ချီဂွေဗားရားဆိုတာ အာဏာရှင် Batista ကို ဖြုတ်ချပြီး Castro ကို ကျူးဘားခေါင်းဆောင်အဖြစ် တင်ပေးနိုင်ခဲ့တဲ့ ၂၆ လကြာ တော်လှန်ရေးကြီးကို ပါဝင်ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ပြီးကာလမှာ ကျူးဘားနိုင်ငံဟာ အရင်းရှင်အာဏာရှင် နိုင်ငံကနေ ဆိုရှယ်လစ်နိုင်ငံဖြစ်လာခဲ့သလို လူထုလူတန်းစားအလွှာအသီးသီးနဲ့ အစိုးရတို့ အကြားက ဆက်စပ်မှုသဏ္ဍာန်တွေလဲ ပြောင်းလဲလာခဲ့ပါတယ်။ အစိုးရသစ်မှာ ချီဟာ သြဇာအာဏာကြီးမားတဲ့ ပြည်ထဲရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ရပေမယ့်လဲ သူ့ရဲ့ အဓိက စိတ်ပါဝင်စားမှုကတော့ လက်တင်အမေရိကနဲ့ ကမ္ဘာတ၀ှမ်းမှာ အရင်းရှင်တော်လှန်ရေးတွေ ပေါ်ထွက်လာနိုင်ဖို့ပါပဲ။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တော်လှန်ရေးလက်စွဲကျမ်းတစောင်ဖြစ်တဲ့ Guerrilla War ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကို ကမ္ဘာတ၀ှမ်းလုံးမှာ ပုံနှိပ်ဖြန့်ဝေခဲ့ကြပြီး ဘာသာပေါင်းများစွာကို ပြန်ဆိုထားခဲ့ပါတယ်။ ချီရဲ့စာအုပ်ဟာ တကမ္ဘာလုံးက တော်လှန်ရေး သမားတွေအတွက် တော်လှန်ရေးနည်းနာတွေကို ညွှန်ပြပေးခဲ့ရုံသာမက တော်လှန်ရေးဝိဥာဉ်တွေကိုပါ နှိုးဆွပေးနိုင်ခဲ့ပါတယ်။ တော်လှန်ပုန်ကန်ခြင်း စစ်မက်ရေးရာနဲ့ ပတ်သက်တဲ့ ဂန္တ၀င်စာအုပ် စာတမ်းတွေထဲမှာ သူ့စာအုပ်လဲ အပါအ၀င် ဖြစ်ခဲ့ပါတယ်။
ချီဂွေဗားရားရဲ့ တော်လှန်ရေးသီအိုရီ
တော်လှန်ရေးတရပ်အောင်မြင်ဖို့အတွက် structural conditions တွေ ပြည့်စုံဖို့ လိုအပ်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေတွေ အားလုံးပြည့်မှီလာအောင် စောင့်နေဖို့ မလိုပဲ ပြည့်မှီလာအောင် ပြုလုပ်ဖန်တီးဖို့ လိုအပ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ပထမဆုံးအခြေခံအကြောင်းရင်းကတော့ 'subjective structural condition' လို့ သူသတ်မှတ်ခဲ့တဲ့ အောင်စိတ်ပါပဲ။ တော်လှန်ရေးအောင်ပွဲခံရမယ်လို့ ယုံကြည်ချက်မရှိသူ တယောက်ဟာ တော်လှန်ရေးသမားတယောက် မဖြစ်နိုင်ဘူး လို့ သူက ဆိုခဲ့ပါတယ်။ ခိုင်မာတဲ့ ယုံကြည်ချက်စိတ်ဓာတ်အခံမရှိသူ တယောက်ဟာ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ အတားအဆီးတွေကို ကျော်လွှားနိုင်ခြင်းမရှိပဲ အလွယ်တကူ အရှုံးပေးစိတ်ဓာတ်ကျသွားနိုင်မယ်လို့ ချီက ယူဆထားခဲ့ပါတယ်။
Objective structural conditions လေးရပ်ကိုလဲ ချီက ခွဲခြားဖော်ပြထားခဲ့ပါသေးတယ်။ ပထမလိုအပ်တဲ့ အခြေအနေကတော့ neo-patrimonial အာဏာရှင်စနစ် ရှိနေခြင်းဖြစ်ပါတယ်။ အစိုးရအာဏာဟာ လူတယောက်ရဲ့ လက်ထဲမှာရှိနေမယ်၊ ဒီလူဟာ ကိုယ်ကျိုးစီးပွားကိုပဲ ရှေးရှုတတ်ပြီး လာဘ်စားသူ တယောက်ဖြစ်မယ်။ ဒီအာဏာရှင်ဟာ မတရားအာဏာသိမ်းပိုက်ထားတာဖြစ်ပြီး၊ တရားဝင်မှု တစုံတရာ (ရွေးကောက်တင်မြှောက်ခံထားရခြင်းစတာမျိုး) နဲ့ အာဏာရထားတာ မဖြစ်ဘူး ဆိုရင် တော်လှန်ရေးအောင်ပွဲရနိုင်မယ့် အခြေအနေတရပ်ရှိတယ်လို့ သူက ဆိုခဲ့ပါတယ်။ ချီရဲ့ အဆိုအရ တရားဝင်မှုဆိုတဲ့ အပိုင်းက အလွန်ကို အရေးကြီးပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ အစိုးရတရပ်ဆီမှာ constitutional legality ရှိနေခဲ့ရင် တော်လှန်ရေးရေချိန်ကို အရှိန်မြှင့်ဖို့ ခဲယဉ်းလို့ပဲ ဖြစ်ပါတယ်။
ဒုတိယလိုအပ်ချက်ကတော့ တော်လှန်ပုန်ကန်သူတွေ လှုပ်ရှားသွားလာနိုင်မယ့် တော်လှန်ရေး နယ်မြေဖြစ်ပါတယ်။ တော်လှန်ရေးနယ်မြေဆိုတာကို တောနက်ခြင်း၊ ကျောက်တောင် ကမ်းပါး အရံအတားများရှိခြင်းနဲ့ သဲကန္တာရများ ရှိခြင်းတို့ကြောင့် အစိုးရတပ်များ အလွယ်တကူ မရောက်နိုင်တဲ့ နေရာဒေသတွေအဖြစ် ချီက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အစိုးရတပ်တွေဘက်က လက်နက်အင်အား သာလွန်လေ့ရှိတာကြောင့် တပ်လှုပ်ရှားမှုကို ကြန့်ကြာစေတဲ့ နေရာဒေသတွေကိုသာ တော်လှန်ရေး နယ်မြေအဖြစ် ရွေးချယ်သင့်ကြောင်း ချီက တိုက်တွန်းရေးသားထားခဲ့ပါတယ်။
တတိယအချက်ကတော့ တော်လှန်ရေးသမားတွေကို ကျေးလက်ဒေသ အမာခံပြည်သူလူထုရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အခြေခံတဲ့ တော်လှန်ရေးတရပ်မှာ ကျေးလက်ပြည်သူတွေရဲ့ ထောက်ခံမှုမရရင် အောင်မြင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ ကျေးလက်ပြည်သူတွေအနေနဲ့ အစိုးရကို ဆန့်ကျင်သင့်တဲ့ အကြောင်းအရာမရှိရင် တော်လှန်ရေးသမားတွေကို ထောက်ခံခြင်းအားဖြင့် ကြုံတွေ့နိုင်မယ့် အစိုးရတပ်ရဲ့ အန္တရာယ်တွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပေးမှာ မဟုတ်တာကြောင့် ကျေးလက်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတရပ်ကို ဖော်ထုတ်သင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ချီရဲ့ အမြင်အရ မြေယာပြုပြင်ပြောင်းလဲရေးဆိုတဲ့ အကြောင်းအရာဟာ ကျေးလက်နေပြည်သူလူထုကို တော်လှန်ရေးသမားတွေဘက် ရောက်လာအောင် အဆွဲဆောင်နိုင်ဆုံး အကြောင်းအရာ တရပ် ဖြစ်ပါတယ်။
စတုတ္ထအချက်ကတော့ တိုင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖူးတဲ့ အစဉ်အလာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလက်နက်ကိုင်တော်လှန်ရေးဟာ revolutionary Marxist type မဟုတ်ရင်တောင် romantic bandits အဆင့်လောက်တော့ ရှိသင့်တယ်လို့ ချီကဆိုထားပါတယ်။ တော်လှန်ရေးအစဉ်အလာ ရှိခြင်းအားဖြင့် လေ့ကျင့်သင်ကြားပေးမှုတွေ အထူးတလည် လုပ်စရာ မလိုအပ်သလို အခြေခံဒေသ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေလဲ ပိုများနိုင်ပါတယ်။
ဒီလို subjective structural condition နဲ့ objective structural condition လေးရပ်တို့ ပြည့်စုံတဲ့အခါ တော်လှန်ရေးတရပ် စတင်ဖို့အတွက် foco (centre of guerrilla activity) ကို ဖန်တီးနိုင်မယ့် လူအယောက် ၃၀ ကနေ ၄၀ ပါဝင်တဲ့ အစုအဖွဲ့ တခု ထွက်ပေါ်လာချိန်ကို စောင့်ဖို့ပဲ လိုအပ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။ ဒီလူစုဟာ ကျေးလက်ဒေသမှာ စတင်လှုပ်ရှားပြီး မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ကတိစကားတွေကို ဒေသခံ ကျေးလက်လူထုကို ပေးအပ်ဖို့ လိုပါတယ်။ ဒါမှလဲ ဒေသခံလယ်သမားတွေရဲ့ ထောက်ခံမှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် အခြေခံနယ်မြေနဲ့ ဒေသခံတွေရဲ့ အကူအညီကို အသုံးပြုပြီး အစိုးရတပ်တွေကို ခြုံခိုတိုက်ခိုက်ရပါမယ်။ တော်လှန်ရေးအတွက် လိုအပ်မယ့် လက်နက်ခဲယမ်းရိက္ခာတွေကို စုဆောင်းရပါမယ်။ ဒီလိုနဲ့ တော်လှန်ရေးသမားတွေဘက်က အောင်ပွဲရလာတာနဲ့အမျှ လူအများကို တော်လှန်ရေးထဲ ပါဝင်လာအောင် ဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ foco ဟာ အင်အားကြီးမားလာပြီး၊ တချို့လူတွေဟာ နောက်ထပ် အခြေခံဒေသတွေကို ထိုးဖောက်ခြေကုပ်ယူကြရပါမယ်။ တော်လှန်ရေးအင်အားကြီးထွားလာအောင် ပြုလုပ်ရပါမယ်။ လူတွေ ထပ်ခွဲပြီး မထိုးဖောက်နိုင်သေးတဲ့ နယ်မြေတွေကို ထပ်မံထိုးဖောက်ခြေကုပ်ယူကြရပါမယ်။ တိုင်းပြည်လုံးအနှံ့ ကျေးလက်ဒေသတွေမှာ ခြေကုပ်ရပြီးတဲ့အခါ မြို့ဆင်ခြေဖုံးဒေသတွေကို ထိုးဖောက်နေရာယူပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရပါမယ်။ နောက်ဆုံးမှာ တော်လှန်ရေးသမားတွေဟာ အစိုးရကို ဖြုတ်ချပြီး၊ အစိုးရသစ်တရပ်အနေနဲ့ အစားထိုး အောင်ပွဲခံနိုင်မှာ ဖြစ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။
ချီဂွေးဗားရားရဲ့ တော်လှန်ရေးအဖွဲ့အစည်း
ချီက တော်လှန်ရေးတရပ်ကို လက်နက်ကိုင်တော်လှန်ရေးသမားကသာ ဦးဆောင်နိုင်မယ်လို့ ယူဆခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဆင်နွှဲရင်း အသက်ကို မပေးဆပ်နိုင်သူ တယောက်ဟာ တော်လှန်ရေးကို စီစဉ်ညွှန်ကြားနိုင်မှာ မဟုတ်ကြောင်း သူက ဆိုထားခဲ့ပါတယ်။ အောင်မြင်တဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတယောက်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကာယအား၊ ဥာဏအားတွေနဲ့ ပြည့်စုံတဲ့ elite တယောက်ဖြစ်ဖို့ လိုအပ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးသမားတွေကို လူ့အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲသူတွေ၊ လယ်သမားတွေရဲ့ လမ်းပြနတ်သမီးတွေ၊ ပြည်သူလူထုအကျိုးစီးပွားအတွက် ကြံ့ကြံ့ခံ ရပ်တည်ပေးသူတွေအဖြစ် ချီက သတ်မှတ်ပြောဆိုထားခဲ့ပါတယ်။ ချီရဲ့ ရေးသားဖော်ပြချက်များဟာ elite-based revolutionary organization သဘောတရားများကို အခြေခံထားပါတယ်။
centralization/ decentralization ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ decentralization ကို အခြေခံထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ တပ်ရင်းများဟာ သီးခြားဆီ လှုပ်ရှားသင့်ပြီး၊ အင်အားကြီးမားဖို့လိုအပ်မှသာ ပူးတွဲစစ်ဆင်ရေးတွေ အကောင်အထည်ဖော်သင့်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒီတပ်ရင်းတွေအကြားမှာ ရှိသင့်တဲ့ တခုတည်းသော coordinating mechanism ကတော့ တပ်မှူးတွေဟာ အတွေးအခေါ်ပိုင်းအရ ညီညွတ်နေပြီး၊ ထိပ်ပိုင်းခေါင်းဆောင်တဦးက personal coordination လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ သူ့အမြင်အရ တပ်မှူးတွေဟာ တပ်ရင်းအသီးသီးကို ဦးဆောင်နေကြပေမယ့် ပထမမူလအစမှာ တူညီတဲ့ foco ကနေ လာကြတာ ဖြစ်တဲ့အတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေမှာ တူညီမှုတွေ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ရှုစောင့်ကြပ်နေစရာ မလိုပဲ တပ်မှူးတွေရဲ့ လက်ထဲကို အာဏာကုန်လွှဲအပ်ထားလို့ ရတယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်အနည်းငယ်ကိုသာ ထိပ်ပိုင်းခေါင်းဆောင်တွေကို တင်ပြဆွေးနွေးဖို့ လိုအပ်ကြောင်း ဆိုထားပါတယ်။
ဝေဖန်ဆန်းစစ်ချက်များ
ချီရဲ့ တော်လှန်ရေးသီအိုရီနဲ့ ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ချက်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ Doctrinaire Marxists တွေက တော်လှန်ရေးအပေါ် သက်ရောက်မှုရှိတဲ့ urban proletariat ကို ဖယ်ရှားပြီး၊ ကျေးလက်လယ်သမားတွေနဲ့ပဲ ဆိုရှယ်လစ်တော်လှန်ရေးကို ပြုလုပ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီလို့ဝေဖန်ကြပါတယ်။ Leninists နဲ့ Trotskyists တွေကတော့ ချီဟာ တော်လှန်ရေးကို ဦးဆောင်ပေးနိုင်မယ့် အခြေခံ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ vanguard party ကို လျစ်လျူရှုထားတယ်လို့ အတိအလင်းဝေဖန်ထားကြပါတယ်။ မဟာဗျူဟာလေ့လာရေး ပညာရှင်တွေကတော့ ချီရဲ့သီအိုရီဟာ မဟာဗျူဟာချမှတ်ပြီးမှ နည်းဗျူဟာ ချမှတ်ရတဲ့ အစဉ်အလာကို မလိုက်နာပဲ နည်းဗျူဟာတွေ ချမှတ်ပြီးမှ မဟာဗျူဟာ ချမှတ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီအနေနဲ့ ဖော်ပြထားခဲ့ကြပါတယ်။
Maoists တွေကတော့ ချီဟာ ပါတီရဲ့ ဦးဆောင်မှုမပါပဲ တော်လှန်ရေးတပ်တွေ ဖွဲ့စည်းဖို့ ကြိုးစားထားတယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရ တော်လှန်ရေးတပ်တွေရဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်မှုနဲ့ တော်လှန်ရေးတာဝန်များကို ပြည့်မှီအောင် ထမ်းဆောင်နိုင်မှုတို့အတွက် ပါတီရဲ့ ဦးဆောင်မှုလိုအပ်ကြောင်း ခိုင်ခိုင်မာမာ ထောက်ပြဝေဖန်ထားကြပါတယ်။ ကျူးဘားတော်လှန်ရေးမှာ ပါတီရဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ တော်လှန်ရေးတပ်တွေရဲ့ လက်အောက်ခံဖြစ်နေပြီး၊ တော်လှန်ရေးတပ် တွေဟာ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲမယ့် တပ်တွေအသွင်မဆောင်ပဲ bandit gang အသွင်ဆောင်နေကြောင်း Maoists တွေက ဝေဖန်ခဲ့ကြပါတယ်။
တော်လှန်ရေးကို လက်တွေ့ကျကျ သုံးသပ်သူများကတော့ ချီရဲ့သီအိုရီဟာ ကျူးဘားတော်လှန်ရေး တခုတည်းမှာပဲ အောင်မြင်ခဲ့ပြီး ကွန်ဂို၊ ဘိုလီးဘီးယား၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ပီရူးနဲ့ အယ်လ်ဆာလ်ဗေတာ တော်လှန်ရေးတွေမှာ ကျဆုံးခဲ့ကြောင်း ဝေဖန်ထားခဲ့ကြပါတယ်။ Methodological standpoint က ကြည့်ရင်တော့ ချီသီအိုရီ ကို အောင်အောင်မြင်မြင် အကောင်အထည် မဖော်နိုင်ကြခြင်းဟာ ချီအနေနဲ့ တော်လှန်ရေးသီအိုရီတခုလုံးကို ကျူးဘားတော်လှန်ရေးက သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ အနည်းငယ်အပေါ်မှာသာ မှီငြမ်းပြီး ထုတ်ဖော်ခဲ့ခြင်းကြောင့်ပါပဲ။ တကယ်တော့ သီအိုရီတခုကို အတွေ့အကြုံဖြစ်ရပ်တခုတည်းအပေါ်မှာ အခြေခံပြီး ဖော်ထုတ်လို့ မရနိုင်ပါဘူး။ ကိုယ်ပိုင် အတွေ့အကြုံအနည်းငယ်ကနေ ပေါ်ထွက်လာတဲ့ သီအိုရီကိုလဲ လူအများက အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းအရာတရပ်ရဲ့ ဖြစ်နိုင်ချေကို ကိုယ်ပိုင်အတွေ့အကြုံတခုတည်းနဲ့ သုံးသပ်လို့ မရပါဘူး။
နောက်တချက်က ကျူးဘားတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ချီရဲ့ အမြင်ဖြစ်ပါတယ်။ ချီက သမိုင်းဖြစ်ရပ်တွေကို တော်လှန်ရေးသမား ရှုထောင့်တခုတည်းကနေ ရှုမြင်သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ကျူးဘားတော်လှန်ရေးအောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အာဏာရှင်ရဲ့ အားနည်းချက်တွေနဲ့ မြို့နေပြည်သူလူထုရဲ့ အာဏာရှင်ကို ထောက်ခံအားပေးမှု မရှိခြင်းတွေလဲ ပေါင်းစပ်ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် ချီကတော့ ကျေးလက်မှာ အခြေခံပြီး တော်လှန်ခဲ့တာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သူ့သီအိုရီမှာ ထည့်သွင်း ပြောကြားထားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့သီအိုရီကို တခြားတော်လှန်ရေးတွေမှာ ပြန်လည်အသုံးပြုတဲ့အခါ တော်လှန်ရေးသမားတွေအနေနဲ့ အာဏာရှင်ရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ မြို့နေလူထုရဲ့ ပေါင်းစပ်ပါဝင် ထောက်ခံမှု အနေအထားတွေ၊ ကျေးလက်ပြည်သူတွေရဲ့ စိတ်နေသဘာဝ ကွဲပြားမှုတွေကို အလေးပေးခဲ့ခြင်း မရှိကြပါဘူး။ ချီရဲ့ foco သီအိုရီအတိုင်း လိုက်နာကျင့်သုံးရင်း တော်လှန်ရေး ရေချိန်တွေ ကျဆင်းပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ချီကိုယ်တိုင်လဲ ဘိုလီဗီးယားမှာ ကျဆုံးခဲ့ရပါတယ်။
ဘိုလီးဗီးယားမှာ ချီကျဆုံးခဲ့ရတာဟာ အစိုးရနဲ့ ဒေသခံပြည်သူလုထုရဲ့ အခြေအနေတွေကို ထည့်သွင်းမစဉ်းစားခဲ့လို့ဖြစ်ကြောင်း ပညာရှင်များက လေ့လာသုံးသပ်ခဲ့ကြပါတယ်။ တကယ်တမ်းကျတော့ ဘိုလီဗီးယားက ကွန်မြူနစ်တော်လှန်ရေးသမားတွေဟာ အပြင်လူတွေရဲ့ အကြံပေးချက်ကို hostile ဖြစ်ပါတယ်။ နယ်မြေခံပြည်သူလူထုက တော်လှန်ရေးအပေါ် ထောက်ခံမှု ရေချိန်ကလဲ မမြင့်သေးပါဘူး။ အစိုးရဘက်က structural weakness တွေလဲ မပေါ်ထွက်သေးပါဘူး။ ဒီလို popular support မရှိသေးချိန်နဲ့ command and control မလုပ်နိုင်သေးချိန်မှာ ပထမဆုံးသေနတ်သံ ဖောက်လိုက်တဲ့အတွက် ခုနစ်လအတွင်းမှာ တော်လှန်ရေးသမားတွေ အားလုံးနီးပါး ကျဆုံး၊ ဖမ်းဆီးခံရတဲ့ အခြေအနေကို ကျရောက်ခဲ့ရတာပါ။ သေချာတာတခုကတော့ ကျူးဘားတော်လှန်ရေးရဲ့ အောင်မြင်မှုမျိုးဟာ နောက်တကြိမ် ဘယ်တော်လှန်ရေးမှာမှ ထပ်မရတော့တာပါပဲ။
အားနည်းချက်များ
ဘယ်လိုပဲဖြစ်ဖြစ် ချီရဲ့ foco သီအိုရီဟာ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအဖွဲ့အစည်းတွေအကြားမှာ အခုအချိန်အထိ ပျံ့နှံ့နေရာယူဆဲပဲ ရှိပါသေးတယ်။ သီအိုရီက သတ်မှတ်ထားတဲ့ တော်လှန်ရေးသဘောသဘာဝအရ ကနဦးတော်လှန်ရေးသမားတွေဆိုတာ တကယ့် elite group ဖြစ်ရပါမယ်။ တော်လှန်ရေးကို လူ ၃၀-၅၀ လောက်နဲ့ စတင်ရပါမယ်။ ဒီလူတွေဆီမှာ စည်းရုံးရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်နဲ့ စစ်ရေးစွမ်းရည်တွေ ရှိရပါမယ်။ တော်လှန်ရေးသမားတိုင်းမှာ ဒီစွမ်းရည်တွေအားလုံး ပြည့်ဝနေဖို့ဆိုတာက အတော်ကို ခဲယဉ်းလှပါတယ်။ နောက်တချက်က ဒီလိုအင်အားလောက်နဲ့ အုပ်ချုပ်ရေးစွမ်းရည်မြင့်မားတဲ့ အစိုးရတရပ်ကို မတော်လှန်နိုင်ပါဘူး။ ကျူးဘားတော်လှန်ရေးမှာ ကက်စထရိုနဲ့ ချီတို့ အနိုင်ရခဲ့တာက ချီတို့ရဲ့ စွမ်းရည်တခုတည်းကြောင့် မဟုတ်ပါဘူး။ အစိုးရဘက်မှာ structural weakness တွေ ရှိနေချိန်နဲ့ ကိုက်ညီသွားတာကြောင့် ဖြစ်ပါတယ်။
နောက်တချက်က တော်လှန်ရေးသမားတွေဟာ အတွေးအခေါ်ရေချိန်နဲ့ စည်းလုံးမှုရေချိန်တွေမှာ ညီညီမျှမျှ ဖြစ်နေကြဖို့လဲ လိုပါသေးတယ်။ ဒီလိုမဟုတ်ပဲ ပုဂ္ဂလိက ခံစားမှုကို ဦးစားပေးတတ်တဲ့ တပ်မှူးတွေနဲ့ အတွေးအခေါ် ရေချိန်မညီတဲ့ တပ်မှူးတွေက ဦးဆောင်နေကြတဲ့အခါ အစိုးရတပ်တွေရဲ့ သပ်လျှိုဖြိုခွဲမှုတွေအကြားမှာ တဖွဲ့နဲ့တဖွဲ့ အကြား နားမလည်မှုတွေ ဖြစ်တာ၊ coordinating mechanism နဲ့ တပ်မှူးတွေအကြား ကွဲပြားမှုတွေ ဖြစ်တာကနေ ဟိုတစုကို ရန်သူက ချေမှုန်းလိုက်၊ ဒီတစုကို ရန်သူက သိမ်းသွင်းလိုက်တွေဖြစ်ပြီး ပြိုကွဲကျဆုံးမှုတွေ ဖြစ်လာတတ်ပါတော့တယ်။ ဒါတွေဟာ ချီသီအိုရီရဲ့ အားနည်းချက်တွေဖြစ်ပြီး၊ တခြားနိုင်ငံတွေမှာ အစိုးရတပ်တွေဘက်က အနိုင်ရသွားစေခဲ့တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ချီဂွေဗားရားရဲ့ foco သီအိုရီကနေပြီး ဆောင်စရာ၊ ရှောင်စရာ သင်ခန်းစာတွေ အများအပြား ထွက်ပေါ်လာတယ်လို့ ဆိုရပါမယ်။ ပထမအချက်က တော်လှန်ရေးတရပ်မှာ structural conditions တွေ ရှိဖို့ လိုအပ်ပါတယ်။ မရှိသေးရင်လဲ ဖန်တီးယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်က တော်လှန်ရေးဆင်နွှဲရာမှာ ကိုယ့်ဘက်က အားသာချက်တွေကိုပဲ ကြည့်ပြီး အင်အားကို overestimate လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူလူထုရဲ့ ရေချိန်၊ အစိုးရရဲ့ structural weakness စတာတွေကိုပဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ တတိယအချက်က တော်လှန်ရေးလုပ်ရာမှာ နည်းလမ်းတခုတည်းကိုပဲ တရားသေဆုပ်ကိုင်လို့ မရပါဘူး။ ကျေးလက်ပြည်သူကိုပဲ အခြေခံမယ်၊ မြို့ပေါ်က လူထုတိုက်ပွဲကိုပဲ အခြေခံမယ်ဆိုပြီး သတ်မှတ်လို့ မရပါဘူး။ အချိန်အခါနဲ့အညီ အောင်ပွဲကို ဦးတည်စေနိုင်မယ့် နည်းပရိယာယ်တွေကို ပြောင်းလဲ အသုံးချနိုင်ဖို့ လိုပါတယ်။ သပိတ်စုံ၊ သူပုန်ထဖို့ လိုအပ်ချိန်မှာ သပိတ်ပဲ စုံနေရင် ဖြိုခွဲခံရမှာပါပဲ။ သူပုန်ပဲ ထနေရင်လဲ ချေမှုန်းခံရမှာပါပဲ။ လိုအပ်သလို ပေါင်းစပ်ပါဝင်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စတုတ္ထတချက်ကတော့ တခါလောက် အောင်ပွဲရခဲ့တဲ့ အတွေ့အကြုံကို တရားသေဆုပ်ကိုင်ပြီး ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေရဲ့ သီအိုရီသဖွယ် အသုံးချလို့ မရဘူး ဆိုတာပါပဲ။ အတွေ့အကြုံနဲ့ သီအိုရီတွေက စနစ်တကျ ပေါင်းစပ် အသုံးပြုနိုင်မှသာ အသုံးဝင်ပါတယ်။ အတွေ့အကြုံရှိသူက ပြောတိုင်း လိုက်နာဆောင်ရွက်ရမယ့် အမှန်တရားလို့ မယူဆနိုင်ပါဘူး။ သီအိုရီသိသူက ပြောတိုင်းလဲ အမှန်တရားလို့ မသတ်မှတ်နိုင်ပါဘူး။ အချိန်အခါနဲ့ အခြေအနေပေါ်မှာ မူတည်ပြီး သင့်တော်မယ့် သီအိုရီသဘောတရားတွေကို လျော်ညီတဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်မှသာ အောင်ပွဲကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ခင်မမမျိုး (၂၃၊ ၈၊ ၂၀၁၀)
ရည်ညွှန်းကိုးကားစာရင်း
Cohan, A.S. (1975) Theories of Revolution: An Introduction, New York, John Wiley and Sons
Debray, R. (1967) Revolution in the Revolution? Armed Struggle and Political Struggle in Latin America, Westport, Greenwood Press, translated by Bobbye Ortiz
Foran, J. (1995) 'Revolutionizing Theory/ Theorizing Revolutions: State, Culture, and Society in Recent Works on Revolution', in Nikkie, R. K. (ed.) Debating Revolutions, New York, New York University Press
Guevara, C. (1985) Guerrilla Warfare, Lincoln, University of Nebraska Press, includes Guerrilla Warfare (1960) translated by J. P. Morray, Guerrilla Warfare: A Method (1963) , Message to the Tricontinental (1967), and an introduction and case studies by Brian Loveman and Thomas M. Davies, Jr.
McCormick, G. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998
Scott, J. C. (1976) The Moral Economy of the Peasant, New Haven, Yale University Press
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ချီဂွေဗားရားနှင့် FOCO သီအိုရီ
Monday, August 23, 2010
တော်လှန်ရေး အဖွဲ့အစည်းများ
Wednesday, August 18, 2010
တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ တော်လှန်ရေးဆင်နွှဲဖို့အတွက် တော်လှန်ရေးသမားတွေ စုစည်းမိလာကြတဲ့အခါ တော်လှန်ရေးအဖွဲ့အစည်းကို ဘယ်လိုသဏ္ဍာန်နဲ့ စုဖွဲ့ပြင်ဆင်မှာလဲ ဆိုတာက မေးခွန်းထုတ်စရာ ရှိလာပါတယ်။ လူအများကို အခြေပြုတဲ့ (Mass-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ထိပ်ပိုင်းက လူအနည်းစုကို အခြေပြုတဲ့ (Elite-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ဗဟိုဦးစီးစနစ် (Centralization) ကို အခြေခံမှာလား၊ ဗဟိုဦးစီးမှုဖြေလျှော့ထားသောစနစ် (Decentralization) ကို အခြေခံမှာလား ဆိုတဲ့ စဉ်းစားရွေးချယ်စရာ အချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းအတွင်းမှာ centralization စနစ်ကို ကျင့်သုံးမှာလား၊ decentralization စနစ်ကို ကျင့်သုံးမှာလား ဆိုတာက ဒီအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမှတ် လုပ်ကိုင်ကြမယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ လူတယောက်ကပဲ ဦးဆောင်ပြီး ဆုံးဖြတ်ချက်တွေ အားလုံးချမှတ်မယ်ဆိုရင် centralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ လူအယောက် (၁၀၀၀) ရှိတဲ့ အဖွဲ့အစည်းထဲမှာ ဆုံးဖြတ်ချက်တွေအားလုံးက လူအယောက် (၁၀၀၀) လုံးက ညီတူညာတူဆုံးဖြတ်ချက် ချမှတ်မယ်ဆိုရင်တော့ decentralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ သာမန်အဖွဲ့ဝင်တွေက လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်အချို့နဲ့ ခေါင်းဆောင်ငယ်တွေက ဆုံးဖြတ်ချက်အများစုကို ချမှတ်ပြီး၊ ဗဟိုအမှုဆောင်များက အရေးပါတဲ့ ဆုံးဖြတ်ချက်အချို့ကို ချမှတ်မယ်ဆိုရင်တော့ centralization- decentralization continuum ရဲ့ အလယ်အလတ် စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းရေးရာ လေ့လာဆန်းစစ်သူ Jennergren က decentralization စနစ်ကို ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေမှာလဲ decentralized လုံးဝ မလုပ်တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေ ရှိသေးကြောင်း ညွှန်းဆိုပြောကြားခဲ့ပါတယ်။ အဲဒီ အရေးကြီး ဆုံးဖြတ်ချက်များ (important decisions) တွေထဲမှာ အဖွဲ့အစည်းရေးရာ ဦးတည်ချက်များ (Organizational Objectives)၊ မဟာဗျူဟာ စီမံချက်များ (Strategic Plans) နဲ့ အခြေခံမူဝါဒများ (Basic Policies) စတာတွေ ပါဝင်ပါတယ်။
စီးပွားရေးလောကက အဖွဲ့အစည်းတွေကို လေ့လာဆန်းစစ်ခဲ့တဲ့ အဖွဲ့အစည်းရေးရာ လေ့လာသူ Mintzberg က ဘဏ္ဍာရေး၊ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အများအားဖြင့် ထိပ်ပိုင်းခါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ရှိပြီး၊ ဈေးကွက်ရှာဖွေရေးနဲ့ ထုတ်လုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အလယ်အလတ်ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေမှာ centralized decisions တွေ ရှိနိုင်သလို decentralized decisions တွေလဲ ရှိနိုင်ကြောင်း သိသာ ထင်ရှားလှပါတယ်။ centralization နဲ့ decentralization စနစ်တွေကိုပဲ သီးခြား ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေဆိုတာ မရှိသလောက် ရှားပါးလှပါတယ်။ အဖွဲ့အစည်းရဲ့ သဘောသဘာဝပေါ် မူတည်ပြီး degree of decentralization ကတော့ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။
decentralization ဟာ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အခြေခံပြီး၊ ဆုံးဖြတ်ချက်ချမှတ်မှုအတွက် သတင်းအချက်အလက်ဟာ အရေးပါလာတဲ့အခါမှာ အိုင်အက်စ်လို့ခေါ်တဲ့ သတင်းအချက်အလက်စနစ် (Information System) ရဲ့ အခန်းကဏ္ဍဟာလဲ degree of decentralization အပေါ်မှာ သက်ရောက်မှု ရှိလာပါတယ်။ တိုးတက်လာတဲ့ အိုင်အက်စ်စနစ်နဲ့ centralization/ decentralization တို့အကြားက ဆက်နွယ်မှု နှစ်ခုကို ပညာရှင်တွေက ထုတ်ဖော်တွေ့ရှိခဲ့ကြပါတယ်။ ပထမတချက်အနေနဲ့ အိုင်အက်စ်စနစ်ဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရရှိနိုင်စေတဲ့အတွက် centralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အခြားတဘက်မှာလဲ အိုင်အက်စ်စနစ်ဟာ အဖွဲ့အစည်းအတွင်းက စီမံခန့်ခွဲမှုအဆင့်တိုင်းကို သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေအဆင့်ဆင့်ကို ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်ခွင့်တွေ ပေးအပ်နိုင်ပြီး decentralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။
ဒါကြောင့် မတရားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်ကို ဖြိုလှဲဖို့ ကြိုးစားလုပ်ဆောင်ကြတဲ့ political entrepreneurs တွေအနေနဲ့ အိုင်အက်စ်စနစ်ကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းအတွင်းမှာ အသုံးပြုဖို့ လိုအပ်ကြောင်း ပညာရှင်များကို ထောက်ပြပြောဆိုကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုထိရောက်ပြီး၊ အုပ်ချုပ်ရေးယန္တရားကို စိန်ခေါ်နိုင်မှုတွေ ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကနေတဆင့် တော်လှန်ရေးကွန်ယက်တွေ ချိတ်ဆက်ဖွဲ့စည်းပြီး ကွန်ယက်စစ်ပွဲ (netwar) ကို ဆင်နွှဲနိုင်ကြောင်း စစ်မဟာဗျူဟာလေ့လာရေး ပညာရှင် Arquilla နဲ့ Ronfeldt တို့က အကြံပြုထားခဲ့ကြပါတယ်။
ခေတ်မီဖွံ့ဖြိုးတဲ့ နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေးယန္တရားရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်တပ်၊ ရဲတွေကို တော်လှန်ရေးအင်အားစုကြီးတွေနဲ့ ထိပ်တိုက်တိုက်ပွဲဝင်စရာမလိုပဲ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတွေကို တိုက်ရိုက်တိုက်ခိုက် လာနိုင်စေပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အာဏာရှင်ယန္တရားကို ထောက်ကူပေးတဲ့ ဘဏ်တခုကို လူအင်အားသုံးပြီး ၀င်ရောက်စီးနင်းတိုက်ခိုက်တာထက် ဒီဘဏ်လုပ်ငန်းလည်ပတ်မှုကို ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်ကို တိုက်ခိုက်နိုင်မှုက ပိုပြီး ထိရောက်မှုရှိလာကြောင်း ပြောဆိုလာကြပါတယ်။
ဒါပေမယ့်လဲ ခေတ်မီတိုးတက်တဲ့ အိုင်တီစနစ်၊ အိုင်အက်စ်စနစ်တွေကို အသုံးပြုခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ လုံခြုံရေး (security of the organization) ကို ထိခိုက်မှု ရှိစေနိုင်ကြောင်းကိုလဲ ထောက်ပြပြောဆိုခဲ့ကြပါတယ်။ နိုင်ငံရေးပညာရှင် Bell ဆိုခဲ့တဲ့အတိုင်း တော်လှန်ရေးအဖွဲ့အစည်းတွေ ပတ်သက်တဲ့ old wives' tale တခုရှိပါတယ်။ ဒါကတော့ အဖွဲ့အစည်းရဲ့ လုံခြုံရေး (Security of the organization) နဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှု (efficiency) တို့ အကြားမှာ ပြောင်းပြန်ဆက်စပ်မှု (inverse relation) ရှိနေတာပဲ ဖြစ်ပါတယ်။
လုံခြုံရေးဆိုတာက နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားရဲ့ ချေမှုန်းနိုင်စွမ်းကို တောင့်ခံနိုင်မှုနဲ့ သတင်းအချက်အလက်ပေါက်ကြားမှုကို ထိန်းချုပ်နိုင်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ Efficiency ဆိုတာကတော့ ချမှတ်ထားတဲ့ စီမံချက်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှု ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းတော်လှန်ရေးအဆက်ဆက်ရဲ့ သင်ခန်းစာများအရ Efficiency ကို အာရုံစိုက် လုပ်ဆောင်မှုများလေလေ၊ အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်လေလေပဲ ဖြစ်ပါတယ်။ မဟာဗျူဟာလေ့လာသူ McCormick က တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပြီး ကွန်ယက်ချိတ်ဆက်မှုတွေ၊ decentralization process တွေကို အကောင်အထည်ဖော်တဲ့အခါ အချိန်အနည်းငယ်အတွင်း Efficiency ဖြစ်အောင် လုပ်ဆောင်နိုင်မှသာ အောင်ပွဲကို ရမှာဖြစ်ပြီး၊ အချိန်ကြာလာခဲ့ရင်တော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်မှု ပိုများလာတာနဲ့အမျှ ပျက်စီးတိမ်ကောသွားနိုင်ကြောင်း ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ရေတိုကာလမှာ Efficiency ရဖို့အတွက် ရေရှည်ရပ်တည်နိုင်မှုရဲ့ security ကို ဘယ်လောက်အတိုင်းအတာအထိ sacrifice လုပ်ဖို့သင့်သလဲဆိုတာကို တိုက်ပွဲဖော်ဆောင် လှုပ်ရှားမှု သဏ္ဍာန်တိုင်းမှာ ရွေးချယ်ဆုံးဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။
ဒီလိုမဟုတ်ပဲ ဗဟိုဦးစီးစနစ်နဲ့ မြေအောက်ဆဲလ်တွေအပေါ်မှာ အခြေခံတည်ဆောက်မှုသဏ္ဍာန် (hierarchical cell-based organization) ကနေ ကွန်ယက်သဏ္ဍာန် (network structures) ကို ကူးပြောင်းမှု လုပ်မယ်ဆိုရင်လဲ တိုးတက်ပြောင်းလဲလာတဲ့ efficiency နဲ့ ညီမျှတဲ့ security ကို တပြိုင်တည်း တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ Network structures ပေါ် အခြေခံတဲ့ ချိတ်ဆက်မှုတွေမှာ အဖွဲ့အစည်းငယ်လေးတွေ (nodes) အများအပြား ပါဝင်ပြီး၊ ဒီ nodes တွေအကြားက ဆက်စပ်မှု၊ ဆက်သွယ်မှု (interconnections) တွေလဲ အများအပြား ပါရှိတဲ့အတွက် သတင်းလုံခြုံရေး ရဖို့ဆိုတာကတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ Node တခုကို နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားဒေါက်တိုင်တွေက ခြေရာခံမိတာနဲ့ Network structure ကြီးတခုလုံးကို ရန်သူက ဖြိုခွင်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် centralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက security ကောင်းမွန်ပြီး ရေရှည်မြှုပ်နှံဖို့ လိုအပ်တဲ့ တော်လှန်ရေးအတွက် ပိုပြီး အသုံးဝင်တတ်သလို၊ decentralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက efficiency တိုးမြှင့်ပေးနိုင်တဲ့အတွက် ရေတိုတော်လှန်ရေးကာလအတွင်း အောင်ပွဲရနိုင်မှုအတွက် အသုံးဝင်တတ်ပါတယ်။ သက်ဆိုင်ရာ တော်လှန်ရေးရဲ့ ရေတိုရေရှည် အတိမ်အနက်ကို မှန်မှန်ကန်ကန် သုံးသပ်တွက်ချက်နိုင်ဖို့ပဲ လိုပါတယ်။ မဟုတ်ရင်တော့ ရေရှည်မြှုပ်နှံရမယ့် မြေအောက်တော်လှန်ရေးအချိန်မှာ ပဲ့ကထောင်၊ ဦးကနင်းနဲ့ ကသောင်းကနင်း decentralization အဖွဲ့အစည်းတွေ မှိုလိုပေါက်လာပြီး၊ ရေတိုကာလအတွင်း အဆုံးသတ်တိုက်ပွဲနွှဲရမယ့် အချိန်မှာကျတော့မှ ဟိုအဖွဲ့ကလဲ နှစ်ယောက်တပိုင်း၊ ဒီအဖွဲ့ကလဲ မချိသာမဆန့်သာနဲ့ မပီမပြင်ထွက်ပေါ်လာတာမျိုးတွေ ကြုံတွေ့ကြရမှာပဲ။
တော်လှန်ရေးအဖွဲ့အစည်းတွေမှာ elite-based နဲ့ Mass-based organization ကွဲပြားမှုတွေလဲ ရှိပါသေးတယ်။ centralization/ decentralization ကွဲပြားမှု သဏ္ဍာန်လိုပါပဲ။ continuum အနေနဲ့သာ ရှိပါတယ်။ ရေပေါ်ဆီအခြေပြုအဖွဲ့အစည်းနဲ့ လူထုအခြေပြု အဖွဲ့အစည်းဆိုပြီး သီးခြားခွဲထုတ်နိုင်ဖို့ကတော့ အလွန်ခဲယဉ်းလှပါတယ်။ အဖွဲ့အစည်းတခုဟာ elite-based လား၊ mass-based လားဆိုတာကို ပညာရှင်အများစုက အဖွဲ့အစည်းရဲ့ အရွယ်အစားနဲ့ ခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ အလွယ်တကူ စဉ်းစားနိုင်တဲ့ နည်းလမ်းတခုကတော့ တော်လှန်ရေးအဖွဲ့အစည်းတခုမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် ဆယ်ယောက်ကို ဖမ်းဆီးထောင်ချလိုက်ရင် (သို့မဟုတ်) လုပ်ကြံသတ်ဖြတ်လိုက်ရင် ဒီအဖွဲ့အစည်းရဲ့ အောင်ပွဲရနိုင်မှု စွမ်းရည် ကျဆင်းသွားမှု ရှိမရှိ ဆိုတာပါပဲ။ ဒီလိုဖြစ်မယ်ဆိုရင်တော့ ဒါကို elite-based revolutionary organization လို့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့အစည်းအတွင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်တ၀က်ကျော်ကို ချေမှုန်းနိုင်မှသာ အောင်ပွဲရနိုင်မှု စွမ်းရည် ကျဆင်းသွားမယ်ဆိုရင်တော့ ဒါကို mass-based revolutionary organization လို့ သတ်မှတ်နိုင်ပါတယ်။
တော်လှန်ရေးတရပ်ဆင်နွှဲရာမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ elite-based များနေရင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ဒေါက်တိုင်တွေအနေနဲ့ ဖြိုခွင်းရ လွယ်ကူပါတယ်။ ဒီလိုအာဏာပိုင်တွေ ဘက်ကနေ ထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းအားဖြင့် တော်လှန်ရေးဟာလဲ ကြန့်ကြာနေတတ်ပါတယ်။ Mass-based များနေရင်တော့ ဖြိုခွင်းရ ခက်ခဲတတ်တာကြောင့် တော်လှန်ရေးဘက်မှာ ပိုပြီး အားသာချက်ရှိလာနိုင်ပါတယ်။
စစ်ပညာရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းရဲ့ centre of gravity ဟာ ဘယ်မှာတည်ရှိနေလဲဆိုတာကို သိလာတာနဲ့အမျှ အဖွဲ့အစည်းရဲ့ elite-based, mass-based သဏ္ဍာန်ကို ဆန်းစစ်နိုင်လာပြီး၊ ဒီအဖွဲ့အစည်းရဲ့ အောင်မြင်နိုင်မှုအတိုင်းအတာကို သုံးသပ်မှန်းဆနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရူပဗေဒပညာရပ်မှာ centre of gravity ဆိုတာ ရုပ်ဝတ္တုတခုရဲ့ ရွေ့လျားခြင်း၊ လည်ပတ်ခြင်း၊ ရွေ့လျားမှု ရပ်ဆိုင်းခြင်းတွေကို ဖြစ်ပေါ်စေတဲ့ extraneous forces အားလုံး ဆုံတဲ့ ဆုံမှတ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝတ်စ်က စစ်တပ်များ တပ်စွဲနေရာယူမှုတွေကို ဖော်ပြတဲ့အခါမှာ ဒီသဘောတရားကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ တနည်းဆိုရင် centre of gravity ဆိုတာ ပါဝါနဲ့ လှုပ်ရှားမှုတွေ အားလုံးတည်မှီနေတဲ့ hub တခုလို့ ဆိုနိုင်ပါတယ်။ တိုက်ပွဲတခုရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးနိုင်သော၊ အားအကောင်းဆုံးသော တပ်ရင်း၊ တပ်မတွေကို centre of gravity အနေနဲ့ conventional war တွေမှာ သတ်မှတ်လေ့ရှိကြပါတယ်။
ကလော့ဝစ်ရဲ့ strategic doctrine အရ တပ်မှူးတွေဟာ မိမိရဲ့ centre of gravity ကို သိဖို့ လိုအပ်သလို၊ တဘက်ရန်သူရဲ့ centre of gravity ကိုလဲ သိဖို့ လိုအပ်လှပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာလဲ ဒီအတိုင်းပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲ့ centre of gravity ကိုသာမက နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားရဲ့ centre of gravity ကိုပါ သိဖို့ လိုပါတယ်။ တော်လှန်ရေးရဲ့ centre of gravity ဟာ mass-based မဟုတ်ပဲ elite-based ဖြစ်နေသရွေ့ ကာလပတ်လုံးမှာတော့ အောင်ပွဲနဲ့ ဝေးကွာနေဦးမှာ အသေအချာပါပဲ။
ခင်မမမျိုး (၁၇၊ ၈၊ ၂၀၁၀)
ရည်ညွှန်းကိုးကားစာရင်း
Arquilla, J. & Ronfeldt, D. (1997) 'The Advent of Netwar', in 'In Athena's Camp: Preparing for Conflict in the Information Age', Santa Monica: RAND
Bell, J. B. (1989) 'Aspects of the Dragonworld: Covert Communications and the Rebel Ecosystem', International Journal of Intelligence and Counterintelligence, 3 (1)
Jennergren, L. P. (1981) 'Decentralization in Organizations', in Nystrom, P. & Starbuch, W. (eds.) Handbook of Organizational Design: Volume 2, Remodeling Organizations and their Environments, Oxford, Oxford University Press
McCormick, G. H. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998
Mintzberg, H. (1993) Structure in Fives: Designing Effective Organizations, Englewood Cliffs, N.J.: Prentice Hall
Tilly, C. (1978) From Mobilization to Revolution, New York, McGraw Hill
ရန်သူနံပါတ် (၁) (၀တ္ထုတို)
Sunday, August 8, 2010
"အန်တီ့ဆီမှာကော ချစ်သူရှိခဲ့ဖူးလားဟင်၊ အန်တီဘာလို့ အိမ်ထောင်မပြုတာလဲ"
ဒီကနေ့ အလုပ်အားရက်မို့ အသိမိတ်ဆွေ ကောင်မလေးတယောက်ဆီ သွားလည်ဖြစ်သည်။ လန်ဒန်မှာ ဒီလိုဆုံဖို့ဆိုတာက ခက်ခဲပါဘိခြင်း။ ပြီးတော့ သူမကလဲ လန်ဒန်မြို့တွင်းမှာ နေတာမဟုတ်ပဲ တာဝန်ကျရာ လန်ဒန်မြို့ပြင် ဆေးရုံနားမှာ နေသည်မို့ တော်တော်နှင့် မဆုံတွေ့ဖြစ်ကြ။ မြန်မာပြည်မှ သူငယ်ချင်းက သူ့တူမလေးတယောက် လန်ဒန်မှာ ကျောင်းတက်မည်ဆိုပြီး အကြောင်းကြားလာတာမို့ ဟီးသရိုးလေဆိပ်မှာ သွားကြိုပေး၊ ကျောင်းမှ အဆောင်ကို လိုက်ပို့ပေးပြီး နောက်ပိုင်းကတည်းက မဆုံဖြစ်ကြတော့။ ဒီနေ့တော့ အားလပ်ရက်ချင်း တိုက်ဆိုင်၍ ဆုံဖြစ်ခဲ့ကြသည်။
ခေတ်လူငယ်ပီပီ ကောင်မလေးက ပွင့်ပွင့်လင်းလင်း။ အုန်းနို့ခေါက်ဆွဲ အတူတူချက်စားရင်း သူ့အကြောင်း၊ ကိုယ့်အကြောင်းလေးများ ပြောဖြစ်လာကြသည်။
"မရှိလို့ အန်တီ အပျိုကြီး ဖြစ်နေတာပေါ့ သမီးရယ်"
လူငယ်ဘ၀ကို ဖြတ်သန်းနေသော ကောင်မလေးက ယုံချင်ပုံမပေါ်ပေမယ့် ဆက်မမေးတော့။ တခြားအကြောင်းများဆီသို့ စကားရောက်သွားကြသည်။ ကျောင်းအကြောင်း၊ ဗွီဇာအကြောင်းများ။
ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေးဆီက ပြန်လာတော့ သူမတကိုယ်လုံး နုံးချိလို့နေသည်။ ပြောမထွက်ခဲ့သော စကားသံများက ရင်ထဲမှာ အပြည့်အနှက်။ သို့ပေမယ့် ထိုစကားသံများရဲ့ ဦးတည်ရာက ကောင်မလေးမဟုတ်။
တချိန်က သူမသိပ်ချစ်ခဲ့တဲ့ သူမချစ်သူ ဇော်ဇော် (သို့မဟုတ်) အခုတော့ သူမ သိပ်မုန်းတဲ့ စစ်အာဏာရှင်စနစ်ကြီးကို အသက်သွင်းနေသော ကြေးစားစစ်တပ်မှ ဗိုလ်မှူးကြီး ဇော်နိုင်အောင်။
အတိတ်က၊ အတိတ်ကပေါ့လေ။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကပါ။ တောင်ကြီးမြို့၊ အထက (၄) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ခင်ခင်ဆိုတဲ့ သူမနဲ့ ဇော်ဇော်တို့ဟာ စားအတူ၊ သွားအတူနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ ဒီလိုနဲ့ အတန်းစဉ်တွေ ဖြတ်သန်းရင်း ဆယ်တန်းကို ရောက်တော့ ဇော်ဇော်ကပြောလာတယ်။ သူဆယ်တန်းအောင်ရင် ဒီအက်စ်အေ ဗိုလ်သင်တန်း လျှောက်မယ်တဲ့။ နိုင်ငံတော်နဲ့ ပြည်သူတွေကို အသက်ပေးပြီး ကာကွယ်မယ်ပေါ့။ သူမကလဲ အားကျမခံ၊ ပြည်သူတွေကို ဆေးအတတ်နဲ့ အသက်ကယ်တင်မယ်ပေါ့လေ။
ရည်ရွယ်ချက်တွေ အောင်မြင်ခဲ့ပါတယ်။ ဆယ်တန်းအောင်တော့ သူမကလဲ မန္တလေးဆေးတက္ကသိုလ် တက်ခွင့်ရ၊ ဇော်ဇော်ကလဲ ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ခွင့်ရနဲ့ သူငယ်ချင်း အဆင့်ကို ကျော်လွန်ပြီး ချစ်သူ ဘ၀ ရောက်ခဲ့ကြတယ်။ အဲဒီတုန်းကတော့ လူတယောက်ရဲ့ ပင်ကိုယ်စိတ်ဓာတ်ဟာ အာဏာရှင်စနစ်ဆိုးရဲ့ လွှမ်းမိုးမှုကြောင့် ပြောင်းလဲတတ်တယ်ဆိုတာ သူမ မသိခဲ့ရိုးအမှန်ပါ။
ဇော်ဇော်ကျောင်းဆင်းပြီး ရှေ့တန်းမှာ တာဝန်ကျတော့ သူမက မန္တလေးမှာ ကျောင်းတက်ဆဲ။ ရှေ့တန်းမှာ ပြည်သူတွေအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားကြီးရဲ့ ချစ်သူအဖြစ်နဲ့ ဂုဏ်ယူလို့ပေါ့လေ။
"အဲဒီသေနတ်ပြောင်းတွေကို ငါတို့ ကျောင်းသားတွေနဲ့ ပြည်သူတွေဆီကို ဘာလို့ လှည့်လာခဲ့တာလဲဟယ်။ ငါယုံလို့ မရနိုင်ခဲ့ဘူး။"
မပြောဖြစ်ခဲ့တဲ့ ရင်ထဲက စကားသံပါ။
၁၉၈၈ မှာ တတိုင်းပြည်လုံးက ပြည်သူတွေ အာဏာရှင်စနစ်ဆိုးကို ဖယ်ရှားဖို့ လမ်းမပေါ် ထွက်လာကြတော့ သူမက ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်။ ကျောင်းတွေပိတ်လိုက်ကတည်းက မွေးရပ်မြေ တောင်ကြီးမြို့သို့ ပြန်ရောက်နေခဲ့သည်။ အမှန်တရားနဲ့ တရားမျှတမှုအတွက် ပြည်သူတွေ တိုက်ပွဲဝင်တော့ သူမတို့လဲ ပါကြသည်ပေါ့။ မင်းကျောင်းဆိုတဲ့ သပိတ်စခန်းမှာ စုစည်းရင်း ပြည်သူ့ဆန္ဒကို ထုတ်ဖော်နိုင်ခဲ့ကြသည်။ တသွေးတည်း၊ တသံတည်း၊ အားလုံးတောင်းဆိုခဲ့ကြသည်က ဒီမိုကရေစီ၊ ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်သူ့အစိုးရ။
မမျှော်လင့်ထားသော အခြေအနေတွေ မမျှော်လင့်ထားသော အချိန်မှာပင် ကျရောက်လာခဲ့သည်။
"တိုင်းပြည်ချောက်ထဲကျမည့် အရေးကို တပ်မတော်မှ အချိန်မှီ ၀င်ရောက်ကယ်တင်" တဲ့။
သတင်းသံနဲ့ အတူ ထွက်ပေါ်လာခဲ့တဲ့ သေနတ်သံများ။ တောင်ကြီးမြို့မှ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ်ကြတဲ့ ပြည်သူလူထုကို ချိန်ရွယ်လာကြတဲ့ မောင်းပြန်ရိုင်ဖယ်များ။ အားလုံးလဲ အတုံးတုံး၊ အရုန်းရုန်း။ ပြေးကြလွှားကြ။
ပြေးရင်းလွှားရင်းနှင့် လမ်းမပေါ်မှ သူငယ်ချင်းတယောက်အိမ်သို့ သူမတက်ပြေးဖြစ်သည်။ သူငယ်ချင်း မိသားစု အားလုံးလဲ ကြမ်းပြင်ပေါ်မှာ ပိပြားဝပ်တွားချက်။
ပြတင်းပေါက်နားသို့ သူမပြေးကပ်သွားမိသည်။ နှစ်ထပ်အိမ်အမြင့်ကမို့ အားလုံးကို အတိုင်းသာ မြင်ရသည်။ ရိုင်ဖယ်သေနတ်များရဲ့ တရားခံတွေကို သူမ မြင်ချင်စမ်းပါဘိ။
"ဟင်"
သူမနှုတ်မှ ထွက်ခဲ့တဲ့ အာမေဍိတ်သံတခု။ အဲဒီရဲ့ နောက်ကွယ်မှာ သူမနှလုံးသွေးတို့ ရပ်ခမန်း လုလု။ အပြင်လူတယောက်အနေနဲ့ ပုံဖော်ဖို့ ခဲယဉ်းပေမယ့် တသက်လုံးတွဲခဲ့တဲ့ သူငယ်ချင်း၊ ချစ်သူတယောက်ကိုတော့ သူမ ပုံဖော်တတ်ပါသည်။ မယုံစရာကောင်းလောက်အောင်ပင် မောင်းပြန် သေနတ်ကိုင်များကို အမိန့်ပေးနေသူသည် သူမတသက်လုံး လက်တွဲရမည့် ချစ်သူတဲ့။
ပြည်သူရဲ့ အသက်ကို ကာကွယ်ဖို့ တပ်မတော်ထဲဝင်မယ်ဆိုတဲ့ သူမရဲ့ ချစ်သူလေးဟာ ပြည်သူတွေရဲ့ အသက်ကို သတ်ဖို့ အမိန့်ပေးနေတဲ့ လူသတ်စစ်ဘီလူးကြီး ဖြစ်နေပါပေါ့လား။
"ဇော်ဇော်ရယ်။ နင့်ကို ဘာတွေက ပြောင်းလဲစေခဲ့တာလဲ။ ရာထူးလား၊ အာဏာလား၊ ရပိုင်ခွင့်တွေလား။ ငါ့သူငယ်ချင်း၊ ငါ့ချစ်သူဘ၀တုန်းက နင်ပြောတော့ ပြည်သူတွေကို ချစ်တယ်ဆို။ ငါ့ဘ၀တလျှောက်လုံးမှာလေ နင့်ကိုလဲ ယုံစားခဲ့တယ်။ နင့်တပ်မတော်ဆိုတာကြီးကိုလဲ လေးစားခဲ့တယ်။ ငါတို့ ပြည်သူတွေ ယုံကြည်လေးစားခဲ့တဲ့ အဲဒီတန်ဖိုးကို နင်တို့တွေက ဒီနည်းနဲ့ သက်သေပြလိုက်တာလားဟင်။ ငါနဲ့ လက်တွဲခဲ့ဖူးတဲ့ နင့်လက်တွေကို ဘာလို့ သွေးစွန်းခံရတာဟယ်။ နင့်ရဲ့ သွေးစွက်လက်ကြီးကိုကော ငါဘယ်လိုပုံစံနဲ့ လက်တွဲရမှာလဲ"
မပြောဖြစ်ခဲ့တဲ့ ရင်ထဲက စကားသံတွေ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပေါ့။
အဲဒီနောက်ပိုင်းမှာ သူ့ကိုရှောင်ဖို့အရေး၊ နယ်မှဆွေမျိုးတွေထံ သူမသွားနေဖြစ်ခဲ့သည်။ အရင်တုန်းကတော့ မြို့ပေါ်မှာ နေရင်း၊ ကျောင်းစာတွေနဲ့ တကုပ်ကုပ်ဖြစ်ခဲ့သူမို့ ကိုယ့်တိုင်းပြည်ထဲမှာ ဘာတွေဖြစ်နေမှန်း အတွင်းကျကျမသိခဲ့။ ရှမ်းပြည်နယ်ထဲက မြို့နယ်လေး တခုမှ သွားနေဖြစ်တော့မှ အကြောင်းစုံသိလာရသည်။
အတင်းအဓမ္မ ရွာတွေကို ရွှေ့ပြောင်းခိုင်းမှု၊ ပေါ်တာဆွဲမှု၊ ရှမ်းပျိုဖြူများကို မုဒိမ်းကျင့်မှု။
အမှန်တရားတွေကို သိလာရလေလေ၊ ပိုပြီးတော့ ရင်နာမိလေလေ၊ နာကြည်းမိလေလေ။
"နင့်လိုလူရဲ့ ဇနီးမယား၊ ငါဘယ်တော့မှ အဖြစ်မခံဘူး ဇော်ဇော်။ ပြည်သူကျွေးတဲ့ ထမင်းကို စားပြီး ပြည်သူကို စော်ကားတဲ့ လူတွေ။ တနေ့ကျရင် နင်တို့တွေ ၀ဋ်ကောင်းကောင်းကြီး လည်လိမ့်မယ်"
သူမရဲ့ ခိုင်မာသော ဆုံးဖြတ်ချက်။
ကျောင်းတွေပြန်ဖွင့်တော့ မပြီးသေးတဲ့ နောက်ဆုံးနှစ် အပိုင်း (ခ) ကို ပြန်တက်ပြီး၊ ဦးလေးရှိတဲ့ အင်္ဂလန်ကို အမြန်ဆုံးထွက်။ ဒီလိုနဲ့ ဝေးခဲ့ကြတာ ဘာလိုလိုနဲ့ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီပဲ။
မြန်မာပြည်နဲ့ အဝေးကြီးမှာ ရှိနေပေမယ့်၊ မြန်မာပြည်ရဲ့ သတင်းတွေကိုတော့ အစဉ်မပြတ် နားစွင့်လျက်။ သူမ မြန်မာပြည်ကို ချစ်ပါသည်။ မြန်မာလူမျိုးတွေကို အကျိုးပြုချင်ပါသည်။ ဒါပေမယ့် မတတ်သာ။ လူသတ်အဖွဲ့ရဲ့ လက်အောက်မှာတော့ သူတို့ချမှတ်ထားတဲ့ ပြည်ဖျက် မူဝါဒတွေကို လိုက်မလုပ်နိုင်ပါ။
တလောက သူငယ်ချင်းတယောက်ဆီက စာရသည်။ ဇော်ဇော်တောင် ဗိုလ်မှူးကြီး ဖြစ်နေပြီတဲ့။
အိမ်ထောင်တော့ ကျသွားလောက်ပြီထင်သည်။ အဲဒီ့အတွက် သူမနောင်တ မရချင်ပါ။ ဘယ်တော့မှလဲ ရလိမ့်မည် မဟုတ်ပါ။ မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ လူသတ်စစ်ဘီလူးကြီးကို ဘယ်လိုပုံစံ၊ ဘယ်လိုအမြင်နဲ့ အိမ်ထောင်ဦးစီး လင်ယောက်ျားတယောက် အဖြစ်နဲ့ ယုံကြည်အားကိုးရပါမည်လဲ။
ဒါပေမယ့် သူမ၊ သူ့ကို သိပ်ပြောချင်သည့် စကားတခွန်းတော့ ရှိနေပါသည်။
"ဇော်ဇော်ရယ်။ 'တပ်နဲ့ ပြည်သူမြဲကြည်ဖြူ၊ သွေးခွဲလာသူ တို့ရန်သူ' ဆိုတဲ့ ဆောင်ပုဒ်လေးကို နင်သိပါတယ်ဟယ်။ ဒါကို သိရက်နဲ့ သေချာဘာလို့ မစဉ်းစားရတာလဲ။ တကယ်တမ်းကျတော့ တပ်နဲ့ ပြည်သူကို မကြည်ဖြူအောင် ဘယ်သူတွေ လုပ်ခဲ့တာလဲ။ ပြည်သူတွေဆီ သေနတ်ပြောင်းတွေကို ဘယ်သူက ချိန်ခိုင်းခဲ့တာလဲ။ သေချာပြန်စဉ်းစားကြည့်ရင် ဘယ်သူတွေဟာ နင်တို့တပ်နဲ့ ငါတို့ပြည်သူတွေရဲ့ ရန်သူ နံပါတ် (၁) တွေလဲ ဆိုတဲ့ အဖြေက ရှင်းရှင်းလေးပါဟယ်။ အဲဒီ ရန်သူနံပါတ် (၁) တွေဆီကိုသာ နင်တို့ရဲ့ သေနတ်ပြောင်းတွေ ပြန်လှည့်လိုက်ပါဟာ။ ပြည်သူ့ရင်ထဲက ပေါက်ဖွားလာခဲ့တဲ့ ပြည်သူ့တပ်မတော်ဟာ အာဏာရူးတွေကို ဖယ်ရှားပြီး ပြည်သူ့ရင်ငွေ့ကို ပြန်ခိုလှုံခဲ့မယ်ဆိုရင် ပြည်သူတွေအားလုံးက ၀မ်းပန်းတသာနဲ့ ပြန်ကြိုကြမှာပါ။ ငါလေအဲဒီအချိန်ကို စောင့်နေတယ် ဇော်ဇော်။ ပြည်သူတွေကို အသက်ပေးပြီး ကာကွယ်မယ်ပြောခဲ့တဲ့ ဟိုအနှစ်နှစ်ဆယ်ကျော်က နင့်မျက်နှာလေးကို ငါပြန်မြင်ယောင်မိနေဆဲပဲ။ ငါလေ နင့်ကို သိပ်ချစ်ခဲ့တယ်။ သိပ်လေးစားခဲ့တယ်။ နင့်တပ်မတော်ကြီးကိုလဲ သိပ်လေးစားခဲ့ဖူးတယ်။ နင်တို့ တပ်မတော်နဲ့ ငါတို့ပြည်သူတွေ လက်တွဲပြီး ပြည်သူနဲ့ တပ်မတော်ကို သွေးကွဲအောင် လုပ်ခဲ့တဲ့ စစ်အုပ်စုခေါင်းဆောင်တွေကို အချိန်မှီ တော်လှန်လိုက်ကြရအောင်နော်"
ခင်မမမျိုး (၂၀၀၄)
(၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလက ယူကေနိုင်ငံတွင် ထုတ်ဝေသော အလင်းတိုင်းပြည် စာစောင်တွင် ရေးသားခဲ့သော ၀တ္ထုတို တပုဒ် ဖြစ်ပါသည်)