မြစ်ရေစီးသံလေးတွေက တေးသွားတခုလို ပေါ်ထွက်နေတယ်။ ငှက်ကလေးတွေရဲ့ အသံကိုလဲ သာယာကြည်နူးဖွယ် ကြားနေရတယ်။ လေညင်းလေးတွေက ခန္ဓာကိုယ်ကို တိုးဝှေ့တိုက်ခတ်သွားတာကြောင့် အေးစိမ့်စိမ့်လေး ခံစားလိုက်ရတယ်။
'တဖြည်းဖြည်းနဲ့ အေးလာပြီ။ မကြာခင် မှောင်တော့မယ်။ အိမ်ပြန်ဦးမှ'
သူမ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ အလုပ်နားရက်၊ ညနေပိုင်းတွေဆို သူမ ဒီလိုပဲ မြစ်ကမ်းဘေး လာထိုင်နေကြ။ အိမ်ကနေ ငါး မိနစ်လောက်လျှောက်ပြီး မြစ်ကူးတံတားလေးကို ကျော်လိုက်တာနဲ့ တောအုပ်တခုထဲကို ရောက်သွားတတ်တယ်။ ဒီတောအုပ်လေးထဲမှာ မြစ်တစင်းက ပတ်ခွေ စီးဆင်းနေတယ်။ ဒီမြစ်ကြောင်းလေးအတိုင်း တနာရီလောက်လျှောက်လိုက်ရင်တော့ ပင်လယ်ဆီ စီးဝင်သွားတဲ့ မြစ်လေးကို တွေ့ရတတ်တယ်။ ပင်လယ်ဘက်ကို တခါတရံမှသာ လမ်းလျှောက်ထွက်သွားပေမယ့် တောအုပ်ထဲက မြစ်ကမ်းနံဘေးကိုတော့ သူမ အမြဲသွားနေကျ။ တခါတလေတော့လဲ ရာသီဥတုကောင်းရင် စာအုပ်လေးတွေ ယူသွားဖတ်ဖြစ်တယ်။ ဒီလိုညနေလေးတွေမှာ သားလေးကို သူငယ်ချင်းက ထိန်းပေးတတ်တာကြောင့် သူမအတွက် ကိုယ်ပိုင် အချိန်လေး ဖန်တီးပေးတဲ့ သူငယ်ချင်းမလေးကိုတော့ အထူးကျေးဇူးတင်မိပါရဲ့။
'မပြန်နဲ့ဦးလေ။ အစောကြီး ရှိသေးတယ်'
အသံလေး တသံကြောင့် သူမထိတ်ကနဲ ဖြစ်သွားတယ်။ အသံက သူမခေါင်းပေါ်က ဖြစ်နေတာကြောင့် ကြက်သီးလေး ဖြန်းသွားသလိုပဲ။ ဟိုဟိုဒီဒီ၊ လိုက်ကြည့်မိတယ်။
'ရှာမနေနဲ့။ ဒီမှာ။ ဒီမှာ'
သစ်ပင်ပေါ်က ရှည့်ကလေးက ခုန်ဆွဆွနဲ့ လှမ်းပြောတယ်။
'ရှဉ့်ကလေးရေ။ လေညင်းလေးတွေက တစတစနဲ့ ကြမ်းလာပြီ။ တော်ကြာကျရင် ရာသီဥတုကလဲ ပိုအေးလာတော့မယ်။'
'လေကို အပြစ်မတင်ပါနဲ့။ လေက လေပဲ ဥစ္စာ။ သူ့ဘာသာ ဖြည်းဖြည်း တိုက်ချင် တိုက်လိမ့်မယ်။ ကြမ်းကြမ်း တမ်းတမ်း တိုက်ချင်လဲ တိုက်မှာပဲ။ သူ့ ရွေးချယ်ခွင့်နဲ့ သူပဲလေ။ ဒါကို လူတွေကသာ သတ်မှတ်နေကြတာပါ'
'ဘာရယ်၊ ဘယ်လို'
ရှဥ့်ကလေး စကားကြောင့် သူမ မျက်လုံးပြူးသွားတယ်။ ပြန်ဖို့ ပြင်ပြီး ထမိရာကနေ ပြန်ထိုင်ဖြစ်သွားတယ်။
'လူတွေက မတရားဘူး။ ကိုယ့်အကျိုးကိုပဲ ကြည့်ပြီး အရာရာကို တိုင်းတာတတ်ကြတယ်။ လေနုအေးအေးလေး တိုက်တော့ သာယာလွမ်းမောပြီး ကဗျာလေးတွေစပ်ကြ၊ သီချင်းလေးတွေ ရေးကြ။ လေနီကြမ်းတွေ တိုက်တော့ လေကို အပြစ်တင်ကြ၊ ဆဲဆိုကြနဲ့'
ရှဥ့်ကလေးရဲ့ အပြောကို သူမ သဘောကျသွားတယ်။ သူပြောတာကို စဉ်းစားကြည့်လိုက်တော့လဲ ဟုတ်သားပဲ။ ဟိုခုန်၊ ဒီလွှားနဲ့ အငြိမ်မနေနိုင်တဲ့ ရှဉ့်ကလေးကို ကြည့်ပြီး ရှဉ့်ကလေးရဲ့ အတွေးကို ထောက်ခံလိုက်မိတယ်။
'မင်းပြောတာလဲ ဟုတ်ပါတယ် ရှဉ့်ကလေးရယ်။ လူဆိုတာက အတ္တသမားတွေကြီးပါပဲ။ လူတွေတင် မဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးဟာလဲ အတ္တတွေ အများကြီး ပါဝင်တဲ့ စိတ်တွေကို ပိုင်ဆိုင်ထားကြတာပါ။ မင်းပြောသလို လေကို လေလို့ ကြည့်နိုင်ဖို့က အတော်ခက်တယ် ရှဉ့်ကလေးရဲ့။ လေထဲမှာ လူတွေနဲ့ သတ္တ၀ါတွေကို အကျိုးပြုစေတဲ့ ဓာတ်တွေလဲ ပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်တွေလဲ ပါတာပဲ။ အချိုးအစားတွေတော့ နေရာပေါ် မူတည်ပြီး ကွာတာပေါ့။ ဒါပေမယ့် လေနီကြမ်းတိုက်တာ၊ လေမုန်တိုင်းအန္တရာယ်ကျတာ၊ လေထုညစ်ညမ်းတာတွေကိုပဲ အပြစ်ပြောနေကြသူ အများစုဟာ လေထဲမှာ ပါတဲ့ အောက်ဆီဂျင်ကြောင့် လူတွေ အသက်ရှင်ခွင့် ရနေတာကိုတော့ မေ့နေတတ်ကြပြန်တယ်။ တကယ့်ပကတိ အမှန်တရားမှာကျတော့ လေက လေပါပဲ။ သူ့ဘာသာသူ သဘာဝအတိုင်း ဖြစ်တည်နေတာပါ။ သဘာဝဖြစ်တည်မှုအတိုင်း ကောင်းတာလဲရှိမယ်၊ ဆိုးတာလဲ ရှိမယ်။ ပိုကောင်းအောင် လူတွေက လုပ်လိုက်လို့ ပိုကောင်းသွားတာလဲ ရှိမယ်။ ပိုဆိုးအောင် လုပ်လိုက်လို့ ဆိုးသွားတာလဲ ရှိမယ်။ ဘာပဲဖြစ်ဖြစ် လေကတော့ လေပါပဲ'
သူမ စကားသံအဆုံးမှာ ရှဉ့်ကလေးက သူမဘေးနား ခုန်ဆင်းလာတယ်။
'သဘာဝ ဖြစ်တည်မှုကို အမှန်အတိုင်း လက်ခံတတ်ရင် မိတ်ဆွေ ဖြစ်ချင်တယ်'
ရှဉ့်ကလေးက ခုန်ဆွခုန်ဆွ လုပ်ရင်း ပြောတာမို့ သူမလဲ အားရ ကျေနပ်သွားမိတယ်။ အမှန်တရားကို အမှန်အတိုင်း မြင်တတ်တဲ့ ရှဉ့်ကလေး တကောင်နဲ့ မိတ်ဆွေဖြစ်ရတာက ဟန်ဆောင်မှုတွေ၊ အတ္တတွေနဲ့ ဖုံးလွှမ်းနေသူတွေနဲ့ မိတ်ဆွေဖြစ်ရတာထက် ပိုပြီး တန်ဖိုးရှိမှာပါ။
'ဒီမြစ်ကမ်းဘေးကို မင်းခဏခဏ ရောက်လာတတ်တယ်။ မြစ်ကိုကြည့်ပြီးလဲ တွေးတော ငေးမောနေတတ်တယ်။ မင်းဘာတွေ တွေးနေတာလဲ'
ရှဉ့်ကလေးက သူမကို ကြည့်ပြီး မေးတယ်။ လူတွေတင်မဟုတ်။ ရှဉ့်တွေလဲ စပ်စုတတ်တယ် ထင်ပါရဲ့။
'တသွင်သွင် စီးဆင်းနေတဲ့ မြစ်ရေစီးသံတွေထဲက ဂီတသံစဉ်လေးတွေကို ငါကြိုးစား နားထောင်ကြည့်နေမိတာပါ ရှဉ့်ကလေးရယ်။ တခါတရံမှာ ရေစီးသံလေးတွေက ငြိမ့်ငြိမ့်လေးရယ်၊ တခါတလေကျတော့လဲ တ၀ုန်းဝုန်းနဲ့။ အဲလို အချိန်တွေကျရင် တချိန်က ငြိမ့်ငြိမ့်လေး စီးနေတဲ့ မြစ်တစင်းမှ ဟုတ်ရဲ့လားလို့တောင် သံသယ ဖြစ်ချင်စရာပါပဲ။ ဒါပေမယ့် မြစ်လေးကတော့ တခုတည်းပါပဲ။ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ရေစီးသံလေးတွေ ပြောင်းကုန်တာပါ'
'ဘယ်လိုပဲ ဖြစ်ဖြစ်၊ နောက်ဆုံးတော့လဲ ပင်လယ်သမုဒ္ဒရာထဲ စီးဝင်သွားတာပဲ မဟုတ်လား'
ရှဉ့်ကလေးက သူမရဲ့ စကားကို လှမ်းထောက်တယ်။ သူမပြောချင်နေတာတွေကို ရှဉ့်ကလေး နားလည်နေတယ်လို့ တွေးမိတာကြောင့် ဆက်ပြောမိတယ်။
'ဟုတ်ပါတယ်လေ။ ဘယ်လိုသဏ္ဍာန်နဲ့ပဲ စီးဆင်း၊ စီးဆင်း နောက်ဆုံးတော့လဲ ပင်လယ်သမုဒ္ဒရာထဲကိုပဲ စီးဝင်သွားကြတာပါ။ ဒီပင်လယ်သမုဒ္ဒရာတွေကလဲ ဘယ်လောက်ပဲ ကျယ်ပြောနေပေမယ့် နောက်ဆုံးမှာတော့ အနားသတ်ကမ်းစပ်မှာ ရပ်တန့်သွားပြန်တာပဲ။ တခါတလေကျတော့လေ လူ့ဘ၀ဆိုတာကို မြစ်တစင်းလို့ ငါမြင်မိတယ် သိလား။ မြစ်တစင်းဆိုတာက စီးဆင်းသွားရာ မြစ်ကြောင်းတလျှောက်မှာ လူတွေအတွက် အကျိုးရှိစေတာတွေလဲ ရှိမယ်၊ အကျိုးမဲ့စေတာတွေလဲ ရှိမယ်။ တပြိုင်နက်တည်းမှာပဲ လှေငယ်လေးတွေကို လိုရာခရီးသယ်ဆောင်ပေးသလို အမှိုက်သရိုက်တွေလဲ ပင်လယ်ကြီးထဲကို သယ်ဆောင်သွားတာပဲ။ လူတယောက်ရဲ့ ဘ၀ဖြတ်သန်းမှုဆိုတာကလဲ မြစ်တစင်းရဲ့ စီးဆင်းမှုနဲ့ အတူတူပဲ။ လူ့လောကကို အကျိုးပြုတာလဲ ရှိမယ်၊ ဆုတ်ယုတ်တာလဲ ရှိမယ်။ တချိန်တည်းမှာပဲ ကိုယ်လုပ်တဲ့ ကောင်းမှု၊ မကောင်းမှုတွေကိုလဲ ဘ၀သံသရာဆိုတဲ့ ပင်လယ်ကြီးထဲကို သယ်ဆောင်သွားတာပဲလေနော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပင်လယ်သမုဒ္ဒရာကြီးမှာလဲ အနားသတ်ကမ်းစပ်ဆိုတာ ရှိသလို၊ ငါတို့ရဲ့ ဘ၀ သံသရာကြီးမှာလဲ အဆုံးသတ် ဆိုတာ ရှိမှာပဲ။ ဒါကြောင့် ငါမြစ်ကမ်းနံဘေးမှာ လာထိုင်ပြီး ဒီမြစ်ရဲ့ လားရာ အနားသတ်ကမ်းစပ်ကို ဆင်ခြင်ကြည့်မိနေတာပါ။ ဒီမြစ်ကလေးဟာ တချိန်မှာ ပင်လယ်ထဲ စီးဝင်သွားရမယ်၊ အဲဒီကနေ ကမ်းစပ်တခုဟာ အနားသတ်ဖြစ်သွားမယ် ဆိုတာ သိချင်မှ သိရှာလိမ့်မယ်။ ဒါပေမယ့် သူဟာ မြစ်ဖြစ်လာတဲ့ အတွက်တော့ သဘာဝဖြစ်တည်မှုအတိုင်း မြစ်ဖြစ်နေတာပဲ။ ငါတို့ လူတွေကျတော့ လက်ရှိဘ၀ရဲ့ အဆုံးသတ်မှာ သံသရာ အဆက်ဆက်ကို ကျင်လည်ကြရဦးမယ်။ အဲဒီသံသရာ စက်ဝန်းရဲ့ အဆုံးမှာ နိဗ္ဗာန်ဆိုတာ ရှိတယ်။ ဒါကို သိနေရက်နဲ့ လူဖြစ်တာတဲ့ ဘဘာဝ ဖြစ်တည်မှုအတိုင်းပဲ နေသင့်သလား၊ မနေသင့်ဘူး လား ဆိုတာတွေ ငါတွေးနေမိတယ်။ ဒီမြစ်ကလေးကို လာကြည့်မိနေရင်း ၀င်လာတဲ့ ပထမ အတွေးက ဒါပဲ။'
'ဒါက ပထမ အတွေးဆိုတော့ ဒုတိယအတွေးလဲ ရှိသေးတယ်ပေါ့'
'ဒုတိယ အတွေးကတော့ သတ်မှတ်ချက်၊ အသိအမှတ် ပြုမှုတွေနဲ့ ဆိုင်မလားပဲ'
'လုပ်စမ်းပါဦး။ မင်းအတွေးကို'
ရှဉ့်ကလေးက ခုန်ဆွဆွ မလုပ်တော့ပဲ ငြိမ်ငြိမ်လေးနေရင်း မေးတယ်။
'မင်းကို ငါတို့ဘာသာ စကားနဲ့ ရှဥ့်လို့ ခေါ်ကြတယ်။ မင်းတို့က သေးသေးကွေးကွေးလေးတွေဖို့ ရှဥ့်ကလေးလို့လဲ ပြောကြတယ်။ တချို့ကတော့ ရှဥ့်လေးတွေကို ရှဥ့်ငပေါလေးတွေလို့ ခေါ်ကြပြန်တယ်။ အငြိမ်မနေနိုင်ပဲ ခုန်ဆွဆွ လုပ်နေကြလို့ ပေါတောတောလေးတွေလို့ ထင်တာ ဖြစ်မှာပါ။ ဒါပေမယ့် ခုမင်းက ယူကေ ရှဥ့်ဆိုတော့ မင်းကို အင်္ဂလိပ်လို သူတို့သတ်မှတ်ချက်နဲ့ ခေါ်ကြမှာပဲ။ ပြင်သစ်လူမျိုးက မင်းကို တွေ့တော့လဲ ပြင်သစ်လို မင်းကို အသိအမှတ်ပြုမှာပေါ့။ တရုတ်လူမျိုးက တွေ့တော့လဲ တရုတ်ဘာသာစကားနဲ့ မင်းကို အသိအမှတ်ပြုမှာပေါ့။ ဒီလိုပဲလေ။ ဒီမြစ်ကြီးမှာလဲ နာမည်ရှိတယ်။ River Don တဲ့။ သူ့ကို ဘာသာစကား အမျိုးမျိုးနဲ့ လူအမျိုးမျိုးက သဏ္ဍာန်အမျိုးမျိုးနဲ့ သတ်မှတ်ပြောဆိုကြတယ်။ အသိအမှတ်ပြုကြတယ်။ တကယ်တမ်းကျတော့ ဒီသတ်မှတ်ချက်ဟာ သတ်မှတ်သူတွေက နှုတ်ဖျားနဲ့ စာလုံးတွေမှာပဲ ရှိနေကြပြီး၊ မြစ်ရဲ့ စီးဆင်းမှုနဲ့ ဘာမှ မပတ်သက်ဘူးလေနော်။ သူ့မှာနာမည်ရှိရှိ၊ မရှိရှိ မြစ်ကတော့ သူ့ဟာသူ ဆက်စီးနေမှာပဲ မဟုတ်လား။ တို့လူတွေမှာလဲ ဒီအတိုင်းပါပဲဟာ။ လူသားတယောက်အနေနဲ့ လူ့လောကကို ရောက်လာပြီး မကြာခင်မှာပဲ မိဘတွေ၊ ဆွေမျိုးတွေက ကိုယ့်ကို နာမည်တခု ပေးလိုက်ကြတယ်။ ဒီနာမည်ဟာ မောင်ဖြူဖြစ်ဖြစ်၊ မောင်ညိုဖြစ်ဖြစ် ဒီနာမည်နဲ့ ဆက်ရပ်တည်သွားကြရတယ်။ တကယ်တမ်းကျတော့ မောင်ဖြူဆိုတဲ့ နာမည်က လူကိုယ်ခန္ဓာ တခုကို သတ်မှတ်ခေါ်ဝေါ်နေတာ။ ဒီကိုယ်ခန္ဓာနဲ့ပဲ နောက်တနေရာက လူတွေကကျတော့ မောင်နီလို့ အသိအမှတ်ပြုချင်ပြုထားကြဦးမှာ။ အဲဒီမှာမှ ဒီကိုယ်ခန္ဓာကလဲ မြဲသလားဆိုတော့ မမြဲပြန်ဘူး။ ဒီမမြဲတဲ့ ကိုယ်ခန္ဓာကိုပဲ မမြဲတဲ့ နာမည်တွေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြ၊ အသိအမှတ်တွေပြုကြ။ ဒါတွေကိုပဲ ငါတို့ လူသားတွေက တွယ်တာ မြတ်နိုးနေကြရပြန်ရော။ တကယ်တော့ လူတွေအားလုံးဟာ သတ်မှတ်ချက်တွေရဲ့ အကျဉ်းသားတွေပါပဲ။မမြဲတာတွေကိုမှ ဖက်တွယ်နေကြရသူတွေပါ။ လူတွေတင်မဟုတ်ပါဘူးလေ။ မင်းတို့ သတ္တ၀ါတွေလဲ ပါတာပါပဲ'
ရှဥ့်ကလေးက သူမစကားကို နားထောင်ရင်း ခေါင်းငြိမ့်တယ်။
'ဘာပဲဖြစ်ဖြစ်ပါလေ။ မင်းပြောသလိုပဲ သဘာဝ ဖြစ်တည်မှုကို နားလည်လက်ခံထားနိုင်ရင်တော့ အဆိုး၊ အကောင်းဒွန်တွဲနေမှုတွေကို မြင်ကြည့်နိုင်တာပေါ့။ ပြောသာ ပြောရတယ်။ လေကို လေလို့ပဲ မြင်နိုင်ဖို့ဆိုတာကတောင် တော်တော်ခက်တာ ကလား။ အဲဒီသဘာဝဖြစ်တည်မှုကနေမှ တဆင့် ကျော်လွန်ပြီး သံသရာ အဆုံးသတ်ခရီးကို လှမ်းနိုင်ဖို့၊ မမြဲတဲ့ သတ်မှတ်ချက် အတ္တဘောင်တွေကနေ ရုန်းထွက်နိုင်ဖို့ ဆိုတာတွေက ပိုခက်တာပေါ့လေ။ ငါလဲ တော်တော် ကြိုးစား ရဦးမှာပါ။ ဒါတွေကို ကျော်နိုင်ဖို့၊ ရုန်းထွက်နိုင်ဖို့ ဆိုတာက အတ္တမီးနဲ့ သံယောဇဉ်မီးတွေ အားလုံးကို ငြိမ်းသတ်နိုင်မှ ဖြစ်မှာ။ ခုချိန်မှာတော့ လက်ရှိဘ၀ ဖြစ်တည်မှုလေးရဲ့ မမြဲတဲ့ ခန္ဓာကိုယ်သွေးသားကနေ ဖွဲ့တည်လာတဲ့ မျိုးဆက်သစ်လေးအတွက် ဒီအတွေးတွေကို ငါလေးလေးနက်နက် ထပ်မတွေးချင်သေးဘူး ရှဉ့်ကလေးရယ်။ အိမ်မှာ မျှော်နေမယ့် ငါ့သားလေးဆီကို ငါ ပြန်သွားရဦးမယ်။ နောက်အပတ်တွေကျမှ တွေ့မယ်နော်'
ရှဉ့်ကလေးက ပြောရင်းဆိုရင်း သစ်ပင်ပေါ် ခုန်အတက်၊ သူမကလဲ မြစ်ကမ်းနံဘေးက ခွာပြီး မြစ်တစင်းနဲ့ တူတဲ့ ဘ၀ကြီးထဲမှာ ဖြတ်သန်းဖို့ ခွန်အားတွေ ပြန်ဖြည့်ရင်း။
ခင်မမမျိုး (၂၊ ၅၊ ၂၀၁၀)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ရှဥ့်ကလေးတကောင်နှင့် စကားပြောခြင်း
Monday, May 3, 2010
Posted by
Khin Ma Ma Myo
Labels:
ခံစားမှုစာစုများ