ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

where have they gone?

Wednesday, April 16, 2008

ဘယ်ရောက်ကုန်တာလဲ

“ဟဲ့၊ ကောင်းတဲ့ယောက်ျားတွေ ဘယ်ရောက်ကုန်တာလဲ။ လောကကြီးမှာမရှိတာလား။ ငါတို့ပတ်ဝန်းကျင်မှာပဲ မရှိတာလား“ တဲ့။

ဒီစကားကို ပွင့်အန်ပြောလာသူကတော့ ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်း ရှစ်ယောက်ထဲက တယောက်ဖြစ်တဲ့ စကော့လူမျိုးသူငယ်ချင်းဖြစ်ပါတယ်။ လောလောလတ်လတ် အိမ်ထောင်ကွဲထားသူမို့ သူ့စိတ်ထဲမှာ မွန်းကြပ်မှုတွေ၊ ရင်ထဲမှာ ခံစားချက်တွေပြည့်နှက်နေမယ် ဆိုတာ နားလည်ပေးရင်း ကျွန်မအတွေးထဲမှာလဲ ယောက်ယက်ခတ်လာပါတယ်။ ဟုတ်ပါရဲ့။ ကျွန်မမှာ လူမျိုးပေါင်းစုံထဲက အရမ်းရင်းနှီးတဲ့ သူငယ်ချင်း ရှစ်ယောက်ခန့်ရှိပါတယ်။ မြန်မာတွေရော၊ နိုင်ငံခြားသားတွေရောပါ။ ဘာလို့လဲမသိ၊ အကြောင်းတိုက်ဆိုင်လို့ပဲ ထင်ပါရဲ့။ နှစ်ယောက်ကလွဲရင် အားလုံးတခုလပ်တွေချည်းပါ။ တခုလပ်တွေကို ရှာကြံသူငယ်ချင်းဖွဲ့ထားတာမဟုတ်ပါ။ တွေ့စကတည်းက အိမ်ထောင်ရှိပြီးသူတွေ၊ အတူနေပါတနာရှိပြီးသူတွေ၊ တချို့ကျတော့လဲ ကိုယ့်မျက်စိရှေ့မှာတင်အိမ်ထောင်ကျတာပါ။ အဲ- အခုတနှစ်၊ နှစ်နှစ်တွင်းမှာတော့ ကျွန်မကိုယ်တိုင်လဲ အိမ်ထောင်ကွဲဖြစ်ခဲ့သလို၊ သူတို့တွေလဲ ရှေ့ဆင့်နောက်ဆင့်တွေချည်းပဲ။ ပါတနာနဲ့နေသူတွေလဲ လမ်းခွဲပြီးဖြစ်ကုန်ကြပါတယ်။ တယောက်ကဆို တခုလပ်အသင်းဖွဲ့ရအောင်လို့တောင် လာနောက်နေလေရဲ့။

ရင်းနှီးသူတွေမို့ ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုဖြစ်ကြပါတယ်။ ဘ၀ရဲ့ ဒီလိုအချိန်လေးတွေမှာ သူငယ်ချင်းကောင်းတွေဘေးမှာ ရှိနေသင့်တယ်ဆိုတာ အားလုံးလက်ခံမိကြတာမို့ တယောက်ကိုတယောက်မျှဝေခံစားကြရင်း အတော်ကို ရင်းနှီးရတဲ့ လူတွေပါ။ ဒါပေမယ့် အားလုံးဆီကနေ ကြားရတဲ့ဇာတ်လမ်းတွေက လူမျိုးတွေ၊ အသက်အရွယ်တွေ၊ ပြောဆိုတဲ့စကားတွေသာကွာမယ်။ တူနေတာတွေက အများကြီး ဖြစ်နေပါတယ်။ အတူညီဆုံးတွေကတော့ ယောက်ျားများရဲ့ အတ္တကြီးမှု၊ တကိုယ်ကောင်းဆန်မှု၊ လွှမ်းမိုးလိုမှု၊ သ၀န်ကြောင်မှု၊ မိန်းမရာထူးနှင့် ဘ၀သူတို့ထက်ပိုမြင့်သွားမည်ကို မလိုလားမှု စတာတွေပါ။ ကိုယ်ကမြန်မာအမျိုးသားနဲ့ဆုံတွေ့ခဲ့တာမို့ မြန်မာမို့ဒီစိတ်တွေရှိတာထင်ရဲ့လို့ တွေးခဲ့မိတာ။ သူတို့ဇာတ်လမ်းတွေကြားရတော့မှပဲ ယောက်ျားအများစုက ဒီလိုပါပဲဆိုတာ သိလာရပါတော့တယ်။

အခုသူငယ်ချင်းဆိုရင် တက္ကသိုလ်တက်စဉ်တလျှောက်လုံး (၄) နှစ်လောက်ကို အတူနေပြီးမှ သဘောတွေ့လို့ လက်ထပ်ခဲ့ကြတာပါ။ တခုပဲကွာပါတယ်။ အလုပ်ကိုယ်စီရပြီးတဲ့နောက် အမျိုးသားက အလုပ်ပဲလုပ်ပြီး၊ သူ့ပညာတိုးတက်ရေး၊ ရာထူးတိုးတက်ရေးအတွက် ထပ်မလုပ်ပါဘူး။ သူငယ်ချင်းကတော့ အလုပ်တဘက်နဲ့မဟာဘွဲ့ကို အချိန်ပိုင်းထပ်တက်ပါတယ်။ ပြီးသွားတော့ Fellowship စာမေးပွဲအဆင့်ဆင့်ကို ဆက်ဖြေပါတယ်။ (၄)နှစ်ကြာချိန်မှာ ကျွန်မသူငယ်ချင်းရဲ့လစာက နှစ်ဆတက်နေပါပြီ။ သူ့လူကတော့အရင်အတိုင်းပါပဲ။ နောက်ဆုံးတော့ သူ့ယောက်ျားက စတိုးဆိုင်အရောင်းစာရေးမလေးနဲ့ ချစ်ကြိုက်ပြီး အိမ်ပေါ်က ဆင်းသွားပါလေရော။ ဒါက ဥပမာတခုပါ။ တခြားဇာတ်လမ်းတွေကလဲ ဒီလိုဆင်ဆင်တွေပါပဲ။ MBA တက်ဖို့ ပိုက်ဆံစုတာကို စုရကောင်းမလား၊ စာပဲလုပ်နေတယ်ဆိုပြီး တကျက်ကျက်နဲ့ ပညာရေးလမ်းလိုက်ပိတ်ရာက ကွဲခဲ့တဲ့ သူငယ်ချင်းလဲ ရှိပါရဲ့။ တကယ်တော့ ဒီဘွဲ့တက်ပြီးရင် ရှေ့က အတွေ့အကြုံတွေနဲ့ပေါင်းပြီး ရာထူးတက်လမ်းဘယ်လောက်များတယ်ဆိုတာ အမျိုးမျိုး ရှင်းပေမယ့် နားမ၀င်ပဲ ပြဿနာအမျိုးမျိုး အရှာခံခဲ့ရတာပါ။ ဘ၀ဆိုတာမှာ အိမ်ထောင်တခုရယ်ဖြစ်လာရင် ယောက်ျားက ၀င်ငွေများသည်ဖြစ်စေ၊ မိန်းမက ၀င်ငွေများသည်ဖြစ်စေ အရေးမကြီးဘူးဆိုတာ သဘောမပေါက်ကြတာအခက်သား။ မိန်းမက ပိုပြီး ပညာတတ်လို့၊ ရာထူးပိုကောင်းလို့၊ အိမ်ရဲ့တာဝန်ဦးဆောင်နေနိုင်ရင်လဲ ယောက်ျားဖြစ်သူက ဒူးနေရာဒူး၊ တော်နေရာတော်သိပေါ့ရှင်။ ကလေးထိန်း၊ အိမ်မှုကိစ္စလုပ်ပြီး မိန်းမကို ကူညီရုံပေါ့။ ပါရမီဖြည့်ဘက်ဆိုတာ ဒါကို ပြောတာပဲဥစ္စာ။ အခုများမှာတော့ ယောက်ျားမာန၊ ယောက်ျားသိက္ခာဆိုပြီး၊ သုံးလို့မရတဲ့ စကားလုံးတွေနဲ့ ပါဝါပြနေကြပါရော။ တကယ်ကို စိတ်ပျက်ဖို့ကောင်းပါရဲ့။

ကျွန်မအမျိုးသားဟောင်းက ပြောဖူးတယ်။ “အိမ်ထောင်ကျပြီးပြီမို့ ပညာရေးဆက်မလုပ်နဲ့တော့၊ ရတဲ့အလုပ်တခုကိုပဲလုပ်တော့တဲ့။” ကျွန်မက “ကိုယ့်ပိုက်ဆံနဲ့ကို ကျောင်းဆက်တက်မှာပါ။ မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေပြီးရင်လဲ Fellowship တွေ၊ Membership တွေအတွက် စာမေးပွဲတွေဆက်ဖြေဦးမှာ၊ အလုပ်ထဲမှာ အမှုဆောင်အရာရှိဖြစ်တဲ့အထိ ကြိုးစားပြီး၊ အမှုဆောင်စီမံခန့်ခွဲရေးသင်တန်းတွေလဲ ထပ်တက်ရဦးမှာတွေ ပြန်ပြောဖြစ်တော့ “ ကိုယ်မှားသွားပြီ၊ မြန်မာပြည်ပြန်ပြီး၊ ပညာသိပ်မတတ်တဲ့မိန်းမတယောက်ကို ယူခဲ့ဖို့ကောင်းတာ” လို့ပြန်ပြောလေရဲ့။ ဘာလို့လဲမေးတော့ ပညာတတ်မိန်းမတွေက ယောက်ျားကို ရိုသေရမှန်းမသိဘူး ဆိုပဲ။ အတော်ရယ်ရတဲ့ ပြက်လုံးတခုလိုပဲ ကျွန်မအားရပါးရ ဟားခဲ့ဖူးပါရဲ့။ သြော်- ယောက်ျားတွေ၊ ယောက်ျားတွေ။ အဲလိုအခြေအနေမျိုးကြုံဖူးခဲ့တာမို့ ငါတော့ ဦးနှောက်အဆင့်အတန်း ခေတ်မမီတော့တဲ့ ရှေးရိုးမြန်မာယောက်ျားနဲ့ တွေ့ရပါကရောလို့ နောင်တရခဲ့မိတဲ့ ကျွန်မ။ အခုတော့ တခြားလူမျိုး ယောက်ျားတွေလဲ ဒီအတိုင်းပဲဆိုတာ သိရပြန်ပါကရော။ သူငယ်ချင်းတယောက်ကတော့ ပြောဖူးလေရဲ့။ ”ငါတို့လူမျိုးတွေလဲ ဦးနှောက်အဆင့်အတန်းနဲနဲ ခေတ်မီလာပြီ၊ မိန်းမတွေရဲ့ အရည်အချင်းကို အသိအမှတ်ပြုလာပြီဆိုပြီး အထင်မကြီးနဲ့ဟ။ သူတို့က မတတ်သာတော့လို့ အရှုံးပေးပြီး လက်ပိုက်ကြည့်နေရတာ။ ဒါတောင်ကျန်သေးတာပဲ။ လုပ်ငန်းကြီးတွေက အမျိုးသမီး ဘဏ္ဍာရေးမန်နေဂျာတွေ၊ အုပ်ချုပ်ရေးအရာရှိတွေ၊ တက္ကသိုလ် ပရော်ဖက်ဆာထဲမှာ အားလုံးမဟုတ်ပေမယ့် တ၀က်ကျော်ကျော်က အိမ်ထောင်မပြုသူတွေ၊ အိမ်ထောင်ကွဲသူတွေ ဖြစ်နေတယ်။ မယုံရင် သုတေသနပြုထားတာတွေရှိတယ်။ ဖတ်ကြည့်တဲ့“ ကဲ- ကောင်းကြသေးရဲ့လား။

”ဘာစဉ်းစားနေတာလဲ။ ငါမေးတာဖြေဦးလေ” တဲ့၊ သူငယ်ချင်းက ကျွန်မကို ပြောတယ်။ ကျွန်မပြန်မေးမိတယ်။ “နင့်ယောက်ျားကို နင်အထင်ကြီးလား” လို့။ သူက ရီပြီး ခေါင်းခါတယ်။ ”သူချစ်ပဲချစ်တာ။ ဘာလို့အထင်ကြီးရမှာလဲ” တဲ့။ အနည်းဆုံးဘွဲ့တဘွဲ့၊မဟာဘွဲ့တခုနဲ့ Fellowship တခုရထားပြီး၊ လုပ်ငန်းခွင်ထဲမှာ အောင်မြင်မှုအသင့်အတင့်ရနေတဲ့၊ ရှေ့ဆက်ပြီးလဲ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေကြတဲ့ ကျွန်မသူငယ်ချင်း အိမ်ထောင်ကွဲသူ၊ ပါတနာကွဲသူများအားလုံးကို မျက်စိထဲ ပြန်မြင်မိနေရင်း ကျွန်မပြောမိတယ်၊

“ယောက်ျားတွေက သူတို့ယောက်ျားဖြစ်နေရတာကိုလဲ အထင်ကြီးစရာလို့ သတ်မှတ်နေကြတာ။ ငါတို့နာမည်နောက်တွေမှာ ဘွဲ့တွေတခုပြီးတခုတိုးလာတာနဲ့အမျှ၊ ရာထူးတွေတဆင့်ပြီးတဆင့်တက်လာတာနဲ့အမျှ ငါတို့ပတ်ဝန်းကျင်မှာ ယောက်ျားတွေ နည်းနည်းလာလိမ့်မယ်။ ရောက်လာရင်လဲ မေတ္တာစစ်နဲ့လူနည်းလာလိမ့်မယ်။ နင်စောင့်ကြည့်”လို့ ပြန်ပြောမိတယ်။ သူနားလည်စွာ ခေါင်းညိတ်တယ်။ ပြီးတော့ပြောတယ်။ ”သေချာပြန်စဉ်းစားကြည့်တော့လဲ သူတို့တွေက ငါတို့ဘ၀ရဲ့ အစိတ်အပိုင်းလေးတွေပါ၊ သူတို့ဘယ်ရောက်ရောက်အရေးမကြီးပါဘူး။ ငါတို့ဘ၀မှာ တက်လမ်းတွေရှိသေးတာပဲ။ သူတို့ရှိနေရင် တက်လမ်းတောင်ပိတ် သေးတယ်” တဲ့။

ကျွန်မအားရပါးရ ခေါင်းညိတ်ထောက်ခံလိုက်မိတယ်။

ခင်မမမျိုး (၁၆၊ ၄၊ ၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP