ဝါလကင်းလွတ် သီတင်းကျွတ်ချိန် အခါသမယသို့ ရောက်ရှိလာခဲ့ပါပြီ။ ယခုလို အချိန်ကာလမျိုးတွင် ရပ်ဝေးမှ လူကြီးသူမများနှင့် ကျေးဇူးရှင် ဆရာ၊ ဆရာမများကို ဖုန်းဖြင့် တနည်း၊ စာဖြင့် တဖုံ ပူဇော်ဂါဝရပြုသည့်အခါ လူကြီးသူမများကလဲ ဆုများ ပြန်ပေးတတ်ကြလေသည်။ ယင်းဆုများတွင် ဘ၀နှင့် ဆန္ဒ တထပ်တည်းကျပါစေ ဆိုသော စကားလုံးလေးများလဲ ပါလာတတ်ပြန်သည်။ ယင်းစကားလုံးလေးများကို ကြားရစဉ်အခါတိုင်း သူမရင်ထဲတွင် အမျိုးအမည် မသိသော ခံစားချက်လေး တရပ်က ပေါ်ထွက်လာစမြဲ။ အသက်သုံးဆယ့်တနှစ်ဆိုသော အချိန်ကာလသို့ တိုင်အောင် လျှောက်လှမ်းခဲ့သော ဘ၀ခရီးတွင် ရှိခဲ့ဖူးသော ဆန္ဒများနှင့် ဖြစ်တည်လာသော ဘ၀တို့ကား တခြားစီ ဖြစ်နေသည်မို့ ယခုအချိန်တွင် ရှိနေသော ဆန္ဒများသည်လည်း တချိန်မှာ ဘ၀နှင့် ထပ်တူကျချင်မှ ကျပေလိမ့်မည်။ သို့ပေမယ့် ဆန္ဒဆိုသည်ကလဲ ပုထုဇဉ် လူသားတယောက်အဖို့ ရှောင်လွဲ၍ မရနိုင်သည်မို့ ပုထုဇဉ်ဖြစ်နေသမျှ ကာလများတွင်တော့ ဆန္ဒကြောင့် ပေါ်ထွက်လာသော မျှော်လင့်ချက်ကလေးများကို ကိုင်စွဲ၍ ဘ၀ခရီးကို ဆက်လက်လျှောက်လှမ်းနေကြရဦးမည်သာ ဖြစ်လေသည်။
ယခုလို အချိန်အခါသမယတွင် ရင်းနှီးသော အစ်မကြီးတယောက်က ထိုသို့သော ဆုပေးသည့် စကားလုံးများကို ပြောလာချိန်တွင်တော့ သူမ မျိုသိပ်နိုင်စွမ်း မရှိခဲ့။ ဘ၀နှင့် ဆန္ဒများ ယခုအချိန်မှာ တထပ်တည်း မကျပေမယ့်၊ နောင် ဆယ်နှစ်အချိန်အထိ အသက်ရှင်နေသေးလျှင် အသက်လေးဆယ်အတွင်းသို့ ချဉ်းနင်း ၀င်ရောက်ချိန်တွင်တော့ ပေးသည့် ဆုနှင့် ပြည့်ပါရစေ လို့ ပြန်ပြောဖြစ်ခဲ့သည်။ တယောက်နှင့် တယောက် ရင်ဖွင့်ဖော်များမို့ အသက်လေးဆယ် အရွယ်မှာ ဘယ်လိုဆန္ဒများ ရှိနေသလဲလို့ အစ်မကြီးက ပွင့်ပွင့်လင်းလင်း မေးလေသည်။ သူမကလဲ စိတ်ဆန္ဒစွဲဖြင့် မြင်ယောင်ထားသော သူမလိုချင်သည့် ဘ၀လေးကို အားပါးတရပင် ပြန်ပြောဖြစ်လေသည်။
နောင်ဆယ်နှစ်ဆိုသည့် အချိန်တခုတွင် သူမ၏ တဦးတည်းသော သံယောဇဉ်ကြိုးမျှင်လေး ဖြစ်သည့် သားပေါက်စလေးမှာလဲ အသက် ၁၃၊ ၁၄ အရွယ်သို့ ရောက်နေလောက်ပြီဖြစ်ရာ၊ သားငယ်လေးရဲ့ ပညာရေးကို အလေးအနက်ထားသော သူမသည် international boarding school တခုခုတွင် ကျောင်းအိပ်ကျောင်းစား အပ်နှံထားပြီး ဖြစ်နေပေလိမ့်မည်။ မိသားစုနှောင်ကြိုး၊ မိသားစု သံယောဇဉ် တို့သည် ဘ၀အတွက် မရှိမဖြစ် လိုအပ်ချက်များဟု ဆိုနိုင်သော်လဲ သူမကတော့ ထိုနှောင်ကြိုးများ၊ အတ္တများမှ ကင်းလွတ်နေသည့် ဘ၀လေးတခုကိုသာ ပိုင်ဆိုင်ချင်မိသည်။ ၅၂၈ မေတ္တာနှောင်ကြိုး၊ ၁၅၀၀ မေတ္တာ နှောင်ကြိုးတို့ကြောင့် ပေးဆပ်ခဲ့ရသော အချိန်ကုန်လွန်မှုများနှင့် မျိုသိပ်ခဲ့ရသော ဘ၀ဆန္ဒများစွာ ရှိခဲ့ရပြီဖြစ်ရာ အဆိုပါ နှောင်ကြိုးများကို ဖြတ်တောက်ပြီးသည့် ဘ၀လေးတခုကို ပိုင်ဆိုင်ရရေးသည် နောင်ဆယ်နှစ်တာကာလအတွက် အကြီးမားဆုံးသော ဆန္ဒတခုပင် ဖြစ်တော့သည်။
လူဆိုသည်ကား မွေးဖွားရာ အမိမြေကို သတိရတမ်းတတတ်စမြဲပင်ဖြစ်ရာ သူမ၏ ဘ၀လေးကိုလဲ အမိမြေ တနေရာတွင်ပင် မြှုပ်နှံလိုပါသည်။ လူအများ ပျားပန်းခတ်မျှ ရှုပ်ထွေးနေမှုများ၊ ကားသံများနှင့် ဝေးကွာသည့် နေရာများတွင်ပင် အခြေချ နေထိုင်လေ့ရှိသော သူမအတွက် ရန်ကုန်မြို့ပြင်တနေရာမှ သီးခြား ခြံနေရာ တခုတွင်သာ အခြေချနေလိုစိတ်ရှိလေသည်။ ထိုခြံထဲတွင် ဂုဏ်ပကာသန အရောင်အ၀ါများ မပါရှိသည့် ရိုးရှင်းသော အိမ်လေး တလုံး၊ သူမပိုင်ဆိုင်သော စာအုပ်စာတမ်းများကို သိမ်းဆည်းထားမည့် စာကြည့်တိုက် အဆောက်အအုံလေးတခုနှင့် အသက် ဆယ့်လေးနှစ်မှ ဆယ့်ရှစ်နှစ်အရွယ် မိဘမဲ့ အမျိုးသမီးငယ် ၅၀ ခန့်အား စောင့်ရှောက်ထားနိုင်မည့် အဆောက်အအုံ တခုထားရှိကာ၊ ခြံအနီး တနေရာတွင်တော့ ထုံးဖြူစေတီငယ်လေး တဆူကို တည်ထားချင်ပါသည်။
နံနက် ငါးနာရီတွင် သူမထောင်ထားသော သတင်းစာတိုက်ငယ်လေး တခုသို့ သွား၍ စီမံခန့်ခွဲပြီး၊ စိတ်အာရုံရှိရာ ဘုရားတဆူသို့ သွား၍ တရားဘာဝနာ အားထုတ်ခြင်းများကို ပြုကာ၊ နံနက်စာကိုလဲ ကြုံရာ ကျပန်း စိတ်အလိုရှိရာ ဆိုင်တဆိုင်တွင် စားသောက်လိုပါသည်။ နံနက် ကိုးနာရီတွင် ဖွဲ့စည်းတည်ထောင်ထားသော သုတေသန အဖွဲ့အစည်းတခုသို့ သွားရောက်၍ လိုသည်များကို ဆောင်ရွက်ပြီး၊ ဆယ့်တနာရီခန့် အချိန်တွင်တော့ စာနယ်ဇင်း လုပ်ငန်းထဲတွင် အချိန်ကုန်လိုပါသည်။ နေ့လည်စာကို ဖြစ်သလို စားသောက်ရင်း နေ့လည်ပိုင်းအချိန်တွင်တော့ တက္ကသိုလ်တခုခုတွင် သင်တန်းများ ပို့ချခြင်း ပြုလုပ်လိုပါသည်။
ညနေ လေးနာရီခန့်အချိန်တွင်တော့ သူမ နားလည်တတ်ကျွမ်းပြီးဖြစ်သည့် Actuarial Finance နှင့်ပတ်သက်သော လုပ်ငန်းများသို့ သွားရောက်၍ လိုသည်များကို ဆောင်ရွက်ပြီး၊ ညနေပိုင်းတွင်တော့ နိုင်ငံရေးပညာ လေ့လာမှုသင်တန်းများ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲရေးသင်တန်းများ အပါအ၀င် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ပို့ချသော training institute တခုကို တည်ထောင်၍ သင်တန်းများ ပို့ချခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စာဖတ်ဝိုင်းများ ပြုလုပ်ခြင်း တို့တွင် အချိန်ကုန်လွန်လိုပါသည်။ ညဘက်အိမ်ပြန်ရောက်လျှင် ညစာစား၍ စောင့်ရှောက်ထားသော အမျိုးသမီးငယ်လေးများ၏ ညစာဖတ်ချိန်ကို ကူစောင့်ပေးရင်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပညာရေးဆိုင်ရာ အခက်အခဲလေးများကို ကူညီဖြေရှင်းပေးလိုပါသည်။ ပြီးလျှင် ထုံးဖြူစေတီလေးသို့ သွားရောက်၍ တရားဘာဝနာ အားထုတ်ပြီး၊ အေးချမ်းလှစွာပင် အိပ်စက်အနားယူမှုကို ပြုလုပ်လိုပါသည်။
စနေ၊ တနင်္ဂနွေ အချိန်လေးများကိုတော့ ကိုယ်ပိုင်စာဖတ်၊ စာရေးချိန်လေးများဟု သတ်မှတ်ပြီး နံနက် မိုးမလင်းခင်ကပင် မြန်မာ့ဟန်၊ မြန်မာ့ဓလေ့လေးများ မပျောက်ကွယ်သေးသော ရွာလေးများဆီသို့ သွားကာ သံဃာတော်များ ဆွမ်းခံကြွနေသည်ကို ကြည်ညိုစွာဖြင့် ဖူးမြော်လိုပါသည်။ ဆွမ်းများ ဆက်ကပ် ပူဇော်လိုပါသည်။ ပြီးလျှင် အေးချမ်းလှသော သဘာ၀၀န်းကျင်လေးများသို့ သွားရောက်ပြီး စာဖတ်၊ စာရေးသည့် အလုပ်များကို ပြုလုပ်လိုပါသည်။ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများသို့သွား၍ ရွာဦးကျောင်း မှန်ဘီဒိုများတွင် သိမ်းဆည်းထားသော စာအုပ်စာတမ်းများကို ဘုန်းတော်ကြီးများထံ ခွင့်တောင်း၍ ဖတ်ရှုလိုပါသည်။
စိတ်ပါဝင်စားစွာ လေ့လာထားခဲ့သော ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ ဘောဂဗေဒ၊ သင်္ချာ၊ လူမှု ရှေးဟောင်းသုတေသန၊ စစ်မဟာဗျူဟာ လေ့လာရေး၊ လူမှု မနုဿဗေဒနှင့် ဥပဒေ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းများတွင် မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ၊ မြန်မာ့စီးပွားရေးစနစ် များနှင့် ပတ်သက်သည့် စာတမ်းများကား အလွန်ပင် ရှားပါးနေသည်ဖြစ်ရာ ထိုပညာရပ်နယ်ပယ်များကို အာရုံထား၍ သုတေသနများ ပြုလုပ်လိုပါသည်။ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာများကိုလဲ နက်နက်နဲနဲ လေ့လာရဦးမည်ဖြစ်ရာ ကိုယ်ပိုင်အချိန်လေးများကို ပညာရှာဖွေခြင်း၊ ပညာဖြန့်ဖြူးခြင်းများနှင့်သာ ကုန်လွန်စေလိုပါသည်။ အချိန်အခါအခွင့်သင့်လျှင်တော့ နိုင်ငံတကာ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ညီလာခံများသို့ တက်ရောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံငယ်လေးများမှ သင်ကြားရေးဌာနများတွင် ဧည့်သင်ကြားရေး တာဝန်များ သွားရောက် ထမ်းဆောင်ခြင်းတို့ကိုလဲ ပြုလုပ်လိုပါသည်။ တခါတရံတွင်တော့ မွေးရပ်မြေတောင်ပေါ်မြို့လေးသို့ ခေတ္တသွားရောက်နေထိုင်ရင်း မွေးရပ်မြို့လေးကို ပညာဖြင့် ပြန်လည်ကျေးဇူးဆပ်လိုပါသည်။
အသက်လေးဆယ်ကျော်အရွယ် ဘ၀ခရီးလမ်းကို သူမဖြတ်သန်းလိုသော ဆန္ဒလေးများကို အစ်မကြီးအား ပြောပြတော့ သတ်မှတ်ထားတဲ့ ဘ၀အချိန်တခုမှာ တောင့်တထားတဲ့ ဆန္ဒလေးတွေနဲ့ တထပ်တည်း ကျပါစေလို့ ပြင်ပြီး ဆုတောင်းပေးမယ်နော် ဟု ဆိုလေသည်။ သူမကလဲ ၀မ်းသာအားရပင် ကျေးဇူးတင်စကား ဆိုခဲ့ပါသည်။ တချိန်မှာ သူမ ဆန္ဒလေးများ ပြည့်ဝလာမည်လား၊ အနှောင့်အယှက် အတားအဆီးများက ပေါ်ပေါက်လာဦးမည်လား ဆိုသည်ကိုတော့ သူမ မသိပါ။ မည်သို့ဆိုစေ ဆုတောင်းပြည့်မည့် အချိန်ကို မျှော်လင့်စောင့်စားရင်း၊ ဘ၀နှင့် ဆန္ဒ တထပ်တည်း မကိုက်ညီသော ဘ၀ခရီးလမ်းလေးပေါ်မှာလဲ မယိုင်မလဲအောင် ကြိုးစားလျှောက်လှမ်းနေဆဲ။
ခင်မမမျိုး (၂၉၊ ၁၀၊ ၂၀၁၀)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ဘ၀နှင့် ဆန္ဒ
Friday, October 29, 2010
Posted by
Khin Ma Ma Myo
Labels:
ခံစားမှုစာစုများ