ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ခေါင်းဆောင်များနှင့် ဆက်ဆံရေးကွက်လပ်များ

Friday, October 23, 2009

စီးပွားရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ ဘာသာရေးအဖွဲ့တွေမှာဖြစ်ဖြစ် ခေါင်းဆောင်တွေ အများအပြား ရှိပါတယ်။ ဒီခေါင်းဆောင်တွေထဲမှာ တချို့က လူအများကြားမှာ ရေပန်းစားတာ၊ တချို့က နောက်ကွယ်က ကြိုးကိုင်ခေါင်းဆောင်မှုပေးတာ၊ တချို့က လုပ်နည်းလုပ်ဟန်အရ ခေါင်းဆောင်တာ၊ တချို့က အတွေးအခေါ်အရ ခေါင်းဆောင်တာ ဆိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ခေါင်းဆောင်သူတွေရှိပါတယ်။ ဒီခေါင်းဆောင်တွေထဲမှာမှ ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်တွေအတွက် ခေါင်းဆောင်မှုအရည်အချင်းတွေ၊ ဆက်ဆံရေး အရည်အချင်းတွေ ပြည့်ဝနေဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒီအရည်အချင်းတွေမှာ ချို့ယွင်းအားနည်းချက်တွေရှိနေရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ အဖွဲ့အစည်းတွေ ပြိုကွဲတာ၊ လုပ်ငန်းတွေ ပြိုလဲတာ၊ ရည်မှန်းချက် မပြည့်မှီတာတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။



ဆက်ဆံရေးဆိုတာမှာ အဖွဲ့အစည်းရဲ့ အသွင်သဏ္ဍာန်ပေါ်မှာ မူတည်ပြီး ဆက်ဆံရမယ့် အုပ်စုတွေရှိပါတယ်။ ဥပမာ- စီးပွားရေးလုပ်ငန်းတခုရဲ့ ဦးဆောင်ဒါရိုက်တာတယောက်ဟာ ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့နဲ့ ဆက်ဆံရပါတယ်။ ဒီလိုဆက်ဆံတဲ့အခါမှာ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ယူရပါတယ်။ စနစ်တကျ စီမံခန့်ခွဲမှု၊ လုပ်ငန်းအမြတ်အစွန်းရရှိမှု၊ ပြိုင်ဘက်လုပ်ငန်းတွေကို အနိုင်ယူနိုင်မှု၊ ဈေးကွက်အခြေအနေကို မျက်ခြေမပြတ်သုံးသပ်လေ့လာတတ်မှု၊ ဖောက်သည်တွေနဲ့ ဆက်ဆံရေး စတာတွေက ဒါရိုက်တာဘုတ်အဖွဲ့က လိုလားတဲ့ အရည်အချင်းတွေဖြစ်ပါတယ်။ ဒီအရည်အချင်းတွေကို ဖော်ထုတ်အသုံးပြုနိုင်တဲ့အခါ ဘုတ်အဖွဲ့က လေးစားယုံကြည်မှုတိုးလာပါတယ်။ ဒါက Private company တွေမှာပါ။ Public company ဆိုရင်တော့ ရှယ်ယာထည့်ဝင်ထားသူတွေက အကျိုးအမြတ်ရရှိမှု၊ ဈေးကွက်ထိုးဖောက်နိုင်တဲ့အင်အား၊ လုပ်ငန်းအမည်ကောင်း စတာတွေကို လိုလားကြပါတယ်။ လုပ်ငန်းကြီးတွေမှာ shareholder အစည်းအဝေးတွေလုပ်ကြတာက လုပ်ငန်းကိုဦးဆောင်လုပ်နေသူတွေနဲ့ ရှယ်ယာပိုင်ဆိုင်သူတွေအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတခုကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။

ဒီတော့ စီးပွားရေးလုပ်ငန်းခေါင်းဆောင်တယောက်ဟာ ရှယ်ယာပိုင်ဆိုင်သူတွေ၊ ဒါရိုက်တာ ဘုတ်အဖွဲ့တွေနဲ့ပဲ ယုံကြည်မှုဆက်ဆံရေးတည်ဆောက်ရုံနဲ့ ပြီးမလားလို့ မေးစရာရှိပါတယ်။ မပြီးသေးပါဘူး။ အကျိုးတူပူးပေါင်းထားတဲ့ လုပ်ငန်းတွေနဲ့ ဆက်ဆံရေး၊ ပြိုင်ဘက်တွေနဲ့ ဆက်ဆံရေး၊ ဖောက်သည်တွေနဲ့ လုပ်ငန်းအကြား ဆက်ဆံရေး၊ suppliers တွေနဲ့ ဆက်ဆံရေးတွေလဲ ရှိပါသေးတယ်။ ဒါတွေအားလုံးထက် ပိုပြီး အရေးကြီးတဲ့ ဆက်ဆံရေးတခုကတော့ မိမိလုပ်ငန်းထဲက ၀န်ထမ်းတွေနဲ့ ဆက်ဆံရေးပါပဲ။ ပြင်ပလုပ်ငန်းဆောင်တာမှာ သိပ်အလုပ်များသူတွေဟာ ကိုယ်ဦးဆောင်နေတဲ့ လုပ်ငန်းတခုရဲ့ ယန္တရားကို လည်ပတ်နေသူတွေကို မေ့တတ်ကြပါတယ်။ တချို့ကလဲ လက်ထောက်ဒါရိုက်တာတွေ၊ မန်နေဂျာတွေကို ယုံကြည်မှုအရှိလွန်ပြီး လူရင်းတွေအနေနဲ့ လွှတ်ထားလိုက်တာ၊ တချို့ကကျတော့လဲ အလုပ်များလွန်းလို့ ဂရုမစိုက်ဖြစ်တာတွေ ဖြစ်ပါတယ်။ ဒီအခါမှာ ကွက်လပ်တွေ ထွက်လာပါတယ်။ လူတွေရဲ့ စိတ်မှာ အလုပ်နဲ့ ပတ်သက်ပြီး ဖောက်လွဲမှုနှစ်မျိုးရှိတတ်ပါတယ်။ တခုက အလုပ်ကို ကြိုးကြိုးစားစားနဲ့ သစ္စာရှိရှိလုပ်ပေမယ့် အသိအမှတ်ပြုခံလိုတာနဲ့ နောက်တခုကကျတော့ အကြောင်း၊ အကျိုး တိုက်ဆိုင်မှုအခြေအနေတခုမှာ သစ္စာဖောက်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကဏ္ဍမှာ ခေါင်းဆောင်ရဲ့ စည်းရုံးရေးကွက်လပ်ဖြစ်နေရင် အလုပ်ခွင်ရဲ့ motivation ကတော့ ကျစမြဲပါပဲ။

အခုပေးထားတဲ့ ဥပမာက လုပ်ခ၊ လစာ အပေါ်တည်မှီမှု ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဖြစ်တတ်တာလေးတွေပါ။ ဒီလိုလုပ်ငန်းတွေမှာတောင် ဒီအခြေအနေတွေ ဖြစ်တတ်သေးတယ်ဆိုရင် နိုင်ငံရေးအဖွဲ့အစည်း တွေမှာကတော့ ဒီထက် ပိုကြီးမားတဲ့ ခေါင်းဆောင်မှုကွက်လပ်တွေဖြစ်လာ တတ်တယ်လို့ ဆိုရပါမယ်။ နိုင်ငံရေးအဖွဲ့အစည်းဆိုတာမှာ အစိုးရအဖွဲ့၊ ပါတီ၊ တခြားအဖွဲ့အစည်း အသွင်အမျိုးမျိုး ရှိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်တယောက် (၀န်ကြီးချုပ်၊ သမ္မတ) ဖြစ်သူဟာ သူ့ရဲ့ ကက်ဘိနက်နဲ့ ဆက်ဆံရေး၊ ပါတီတူ အမတ်တွေနဲ့ ဆက်ဆံရေး၊ အတိုက်အခံပါတီ အမတ်တွေနဲ့ ဆက်ဆံရေး၊ နိုင်ငံခြားဆက်ဆံရေး၊ ပြည်သူလူထုနဲ့ ဆက်ဆံရေး၊ think-tank တွေနဲ့ ဆက်ဆံရေးဆိုပြီး ဆက်ဆံရေးအမျိုးအစားများစွာ ရှိပါလိမ့်မယ်။ ဒီဆက်ဆံရေးတွေမှာ စနစ်တကျဖြစ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ပြည်သူလူထုနဲ့ ဆက်ဆံရေး၊ နိုင်ငံခြားဆက်ဆံရေးတွေ ကောင်းမွန်နေပေမယ့် ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့နဲ့ ဆက်ဆံရေးမှာ သတိမမူမိတာလေးတွေကြောင့် ပါတီရဲ့ motivation ကျသွားတာတွေလဲ အများကြီးပဲရှိခဲ့တယ်။ အစိုးရအဖွဲ့မဟုတ်ပဲ နိုင်ငံရေးပါတီတွေမှာလဲ ဒီအတိုင်းပါပဲ။ ဘက်ပေါင်းစုံ ဆက်ဆံရေး မတည်ဆောက်နိုင်တဲ့ ခေါင်းဆောင်တွေရဲ့ ကွက်လပ်တွေကြောင့် ပြိုလဲချိနဲ့သွားတဲ့ ပါတီတွေအများကြီးပဲ။ ဒါက တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတာတွေ ဖြစ်ပါတယ်။

မြန်မာပြည်အနေနဲ့ဆိုရင်လဲ ဒီခေါင်းဆောင်မှုကွက်လပ်တွေကို အများအပြားတွေ့မြင်နေရတယ်။ အာဏာရှင်က နိုင်ငံတနိုင်လုံးရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ စီးပွားရေးအကျိုးအမြတ်ခံစားရယူခွင့်အာဏာတွေကို ရယူထားတာဖြစ်တယ်။ ဒီအတွက် သူ့ဘက်မှာ အာဏာရှင်ဒေါက်တိုင်တွေ အများအပြား တည်ဆောက်ယူထားတယ်။ စစ်တပ်ကို အမိန့်နာခံမှုနဲ့ ထိန်းချုပ်ထားတယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အရံမီးသတ်တွေကို စီးပွားရေး မက်လုံးနဲ့ မျှားခေါ်ထားတယ်။ နေ့စားပေးပြီး ရမ်းကားခိုင်းလို့ရမယ့် လူမိုက်တွေမွေးထားတယ်။ ရပ်ကွက်ထဲအထိ အာဏာရှင်စနစ်ရောက်အောင် လုပ်ထားတယ်။ ဒါက ပကတိ အခြေအနေမှန်တရပ်ဖြစ်တယ်။ တပြိုင်နက်တည်းမှာပဲ အဖိနှိပ်ခံ ပြည်သူလူထုကနေ တော်လှန်ရေး သမားတွေ ထွက်လာတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ အများအပြား ထွက်လာတယ်။ ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်တွေ ထွက်လာတယ်။ ဘယ်ကဘယ်လို အယူအဆတွေနဲ့ အခြေခံမှန်း မသိတဲ့ “တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေ“ ဆိုတဲ့ ကြွေးကြော်သံတွေကလဲ ထွက်လာသေးတယ်။ စနစ်တခုကို တော်လှန်တဲ့ တော်လှန်ရေးတိုင်းရဲ့ နောက်ကွယ်မှာ စနစ်သစ်တခု တည်ဆောက်ရေးဆိုတာ ဒွန်တွဲပါနေတာ။ တော်လှန်ရေးကပဲ အဓွန့်ရှည်နေလို့ ဘယ်အချိန်မှာ စနစ်သစ်ကို တည်ဆောက်ကြမှာလဲ လို့ မေးစရာပဲ။

ဒီတော်လှန်ရေးမှာ ရေချိန်အတက်အကျတွေ ဖြစ်တယ်။ အပြောင်းအလဲတွေဖြစ်တယ်။ မပြောင်းလဲတာ နည်းနည်းပဲရှိတယ်။ လုပ်နည်းလုပ်ဟန်တွေ၊ အဖွဲ့အစည်းအပြိုင်အဆိုင်စိတ်တွေ၊ ပုဂ္ဂိုလ်ရေးရှေ့ တန်းတင်တာတွေ၊ ပြီးတော့ ခေါင်းဆောင်မှုကွက်လပ်တွေ။ ဒါတွေမှာတော့ နှစ်ပေါင်းများစွာ ကြာပေမယ့် ပြောင်းလဲခြင်းမရှိဘူး။ လုပ်နည်းလုပ်ဟန်ပြောင်းလဲမှုဆိုတဲ့အခါ ရပ်တည်ချက်၊ ရည်မှန်းချက် ပြောင်းလဲမှုတွေနဲ့ ရောနှောပြောတတ်ကြပြန်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ ရည်မှန်းချက်ဆိုတာက မတူညီဘူး။ ဆယ်တန်းကိုသုံးခါကျနေတဲ့ ကျောင်းသားတယောက်က အရင်တုန်းက စာဖတ်တဲ့ပုံစံ၊ စာမေးပွဲအတွက် ပြင်ဆင်တဲ့ ပုံစံတွေကို ပြောင်းလဲတာဟာ ဆယ်တန်းအောင်ရမယ်ဆိုတဲ့ ရည်မှန်းချက် ပြောင်းလဲတာ မဟုတ်ဘူး။ တခါ ဖြတ်သန်းမှုဆိုတာကို ရှေ့တန်းတင်တာတွေလဲ ရှိတယ်။ အတွေ့အကြုံဆိုတာ ဆရာတဆူပဲ။ ဒါဟာအမှန်တရားပဲ။ ဒါပေမယ့် အတွေ့အကြုံနဲ့ အသိဥာဏ်ကို ပေါင်းစပ်ပြီး မှ ဆရာတင်ရတဲ့ အခါတွေလဲရှိတယ်။ အသိဥာဏ်ကိုပဲ ဆရာတင်ရတဲ့ အခါတွေလဲ ရှိတယ်။ အတွေ့အကြုံ၊ အသိဥာဏ်၊ စဉ်းစားတွေးခေါ်မှု၊ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေရှိမှုစတာတွေ ပေါင်းစပ်မိဖို့ အရေးကြီးဆုံးပဲ။ ဆယ်တန်းသုံးခါကျ ကျောင်းသားက ဆယ်တန်းတက်စကျောင်းသားကို စာဘယ်လိုကျက်လို့ သွားပြောခဲ့ရင် အသိဥာဏ်ရှိတဲ့ ဘယ်ကျောင်းသားမျိုးက လက်ခံမှာတဲ့လဲ။ ဒီမိုကရေစီတော်လှန်ရေးမှာ ကိုယ်က တိုင်မင်ခေါ်တဲ့အချိန် လူထုမလိုက်လာလို့ မဆီမဆိုင် လူထုကြီးကြောက်နေပြီလို့ မှတ်ချက်ပေးတတ်တဲ့ ခေါင်းဆောင်တွေ ဒီအချက်ကို သတိပြန်ပြုဖို့ လိုလိမ့်မယ်။ လူထုနဲ့ ပတ်သက်တဲ့ မှတ်ချက်မပေးခင် လူထုကြီးနဲ့ ကိုယ်နဲ့ ဘယ်လောက်အထိ ဆက်ဆံရေးရှိနေလဲ။ အပြန်အလှန် ယုံကြည်မှုဘယ်လောက်အထိ တည်ဆောက်ပြီးပြီလဲ။ ကိုယ့်အပေါ်ရှိခဲ့ဖူးတဲ့ လူထုသဘောထားဟာ လက်ရှိအခြေအနေမှာအထိ ရှိသေးလား ဆိုတာတွေ အရင်သုံးသပ်ဖို့ လိုလိမ့်မယ်။

အဓိကကတော့ ခေါင်းဆောင်တွေဟာ ဆက်ဆံရေးကွက်လပ်တွေကို စနစ်တကျပြန်ဖြည့်ဆည်းဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးမအောင်မြင်သေးတဲ့ အကြောင်းရင်းတွေထဲမှာ ဒီအချက် ပါဝင်နေလို့ပါ။ ဘယ်လိုကွက်လပ်တွေရှိနေသလဲ။


(၁) ခေါင်းဆောင်နှင့်အဖွဲ့အစည်းကြားက ဆက်ဆံရေးကွက်လပ်

ဒီကွက်လပ်မှာ လစ်ဟာရင် အဖွဲ့အစည်းအကွဲအပြဲတွေ၊ အမည်ခံပြီး အလုပ်မလုပ်တဲ့ အဖွဲ့ဝင်တွေ၊ စိတ်ပျက်ဘေးထွက်ထိုင်သူတွေ များလာတတ်တယ်။ ကမ္ဘာအရပ်ရပ်က အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးတွေမှာ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်အစည်းအဝေးကို အနည်းဆုံး တလတခါ၊ ဒေသဆိုင်ရာကော်မတီဝင်တွေနဲ့ အစည်းအဝေးတွေကို အနည်းဆုံးလေးလတခါ၊ နှစ်ပတ်လည်ညီလာခံ စတာမျိုးတွေ လုပ်နေတာ အချိန်တွေ၊ ငွေတွေကို အားအားယားယား သုံးနေကြတာ မဟုတ်ဘူး။ ဒီဆက်ဆံရေး ကွက်လပ်တွေကို ဖြည့်ဆည်းနေတာ ဖြစ်တယ်။ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေကလဲ သူတို့လုပ်ချင်တာ လုပ်နေလို့ မရဘူး။ ဗဟိုကော်မတီကို တင်ပြကြရတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာကြရတယ်။ အဖွဲ့တွင်းဆက်ဆံရေးကို စနစ်တကျ တည်ဆောက်ကြရတယ်။ အတွေးအခေါ်၊ အယူအဆ မကြေလည်မှုတွေကို အပြန်အလှန်လေးစားမှုပေါ် အခြေတည်ပြီး ဆွေးနွေးကြရတယ်။ မပြေလည်မှုတွေမှာလဲ အများဆန္ဒနဲ့အညီ မဲခွဲဆုံးဖြတ်မှု လုပ်ကြရတယ်။ ဒီလိုလုပ်တာမှာလဲ မဲရှုံးတဲ့သူတွေက မဲနှိုင်သူတွေကို ရန်ညှိုးမထားရဘူး။

ခေါင်းဆောင်ဟာ ကိုယ့်အဖွဲ့ထဲမှာ ဘာတွေဖြစ်နေသလဲ၊ ပြင်ပက ဘာတွေ ဝေဖန်နေသလဲ စတာတွေ မျက်စိ၊ နားစွင့်ထားရတယ်။ အစုအဖွဲ့လေးတွေဆီက အစီရင်ခံစာတွေကို သုံးသပ်ရတယ်။ ဆုံးဖြတ်ချက်ပေးသင့်တာတွေကို ဆုံးဖြတ်ချက်ပေးရတယ်။ အဖွဲ့ဝင်တွေရဲ့အလားအလာ၊ အရည်အသွေး တွေကို အကဲဖြတ်ရတယ်။ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုရတယ်။ အဖွဲ့အစည်းတွေအတွင်းမှာ ရှိရမယ့် ခေါင်းဆောင်နဲ့ ဗဟိုကော်မတီဝင်တွေအကြား၊ ဗဟိုနဲ့ အဖွဲ့ဝင်တွေအကြား ဆက်ဆံရေးတွေမှာ ကွင်းဆက်ပြတ်လာတဲ့အခါ ဂိုဏ်းခွဲထောင်တာတွေ၊ မလုပ်မရှုပ် ထိုင်နေကြတာတွေ၊ ဗဟိုအစည်းအဝေးကို ကော်မတီဝင်တွေက အလေးမထားတွေ၊ ပွင့်လင်းတဲ့ ဆက်ဆံရေး ပျက်ပြယ်ပြီး ရှေ့မှာ ခေါင်းညိတ်၊ နောက်မှာ လုပ်ချင်ရာလုပ်၊ အတင်းတုပ်၊ အပုပ်ချ တာတွေ ဖြစ်လာတော့တာပဲ။ ပိုဆိုးရင်တော့ ကိုယ့်လူသူ့လူတွေမွေးပြီး အဖွဲ့အစည်းတွေ နှစ်ခြမ်း၊ သုံးခြမ်းတွေကွဲကြ၊ တဖွဲ့နဲ့တဖွဲ့ ပြိုင်ကြတာတွေ ဖြစ်ကုန်ပါလေရော။ အဖွဲ့ဝင်တွေမှာလဲ ဘယ်ခေါင်းဆောင်နောက် လိုက်လို့လိုက်ရမသိပဲ အကွဲကွဲ၊ အပြဲပြဲနဲ့ နောက်ဆုံး အဖွဲ့လဲ အစိတ်စိတ်ဖြစ်ပြီး ချိနဲ့သွားတာပဲ။ ဒါက ခေါင်းဆောင်နဲ့ အဖွဲ့ကြား ဆက်ဆံရေးကွက်လပ်ကြောင့် ဖြစ်လေ့ရှိတာတွေပါ။

နောက်တချက်က ခေါင်းဆောင်နဲ့အဖွဲ့ကြားမှာ ဆက်ဆံရေးကွက်လပ်ကြီးရင် ဘေးက သပ်လျှိုဝင်လို့ လွယ်ပါတယ်။ ဆက်ဆံရေးကွက်လပ်ကြောင့် ခေါင်းဆောင်နဲ့အဖွဲ့ဝင်ကြားမှာ နားလည်မှုလွဲစေနိုင်တာတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြိုင်ဘက်အဖွဲ့ကဖြစ်စေ၊ ရန်သူကဖြစ်စေ အသုံးချသွားတတ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ပြင်ပမှာ မဟာမိတ်ဆက်ဆံရေးတာဝန်တွေ၊ လူထုဆက်ဆံရေးတာဝန်တွေ သိပ်များတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအကြားမှာ ဒီဆက်ဆံရေးကွက်လပ်တွေ ပိုကြီးတတ်ပါတယ်။ စနစ်တကျနဲ့ မျှမျှတတ ပြန်ချိန်ညှိယူဖို့လိုအပ်ပါတယ်။ မိသားစုမှာတောင် ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ ဦးဆောင်နေသူတယောက်ဟာ ပြင်ပအလုပ်တာဝန်တွေများပြီး၊ ပြင်ပမှာပဲ အချိန်တွေ ပေးနေရလဲ အချိန်ကြာလာတဲ့အခါ မိသားစုထဲမှာ ဖရိုဖရဲဖြစ်တာလေးတွေ ရှိပါတယ်။ အဖွဲ့အစည်းတွေမှာလဲ အဲဒီအတိုင်းပါပဲ။ ခေါင်းဆောင်တွေဟာ ဒီကွက်လပ်ကို ဖြည့်နိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။

(၂) ခေါင်းဆောင်နှင့် မဟာမိတ်ဆက်ဆံရေးကွက်လပ်

ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်တွေဟာ မဟာမိတ်အဖွဲ့အစည်းတွေအကြားမှာလဲ ရေပန်းစားပါတယ်။ ဒါကို အသုံးပြုပြီး မဟာမိတ်ဆက်ဆံရေးကို စနစ်တကျ ထူထောင်ရမှာ ဖြစ်ပါတယ်။ မဟာမိတ်ဆက်ဆံရေးဆိုတာ အဖွဲ့တွေပေါင်းပြီး တပ်ပေါင်းစုတွေဖွဲ့လိုက်၊ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးလိုက်၊ ဟိုကနေဒီ ကူးလူးသွားလာလိုက် လုပ်နေတာနဲ့တင် ပြီးတာ မဟုတ်ပါဘူး။ တဖွဲ့နဲ့ တဖွဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို မထိခိုက်သရွေ့ အပြန်အလှန်နားလည်မှုနဲ့ တဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို တဖွဲ့က ပူးပေါင်းဆောင်ရွက်တာ၊ လိုအပ်တဲ့အကူအညီတွေ အပြန်အလှန်ပေးတာ၊ တူညီတဲ့ လုပ်ငန်းဆောင်တာတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ အဖွဲ့အစည်းတွေအကြား မဟာမိတ်ဆက်ဆံရေးတည်ဆောက်မှုကို ဧည့်သည်အနေနဲ့ တခြား ခေါင်းဆောင်ရဲ့ အဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံမှုတွေနဲ့ မကွဲမပြား ဖြစ်တတ်တာတွေ ရှိပါတယ်။

နာမည်ရှိနေတဲ့ ခေါင်းဆောင်ကို တခြားအဖွဲ့အစည်း ခေါင်းဆောင်တွေက ဖိတ်ခေါ်ချက်တွေရှိပါတယ်။ ဒါတွေဟာ မဟာမိတ်ဆက်ဆံရေးရဲ့ ကနဦးမို့ ဖိတ်ကြားချက်ကို လက်ခံရပါမယ်။ ဒီလိုနဲ့ သွားတွေ့တဲ့အခါ အဲဒီခေါင်းဆောင်တွေရဲ့ အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေနဲ့ တွေ့ပါတယ်။ အိမ်ရှင်တွေက ဧည့်သည်ကို ဧည့်ဝတ်ကျေတာဟာ သဘာဝပါပဲ။ ဒါကို လွန်ကဲစွာ မသာယာမိဖို့ အထူးလိုအပ်ပါတယ်။ အဲဒီအခြေအနေကိုကြည့်ပြီး ကိုယ့်ကိုတော့ ထောက်ခံနေသူတွေများလှချည်ရဲ့လို့ ထင်သွားရင် ပြဿနာစတက် ပါတော့တယ်။ တပ်ပေါင်းစု မဟုတ်ပဲ ဘယ်ခေါင်းဆောင်ကမှ ကိုယ့်အဖွဲ့ဝင်တွေကို ဦးဆောင်ပါတော့လို့ဆိုပြီး ထိုးအပ်မှာ မဟုတ်ပါ။ တပ်ပေါင်းစုအဆင့်ရောက်ဖို့ဆိုတာကလဲ အဆင့်ဆင့်အများကြီး လိုအပ်သေးတာပါ။ ဒီအချက်ကို မမြင်ပဲ သူတပါးအဖွဲ့က လူတွေကို ကိုယ့်လူတွေလို့ မြင်မိရင် ရှော့ခ်ဖြစ်တတ်ပါတယ်။ အဖွဲ့တခုနဲ့ တခုအကြား မဟာမိတ်ဆက်ဆံရေး ထူထောင်နိုင်မှု ခြေလှမ်းအထိ မတက်လှမ်းနိုင်ပဲ ကိုယ်နဲ့ တခြားအဖွဲ့ကြားက ဆက်ဆံရေးပဲ ဖြစ်သွားပါတယ်။ တကယ်တမ်း ဒီလူတွေက ကိုယ့်အင်အားစုတွေဖြစ်လာလားဆိုတော့လဲ မဖြစ်လာပါ။ မဟာမိတ်လဲမဖြစ်၊ တပ်ပေါင်းစုလဲ ဖြစ်မလာနဲ့ synergy လဲ မတက်ပဲ ဟိုသွား၊ ဒီသွား ရုပ်ပြပဲ ဖြစ်နေပါတော့တယ်။ ဒီရုပ်ပြအပေါ်မှာ အချိန်ပေးတာတွေ သိပ်များလာတဲ့အခါကျတော့ ကိုယ့်အဖွဲ့နဲ့ကွင်းဆက်ပြတ်မှုကလဲ ပိုများလာပါတယ်။ နောက်ပြန်လှည့်ကြည့်တော့ ဘယ်သူမှ မရှိတော့တာလဲ ဖြစ်တတ်ပါတယ်။ ရုပ်ပြမဟုတ်ပဲ မဟာမိတ်ဆက်ဆံရေးထူထောင်ဖို့၊ အဲဒီကနေမှ တပ်ပေါင်းစုအဆင့်တွေအထိ တက်လှမ်းဖို့ ကြိုးစားသင့်ကြပါတယ်။

အဖွဲ့အစည်းတခုတည်းတင်မကပဲ လှုပ်ရှားမှုတခုရဲ့ နိုင်ငံခြားဆက်ဆံရေးမှာလဲ ဒီအတိုင်းပါပဲ။ နိုင်ငံတကာကင်ပိန်းဆိုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု၊ ဧည့်ဝတ်ကျေမှုတွေနောက် တကောက်ကောက်လိုက် သာယာရင်း၊ ကိုယ့်လူမျိုးတွေနဲ့ ကွင်းဆက်တွေပြတ်၊ တည်ဆောက်မှုနဲ့ ဆက်ဆံရေး ကွက်လပ်တွေကြီးလာရာက နိုင်ငံခြားဆက်ဆံရေး အခြေအနေပြောင်းသွားလို့ နောက်လှည့်ကြည့်လိုက်တော့ ကျောပဲရှိတဲ့ လှုပ်ရှားမှုတွေလဲ ရှိတတ်ပါတယ်။ ဒါတွေကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်ဘာလဲ၊ ဘာလုပ်မှာလဲ ဆိုတာ သိဖို့က အရေးကြီးဆုံးပါ။

(၃) ခေါင်းဆောင်နဲ့ လူထုဆက်ဆံရေးကွက်လပ်

လူထုစည်းရုံးရေးခရီးစဉ်နဲ့ မဟာမိတ်တည်ဆောက်ရေး ခရီးစဉ်တွေကို တချို့က ကွဲကွဲပြားပြား မမြင်ပါဘူး။ မဟာမိတ်အဖွဲ့တွေနဲ့သွားတွေ့တာ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့တာဟာ လူထုစည်းရုံးရေးခရီးစဉ်လို့ မခေါ်ဆိုနိုင်ပါဘူး။ မြန်မာလူထုဟာ စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်ကို မကျေနပ်တာနဲ့ပဲ တော်လှန်ရေးအင်အားစုဖြစ်နေပြီလို့ တွက်ဆလို့မရပါဘူး။ တော်လှန်ရေးကို ထောက်ခံသူတွေဖြစ်နေပြီလို့ သတ်မှတ်လို့မရပါဘူး။ လူထုအကြားမှာ တော်လှန်ရေးအတွေးအခေါ်၊ တော်လှန်ရေးစိတ်ဓာတ်တွေ ရှင်သန်နိုးကြားလာအောင် တည်ဆောက်ယူရပါတယ်။ တော်လှန်ရေး တိုက်ပွဲပြင်းထန်နေချိန်မှာ figure တွေ ထွက်ကိုထွက်လာရမယ်၊ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေကို စင်တင်ပေးရမယ် ဆိုတာတွေက အမှန်တွေပါပဲ။ ဒါပေမယ့် figure သုံးပြီး၊ တော်လှန်ရေးလှုပ်ရှားမှုစတော့လို့ လူထုကို တိုင်မင်ပေးလို့တော့ ဘယ်တော့မှ ရမှာ မဟုတ်ပါ။ လူထုထဲမှာ တည်ဆောက်ထားတာ မဟုတ်ပဲ တိုင်မင်ခေါ်တဲ့ တော်လှန်ရေး လှုပ်ရှားမှု ဘယ်တော့မှ အချိန်ကြာကြာ တောင့်မခံနိုင်ပါ။ တည်ဆောက်မှုဟာ အလွန်ပဲ အရေးကြီးပါတယ်။

အခုမြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာကတော့ နှစ်နေရာမှာ တည်ဆောက်မှုလိုပါတယ်။ ပြည်တွင်းနဲ့ ပြည်ပပါ။ ပြည်ပမှာ မြန်မာတွေ သန်းနဲ့ချီရှိနေပါတယ်။ သူတို့တွေဟာ နေ့စဉ်နဲ့အမျှ ပြည်တွင်းနဲ့ အသွင်အမျိုးမျိုးနဲ့ ဆက်ဆံနေသူတွေပါ။ နှစ်စဉ် သွားလိုက်ပြန်လိုက် လုပ်နေတဲ့ ကျောင်းသားတွေ၊ ပြည်တွင်းနဲ့ ပြည်ပ လှည့်နေတဲ့ အလုပ်သမားလူတန်းစားတွေ သိန်းသန်းနဲ့ချီပြီး ရှိနေတာပါ။ မြန်မာတထောင်မှာ လုပ်ငန်းရှင် တယောက်ပဲရှိပါတယ်။ အားလုံးဟာ ပြည်တွင်းအခြေအနေအရ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေကြရတဲ့ အလုပ်သမားတွေပါ။ ပြည်တွင်းတည်ဆောက်မှုမှာ အခက်အခဲအမျိုးမျိုး ရှိတယ်ထား၊ ပြည်ပမှာကော လူထုထဲမှာ ဘယ်လောက်အထိ တည်ဆောက်ထားသလဲ။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ လူဟောင်းတွေနဲ့လည်နေသလား၊ လူသစ်တွေ ပါလာသလား။ အနည်းဆုံးအဖွဲ့ဝင်မဟုတ်ရင်တောင် ဒေသဆိုင်ရာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေအပေါ်မှာကော သူတို့တွေက ထောက်ခံကြသလား။ ဘယ်လို ထင်မြင်ချက်ရှိကြသလဲ။ စည်းရုံးရေးခရီးစဉ်အမည်တပ်ပြီး ခရီးထွက်နေကြတဲ့ ခေါင်းဆောင်တွေကကော နဂိုရှိပြီးသားလူတွေနဲ့ပဲ တွေ့လိုက်ဆုံလိုက်၊ အစည်းအဝေးကျင်းပလိုက်၊ ငြင်းလိုက်ခုန်လိုက်တွေ လုပ်နေကြသလား (သို့မဟုတ်) သက်ဆိုင်ရာနယ်မြေက ကျောင်းသားခေါင်းဆောင်တွေ၊ လူ့အဖွဲ့ အစည်းခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူအများကို သြဇာလွှမ်းမိုးသူတွေနဲ့ တွေ့ဆုံဖို့ကိုကော ကြိုးပမ်းမှုတွေ ရှိသလား ဆိုတာတွေက ပြည်ပလူထုနဲ့ တော်လှန်ရေးအကြားက၊ ခေါင်းဆောင်တွေအကြားက ကွက်လပ်ကြီးငယ်ပမာဏကို ပြသနိုင်ပါတယ်။

ဒီနေရာမှာ လူတွေက ကြောက်နေလို့၊ မဆက်သွယ်ရဲကြဘူးလို့ ဆိုတတ်ကြပါတယ်။ လူတွေဟာ အကြောက်တရားကို အရေးပေါ်အချိန်တွေနဲ့ ခံပြင်းမှုတွေဖြစ်လာချိန်တွေမှာ ကျော်လွှား တတ်လေ့ရှိကြပါတယ်။ အမြင့်ကြောက်သူကလဲ မီးလောင်ချိန်မှာ ထွက်ပေါက်မရှိရင် ခုန်ချတာပဲ။ ကျောင်းစာမေးပွဲကြောက်သူတွေကလဲ အလုပ်ခွင်စာမေးပွဲကို ဖြေကြရတာပဲ။ ဒီလိုပဲ လူတွေဟာ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ ခေါင်းဆောင်တွေအပေါ် လေးစားမှုပေါ်မှာ မူုတည်ပြီးတော့လဲ အကြောက်တရားကို ဖယ်ရှားပြီး စွန့်စားလေ့ရှိကြတယ်။ ပြည်ပမှာ ရပ်ကွက်ထဲအထိ အာဏာရှင်စနစ်ရောက်နေတာ မဟုတ်ပါဘူး။ ဆန္ဒမှန်နဲ့ တော်လှန်ရေးအပေါ် ယုံကြည်ချက် ထွက်ပေါ်လာရင် ကျော်လွှားရတဲ့ အကာအရံတွေ သိပ်မများလှပါဘူး။ ဒီတော့ လူတွေကို ကြောက်တယ်ဆိုမယ့်အစား ဒီလူတွေရဲ့ ယုံကြည်မှုနဲ့ လေးစားမှုရအောင်ကော ကိုယ့်ဘက်က ဘယ်လောက်ပြင်ဆင်ထားခဲ့သလဲ၊ လူထုအတွင်းမှာ တော်လှန်ရေးအတွေးအခေါ်တွေ နိုးကြားလာအောင် ဘာတွေ လုပ်ပြီးပြီလဲဆိုတာ ခေါင်းဆောင်တွေ ကိုယ့်ဘာသာကို ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။

ပြည်တွင်းလူထုဆက်ဆံရေးအပိုင်းကတော့ ပြည်ပခေါင်းဆောင်နဲ့ ပြည်တွင်းလူထု၊ ပြည်တွင်း ခေါင်းဆောင်တွေနဲ့ ပြည်တွင်းလူထုအကြား ဆက်ဆံရေး တည်ဆောက်မှုတွေ ဖြစ်ပါတယ်။ ပြည်ပခေါင်းဆောင်နဲ့ ပြည်တွင်းလူထုအကြား ဆက်ဆံရေးကတော့ မီဒီယာကို အသုံးပြုပြီး တည်ဆောက်တာ များပါတယ်။ ဒီနေရာမှာ လူထုကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးမိဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ ယူဂျီများကနေ ရတဲ့ လူထုကြီးရဲ့ အခြေအနေကို သုံးသပ်ချက် စာတမ်းတွေအပေါ် အခြေခံပြီးမှ ကိုက်ညီမယ့်၊ လိုက်လျောညီထွေရှိမယ့် သတင်းစကားကို ပေးနိုင်ဖို့လိုပါတယ်။ မဖြစ်နိုင်တာတွေကို ငါ့စကားနွားရသွားပြောမိရင် လူထုက ယုံကြည်မှုလျော့ပါးသွားပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ တော်လှန်ရေးအန္တရာယ်ပါပဲ။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကို သူတပါးကို သွားပေးတာဟာ အဆိပ်သင့်စေနိုင်ပါတယ်။ မရှိဆင်းရဲသူကို မဟုတ်ကဟုတ်ကတွေရေးထားတဲ့ သိုက်စာသွားပေးတာနဲ့ တူပါတယ်။ စားစရာ မရှိပါဘူးဆိုမှ၊ ရွှေဒင်္ဂါးရမယ်၊ ညသန်းခေါင် တောထဲသွားပြီး သိုက်သွားတူး လို့ ဆိုတာမျိုးလိုပါပဲ။ လူထုကို မကူညီရင်နေပါ။ မနှောင့်ယှက်သင့်ပါ။

ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို ပြည်ပရောက်ပြီး မသိဘူးဆိုတာတွေက မဖြစ်နိုင်ပါ။ သံတမန် နည်းလမ်းတွေ မထိရောက်နိုင်ဘူးဆိုတာကလဲ စိတ်ဖောက်ပြန်နေတာမဟုတ်တဲ့ နိုင်ငံရေး သမားတိုင်း သိနိုင်ပါတယ်။ ဒါကို အမေရိကန်တပ်တွေပဲ ၀င်လာတော့မလိုလို၊ ကုလသမဂ္ဂက လုံခြုံရေးကောင်စီကြီးကပဲ မြန်မာပြည်ကြီးကို ကယ်တင်တော့မလိုလို၊ အိုင်စီစီကပဲ စစ်အုပ်စု ခေါင်းဆောင်တွေကို နေ့ချင်းညချင်း သေဒဏ်ပေးတော့မလို ပြောနေကြတာက မကောင်းပါ။ လူထုမှာလဲ မျှော်ရင်း၊ မျှော်ရင်းနဲ့ အချိန်တန်လို့ အော်သံတွေစဲသွားပြန်တော့ တော်လှန်ရေး မအောင်မြင်တာပဲ လူထုက ကြောက်နေလို့လိုလိုပြောရင်း နိဂုံးချုပ်သွားကြပြန်ပါတယ်။ မီဒီယာနဲ့ မဟုတ်ပဲ ယူဂျီ၊ ယူဂျီဆိုသူများကလဲ ယူဂျီအလုပ်ကို တကယ်လုပ်ပြီး တည်ဆောက်တဲ့ ယူဂျီအုပ်စုထားရှိဖို့ လိုပါတယ်။ သတင်းသမားယူဂျီနဲ့ တည်ဆောက်ရေးယူဂျီအသွင် သဏ္ဍာန်မတူပါ။ ကွဲကွဲပြားပြားရှိဖို့ လိုပါတယ်။ အချိန်မတန်ပဲ ကိုယ့်လူတွေ ပါမသွားအောင် အထူးဂရုစိုက်သင့်ပါတယ်။ ပြည်တွင်းခေါင်းဆောင်များနဲ့ လူထုအကြားဆက်ဆံရေးကတော့ တည်ဆောက်မှုအပိုင်း၊ ယုံကြည်လေးစားမှုအပိုင်းတွေအပြင် အခြေအနေအချိန်အခါနဲ့အညီ လျှို့ဝှက် ဆက်ဆံရေး အပိုင်းတွေ ပါတာမို့ အကျယ်မချဲ့လိုတော့ပါ။ လူထုရဲ့ အခြေအနေမှန်ကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရင် တော်လှန်ရေးတခုမှာ အဆုံးသတ်အောင်ပွဲတွေအတွက် ခေါင်းဆောင်တွေအဓိကကျပါတယ်။ ခေါင်းဆောင်ဆိုတာမှာ ရှိပြီးသားခေါင်းဆောင်တွေ ပါဝင်သလို၊ လှုပ်ရှားမှုမှာမှ ထွက်ပေါ်လာတဲ့ အရေးတော်ပုံ ခေါင်းဆောင်တွေလဲ ရှိပါတယ်။ အခုဆောင်းပါးကတော့ ရှိပြီးသား ခေါင်းဆောင်တွေအနေနဲ့ လိုအပ်နေတဲ့ ဆက်ဆံရေးကွက်လပ်တွေကို ဖြည့်ဆည်းဖို့ လိုအပ်လှပါကြောင်း လေးစားစွာ တိုက်တွန်းခြင်းသာ ဖြစ်ပါတယ်။

ခင်မမမျိုး (၂၃၊ ၁၀၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP