Freedom Journal (January, 2010)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
Freedom Journal (January, 2010)
Wednesday, December 30, 2009
အဆုံးသတ်မှာ (၀တ္ထုတို)
Sunday, December 20, 2009
(၁)
အချိန်ကား- (၁၉၉၅) ခုနှစ်၊ သြဂုတ်လ။
နေရာကား- နယ်မြို့လေးတမြို့မှ အထက ကျောင်းတော်တခု။
“မျိုးဇော်နိုင်၊ နေမင်း၊ ထက်ထက်အောင်။ အတန်းရှေ့ထွက်ခဲ့စမ်း“
ဆူညံနေသောအတန်းသည် ဆရာမဒေါ်ခင်လှဝေ အသံကြောင့် ငြိမ်သက်တိတ်ဆိတ်သွားသည်။ ဆရာမ ၀င်လာတာ သတိမထားမိပဲ အတန်းနောက်တွင် မုန့်စားနေသူများကလဲ မုန့်ထုပ်များကို လွယ်အိတ်ထဲ မသိမသာ ထိုးထည့်လိုက်ကြသည်။ ပထ၀ီအချိန်မှ သမိုင်းအချိန်အကူးအပြောင်းတွင် သမိုင်းဆရာမ မလာသေးတာကြောင့် ကျောင်းသားသဘာဝ တွတ်တွတ်ထိုး စကားများနေကြသဖြင့် အတန်းပိုင်ဆရာမ ၀င်လာတာကို သတိမထားလိုက်မိကြ။ ဆရာမအသံထွက်လာမှ ပြူးပြူးပြာပြာ ဖြစ်ကုန်ကြရသည်။ ထက်ထက်အောင်တယောက်လဲ သူမနာမည်ခေါ်လိုက်သံဖြစ်တာကြောင့် ရုတ်တရက် လန့်သွားရသည်။ မျိုးဇော်နိုင်နှင့် နေမင်းကို လှည့်ကြည့်မိသည်။ သူမကို လှမ်းကြည့်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ ဆရာမကို မသိမသာ ခိုးကြည့်လိုက်တော့ ဒေါသများပြည့်လျှံနေသော မျက်နှာကို တွေ့လိုက်ရသည်။ ဆရာမဒေါသ ဖြစ်လောက်အောင် ဘာတွေများ လုပ်ခဲ့မိသလဲလို့ ပြန်စဉ်းစား ကြည့်မိသည်။ စဉ်းစားလို့ မရ။
“ထွက်ခဲ့လို့ ပြောနေတယ်လေ“
ဆရာမရဲ့ အမိန့်သံကို ထပ်ကြားရပြန်သည်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မည်မို့ ခေါင်းငုံ့လက်ပိုက်ရင်း သူမ အတန်းရှေ့ထွက်သွားလိုက်သည်။ သူမတို့ကျောင်းတွင် ဆရာမဒေါ်ခင်လှဝေ၏ အာဏာစက်ကား ကြီးမားလှသည်။ ဆယ်တန်းဆရာမပေမယ့် ဆယ်တန်း မရောက်ခင်ကတည်းက ဆရာမနာမည်ကို ကြားဖူးထားကြပြီးသား။ ဆရာမအတန်းသို့ ရောက်မှာကို ကျောင်းသားတိုင်း ကြောက်ကြသည်။ သို့ပေမယ့် သူမဆယ်တန်းရောက်တော့ ဒေါ်ခင်လှဝေက သူမရဲ့ အတန်းပိုင် ဆရာမဖြစ်လာခဲ့သည်။ အသင်အပြ ကောင်းပေမယ့် စည်းကမ်းကြီးလွန်းတာကြောင့် သူမစာသင်ချိန်တွင် မည်သူမျှ မလှုပ်ရဲကြ။ ဆရာမကို ရိုသေလေးစားပေမယ့် ဆရာမမျက်နှာက လိုအပ်တာထက် ပိုတင်းနေတတ်တာ၊ ကျောင်းသားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတတ်တာကိုတော့ သူမစိတ်ထဲ ဘ၀င်မကျလှ။
“ကိုယ့်အပြစ် ကိုယ်သိကြလား“
“ခင်ဗျာ-----“ “ရှင်“
မျိုးဇော်နိုင်နှင့် သူမအသံတို့က တပြိုင်နက်ထွက်သွားသည်။ နေမင်းမျက်နှာကလဲ ဆီးရွက်လောက် ငယ်သလို ဖြစ်သွားသည်။
“မင်းတို့ ဖွံ့ဖြိုးရေးအချိန်မှာ ဘာလုပ်နေကြလဲ“
ဆရာမပြောလိုက်တော့မှ နံနက်က ဖွံ့ဖြိုးရေးအချိန်ကို ပြန်သတိရသွားသည်။ သူမတို့ကျောင်းတွင် ဗုဒ္ဓဟူးနေ့ နံနက်တိုင်း ဖွံ့ဖြိုးရေး အချိန်ဆိုတာ ရှိသည်။ စိုက်ပျိုးရေး၊ ဂီတ၊ အိမ်တွင်းမှု ဆိုပြီး ကြိုက်ရာရွေးလို့ရသည်။ သူမကတော့ ဂီတဆိုတာမှာလဲ အဖြစ်မရှိ၊ အိမ်တွင်းမှုဆိုတာကလဲ ၀ါသနာ မပါသည်မို့ တခုပဲကျန်သည့် စိုက်ပျိုးရေးကိုပဲ ရွေးဖြစ်တော့သည်။ သို့ပေမယ့်လဲ စိုက်ပျိုးရေးသာ ဆိုရသည်။ သူမတို့ တကယ်လုပ်ရသည်က အမှိုက်တောင်းလေးတွေ နှစ်ယောက်တတွဲကိုင်ပြီး ကျောင်းဘောလုံးကွင်းထဲတွင် အမှိုက်လိုက်ကောက်ရခြင်းဖြစ်သည်။ အမှိုက်ကောက်ပြီးလျှင် မြက်နုတ်ကြရသည်။ ဂီတယူထားသူများမှာလဲ သိပ်တော့ မထူးလှ။ ပထမလေးပတ်လောက်တော့ ပတ္တလားတီးဆရာတယောက် ရောက်လာပြီး မဟာဂီတအဆိုကို သင်ပေးသည်တဲ့။ နောက်တော့ ဆိုကရေးတီးပြိုင်ပွဲဆိုလား၊ ဘာဆိုလား ရှိ၍ ရောက်မလာပြန်တော့။ ဒီတော့ ဂီတယူထားသူများက စည်းနဲ့ ၀ါးလေးတွေ ကိုင်ပြီး ဂီတခန်းထဲတွင် စကားများကြလေသည်။ အိမ်တွင်းမှုခန်းမှာကလဲ ထိုနည်းလည်းကောင်း။
ဆယ်တန်းနှစ်လို စာကျက်ဖို့ အချိန်ရှားပါးသည့် နှစ်မှာ ဘာမှလဲ ထိထိရောက်ရောက်မရှိပဲ ကျောင်းသားတွေရဲ့ လေးဆယ့်ငါးမိနစ်တာ အချိန်ကို ဖြုန်းပစ်နေသည့်၊ ဒီလိုအချိန်မျိုး ဘာကြောင့် ရှိနေရလဲ သူမမသိ။ သူမအမေကို မကျေမနပ်နဲ့ ရင်ဖွင့်တော့ ပညာရေးစနစ်ထဲမှာ ဒီလိုဖွံ့ဖြိုးရေးအချိန်ပါရမယ်လို့ ထည့်ထားလို့ နေမှာပေါ့ဟုသာ ဆိုလေသည်။ “အဲလိုပါရင်လဲ တကယ်ထိရောက်အောင် ဘာကြောင့် မလုပ်ပဲ ဟန်ပြအခွံ့ကြီး ဖြစ်နေရတာလဲ“ လို့ သူမပြန်မေးတာကိုကျတော့ မေမေက ဘာမှပြန်မဖြေခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအလဟဿ အချိန်ဖြုန်းမှုကြီးကို သူမစိတ်ညစ်လှပါသည်။
“ဖွံ့ဖြိုးရေး အချိန်မှာ ဘာလို့ စာကျက်နေကြလဲ။ မင်းတို့ကို သူ့အချိန်နဲ့သူ စာလုပ်ဖို့ ပြောထားတယ်မဟုတ်လား။ သမိုင်းအချိန်မှာ ပထ၀ီစာအုပ်တွေ စားပွဲပေါ် မမြင်ချင်ဘူး။ အီကိုအချိန်မှာ သင်္ချာတွက်နေတာ မလိုချင်ဘူးလို့ ငါပြောထားတယ်မလား“
“ဟုတ်ကဲ့ဆရာမ“
နေမင်းအသံ တိုးတိုးလေးက ထွက်ပေါ်လာသည်။ သူမကတော့ ဘာမှမပြောမိ။ သက်ဆိုင်ရာ ဘာသာရပ်အချိန်မှာ သူ့အကန့်နဲ့သူ စိတ်ဝင်စားတတ်အောင် သူမကိုယ်သူမ လေ့ကျင့်ခဲ့ပြီးသား။ ဒီလောက်အထိ စည်းကမ်းမဲ့သူ မဟုတ်။ သို့ပေမယ့် စိုက်ပျိုးရေးချိန် ဆိုပြီး မြက်နှုတ်ခိုင်းထားလို့ နှုတ်စရာ မလိုတော့တဲ့ မြက်ဘေးမှာ ဟန်ပြထိုင်ပြီး စကားထိုင်များနေကြချိန်ကို အလဟဿ မဖြစ်စေချင်တာကြောင့် မှတ်စုစာအုပ်ထုတ်ပြီး စာကျက်လိုက်မိတာဖြစ်သည်။ အနီးက စာကြမ်းပိုး နေမင်းက တွေ့သွားပြီး သူမနဲ့တူတူ စာလာကျက်လေသည်။ မျိုးဇော်နိုင်ကတော့ ဘာရယ်မဟုတ်။ စာရွတ်သံကြားရလျှင် သူ့အတွက် ပိုအကျိုးရှိတယ်ပြောပြီး သူမတို့နား ရောက်လာခဲ့တာဖြစ်သည်။
“မင်းတို့မှာ အပြစ်ရှိလား၊ မရှိဘူးလား“
“ရှိပါတယ်ဆရာမ“
“ရှိပါတယ်“
နေမင်းအသံနှင့် မျိုးဇော်နိုင်အသံတို့က ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်။ သူမ ဘာမှ ပြန်မပြောမိ။ ဆရာမအကြည့်က သူမဆီသို့ ရောက်လာသည်။
“ထက်ထက်အောင်၊ ဆရာမမေးနေတယ်လေ“
“မရှိပါဘူး ဆရာမ“
“ဘာ“
ဆရာမအော်သံကြောင့် သူမ ဆတ်ခနဲဖြစ်သွားသည်။ ပြောလိုက်မိတာ မှားသွားပြီလားလို့ တွေးလိုက်မိသည်။ သို့ပေမယ့် သူမ မမှားပါ။ ဒါကို စိတ်ထဲက အလိုလိုသိနေသည်။ တန်ဖိုးရှိတဲ့ အချိန်တွေကို ဟန်ရေးပြပြီး စကားများ အချိန်ဖြုန်းနေရမယ့်အစား စာကျက်မိတဲ့ ကျောင်းသူတယောက်မှာ အပြစ်ရှိရသတဲ့လား။ မဖြစ်နိုင်ပါ။
စားပွဲပေါ်က ကြိမ်လုံးကို ဆရာမဆွဲယူလိုက်တာ တွေ့ရသည်။
“ဖြန်း- ဖြန်း“
စားပွဲကို ရိုက်လိုက်သော ကြိမ်လုံးသံက ထွက်ပေါ်လာသည်။
“ကဲ- တတန်းလုံးကို ဆရာမ မေးမယ်။ ထက်ထက်အောင်မှာ အပြစ်ရှိသလား၊ မရှိဘူးလား“
တတန်းလုံး တိတ်နေသည်။ ဘာသံမှ မကြားရ။ ဆရာမကို တလှည့်၊ သူမကို တလှည့် ကြည့်နေကြသည်။
“ဖြေကြလေ။ မင်းတို့မှာ ပါးစပ် မပါဘူးလား။ အပြစ်မရှိဘူးလို့ ထင်တဲ့လူတွေ လက်ထောင်စမ်း“
ဟိုတစ၊ ဒီတစ လက်များထောင်လာတာ တွေ့ရသည်။ လက်ထောင်သူတွေထဲမှာ မီမီကို တွေ့လိုက်ရတော့ သူမ ၀မ်းသာသွားလေသည်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း။ သူမကို ပြင်ပစာဖတ်ဝိုင်းတခုကို ခေါ်သွားပေးခဲ့တဲ့ သူငယ်ချင်း။ စာအရမ်းဖတ်ပြီး၊ အဖိုးတန်စကားလုံးတွေပဲ ရွေးပြောတတ်လို့ ငယ်ပေါင်း သူငယ်ချင်းတွေပေမယ့် အချင်းချင်းကတောင် ပြန်လေးစားရသူ။ ပြီးတော့ ဒီအတန်းရဲ့ အတန်းခေါင်းဆောင်။
“အဲဒီလက်ထောင်တဲ့ လူတွေပါ မတ်တပ်ရပ်စမ်း။ မင်းတို့က ငါ့ကို အာခံတယ်ပေါ့လေ“
ဆရာမ အပြောကြောင့် တချို့က လက်များ ကပျာကယာ ပြန်ချပြီး မသိချင်ယောင် ဆောင်နေကြလေသည်။ တချို့ကတော့ မတ်တပ်ထရပ်လိုက်ကြသည်။ ဆရာမကို သူမ မကျေမနပ်နှင့် လှမ်းကြည့်လိုက်မိသည်။ ဘာလုပ်တာလဲ စဉ်းစားလို့ မရ။ ရွေးချယ်ခိုင်းပြီးမှ ကိုယ့်ဘက်ကို မထောက်ခံသူတွေကို အပြစ်ပေးတာ တရားမျှတမှု ရှိပါရဲ့လား။
“ကဲ- ဒီလောက်တောင် ဖြစ်လှတာ။ အာခံချင်ဦး“
ဆရာမရဲ့ ကြိမ်ချက်များက အနီးဆုံး မျိုးဇော်နိုင်ကိုယ်ပေါ်သို့ အရင်ကျသည်။ ပြီးတော့ နေမင်း။ ပြီးတော့ - သူမ။ မျိုးဇော်နိုင်နဲ့ နေမင်းတို့ဆီမှာ သုံးလေးချက်ပေမယ့် သူမဆီကျတော့ ဆယ်ချက်ထက် မကတော့။ နာကျင်မှုကြောင့် သူမအံကို တင်းတင်းကြိတ်ထားလိုက်မိသည်။ ခန္ဓာကိုယ်ပေါ်သို့ ကြိမ်တချက် ကျလာတိုင်း မျက်ရည်များ ၀ဲတက်သွားရသည်။ ငိုချင်ပေမယ့် သူမ အောင့်ထားလိုက်သည်။ “မငိုနဲ့ ထက်ထက်အောင်။ မျက်ရည်မကျမိစေနဲ့“ ။ ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်သည်။ ဆရာမက အားရအောင်ရိုက်ပြီးမှ ကြိမ်ကို ပစ်ချလိုက်လေသည်။
“ကိုယ့်နေရာကိုယ် ပြန်ကြစမ်း။ အတန်းချိန်ပြီးတဲ့ အထိ မတ်တပ်ရပ်နေ။ အခုရပ်နေတဲ့ လူတွေလဲ မထိုင်နဲ့။ တချိန်လုံး မတ်တပ်ရပ်ရမယ်။ မင်းတို့သမိုင်း ဆရာမ ဒီနေ့မလာဘူး။ အီကိုသင်မယ်။ ကျန်တဲ့လူတွေ စာအုပ်ထုတ်“
တုတ်တုတ်မျှ မလှုပ်ရဲပဲ ထိုင်နေသူများ၏ စာအုပ်ထုတ်၊ စာရွက်လှန်လှောသံများ ထွက်ပေါ်လာသည်။
(၂)
“ငါ၊ ဒီကိစ္စကို မကျေနပ်ဘူးဟာ“
မီမီ့စကားကြောင့် သူမတို့ အကြည့်က မီမီ့ဆီ ရောက်သွားသည်။ ကျောင်းအားရက်မို့ သူမနှင့် နေမင်းတို့ မီမီ့အိမ်မှာ စုပြီး စာကျက်နေကြတာဖြစ်သည်။
“ဘာကို ပြောတာလဲ“
နေမင်းက စကားစသည်။
“နင်တို့ အရိုက်ခံရတဲ့ ကိစ္စကို“
“ထားလိုက်ပါတော့ဟာ။ ပြန်ပြောမနေနဲ့တော့“
“ပြောရမယ် နေမင်းရဲ့။ နင်တို့က ဒီလောက်မှ မခံရတာ။ ပြောအားရှိမှာပေါ့။ ထက်ထက်ကျတော့ တကိုယ်လုံး အရှိုးချင်း ထပ်သွားတာ“
နေမင်းက သူမဆီသို့ လှည့်ကြည့်သည်။
“ထက်ထက်။ နင်နာနေသေးလားဟင်။ ဆေးလူးလိုက်ဦးနော်“
“ရပါတယ်ဟာ။ ငါ ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပေါ်က အနာထက် စိတ်ထဲက အနာက ပိုဆိုးတယ်ဟ။ ငါ့မှာ အပြစ်တကယ်ရှိရင် ဆရာမဘယ်လောက် ရိုက်ရိုက်ဟာ။ ခုဟာကျတော့ အပြစ်မရှိပဲ ခံရတာ“
“ဟဲ့။ နင်အခုထိ မမှတ်သေးဘူးလား။ နင်အဲလို သွားငြင်းလို့ ခံရတာလေ“
“သူက အမှန်ပြောတာပဲ။ ငြင်းတာမှ မဟုတ်တာ“
နေမင်းအပြောကို မီမီက ၀င်ချေပလေသည်။
“မှန်တာတွေ၊ မမှန်တာတွေတော့ ငါ မသိဘူးဟာ။ ဒါပေမယ့် ဆရာမက ကျောင်းခန်းထဲမှာ ငါတို့ကို ရိုက်ပိုင်ခွင့် အာဏာရှိတယ်လေ။ သူရိုက်မှာမို့ အပြစ်ရှိလား မေးရင် ရှိတယ်ပြောပြော၊ မရှိဘူးပြောပြော အရိုက်ခံရမှာပဲ။ ဒီတော့ မရှိဘူးပြောပြီး အသေဆော်ခံရမှာထက်စာရင် ရှိတယ်ပြောလိုက်တာက ပိုမသက်သာဘူးလား“
နေမင်းက ဘောပင်လေးကို ဆော့ရင်း ပြောသည်။ မီမီကတော့ နေမင်းစကားကို နားထောင်ရင်း ပြတင်းပေါက် အပြင်သို့ ငေးနေသည်။ အမှန်တရားအတွက် ဖြစ်ချင်ရာဖြစ် ရင်ဆိုင်လိုစိတ်ရှိသော သူမနှင့် မှန်သည်ဖြစ်ဖြစ်၊ မှားသည်ဖြစ်ဖြစ် အခွင့်အာဏာရှိသူလုပ်လျှင် ခေါင်းငုံ့ခံပြီး သက်သာရာရှာလိုစိတ်ရှိသော နေမင်းတို့ရဲ့ မတူညီသော စိတ်အခြေခံကို သတိထားမိတာမို့ သူမ ဆက်ပြောချင်စိတ် မရှိတော့။
စကားဖြတ်လိုဇောနှင့် မီမီငေးနေသည့် ပြတင်းပေါက်ဘက် လိုက်ကြည့်လိုက်မိသည်။ တဘက်ခြံထဲမှာ ကလေးလေးတယောက် ထိုင်ငိုနေတာ တွေ့ရသည်။
“အင်း- ဒီနေ့လဲ ဖိုးသားလေး အရိုက်ခံထားရပြန်ပြီထင်တယ်“
မီမီက တိုးတိုးလေး ရေရွတ်သည်။
“အဲဒီကလေးလေးက အမြဲအရိုက်ခံနေရလို့လား“
တခါတလေမှာ ဒီကလေးလေး ငိုနေတတ်တာ တွေ့ဖူးပေမယ့် တခါမှ မီမီ့ကို မေးမကြည့်မိခဲ့။
“ငါလေ။ အဲဒီကလေးလေးကို သိပ်သနားတာပဲ။ ကျွဲနှစ်ကောင်ခတ်တဲ့အကြားမှာ မြေစာပင်ဖြစ်နေတာ“
“ဟင်- ဘယ်လို“
“လူကြီးချင်း ပေးစားလို့ ယူထားကြရတာတဲ့ဟာ။ ငါကြားတာတော့။ အဆက်ဟောင်းတွေနဲ့လဲ ပြန်ဆက်နေကြတယ်တဲ့။ ကွာချင်နေကြတာကိုးလဲ ကလေးလေးအကြောင်းပြပြီး နှစ်ဘက်မိဘက ခွင့်မပြုဖူးတဲ့“
“ဒုက္ခပါပဲဟာ“
“တကယ်ဒုက္ခရောက်တာက ဖိုးသားလေးဟ။ ဘာမှ မသိရှာပဲ မိဘနှစ်ယောက်စလုံးက အရှုပ်ထုတ်လေးလို့ မြင်နေတာကို ခံနေရရှာတယ်။ နေ့တိုင်း အော်ဟစ်ရိုက်နှက်ခံနေရတဲ့ ကလေးလေးတယောက်ဟာ တနေ့ကျရင် လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ။ ကြောက်စိတ်တွေ၊ မယုံကြည်စိတ်တွေ“
“ငါတို့လဲ ဘာထူးလို့လဲဟာ။ အမှန်တရားကို မရင်ဆိုင်ရဲအောင် ကြောက်စိတ်တွေနဲ့ သင်းကွပ်ခံ နေကြရတာပဲ“
သူမမှတ်ချက်ပေးလိုက်တော့ မီမီက ဆတ်ခနဲ လှည့်ကြည့်လေသည်။
“ဟဲ့- ဟိုနှစ်ကောင်။ နင်တို့တွေ စာကျက်ကြဦးမှာလား“
သင်္ချာတွက်နေသော နေမင်းက သူမတို့ကို လှမ်းအော်သည်။
“နေဦးဟာ။ ငါတို့ စကားအကောင်း ပြောမလို့“
မီမီက လှမ်းပက်သည်။
“အေး၊ အေး။ ပြောကြ၊ ပြောကြ။ နင်တို့ မိန်းခလေးတွေနဲ့ စာကျက်ရတာလေ အရူးမ လင်လုပ်ရတာကျနေတာပဲ။ တော်ပြီ။ ခြံထဲမှာ ငါဘိုင်အိုသွားကျက်ဦးမယ်“
နေမင်းက ပြောပြောဆိုဆိုနှင့် စာအုပ်လဲယူ၊ ပြေးလဲ ပြေးလေသည်။ သူမပြေးလို့မရ။ သူမပြေးလျှင် သူလှမ်းစသွားသော စကားလုံးများအတွက် မီမီ့ကွန်ပါဘူး လက်သံနှင့် တွေ့သွားပေလိမ့်မည်။
“နင်ဘာဖြစ်နေတာလဲ မီမီ။ နေမင်းက ဒီလိုပါပဲဟာ“
နေမင်းနှင့် ရန်ဖြစ်နေကျ မီမီ့မျက်နှာလေးက တည်နေတာမို့ သူမလှမ်းမေးလိုက်မိသည်။
“ငါတို့တွေက ဒီလိုပဲ ခေါင်းငုံ့ခံနေကြရတော့မှာလား“
“ဟေ“
သူမ မီမီ့ကို လှမ်းကြည့်လိုက်မိသည်။
“ငါအရိုက်ခံထားရတာကို နင်စိတ်မကောင်း ဖြစ်နေတာမဟုတ်လား မီမီရယ်။ ထားလိုက်ပါတော့ဟာ။ ဘာပဲဖြစ်ဖြစ် အမှန်တရားကို ပြောထွက်သွားလို့ အနာခံလိုက်ရတာပဲ။ ဆရာမကို စိတ်ဆိုးမိပေမယ့် ငါ့ကိုယ်ငါ တော့ ကျေနပ်တယ်“
“ငါက နင်ပြောတဲ့ ကြောက်စိတ်နဲ့ သင်းကွပ်ခံရတာကို ပြောနေတာပါ။ ခုဆို ငါတို့အတန်းထဲမှာ ဘာအပြစ်မှ မရှိတဲ့ လူတွေလဲ အရိုက်ခံလိုက်ရတယ်၊ အပြစ်မရှိတဲ့ လူတွေဘက်က ရပ်တည်မိသူတွေလဲ စာသင်ချိန် တချိန်လုံး မတ်တပ်ရပ်ပြီး ပြစ်ဒဏ်ခံလိုက်ရတယ်။ ငါတို့ရဲ့ စိတ်တွေထဲမှာ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် ငါတို့ထက် ပိုပြီး အာဏာရှိသူက လုပ်ရင် လုပ်သမျှခံ၊ ပြန်မပြောနဲ့၊ အာမခံနဲ့၊ ပြန်ပြောရင် ပြစ်ဒဏ်ဆိုတဲ့ စိတ်ကြီးက အမြစ်တွယ်သွားပြီ။ ကျောင်းပြီးတဲ့အခါ ငါတို့တွေက ဒီစိတ်ကြီးတွေကိုပဲ ဖက်တွယ်ပြီး ဘ၀ပင်လယ်ကြီးထဲကို ရောက်သွားကြရမှာလား“
“အေးဟာ။ နင်ပြောတာကို ငါလက်ခံတယ်။ ငါအမှန်ကို ပြောမိလို့ အရိုက်ခံရတယ်။ ဒါကို ငါက ခေါင်းငုံ့ခံပြီး ငြိမ်နေလိုက်ရင် ကျန်တဲ့ လူတွေက အမှန်တရားကို ရင်ဆိုင်ဖို့ဆိုတာ ကြောက်စရာကြီးပါလား ဆိုတဲ့ အသိနဲ့ပဲ ကျန်ခဲ့မှာပေါ့နော်“
“ဟုတ်တယ်ဟ။ အဲဒါကို ငါတွေးမိနေတာ။ နင်လုပ်ခဲ့တာ အမှန်တရားဆိုတာ နင်တကယ်လက်ခံတယ် မဟုတ်လားဟင်“
“ဟဲ့။ ငါ ဘယ်နှစ်ခါ ပြောရမလဲ“
“ဒါဆို အဲဒီအမှန်တရားအတွက် ငါတို့ ရှေ့ဆက်တိုးကြရအောင်လေ“
“နင်ဘာတွေပြောနေတာလဲ“
“တကယ်လို့များ ငါတို့ တခန်းလုံးနဲ့ တခြားဆယ်တန်း အခန်းတွေအားလုံးကသာ ဖွံ့ဖြိုးရေး ဆိုတဲ့ အချိန်တွေကို ကန့်ကွက်ကြရင်“
မီမီ့စကားကြောင့် သူမအံသြသွားသည်။ သူမဆီမှာ အပြစ်ရှိမရှိ တတန်းလုံးကို ဆရာမမေးစဉ်က အပြစ်မရှိလို့ ထောင်ခဲ့သော လက်ညှိုးတွေ မတ်တပ်ရပ်ခိုင်းစဉ်မှာ မသိမသာ ပြန်ရုတ်သွားတာကို ပြေးမြင်လိုက်မိသည်။
“ငါတို့ တခန်းလုံးတောင် မညီနိုင်တာဟယ်။ ဆယ်တန်း အခန်းတွေအားလုံး ညီလာအောင် ဘယ်လိုလုပ်လို့ ရမှာတဲ့လဲ။ ဆရာမမေးတုန်းက ထောင်ခဲ့တဲ့ လက်ညှိုးတွေ မတ်တပ်လဲရပ်ခိုင်းရော ပြန်ရုတ်သွားတာ မတွေ့ဖူးလား“
“နင်က ညီညွတ်ရေးဆိုတာကို အပြစ်ဒဏ်တွေ ခံနေရချိန်မှာ ညီတူညာတူ ပေါ်ထွက်လာတာလို့ ထင်နေတာလား“
“မဟုတ်ဘူးလား“
“ပြစ်ဒဏ်တွေ အပေးမခံရတော့တဲ့ အခြေအနေ ဖြစ်လာအောင် ဖန်တီးပေးရမှာ။ ငါ့အထင်တော့ လူတွေအားလုံးက ညီလာရင် ပြစ်ဒဏ်ပေးမယ့် သူတွေက နောက်ဆုတ်သွားမှာပဲလို့ မြင်တယ် သူငယ်ချင်း။ ငါ့ဦးလေးက ပြောဖူးတယ်။ လူတသန်းကို လူတထောင်က မလှုပ်နဲ့၊ ထောင်ချမယ်လို့ ခြိမ်းချောက်တဲ့အခါ လူတယောက်ချင်းစီ လှုပ်ရင်တော့ တယောက်ချင်းစီ ထောင်ထဲ ရောက်သွားမှာပဲတဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်တဲ့အခါ လူတသန်းလုံးကို ချစရာ ထောင်မရှိတော့တဲ့အတွက် ခြိမ်းချောက်တဲ့ လူတထောင်ပဲ ထောင်ထဲ ၀င်ထိုင်နေဖို့ ရှိတော့မယ်တဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်လာမယ့် အခြေအနေကို ဖန်တီးပေးဖို့ တယောက်ချင်းစီကတော့ ကနဦးစပြီး လှုပ်ရဦးမှာပဲတဲ့“
“ဟဲ့။ နင်ငါ့ကို နိုင်ငံရေး ပြောနေတာလား“
“မဟုတ်ပါဘူးဟာ။ ငါက သူပြောတာ ပြန်ပြောပြတာပါ။ အဲဒီသဘောတရားကို ငါစဉ်းစားကြည့်မိတယ်။ အခုလဲ ငါတို့တွေရဲ့ အချိန်ကို အလဟဿဖြစ်စေတဲ့ ဖွံ့ဖြိုးရေး အချိန်ကို ဆန့်ကျင်ကြည့်ကြမယ်လေ။ တဖြည်းဖြည်းနဲ့ ဒီသတင်းက တခြားအခန်းတွေဆီ ပျံ့သွားမှာပဲ မဟုတ်ဘူးလား“
“အဲလိုလုပ်တဲ့ လူတွေကို ငါ့လိုပဲ ဆရာမက အသေဆော်လိမ့်မယ်“
“ထက်ထက်ရယ်။ လောကကြီးမှာ တခုခုမပေးဆပ်ပဲ ရလာတဲ့ အရာဆိုတာ ရှိဘူးလို့လားဟယ်“
(၃)
ဒီလိုနှင့် တနင်္လာနေ့မှာ ကျောင်းဖွင့်တော့ မီမီရဲ့ စည်းရုံးရေး အလုပ်တွေ စလာပါတော့သည်။ တချို့က မီမီ့စကားကိုကြားပြီး မျက်လုံးပြူးကြသည်။ တချို့က ထောက်ခံသည်။ တချို့က ကိုယ်တိုင်ပါမယ်လို့ ပြောကြသည်။ မျိုးဇော်နိုင်ကတဆင့် ယောက်ျားလေး တော်တော်များများလဲ ပါလာသည်။ နေမင်းကတော့ သူမပါနိုင်လို့ငြင်းသည်။ သို့ပေမယ့် ပါလာမယ့် သူတွေကိုတော့ ဒါတွေ ဖြစ်လာခဲ့တဲ့ သုံးယောက်အရိုက်ခံရမှုမှာ သူပါခဲ့တာကို ဂုဏ်ယူတယ်လို့ဆိုသည်။
ဗုဒ္ဓဟူးနေ့ရောက်တော့ မျိုးဇော်နိုင်ဦးဆောင်တဲ့ သုံးယောက်က ဖွံ့ဖြိုးရေးအချိန်မှာ မသွားနိုင်ဘူးလို့ ငြင်းသည်။ ဆရာမ ဒေါသထွက်ပြီး ရုံးခန်းပို့မယ်၊ ဘာမယ် ခြိမ်းချောက်သည်။ ကြိမ်ဒဏ်ငါးချက်စီပေးပြီး တခြားသူတွေ သွားနေချိန်မှာ သူတို့က အတန်းထဲမှာ မတ်တပ်ရပ်နေခဲ့ရသည်။ သူမတို့ရဲ့ ပွဲဦးထွက်တိုက်ပွဲ။
ဒီလိုနှင့် တလှည့်စီ လူလဲဆန့်ကျင်လိုက်၊ စည်းရုံးရေးဆင်းလိုက်နှင့် အချိန်တွေကြာလာသည်။
တပတ်၊ နှစ်ပတ်၊ သုံးပတ်ကနေ ငါးပတ်လောက်ရောက်တော့ တခြားအခန်းတွေကပါ သိနေကြပြီ။ ဆယ်တန်း ဘီ၊ ဆယ်တန်းစီ၊ ဆယ်တန်း ဒီ တို့မှာလဲ သူမတို့လုပ်နည်းအတိုင်း လိုက်လုပ်သူတွေ ရှိလာကြပြီ။ မီမီကတော့ စိတ်ရှည်လက်ရှည်နဲ့ စည်းရုံးဟောပြောနေဆဲ။ မျိုးဇော်နိုင်တို့ အင်အားတွေကလဲ တောင့်လာသည်။ ကနဦးအစမှာ ဆရာမကို မကျေနပ်တာကြောင့် လုပ်ဖြစ်သွားခဲ့ပေမယ့် ကြာလာတော့ အဓိကမှာ ဆရာမရဲ့ မတရားတဲ့ အာဏာစက်ကို ဖယ်ရှားဖို့နဲ့ ဖွံ့ဖြိုးရေးအချိန်တွေမှာ ကျောင်းသားတွေအတွက် တကယ်အကျိုးဖြစ်ထွန်းစေမယ့် အလုပ်တွေ လုပ်နိုင်ဖို့ဖြစ်ကြောင်း သူမနားလည်လာတော့သည်။
သူမတို့ လုပ်နေကြတဲ့ အလုပ်လေးတွေက အရှိန်ရလာသလို တဘက်မှာလဲ အခက်အခဲတွေ တွေ့လာရသည်။ ဆရာမက ဗုဒ္ဓဟူးနေ့ပွဲတွေမှာ ပါသူတွေကို ရိုက်နှက်အပြစ်ပေးရုံမက တခြားစာသင်ချိန်များတွင်လဲ သူမတို့ အုပ်စုတွေကို အပြစ်မရှိ အပြစ်ရှာတော့သည်။ စာမေးရင်း “၏သည်မလွဲ“ မရလို့ဆိုကာ သူမလက်ဝါးပေါ်သို့ ကျရောက်လာခဲ့သော ကြိမ်ချက်တွေ မည်မျှ ရှိခဲ့ပြီ မသိ။ အိမ်က လူကြီးတွေ သိသွားပြီး ဆရာမကို အကျိုးအကြောင်း သွားပြောဖို့ ကြိုးပမ်းကြသည်။ သို့ပေမယ့် ဆရာမက လက်မခံ။ သူမက သူ့အာဏာကို ဖီဆန်တယ်၊ သူ့ကို အာခံနေတယ်။ ဒါကြောင့် ဦးချိုးပြီး ဆုံးမနေတာပါ လို့သာ ဆိုသည်။ သူမတို့ ဘာကို လိုချင်နေတာလဲ၊ ဘာကို ဖြစ်ချင်နေတာလဲ ဆိုတာ သိအောင် ဆရာမဘက်က လုံးဝ မကြိုးစားတော့။
ဒီကြားထဲ ဇင်မာတို့အုပ်စုက သူမတို့တွေကို အမြင်တမျိုးနှင့် မြင်လာပြန်သည်။ သူမတို့ လုပ်နည်းလုပ်ဟန်တွေက ကျောင်းသားတွေကိုအရိုက်ခံရအောင် လုပ်နေတာပဲရှိပြီး အောင်မြင်ဖို့ လမ်းလဲမရှိ၊ လုပ်နေသူတွေမှာကလဲ စိတ်ပျက်စရာကောင်းတဲ့ လူတွေကပါတယ်လို့ တီးတိုးဆိုနေကြသည်။ စည်းရုံးပြောဆိုတဲ့ မီမီကို မြင်ရင်လဲရှောင်ထွက်သွားကြသည်။
ဇင်မာနှင့် သူမကတော့ အိမ်နီးချင်းဖြစ်တာမို့ ဘာပဲဖြစ်ဖြစ် ဇင်မာတို့ ဘယ်လိုတွေးနေတာလဲ သိရအောင် သူမ ဇင်မာ့ဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်မိသည်။
“ထက်ထက်လာလေ“
ဇင်မာ့အိမ်ကို သွားတော့ ဇင်မာက ၀မ်းသာအားရ ကြိုဆိုပါသည်။
“နင်ငါ့ကို လာစည်းရုံးတာလား“
ဇင်မာက ရီပြီး ပြောပေမယ့် ဒီစကားထဲမှာ တခြားအဓိပ္ပာယ်တွေလဲ ဆောင်နေတယ်ဆိုတာ သူမရိပ်မိလိုက်သည်။ သူမစိတ်မကောင်း။ သူမတို့တွေက တတန်းတည်းသားချင်းတွေ။ ဆရာမနဲ့ ပြဿနာတက်တုန်းက လက်ညှိုးထောင်ခဲ့သူတွေထဲမှာ ဇင်မာလဲပါတာ သူမ မှတ်မိလိုက်သည်။
“ဟင့်အင်း။ ငါက နင့်ဆီကို သူငယ်ချင်းအနေနဲ့ အလည်လာတာပါ“
“နင်လုပ်တာတွေထဲမှာ မပါတဲ့ ငါ့ကို နင်က သူငယ်ချင်းလို့ တကယ်သတ်မှတ်လို့လား“
“သတ်မှတ်လို့ လာလည်တာပေါ့ဟ။ သူငယ်ချင်းတိုင်း အလုပ်တူတူလုပ်ရမယ်လို့ ဘယ်သူက ပြောလို့လဲ။ အလုပ်တူတူလုပ်တဲ့ လူတိုင်းပဲ သူငယ်ချင်းဖြစ်မယ်လို့လဲ ဘယ်သူက ပြောလို့လဲ“
ဇင်မာ မျက်မှောင်လေးကြုတ်ပြီး တွေးနေတာ တွေ့ရသည်။
“ဟဲ့၊ ငါ့ကို ဘာကျွေးမှာလဲ“
“နင်ထိုင်ဦးနော်။ ငါတို့အိမ်မှာ ဒီနေ့ ရေစိမ်ခေါက်ဆွဲလုပ်စားတယ်ဟ။ နင့်အတွက် ငါသွားပြင်လိုက်ဦးမယ်“
အိမ်နောက်ထဲ ၀င်သွားသော ဇင်မာ့ကို ကြည့်ရင်း သူမသက်ပြင်း ချလိုက်မိသည်။ ဇင်မာက ဆရာမရဲ့ အာဏာစက်ကို ကြိုက်နှစ်သက်နေသူ မဟုတ်မှန်း သူမ စိတ်ထဲက အလိုလို သိနေသည်။ သို့ပေမယ့်လဲ သူမတို့ ဆန့်ကျင်ရေးအုပ်စုများနဲ့လဲ နီးကပ်မလာခဲ့။ ဘာတွေကများ စည်းခြားနေသလဲ။ သူမ စဉ်းစား အဖြေထုတ်နေမိသည်။
သူမ အချိန်ကြာကြာ အဖြေမထုတ်လိုက်ရပါ။ ရေစိမ်ခေါက်ဆွဲစားရင်း စကားတွေ အများကြီး ပြောဖြစ်ကြသည်။ သူမတို့ကို ဇင်မာတို့မကျေနပ်နေသည့် ကိစ္စများကို မသိမသာ ဖော်ထုတ်ယူရင်း သူမလိုချင်သည့် အဖြေက ထွက်သွားခဲ့ပါတော့သည်။
“ငါတို့ နေမင်းကို မကြိုက်ဘူးဟာ။ သူက ငါတို့ရှေ့ဆိုရင် ဒီကိစ္စတွေက သူကစလို့ဖြစ်လာတာပါ၊ သူကခေါင်းဆောင်ပါ ဆိုပြီး ထောင်ထောင်ထောင်ထောင် လုပ်တယ်။ ဆရာကြီးလုပ်တယ်။ ဆရာမရှေ့ ဆိုရင်ကျတော့ အမြီးကုပ်နေတာပဲ“
“မျိုးဇော်နိုင်တို့ကျတော့လဲ တမျိုး။ သူတို့ အနာခံပြီး ပါနေတာ ငါတို့မြင်နေတာပဲ။ ဒါပေမယ့် သူတို့က ငါတို့ကို မြင်ရင် မပါရကောင်းလားဆိုပြီး ရန်လုပ်တယ်။ ငါတို့အတွက် သူတို့ အနာခံလုပ်နေရတာဆိုပြီး မပါတာကို အပြစ်တင်တယ်။ ဆရာမရဲ့ ဘက်တော်သားတွေလို့ စွပ်စွဲတယ်။ အခြေအနေ၊ အကြောင်းကြောင်းကြောင့် ငါတို့ မပါဖြစ်ခဲ့ဘူးဟာ။ ငါဝန်ခံတယ်။ နင့်တုန်းက ငါလက်ထောင်ပြီးမှ ဆရာမက အပြစ်ပေးတော့ ငါကြောက်ပြီး မသိချင်ယောင် ဆောင်လိုက်ရတယ်။ ငါစက်ဘီးမှောက်တုန်းက ခြေထောက်ကျိုးထားဖူးတယ်ဟ။ ငါ့ခြေထောက်က ကြာကြာရပ်လို့ မရဘူး။ ဒါကြောင့် ငါလက်ပြန်ချလိုက်တာ။ ဒါပေမယ့်ဟာ ဆရာမ မတရားဘူးဆိုတာ ငါတို့ သိနေတာပဲ။ သိနေပြီး မပါဖြစ်ခဲ့တာကတော့ ငါတို့အားနည်းချက်။ ဒါကိုပဲ လာထုတ်ဖော်ပြီး အပြစ်တင်နေတော့ ငါတို့လဲ စိတ်တိုတာပေါ့။ ဒါနဲ့ နင်တို့ကို ရှောင်နေတာ“
“မီမီကိုလဲ ငါတို့ မကြိုက်ဘူး။ အလကား ငကြောက်မ။ သူက လူတွေကို လိုက်စည်းရုံးလိုက်၊ နင့်ကို မြှောက်ပေးလိုက်နဲ့။ သူကိုယ်တိုင်သတ္တိရှိရင် ဘာလို့ ရှေ့က ၀င်မပါလဲ။ တကယ်ဖြစ်လာတော့ နင်ပဲခံနေရတာ။ ငါတို့အတန်းသားတွေပဲ ခံနေရတာ။ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ရိုက်ပွဲကြီးဖြစ်နေတာကို ငါတို့လဲ စိတ်ချမ်းသာနေမယ်လို့ နင်ထင်လို့လား“
ဒီစကားလေးတွေထဲမှာ ဇင်မာတို့အုပ်စုနဲ့ သူမတို့ စည်းခြားနေတဲ့ အကြောင်းလေးတွေကို သူမ ရှာတွေ့သွားခဲ့ပါသည်။
ဇင်မာပြောနေတဲ့ အကြောင်းများကို သေချာနားထောင်ပြီးမှ သူမစကားစရသည်။ တဘက်က ဘာကို ဆိုလိုမှန်းမသိပဲ ဘတပြန်၊ ကျားတပြန်ပြောပြီး ရှင်းလို့ရသည့် ကိစ္စမျိုးမဟုတ်မှန်း သူမနားလည် သိရှိနေခဲ့သည်။
“နေမင်းက ထဲထဲဝင်ဝင်လုပ်နေသူ မဟုတ်ပါဘူး ဇင်မာ။ ပြဿနာဖြစ်စတုန်းက သူလဲ ပါတယ်ဆိုတော့ သူကလဲ အဲလိုပြောချင်မှာပေါ့ဟာ။ ငါတို့ ရပ်ကွက်ထဲမှာ အရပ်အငြိမ့်ပွဲကဖူးတာကို အကြောင်းပြုပြီး မင်းသမီးလို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စုပေါင်းလမ်းဖောက်တုန်းက ဥက္ကဌလုပ်လိုက်ရတာနဲ့ပဲ ထာဝရ ရပ်ကွက်ခေါင်းဆောင်လို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စီကနဲဆိုရင် ပါလိုက်ပြီး တကယ်လုပ်ရမယ်ဆိုရင် ဘယ်ရောက်သွားမှန်း မသိတဲ့ လူတွေ အများကြီးပဲလေ။ နင်တွေ့ဖူးတယ် မဟုတ်ဘူးလား။ ဒါတွေက လူ့သဘာဝပဲ ဥစ္စာ။ ဒီလူတွေကိုကြည့်ပြီး စိတ်ပျက်နေတာထက်စာရင် လျစ်လျုရှုပြီး ကိုယ်လုပ်စရာရှိတာ လုပ်လိုက်တာက ပိုထိရောက်မယ်လို့ ငါထင်တယ်။ သူ့ဘာသာသူ ဘယ်လောက်ခေါင်းဆောင်လို့ အော်နေနေ၊ လူတွေက သူ့ကို ခေါင်းဆောင်လို့ အသိအမှတ်ပြုတာမှ မဟုတ်တာ။ တကယ်ကလဲ ဘာမှမလုပ်၊ ဘယ်သူကမှလဲ အသိအမှတ်မပြုပဲ ခေါင်းဆောင်လို့ ထိုင်အော်နေတဲ့လူကို စိတ်ပျက်ဖို့ စာရင်းထဲတောင် ထည့်ဖို့ လိုအပ်လို့လား“
“မျိုးဇော်နိုင်နဲ့ ပတ်သက်လို့ကတော့ ကျောင်းဘောလုံးပွဲ ဥပမာကိုပဲ ပေးရမလား မသိဘူးဟာ။ မနှစ်တုန်းကလေ ငါတို့နဲ့ ထ (၁) နဲ့ ဘောလုံးပွဲတုန်းက နင်လဲပါတယ်မလား။ ငါတို့တွေ မင်းဟိန်းတို့ကို သွားအားပေးကြတာလေ။ ငါတို့ကလဲ မင်းဟိန်းတို့ကို နိုင်စေချင်၊ မင်းဟိန်းတို့ကလဲ မနိုင်နိုင်၊ ဟိုဘက်အသင်းကလဲ လက်ရည်ကသာနေတော့ စိတ်တွေတို၊ နောက်ဆုံးကျတော့ ကက်ပတိန်လုပ်တဲ့ မင်းဟိန်းနဲ့ ငါတို့အတန်းထဲက ရဲထွတ်တို့ ထထိုးကြလို့ ငါတို့ ၀င်ဆွဲရသေးတယ်နော်။ မင်းဟိန်းက ပြောတယ်လေ။ မင်းလာကန်ကြည့်ပါလားကွလို့။ ရဲထွတ်က ပြောတယ်လေ။ ငါက အားပေးနေတာ။ မင်းတို့ကို အသုံးကျမယ်ထင်လို့ဆိုပြီး။ ဒါကြောင့် ထထိုးတာမလား။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး တူနေတာတခုက ငါတို့ဘောလုံးအသင်းကို နိုင်စေချင်တာ တခုပဲ မဟုတ်ဘူးလား။ ဘေးက ကြည့်နေသူကလဲ ကိုယ့်လူတွေကို နိုင်စေချင်ပြီး အားမလိုအားမရဖြစ်တယ်။ အပြစ်တင်တယ်။ ချွေးတွေနစ်ပြီး ကွင်းထဲမှာ ကန်နေရတဲ့ လူကလဲ ဒီလောက်ကြိုးစားပေးနေတာတောင် အပြစ်တင်နေတော့ ဒေါသထွက်တယ်။ အဲဒီကနေ အချင်းချင်း ပြန်ချကုန်ကြတာ။ နင်မှတ်မိတယ် မဟုတ်လား။ အခုလဲ ဒီလိုပါပဲဟာ။ မျိုးဇော်နိုင်တို့က အနာခံပြီး လုပ်နေကြတာ။ လုပ်နေရင်း ကြာလာပေမယ့် ဆရာမကလဲ မလျှော့။ ခံရတာကလဲ များလာနဲ့ “ငါတို့ပဲ လုပ်နေရတယ်၊ ငါတို့ပဲ နာနေရတယ်“ ဆိုတဲ့ စိတ်တွေ ၀င်လာတယ်။ အဲဒီမှာ ကိုယ့်လို မလုပ်တဲ့ လူတွေကို အပြစ်တင်မိတော့တာပဲ။ နင်တို့ကလဲ ဆရာမ မတရားလုပ်တာကို မတရားဘူးဆိုတာ စိတ်ထဲက သိနေတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ခဲ့မိတာကိုလဲ စိတ်ထဲမှာ မသိမသာ guilty ဖြစ်နေတယ်။ ငါ့အမြင်ပြောရရင် အဲဒီစိတ်ဝင်နေတော့ ဘာကြောင့် မလုပ်တာလဲဆိုတာကို သူများတွေကို ပြောဖို့၊ နင်တို့ကိုယ်တိုင်လဲ ငါတို့ မလုပ်ခဲ့တာ မှန်တယ် ဆိုပြီး ကိုယ့်ကိုကို ပြန်ပြောဖို့ လက်ညှိုးထိုး ပုံချစရာတွေ လိုနေတယ်။ အဲဒီမှာတင် နင်တို့အုပ်စုနဲ့ မျိုးဇော်နိုင်တို့နဲ့ စငြိကုန်ကြတာ။ သူတို့ကလဲ နင်တို့မလုပ်တာကို အပြစ်လုပ်ပြီး ပြောတယ်၊ နင်တို့ကလဲ သူတို့ လုပ်နေတဲ့လူတွေ အသုံးမကျလို့ မပါတာလို့ ပြောမှာပဲ။ ငါတော့ အဲလိုပဲ မြင်တယ်“
“မီမီကိုတော့ နင်တို့က အထင်လွဲနေတာပါ။ ဇာတ်ကရင်တောင် ဇာတ်ညွန်းရေးတဲ့ လူ လိုတယ်မဟုတ်လား။ စင်နောက်မှာ ကြိုးဆွဲတဲ့လူတွေ၊ ဇာတ်ဝင်ခန်းတွေအတွက် အ၀တ်အစားတွေ ပြင်ပေးမယ့်လူတွေ၊ မင်းသားမင်းသမီးကို မိတ်ကပ်လိမ်းပေးမယ့်လူတွေ လိုတယ်လေ။ အားလုံး စင်ပေါ်ကို တပြိုင်တည်း တက်ကလို့မှ မရတာ။ အခုငါတို့အတန်းထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ တခြားအခန်းတွေထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေက မီမီရဲ့ အတွေးအခေါ်တွေနဲ့ လုပ်နည်းလုပ်ဟန်တွေကနေ ထွက်နေတာ။ ဒါကိုလဲ ငါတို့ထဲမှာ သူပဲ လုပ်နိုင်တယ်။ ရှေ့ထွက်မင်းသမီး၊ ခေါင်းဆောင် မင်းသမီးတွေ ဘယ်လောက် အကကောင်းကောင်း ဒီဇာတ်ကို ကမယ့် ဇာတ်ညွန်းမရှိရင် ကကွက်တွေ ဘယ်ကြည့်ကောင်းပါ့မလဲဟာ။ ရှေ့မထွက်တိုင်း ကြောက်လို့ မဟုတ်ဘူး။ သူက နောက်မှာ နေဖို့ လိုအပ်လို့ နေနေတာပါဟယ်“
(၄)
“ကဲ။ ကလန်ကဆန် လုပ်မယ့် လူတွေ ရှိသေးလား။ လုပ်ရဲတဲ့ လူတွေ နေခဲ့။ ကျန်တဲ့ လူတွေ နှစ်ယောက်တတွဲ ကိုယ်သွားရမယ့် နေရာဆီ သွားကြ“
ဗုဒ္ဓဟူးနေ့ ဖွံ့ဖြိုးရေးအချိန်က နံနက် အီကိုချိန် အပြီးမှာမို့ စာသင်ချိန်ပြီးတာနဲ့ ဆရာမက ဒီလိုပြောနေကြ။ သြဂုတ်လကတည်းက စခဲ့သော သူမတို့ အာဏာဖီဆန်ပွဲလေးသည် အလှည့်ကျစနစ်နဲ့ စဉ်ဆက်မပြတ် ရှိနေဆဲ။ တခြားအခန်းမှ ကျောင်းသားများနဲ့ သူမတို့အခန်းမှ ကျောင်းသားများ စုစည်းပြီး ဆရာမကြီးဆီ တောင်းဆိုစာကလဲ ပို့ထားပြီးသားမို့ ဒီတပတ်ပွဲကတော့ ပိုကြီးကျယ်မည်ဟု ယူဆထားကြသည်။ မီမီကတော့ ပွဲကြီးဖြစ်လာတော့မည်ဟု ခန့်မှန်းထားသည်။
တမိနစ်၊ နှစ်မိနစ်။
သူမတို့ စောင့်နေကြသည်။ အံ့သြဖွယ်ကောင်းအောင်ပင် မည်သူမျှ မလှုပ်ကြ။ နေမင်းက မျက်လုံးအပြူးသားနှင့် တတန်းလုံးကို လှည့်ပတ်ကြည့်နေသည်။ သူမ ရင်ထဲတွင်လဲ တဒိတ်ဒိတ်နှင့် ခုန်နေသည်။ မီမီကို လှမ်းကြည့်လိုက်တော့ ၀မ်းသာအားရ ပြုံးပြတာ တွေ့ရသည်။
“သွားကြလေ။ ဘာလုပ်နေကြတာလဲ“
ဆရာမရဲ့ စိတ်မရှည်သော အသံက ထပ်ထွက်လာသည်။
ဘယ်သူမှ မလှုပ်ကြ။ ခေါင်းငုံ့ရင်း ထိုင်ခုံများမှာ ထိုင်နေကြဆဲ။
“ဘာလဲ။ မင်းတို့က ငါ့ကို အာခံနေကြတာလား“
ဆရာမက ကြိမ်လုံးကို ဆွဲသည်။
မည်သူမျှ မလှုပ်ကြ။ စားပွဲပေါ်သို့ ရိုက်ချလိုက်သော ကြိမ်လုံးသံ တဖြန်းဖြန်းကသာ ဆက်တိုက်ထွက်လာသည်။
“ဇင်မာကျော်တို့ ဂီတတွေ၊ သွားကြတော့လေ။ ဂီတခန်းကို“
ဆရာမက နာမည်ခေါ်ပြီး ပြောလာပြီ။
ဇင်မာ မတ်တပ်ရပ်လိုက်တာ တွေ့ရသည်။ သူများ အတန်းထဲက ထွက်သွားလေမလား။ စိုးရိမ်စိတ်နှင့် သူမ ဇင်မာ့ကို လှမ်းကြည့်လိုက်မိသည်။ ဒါပေမယ့် ဇင်မာက အတန်းထဲက ထွက်မသွား။ လှုပ်ရှားမှုအစား စကားသံကသာ ထွက်ပေါ်လာသည်။
“ဆရာမ။ ဂီတခန်းမှာ တကယ်ဂီတသင်ရင် သမီးသွားမှာပါ။ အခုကတော့ ဆရာလဲ မရှိပဲ အမည်ခံပဲဖြစ်နေတယ်။ စည်း၊ ၀ါးတွေ ကိုင်ပြီး စကားသွားများနေရသလို ဖြစ်နေတယ်။ အချိန်တွေ အလကားကုန်တာကြောင့် သမီးမသွားချင်တော့ဘူး။ သမီးကို ဆရာမကြိုက်တဲ့ အပြစ်ပေးပါ“ တဲ့။
ဆရာမ ကြိမ်လုံးဆွဲပြီး ဇင်မာကျော်နား သွားတော့မည်လားလို့ သူမ ထင်လိုက်သည်။ ဆရာမက မသွားသေး။
“သန့်ဇော်။ မင်းတို့ စိုက်ပျိုးရေးအဖွဲ့တွေ သွားတော့လေ“
သန့်ဇော် လက်ပိုက်ပြီး မတ်တပ်ထရပ်သည်။
“ကျွန်တော်လဲ ဇင်မာကျော်လိုပါပဲ ဆရာမ။ အချိန်တွေ အလဟဿ မဖြစ်ချင်ဘူး“
ဆရာမက သန့်ဇော် ဆီမှ အကြည့်ကို ဖယ်ရှားပြီး သင်းသင်းမာကို လှမ်းကြည့်သည်။ ဆရာမ မခေါ်သေးခင်မှာပင် သင်းသင်းမာ မတ်တပ်ထရပ်လိုက်တာ တွေ့ရသည်။ သင်းသင်းမာဆိုတာက အတန်းထဲမှာ ဆရာမရဲ့ အချစ်ဆုံးတပည့်။ သင်းသင်းမာ အမေနဲ့ ဆရာမတို့က မိတ်ဆွေ သူငယ်ချင်းတွေ။ လပတ်စာမေးပွဲတိုင်းမှာ ပထမအမြဲရနေပြီး စာကလွဲရင် ဘာကိုမှ စိတ်ဝင်စားမယ်လို့ မထင်ရလောက်အောင် အေးအေးဆေးဆေးလေး နေတတ်သူ။
“သမီးတို့ အိမ်တွင်းမှုတွေလဲ အဲလိုပဲ မြင်တယ်ဆရာမ။ အချိန်တွေ မကုန်ချင်တော့ဘူး။ ဆရာမကို အာခံတာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို တင်ပြနေတာပါ“
သင်းသင်းမာရဲ့ စကားအဆုံးမှာ ဆရာမ ငိုင်သွားတာ တွေ့ရသည်။ ပြီးတော့ ဆတ်ခနဲ ထရပ်သည်။ တတန်းလုံးကိုများ ပွဲကြမ်းတော့မည်လား။ သူငယ်ချင်းများအားလုံးကို သူမလိုက်ကြည့်မိသည်။ မတ်တပ်ရပ်နေသော ဇင်မာ၊ သန့်ဇော်နဲ့ သင်းသင်းမာတို့က သူမကို လှမ်းပြုံးပြသည်။ တယောက်ကို တယောက် အားပေးသော အပြုံးများ။ ဘာပဲဖြစ်လာဖြစ်လာ ငါတို့အားလုံး အတူရင်ဆိုင်ကြစို့ဆိုတဲ့ အပြုံးများ။ စာသင်ခန်းလေးထဲတွင် လွန်ခဲ့သော သုံးလကျော်ကလို ကြောက်စိတ်များ၊ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်မနေတော့။ ကြောက်စိတ်ကို ရဲဘော်ရဲဘက်စိတ်၊ အပြန်အလှန် ယုံကြည်စိတ်၊ မျှဝေခံစားစိတ်တွေနဲ့ သူမတို့အားလုံး အနိုင်ယူလိုက်ကြပြီ။ ညီညွတ်မှုမှ ထွက်ပေါ်လာသော သတ္တိတို့က သူမတို့ သွေးကြောထဲမှာ စီးဆင်းနေကြပြီ။
ဆရာမဒေါ်ခင်လှဝေက တတန်းလုံးက သူမတို့ အားလုံးရဲ့ မျက်နှာတွေကို တယောက်ချင်းစီ အကဲခတ်ကြည့်သည်။ ပြီးတော့ လက်ထဲက ကြိမ်လုံးကို လွှတ်ချလိုက်တော့သည်။
“ဆရာမတို့တွေ ညှိကြတာပေါ့။ ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူနှစ်ယောက် ရုံးခန်းကို လိုက်ခဲ့“
မီမီက သူမကို မေးဆတ်ပြသည်။ ပြီးတော့ သင်းသင်းမာကို လိုက်သွားဖို့ တိုက်တွန်းသည်။ မျိုးဇော်နိုင်နှင့် နေမင်း တို့ လည်း လိုက်ထွက်လာကြသည်။
“ဆရာမက နင်တို့ကို ဖိအားပေးရင် ငါတို့ကို လာပြေးပြောနော်။ ငါတို့ ထလိုက်လာမယ်“
ဇင်မာက နောက်ကနေ လှမ်းအော်ပြောသည်။ သူမ ဇင်မာ့ကို အားရပါးရ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
(၅)
ဒီလိုနှင့် အလုံးစုံတင်းမာမှုတခုရဲ့ အဆုံးသတ်မှာ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးက ပေါ်ထွက်လာပါတော့သည်။ ဆရာမဘက်ကလဲ အင်အားသုံး ဖြေရှင်းတာတွေ မရှိတော့။ သူမတို့ တောင်းဆိုတာတွေကို ဆရာမက သေချာနားထောင်ပေးခဲ့သည်။ သူမတို့ ပြောသည့်အချက်အလက်များကို ကျောင်းအုပ်ဆရာမကြီးဆီ ခေါ်သွားပြီး တင်ပြပေးသည်။ ဆရာမကြီးနှင့် သူမတို့ တိုက်ရိုက်တွေ့ပြီး စကားပြောကြသည်။ တခြားအခန်းများမှ ကျောင်းသားကိုယ်စားလှယ်များကိုလဲ သွားခေါ်ခိုင်းသည်။ ဂီတ၊ အိမ်တွင်းမှုနဲ့ ပတ်သက်ပြီး ဆရာရှာလို့ မရသည့် အခက်အခဲ၊ စိုက်ပျိုးရေးအချိန်မှာ ကျောင်းသားတွေရဲ့ စိုက်ခင်းတခုစီအတွက် မြေနေရာ အခက်အခဲ စတာတွေကို ဆရာမတို့ဘက်မှ ရှင်းပြသည်။ ဖွံ့ဖြိုးရေးဆိုတဲ့ အချိန်က ပညာရေးစနစ်အရ မဖြစ်မနေ ထည့်သွင်းရေးဆွဲထားရသည်များကိုလဲ ပြောပြသည်။
မဖြစ်မနေရှိနေရမည်ဆိုတော့ ဖွံ့ဖြိုးရေးအချိန်ကို လုံးဝ ပယ်ဖျက်ပေးဖို့ကို တောင်းဆိုချက်ကို သူမတို့ကျောင်းသားများက ရုတ်သိမ်းပေးသည်။ ထိထိရောက်ရောက် အကျိုးရှိအောင် မလုပ်နိုင်သည့် အခက်အခဲများကိုလဲ နားလည်လာသည်။ အချိန်တွေ အလဟဿ မကုန်စေချင်သည့် ကျောင်းသားများရဲ့ ဆန္ဒသဘောထားကိုလဲ ဆရာမများက နားလည်ပေးလာကြသည်။ တဘက်ကို တဘက်က နားလည်ပေးမှုကြောင့် အပေးအယူ အလျှော့အတင်းများ ရှိလာသည်။ တဘက်နှင့် တဘက် ယုံကြည်လာကြသည်။ ကျောင်းသားများနှင့် ဆရာမတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မရှိတော့ပဲ အခြေအနေတခုမှာ အကောင်းဆုံး အဖြေထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကိုပဲ ဦးတည်ပြောလာကြတော့သည်။
ညှိနှိုင်းမှုများ ပြီးသွားတော့ သူမတို့တတွေ အောင်ပွဲနဲ့အတူ ကိုယ့်အတန်းဆီ ကိုယ်ပြန်ကြလေသည်။ နေမင်းက တွေ့ဆုံဆွေးနွေးပွဲ အကြောင်းကို အာဘောင်အာရင်းသန်သန်နှင့် တတန်းလုံးကို ရှင်းပြတော့သည်။ သူမ၊ မျိုးဇော်နိုင်နှင့် သင်းသင်းမာတို့ကတော့ ကိုယ့်ခုံမှာ ကိုယ်ပြန်ဝင်ထိုင်ကြသည်။ မီမီကတော့ နေမင်းပြောသည်များကို ပြုံးပြုံးလေးနှင့် နားထောင်နေသည်။
ဘာလိုပဲဖြစ်ဖြစ် ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ ဘယ်သူတွေပဲ လုပ်ခဲ့ လုပ်ခဲ့၊ ဘယ်သူတွေပဲ ဖန်တီးခဲ့၊ ဖန်တီးခဲ့၊ ဘယ်သူတွေပဲ ခေါင်းဆောင်နာမည်နဲ့ ကျန်ရစ်ခဲ့ ကျန်ရစ်ခဲ့၊ အဆုံးသတ်မှာ အကျိုးရှိသော ရလဒ်နဲ့ ပွဲပြီးသွားဖို့ကသာ အဓိက မဟုတ်ပါလား။
ခင်မမမျိုး (၁၉၊ ၁၂၊ ၂၀၀၉)
ဒီဇင်ဘာညတညရဲ့ အလွမ်းဒိုင်ယာရီ
Friday, December 18, 2009
အပြင်မှာ နှင်းတွေ ကျနေဆဲပဲ အစ်ကို။ ညနေကတည်းက တဖွဲဖွဲကျနေတဲ့ နှင်းပွင့်လေးတွေက အခုထိ မရပ်သေးဘူး။ စာကြည့်စားပွဲလေးမှာထိုင်ရင်း ဘာစာကိုမှ ဖတ်လို့မရဖြစ်နေတဲ့ ညီမလေးရဲ့ အတွေးစဉ်လေးတွေကိုလဲ ရပ်လို့မရသေးဘူး။ အစ်ကို မှာထားခဲ့တဲ့အတိုင်းပဲ ညစဉ်တိုင်းမှာ စာတခုခုကို ကြိုးစားဖတ်ဖြစ်ပါတယ်အစ်ကိုရယ်။ ဒါပေမယ့် ဒီတညတော့ ညီမလေးကို ခွင့်လွှတ်ပေးပါနော်။ ဒီအချိန်တွေရောက်ရင် အစ်ကို့ကို ညီမလေး သိပ်သတိရမိတာပဲ။ အစ်ကို့ကို လွမ်းတဲ့စိတ်လေးတွေ လျော့ပါးစေဖို့ စာတွေ၊ အလုပ်တွေထဲမှာ ဘယ်လောက်ပဲ ဇွတ်နှစ်ထားပေမယ့် ညီမလေးရင်ထဲက အလွမ်းဓာတ်ခံလေးကတော့ ကျန်နေဆဲပဲ ထင်ပါရဲ့အစ်ကို။ ဒီနေ့၊ ဒီရက်တွေ၊ ဒီအချိန်တွေ၊ ဒီအခြေအနေလေးတွေ စုပေါင်းလိုက်တော့ ညီမလေးမျက်ဝန်းမှာ မျက်ရည်စလေးတွေ တွဲခိုလာရပြန်ပါပကော။
ဟိုးလွန်ခဲ့တဲ့ ခုနစ်နှစ်တာကာလဆီကို ညီမလေးအတွေးတွေ ရောက်သွားရပြန်ပြီ။ မှတ်မှတ်ရရ။ အဲဒီ ဒီဇင်ဘာမှာပေါ့။ အစ်ကို့ကို ညီမလေး ထားခဲ့ရတာ။ ခဏတာ ကျောခိုင်းထွက်ခဲ့ရတဲ့ ခရီးစဉ်လေးဟာ တဘ၀စာလို့သာ ကြိုသိခဲ့ရင်၊ ကြိုသိခဲ့ရင်-----------။
အဲဒီနေ့က နိုင်ငံခြား မသွားခင် တောင်ကြီးခဏပြန်လာပြီး ဖွားဖွားတို့နဲ့ အစ်ကို့ကို လာတွေ့တဲ့ ညီမလေးကို ဟဲဟိုးလေဆိပ်မှာ ပြန်ပို့ပေးပြီး နောက်မှာ စတီယာရင်ပေါ်ကို မျက်နှာအပ်နေတဲ့ အစ်ကို့ကို ဖွားဖွားက တော်တော်ခေါ်ယူရတယ်တဲ့။ “သား၊ မှီသေးတယ်။ သားတားပါလား“ လို့ သူ့မြေးလေးကို နိုင်ငံရပ်ခြား မထွက်စေချင်တဲ့ အဖွားက ပြောရှာတယ်တဲ့။ ဒါကို အစ်ကိုက ခေါင်းခါပြီး လေယာဉ်တက်သွားတဲ့အထိ ကား စက်မနှိုးပဲ စောင့်နေခဲ့တယ်တဲ့။ အစ်ကိုရယ်- အဲဒီနေ့နံနက်က ဘာလို့များ ညီမလေးရှေ့မှာ တက်တက်ကြွကြွနဲ့ နေပြနေခဲ့ရတာလဲ။ စာကြိုးစားဖို့ကိုပဲ ဘာလို့အထပ်ထပ် မှာနေခဲ့ရတာလဲ။ ဘ၀မှာ အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်မယ့် ခွန်အားစကားလုံးတွေကိုပဲ ဘာလို့ ရွေးပြောနေခဲ့ရတာလဲ။
“ညီမလေး ဘွဲ့တခု မရရအောင် ယူပြရမယ်။ ဒီလို မတရားလုပ်နေတာ ခံရပေမယ့် ဘယ်လောက်ပဲပိတ်ပိတ် ရေလိုစီးနိုင်တယ်ဆိုတာ သက်သေပြရမယ်။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံနဲ့ပုံကို အစ်ကိုမြင်ချင်တယ်“ တဲ့။
အစ်ကို ပြောခဲ့တဲ့ စကား။ ဒီတုန်းက ညီမလေးရဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ မထင်မှတ်ပဲ ဖြစ်လာခဲ့တဲ့ အခက်အခဲတွေအတွက် အစ်ကို သိပ်ဒေါသဖြစ်ခဲ့တယ်နော်။
တကယ်တော့ ညီမလေးဟာ ပညာကို သိပ်မက်မော ခုံမင်တတ်သူတယောက်ဆိုတာ သူတို့တွေ ရိပ်မိခဲ့ကြပုံပါပဲ။ တက်နေတဲ့ ဆေးကျောင်းကို ကျောင်းပြီးအောင် တက်နိုင်ဖို့ကျတော့လဲ လုပ်သင့်တယ်ထင်လို့ လုပ်နေတာလေးတွေ၊ ဆက်စပ်နေမှုတွေကို ရပ်တန့်ပါမယ်လို့ ခံဝန်ချက် ထိုးရမယ်တဲ့။ ခံဝန်ချက် မထိုးနိုင်ဘူးဆိုတော့လဲ ဒါဆိုကျောင်းပြောင်းတဲ့။ ကျောင်းပြောင်းဖို့ လျှောက်လွှာတင်ရပြန်တယ်။ တကယ်ပြောင်းဖို့ လုပ်ပြန်တော့လဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန မတူလို့စောင့်တဲ့။ ဒါကို စောင့်နေရင်း ကျူရှင်သင် ဂိုက်လုပ်ပြန်တော့လဲ လူတွေစုနေတာလား။ ဘယ်သူတွေကို သင်နေတာလဲလို့ လာမေးကြပြန်တယ်။ ဒီကြားထဲ ဘာအကြောင်းမှ မရှိပဲ နံနက် (၇)နာရီကို တံခါးလာခေါက်ပြီး ဧည့်ခန်းထဲ လာထိုင်နေတတ်သေးတယ်။ နံနက် ရှစ်နာရီ၊ ကိုးနာရီမှ ပြန်ထွက်သွားပြန်ရော။ အဲဒီတုန်းက ညီမလေးတယောက်တည်း နေနေတာက မန္တလေးမင်္ဂလာဈေး အပေါ်ထပ်က ကွန်ဒိုတိုက်ခန်းမှာဆိုတော့ အိမ်နီးချင်း အခန်းတွေက အများကြီးရယ်။ ပတ်ဝန်းကျင်အမြင် မသင့်တော်အောင် နည်းမျိုးစုံနဲ့ တမင်လုပ်နေမှန်းသိရက်နဲ့ ငြိမ်ခံနေခဲ့ရတဲ့ဘ၀။ ဒီတုန်းက ညီမလေး စိတ်ညစ်လွန်းလို့ စာရေးပြောတိုင်း အစ်ကိုက အားတင်းထားဖို့ ပြောနေကျ။ နောက်ဆုံး သည်းမခံနိုင်တဲ့ တနေ့မှာ အိမ်တံခါးလာခေါက်တဲ့ အဲဒီလူတွေထဲက တယောက်ကို “ရှင်တို့ ဖမ်းချင်လဲ ဖမ်းကြ။ ထောင်ကျကျ၊ တန်းကျကျ ဂရုမစိုက်ဘူး။ ဒီလို pressure တွေ လာပေးမနေနဲ့။ ရှင်တို့မျက်နှာတွေသာ ဆက်မြင်နေရရင် ကျွန်မလူသတ်မိလိမ့်မယ်နော်“ လို့ ပြန်ပြောဖြစ်ခဲ့တဲ့အထိ။
နောက်ဆုံး ဘာမှန်း မသိတဲ့ မရေမရာ အခြေအနေကို ကျောခိုင်းပြီး နိုင်ငံခြားက စစ်တဲ့ စာမေးပွဲတွေ ၀င်ဖြေဖြစ်တော့လဲ အစ်ကိုက ညီမလေးကို အမြဲအားပေးနေခဲ့တယ်နော်။ နှစ်နှစ်ခွဲသင်ရိုး ဘာသာနှစ်ဆယ်ကို ကိုးလနဲ့ ပြီးအောင် ဖြေနိုင်ခဲ့တာ မခံချင်စိတ်တွေနဲ့အတူ အစ်ကို့ရဲ့ အားပေးစကားတွေကြောင့်ပါ။ ဒီလိုနဲ့ ယူကေ ဒီပလိုတွေ ရလာတော့ မေမေက အင်္ဂလန်သွားဖို့ စီမံပေးတဲ့အခါ အစ်ကိုကလဲ ၀မ်းသာအားရ ထောက်ခံခဲ့တယ်နော်။ အဲဒီအချိန်မှာ အစ်ကို့ရဲ့ စကားတခွန်းပါပဲ အစ်ကိုရယ်။ ညီမလေးဘက်က အစ်ကိုနဲ့ ပတ်သက်ရင် အရာရာကို စွန့်စားဖို့ အသင့်ရှိနေခဲ့တာပါ။ ဒါပေမယ့် အစ်ကိုက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တခုကို ပေးခဲ့တယ်။ ပညာရေးကို သိပ်တန်ဖိုးထားတဲ့ ညီမလေးကို ဘွဲ့လေး တခုပါ မရအောင် ပိတ်ပင်တားဆီး ကျားကွက်ရွှေ့နေတဲ့ လူတွေကို အင်္ဂလန်က ဘွဲ့တဘွဲ့ ယူလာပြလိုက်စမ်းပါ ညီမလေးရယ်တဲ့။
ဒီလိုနဲ့ ကျောင်းလျှောက်တော့ ညီမလေး ကျောင်းတကျောင်းကို ၀င်ခွင့်ရခဲ့တယ်တာ မှတ်မိနေတုန်းပဲ။ ဒီတုန်းကလေ၊ ကျောင်းကနေ ညီမလေးဆီကို ကျောင်းဝင်ခွင့်စာကို ဖက်စ်နဲ့ ပို့ပေးပြီး၊ စာရွက်နဲ့ စာကို ညီမလေးတို့ တောင်ကြီး လိပ်စာဆီ ပို့ပေးတော့ ဖွားဖွားတို့ဆီ အလည်ရောက်နေတဲ့ အစ်ကိုက “အရေးကြီးတယ်ဖွားဖွားရဲ့။ ကျွန်တော်သွားပို့မှရမှာ” ဆိုပြီး အ၀တ်တထည်၊ ကိုယ်တခုနဲ့ ရန်ကုန်ကားပေါ် တက်လိုက်လာခဲ့သေးတယ်နော်။ အစ်ကိုရယ်။ ဒီစာအိတ်ဟာ ညီမလေးတို့ သိထားခဲ့ကြတဲ့ တနှစ်ခွဲခွာခွင့် မဟုတ်ပဲ နှစ်ပေါင်းများစွာ ခွဲခွာခွင့် ဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ကြရင်------။
အဲဒီအခြေအနေတုန်းက ဖြစ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တော့မယ်ဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အစ်ကို ဘာလို့ယုံခဲ့ရတာလဲ။ ညီမလေးကိုကော ယုံဖို့ ဘာလို့ တိုက်တွန်းခဲ့ရတာလဲ။ စိတ်တထင့်ထင့်လေး ဖြစ်ပေမယ့် ညီမလေး မျက်စိမှိတ်ယုံခဲ့မိပါတယ်။ ဘယ်လောက်များ ယုံခဲ့သလဲဆိုရင် “ဒီမိုကရေစီရပြီးရင် အစ်ကိုက နိုင်ငံတော်တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်လုပ်ပြီး ညီမလေးက မိသားစုတာဝန်တွေ ထမ်းမယ်“ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျောင်းတကျောင်းရဲ့ ကျောင်းခွဲ ထောင်ခွင့်ယူပြီး ညီမလေးတို့ တောင်ကြီးမှာ ဖွင့်ဖို့အထိတောင် စာချုပ်ချုပ်ဖြစ်ခဲ့တဲ့အထိပါပဲ။ ဒီမျှော်လင့်ချက်တွေ အားလုံးဟာ မင်းသားခေါင်းစွပ်ထားတဲ့ မျက်နှာဖုံးကွာကျသွားတဲ့ ဒီပဲယင်းကာလ အလွန်ရောက်တော့ အားလုံးသဲထဲရေသွန်။ ယုံကြည်မိသူတွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ သွေးတွေ၊ မျက်ရည်စက်တွေနဲ့ အရာရာ ပြိုလဲကျခဲ့ပါပကောလား။
အစ်ကိုရယ်။ အစ်ကို ဘယ်ရောက်နေတာလဲ။ ခုနစ်နှစ်တာကာလမှာ ညီမလေး ဘ၀အချိုးအကွေ့တွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ “ပျောက်သောသူ၊ ရှာရင်တွေ့“ ဆိုတဲ့ စကားပုံဟာ ညီမလေးတို့အတွက် ဘာလို့ မှားယွင်းနေရတာလဲ။ ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ညီမလေးရဲ့ ရင်ခုန်သံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစ်ကို့မျက်ဝန်းလေးကို စတွေ့စ အချိန်တုန်းကလိုပဲ-------။ ညီမလေး လျှောက်နေတဲ့ ခြေလှမ်းတွေကလဲ အစ်ကိုလျှောက်ခဲ့တဲ့ လမ်းလေးပေါ်မှာပဲ------။ ညီမလေးရဲ့ စိတ်ဓာတ်တွေကလဲ အစ်ကို့စိတ်ဓာတ်တွေလိုပဲ။ တခုတော့ ရှိတာပေါ့အစ်ကိုရယ်။ ဘ၀တွေ၊ အသက်တွေ၊ နှလုံးသားတွေနဲ့ ရင်းလိုက်ရဖူးတဲ့ ရန်သူကို ယုံစားမှုလေးတွေတော့ နည်းပါးသွားခဲ့ပြီ ဆိုရမလား။ ယုံကြည်မှုတည်ဆောက်မှု ဆိုတာကလဲ နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းမှုပေါ်မှာ အခြေခံမှ အောင်မြင်တဲ့အရာ ဆိုတာကိုတော့ ညီမလေး လက်ခံနားလည်နေတတ်ခဲ့ပြီ အစ်ကို။
အပြင်မှာ နှင်းတွေက ကျနေဆဲပဲ အစ်ကိုရယ်။ ညီမလေး မျက်ရည်စက်လေးတွေကလဲ ပါးပြင်ပေါ်မှာ စိုစွတ်နေဆဲပဲ။ အစ်ကို ဖတ်ခိုင်းခဲ့တဲ့ စာတွေကို နောက်ညတွေကျရင် ညီမလေး ဆက်ဖတ်မှာပါအစ်ကို။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ဓာတ်ပုံကို အစ်ကို မြင်ချင်တယ်လို့ ဆိုခဲ့တယ်နော်။ ဒါပေမယ့် ပြရမယ့် အစ်ကိုက ဘယ်မှာလဲဟင်။ ဘွဲ့နှင်းသဘင်တွေဆီကို ညီမလေး ဘယ်လိုခွန်အားမျိုးတွေနဲ့ ခြေလှမ်းရမယ်မှန်း မသိလို့ ဘယ်ဘွဲ့နှင်းသဘင်မှ မတက်ခဲ့တဲ့ ညီမလေးကို သူငယ်ချင်းတွေက မေးကြတယ်။ နောက်ဆုံးပီအိတ်ခ်ျဒီကျမှ ဘွဲ့တက်ယူမယ်လို့ ဆုံးဖြတ်ထားလို့လားတဲ့။ အရာရာကို ရင်ဆိုင်ရဲခဲ့တဲ့ ညီမလေးဟာ ဒီဝတ်စုံဝတ်ပြီး အစ်ကို့ကို သတိရကြေကွဲရမယ့် အခြေအနေကို ရင်မဆိုင်ရဲလို့ပါ ဆိုတာသာ သူတို့တွေ သိကြရင်--------။
ခင်မမမျိုး (၁၇၊ ၁၂၊ ၂၀၀၉)
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ
Thursday, December 17, 2009
နိဒါန်း
အချိန်ကား (၁၉၉၉) ခု၊ ဒီဇင်ဘာလ။
နေရာကား အမေရိကန်ပြည်ထောင်စုမှ စီးတယ်လ် မြို့။
နိုင်ငံပေါင်းတစ်ရာကျော်မှ ကုန်သွယ်ရေးဝန်ကြီးများ စုဝေးရောက်ရှိနေကြသည်။ အကြောင်းအရာကား လွန်ခဲ့သော ငါးနှစ်က ဖွဲ့စည်းထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၀န်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်ကြရန်ဖြစ်သည်။ သာမန်အားဖြင့်ကြည့်လျှင် နိုင်ငံတကာအဖွဲ့အစည်းတခု၏ ၀န်ကြီးများအဆင့် အစည်းအဝေးတခုသာဖြစ်သည်။ သို့ပေမယ့် ထိုအစည်းအဝေးကြီးသည် ကမ္ဘာတ၀ှမ်းမှ လူအများ၏ အာရုံကို ဆွဲယူနိုင်ခဲ့သည်။ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းဖြစ်မှုများသည် အမေရိကန်ပြည်ထောင်စု စီးတယ်လ် မြို့ငယ်လေး၏ လမ်းများပေါ်တွင် ပြည့်နှက်နေခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို စောင့်ကြည့် ထိန်းချုပ်နိုင်သော သတ်မှတ်ချက်များပါဝင်သည့် စနစ်တခုပေါ်ပေါက်လာကာ တကမ္ဘာလုံး၌ စီးပွားရေး အကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ခဲ့ကြသော်လည်း၊ လူတိုင်းသည် ထိုအမြင်အား လက်ခံခြင်းမရှိကြောင်း စီးတယ်လ်ဖြစ်ရပ်က သက်သေပြနေခဲ့သည်။
စီးတယ်လ်ဆန္ဒပြပွဲတွင် မီဒီယာများမှ အဓိကအာရုံစိုက်ခြင်းခံခဲ့ရသည့် အုပ်စုနှစ်ခုမှာ အမေရိကန်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံဆော်သူများ ဖြစ်ကြသည်။ ပထမတမျိုးက ဈေးပေါသော သွင်းကုန်များကြောင့် အလုပ်များဆုံးရှုံးမှုကို ထောက်ပြဝေဖန်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်သူများကတော့ လွတ်လပ်စွာကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော ecological damage ကို ထောက်ပြခဲ့ကြသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှ ဆင်းရဲနွမ်းပါးသော ပြည်သူများအရေးကိုလည်း ပြောဆိုခဲ့ကြသည်။
မီဒီယာများကို အံ့အားသင့်အာရုံစိုက်စေခဲ့သည့် အချက်ကား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များချမှတ်ရာဖြစ်စဉ်တွင်းမှ ဖယ်ရှားခြင်းခံထားရသည်ဟု ခံစားနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ တရားဝင်ကိုယ်စားလှယ်များ၏ စကားသံများဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုန်သွယ်ရေး ၀န်ကြီးများတွင်လည်း အဖွဲ့ကြီးနှင့်ပတ်သက်၍ ကြီးမားသော စိုးရိမ်မှုများ ရှိနေခဲ့လေသည်။ သို့ဖြစ်ရာ protests များသည် စီးတယ်လ်မြို့လမ်းများပေါ်တွင်သာမက ကွန်ဖရင့်ခန်းမများအတွင်းထိပင် ရှိနေခဲ့ပြီး၊ စီးတယ်လ်ဝန်ကြီးများ အဆင့်အစည်းအဝေးသည် မည်သည့်သဘောတူညီချက်မျှမရပဲ ပြီးဆုံးသွားခဲ့ ရလေသည်။ "The Battle in Seattle” ဟူ၍တော့ အမည်တွင်ကျန်ရစ်ခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို နှစ်နှစ်လျှင်တကြိမ် ကျင်းပလေ့ရှိရာ နောက်တကြိမ်တွင်ကား စီးတယ်လ်သင်ခန်းစာကိုယူ၍၊ ဆန္ဒပြသူများ၏ အ၀င်အထွက်နှင့် ပြုမူဆောင်ရွက်ပုံကို ထိန်းချုပ်နိုင်သော အရှေ့အလယ်ပိုင်းဒေသ Qatar နိုင်ငံ၊ ဒိုဟာမြို့တော်၌ (၂၀၀၁)၊ နိုဝင်ဘာလတွင် ထပ်မံကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှု new round ဖြစ်သော Development Round ကို ပြုလုပ်နိုင်ခဲ့သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မကျေမနပ်ဖြစ်နေကြဆဲပင်ဖြစ်သည်။
ယခုဆောင်းပါးတွင် အဆိုပါကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ၊ မကျေလည်မှုများအကြောင်းကို ရေးသားတင်ပြမည်ဖြစ်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization)
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍ အချို့က အချုပ်အခြာအာဏာရှိသော နိုင်ငံများအပေါ်တွင် ပေါ်လစီများချမှတ်နေသည့် supranational government ဟု ထင်မှတ်နေကြပါသည်။ လက်တွေ့မှာမူ အဆိုပါအဖွဲ့သည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို ထိန်းကျောင်းနိုင်သည့် သတ်မှတ်ချက်များနှင့် ပတ်သက်သောအဖွဲ့တခုသာဖြစ်ပါသည်။ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုများကျင်းပရာ ဖိုရမ်တခုသာ ဖြစ်ပါသည်။ သတ်မှတ်ချက်စည်းမျဉ်းများကိုကား များသောအားဖြင့် consensus ဖြင့် သဘောတူလေ့ရှိရာ အဆုံးသတ်တွင် အားလုံးပျော်ရွှင်ရလိမ့်မည်ဟုကား မဆိုနိုင်ပါ။
နိုင်ငံရေး၊ စီးပွားရေးစနစ်များကွဲပြားမှုရှိသော ကမ္ဘာကြီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတရပ်ဖြစ်သဖြင့် ခက်ခဲသော bargaining များရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံများအပေါ်၌ တွန်းအားပေးသော WTO အမြင်တခုအနေဖြင့် သီးသန့်မရှိပါ။ အခြေခံဖွဲ့စည်းပုံအရ ဆိုလျှင်တော့ စည်းမျဉ်းများအားလုံးသည် အဖွဲ့ဝင်နိုင်ငံများအကြားမှ သဘောတူညီချက်များဖြစ်ပြီး၊ သက်ဆိုင်ရာ အစိုးရပါလီမန်များမှ သတ်မှတ်ပေးထားသော စည်းမျဉ်းများဖြစ်ပါသည်။ မည်သည့်နိုင်ငံကိုမျှ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် တွန်းအားပေးထားခြင်းမရှိပါ။
များသောအားဖြင့် WTO အဖွဲ့ဝင်များသည် နိုင်ငံများဖြစ်ကြပါသည်။ သဘောတူညီချက်များသည် ကုန်သွယ်ရေးမူဝါဒနှင့် သက်ဆိုင်ရာများဖြစ်သဖြင့် ဒေသတခုချင်း၏ ကုန်သွယ်ရေးမူဝါဒကို ထိန်းကျောင်းသော အုပ်ချုပ်ရေးဆိုင်ရာယူနစ်များအနေဖြင့်လည်း အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။ ဥပမာ- ဥရောပ သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်ခြင်းနှင့် အခြားအဖွဲ့ဝင် မဟုတ်သောနိုင်ငံများနှင့် ကုန်သွယ်ရာ၌ တူညီသော မူဝါဒ ရှိခြင်း စသည်တို့ကြောင့် WTO ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ထို့အပြင် (၁၉၉၅)ခုနှစ်တွင် WTO ဖွဲ့စဉ်က founding member ဖြစ်သော ဟောင်ကောင်သည် တရုတ်ပြည်မနှင့် ပြန်လည်ပေါင်းစည်းပြီး ဖြစ်လင့်ကစား၊ WTO ၏ အဖွဲ့ဝင်အဖြစ် သီးခြားရပ်တည်နေဆဲဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကား (၂၀၀၁) ခုနှစ်တွင် ခြားနားသော ကုန်သွယ်ရေးမူဝါဒရှိသည့် distinct member အဖြစ် WTO သို့ ၀င်ရောက်ခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် အဖွဲ့ဝင်များ၏ စည်းမျဉ်းများလိုက်နာမှုကို အချိန်နှင့်အညီ စောင့်ကြည့်သုံးသပ်ရန် mechanism နှင့် အဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပွားပါက settle လုပ်ရန် mechanism များရှိသော်လည်း၊ စည်းမျဉ်းများကိုကား enforce လုပ်ခွင့်မရှိပါ။ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်များကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံများမှ ၄င်းတို့၏အကြံကို လိုက်နာရန် elements of consensus များသတ်မှတ်ထားခြင်းမရှိပါ။ principle အရကြည့်လျှင်တော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြားမှ ကုန်သွယ်မှုအတားအဆီးများကို လျှော့ချနိုင်ရန်နှင့် စည်းမျဉ်းသတ်မှတ် ထားသော ကုန်သွယ်မှုစနစ်တခုကို အဖွဲ့ဝင်နိုင်ငံများမှ ၄င်းတို့ဘာသာ လိုက်နာရန်သာဖြစ်သည်။
သို့ပေမယ့် ဝေဖန်သူအများကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့အစည်း၏ autonomous bureaucracy အနေဖြင့်မဟုတ်ပဲ၊ ချမ်းသာသောနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မူဝါဒရေဒရာများတွင် ၀င်ရောက်လွှမ်းမိုးနေပါသည်ဟု အဆိုပြုလာကြလေပြီ။ အဘယ်ကြောင့်နည်း။ ဝေဖန်ချက်များကို မဆန်းစစ်မီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ဖြစ်တည်လာရာ မူလအစသမိုင်းကြောင်းကို လေ့လာကြည့်ကြပါစို့။
နောက်ခံသမိုင်းအကျဉ်း (သို့မဟုတ်) ဒိုဟာသို့ခရီးလမ်း
(၂၀၀၁) ခုနှစ်၊ နိုဝင်ဘာလ၌ ဒိုဟာမြို့တော်တွင် Development Round ပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ မူလသမိုင်းအစကား (၁၉၄၇) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော GATT ဟုအတိုကောက်ခေါ်ကြသည့် General Agreement on Tariffs and Trade သဘောတူညီချက်ဟု ဆိုရမည်ဖြစ်သည်။ GATT တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံအများစုကြားတွင် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ တပြိုင်တည်းပြုလုပ်သည့် ရှစ်ကြိမ်မြောက် Multilateral trade negotiations တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
(၁၉၃၀)ဆယ်စုနှစ်များအတွင်းက ကမ္ဘာတ၀ှမ်းတွင် ဆိုးဝါးလှစွာသော စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ရာ၊ အလုပ်လက်မဲ့နှုန်းများ အလွန်ပင် မြင့်မားခဲ့လေသည်။ ထိုပြဿနာကို နိုင်ငံအများစုက သွင်းကုန်များကို ကန့်သတ်ချက်များပြုလုပ်၍၊ ပို့ကုန်များကို subsidized လုပ်သော ပေါ်လစီချမှတ်၍ ရင်ဆိုင် ဖြေရှင်းခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဈေးနှုန်းသက်သာသော သွင်းကုန်များဝင်ရောက်လာပြီး၊ ပြည်တွင်းထုတ်လုပ်မှုအား ထိခိုက်စေခြင်းကို ကာကွယ်နိုင်သကဲ့သို့၊ ပို့ကုန်လုပ်ငန်းများတွင်လည်း လုပ်သားဦးရေတိုးတက်ခန့်ထားမှုများပြုလုပ်နိုင်ပေသည်။ နိုင်ငံတခုချင်းအနေဖြင့် ကြည့်ပါက အဆိုပါ ပေါ်လစီသည် ကျိုးကြောင်းဆီလျော်မှုရှိသည်မှာ မှန်သောလည်း၊ နိုင်ငံအများစုမှတပြိုင်တည်း ပြုလုပ်လိုက်သောအခါ 'beggar-thy-neighbor' ပေါ်လစီဖြစ်သွားပြီး အခြေအနေများကိုသာ ပိုမိုဆိုးဝါးသွားစေခဲ့သည်။ ဥပမာ- ဘောလုံးပွဲတခုတွင် လူတယောက်က မတ်တပ်ရပ်ကြည့်ပါက ပိုမိုကောင်းမွန်သော မြင်ကွင်းကို ထိုသူမြင်ရမည်ဖြစ်သော်လည်း လူအားလုံးမတ်တပ်ရပ်ကြည့်ပါက မည်သူမျှ ကောင်းမွန်သောမြင်ကွင်းကို မြင်ရမည်မဟုတ်ပဲ တိုးဝှေ့ခုန်ကြည့်နေရ၍ ပင်ပန်းဆင်းရဲခြင်းသာ ဖြစ်စေသကဲ့သို့ဖြစ်လေသည်။
(၁၉၄၇)တွင် GATT ကိုလက်မှတ်ရေးထိုးကြခြင်းမှာ ထိုကဲ့သို့သော (၁၉၃၀) ဆယ်စုနှစ်ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ ဖြစ်သည်။ ယေဘုယျအားဖြင့် သွင်းကုန်ကန့်သတ်ခြင်းတွင် tariffs (customs duties) နှင့် Quantitative restrictions (quota) ပေါ်လစီနှစ်မျိုးချမှတ်ကျင့်သုံးလေ့ရှိကြသည်။ Tariffs ပေါ်လစီဖြင့် ပို့ကုန်၊ သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံနိုင်ပြီး၊ quota နည်းအားဖြင့် သွင်းကုန်အရေအတွက်အား ကန့်သတ်နိုင်လေသည်။ သို့ဖြစ်ရာ GATT သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် quota နှင့် export subsidies ပေါ်လစီများကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။ Tariffs များလျှော့ချခြင်းကိုမူ principle of reciprocity ပေါ်တွင် အခြေခံ၍ နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်သည်။ ဥပမာ- နိုင်ငံအေသည် နိုင်ငံဘီမှ တင်သွင်းသော သွင်းကုန်များအပေါ်တွင် tariffs များ လျှော့ချပါက အပြန်အလှန်အားဖြင့် နိုင်ငံအေမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် နိုင်ငံဘီမှ tariffs reductions များ ပြုလုပ်ရန်ဖြစ်သည်။
GATT အရ (၁၉၄၇)မှ (၁၉၇၀)ကာလများအထိ multilateral negotiations ခုနစ်ကြိမ်ပြုလုပ်ခဲ့ရာ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအကြား စက်မှုထုတ်ကုန်များကုန်သွယ်ရေးမှ tariffs အတားအဆီးများကို သိသာထင်ရှားစွာ လျှော့ချနိုင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ GATT အား ကနဦးလက်မှတ်ရေးထိုးသော နိုင်ငံ (၂၃) နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ခဲ့ပြီး၊ နောက်ပိုင်းကာလများတွင် ထပ်မံလက်မှတ်ရေးထိုးသော နိုင်ငံများရှိခဲ့သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား ဖွံ့ဖြိုးဆဲနိုင်ငံများသည် အင်အားကြီးနိုင်ငံများ၏ motives နှင့် free trade အိုင်ဒီယာများအပေါ်တွ် သံသယများရှိနေခဲ့လေသည်။ သို့ဖြစ်ရာအနှစ်လေးဆယ်နီးပါး ကုန်သွယ်မှုအတားအဆီး လျှော့ချရေးလုပ်ဆောင်ချက်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တက်ကြွစွာ ပါဝင်မှုအား နည်းပါးခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၄င်းတို့၏ ကုန်သွယ်မှု အတားအဆီးများအား လျှော့ချခြင်းမပြုခဲ့ကြသကဲ့သို့၊ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ reciprocal concessions များကိုလည်း ရရှိခဲ့ခြင်း မရှိခဲ့ပါ။
အထက်ပါအခြေအနေများသည် (၁၉၈၀) ဆယ်စုနှစ်များတွင်ကား အပြောင်းအလဲများ ဖြစ်လာခဲ့လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးပြီး၊ ပို့ကုန်များ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမှာလည်း ကျဆင်းလာခဲ့သည်။ အာရှဈေးကွက်တွင်လည်း တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ၏ စီးပွားရေးအခြေအနေများသည် export လုပ်ခြင်းဖြင့် တဟုန်ထိုးတက်လာခဲ့သည်။ ထိုသို့သော ပြောင်းလဲမှုအခြေအနေများတွင် ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့မှ ဖိအားများဖြင့် ပေါင်းစပ်လိုက်သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုန်သွယ်မှု အတားအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်ရသည့် trade liberalization ပေါ်လစီကို မလွဲမသွေအကောင်အထည်ဖော်ကြရတော့သည်။
ဤသို့ဖြင့် (၁၉၈၆) တွင်ကား ရှစ်ကြိမ်မြောက် multilateral negotiations စတင်ခဲ့သည်။ Uruguay Round ဟူ၍ နောင်တချိန်အမည်တွင်လာသည့် အဆိုပါ roundသည် ယခင်ပွဲများထက်စာရင် ပိုမိုအောင်မြင်မှုရှိသကဲ့သို့ ၊ အချိန်လည်းပိုကြာခဲ့သည်။ နိုင်ငံများလည်း ပိုမိုစုံလင်စွာပါဝင်လာခဲ့သည်။ (၁၉၉၄) တွင် အဆုံးသတ်ချိန်၌ကား သဘောတူညီချက်နှင့်နားလည်မှု (၃၀)ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး၊ WTO ဟူသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို တည်ထောင်နိုင်ခဲ့ကြသည်။
အစပထမတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် သိသာထင်ရှားသော concessions များပြုလုပ်ခဲ့ကြပြီး၊ ဈေးကွက်များကို ဖွင့်ပေးခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကထုတ်ကုန်များဖြစ်သော လယ်ယာထွက်ကုန်များနှင့် အ၀တ်အထည်ပစ္စည်းများအား စည်းမျဉ်းခံ trade liberalization ပြုလုပ်ပေးရန် ကတိပြုခဲ့ကြသည်။ အဓိကအနေဖြင့်
ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariffs များ၊ subsidies များလျှော့ချရန် သဘောတူညီခဲ့ကြသည်။
လယ်ယာကဏ္ဍအား reciprocal concessions framework အတွင်းသို့ထည့်သွင်း၍၊ မိမိတို့လယ်သမားများအား ပြည်ပဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသည်။
trade liberalization အား အခြားသော ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများတွင်ပါ ချဲ့ထွင်ရန် သဘောတူညီခဲ့ကြသည်။
GATT/ WTO framework အရ intellectual property rights ကို အကာအကွယ်ပေးရန်ကိုလည်း သဘောတူညီခဲ့ကြသည်။
အလားတူ concessions များကို ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း သဘောတူညီခဲ့ကြသည်။ သို့ပေမယ့် မတူညီသော စီးပွားရေးအခြေအနေများနှင့် သဘောတူညီချက်များမှ အားနည်းချက်များပေါ်တွင် အခွင့်အရေး ယူတတ်မှုများကြောင့် ဖြစ်ပေါ်လာသည့်ရလာဘ်များမှာကား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မတူညီခဲ့ပါ။ မည်သို့ဆိုစေ WTO framework သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ပေါ်လစီများအပေါ်တွင် ကြီးစွာသော သက်ရောက်မှုများရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ နိုင်ငံကြီးများမှ WTO စည်းမျဉ်းများနှင့်ကစားကာ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် အခွင့်အရေးယူမှုများ ပြုလုပ်ခြယ်လှယ် နေသည်ဟု အချို့ကဆိုနေကြပါပြီ။ လက်တွေ့မှာဘာတွေဖြစ်ခဲ့ကြသနည်း။
ဈေးကွက်ရေးရာမျှော်လင့်ချက်အိပ်မက်များပျောက်ဆုံးခြင်း
Trade liberalization ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခဲ့ကြသည့် အဓိကရည်ရွယ်ချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက်များသို့ ၄င်းတို့၏ ပို့ကုန်များ အလွယ်တကူ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စည်းမျဉ်းဆိုင်ရာ ကစားပွဲများသည် ယင်းတို့၏ ပို့ကုန်တိုးမြှင့်ရေးမျှော်လင့်ချက်များကို ပိတ်ဆို့ပစ်ခဲ့သည်။
ဥရုဂွေးသဘောတူညီချက်အရ လယ်ယာထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုတွင် quota များအား လျှော့ချပစ်ရမည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှ မိမိတို့၏ လယ်သမားများအား free trade ၏ risks များအကြားသို့ expose မလုပ်ခဲ့ကြပါ။ quota များအား အလားတူ tariffs များဖြင့် အစားထိုး၍ တဖြည်းဖြည်း လျှော့ချရေးကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ အလားတူ tariffs များဖြင့် အစားထိုးရန် နိုင်ငံများအား မိမိတို့ဘာသာ လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းသည် ကြီးမားလှစွာသော စည်းမျဉ်းဆိုင်ရာ အမှားအယွင်းကြီး ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံအများစုသည် tariffs များ ချမှတ်ရာတွင် သာမန်ထက် လွန်စွာမြင့်မားသောနှုန်းများဖြင့် ချမှတ်ကြရာ အချို့သောပစ္စည်းများအတွက် တန်ဖိုး၏ အဆနှစ်ရာ၊ သုံးရာအထိ ချမှတ်လိုက်သည်များအထိပင် ဖြစ်ပွားလာခဲ့လေသည်။ ထိုသို့ချမှတ်ခြင်းဖြင့် အဆိုပါနိုင်ငံများသို့ တင်သွင်းသော သွင်းကုန်များ၏ တန်ဖိုးသည်လည်း အဆနှစ်ရာ၊ သုံးရာ မြင့်တက်သွားသည်ဖြစ်ရာ၊ ပြည်တွင်းထုတ်ကုန်များနှင့် ဈေးကွက်တွင် မည်သို့မျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။ ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံများသည် ဆန်တင်သွင်းမှု tariffs ကို အဆပေါင်း ၅၅၀ ထိတိုးမြှင့်ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ကား အဆိုပါ ဖြစ်စဉ်များတွင် အဆိုးဝါးဆုံးသော offender ဖြစ်သဖြင့် 'dirty tariffication' ဟုပဲ အများကသတ်မှတ်ခေါ်ဆိုကြလေသည်။ ထိုသို့အစပိုင်းတွင် အမြင့်မားဆုံးနှုန်းများဖြင့် ချမှတ်လိုက်ကြသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီထားသော tariffs လျှော့ချခြင်းမှာ အဓိပ္ပာယ်မဲ့ဖြစ်သွားခဲ့လေသည်။
ထိုကဲ့သို့သော ဈေးကွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုအား ထိန်းချုပ်မှုများအကြားတွင် ထပ်မံဆိုးရွားလာသော ဖြစ်ရပ်ကား ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများသည် ၄င်းတို့လယ်သမားများအား subsidies အဖြစ်ပေးသည့် ငွေကြေးနှုန်းအား၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများနှင့် ယှဉ်ပြိုင်နိုင်ရန် အကြောင်းပြ၍ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အလားတူထောက်ပံ့ကြေးများအား အစိုးရများမှ မပေးနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများသည် ဈေးသက်သာသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ကား မဖြစ်နိုင်တော့ပေ။ ထိုသို့သော ပြဿနာများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီချက်များ မည်သို့ပင် ရှိနေစေကာမူ လယ်ယာထုတ်ကုန် ကဏ္ဍတွင် သိသာထင်ရှားသော trade liberalization ဖြစ်စဉ်များ မရှိလာခဲ့ပါ။ အဆိုပါကိစ္စများအား (၂၀၀၂) ခုနှစ်တွင် Johannesburg ၌ကျင်းပသော Earth Summit တွင် အကြီးအကျယ် ငြင်းခုန်ဆွေးနွေးခဲ့ကြသည်။ သို့ပေမယ့် tariffs များကား ကြီးစွာသောနှုန်းထားများဖြင့် ဆက်လက်ရှိနေဆဲသာဖြစ်သည်။
အလားတူစွာပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်အလိပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြားတွင်လည်း ကြီးစွာသော ပဋ္ဋိပက္ခများ ရှိနေဆဲပင်ဖြစ်သည်။ အထည်အလိပ် ကုန်သွယ်မှုတွင်လည်း ဥရုဂွေးသဘောတူညီချက်များတွင် proviso နှင့် loophole များ ရှိနေခဲ့ပါသည်။ သဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မျှော်လင့်ထားသည်အချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်ကုန်များကမ္ဘာ့ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် (၁၉၉၅) တွင်ချမှတ်ထားသော quantitative restrictions များအား ဆယ်နှစ်တာကာလနောက်ပိုင်းတွင် ၄၉% လျှော့ချပေးရန် ဆိုသည့်အချက်သာဖြစ်ပါသည်။ သဘောတူညီချက်များလက်မှတ်ရေးထိုးစဉ်၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဤအချက်မှာ သဘောတူညီချက်၏ ချက်ချင်းသက်ရောက်မှုကို ဆွဲဆန့်ထားသော proviso မှန်းမသိခဲ့ကြ။ ပိုဆိုးသည်ကား ဖွံ့ဖြိုးပြီး နိုင်ငံများမှ အရေအတွက်အရ ထိန်းချုပ်ထားသည့်သွင်းကုန်များအား ထိန်းချုပ်မှုဖယ်ရှားချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံသွင်းကုန်များ မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့မည့် targets များချမှတ်ထုတ်လုပ်ထားခြင်းပင်ဖြစ်သည်။
တဖန် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဥရုဂွေးသဘောတူညီချက်အရ စက်မှုလုပ်ငန်းရှင်များအတွက် tariffs များ လျှော့ချပေးသည်မှန်သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက တင်သွင်းသော စက်မှုထွက်ကုန်များအပေါ်တွင် ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ထို့အပြင် degree of processing မြင့်မားသော ကုန်ပစ္စည်းများအတွက်လည်း ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ဥပမာ- ဥရောပသမဂ္ဂနိုင်ငံများသို့ cigar တင်သွင်းမှုသည် raw tobacco တင်သွင်းမှုထက် ပို၍ tariffs များပြီး၊ processed food များသည် unprocessed food များထက် ပို၍ tariffs များလေသည်။ အထည်အလိပ်ပစ္စည်းများတွင်လည်း fabrics များသည် thread ထက်ပို၍ tariffs များများ သတ်မှတ်ခြင်းခံရလေသည်။
ထိုကဲ့သို့သော Tariff escalation လုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၄င်းတို့၏ အစဉ်အလာ ကိုလိုနီခေတ် ကုန်သွယ်ရေး ပုံစံဖြစ်သော ကုန်ကြမ်းများနှင့် ရိုးရှင်းသောစက်မှုထုတ်ကုန်များ တင်ပို့ခြင်းတွင်သာ ဖက်တွယ်ထားစေရန် အားပေးနေသကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် processed product များအား ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပိုမိုချိုသာသော ဈေးနှုန်းများဖြင့် ထုတ်လုပ်နိုင်စေကာမူ၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့တင်သွင်းရာတွင် မြင့်မားသော tariffs များကို ရင်ဆိုင်ရသဖြင့် ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲများစွာကို ဖြစ်ပွားစေတော့သည်။
အထက်ပါ ဈေးကွက်ရေးရာ မျှော်လင့်ချက်များ ပျောက်ဆုံးခြင်းထက် ပို၍ ထိခိုက်သော အကြောင်းအရာများသည်ကား liberalization မှ ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Economic Liberalization လုပ်ရာမှ ပေါ်ထွက်လာတတ်သော ဘေးထွက်ဆိုးကျိုးများ
Free Trade နှင့် ပတ်သက်၍ ဘောဂဗေဒသီအိုရီတွင် အခြေခံ proposition တခုရှိပါသည်။ ယင်းမှာ အခြေအနေ အတိုင်းအတာ တခုတွင် Free Trade သည် တိုင်းပြည်အတွက် အကျိုးရှိစေသည် မှန်သော်လည်း Free Trade ဖြစ်အောင် ညှိယူနေဆဲကာလများတွင် စီးပွားရေးအဆောက်အအုံထဲမှ အချို့ကဏ္ဍများ ကျဆင်းပြီး၊ အချို့ကဏ္ဍများ တိုးတက်တတ်သည် ဟူ၍ဖြစ်သည်။ ပညာရှင်များက ဤသည်ကို sunrise sector များနှင့် sunset sector များဟူ၍ ခေါ်ဝေါ်သတ်မှတ်ကြသည်။ ကုန်သွယ်မှုတံခါးများ ဖွင့်လိုက်ချိန်တွင် ပြည်တွင်း ထုတ်လုပ်သူများသည် ကမ္ဘာတ၀ှမ်းတွင် ရှိနေသော နည်းပညာအပြောင်းအလဲ၊ စားသုံးသူလိုအင်နှင့် အစိုးရမူဝါဒများကို ဘွားခနဲ ရင်ဆိုင်တွေ့လိုက်ရတတ် လေ့ရှိသည်။ အဆိုပါ အခြေအနေမျိုးတွင် တိုင်းပြည်၏ ထုတ်လုပ်မှုအပေါ်သို့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှု များ ရှိလာတတ်ပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ နိုင်ငံတကာကုန်သွယ်ရေး၏ ပြောင်းလဲတိုးတက်မှုများနှင့် အညီ လေ့ကျင့် သင်ကြားရေး စီမံချက်များ၊ အလုပ်လက်မဲ့ ကူညီထောက်ပံ့ကြေးများ ရှိတတ်ပါသည်။ အထက်တွင် ဖော်ပြခဲ့ဖူးသော ဥပမာကဲ့သို့ပင် နိုင်ငံတကာကုန်သွယ်ရေးတွင် ယှဉ်ပြိုင်မှုအားကောင်းလာစေရန် လယ်သမားများအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းများ၊ လုပ်ငန်းရှင်များအား ပံ့ပိုးကူညီပေးခြင်းများ တွင်တွင်ကျယ်ကျယ်ရှိပေသည်။ Free Trade ကြောင့် ဖြစ်ပွားလာသော sunset sectors များမှ အလုပ်သမားများကိုလည်း အခြားသင့်လျော်ရာ ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်ပေးသော အစီအစဉ်များ ရှိလေသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ အလုပ်လက်မဲ့ထောက်ပံ့ကြေးများနှင့် နိုင်ငံတကာ ပြိုင်ဆိုင်မှုကြောင့် လျော့နည်းကျဆင်းသွားသော စီးပွားရေးကဏ္ဍများမှ လုပ်သားများအား အခြား ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များ နည်းပါးလေသည်။
ဥပမာ- ဥရောပသမဂ္ဂတွင် စက်ရုံ၊ အလုပ်ရုံများ ရပ်တန့်သွားခြင်းကြောင့် အလုပ်လက်မဲ့ပြဿနာများ ကြီးထွားလာသော နေရာဒေသများအတွက် structural funds များ ချမှတ်ပေးသော မူဝါဒများ ရှိလေသည်။ အဆိုပါ မူဝါဒများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးရန်ကား မဖြစ်နိုင်ပေ။ ၄င်းအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် safety net ဟုခေါ်သော အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အို ပင်စင်၊ ဆင်းရဲနွမ်းပါး မိသားစုများအား ငွေကြေးထောက်ပံ့မှု စသည်များ နည်းပါးသည်ဖြစ်ရာ economic liberalization နှင့်အတူ ယှဉ်တွဲအသုံးပြုရမည့် လူမှုအသုံးစရိတ် (Social Spending) တွင် အားနည်းချက် ရှိခြင်းကြောင့် လူမှုရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Social consequences) များ ထွက်ပေါ်လာတတ်လေသည်။
ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Dani Rodrik က ဒုတိယကမ္ဘာစစ်အပြီးကာလက ဖွံ့ဖြိုးပြီးနိုင်ငံများသည် economic liberalization, trade liberalization မူဝါဒများကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရများမှ လူမှုအသုံးစရိတ်များကိုပါ ဖူဖူလုံလုံ အသုံးပြုခဲ့ကြောင်း လေ့လာဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လူမှုအသုံးစရိတ် သုံးစွဲရေးတွင် အခက်အခဲ အမျိုးမျိုး ရှိနေတတ်သည်။ အခက်အခဲတမျိုးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အုပ်ချုပ်နေသော သက်ဆိုင်ရာ အစိုးရများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အသုံးစရိတ်များထက် စစ်အသုံးစရိတ်များကို ပိုမိုသုံးစွဲခြင်း ရှိနေပါက မည်သို့သော economic liberalization မူဝါဒများကို အကောင်အထည် ဖော်နေစေကာမူ တိုင်းပြည်စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများ မလွဲမသွေ ဖြစ်ပွားနေမည်သာ ဖြစ်သည်။
အခြားအခက်အခဲ တမျိုးမှာကား သက်ဆိုင်ရာ အစိုးရများသည်း နိုင်ငံခြား ထောက်ပံ့မှုပေါ်တွင် မှီခိုသော စီးပွားရေးမူဝါဒများ ကျင့်သုံးရခြင်းမှ ထွက်ပေါ်လာနိုင်သော အခက်အခဲတရပ်ဖြစ်သည်။ ပြည်ပ ထောက်ပံ့မှုများအပေါ်တွင် မှီခိုသည့် (aid dependency model) ၏ ဆိုးကျိုးတရပ်တွင် အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ အစိုးရအသုံးစရိတ်ကို လျှော့ချခိုင်းခြင်း ပြဿနာရှိတတ်သည်။ စစ်အသုံးစရိတ်ကြီးမားသော အစိုးရများ၊ လာဘ်စားမှုများကို တိုက်ဖျက်သည့် အစီအစဉ်များအတွက် ကောင်းမွန်သော်လည်း အမှန်တကယ် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီအစဉ်များတွင် အစိုးရအသုံးစရိတ်များပြားသော နိုင်ငံများကိုမူ တိုက်ရိုက်ထိခိုက်မှု ရှိလာတတ်ပြန်သည်။
မည်သို့ဆိုစေ အဆိုပါ အခက်အခဲများ ဖြစ်ပွားနေချိန်တွင် စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် အစွန်းရောက်မှုများကို ဖြစ်ပွားစေနိုင်ပြီး ဦးနှောက်ယိုစီးမှုပြဿနာများကိုလည်း ပေါ်ထွက်စေနိုင်သည်။ တပြိုင်နက်တည်းတွင် ပြည်ပမှ ၀င်ရောက်လာသော နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးများမှ ပြည်တွင်းဈေးကွက်ကို ချုပ်ကိုင်၍ ပြည်တွင်းထုတ်လုပ်သူများကို အစားထိုးမှုများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။
နိုင်ငံတကာစံချိန် စံညွှန်းများ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ချမှတ်ထားသော အချို့စံချိန်စံညွှန်းများကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ဆောင်မှုများကို အနုတ်လက္ခဏာ သက်ရောက်မှု ရှိနေပြန်သည်။ လယ်ယာပို့ကုန်များတင်ပို့သော နိုင်ငံများသည် ကုန်ပစ္စည်းတင်သွင်းသော နိုင်ငံများမှ သတ်မှတ်ထားသည့် Sanitary and phytosanitary (SPS) စံချိန်စံညွှန်းများကို ပြည့်မှီရမည် ဖြစ်ပေသည်။ အဆိုပါ သတ်မှတ်ချက်များမှ နိုင်ငံတကာထုတ်ကုန် အဆင့်အတန်း မြင့်မားရေးကို ရည်ရွယ်ခြင်းကြောင့် ကောင်းကျိုးကို ဦးတည်စေသည်ဖြစ်သော်လည်း၊ မိမိနိုင်ငံတွင်းမှ ထုတ်လုပ်မှုများကို မြှင့်တင်ရန် ရည်ရွယ်ပြီး အထက်ပါ စံညွန်းများကို အသုံးပြု၍ ပို့ကုန်တင်သွင်းမှုကို တားမြစ်သော နိုင်ငံများလည်း ရှိလေသည်။
နိုင်ငံတကာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးပြီး၊ ကဏ္ဍအလိုက် ကျွမ်းကျင်သော ပညာရှင်များ ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခက်အခဲ မရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော နိုင်ငံများအတွက် အခက်အခဲ၊ အတားအဆီးများ ဖြစ်လာတတ်ပါသည်။ ဥပမာ- ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မှီရန် ကြိုးပမ်းရမည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariff နှင့် permissible countervailing duties များ တွက်ချက်ခြင်းတွင် ကျွမ်းကျင်ရန် လိုအပ်သည်။ မူပိုင်ခွင့်များ၊ ကျန်းမာသန့်ရှင်းမှုများနှင့် ပတ်သက်သော စံချိန် စံညွှန်းများ ပြည့်မှီစေရန်အတွက် ကျွမ်းကျင်သည့် စစ်ဆေးရေးဝန်ထမ်းများ ခန့်အပ်ထားရှိရမည်။ ယင်းသို့သော လုပ်ငန်းဆောင်တာများအတွက် institutional development အတိုင်းအတာတခုအထိ လိုအပ်သည်ဖြစ်ရာ ကနဦးအစမှ အကောင်အထည်ဖော်ရသော နိုင်ငံများအတွက် ကြီးစွာသော အသုံးစရိတ်များ ပေါ်ထွက်လာပါတော့သည်။
စီးပွားရေးပညာရှင် Finger နှင့် Schuler တို့က အဆိုပါ အသုံးစရိတ်များနှင့် ပတ်သက်၍ နှိုင်းယှဉ်တွက်ချက်လေ့လာကြည့်ရာတွင် စံချိန်စံညွှန်းဆိုင်ရာ သဘောတူညီချက် သုံးခုဖြစ်သော customs valuation, Trade-Related Aspects of Intellectual Property Rights (TRIPS) နှင့် Sanitary and phytosanitary (SPS) measures တို့အတွက် နိုင်ငံတနိုင်ငံချင်းစီအလိုက် ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း (၁၅၀) ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ယင်းပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်ပမာဏ ထက် ပိုမိုမြင့်မားပါသည်။ သို့ဖြစ်ရာ အချို့သော ပညာရှင်များက ဖွံ့ဖြိုးပြီး နိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အရှိန်အ၀ါကို အသုံးပြု၍ ယင်းတို့တွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးပြီးဖြစ်သော institutions များနှင့် စံချိန်စံညွှန်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများအား အတင်းအကြပ် ဖိအားပေး သုံးစွဲစေသောကြောင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေသည်ဟု ဝေဖန်ပြောဆိုကြပါသည်။
နိဂုံး
မည်သို့ဆိုစေ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်မှုများသည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပေါ်တွင် များစွာ မူတည်ပါသည်။ ယင်းသို့သော အခြေအနေတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးမှ ပြုလုပ်အကောင်အထည်ဖော်နေသော negotiated rule-making စနစ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အမှန်တကယ်လိုအပ်နေသော ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိ ဖြစ်နေဆဲပင်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ သည်ကား စဉ်ဆက်မပြတ် ဆက်လက်ရှိနေဦးမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ခင်မမမျိုး (၁၇၊ ၁၂၊ ၂၀၀၉)
ရည်ညွှန်းကိုးကားစာရင်း
Bhattacharjea, A. (2004) 'Developing Countries in the world trade regimes' in Mackintosh (eds.) Making the International: Economic Interdependence and Political Order, London, Pluto Press,
Chang, H. (2002) Kicking Away the Ladder: Development Strategy in Historical Perspective, London, Anthem Press
Das, B. (1998) WTO Agreements: Deficiencies, Imbalances and Required Changes, London, Zed Books
Finger, J. & Schuler, P. (2000) 'Implementation of the WTO Commitments: the development challenge in Hokeman, B, English, P. and Matto, A. (eds) Development, Trade and WTO: A Handbook, Washington DC, World Bank
Oxfam (2002) Rigged Rules and Double Standards: Trade, Globalization and the Fight against Poverty, London, Oxfam
Rodrik, D. (2001) The Global Governance of Trade as if Development really mattered, New York, UNDP
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့
Friday, December 11, 2009
Essay: Strong Leaders & Representative Democracy
Tuesday, December 8, 2009
Buy Nothing Day (UK) (28th November)
Friday, November 27, 2009
နိုဝင်ဘာ (၂၈ ) ရက်နေ့ဟာ ကျွန်မတို့ ယူကေမှာ ဘာမှ မ၀ယ်တဲ့နေ့ ကင်ပိန်းကို ဖော်ဆောင်တဲ့ နေ့ ဖြစ်ပါတယ်။ ကင်ပိန်း ဖော်ဆောင်သူတွေက ဒီနေ့ဟာ ဈေးဝယ်ခြင်းရဲ့ ပတ်ဝန်းကျင်အပေါ် ထိခိုက်တဲ့ ဆိုးကျိုးတွေနဲ့ လူမှုကျင့်ဝတ်ဆိုင်ရာ ဆိုးကျိုးတွေကို လူအများ သတိပြုမိစေရန် ရည်ရွယ်ဖော်ဆောင်ကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံက ပြည်သူလူထုဟာ ကမ္ဘာ သဘာဝ အရင်းအမြစ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲနေကြပါတယ်။ ဒီလို သုံးစွဲမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ချမ်းသာ ဆင်းရဲ ကွာခြားမှုတွေ ပိုများလာပါတယ်။ ဒါကို လူအများ သတိပြုမိစေလိုကြောင်း ကင်ပိန်းဖော်ဆောင်သူများက ဆိုထားကြပါတယ်။
လူတွေဟာ ပစ္စည်းတွေ မ၀ယ်ယူခင်မှာ
- ကိုယ့်မှာ တကယ် လိုအပ်သလား။
-ကိုယ့်မှာ ဒီလိုပစ္စည်းတွေ ဘယ်လောက်ရှိနေသလဲ။
- ဘယ်လောက်ကို အမှန်တကယ် အကျိုးရှိရှိ သုံးစွဲမှာလဲ။
- ဒီပစ္စည်းဟာ ဘယ်လောက်ကြာကြာခံမှာလဲ။
- သူငယ်ချင်း၊ မိသားစုတွေဆီကနေ ဒီပစ္စည်းတွေကို ငှားရမ်းလို့ ရနိုင်မလား။
- ကိုယ့်ဘာသာ သန့်ရှင်းရေး၊ ထိန်းသိမ်းရေး လုပ်နိုင်မလား။
- ပြန်ပြင်လို့ ရနိုင်မလား။
- ဒီပစ္စည်းကို တကယ် လိုချင်သလား။
- အကောင်းဆုံးဈေးနဲ့ရနိုင်တဲ့ အကောင်းဆုံး တန်ဖိုးကို စုံစမ်းပြီးပြီလား။
- ဒီပစ္စည်းကို recycled လုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားသလား။
- ဒီပစ္စည်းကို recycle လုပ်နိုင်သလား။
ဆိုတဲ့ အချက်တွေကို တွေးတောဖို့ လိုကြောင်း ဒီကင်ပိန်း ဖော်ဆောင်သူများက တင်ပြထားကြပါတယ်။
စစ်မှန်သော ရွေးကောက်ပွဲ၊ အာဏာရှင်ရွေးကောက်ပွဲနှင့် မြန်မာပြည်အနာဂတ်
ရွေးကောက်ပွဲ။
ဒီစကားလုံးဟာ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ မီဒီယာတွေ၊ စာတမ်းဖတ်ပွဲတွေမှာ ရေပန်းအတော်စားနေတဲ့ စကားလုံးတခုပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေတည်ပြီး ထွက်ပေါ်လာမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးကြ၊ ငြင်းခုံကြ၊ သဘောထားတွေ ဖလှယ်ကြနဲ့မို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလောကတခုလုံးမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အသံတွေ အများအပြား ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ အချက်တခုဖြစ်တာကြောင့် ရွေးကောက်ပွဲကို အားပေးထောက်ခံသင့်တယ်၊ ရွေးကောက်ပွဲ ၀င်သင့်တယ်၊ ပါလီမန်ထဲရောက်မှ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ အဆိုပြုသူတွေလဲ ရှိပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေ၊ ပါတီထောင်ခွင့်တွေ ထွက်ပေါ်လာသေးတာ မရှိပေမယ့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စည်းရုံးလှုံဆောင်မှုတွေကလဲ ပြည်တွင်းမှာ ပေါ်ထွက်နေပါတယ်။ တပြိုင်နည်တည်းမှာတင် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ အကျိုးကျေးဇူးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ဆုပ်ကိုင်ပြီး ပြည်သူလူထုနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းအကောင်အထည်ဖော်တဲ့ အာဏာရှင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကင်ပိန်းတွေကလဲ ထွက်ပေါ်လာပါတယ်။
ဒီနေရာမှာ စကားလုံးအရ ကွဲပြားမှု အချက်နှစ်ခုကို သတိပြုမိဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသင့်တယ်လို့ အဆိုရှိသူများက ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်ဖြစ်တဲ့ အာဏာရှင်ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို ထည့်သွင်းအသုံးပြုထားတာ မရှိပါဘူး။ ဒီလိုပဲ။ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သူများကလဲ အာဏာရှင်ရွေးကောက်ပွဲကို ဆန့်ကျင်တာဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီတော့ စစ်မှန်သော ရွေးကောက်ပွဲကို ဘာကြောင့် ထောက်ခံသင့်သလဲ၊ အာဏာရှင်ရွေးကောက်ပွဲကို ဘာကြောင့် ကန့်ကွက်သင့်သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ရွေးကောက်ပွဲဆိုရာဝယ်
ရွေးကောက်ပွဲနဲ့ မဲပေးခြင်း ဆိုတာ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy ) နဲ့ အများဆုံး ဆက်နွယ်နေပါတယ်။ ကိုယ်စားပြုခြင်း (representation) ဆိုတာကို နိုင်ငံရေးရှုထောင့်ကနေ အနက်အဓိပ္ပာယ်ပြန်ဆိုတဲ့အခါ လူအများကို ကိုယ်စားပြုပြီး၊ လူတဦးတယောက်ကနေ (သို့မဟုတ်) လူတစုကနေ ရပ်တည်တာ၊ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တာလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီဆိုတာကတော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ကိုယ်စားပြုမှု ဆိုတဲ့ သဘောတရား ပါဝင်လာတဲ့အတွက် အစိုးရဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောတွေနဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်တခုဖြစ်ပါတယ်။ ဒီတော့ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့ အခြေအနေ (necessary condition) တခုဖြစ်လာပါတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံး နှလုံးသား ဖြစ်တယ်လို့ တွေးမြင်ယူဆသူတွေလဲ ပေါ်ထွက်လာပါတယ်။ ဒီအတွေးအမြင်ကို ရောင်ပြန်ဟပ်စေတဲ့ အယူအဆတွေကို Joseph Schumpeter ရေးသားတဲ့ Capitalism, Socialism, Democracy (1942) စာအုပ်ထဲမှာ အတိအကျ တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက သူတို့ကို အုပ်ချုပ်မယ့်သူတွေကို လက်ခံခြင်း၊ ကန့်ကွက်ခြင်း ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ သူ့ရဲ့ အဆိုကို လက်ခံပြီး ဒီမိုကရက်တစ်အစိုးရဆိုတာကို ရွေးကောက်ပွဲပြုလုပ်ပေးတဲ့ အစိုးရအနေနဲ့သာ ယုံကြည်ရေးသားကြတဲ့ နိုင်ငံရေးသီအိုရီပညာရှင်တွေ အများအပြားပါပဲ။ ဒါပေမယ့် အာဏာရှင်အစိုးရတွေကလဲ ရွေးကောက်ပွဲတွေ ကျင်းပလာပြီး ဒီမိုကရေစီအစိုးရတွေအနေနဲ့ အသွင်ဆောင်လာတဲ့ အခါမှာကျတော့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်ဖို့အတွက် စစ်မှန်သော ရွေးကောက်ပွဲဆိုတဲ့ သဘောတရားက ထပ်မံထွက်ပေါ်လာရပါတော့တယ်။
စစ်မှန်သော ရွေးကောက်ပွဲ
စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို တိုင်းတာဖို့အတွက် နိုင်ငံရေးပါတီတွေအကြား၊ အဖွဲ့အစည်းတွေ အကြား ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ တပါတီစနစ်ကို တပါတီအာဏာရှင်စနစ်အဖြစ် သတ်မှတ် ပုံဖော်ခြင်းဟာ ဒီအချက်နဲ့ ဆိုင်ပါတယ်။ အပြိုင်အဆိုင် ကင်းမဲ့နေတာဖြစ်တဲ့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်သော ရွေးကောက်ပွဲလို့ မသတ်မှတ်နိုင်ပါဘူး။ စစ်မှန်သော ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ခံရပြီး တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင်အစိုးရပဲဖြစ်ပါတယ်။ ဒီလိုအစိုးရရှိနေတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးစနစ်ကိုလဲ အာဏာရှင်စနစ် လို့ပဲ သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာက တခြားနိုင်ငံရေးဆက်ဆံရေး လမ်းကြောင်းတွေလိုပဲ အစိုးရနဲ့ လူထုအကြား၊ ရေပေါ်ဆီနိုင်ငံရေးသမားတွေနဲ့ အများပြည်သူတွေကြားမှာ တဦးနဲ့ တဦးလွှမ်းမိုးခွင့်ကို ကြိုးပမ်အားထုတ်ကြရတဲ့ နှစ်လမ်းသွားပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်။
အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့
(၁) နိုင်ငံရေးသမားများကို ရွေးချယ်ခန့်ထားခြင်း
ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်အတွက် လိုအပ်တဲ့ ပြည်သူ့ရေးရာဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့ နိုင်ငံရေးသမားတွေကို ရွေးချယ်ခန့်ထားခြင်း တမျိုးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးသမားတွေကို ကနဦး ရွေးချယ်ကြရပါတယ်။ ဒီနိုင်ငံရေးသမားတွေဟာ ပြည်သူ့ရေးရာ ဌာနတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ အတွေးအကြုံတွေ ရှိနေဖို့ လိုအပ်သလို လူထုဆက်ဆံရေးမှာလဲ ကျွမ်းကျင်သူများ ဖြစ်ရပါမယ်။ ဒီနိုင်ငံရေးသမားတွေရဲ့ နောက်ကွယ်မှာလဲ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ရှိရပါမယ်။ ပြည်သူ့ရေးရာဌာနတခုကို နိုင်နိုင်နင်းနင်း၊ မှန်မှန်ကန်ကန် တာဝန်ယူနိုင်မှုဆိုတာ ကမ္ဘာ့အမြင့်ဆုံး တောင်တွေကို တက်တာနဲ့ အတူတူပါပဲ။ တောင်ထိပ်ရောက်သွားတဲ့ တောင်တက်သမားတွေကိုပဲ လူအများက မှတ်မိ ချီးကျူးတတ်ကြတယ်။ စံချိန်တင်တတ်ကြတယ်။ ဒီတောင်တက်သမားတယောက် တောင်ထိပ် ရောက်သွားဖို့ ဇွဲလုံ့လ၀ီရိယ၊ သတ္တိနဲ့ စိတ်ခွန်အားတွေလိုအပ်သလို၊ စနစ်တကျပံ့ပိုးပေးနိုင်တဲ့ crew member လေးရာကျော်လိုအပ်ပါတယ်။ နောက်ကွယ်မှာ ပံ့ပိုးမှုတွေမပါပဲ ကမ္ဘာ့အမြင့်ဆုံးတောင်တွေရဲ့ တောင်ထိပ်တွေကိုရောက်သွားတဲ့ တောင်တက်သမားတွေ အတော်နည်းပါတယ်။
နိုင်ငံရေးသမားဆိုတာလဲ ဒီအတိုင်းပါပဲ။ ပြည်သူ့ရေးရာဌာနတခုခုကို တာဝန်ယူရမယ့် နိုင်ငံရေးသမားတွေလဲ ဒီအတိုင်းပါပဲ။ ဘယ်သူမှ ကဏ္ဍစုံမှာ နက်နက်နဲနဲ မကျွမ်းကျင်နိုင်ပါ။ ကဏ္ဍစုံမှာ ကျွမ်းကျင်သူတွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကသာ ကျွမ်းကျင်သယောင်ယောင်ဖြစ်နေတဲ့ အရည်အချင်းထက် ပိုတန်ဖိုးရှိပါတယ်။ ဒီအရည်အချင်းမှာ အားနည်းနေတဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်သလို၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်လဲ လက်တွေ့လုပ်ငန်း ဆောင်တာတွေကျရင် ကသောင်းကနင်းဖြစ်တတ်ပါတယ်။ အစိုးရအဖွဲ့တခုမှာ တာဝန်ယူဖို့ မျှော်မှန်းတဲ့ နိုင်ငံရေးသမားမှာ ရွေးကောက်ခံခဲ့ရရင် သက်ဆိုင်ရာ နယ်မြေမှာ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ အစိုးရအဖွဲ့ ကော်မတီတွေမှာ ပါဝင်တဲ့အခါ ကိုယ့်ပခုံးပေါ် ရောက်လာနိုင်မယ့် တာဝန်တွေ၊ အစိုးရ၀န်ကြီးဌာနတွေကို တာဝန်ယူဖွဲ့စည်းတဲ့အခါ ၀န်ကြီးဌာန ယန္တရား လည်ပတ်ပုံတွေ၊ ကိုယ်ပိုင် ရုံးမှာ ဘယ်လိုအတွေ့အကြုံနဲ့ ဘယ်လိုအသိပညာရှိတဲ့ လူတွေ လိုအပ်တယ် ဆိုတာတွေကို သိရှိနေဖို့ အလွန်အရေးကြီးပါတယ်။
တချို့နိုင်ငံတွေမှာ တော်လှန်ရေးကနေ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ပါလီမန်တွေထဲမှာ ပြဿနာတွေ တက်လေ့ရှိတယ်။ တော်လှန်ရေးသမားကနေ အမတ်ဖြစ်လာသူတွေကလဲ တော်လှန်ရေးကို စွန့်လွှတ်ပေးဆပ်အနစ်နာခံပြီး အနိုင်ရအောင်နွှဲလာတာ ဆိုတဲ့ မာနတွေ ရှိတယ်။ အာဏာရှင်ဟောင်းလက်ထက်က ဗျူရိုကရက် လူတန်းစားတွေကလဲ အုပ်ချုပ်ရေးဌာနတွေကို စီမံခန့်ခွဲတာကို အတွေ့အကြုံတွေ ရှိလာတာဆိုတဲ့ မာနတွေရှိတယ်။ ပညာရှင်တွေကလဲ အသိပညာ၊ ဗဟုသုတနဲ့ ပြည့်စုံသူတွေဆိုတဲ့ မာနရှိတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဘယ်သူမှ မပြည့်စုံပါဘူး။ တော်လှန်ရေးခေါင်းဆောင်ရဲ့ အတွေ့အကြုံဆိုတာကလဲ Conventional Politics အတွေ့အကြုံ မဟုတ်ပါဘူး။ တော်လှန်ရေးခေါင်းဆောင်ဖြစ်တာနဲ့ ၀န်ကြီးဌာနတခုကို ဦးဆောင်စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းရှိနေပါပြီလို့ ဘယ်သူမှ တထစ်ချ မပြောနိုင်ပါဘူး။ ဒီလိုပဲ ဗျူရိုကရက်တွေအတွက်ကလဲ သူတို့ဆီရှိခဲ့တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးပုံစံတွေဟာ စနစ်သစ်နဲ့အညီ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်ဆိုတာ နားလည်လက်ခံရမှာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေဘက်ကလဲ စာတွေ့နဲ့ လက်တွေ့ အမြဲတမ်းထပ်တူမကျနိုင်ဘူးဆိုတာကို လက်ခံရမှာပဲဖြစ်ပါတယ်။ အဓိကက အရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်လာတဲ့အခါ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဘယ်လို ဆောင်ကျဉ်းပေးနိုင်မလဲ ဆိုတာက အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေအတွက် အရေးကြီးဆုံးပါပဲ။ ဒါကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
ဒီလိုနားလည်မှုမရှိတဲ့ အစိုးရအဖွဲ့တွေ အကွဲကွဲအပြဲပြဲနဲ့ အပျက်ပျက်အယွင်းယွင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဖဆပလ အစိုးရလက်ထက်က ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေနဲ့ ဂိုဏ်းဖွဲ့မှုတွေဟာ ဒီလိုအာရုံစိုက်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်အထိမှာလဲ ဒီလို “မင်းကဘာလဲ၊ ငါက ဘာလဲ“ ဆိုတာတွေက နိုင်ငံရေးလောကတွေမှာ ရှိနေကြဆဲပဲ။ အကြောင်းအရာကိစ္စတခုကို ဆွေးနွေးနေတုန်းမှာ မင်းကဘာလဲလို့ တဘက်လူကို မမေးခင်၊ ပြောနေတဲ့ အကြောင်းအရာမှာ ဒီမေးခွန်းမေးဖို့ လိုအပ်သလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ ငါက ဘာ၊ ဘယ်လိုလုပ်ခဲ့တာ၊ ဘာတွေ ပေးဆပ်ခဲ့တာတွေ မပြောခင် ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ဒါက ဆက်စပ်သလားဆိုတာ အရင်စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားမှုတွေသာ ကြိုရှိမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အချိန်တ၀က်ကျော် သက်သာပြီး၊ ဘာလုပ်သင့်လဲဆိုတာကို ဦးတည်သွားနိုင်မှာ အသေအချာပါပဲ။
(၂) အစိုးရဖွဲ့စည်းခြင်း
စစ်မှန်တဲ့ ရွေးကောက်ပွဲရဲ့ တခြားလုပ်ငန်းတာဝန်တရပ်ကတော့ အစိုးရဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာ ရွေးကောက်ပွဲတွေဟာ အစိုးရအဖွဲ့တွေကို တိုက်ရိုက် ရွေးချယ်ပေါ်ပေါက်လာစေပါတယ်။ တချို့နိုင်ငံတွေမှာကျတော့ ရွေးကောက်ပွဲတွေဟာ အစိုးရဖွဲ့စည်းခြင်းကို လွှမ်းမိုးသက်ရောက်မှုရှိစေပါတယ်။ ပါတီစုံ၊ ၀ါဒစုံ အရွေးကောက်ခံ ကိုယ်စားလှယ်တွေအကြားမှာ အာဏာခွဲဝေမှုတွေအတွက် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ်ပါ။
(၃) ကိုယ်စားပြုမှုဖော်ဆောင်ခြင်း
စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ လူထုရဲ့ ဆန္ဒသဘောထားကို ဆောင်ကျဉ်းပေးတဲ့ လူထုကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်မှန်တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ လူ့အဖွဲ့အစည်းတခုလုံးကို ကိယ်စားပြုထားတဲ့ microcosm လို့ ပညာရှင်များက သတ်မှတ်ကြတာ ဖြစ်ပါတယ်။
(၄) မူဝါဒများကို လွှမ်းမိုးထိန်းချုပ်ခြင်း
အစိုးရတွေဟာ အာဏာရှင်စနစ် အစိုးရတွေ ဖြစ်လာတဲ့အခါ အစွန်းရောက်မူဝါဒတွေ၊ ပြည်သူ့သဘောထား အမှန်နဲ့ မကိုက်ညီတဲ့ မူဝါဒတွေ၊ အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေကို ပြဌာန်းတတ်ပါတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတွေကို ပေါ်ထွက်လာစေနိုင်တာကြောင့် ဒီလို မူဝါဒရေးရာကို အာဏာနဲ့ အလွဲသုံးစားပြုလုပ်မှုတွေကို တားဆီးပေးနိုင်ပါတယ်။
(၅) ပြည်သူလူထုအား နိုင်ငံရေးအသိပညာ ဖြန့်ဖြူးပေးခြင်း
စစ်မှန်တဲ့ ရွေးကောက်ပွဲတခု မပေါ်ထွက်လာခင်မှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် သင့်တော်တဲ့ စည်းရုံးရေးကာလ တခုရှိဖို့ အရေးကြီးပါတယ်။ ဒီကာလတွေမှာ နိုင်ငံရေးပါတီတွေ၊ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးစနစ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။ ဒီလိုသတင်းအချက်အလက်တွေ ထုတ်ပေးနိုင်ဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးမှာ တန်းတူညီမျှ အခွင့်အရေးတွေ ရှိဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စည်းရုံးဟောပြောထုတ်ဖော်ပြောကြားခွင့် တွေကို လက်ရှိအစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေ ရှိရင်၊ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့ သဘောထားတွေကိုပဲ စာနယ်ဇင်း၊ သတင်း၊ မီဒီယာတွေကနေ ဖြန့်ဝေတယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုနိုင်ပါတယ်။
(၆) Legitimacy တည်ဆောက်နိုင်ခြင်း
Legitimacy ဆိုတာ လက်တင်စကား legitimare ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ to make lawful (တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်း) ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖြစ်၊ အာဏာရှင်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် Legitimacy ကို အတိုင်းအတာတခုအထိ တည်ဆောက်နိုင်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ သူတို့ကိုယ်တိုင်ပါဝင်တဲ့ အစိုးရတွေပဲ ဖြစ်ဖြစ်၊ သူတို့ ကြိုးကိုင်ထားတဲ့ အစိုးရတွေပဲဖြစ်ဖြစ် အစိုးရသစ်တွေရဲ့ legitimacy ရဖို့အတွက် ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။ အာဏာရှင် ရွေးကောက်ပွဲတွေ ဆိုတာ ဒီလုပ်ငန်းဆောင်တာပေါ်မှာ အဓိကဗဟိုပြုပြီး ထွက်ပေါ်လာကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဒီအချက်တွေနဲ့ ရည်ညွှန်းပြောဆို လေ့ရှိကြပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာလာကြပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာကတော့ electoral process ကို တန်းတူညီမျှအားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့်မရှိအောင် အာဏာရှင်ဘက်တော်သားတွေက ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေ ကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ်လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဒီလိုသွင်ပြင်လက္ခဏာ၊ လုပ်ငန်းဆောင်တာတွေ ရှိနေတတ်ပါတယ်။
အာဏာရှင်ရွေးကောက်ပွဲနှင့် အတိုက်အခံအင်အားစု အက်ကြောင်းများ
အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ လူအများက အသိအမှတ် မပြုကြပါဘူး။ ရှေ့ပိုင်းမှာ ဆိုခဲ့သလိုပဲ အာဏာရှင်ရွေးကောက်ပွဲတွေမှာ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ ပိတ်ပင်တားမြစ်မှုတွေ အတိုင်းအတာတခု အထိ ရှိနေတတ်လို့ပါပဲ။ ဒါပေမယ့်လဲ အာဏာရှင်ရွေးကောက်ပွဲတွေကတော့ အများအပြား ပေါ်ထွက်နေဆဲပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပေါ်ထွက်နေရလဲ။ အာဏာရှင် ရွေးကောက်ပွဲတွေ ထွက်ပေါ်လာရခြင်းဟာ အာဏာရှင်တွေအတွက် အကျိုးကျေးဇူးတွေ ရှိနေစေလို့ပါပဲ။
နိုင်ငံရေးပညာရှင် Gandhi နဲ့ Peuter တို့က အာဏာာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံ အင်အားစု တွေကို အတွေးအခေါ် စစ်ပွဲအသွင်သဏ္ဍာန်နဲ့ အစိတ်စိတ်အမြွာမြွာ ကွဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။ (၁၉၄၆) ကနေ (၂၀၀၆) ခုနှစ်အထိ နှစ်ပေါင်း ခြောက်ဆယ်ကာလအတွင်းမှာ ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ရွေးကောက်ပွဲတွေကို လေ့လာပြီးမှ ဒီအချက်ကို သူတို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ အင်အားစုတွေအကြားမှာ ဖြစ်ပျက်နေတဲ့ အက်ကြောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အင်မတန် တော်တည့်မှန်ကန်တဲ့ အဆိုတရပ်လို့ ဆိုရပါလိမ့်မယ်။
အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံအင်အားစု ဆိုတာမှာကလဲ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။ တချို့ကကျတော့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာက ကိုယ့်မှာ အာဏာ မရနိုင်တဲ့အတွက် ဆန့်ကျင်တာ ဖြစ်ပါတယ်။ မိဘမျိုးရိုးကြောင့်ပဲ ဖြစ်ဖြစ်၊ ပညာအရည်အချင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေကြေးပြည့်စုံတာကြောင့်ပဲဖြစ်ဖြစ်၊ လူအများကြားမှာ ရေပန်းစားတာကြောင့်ပဲ ဖြစ်ဖြစ် မိမိကိုယ်ကို ပါလီမန်အမတ်ဖြစ်သင့်တယ်လို့ အလိုလိုနေရင်း အထင်ကြီး ဘ၀င်မြင့်နေသူတွေ အတိုက်အခံ လောကထဲမှာ ရှိတတ်ပါတယ်။ အာဏာရှင်က ရွေးကောက်ပွဲတွေ ကျင်းပပေးတဲ့အခါ ဒီလိုလူမျိုးတွေကို နှစ်ခါ ခေါ်စရာ မလိုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို ကောက်ခါငင်ခါ ထောက်ခံကြတော့တာပါပဲ။ တချို့ အတိုက်အခံတွေကျတော့လဲ နှစ်ပေါင်းများစွာ ကြာတတ်တဲ့ တော်လှန်ရေးသဘောသဘာဝမှာ ပါနေကြရင်း လူမှုရေး၊ စီးပွားရေးမှာ ရုန်းရင်းကန်ရင်း အားကုန်ပင်ပန်းလာတာရှိပါတယ်။ “ ရွေးကောက်ပွဲဖြစ်သွားရင်တော့ အာဏာရှင်အစိုးရဟာ political legitimacy ဖြစ်သွားတော့မှာပါ။ တို့ ဆက်တိုက်လို့လဲ ဘာထူးမှာလဲ။ မဖြစ်မနေ လျှောက်ရတော့မယ့် ခင်းပြီးသား လမ်းမှာပဲ တက်လျှောက်လိုက်တော့မယ်“ လို့ ယူဆလာတတ်ကြပါတယ်။ ဒီလိုစိတ်ဓာတ်ကျနေသူတွေဆီကလဲ အာဏာရှင်ရွေးကောက်ပွဲကို ထောက်ခံမှုတွေ ပေါ်ထွက်လာတတ်ပါတယ်။
မိမိပညာ၊ မိမိအရည်အချင်းတွေနဲ့ ဘ၀ရပ်တည်နေတာမဟုတ်ပဲ နိုင်ငံတကာအကူအညီနဲ့ ရပ်တည်နေရတာဆိုရင် ပိုဆိုးတတ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ပြည်ပအခြေစိုက် အတိုက်အခံ အင်အားစုရှိတဲ့ နိုင်ငံတွေတိုင်းမှာ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးဟာ အတော်ဂယက်ရိုက်စေတတ်ပါတယ်။ တော်လှန်ရေးကာလတွေမှာ ပြည်ပနိုင်ငံတွေ၊ အန်ဂျီအိုတွေက တော်လှန်ရေးသမားတွေကို ထောက်ပံ့ကူညီပေးကြပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲဆိုတာ ပေါ်ထွက်လာတဲ့အခါကျတော့ “ရွေးကောက်ပွဲပြီးသွားရင် ထောက်ပံ့ကူညီမှုတွေများ ရပ်သွားလေမလား” ဆိုတဲ့ အတွေးက အင်အားစုတွေကို ကိုင်လှုပ်လာပါတော့တယ်။ တခြားဘ၀ ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း အတွက်ကလဲ ပြင်ဆင်ထားတာ အားနည်းတဲ့အခါမှာကျတော့ ပေါ်လစီပြောင်း၊ ဘက်ပြောင်းသွားတဲ့ အန်ဂျီအိုတွေနဲ့ ဆက်သွယ်လှုပ်ရှားနေရသူတွေ ကြားညပ်ပါတော့တယ်။ ဘ၀ရပ်တည်ရေးကတဖက်၊ နိုင်ငံရေးရပ်တည်ချက်ကတဖက် လွန်ဆွဲလာတဲ့အခါမှာ နိုင်ငံရေးရပ်တည်ချက်ကို ဦးစားပေးရွေးချယ်သူတွေ ရှိလာသလို၊ ဘ၀ရပ်တည်ရေးကို ဦးစားပေးရွေးချယ်သူတွေ ရှိလာပါတော့တယ်။ ဒီလိုလူတွေဆီကနေလဲ အာဏာရှင်ရွေးကောက်ပွဲ ထောက်ခံရေး အဆိုတွေ ထွက်ပေါ်လာတတ်ပါတယ်။
နောက်ထပ်ကွဲအက်နိုင်တဲ့ အက်ကြောင်းတခုကတော့ ပညာရှင်တွေ၊ လေ့လာသူတွေ ဆီမှာ ဖြစ်ပါတယ်။ အခြေအနေ၊ အကြောင်းကြောင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုတွေဟာ ပညာရှင်တွေကို အသိအမှတ်ပြုမှု အလွန်အားနည်းပါတယ်။ ဘယ်ကဘယ်လို ထွက်လာမှန်းမသိခဲ့တဲ့ ပညာတတ်တွေ ဖောက်ပြန်တတ်တယ်၊ မယုံရဘူး ဆိုတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို ဂရုမစိုက်ဘူး၊ လက်တွေ့လုပ်လာတာ ဆိုတဲ့ စကားလုံးတွေက တခါတရံ တော်လှန်ရေး အသိုင်းအ၀ိုင်းမှာ အလွန်ကြီးစိုးပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ သီအိုရီအခြေခံမပါပဲ ထွက်ပေါ်လာခဲ့တဲ့ လက်တွေ့အလုပ်တွေ အတော်နည်းနေပါပြီ။ ငွေကြေးဝန်ဆောင်မှုအတွက် သုံးနေကြတဲ့ ဘဏ်ကတ်တွေဟာ သင်္ချာသီအိုရီတွေပေါ်မှာ အခြေခံထားပါတယ်။ သောက်သုံးနေကြတဲ့ ရေသန့်တွေ၊ အချိုရည်တွေရဲ့ ထုတ်လုပ်မှုဖြစ်စဉ်မှာ ဓာတုဗေဒသီအိုရီတွေကို အခြေခံထားပါတယ်။ နောက်ဆုံး ဒီမိုကရေစီတော်လှန်ရေး၊ ကွန်မြူနစ်တော်လှန်ရေး ဆိုတဲ့ တော်လှန်ရေးတွေမှာတောင် ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ် သီအိုရီတွေ၊ ကွန်မြူနစ်ဝါဒသီအိုရီတွေပေါ် အခြေခံပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မာ့စ်က သီအိုရီတွေ အများကြီးပါတဲ့ စာအုပ်တွေ ရေးခဲ့တယ်။ Adam Smith က စီးပွားရေးသီအိုရီတွေပါတဲ့ စာအုပ်ကို ရေးခဲ့တယ်။ သူတို့ က လက်တွေ့အကောင်အထည်ဖော်ခဲ့တာ မဟုတ်ပါ။ ဒီသီအိုရီတွေကို ကိုင်စွဲပြီး လက်တွေ့အကောင်အထည်ဖော်သူတွေက ဖော်ဆောင်ခဲ့ကြပါတယ်။
ဒါကြောင့် သီအိုရီနဲ့ လက်တွေ့နဲ့ကို ခွဲခြားဖယ်ထုတ်နေစရာ မလိုအပ်ပါ။ သီအိုရီသမားတွေဘက်ကလဲ လိုအပ်မယ်ထင်တာကို ပညာရပ်တွေပေါ်မှာ အခြေခံပြီး ပြောစရာရှိတာပြော၊ ရေးစရာရှိတာ ရေးလိုက်ရုံပဲ ရှိပါတယ်။ ဒါကို လူတွေ လိုက်လုပ်ရမယ်လို့ မျှော်လင့်စရာ မလိုအပ်ပါ။ ယူသင့်တာယူ၊ ပယ်သင့်တာ ပယ်ကြရုံပါပဲ။ ဒါပေမယ့် လောကမှာ လူတွေဆိုတာကလဲ မလိုတဲ့အလုပ်တွေကိုမှ ဇာချဲ့ချင်ကြပါတယ်။ ပညာရှင်တွေ၊ သီအိုရီကျွမ်းကျင်သူတွေကလဲ သူပဲတတ်၊ သူပဲသိသလိုလို မာနတွေရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကို တကယ့် ရေပေါ်ဆီတွေလို အတွေးတွေ ၀င်ပြီး ဘ၀မြင့်တတ်ကြတယ်။ သူတပါးကို မသိသလို၊ မတတ်သလို ဆက်ဆံချင်တတ်ကြတယ်။ လူတွေမှာကလဲ ဘ၀မြင့်စိတ်ရှိသလို၊ အငုံ့စိတ်တွေရှိတတ်ကြတယ်။ လက်တွေ့မပါတဲ့ ပညာရှင်ကလဲ အတွေ့အကြုံမရှိတာကို ကိုယ့်ကိုကိုသိပြီး အငုံ့စိတ်ရှိတယ်။ လက်တွေ့ပဲရှိပြီး စာတွေ့နည်းသူကလဲ သီအိုရီသမားတွေ ပြောတိုင်းလက်ခံရမှာလား ဆိုပြီး မိမိမှာ စာတွေ့အားနည်းတာကို အငုံ့စိတ်ရှိတယ်။ အဲဒီမှာတင် မာနတွေ၊ အငုံ့စိတ်တွေ တိုက်ခတ်မိကြပြီး သည်းမခံနိုင်သူတွေကလဲ ဘေးထွက်ထိုင်တယ်။ “ငါ့ကို ဒီလိုလုပ်ရလား“ ဆိုပြီး မာနနဲ့ မခံချင်စိတ်တွေ ရောထွေးလာသူတွေကျတော့ ရန်သူနဲ့ သွားပေါင်းသူကလဲ ပေါင်းတယ်။ ရန်သူနဲ့မပေါင်းပဲ တစင်ထောင်သူကလဲ ထောင်တယ်။ ဒါတွေဟာ အငုံ့စိတ်နဲ့ ဘတပြန်ကျားတပြန် ခွဲခြားမှုတွေ၊ ပညာ၊ အတွေ့အကြုံတွေနဲ့ ပတ်သက်တဲ့ မာနတွေ၊ ရန်သူရဲ့ သပ်လျှိုသွေးခွဲမှုတွေ၊ ရန်သူ့ဘက်တော်သားတွေ ပါဝင်လာတာတွေ အားလုံး ပေါင်းဆုံသွားလို့ပဲ ဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံအင်အားစုတွေကို ဖြိုခွဲပစ်နိုင်စွမ်း ရှိတယ်။ ဒါကို လေးလေးနက်နက် သတိပြုမိပြီး အတိုက်အခံအင်အားစုတွေဟာ တော်လှန်ရေးအတွေးအခေါ် ညီညွတ်ကြဖို့ လိုတယ်။ ညီညွတ်ရေးဆိုတာမှာလဲ ဒီစကားလုံးဆိုလိုက်တာနဲ့ အဖွဲ့ချုပ်ကြီးတွေ၊ တပ်ပေါင်းစုကြီးတွေပဲ သွားမြင်နေတတ်ကြတာ ကျွန်မတို့ မြန်မာတွေရဲ့ အားနည်းချက်တရပ်လို့ပဲ ဆိုရမှာပါပဲ။ ဒီလိုနဲ့ ညီညွတ်ဖို့ တပ်ပေါင်းစုကြီးတွေ ထပ်ထောင်ကြ၊ ကွဲကြပြဲကြ၊ ဟိုအဖွဲ့ပေါ်လာ၊ ဒီအဖွဲ့ပေါ်လာနဲ့ နှစ်ပေါင်းများစွာကြာအောင် မပြီးနိုင်တဲ့ အဖွဲ့တည်ထောင်ရေး သံသရာစက်ဝန်းကြီးတွေ လည်နေကြတော့တာပဲ။ လူတွေကလဲ ဟိုအဖွဲ့ကြည့်လဲ ဒီလူ၊ ဒီအဖွဲ့ကြည့်လဲ ဟိုလူပဲ လည်နေတတ်ကြတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ ထွက်ပေါ် လာတာဖြစ်တယ်။ တိုက်ပွဲမရှိပဲ ညီညွတ်ရေးလုပ်နေရင်တော့ အဖွဲ့ဥက္ကဌလုနေကြ၊ အဖွဲ့နာမည် ရွေးနေကြတာနဲ့တင် အချိန်ကုန်နေကြမှာပဲ။ အဓိကက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတဲ့ တော်လှန်ရေးအတွေးအခေါ်မှာ ညီညွတ်ဖို့ပဲ။ တော်လှန်ရေးအတွေးအခေါ်မှာ အခြေခံပြီးမှ တိုက်ပွဲဝင် လမ်းကြောင်းဆိုတာ ချမှတ်လို့ရတာဖြစ်တယ်။ တချို့က ဒီလိုအတွေးအခေါ်မျိုး ရှိနေလို့ အတိုက်အခံဖြစ်နေတာပေါ့လို့ ဆိုချင်ဆိုကြမယ်။ တကယ်ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလို အတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ လမ်းစဉ်တွေကို တကယ်ပဲ ချမှတ် လုပ်ကိုင်နေကြသလား၊ မိမိတို့ပါတီ၊ မိမိတို့အဖွဲ့အစည်း ရပ်တည်ရေးကိုပဲ ဦးစားပေးနေကြသလား ဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပြီဖြစ်တယ်။ မြေပေါ် မြေအောက်၊ မီဒီယာအစရှိပြီး လုပ်နည်းလုပ်ဟန် ကွဲပြားမှုဆိုတာက နားလည်လက်ခံလို့ ရပေမယ့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်မသွားစေဖို့ သတိပြုမိဖို့ လိုအပ်တယ်။ မြန်မာပြည်ရဲ့ မျက်မှောက်ခေတ်မှာ လိုအပ်နေတဲ့ ညီညွတ်ရေးဆိုတာက ဒီလို တော်လှန်ရေးအတွေးအခေါ် ညီညွတ်ရေးကို ဆိုလိုတာဖြစ်တယ်။ အဖွဲ့ဖွဲ့ရေး သံသရာစက်ဝန်းထဲမှာ တ၀ဲလည်လည် ပတ်ချာလည်နေတာကို ဆိုလိုတာ မဟုတ်ဘူး။
တော်လှန်ရေးထဲမှာ ကိုယ့်ကိုကိုယ်ဘောင်ပြန်ခတ်ထားကြတဲ့ အယူအဆတွေနဲ့ ပြုမူဆောင်ရွက်မှုတွေကို တော်လှန်ရေး အတွေးအခေါ်ကသာ ကျော်လွှားနိုင်လိမ့်မယ်။ “တို့ကတော့ ရှစ်လေးလုံးအုပ်စုတွေ၊ တို့ကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တို့ကတော့ ဒီပဲယင်းအုပ်စု၊ တို့ကတော့ အန်အယ်ဒီ၊ တို့ကတော့ ကျောင်းသား၊ တို့ကတော့ --------“ ဆိုတဲ့ ဘောင်ခတ်မှုတွေဟာ တော်လှန်ရေးရဲ့ စည်းရုံးရေးကို ကျဆင်းစေတဲ့ အချက်တွေဆိုတာ သတိပြုသင့်တဲ့ အချိန်ရောက်နေပြီဖြစ်တယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ အသွင်မတူတွေကို စည်းဝိုင်းပြင်ကို တွန်းပို့လိုက်သလို ဖြစ်သွားတတ်တယ်။ တော်လှန်ရေးမှာ ပေးဆပ်ခဲ့မှုဆိုတာတွေကို သူများတွေကသာ တလေးတစား ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်လုပ်ခဲ့တာ၊ ဘယ်လိုပေးဆပ်ခဲ့ရတာဆိုပြီး လိုက်ပြောနေရင် လူအရိုအသေ တန်တတ်တယ်။ ကမ္ဘာ့တော်လှန်ရေးသမိုင်းတလျှောက်မှာ လူမသိ၊ သူမသိ အသက် ပေးဆပ်စွန့်လွှတ် ခဲ့ကြသူတွေက အများကြီးပဲ ဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ဆက်သားလေးတွေ အနေနဲ့ တာဝန်ကျေခဲ့ကြတဲ့ ကလေးငယ်လေးတွေ ဘယ်လောက်အရေအတွက်အထိ ဖက်ဆစ်လက်ထဲ ကျရောက်ခဲ့သလဲ။ လူမသိ၊ သူမသိ သေခဲ့ကြသလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
ဒါပေမယ့် ဒီလိုပေးဆပ်မှုကို သူတို့ ကျေနပ်ခဲ့ကြတယ်။ သေနိုင်မယ့်အလုပ်မှန်းသိရဲ့နဲ့ ကျေကျေနပ်နပ် လုပ်ခဲ့ကြတယ်။ ကိုယ်သတ်မှတ်တဲ့ တန်ဖိုး၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်၊ ကိုယ်ရွေးချယ်တဲ့ ရပ်တည်ချက်အတွက် ကိုယ့်ရဲ့ပေးဆပ်မှုတွေကို မိမိကိုယ်ကို ကျေနပ် ဂုဏ်ယူနေဖို့က အရေးကြီးဆုံး မဟုတ်ဘူးလား။ လူတကာကို လိုက်ပြောပြီး၊ “မင်းတို့နဲ့ ငါက မတူဘူးနော်။ ငါက ဘယ်လိုလုပ်ခဲ့တာ။ ဘယ်လိုပေးဆပ်ခဲ့တာ၊ မင်းတို့ငါနဲ့လာမယှဉ်နဲ့“ လို့ လိုက်ယှဉ်ပြနေစရာ မလိုအပ်ဘူး။ ဒါတွေဟာ ကိုယ့်ကိုယ်ကို ဘောင်ခတ်လိုက်တာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ လူထုစည်းရုံးရေးမှာ အခက်အခဲတွေ ဖြစ်လာတတ်သလို၊ ကိုယ်ပါဝင်တဲ့ တော်လှန်ရေးကြီးတခုလုံးရဲ့ ပုံရိပ်လဲ ကျဆင်းတတ်ပါတယ်။ တော်လှန်ရေးကို တကယ်တန်ဖိုးထားတယ်ဆိုရင် ကိုယ့်ကြောင့် တော်လှန်ရေးမှာ လူသစ်တယောက်မရောက်လာရင်တောင် ရှိပြီးသားလူတွေ မဆုံးရှုံးစေသင့်ဘူး။ တော်လှန်ရေးရဲ့ စည်းရုံးရေးကို မထိခိုက်စေသင့်ဘူး။ တိတိကျကျဆိုရရင် groups တွေ ပေါ်ထွက်လာမှုဟာ ကောင်းပါတယ်။ ဒါပေမယ့် ဘောင်ခတ်ပြီး ပိတ်မိနေတဲ့ အုပ်စုတွေ မဖြစ်စေဖို့ကိုလဲ သတိထားသင့်ကြတယ်။
အဓိကကတော့ မြန်မာ့နိုင်ငံရေးဟာ အထည်ကြီးပျက်နိုင်ငံရေး မဟုတ်။ တချိန်က အောင်မြင်ခဲ့တာလေးတွေကို သာယာနေရုံနဲ့ အောင်ပွဲရမှာ မဟုတ်။ လက်ရှိအခြေအနေမှာ၊ လက်ရှိ လူသူအင်အား၊ လက်ရှိတော်လှန်ရေးရေစီးကြောင်းတွေနဲ့ ဘာလုပ်ဖို့ လိုတယ်ဆိုတာကို ဦးစားပေးကြဖို့ အချိန်တန်နေပါပြီ။ ဘောင်ခတ်မှုတွေကြောင့် တော်လှန်ရေး အတွေးအခေါ်တွေကို မထိခိုက်မိစေဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးအတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ ညီညွတ်ရေးမှာ ပြည်သူတရပ်လုံး ပူးပေါင်းဆောင်ရွက်လာ စေရေးကသာ အဓိက ပန်းတိုင်ဖြစ်သင့်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့် အက်ကြောင်းတွေအတွက် သတိထားပြီးပြင်ဆင်ထားသင့်ပါတယ်။
အာဏာရှင်ရွေးကောက်ပွဲနှင့် ဒေါက်တိုင်ပြိုလဲမှု ထိန်းသိမ်းခြင်း
စစ်အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် စစ်တပ်ကို အာဏာရှင် ဒေါက်တိုင်တွေအဖြစ် အသုံးချရပါတယ်။ ဒီလိုနဲ့ အာဏာရှင်သက်တမ်းတွေ ကြာလာတဲ့အခါ အာဏာရှင်တွေရဲ့ ပင်မဒေါက်တိုင်တွေ ဖြစ်တဲ့ စစ်တပ်အတွင်းမှာ မကျေနပ်မှုတွေ၊ ကွဲလွဲမှုတွေပေါ်ပေါက်လာပါတယ်။ ဒီဒေါက်တိုင်တွေ ပြိုလဲရင် အာဏာရှင်စနစ် ပြိုလဲနိုင်တာကြောင့် အာဏာရှင်တွေဟာ တပ်မတော်နဲ့ စစ်အာဏာရှင်အစိုးရအကြားက မကျေလည်မှု ပြဿနာရပ်တွေကို အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပပြီး ဖြေရှင်းလေ့ရှိတယ်လို့ နိုင်ငံရေးပညာရှင် Geddes က ဆိုထားခဲ့ဖူးပါတယ်။ အာဏာရှင်နိုင်ငံတွေအတွက်တော့ စစ်တပ်ဆိုတာ အာဏာရှင်တွေရဲ့ coercive power ကို ထိန်းသိမ်းပေးနိုင်တဲ့ အဓိကဒေါက်တိုင်ကြီးဖြစ်ပါတယ်။
၁၉ ရာစုကာလတွေမှာ ကမ္ဘာနဲ့ အ၀ှမ်းမှာ စစ်တပ်ဆိုတာ သီးခြား political institution တရပ်အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော် မပါဝင်မှာ စိုးရိမ်စရာ အကြောင်းကို မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ဆိုတာကိုက နိုင်ငံတော်ရဲ့ နိုင်ငံရေး အင်စတီကျူးရှင်း တရပ် ဖြစ်နေလို့ပါ။ နိုင်ငံရေးပညာရှင်တွေက တပ်မတော်ရဲ့ အခန်းကဏ္ဍကို ကဏ္ဍသုံးမျိုးခွဲခြားပြီး ဖော်ပြထားပါတယ်။ ပထမတမျိုးကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ရေးဆိုင်ရာ instrument တခုအနေနဲ့ပါ။ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပါမယ်။ ဒီအတွက် နိုင်ငံတိုင်းလိုလိုမှာ တပ်မတော်ဆိုတာ ရှိပါတယ်။ တပ်မတော်သားတွေဆိုတာကိုလဲ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေသူများအဖြစ် နိုင်ငံတိုင်းမှာ လူထုက တလေးတစားရှိပါတယ်။ ဘယ်နိုင်ငံရဲ့ ပါလီမန်ထဲမှာမှ တပ်မတော်သားတွေ မပါဝင်ပါဘူး။ ဒါပေမယ့်လဲ လူတွေက သူတို့ရဲ့ ရပ်တည်မှုနဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားကြပါတယ်။ အာဏာရှင်နိုင်ငံတွေမှာသာ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်ရတဲ့ တပ်မတော်သားတွေအတွက် လူထုက ယူကြုံး မရ ခံစားကြရပါတယ်။ ပြည်သူတွေရဲ့ အသွေးအသားထဲက ပေါ်ထွက်လာခဲ့တဲ့ တပ်မတော်သားတွေဟာ ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေဘက်ကို သေနတ်ပြောင်းမလှည့်ပဲ မိဘပြည်သူတွေဘက်ကိုမှ သေနတ်ပြောင်း လှည့်ရက်လေခြင်းလို့ စိတ်မကောင်းဖြစ်ကြရပါတယ်။
နိုင်ငံတော်မှာ တပ်မတော်ရဲ့ နောက်ထပ်အခန်းကဏ္ဍတခုကတော့ တရားဥပဒေစိုးမိုးရေး တာဝန်ပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ တပ်မတော်မှာပဲဖြစ်ဖြစ် အမိန့်နာခံမှု ယဉ်ကျေးမှုနဲ့ ရာထူး အဆင့်အတန်းသတ်မှတ် တာဝန်ယူမှု ဆိုတာ ရှိပါတယ်။ ဒီအချက်နှစ်ချက်ဟာ အရေးပေါ် အခြေအနေတွေမှာ operational efficiency ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒါကြောင့်လဲ အရေးပေါ် သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါတွေမှာ ကယ်ဆယ်ရေးတာဝန်တွေ၊ ရိက္ခာဖြန့်ဖြူးရေး တာဝန်တွေကို တပ်မတော်ကို တာဝန်ပေးလေ့ရှိကြပါတယ်။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ဖရိုဖရဲ ဖြစ်နေရတဲ့ အခါမှာလဲ တပ်မတော်က တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူရပါတယ်။ ဒါပေမယ့် ဒီတာဝန်ကို အသုံးပြုပြီး တပ်မတော်ကို အာဏာရှင်တွေက ပြန်အသုံးချတတ်တာတွေလဲ ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာတဲ့အခါ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို စဉ်းစားဖော်ထုတ်ပြီး တွေးတော ဆင်ခြင်မှုတွေ ပြုရပါမယ်။ အမှန်နဲ့အမှားကို ဖော်ထုတ်ရပါမယ်။ ဒီနေရာမှာ တရားဥပဒေဆိုတာကိုလဲ ထည့်သွင်းစဉ်းစား ကြည့်ဖို့ လိုအပ်လှပါတယ်။ ဘယ်လို တရားဥပဒေလဲ။ မတရားမှုတွေကနေ ဥပဒေဖြစ်နေတာလား။ ပုန်ကန်ထကြွမှုတွေ၊ လူထုတိုက်ပွဲတွေ ဆိုတာကကော ဘာကြောင့် ပေါ်ထွက်နေရတာလဲ။ မတရားတဲ့ ဥပေဒေကို ပုန်ကန်နေကြတာလား၊ တရားတဲ့ ဥပဒေကို ပုန်ကန်နေကြတာလားဆိုတာ ဆင်ခြင်မိဖို့ လိုအပ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်မှာ လူထုတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာတော့ တပ်မတော်သားတွေမှာ အရိုးစွဲအောင် ရိုက်သွင်းခံထားရတဲ့ အမိန့်နာခံတတ်မှုနဲ့ လူသားပီသစွာ စဉ်းစားတွေးခေါ်ဆင်ခြင်မှု နှစ်ခုအကြားမှာ ပဋ္ဋိပက္ခဖြစ်ရတော့တာပါပဲ။ ဒီလွန်ဆွဲပွဲတွေထဲမှာ တခါတရံမှာ အမိန့်နာခံတတ်မှုက အနိုင်ရသွားပါတယ်။ တခါတရံမှာ စဉ်းစားတွေးခေါ်ဆင်ခြင်မှုက အနိုင်ရသွားပါတယ်။ အာဏာရှင်တွေကို တော်လှန်ကြတဲ့ လူထုတော်လှန်ရေးတွေမှာ တပ်မတော်က ပြည်သူတွေဘက်ကို ရပ်တည်လိုက်တယ်ဆိုတာမျိုးတွေဟာ စဉ်းစားတွေးခေါ် ဆင်ခြင်မှုက အနိုင်ရသွားတာတွေဖြစ်ပါတယ်။ အာဏာရှင်အမိန့်ပေးတဲ့အတိုင်း ဦးလည်မသုန် တာဝန်ကျေပွန်တယ်ဆိုတာကတော့ အမိန့်နာခံမှုက အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ဘယ်နှစ်ဘက်ဆိုတာတွေထက် တာဝန်က တရားဥပဒေစိုးမိုးရေးဆိုတာကို စတင်စဉ်းစားမိဖို့ပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာမှာကလဲ စစ်အာဏာရှင်တွေရဲ့ အမိန့်ကို နာခံမှပဲ တရားဥပဒေ စိုးမိုးရေး ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူလူထုဘက်က ရပ်တည်ပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ အမြော်အမြင်ရှိပြီး၊ ဆင်ခြင်တုံတရားရှိတဲ့ တပ်မတော်ခေါင်းဆောင်က ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလဲ တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်လို့ ရတယ်ဆိုတာ စစ်မှန်တဲ့ တပ်မတော်သားတွေ သိရှိနေဖို့ လိုအပ်လှပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ တပ်မတော်ထဲမှာ အချိန်တန်ရင် လူသားပီသစွာ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ရွေးချယ်မယ့် တပ်မတော်သားတွေ ရှိတယ်ဆိုတာကိုလဲ သဘောပေါက်သိမြင်ကြပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲတွေ ကျင်းပပြီး၊ စစ်တပ်နဲ့ ပြည်သူအကြား သဘောထားကွဲလွဲမှု ပုံသဏ္ဍာန်တွေဖြစ်အောင် ထပ်မံပြုလုပ်တတ်ကြပါတယ်။
နောက်ထပ် တပ်မတော်ရဲ့ အခန်းကဏ္ဍတရပ်ကတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ မူဝါဒတွေမှာ instrument policy အနေနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အစိုးရအဖွဲ့ကမှ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ စစ်မဟာဗျူဟာအခင်းအကျင်းနဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ တပ်မတော်အကြီးအကဲတွေကို မတိုင်ပင်မညှိနှိုင်းပဲ မူဝါဒတွေ မချမှတ်ကြပါဘူး။ ချမှတ်လို့လဲ မရပါဘူး။ ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် ပင်တဂွန်လို့ ခေါ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ကွန်ဂရက်အတွင်းက Armed Services Committee တွေကတဆင့် အမေရိကန် တပ်မတော်ရဲ့ ပါဝါကျင့်သုံးလွှမ်းမိုးမှုတွေ ရှိနေတာဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးရာတွေအတွက် insider group ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေရဲ့ strategic expertise နဲ့ technical knowledge တွေကို ပိုင်ဆိုင်ထားတဲ့ တခုတည်းသော အင်စတီကျူးရှင်းကြီးဖြစ်ပါတယ်။ ဒါကြောင့်လဲ အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ နိုင်ငံတော်ဖြစ်တည်မှု တြိဂံသဏ္ဍာန်ကို ပညာရှင်တွေက ဖော်ကျူုးထားကြတာဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်ဟာ အစိုးရအဖွဲ့အစည်းတွေမှာ ပါဝင်ပြီး၊ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍသစ်ကို တောင်းဆိုနေစရာ မလိုအပ်ပါဘူး။ သူ့ဘာသာသူ ဘုရားဒကာမို့ ဘုရားဒကာကြီး၊ ရပ်ရွာလူကြီးလို့ တလေးတစား သတ်မှတ်ထားတာကို အနေမတတ်၊ အထိုင်မတတ်နဲ့ ရွာထဲလှည့်ပြီး ကြက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ဖဲဝိုင်းလဲ လူကြီးလုပ်ချင်၊ အရက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ကလေးတွေကစားတဲ့ ကျောက်ဒိုးဝိုင်းလဲ ပါလိုက်ချင်ချင် လုပ်နေလို့ ရှိသမျှသိက္ခာကျပြီး ပါလေရာလူကြီးလို့ လူအရိုအသေတန် ကုန်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်အဆင့်နဲ့ ကိုယ့်နေရာကို သိဖို့ လိုအပ်လှပါတယ်။ နအဖစစ်အာဏာရှင်တွေက ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆိုရင် “နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး“ ဆိုတဲ့ စကားလုံးကြီးကို သုံးပြီး တပ်မတော်က မူလနေရာယူထားတဲ့ ဘုရားဒကာ၊ ရပ်ရွာလူကြီး အခန်းကဏ္ဍကို ပါလေရာ လူကြီး ကဏ္ဍကို လျှော့ချလိုက်တာသာ ဖြစ်ပါတယ်။ အစိုးရ၊ ပြည်သူ၊ တပ်မတော်ဆိုတဲ့ တြိဂံသဏ္ဍာန်ဖြစ်တည်မှုကို ပြယ်ပျက်စေပြီး၊ အစိုးရနေရာမှာ တပ်မတော်ကို ခြေဖြတ်၊ လက်ဖြတ်ပြီး ထည့်သွင်းလိုက်ခြင်းသာ ဖြစ်ပါတယ်။
အဲဒီအခါမှာ တပ်မတော်ရဲ့ မူလရပ်တည်ချက်နဲ့ ပင်မတာဝန်တွေလဲပျက်၊ တပ်မတော်နဲ့ ပြည်သူအကြား၊ တပ်မတော်နဲ့ အစိုးရအကြားက အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ လေးစားမှုတွေလဲ ပျက်ပြယ်ရှုပ်ထွေးကုန်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်နဲ့ တပ်မတော်ထဲ ၀င်လာတဲ့ နိုင်ငံ့သားကောင်းရတနာတွေဟာလဲ ကိုယ်ကပြရမှာ မဟုတ်တဲ့ စင်ပေါ်မှာ အာဏာရှင်တွေ ကြိုးဆွဲတဲ့ ရုပ်သေးလေးအဖြစ် တက်ကကြရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ ခဲနဲ့ ပေါက်မှုတွေ၊ တံထွေးနဲ့ ထွေးမှုတွေကို ကြားထဲကနေ ခံကြရတော့မှာ ဖြစ်ပါတယ်။ ဒီလိုရုပ်သေးဘ၀ရောက်ပြီးမှ မိမိနဲ့ သက်ဆိုင်တဲ့ ပင်မတာဝန်တွေကို ပြန်ပြီး တာဝန်ထမ်းဆောင်ပြန်တော့လဲ မိခင်တပ်မတော်ကြီးအတွင်းမှာ ကိုယ်နဲ့ ကျောင်းအတူတူဆင်းခဲ့သူတွေကို အထက်လူကြီးတွေအနေနဲ့ ဆက်ဆံရတာတွေ၊ သဘောသဘာဝမတူတဲ့ ပတ်ဝန်းကျင်တခုမှာ သဟဇာတဖြစ်အောင် ပြန်ညှိရတာတွေနဲ့ လူကန့်လန့်တွေဘ၀ကို ကျရောက်ကြရဦးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တပ်မတော်သားတွေ နိုင်ငံရေးဝါသနာမပါရဘူး၊ နိုင်ငံရေး မလုပ်ရဘူးလို့ ဆိုလိုနေတာ မဟုတ်ပါ။ ၀ါသနာပါရင် တပ်က ထွက်ပြီး နိုင်ငံရေးသမားဘ၀ကို အပြည့်အ၀ ခံယူလို့ရပါတယ်။ ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ်အနေနဲ့ နိုင်ငံရေးသမားတွေအကြား ရောက်နေမှာကတော့ အမြင်မတော်၊ ဆင်တော်နဲ့ ခလောက် ဆိုသလိုပဲ ဖြစ်ပါလိမ့်မယ်။ တပ်မတော်သားကိုယ်စားလှယ် ဆိုတာကိုက အင်အားပြမှု အနေအထားတခု ဖြစ်နေတာကြောင့် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်၊ တန်းတူညီမျှခွင့် အခြေခံသဘောတရားတွေ လွှမ်းခြုံနေတဲ့ ပါလီမန်နဲ့ သင့်လျော်မှု မရှိပါဘူး။ မအပ်စပ်ပါဘူး။ အင်အားအတူတူညီမျှပြီး အတူတကွကစားနေကြတဲ့ ကလေးတွေအကြားမှာ ဗလတောင့်တောင့်၊ အင်အားကြီးကြီး လူကြီးတယောက်ကို တွေ့လိုက်ရရင် ဒီလူကြီးကို လူ့အဖွဲ့အစည်းက ဘယ်လိုမြင်ပါသလဲ။ဒီလူကြီးဟာ ကျပ်မပြည့်တဲ့ လူကြီးဖြစ်နိုင်ဖို့က ရာခိုင်နှုန်းတော်တော်များတယ် မဟုတ်ပါလား။ ဒါကြောင့် တပ်မတော်သားတွေကို နိုင်ငံရေးမလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ကြောင်း ဆိုတာဖြစ်ပါတယ်။ ကျပ်မပြည့်တဲ့ လူကြီး မဖြစ်စေဖို့ အင်အားအရေခွံကို ခွာပြီး ရိုးရှင်းစွာ နိုင်ငံရေးကစားကွင်းထဲကို ၀င်လာသင့်ပါတယ်။
ဒါဖြင့်ရင် နအဖစစ်အုပ်စုတွေဟာ ရိုးရှင်းစွာ အရပ်သားပါတီသစ်ထောင်ပြီး၊ ရွေးကောက်ပွဲထဲ ၀င်လာတာမဟုတ်ပဲ ဘာဖြစ်လို့ ကလိမ်ကကျစ်ဥာဏ်တွေသုံးပြီး နိုင်ငံရေးအာဏာရဖို့ လုပ်နေကြရသလဲ ဆိုတာကို စဉ်းစားကြည့်ကြရအောင်ပါ။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့ ၀င်ရောက်ယှဉ်ပြိုင်မှု မလုပ်ရဲသလဲ။ အဖြေက ရှင်းပါတယ်။ ဆင်ဖြူရဲ့ မျက်နှာကို ဆင်မည်းက မကြည့်ဝံ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် ရိုးသားဖြောင့်မတ်စွာ အုပ်ချုပ်မှု မရှိခဲ့ပါဘူး။ မတရားမှုတွေကို ဥပဒေဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလုပ်ပဲ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်၊ ဆွေတော်မျိုးတော် ကောင်းစားရေးကိုသာ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ မြန်မာ့မျိုးဆက်တွေရဲ့ ပညာရေးကို စနစ်တကျ အကွက်ချပြီး ဖျက်ဆီးထားခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးမထားတာကြောင့် နအဖလက်အောက်မှာ နေ့စဉ်နဲ့အမျှ မကြွေသင့်ပဲ ကြွေနေရတဲ့ အသက်ပန်းလေးတွေ အများကြီးပါပဲ။ ဒါတွေကို သူတို့သိနေကြပါတယ်။ ပါးစပ်ကနေသာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ပေးနေတယ်လို့ ထွက်ဆိုနေပေမယ့် ဒီစကားတွေ မဟုတ်ဘူးဆိုတာ သူတို့ကိုသူတို့ သိနေကြပါတယ်။ လူဆိုတာက မှန်မှန်ကန်ကန် လုပ်နေသူတွေဆိုရင် ပြတ်ပြတ်သားသား ဘာကိုမှ ရင်ဆိုင်ရမှာ မစိုးရိမ်ပေမယ့် ခိုးကြောင်ခိုးဝှက်လုပ်ထားသူတွေကျတော့ အလိမ်တွေ ပေါ်မှာ ကြောက်ပြီး ဟိုဖုံး၊ ဒီဖိလုပ်တာ၊ လူတွေကို မရိုးမသား ဆက်ဆံတာတွေ လုပ်တတ်ပါတယ်။ ဘယ်သူကမှ ရန်မရှာပဲနဲ့ ရန်လိုနေတတ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊ တဘက်သားကို မယုံကြည်စိတ်တွေနဲ့ပဲ လူတွေကို ဆက်ဆံတတ်ပါတယ်။
နအဖစစ်အာဏာရှင်တွေမှာလဲ ဒီလက္ခဏာတွေ အများကြီး တွေ့ရပါတယ်။ သူတို့ မကောင်းပြုခဲ့တဲ့ကံတွေ သူတို့ဆီ ပြန်လာမှာကို စိုးရိမ်စိတ်တွေ၊ သားစဉ်မြေးဆက် ဆွေတော်မျိုးတော် ကောင်းစားရေးအတွက် စုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့စိတ်တွေ၊ လူတဦးနဲ့တဦး အပြန်အလှန်လေးစားမှုရှိတဲ့ ယဉ်ကျေးတဲ့လူ့အသိုင်းအ၀ိုင်းမှာ မနေဖူးပဲ မုဆိုးဘ၀နဲ့ သားကောင်လိုက်ပစ်နေတဲ့ ဘ၀မှာပဲ နေဖူးတာကြောင့် သားကောင်တလှည့်ဖြစ်လာမှာကို စိုးရွံ့စိတ်တွေက သူတို့ရဲ့ စိတ်အစဉ်တွေကို လွှမ်းမိုးပါတော့တယ်။ ဒီအခါမှာ ပါလီမန်ထဲမှာဖြင့် သူတို့ရဲ့ လက်အောက်ငယ်သား ရုပ်သေးကြိုးဆွဲလေးတွေ ပါနေရင်တော့ ဒီလိုကြောက်လန့်ရမှုတွေ လျော့တန် ကောင်းပါရဲ့ ဆိုတဲ့ အတွေးတွေနဲ့ မကြံကောင်း၊ မစည်ရာ တပ်မတော်ကြီးတရပ်လုံး သမိုင်းအဆက်ဆက် သိက္ခာကျစေမယ့်၊ ပါလီမန်ထဲ တပ်မတော်သားတွေ သွတ်သွင်းတဲ့ အစီအစဉ်ကြီး ကို အကောင်အထည် ဖော်ကြတော့တာပဲ ဖြစ်ပါတယ်။ သူတို့နဲ့ သူတို့သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အတွက် တပ်မတော်ရဲ့ အနာဂတ်ကြီးကို ပုံဖျက်ဖို့ ကြိုးစားနေကြသူများပဲ ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မဟာစီမံကိန်းကြီးမှာ တပ်မတော် သားကောင်းရတနာတွေ အသုံးချခံကြရပါမယ်။
နိုင်ငံတကာ အရပ်ရပ်က အဆင့်မြင့် တပ်မတော် တွေဆိုတာက သူ့အဆင့်အတန်းနဲ့သူ သီးခြားရပ်တည်ပြီး၊ ရွေးကောက်ပွဲဆိုရင် တပ်မတော် သားတွေဟာ မဲတောင်ပေးခွင့်မရှိပါဘူး။ ဒါမှလဲ ဘက်လိုက်မှုကင်းပြီး၊ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့ ကာကွယ်ရေးကဏ္ဍနဲ့ နိုင်ငံတော်လုံခြုံရေးကဏ္ဍမှာ အပြည့်အ၀ အာရုံစိုက် တာဝန် ထမ်းဆောင်နိုင်မှာမို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှုမှာဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို စနစ်တကျ ပြန်တည်ဆောက်ရမှာဖြစ်တဲ့ အတွက် ပိုပြီးတောင် သီးခြားရပ်တည်သင့်ပါသေးတယ်။ ဒါကြောင့် တပ်မတော်ရဲ့ မှန်ကန်တဲ့အနာဂတ် အခန်းကဏ္ဍအတွက် အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်တွေ ခြယ်လှယ်ပုံသွင်းတာကို လက်မခံပဲ ပြည်သူလူထုနဲ့ လက်တွဲသင့်ပါတယ်။
အာဏာရှင်ရွေးကောက်ပွဲနှင့် legitimacy
အာဏာရှင်ရွေးကောက်ပွဲတွေ ပေါ်ထွက်လာရတဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့ legitimacy (တရားဝင်ခွင့်) ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ legitimacy ဆိုတာမှာ ပြည်တွင်းနဲ့ ပြည်ပ နှစ်မျိုးရှိပါတယ်။ ပြည်တွင်းတရားဝင်ခွင့် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အာဏာရှင်တွေဟာ အာဏာကို ဆုပ်ကိုင်ထားရတာ၊ ကိုယ်လိုရာ ဖန်တီးဆောင်ရွက်နေရတာတွေကို အင်မတန် ပျော်ရွှင်နှစ်သက်ပြီး သာယာကြပါတယ်။ အာဏာနဲ့ ငွေကြေးဆိုတာ လူတွေရဲ့ စိတ်တွေကို ၁၈၀ ဒီဂရီတောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ လူသားဆိုတာကလဲ ဦးနှောက်နဲ့ စိတ်ခံစားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်တဲ့အတွက် ၀မ်းနည်းစရာရှိရင်လဲ ပယ်ပယ်နယ်နယ် ငိုကြွေးလိုက်ရမှ၊ ခံစားလိုက်ရမှ ဖြစ်တတ်သလို သာယာစရာ၊ ၀မ်းသာစရာတွေရှိရင်လဲ အပြတ်အသတ်ကို အရာရာမေ့ပြီး သဘောတွေ့ မနောခွေ့တတ်ကြတာ မဟုတ်ပါလား။ ဒီတော့ အာဏာရှင်တွေကလဲ လူသားတွေမို့ အာဏာတွေ၊ အာဏာနဲ့ တွဲလာတဲ့ ငွေကြေးအရှိန်အ၀ါတွေကို သဘောတွေ့လာကြပါတယ်။ ဒါပေမယ့် အာဏာကို ဒီအတိုင်းပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် ပြည်တွင်းမှာကော၊ ပြည်ပမှာပါ တရားဝင်အစိုးရဖြစ်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ကြပါတယ်။ ဒီအတွက် ရှဉ့်လဲ လျှောက်သာ၊ ပျားလဲစွဲသာဖြစ်အောင် လူသေအလောင်းကို မှော်သွင်းပြီး ရှင်အောင်လုပ်ထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သရဲကြီးပြီး သဘက်ဖြစ်သွားရင် မနိုင်မှာစိုးတဲ့အတွက် ထိန်းညှိရေး၊ ထိန်းချုပ်ရေး ယန္တရားတွေကိုလဲ စီမံထည့်သွင်းကြရပြန်ပါတယ်။ ရုပ်သေးကြိုးဆွဲဖြစ်ဖို့အတွက် စစ်ဗိုလ်တမတ်သားလဲ ထည့်ရ၊ အကျိုးမျှော်လို့ ညောင်ရေလောင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ အတင်းရွေးကောက်ပွဲဝင်ခိုင်းရ၊ တပ်မတော်သားတွေက ပြည်သူတွေနဲ့ ပေါင်းသွားမှာ စိုးရိမ်ရသေး တဲ့အတွက် တခြားမွေးထားတဲ့ ရပ်ကွက်ထဲက လူမိုက်၊ လူတေ မွေးစားသားလေးတွေကိုလဲ ချီးမြှောက်ရ၊ ရွေးကောက်ပွဲအတွက် စည်းရုံးခိုင်းရ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုတော်လာဘ်တော်တွေ ပေးရ၊ ကိုယ့်ပညာနဲ့ကိုယ် တကမ္ဘာလုံးဘယ်မှာနေနေ တင့်တင့်တယ်တယ် အေးအေးလူလူ နေနိုင်ပေမယ့် မြှောက်ပင့် ခိုင်းစားခံရတာကိုမှ ဂုဏ်ယူချင်နေကြတဲ့ ပညာရှင်တပိုင်း၊ ဗျူရိုကရက်ပေါက်စတပိုင်းတွေကို မြှောက်ပင့်ပေးပြီး ရွေးကောက်ပွဲကို လူတွေ ထောက်ခံချင်လာအောင် ပြောခိုင်း၊ ဆိုခိုင်းရနဲ့ ဖြစ်နေတော့တာပါပဲ။
ဒါတွေက မြန်မာပြည်က အာဏာရှင်တွေတင်မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းဒေသ၊ အာဖရိကဒေသနဲ့ လက်တင်အမေရိက နိုင်ငံများစွာက အာဏာရှင် ရွေးကောက်ပွဲတွေမှာ ဒီလိုလက္ခဏာရပ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမှာ ကိုယ့်ဘက်တော်သားတွေ အများအပြား ပါဝင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းယူတတ်ကြတာ အာဏာရှင်တိုင်းလိုလိုပါ။ ဒါမှလဲ သူတို့ရဲ့ အနာဂတ်အတွက် စိတ်အေးရမှာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် မြန်မာပြည်အာဏာရှင်လို ရုပ်ပျက်ဆင်းပျက် ဖွဲ့စည်းပုံဥပဒေထဲ ကိုယ်လိုချင်တဲ့ အချက်တွေ ဆွဲထည့်ပြီး၊ မဲမခိုးရပဲ ပါလီမန်ထဲ လူရောက်အောင် လုပ်တဲ့ အာဏာရှင်တွေတော့ ကမ္ဘာမှ ရှာမှရှားပါပဲ။ မြန်မာတွေမှာ ကမ္ဘာတ၀ှမ်းက လူတွေနဲ့ မတူတဲ့ ထူးခြားဆန်းကျယ် အရည်အချင်းတချို့ ရှိတတ်ပါတယ်။
ဒီအထဲမှာ သူခိုးက လူပြန်ဟစ်တတ်တဲ့ အရည်အချင်းဟာ လူသိရှင်ကြား နာမည်ကျော်ကြားတဲ့ အရည်အချင်းတရပ်အနေနဲ့ ပါပါတယ်။ နအဖစစ်အုပ်စုကလဲ ဒီအရည်အချင်းနဲ့ အင်မတန်ပြည့်မှီပါတယ်။ ကိုယ်တိုင်က ပြည်သူ့အာဏာကို ကြောင်တောင် ၀င်နှိုက်ထားပေမယ့် အာဏာကို ပြည်သူ့ဆီကသာ သက်ဆင်းစေဖို့ တောင်းဆိုနေကြသူတွေ ကျပြန်တော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို နှောင့်ယှက်ဖျက်ဆီးသူများလို့ သမုတ်ပြန်ပါတယ်။ လင်ယောက်ျားကြီး ငုတ်တုတ်ရှိနေတဲ့ မိန်းမတယောက်ကို ကြောင်တောင်ဝင်နှိုက်ပြီး၊ လင်ယောက်ျားကြီးကို သူခိုးပါ စွပ်စွဲ တာမျိုးနဲ့ တူပါတယ်။ ကြမ်းပိုးက လိပ်ဖြစ်အောင် တတ်နိုင်ပါပေ့လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့်လဲ ဒီလောက်တောင် ဗြောင်ကြီး ကြောင်တောင်နှိုက်နေတာဆိုတော့ နအဖ စစ်အုပ်စုဟာ ပြည်တွင်းတရားဝင်ခွင့် (domestic legitimacy) ကို ဒီလောက်အထိ အလေးထားရုံ မပေါ်ပါဘူး။ ရွေးကောက်ပွဲဖြစ်ရင် ပြီးရောလောက်သာ သဘောထားပါတယ်။
နအဖစစ်အုပ်စု အမှန်တကယ်ဦးတည်တာက international legitimacy ပဲ ဖြစ်ပါတယ်။ တနည်းဆိုရရင် political liberalization နည်းလမ်းကနေ legitimacy ရလာမယ့် အခွင့်အရေးတွေကို မျက်စပစ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Levitsky နဲ့ Way တို့က စစ်အေးကာလနှောင်းပိုင်းမှာ Political liberalization နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အသုံးစရိတ်တွေ မြင့်တက်လာတယ်ဆိုတာကို သုံးသပ်တင်ပြခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေက အာဏာရှင်အစိုးရတချို့ကို liberalization လုပ်ရင် ရလာနိုင်မယ့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ထောက်ပံ့ကူညီမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပြီး ဆွဲဆောင်သိမ်းသွင်းတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကနဦးဒီမိုကရေစီပြောင်းလဲမှု (Initial Democratization) မစတင်နိုင်သေးတဲ့ တိုင်းပြည်တွေမှာ Political liberalization ကနေ တဆင့် ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု (democratic consolidation) ကိုတက်လှမ်းနိုင်မလား ဆိုတာကို အနောက်အုပ်စု နိုင်ငံကြီးတွေက စဉ်းစားလာကြတာတွေ ရှိပါတယ်။ ဒီလိုစဉ်းစားလာမှုတွေရှိတဲ့အခါ မူလက ကနဦးဒီမိုကရေစီ ပြောင်းလဲမှုကို အကောင်အထည်ဖော်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို Political liberalization လမ်းကြောင်းပေါ်ရောက်အောင် နည်းမျိုးစုံနဲ့ တွန်းပို့တာတွေ ရှိတတ်ပါတယ်။
ဒီနည်းလမ်းတွေထဲမှာ အတွေးအခေါ် နည်းလမ်းနဲ့ ငွေကြေး incentives နည်းလမ်းတွေ ပါဝင်ပါတယ်။ “ဘာပါလီမန်မှ မရှိတာထက်စာရင် စစ်ဗိုလ်တမတ်သား ပါလီမန်ကလဲ ကောင်းတာပဲ“၊ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေရှိတာကို လုပ်ရတာ“၊ “ဘယ်လိုပုံစံနဲ့ပဲ သွားသွား၊ democratic consolidation ကသာ အဓိကဖြစ်တာမို့ Initial democratization ထဲက အသုံးအနှုန်းတွေဖြစ်တဲ့ လူထုတိုက်ပွဲတို့၊ တော်လှန်ရေးတို့၊ ပါဝါရှယ်ယာကြားဖြတ်အစိုးရတို့ စတဲ့ စကားလုံးတွေကို မသုံးတော့ပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ ပြောကြ“၊ “မလွဲမသာလျှောက်ရမယ့် လမ်းကိုပဲ လိုက်လျှောက်ပြီး ပါလီမန်ထဲမှာပဲ တိုက်ပွဲဝင်တာကောင်းတယ်“ စတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေဟာ political liberalization လမ်းကြောင်းကို အခြေတည်ပြီး ထွက်ပေါ်လာတာတွေပဲ ဖြစ်ပါတယ်။
တပြိုင်နက်တည်းမှာ ဒီလမ်းကြောင်းခိုင်မာသွားဖို့အတွက် နိုင်ငံရေးသမားတွေကို သက်ဆိုင်ရာအန်ဂျီအိုတွေ၊ နိုင်ငံတွေကတဆင့် ရွေးကောက်ပွဲဝင်ဖို့ လှုံဆော်တာတွေ၊ ရွေးကောက်ပွဲပြီးရင် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုတာတွေ၊ ရွေးကောက်ပွဲကို ထောက်ခံတဲ့ ကင်ပိန်းတွေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လိုအပ်တဲ့ သင်တန်းတွေ ကျင်းပပေးနိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေ လုပ်ကြတာတော့တာပါပဲ။ တချိန်တည်းမှာပဲ အာဏာရှင်ကိုလဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ကုန်သွယ်ရေး၊ စီးပွားရေးအကျိုးအမြတ်တွေနဲ့ မက်လုံးပေးပါတယ်။ ဒါက အနောက်နိုင်ငံတွေ initial democratization ကနေ democratic consolidation ကို သွားတဲ့ လမ်းကြောင်းကို မထောက်ခံတော့ပဲ Political liberalization ကနေ democratic consolidation ကိုသွားတဲ့ လမ်းကြောင်းကို ခင်းပေးတဲ့အခါ လုပ်လေ့လုပ်ထရှိတာတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လဲ ဒီလိုလမ်းခင်းပေးမှုတွေဟာ အောင်မြင်မှုနည်းပါးပြီး၊ အာဏာရှင်ရွေးကောက်ပွဲတွေကတဆင့် အာဏာရှင်အင်စတီးကျူးရှင်းတွေ ပိုမိုခိုင်မာတောင့်တင်းလာအောင် ပြုလုပ်ပေးလိုက်သလိုသာ ဖြစ်သွားတယ်တယ်လို့ ပညာရှင်တွေက ထောက်ပြရေးသားလာကြပါတယ်။ Political liberalization ဖြစ်လာပေမယ့် ဒီမိုကရေစီအမြစ်တွယ်ခိုင်မာမှုကို ဆက်ပြီး အကောင်အထည် မဖော်နိုင်တော့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြားဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ international legitimacy နဲ့ နောက်ဆက်တွဲ အကျိုးအမြတ်တွေ ရလာနိုင်တာကြောင့် အာဏာရှင်တွေက ရွေးကောက်ပွဲတွေကို လုပ်ချင်နေကြတာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ဒီလို အာဏာရှင်ရွေးကောက်ပွဲတွေရဲ့ နောက်ပိုင်းကာလမှာ ပေါ်ထွက်လာနိုင်မယ့် မြန်မာပြည်အနာဂတ် အခြေအနေကို လေ့လာကြည့်ကြရအောင်ပါ။
မြန်မာပြည်အနာဂတ်
ဒီလိုနဲ့ အတိုက်အခံအင်အားစုများပြိုကွဲရေး၊ စစ်တပ်ကို အသုံးချပြီး စစ်အာဏာရှင်များရဲ့ အနာဂတ် ကောင်းစားရေး၊ legitimacy ရရှိရေးတွေကို ရည်ရွယ်ပြီး ထွက်ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေပြု အာဏာရှင်ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ အနာဂတ်မြန်မာပြည်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို တွက်ဆကြည့်ကြရအောင်ပါ။
အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါ အာဏာာရှင်တွေကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေအကြားမှာ အက်ကြောင်းတွေ ဖြစ်မယ်၊ အဖွဲ့တွေ ပြိုကွဲမယ်၊ တဦးနဲ့တဦး မယုံကြည်မှုတွေ ဖြစ်မယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှန်တရားတရပ် တရပ်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ အနောက်အုပ်စုက political liberalization လမ်းကြောင်းကိုပဲ ဦးစားပေးလာတဲ့အခါ အတိုက်အခံအင်အားစုတွေအကြားမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လူထုတိုက်ပွဲဆိုတဲ့ စကားလုံးတွေကို စကားဟဟတောင် မပြောရဲတော့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အာဏာရှင်ရွေးကောက်ပွဲကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံရေး ဆိုတဲ့ စကားလုံးတွေကပဲ ပေါ်ထွက်လာမယ်လို့ ပညာရှင်တွေ ဆန်းစစ်ထားကြတာကလဲ ဖြစ်နိုင်ချေရှိတဲ့ အမှန်တရားတရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဆိုလိုက်တာနဲ့ပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုတဲ့ လမ်းစဉ်ကြီးက လူထုထဲကနေ ပျောက်ကွယ်သွားမှာလား ဆိုတာကတော့ လုံးဝ မဟုတ်ပါဘူး။
“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်သည်“ တဲ့။
ဒါဟာ ကမ္ဘာတ၀ှမ်းက လူထု တော်လှန်ရေးတွေမှာ လက်ကိုင်စွဲခဲ့တဲ့ ဥပဒေသ တရပ်ဖြစ်ပါတယ်။ ဖိနှိပ်မှုဆိုတာ ရှိနေသရွေ့ ပုန်ကန်ထကြွမှုတွေ ဆိုတာကလဲ ရှိနေစမြဲပါပဲ။ တော်လှန်ရေးအင်အားစုတရပ် ပြိုလဲကျတာနဲ့ အင်အားစုအသစ်တွေကလဲ ထွက်ပေါ်လာစမြဲပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေမှာေ၀၀ါးမှု ရှိလာတာနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်သစ်တွေက ပေါ်ပေါက်လာစမြဲပါပဲ။ လူထုကို ကိုယ်စားပြုဖို့ လူထုက ရွေးချယ်ထားသူတွေဟာ လူထုကို ကိုယ်စားမပြုတော့တာနဲ့ လူထုက လက်မခံတော့ပါဘူး။ အာဏာဆိုတာ ပြည်သူ့ဆီကပဲ သက်ဆင်းပါတယ်။ ပြည်သူလူထုဟာ သမိုင်းအဆက်ဆက်မှာ တာဝန်ကျေခဲ့တယ်။ မတရားမှုကို ခေါင်းငုံ့မခံဘူး။ ဒါတွေကို ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းတလျှောက်မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။
၁၉၂၀ ကာလတွေမှာ ဂျီစီဘီအေ ပေါ်ပေါက်လာတယ်။ လူထုလှုပ်ရှားမှုကြီးရဲ့ တပ်ဦးအဖွဲ့ကြီးအဖြစ် လူထုက အားပေးခဲ့ကြတယ်။ မကြာပါဘူး။ ၁၉၂၂ ရောက်တော့ ဒိုင်အာခီအုပ်ချုပ်ရေး စကားလုံးလေးနဲ့ နယ်ချဲ့အာဏာရှင်က မျက်စပစ်လိုက်တာနဲ့ ဂျီစီဘီအေလဲ နှစ်ခြမ်းကွဲပါလေရော။ ၁၉၂၉ လဲ ရောက်ရော ဂျီစီဘီအေ အသင်းကြီး လေးစိပ်လောက် ကွဲနေခဲ့ပြီ။ နိုင်ငံရေးဒိတ်ဒိတ်ကြဲ ခေါင်းဆောင်ကြီးတွေ လူထုမျက်နှာကို မကြည့်ကြပဲ အာဏာနောက်၊ ဥစ္စာဓနနောက် တကောက်ကောက်လိုက်ပြီး အာဏာအဝေမတည့်ကြနဲ့ အမတ်နွံနစ်လိုက်ကြပုံများ လူကြားမကောင်း၊ သူကြားမကောင်း။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတောင် “တောင်ကျရေနွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်“ လို့ စာချိုးရေးရတဲ့အထိကို ရွေးကောက်ပွဲနွံ၊ အမတ်နွံနစ်ပြီး အာဏာနောက်၊ ဥစ္စာနောက် လိုက်ခဲ့ကြတာကလား။ ဒီအချိန်မှာ လူထုဘာလုပ်ခဲ့ကြသလဲ။ အမျိုးသားလွတ်မြောက်ရေး၊ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့ သခင်သသောင်းဦးဆောင်တဲ့ တို့ဗမာ အစည်းအရုံးကြီးကို အားရပါးရ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါရောလား။ ဒိုင်အာခီအမတ်တွေ ပါလီမန်ထဲဝင်ပြီး နယ်ချဲ့တွေ ပြောသမျှ ခေါင်းပေါင်းစတလူလူနဲ့ ခေါင်းတော်ညိမ့်နေကြချိန်မှာ “ကမ္ဘာမကြေ၊ ဗမာတတွေ၊ ဒါ-ဒို့ပြေ၊ ဒါ-ဒို့မြေ၊ ဒါ ငါတို့ပြေ“ ဆိုတဲ့ သီချင်းတွေက တောရောမြို့ပါ မကျန် ပျံ့နှံ့နေခဲ့ပြီ။ လုံးဝလွတ်လပ်ရေး တောင်းဆိုသံတွေက ပါလီမန်နဲ့ နယ်ချဲ့ အာဏာရှင်အသိုင်းအ၀ိုင်းကလွဲရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲထင်နေခဲ့ပြီ။
လူထုရဲ့ ခေါင်းဆောင်တွေ၊ လူထုကို ကိုယ်စားပြုသူတွေဆိုတာ လူထုရဲ့ မျက်နှာကို ဖတ်တတ်ရမယ်၊ လူထုရဲ့ နှလုံးသားထဲက စကားသံတွေကို နားထောင်တတ်ရမယ်၊ လူထုရဲ့ မျက်လုံးက ကျလာတဲ့ မျက်ရည်တွေကို ခံစားတတ်ရမယ်။ ဒါတွေကို သွေဖည်ပြီး လူထုကသာ ခေါင်းဆောင်တွေ ဆုံးဖြတ်လုပ်ကိုင်တာကို လက်ခံရမယ်ဆိုတဲ့ အတွေးအခေါ်တွေ လူထုကိုယ်စားပြုသူတွေရဲ့ စိတ်ထဲ ရောက်လာတာနဲ့ တပြိုင်နက် သူတို့နဲ့ လူထုကြီး ကွဲကွာသွားပြီဆိုတာ အသေအချာပဲ။
အာဏာရှင်တွေဟာ ရွေးကောက်ပွဲတွေ မကျင်းပခင်မှာ elite management ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား စီမံခန့်ခွဲမှုကို ကနဦးလုပ်ကြတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြတယ်။ အဓိကကတော့ နိုင်ငံရေးဦးဆောင်နေသူတွေ၊ ခေါင်းဆောင်တွေကို သူတို့ရဲ့ စီမံကိန်းထဲ ရောက်အောင် ရာထူးအာဏာ၊ ဥစ္စာဓန၊ ပျော့ပျောင်းသော အတွေးအခေါ်တွေနဲ့ ချဉ်းကပ်ပြီး ကျုံးသွင်းခြင်းပါ။ ဒီလိုလုပ်လာတဲ့အခါမှာ နိုင်ငံရေးဒိတ်ဒိတ်ကြဲခေါင်းဆောင်ကြီးတွေကတောင် လက်ခံလိုက်ပြီဆိုတဲ့ သတင်းစကားကို လူထုထဲ ဖြန့်လိုက်တာနဲ့ လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ လျော့ပါးသွားမယ်လို့ ယူဆကြပါတယ်။ အဓိကကတော့ အာဏာရှင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေပဲ အနာဂတ်နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မယ်။ ဒါကို လူထုက လက်ခံရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးတွေ ပေါ်လွင်စေဖို့အတွက် elite democratization process နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေက ဟန်ချက်ညီ ထွက်ပေါ်ရပါတယ်။ ဒါကို အချို့ကလဲ ဘောလုံးပွဲနဲ့ ဥပမာပေးတတ်ကြပါသေးတယ်။ လူထုက ပွဲကြည့်ပရိသတ်သာ ဖြစ်တယ်။ တကယ်အရှုံး၊ အနိုင်၊ သရေကျတာတွေက ကွင်းထဲက ဘောလုံးသမားတွေနဲ့ ဆိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပါ။
ဒါပေမယ့် ပြည်သူလူထုဟာ ဘောလုံးပွဲကို သက်တောင့်သက်တာ ထိုင်ကြည့်နေရတဲ့ ပရိသတ်မဟုတ်ဘူး။ စစ်အာဏာရှင်ဆန့်ကျင်ရေးကာလတလျှောက်လုံးမှာ ပြည်သူလူုထုတရပ်လုံးရဲ့ သွေးတွေ၊ ချွေးတွေ၊ နှလုံးသွေးစက်တွေ ရင်းထားရတာ။ နှစ်ရှည်ထောင်ဒဏ်ကျတဲ့ ဖခင်တယောက်ကို တနေ့တွေ့ရမှာပဲ လို့ မျှော်လင့်နေတဲ့ ကလေးငယ်လေးတယောက်ရဲ့ ခံစားချက်၊ သမီးငယ်လေး မုဒိမ်းကျင့်သတ်ဖြတ်ခံရလို့ နှလုံးကွဲအောင်ခံစားနေရတဲ့ မိအို၊ ဖအိုတွေရဲ့ ငိုကြွေးနေတဲ့ နှလုံးသား၊ ပျောက်ဆုံးသွားတဲ့ လင်ယောက်ျားတွေ၊ ဇနီးသည်တွေ၊ ချစ်သူတွေကို မျှော်လင့်ရင်း ကျဆင်းနေတဲ့ ဇနီးမယားတွေ၊ လင်ယောက်ျားတွေ၊ ချစ်ကြင်နာသူတွေရဲ့ မျက်ရည်စက်တွေ၊ ဆေးရုံပေါ်မှာ ဆေးဝါးဝယ်ဖို့ မတတ်နိုင်လို့ မသေသင့်ပဲ သေရတဲ့ အမေ့အလောင်းကို ဖက်ပြီး ငိုင်နေရတဲ့ သားသမီးတွေရဲ့ အသက်မဲ့မျက်နှာ၊ ဆာလောင်ပြီး ငိုကြွေးနေတဲ့ ကလေးငယ်လေးကို အဆာပြေကျွေးစရာ ဘာမှ မရှိလို့ အံကြိတ်ရင်း ခံစားနေရတဲ့ ဖခင်တယောက်ရဲ့ လက်သီးဆုပ်၊ ရွယ်တူကျောင်းတက်နေတဲ့ ကလေးတွေကို ငေးကြည့်ရင်း ၀မ်းနည်းနေတဲ့ လမ်းဘေးက သူတောင်းစားကလေးငယ်လေးရဲ့ ရင်ထဲက စကားသံတွေ၊ မျက်စိရှေ့မှာ ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်နေတာကို မြင်ထားရတဲ့ လူထုရဲ့ နာကျည်းမှုတွေ။
ဒါတွေဟာ “လူထုကြီးရေ။ ခင်ဗျားတို့ အားလုံးကို မေ့ထားလိုက်ကြတော့။ ကျုပ်တို့က အားလုံးကို သင်ပုန်းချေပြီး အမျိုးသားသင့်မြတ်ရေးပဲလုပ်မယ်“ လို့ စကားလေးတခွန်းပြောလိုက်တာနဲ့ ပြီးဆုံးသွားမယ့် အရာတွေ မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်ဖြစ်သွားဖို့ဆိုတာ ပါလီမန်ထဲ နိုင်ငံရေးခေါင်းဆောင်တွေ ရောက်သွားရုံ၊ အာဏာရှင်ရွေးကောက်ပွဲပြီးသွားရုံလောက်နဲ့ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်ပြီးသွားခဲ့တဲ့ အမှန်တရားတွေ၊ တာဝန်ရှိသူတွေကို လူထုအကြားမှာ ဖော်ထုတ်ပြရမယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ လူထုကို ၀န်ချတောင်းပန်ရမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို စနစ်ရဲ့သားကောင်တွေက နားလည်ခွင့်လွှတ်မှုရှိလာအောင် ကြိုးပမ်းအားထုတ်ရမယ်။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပြီးတော့မှ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ဆိုတာ ထွက်ပေါ်လာတာဖြစ်တယ်။ ပြီးတော့ ဒီကော်မရှင်က ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေ (interim constitution) ရဲ့ final clause ဖြစ်တဲ့ “ပြစ်ဒဏ်ပေးတာ မဟုတ်ပေမယ့် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို သိနားလည်မှု လိုအပ်တယ်။ လက်စားချေဖို့ မဟုတ်ပေမယ့် မှားယွင်းမှုအတွက် ၀န်ချတောင်းပန်တာ၊ လျော်ကြေးပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်“ ဆိုတဲ့ အချက်အပေါ်မှာ မူတည်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ကာလတွေမှာ လူထုရဲ့ စိတ်အနာတွေကို ကုစားဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီးရှိသေးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တောင်းဆိုနေရတဲ့ စကားလုံး မဟုတ်ဘူး။ လုပ်ဆောင်ရတဲ့ အလုပ်ပဲ ဖြစ်တယ်။ ပဋ္ဋိပက္ခတွေပြီးဆုံးပြီးမှ ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ နအဖကို တောင်းဆိုရအောင် နအဖရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီလိုပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ စာပိုဒ်တပိုဒ်တလေ၊ လိုက်လျောမှုတစုံတရာများ ရှိနေတာမှ မဟုတ်သေးတာကလား။ ဒီလိုမဟုတ်ပဲ အတိတ်ကိုမေ့လိုက်ဖို့၊ သင်ပုန်းချေဖို့၊ ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဆိုတာက ဘာနဲ့ သွားတူသလဲဆိုရင် နယ်ချဲ့ခေတ်တုန်းက ကျေးရွာသူလေးကို မြို့ပိုင်သားက စော်ကားလိုက်တဲ့အခါ သူကြီးက ကြားဝင်ပြီး “ငါက ရွာအကြီးအကဲအနေနဲ့ ဆုံးဖြတ်ပေးမယ်။ ပြီးတာတွေလဲ မေ့လိုက်ကြတော့။ မဟုတ်ရင် နင်ကလဲ မိန်းကလေးဆိုတော့ ရပ်ကျော်ရွာကျော်ဖြစ်ပြီး သိက္ခာကျမယ်။ ဟိုဘက်ကလဲ မြို့ပိုင်သား။ အာဏာရှိတဲ့မင်းတွေ။ ဖက်ပြိုင်ဖို့ မကြိုးစားပါနဲ့“ လို့ ပြောနေတာနဲ့ တူတယ်။ အဲဒီလို ဆိုလိုက်တာနဲ့ ရွာလူထုက မြို့ပိုင်သားရဲ့ ပြစ်မှုကို ကျေနပ်သွားရောတဲ့လား။ မကျေနပ်တဲ့အပြင် နယ်ချဲ့ရဲ့ ဖိနှိပ်စော်ကားမှုတွေကို ပိုပြီး မြင်လာကြတော့တာပါပဲ။ သူကြီးကိုကျတော့ ဘယ်လိုအမည်တပ်ပါသတဲ့လဲ။ “နယ်ချဲ့ အလိုတော်ရိ“ လို့ အမည်တပ်ပါတယ်။
မျက်မှောက်ခေတ်မှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက အမျိုးသားသင့်မြတ်ရေးကို အသာထားလို့ စစ်ကျွန်စနစ် ရှင်သန်ခိုင်မာရေး၊ အာဏာရှင်သားစဉ်မြေးဆက်ကောင်းစားရေးတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့စိတ်ကြိုက် ရေးဆွဲပြီးမှ မဲလိမ်၊ မဲခိုးပြီး အတည်ပြုထားတာ ဖြစ်တယ်။ စကားကမ်းလှမ်းမှု၊ လိုက်လျောမှုလေးတွေ ဆိုတာက သူတို့ဘက်က ပိုင်ပြီဆိုတော့မှ elite management process ဖြစ်တဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို အာဏာရှင်ရွေးကောက်ပွဲတွေ၊ အာဏာရှင်အလိုကျ အတွေးအခေါ် နွံထဲတွေ ကျုံးသွင်းယူတဲ့ စီမံခန့်ခွဲရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နေတာပဲဖြစ်တယ်။ ဒါကို မမြင်ပဲ “မောင်မောင်ခေါ်တိုင်း ဗျာလိုက်ထူး“ လို့ကတော့ “အာဏာရှင်အလိုတော်ရိ“ ဆိုတဲ့ ဆိုင်းဘုတ်ကို လူထုက လည်ပင်းမှာ စွပ်ပေးလာကြမှာပဲ ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ရွေးကောက်ပွဲ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ မဟုတ်တာကြောင့် လူထုနဲ့အတူလက်တွဲပြီး အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးသမားတွေကလဲ စဉ်ဆက်မပြတ်ဆက်ထွက်နေဦးမှာ အသေအချာပဲ။ အာဏာရှင်ရွေးကောက်ပွဲတွေဟာ ရေပေါ်ဆီ နိုင်ငံရေးအသိုင်းအ၀ိုင်းတွေကို လူထုနဲ့ ခွဲထုတ်ပြီး ရာထူးအာဏာ၊ ဥစ္စာနွံထဲ နှစ်လိုက်တာနဲ့ နွံထဲမှာ အနစ်မခံကြတဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုနဲ့ဟာ ပိုပြီး ပူးပေါင်းမိလာကြမှာပဲဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ရွေးကောက်ပွဲအလွန် ကာလတွေမှာ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကတော့ ရှိနေဦးမှာပဲဖြစ်သလို၊ တော်လှန်ရေး လှုပ်ရှားမှုတွေကလဲ ရှိနေဦးမှာပဲ ဖြစ်တယ်လို့ ဆိုနိုင်တယ်။
အာဏာရှင်တွေဟာ ပင်မဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်ဒေါက်တိုင်ပြိုလဲမှုကို အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ထိန်းသိမ်း ဖြေရှင်းလေ့ရှိတယ်လို့ ရှေ့ပိုင်းမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူနဲ့ ပူးပေါင်းသွားချိန်မှာ စစ်တပ်ဒေါက်တိုင် ပြိုလဲပါတယ်။ နအဖစစ်အာဏာရှင်တွေက ပါလီမန်ထဲကို စစ်ဗိုလ်အမတ်တွေ ထည့်လိုက်တာဟာ မြားတစင်းထဲနဲ့ ဌက်နှစ်ကောင် ပစ်ချလိုက်တာပါ။ အာဏာဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တာကြောင့် တပ်တွင်းမှာလဲ အာဏာရူး၊ အမတ်ရူးတွေရဲ့ အပြိုင်အဆိုင်တွေ ပေါ်လာကြဦးမှာပါ။ တခါ စစ်ဗိုလ်အမတ်တွေ တပ်ထဲ ပြန်ရောက်လာတဲ့အခါမှာလဲ အမတ်မဟုတ်ခဲ့ဖူးတဲ့ စစ်ဗိုလ်တွေနဲ့ တပ်ထဲမှာ သဘောထားအကွဲလေးတွေ ဖြစ်ကြဦးမှာပါ။ ဒီလိုအချိန်လေးတွေမှာ အမတ်ရူးတဲ့ ဗိုလ်ကလဲ အမတ်ဖြစ်ဖို့ တပ်မတော်အကြီးအကဲကြီးတွေကို ကပ်ရ၊ ဖားရ ဖြစ်ကြမယ်။ တပ်တွင်းမှာလဲ သဘောထားအကွဲလေးတွေနဲ့ တပ်မတော်တွင်းစည်းလုံးညီညွတ်ရေး ဖရိုဖရဲတွေဖြစ်မယ်။ ရာထူး၊ အာဏာတွေမှာ ပုံစံအမျိုးမျိုးနဲ့ သာယာကြမယ်။ အောက်ခြေက တပ်သားတွေနဲ့ အရာရှိတွေအကြားမှာ ကွာဟမှု သိပ်ကြီးမယ်။ ရာထူးအာဏာစည်းစိမ်တွေကြောင့် ပြည်သူဘက်က ရပ်တည်တဲ့ တပ်မတော်ဖြစ်လာဖို့ ရာခိုင်နှုန်းက တော်တော်နည်းသွားပါမယ်။ တပ်ချုပ်ကြီးအလိုကျတပ်မတော်သာ ဖြစ်နေပါမယ်။ တချိန်တည်းမှာပဲ တပ်မတော်က သူ့အလုပ်ကို သူမလုပ်ပဲ နိုင်ငံရေးအာဏာမှာ ကန့်လန့်ကန့်လန့် ၀င်လုပ်နေတော့ ပြည်သူတွေက မျက်မုန်းကျိုးကြပါမယ်။ ပြည်သူနဲ့ စစ်တပ်ကြား ဘယ်လိုမှ ပေါင်းစည်းလို့ မရနိုင်တော့တဲ့ စည်းတွေ ဖြစ်လာကုန်မယ်။ ဒီလိုဖြစ်လာလေလေ၊ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်နဲ့ အနာဂတ်ဘ၀ လှပလေ လို့ သူတို့ယူဆကြပါတယ်။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုတာမျိုးပါ။
ဒါပေမယ့် တပ်မတော်ထဲမှာ ရှိနေတဲ့ အက်ကြောင်းဟာ ရာထူးအာဏာတွေအပေါ်မှာပဲ အခြေခံပြီး ရှိနေတဲ့ အက်ကြောင်း မဟုတ်ပါဘူး။ အထင်ရှားဆုံး အက်ကြောင်းကြီးက အမိန့်နာခံမှုနဲ့ လူသားပီသစွာ စဉ်းစားဆင်ခြင်တွေးခေါ်မှု ဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ တပ်မတော်သား တွေဟာ ပြည်သူလူထုဆိုတဲ့ မိခင်ဆီက မွေးဖွားလာခဲ့ကြတဲ့ အမေ့သားတွေပါ။ ရာထူးအာဏာ၊ ဥစ္စာတွေကြောင့် ဘ၀မေ့ပြီး အမေအိုကြီးကို ခြေထောက်နဲ့ ကန်တတ်သူတွေ ရှိသလို၊ အမေအိုကို အလုပ်အကျွေးပြုချင်နေကြတဲ့ သားကောင်းရတနာတွေလဲ ရှိနေဆဲပါပဲ။ ဒီလိုသားကောင်းရတနာတွေဟာ အချိန်ကာလတခုမှာ အမိန့်နာခံမှုဆိုတဲ့ တံတိုင်းကြီးကို ကျော်လွှားပြီး အမေ့ရင်ခွင်ကို ပြန်ခိုလှုံလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်ပေးလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးနဲ့ တူတဲ့ ပြည်သူလူထုဟာ ဒီအချိန်ကို နှစ်ပေါင်းများစွာ စောင့်နေခဲ့ကြပါတယ်။ အမေ့ရင်ခွင်ကို ခိုလှုံလာမယ့် သားကောင်းရတနာတွေကို မျှော်လင့်နေကြပါတယ်။ သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ အမေ့မေတ္တာ၊ စေတနာတွေကို တချိန်မှာ သားတွေ နားလည်လာကြမှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ပြည်သူလူထု၊ အမေ့ရင်ခွင်ဆီပြန်လာတဲ့ တပ်မတော်နဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေက တဘက်၊ ဒေ၀ဒတ်ကို ဆရာတင်ပြီး ကာကွယ်ပေးနေတဲ့ တပ်မတော်သားအချို့နဲ့ လူထုစေတနာကို စော်ကားပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို သစ္စာဖောက်တဲ့ အာဏာရှင်အလိုတော်ရိတွေက တဘက် ထိပ်တိုက်ရင်ဆိုင်ရမှုတွေ ရှိလာကြဦးမှာ မလွဲသေချာပါပဲ။
အနာဂတ်မြန်မာပြည်မှာ နောက်ထပ်ဖြစ်လာနိုင်တာကတော့ legitimacy နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အာဏာရှင်တွေက “အာဏာရှင်ရွေးကောက်ပွဲလေးတွေ ကျင်းပလိုက်ရရင်ဖြင့် legitimacy တော့ရပြီ၊ ပြည်ပက အရေးယူမှုတွေတော့ ရပ်ပြီ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ကူညီထောက်ပံ့မှုလေးတွေ ၀င်လာလို့တော့ဖြင့် တို့ရဲ့ သားစဉ်မြေးဆက်တွေ ထောင်ထားတဲ့ လုပ်ငန်းတွေ အကျိုးအမြတ်ရပြီ၊ အရိုးအရင်းကိုက်ဖို့ မွေးထားတဲ့ အဖွဲ့လေးတွေကလဲ တို့ကို တော့ သစ္စာရှိရှိနဲ့ တွယ်နှောင်နေတော့မယ်။ အရိုးအရင်းကိုယ်တဲ့ အဖွဲ့လေးတွေလဲ အများကြီး ပေါ်လာဦးမယ်။ အဖွဲ့တွေအချင်းချင်းလဲ ချကြဦးမယ်။ ဒါနဲ့ပဲ သူတို့ဘာသာရှုပ်နေပြီး တို့ကို ဆန့်ကျင်ဖို့ ကိစ္စ တွေးဖြစ်ကြတော့မှာ မဟုတ်ဘူး“ လို့ ထင်ကြပါလိမ့်မယ်။ ၂၀၁၀ အလွန်ကာလ အိပ်မက်ကြီးတွေ မက်ပြီး၊ အိပ်မက်ထဲ အနိုင်ဂိုးသွင်းလိုက်ရတဲ့ ဘောလုံးသမားမျက်နှာနဲ့ ဆန့်ဆန့်ကြီးပြုံးပြီး အိပ်ယာထဲမှာ လှဲနေကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်ဖြစ်ရပ်တွေဆိုတာ အိပ်မက်နဲ့ မတူညီနိုင်ပါဘူး။
အာဏာရှင်တွေ မျှော်မှန်းထားသလို အကျိုးအမြတ်တွေ ရမှာကလဲ အသေအချာပဲ။ အရိုးအရင်းကိုက်တဲ့ အဖွဲ့တွေသာ မကပဲ၊ အန်ဖတ်ထဲ အသားစလေးများ ရှိဦးမလားဆိုပြီး ရှာကြတဲ့ အဖွဲ့တွေလဲ ထွက်လာဦးမှာပဲ။ အဖွဲ့တွေအချင်းချင်း အဝေမတည့်ပဲ အပြိုင်အဆိုင်တွေလဲ ဖြစ်ကြဦးမှာပဲ။ ဒါပေမယ့် legitimacy ဆိုတာ ယုံကြည်ကိုးစားမှု (trust) နဲ့ ထိရောက်မှု (Effectiveness) ပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။
legitimacy ဆိုတာ ပြည်ပက ထောက်ပံ့မှုတွေ ၀င်လာရုံ တခုတည်းနဲ့ ရလာနိုင်တာ မဟုတ်ပါဘူး။ legitimacy နဲ့ အတူ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု (trust) ကပါ တပြိုင်တည်းတွဲနေတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေကို လူထုက မဲမပေးပဲနေသည်ဖြစ်စေ၊ ခြိမ်းချောက်ခံရလို့ မဲပေးရသည်ဖြစ်စေ လူထုရင်ထဲက အသိအမှတ်မပြုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလဲ ပြည်သူ့အစိုးရလို့ လူထုက အသိအမှတ်မပြုပါဘူး။ ယုံကြည်ကိုးစားမှု မရှိပါဘူး။ ဒီနေရာမှာ တချို့က ဆိုပါမယ်။ အာဏာရှင်ဘက်တော်သားတွေကို လူထုက မယုံကြည်သင့်ဘူးဆိုရင် ဒီမိုကရေစီ သမားတွေကကော ဘယ်လောက်ယုံကြည်စရာ ကောင်းသလဲ လို့ မေးစရာ ရှိပါတယ်။ ရိုးအီစွာ ကြားနေကြရပြီဖြစ်တဲ့ မရသေးတဲ့ အာဏာကို အဝေမတည့် ဖြစ်ကြတာတွေ၊ ငွေကြေးအလွဲသုံးစားမှုတွေ၊ တော်လှန်ရေးအဓွန့်ရှည်ပါစေလို့ ဆုတောင်းနေကြသံတွေ နဲ့ ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်နေတာတွေ ကကော ယုံစရာကောင်းသလားလို့ ဆိုကြပါလိမ့်မယ်။
ဒီအတွက် ကျွန်မဆီမှာကလဲ ဖြေစရာ အဖြေတခုပဲ ရှိပါတယ်။ လူဆိုတာ လူပဲဖြစ်တယ်။ လူတိုင်း၊ လူတိုင်းဆီမှာ လူပီသတဲ့ ကောင်းတဲ့ စိတ်ထားတွေ ရှိသလို လူ့လောကကို အကျည်းတန်စေတဲ့ မကောင်းတဲ့ စိတ်ထားတွေလဲ ရှိတယ်။ အာဏာရှင်ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်တွေရှိတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်ထားတွေ ရှိတယ်။ တခါတရံမှာ ကောင်းတဲ့ စိတ်က အနိုင်ရတယ်၊ တခါတရံမှာ မကောင်းတဲ့ စိတ်ထားက အနိုင်ရတယ်။ ဒီလိုမကောင်းတဲ့ စိတ်ထားက အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက ဥစ္စာဓနစည်းစိမ် ငွေကြေးတွေနဲ့ ရာထူးအာဏာတွေပဲ ဖြစ်တယ်။ ကောင်းတဲ့ စိတ်ထားက မကောင်းတဲ့ စိတ်ထားကို အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက စည်းကမ်း၊ ဘာသာတရား၊ တရားမျှတတဲ့ ဥပဒေနဲ့ စစ်မှန်တဲ့ စနစ်တွေပဲ ဖြစ်တယ်။ ကျွန်မတို့ဆီမှာ လူသတ်တာဟာ မကောင်းဘူးဆိုတဲ့ ဘာသာတရား အဆုံးအမ၊ လူသတ်မှုဖြစ်ရင် အဖမ်းခံရမယ်ဆိုတဲ့ ဥပဒေအတားအဆီး တွေသာ မရှိဘူးဆိုရင်၊ ဒေါသ၊ မောဟစတဲ့ မကောင်းတဲ့ စိတ်ထားတွေ၊ အလိုရမက် လောဘတွေက လူကို ကြီးစိုးလာတဲ့အခါ လူမသတ်မိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဒါကြောင့် လူတိုင်းမှာ မကောင်းတဲ့ စိတ်၊ ကောင်းတဲ့ စိတ်တွေ ဒွန်တွဲရှိနေတယ် ဆိုတာ ယေဘူယျ နားလည်ထားရမှာဖြစ်တယ်။
အခုမြန်မာပြည်က စစ်အာဏာရှင်တွေဟာ ဘာလို့ ရမ်းကားနေသလဲ။ အစိုးရတရပ်ကို ထိန်းညှိပေးနိုင်မယ့် စနစ်တခုရဲ့ ထိန်းကျောင်းမှု မရှိလို့ပဲဖြစ်တယ်။ ပြည်ပအတိုက်အခံတွေမှာကော ဘာကြောင့် ဒီလိုပြဿနာတွေ လူသိရှင်ကြား ဖြစ်လာရသလဲ။ “ တော်လှန်ရေးကာလမှာ အချင်းချင်း နားလည်ခွင့်လွှတ် ထားသင့်တယ်၊ မကောင်းတာလေးတွေ ရှိရင်လဲ ဖုံးဖိထားသင့်တယ်၊ ရန်သူသိရင် ၀မ်းသာသွားလိမ့်မယ်“ ဆိုတဲ့ အယူအဆတွေနဲ့ စည်းကမ်းတကျ ထိန်းညှိမှု မရှိလို့ ပရမ်းပတာဖြစ်ကုန်တာပဲ ဖြစ်တယ်။ ရာထူးအာဏာဆိုတာ ကြာကြာဆုပ်ကိုင်ထားရင် လူတွေရဲ့ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့ စိတ်တွေကို အနိုင်ရလာအောင် တွန်းပို့ပေးတတ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဒီမိုကရေစီ စနစ် ရှင်သန်ပေါ်ထွန်းရေးဆိုတာ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်နေတာပဲ ဖြစ်တယ်။ ဒီရည်မှန်းချက်က အန်အယ်ဒီပါတီ အာဏာရရေးကို ပြောနေတာ မဟုတ်ဘူး။ အတိုက်အခံတွေ အာဏာရရေးကို ဆိုလိုတာ မဟုတ်ဘူး။ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့စိတ်တွေကို အနိုင်ရစေတဲ့ စနစ်ကို ဖယ်ရှားပြီး၊ တရားနည်းလမ်းကျပြီး မကောင်းတဲ့ စိတ်တွေကို ထိန်းညှိပေးနိုင်မယ့် စနစ်သစ်ကို အစားထိုးတာကို ဆိုလိုတာ ဖြစ်တယ်။ ဒါကြောင့် “အာဏာရှင်လဲ ဒီအတိုင်းပဲ၊ အတိုက်အခံတွေလဲ ဒီအတိုင်းပဲ။ အတိုက်အခံဆိုတဲ့ လူတွေ အာဏာမရသေးခင်မှာတောင် ဒီလောက်ဖြစ်နေတာ၊ အာဏာရရင် ပိုဆိုးမှာပေါ့ “ ဆိုတဲ့ အဆိုတွေဟာ မှားယွင်းတယ်။ ဒီအတိုက်အခံတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲတွေမှာ လူထုက ရွေးချယ်ပါမယ်လို့ကော ဘယ်သူက တပ်အပ်ပြောနိုင်တာမို့လဲ။ အဖြေက ရှင်းရှင်းလေးသာ ဖြစ်တယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ဘက်တော်သားလဲ ၀င်ပြိုင်၊ အတိုက်အခံတွေလဲ ၀င်ပြိုင်၊ တခြားဘယ်သူမဆို ၀င်ပြိုင်လို့ရတယ်။ ဒါပေမယ့် စစ်မှန်သော ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်သူ့အစိုးရဖြစ်တာနဲ့ ပြည်သူလူထု အကျိုးကိုပဲ ဆောင်ကျဉ်းကြရမယ်။ မဆောင်ကျဉ်းပဲ ကိုယ်ကျိုးရှာသူတွေကို စနစ်က ဖယ်ထုတ်ပစ်မှာသာ ဖြစ်တယ်။ ဒီတော့ “အာဏာရှင်လဲ ဒီအတိုင်းပဲ။ အတိုက်အခံလဲ ဒီအတိုင်းပဲ။ ဒါပေမယ့် လူတွေရဲ့ မကောင်းစိတ်တွေကို စနစ်က ဖယ်ရှားပေးလိမ့်မယ်။ ဒီအတွက် မှန်ကန်တဲ့ စနစ်ဖြစ်လာအောင် အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်“ လို့ စဉ်းစားဖို့ လိုအပ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲကတော့ မှန်ကန်တဲ့ စနစ်ကို ဖန်တီးပေးနိုင်တာ မဟုတ်ပဲ အာဏာရှင် မျိုးစေ့တွေ ချပေးနေတာဖြစ်တဲ့အတွက် အဲဒီကနေ ထွက်ပေါ်လာတဲ့ အစိုးရဟာ လူထုရဲ့ ယုံကြည်ကိုးစားမှု မရမှာ အသေအချာပဲ ဖြစ်တယ်။ ဒါကြောင့် ယုံကြည်ကိုးစားမှုနဲ့ ယှဉ်ပြီး ထွက်ပေါ်လာတာ မဟုတ်တဲ့ legitimacy ဆိုတာကလဲ စက္ကူကျားတခုပဲ ဖြစ်လာမှာ သေချာတယ်။ Legitimacy နဲ့ ယှဉ်တွဲနေတဲ့ နောက်ထပ်အချက်တခုကတော့ ထိရောက်မှုရှိခြင်း (Effectiveness) ပါ။ နိုင်ငံတခုမှာ ရှိတဲ့ အစိုးရတရပ်ရဲ့ ရပ်တည်နိုင်မှုဟာ တရားဝင်မှုနဲ့ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှု တွေအကြားက ဆက်နွယ်မှုပေါ်မှာ မူတည်ကြောင်း နိုင်ငံရေးပညာရှင် Lipset က ဆိုထားပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမို့ တရားဝင်အစိုးရလို့ ခေါ်တွင်နိုင်ပေမယ့် တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်မှု မရှိရင် ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ လူထုက ဖြုတ်ချတာ၊ အာဏာသိမ်းတာတွေ ဖြစ်လာတတ်လေ့ရှိတယ်။
ဥပမာဆိုရရင် မြန်မာနိုင်ငံမှာ ပထစ အစိုးရဟာ တရားဝင်မှုရှိခဲ့ပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းတယ်။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို သေချာ မထူထောင်နိုင်ဘူး။ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေထက် အကွဲကွဲအပြဲပြဲနဲ့ အချိန်ကုန်နေကြတယ်။ လူထုက သူတို့အပေါ် ယုံကြည်ကိုးစားမှု နည်းလာတယ်။ တရားဝင်အစိုးရဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ်နေတဲ့ cycle of military dictatorship ကို ကာကွယ်ပေးနိုင်မယ့် ယန္တရားတွေ မကျင့်သုံးနိုင်ကြဘူး။ civilian rule ကို အားကောင်းလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် စစ်အာဏာသိမ်းတာ ခံခဲ့ရတာပဲဖြစ်တယ်။ တခါ မဆလ အစိုးရမှာကျတော့လဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် legitimacy ရှိတယ်လို့ ဆိုနိုင်ပေမယ့် မဆလအစိုးရကို လူထုက ယုံကြည်ကိုးစားမှုမရှိဘူး။ တိုင်းပြည်အုပ်ချုပ်ရေးမှာလဲ အကြောက်တရားနဲ့ ဖိနှိပ်နိုင်တာပဲ ရှိပြီး တိုင်းပြည်အုပ်ချုပ်ရေးကို မနိုင်နင်းဘူး။ မဆလအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ တစတစ ယိုယွင်းပျက်စီးလာတယ်။ ဒါကြောင့်လဲ ၁၉၈၈ ခုနှစ်မှာ လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတော့ တမဟုတ်ချင်း မဆလ အစိုးရပြုတ်ကျသွားတာပဲ ဖြစ်တယ်။
ဒီတော့ တရားဝင်မှုနဲ့အတူ ယုံကြည်ကိုးစားမှုနဲ့ အစိုးရတာဝန်တွေ ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှု ဆိုတာတွေကပါ အစိုးရတခု ရပ်တည်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် တရားဝင်မှုတော့ ရှမှာအမှန်ပဲ။ ဒါပေမယ့် လူထုရဲ့ ယုံကြည်ကိုးစားမှု မခံရတာရယ်၊ အစိုးရတာဝန်တွေ ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ မဟုတ်တာရယ်ကြောင့် တချိန်မှာ လူထုက ဆန့်ကျင်တာ (သို့မဟုတ်) စစ်အာဏာရှင်တွေက အာဏာသိမ်းတာတွေ ခံကြရဦးမှာပဲ ဖြစ်တယ်။ “ဘာကြောင့် ဒီလိုဆိုရလဲ၊ အတိုက်အခံ နိုင်ငံရေးသမားပီပီ ခင်ဗျားက မကောင်းတာတွေပဲ ပြောနေတာပဲ“ လို့ ကျွန်မကို မေးလာခဲ့ရင် အဖြေရှိတယ်။ ကျွန်မဘာကြောင့် ဆိုရလဲ ဆိုတော့ ၂၀၁၀ အာဏာရှင် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်းရဲ့ နောက်ဆက်တွဲ လမ်းပြမြေပုံ အဆင့်တခုပါလို့ နအဖစစ်အာဏာရှင်တွေက ကြေညာထားလို့ပဲဖြစ်တယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်တွေ ပါလီမန်မှာ ပါဝင်နေတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ထားတယ်။ တပ်မတော်ရဲ့ အင်မတန် မွန်မြတ်သန့်စင်လှတဲ့ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍကို သီးခြားရပ်တည်မှု မပေးထားပဲ နိုင်ငံရေးထဲ ဆွဲထည့်ထားတယ်။ စစ်အာဏာသိမ်းမှုတွေကို အားပေးအားမြှောက်တဲ့ အချက်တွေ ပါဝင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့တခုရဲ့ ထိထိရောက်ရောက် အုပ်ချုပ်စီမံမှုတွေမှာ အခက်အခဲတွေဖြစ်မယ်။ စစ်အာဏာ သိမ်းမှုတွေဆီ ပြန်ပြီး ဦးတည်သွားနိုင်တယ်။ နောက်တချက်က နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်တယ်။ လက်ရှိမြန်မာနိုင်ငံကြီးရဲ့ စီးပွားရေးအခြေအနေ ယိုယွင်းပျက်စီး မှုတွေဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်ပါလို့ မျက်စိစုံမှိတ်ပြီး အော်ဟစ်နေကြသူတွေ ရှိတယ်။ ဒီလိုအော်ဟစ်နေသူတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကြောင့် တိုင်းပြည်စီးပွားရေး နှောင့်နှေးမှုဖြစ်တာတွေ၊ အုပ်ချုပ်သူတွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို စကားဟဟတောင် မပြောရဲကြဘူး။ အမေရိကန် ဆက်ရှင် ရုတ်သိမ်းလိုက်တာနဲ့ပဲ တိုင်းပြည်စီးပွားရေးကြီးက ကောင်းလာမယ်လို့ မျက်လုံးကြီးတွေပြူးပြီး နှုတ်ခမ်းတလန်၊ ပန်းတလန်နဲ့ ပြောတတ်ကြတယ်။ ဒါကို ဘောဂဗေဒ နားလည်သူတွေက ပါးစပ်ကြီးတွေ ဟပြီး နားထောင်ကြရတယ်။ မနေနိုင်လွန်းလို့ ဘောဂဗေဒနဲ့ ကျောင်းပြီးထားတဲ့ ဗိုလ်ချုပ်တယောက်က ဖွင့်ဟပြောလိုက်တုန်းကလဲ ဒီဗိုလ်ချုပ် ဖြုတ်ထုတ်ခံလိုက်ရဖူးတယ်။
ဒါတွေက ထားတော့။ ဆက်ရှင်ကြောင့် နိုင်ငံတော်စီးပွားရေး ယိုယွင်းပျက်စီးရတယ်လို့ အော်ဟစ်နေသူတွေဟာ အာဏာရှင်ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာ မတော်တဆများ ဆက်ရှင်ရုတ်သွားခဲ့ရင် တိုင်းပြည်စီးပွားရေးကြီးကို ဘယ်လိုကောင်းအောင် လုပ်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကော ရှိကြရှာပါ့မလားလို့ သံသယဖြစ်မိပါတယ်။ ဘယ်လိုဒီမိုကရေစီ တိုင်းပြည်မှာမဆို စစ်အသုံးစရိတ်ဆိုတာ နိုင်ငံတော် ဂျီဒီပီရဲ့ ၁ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အတွင်းမှာပဲ ထားကြပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးမှာ ဘတ်ဂျက်ခွဲဝေမှုတွေ စနစ်တကျ ရှိပါတယ်။ အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ စစ်အသုံးစရိတ်ကို လိုအပ်သလို သုံးစွဲမယ်လို့ ဆိုထားတဲ့အပေါ်မှာ နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ အရေးကြီးဆုံးကဏ္ဍတခုဖြစ်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို ဘယ်လိုထိရောက်အောင် လုပ်ကြမလဲ။ ကန့်ကွက်လိုက်လို့ စစ်အာဏာရှင်က ဖွဲ့စည်းပုံကြီးကိုင်ပြီး အကြောင်းရှာ အာဏာပြန်သိမ်းမှုကိုကော ဘယ်လိုကာကွယ်ကြမလဲ။ မတရားစီးပွားရှာနေတဲ့ အာဏာရှင်အသိုင်းအ၀ိုင်းကို ကျော်လွှားပြီး၊ စီးပွားရေးတရားမျှတမှုတွေကို ဘယ်လို ဖော်ဆောင်ကြမလဲ။
ငွေကြေးလည်ပတ်မှုစနစ်ကို စနစ်တကျ စီမံခန့်ခွဲဖို့အတွက် ငွေကြေးတွေ ရိုက်ထုတ်ချင်တိုင်းထုတ်နေတဲ့ အာဏာရှင်နဲ့ ၀ိသမစီးပွားရေးသမားတွေ လက်ထဲက ငွေမည်းတွေကို ကော ဘယ်လိုကိုင်တွယ်ကြမှာလဲ။ နောက်ဆုံးပူးသတ်မယ်၊ ပါလီမန်ထဲ ၀င်တိုက်မယ်၊ တိုင်းပြည်စီးပွားရေး ကောင်းအောင် ပါလီမန်ထဲမှာ ပြောမယ်လို့ မောင်းတင်ထားသူတွေ ပါလီမန်ထဲ ရောက်ခွင့်တောင် ရှိကြပါ့မလား။ ရှိခဲ့ရင်လဲ အာဏာရှင်ရဲ့ သစ္စာရှိစီးပွားရေးသမားတွေ၊ ဒေါက်တိုင်ကိုယ်စားလှယ်တွေ၊ အရိုးအရင်းအဖွဲ့ကိုယ်စားလှယ်တွေ အများအပြားပါတဲ့ ပါလီမန်ထဲမှာ majority rule ကို ဘယ်လိုကျော်လွှားကြမှာလဲ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ တိုင်းသူပြည်သားတွေအတွက် ပါလီမန်တိုက်ပွဲ ၀င်နွှဲနိုင်ဖို့ ရွေးကောက်ပွဲကို ထောက်ခံရတာပါလို့ ဆိုနေသူတွေဟာ မျှော်မှန်းထားတဲ့အတိုင်း အမတ်မင်းများဖြစ်ခဲ့ရင် တကယ်ကော ကိုယ်ပြောသလို လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားသုံးသပ်ပြီးမှ အသံကောင်းတွေ ဟစ်သင့်ကြပါတယ်။ ဒီတော့ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်ဟာ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်မှု မလုပ်နိုင်တဲ့အခါ (၂၀၀၈ ဖွဲ့စည်းပုံနဲ့ကတော့ မလုပ်နိုင်တာ အသေအချာပဲဖြစ်ပါတယ်) အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ပဲ အာဏာရှင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ လူထုတိုက်ပွဲတွေက ပေါ်ထွက်လာဦးမှာ မလွဲမသွေပါပဲ။ သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေနဲ့ တက်လာတဲ့ အစိုးရတိုင်းမှာ ပုန်ကန်ခြားနားမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ ရင်ဆိုင်ရမှာ ဖြစ်သလို အစိုးရတဆက်ဆက်လက်ထက်မှာ စစ်အာဏာပြန်သိမ်းခံရတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူထုတိုက်ပွဲတွေနဲ့ ဖြုတ်ချခံရတာ ဖြစ်ရင်ဖြစ် ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ ဟာ အများပြောနေသလို လမ်းဆုံး မဟုတ်ဘူး။ ၂၀၀၈ အာဏာရှင်ဖွဲ့စည်းပုံ ဥပဒေအပေါ်အခြေခံထားသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလဲ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးဆုံး ကိစ္စရပ်တခုကတော့ အမျိုးသား တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ဆိုင်တဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ လူမျိုးကြီးဝါဒ ကျင့်သုံးမှု၊ နိုင်ငံတည်ထောင်မှုစနစ် မှားယွင်းမှု၊ သွေးခွဲခံရမှု စတာတွေကြောင့် လူမျိုးစုတွေအကြားမှာ ပဋ္ဋိပက္ခတွေ ရှိနေတဲ့ တိုင်းပြည်တခုဖြစ်ပါတယ်။ ဒီပဋ္ဋိပက္ခတွေဟာ ဗမာနဲ့ ကရင်အကြား၊ ကရင်နဲ့မွန်အကြား ပဋ္ဋိပက္ခတွေမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ ရဲ့ ဒေါက်တိုင်ဖြစ်နေရတဲ့ တပ်မတော်အတွင်းမှာ ကရင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ဗမာတွေ၊ ပအိုဝ့်တွေ အများအပြား ပါဝင်ပါတယ်။ ရှမ်းရွာကို ဗမာစစ်ဗိုလ်တယောက်က မီးရှို့လိုက်တာဟာ ရှမ်းနဲ့ ဗမာ ပဋ္ဋိပက္ခမဟုတ်ပါဘူး။ ကရင်အမျိုးသမီးကို ရခိုင်စစ်ဗိုလ်က မတရားစော်ကားမှုဟာ ကရင်နဲ့ ရခိုင် လူမျိုးအကြားက ပဋ္ဋိပက္ခ မဟုတ်ပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်လက်ကိုင်ဒုတ်အဖြစ် အသုံးချခံနေရတဲ့ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံပြည်သူတွေအကြားက ပဋ္ဋိပက္ခတွေပဲဖြစ်ပါတယ်။ ဒီလိုပဋ္ဋိပက္ခတွေကို အင်အားသုံးပြီး အနိုင်ယူဖြေရှင်းလို့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံ၊ လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးအခွင့်အရေးတွေ ပေးရုံ၊ စစ်အင်အားသုံး ထိပ်တိုက်ရင်ဆိုင် ၀ိုင်းရံပြီး၊ အာဏာရှင်ဖိနှိပ်သူတွေရဲ့ လမ်းစဉ်ကို ထောက်ခံခိုင်းရုံနဲ့ ဒီပဋ္ဋိပက္ခတွေဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လူမျိုးစုတွေရဲ့ တန်းတူရည်မျှမှုအခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ကူးပြောင်းလိုက်နိုင်ရင်လဲ ဒါဟာ အင်အားမမျှသေးလို့ ခြေတလှမ်းဆုတ်တာပဲ ဖြစ်ပါလိမ့်မယ်။ အချိန်အတိုင်းအတာတခုမှာတော့ မပျောက်တဲ့ စိတ်အနာတွေဟာ ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ရင် မြန်မာတပြည်လုံး မီးဟုန်းဟုန်းတောက် ဖြစ်သွားပါလိမ့်မယ်။ မိဘနဲ့ သားသမီး အရင်းအချာကြီးတွေ မှာတောင် အင်အားသုံးဖိနှိပ်ရင် အာဏာဖီဆန်မှုဆိုတာ ပေါ်ထွက်တတ်ပါသေးတယ်။ အမျိုးသားသွေးစည်းမှုကို အင်အားသုံးဖိနှိပ်ပြီး သွေးစည်းခိုင်းလို့ ဘယ်သောအခါမှာ အောင်မြင်မှာ မဟုတ်တာ အသေအချာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ တိုင်းနိုင်ငံတခုမှာ လိုအပ်တဲ့ နိုင်ငံရေးစနစ်၊ တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံချက် မပေးထားပါဘူး။ လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်လို့ရမယ့် ယန္တရားများစွာကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ပြုပြီး တက်လာတဲ့ အာဏာရှင်ရွေးကောက်ပွဲအနိုင်ရ အစိုးရတွေလက်ထက်မှာ အာဏာဖီဆန်ရေးတိုက်ပွဲတွေ၊ လွတ်မြောက်ရေး တိုက်ပွဲတွေ မလွဲမသွေ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အာဏာဆိုတာ ပြည်သူဆီကပဲ သက်ဆင်းတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆီက အာဏာကို မတရားလုယူပြီး တရားဝင်အစိုးရဖြစ်အောင် ပြုလုပ်ယူတာပဲဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ရွေးကောက်ပွဲတွေကို ပြည်သူလူထုက အသိအမှတ်ပြုမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ပြည်သူလူထုက ယုံကြည်အားကိုးမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်ပြုပြီး ရင်းနှီးမြှုပ်နှံမှု တွေ၊ ထောက်ပံ့မှုတွေ ပြုလုပ်လာတတ်ကြပေမယ့် ဒါတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်တွေကိုပဲ သက်ဆိုးရှည်စေတယ်ဆိုတာ နိုင်ငံရေးလေ့လာသူ ပညာရှင်များက အခိုင်အမာ ဖော်ထုတ်ပြောဆိုထားကြပါတယ်။ တရားဝင် အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င် အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးတာ မဟုတ်ဘူးဆိုရင် အာဏာကို အမှန်တကယ်ပိုင်ဆိုင်တဲ့ ပြည်သူလူထုက လူထုအားနဲ့ ဖြုတ်ချခွင့်ရှိပါတယ်။ မတရားမှုတွေ ဥပဒေဖြစ်လာတဲ့အခါ ပုန်ကန်ဖို့အတွက် အဖိနှိပ်ခံပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုရဲ့ ကံကြမ္မာကို ရေပေါ်ဆီ နိုင်ငံရေးသမားတွေကပဲ ဆုံးဖြတ်လို့ မရပါ။ လူထုရဲ့ ကံကြမ္မာကို လူထုကိုယ်တိုင်ကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာ တပ်မတော်ကြီးကို မွေးဖွားခဲ့တဲ့ တပ်မတော်သားတွေရဲ့ မိခင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အမိန့်နာခံတတ်မှုထက် လူသားပီသစွာ ဆင်ခြင်တွေးခေါ်နိုင်မှုရှိတဲ့ ပြည်သူ့တပ်မတော်သားတွေ အမေ့ရင်ခွင်ဆီ ပြန်ခိုလှုံလာဖို့ လူထုကြီးတရပ်လုံးက စောင့်မျှော်နေလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၉)
ရည်ညွှန်းကိုးကား
Blaydes, L. (2008) 'Authoritarian Elections and Elite Management: Theory and Evidence from Egypt', Paper presented at the Princeton University Conference on Dictatorships, April, 2008
Dogan, M. (1992) 'Conceptions of Legitimacy', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of Government and Politics: Volume 1, Routledge, London and New York
Denver, D. (1992) 'Campaigns and Elections', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of Government and Politics: Volume 1, Routledge, London and New York
Gandhi, J. & Lust-Okar, E. (2009) 'Elections Under Authoritarianism', Annual Review of Political Science, Vol. 12, p. 403- 422
Gandhi, J. & Peuter, O. (2008) 'Opposition Coordination in Legislative elections under authoritarianism', Paper presented at the annual meeting of the APSA 2008 Annual meeting, Hynes Convention Center, Boston, Massachusetts, Aug 28, 2008
Geddes, B. (2005) "The Role of Elections in Authoritarian Regimes" Paper presented at the annual meeting of the American Political Science Association, Marriott Wardman Park, Omni Shoreham, Washington Hilton, Washington, DC, Sep 01, 2005
Heywood, A. (2002) Politics, 2nd edition, Palgrave Macmillan, New York
Kadirgamar-Pajasingham, S. (2005) 'Essentials of Free and Fair elections', Paper presented at the Regional Dialogue on Free, Fair and Credible Elections, Islamabad, Pakistan (29-30 June, 2005)
Lindberg, (2006) Why Do Opposition Parties Boycott Elections? in Schedler, A. (ed.) Electoral Authoritarianism: The dynamics of Unfree Competition, Social Science and Research Network
Piombo, J. (2004) 'Manipulating Legitimacy” International Election Monitoring, Electoral Fraud and Domestic political legitimacy', Paper presented at the annual meeting of the International Studies Association, Le Centre Sheraton Hotel, Montereal, Quebec, Canada, Mar 17, 2004
Reilly, B. (2001) Democracy in Divided Societies: Electoral Engineering for Conflict Management, Cambridge University Press, Cambridge
Steiner, H. & Alston, P. (2000) International Human Rights in Context: Law, Politics, Moral, 2nd edition, Oxford University Press, Oxford
Sartori, G. (1994) Comparative Constitutional Engineering: An Inquiry into Structures, Incentives and Outcomes, Macmillan, London