတ်ထားတတ်ပါတယ်။ ကမ္ဘာစစ်တင်မက ပြည်တွင်းစစ် ရေးရာတွေဆိုလဲ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ ကြူကုတ်- ပန်ဆိုင်း၊ ပါဂျို- နားဖော့၊ မိုင်းယန်း၊ မဲသဝေါ တိုက်ပွဲနဲ့ ပတ်သက်တာတွေဆို ဗလာစာအုပ်လေးတွေ သီးခြားခွဲပြီး အချက်အလက်တွေ လိုက်မှတ်ရတာ အမော။

ဒီလိုနဲ့ ကျွန်မ ကလေးဘ၀မှာ စာကျက်လိုက်၊ စာဖတ်လိုက်လုပ်ရင်း တခါတလေကျတော့လဲ အိမ်ကိုလာဆော့တဲ့ ကလေးတွေနဲ့ သေနတ်ပစ်တမ်း ကစားပါတယ်။ အိမ်က အရုပ်ဝယ်ပေးမယ်ဆိုရင် သေနတ်ပဲ ပူဆာတာမို့ ကျွန်မဆီမှာ ကလေးကစားစရာ သေနတ်တွေကလဲ အတော်စုံတာကလား။ ဒီအထဲမှာမှ ကျွန်မအကြိုက်ဆုံးသေနတ်က ၀ါးနဲ့ လုပ်ထားတဲ့ စက်သေနတ်ပါ။ မေမေ့လူနာတဦး ကျိုက်ထီးရိုးဘုရားသွားဖူးပြီး အပြန်မှာ လမ်းမှာတွေ့လို့ ၀ယ်ခဲ့တာပါ။ အဲဒီစက်သေနတ်လေးက တခြားသေနတ်တွေလို ကော်လုံးလေးတွေထည့်ပြီး ပစ်လို့မရပေမယ့် သံမောင်းတံလေးကို ဆက်တိုက်လှည့်ရင် ဒက်...ဒက်.....ဒက် လို့ အသံမြည်ပါတယ်။ ကျွန်မသေနတ်လေးက ဒက်...ဒက်...ဒက် လို့ မြည်နေတော့ ကျွန်မလဲ ၀မ်းသာအားရနဲ့ ဒါလေးကို တကိုင်ကိုင်ပေါ့။ ကိုယ့်အချင်းချင်းကြားမှာ ဒက်...ဒက်...ဒက် လုပ်လိုက်၊ အချင်းချင်း သူပစ်တယ်၊ ငါ ပစ်တယ် လုပ်လိုက်၊ သေနတ်ကောင်းကြောင်း ပြိုင်လိုက်နဲ့ ဟုတ်နေတာပါပဲ။

ဒီလိုနဲ့ တနေ့မှာတော့ ခြံထဲမှာ တကယ့်သေနတ်သံတွေ ထွက်လာတာကို ကြုံရပါလေရော။ ကျွန်မနေတဲ့ ခြံက သုံးဧကခွဲလောက် ကျယ်ပြီး သစ်ပင်ကြီးတွေလဲ အများအပြား ရှိပါတယ်။ လမ်းမပေါ်ကနေ ခြံထဲက ကားလမ်းအတိုင်း လမ်းလျှောက်လာရင် ၃ မိနစ်လောက်အကြာမှာ ရှေ့ပြေးအိမ်လေးကို ရောက်ပြီး၊ နောက်ထပ် နည်းနည်းလေး ဆက်တက်လာမှ အိမ်မကြီးကို ရောက်ပါတယ်။ ခြံရဲ့ဗယ်ဘက်ခြမ်းမှာက တောင်ပေါ်ဘက်တက်တဲ့ လူသွားလမ်းလေးရှိပြီး၊ ညာဘက်ခြမ်းကျတော့ သစ်ထုတ်လုပ်ရေးဝင်း ရှိပါတယ်။ အိမ်နဲ့ သစ်ထုတ်လုပ်ရေး ၀င်းအကြားမှာ သစ်ပင်ကြီးတွေ ရှိနေတာကြောင့် တောအုပ်တခုလို ဖြစ်နေပါတယ်။ တောင်ပေါ်က စီးလာတဲ့ ရေချောင်းလေးတခုကလဲ ခြံထဲကနေ ဖြတ်ပြီး စီးပါသေးတယ်။

ဂျပန်ခေတ်တုန်းက ဘိုးဘွားတွေ စစ်ပြေးနေတော့ လွတ်နေတဲ့ ကျွန်မတို့ခြံမှာ ဂျပန်တွေက စစ်ရုံးဖွင့်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် (၁၉၂၀) ကာလကတည်းက ရှိခဲ့တဲ့ ရှေးအိမ်လက်ရာ မပျက်အောင် ထိန်းသိမ်းထားပေမယ့် ခေါင်မိုးတွေကိုတော့ ပြန်လဲထားရပါတယ်။ မဟာမိတ်စစ် လေယာဉ်တွေက စက်သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ခေါင်မိုးမှာ မိုးယိုလို့ပါ။ ကျွန်မတို့အိမ် မြေတိုက်ကနေ သစ်ထုတ်လုပ်ရေးဝင်းထဲကို တိုက်ရိုက်ရောက်နိုင်တဲ့ ဥမင်လှိုဏ်ခေါင်းရှိတယ်လို့လဲ ကြားဖူးပါတယ်။ ဒါပေမယ့် လှိုဏ်ခေါင်းဝေးလို့၊ မြေတိုက်ထဲတောင် ဘယ်သူမှ ဆင်းမကြည့်ရဲကြပါဘူး။ ခြံရဲ့ အနောက်ဘက်မှာကျတော့လဲ လူနေအိမ်တချို့ ရှိပေမယ့် ခြံထဲမှာ သစ်ပင်ကြီးတွေ များတာကြောင့် အတော်အလှမ်းဝေးပါတယ်။ တောအုပ်လို ဖြစ်နေပြီး၊ မြွေတွေလဲ ရှိပါတယ်။ တခါတလေ ခေါင်းနှစ်လုံးပါတဲ့ မြွေလေးတွေ အိမ်နားရောက်လာတာကိုပါ တွေ့ဖူးပါတယ်။ ဒီတော့ မြေပြင်အနေအထားအရ ကျွန်မတို့ခြံဟာ သူခိုး၊ ဓားပြတွေအဖို့ အတော်မျက်စိကျစရာကောင်းတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့်လဲ ညနေခြောက်နာရီထိုးတာနဲ့ အိမ်ဝင်ပေါက်၊ ထွက်ပေါက် တံခါးတွေအားလုံးကို သေချာလိုက်စစ်ကြရပါတယ်။ အိမ်အပြင်ကနေ ဧည့်ခန်းကိုရောက်ဖို့ တံခါးသုံးခုလောက်ကို ဖြတ်ရပြီး၊ အိပ်ခန်းတွေကို ရောက်ဖို့ တံခါးလေးခုလောက် ဖြတ်ရတာကြောင့် အိပ်ခါနီးမှာ တံခါးတွေအားလုံးကို သေချာလိုက်ပိတ်ရပါတယ်။ အဘိုးရှိစဉ်ကတော့ ခေတ်အခြေအနေအရ ခြံစောင့်အပြင် အယ်လ်ဇေးရှင်း ခွေးကြီးတွေ မွေးထားခဲ့ပါတယ်။ ကျွန်မတို့ခေတ်ရောက်တော့ အယ်လ်ဇေးရှင်းမဟုတ်ပဲ သာမန်ခွေး ဆယ့်ငါးကောင်လောက်ပဲ မွေးထားခဲ့ပါတယ်။ အဲလိုလုံခြုံရေးတွေ ယူထားပါလျက်နဲ့ ဓားပြတွေက ကြံကြံဖန်ဖန် ခြံထဲကို ရောက်လာခဲ့ကြပါတယ်။ (၁၉၉၀) ကျော် ကာလလေး တခုမှာပါ။ အချိန်က ညကိုးနာရီကျော်လောက်ပါ။ အိမ်မှာက အမျိုးသားအလုပ်သမားတွေကို ညအိပ်ညနေ၊ နေခွင့်မပေးတာကြောင့် ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ မိသားစုနဲ့ အမျိုးသမီး အိမ်အကူပဲ ရှိပါတယ်။ မိသားစုမှာကလဲ အဖိုးဆုံးပြီးကတည်းက မိန်းမသားတွေချည်းပဲ ကျန်ခဲ့ကြတာပါ။

ပထမဆုံး အိမ်အနောက်ဘက် ခြံထဲကနေ သေနတ်သံနှစ်ချက် ထွက်လာပါတယ်။ ခွေးဟောင်သံတွေကလဲ ဆူညံနေတာပဲ။ အဲဒီအချိန်မှာ နယ်မြို့လေးတွေမှာ အလုပ်တာဝန်ကျဖူးတဲ့ အမေက သေနတ်သံကြားတာနဲ့ အခြေအနေကို ချက်ချင်းရိပ်မိသွားပါတယ်။ အားလုံးကို ကုတင်အောက်မှာ ၀ပ်နေဖို့ပြောပြီး ဖုန်းရှိရာကို သွားပါတယ်။ နံပါတ်က နံရံမှာ ကပ်ထားတာကြောင့် ရဲစခန်းကို အလွယ်တကူ ခေါ်နိုင်သွားပါတယ်။ ဖုန်းက ပြောနေရင်းနဲ့ လိုင်းပြတ်သွားပါတယ်။ မကြာပါဘူး။ မီးတွေလဲ မှောင်သွားပါတယ်။ ပြီးတော့မှ အိမ်ရှေ့ကနေ တံခါးဖွင့်ပေးဖို့ အော်ကြပါတော့တယ်။ ဂျပန်ခေတ်ဖြတ်ဖူးတဲ့ အဖွားက ဓားဆွဲထားပါပြီ။ အဖွားက အိပ်ယာဘေးက နံရံမှာ ဓားထောင်ပြီးမှ အိပ်လေ့ရှိတာပါ။

အမေကတော့ အိမ်ထောင်ဦးစီးပီပီ လုပ်စရာရှိတာတွေ လုပ်နေပါတယ်။ လက်နှိပ်ဓာတ်မီး သေးသေးလေးနဲ့ မီးခံသေတ္တာထဲက လက်ဝတ်ရတနာ အစစ်တွေကို ထုတ်ပြီး၊ အသင့်ဆောင်ထားတဲ့ လက်ဝတ်ရတနာ အတုဘူးတွေနဲ့ လဲထည့်ပြီး၊ အစစ်တွေကို နံရံချောင်ကြိုချောင်ကြားတွေမှာ ထည့်ပါတယ်။ ဘီဒိုထဲက ငွေစက္ကူအုပ်အချို့ကို ထုတ်ပြီး အ၀တ်တွေကြားမှာ ရောထည့်ထား လိုက်ပါတယ်။ ကျွန်မကတော့ ၀ါးသေနတ်ကြီးကို သေနတ်အစစ် မဖြစ်ရကောင်းလား ဆိုပြီး ယူကျုံးမရ ဖြစ်နေပါတယ်။ အရေးကြုံနေချိန်မှာ ကျွန်မမိသားစုကို ကာကွယ်လိုပါတယ်။ ပြောမယ့်သာပြောရတယ်။ ဒီတုန်းက ကျွန်မအသက်က ဆယ်နှစ်သာသာလေးပါ။

အိမ်ရှေ့ကနေ တံခါးမဖွင့်ပေးရင် ပစ်ဖွင့်မယ်လို့ အော်သံတွေက တရစပ်ထွက်နေပါတယ်။ ကံကောင်းတာက တံခါးက သစ်သားတံခါးအပြင် သံပန်းတံခါးပါ တပ်ထားတာကြောင့် အပြင်က ဖွင့်ရခက်ပါတယ်။ ပြတင်းပေါက်တွေမှာကလဲ သံပန်းတွေတပ်ထားတာကြောင့် သူတို့အခက်တွေ့နေပုံ ပေါ်ပါတယ်။ ကျွန်မတို့ကလဲ တိတ်တိတ်လေးပဲ နေကြပါတယ်။ အတော့်ကို ရင်ဖိုရတဲ့ အချိန်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ခန်းကို ရောက်လာဖို့က တံခါးလေးထပ်လောက် ကျော်ရမှာမို့ အခြေအနေက ကျွန်မတို့ဘက်က အနည်းငယ် အားသာနေပါတယ်။ မကြာပါဘူး။ ဆူဆူညံညံအသံတွေနဲ့ အလင်းရောင် တချို့ကို လှမ်းမြင်ရပါတယ်။ ပစ်ခတ်သံတွေတော့ မကြားရပါဘူး။ ပြီးတော့မှ "အစ်မကြီး၊ ကျွန်တော်တို့ပါ၊ ဟိုကောင်တွေ ပြေးပြီ" ဆိုတဲ့ အသံကို အိမ်ရှေ့က ကြားရပါတယ်။ အမေက အိမ်ရှေ့ကို မှောက်လျက်လေး ရွှေ့သွားပြီး ပြတင်းပေါက်ကနေ ခိုးကြည့်ပါတယ်။ ရဲယူနီဖောင်းတွေ တွေ့ပေမယ့် အမေက တွေဝေနေတုန်းပဲလို့ နောက်ပိုင်းမှာ ကျွန်မကို ပြန်ပြောပြပါတယ်။ ရပ်ကွက်လူကြီး တယောက်ကို တွေ့လိုက်တော့မှ တကယ့်ဓားပြတွေ မရှိတော့ဘူးဆိုတာ ယုံသွားတာလို့ ဆိုပါတယ်။

နောက်ပိုင်းမှာ အဲဒီညက ကျွန်မတို့ခြံထဲ ရောက်လာခဲ့တဲ့ ဓားပြအဖွဲ့ကို လုပ်သေနတ်တွေနဲ့ ဖမ်းမိတယ်လို့ သတင်းရပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပင်းတယက ပွေးလှနယ်ဘက်မှာ ကျွန်မတို့ မိတ်ဆွေကုန်သည်အိမ်ကို ဓားပြတိုက်မှုနဲ့ပါ။ ကျွန်မတို့မိသားစုနဲ့ ပွေးလှနယ်ကလဲ ရေစက်က တော်တော်ပါတာပါ။ ကျွန်မကိုယ်ဝန်ကို လွယ်ထားစဉ်ကာလတလျှောက်လုံး အမေက ဆရာဝန်အနေနဲ့ ပွေးလှတိုက်နယ်ဆေးရုံမှာ တာဝန်ကျခဲ့တာပါ။ ဒီတုန်းကဆို အဲဒီဘက်မှာ ကားလမ်းဓားပြ တိုက်တာတွေလဲ ရှိတယ်ဆိုပဲ။ တခါက ကားလမ်းကို သစ်ကိုင်းနဲ့ တားပြီးပိတ်ထားတာကို အမေက ကိုယ်ဝန်ခုနစ်လနဲ့ ကားပေါ်ကဆင်းပြီး သစ်ကိုင်းကို ဆင်းဖယ်သတဲ့။ အဲဒီမှာ လူတယောက် ရောက်လာပြီး "ဆရာမကားကို ဒီနေရာက မြန်မြန်သွားခိုင်းလိုက်ပါ၊ နောက်ထပ် နှစ်ရက် လုံးဝ ပြန်မလာပါနဲ့ လို့ မှာခိုင်းလိုက်တယ်" လို့ ပြောသတဲ့။ အမေကတော့ သူကုပေးခဲ့တဲ့ လူနာတယောက်ယောက်ဖြစ်နေလို့ မှတ်မိပြီး လွှတ်ပေးလိုက်တာနေမှာ လို့ ပြောလေ့ရှိပါတယ်။

ဖြစ်နိုင်ချေရှိတာကတော့ ကျွန်မတို့ခြံကို ဓားပြတိုက်ဖို့ လုပ်ခဲ့သူများကလဲ ဒီနယ်မြေနဲ့ တစွန်းတစ ဆက်စပ်သူများ ဖြစ်မယ်လို့ ယူဆရပါတယ်။ ကျွန်မတို့ကလဲ ဒီနယ်မြေကို ခဏခဏ အလည်သွားနေကျ၊ သွားတဲ့အခါတိုင်းလဲ သူတို့ဓားပြတိုက်ခဲ့တဲ့ ကုန်သည်အိမ်မှာပဲ တည်းနေကျပါ။ ဓားပြတွေက နှစ်အိမ်လုံးကို ရှေ့ဆင့်နောက်ဆင့် ဓားပြတိုက်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ ကံကောင်းထောက်မလို့ အတိုက်မခံလိုက်ရတာပါ။

ငယ်ငယ်တုန်းက သေနတ်ပစ်တမ်း ကစားခဲ့တာလေးတွေကို သတိရမိရင် ဒီအဖြစ်အပျက်လေးကိုလဲ သတိသွားရမိနေဆဲပါ။ သေချာတာတခုကတော့ အဲဒီနောက်ပိုင်းမှာ ကျွန်မ သေနတ်ပစ်တမ်း မကစားတော့ဘူး။ ဒက်...ဒက်....ဒက် လို့ အသံပဲထွက်ပြီး၊ ဘေးအန္တရာယ် အမှန်တကယ် ကြုံချိန်မှာ ရန်သူကို မချေမှုန်းနိုင်တဲ့ သေနတ်ကြီးကို ကျွန်မ မကိုင်ချင်တော့တာကြောင့်ပါ။ ၀ါးသေနတ်ကြီးကို ကိုင်ပြီး ကလေးတွေ အချင်းချင်းကြားမှာ သူ့သေနတ်က အသံပိုထွက်တယ်၊ ငါ့သေနတ်က အသံပိုထွက်တယ်လို့ ပြိုင်ရဆိုင်ရ၊ သူ့သေနတ်လှတယ်၊ ငါ့သေနတ်လှတယ်နဲ့ အပြန်အလှန် ချီးကျူးရ နဲ့ အချိန်ကုန်နေတာထက်၊ ရန်သူကို အမှန်တကယ် ချေမှုန်းနိုင်တဲ့ သေနတ်ကြီးတလက် ကိုင်ချင်လာခဲ့တာတော့ အမှန်ပါပဲ။


ခင်မမမျိုး (၂၈၊ ၂၊ ၂၀၁၁)




  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP