ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

လွဲချော်နေသော ကာရန်များ

Saturday, February 13, 2010

(၁)
အချိန်ကား (၂၀၀၅) ခုနှစ်။
နေရာကား မန္တလေး ရတနာပုံတက္ကသိုလ်။

သမိန်ပေါသွပ် ကာတွန်း စာအုပ်လေးတအုပ်ကို သဲကြီးမဲကြီးဖတ်ရင်း ၀တ်မှုန်နဒီတယောက် တော်တော် အူမြူးနေလေသည်။ ပထွေးနှင့် နေရသော ဘ၀မှာ ဒီလို စိတ်ပျော်ရွှင်စရာလေးများကို ရှာကြံတတ်မှ။ နိုင်ငံတော်အစိုးရကြီး၏ ပညာရေးအဆင့်မြှင့်ပေးသည့် ကောင်းမှုကုသိုလ်ကိုပဲ သာဓုခေါ်လေရမလား မသိ။ တက္ကသိုလ်ကြီး တခုလုံးတွင် နိုင်ငံရေးမှ လွဲ၍ အရာရာကို ခွင့်ပြုထားလေသည်။ ထန်းတောကြီးအနီးတွင် ဖြစ်သည်မို့ မူးယစ်ပျော်ပါးချင်သူများအတွက် အဆင်သင့်ရုံမက ချုံနွယ်ပိတ်ပေါင်းများကလဲ များပြားလှသည်မို့ ချုံခိုလိုသူ စုံတွဲများအတွက်ကလဲ ရေကန်အသင့်၊ ကြာအသင့်။ ကျောင်းတက်ချိန်ဆိုပေမယ့်လဲ ကင်တင်းများမှာ လူအပြည့်။ တနှစ်ကို တရာခိုင်နှုန်းလောက်ပဲ စာမေးပွဲချရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် ကိုယ်က အညံ့ဆုံးမဟုတ်ရင် စိတ်သိပ်ပူစရာ မလို။ အတန်းလဲ တက်ဖို့ သိပ်မလိုလှ။ စာမေးပွဲနီးရင် အနီးကပ်ကျူရှင်လေးတက်။ မေးခွန်းနဲ့ အဖြေအတွဲကလေးယူ။ မိတ္တူဆိုင်မှာ စာလုံးလေးတွေ ချုံ့ပြီးကူး။ ဘာချာခေါက်ကလေး ခေါက်သွားရုံသာ။ တခုတော့ ရှိပါသည်။ ဘယ်မေးခွန်းမှာ ဘာကို ဖြေရမယ်ဆိုတဲ့ အမေးနဲ့ အဖြေတွဲသိဖို့တော့ လိုပါသည်။ ကိုယ့်ခုံအမှတ်ကို မမေ့မလျော့ အဖြေလွှာထဲမှာ တပ်ခဲ့ဖို့တော့ လိုပါသည်။ ကူးတာတောင် မေးခွန်းနဲ့ အဖြေမှားကူးလို့ ကျသွားတတ်သူတွေလဲ ရှိသည်ဆိုတော့ ဒါလေးကတော့ တော်တော်ဂရုစိုက်ဖို့ လိုပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်လျှင် ဘွဲ့ရမည်ကတော့ မုချ။ ဒီတော့လဲ သမိန်ပေါသွပ် ကာတွန်းလေး ဖတ်ဖို့ အချိန်ရသည်ပေါ့။



“ဟဲ့။ ၀တ်မှုန်။ နင်က ကျောင်းပြေးပြီး ဒီမှာ လာထိုင်နေတယ်ပေါ့လေ”
ထွေးလေးက ပြောပြောဆိုဆိုနှင့် ရောက်လာသည်။ စားပွဲပေါ်က အကြော်တခုကို ကောက်ဝါး လိုက်သေးသည်။

“စာမေးပွဲမှ မနီးသေးတာ။ ဘာလုပ်မှာလဲဟယ်”
“ဟဲ့။ ပညာသင်နေတာလေ။ ဘာလုပ်ရမတုန်း။ ကျောင်းသားဆိုတာ ကျောင်းတက်ရမယ်။ ပညာဆည်းပူးရမယ်။ ပညာရေးအကြောင်း တွေးရမယ်လေ၊ ဟုတ်ဘူးလား”

“ဘာလုပ်မှာတုန်းဟဲ့။ ခေါင်းထဲ ထည့်မနေနဲ့။ ငါ့ကို အတန်းထဲမှာ စာတော်တဲ့လူလို့ လူတွေက အသိအမှတ်ပြုပြီးသား။ ငါစာကျက်နေမှာပဲ လို့လဲ သူတို့ ထင်ထားပြီးသား။ လုပ်မနေနဲ့။ စာမေးပွဲရာသီရောက်ရင် စာအုပ်လေးတကိုင်ကိုင်နဲ့ စာတွေကျက်ပြ၊ လူတွေကို စာကျက်ဖို့ လိုက်ပြောပြလိုက်မယ်ဟာ။ ပြီးရင် ဆိုင်ရာပိုင်ရာလေးတွေကို ဆက်သွယ်လိုက်။ ခွံ့ကျွေးလိုက်။ ငါ့နာမည်ကို ဘယ်သူက ကျော်နိုင်မလဲ။ ဟုတ်ဘူးလား”

“နင့်ဟာကလဲ မဟုတ်သေးပါဘူးဟယ်။ ရာသီပေါ် သီးနှံရောင်းနေတာ ကျနေတာပဲ”

“နင်ဟာလေ။ ငတုံးမပဲ ထွေးလေးရဲ့။ လောကကြီးဆိုတာ ဒီလိုပဲ ခပ်နပ်နပ် နေရတယ်။ မဟုတ်ရင် ငါက စာတွေရဲ့ ထောင်ချောက်ထဲ ရောက်သွားမှာပေါ့။ ထောင်ကျတယ်ဆိုတာ မကောင်းဘူးဟဲ့။ ငါ့လိုပဲ လွတ်လွတ်လပ်လပ်နေ။ နာမည်ကောင်းယူ။ ဆရာလုပ်။ ဟုတ်ပြီလား”

ဝတ်မှုန်နဒီအား ကြည့်ရင်း ထွေးလေး တယောက် ခေါင်းကို တတွင်တွင် ကုတ်နေတော့သည်။

(၂)

“မမရွှေရည်ဦး။ ခဏထိုင်မယ်နော်”

ထွေးလေးတယောက် ခေါင်းကို တတွင်တွင် ကုတ်နေဆဲ ကယ်တင်ရှင်က ပေါ်လာသည်။ ပထမနှစ်မှ ကျောင်းသူလေးတယောက်။ ၀တ်မှုန်နဒီရဲ့ ကျောင်းနာမည်က ရွှေရည်ဦး။ နောက်ဆုံးနှစ်မှာ အတန်းကိုယ်စားလှယ်ဖြစ်ပြီး၊ စာတော်သူလို့ နာမည်ကြီးသူမို့ ထွေးလေးတို့ မေဂျာမှာ ရွှေရည်ဦးဆိုလျှင် မသိသူကား မရှိ။

“အေးအေး။ ထိုင်လေ။ ညီမလေး”

သမိန်ပေါသွပ် စာအုပ်ကို လွယ်အိတ်ထဲသို့ မသိမသာ ထိုးထည့်ရင်း ၀တ်မှုန်နဒီက ဖိတ်ခေါ်လိုက်သည်။ စာအုပ်တပိုင်းတစ ပေါ်သွားမှာစိုးလို့ ထွေးလေးက လွယ်အိတ်ကို သူမဘက်ဆွဲပေးလိုက်ရသေးသည်။

“ဒီဘက်ထွက်လာတော့လေ။ မမကို တွေ့လိုက်ရတာ အရမ်းဝမ်းသာသွားတာပဲ။ ဒါနဲ့ လာမိတ်ဆက်တာ။ ဟိုနေ့ကကျတော့ အတန်းကိုယ်စားလှယ်တွေ ရောနေတာဆိုတော့ မမ မမှတ်မိမှာစိုးလို့”

“လူကိုတော့ မှတ်မိပါတယ်။ နာမည်တော့ သိပ်မမှတ်မိလိုက်ဘူး။ မမကလေ လူတွေအများကြီးနဲ့ တွေ့ရတာဆိုတော့။ ဒီလိုပါပဲ။ ကျော်ဟိန်းကို လူသိများပေမယ့် ကျော်ဟိန်းကတော့ လူတိုင်းကို မသိဘူးပေါ့”

ပြောတာက နည်းနည်းလွန်နေသဖြင့် ထွေးလေးက ၀တ်မှုန်ခြေထောက်ကို ဖိကန်လိုက်သည်။

“အမယ်လေး”
“ဘာဖြစ်လို့လဲဟင် မမ”

“ဘာမှ မဖြစ်ပါဘူး။ ပုရွက်ဆိတ်”
“ရှင်”

ပထမနှစ်ကလေးမလေးက ပြူးကြောင်ကြောင်နှင့် ပြန်ရွတ်လေသည်။

“ကင်တင်းတွေကလေ မြေကြီးပေါ်မှာ ဆိုတော့ ပုရွက်ဆိတ်တွေရှိတယ်နော်။ ခြေထောက်ကို ပုရွက်ဆိတ်ကိုက်လို့။ ဒီလိုပါပဲ ငါ့ညီမရယ်။ ဒါကလဲ အစ်မတို့ တိုင်းပြည်မို့သာပေါ့။ အင်္ဂလန်မှာသာဆို ဒီကိစ္စဟာ ဆိုင်ကို တရားစွဲလို့ ရပြီ”

“မမက အင်္ဂလန်လဲ ရောက်ဖူးတာလား။ ဘယ်တုန်းကလဲ မမ။ ညီမလဲ အရင်အပတ်ကမှ အလည်သွားပြီး ပြန်လာတာ”

ကောင်မလေး စကားဆုံးတော့ ၀တ်မှုန်နဒီ (ခေါ်) ရွှေရည်ဦး အသံက ခဏတိတ်သွားသည်။ တကျောင်းလုံးက လူတွေနှင့် စကားပြောရာတွင် အင်္ဂလန်ပြောလိုက်၊ ဥရောပ ပြောလိုက်၊ စင်ကာပူ ပြောလိုက်နှင့် ဟိုမှာဆိုဘယ်လို၊ ဒီမှာဆို ဘယ်လို ပြောတော့ လူတွေက အထင်ကြီး မဆုံးကြ။ ခုမှ တကယ်ရောက်ဖူးသူနှင့် မျက်ဝါးထင်ထင် ကြုံရတာ ဆိုတော့ ဘာဆက်ပြောရမှန်းမသိ။ မြိုင်ရာဇာ တွတ်ပီ၏ “ဒီနေ့ကံမကောင်းပါလား” မျက်နှာ မဖြစ်သွားအောင် သတိထားလိုက်ရသည်။ ထွေးလေးကတော့ ဗိုက်ကလေး မျက်နှာ ဖြစ်သွားသည်။ သို့ပေမယ့် တကျောင်းလုံးမှာ နာမည်ကြီးနေသည့် ရွှေရည်ဦးပေပဲ။ ဒီလောက်တော့ နပ်သည်လေ။

“ဒါတွေက ထားလိုက်ပါတော့ ညီမလေးရယ်။ ဒီအကြောင်းတွေ ပြောရရင် ပြီးမှာကိုး မဟုတ်တော့ဘူး။ ညီမလေး နာမည် အရင်ပြောပါဦး။ အစ်မမှတ်မိအောင်”
“ထက်မျိုးနွယ်ပါ မမ”
“သြော်- နာမည်လေးက လှတယ်နော်။ မမလဲ ကိုယ့်ဟာကို ပြန်မိတ်ဆက်ရဦးမယ်”
“မမကိုတော့ သိပါတယ် မမရဲ့။ မမနာမည်က ဒီလောက်ကြီးနေတာ”

ထက်မျိုးနွယ်စကားသံဆုံးတော့ ရွှေရည်ဦး၏ တဟင်းဟင်း ရီသံလေးက ထွက်လာသည်။
“ဟင်းဟင်း။ ညီမလေး။ ဘာစားမလဲ။ တခုခု မှာဦးလေ”
“စားလာပါပြီမမ။ ညီမက မမနဲ့ တွေ့ပြီး စကားပြောကြည့်ချင်ရုံ သက်သက်ပါ”

“ဒီကောင်မလေး မဆိုးဘူး” လို့ ထွေးလေး စဉ်းစားလိုက်မိသည်။ တကူးတက လာတွေ့သူတွေဆိုတော့ မှာစားပြီးလျှင် ဒီအတိုင်း ဘယ်သူက ထပြန်လို့ ကောင်းပါမည်လဲ။ အရင်မှာထားတာတွေပါ ပေါင်းပြီး အားနာပါးနာ ရှင်းကြရသည် မဟုတ်လား။ ဒီကိစ္စမျိုးဆိုတာက ကြိုပြီး ခပ်ရှင်းရှင်းနေမှ ကောင်းသည့် ကိစ္စ။

“အင်း။ ဟုတ်တာပေါ့။ မမတို့တုန်းကလဲ ဒီလိုပဲ။ နာမည်ကြီး စီနီယာကြီးတွေဆို လိုက်တွေ့ပြီး ပညာယူရတာ။ စီနီယာဆိုကတည်းက ကိုယ့်ထက်အသက်ကြီးတယ်၊ အတွေ့အကြုံရှိတယ် မဟုတ်လား။ ဒီတော့ ပညာရှာရတာပေါ့နော်”

“ဟုတ်ကဲ့ မမ၊ မမပြောတာကို ညီမလက်ခံပါတယ်။ ဒါပေမယ့် စီနီယာဆိုတိုင်းတော့ ညီမ အထင်တကြီးနဲ့ ပညာ လိုက်မယူချင်ဘူး။ တော်ကြာနေ စာခိုးချတဲ့ ပညာတို့၊ ချုံခို အတတ်ပညာတို့တွေ သင်ပေးတာ ခံနေရပါဦးမယ်။ ဟဲဟဲ”

ထက်မျိုးနွယ်ပြောတော့ ရေနွေးကြမ်းသောက်နေသော ထွေးလေးတယောက် သီးမလို ဖြစ်သွားရသည်။ ၀တ်မှုန်ကတော့ ဟန်ဆောင်ကောင်းသူဆိုတော့ ဟန်မပျက်လှ။

“ဒီလိုရှိတယ် ညီမလေးရ”
ဒီအသံထွက်လာသည်နှင့် ထွေးလေးတယောက် စိတ်ဓာတ်ကျသွားသည်။ အတန်းအားချိန်လေး ကင်တင်းဘက် ထွက်လာမိတာ မှားပြီထင်သည်။ ညနေအတန်းတွေ တက်ရတော့မှာ မဟုတ်။ သူစိမ်းရှေ့မှာ ထထွက်လို့ကလဲ မကောင်း။ ဟိုကလေးမလေးလဲ ဒီတညနေတော့ အရည်မရ၊ အဖတ်မရ စကားလုံးများ နားထောင်ရင်း အချိန်ကုန်ရပေတော့မည်။ နှုတ်က ဖွင့်မပြောပေမယ့် စိတ်ထဲကတော့ ကြိမ်းလိုက်မိသည်။

“ဘုမသိ၊ ဘမသိနဲ့။ နာမည်ကြီးတိုင်း အထင်ကြီးချင်နေကြတဲ့ ကလေးတွေ။ ကောင်းတယ်။ ခံရတာတောင် နည်းသေး”

(၃)

“ညီမတော့ အဲလို မယူဆဘူး မမရဲ့”
တနေ့ခင်းလုံး အချိန်ကုန်တော့မည် ယူဆသော ထွေးလေးရဲ့ ယူဆချက်က မှားသွားလေသည်။ ကောင်မလေးက ၀တ်မှုန် ပြောသမျှ၊ ဆရာလုပ်သမျှကို ငြိမ်နားထောင်နေမည့် ပုတ်သင်ညိုကား မဟုတ်။ ပြောသည့် အချက်အလက်များကို ပြန်မေးသည်။ သူယူဆတာတွေကိုလဲ ပြန်ပြောနေသည်။ ဒီလိုနှင့် ၀တ်မှုန်လဲ စကားပြောင်းရင်းပြောင်းရင်း သူ့နာမည်ကိစ္စ ရောက်သွားကြသည်။

“အင်း။ ညီမက မမကို မရွှေရည်ဦးအနေနဲ့ပဲ ခေါ်နေတော့ မမပြောထားရဦးမယ်။ နောက်ကို မမနဲ့ မိတ်ဆွေဖြစ်ပြီး ခေါ်တဲ့ပြောတဲ့အခါ မ၀တ်မှုန်နဒီအနေနဲ့ ခေါ်ပြောရမယ်နော်။ ရွှေရည်ဦး ဆိုတဲ့ မသုံးနဲ့ သိလား”
“ရှင်”

ထက်မျိုးနွယ်က အံ့သြသံနှင့် ရေရွတ်သည်။
“ဒီလိုပါ။ မမ ဆယ်နှစ်တုန်းက မမအမေက နောက်အိမ်ထောင်ပြုတယ်လေ။ ဒီတော့ မမပထွေးက မမနာမည်ကို ပြောင်းပစ်လိုက်တယ်။ ၀တ်မှုန်နဒီကနေ ရွှေရည်ဦး ဆိုပြီးတော့”
“ဟုတ်လား”

“ဒါကြောင့် ပြောတာပေါ့။ ပထွေးကို မမက လုံးဝကျေနပ်တာမဟုတ်ဘူး။ မမ အမေကိုကော၊ စည်းစိမ်တွေကိုကော အပိုင်စီးရုံသာမက မမတို့နာမည်တွေကိုပါ သူ့နာမည် ပါအောင် ပြောင်းပစ် တယ်လေ။ သိပ်စိတ်ပုပ်တဲ့ လူကြီး”
“ဟုတ်ကဲ့”

ထက်မျိုးနွယ်က နားထောင်နေရင်း ခေါင်းကုတ်သည်။ ထွေးလေးကတော့ နားထောင်နေရတာ ရိုးအီနေပြီဖြစ်သော ဓာတ်ပြားဟောင်းကြီးမို့ အာရုံ အပြောင်းအလဲ ရလိုရငြား နဘေးနဘီသို့ လိုက်ကြည့်မိသည်။

“ဒီတော့ မမအနေနဲ့က ဒီလို မတရား နာမည်ပြောင်းခံရမှု ကို ဆန့်ကျင်သင့်တယ်။ ဟုတ်တယ်မလား”
“ဟုတ်တာပေါ့ မမရဲ့။ မမက ဒီတော့ ဘယ်လို ဆန့်ကျင်လိုက်တုန်း”

“မမရဲ့ နီးစပ်ရာ လူတွေအားလုံးကို လိုက်ပြောတယ်လေ။ မမကို ၀တ်မှုန်နဒီပဲ ခေါ်ပါလို့။ ကျောင်းနာမည်ဖြစ်နေတဲ့ ရွှေရည်ဦးဆိုတာက ပထွေးက ပြောင်းထားတဲ့ နာမည်ဖြစ်တဲ့အကြောင်း၊ ပထွေးက ဘယ်လောက် ယုတ်မာကြောင်း၊ ဘယ်လောက်စိတ်ပုပ်ကြောင်းကိုပေါ့”

“ဟုတ်ကဲ့။ အဲဒီတော့ မမကို လူတွေအားလုံးက ၀တ်မှုန်နဒီလို့ အသိအမှတ် ပြုသွားရောလားဟင်”

“အကုန်လုံးကတော့ ဘယ်ပြုမလဲ။ ပြုဖို့လိုက်ပြောနေရတာပေါ့။ တနေ့တနေ့။ မောလိုက်တာ။ ဒါနဲ့ပဲ အချိန်ကုန်နေတာပဲ။ ညီမလေးတို့ ဂျူနီယာတွေကိုလဲ ပြောလိုက်စမ်းပါဟယ်နော်။ ရွှေရည်ဦးဆိုတဲ့ နာမည်က ပထွေးက ပြောင်းထားတဲ့ နာမည်မို့သာ တရားဝင် နာမည်ဖြစ်နေတာလို့။ အဲဒါကို ပထွေးက ပြောင်းထားတဲ့ နာမည်မို့ မမက လုံးဝ အသိအမှတ်မပြုဖူးလို့။ ဒါကြောင့် ပထွေးနှိပ်စက်ခံနေရတဲ့ မမကို စာနာသနားပြီး ၀တ်မှုန်နဒီအနေနဲ့သာ ခေါ်ဝေါ် သုံးစွဲဖို့”

“မမရယ်။ မမကိုယ်စား မောလိုက်တာ”
“ဘာ”
“ဟီး။ စိတ်မရှိနဲ့နော်။ ညီမက ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါ”

စကားပြောခန်းက အရှိန်မြင့်လာပြီဖို့ ထွေးလေး တယောက် နားစွင့်လိုက်မိသည်။
“ဘာလို့ ညည်းက မောရတာတုန်း”

တခါမှ မဝေဖန်ခံရဘူးသဖြင့် ၀တ်မှုန်တယောက် ဒေါခီးသွားပုံပေါ်သည်။ ညီမလေးကနေ ညည်း ဖြစ်သွားသည်။ ဇာတိကပြပြီ။

“ဒီလိုပါ မမရဲ့။ စိတ်မရှိပါနဲ့။ ညီမပြောချင်တာက မမအဲလိုတွေပြောပြီး လူတွေကို လိုက်ရှင်းမယ့်အစား မမနာမည်ကို တရားဝင် ပြန်ပြောင်းဖို့ ကြိုးပမ်းပါလားလို့ ပြောချင်တာပါ”
“မရဘူး။ ပထွေးသြဇာက သိပ်ကြီးတာ။ သူ့အသိုင်းအ၀ိုင်းကလဲ သိပ်တောင့်။ လူတွေဆိုတာကလဲ မကောင်းပါဘူး။ ကိုယ်ကျိုးရှာသမားတွေ။ ပထွေးက အိမ်ထောင်ဦးစီးဆိုတော့ ပထွေးပြောတာကိုပဲ အတည်လိုက်ပြုပေးကြတာ”

“မမက ကြိုးစားကြည့်ပြီးပြီမို့လား။ တရားဝင်ကော ကြေညာပြီးပြီလား”
“လုပ်ဖူးတယ်ထင်တာပဲ။ ငယ်ငယ်တုန်းက။ မရပါဘူး”
“ညီမဆိုရင်တော့ ဆက်တိုက်လုပ်နေမှာပဲ။ တခါလေး မရတာနဲ့ပဲ လက်လျှော့လိုက်တော့ အတည်ပြုပေးသလို ဖြစ်သွားတာပေါ့ မမရဲ့။ တရားဝင်သွားတာပေါ့”

“တရားဝင်တာတွေ၊ မ၀င်တာတွေ သိပါဘူးဟယ်။ အရေးကြီးတာက မမနဲ့ နီးစပ်သူတွေက ပထွေး မကောင်းကြောင်း သိနေကြရင် ပြီးတာပဲ”

“မမက ပထွေးမကောင်းတာ လူသိစေချင်တာလား။ မမနာမည်ရင်း တရားဝင်တာကို လိုချင်တာလား”

ထက်မျိုးနွယ် မေးခွန်းကို နားထောင်ရင်း ထွေးလေး စိတ်ထဲမှ လက်ခုပ်တီးလိုက်မိသည်။ ထွေးလေးလဲ မေးချင်နေတာ ကြာလှပြီ။ ကာတွန်းစာအုပ်ထဲမှ စကားလုံးများ လာရွတ်ပြမှာကို နားငြီး၍သာ မသိချင်ယောင် ဆောင်နေရခြင်း ဖြစ်သည်။

“အင်း။ ငါ့ညီမကလဲ ပေါက်တီးပေါက်ရှာတွေ မေးနေပြန်ပြီ။ အင်းပေါ့လေ။ မမတို့ကသာ ဒီကျောင်းတော်ကြီးထဲမှာ လေးနှစ်ဖြတ်သန်းပြီးပြီ ဆိုတော့ အတွေ့အကြုံတွေ ရှိတာကိုး။ ညီမတို့က အသစ်လေးတွေပဲ။ ဒါတွေ ဘယ်နားလည်ပါ့မလဲ”

“ဟုတ်ကဲ့မမ။ မမရဲ့ ဖြတ်သန်းမှု ကြီးတွေကို ခုနကပဲ မမပြောပြပြီးသွားပြီလေ။ ညီမကလဲ လေးစားပါတယ်၊ အထင်ကြီးပါတယ်လို့ ပြောပြီးပြီဆိုတော့ အဲဒီကို ပြန်မသွားပဲ ခုနက ပြောနေတာလေးကို ဆက်ကြရအောင်လားနော်။ မဟုတ်ရင် စကားက လိုရင်း မရောက်တော့လို့ပါ။ ညီမကို သိချင်တာလေး မေးခွင့်ပြုပါနော်”

“အေး၊ အေး။ မေး၊ မေး”

ဝတ်မှုန်၏ ဆောင့်ကြီးအောင့်ကြီး အသံက ပေါ်ထွက်လာသည်။ သမိန်ပေါသွပ်နှင့် အူမြူးထားသည်များ ပျောက်သွားလောက်ပြီလားလို့ ထွေးလေး ဘေးက လှမ်းကြည့်နေမိသည်။

“မမကို အိမ်က လူတွေကကော ဘယ်လိုအသိအမှတ်ပြုလဲဟင်။ မ၀တ်မှုန်လို့လား။ မရွှေရည်ဦး လို့လား”
“အလကားပါ။ အိမ်က လူတွေက ငကြောက်တွေပါ။ သူတို့က ၀တ်မှုန်နဒီ ဆိုတာကို မေ့ချင်ချင် ဖြစ်နေကြပြီ။ ပထွေးကိုပဲ ကြောက်နေကြတာပဲ။ မမကိုလဲ ရွှေရည်ဦးလို့ပဲ အသိအမှတ်ပြုထားကြတယ်”

“ဒီတော့ မမက ဘာလုပ်လဲဟင်။ သူတို့ကို လိုက်ပြောပြီး အသိအမှတ်မပြုဖို့ မပြောဘူးလား”
“အို- အားအားယားယားဟယ်။ အဲလို ငကြောက်တွေများ ထားပစ်ခဲ့တာပေါ့။ မေးထူးခေါ်ပြောတောင် သိပ်မလုပ်တော့ဘူး။ တနေ့လုံး ကျောင်းမှာ လာနေတယ်။ သူငယ်ချင်းတွေကို ၀တ်မှုန်လို့ ခေါ်ခိုင်းတယ်။ ပြီးတော့ ညီမလေးတို့လို အသစ်လေးတွေကို ၀တ်မှုန်လို့ပဲ ခေါ်ဖို့ လိုက်ပြောတယ်။ တွေ့သမျှ၊ ကြုံသမျှလူတွေကို ပထွေးမကောင်းကြောင်း လိုက်ရှင်းပြရတယ်လေ။ ဒီလိုပဲ ဆန့်ကျင်ရတာပေါ့။ ဟုတ်တယ်မလား”

“ဟုတ်ကဲ့မမ။ တော်တော်ထိရောက်မှာပေါ့နော်”
“အမယ်လေး။ ထိရောက်တာပေါ့ဟယ်။ ခုဆို တကျောင်းလုံး သိနေပြီ။ ညီမလေးသာ အသစ်ကလေးမို့ မသိတာ”
“သူတို့က သိတော့ ဘာလုပ်ပေးလဲဟင်မမ။ ဟို- ညီမကလေ၊ မမတို့လို အတွေ့အကြုံကြီးတဲ့ လူတွေဆီက ပညာရချင်လို့ မေးတာပါနော်။ စိတ်မရှိပါနဲ့”

“မရှိပါဘူး။ မရှိပါဘူး။ ဒီကလဲ ပြောပြချင်နေတာ။ ကျောင်းကလူတွေက အဲလိုပဲ သိသွားကြတော့လေ သူတို့လူကြီးတွေကို ပြန်ပြောပြကြတာပေါ့နော်။ မမနဲ့ မမမောင်လေး၊ ညီမလေးတွေ ဘယ်လောက်သနားဖို့ ကောင်းတဲ့အကြောင်း။ အဲဒီထဲမှာလေ မမပထွေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပါတာကိုးနော်။ သူတို့က “ခင်ဗျား။ မယားပါ ကလေးတွေကို ဒီလို မနှိပ်စက်သင့်ဘူး။ ကျုပ်တို့ ကန့်ကွက်တယ်” လို့ သွားပြောကြတယ် သိလား။ ပြီးတော့ မမကိုလဲ မုန့်ဖိုးပေးကြတယ်။ ပထွေးက ပိုက်ဆံတွေကို လက်ဝါးကြီးအုပ်ထားတာကိုးနော်။ ဒါကြောင့် မမတို့ သုံးဖို့စွဲဖို့ ပေးတာ။ ကဲ- ဘယ်လောက်ကောင်းလိုက်တဲ့ လူကြီးတွေလဲ”

“ဟာ။ ကောင်းလိုက်တာနော်။ သူတို့က အဲလိုပြောတော့ ပထွေးက မမတို့ကို နှိပ်စက်တာ ရပ်သွားလားဟင်။ မမနာမည်ကိုကော ပြန်ပြောင်းပေးသေးလား”
“မရပ်ပါဘူးဟယ်။ ဒီလောက် မကောင်းတဲ့ လူကြီး။ သူကြောင့်လေ မမတို့ ဘယ်လောက် ဒုက္ခရောက်လဲသိလား။ မမမောင်လေးကိုဆိုရင်လေ သူက ခါးပတ်ကြီးနဲ့ကို ရိုက်တာ”

“မမအဲဒါတွေ ပြောပြီးပြီလေ”
“ဟုတ်လား။ ဆောရီးနော်။ ဒီလိုပဲ။ မမခေါင်းထဲမှာကတော့လေ ဒါတွေပဲ ရှိနေတာ။ သူဘာတွေ ယုတ်မာတယ်၊ ဘယ်လို နှိပ်စက်တယ်၊ ဘယ်လို စိတ်ပုပ်တယ် ဆိုတာတွေ”

“မမက အကြီးဆုံးသမီးလေ။ ဒီတော့ အနှိပ်စက်ခံနေရသူတွေထဲမှာ ခေါင်းဆောင်မဟုတ်လား”

ခေါင်းဆောင်အသံကြားလိုက်သည်နှင့် ၀တ်မှုန် ကိုယ်လေးက မတ်မတ်လေး ဖြစ်သွားသည်။ ထွေးလေးကတော့ အသင့် ပြင်ထားလေသည်။ မတော်တဆ လေပေါ် မြှောက်တက်သွားလျှင် လိုက်ဆွဲချဖို့။

“ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ညီမလေးက တော်တယ်။ မှန်မှန် ကန်ကန် မြင်တတ်တယ်”
“ညီမ ဆိုလိုချင်တာကလေ။ မမက ခေါင်းဆောင်ဆိုတော့ မမရဲ့ မောင်လေး၊ ညီမလေးတွေ အပေါ်မှာ တာဝန်ရှိတယ်လေနော်။ သူတို့နဲ့ တူတူ စုစည်းပြီး ပထွေးကို ဆန့်ကျင်ကြပါလား။ နာမည်ကိစ္စတွေကတော့ မမရယ်။ မမတို့ အိမ်မှာ၊ မမတို့ အသိုင်းအ၀ိုင်းမှာ ပထွေးအာဏာ မရှိတော့တဲ့အခါ မမတို့ချင်းညှိပြီး ပြန်ပြင်လို့ ရတာပဲ မဟုတ်ဘူးလား။ ဦးစားပေးသင့်တဲ့ ကိစ္စတွေ စနစ်တကျ ရှိသင့်တာပေါ့နော်။ ခုအခြေအနေဆိုရင် ပထွေးအာဏာရှိနေသမျှ အိမ်မှာလဲ မမနာမည်က တရားဝင်မှာမဟုတ်၊ အပြင်မှာလဲ တရားဝင်မှာ မဟုတ်တဲ့ တူတူ အတားအဆီးဖြစ်နေတဲ့ ပထွေးအာဏာကို အရင် ၀ိုင်းဖယ်ရှားဖို့ ကြိုးစားကြပါလားလို့။ ပိုပြီး ထိရောက်အောင်ပါ”

“ဘာလဲ။ ညီမလေးက မမလုပ်နေတာတွေ မထိရောက်ဘူးလို့ ဆိုလိုချင်တာလား။ ထိရောက်သမှ ထိရောက်လွန်းလို့။ မနှစ်တုန်းကလေ ဦးဝကြီးက မမ ပထွေးဆီ ရေးလိုက်တဲ့ စာများ ဘယ်လောက်ပြင်းထန်လဲ ဆိုတာ မဖတ်ဖူးပဲနဲ့များ။ နောက်လကျရင် မမ သုံးဖို့စွဲဖို့ ဦးကျော်စွာကြီးကလဲ ပိုက်ဆံတွေ ထုတ်ပေးဦးမှာ။ ကဲ- ဘယ်လောက် ထိရောက်လဲ။ အများကြီးပဲ။ ဥပမာတွေ ထုတ်ပေးရရင်”

“ဟုတ်ကဲ့မမ။ မမတော်ပါတယ်။ တတ်ပါတယ်။ ကောင်းသလိုသာ လုပ်ပါ။ ညီမကလဲ မမပြောလာလို့သာ ပြန်ပြောတာပါ။ ကဲ- မမရေ။ ကုမ္ပဏီမှာ အစည်းအဝေး ရှိသေးလို့၊ သွားတော့မယ်နော်”

“ဘာ အစည်းအဝေးတုန်း”
“ဒါရိုက်တာ အစည်းအဝေးပါ မမ။ ညီမက အလုပ်တဘက်နဲ့ ကျောင်းတက်နေတာပါ။ ----က အထွေထွေ မန်နေဂျာပါ။ အဲလိုဆိုတော့လေ အစည်းအဝေးလဲ ရှိတာကြောင့် မမနဲ့ အချိန်အကြာကြီး စကားထိုင်ပြောနေဖို့တော့ အချိန်မရှိလို့ပါ။ မမ အချိန်ပေးတာတွေအတွက် ကျေးဇူးပဲနော်။ နောက်မှ တွေ့ကြသေးတာပေါ့”
“အေး၊ အေး။ မမက ဒီကျောင်းနဲ့ ပတ်သက်ရင် အကုန်သိပြီးသား။ ညီမက အသစ်လေးဆိုတော့ ဘာမှ သိပုံ မပေါ်သေးဘူး။ လေ့လာဦးပေါ့ ”

“ဟုတ်ကဲ့ပါ မမ။ ကျေးဇူး အထူးတင်ပါတယ်။ မမလဲ ကျောင်းရဲ့ ပြင်ပက အကြောင်းအရာတွေကို လေ့လာလိုက်ပါဦးနော်။ ရေအိုင်ပျက်ထဲက ဖားသူငယ်လို ဖြစ်မှာစိုးလို့ပါ”

ပြောရင်းဆိုရင်း ထက်မျိုးနွယ်က ထထွက်သွားလေသည်။
ဝတ်မှုန်ကတော့ ရှူးရှူးရှဲရှဲနှင့် ကျန်ခဲ့သည်။

“အလကား ကောင်မလေး။ ငါ့ကိုများ ပြန်ပြောသွားသေးတယ်။ ငါ့ပထွေးရဲ့ သူလျှိုများလား မသိဘူး”
ဖြစ်သွားသည်နှင့် စွပ်စွဲချက်နှင့် ဘာမှလဲ မဆိုင်သည်မို့ ထွေးထွေး မနေနိုင်၊ မထိုင်နိုင် ၀င်ပြောမိသည်။

“သူ ပြောသွားတာတွေကကော မဟုတ်လို့လား ၀တ်မှုန်ရဲ့။ နင်တို့၊ ငါတို့က ဒီကျောင်းတော်ကြီးထဲက ဆရာကြီးတွေလေ။ ကျောင်းကြီးရဲ့ ပြင်ပမှာ ငါတို့ မသိတာတွေ အများကြီး ရှိသေးတာပဲ ဥစ္စာ။ ဖရက်ရှာလေးတွေမှာလဲ အမျိုးမျိုး ရှိတယ်လေ။ တချို့က အထက်တန်းကျောင်းပြီးတာနဲ့ ငါတို့ကျောင်းထဲ ရောက်လာတာ၊ တချို့က ပြင်ပကမ္ဘာမှာ ကျင်လည်နေရင်းနဲ့ ငါတို့ ကျောင်းထဲ ရောက်လာတာ။ နောက်တခါ နင်ပြောရင် ပြင်ပကမ္ဘာနဲ့ ကျောင်းနဲ့ တွဲပြီး ကျင်လည်နေသူတွေကို ဆရာကြီး စတိုင်နဲ့ သွားမပြောနဲ့ပေါ့။ သူတို့က ငါတို့လို ကျောင်းထဲ ငုတ်တုတ်ထိုင်၊ စကားများနေတဲ့ လူတွေကို ဘယ်လိုလုပ် အထင်ကြီးမှာတဲ့လဲ”

“မိထွေးလေး။ နင်လဲ သွားပြီ။ ဦးနှောက်ဆေးခံလိုက်ရပြီ။ ဘာလဲ။ နင်က ငါ့ကို သစ္စာဖောက်ပြီး ငါ့ပထွေးကို ထောက်ခံချင်တယ် ပေါ့လေ”

ထွေးလေး တယောက် နားမကြားချင်ယောင် ဆောင်နေလိုက်တော့သည်။ လွဲချော်နေသော ကာရန်များအကြားမှာ စကားဘယ်လို ဆက်ရမည်မှန်း မသိတော့။ စေတနာ၊ ဝေဒနာ စကားလား ဆိုတာလဲ မခွဲခြားတတ်၊ ပုတ်သင်ညိုလို ခေါင်းညိမ့်ပြီး နားထောင်ပေးသူများဆိုလျှင် အကောင်းထင်၊ ဘေးကနေ ၀န်းရံပေးမည့်သူများကို ဆရာကြီး စတိုင်နဲ့ ဆက်ဆံ၊ တကယ်လက်တွဲရမည့်သူများကို ငကြောက်တွေလို့ထင်၊ လက်တဘက်မှာ စီးပွားရေးလုပ်ငန်းတွေ ဟန်မပျက် ဆက်လုပ်ရင်း တခြားလက်တဘက်ကနေ ပေးစာကမ်းစာလေး စွန့်ကြဲပေးနေသူများကို ကျေးဇူးရှင်လို့မြင်၊ သနားတယ် ပြောစကားများမှာ စိတ်သာယာ၊ ဦးစားမပေးသင့်သေးတဲ့ ကိစ္စတွေကို ပုံကြီးချဲ့၊ ဝေဖန်သူကို သူလျှို တံဆိပ်ကပ်၊ အနီးမှာရှိသူကို ဘယ်တော့ သစ္စာဖောက်မလဲလို့ မယုံမကြည်ဖြစ်နှင့် အတွေးအခေါ် ကာရန်များ လွဲချော်နေသော ရွှေရည်ဦး တယောက်၊ ဒီကာရန်တွေကို ပြန်မထိန်းညှိသရွေ့ သူမနာမည်ကို တရားဝင် ပြန်ပြောင်းခွင့် ရနိုင်ရှာပါ့မလား။

ထွေးလေးတယောက် အတွေးများနှင့် ရင်မောနေမိပါတော့သည်။

ခင်မမမျိုး (၁၁၊ ၂၊ ၂၀၁၀)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP