သားလေးဖိုးကောင်းရေ။
ဒီနေ့ညနေ မေမေတို့နှစ်ယောက် လမ်းလျှောက်ထွက်ကြပြီး အပြန်မှာ သားလေးစားဖို့ မုန့်ဝင်ဝယ် နေတုန်း သားလေး အမှတ်မထင် လုပ်လိုက်တဲ့ အပြုအမူလေးဟာ မေမေ့အတွက် တာဝန်သစ်တခုကို သတိပေးနှိုးဆော်လိုက်သလို ဖြစ်သွားခဲ့တယ်။ သားလေးစားဖို့ မုန့်ကို ခြင်းတောင်းလေးထဲထည့်ပြီး ကောင်တာမှာ ငွေရှင်းမယ်လုပ်တော့ မေမေ့သားလေးက မေမေ့ အိတ်ထဲက ပိုက်ဆံကို နှိုက်ယူပြီး Money, Money လို့ အော်ရင်း အရောင်းစာရေးကို လှမ်းပေးလိုက်တယ်နော်။ ရုတ်တရက်မို့ မေမေ အံ့သြသွားခဲ့တယ်။ နောက်တော့မှ သားလေးလဲ သုံးနှစ်ကျော်လာပြီ၊ ငွေကို ကိုယ့်ဘာသာ ကိုင်တွယ် သုံးတတ်ချင်လာပြီဆိုတာကို ရိပ်စား မိလိုက်တယ်။
သားပေါက်စလေးလို့ မေမေ အမြတ်တနိုးခေါ်တတ်တဲ့ သားလေးဟာ မွေးကင်းစတုန်းကလို ပေါက်စလေး မဟုတ်တော့ပဲ လူ့အဖွဲ့အစည်းကြီးထဲက ရှင်သန်နေထိုင်နည်းတွေကို လေ့လာ သင်ယူနေသူ တယောက် ဖြစ်လာပြီဆိုတဲ့ အသိဟာ မေမေ့ပခုံးပေါ်ကို တာဝန်သစ်တခု ချပေးလိုက်သလိုပါပဲ။ လူတယောက်ဟာ သူကျင်လည်ဖြတ်သန်းနေတဲ့ ခေတ်တခေတ်ရဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို သိမြင်နားလည်ထားရမယ် တဲ့။ ဒီစကားကို မေမေ့ ဖိုးဖိုးကြီးက ပြောခဲ့ဖူးတယ်။ ဒါကြောင့်လဲ မေမေ သုံးနှစ် အရွယ် ရောက်တာနဲ့ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေး တွေကို ဖိုးဖိုးက စပြီး ပြောပြခဲ့ဖူးတယ်။ ဖိုးဖိုးရဲ့ လက်ကို အမိအရဆွဲပြီး ခြံထဲမှာ လမ်းလျှောက်ထွက်ရင်း ကြားခဲ့ဖူးတဲ့ စကားတွေကို အကုန် မမှတ်မိခဲ့ပေမယ့် ဘ၀ကျောင်းတော်ကြီးတခုရဲ့ သင်ခန်းစာကောင်းလေးတွေလို့ သတ်မှတ်ရင်း ဒီအချိန်လေးတွေကို လွမ်းဆွတ်နေဆဲပဲ။ ဒီတုန်းက ဖိုးဖိုးပြောခဲ့တဲ့ စကားတွေအားလုံးကို မှတ်မိချင်လိုက်တာ။
ဘယ်လိုပဲ ဖြစ်ဖြစ် မေမေ့သားလေးကိုတော့ နောင်တချိန်ကျမှ မေမေ့တုန်းကလို ပြန်မှတ်မိချင်တဲ့ စိတ်လေး မပေါ်လာရအောင် စကားအနေနဲ့လဲ ပြောရင်း၊ ပေးစာလေးတွေအနေနဲ့လဲ ရေးထားခဲ့မယ်နော်။ မေမေ ပြောနေတာတွေအားလုံးကို အခု အချိန်မှာ သားလေး နားလည်ချင်မှ နားလည်မှာပါ။ ဒါပေမယ့် တချိန်မှာ သားလေးရဲ့ စာဖတ်စွမ်းရည်၊ အသိတရားတွေ အသက်အရွယ်နဲ့ အတူ ကြီးမြင့်လာတဲ့အခါ မေမေ့ပေးစာလေးတွေကနေ ဗဟုသုတ တစုံတရာလေးကို သားလေး ရယူနိုင်လာလိမ့်မယ်လို့ မေမေ မျှော်လင့် မိပါတယ်။
ပထမဆုံးအနေနဲ့ သားလေး ညနေတုန်းက ပြောလိုက်တဲ့ Money ဆိုတဲ့ အကြောင်းကို မေမေ ပြောပြမယ်နော်။
ငွေကြေး (Money) ဆိုတာ
ဘောဂဗေဒ ပညာရှင်တွေကတော့ ငွေဆိုတာ ဘာလဲ လို့ မေးလာရင် ငွေရဲ့အလုပ်ကို လုပ်တဲ့ အရာမှန်သမျှဟာ ငွေပဲ လို့ ဖြေတတ်လေ့ရှိကြတယ်။ လောကမှာ လူတွေကော၊ ရုပ်ဝတ္ထု ပစ္စည်းတွေကောမှာ သူ့အလုပ်နဲ့သူ ရှိကြတယ် သားလေးရဲ့။ ဆရာဝန်ကြီးက ဆေးကုတဲ့ အလုပ်ကို လုပ်တယ်၊ စာပို့သမားကြီးက စာဝေတယ်၊ ဆရာမကြီးက စာသင်တယ်။ အ၀တ်လျှော်စက်ကြီးက အ၀တ်တွေကို သန့်စင်ပေးတယ်။ တကယ်တော့ လူတွေကော၊ ပစ္စည်းတွေကောမှာ တာဝန်ကိုယ်စီ ရှိနေကြတာပါပဲ။ ဒီတော့ ငွေရဲ့ အလုပ်ကို လုပ်တာက ငွေပဲဆိုရင် ဒီငွေရဲ့ အလုပ်က ဘာတွေလဲ ဆိုတာ ကြည့်ကြရအောင်။
ငွေကြေးရဲ့ လုပ်ငန်းတာဝန်တွေမှာ သုံးမျိုးသုံးစား ရှိတယ်။ ပထမတမျိုးက ကုန်ပစ္စည်းတွေ ဖလှယ်ဖို့အတွက် ကြားခံ အရာဝတ္ထုအနေနဲ့ သုံးတာ၊ ဒုတိယ တမျိုးက တန်ဖိုး သိုလှောင်ရုံအနေနဲ့ သတ်မှတ်တာဖြစ်ပြီး တတိယတမျိုးကကျတော့ တန်ဖိုးတွက်ချက်တိုင်းတာမှုယူနစ် တခုအနေနဲ့ အသုံးပြုတာတွေပါ။
ငွေကြေးအား ကုန်ပစ္စည်းဖလှယ်ရေး ကြားခံအရာဝတ္ထု အနေဖြင့် အသုံးပြုခြင်း
ငွေဆိုတာကို လူတွေက ရှာဖွေတတ်ကြပါတယ်။ ဒါပေမယ့် ဒီငွေတွေနဲ့ ဘာကိုမှ မ၀ယ်ယူနိုင်တော့ဘူး ဆိုရင် ဒီငွေတွေဟာ စက္ကူတွေ၊ ကစားစာရာ သံပြားတွေ ဖြစ်ကုန်မှာပါ။ လူသူမရှိတဲ့ ကျွန်းတကျွန်းမှာ လိုချင်တဲ့ ပစ္စည်းတခုကို ငွေတွေဘယ်လောက်ပုံပြီး ပေးပေး၊ သားလေး ရအောင် မယူနိုင်ပါဘူး။ အုန်းရေ သောက်ချင်ရင် သားလေးဘာသာ အုန်းသီး ခူးရမှာပါ။ ဒါပေမယ့် ဒီကျွန်းပေါ်မှာ လူတွေက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ဟိုတယ်တွေဖွင့်လာရင်တော့ သူတပါး ပိုင်နက်ထဲက အုန်းသီးကို သားလေး သွားခူးလို့ မရတော့ဘူး။ အုန်းရေသောက်ဖို့ ငွေကို အသုံးပြုရတော့မှာပဲ။ ဒါကြောင့် ငွေဆိုတာ လူတွေရဲ့ အဆုံးသတ် လိုအပ်ချက်လို့ မဆိုနိုင်ပါဘူး။ တခြားကုန်ပစ္စည်းတွေကို ရယူဖို့အတွက် ငွေကို ကြားခံအရာဝတ္ထု အနေနဲ့ အသုံးပြုကြရတာပါ။ ဒီနေရာမှာ တခြားကုန်ပစ္စည်းတွေကို ရယူသုံးစွဲလိုစိတ် များလာလေလေ၊ ငွေကို ရှာဖွေကြရလေလေပါပဲ။
ခုချိန်မှာတော့ သားလေးက မေမေ ပေးတာယူ၊ ကျွေးတာစားပြီး မှီခိုသူဘ၀ဆိုတော့ လိုချင်ရင်တောင်းဖို့၊ မေမေ့အိတ်ထဲက နှိုက်ယူဖို့ပဲ သိတဲ့ ပီဘိကလေးငယ်လေးပေါ့။ တချိန် သားလေး အရွယ်ရောက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်လာတဲ့ အခါကျရင်တော့ သားလေး လိုချင်တာတွေကို ဘယ်လိုရအောင်ယူမလဲ ဆိုတဲ့ နည်းလမ်းတွေကို သားလေး ရှာဖွေ တတ်လာမှာပါ။ အဲဒီအခါကျရင် အရာရာကို မစွမ်းဆောင်နိုင်ပေမယ့် မရှိမဖြစ်လဲ အရေးပါလှတဲ့ ငွေကြေးဆိုတာကို သားလေး ရှာချင်လာလိမ့်မယ်။ ဒီလိုရှာရင်း ငွေရဲ့ ကျေးကျွန်ဖြစ်သွားသူတွေလဲ လူ့လောကမှာ အများကြီးပါပဲ။ ကျေးကျွန်မဖြစ်ပဲ ငွေကြေးကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်သူတွေလဲ အများကြီးပါပဲ။ တချိန်မှာတော့ ငွေကြေးဆိုတာကို စီမံခန့်ခွဲတဲ့ နည်းလမ်းတွေကို မေမေသင်ပေးပါမယ်။ ခုဆက်ပြီး ငွေကြေးကို ကြားခံ အရာဝတ္ထု တခုအနေနဲ့ သုံးတဲ့ နေရာမှာ မရှိမဖြစ် နားလည် သင့်တဲ့ ဘာတာစနစ် အကြောင်းကို မေမေပြောပြမယ်နော်။
ကုန်ပစ္စည်း ဖလှယ်မှုကနေ အကျိုးအမြတ်ရှာတယ်ဆိုတာက လူတွေရဲ့ သဘာဝပါ။ ရှေးတုန်းကတော့ ကိုယ်မလိုအပ်တဲ့ ပစ္စည်းကို ကိုယ်လိုတဲ့ ပစ္စည်းနဲ့ လဲလှယ်အသုံးပြုကြတာတွေ လုပ်ကြပါတယ်။ မုဆိုးက ငါးစားချင်တယ်၊ တံငါသည်က အသားစားချင်တဲ့အခါ မုဆိုးနဲ့ တံငါသည်တွေ အသားနဲ့ ငါးကို လဲကြသလိုမျိုးပဲပေါ့။ ပညာရှင်တွေကတော့ ဒါကို ဘာတာ စနစ်လို့ ခေါ်ကြတယ်။ ဒါပေမယ့် ဒီလိုလဲလှယ်တာတွေမှာ ပြဿနာတွေက ရှိနေတတ်တယ်။ ကြီးမားတဲ့ ပြဿနာကြီး တမျိုးကတော့ တိုက်ဆိုင်မှုပေါ့။ တံငါသည်က အသားစားချင်ချိန်မှာ မုဆိုးကလဲ ငါးကို စားချင်ဦးမှကိုး။ ဒီလိုပဲ မုဆိုးက ငါးစားချင်ချိန်မှာလဲ တံငါသည်က အသားစားချင်ဦးမှ အလဲအလှယ်ဆိုတာ ဖြစ်လာမှာပေါ့။ ဒီလို double coincidence ဖြစ်နိုင်ဖို့ ဆိုတာကလဲ အတော်ခဲယဉ်းတတ်တာကလား။ ဒီတော့ လူတွေဟာ ကိုယ်ပေးချင်တဲ့ ပစ္စည်းကို သူက လိုချင်ဖို့နဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းကလဲ သူ့ဆီမှာ ရှိဖို့အတွက် အတော်ကြိုးပမ်းကြရတယ်။ ဒီလိုနဲ့ ဒီပြဿနာကို ကျော်လွှားဖို့ နည်းလမ်းရှာကြရင်း ကုန်ပစ္စည်း ဖလှယ်လိုသူတွေကို တွေ့ဆုံပေးနိုင်မယ့် ဆုံရပ်ဖြစ်တဲ့ ဈေးကွက် ဆိုတာကို ဖန်တီးလာကြတယ်။
ဒီလို market innovations တွေ စလာတဲ့ အခါမှာလဲ တဖြည်းဖြည်းနဲ့ ပြဿနာနောက်တခုက ပေါ်လာပြန်တယ်။ တန်ဖိုး ဆိုတာပါပဲ။ မုဆိုးပစ်ခတ်ဖမ်းလာတဲ့ တောဝက်တကောင်နဲ့ တံငါသည်ရဲ့ ငါးဘယ်နှစ်ကောင်က တန်ဖိုးချင်း ညီမျှသလဲ။ သစ်တော်သီး တလုံးနဲ့ ပန်းသီး ဘယ်နှစ်လုံးက တန်ဖိုးချင်း ညီမျှသလဲ စတာတွေပေါ့။အဲဒီကနေ ကုန်ပစ္စည်းတွေကို ကြားခံ အရာဝတ္ထု အနေနဲ့ ဖလှယ်ပေးနိုင်မယ့် ငွေကြေးဆိုတာကို စတင် တွေ့ရှိလာခဲ့ကြတယ်။ ငွေကြေးဟာ ကုန်ပစ္စည်း ဖလှယ်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။ ကုန်ပစ္စည်းဖလှယ်တဲ့အခါမှာ အရောင်းအ၀ယ် ဆိုတာက ပါလာတယ်။ ဒီတော့ နှစ်ဘက်စလုံးကနေ ဘာကို ဘယ်လောက်နဲ့ ဘယ်လို စည်းမျဉ်းသတ်မှတ်ချက်တွေ ထားပြီး ရောင်းမယ်၊ ၀ယ်မယ် ဆိုတာကို သေသေချာချာ ဆန်းစစ် ရွေးချယ်နိုင်လာခဲ့တယ်။ ဒီတော့ မုဆိုးက တောဝက်တကောင်ကို ငါးခြောက်ကောင်နဲ့ လဲရတာမျိုး မဟုတ်တော့ပဲ တောဝက်ကို ရောင်းပြီး ငါးသုံးကောင်နဲ့ ပန်းသီးခြောက်လုံး ၀ယ်နိုင်တာမျိုး ဖြစ်လာတယ်။ အဲဒီမှာမှ ပိုက်ဆံက ပိုနေသေးရင် နောင်တချိန်မှာ အသုံးပြုဖို့ သိမ်းဆည်းထားနိုင်လာတယ်။ ဒီလို သိုလှောင်သိမ်းဆည်းထားနိုင်မှုဟာ ငွေကြေးရဲ့ ဒုတိယ လုပ်ငန်း တာဝန်ပဲ ဖြစ်ပါတယ်။
ငွေကြေးအား တန်ဖိုးသိုလှောင်ရုံအဖြစ် အသုံးပြုခြင်း
ကုန်ပစ္စည်း သိုလှောင်ရတာဟာ ငွေကြေးကို သိမ်းဆည်းထားရတာထက် ပိုပြီး ကုန်ကျစရိတ်ကြီးတယ်၊ အဆင်မပြေမှု ပိုများတယ်၊ ပစ္စည်းတန်ဖိုး လျော့ကျမှုကို ကာကွယ်ပေးနိုင်တယ်။ ဒီလို ဆိုလိုက်လို့ ငွေကိုပဲ သိမ်းဆည်းထားရမယ်လို့တော့ တရားသေ မမှတ်ထားပါနဲ့။ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့ အခါကျရင်တော့ ငွေကို အအိပ်မခံပဲ အမြတ်အစွန်း ကြီးနိုင်မယ့် ကုန်ပစ္စည်းတွေကို အချိန်အခါနဲ့အညီ သိုလှောင်သိမ်းဆည်းထားရတာတွေ ရှိမှာပါ။ ဒါက ဈေးကွက် အခြေအနေပေါ်မှာ မူတည်ပါတယ်။ မေမေဆိုလိုတာက လူတွေ ငွေကြေးကို တန်ဖိုးသိုလှောင်ရုံအနေနဲ့ အသုံးပြုတာကို ဆိုလိုတာပါ သားလေးရေ။
Monetary economy ဟာ Barter Economy ထက် ပိုပြီး အားကောင်းစေတဲ့ အချက်ကတော့ လူတွေဟာ ကုန်ပစ္စည်းကို တနေရာမှာ ရောင်းပြီးရင် ရရှိတဲ့ ငွေကြေးကို တန်ဖိုးသိုလှောင်ရုံ တခုအနေနဲ့ သတ်မှတ်သိမ်းဆည်းထားပြီး နောက်နေရာတခုကျမှ အသုံးပြုလို့ ရတာမျိုးပဲ ဖြစ်ပါတယ်။ ဒီငွေကြေးကို လက်ခံအသုံးပြုတဲ့ နယ်မြေကျယ်ပြန့်လာလေလေ၊ ဒီငွေကြေးကို ကိုင်တွယ် အသုံးပြုနိုင်သူတွေအတွက် အကျိုးရှိလာလေလေပါပဲ။ ဒီတော့ ငွေကြေးဆိုတာကို လူအများက လက်ခံ အသုံးပြုလာအောင် ကြိုးပမ်းလာကြရပြန်ပါတယ်။ အဲဒီမှာ ငွေကြေးအဖြစ် လူတွေက လက်ခံ သုံးစွဲတဲ့ ပစ္စည်းတွေရဲ့ အမျိုးအစားတွေကလဲ ကွဲပြားခြားနားနေပြန်တယ်။ တန်ဖိုးကြီးတဲ့ သယံဇာတပစ္စည်းတွေကို ငွေကြေးအဖြစ် လူတွေ အသုံးပြုလာပြန်တော့ ပြဿနာတွေက တက်လာပြန်တယ်။ ပတ္တမြားတလုံးနဲ့ ဟင်းရွက်ကန်စွန်းကို ဘယ်လို ၀ယ်လို့ ရမှာတဲ့လဲ။ အဲဒီမှာ နိုင်ငံတော်အစိုးရတွေရဲ့ အခန်းကဏ္ဍတွေက ပေါ်လာပါတော့တယ်။ နိုင်ငံတော်ဟာ တန်ဖိုးကြီးတဲ့ ရွှေတွေကို reserves အနေနဲ့ ၀ယ်ယူပြီး၊ ဒါနဲ့ တန်ဖိုးညီမျှတဲ့ ငွေစက္ကူတွေ၊ အကြွေစေ့တွေကို ပြန်ထုတ်ပါတယ်။ ပညာရှင်တွေကတော့ ဒါကို fiat money လို့ ခေါ်ကြတယ်။ ဒါဟာ ဗဟိုဘဏ်တွေ ပေါ်ပေါက်လာခြင်းရဲ့ သမိုင်းအစ ပါပဲ။ တွေးခေါ်ပညာရှင် Hume ဆိုသူကတော့ ဘာကို ငွေကြေးအနေနဲ့ အသုံးပြုတယ် ဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက သုံးစွဲတဲ့ ငွေကြေးကို လူအများက လက်ခံ သုံးစွဲနိုင်ဖို့ပဲလို့ ၁၇၅၈ ခုနှစ်တုန်းက ဆိုခဲ့ဖူးတယ်။ သူပြောတာက မှန်ပါတယ်။ ကမ္ဘာပေါ်က နေရာဒေသ အသီးသီးမှာ fiat money တွေ က သက်ဆိုင်ရာ နိုင်ငံက လူအများ လက်ခံ သုံးစွဲမှုပေါ် မူတည်ပြီး တန်ဖိုး အသီးသီးနဲ့ ပေါ်ထွက်လာပါတယ်။ အဲဒီမှာ တခါ ဒီတန်ဖိုးတွေကို ပြန်ညှိဖို့ ငွေလဲလှယ်နှုန်း (Exchange rate) ဆိုတာတွေကို လူတွေက ထပ်ပြီး ထွင်ကြရပြန်ရော။ ဒါကြောင့်လဲ ငွေကြေးရဲ့ တတိယ လုပ်ငန်းတာဝန်ကို တန်ဖိုးတွက်ချက် တိုင်းတာမှု ယူနစ် အနေနဲ့ အသုံးပြုမှုလို့ ဆိုကြတာပါ။
တန်ဖိုးတွက်ချက် တိုင်းတာမှုယူနစ်
တကယ်လို့ နိုင်ငံတနိုင်ငံမှာ ငွေကြေးတခုကို ကုန်ပစ္စည်းဖလှယ်ရေးကြားခံ အရာဝတ္ထုနဲ့ တန်ဖိုးသိုလှောင်မှု အနေနဲ့ သုံးလာကြပြီဆိုရင် ဒါကို ကုန်ပစ္စည်းတွက်ချက်တိုင်းတာတဲ့ ယူနစ်တခုအနေနဲ့လဲ အလိုလို အသုံးပြုပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးစနစ် ယိုင်နဲ့နေတဲ့ တိုင်းပြည်တွေမှာတော့ ဒီတိုင်းပြည်တွေရဲ့ ငွေကြေးသိုလှောင်မှု တန်ဖိုးက မတည်ငြိမ်တဲ့အတွက် တခြား နိုင်ငံခြားသုံးငွေ တခုခုကို အစားထိုး အသုံးပြုလေ့ ရှိကြပါတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ ဖရိုဖရဲဖြစ်နေတဲ့ အချိန်တုန်းက အထက်မြန်မာပြည်ကုန်သည်လောကမှာ မြန်မာပိုက်ဆံအစား တရုတ်ပိုက်ဆံကို အစားထိုး သုံးခဲ့ကြဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တန်ဖိုးတွက်ချက် တိုင်းတာမှု ယူနစ်တခုကို ဘုံအနေနဲ့ အသုံးပြုမှု ဖြစ်လာတဲ့ အခါကျရင်တော့ Exchange rate တွက်ချက်နေရမှုတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်နိုင်ပြီး Efficiency တက်လာနိုင်ပါတယ်။ ဒါကလဲ ယေဘုယျအနေနဲ့ပဲ မှန်ပြီး ဘောဂဗေဒ ပညာရှုထောင့်ကနေ လေ့လာဆန်းစစ်မှုတွေ အများကြီး လိုအပ်ပါသေးတယ်။ ကမ္ဘာ့ဈေးကွက်မှာ fiat money ဖြစ်တဲ့ ငွေစက္ကူတွေကို လူအများစုက အသုံးပြုတာ ဖြစ်ပေမယ့် ငွေစက္ကူအစား ရွှေချောင်းတွေ၊ စိန်တွေကို တန်ဖိုးတွက်ချက်မှုယူနစ် အဖြစ် အသုံးပြုတဲ့ လူတန်းစားတွေကလဲ ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် fiat money တွေကတော့ တန်ဖိုးတွက်ချက်မှု ယူနစ်တွေအနေနဲ့ နောင်နှစ်ပေါင်းများစွာ ဆက်ပြီး ရှိနေဦးမှာပါ။ နိုင်ငံတကာ ကုန်သွယ်ရေးတွေမှာ ငွေလဲလှယ်နှုန်းတွေကြောင့် ဖြစ်တဲ့ economic exposure, transaction exposure, translation exposure တွေကလဲ ဂယက်ရိုက်နေဦးမှာပါပဲ။
နိဂုံး
သားလေးရေ-
မေမေ ခုပြောနေတဲ့ စကားတွေအားလုံးကို သားလေး အကုန် နားလည်နိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ မေမေ့အိတ်ထဲက ပိုက်ဆံလေးကို နှိုက်၊ Money လို့ အော်ပြီး ချောကလက်လေးနဲ့ ဖျော်ရည်ဗူးလေးတွေကို ငွေနဲ့ ဖလှယ်ယူခဲ့တဲ့ သားလေးဟာ ဒီငွေတွေ မေမေ့အိတ်ထဲ ရောက်လာဖို့ မေမေ့လုပ်အားနဲ့ ဖလှယ်ယူခဲ့ရတာတွေ၊ ဒီလုပ်အားကို ငွေကြေးနဲ့ ဖလှယ်ယူဖို့ မေမေ့အလုပ်ရှင်တွေဘက်က ရင်းနှီးမြှုပ်နှံမှုတွေ စတဲ့ အဆင့်ဆင့် တန်ဖိုးဖြတ်မှု၊ ဖလှယ်မှု၊ သိုလှောင်သိမ်းဆည်းမှု စတာတွေကို နားလည်မှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် တချိန်မှာတော့ အသက်အရွယ်၊ အတွေ့အကြုံ၊ တာဝန်ယူမှု ရေချိန်တွေ တစတစ မြင့်တက်လာတာနဲ့ အမျှ ငွေကြေးဆိုတဲ့ အကြောင်းကို သားလေး တစတစ ပိုနားလည်လာပါလိမ့်မယ်။ မေမေ့ပေးစာလေးဟာ သားလေးအတွက် တစုံတရာ ဗဟုသုတလေးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ မေမေ မျှော်လင့်မိပါတယ်။
သားလေးကို အရမ်းချစ်တဲ့
မေမေ
ခင်မမမျိုး (၉၊ ၅၊ ၂၀၁၀)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
သားလေးသို့ ပေးစာများ: ပေးစာ (၁)- ငွေကြေး (Money) ဆိုရာဝယ်
Monday, May 10, 2010
Posted by
Khin Ma Ma Myo
Labels:
သားလေးသို့ ပေးစာများ