ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Initial transition Vs. Political Liberalization (အပိုင်း-၁)

Friday, March 12, 2010

နိဒါန်း

စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေကို မကြာသေးခင်ကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မတ်လ (၁၁) ရက်နေ့ မှာ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းကြောင်းကိုလဲ ကြေညာသွားပါတယ်။ ရွေးကောက်ပွဲဥပဒေအရ တည်ဆဲပါတီတွေက ရက်ခြောက်ဆယ်အတွင်း ဆုံးဖြတ်ရမှာဖြစ်ပြီး၊ အသစ်ဖွဲ့တဲ့ ပါတီတွေကလဲ ကော်မရှင်က သတ်မှတ်ရက်မှာ မှတ်ပုံတင်ရပါမယ်။ ရွေးကောက်ပွဲကြီး တခုလုံးကို စစ်အုပ်စုက စိတ်တိုင်းကျ စီမံခွင့်ရအောင် ပြင်ဆင်ကြိုးပမ်းထားတာ သိသာထင်ရှားနေပေမယ့် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေအထဲမှာ အာဏာရှင်ရွေးကောက်ပွဲထောက်ခံပြီး စစ်အုပ်စုရဲ့ စစ်ကျွန်ပြု လမ်းပြမြေပုံ နောက်ကို လိုက်မှာလား၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို အကောင်အထည်ဖော်ပြီး ဒီမိုကရေစီလမ်းကြောင်းကို တက်လှမ်းမှာလား ဆိုတာအပေါ်မှာေ၀၀ါးနေဆဲ၊ ငြင်းခုန်နေကြဆဲ၊ မှတ်ချက်တွေ ပေးနေကြဆဲပဲ ရှိပါသေးတယ်။ အခြေအနေက တောင်းဆိုတာကတော့ ဆုံးဖြတ်ချက် တခုကို ပြတ်ပြတ်သားသား ချမှတ်ထားပြီး၊ တိုက်ပွဲလမ်းကြောင်းကို ရွေးချယ်တယ်ဆိုရင် လိုအပ်တဲ့ မြေပေါ်မြေအောက် ပြင်ဆင်မှုတွေကို အမှန်တကယ် ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ဖူးတဲ့ လက်တင်အမေရိကနဲ့ အာဖရိကနိုင်ငံအများစုမှာ နိုင်ငံရေး ပညာရှင်တွေ တွေ့ရှိသုံးသပ်ကြတဲ့ နိုင်ငံရေးလက္ခဏာ တခုကတော့ နိုင်ငံရေးေ၀၀ါးမှု ဖြစ်ပါတယ်။ အခြေအနေမှန်ကို အကဲမဖြတ်နိုင်ပဲ နိုင်ငံရေးေ၀၀ါးမှုတွေ များလာတဲ့အခါ အလုပ်ကို ဦးတည်ခြင်းမရှိတော့တဲ့ စကားတွေ၊ အဖွဲ့အချင်းချင်းနဲ့ လူပုဂ္ဂိုလ်အချင်းချင်းတွေအကြားက အပြု သဘောမရှိတဲ့ ဆွေးနွေးငြင်းခုန်မှုတွေ၊ လက်ညှိုးထိုးမှုတွေ၊ ရှေ့ကျွံနောက်တွန့်မှုတွေ ထွက်ပေါ် လာတတ်ပါတယ်။ ဓာတ်ဆီရှိနေတဲ့ ကားကို မမောင်းပဲ အင်အားပြလိုတဲ့ သဘောနဲ့ ၀ိုင်းတွန်းမှုတွေ၊ ဓာတ်ဆီမရှိတော့တဲ့ ကားကိုကျတော့ စက်နှိုးနေမှုတွေနဲ့ အခြေအနေ၊ အချိန်အခါနဲ့ မညီ ဟန်ချက်တွေပျက်ပြီး အကွဲကွဲ၊ အပြဲပြဲ၊ အလဲလဲ၊ အပြိုပြိုဖြစ်တတ်တဲ့ သဘာဝတွေ ရှိလာတတ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာလဲ စစ်အုပ်စုက ချမှတ်ထားတဲ့ လမ်းပြမြေပုံ ထွက်ပေါ်လာပြီး နောက်ပိုင်း ကာလကတည်းက နိုင်ငံရေးေ၀၀ါးမှု သဏ္ဍာန်တွေက အမျိုးမျိုး၊ space ဆိုတာနဲ့ ပတ်သက်တဲ့ ငြင်းခုန်ပြောဆိုမှုတွေက အဖုံဖုံနဲ့ ပြည်တွင်းပြည်ပမှာ အသံတွေကပဲ ကျယ်လောင်ကြီးစိုးနေ ပါတော့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ လိုအပ်တယ်လို့ အဆိုတင်သွင်းမှုတွေ၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ကန့်ကွက်ဆန့်ကျင်ဖို့ လိုအပ်တယ်လို့ အဆိုတင်သွင်းမှုတွေလဲ အသွင် သဏ္ဍာန်မျိုးစုံနဲ့ ပေါ်ထွက်လာပါတယ်။ ဒီမိုကရေစီအတုလား၊ အစစ်လား ခွဲခြားသတ်မှတ်မှုတွေ ပေါ်ထွက်လာပါတယ်။ ကန့်ကွက်ရမှာလား၊ ထောက်ခံရမှာလား ဝေခွဲမရပဲ မသိကျိုးကျွံပြုပြီး နေသင့်တယ်ဆိုတဲ့ အဆိုပြုချက်လေးတွေကလဲ ထွက်လာပါတယ်။

Political deadlock ဖြစ်နေတဲ့ အခြေအနေကို စစ်အုပ်စုရဲ့ လမ်းပြမြေပုံနည်းလမ်းနဲ့သာ ဖောက်ထွက်နိုင်မယ်လို့ ယူဆသူတွေကလဲ ယူဆပါတယ်။ Elite democratization process ကို အကောင်အထည်ဖော်မှာလား၊ Social Movements တွေကို အသုံးပြုပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြုလုပ်မှာလားဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်မှုတွေ ကလဲ အများအပြား ဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် ကနဦး ဒီမိုကရေစီ အသွင်ကူးမှု (Initial transition) နဲ့ political liberalization လမ်းကြောင်းနှစ်ခုကို ကိုင်စွဲထားသူတွေအကြား ငြင်းခုန်ဆွေးနွေးနေမှုတွေနဲ့ ဒီလမ်းကြောင်းနှစ်ခုကို မကွဲပြားသူတွေအကြား သဘောတရားရေးရာ ရှုပ်ထွေးမှုတွေလို့ လေ့လာတွေ့ရှိရပါတယ်။ ဒီလမ်းကြောင်းနှစ်ခုကို မဟာဗျူဟာ ရှုထောင့်မှ ရေးသား တင်ပြလိုပါတယ်။

မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်ချက်

Strategy framework တခုအနေနဲ့ Ends (အဆုံးသတ်ပန်းတိုင်), Ways (နည်းလမ်း၊ လမ်းကြောင်း), Means (Resources) တွေကို အသုံးပြုဆန်းစစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေး (democratic consolidation) ဟာ အဆုံးသတ်ပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် Initial Transition လမ်းကြောင်းပေါ်က လမ်းစဉ်တွေဖြစ်တဲ့ လက်နက်ကိုင် တ်ာလှန်ရေး၊ လူထုတိုက်ပွဲ၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကို ရွေးချယ် အသုံးပြုပြီး ဆက်လျှောက်လှမ်း မှာလား။ ဒါမှ မဟုတ် အာဏာရှင်တွေဘက်က စတင်တဲ့ Political liberalization လမ်းကြောင်းပေါ်က လမ်းစဉ်တွေဖြစ်တဲ့ ဖိနှိပ်မှု အားလျော့စေခြင်း (easing of repression)၊ အရပ်ဘက် လူ့အဖွဲ့အစည်း ပေါ်ထွက်ရေးနှင့် ရှင်သန်စေခြင်း (growth and vitality of civil society) နဲ့ အရပ်ဘက် လစ်ဘာတီများ ဖန်တီးတီထွင်ခြင်း (creation of civil liberties)၊ အာဏာရှင်များမှ ကျင်းပသော ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း (participation in authoritarian elections) စတာတွေကို ဆုပ်ကိုင်ပြီး ဆက်လျှောက်လှမ်းမှာလားဆိုတာက Ways (လမ်းကြောင်း) နဲ့ သက်ဆိုင်ပါတယ်။ ဒီလမ်းကြောင်းနှစ်ခုလုံးမှာ Resources တွေ လိုအပ်ပါတယ်။

အပြုသဘော ဆွေးနွေးမှုတွေ၊ လေ့လာသုံးသပ်မှုတွေနဲ့ မိမိတို့ အဖွဲ့အစည်း ဆက်လျှောက်မယ့် လမ်းကြောင်း ရွေးချယ်မှုတွေမှာ ဒီ strategy framework က အသုံးဝင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ သဘောတရားနဲ့ လွတ်လပ်ရေးဆိုတဲ့ သဘောတရား နှစ်ခု မတူညီဘူးဆိုတာကို သဘောပေါက် နားလည်ဖို့ အလွန် အရေးကြီးလှပါတယ်။ တိုင်းပြည်တပြည်ဟာ သူ့ကျွန်ဘ၀ကို ကျရောက်နေလို့ရှိရင် လွတ်လပ်ရေး ရရှိဖို့အတွက် ကြိုးပမ်းလှုပ်ရှားမှုတွေ ပြုလုပ်ရပါတယ်။ ဒီလိုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်ရလာတဲ့ အခါကျတော့ လွတ်လပ်ရေးပေးဖို့ တောင်းဆိုမှု ပြုလုပ်ရပါတယ်။ ဘာလို့လဲ ဆိုတော့ လွတ်လပ်ရေးဆိုတာကို ကိုလိုနီအစိုးရက ပေးအပ်မှ၊ အသိအမှတ်ပြုမှ ရရှိနိုင်တာ ဖြစ်လို့ပါပဲ။

ဒီလိုပဲ တိုင်းပြည်တပြည်ဟာ အာဏာရှင်စနစ်ဆိုး လက်အောက်မှာ ကျရောက်နေလို့ရှိရင်ကျတော့ အာဏာရှင်လက်အောက်က လွတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုတွေ ပြုလုပ်ရပါတယ်။ ဒီမိုကရေစီဟာ ပြီးပြည့်စုံသော စနစ်တခုမဟုတ်ပေမယ့် စနစ်တွေထဲမှာတော့ လက်ရှိအခြေအနေအထိ အကောင်းဆုံး စနစ်တခုဖြစ်နေတဲ့အတွက် အာဏာရှင်စနစ်အောက်က လွတ်မြောက်တဲ့အခါမှာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လိုကြပါတယ်။ ဒီအတွက် အာဏာရှင်လက်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်း လှုပ်ရှားမှုကြီးတွေ ဖြစ်လာပါတယ်။ ဒီလှုပ်ရှားမှုမှာကျတော့ “လုံးဝ လွတ်လပ်ရေး၊ ချက်ချင်းပေး” ဆိုတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကြွေးကြော်သံတွေလိုမျိုး “ဒီမိုကရေစီ၊ ချက်ချင်းပေး” လို့ သွားအော်လို့ မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်တဲ့အတွက် တည်ဆောက်ယူရတာ ဖြစ်နေလို့ပါပဲ။

အဆောက်အဦးဆောက်လုပ်တဲ့အခါမှာ မြေနေရာတခုပေါ်မှာ မြေတူးရပါတယ်။ ပြီးရင် အုတ်မြစ်ချရပါတယ်။ ပြီးတော့မှ အဆောက်အဦးတခုအနေနဲ့ ပေါ်ထွက်လာဖို့အတွက် တည်ဆောက်ဆဲ ကာလဆိုတာ ရှိပါတယ်။ အဆောက်အဦးအနေနဲ့ ခိုင်ခိုင်မာမာ ပေါ်ထွက်လာမှသာ ဒီအဆောက်အဦးဟာ ဆောက်လုပ် ပြီးစီးသွားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ် တည်ဆောက်ရာမှာလဲ ဒီအတိုင်းပါပဲ။ မြေတူးတယ်ဆိုတာကတော့ အာဏာရှစ်စနစ် ပြိုလဲမှု (authoritarian breakdown) ဖြစ်တာကို ဆိုလိုပါတယ်။ ဒီလိုပြိုလဲမှုမှာ ပြည်သူလူထုနဲ့ အတိုက်အခံတွေက ဖြိုလှဲတာနဲ့ အာဏာရှင်တွေဘက်က အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ဖြိုလှဲတာဖြစ်ပါတယ်။ မြေနေရာ ပေါ်မှာ အုတ်မြစ်ချမှုဆိုတာကကျတော့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းမှု (democratic transition) ကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်သူလူထုကနေ အာဏာရှင်စနစ်ကို ဖြိုဖျက်လိုက်နိုင်တဲ့ authoritarian breakdown အခြေအနေမှာဆိုရင် အာဏာရှင်စနစ်ကနေ ကနဦးဒီမိုကရေစီ အသွင်ကူးမှု (Initial transition from authoritarian rule) အနေနဲ့ အုတ်မြစ်ချနိုင်မှာဖြစ်ပြီး၊ အာဏာရှင်တွေဘက်ကနေ အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး အသွင်ကူးပြောင်းမှု စတင်လာတဲ့အခါကျရင် နိုင်ငံရေးလစ်ဘရယ်လိုင်ဇေးရှင်း (Preliminary political liberalization) အနေနဲ့ အုတ်မြစ်ချမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ဒီအုတ်မြစ်တွေ မခိုင်ရင် ဒီမိုကရေစီ အဆောက်အဦးက တည်ဆောက်ဆဲကာလမှာတင် ခဏခဏ ပြိုလဲကျတတ်ပါတယ်။ အုတ်မြစ်ချပြီး နောက်ပိုင်းမှာ democratic consolidation ဆိုတဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနေတဲ့ အဆောက်အဦးကြီး ပေါ်ထွက်မလာခင်အထိ တည်ဆောက်ဆဲကာလတွေကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် (Process of democratic transition) အဖြစ် ပညာရှင်တွေက ခေါ်ဝေါ်သုံးစွဲကြပါတယ်။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပေမယ့် တည်ဆောက် ဆဲ ကာလမှာတင် စစ်အာဏာသိမ်းခံရပြီး အာဏာရှင်နိုင်ငံ ပြန်ဖြစ်သွားတတ်ပါတယ်။ တချို့နိုင်ငံတွေ ကျတော့ Political liberalization အဆင့်မှာတင် ရပ်နေပြီး၊ အာဏာရှင်ဟောင်းနဲ့ အာဏာရှင်တွေရဲ့ ကြိုးကိုင် အစိုးရတွေသာ နိုင်ငံတော်အာဏာကို ရယူထိန်းချုပ်ထားကြတာကြောင့် democratic consolidation အဆင့်ကို မတက်တော့ပဲ ဖြစ်နေတတ်ပါတယ်။

တအူတုံဆင်း မောင်နှမရင်းတွေတောင် အစစအရာရာ မတူညီနိုင်တဲ့ လောကမှာ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသဏ္ဍာန် တွေ ထပ်တူကျလာမယ်လို့ ဘယ်သူမှ မဆိုနိုင်ပါဘူး။ လူတွေရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေးအခေါ်၊ ပညာရေး၊ လူမှုရေး၊ စာရိတ္တ ရေချိန်တွေဟာ အဲဒီလူတယောက်ရဲ့ ဘ၀အနာဂတ်ကို ဖန်တီး ပေးသွားတတ်သလိုပဲ နိုင်ငံတွေရဲ့ အနာဂတ်တွေကိုလဲ အဲဒီနိုင်ငံတွေရဲ့ လူဦးရေ၊ လူ့စွမ်းအားအရင်းအမြစ်၊ သဘာဝသယံဇာတ၊ နိုင်ငံဖွဲ့စည်းတည်ထောင်မှုပုံစံ၊ အစိုးရစနစ် စတာတွေက ဖန်တီးပေးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ လူတွေရဲ့ အကောင်းအဆိုးတွေနဲ့ ပတ်သက်ပြီး သင်ခန်းစာယူစရာတွေကို ဘာသာရေးခေါင်းဆောင်တွေ၊ လူမှု စံချိန်စံညွန်းတွေနဲ့ မီးမောင်း ထိုးပြထားတတ်ကြပါတယ်။

ဒီလိုပါပဲ။ နိုင်ငံရေး မူဝါဒတွေ၊ စနစ်တွေရဲ့ အကောင်းအဆိုးတွေကိုလဲ နိုင်ငံရေးပညာရှင်တွေက လေ့လာပြီး ရေးသားဖော်ပြလေ့ရှိကြပါတယ်။ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာဖို့အတွက် Initial transition လမ်းကြောင်းနဲ့ Political liberalization လမ်းကြောင်းတွေနဲ့ အကောင်အထည်ဖော်ကြရာမှာ အောင်မြင်စေနိုင်တဲ့ အကြောင်းတရားတွေနဲ့ အခက်အခဲတွေကိုလဲ နိုင်ငံရေးပညာရှင်တွေက လေ့လာဆန်းစစ်ထားကြပါတယ်။ လမ်းကြောင်းတခုကို ရွေးချယ်တဲ့အခါမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ကြိုတင်သိရှိ၊ နှိုင်းယှဉ်လေ့လာပြီးမှ၊ ခရီးလမ်းဆုံးပန်းတိုင်ကို ရောက်နိုင်မယ့် အခြေအနေနဲ့ အလားအလာကို တွက်ချက်ပြီးမှ ရွေးချယ်တာက ပိုပြီး သင့်လျော်ကောင်းမွန်ပါတယ်။

ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်မှု (Democratic consolidation) ဆိုင်ရာ ပြဿနာများ

ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြပါတယ်။ Guillermo O’ Donnell က ပြိုင်ဘက်တွေအကြားမှာ နိုင်ငံရေးပါဝါ အလှည့်အပြောင်း ရှိလာတဲ့ အခြေအနေ၊ စီးပွားရေးအခက်အခဲ ရှိနေချိန်မှာတောင် အစိုးရအုပ်ချုပ်မှုကို လူထုက ထောက်ခံနေတဲ့ အခြေအနေ၊ ပုန်ကန်လှုပ်ရှားမှုတွေကို အပြီးသတ်နှိမ်နင်းနိုင်ပြီး နောက်ထပ်ပုန်ကန်မှုတွေ မထွက်ပေါ်လာနိုင်တော့တဲ့ အခြေအနေ၊ အုပ်ချုပ်တဲ့ အစိုးရကြားမှာ အသွင်သဏ္ဍာန်ပြောင်းလဲမှု လုပ်ချိန်မှာ အစိုးရအဖွဲ့အကြား ကွဲပြားမှုမရှိပဲ တည်ငြိမ်နိုင်တဲ့ အခြေအနေနဲ့ နိုင်ငံတော်က ကျင့်သုံးတဲ့ စနစ်ကို ဆန့်ကျင်တော်လှန်မှု မရှိတော့ပဲ မူဝါဒကွဲပြားမှုတွေကိုသာ ဆွေးနွေးညှိနှိုင်း၊ ဝေဖန်ထောက်ပြမှု ရှိလာတဲ့ အခြေအနေတွေမှာ ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်နိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ Adam Przeworski ကတော့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ ဘယ်သူကမှ စဉ်းစားတွေးခေါ်မှု မရှိတော့တဲ့ အခြေအနေ၊ ဒီမိုကရေစီ နည်းလမ်းတကျ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး၊ ရှုံးသူများကလဲ နောက်တကြိမ်ပြန်ကြိုးစားဖို့ကိုပဲ ကြိုးပမ်းလာကြတော့တဲ့ အချိန်မှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနိုင်တယ်လို့ ဆိုထားပါတယ်။

တိုင်းနိုင်ငံတခုရဲ့ မြို့တွေမှာ ဒီမိုကရေစီဆိုတာ တခုတည်းသော နိုင်ငံရေးဂိမ်းတခု ဖြစ်လာပြီဆိုရင် အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်လာပြီလို့ ဆိုနိုင်ကြောင်း Linz နဲ့ Stepan တို့ကလဲ ရေးသားဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးပြုမူဆောင်ရွက်ပုံရှုထောင့်က ကြည့်မယ်ဆိုရင် ဘယ်လိုနိုင်ငံရေး အစုအဖွဲ့ကမဆို ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှု မရှိတော့ပဲ ဒီမိုကရေစီ စနစ် တခုတည်းကိုသာ နိုင်ငံရေးယှဉ်ပြိုင်မှုအဖြစ် သတ်မှတ်လက်ခံလာကြတာမျိုးကို ဆိုလိုပါတယ်။ နိုင်ငံရေးတွေးခေါ်ယူဆပုံရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများစုအနေနဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေဟာ ဒီမိုကရေစီနည်းကျ သုံးသပ်တွက်ချက်မှုတွေကပဲ ပေါ်ထွက်လာမှာဖြစ်တယ်ဆိုတဲ့ တွေးခေါ်ယူဆချက်ကို ဘယ်လို နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ ကြုံတွေ့နေတဲ့ အချိန်မှာပဲဖြစ်ဖြစ် လက်ခံကျင့်သုံးမှု ဖြစ်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှုထောင့်ကကြည့်မယ်ဆိုရင် နိုင်ငံရေးပဋ္ဋိပက္ခတွေကို သတ်မှတ်ထားပြီးသား တိုင်းပြည်ထူထောင်မှု ထုံးတမ်းစဉ်လာတွေနဲ့အညီ ဖြေရှင်းရမှာဖြစ်ပြီး၊ ဒီလိုသတ်မှတ်ချက်တွေကို ဖောက်ဖျက်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးမှ ရှိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းတခုလုံးက လိုက်နာကျင့်သုံးမှု ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံရေးပြုမူဆောင်ရွက်မှု၊ တွေးခေါ်ယူဆမှုနဲ့ ထုံးတမ်းစဉ်လာသတ်မှတ်ချက်တွေကို လိုက်နာမှုတွေ ပြည့်စုံလာတဲ့အခါမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP