လူထုနှင့်တော်လှန်ရေး
စနစ်တခုမှစနစ်တခုသို့ပြောင်းလဲသည့် မည်သည့်တော်လှန်ရေး၌မဆို အခရာသည် လူထုသာပင်ဖြစ်သည်။ လူထုနှင့် တော်လှန်ရေးသည် တသားတည်းရှိနေရမည်ဖြစ်ပြီး၊ တော်လှန်ရေးခေါင်းဆောင်များကျင့်သုံးရမည့် အရေးကြီးဆုံးအချက်မှာ လူထု၏ လိုအပ်ချက်၊တောင်းဆိုချက်နှင့် တော်လှန်ရေးအရှိန်တို့ ဟန်ချက်ညီမှုရှိစေရန် ဆောင်ရွက်တတ်ခြင်း ဖြစ်ပါသည်။
တခါက နိုင်ငံရေးနှင့် ဒဿနိကဗေဒ ပညာရှင်ကြီးဖြစ်သူ ကွန်ဖြူးရှပ်အား အောင်မြင်သောစစ်ပွဲတခုတွင် လိုအပ်သည့်အခြေအနေများကားအဘယ်နည်းဟု မေးမြန်းခဲ့ကြရာတွင် လူထုထောက်ခံမှု၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ ဟူ၍ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ထို (၃) မျိုးထဲမှ တခုအားဖယ်ရှားခိုင်းရာ လက်နက်ဟုဆို၍၊ နောက်တခုအားထပ်မံဖယ်ရှားခိုင်းရာ စားနပ်ရိက္ခာ ဟုဆိုခဲ့ကြောင်း လေ့လာမှတ်သားဖူးပါသည်၊ ဤသည်ကို ကြည့်ခြင်းဖြင့် လူထုသည် တော်လှန်ရေးတရပ်၏ အရေးပါသော ပြောင်းလဲမှုကို ဖြစ်စေမည့် အဓိကအင်အားဖြစ်ကြောင်း သိသာလှပါသည်။
မြန်မာပြည်မှ သန်းပေါင်းများစွာသော ပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ဆိုး၏ ဖိနှိပ်မှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေကြရပါသည်။ ပြည်သူအများစုမှာ ဆင်းရဲနွမ်းပါးမှု၊ ငတ်ပြတ်မှု၊ ကလေးသူငယ်များအာဟာရချို့တဲ့မှု၊ ဖွားသေနှုန်းမြင့်မားမှု၊ ငါးနှစ်အောက်ကလေးငယ်များ သေဆုံးနှုန်းမြင့်မားမှု၊ လူ့သက်တမ်းတိုမှု၊ ကူးစက်တတ်သော ရောဂါများဖြစ်ပွားနှုန်းမြင့်မားမှု၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး ၀န်ဆောင်မှုများ မရှိမှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ သန့်ရှင်းသောရေမရရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ၀င်ငွေနည်းပါးမှုစသည့် ဖွံ့ဖြိုးမှု နောက်ကျ နှောင့်နှေးခြင်း ဆိုင်ရာ ပြဿနာမျိုးစုံကို ခါးစည်းကာ ခံနေကြရပါသည်။ ထိုမျှမကသေးပဲ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ အလုပ်သမားအခွင့်အရေးခံစားခွင့် မရှိမှု၊ ကလေးစစ်သားများအဖြစ် သွတ်သွင်းခံရမှု၊ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိမှု ဆိုသည့် စနစ်ပိုင်း ဆိုင်ရာ အခွင့်အရေးဆုံးရှုံးမှုများကိုလည်း ကြုံတွေ့နေကြရပါသည်။ ထို့အပြင် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ လူကုန်ကူးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းမှု၊ ပြည့်တန်ဆာအဖြစ်သွပ်သွင်းခံရမှု၊ လောင်းကစားယဉ်ကျေးမှု ထွန်းကားမှု၊ လာဘ်ပေးလာဘ်ယူမှု စသည့် အုပ်ချုပ်ရေးစနစ် အားနည်းခြင်းကြောင့် ဖြစ်သော နောက်ဆက်တွဲအခြေအနေများကို လည်း နေ့စဉ် လူနေမှုဘ၀တွင် ကြုံတွေ့နေကြရပါသည်။
ယင်းသို့သော အခြေအနေမျိုးတွင် ပြည်သူလူထု၏ နှလုံးသားအတွင်း၌ ဒီမိုကရေစီစနစ်ကို လိုလားတောင့်တလာကြပါသည်။ လူထု၏ တော်လှန်ရေးရေချိန်ကို နားလည်သော နအဖကလည်း ဒီမိုကရေစီဆိုသော စကားလုံးကို ထည်လဲသုံး၍ အတုအယောင် ဒီမိုကရေစီကို အစားထိုးပေးရန် ခြေလှမ်းပြင်ပါတော့သည်။ ဒီမိုကရေစီလမ်းပြမြေပုံကြီးထွက်လာပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကြီးကို အပြီးသတ်ပါသည်။ လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲပြုလုပ်မည့် အချိန်ကာလကို ကြေငြာပါသည်။ တပြိုင်တည်း ကြေငြာခြင်းဖြင့် ဦးတည်တိုက်ခိုက်လာနိုင်သည့်အားကို နှစ်ခြမ်းခွဲထုတ်လိုက်ခြင်း၊ လူထုတိုက်ပွဲလမ်းကြောင်းမှ သွေဖည်သွားခြင်းတို့ ဖြစ်စေရန် မြားတစင်းနှင့် ငှက်နှစ်ကောင် ပစ်ချလိုက်သကဲ့သို့ပင်ဖြစ်သွားပါသည်။ ထို့အပြင် ဥပဒေမူကြမ်းကို ထောက်ခံမှသာ ရွေးကောက်ပွဲကျင်းပ၍ ရသည် ဖြစ်ပါလျက် တပြိုင်နက်တည်း ကျင်းပမည် ကြေငြာခြင်းမှာ တနည်းဆိုလျှင် မူကြမ်းကို အတည်ဖြစ်သွားစေရန် မဖြစ်ဖြစ်အောင် ပြုလုပ်မည်ဆိုသည့် သဘောပါနေပြီး ဖြစ်ပါသည်။ “ No Vote” နှင့် “Vote No” ကိစ္စ ဤနေရာတွင် အကျယ်မချဲ့လိုတော့ပါ။ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ကတော့ ယခုအချိန်တွင် ကန့်ကွက်မဲပေးရန်နည်းလမ်းတခုသာ ကျန်ပါသည်။ သို့ပေမယ့် ထိုတနည်းကိုသာလျှင် အနိုင်ဖဲသတ်မှတ်လျှင်တော့ မှားပါသည်။ အနိုင်ဖဲမဟုတ်နိုင်ပါ။ သို့ရာတွင် ပြည်သူလူထု၏ အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်သည့် အရှိန်ယူပွဲ ဖြစ်ပါသည်။ အာဏာရှင်တို့ ကလိန်ကကျစ်နည်းဖြင့် မူကြမ်းကို အတည်ပြုသွားလျှင်လည်း တိုက်ပွဲကား ပြီးသေးသည် မဟုတ်ပါ။
ဆန္ဒခံယူပွဲပြီးလျှင်ဘာလုပ်ကြမည်နည်း။ နောက်ဆုံး ရွေးကောက်ပွဲပြီးလျှင်ကော ဘာဆက်လုပ်မည်နည်း။ ထိုမေးခွန်းများကသာ အရေးကြီးပါသည်။ ကလိန်ကကျစ် ဖွဲ့စည်းပုံမူကြမ်းနှင့် လိမ်လည်လှည့်ဖျားသော ရွေးကောက်ပွဲတို့မှ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရသစ်သည် ဖက်ဆစ်တို့၏ ရွှေရည်စိမ်လွတ်လပ်ရေးကာလက ရုပ်သေးအစိုးရနှယ်ပင် ပြည်သူလူထုအတွက် မည်သို့မျှ အကျိုးရှိစေမည် မဟုတ်ပါ။ လူထုကြီး အ၀ီစိငရဲတွင်းထဲမှ လှမ်းတက်နိုင်မည့် အခြေအနေများကို ဖန်တီးပေးနိုင်မည် မဟုတ်ပါ။
ထိုငရဲတွင်းထဲမှ ပြည်သူလူထုအား ကူညီနိုင်ရန် ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း။ ဒီမိုကရေစီတော်လှန်ရေးအား ဆက်လက်ဆောင်ရွက်ရင်း၊ လူထု၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ၀ိုင်းဝန်းဖြည့်ဆည်းရန် လိုအပ်လှပါသည်။ ဖွံ့ဖြိုးရေးဆိုင်ရာစီးပွားရေးပညာရှင် စီးယားဆိုသူက လူသားလိုအပ်ချက် ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ( Human-needs centred development ) ရှိလာနိုင်စေရန် လိုအပ်သော အခြေအနေ (၉)ချက်ကို ထောက်ပြခဲ့ပါသည်။ ယင်းတို့မှာ-
(၁) ပစ္စည်းဥစ္စာဆင်းရဲနွမ်းပါးမှု လျှော့ချရေး
(၂) အလုပ်လက်မဲ့ဦးရေ လျှော့ချရေး
(၃) ညီမျှမှု ဖြစ်ပေါ်လာစေရေး
(၄) နိုင်ငံရေးဆိုင်ရာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး
(၅) စစ်မှန်သော နိုင်ငံတော်လွတ်လပ်ရေး
(၆) စာတတ်မြောက်မှုနှုန်းကောင်းမွန်ရေးနှင့် ပညာရည်မြင့်မားရေး
(၇) အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေး
(၈) အနာဂတ်လိုအပ်ချက်များကို ပြည့်မီနိုင်သော sustainable စွမ်းရည်ရှိခြင်း နှင့်
(၉) လူတဦးချင်း လုံခြုံရေး စသည်တို့ဖြစ်ကြသည်။
အဆိုပါအချက်များအား ပြည်တွင်းနိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်ပအတိုက်အခံများမှ တတ်နိုင်သည့် အခန်းကဏ္ဍအလျောက်ပါဝင်ဆောင်ရွက်ခြင်းဖြင့် လူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါသည်။ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့်လည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲ၍ လိုအပ်သောအကူအညီများ ပေးသင့်ပါသည်။ တော်လှန်ရေးဦးဆောင်မှု၏ လိုအပ်ချက် (၇)ချက်တွင် grassroots infrastructure မှာ ပထမဆုံးဖြစ်ပြီး၊ international connections မှာ နောက်ဆုံးအချက်ဖြစ်ကြောင်း ဦးဆောင်နေသူများ သတိပြုသင့်ပါသည်။ ပထမဆုံးလိုအပ်ချက်၏ အရေးကြီးဆုံးမှာလည်း လူထုပေါ်တွင်သာ အခြေခံသဖြင့် social analysis ကိုပထမဆုံး ပြုလုပ်ရန် တော်လှန်ရေးကျမ်းဂန်များက အဆိုပြုထားကြသည်ဖြစ်ရာ၊ ပရိုပိုဆာနှင့် စတိတ်မင့် နိုင်ငံရေးများပေါ်တွင် အားစိုက်နေမှုအား လျှော့ချသင့်ပါသည်။
ချုပ်၍ဆိုရသော် လူထုနှင့် တော်လှန်ရေးသည် တသားတည်းရှိနေမှသာ တော်လှန်ရေးတရပ်သည် ဆုံးခန်းတိုင်အောင်နိုင်မှုကို ပေးမည်ဖြစ်ပါ၍ လူထုအတွက် နိုင်ငံရေး ပလက်ဖောင်းသည် လိုအပ်လှပါကြောင်း ရေးသားလိုက်ရပေသည်။
ခင်မမမျိုး (၄၊ ၄၊ ၂၀၀၈)