ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

မော်တော်ယာဉ်တန်း လုံခြုံရေး ဆိုင်ရာ သိကောင်းစရာ

Thursday, June 2, 2011

အရေးပါတဲ့ ခေါင်းဆောင်တွေရဲ့ ပြည်တွင်းစည်းရုံးရေး ခရီးစဉ်၊ နိုင်ငံခြား သံတမန်ရေးရာ ခရီးစဉ်တွေနဲ့ မြို့တွင်း သွားလာရေးတွေမှာ မော်တော်ယာဉ်တန်းလုံခြုံရေး (motorcade protection) ဟာ အလွန်အရေးကြီးပါတယ်။ မော်တော်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးသွားခဲ့ရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာ ခေါင်းဆောင်တွေ ကမ္ဘာမှာ အများအပြား ရှိပါတယ်။



မော်တော်ယာဉ်တန်း လုံခြုံရေးဆိုင်ရာ အခြေခံစည်းမျဉ်းများ

မော်တော်ယာဉ်တန်းလုံခြုံရေး အခြေခံစည်းမျဉ်းအရ အရေးပါပုဂ္ဂိုလ်များ လိုက်နာစီးနင်းမယ့် principal vehicle တွေနဲ့ escort vehicle တွေကို မောင်းနှင်သူများဟာ ယာဉ်မောင်းကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ယာဉ်တွေကို အသုံးမပြုချိန်မှာ သော့ပိတ်ထားပြီး၊ ခေတ္တရပ်နားချိန်တွေမှာ အစောင့်ထားရှိဖို့ လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်းမထွက်ခင်မှာ သံသယဖြစ်ဖွယ် ပစ္စည်းတွေ၊ ခိုးယူနားထောင်တဲ့ ကိရိယာတွေနဲ့ စက်ချို့ယွင်းမှုတွေ ရှိမရှိ စစ်ဆေးဖို့ လိုအပ်သလို မော်တော်ယာဉ်တန်း သွားလာလှုပ်ရှားနေချိန်မှာ ဆက်သွယ်ရေး ကိရိယာများကို သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။

လေ၊ ရေနဲ့ တာယာဖိအားတွေကို ဂရုတစိုက် စစ်ဆေးဖို့ လိုအပ်သလို၊ ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ဆီ တိုင်ကီတွေကို တ၀က်ထက်လျော့လာတာနဲ့ ပြန်ဖြည့်ရပါမယ်။ အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ဆီတိုင်ကီမှာ ဆီအလုံအလောက်ရှိနေဖို့ လိုပါတယ်။

ပြင်ပကနေ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ၊ ကားတံခါးကို ဆွဲဖွင့်တာတွေ မရှိအောင် ကားတံခါးနဲ့ ကားမှန်တွေကို မော်တော်ယာဉ်တန်းသွားလာနေစဉ်မှာ ပိတ်ထားရပါမယ်။ ယာဉ်မောင်းသူ အပါအ၀င် ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါသူများအားလုံးဟာ ခါးပတ်ပတ်ထားဖို့ လိုပါတယ်။ ယာဉ်ရပ်နား နေချိန်မှာတောင် ကားတစီးကနေ ရုတ်ခြည်းဝင်ရောက် တိုက်လိုက်တာမျိုး ရှိလာတတ်တဲ့အတွက် ကားပေါ်မှာ ထိုင်နေချိန်မှာပါ သတိရှိဖို့ လိုအပ်ပါတယ်။

သတ်မှတ်နေရာကို ရောက်ချိန်မှာ မော်တော်ယာဉ်တန်းရပ်နားတဲ့အခါ ကားစက်ကို မသပ်ရပါဘူး။ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်က debus လုပ်ဖို့ အမိန့်ပေးချိန်ကျမှ main bodyguard က အရေးပါခေါင်းဆောင်ရဲ့ ကားတံခါးကို ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ သတ်မှတ်နေရာကနေ မော်တော်ယာဉ်တန်းဆီကို အရေးပါခေါင်းဆောင် ပြန်လာချိန်မှာလဲ ဒီလိုပါပဲ။ ကားစက်ကို ကြိုတင်နှိုးထားဖို့ လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်းလုံခြုံရေးသဏ္ဍာန်

ပထမဦးစွာ သတ်မှတ်နေရာကို ပထမဦးဆုံးသွားရမယ့် ယာဉ်က advanced vehicle ဖြစ်ပါတယ်။ သတ်မှတ်နေရာရဲ့ လုံခြုံရေးအတွက် တာဝန်ရှိသူများကို ကြိုတင်ပို့ဆောင်ရေး၊ သတ်မှတ်နေရာကို ယာယီ အော်ပရေးရှင်စင်တာအဖြစ် အသွင်ယူရေးတို့အတွက် တာဝန်ရှိတဲ့ ယာဉ်ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ လမ်းကြောင်းရှင်းဖို့အတွက် Reconnaissance vehicle က သတ်မှတ်နေရာကို မရောက်ခင် လမ်းကြောင်းအခြေအနေကို လေ့လာဖို့အတွက် သွားဖို့ လိုအပ်ပါတယ်။ Reconnaissance vehicle နဲ့ လိုက်ပါသွားသူတွေဟာ လမ်းကြောင်းတလျှောက်က အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေကို စနစ်တကျ လေ့လာဖို့ လိုအပ်သလို၊ အဓိကယာဉ်တန်းက လုံခြုံရေးခေါင်းဆောင်တွေဆီကို ဆက်သွယ်ရေးကိရိယာ အသုံးပြုပြီး၊ ပြန်လည်တင်ပြဖို့ လိုပါတယ်။ အချိန်ကာလ မည်မျှကြာအောင် အဆက်အသွယ် ပြတ်သွားခဲ့ရင် အန္တရာယ်တစုံတရာ ရှိနေပြီဆိုတဲ့ signal ပေးနိုင်အောင် သတ်မှတ်ချိန်တခု ရှိထားရပါမယ်။

တတိယအနေနဲ့ အရေးပါပုဂ္ဂိုလ် လိုက်ပါစီးနင်းမယ့် ယာဉ် (principal vehicle) ရဲ့ ရှေ့မှာ Lead escort vehicleထားရှိရပါမယ်။ ဒီကားဟာ principal vehicles တွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူရမှာ ဖြစ်ပြီး၊ အရေးကြုံလာချိန်မှာ principal vehicles တွေ ပျက်စီးသွားခဲ့ရင် အစားထိုး အသုံးပြုတာတွေ လုပ်လို့ ရနိုင်ပါတယ်။ escort vehicles တွေဟာ အော်တိုဂီယာသုံး rear-wheel drive တွေ ဆိုရင် ပိုကောင်းပါတယ်။

စတုတ္ထအနေနဲ့ principal vehicle ဟာလဲ အော်တိုဂီယာသုံး rear-wheel drive (သို့မဟုတ်) four-wheel drive တွေ ဖြစ်သင့်ပါတယ်။ run-flat tyre system ဆိုရင် ပိုကောင်းပါတယ်။ principal vehicle နောက်မှာတော့ ပဉ္စမ အနေနဲ့ follow-up escort vehicle လိုက်ရမှာဖြစ်ပြီး၊ အားလုံးရဲ့နောက်မှာ tail vehicle လိုက်ရမှာ ဖြစ်ပါတယ်။

မော်တော်ယာဉ်တန်းတွင် လိုအပ်သော ပစ္စည်းကိရိယာများ
ရှေးဦးသူနာပြုသေတ္တာ
မီးသတ်ဆေးဗူး
multi-channel two-way radio;
မြေပုံများ
ရေဗူး
ကားအပိုပစ္စည်းများ
spotlights and flashlights;
လက်နှိပ်ဓာတ်မီး

မော်တော်ယာဉ်တန်း လှုပ်ရှားမှု

မော်တော်ယာဉ်တန်းလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး Phases ငါးခု ခွဲခြားနိုင်ပါတယ်။ ပထမဆုံးက ယာဉ်တန်း မထွက်ခွာမီ pre-departure phase ဖြစ်ပါတယ်။ မော်တော်ယာဉ်တန်း မထွက်ခွာချိန်မှာ ယာဉ်နဲ့ စက်တွေကို စနစ်တကျ စစ်ဆေးရပါမယ်။ အရေးပါ ပုဂ္ဂိုလ်ကို ကြိုဆိုရမယ့် အချိန်နီးမှ သတ်မှတ်နေရာမှာ ရပ်ထားသင့်ပါတယ်။ အရေးပါပုဂ္ဂိုလ် ကားပေါ်တက်တဲ့ နေရာဟာ လုံခြုံစိတ်ချရတဲ့ ဧရိယာအတွင်းမှာ ဖြစ်ဖို့ လိုအပ်ပါတယ်။ ကားစက်ကို ကြိုနှိုးထားရပါမယ်။ ကားမောင်းသမားက ကားထဲမှာ အဆင်သင့် ရှိနေရပါမယ်။ ကားတံခါးတွေအားလုံးကို ကြိုပြီး မဖွင့်ထားရပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ပွိုင့်ကသာ ကားတံခါးကို ဖွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒုတိယ phase ဖြစ်တဲ့ ယာဉ်တန်းထွက်ခွာချိန် (Departure phase) ကတော့ အရေးကြီးဆုံးပါပဲ။ ဒီအဆင့်က risk အကြီးဆုံးလဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ရီဂင် နဲ့ နိုင်ငံခေါင်းဆောင်အများအပြား တိုက်ခိုက်ခံရတာက Departure phase မှာ ဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ် ကားထဲမှာ စထိုင်လိုက်တာနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက သတ်မှတ်ထိုင်ခုံတွေမှာ ၀င်ရောက်နေရာယူပြီး၊ အချိန်မဆိုင်းပဲ မော်တော်ယာဉ်တန်းက ချက်ချင်း ထွက်ခွာဖို့ လိုအပ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ကားထဲကို လူအားလုံး ၀င်ထိုင်ပြီးတာနဲ့ ကားတံခါးတွေကို ချက်ချင်း ပိတ်ရပါမယ်။

တတိယ phase ဖြစ်တဲ့ ယာဉ်တန်းသွားလာချိန် (Transit phase) မှာတော့ ယာဉ်တန်းထဲက လုံခြုံရေး အဖွဲ့ရဲ့ ဆက်သွယ်ရေးစနစ်က အလွန်အရေးကြီးပါတယ်။ အတားအဆီး၊ အနှောင့်အယှက်၊ အခက်အခဲများ မဖြစ်အောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာရပါမယ်။ မီးပွိုင့်ရပ်နားချိန်တွေ၊ လမ်းကျဉ်းတွင်းမှာ သွားလာရချိန်တွေ၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေချိန်တွေမှာ အရေးပါပုဂ္ဂိုလ်အပါအ၀င် လုံခြုံရေးအဖွဲ့တဖွဲ့လုံး သတိရှိဖို့ လိုအပ်ပါတယ်။ ရပ်နားနေချိန်၊ နှေးကွေးစွာ သွားလာနေချိန်တွေမှာ တဘက်ရန်သူအတွက် အခွင့်အရေးတွေ ရသွားတတ်ပါတယ်။

ယာဉ်တန်းသွားလာချိန်မှာ သတိပြုသင့်တဲ့ အရာများကတော့ တံတားများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊၊ လမ်းဆုံလမ်းခွများ၊ ရပ်နားထားသော ကားများ၊ နှေးကွေးစွာ သွားလာနေသော ကားများ၊ မော်တော်ယာဉ်တန်းကို ကျော်ရန်ကြိုးစားနေသော ကားများ၊ ယာဉ်တန်းအနီးတွင် ရုတ်တရက်ရပ်တန့်နှေးကွေးသွားသော ကားများ၊ ကားလမ်းမပေါ်မှ ယာဉ်တန်းကို လှမ်းတားနေမှုများ၊ ယာဉ်တိုက်မှုများ၊ လူအများ လျှောက်လေ့လျှောက်ထ မရှိသော နေရာများတွင် လမ်းလျှောက်နေသူများ၊ သတ်ကွင်းဖြစ်တတ်သော နေရာများ စတာတွေမှာ ဖြစ်ပါတယ်။ ယာဉ်တန်းသွားလာနေတုန်းမှာ တတ်နိုင်သမျှ အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မလိုအပ်ပဲ စကားပြောနေတာတွေကိုလဲ လျှော့သင့်ပါတယ်။ ဒါတွေဟာ တုန့်ပြန်မှုနှုန်းနဲ့ အာရုံစိုက်မှုကို လျော့ကျစေနိုင်ပါတယ်။

ဆိုက်ရောက်ချိန် (arrival phase) မှာ လုံခြုံရေးအဖွဲ့တဖွဲ့လုံးက အဆင်သင့်အနေအထား ရှိဖို့ လိုအပ်ပါတယ်။ ယာဉ်ကို မရပ်နားခင်မှာ ပတ်ဝန်းကျင်အခြေအနေကို စနစ်တကျ လေ့လာဖို့ လိုအပ်ပါတယ်။ ရှေ့ပြေးလွှတ်ထားရင် ဆက်သွယ်ရေးစက်နဲ့ အခြေအနေကို ကြိုတင်မေးမြန်းထား ရပါမယ်။ ကားမောင်းသမားတွေက ယာဉ်မောင်းထိုင်ခုံတွေမှာ အဆင်သင့်ရှိနေပြီး၊ ကားစက်ကိုလဲ မသပ်ရပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ကားတံခါးက ပိတ်ထားရပါမယ်။ လုံခြုံရေးအဖွဲ့ နေရာယူပြီးမှ အရေးပါပုဂ္ဂိုလ်ရဲ့ ကိုယ်ရံတော်က ကားထဲက ထွက်ပြီး၊ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြည့်ပြီးမှ ကာားတံခါးကို ဖွင့်ပေးရပါမယ်။ လုံခြုံရေးအဖွဲ့ဟာ ဒီအချိန်မှာ အရေးပါပုဂ္ဂိုလ်ကို ၀န်းရံစောင့်ရှောက်ဖို့ လိုပါတယ်။ ဒါပေမယ့် အရေးပါပုဂ္ဂိုလ်ဆီမှာ မျက်လုံးတွေကို ထားရမှာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်နဲ့ ပရိသတ်ကို ကြည့်ရမှာ ဖြစ်ပါတယ်။

ဆိုက်ရောက်ပြီးအချိန် (post-arrival phase) ကလဲ လုံခြုံရေးအတွက် အရေးကြီးပါတယ်။ သတ်မှတ်နေရာမှာ အရေးပါပုဂ္ဂိုလ်ရောက်ပြီးတာနဲ့ လုံခြုံတဲ့ နေရာမှာ ကားကို သွားရပ်ရမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းတွေဟာ ကားနဲ့အတူ ရှိနေရမှာ ဖြစ်ပြီး၊ ကားကနေ ခေတ္တခွာမယ်ဆိုရင် အခြားလုံခြုံရေး အဖွဲ့ဝင်ကို လူစားထိုးပြီးမှ ခွာသွားရမှာ ဖြစ်ပါတယ်။ ကားအင်ဂျင်နဲ့ တာယာတွေကို စစ်ဆေးဖို့ လိုအပ်ပြီး၊ အချိန်မရွေးပြန်လည်ထွက်ခွာဖို့ အဆင်သင့် ရှိနေရန် လိုအပ်ပါတယ်။

မော်တော်ယာဉ်တန်း ယာဉ်မောင်းအရည်အချင်းများ
တာဝန်ယူမှု
ဆုံးဖြတ်နိုင်စွမ်းရှိမှု
သွေးအေးမှု
မတွေဝေမှု
ဖြတ်ထိုးဥာဏ်ရှိမှု
စတီယာရင် နိုင်နင်းမှု
လမ်းကျွမ်းကျင်မှု
လုံခြုံရေး အတွေ့အကြုံရှိမှု
အရေးပေါ်အချိန်တွင် မိမိရည်ရွယ်ချက်ကို အခြားအဖွဲ့ဝင်များထံ အချက်ပြဆက်သွယ် ပေးနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု
DEFENSIVE, OFFENSIVE, EVASIVE DRIVING Skills များကို ကျွမ်းကျင်ပိုင်နိုင်မှု

နိဂုံး

မော်တော်ယာဉ်တန်း လုံခြုံရေးဟာ အရေးပါပုဂ္ဂိုလ်တွေရဲ့ မြို့တွင်းအသွားအလာ၊ ပြည်တွင်းစည်းရုံးရေး ခရီးစဉ် စတာတွေမှာ အလွန်အရေးကြီးပါတယ်။ အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရားတွေ ဘယ်လောက်ပဲ ရှိပေမယ့်၊ သတိတချက် လွတ်သွားတာကြောင့် အသက်ပေးလိုက်ရတဲ့ ဖြစ်ရပ်တွေ ကမ္ဘာမှာ အများအပြား ရှိပါတယ်။ ဒါကြောင့် မော်တော်ယာဉ်တန်းလုံခြုံရေးကို အရေးပါပုဂ္ဂိုလ်များအပါအ၀င်၊ လုံခြုံရေး တာဝန်ရှိသူများမှ အသိရှိရှိ၊ သတိရှိရှိနဲ့ အာရုံထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

နောက်ဆက်တွဲ

မော်တော်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရသည့် static ambush, mobile ambush များနှင့် မည်သို့မည်ပုံ ကာကွယ်ရမည့် အချက်များကို မော်တော်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဆောင်းပါးတွင် ဆက်လက်ရေးသားဖော်ပြမည် ဖြစ်ပါသည်။

ခင်မမမျိုး (၁၊ ၆၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

တော်လှန်စစ်

Sunday, May 22, 2011

နိဒါန်း

တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဓိက အခြေခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှုမရှိတာတွေ၊ ၀ါဒကွဲပြားမှု ညှိနှိုင်းလို့ မရတာတွေနဲ့ အာဏာရှင်စနစ် ကျင့်သုံးမှုတွေကြောင့် တော်လှန်စစ်တွေ ဖြစ်ပွားလာရပါတယ်။ တော်လှန်ရေးတွေမှာ တူနီးရှား၊ အန်ဂိုလန်၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒအလိုက် ကွဲပြားမှုတွေရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာအခြေခံအချက်ကတော့ တော်လှန်စစ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေးအာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေ ရှိသလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးနိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ်ပန်းတိုင်ပဲ ဖြစ်ပါတယ်။



တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း

နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့်ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာက ပေါက်ကွဲမှု အရှိန်ပြင်းပြင်းနဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက စိန်ခေါ်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်းဖြစ်ပေါ်လာတတ်ပြီး အရှိန်အဟုန်လည်း ပြင်းထန်တတ်ပါတယ်။ တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင်ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ်ဆိုတော့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာလဲ ရုတ်ခြည်း ထဖြစ်သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေးပေါ်ပေါက်နိုင်သော အခြေအနေ (Revolutionary situation) ရှိနေတတ်ပေမယ့် တော်လှန်ရေးတရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး၊ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးနဲ့ ၁၉၅၆ ခုနှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင်တော်လှန်ရေးအဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေးခေါ်ဖို့ တောင်းဆိုတတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက်ဖြစ်နေချိန်တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန်မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွားတတ်ပါတယ်။ နောက်ဆက်တွဲတော်လှန်ရေးတွေ ပြတ်တောက်သွားတတ်ပါတယ်။

တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင်တွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေလဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ်တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူးမျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ်ခဲ့စဉ်တုန်းက ဒေါက်တာဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာကို ပြည်တွင်းခေါင်းဆောင်၊ ပြည်ပရောက်ခေါင်းဆောင်၊ ၀ါရင့်ခေါင်းဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင်ခွဲခြားသတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်းပေါ်ထွက်လာတဲ့ တော်လှန်ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ်သတ်မှတ်သွားစမြဲပါ။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင်မှု မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေအများအပြား လိုအပ်ပေမယ့်၊ လက်တွေ့လှုပ်ရှားမှုမှာတော့ မြန်ဆန်တိကျဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာသိမ်းမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ်ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက်အဆင့်ဆင့်နဲ့ လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန်အတိုင်းအတာ တခုအထိ ကြာတတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ်ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နားမှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။ သူပုန်ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်း ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန်တော်လှန်တဲ့အခါ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။


အတွေးအခေါ်နှင့် ယုံကြည်ချက်

နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေးသမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင်တော်လှန်မယ်ဆိုတာကို တော်လှန်ရေးသမားတွေက စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည်ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာဏာကို တရားသောနည်းဖြင့် ဖြစ်စေ၊ မတရားသော နည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရတရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေးစေခိုင်းနိုင်မှု၊ နိုင်ငံတော်ဘဏ္ဍာများကို ခွဲဝေအသုံးပြုနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ တော်လှန်ရေးသမားတွေဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။

သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေးအတွေးအခေါ်နဲ့ တော်လှန်ရေး ယုံကြည်ချက်ဆိုတဲ့ အားသာချက် နှစ်ရပ်ကိုပဲ တော်လှန်ရေးသမားတွေဘက်က ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေးအခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံးထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက်ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ထားနိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားဆိုတိုင်း၊ တော်လှန်ရေးဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ်တလျှောက်မှာ ရထားပေါ်က ခုန်ချသွားသူတွေ ရှိသလို၊ ကြားဘူတာတွေကနေမှ တက်လာသူတွေလဲ ရှိနိုင်ပါတယ်။ အဓိကကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။ တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေတွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုးရှိပါတယ်။


ပြည်သူသာ အခရာ

တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက်အတားအဆီးဖြစ်တဲ့ အာဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲအယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။

လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်းဖြစ်အောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင်အစိုးရတွေကလဲ သက်ဆိုင်ရာကဏ္ဍအလိုက် အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိတတ်ပါတယ်။

ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထုထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ်ထားကြပါတယ်။ တော်လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေတဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေးဖြစ်ပွားရာ မှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်းဆိုတဲ့ တော်လှန်စစ် ရေခံမြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံရေးစစ်

တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ political establishment တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက အဆိုပါ political establishment ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ political establishment မရှိပဲ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) political establishment နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။

political establishment ဆိုရာမှာလဲ တရုတ်ပြည်မှာကဲ့သို့ တပါတီတည်းက ဦးဆောင်တိုက်ပွဲဝင်တာမျိုး မဟုတ်ပဲ၊ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အား ဖြစ်နိုင် ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက်ကို ကြိုတင်သဘောတူ ညှိနှိုင်းထားနိုင်မှသာ တော်လှန်စစ်ကို အင်အားဖြစ်စေမယ့် မဟာမိတ်တပ်ပေါင်းစု ဖြစ်လာမှာပါ။ တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါ။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲကာလ နိုင်ငံရေးဘုံရည်မှန်းချက်ကို ညှိနှိုင်းချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။

တော်လှန်စစ် သဏ္ဍာန်

နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဍာန် (strategic pattern) တွေ ကွဲပြားခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအများစုမှာတော့ တော်လှန်စစ်သဏ္ဍာန်က ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက်ပါတီတရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိပညာရှင်များနဲ့ တက္ကသိုလ်ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်းပါဝင်လာအောင် ပါတီခေါင်းဆောင်များက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက်လာရေးအတွက် မဟာမိတ်ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစုဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ အုတ်မြစ်ချထားတဲ့ အကာအရံ ရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ်မရှိ၊ အကာအရံမရှိပဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ်အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။

တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ Movement Warfare တွေကို အဆုံးသတ်အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက်ဖော်ဆောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ်အောင်ပွဲရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါတယ်။ အဆုံးသတ်အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင်ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက်လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာတခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလို အရည်ပျော်ကျသွားတတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။

နိဂုံး

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာဏာကို မတရား ရယူခံထားရချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစားထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကို စည်းရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

songs

Thursday, May 19, 2011






(www.youtube.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

နောက်ဆုံးထွက်သက် (ကဗျာ)

Sunday, May 15, 2011

နောက်ဆုံးထွက်သက်

အပြည့်အစုံဖတ်ချင်ရင်..>>>

တစစီ ပြန့်ကျဲလို့

Sunday, May 8, 2011

ဝါး..............။
သားလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့်၊ သူဆော့ဖို့ လုပ်ထားပေးတဲ့ အခန်းလေးဆီ ကျွန်မ အပြေးအလွှား သွားမိပါတယ်။ ကစားနေရင်း တခုခုလိုချင်လာရင် သူက ကျွန်မဆီ ပြေးလာနေကြ၊ တခါတလေကျတော့လဲ အမေကို သတိရလို့ဆိုပြီး လာနှုတ်ဆက်ပြီးမှ ပြန်သွားကစားတတ်သေးတာ။ ကစားရင်း ငိုတယ်ဆိုတော့ ကျွန်မတော်တော်လန့်သွားမိတယ်။



ဒီလိုနဲ့ သားကစားနေတဲ့ အခန်းထဲ ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မတော်တော် စိတ်ညစ်သွားပါတယ်။ အခန်းထဲမှာ ခြေချစရာနေရာမရှိအောင် jigsaw အပိုင်းအစလေးတွေက ပြန့်ကျဲလို့ နေပါတယ်။ jigsaw ကစားရင် ကလေးတွေရဲ့ ဆက်စပ်တွေးခေါ်မှုဥာဏ်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သားလေးအတွက် jigsaw ဘူးလေးတွေ ဆယ်ဘူးလောက် ၀ယ်ထားပေးပါတယ်။ တချို့ဘူးလေးတွေထဲက အပိုင်းအစလေးတွေက ဆက်လိုက်ရင် စက်ရုပ်ပုံ၊ တချို့က လေယာဉ်ပျံ၊ တချို့က မော်တော်ကား ပုံလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပုံတမျိုးမျိုး ထွက်လာဖို့ဆိုရင် သူ့ဘူးနဲ့ သူ့အပိုင်းအစလေးတွေကိုက်ညီမှ ဖြစ်နိုင်မှာပါ။

ဒါကြောင့်လဲ အပိုင်းအစ ၂၀၀ ကျော်၊ လေးရာကျော်စီရှိနေတတ်တဲ့ ဘူးလေးတွေကို ကျွန်မက သီးခြားစီ ခွဲထားပေးပါတယ်။ ကစားရင်လဲ အမေနဲ့သား၊ တူတူကစားလေ့ရှိတာမို့ ဘူးလေးတွေထဲက အပိုင်းအစလေးတွေ ထုတ်ပြီးရင်၊ ဆက်စပ်တဲ့ ပုံရိပ်တခုခုကတော့ ထွက်လာတာပါပဲ။ ဒါပေမယ့် အခုတော့ သားပေါက်စလေးက ဘယ်လို ရွှေဥာဏ်တော် စူးရောက်တယ်မသိ။ ဘူးဆယ်ဘူးထဲက ရှိသမျှ အပိုင်းအစလေးတွေအားလုံးကို သွန်ချရောနှောပြီးမှ ကစားဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဟိုနားမှာလဲ အပိုင်းအစ လေးငါးခု၊ ဒီနားမှာလဲ ဆယ်ခုလောက်တွေကို သူလိုက်ဆက်ပြီး ပုံရိပ်ဖော်ဖို့ ကြိုးစားရင်း မရတော့တာကြောင့် ဒေါသတကြီးနဲ့ ထငိုနေတာပါ။

ဒါနဲ့ သားလေးကို ဒီအပိုင်းအစလေးအားလုံးဟာ ပုံရိပ်တွေ အများကြီး ဖြစ်နိုင်စေပေမယ့်၊ ရောနှောပြီး ပုံဖော်လို့ မရဘူးဆိုတာ သေချာ ရှင်းပြရပါတော့တယ်။ ဘယ်လိုပဲ ပြောပေမယ့် သားလေးကတော့ သူဆက်လို့ ရထားတဲ့ အပိုင်းအစလေးတချို့ကို ကိုင်ပြီး၊ ၀မ်းနည်းနေဆဲပါပဲ။

သားလေးကို ရှင်းပြရင်း ကျွန်မရဲ့ အတွေးတွေက political ideologies သင်တန်းတခုဆီကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီတုန်းက communism, socialism, liberalism, conservatism, fascism စတာတွေ ပါဝင်တဲ့ linear spectrum၊ Social Democracy, New Right, New Left, Anarcho-capitalism စတာတွေ ပါဝင်တဲ့ alternative spectrum၊ national communism, international communism, national socialism, international socialism, social democratism, social republicanism, capital democratism, capital republicanism, Progressive Neoliberalism, Conservative Neoliberalism, Nationalism, Activism, Fundamentalism စတာတွေ ပါဝင်တဲ့ Moral Matrix စတာတွေကို ပရော်ဖက်ဆာက သင်ကြားပို့ချပေးခဲ့ပါတယ်။

ပရော်ဖက်ဆာက နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့နဲ့ stable government ဖြစ်ဖို့အတွက် တူညီတဲ့ political ideologies တွေပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာဖို့ လိုအပ်ကြောင်း၊ ဒီလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၊ရွေးကောက်ပွဲအနိုင်ရ ပါတီက အစိုးရဖွဲ့တဲ့အခါ အဲဒီပါတီနဲ့ political ideologies မတူတဲ့ ပါတီတွေက အတိုက်အခံ ပါတီတွေ ဖြစ်လာကြောင်း၊ မတူညီတဲ့ နိုင်ငံရေးဝါဒတွေပေါ် အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပုံရိပ်တွေကို ပါလီမန်မှာ ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေလုပ်ကြပြီး ပုံဖော်ကြကြောင်း၊ မိမိတို့ လိုချင်တဲ့ ပုံရိပ်ကို ဖော်ဆောင်ဖို့အတွက် အစိုးရဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပြီး၊ အစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိမြင်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးလျော့နည်းလာပြီး ရွေးကောက်ပွဲအနိုင်ရရေးကို ကြိုးပမ်းကြတာကြောင့် နိုင်ငံရေးတည်ငြိမ်မှုလဲ ရှိလာကြောင်း စတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။

ပရော်ဖက်ဆာ သင်ကြားပို့ချပေးခဲ့တဲ့ သင်ခန်းစာတွေက အများအပြားပါ။ ဒီအထဲမှာ ကျွန်မ လုံးဝမမေ့နိုင်တာကတော့ political ideologies ကို အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ အားနည်းမှုဟာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ကို ထိခိုက်စေနိုင်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှုစတဲ့ ခေါင်းစီးတွေအောက်မှာ အများပါဝင်နိုင်အောင် နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ တွေ စုဖွဲ့တည်ထောင်ကြပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုတည်း (သို့) ပါတီတခုတည်းမှာတင် political ideologies မတူသူတွေ သွားစုမိနေတတ်ကြပါတယ်။ အဲဒီမှာတင် သက်ဆိုင်ရာ ပါတီ (သို့မဟုတ်) နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အကွဲအပြဲတွေ ဖြစ်ကြ၊ အိုင်ဒီရော်လော်ဂျီ တခုအပေါ်မှာ အခြေခံတဲ့ တိကျသော မူဝါဒတွေကို ပြတ်ပြတ်သားသား ပုံဖော်လို့ မရပဲ ညီညွတ်ရေးကွဲမှာစိုးလို့ ၀ိုးတ၀ါး ပုံဖော်ရတာတွေ ဖြစ်ကြ၊ တပါတီ (သို့) တဖွဲ့တည်းကနေ လားရာမတူတဲ့ ပန်းတိုင်တွေနဲ့ လမ်းစဉ်တွေကို တယောက်တပေါက်ပြောကြနဲ့ ဖြစ်လာတတ်ပါတယ်။

အဲဒီအခါမှာ contentious politics ဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ အတွေးအမြင်တူညီဖို့ ကိုယ့်အဖွဲ့ထဲမှာတင် ပြန်ညှိနေကြရတာနဲ့တင် အချိန်ကုန်ပြီး တိကျတဲ့ မူဝါဒနဲ့ လမ်းစဉ်ကို ချမှတ်လို့မရပဲ လည်နေတတ်ပါတယ်။ conventional politics ဖြစ်တဲ့ လွှတ်တော်တွင်း နိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ ပါတီတူအချင်းချင်း ပါလီမန်မှာ ပြန်ကန့်ကွက်တဲ့ အခြေအနေမျိုးထိကို ဖြစ်သွားတတ်ပါတယ်။ ပါတီတခု၊ အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်တဲ့အခါ မိမိရဲ့ တဦးချင်းလွတ်လပ်ခွင့် (individual freedom) ကို ပါတီ (သို့) အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ ညှိပြီး trade-off လုပ်ရတယ်ဆိုတာကို နားလည်မှုတွေ အားနည်းပြီး၊ မုန်ယိုနေတဲ့ဆင်က ကိုယ့်တပ်ကိုယ်ပြန်နင်းသလို လုပ်လာကြတာတွေလဲ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကြန့်ကြာတတ်တာတွေ၊ လွတ်လပ်ပြီးနိုင်ငံတွေမှာလဲ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ ကွဲလိုက်ပြဲလိုက်နဲ့ ပြည်တွင်းစစ်ဖြစ်တတ်တာတွေဟာ တူညီသော political ideologies တွေပေါ်မှာ အခြေတည်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေ တည်ထောင်ဖို့ အားနည်းချက် နဲ့ ညီညွတ်ရေးတစုံတရာကို အကြောင်းပြပြီး political ideologies မတူညီတဲ့ အစုအဖွဲ့တွေကို မဟာမိတ်တပ်ပေါင်းစုအသွင် စုစည်းလိုက်တဲ့ နိုင်ငံရေးသန္ဓေမမှန်မှု အချက်တွေကြောင့် ဖြစ်တယ်လို့ ပရော်ဖက်ဆာက ရှင်းလင်းပြောကြားခဲ့ပါတယ်။

သားလေးရဲ့ အခန်းထဲက jigsaw အပိုင်းအစလေးတွေကို ကြည့်ရင်း ကျွန်မရဲ့ အတွေးတွေက တက္ကသိုလ်ထဲက lecture hall ဆီ ပြန်ရောက်သွားနေမိပါတယ်။ ဒီအပိုင်းအစလေးတွေထဲမှာ တန်ဖိုးမရှိတဲ့ အပိုင်းအစလေးတွေ တခုမှ မရှိပါဘူး။ တချို့က လေယာဉ်ပျံပုံ၊ တချို့က စက်ရုပ်ပုံ၊ တချို့က မော်တော်ကားပုံ ဆိုပြီး၊ သက်ဆိုင်ရာ ပုံရိပ်တွေအတွက် သူ့နေရာနဲ့သူ အသုံးဝင်ကြတာတွေ ချည်းပါပဲ။ ဒါပေမယ့် အားလုံးက ရောထွေးနေတော့ ဟိုနားတစု၊ ဒီနားတစုနဲ့ ဘာပုံရိပ်မှ ပေါ်လာတာ မရှိတော့ပါဘူး။

သားက ဘာပုံလိုချင်တာလဲလို့ ငိုနေတဲ့ သားလေးကို မေးမိတယ်။ သားလေးက ကတ်ထူဘူးတခုပေါ်က လေယာဉ်ပျံရုပ်လေးကို လက်ညှိုးထိုးပြတယ်။ ကျွန်မပြောလိုက်မိပါတယ်။

"လေယာဉ်ပျံရုပ်လေးဖြစ်လာဖို့က ရောထွေးနေတဲ့ အပိုင်းအစလေးတွေထဲက လေယာဉ်ပျံကို ပုံဖော်ပေးနိုင်တဲ့ အပိုင်းအစလေးတွေကို ပြန်စုရဦးမှာ သားရဲ့။ ချက်ချင်း လေယာဉ်ပျံရုပ်လေးကိုတော့ ဘယ်ရနိုင်ပါ့မလဲ။ အဲဒီအတွက် အချိန်တခုကိုတော့ သားစောင့်ဖို့ လိုလိမ့်မယ်" လို့ပါ။

သြော်- ကျွန်မမြင်ကွင်းထဲမှာတော့ ပုံရိပ်တခုချင်းစီအတွက် တန်ဖိုးရှိတဲ့ အပိုင်းအစလေးတွေကလေ ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစစီ ပြန့်ကျဲလို့.......................။


ခင်မမမျိုး (၈၊ ၅၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

အကျင့်ဆိုး (တေးရေး- ရွှေတိုင်ညွှန့်)

Thursday, May 5, 2011

ရေး- ရွှေတိုင်ညွှန့်


ဆို- သန်းမြတ်စိုး



အလုပ်လုပ်ရာဝယ် အစက သာရယ်


အဆုံးထိအောင်ပင် မကြံချင်တယ်


အာလျှော့တာရယ် ပေါ့ရော့တာရယ်


အဲ့ဒါ အကျင့်ဆိုးတဲ့။


တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို


အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်


နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်


ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်


မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်


ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်


Cho:

(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်


ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်


သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တဲ့ ၀ါသနာရယ်


ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်


သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်


အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်


ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက် ကွယ် )


အလိုက်မသိတာတွေရယ်


ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်


ဒီဥာဉ်မျိုး အလွန်ဆိုးတယ်


ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်


ဆရာ့ကိုလည်း ပစ်ခါပယ်၊


ဒီဥာဉ်မျိုး အလွန်ဆိုးတယ်။


ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊


မြန်မာနိုင်ငံကြီးကို တကယ်၊


ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ


ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။


Cho:

......

......


သီချင်းနားထောင်ရန်-




Ah Kyint Sho- Than Myat Soe by KoMyoe ဒီဇိုင်း ကိုမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

" ဟော- ဟိုမှာ "

Tuesday, May 3, 2011

ဟော- ဟိုမှာ

ကလေးငယ်လေးတစ်ယောက်၊

မန္တလေးမြစ်ဆိပ်က

ကျူးကျော်ရပ်ကွက်လေးမှာ

သူနေတယ်။


သူ့အလုပ်က

"ညဘက်ဆိုရင်

ကုန်စိမ်းဒိုင်ကိုလာတဲ့

ကုန်ကားတွေပေါ်က

ဂေါ်ဖီထုပ်တွေ၊ ပန်းမုန်လာတွေကို

အလစ်သွားသုပ်တယ်၊

နံနက်ဘက်ကျတော့

အမှိုက်ကောက်တယ်၊

နေ့လည်ကျတော့

တောင်းစားတယ်" တဲ့လေ။


ပညာသင်ပေးချင်တဲ့

စေတနာဆရာမလေးကို

သူပြောလိုက်တဲ့စကားက

"စားဖို့တောင် အနိုင်နိုင်

စာဘယ်လိုသင်နိုင်မှာလဲ

အစ်မရယ်" တဲ့။


ဘ၀အမောတွေနဲ့

နွမ်းလျနေတဲ့

ဒီကလေးငယ်လေးကို

အချိုရည်လေး တခွက်နဲ့

အမောဖြေစေတော့

"အဖွားကို တိုက်ချင်လို့

အိတ်နဲ့ထည့်ပေးလို့ ရလား" တဲ့။


သြော်- ခေတ်စနစ်ဆိုးရဲ့

အရိပ်မည်းတွေအောက်မှာ

ကလေးငယ်လေးတွေရဲ့

အနာဂတ်တွေလဲ

ပျောက်ဆုံးလို့။


ခင်မမမျိုး (၂၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

မရေရာမှုများစွာ

Sunday, May 1, 2011

ဖြစ်ရပ် (၁)


စာသင်ခန်း တခုမှာပါ။
ဖြန်းခနဲ အသံနဲ့အတူ သူမ လက်ဝါးတခုလုံး ပူထူသွားပါတယ်။ နာကျင်မှုကြောင့် လက်ကို ရုတ်လိုက်ချင်ပေမယ့်လဲ မရုတ်ရဲ။ ကိုယ့်အပြစ်ကိုယ် သိနေတာကြောင့် ကြိမ်ချက်များကို အံကြိတ်ခံနေ လိုက်ရပါတယ်။

ဆရာမ ကျက်ခိုင်းလိုက်တဲ့ စာကို သူမသေချာ မကျက်ထားမိပါ။ တခေါက်၊ နှစ်ခေါက်သာ ဖတ်ထားခဲ့ပါတယ်။ အချက်အလက်တချို့ကို မှတ်မိနေပေမယ့် စိတ်ထဲမှာတော့ ၀ိုးတ၀ါးပါပဲ။ ဒါပေမယ့် စာမရတဲ့လူတွေ မတ်တပ်ရပ်ဆိုတော့လဲ သူမ မရပ်မိ။ ရပ်လိုက်မိရင်တော့ မတ်တပ်ရပ်ရ ရုံလောက်နဲ့ပဲ ပြီးသွားခဲ့မှာပါ။



အခုတော့ ဒီလိုမဟုတ်။ ဆရာတွေဆိုတာကလဲ တပည့်ရဲ့ မျက်နှာနဲ့ မူဟန်တွေကို မြင်ရုံနဲ့ ဖတ်တတ်သည်လားမသိ။ ခါတိုင်း မေးနေကျမဟုတ်ပဲ ကောက်ခါငင်ခါ ထမေးတော့ သူမမှာ မရေမရာ။ နောက်ဆုံးတော့ တုတ်နဲ့ လက်ဝါးတွေ့ကုန်ကြပါတော့တယ်။

ဒီလိုနဲ့ နောက်တနေ့ နံနက် ကျောင်းအ၀င် ဂိတ်ဝမှာ ဆရာမစောင့်တာမို့ ထပ်ဆုံတော့၊ ဆရာမ စိတ်ဆိုးပြေသည်လား၊ မပြေသေးဘူးလား မသိတာကြောင့် မရဲတရဲနဲ့ပဲ နှုတ်ဆက်လိုက်မိပါတယ်။ ဆရာမက ခပ်တည်တည်ပါပဲ။ ဒီနေ့စာကျက်လာလားလို့ မေးပါတယ်။ ကျက်လာပါတယ်လို့ သူမကလဲ အမြန်ဖြေရပါတော့တယ်။ ဒီတော့မှ ဆရာမက သူမ ပုခုံးကို လှမ်းပုတ်လိုက်ရင်း

"ကိုယ့်ကိုကိုယ် ဘယ်တော့မှ မလိမ်နဲ့ သမီး။ ကျက်ထားတဲ့ စာတွေကို ၀ိုးတ၀ါးဖြစ်နေရင် revision ပြန်ပြီး သေချာရအောင်လုပ်၊ အချိန်အတိုင်းအတာတခုမှာ မရနိုင်သေးဘူးဆိုရင်လဲ မရဘူးပေါ့။ ပြတ်ပြတ် သားသား ၀န်ခံရဲရမယ်။ ရသလိုလို၊ မရသလိုလိုနဲ့ ကိုယ့်ဘာသာကိုယ် လိမ်နေတဲ့လူဟာ သူများတွေကိုလဲ လိမ်နေမိတတ်တယ်၊ အများရှေ့မှာ ဟန်ဆောင်နေမိတတ်တယ်။ အဲဒါဟာ သူတပါးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပဲ။ မနေ့ကဆိုရင်ပဲကြည့်။ ဆရာမက မတ်တပ်ရပ် ခိုင်းတော့ သမီး မရပ်ဘူးနော်။ တကယ်မေးတော့ ဘာမှ ရေရေရာရာ မဖြေနိုင်ဘူး။ အဲဒါ ကိုယ့်ကိုယ်ကို လိမ်တာဖြစ်သလို၊ ဆရာမကိုလဲ လိမ်တာပဲ။ ထိုင်နေသူတွေ စာရလိမ့်မယ်ဆိုတဲ့ ဆရာမရဲ့ မျှော်လင့်ချက်နဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာပဲ။ သမီးကို ဆရာမရိုက်တာ စာမရလို့ ရိုက်တာ မဟုတ်ဘူး။ ၀ိုးတ၀ါးလုပ်နေလို့ ရိုက်တာ။ ရေလယ်မှာ လှေမှောက်ရင် ကမ်းတခုခုကို ရောက်အောင် ကူးရမှာပဲ သမီး။ အဲဒီကမ်းဟာ ကိုယ်သွားဖို့ ရည်ရွယ်ထားတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ထွက်လာတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ်းတခုခုပေါ်ရောက်သွားဖို့ကသာ အဓိကကျတယ်။ ဒီလိုအချိန်မှာ ရေထဲမှာ တ၀ဲလည်လည် လုပ်နေလို့ မရဘူး။ ဆရာမပြောတာကို သမီး နားလည်လား"

ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ စကားလုံးတွေပါ။

ဖြစ်ရပ် (၂)

"သမီးဘာဖြစ်နေတာလဲ။ ဖုန်းနားက ခွာတယ်ကို မရှိဘူး၊ ညသန်းခေါင်ရောက်နေပြီ။ အိပ်တော့လေ။ နက်ဖြန် စာသွားသင်ရဦးမှာ မဟုတ်လား"
"မအိပ်နိုင်သေးပါဘူး မေမေရယ်၊ စပေါ့တွေ စောင့်နေတာ"
"ဟေ"

မေမေက ပြူးတူးပြဲတဲနဲ့ သူမကို ပြန်ကြည့်ပါတယ်။

"မေမေကြည့်မယ်ဆိုလဲ ကြည့်လောက်ပါရဲ့။ ကိုယ်တိုင်စာမေးပွဲ ဖြေတုန်းကတောင် စပေါ့တွေကို စိတ်သိပ်မ၀င်စားတဲ့ သူမတယောက်၊ စာသင်မိတော့မှပဲ တပည့်တွေစာမေးပွဲဖြေခါနီးညမှာ စပေါ့ စောင့်နေရတဲ့ အဖြစ်ပေကိုး"

မေမေက သူမဘေးမှာ ၀င်ထိုင်ပါတယ်။ ပြီးတော့ ခပ်တိုးတိုးမေးတယ်။
"အဲဒီစပေါ့တွေကို သမီးယုံလား" တဲ့။

ဒီတခါ ပြူးတူးပြဲတဲ ဖြစ်သွားတာကတော့ သူမကိုယ်တိုင်ပါ။ တပည့်လေးတွေက "မမ စပေါ့ရရင် သမီးတို့ဆီ ဖုန်းဆက်နော်၊ စောင့်နေမယ်"လို့ ပြောကြလွန်းလို့၊ စပေါ့ထိုင်စောင့်ပေးနေမိတာပါ။ ဒီစပေါ့တွေကို ယုံသလားလို့ ကိုယ့်ဘာသာကိုယ်တောင် ပြန်မမေးမိ။

"သေချာတပ်အပ်ကြီးတော့ ပြောလို့ မရဘူးမေမေ။ အမျိုးမျိုးတော့ ထွက်နေတာပဲ။ ပါတာလဲရှိ၊ မပါတာလဲ ရှိမှာပေါ့"
"မေမေမေးနေတာက အဲဒါတွေ ပါလာမယ်လို့ သမီးယုံသလားလို့"
"ယုံတယ်လဲ မဟုတ်ဘူးမေမေ၊ မယုံဘူးလဲ မဟုတ်ဘူး။ ဒါပေမယ့် စာမေးပွဲဖြေခါးနီးညမှာ စပေါ့လိုက်တာတွေကတော့ ထုံးစံလို ဖြစ်နေတာမို့ သမီးလဲ လိုက်လုပ်နေတာပါ"
"ဒါဆို သမီးစိတ်ထဲမှာ မရေမရာ ဖြစ်နေတယ်ပေါ့"
"အဲလိုပဲ ပြောရမယ်ထင်တယ်"

"ကိုယ်တိုင် မရေမရာ ဖြစ်နေတဲ့ ကိစ္စတွေကို သူများတွေကို ဘာလို့ ချပြချင်ရတာလဲ သမီးရယ်"
"ကလေးတွေက စောင့်နေကြတယ် မေမေ။ သူတို့က လိုချင်နေတာကို သမီးက မပေးရင်၊ သူတို့ ဘယ်ကျေနပ်မလဲ"
"သမီးရဲ့ အလုပ်က သူတို့ကျေနပ်အောင် လိုက်လုပ်ပြဖို့လား"
"မေမေဘာကို ဆိုလိုတာလဲ"

"သမီးအလုပ်က Guide လေ။ သူတို့ စာတွေကို ကြေညက်အောင်၊ စာမေးပွဲအောင်အောင် လမ်းညွှန်ပြင်ဆင်ပေးရတာ။ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးဖို့ မဟုတ်ဘူး။ သူတို့ လိုအပ်တာကို လမ်းညွန်ပေးရမှာ။ သမီး တတ်နိုင်သလောက် တနှစ်ပတ်လုံး ဒါတွေ လုပ်ပေးခဲ့တယ်ဆိုတာ မေမေယုံကြည်တယ်။ ခုလို စာမေးပွဲ မဖြေခင်ညမှာ သမီးတို့အကြားမှာ ရှိနေရမှာကလဲ ဒီလိုယုံကြည်ချက်ပဲ။ သမီးဆီမှာ ငါ့ကလေးတွေကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပေးခဲ့ပြီးပြီဆိုတဲ့ ယုံကြည်ချက်၊ သမီးရဲ့ တပည့်လေးတွေဆီမှာလဲ ငါတို့ စာမေးပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီဆိုတဲ့ ယုံကြည်ချက်။ ခုကျတော့ သမီးတို့က ဒီလိုမဟုတ်ဘူး။ တပည့်တွေကလဲ ငါတို့ ကျက်ပြီးသလောက်နဲ့ ဖြစ်ပါ့မလား၊ အသစ်ထပ်ကျက်ထားဖို့တွေများ လိုမလား၊ မကျက်ထားတာတွေ ပါလာမလားလို့ တွေဝေနေတယ်။ သမီးကိုယ်တိုင်ကလဲ အဲဒီတွေဝေမှုတွေကို ထိန်းကျောင်းပေးပြီး၊ သူတို့ယုံကြည်ချက်တွေ ရှိလာအောင် မလုပ်ပေးပဲ၊ စပေါ့လိုက်ပေးနေတယ်။ သမီးကိုယ်တိုင်တောင် ဇဝေဇ၀ါ မရေမရာဖြစ်နေတာတွေကို တပည့်တွေကို လိုက်လုပ်ခိုင်းဖို့ ပြင်ဆင်နေတယ်။ အဲဒီစပေါ့တွေ ရလာရင် သမီးတို့ ဘာလုပ်ကြမလဲ။ ငါတို့ပြင်ဆင်ထားတာတွေ ဟုတ်မဟုတ် ပြန်ကြည့်ကြမယ်၊ မပြင်ထားတာတွေ ဖြစ်နေရင် သမီးက လိုက်အဖြေရှာမယ်၊ ဖုန်းနဲ့ အဖြေတွေ၊ မှတ်စုတွေ ပေးမယ်။ ဟိုက ကလေးတွေက လိုက်ကျက်ကြမယ်။ ခု ဘယ်နှစ်နာရီ ထိုးနေပြီလဲ။ သန်းခေါင်ဖြစ်နေပြီ။ ဒါတွေကို တညလုံး မအိပ်မနေ လုပ်ကြမယ်ဆိုရင် သမီးတပည့်လေးတွေ စာမေးပွဲခန်းထဲမှာ ဘာဖြစ်သွားမယ် ထင်သလဲ။ စပေါ့တွေ တိုးတာ၊ မတိုးတာတော့ မသိဘူး။ လူတွေတော့ အိပ်ချင်မူးတူးနဲ့ တောင်ရောက်မြောက်ရောက်တွေ ဖြစ်ကုန်လိမ့်မယ်။ တနှစ်လုံး ပြင်ဆင်ထားတာတွေ ပါလာရင်တောင် သေသေချာချာ ဖြေနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီ မရေမရာ အလုပ်တွေဟာ ရှေ့ပိုင်းမှာ ပြင်ဆင်ထားခဲ့တာတွေအားလုံးကို အလဟဿ ဖြစ်သွားစေနိုင်တယ်နော် သမီး"

"မေမေ ပြောတာကို သမီး နားလည်ပါတယ်။ ဒါပေမယ့် ကလေးတွေက သမီးကို အားကိုးနေကြတယ်"
"ဒီလို ဆိုရင်တော့ သမီးကို ညံ့တယ်လို့ပဲ မေမေ သတ်မှတ်ရလိမ့်မယ်"

"ရှင်"

"သူတို့တွေက အားကိုးခံရတာကို ဂုဏ်ယူစရာလို့ သမီးထင်နေလား။ သူတို့တွေက သမီးကို အားကိုးတယ် ဆိုကတည်းက သူတို့တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် သမီးက လမ်းညွှန်မပေးခဲ့လို့ပေါ့။ ခုဆိုကြည့်- စပေါ့လိုက်ပေးဖို့ ဂိုက်ကို အားကိုးတယ်။ ဂိုက်က အားကိုးခံရတယ် ဆိုပြီး၊ ကိုယ်တိုင်တောင် မရေမရာ မသေမချာဖြစ်နေတဲ့ အရာတွေကို သူတို့ကို ပြန်ချပေးတယ်။ ကိုယ့်ကို အားကိုးခံရတယ်ဆိုပြီး၊ မရေမရာကိစ္စတွေကို မသိနားမလည်သူတွေကို လိုက်လုပ်ခိုင်းတာ သိပ်အန္တရာယ်ကြီးတယ်နော်သမီး။ ကလေးတွေ ရှေ့ရေးထိခိုက် သွားလိမ့်မယ်။ သမီးအလုပ်က စာမေးပွဲအောင်အောင် လမ်းညွှန်ပြရမယ့်အလုပ်၊ ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားပေး ရမယ့်အလုပ်၊ သူတို့လမ်းမှားလိုက်နေရင် လမ်းမှန်ပြပေးရမယ့်အလုပ်။ မဖြစ်နိုင်မှန်း သိနေရက်နဲ့ သူတို့ကျေနပ်အောင် လိုက်လုပ်ပေးနေရမယ့် အလုပ်မဟုတ်ဘူး။ မရေမရာကိစ္စတွေကြောင့် သမီးတို့ ရှေ့မှာ ပြင်ဆင်ထားတာတွေ အားလုံးအလဟဿဖြစ်သွားမှာကို မေမေ သိပ်စိုးရိပ်တာပဲ"

ဘ၀မှာ အတွေးအခေါ်သစ်လေးတချို့ကို ၀င်သွားစေခဲ့တဲ့ ညတညပါ။

ဖြစ်ရပ် (၃)

"တနေ့က မျိုးမျိုးပြောတဲ့ လုပ်ငန်းကိစ္စကို မမကြီး စိတ်ဝင်စားတယ်။ အသေးစိတ် ပြန်ပြောပါဦး"
မမကြီးမေးလာတာမို့ လုပ်ငန်းတခုမှာ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကို အားပါးတရ ပြောပြမိပါတယ်။ အခွင့်အလမ်းတွေ၊ အလားအလာတွေကို ပြောပြနေတာကို မမကြီးက စိတ်ဝင်တစားနဲ့ နားထောင်ပေးပါတယ်။

"ဒါပဲလား ငါ့ညီမ"

အားလုံးပြောပြီးချိန်မှာ မမကြီးက အဲလိုပြောလိုက်တော့ သူမစိတ်ထဲ တမျိုးဖြစ်သွားပါတယ်။ ဘာများကျန်ခဲ့ပါလိမ့်ဆိုပြီး၊ အပြေးအလွှားဆန်းစစ်နေမိတယ်။ မမကြီး ဘာကို သိချင်တာပါလိမ့်လို့လဲ တွေးမိတယ်။
"အလုပ်တခုမှာ အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့် risks တွေကိုကော ဆန်းစစ်ပြီးပြီလား"
"ဒါကတော့ မမကြီးရယ်။ အလုပ်လုပ်ရင်တော့ risks ဆိုတာ ရှိမှာပဲ။ risks ကို ကြောက်နေလို့မှ မရတာ။ အချိန်ကုန်ခံ ဆန်းစစ်ဖို့ လိုလို့လား"

"မျိုးမျိုး ပြောသလိုပါပဲ။ risks ကို ကြောက်လို့ မရဘူး။ risks ဆိုတာ အလုပ်တိုင်းမှာ ရှိမှာပဲ။ risks ဆိုတာကိုက မသေချာ၊ မရေရာမှု (uncertainty) က ထွက်ပေါ်လာတဲ့ အရာတွေပဲ။ ဒါပေမယ့် risks ဆိုတာမှာ ထိန်းချုပ်လို့ ရတာ ရှိတယ်၊ ထိန်းချုပ်လို့ မရတာလဲ ရှိတယ်။ လက်ခံလို့ရမယ့် အတိုင်းအတာ ဆိုတာ ရှိသလို၊ ရှောင်ကြဉ်ရမယ့် အတိုင်းအတာလဲ ရှိတယ်။ အခု မမကြီးတို့ စီးပွားရေး လုပ်နေတယ်။ လုပ်ပြီဆိုကတည်းက ဈေးကွက်နဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ၊ ငွေဈေးအတက်အကျနဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ ကြုံနေရတာပဲ။ ဒီအထဲမှာမှ ဘာတွေက ကိုယ့်လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်နိုင်တယ်၊ ဘာတွေက နည်းနည်းလေးပဲ ထိခိုက်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြား သိထားရင် ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။ လိုအပ်တဲ့ ထိန်းချုပ်မှုတွေ စီမံထားလို့ရတာပေါ့။ ခရီးထွက်တဲ့အခါ ဖြစ်ချင်ရာဖြစ် သဘောထားပြီး ထွက်တာထက်စာရင် လမ်းမှာ ကားပျက်နိုင်တယ်၊ ကားဘီးပေါက်နိုင်တယ်၊ လုယက်ခံရနိုင်တယ် စတဲ့ risks တွေ ရှိနိုင်မယ်လို့ ကြိုတင်တွက်ဆထားတာက မကောင်းဘူးလား"

"ဒါပေမယ့် ဒီလို risks တွေကို ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်လာနိုင်ဘူးလား။ မျက်ကန်းတစ္ဆေမကြောက် ဆိုတာမျိုးပေါ့"

"တစ္ဆေကြောက်စရာ မလိုပေမယ့် ချော်လဲနိုင်တဲ့ အခွင့်အရေးပိုများတယ်ဆိုတာကိုတော့ ငါ့ညီမ လက်ခံ တယ်မလား"
ငြင်းလို့ မရတာကြောင့် သူမ ခေါင်းညိတ်လိုက်မိပါတယ်။

"ကဲပါ။ မမကြီးတို့က စကားပုံတွေနဲ့ စကားနိုင်လုနေကြရမယ့် အရွယ်တွေမှ မဟုတ်တာ။ စကားပုံကိစ္စအသာထား။ ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်နိုင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီးတော့ပဲ မမကြီး ပြောချင်တယ်။ risks ကို သိတာနဲ့ ကြောက်တာက မဆိုင်ဘူး မျိုးမျိုး။ risks ကို သိလာတဲ့အခါ ဒါဟာ ဘယ်အတိုင်းအတာအထိ ထိန်းချုပ်မှု၊ ပြင်ဆင်မှု လုပ်လို့ရမလဲဆိုတာကို သိလာနိုင်တယ်။ ဥပမာ- ကားပျက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစားထားရင်၊ မသွားခင်ကတည်းက ကားစစ်ဆေးမှု လုပ်သွားနိုင်တယ်၊ မတော်တဆ ပျက်ခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့ အရေးပေါ် လုပ်နည်းလုပ်ဟန်တွေကို ကြိုတွေးထားနိုင်တယ်။ ကားဘီးပေါက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစား ထားရင် အပိုဘီး ဆောင်ထားတာတွေ၊ ကားဘီးလဲတတ်အောင် သင်ယူထားတာတွေ လုပ်နိုင်တယ်။ ဒါကတော့ ထိန်းချုပ်လို့ရတဲ့ controllable risks တွေပေါ့။ ဒါပေမယ့် uncontrollable risks တွေလဲ ရှိတယ်။ ဥပမာ- ဓားပြတိုက်ခံရတာမျိုးပေါ့။ ဒါမျိုးကျတော့ ဖြစ်နိုင်ချေ (probabilities) တွေ ထည့်စဉ်းစားဖို့ လိုလာပြီ။ လမ်းခရီးအခြေအနေတွေကို သုံးသပ်ဖို့ လိုလာပြီ။ အဲဒီမှာမှ high risk ရှိနေတယ်ဆိုရင်တော့ သွားမယ့် ခရီးစဉ်ရဲ့ လိုအပ်မှု၊ အသုံးဝင်မှုနဲ့ risk ကြောင့် သက်ရောက်လာမယ့် ဆိုးကျိုးတွေကို ချိန်ဆဖို့ လိုလာပြီ။ ဒီတော့မှ သွားမယ်၊ မသွားဖူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရလိမ့်မယ်။ ဒါကြောင့် မမကြီးက risks ကို ထည့်စဉ်းစားပြီးပြီလားလို့ မျိုးမျိုးကို မေးနေတာ"

ဒီတုန်းက မမကြီးစကားတွေဟာ စီးပွားရေးလုပ်ငန်းအတွက် ရည်ရွယ်ပြောခဲ့ပေမယ့်၊ တခြားနေရာ တွေမှာလဲ အသုံးဝင်တယ်ဆိုတာ သူမနောက်မှ သိခဲ့ရပါတယ်။

ဖြစ်ရပ် (၄)

"စစ်ပွဲတခုရဲ့ အကြီးကျယ်၊ အခမ်းနားဆုံး သွင်ပြင်လက္ခဏာ တရပ်က ဘာလဲ"
ဆရာ့စကားအဆုံးမှာ သူမတို့တွေ ကိုယ်စီအတွေးတွေနဲ့ လက်ထောင်မိကြတယ်။ စစ်ဗျူဟာ အခင်းအကျင်း၊ ထောက်လှမ်းရေးသတင်း၊ စိတ်ဓာတ်ခိုင်မာမှု၊ တာဝန်ကျေပြွန်မှု၊ ကျွမ်းကျင်မှု စသဖြင့် အတွေးအမြင်တွေကို ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဆရာလိုချင်တဲ့ အဖြေကိုတော့ သူမတို့အားလုံး ဘယ်သူက မဖြေနိုင်ခဲ့ကြဘူး။ ဆရာ့အဖြေက uncertainty ဆိုတဲ့ မရေရာ၊ မသေချာမှုပါပဲ။ စစ်စကားအရဆိုရင်တော့ Fog of War ပါ။ ဒီလို မရေရာမှုတွေကြောင့်၊ စစ်ပွဲတွေမှာ အနိုင်ရရေးနဲ့ ပတ်သက်ပြီး စီမံချက်မျိုးစုံကို ချမှတ်လို့ ရပါတယ်။ ဒီစီမံချက်တွေအားလုံးဟာ၊ သူ့ရှုထောင့်နဲ့ သူတော့ မှန်နေတာပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ဘယ်ရှုထောင့်နဲ့ ဘယ်စီမံချက် မှန်ကန်တယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လို လုပ်ငန်းတွေကို စီမံချက်တခုအနေနဲ့ ပေါင်းစပ်လုပ်ဆောင်ရင် စစ်ပွဲကို ထိထိရောက်ရောက် အောင်မြင်စေမလဲဆိုတာကသာ တပ်မှုးတွေ ဆုံးဖြတ်ချက်ချရမယ့် အရေးကြီးဆုံး အရာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ရေးစီမံချက်ဆိုင်ရာ အဆင့်ဆင့်ဖြစ်စဉ်တွေ၊ ပြဿနာတွေ၊ war gaming နဲ့ decision-theoretic planning တွေကို ဆရာက အကျယ်တ၀င့် ဆက်ရှင်းပြခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက စစ်ဆင်ရေးတွေမှာ အသုံးပြုလေ့ရှိတဲ့ Operations Research (OR) Planning ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြပြီး၊ Markov Decision Process (MDP) မှာ အခြေခံတဲ့ စီမံချက်ရေးဆွဲမှုတွေကိုလဲ သင်ကြားပေးခဲ့ပါတယ်။ မရေရာမှုတွေဟာ double edged sword လိုပဲ အခွင့်အလမ်းတွေကိုလဲ ဖန်တီးပေးနိုင်သလို၊ အရာရာကိုလဲ ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာကို သင်ခန်းစာများစွာနဲ့ သင်ကြားပြပေးခဲ့ပါတယ်။

“Effects Based Operations (EBO) ဆိုတာ မျက်မှောက်ခေတ် စစ်ဆင်ရေးစီမံချက်တွေမှာ အသုံးဝင်လာတဲ့ ရလဒ်အခြေပြု (outcome-centric) သဘောတရားဖြစ်တယ်။ သူ့ရဲ့ အခြေခံသဘောတရားက ဘာလုပ်ရမယ်ဆိုတာက မစပဲ၊ ပန်းတိုင်ကနေ စပြီး စဉ်းစားရတယ်။ ဥပမာ- စစ်ပွဲမှာ အနိုင်ရဖို့ ဘာတွေလိုအပ်မလဲ။ ခံစစ်စွမ်းရည်၊ တိုက်စစ်စွမ်းရည်နဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားဖို့ လိုအပ်မယ်။ တခုချင်း ပြန်ပြီး စဉ်းစားကြည့်ရအောင်။ တိုက်စစ်စွမ်းရည်ကျဖို့ ဘာတွေ လုပ်နိုင်ဖို့ လိုမလဲ။ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေနဲ့ Airfield တွေကို ဖျက်ဆီးရမယ်။ ထောက်ပို့စွမ်းရည် ကျဆင်းအောင် လုပ်ရမယ်။ ခြေလျင်တပ်တွေကို ရွေ့လျားသွားလာနိုင်မှု နှေးကွေးအောင် လုပ်ရမယ်။ ဒီအတွက် တခုချင်းဆီမှာ သီးခြားလုပ်ဆောင်ရမယ့် စီမံချက်လေးတွေရှိတယ်။ ခံစစ်စွမ်းရည်ကျဖို့ကို ဆက်စဉ်းစားကြည့်ရအောင်။ ရန်သူရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ရေဒါတွေ ပျက်စီးသွားအောင် လုပ်ရမယ်။ ရန်သူ့တပ်တွေကို ချေမှုန်းရမယ်။ တပြိုင်တည်းမှာပဲ စိတ်ဓာတ်စစ်ဆေးရေး လုပ်ဖို့ လိုအပ်တယ်။ ဘယ်လိုအခြေအနေတွေမှာ စိတ်ဓာတ်ကျဆင်းအောင် လုပ်လို့ ရနိုင်မလဲ။ ခေါင်းဆောင်မှု အားနည်းချက်နဲ့ အတွေးအခေါ်တွေ ရှုပ်ထွေးစေမှုတွေဟာ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ အဓိက လက်နက်တွေ ဖြစ်တယ်။ ဒီအတွက် ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ commander capability လျော့သွားအောင် လုပ်ဖို့နဲ့ ၀ါဒဖြန့်ချိရေးယန္တရားတွေကို အသုံးပြုပြီး အတွေးအခေါ် ရှုပ်ထွေးစေမှုတွေကို ဟန်ချက်ညီလုပ်နိုင်ရင် ရန်သူကို စိတ်ဓာတ်ကျဆင်းအောင် လုပ်ယူလို့ ရနိုင်မယ်"

ဆရာက ဒီစကားတွေကို နှုတ်ကလဲပြော၊ slide show နဲ့ နမူနာပုံတွေကို ပြသခဲ့သလို၊ ကွန်ပျူတာလက်တွေ့သင်ခန်းစာ အချိန်မှာလဲ Probabilistic Graphic Models တွေကို အသုံးပြုပြီး၊ စီမံချက်တွေ ရေးဆွဲစေခဲ့ပါတယ်။

ဘ၀ ရပ်တည်မှု အလုပ်အကိုင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါပဲ။

နိဂုံး

ဘ၀မှာ မရေရာ၊ မသေချာမှု (uncertainty) နဲ့ ပတ်သက်ပြီး၊ လူအမျိုးမျိုးဆီက အတွေးအမြင်များစွာကို ရခဲ့ဖူးပါတယ်။ အယူအဆတွေကတော့ အမျိုးမျိုးပါပဲ။ အမှန်တရားဆိုတာကလဲ ရှာဖွေလေ၊ ခက်ခဲလေ။ဘယ်လိုပဲဖြစ်ဖြစ် မသေချာ၊ မရေရာတဲ့ လောကကြီးမှာ ဘယ်သူ့အမြင်၊ ဘယ်သူ့အတွေး၊ ဘယ်သူ့အလုပ်ကက မှန်ကန်တယ်ဆိုတာ သေချာပေါက်မပြောနိုင်ပေမယ့်၊ လက်တွေ့မှာ အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ အတွေးအမြင်၊ သင်ခန်းစာတွေကို အသုံးပြုရင်းနဲ့ မရေရာ၊ မသေချာမှုတွေကို ရင်ဆိုင်ဖြတ်သန်းကြမယ် ဆိုရင်ဖြင့်---------------------။


ခင်မမမျိုး (၁၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

မြို့ပြသူပုန် မှတ်စုများ

Saturday, April 30, 2011

မြို့ပြသူပုန် မှတ်စုများ

အပြည့်အစုံဖတ်ချင်ရင်..>>>

ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှု

Friday, April 29, 2011

နိဒါန်း

စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လူအများရဲ့ လုံခြုံရေးကို ထိခိုက်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်မှု (violence) အသွင်သဏ္ဍာန်မျိုးစုံကို ပဋိပက္ခ (conflicts) တွေကို ဖြေရှင်းဖို့အတွက် အသုံးပြုကြပါတယ်။ လူမျိုးစုကွဲပြားမှု၊ ဘာသာရေးအယူအဆကွဲပြားမှု၊ နိုင်ငံရေးအမြင်ကွဲပြားမှုစတဲ့ ကွဲပြားခြားနားမှုတွေ အကြားမှာ အတူတကွ ယှဉ်တွဲ နေထိုင်မှုကို ဦးစားပေးခြင်းမရှိပဲ၊ ပဋိပက္ခတွေ ဖြစ်လာအောင် အကြမ်းဖက်မှု နည်းမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းမှုတွေ ပြုလုပ်ကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တောင်းဆိုမှုတွေ ပေါ်ထွက်နေချိန်မှာပဲ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ဗိုလ်ကျစိုးမိုးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) စတာတွေကြောင့် ပေါ်ထွက်လာတဲ့ ပဋိပက္ခတွေကလဲ အများအပြား ရှိနေဆဲပါပဲ။



ငြိမ်းချမ်းရေးဆိုရာဝယ်

ငြိမ်းချမ်းရေးဆိုတာကို စစ်ပွဲတွေမရှိတာ၊ စစ်ပွဲတွေအဆုံးသတ်တာလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးမှာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် များစွာရှိပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှု၊ အတွင်းစိတ်သဘော တည်ငြိမ်အေးချမ်းမှု၊ ထိပ်တိုက်ရင်ဆိုင် အင်အားသုံးမှုများ ကင်းဝေးမှု စတာတွေဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်း အတွေးအခေါ်တွေကနေ မြစ်ဖျားခံလာတဲ့ ငြိမ်းချမ်းရေးသိပ္ပံကတော့ စစ်ပွဲတွေမဖြစ်လာအောင် ကာကွယ်ရေးနဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုမှုတွေဟာ တစတစနဲ့ စစ်ပွဲတွေသာမကတော့ပဲ၊ ငြိမ်းချမ်းစွာ တည်ရှိသော အနေအထား (state of peace) ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။

၂၀ ရာစု ကာလ ကမ္ဘာတ၀ှမ်းမှာ ပေါ်ပေါက်လာတဲ့ အမျိုးသမီးလှုပ်ရှားမှုတွေကြောင့် လူတဦးချင်းစီပေါ်မှာ သက်ရောက်နေတဲ့ အကြမ်းဖက်မှု (violence) ကိုလဲ ငြိမ်းချမ်းရေး လေ့လာသူများက ထည့်သွင်းလေ့လာမှုတွေ ပြုလုပ်လာကြပါတယ်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို တိုက်ခိုက်နေသော စစ်ပွဲတွေလို့ သတ်မှတ်ယူဆရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးရှိမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ လူတဦးနဲ့တဦးအကြားမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအပြင် မိမိကိုယ်ကို ထိခိုက်စေခြင်းနဲ့ သေကြောင်းကြံမှု ပြုလုပ်ခြင်းတွေဟာလဲ အတွင်းစိတ်ငြိမ်းချမ်းမှု (‘inner peace’) မရှိခြင်းကြောင့်လို့ ယူဆပြီး၊ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်လာကြပါတယ်။ ငြိမ်းချမ်းရေးသုတေသီတဦးဖြစ်တဲ့ Johan Galtung က ဆေးပညာ နယ်ပယ်မှာ ရောဂါဘယဆိုတာကို ကျန်းမာရေးရဲ့ ဆန်းကျင်ဘက်အနေနဲ့ သတ်မှတ်ချက်ကို နမူနာ ယူပြီး၊ ငြိမ်းချမ်းရေး သုတေသန နယ်ပယ်မှာ အကြမ်းဖက်မှု ဆိုတာ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။



ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ တည်ရှိနေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ထင်မြင်ယူဆမှုတွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေ လျှော့ချမှု ဆိုတာမှာ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကနေ စပြီး၊ လူနှစ်ဦးအကြားမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ ဒေါသတွေ၊ အာဃာတ တွေကို လျှော့ချမှုအထိ အကျုံးဝင်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချတာကို ‘negative peace‘ လို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ ဥပမာ- အိမ်တွင်းအကြမ်းဖက်မှုပြုလုပ်တဲ့ အိမ်ထောင်ဘက်ကို ကွာရှင်းတာ၊ လူအများသေစေတတ်တဲ့ နယူးကလီးယား လက်နက်တွေကို လျှော့ချထိန်းချုပ်တာနဲ့ လူအချင်းချင်း ကျေးကျွန်အဖြစ် အနိုင်ကျင့်စေခိုင်းမှုတွေကို ပယ်ဖျက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာကို ဒီလို လျှော့ချခြင်းအသွင်နဲ့ negative peace အဖြစ် သတ်မှတ်မှုတွေ ရှိသလို၊ positive peace အနေနဲ့ ငြိမ်းချမ်းရေးဆိုတာ state of harmony ပေါ်ထွက်လာခြင်းလို့ သတ်မှတ်မှုတွေလဲ ရှိပါတယ်။ State of harmony ဆိုတာမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေ ပါဝင်ပါတယ်။ ဒီလို state of harmony ပေါ်ထွက်လာဖို့အတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှု (Culture of Peace) ရှိဖို့ လိုအပ်ပါတယ်။ 1999 UN Declaration on a Culture of Peace မှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူ့ဘ၀ကိုလေးစားတန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအားရပ်စဲခြင်း၊ အကြမ်းမဖက်ရေး သဘောတရားများကို ပညာပေးစည်းရုံးမှု၊ ဆွေးနွေးအဖြေရှာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင့်သုံးခြင်း၊ အခြားနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ကို လေးစားတန်ဖိုးထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ကျားမတန်းတူညီမျှအခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှုင့်တင်ခြင်း၊ ပဋိပက္ခပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသော အခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများသဘောဆန္ဒအား လေးစားမှု၊ ဆွေးနွေးအဖြေရှာမှု၊ အပြန်အလှန် နားလည်မှုစသည့် သဘောတရားများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများအကြားတွင် ပျံ့နှံ့လာခြင်း စတဲ့ သဘောတရားတွေ အပေါ်မှာ အခြေခံတဲ့ စံနမူနာတန်ဖိုး သတ်မှတ်ချက်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ဘ၀နေထိုင်မှုတွေ ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆိုတာကို ဒီလို negative peace, positive peace တွေအနေနဲ့ သတ်မှတ်မှုတွေ ရှိပေမယ့်၊ ဒီလို သတ်မှတ်မှုတွေဟာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့သာ ဆိုင်ပြီး၊ ပဋိပက္ခတွေ ပေါ်ထွက်လာတာနဲ့ state of peace ကွယ်ပျောက်သွားနိုင်ကြောင်း Galtung က ဆိုထားခဲ့ပြီး၊ ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခတွေကို အကြမ်းမဖက်သော အပြုအမူနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်းရည်ရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းများစွာ ရှိပါတယ်။ ဒီအထဲမှာ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကတော့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် ပေးဆပ်ရမှုများတဲ့ ဖြေရှင်းနည်းတွေပါပဲ။ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကြောင့် လူပေါင်းများစွာရဲ့ အသက်တွေ၊ ဘ၀တွေ ပျက်စီးရုံမကပဲ၊ နောက်ဆက်တွဲအနေနဲ့ စိတ်ဒဏ်ရာတွေပါ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်ခဲ့စေပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ကိုယ်ချင်းစာနာမှု၊ တီထွင်ဆန်းသစ်မှု၊ အကြမ်းမဖက်မှု စတာတွေအပေါ်မှာ အခြေခံပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ရေးသားတင်ပြခဲ့ကြပါတယ်။

ပဋိပက္ခဆိုရာဝယ်

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်က ပဋိပက္ခဆိုတာ ဆိုးဝါးမှု၊ အကြမ်းဖက်မှု မဟုတ်ပဲ လူတွေရဲ့ဘ၀၊ လူမှုဆက်ဆံရေးနဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ အရာဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိပြီး၊ ဒီရည်မှန်းချက်ပန်းတိုင်တွေ အကြားမှာ မတူညီကွဲပြားမှုတွေ၊ သဟဇာတမရှိမှုတွေ ဖြစ်လာတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ပဋိပက္ခတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေတတ်ပြီး လူတယောက်ရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေခြင်း (intra-personal conflict)၊ လူနှစ်ဦးအကြား ပဋိပက္ခ (interpersonal conflict) ၊ အုပ်စုတွင်း ပဋိပက္ခ (intra-group conflict)၊ အုပ်စုများအကြားမှ ပဋိပက္ခ (intergroup conflict), နိုင်ငံတွင်းပဋိပက္ခ (national (intra-state) conflicts) နဲ့ နိုင်ငံများအကြားမှ ပဋိပက္ခ ( international (inter-state) conflicts) ဆိုပြီး၊ အမျိုးမျိုးကွဲပြားပါတယ်။

ပဋိပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေမှာ ဒီလို ကွဲပြားခြားနားပြီး၊ သဟဇာတမဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ (Content or contradiction) အပြင်၊ သက်ဆိုင်သူတွေရဲ့ အမြင်သဘောထား (Attitude) နဲ့ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေလဲ ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး၊ ပဋိပက္ခအေဘီစီ သုံးနာညီတြိဂံ ပေါ်ထွက်လာပါတယ်။ ပဋိပက္ခတွေတိုင်းမှာ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content ဆိုတာတွေရှိနေပြီး၊ ဒီသုံးမျိုးက ဆက်စပ်နေပါတယ်။ ဒီအချက်သုံးခုကို လေ့လာခြင်းအားဖြင့် ပဋိပက္ခတွေအပေါ်မှာ နားလည်မှု ပိုရှိပြီး၊ ဒီလိုပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလဲ ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- အားလပ်ရက်တရက်မှာ ယောက်ျားဖြစ်သူက အိမ်မှာ စာဖတ်ချင်ပြီး၊ မိန်းမဖြစ်သူက ဈေးဝယ်ထွက်လိုတဲ့အခါ သူတို့ဆီမှာ မတူညီကွဲပြားတဲ့ content or contradiction တွေ ရှိနေပါပြီ။ ဒီအခါမှာ တဦးတဘက်ကဖြစ်စေ၊ နှစ်ဦးစလုံးကဖြစ်စေ သူတို့ရဲ့ မိသားစုဆက်ဆံရေးကို အားလပ်ရက် အသုံးချမှု အမြင်သဘောထား (attitude) တွေထက် ပိုပြီး တန်ဖိုးထားရင် (သို့မဟုတ်) တဘက်နဲ့တဘက် လိုအပ်ချက်တွေနဲ့ ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို နားလည်မှုပေးနိုင်ရင်၊ ဒီမိသားစုမှာ ကွဲပြားမှုတွေကို ဖြေရှင်းနိုင်မယ့် shared strategy ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋိပက္ခဆိုတာ ပြဿနာမဟုတ်ပဲ ဒါကိုရှုမြင်သုံးသပ်ပုံနဲံ ကိုင်တွယ်ဖြေရှင်းပုံကသာ ပြဿနာဖြစ်ကြောင်း ပညာရှင်တွေက မီးမောင်းထိုး ဖော်ပြခဲ့ကြပါတယ်။ အထက်က ဖော်ပြထားတဲ့ ဥပမာမှာ ယောက်ျားဖြစ်သူက 'မင်းသွားချင်တိုင်း အမြဲလိုက်မပို့ပေးနိုင်ဘူး၊ မင်းဘာသာသွား၊ ငါစာဖတ်စရာရှိတယ်'လို့ ပြောပြီး၊ မိန်းမဖြစ်သူကလဲ 'ရှင်ဟာ မိန်းမတွေရဲ့ လိုအပ်ချက်ကို မလိုက်လျောပေးနိုင်တဲ့ ယောက်ျားပဲ။ ရှင်ပို့ပေးမှ သွားရမှာ မဟုတ်ဘူး။ ကျွန်မဘာသာ တက္ကဆီနဲ့ သွားမယ်' ဆိုပြီး၊ အပြန်အလှန်အော်ဟစ်မှုတွေ ဖြစ်ပွားလာခဲ့ပြီ ဆိုပါစို့။ ဒီလို conflict escalation ဖြစ်ပွားလာမှုဟာ 'ငါမှန်တယ်၊ သူမှားတယ်'ဆိုတဲ့ အမြင်သဘောထား (attitudes) နဲ့ တဘက်နဲ့တဘက် အော်ဟစ်မှု၊ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်တဲ့ အပြုအမူ (behaviour) တွေကြောင့် ပဲ ဖြစ်ပါတယ်။ ဒီလို အမြင်သဘောထားနဲ့ အပြုအမူတွေအပေါ်မှာ အခြေတည်ပြီး၊ ပဋိပက္ခတွေ ကြီးထွားလာချိန်မှာ မိန်းမဖြစ်သူက တက္ကဆီနဲ့ အပြင်ထွက်သွားခဲ့လို့ တဘက်နဲ့ တဘက်စွပ်စွဲမှုတွေ၊ ရန်ပွဲတွေ မဖြစ်လာရင်တောင် ဒါဟာ ပြီးဆုံးသွားတဲ့ ပဋိပက္ခလို့ မဆိုနိုင်ပါဘူး။ တိုက်ဆိုင်ချိန်မှာ အချိန်မရွေး ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။

ပဋိပက္ခအရေးလေ့လာသူ Keltner ရဲ့ ‘struggle spectrum’ အရ ပဋိပက္ခတွေ ဆင့်ကဲဖြစ်ပေါ်မှုတွေမှာ အဆင့်ခြောက်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကွဲပြားမှုဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ သဘောတူညီချက် မရမှုပါ။ အဲဒီအခါမှာ အငြင်းပွားမှု အဆင့်ကို တက်သွားပြီး၊ သူမှန်တယ်-ငါမှန်တယ်နဲ့ ပြောဆိုမှုတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ စွပ်စွဲပြောဆိုမှုတွေ ရှိလာပြီး၊ ရန်ပွဲအသွင် ရောက်သွားတတ်ပါတယ်။ ဒီလို ပဋိပက္ခအဆင့်တွေတိုင်းမှာ ဦးတည်ရာ နှစ်ခုရှိပါတယ်။ တခုကတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာခြင်း (conflict escalation) ဖြစ်ပြီး၊ ဒုတိယဦးတည်ရာကတော့ ပဋိပက္ခရေချိန် လျော့ကျလာခြင်း (conflict de-escalation) ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပေါ်မှု အဆင့်တွေမှာ ပိုမိုကြီးထွားလာခြင်း၊ လျော့ကျလာခြင်းက လူတွေရဲ့ အမြင်သဘောထားတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုပေါ်မှာ မူတည်ပါတယ်။

လူမှုစိတ်ပညာနဲ့ လူမှုမနုဿဗေဒပညာရပ်တွေမှာ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားနဲ့ ပြုမူ ဆောင်ရွက်ပုံတွေကို လေ့လာဖော်ထုတ် ထားပါတယ်။ အမြင်ကျဉ်းမြောင်းခြင်း၊ ခြိမ်းချောက်ခြင်း၊ အင်အားသုံးဖြေရှင်းခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တယူသန်ခြင်း၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း၊ ဘာသာရေး၊ လူမျိုးရေးအယူအဆ အစွန်းရောက်ခြင်း စတာတွေဟာ ပဋိပက္ခတွေကို ကြီးထွားစေနိုင်ပြီး၊ လူသားဆန်မှု၊ သည်းခံခွင့်လွှတ်မှု၊ လူ့သိက္ခာကို တန်ဖိုးထားမှု၊ ရိုးသားမှု၊ အပြန်အလှန်လေးစားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကတော့ ပဋိပက္ခတွေကို လျော့ကျစေ နိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ မတူညီပါဘူး။ ပဋိပက္ခတွေက ပုံမှန်ဖြစ်ပွားနေတဲ့ အရာတွေဖြစ်ပြီး၊ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content သုံးခုပေါင်းစပ်ပါဝင်ပြီး၊ စစ်ပွဲတွေကတော့ ပြုမူဆောင်ရွက်ပုံ (Behaviour) နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေကို ပြုမူဆောင်ရွက်ပုံအား ပြောင်းလဲခြင်း (behaviour change) နဲ့ အဆုံးသတ်လို့ရပါတယ်။ ပဋိပက္ခတွေကိုတော့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲရုံနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ပဋိပက္ခကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ၊ မတူညီတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပဋိပက္ခဖြစ်ပွားမှုအဆင့် လျော့ကျစေနိုင်တဲ့ အမြင်သဘောထားတွေကိုင်စွဲပြီး၊ ခြိမ်းချောက်အင်အားသုံး အနိုင်ကျင့်ဗိုလ်ကျခြင်း မပါသော ပြုမူဆောင်ရွက်ပုံတွေနဲ့ ဖြေရှင်းနိုင်ဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု (violence) ဆိုရာဝယ်

အကြမ်းဖက်မှုဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ အကြမ်းဖက်မှုဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုသဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေအထိ ပါဝင်ပါတယ်။ လူအများက အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိသွားတတ်ကြပါတယ်။ ဒါတွေက အကြမ်းဖက်မှု အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။ (ဒီနေရာမှာ violence နဲ့ terrorism နှစ်မျိုးစလုံးကို အကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဘာသာပြန်ကြတာကြောင့်လဲ သဘောတရားတွေ ရောထွေးနေတာ ဖြစ်ပါတယ်။ terrorism က အကြမ်းဖက်မှုရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ ရှိပါတယ်)

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ အကြမ်းဖက်မှု (violence) ဆိုတာကို တိုက်ရိုက်အကြမ်းဖက်မှု (Direct Violence)၊ (Structural Violence) နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (Cultural Violence) ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုက ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုမှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကိုသာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။

ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ တိုက်ရိုက်အကြမ်းဖက်မှုတွေကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ အကြမ်းဖက်ခံရခြင်းပဲ ဖြစ်ပါတယ်။ လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ ကွာဟချက်ကြီးမှု၊ ကျားမခွဲခြားသတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး ၀န်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင်ရပ်တည်နေရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or repressive structures တွေရဲ့ အကြမ်းဖက်မှုကို ခံစားရလို့ဖြစ်ပါတယ်။

နောက်ထပ် အကြမ်းဖက်မှုတခုကတော့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (cultural violence) ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု ရှိခြင်းဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက တိုက်ရိုက်အကြမ်းဖက်မှု ခေါင်းစီးအောက် ရောက်သွားမှာပါ။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုဆိုတာက တိုက်ရိုက်အကြမ်းဖက်မှုနဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့ နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ်ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။

အကြမ်းဖက်မှု အမျိုးအစားသုံးမျိုးဟာ ပဋိပက္ခ အေဘီစီသုံးနာညီ တြိဂံပါ အချက်တွေနဲ့ ဆက်နွယ်မှုရှိပါတယ်။ structural violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးတည်သွားစေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ပြုမူဆောင်ရွက်မှုတွေကို သက်ရောက်စေနိုင်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုက အမြင်သဘောထားတွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။

ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီသဘောတရားကို လက်ခံပြီး၊ ငြိမ်းချမ်းရေး ဆောင်ကျဉ်းဖို့ ကြိုးပမ်းသူတွေက အကြမ်းမဖက်သော အတွေးအခေါ်၊ အမြင်သဘောထားတွေ ပျံ့နှံ့လာဖို့ ကြိုးပမ်းလုပ်ဆောင်လေ့ရှိကြပါတယ်။ သို့ပေမယ့် ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမရှိပဲ၊ အမြင်သဘောထား (attitudes) တွေ ပြောင်းလဲရုံနဲ့ မဖြစ်နိုင်ပါဘူး။ Behaviour change ကို အကြမ်းမဖက်သော အပြုအမူ ဖြစ်လာစေဖို့ ဆိုတာမှာကလဲ လုံခြုံရေးရှိတယ်လို့ ခံစားရမှု (sense of security) ရှိမှ ဖြစ်ပါတယ်။ ညဘက်အပြင်ထွက်ရင် မလုံခြုံနိုင်ဘူးလို့ ခံစားရလို့ လက်နက်ဆောင်သွားတတ်သူများရဲ့ behaviour ကို အကြမ်းမဖက်သော အမြင် သဘောထားတွေ ဖြန့်ဖြူးပေးရုံနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ လက်နက်ဆောင်သွားဖို့ မလိုအပ်တော့တဲ့ sense of security ရှိလာမှသာ လက်နက်နဲ့ အကြမ်းဖက်မှု မလုပ်ဘူးဆိုတဲ့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲခြင်း ရှိလာမှာပါ။

ဒီလိုပါပဲ။ ကျားဆိုးတကောင်ရဲ့ ခြိမ်းချောက်မှုရှိနေတဲ့ ရွာတရွာမှာ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားခြင်းကိုလဲ အကြမ်းမဖက် အတွေးအခေါ်၊ အမြင်သဘောထားတွေ ဖြန့်ဖြူးပေးပြီး၊ လက်နက်ကိုင်စွဲခြင်း ရပ်တန့်ဖို့ လုပ်လို့မရပါ။ အမြင် သဘောထားနဲ့ ပြုမူဆောင်ရွက်မှုက အကြမ်းမဖက်ခြင်း အသွင်ဆောင် လာသည်ပဲထား၊ ကျားဆိုးအန္တရာယ်ကတော့ ကင်းဝေးမှာ မဟုတ်ပါ။ ကျားသနားမှ နွားချမ်းသာမယ့် ဘ၀ ရောက်သွားကြရုံပဲ ရှိမှာပါ။ အဲဒီအခါမှာ လူတွေကလဲ နွားတွေ မဟုတ်တဲ့အတွက် ကျားဆိုးအန္တရာယ်ကို ခုခံကာကွယ်ဖို့ တုတ်၊ ဓား လက်နက်တွေ ပြန်လည်ကိုင်ဆောင်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကို ပညာရှင်တွေက အကြမ်းဖက်မှုသံသရာစက်ဝန်း (cycle of violence) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒါကြောင့် ကျားဆိုးနဲ့တူတဲ့ အန္တရာယ်ကို ဖယ်ရှားပြီး၊ sense of security ရှိလာချိန်ကျမှသာ အကြမ်းမဖက်သော အမြင်သဘောထားများ ဖြန့်ဖြူးမှု၊ အကြမ်းဖက်သဏ္ဍာန် ပြုမူဆောင်ရွက်တတ်မှုနဲ့ ပဋိပက္ခပြဿနာများကို အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်ရှိလာမှုတို့နဲ့ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုတွေ လျော့နည်းပြီး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေအပေါ်မှာ အခြေတည်တဲ့ state of harmony ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီအတွက် ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ ဆိုတာ အကြမ်းမဖက်မှု အမြင်သဘောထားတွေ၊ ပြုမူဆောင်ရွက်မှုတွေ ရှိလာရုံနဲ့ မလုံလောက်ပါဘူး။ sense of security ရှိစေမယ့် political and socio-economic structures တွေ ရှိဖို့လိုအပ်ပါတယ်။ structural violence ရှိနေရင် လူသားလုံခြုံရေး (Human Security) ကို ထိခိုက်စေတဲ့အတွက် ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် structural violence ဖြစ်ထွန်းစေတဲ့ နိုင်ငံရေး-လူမှုစီးပွားရေး စနစ်တွေကို ဖယ်ရှားပြီးမှသာ ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၂၈၊ ၄၊ ၂၀၁၁)




ရည်ညွန်းကိုးကား။

Brock-Utne B (1997). Linking the micro and macro in peace and development studies. In Turpin J and Kurtz L (eds). The web of violence: from interpersonal to global. Chicago, University of Illinois Press.

Farmer P (2005). Pathologies of power: health, human rights, and the new war on the poor. Berkeley CA, University of California Press.

Galtung J (1996). Peace by peaceful means: peace and conflict, development and civilisation. London, Prio/Sage.

Galtung J (2002). What is peace studies? In Johansen J, Vambheim V (eds). Three papers by Johan Galtung. Tromsø, Centre for Peace Studies, University of Tromsø.

Galtung J (2004). Transcend and transform: an introduction to conflict work. London, Pluto Press.

Keltner J (1997). The management of struggle: elements of dispute resolution through negotiation, mediation and arbitration. Cresskill, NJ, Hampton Press.

WHO (2002). World report on violence and health. Geneva, WHO.

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ

Saturday, April 23, 2011

စစ်ရဲ့ အခြေခံသဘောတရားများ (principles of war) တွေဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ်ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို စစ်ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေးညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက်တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တသမတ်တည်း မထားပဲ၊ အခြေအနေရဲ့ တောင်းဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်နိုင်ခြင်းဟာ အောင်ပွဲရအောင် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေရဲ့ အရည်အချင်း တရပ်ပဲ ဖြစ်ပါတယ်။


ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိခြင်း (Paradoxical Reasoning)

လောကမှာ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ဒဂါင်္းပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလို ဒွန်တွဲတည်ရှိနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အကောင်းအဆိုး၊ သုခဒုက္ခ၊ အရှုံးအနိုင် စတာတွေဟာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု (Paradoxical Reasoning) ရဲ့ အခြေခံတွေပါပဲ။ စစ်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ စစ်ပွဲမှာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ စစ်ပွဲရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပါပဲ။ နောက်ထပ်ထင်ရှားတဲ့ အဆိုအမိန့် တခုကတော့ "အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်တယ်" ဆိုတဲ့ အယူအဆပါ။

ခေါင်းဆောင်တယောက်ဟာ ဒီလိုဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေတဲ့ သဘောတရားတွေကို နားလည်ပြီး၊ လိုက်လျောညီထွေတွေးခေါ်ခြင်း (adaptive thinking) ရှိဖို့ လိုအပ်ပါတယ်။ နောက်လိုက်တွေရဲ့ ထကြွလုံ့လရှိမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ဦးဆောင်လိုစိတ် ထက်သန်မှုတွေကို အားပေးတဲ့ အနေနဲ့ စွန့်ဦးလုပ်ဆောင်မှု (Initiative) ကို ခွင့်ပြုပေးရင်း၊ တပြိုင်နက်တည်းမှာပဲ strategic big picture တခုလုံးကို ထိခိုက်စေတဲ့ ပြုမူဆောင်ရွက်မှုတွေ ပေါ်ထွက်လာခြင်း မရှိအောင် ကွပ်ကဲမှုနဲ့ ထိန်းကျောင်းမှု (Command and Control) ပြုလုပ်နိုင်ရပါမယ်။

ခုခံစစ်၊ တိုက်စစ်၊ တော်လှန်စစ်စတဲ့ စစ်ပွဲတွေအပါအ၀င် တဘက်ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေးစစ်မျက်နှာတွေ အားလုံးမှာ ကွပ်ကဲမှု တစုတစည်းတည်းရှိခြင်း (unity of command) ဟာ အောင်ပွဲရဲ့ သော့ချက်ပါပဲ။ ဘယ်လိုအခြေအနေနဲ့ အချိန်အခါတွေမှာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ Initiative နဲ့ Command and Control ကို ဦးစားပေးမလဲဆိုတာကို ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေမှုကတော့ Internal Focus (မိမိအင်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ ကျွမ်းကျင်မှု စသည်များ) နဲ့ External Focus (ရန်သူ့အင်အား၊ နိုင်ငံတကာနှင့် အန်ဂျီအိုအဖွဲ့များ၏ ဘက်လိုက်မှု အခြေအနေ၊ ရာသီဥတု၊ ပထ၀ီဝင်နိုင်ငံရေး စသည်များ) ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်မျိုးစလုံးကို အာရုံစိုက်ပြီး၊ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ကြည့်ပြီး အရှုံးအနိုင်ကို တွက်ချက်လို့ ရပါတယ်။ External Focus ကိုပဲ အာရုံစိုက်တဲ့ဘက်က မလွဲမသွေ ရှုံးပါလိမ့်မယ်။

coup d'oeil

လိုက်လျောညီထွေရှိမှုနဲ့ ကွပ်ကဲထိန်းကျောင်းမှုတွေကို တန်ဖိုးထားရင်း အခြေအနေတွေကို အတွင်းမှ အပြင်သို့ကြည့်ခြင်း၊ အပြင်မှ အတွင်းသို့ ကြည့်ခြင်းတွေ တပြိုင်နက်တည်း ပြုလုပ်ခြင်းကို စစ်ပညာရှင် ကလော့ဝစ်က coup d'oeil လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ coup d'oeil နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာ လေးမျိုး ရှိပါတယ်။ ပထမတမျိုးက human implications တွေနဲ့ သက်ဆိုင်ပါတယ်။ တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေရှိတဲ့ အဖွဲ့အစည်းယဉ်ကျေးမှု ရှိလာစေဖို့ ခေါင်းဆောင်တွေက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

ဒုတိယတမျိုးကတော့ လေ့လာသင်ယူမှု (learning implications) နဲ့ သက်ဆိုင်ပါတယ်။ တင်းမာတဲ့ အခြေအနေတခုမှာ အရှုံးအနိုင် ခေါင်းဆောင်ကဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ခေါင်းဆောင်နဲ့ သူ့အဖွဲ့အစည်းရဲ့ မြန်မြန်ဆန်ဆန် တွေးခေါ် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်တတ်မှုပေါ်မှာ မူတည်ပါတယ်။ နောက်လိုက်တွေရဲ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေါင်းဆောင်က အကဲဖြတ်ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။

တတိယအချက်ကတော့ စီမံချက်ချမှတ်ခြင်း (Planning implications) နဲ့ သက်ဆိုင်ပါတယ်။ အောင်ပွဲကို ဦးတည်စေတဲ့ စီမံချက်တွေ ချမှတ်နိုင်ဖို့ တိကျတဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာတွေရဲ့ ပြင်ပ၀န်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ပြီး၊ အောင်ပွဲရစေနိုင်မယ့် လှုပ်ရှားမှုတွေဖြစ်လာအောင် စီမံချက်တွေနဲ့ ထိန်းကွပ်ရပါတယ်။

နောက်ဆုံးအချက်ကတော့ structural implications တွေပဲ ဖြစ်ပါတယ်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အခြေခံသဘောတရား စတာတွေကို တိတိကျကျ စေ့စပ်သေချာစွာ သိရှိဖို့ လိုပါတယ်။ တိုက်စစ်၊ ခံစစ်မှာ တိကျစွာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ရောထွေးပြီး institutional inertia ကို မဖော်ထုတ်နိုင်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒီ coup d'oeil ဆိုင်ရာ အချက်တွေကို စွန့်ဦးတီထွင် လုပ်ဆောင်စေမှု၊ ကွပ်ကဲထိန်းချုပ်မှု၊ ပြင်ပအာရုံထားမှု၊ အတွင်းအာရုံစိုက်မှု စတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေမှုတွေအကြားမှာ အခြေအနေ၊ အချိန်အခါနဲ့ အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်လှပါတယ်။


စစ်၏ အခြေခံသဘောတရားများနှင့် ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှု

(က) တိုက်စစ်နှင့် ခံစစ် (Offensive-Defensive)

တိုက်စစ်က ရန်သူက ကိုယ်က ဦးအောင်တိုက်ခိုက်တာဖြစ်ပြီး၊ ခံစစ်က ရန်သူက ကိုယ့်ကို ကနဦးတိုက်ခိုက်လာတာကို ခုခံကာကွယ်စစ် ဖြစ်ပါတယ်။ သဘောတရားအရ ဆန့်ကျင်နေပေမယ့် အတူတကွ ဒွန်တွဲတည်ရှိနေပါတယ်။ ဘယ်စစ်က အောင်ပွဲရစေမယ်လို့ တရားသေ ယူဆချက် မပြုလုပ်နိုင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ တိုက်စစ် ဆင်နွှဲရမယ့်အချိန်မှာ ခံစစ်ဆင်နွှဲမှုနဲ့ ခံစစ်ဆင်နွှဲရမယ့် အချိန်မှာ တိုက်စစ်ဆင်ရင်တော့ သေချာပေါက်ရှုံးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဆိုဗီယက်တပ်တွေရဲ့ space-for-time ခံစစ်ဗျုဟာက တိုက်စစ် အော်ပရေးရှင်းတွေအတွက် အကောင်းဆုံး စစ်မြေပြင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၈၀ ကာလတွေမှာ အမေရိကန်ကျင့်သုံးခဲ့တဲ့ Strategic Defence Initiative က စစ်အေးတိုက်ပွဲကို အဆုံးသတ် စေခဲ့ပါတယ်။ အခြေအနေအရ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးစလုံးကို ပေါင်းစပ်တိုက်ပွဲဝင်ရတာလဲ ရှိပါတယ်။ နေတိုးအဖွဲ့ကြီးက ဒီလို ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးပေါင်းစပ်ထားတဲ့ active defence လို့ ခေါ်တဲ့ strategic doctrine ကို ကျင့်သုံးခဲ့ပါတယ်။

(ခ) ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု (Objective- Surprise)

ရည်မှန်းချက်ဆိုတာမှာ ကြိုတင်စီမံမှု ပါဝင်ပါတယ်။ ကြောင်းကျိုးဆက်နွယ်မှုကို ကြိုတင် သုံးသပ်ချက်တွေ ရှိပါတယ်။ ရုတ်ခြည်းဖြစ်ပေါ်မှုမှာကျတော့ ကြိုတင်စီမံသုံးသပ်ချက်တွေ မပါဝင်ပါဘူး။ မထင်မှတ်ထားတဲ့ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ စစ်မြေပြင်မှာတော့ ရန်သူမထင်မှတ်ထားတဲ့ အချိန်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်တာကို surprise attack လို့ သုံးနှုန်းကြပါတယ်။ နိုင်ငံရေးကစားပွဲမှာ ၀ှက်ဖဲ အသုံးပြုပြီး surprise attack လုပ်ကြတာတွေလဲ ရှိပါတယ်။
တခါတရံမှာ စစ်ဆင်ရေးစီမံချက်ထဲမှာ တံတားကူးပြီး တဘက်ကမ်းရောက်ရင် အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားချက်ပါပြီး၊ ပကတိမြေပြင်မှာ တံတားရှာလို့ မရတာတွေလဲ ရှိတတ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ပွဲတွေမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို တပ်မှူးတွေက unwanted surprise လို့ ခေါ်ဝေါ်သုံးနှုံးကြပါတယ်။

စစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာပဲ ဖြစ်ဖြစ် စီမံချက်အတိုင်း လက်တွေ့မှ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ရည်မှန်းချက်ကို ပြည့်မှီချင်မှ မှီမှာပါ။ ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု ဆန့်ကျင်ဘက်ဒွန်တွဲနေတာကို အကောင်းဆုံး တုန့်ပြန်နည်းကတော့ concurrent deductive reasoning ကို အခြေခံပြီး လက်ရှိရှိနေပြီးသား စီမံချက်ကို အကောင်အထည်ဖော်ခြင်းနဲ့ inductive reasoning ကို အခြေခံပြီး၊ ရုတ်ခြည်းဖြစ်ပေါ်လာမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။

(ဂ) လှုပ်ရှားမှု- လုံခြုံရေး (Maneuver- Security)

ဒီအခြေခံသဘောတရား နှစ်ခုကလဲ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေပါတယ်။ စခန်းထိုင်နေရင် လုံခြုံရေးအတွက် စိတ်ချရပေမယ့် တိုက်ကင်းလှည့်လည်စဉ်မှာ ရန်သူနဲ့ ထိတွေ့မှုဖြစ်ပြီး ကျဆုံးထိခိုက်မှုတွေ ရှိတတ်ပါတယ်။ သို့ပေမယ့် လုံခြုံရေးကို ပထမဦးစားပေးပြီး၊ လှုပ်ရှားမှု မရှိပြန်ရင်လဲ တိုက်ပွဲက ရေရှည်မှာ အီလာပြီး၊ တဘက်ရန်သူက ရင်ဆိုင်ထိန်းချုပ်မှု လုပ်လာမယ့် အန္တရာယ် ရှိတတ်ပါတယ်။

စစ်ရဲ့ သဘောသဘာဝအရ စခန်းသိမ်းပိုက်ခံရမှ ရှုံးတာ မဟုတ်ပါဘူး။ ရင်ဆိုင်ထိန်းချုပ်ပြီး containment လုပ်ခံထားရတာကလဲ ရှုံးတာပါပဲ။ လုံခြုံရေးကို အားစိုက်လွန်းရင် လှုပ်ရှားမှု အားနည်းပြီး၊ လှုပ်ရှားမှုကို အားစိုက်လွန်းရင် လုံခြုံရေးကို ထိခိုက်ပါတယ်။ သက်ဆိုင်ရာ strategic doctrine ပေါ်မှာ အခြေခံပြီး၊ ဦးစားပေးသင့်တဲ့ အရာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

(ဃ) ရိုးရှင်းမှု - ရှုပ်ထွေးမှု (Simplicity- Complexity)

တချို့မဟာဗျူဟာ စဉ်းစားတွေးခေါ်ချက်တွေက ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အော်ပရေးရှင်းတွေလဲ အများအပြား ရှိနိုင်ပါတယ်။ ကမ္ဘာတ၀ှမ်းက command and staff college တွေမှာ သင်တန်းပို့ချသူတွေ ကြုံတွေ့လေ့ရှိတာက သင်တန်းသားတွေရဲ့ ရိုးရှင်းမှု၊ ရှုပ်ထွေးမှုတွေကို တုန့်ပြန်လက်ခံပုံ မတူညီမှုပဲ ဖြစ်ပါတယ်။ တချို့က တိုက်ခိုက်ရေးမှာ တော်ပေမယ့် တပ်ရေး၊ တပ်ထောက်အပိုင်းတွေမှာ အားနည်းတာလဲ ရှိပါတယ်။

အရေးကြီးတာကတော့ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာစတဲ့ ကဏ္ဍတွေအားလုံးမှာ back office အတွက် သင့်တော်မယ့်သူတွေနဲ့ field work အတွက် သင့်တော်မယ့်သူတွေ သီးခြားစီ ရှိပါတယ်။ ခေါင်းဆောင်တွေက တာဝန်ခွဲဝေပေးတဲ့ အခါ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုပါတယ်။ တခါတရံမှာလဲ ရိုးရှင်းစွာ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ့် field work ကိုမှ လူရာသွင်းမှုတွေကြောင့်၊ ရှုပ်ထွေးနက်နဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် လူတွေက field work ထဲ လိုက်ဆင်းပြီး၊ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှုတွေ ဖြစ်တတ်ပါတယ်။

ရိုးရှင်းမှု- ရှုပ်ထွေးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ အမိန့်ဖြစ်ပါတယ်။ စစ်ဘုရင် နပိုလီယံရဲ့ adjutant technique လို့ လူသိများတဲ့ ရှင်းလင်းပြတ်သားသော အမိန့်ဟာ တိုက်ပွဲရဲ့ အရှုံးအနိုင်အတွက် အရေးကြီးပါတယ်။ စစ်မြေပြင် (သို့မဟုတ်) စစ်မြေပြင်သဏ္ဍာန် နိုင်ငံရေးအခင်းအကျင်း အခြေအနေတခုမှာ တိုက်ရင် ကောင်းမလားဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်နေလို့ မရပါဘူး။ တိုက်ချင်သူတိုက်ကြဆိုပြီး စွန့်ဦးလုပ်ဆောင်စေမှုလဲ လုပ်လို့ မရပါဘူး။

ကွပ်ကဲမှု တစုတစည်းတည်း (unity of command) ရှိရပါမယ်။ ခေါင်းဆောင်တွေက တက်မိန့်၊ ဆုတ်မိန့် ပေးရပါမယ်။ တိုက်ပွဲအီနေရင် ကျားထိုးတက်ရင်လဲတက်၊ အကျအဆုံး အနည်းဆုံးနဲ့ ဆုတ်ခွာမှုပြီး တိုက်စစ်အတွက် ပြန်လည်အားယူမှု လုပ်ရင်လဲ လုပ်ရပါမယ်။ ဒီလို ရှင်းလင်းပြတ်သားတဲ့ အမိန့်ကို မပေးပဲ၊ တိုက်ပွဲအီနေတာကို အချိန်ဆွဲထားရင် ဒုတိယအတွေး (second thought) တွေ ၀င်လာပြီး၊ မိမိတပ်တွေ ဖရိုဖရဲ ဖြစ်တတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ရိုးရှင်းမှုနဲ့ ရင်ဆိုင်ဖြေရှင်းနည်းက အရေးပေါ်အခြေအနေမှာ သင့်လျော်ပါတယ်။

(င) Mission- People

စစ်ဆင်ရေးတွေမှာ မိမိဘက်က ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရည်မှန်းချက်တာဝန်ကို ပြည့်မှီအောင် ထမ်းဆောင်ဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒီအချက်နှစ်ခုကလဲ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေ ပါတယ်။ အထူးသဖြင့် သူသေကိုယ်သေ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေမှာပါ။ ရည်မှန်းချက်တာဝန်ကို ပြည့်မှီဖို့ ရဲဘော်အချို့ရဲ့ အသက်တွေကို စတေးဖို့ လိုအပ်လာတာတွေ ရှိတတ်ပါတယ်။ စစ်မှာ ဒီအချက်ကို မလွဲမသွေ လက်ခံနိုင်ဖို့ လိုပါတယ်။

မိမိဘက်က ထိခိုက်ကျဆုံးမှု ဖြစ်နိုင်ချေကို risks မယူရဲရင် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရပါ။ တဘက်နဲ့ တဘက် လက်နက်ကိုင်စွဲတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်စွဲထားတဲ့ ဘက်တဘက်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် ဒီကိစ္စဟာ ခေါင်းဆောင်တွေအတွက် အောင်ပွဲနဲ့ စတေးရမှုအကြားမှာ ချိန်ခွင်လျှာညှိရမယ့် အချက်ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် စစ်ရဲ့ အခြေခံသဘောတရားတွေဟာ တခုချင်း သီးခြားဖြစ်တည်နေတာတွေ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှုတွေ အများအပြား ရှိပါတယ်။ စစ်ဘုရင် ကလော့ဝစ်က ကွဲပြားခြားနားတဲ့ အကြောင်းအရာနှစ်ခုကို ဆက်စပ်အသုံးပြုရတဲ့အခါ၊ ဒီအကြောင်းအရာနှစ်ခုမှာ ဘုံဆက်နွယ်မှု ရှိနေမယ်ဆိုရင် polarity ဟာ အကြောင်းအရာတွေဆီမှာ မဟုတ်ပဲ ဆက်နွယ်မှု ပေါ်မှာ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တခုနဲ့ တခု ဆက်နွယ်နေပြီး၊ အပြန်အလှန် တည်မှီနေသလို၊ဆန့်ကျင်ဘက်ဒွန်တွဲ ဖြစ်တည်မှုလဲရှိနေတဲ့ စစ်ရဲ့ အခြေခံ သဘောတရားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးပြုနိုင်သူတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အောင်ပွဲရနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၄၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Alger, J. (1982) The Quest for Victory: The History of the Principles of War, Westport, CN:
Greenwood Press

Howard, M. (1983) Clausewitz, Past Masters series, Oxford University Press

Howard, M. & Paret, P. (1976) Clausewitz: On War, Princeton University Press

Edward Luttwak (1987) Strategy: The Logic of War and Peace, Cambridge, MA: The Belknap Press of Harvard University Press

အပြည့်အစုံဖတ်ချင်ရင်..>>>

Nanotechnology အကြောင်း တစေ့တစောင်း

Wednesday, April 20, 2011

၂၁ရာစု ကမ္ဘာ့နည်းပညာလောကမှာ နယူးကလီးယား နည်းပညာနဲ့ အပြိုင် နာမည်ကြီးလာတဲ့ နည်းပညာ ဆန်းတခုကတော့ နာနိုနည်းပညာ (Nanotechnology) ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနိုနည်းပညာဟာ စက်မှုတော်လှန်ရေးလှိုင်းလုံးတခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။



နာနိုနည်းပညာ ဆိုရာဝယ်

နာနိုနည်းပညာဆိုတာ အလွန်သေးငယ်တဲ့ အရာဝတ္ထုများဆိုင်ရာ နည်းပညာ ဖြစ်ပါတယ်။ တစ်နာနိုမီတာဟာ အက်တမ် ၅ခုရဲ့ အကျယ်အ၀န်းခန့်သာ ရှိပြီး၊ 10-9 m နဲ့ ညီမျှပါတယ်။ DNA strand တခုဟာ နှစ်နာနိုမီတာရှိပြီး၊ သွေးနီဥဆဲလ်ရဲ့ အကျယ်အ၀န်းက ၇၀၀၀ နာနိုမီတာ ရှိပါတယ်။ လူ့ဆံပင်ရဲ့ ဆံချည်မျှင်ဟာ ၈ သိန်းနာနိုမီတာနဲ့ ညီမျှပြီး၊ ပရွက်ဆိတ်တကောင်ရဲ့ အရွယ်အစားဟာ ငါးသန်းနာနိုမီတာနဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတွေအားလုံးဟာ အက်တမ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နာနို နည်းပညာကို အသုံးပြုပြီး၊ အက်တမ်လေးတွေနဲ့ အရာဝတ္ထုတွေကို ဖွဲ့စည်းတည်ဆောက်လို့ ရပါတယ်။

နာနိုနည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများ

နာနိုအရွယ်အစား ရိုဘော့တွေဖြစ်တဲ့ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် လူ့လောကအတွက် အကျိုးကျေးဇူးရှိစေမယ်လို့လဲ သိပ္ပံပညာရှင်တွေက ခန့်မှန်းသတ်မှတ်ထားကြပါတယ်။ ဥပမာ- မော်လီကျူးအနည်းငယ်သာ ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတာတွေ၊ သွေးကြောမျှင် လေးတွေကို ပြင်ဆင်တာတွေနဲ့ တစ်ရှုးတွေ တည်ဆောက်မှုတွေကို ပြုလုပ်နိုင်မယ်လို့ တွက်ဆပြီး သုတေသနတွေ ပြုလုပ်နေကြပါတယ်။

အခုဆိုရင် နာနိုနည်းပညာကို အသုံးပြုပြီး ရေသန့်စင်စနစ် တီထွင်ဖို့ သုတေသနပြုမှုတွေ၊ အစားအစာတွေရဲ့ အရသာနဲ့ ပါဝင်မှုတွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့ သုတေသနပြုမှုတွေ၊ ကာကွယ်ဆေးနဲ့ ရောဂါကုသရေး နည်းပညာသစ် ရှာဖွေရေးအတွက် သုတေသနပြုမှုတွေ အများအပြား ရှိနေပါပြီ။ Estrasorb လို့ အမည်ရှိတဲ့ skin lotion ဟာ ကမ္ဘာ့ဆေးဝါးဈေးကွက်ထဲကို ပထမဆုံး ၀င်ရောက်လာတဲ့ နာနိုနည်းပညာ အသုံးပြုဆေးဝါးဖြစ်ပါတယ်။

နာနိုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာအောင် သုတေသန ပြုခြင်းအားဖြင့် နေရောင်ခြည်ဆဲလ်တွေကို ထုတ်လုပ်လာနိုင်မယ်လို့ ယူဆပြီး အကောင်အထည်ဖော်နေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။ ရေနံယိုစိမ့်မှုတွေ ဖြစ်ပွားတဲ့အခါ oil spill ထဲမှာပါဝင်တဲ့ အက်တမ်တွေကို သဘာဝပတ်ဝန်းကျင်ကို ထိခိုင်မှုမရှိအောင် နာနိုပိုက်လိုင်းလေးတွေနဲ့ ပြောင်းလဲ ပြုပြင်နိုင်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။

ရောဂါရှာဖွေကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် နာနိုနည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာသုတေသနပြုနေဆဲမှာပဲ၊ ဈေးကွက်ထဲရောက်လာတဲ့ နာနိုနည်းပညာအသုံးပြု ကုန်ပစ္စည်းတွေဖြစ်တဲ့ နေရောင်ကာမှန်တွေ၊ spray ဗီတာမင်တွေနဲ့ wrinkle-resistant fabric တွေရဲ့ အကျိုးကျေးဇူးတွေကိုလဲ စားသုံးသူအချို့ ခံစားနေကြရပါပြီ။

သို့ပေမယ့်လဲ လုံခြုံရေး ဆန်းစစ်လေ့လာသူ ပညာရှင်အချို့ကတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ သတင်းနဲ့ နည်းပညာ၊ စွမ်းအင်၊ ဆေးဝါးပစ္စည်း၊ ထောက်လှမ်းရေးကိရိယာနဲ့ စစ်လက်နက်ပစ္စည်း ဆန်းသစ်တီထွင်ရေး တို့အတွက် အကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ နာနိုနည်းပညာဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းချောက်လာနိုင်ကြောင်း ထင်မြင်ယူဆကြပါတယ်။

စစ်လက်နက်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုပြီး ထုတ်လုပ်မှုဟာ ကုန်ကျစရိတ်သက်သာပြီး၊ မြန်ဆန်လာနိုင်ပါတယ်။ လက်နက်တွေရဲ့ အရွယ်အစား ပမာဏကလဲ သေးငယ်တဲ့အတွက် အသုံးပြုရတာ ပိုမိုလွယ်ကူလာနိုင်ပါတယ်။ ဥပမာ- ကွန်ပျူတာနည်းပညာနဲ့ sensor နည်းပညာတွေကို နာနိုနည်းပညာနဲ့ ပေါင်းစပ်တီထွင်ထားတဲ့ smart bullets တွေဟာ ပစ်မှတ်ကို တိတိကျကျ ဖော်ထုတ်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

ဓာတုလက်နက်နဲ့ ဇီဝလက်နက် ထုတ်လုပ်မှုတွေမှာလဲ အထောက်အကူဖြစ်လာနိုင်ပါတယ်။ autonomous fighting systems တွေကို တီထွင် ဆန်းသစ်မှုတွေလဲ ရှိလာနိုင်ပါတယ်။ စစ်မြေပြင်က စစ်သားတွေရဲ့ ကျန်းမာရေးအခြေအနေကို ၀တ်ထားတဲ့ စစ်ယူနီဖောင်းတွေကနေတဆင့် သေးငယ်တဲ့ sensors တွေကို အသုံးပြုပြီး စစ်ဆေးကြည့်ရှုနိုင်တဲ့ သုတေသနစီမံကိန်းတွေနဲ့ ပင်ပန်းနွမ်းနယ်မှု၊ ထိခိုက်ဒဏ်ရာရမှုတွေကို စစ်ယူနီဖောင်းတွေကတဆင့် exterior support ပြုလုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ သုတေသနစီမံကိန်းတွေလဲ စတင်နေပြီ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေဆီမှာ nano-weapons of mass destruction တွေ ရောက်ရှိသွားမယ့်အရေးကလဲ စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီထက်ပိုပြီး ကြောက်မယ်ဖွယ်ရာ ကောင်းတဲ့ အရေးကတော့ အစားအစာ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ လုံခြုံရေး လေ့လာသူများ ပါဝင်တဲ့ ETC အုပ်စုက နာနိုနည်းပညာဟာ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍ တွေကနေ တဆင့် အစားအစာ၊ စားသုံးမှု သဏ္ဍာန်တွေကိုပါ သက်ရောက်မှု ရှိလာစေနိုင်ကြောင်း တင်ပြထားခဲ့ပါတယ်။

ဒီလိုနာနို နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်မှုတွေ ကြီးမားလာတာနဲ့အမျှ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေရဲ့ နာနိုနည်းပညာအပေါ် အာရုံစိုက်မှုတွေကလဲ ကြီးထွားလာပါတော့တယ်။



နာနိုနည်းပညာအား အာရုံစိုက်ခြင်း

ကနဦးအစမှာ နာနိုနည်းပညာကို အင်အားကြီးနိုင်ငံတွေကသာ အာရုံစိုက်ကြပေမယ့်၊ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကပါ အာရုံစိုက်လာကြပါတယ်။ အဓိက အကြောင်းရင်းကတော့ နာနိုနည်းပညာဟာ nano-divide လို့ခေါ်တဲ့ နာနိုနည်းပညာကို ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေနဲ့ မပိုင်ဆိုင်တဲ့ တိုင်းပြည်တွေအကြား ကွာခြားမှုကို ဖြစ်လာစေနိုင်လို့ပါပဲ။ အကျိုးအမြတ်များစေနိုင်တဲ့ ကုန်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုနိုင်တဲ့ နိုင်ငံတွေက ထုတ်လုပ်ပြီး၊ ကမ္ဘာ့ဈေးကွက်ကို လက်ဝါးကြီးအုပ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်လာကြပါတယ်။

အထူးသဖြင့် နာနိုနည်းပညာနဲ့ ဆက်နွယ်တဲ့ စက်မှုတော်လှန်ရေးသာ ပေါ်ထွက်လာခဲ့ရင် ကုန်ကြမ်းပစ္စည်းတွေကို နာနိုနည်းပညာနဲ့ တည်ဆောက်လာနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ commodity market ကြီးတခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး၊ နည်းပညာမရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်လာပါတယ်။ တောင်အာဖရိကနိုင်ငံမှာဆိုရင် မြေအောက်သယံဇာတပစ္စည်းတွေဖြစ်တဲ့ ရွှေနဲ့ တိုင်တေနီယမ်သတ္တုတွေကို နာနိုနည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်တင်နိုင်မယ့် သုတေသန စီမံကိန်းတွေကို အကောင်အထည်ဖော်နေကြပြီ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ သဘာဝသယံဇာတပစ္စည်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ်မှာ မူတည်နေတဲ့ တိုင်းပြည်တွေမှာလဲ နာနိုနည်းပညာ လေ့လာမှုတွေ၊ သုတေသန စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုတွေ ပြုလုပ်လာကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝသယံဇာတ အရင်းအမြစ်အပေါ်မှာ မူတည်တယ်ဆိုတဲ့ အချက်ကို နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြင်းဆိုခဲ့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိခဲ့ပါတယ်။

နာနိုနည်းပညာ တော်လှန်ရေး အောင်မြင်သွားခဲ့ရင်တော့ သဘာဝသယံဇာတ အရင်းအမြစ် ပိုင်ဆိုင်မှုရဲ့ competitive advantage ဟာ လျော့ကျပျက်ပြယ်သွားတော့မှာ ဖြစ်ပါတယ်။ နာနိုနည်းပညာ တော်လှန်ရေးဟာ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာကိုသာမက ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲတွေကိုပါ ဦးတည်သွားနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ နာနိုလက်နက် အပြိုင်အဆိုင် ထုတ်လုပ်မှု (nano arms race) လဲ ဖြစ်ပွားလာနိုင်ပါတယ်။

နိဂုံး

နည်းပညာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဒွန်တွဲနေပါတယ်။ ကောင်းကျိုးတွေကို အကောင်းဆုံး ရယူခံစားနိုင်အောင် ကြိုးပမ်းပြီး၊ ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ပြုလုပ်ဖို့ကိုတော့ လူသားတွေကသာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရဲ့ အခြေအနေကို မျက်ချေမပြတ် အာရုံစိုက်ခြင်း၊ သင့်လျော်သော မူဝါဒများ၊ စီမံကိန်းများ ချမှတ်ခြင်းစတဲ့ pre-cautionary approach ကို အသုံးပြုပြီး နာနိုနည်းပညာရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက် နိုင်မှုတွေကို လျှော့ချနိုင်ပါတယ်။ နည်းပညာကို တလွဲဆံပင်ကောင်း အသုံးပြုပြီး၊ လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းချောက်လာမယ့် ဆိုးကျိုးတွေကိုလဲ justice approach နဲ့ တားဆီးလျှော့ချနိုင်အောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ခင်မမမျိုး (၂၀၊ ၄၊ ၂၀၁၁)
ရည်ညွှ့န်းကိုးကား။ ။

ETC Group (2004) “26 Governments Tiptoe Toward Global Nano Governance: Grey Governance?”, 30 June 2004

4th Nanoforum General Report: “Benefits, Risks, Ethical, Legal and Social Aspects of Nanotechnology”, first published in June 2004, updated October2005

Ministry of Defence, UK (2003) 'Nanotechnology: Its Impact on Defence and the MoD'

Petersen J.L. & Egan D.M. (2002) ‘Small Security: Nanotechnology and Future Defense’, Defense Horizons 8

အပြည့်အစုံဖတ်ချင်ရင်..>>>

ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု

Tuesday, April 19, 2011

"စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက်
ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။
တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာလရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်"


ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျသူများအဖြစ်သာ ယူဆထားခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရာတွေမှာ ဘာမှ အရေးကြီးသူတွေ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ဂုဏ်ရည်မြင့်မားပြီး လေးစားဖွယ်ရာ ကောင်းတဲ့ အမျိုးသားတွေကို ဖြည့်ဆည်းပေးသူများအဖြစ်သာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုထုံးတမ်းစဉ်လာတွေ ရှိတဲ့ ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ သီးခြားကိုယ်ပိုင် ရပ်တည်ခွင့် မရှိပါဘူး။ ဘ၀တသက်တာလုံး ဖခင်တွေ၊ အိမ်ထောင်ဘက်တွေနဲ့ သားယောက်ျားလေးတွေအပေါ်မှာပဲ မှီခိုနေကြရပါတယ်။

ရှေးခေတ်ဂရိနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန်ဆိုတာ ကလေးမွေးဖွားတာ၊ အစားအစာ ချက်ပြုတ်တာနဲ့ အိမ်မှုကိစ္စတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ လုပ်ငန်းတာဝန် ဆိုတာ ကတော့ နိုင်ငံရေးရာ တွေးခေါ်စဉ်းစားတာ၊ အကြံပေးတာ၊ စစ်မက်ဖြစ်ပွားချိန်မှာ တိုက်ပွဲဝင်တာတွေနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်တာတွေ ဖြစ်ပါတယ်။ ရှေးခေတ်ဂရိပြည်က အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်မှုတွေ မလုပ်ရဲကြပါဘူး။ အိမ်ထောင်ဘက် လင်ယောက်ျားတွေကို မရိုသေရင် နတ်ဘုရားတွေက စိတ်ဆိုးပြီး ပြစ်ဒဏ်ခတ်တယ်ဆိုတဲ့ အယူအဆတွေကလဲ လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ရိုက်နှက်ညှဉ်းပမ်းမှုတွေ၊ နတ်ဘုရားတွေက ပေးမယ့် ပြစ်ဒဏ်တွေကို ကြောက်ရွံ့ပြီး ဘ၀တလျှောက်လုံး အမျိုးသားတွေထက် နိမ့်ကျသူတွေအဖြစ်ပဲ ခံယူကျင့်သုံးနေခဲ့ကြပါတယ်။

ဒါပေမယ့်လဲ (၁၉) ရာစုရောက်တော့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီး စာရေးဆရာတွေ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီး စာရေးဆရာတွေဖြစ်တဲ့ Artemis၊ Thaleia၊ Eurydice တို့ဟာ အမျိုးသမီးတွေရဲ့ ပညာရေး၊ လူမှုရေး အခြေအနေ နိမ့်ကျမှုတွေကို မီးမောင်းထိုး ဖော်ပြလာကြပါတယ်။ (၁၈၈၇) ခုနှစ်ရောက်တော့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူ Calliope Parren က ဦးဆောင်ပြီး အမျိုးသမီးများ ဆိုတဲ့ သတင်းစာကို စတင်ထုတ်ဝေပါတော့တယ်။ အကြောက်တရားတွေ လွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်းတခုအတွင်းမှာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်တဲ့အခါ ကလောင်လက်နက်ဟာ အရေးကြီးလှပါတယ်။ လှုပ်ရှားမှုကြီးရဲ့ အခြေခံသဘောတရားတွေ၊ စည်းမျဉ်းတွေ၊ လုပ်ငန်းဆောင်တာတွေ၊ အတွေးအခေါ်တွေကို လူထုထဲမှာ ကနဦး ချပြဖို့ လိုပါတယ်။ ဒီလို ချပြပြီး အတွေးအခေါ် အုတ်မြစ်ချပြီးမှ ဖော်ဆောင်တဲ့ လှုပ်ရှားမှုတွေဟာ ကောက်ရိုးမီးတောက်ပမာ ၀ုန်းခနဲ ထတောက်တဲ့ လှုပ်ရှားမှုတွေထက် ပိုပြီး အောင်မြင်တတ်ပါတယ်။ ဂရိအမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ ဒီကလောင်လက်နက်ကို အသုံးပြုပြီး အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုကြီးကို စတင်ခဲ့ကြပါတယ်။

အတွေးအခေါ် အုတ်မြစ်ချပြီး လှုပ်ရှားတဲ့ လှုပ်ရှားမှု ဖြစ်တာကြောင့် ဂရိအမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုဟာ တစတစ ကျယ်ပြန့်လာခဲ့ပြီး၊ မျိုးဆက်သစ် အမျိုးသမီးအခွင့်အလမ်း ခေါင်းဆောင်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ (၁၉၂၀) ခုနှစ်ရောက်တော့ အမျိုးသမီး ဂီတဆရာမတဦးဖြစ်တဲ့ Theodoropoulou က အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၃၀ ကာလတွေရောက်တော့ စစ်အာဏာရှင် Ioannis Metaxas ရဲ့ လက်အောက်မှာ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုတွေကို တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီးတွေဟာ ဒုတိယကမ္ဘာစစ်ကာလ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ကျရာနေရာကနေ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ ရောက်တော့ ဂရိလူ့အဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အများအပြား ပေါ်ထွက်လာပါတယ်။ မြို့ပြ လူနေမှုအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာမှု၊ စက်မှုနိုင်ငံတော်သစ် တည်ဆောက်လာမှု၊ လူလတ်တန်းစား လူဦးရေ များပြားလာမှုတွေနဲ့အတူ အမျိုးသမီးမဲပေးခွင့် အခွင့်အလမ်းတွေလဲ ရရှိလာပါတယ်။

ဒါပေမယ့်လဲ (၁၉၆၇) ခုနှစ်ရောက်တော့ ဂရိနိုင်ငံမှာ Papadopoulos စစ်အာဏာသိမ်းမှု ဖြစ်ပွားပါတော့တယ်။ စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ လှုပ်ရှားသွားလာမှုတွေကိုပါ ကန့်သတ်ချုပ်ချယ်ခဲ့ကြပါတယ်။ ကျောင်းသားပွဲတော်တွေမှာ ကျောင်းသားတွေနဲ့ ယှဉ်တွဲပြီး ကျောင်းသူတွေ ပါဝင်ဆင်နွှဲခွင့်ကိုပါ တားမြစ်ပိတ်ပင်ခဲ့ကြပါတယ်။ အာဏာသိမ်းစကာလမှာ လူအများစုဝေးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်တွေကို ပိတ်ပင်ထား တာကြောင့် အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ခေတ္တရပ်တန့်သွားပေမယ့်၊ အချိန်အနည်းငယ်အတွင်းမှာပဲ မြေအောက်လှုပ်ရှားမှု ကွန်ယက်တွေကို ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလတွေမှာ တနိုင်ငံလုံးစစ်ကျွန်ဘ၀ကို ကျရောက်နေချိန်ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီးမှသာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အလမ်းတွေ ရရှိလာနိုင်မယ်ဆိုတဲ့ အချက်ကို ဂရိအမျိုးသမီး ခေါင်းဆောင်တွေနဲ့ ကျောင်းသူတွေက သိနားလည်ခဲ့ကြပါတယ်။ ဒါကြောင့်လဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

(၁၉၇၃)ခုနှစ်ရောက်တော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက အရှိန်ကောင်း လာခဲ့ပါတယ်။ မေလမှာ ဂရိရေတပ်မတော်က အရာရှိတွေဟာ နိုင်ငံတကာ စစ်ရေး ပူးတွဲလေ့ကျင့်မှု လုပ်နေရာကနေ ဂရိနိုင်ငံကို မပြန်တော့ပဲ ရေတပ်သင်္ဘောကို ရောမကို ဦးတည် ခုတ်မောင်းသွားခဲ့ပါတယ်။ အနီးဆုံး လေဆိပ်ကနေ တယ်လီဖုန်းနဲ့ နိုင်ငံတကာ သတင်းစာနယ်ဇင်းတွေကို အကြောင်းကြားပြီး ဂရိစစ်အာဏာရှင်တွေရဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကို ဖော်ထုတ်ဆန့်ကျင်လိုက်ကြပါတယ်။ စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်ဟာ တကမ္ဘာလုံးကို ပျံ့နှံ့သွားပြီး ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို အာဏာရှင်တွေက သတ်ဖြတ်နှိမ်နင်းတာကြောင့် ဂရိစစ်တပ်တွင်းက အရာရှိတွေကိုယ်တိုင်က စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ကြတော့ပဲ (၁၉၇၄) ခုနှစ်ရောက်တော့ အာဏာရှင်စနစ်ကြီး ပြိုလဲသွားခဲ့ပါတယ်။

ဂရိအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူအများအပြားဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီး တွေဟာ ဇွဲလုံ့လ မလျှော့ပဲ အဆုံးသတ်အောင်ပွဲရတဲ့အထိ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုလမ်းကြောင်းကိုလဲ မသွေမဖည် ဆုပ်ကိုင်ထားခဲ့ကြပြီး အာဏာရှင်စနစ်ကို ဖယ်ရှားပြီး နောက်ပိုင်းကာလရောက်တော့ မပြီးဆုံး သေးတဲ့ လှုပ်ရှားမှုတွေကို ဆက်လက်အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ဂရိအမျိုးသမီးတွေရဲ့ ဇွဲလုံ့လနဲ့ နောက်မဆုတ်စတမ်း တိုက်ပွဲဝင်ရဲတဲ့ အားမာန်တွေကြောင့် ၁၉၈၃ ခုနှစ်မှာ ကျားမ တန်းတူညီမျှခွင့်ကို အသိအမှတ်ပြုတဲ့ မြေယာဥပဒေသစ် ထွက်ပေါ်လာပါတယ်။ တန်းတူညီမျှ လုပ်အားခ ရရှိရေး၊ ပညာသင်ခွင့် အခွင့်အလမ်း ရရှိရေး လှုပ်ရှားမှုတွေကိုလဲ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ (၁၉၈၁) ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ဂရိအစိုးရ အုပ်ချုပ်ရေးယန္တရား အဆက်ဆက်မှာလဲ အမျိုးသမီး ၀န်ကြီးတဦး အနည်းဆုံးပါဝင်ပြီး၊ အမျိုးသမီး ဒုတိယ၀န်ကြီးများစွာ ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီတွေမှာလဲ အမျိုးသမီး ခေါင်းဆောင်အများအပြား ပေါ်ထွက်လာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဂရိကွန်မြူနစ်ပါတီကို အမျိုးသမီးခေါင်းဆောင်က ဦးဆောင်ခဲ့ပါတယ်။

အမျိုးသမီးတွေဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာတွေနဲ့ ပတ်သက်ပြီး အရေးကြီးသူတွေ မဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတဲ့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အခုဆိုရင် အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးသမီး ပညာရှင်တွေ၊ အမျိုးသမီး အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ အများအပြားပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေး ပညာရှင် Laura Cram က ဒီလိုပြောင်းလဲမှုတွေဟာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစနစ် ထွန်းကားရေး တိုက်ပွဲတွေမှာ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းတိုက်ပွဲဝင်ရဲတဲ့ ရဲစွမ်းသတ္တိနဲ့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု လမ်းကြောင်းကို လက်ဆင့်ကမ်းပခုံးပြောင်းပြီး မဆုတ်မနစ် ကိုင်စွဲခဲ့ကြတဲ့ ဇွဲလုံ့လတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၂၀၀၉)

(၂၀၀၉ ခုနှစ်တွင် ဒီမိုကရက်တစ် မြန်မာ့အသံ၊ အမျိုးသမီး အခွင့်အလမ်း အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သော အသံလွှင့်ဆောင်းပါး ဖြစ်ပါသည်)

အပြည့်အစုံဖတ်ချင်ရင်..>>>

အကောင်းဆုံးကျောင်း

Friday, April 15, 2011

မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။




'ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ'
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။

'ဟေ့၊ ဖက်တီး'
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။

ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။

အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။

'ကောင်းလိုက်တာ၊ ကျောင်းမသွားရတော့ဘူး'
မြေးလေးက ၀မ်းသာအားရ ပြောတယ်။

'ကျောင်းသွားရမှာပါ၊ ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး'

အဘိုးအိုက ပြန်ပြောလိုက်တယ်။ ပြီးတော့
'မြေးလေးတက်ရမယ့် ကျောင်းကို အဘိုးကိုယ်တိုင် ရှာမယ်'

အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။

ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံးဝဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ၀မ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။

ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေး တခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။

'အဘိုး၊ နေကောင်းရဲ့လား။ ရေတခွက် ယူလာပေးရမလား'
အသံတသံက ထွက်ပေါ်လာတယ်။
'ကစားကွင်းထဲမှာ ခုံတန်းရှည်လေး ရှိတယ်။ လာထိုင်ပါလား'
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။

မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
'မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ' လို့ ပြောလိုက်တယ်။

'အဘိုးမှားနေပြီ။ ကျွန်တော်တို့ကျောင်းက အကောင်းဆုံး ကျောင်း မဟုတ်ပါဘူး။ အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ'

ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။

ညနေခင်းမှာ ကလေးရဲ့ အမေက အဘိုးအိုကို ပြောတယ်။

'အဖေ။ အဖေက စာဖတ်တတ်တာလဲ မဟုတ်ဘူး။ အကောင်းဆုံးကျောင်းနဲ့ ဆရာကို ရှာတွေ့တယ်လို့ ဘယ်လိုသိသလဲ'

အဘိုးအို ပြန်ဖြေလိုက်တာက

'ဆရာတယောက်ရဲ့ အရည်အချင်းကို ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်'


မူရင်းစာရေးသူ- A.Lopatina and M.Skrebtsova (Wise Short Tales)
ဘာသာပြန်သူ- ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP