ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ရန်သူနံပါတ် (၁) (၀တ္ထုတို)

Sunday, August 8, 2010

"အန်တီ့ဆီမှာကော ချစ်သူရှိခဲ့ဖူးလားဟင်၊ အန်တီဘာလို့ အိမ်ထောင်မပြုတာလဲ"

ဒီကနေ့ အလုပ်အားရက်မို့ အသိမိတ်ဆွေ ကောင်မလေးတယောက်ဆီ သွားလည်ဖြစ်သည်။ လန်ဒန်မှာ ဒီလိုဆုံဖို့ဆိုတာက ခက်ခဲပါဘိခြင်း။ ပြီးတော့ သူမကလဲ လန်ဒန်မြို့တွင်းမှာ နေတာမဟုတ်ပဲ တာဝန်ကျရာ လန်ဒန်မြို့ပြင် ဆေးရုံနားမှာ နေသည်မို့ တော်တော်နှင့် မဆုံတွေ့ဖြစ်ကြ။ မြန်မာပြည်မှ သူငယ်ချင်းက သူ့တူမလေးတယောက် လန်ဒန်မှာ ကျောင်းတက်မည်ဆိုပြီး အကြောင်းကြားလာတာမို့ ဟီးသရိုးလေဆိပ်မှာ သွားကြိုပေး၊ ကျောင်းမှ အဆောင်ကို လိုက်ပို့ပေးပြီး နောက်ပိုင်းကတည်းက မဆုံဖြစ်ကြတော့။ ဒီနေ့တော့ အားလပ်ရက်ချင်း တိုက်ဆိုင်၍ ဆုံဖြစ်ခဲ့ကြသည်။

ခေတ်လူငယ်ပီပီ ကောင်မလေးက ပွင့်ပွင့်လင်းလင်း။ အုန်းနို့ခေါက်ဆွဲ အတူတူချက်စားရင်း သူ့အကြောင်း၊ ကိုယ့်အကြောင်းလေးများ ပြောဖြစ်လာကြသည်။

"မရှိလို့ အန်တီ အပျိုကြီး ဖြစ်နေတာပေါ့ သမီးရယ်"



လူငယ်ဘ၀ကို ဖြတ်သန်းနေသော ကောင်မလေးက ယုံချင်ပုံမပေါ်ပေမယ့် ဆက်မမေးတော့။ တခြားအကြောင်းများဆီသို့ စကားရောက်သွားကြသည်။ ကျောင်းအကြောင်း၊ ဗွီဇာအကြောင်းများ။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေးဆီက ပြန်လာတော့ သူမတကိုယ်လုံး နုံးချိလို့နေသည်။ ပြောမထွက်ခဲ့သော စကားသံများက ရင်ထဲမှာ အပြည့်အနှက်။ သို့ပေမယ့် ထိုစကားသံများရဲ့ ဦးတည်ရာက ကောင်မလေးမဟုတ်။

တချိန်က သူမသိပ်ချစ်ခဲ့တဲ့ သူမချစ်သူ ဇော်ဇော် (သို့မဟုတ်) အခုတော့ သူမ သိပ်မုန်းတဲ့ စစ်အာဏာရှင်စနစ်ကြီးကို အသက်သွင်းနေသော ကြေးစားစစ်တပ်မှ ဗိုလ်မှူးကြီး ဇော်နိုင်အောင်။

အတိတ်က၊ အတိတ်ကပေါ့လေ။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကပါ။ တောင်ကြီးမြို့၊ အထက (၄) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ခင်ခင်ဆိုတဲ့ သူမနဲ့ ဇော်ဇော်တို့ဟာ စားအတူ၊ သွားအတူနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ ဒီလိုနဲ့ အတန်းစဉ်တွေ ဖြတ်သန်းရင်း ဆယ်တန်းကို ရောက်တော့ ဇော်ဇော်ကပြောလာတယ်။ သူဆယ်တန်းအောင်ရင် ဒီအက်စ်အေ ဗိုလ်သင်တန်း လျှောက်မယ်တဲ့။ နိုင်ငံတော်နဲ့ ပြည်သူတွေကို အသက်ပေးပြီး ကာကွယ်မယ်ပေါ့။ သူမကလဲ အားကျမခံ၊ ပြည်သူတွေကို ဆေးအတတ်နဲ့ အသက်ကယ်တင်မယ်ပေါ့လေ။

ရည်ရွယ်ချက်တွေ အောင်မြင်ခဲ့ပါတယ်။ ဆယ်တန်းအောင်တော့ သူမကလဲ မန္တလေးဆေးတက္ကသိုလ် တက်ခွင့်ရ၊ ဇော်ဇော်ကလဲ ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ခွင့်ရနဲ့ သူငယ်ချင်း အဆင့်ကို ကျော်လွန်ပြီး ချစ်သူ ဘ၀ ရောက်ခဲ့ကြတယ်။ အဲဒီတုန်းကတော့ လူတယောက်ရဲ့ ပင်ကိုယ်စိတ်ဓာတ်ဟာ အာဏာရှင်စနစ်ဆိုးရဲ့ လွှမ်းမိုးမှုကြောင့် ပြောင်းလဲတတ်တယ်ဆိုတာ သူမ မသိခဲ့ရိုးအမှန်ပါ။

ဇော်ဇော်ကျောင်းဆင်းပြီး ရှေ့တန်းမှာ တာဝန်ကျတော့ သူမက မန္တလေးမှာ ကျောင်းတက်ဆဲ။ ရှေ့တန်းမှာ ပြည်သူတွေအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားကြီးရဲ့ ချစ်သူအဖြစ်နဲ့ ဂုဏ်ယူလို့ပေါ့လေ။

"အဲဒီသေနတ်ပြောင်းတွေကို ငါတို့ ကျောင်းသားတွေနဲ့ ပြည်သူတွေဆီကို ဘာလို့ လှည့်လာခဲ့တာလဲဟယ်။ ငါယုံလို့ မရနိုင်ခဲ့ဘူး။"

မပြောဖြစ်ခဲ့တဲ့ ရင်ထဲက စကားသံပါ။

၁၉၈၈ မှာ တတိုင်းပြည်လုံးက ပြည်သူတွေ အာဏာရှင်စနစ်ဆိုးကို ဖယ်ရှားဖို့ လမ်းမပေါ် ထွက်လာကြတော့ သူမက ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်။ ကျောင်းတွေပိတ်လိုက်ကတည်းက မွေးရပ်မြေ တောင်ကြီးမြို့သို့ ပြန်ရောက်နေခဲ့သည်။ အမှန်တရားနဲ့ တရားမျှတမှုအတွက် ပြည်သူတွေ တိုက်ပွဲဝင်တော့ သူမတို့လဲ ပါကြသည်ပေါ့။ မင်းကျောင်းဆိုတဲ့ သပိတ်စခန်းမှာ စုစည်းရင်း ပြည်သူ့ဆန္ဒကို ထုတ်ဖော်နိုင်ခဲ့ကြသည်။ တသွေးတည်း၊ တသံတည်း၊ အားလုံးတောင်းဆိုခဲ့ကြသည်က ဒီမိုကရေစီ၊ ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်သူ့အစိုးရ။


မမျှော်လင့်ထားသော အခြေအနေတွေ မမျှော်လင့်ထားသော အချိန်မှာပင် ကျရောက်လာခဲ့သည်။

"တိုင်းပြည်ချောက်ထဲကျမည့် အရေးကို တပ်မတော်မှ အချိန်မှီ ၀င်ရောက်ကယ်တင်" တဲ့။

သတင်းသံနဲ့ အတူ ထွက်ပေါ်လာခဲ့တဲ့ သေနတ်သံများ။ တောင်ကြီးမြို့မှ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ်ကြတဲ့ ပြည်သူလူထုကို ချိန်ရွယ်လာကြတဲ့ မောင်းပြန်ရိုင်ဖယ်များ။ အားလုံးလဲ အတုံးတုံး၊ အရုန်းရုန်း။ ပြေးကြလွှားကြ။

ပြေးရင်းလွှားရင်းနှင့် လမ်းမပေါ်မှ သူငယ်ချင်းတယောက်အိမ်သို့ သူမတက်ပြေးဖြစ်သည်။ သူငယ်ချင်း မိသားစု အားလုံးလဲ ကြမ်းပြင်ပေါ်မှာ ပိပြားဝပ်တွားချက်။

ပြတင်းပေါက်နားသို့ သူမပြေးကပ်သွားမိသည်။ နှစ်ထပ်အိမ်အမြင့်ကမို့ အားလုံးကို အတိုင်းသာ မြင်ရသည်။ ရိုင်ဖယ်သေနတ်များရဲ့ တရားခံတွေကို သူမ မြင်ချင်စမ်းပါဘိ။

"ဟင်"

သူမနှုတ်မှ ထွက်ခဲ့တဲ့ အာမေဍိတ်သံတခု။ အဲဒီရဲ့ နောက်ကွယ်မှာ သူမနှလုံးသွေးတို့ ရပ်ခမန်း လုလု။ အပြင်လူတယောက်အနေနဲ့ ပုံဖော်ဖို့ ခဲယဉ်းပေမယ့် တသက်လုံးတွဲခဲ့တဲ့ သူငယ်ချင်း၊ ချစ်သူတယောက်ကိုတော့ သူမ ပုံဖော်တတ်ပါသည်။ မယုံစရာကောင်းလောက်အောင်ပင် မောင်းပြန် သေနတ်ကိုင်များကို အမိန့်ပေးနေသူသည် သူမတသက်လုံး လက်တွဲရမည့် ချစ်သူတဲ့။

ပြည်သူရဲ့ အသက်ကို ကာကွယ်ဖို့ တပ်မတော်ထဲဝင်မယ်ဆိုတဲ့ သူမရဲ့ ချစ်သူလေးဟာ ပြည်သူတွေရဲ့ အသက်ကို သတ်ဖို့ အမိန့်ပေးနေတဲ့ လူသတ်စစ်ဘီလူးကြီး ဖြစ်နေပါပေါ့လား။

"ဇော်ဇော်ရယ်။ နင့်ကို ဘာတွေက ပြောင်းလဲစေခဲ့တာလဲ။ ရာထူးလား၊ အာဏာလား၊ ရပိုင်ခွင့်တွေလား။ ငါ့သူငယ်ချင်း၊ ငါ့ချစ်သူဘ၀တုန်းက နင်ပြောတော့ ပြည်သူတွေကို ချစ်တယ်ဆို။ ငါ့ဘ၀တလျှောက်လုံးမှာလေ နင့်ကိုလဲ ယုံစားခဲ့တယ်။ နင့်တပ်မတော်ဆိုတာကြီးကိုလဲ လေးစားခဲ့တယ်။ ငါတို့ ပြည်သူတွေ ယုံကြည်လေးစားခဲ့တဲ့ အဲဒီတန်ဖိုးကို နင်တို့တွေက ဒီနည်းနဲ့ သက်သေပြလိုက်တာလားဟင်။ ငါနဲ့ လက်တွဲခဲ့ဖူးတဲ့ နင့်လက်တွေကို ဘာလို့ သွေးစွန်းခံရတာဟယ်။ နင့်ရဲ့ သွေးစွက်လက်ကြီးကိုကော ငါဘယ်လိုပုံစံနဲ့ လက်တွဲရမှာလဲ"

မပြောဖြစ်ခဲ့တဲ့ ရင်ထဲက စကားသံတွေ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပေါ့။

အဲဒီနောက်ပိုင်းမှာ သူ့ကိုရှောင်ဖို့အရေး၊ နယ်မှဆွေမျိုးတွေထံ သူမသွားနေဖြစ်ခဲ့သည်။ အရင်တုန်းကတော့ မြို့ပေါ်မှာ နေရင်း၊ ကျောင်းစာတွေနဲ့ တကုပ်ကုပ်ဖြစ်ခဲ့သူမို့ ကိုယ့်တိုင်းပြည်ထဲမှာ ဘာတွေဖြစ်နေမှန်း အတွင်းကျကျမသိခဲ့။ ရှမ်းပြည်နယ်ထဲက မြို့နယ်လေး တခုမှ သွားနေဖြစ်တော့မှ အကြောင်းစုံသိလာရသည်။

အတင်းအဓမ္မ ရွာတွေကို ရွှေ့ပြောင်းခိုင်းမှု၊ ပေါ်တာဆွဲမှု၊ ရှမ်းပျိုဖြူများကို မုဒိမ်းကျင့်မှု။

အမှန်တရားတွေကို သိလာရလေလေ၊ ပိုပြီးတော့ ရင်နာမိလေလေ၊ နာကြည်းမိလေလေ။

"နင့်လိုလူရဲ့ ဇနီးမယား၊ ငါဘယ်တော့မှ အဖြစ်မခံဘူး ဇော်ဇော်။ ပြည်သူကျွေးတဲ့ ထမင်းကို စားပြီး ပြည်သူကို စော်ကားတဲ့ လူတွေ။ တနေ့ကျရင် နင်တို့တွေ ၀ဋ်ကောင်းကောင်းကြီး လည်လိမ့်မယ်"

သူမရဲ့ ခိုင်မာသော ဆုံးဖြတ်ချက်။

ကျောင်းတွေပြန်ဖွင့်တော့ မပြီးသေးတဲ့ နောက်ဆုံးနှစ် အပိုင်း (ခ) ကို ပြန်တက်ပြီး၊ ဦးလေးရှိတဲ့ အင်္ဂလန်ကို အမြန်ဆုံးထွက်။ ဒီလိုနဲ့ ဝေးခဲ့ကြတာ ဘာလိုလိုနဲ့ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီပဲ။

မြန်မာပြည်နဲ့ အဝေးကြီးမှာ ရှိနေပေမယ့်၊ မြန်မာပြည်ရဲ့ သတင်းတွေကိုတော့ အစဉ်မပြတ် နားစွင့်လျက်။ သူမ မြန်မာပြည်ကို ချစ်ပါသည်။ မြန်မာလူမျိုးတွေကို အကျိုးပြုချင်ပါသည်။ ဒါပေမယ့် မတတ်သာ။ လူသတ်အဖွဲ့ရဲ့ လက်အောက်မှာတော့ သူတို့ချမှတ်ထားတဲ့ ပြည်ဖျက် မူဝါဒတွေကို လိုက်မလုပ်နိုင်ပါ။

တလောက သူငယ်ချင်းတယောက်ဆီက စာရသည်။ ဇော်ဇော်တောင် ဗိုလ်မှူးကြီး ဖြစ်နေပြီတဲ့။

အိမ်ထောင်တော့ ကျသွားလောက်ပြီထင်သည်။ အဲဒီ့အတွက် သူမနောင်တ မရချင်ပါ။ ဘယ်တော့မှလဲ ရလိမ့်မည် မဟုတ်ပါ။ မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ လူသတ်စစ်ဘီလူးကြီးကို ဘယ်လိုပုံစံ၊ ဘယ်လိုအမြင်နဲ့ အိမ်ထောင်ဦးစီး လင်ယောက်ျားတယောက် အဖြစ်နဲ့ ယုံကြည်အားကိုးရပါမည်လဲ။

ဒါပေမယ့် သူမ၊ သူ့ကို သိပ်ပြောချင်သည့် စကားတခွန်းတော့ ရှိနေပါသည်။

"ဇော်ဇော်ရယ်။ 'တပ်နဲ့ ပြည်သူမြဲကြည်ဖြူ၊ သွေးခွဲလာသူ တို့ရန်သူ' ဆိုတဲ့ ဆောင်ပုဒ်လေးကို နင်သိပါတယ်ဟယ်။ ဒါကို သိရက်နဲ့ သေချာဘာလို့ မစဉ်းစားရတာလဲ။ တကယ်တမ်းကျတော့ တပ်နဲ့ ပြည်သူကို မကြည်ဖြူအောင် ဘယ်သူတွေ လုပ်ခဲ့တာလဲ။ ပြည်သူတွေဆီ သေနတ်ပြောင်းတွေကို ဘယ်သူက ချိန်ခိုင်းခဲ့တာလဲ။ သေချာပြန်စဉ်းစားကြည့်ရင် ဘယ်သူတွေဟာ နင်တို့တပ်နဲ့ ငါတို့ပြည်သူတွေရဲ့ ရန်သူ နံပါတ် (၁) တွေလဲ ဆိုတဲ့ အဖြေက ရှင်းရှင်းလေးပါဟယ်။ အဲဒီ ရန်သူနံပါတ် (၁) တွေဆီကိုသာ နင်တို့ရဲ့ သေနတ်ပြောင်းတွေ ပြန်လှည့်လိုက်ပါဟာ။ ပြည်သူ့ရင်ထဲက ပေါက်ဖွားလာခဲ့တဲ့ ပြည်သူ့တပ်မတော်ဟာ အာဏာရူးတွေကို ဖယ်ရှားပြီး ပြည်သူ့ရင်ငွေ့ကို ပြန်ခိုလှုံခဲ့မယ်ဆိုရင် ပြည်သူတွေအားလုံးက ၀မ်းပန်းတသာနဲ့ ပြန်ကြိုကြမှာပါ။ ငါလေအဲဒီအချိန်ကို စောင့်နေတယ် ဇော်ဇော်။ ပြည်သူတွေကို အသက်ပေးပြီး ကာကွယ်မယ်ပြောခဲ့တဲ့ ဟိုအနှစ်နှစ်ဆယ်ကျော်က နင့်မျက်နှာလေးကို ငါပြန်မြင်ယောင်မိနေဆဲပဲ။ ငါလေ နင့်ကို သိပ်ချစ်ခဲ့တယ်။ သိပ်လေးစားခဲ့တယ်။ နင့်တပ်မတော်ကြီးကိုလဲ သိပ်လေးစားခဲ့ဖူးတယ်။ နင်တို့ တပ်မတော်နဲ့ ငါတို့ပြည်သူတွေ လက်တွဲပြီး ပြည်သူနဲ့ တပ်မတော်ကို သွေးကွဲအောင် လုပ်ခဲ့တဲ့ စစ်အုပ်စုခေါင်းဆောင်တွေကို အချိန်မှီ တော်လှန်လိုက်ကြရအောင်နော်"

ခင်မမမျိုး (၂၀၀၄)

(၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလက ယူကေနိုင်ငံတွင် ထုတ်ဝေသော အလင်းတိုင်းပြည် စာစောင်တွင် ရေးသားခဲ့သော ၀တ္ထုတို တပုဒ် ဖြစ်ပါသည်)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP