တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ တော်လှန်ရေးဆင်နွှဲဖို့အတွက် တော်လှန်ရေးသမားတွေ စုစည်းမိလာကြတဲ့အခါ တော်လှန်ရေးအဖွဲ့အစည်းကို ဘယ်လိုသဏ္ဍာန်နဲ့ စုဖွဲ့ပြင်ဆင်မှာလဲ ဆိုတာက မေးခွန်းထုတ်စရာ ရှိလာပါတယ်။ လူအများကို အခြေပြုတဲ့ (Mass-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ထိပ်ပိုင်းက လူအနည်းစုကို အခြေပြုတဲ့ (Elite-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ဗဟိုဦးစီးစနစ် (Centralization) ကို အခြေခံမှာလား၊ ဗဟိုဦးစီးမှုဖြေလျှော့ထားသောစနစ် (Decentralization) ကို အခြေခံမှာလား ဆိုတဲ့ စဉ်းစားရွေးချယ်စရာ အချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းအတွင်းမှာ centralization စနစ်ကို ကျင့်သုံးမှာလား၊ decentralization စနစ်ကို ကျင့်သုံးမှာလား ဆိုတာက ဒီအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမှတ် လုပ်ကိုင်ကြမယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ လူတယောက်ကပဲ ဦးဆောင်ပြီး ဆုံးဖြတ်ချက်တွေ အားလုံးချမှတ်မယ်ဆိုရင် centralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ လူအယောက် (၁၀၀၀) ရှိတဲ့ အဖွဲ့အစည်းထဲမှာ ဆုံးဖြတ်ချက်တွေအားလုံးက လူအယောက် (၁၀၀၀) လုံးက ညီတူညာတူဆုံးဖြတ်ချက် ချမှတ်မယ်ဆိုရင်တော့ decentralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ သာမန်အဖွဲ့ဝင်တွေက လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်အချို့နဲ့ ခေါင်းဆောင်ငယ်တွေက ဆုံးဖြတ်ချက်အများစုကို ချမှတ်ပြီး၊ ဗဟိုအမှုဆောင်များက အရေးပါတဲ့ ဆုံးဖြတ်ချက်အချို့ကို ချမှတ်မယ်ဆိုရင်တော့ centralization- decentralization continuum ရဲ့ အလယ်အလတ် စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းရေးရာ လေ့လာဆန်းစစ်သူ Jennergren က decentralization စနစ်ကို ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေမှာလဲ decentralized လုံးဝ မလုပ်တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေ ရှိသေးကြောင်း ညွှန်းဆိုပြောကြားခဲ့ပါတယ်။ အဲဒီ အရေးကြီး ဆုံးဖြတ်ချက်များ (important decisions) တွေထဲမှာ အဖွဲ့အစည်းရေးရာ ဦးတည်ချက်များ (Organizational Objectives)၊ မဟာဗျူဟာ စီမံချက်များ (Strategic Plans) နဲ့ အခြေခံမူဝါဒများ (Basic Policies) စတာတွေ ပါဝင်ပါတယ်။
စီးပွားရေးလောကက အဖွဲ့အစည်းတွေကို လေ့လာဆန်းစစ်ခဲ့တဲ့ အဖွဲ့အစည်းရေးရာ လေ့လာသူ Mintzberg က ဘဏ္ဍာရေး၊ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အများအားဖြင့် ထိပ်ပိုင်းခါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ရှိပြီး၊ ဈေးကွက်ရှာဖွေရေးနဲ့ ထုတ်လုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အလယ်အလတ်ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေမှာ centralized decisions တွေ ရှိနိုင်သလို decentralized decisions တွေလဲ ရှိနိုင်ကြောင်း သိသာ ထင်ရှားလှပါတယ်။ centralization နဲ့ decentralization စနစ်တွေကိုပဲ သီးခြား ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေဆိုတာ မရှိသလောက် ရှားပါးလှပါတယ်။ အဖွဲ့အစည်းရဲ့ သဘောသဘာဝပေါ် မူတည်ပြီး degree of decentralization ကတော့ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။
decentralization ဟာ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အခြေခံပြီး၊ ဆုံးဖြတ်ချက်ချမှတ်မှုအတွက် သတင်းအချက်အလက်ဟာ အရေးပါလာတဲ့အခါမှာ အိုင်အက်စ်လို့ခေါ်တဲ့ သတင်းအချက်အလက်စနစ် (Information System) ရဲ့ အခန်းကဏ္ဍဟာလဲ degree of decentralization အပေါ်မှာ သက်ရောက်မှု ရှိလာပါတယ်။ တိုးတက်လာတဲ့ အိုင်အက်စ်စနစ်နဲ့ centralization/ decentralization တို့အကြားက ဆက်နွယ်မှု နှစ်ခုကို ပညာရှင်တွေက ထုတ်ဖော်တွေ့ရှိခဲ့ကြပါတယ်။ ပထမတချက်အနေနဲ့ အိုင်အက်စ်စနစ်ဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရရှိနိုင်စေတဲ့အတွက် centralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အခြားတဘက်မှာလဲ အိုင်အက်စ်စနစ်ဟာ အဖွဲ့အစည်းအတွင်းက စီမံခန့်ခွဲမှုအဆင့်တိုင်းကို သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေအဆင့်ဆင့်ကို ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်ခွင့်တွေ ပေးအပ်နိုင်ပြီး decentralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။
ဒါကြောင့် မတရားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်ကို ဖြိုလှဲဖို့ ကြိုးစားလုပ်ဆောင်ကြတဲ့ political entrepreneurs တွေအနေနဲ့ အိုင်အက်စ်စနစ်ကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းအတွင်းမှာ အသုံးပြုဖို့ လိုအပ်ကြောင်း ပညာရှင်များကို ထောက်ပြပြောဆိုကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုထိရောက်ပြီး၊ အုပ်ချုပ်ရေးယန္တရားကို စိန်ခေါ်နိုင်မှုတွေ ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကနေတဆင့် တော်လှန်ရေးကွန်ယက်တွေ ချိတ်ဆက်ဖွဲ့စည်းပြီး ကွန်ယက်စစ်ပွဲ (netwar) ကို ဆင်နွှဲနိုင်ကြောင်း စစ်မဟာဗျူဟာလေ့လာရေး ပညာရှင် Arquilla နဲ့ Ronfeldt တို့က အကြံပြုထားခဲ့ကြပါတယ်။
ခေတ်မီဖွံ့ဖြိုးတဲ့ နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေးယန္တရားရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်တပ်၊ ရဲတွေကို တော်လှန်ရေးအင်အားစုကြီးတွေနဲ့ ထိပ်တိုက်တိုက်ပွဲဝင်စရာမလိုပဲ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတွေကို တိုက်ရိုက်တိုက်ခိုက် လာနိုင်စေပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အာဏာရှင်ယန္တရားကို ထောက်ကူပေးတဲ့ ဘဏ်တခုကို လူအင်အားသုံးပြီး ၀င်ရောက်စီးနင်းတိုက်ခိုက်တာထက် ဒီဘဏ်လုပ်ငန်းလည်ပတ်မှုကို ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်ကို တိုက်ခိုက်နိုင်မှုက ပိုပြီး ထိရောက်မှုရှိလာကြောင်း ပြောဆိုလာကြပါတယ်။
ဒါပေမယ့်လဲ ခေတ်မီတိုးတက်တဲ့ အိုင်တီစနစ်၊ အိုင်အက်စ်စနစ်တွေကို အသုံးပြုခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ လုံခြုံရေး (security of the organization) ကို ထိခိုက်မှု ရှိစေနိုင်ကြောင်းကိုလဲ ထောက်ပြပြောဆိုခဲ့ကြပါတယ်။ နိုင်ငံရေးပညာရှင် Bell ဆိုခဲ့တဲ့အတိုင်း တော်လှန်ရေးအဖွဲ့အစည်းတွေ ပတ်သက်တဲ့ old wives' tale တခုရှိပါတယ်။ ဒါကတော့ အဖွဲ့အစည်းရဲ့ လုံခြုံရေး (Security of the organization) နဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှု (efficiency) တို့ အကြားမှာ ပြောင်းပြန်ဆက်စပ်မှု (inverse relation) ရှိနေတာပဲ ဖြစ်ပါတယ်။
လုံခြုံရေးဆိုတာက နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားရဲ့ ချေမှုန်းနိုင်စွမ်းကို တောင့်ခံနိုင်မှုနဲ့ သတင်းအချက်အလက်ပေါက်ကြားမှုကို ထိန်းချုပ်နိုင်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ Efficiency ဆိုတာကတော့ ချမှတ်ထားတဲ့ စီမံချက်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှု ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းတော်လှန်ရေးအဆက်ဆက်ရဲ့ သင်ခန်းစာများအရ Efficiency ကို အာရုံစိုက် လုပ်ဆောင်မှုများလေလေ၊ အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်လေလေပဲ ဖြစ်ပါတယ်။ မဟာဗျူဟာလေ့လာသူ McCormick က တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပြီး ကွန်ယက်ချိတ်ဆက်မှုတွေ၊ decentralization process တွေကို အကောင်အထည်ဖော်တဲ့အခါ အချိန်အနည်းငယ်အတွင်း Efficiency ဖြစ်အောင် လုပ်ဆောင်နိုင်မှသာ အောင်ပွဲကို ရမှာဖြစ်ပြီး၊ အချိန်ကြာလာခဲ့ရင်တော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်မှု ပိုများလာတာနဲ့အမျှ ပျက်စီးတိမ်ကောသွားနိုင်ကြောင်း ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ရေတိုကာလမှာ Efficiency ရဖို့အတွက် ရေရှည်ရပ်တည်နိုင်မှုရဲ့ security ကို ဘယ်လောက်အတိုင်းအတာအထိ sacrifice လုပ်ဖို့သင့်သလဲဆိုတာကို တိုက်ပွဲဖော်ဆောင် လှုပ်ရှားမှု သဏ္ဍာန်တိုင်းမှာ ရွေးချယ်ဆုံးဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။
ဒီလိုမဟုတ်ပဲ ဗဟိုဦးစီးစနစ်နဲ့ မြေအောက်ဆဲလ်တွေအပေါ်မှာ အခြေခံတည်ဆောက်မှုသဏ္ဍာန် (hierarchical cell-based organization) ကနေ ကွန်ယက်သဏ္ဍာန် (network structures) ကို ကူးပြောင်းမှု လုပ်မယ်ဆိုရင်လဲ တိုးတက်ပြောင်းလဲလာတဲ့ efficiency နဲ့ ညီမျှတဲ့ security ကို တပြိုင်တည်း တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ Network structures ပေါ် အခြေခံတဲ့ ချိတ်ဆက်မှုတွေမှာ အဖွဲ့အစည်းငယ်လေးတွေ (nodes) အများအပြား ပါဝင်ပြီး၊ ဒီ nodes တွေအကြားက ဆက်စပ်မှု၊ ဆက်သွယ်မှု (interconnections) တွေလဲ အများအပြား ပါရှိတဲ့အတွက် သတင်းလုံခြုံရေး ရဖို့ဆိုတာကတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ Node တခုကို နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားဒေါက်တိုင်တွေက ခြေရာခံမိတာနဲ့ Network structure ကြီးတခုလုံးကို ရန်သူက ဖြိုခွင်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် centralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက security ကောင်းမွန်ပြီး ရေရှည်မြှုပ်နှံဖို့ လိုအပ်တဲ့ တော်လှန်ရေးအတွက် ပိုပြီး အသုံးဝင်တတ်သလို၊ decentralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက efficiency တိုးမြှင့်ပေးနိုင်တဲ့အတွက် ရေတိုတော်လှန်ရေးကာလအတွင်း အောင်ပွဲရနိုင်မှုအတွက် အသုံးဝင်တတ်ပါတယ်။ သက်ဆိုင်ရာ တော်လှန်ရေးရဲ့ ရေတိုရေရှည် အတိမ်အနက်ကို မှန်မှန်ကန်ကန် သုံးသပ်တွက်ချက်နိုင်ဖို့ပဲ လိုပါတယ်။ မဟုတ်ရင်တော့ ရေရှည်မြှုပ်နှံရမယ့် မြေအောက်တော်လှန်ရေးအချိန်မှာ ပဲ့ကထောင်၊ ဦးကနင်းနဲ့ ကသောင်းကနင်း decentralization အဖွဲ့အစည်းတွေ မှိုလိုပေါက်လာပြီး၊ ရေတိုကာလအတွင်း အဆုံးသတ်တိုက်ပွဲနွှဲရမယ့် အချိန်မှာကျတော့မှ ဟိုအဖွဲ့ကလဲ နှစ်ယောက်တပိုင်း၊ ဒီအဖွဲ့ကလဲ မချိသာမဆန့်သာနဲ့ မပီမပြင်ထွက်ပေါ်လာတာမျိုးတွေ ကြုံတွေ့ကြရမှာပဲ။
တော်လှန်ရေးအဖွဲ့အစည်းတွေမှာ elite-based နဲ့ Mass-based organization ကွဲပြားမှုတွေလဲ ရှိပါသေးတယ်။ centralization/ decentralization ကွဲပြားမှု သဏ္ဍာန်လိုပါပဲ။ continuum အနေနဲ့သာ ရှိပါတယ်။ ရေပေါ်ဆီအခြေပြုအဖွဲ့အစည်းနဲ့ လူထုအခြေပြု အဖွဲ့အစည်းဆိုပြီး သီးခြားခွဲထုတ်နိုင်ဖို့ကတော့ အလွန်ခဲယဉ်းလှပါတယ်။ အဖွဲ့အစည်းတခုဟာ elite-based လား၊ mass-based လားဆိုတာကို ပညာရှင်အများစုက အဖွဲ့အစည်းရဲ့ အရွယ်အစားနဲ့ ခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ အလွယ်တကူ စဉ်းစားနိုင်တဲ့ နည်းလမ်းတခုကတော့ တော်လှန်ရေးအဖွဲ့အစည်းတခုမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် ဆယ်ယောက်ကို ဖမ်းဆီးထောင်ချလိုက်ရင် (သို့မဟုတ်) လုပ်ကြံသတ်ဖြတ်လိုက်ရင် ဒီအဖွဲ့အစည်းရဲ့ အောင်ပွဲရနိုင်မှု စွမ်းရည် ကျဆင်းသွားမှု ရှိမရှိ ဆိုတာပါပဲ။ ဒီလိုဖြစ်မယ်ဆိုရင်တော့ ဒါကို elite-based revolutionary organization လို့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့အစည်းအတွင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်တ၀က်ကျော်ကို ချေမှုန်းနိုင်မှသာ အောင်ပွဲရနိုင်မှု စွမ်းရည် ကျဆင်းသွားမယ်ဆိုရင်တော့ ဒါကို mass-based revolutionary organization လို့ သတ်မှတ်နိုင်ပါတယ်။
တော်လှန်ရေးတရပ်ဆင်နွှဲရာမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ elite-based များနေရင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ဒေါက်တိုင်တွေအနေနဲ့ ဖြိုခွင်းရ လွယ်ကူပါတယ်။ ဒီလိုအာဏာပိုင်တွေ ဘက်ကနေ ထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းအားဖြင့် တော်လှန်ရေးဟာလဲ ကြန့်ကြာနေတတ်ပါတယ်။ Mass-based များနေရင်တော့ ဖြိုခွင်းရ ခက်ခဲတတ်တာကြောင့် တော်လှန်ရေးဘက်မှာ ပိုပြီး အားသာချက်ရှိလာနိုင်ပါတယ်။
စစ်ပညာရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းရဲ့ centre of gravity ဟာ ဘယ်မှာတည်ရှိနေလဲဆိုတာကို သိလာတာနဲ့အမျှ အဖွဲ့အစည်းရဲ့ elite-based, mass-based သဏ္ဍာန်ကို ဆန်းစစ်နိုင်လာပြီး၊ ဒီအဖွဲ့အစည်းရဲ့ အောင်မြင်နိုင်မှုအတိုင်းအတာကို သုံးသပ်မှန်းဆနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရူပဗေဒပညာရပ်မှာ centre of gravity ဆိုတာ ရုပ်ဝတ္တုတခုရဲ့ ရွေ့လျားခြင်း၊ လည်ပတ်ခြင်း၊ ရွေ့လျားမှု ရပ်ဆိုင်းခြင်းတွေကို ဖြစ်ပေါ်စေတဲ့ extraneous forces အားလုံး ဆုံတဲ့ ဆုံမှတ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝတ်စ်က စစ်တပ်များ တပ်စွဲနေရာယူမှုတွေကို ဖော်ပြတဲ့အခါမှာ ဒီသဘောတရားကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ တနည်းဆိုရင် centre of gravity ဆိုတာ ပါဝါနဲ့ လှုပ်ရှားမှုတွေ အားလုံးတည်မှီနေတဲ့ hub တခုလို့ ဆိုနိုင်ပါတယ်။ တိုက်ပွဲတခုရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးနိုင်သော၊ အားအကောင်းဆုံးသော တပ်ရင်း၊ တပ်မတွေကို centre of gravity အနေနဲ့ conventional war တွေမှာ သတ်မှတ်လေ့ရှိကြပါတယ်။
ကလော့ဝစ်ရဲ့ strategic doctrine အရ တပ်မှူးတွေဟာ မိမိရဲ့ centre of gravity ကို သိဖို့ လိုအပ်သလို၊ တဘက်ရန်သူရဲ့ centre of gravity ကိုလဲ သိဖို့ လိုအပ်လှပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာလဲ ဒီအတိုင်းပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲ့ centre of gravity ကိုသာမက နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားရဲ့ centre of gravity ကိုပါ သိဖို့ လိုပါတယ်။ တော်လှန်ရေးရဲ့ centre of gravity ဟာ mass-based မဟုတ်ပဲ elite-based ဖြစ်နေသရွေ့ ကာလပတ်လုံးမှာတော့ အောင်ပွဲနဲ့ ဝေးကွာနေဦးမှာ အသေအချာပါပဲ။
ခင်မမမျိုး (၁၇၊ ၈၊ ၂၀၁၀)
ရည်ညွှန်းကိုးကားစာရင်း
Arquilla, J. & Ronfeldt, D. (1997) 'The Advent of Netwar', in 'In Athena's Camp: Preparing for Conflict in the Information Age', Santa Monica: RAND
Bell, J. B. (1989) 'Aspects of the Dragonworld: Covert Communications and the Rebel Ecosystem', International Journal of Intelligence and Counterintelligence, 3 (1)
Jennergren, L. P. (1981) 'Decentralization in Organizations', in Nystrom, P. & Starbuch, W. (eds.) Handbook of Organizational Design: Volume 2, Remodeling Organizations and their Environments, Oxford, Oxford University Press
McCormick, G. H. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998
Mintzberg, H. (1993) Structure in Fives: Designing Effective Organizations, Englewood Cliffs, N.J.: Prentice Hall
Tilly, C. (1978) From Mobilization to Revolution, New York, McGraw Hill
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
တော်လှန်ရေး အဖွဲ့အစည်းများ
Wednesday, August 18, 2010
Posted by
Khin Ma Ma Myo
Labels:
အတွေးအမြင်,
နိုင်ငံရေးရာ