ကျောင်းစာဖတ်ခြင်း (အပိုင်း-၂)
ဘာကြောင့်စာဖတ်ရသလဲ
စာဖတ်ခြင်းမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်သလို ဒီရည်ရွယ်ချက်ပေါ်မူတည်ပြီး ဖတ်ပုံဖတ်နည်းလည်း ကွဲပြားခြားနားပါတယ်။ ဥပမာ- နေ့စဉ်စာဖတ်ပုံတွေနဲ့ ကျောင်းစာဖတ်ပုံတွေဟာ ကွဲပြားခြားနားနိုင်ပါတယ်။ ချက်ချင်းအသုံးချဖို့ဟင်းချက်နည်းစာအုပ်ဖတ်လိုက်တာ၊ တယ်လီဖုန်း လမ်းညွန်မှာ ကိုယ်လိုချင်တဲ့နံပါတ်ကို ကျော်ဖတ်ရှာလိုက်တာ၊ သတင်းစာထဲက အဓိကသတင်းတွေကို မျက်စိရှာလိုက်တာ၊ အပျော်ဖတ်ဝတ္ထုဖတ်လိုက်တာတွေ ဟာလဲ တနည်းတဖုံ စာဖတ်ခြင်းတွေပါပဲ။ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတာဖြစ်ပြီး၊ ဦးနှောက်ထဲမှာ မယ်မယ်ရရ မှတ်ထားစရာ မလိုတဲ့ စာဖတ်ခြင်းတွေပါ။
ကျောင်းစာဖတ်ခြင်းမှာကျတော့ မမှတ်သားလို့မရတော့ပါဘူး။ ဘာကြောင့်ဖတ်ရတယ်၊ ဖတ်မှတ်နားလည်ဖို့ ဘယ်လိုနည်းလမ်းတွေ လိုအပ်တယ်ဆိုတာ သေသေချာချာ တွေးဖို့ လိုအပ်လာပါတော့တယ်။ ဖတ်ရန်စာရင်းထဲမှာ ပါနေလို့ဖတ်တာပဲဖြစ်ဖြစ်၊ မှတ်စုထုတ်ဖို့ ဖတ်တာပဲဖြစ်ဖြစ် သေချာတာတခုကတော့ ဖတ်နေတဲ့စာပေါ်မှာ အာရုံစူးစိုက်ပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ဖတ်ရတယ်ဆိုတာ အရင်စဉ်းစားထားဖို့လိုပါတယ်။ ဘွဲ့ရထားတာခြင်းတူတူ၊ ဖတ်ရမယ့်စာတွေကို တစိုက်မတ်မတ်ဖတ်ပြီး ရလာသူနဲ့ လှေကြုံလိုက်ပြီး ရလာသူတွေမှာ အလွန်ပဲကွာခြားမှုရှိပါတယ်။ အမှတ်ချင်းတူခဲ့တယ်ထားဦး၊ self-confidence နဲ့ self-discipline မှာ အရမ်းကို သိသာစွာ ကွဲပြားမှုရှိပါတယ်။ စာမေးပွဲအောင်ရုံ အမှတ်ကောင်းရုံ၊ ဘွဲ့ရရုံ ဆိုတာတွေအပြင် ကိုယ့်နာမည်နဲ့ တွဲရလာမယ့် ဘွဲ့တခုရဲ့ ပညာရပ်ကို လေးလေးနက်နက် နားလည်သိရှိဖို့ ရည်ရွယ်ချက်နဲ့ ဖတ်တာဆိုရင်တော့ အကောင်းဆုံးပါပဲ။
စာဖတ်တဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ
တခါတရံစာဖတ်နေခြင်း ဘာကို လိုချင်လို့ဖတ်နေတယ်ဆိုတာ မသိတော့ပဲ လမ်းပျောက်နေတတ်တာတွေ ရှိနိုင်ပါတယ်။ အချက်အလက်ကို မှတ်မိဖို့ဖတ်နေတာလား၊ အက်ဆေးအတွက် အိုင်ဒီယာတွေရဖို့လား၊ စာရေးသူရဲ့အမြင်ကို သိချင်လို့လား စသည်ဖြင့် တွေပါ။
ပညာရေးဆိုင်ရာပါရဂူတွေက ကျောင်းသားတွေ စာဖတ်တဲ့အခါမှာ ပြုလုပ်လေ့ရှိတဲ့ approach နှစ်ခုကို ခွဲခြားပြခဲ့ပါတယ်။ ပထမတမျိုးက surface approach ပါ၊ ဒီနည်းနဲ့ဖတ်သူတွေက အချက်အလက်တွေကို မှတ်မိအောင် ကြိုးစားမှတ်သားလေ့ရှိကြပါတယ်။ နောက်တမျိုးကတော့ deep approach ပါ၊ သူတို့တွေကတော့ အသေးစိတ်အချက်အလက်များကို စိတ်ဝင်စားမှု နည်းပြီး၊ အဓိက အိုင်ဒီယာတွေကိုသာ မှတ်သားလေ့ရှိကြပါတယ်။
ဒါပေမယ့်ဒီနည်းတွေဟာ ပုံသေအမြဲဖြစ်နေမယ်လို့တော့ မဆိုနိုင်ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ စာမေးပွဲအတွက် ပြင်ဆင်ဖို့ ဖတ်တာဆိုရင်တော့ မေးခွန်းများဟာ အချက်အလက်ကိုအခြေခံတာလား၊ အကြောင်းအရာအသေးစိတ်ကို အခြေခံတာလားပေါ်မူတည်ပြီး ဖတ်နည်းလဲ ကွဲပြားမှုရှိနိုင်ပါတယ်။ သုတေသနမှတ်တမ်းများအရတော့ deep-approach နဲ့ ဖတ်မှတ်သူများဟာ ပညာရပ်အပေါ်မှာ စိတ်ဝင်စားမှုပိုရှိတတ်ပြီး၊ စာဖတ်ချိန်တွေလဲ ပိုမိုကြာမြင့်သလို၊ စာမေးပွဲများမှာလဲ အမှတ်ကောင်းတွေ ရတတ်ကြပါတယ်။
အရေးကြီးဆုံးကတော့ စာကို နားလည်ဖို့ပါပဲ။ နားလည်မှတ်မိဖို့ဆိုတာမှာလဲ အစီအစဉ်ကျမှုက အရေးကြီးပါတယ်။ ကျွန်မတို့တွေအားလုံးဟာ ၁၊၂၊၃၊ ၄ ဆိုတာကို ၃၊၂၊၄၊၁ ဆိုတာထက် ပိုပြီးမှတ်မိတတ်ကြပါတယ်။ ဒီလိုပဲ categorize ဆိုတာကို gotecarize ဆိုတာထက်ပိုမှတ်မိတတ်ကြပါတယ်။ ဘာကြောင့်ပါလဲ၊ ပထမတခုက အစီအစဉ်တကျဖြစ်နေတာကြောင့်ဖြစ်ပြီး၊ ဒုတိယတခုကတော့ အဓိပယ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်စာဖတ်တဲ့နေရာမှာ စဉ်းစဉ်းစားစားနဲ့ တက်တက်ကြွကြွ ဆက်စပ်တွေးခေါ်ပြီး ဖတ်ဖို့ လိုအပ်လှပါတယ်။
ဒီတော့မှလဲ စာရေးသူဘာကို ဆိုလိုလဲဆိုတာ သေချာနားလည်သဘောပေါက်မှာဖြစ်ပြီး၊ ဒီလိုသဘောပေါက်မှလဲသူ့အတွေးအခေါ်တွေနဲ့ တခြားသူတွေရဲ့အတွေးအခေါ်တွေကို နှိုင်းယှဉ်ပြီး ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အတွေးအခေါ်များ ပေါ်ထွက်ရှင်သန်လာနိုင်ပါလိမ့်မယ်။
စာဖတ်ခြင်းအမျိုးမျိုး
ပုံမှန်အားဖြင့် စာဖတ်ခြင်းစတိုင် လေးမျိုးရှိပါတယ်။
(၁) Receptive reading - ဒီလိုစာဖတ်နည်းမျိုးက အများအားဖြင့် လုပ်လေ့လုပ်ထရှိကြပါတယ်။ စာရေးသူဘာကိုဆိုလိုတာလဲ ဆိုတာကို နားထောင်သွားတာမျိုးပါ။ စာဖတ်ခြင်းဟာ ပုံမှန်ပါပဲ။ အလွန်လွယ်ကူတဲ့ စာဖတ်နည်းဖြစ်ပါတယ်။
(၂) Reflective reading - ဒီလိုစာဖတ်နည်းမျိုးကျတော့ ဖတ်နေတဲ့စာကို သေသေချာချာစဉ်းစားတွေးခေါ်ပြီး ဖတ်ရတာမျိုးပါ။ ဆန်းစစ်ချက်တွေ၊ နှိုင်းယှဉ်ချက်တွေကို ဦးနှောက်က လိုက်လံပြုလုပ်နေရပါမယ်။ ပြန်လည်စဉ်းစားဖို့အတွက် အကြိမ်ပေါင်းများစွာ စာဖတ်တာကိုရပ်လိုက်၊ စဉ်းစားလိုက် လုပ်ရတတ်ပါတယ်။ ဒီနည်းမျိုးကို ကျောင်းစာဖတ်ခြင်းမှာ အသုံးပြုရတာဖြစ်ပါတယ်။
(၃) Skimming - ဒီနည်းကတော့ စာတခုလုံးကို မြန်မြန်ကြည့်ပြီး၊ကျော်ဖတ်တာမျိုးပါ။ဒီစာဘာကိုဆိုလိုတာလဲ ဆိုတာလောက်ပဲ general impression ပေးနိုင်ပါတယ်။
(၄) Scanning - ဒီနည်းကတော့ တယ်လီဖုန်းလမ်းညွန်ကြည့်သလိုမျိုးပါ။ စာတွေကို ကျော်ကြည့်နေပြီး၊ အကြောင်းအရာတစုံတရာကို ရှာဖွေတာဖြစ်ပါတယ်။ ရည်ညွန်းကိုးကားတွေရှာရာမှာ အသုံးဝင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၅၊ ၄၊ ၂၀၀၈)