ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ကျွန်မ၏ ဆရာများ

Tuesday, October 6, 2009

ကမ္ဘာ့ဆရာများနေ့ဖြစ်တဲ့ အောက်တိုဘာလ (၅) ရက်နေ့ ။

ဒီနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွန်မ ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ မြို့နယ်ကောင်စီ၊ မိသားစုလေ့လာသင်ယူရေး ကော်မတီရဲ့ လစဉ်အစည်းအဝေး ရှိနေခဲ့ပါတယ်။ ဒါကြောင့်လဲ ညနေပိုင်း အိမ်ပြန်ရောက်တာနဲ့ သားလေးကို မုန့်ကျွေးပြီး အစည်းအဝေးကို ပြန်ထွက်ခဲ့ပါတယ်။ ကျွန်မတို့ ကော်မတီလေးမှာ အမျိုးသမီးလေး၊ ငါး၊ ခြောက်ယောက်ပဲ ပါဝင်တာ ဆိုပေမယ့် အလုပ်က အများသား။ ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ အဆိုအမိန့်လေးတွေ ရှိပါတယ်။ “သန်းရှာအတင်းတုပ်၊ မိန်းမအလုပ်“ ဆိုတဲ့ စကား။ ဒီအဆိုအမိန့်တွေဟာ အမျိုးသမီးတွေရဲ့အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပြက်ရယ်ပြုတာပဲ ဖြစ်ပါတယ်။



ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ အမျိုးသမီးအနည်းငယ် စုပေါင်းပြီး တလမှာ တခါ နှစ်နာရီကြာ စုဝေးစည်းဝေးတာ၊ ခြောက်နာရီကြာ အချိန်ပေးပြီး အလုပ်တာဝန်တွေ ခွဲဝေယူဆောင်ရွက်တဲ့ ရလာဒ်ဟာ အခုနှစ်နှစ်အတွင်းမှာ ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်း၊ ပညာအခြေခံနည်းသူ မိဘများအတွက် သားသမီးတွေရဲ့ အိမ်စာကို ကူပေးနိုင်ဖို့ ပို့ချတဲ့ သင်္ချာနဲ့ အင်္ဂလိပ်စာသင်တန်း၊ အိမ်ရှင်မ မိခင်တွေ တချိန်မှာ သားသမီးတွေ ကြီးလာတဲ့အခါ အလုပ်ခွင်ဝင်ဖို့ အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပေးတဲ့ သင်တန်း၊ အချိန်အခါနဲ့အလိုက်ကျင်းပတဲ့ ကလေးသူငယ် ပျော်ပွဲရွှင်ပွဲ စတာမျိုးလေးတွေ တစတစ ပေါ်ထွက်လာနေခဲ့ပြီ ဖြစ်ပါတယ်။ အသားအရောင်၊ ဘာသာစကား၊ မွေးဖွားဇာတိ မတူကြပေမယ့် တူညီတဲ့ ရည်မှန်းချက်၊ တူညီတဲ့ ပန်းတိုင်ကို ကိုင်စွဲပြီး ရေသာမခို၊ အချိန်အလဟဿ အဖြစ်မခံပဲ ကိုယ်လုပ်စရာရှိတာကို စေတနာထား လုပ်ကိုင်ကြတာကြောင့် လုပ်ငန်းကြီးတွေရဲ့ အလှူငွေတွေလဲ တိုးတိုးပွားပွား လက်ခံရရှိလာပါတယ်။ ဒါကြောင့်လဲ တချိန်မှာ social enterprise အထိ ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လစဉ်အစည်းအဝေးတိုင်းကို မပျက်ကွက်အောင် ဂရုတစိုက်နဲ့ ကျွန်မတက်နေမိခဲ့ပါတယ်။ မွေးဖွား ခဲ့တဲ့ အမိမြေ မဟုတ်ပေမယ့်လဲ ဒီမြို့လေးဟာ ကျွန်မကို အရိပ်ခိုခွင့်ပေးထားတဲ့ မွေးစားမြို့လေး။ ဒီမြို့ရဲ့ ရပ်ရေးရွာရေး ဟာ မြို့တွင်းမှာ နေထိုင်သူအားလုံးရဲ့ အရေးပဲလို့ ကျွန်မခံယူမိတယ်။ ခေတ္တနားခိုရာ မြို့လေးဖြစ်တဲ့ ဒီမြို့လေးကိုတောင် ဒီလောက် သံယောဇဉ် ကြီးမိတဲ့ ကျွန်မ။ မွေးဖွားကြီးပြင်း၊ ပညာရည်နို့သောက်စို့ခဲ့ရတဲ့ မြို့လေးကိုဆိုရင်တော့ လွမ်းလိုက်ပါဘိ။ တခါတရံများ အိပ်မက်တွေထဲအထိ မြို့လေးက အလည်ရောက်လာတတ်တယ်။ ဒီအလွမ်းဓာတ်ခံလေးကို ဆွပေးခဲ့တာကတော့ ကျွန်မတွေ့ခဲ့ရတဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် e-card လေးပါ။ ကော်မတီဝင်တယောက်ဖြစ်တဲ့ ရှိုနာက ဂျီစီအက်စ်အီးသင်တဲ့ ဆရာမ။ သူက သူ့ကွန်ပျူတာထဲက ကတ်လေးကို ကျွန်မကို ပြတယ်။ သူ့တပည့်လေးတယောက်က ပို့ပေးတာဆိုပဲ။ သူလဲ သူ့ secondary school က ဆရာတချို့ရဲ့ အီးမေးလ်တွေဆီ ညကျရင် ပို့ပေးဦးမယ်တဲ့။ ကျွန်မကိုကော မပို့ဖူးလားမေးတယ်။ ပို့ချင်တယ်။ ဖြစ်နိုင်ရင် ပို့ရုံတောင် မဟုတ်ဘူး။ လူကိုယ်တိုင်ကို သွားပြီး Respect ပေးချင်တာပါလို့ ပြောလိုက်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေ မလုပ်နိုင်ခင်မှာ ကျွန်မလုပ်နိုင်တာကတော့ ဒီစာစုလေး ရေးတာပဲ ထင်ပါရဲ့။

(၁)
“ခင်မမမျိုး။ အိမ်က ကားမပါဘူးလား“
ရုတ်တရက် လိုင်းကားပေါ်မှာ တွေ့လိုက်ရလို့ အံ့သြဟန်နဲ့ ဆရာမက မေးတယ်။ ကျွန်မကလဲ ဆရာမနဲ့ မမျှော်လင့်ပဲ တွေ့လိုက်ရလို့ အဖြေရခက်သွားတယ်။ ကျွန်မဘေးမှာက ကျွန်မရဲ့ ချစ်သူ။ ကားမောင်းသမားကို ဈေးမှာရပ်ခိုင်း၊ ဈေးဝယ်မယ်ဆိုပြီး စောင့်ခိုင်း၊ ဈေးရဲ့ တခြားအပေါက်ကနေ ထွက်ပြီးမှ ချစ်သူနဲ့ လျှောက်လည်ရတဲ့ ကျွန်မအခြေအနေကို ဆရာမကို ဘယ်လို ပြောရပ။ ဒီကာလက တက္ကသိုလ်တွေ အားလုံးပိတ်ထားတဲ့ ကာလ။ ကျွန်မအတွက်ဆိုရင်တော့ ဘ၀ပင်လယ်ကြီးကို လှေငယ်တစင်းနဲ့ လှော်ထွက်ပြီး အရာရာကို စူးစမ်းနေတဲ့ ကာလ။

“ဟို- ကားမောင်းသမား အလုပ်ထွက်သွားလို့ပါ ဆရာမ။ အသစ်ရှာနေတာ“
“သြော်- ကားမောင်းသမား မရှိလို့လား။ ဟုတ်တယ်။ အခုအချိန်ကလဲ ကားမောင်းသမားတွေ ရှားတယ်။ ဒါနဲ့ သမီး အမေကော နေကောင်းလား“
“ကောင်းပါတယ်ရှင့်“
“ဆရာမနှုတ်ဆက်တယ်ပြောပေးနော်“
ပြန်ပြောဖြစ်မှာ မဟုတ်မှန်းသေချာပေမယ့် ကျွန်မ အလိုလို ခေါင်း ညိတ်မိသွားတယ်။

“မှတ်တိုင်ရောက်ပြီညီမလေး။ ဆင်းရအောင်“
ဘေးက ချစ်သူက ဆရာမကိုလဲ ခေါင်းညိတ်နှုတ်ဆက်ရင်း ကျွန်မကို လှမ်းပြောတာမို့ ဆရာမကို နှုတ်ဆက်လိုက်မိတယ်။ အမြန်ယာဉ်ငယ်လိုင်းကား နောက်ခန်းကနေ ချစ်သူကမ်းပေးတဲ့ လက်ကို အားပြုရင်း ခုန်ဆင်းလိုက်တဲ့ ကျွန်မကို ဆရာမ လှမ်းကြည့်ပြီး ကျန်ရစ်နေမလား။ သူ့တပည့်မတယောက်တောင် အရွယ်ရောက်ပြီး ဘ၀အဖော်ရှိနေပြီပဲ လို့ တွေးနေမလား။ ကျွန်မမသိ။ ဒီတုန်းကတော့ ဘ၀ဆိုတာ ကိုယ်စီမံတဲ့အတိုင်း ဖြစ်လာမှာပဲလို့ မျှော်လင့်ခဲ့မိတာမို့ တချိန် မင်္ဂလာဆောင်တဲ့အခါ ဆရာမကို ဖိတ်ရမယ်လို့တောင် တွေးလိုက်မိသေး။ ဘာပဲဖြစ်ဖြစ် မဖြစ်သာလို့ လိမ်ပြောခဲ့ရတာကို ခွင့်လွှတ်ပါလို့တော့ ရင်ထဲက တောင်းပန်ခဲ့မိတာ အသေအချာပါ။

သူငယ်တန်းဆရာမဖြစ်တာမို့ စာသင်ခန်းအတွေ့အကြုံလေးတွေကိုတော့ မမှတ်မိတော့ပါဘူး။ ငယ်ဘ၀က ဆရာမနဲ့ ပတ်သက်ပြီး တခုတော့ မှတ်မိနေသေးတယ်။ ငယ်ငယ်တုန်းက ကျွန်မအဖိုးက ကျွန်မကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွေ အမြဲပြောပြတတ်တယ်။ ဒီအထဲမှာ ကေအင်ဒီအိုတို့၊ အင်းစိန်တိုက်ပွဲတို့တွေလဲ ပါတယ်။ ကျွန်မအတွက် အိယ်ယာဝင်ပုံပြင်ဆိုတာတွေက မားဂရက်သက်ချာတို့၊ ဂိုဘာချော့တို့တွေ။ ဒီတော့ ကျွန်မက အဖိုးကို ကေအင်ဒီအို ဆရာမနဲ့ စာသင်ရတယ်လို့ ဆိုဖူးသတဲ့။ အရွယ်ငယ်သေးတော့ လူမျိုးနဲ့ အဖွဲ့အစည်းတွေကို ကျွန်မကွဲကွဲပြားပြား သိဦးမှာ မဟုတ်။ အခု ကျွန်မရဲ့ သားလေး သုံးလေးနှစ်ကျရင်တော့ ဘာတွေ ပြောမယ်မသိ။ ကျွန်မအဲဒီအရွယ်တုန်းကတော့ အိမ်လာတဲ့ ဧည့်သည်တွေကို စစ်အေးတိုက်ပွဲတွေအကြောင်း၊ အိုင်အာအေအကြောင်း ပြောပြီး ဧည့်ခံတယ်လို့ အဖွားက ပြန်ပြောပြဖူးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကေအင်ဒီအို ဆရာမလို့ ကျွန်မအမည်သတ်မှတ်ခဲ့ဖူးတဲ့ ရိုးသားအေးဆေးတဲ့ ကရင်အမျိုးသမီး ဆရာမ ဒေါ်နော်ထူးဆေးကို ဒီစာလေးနဲ့ ဂါရ၀ပြုမိပါတယ်။

(၂)
တတန်းရောက်တော့ ကျွန်မရဲ့ အတန်းပိုင်ဆရာမက ရှမ်းလူမျိုး ဒေါ်စ၀်သိန်းကြည်။ ဆရာမနဲ့ ပတ်သက်ပြီး နာမည်က လွဲလို့ တိတိပပ မမှတ်မိပေမယ့်၊ အရွယ်ရောက်လာပြီးနောက်ပိုင်း ရှင်ပြုနားသပွဲတွေ၊ မင်္ဂလာ အခမ်းအနားတွေမှာ တခါတရံ ဆရာမနဲ့ ဆုံမိတတ်တယ်။ ငယ်ငယ်တုန်းက အက်စ်အက်စ်အေ ဆရာမလို့များ အဖိုးကို ပြန်ပြောမိခဲ့သလားလို့တော့ သံသယဖြစ်မိသား။ ဆယ်တန်းအောင်ပြီး ငယ်ငယ်တုန်းက စာအုပ်ဟောင်း သေတ္တာတွေ ရှင်းရင်းနဲ့ ဗလာစာအုပ်တခုကို တွေ့မိတယ်။ စာအုပ်ထဲမှာက အဲဒီခေတ်ကာလ စစ်ဆင်ရေးတွေတုန်းက မြေပုံတွေပါတဲ့ သတင်းစာဟောင်းတွေ ဖြတ်ညှပ်ကပ်ထားတာ။ ကြူကုတ်-ပန်ဆိုင်း၊ ပါဂျို-နားဖော့၊ ဘုရားသုံးဆူ၊ မိုးဟိန်းစစ်ဆင်ရေး စတဲ့ စာလုံးလေးတွေကိုလဲ ကလေးလက်ရေးလေးတွေနဲ့ တွေ့ရတယ်။ ကျွန်မငယ်စဉ်ဘ၀မှာ ဒါတွေကို ဘာကြောင့် စိတ်ဝင်စား ခဲ့မိပါလိမ့်။ စဉ်းစားလို့ မရဘူး။

ကျွန်မရဲ့ နှစ်တန်းဆရာမကကျတော့ အင်းသားဆရာမ ဒေါ်ခင်ခင်စိုး။ ဆရာမနဲ့ ပတ်သက်ပြီး သိပ်မမှတ်မိပေမယ့် အရမ်းထက်ပြီး စည်းကမ်းကြီးတဲ့ ဆရာမတယောက်အနေနဲ့ စိတ်ထဲက ခံစားလို့ ရနေခဲ့တယ်။ ဆရာကန်တော့ပွဲမှာ စကားများလို့ဆိုပြီး ကျွန်မနဲ့ တခြားနှစ်ယောက် အရိုက်ခံခဲ့ရတာကိုလဲ မှတ်မိတယ်။ ကျွန်မဘ၀မှာ ပထမဆုံး အရိုက်ခံခဲ့ရဘူးတာ ဖြစ်လိမ့်မယ်။ ဆရာမကနောက်ပိုင်းမှာ ကျောင်းအုပ်ကြီး ရုံးခန်း ဆရာမဖြစ်တာမို့ ရုံးခန်းရောက်တိုင်း ကျွန်မနဲ့ အမြဲ တွေ့ရတယ်။ တကျောင်းလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဆရာမကြီးကို ကျွန်မစိတ်ထဲ ကြောက်စိတ်မ၀င်မိပဲ ဆရာမနဲ့ အ၀င်ဝမှာ တွေ့ရတာကို စိတ်ထဲ ရှိန်နေမိခဲ့တာတော့ ဘာကြောင့်လဲ မသိ။

ကျွန်မသုံးတန်းရောက်တော့ ဆရာမက ဒေါ်အုန်းကြည်။ ညနေကျောင်းဆင်းရင်း ဆရာမဆီမှာ ကျူရှင်သွားတက်ကြရတာလဲ မှတ်မိနေသေးတယ်။ မှတ်မိဆို ဒီလိုကျူရှင်တက်ရတာနဲ့ ပတ်သက်ပြီး ကျွန်မနဲ့ ကျွန်မမိသားစုနဲ့ သဘောထားကွဲလွဲခဲ့ဖူးတာကိုး။ ဆရာမအိမ်က ကျောင်းနဲ့ ငါးမိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ်။ ဒါပေမယ့် ကျွန်မအိမ်က မရဘူး။ ညနေကျောင်းဆင်းချိန်ကို တကူးတက လာကြိုပြီး၊ ဒီငါးမိနစ်ခရီးကို ကားနဲ့ ပို့တယ်။ ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းသားတွေက အများကြီး။ လူစဲချိန်မှ ကားမောင်းလို့ရတော့ ကျူရှင်ရောက်ရင် ကျွန်မက နောက်ဆုံးမှရောက်တယ်။ သူငယ်ချင်းတွေက ကြိုရောက်နှင့်နေကြပြီ။ တခါတလေ သူငယ်ချင်းတွေက လမ်းပေါ်မှာ။ ကျွန်မကားက traffic စောင့်ရင်း ဆုံကြရော။ ကျွန်မစိတ်ထဲ ဘယ်လိုနေမှန်းကို မသိဘူး။ ခြေထောက်လဲ မပါတာမဟုတ်။ ကိုယ်က ကားပေါ်မှာ ငုတ်တုတ်နဲ့ သူတို့က လမ်းလျှောက်သွားနေတာကို ထိုင်ကြည့်နေရတယ်။ ကျွန်မမိသားစုနဲ့ ကျွန်မအကြားက တချို့သော လူမှုရေးပဋ္ဋိပက္ခလေးတွေက မပြောပလောက်တဲ့ ဒီလိုကိစ္စမျိုးလေးတွေပါ။ ဒါနဲ့ တရက်တော့ ကျွန်မလဲ ကျောင်းအဆင်းမှာ ကားပေါ်မတက်ပဲ သူငယ်ချင်းတွေနဲ့ ဆင်းလျှောက်တယ်။ ကျွန်မက လမ်းလျှောက်၊ အိမ်က ကားက ဘေးကလိုက်၊ နောက်က ကားတွေက ဟွန်းတီးနဲ့ ရှုပ်ပွနေတာပဲ။ နောက်ဆုံးတော့ ဆရာမကို အိမ်ကတိုင်တာမို့ ဒီလိုမလုပ်ရဘူးဆိုပြီး ဆရာမက ကျွန်မကို ရိုက်တာနဲ့ ဒီပဋ္ဋိပက္ခတွေ ပြီးဆုံးသွားပါရော။

ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာမတို့ကို စိတ်ထဲက မှန်းရော်ပြီး ဂါရ၀ပြုပါတယ်။

(၄)

“ဒီကုလား-ဗမာ အရေးအခင်းနဲ့တော့ ပြီးမယ်မထင်ဘူးဆရာမ။ ဆယ်တန်းက မ--- တို့လဲ ကျောင်းသား သပိတ်မှောက်မယ်လို့ သမီးကို ပြောတယ်။ ဗိုလ်အောင်ကျော်တို့တုန်းကလဲ ဒီလိုပဲ နေမှာနော်“

ဒီစကားတွေကို ကျွန်မအားရပါးရ ထိုင်ပြောခဲ့တာက လေးတန်းဆရာမ ဒေါ်ခင်ငြိမ်း။ အဲဒီနေ့တုန်းက မြို့ထဲမှာ မွတ်စလင်- မြန်မာ တွေအကြားနားလည်မှုလွဲပြီး တိုက်ခိုက်မှုတွေရှိခဲ့တယ်။ ဒီတုန်းကတော့ ဒါတွေဟာ အရှိန်တညီးညီးဖြစ်နေတဲ့ လူထုအရေးတော်ပုံကြီးကို လမ်းလွှဲဖို့ အစိုးရရဲ့ ကြိုးပမ်းချက်ဆိုတာ မတွေးမိတတ်ခဲ့သေး။ အဲဒီနေ့က မိဘတွေကို ကလေးတွေ လာပြန်ခေါ်ခိုင်းတာမို့ အိမ်က လာအခေါ်ကို စောင့်နေရင်း ဆရာမနဲ့ စကားဖောင်ဖွဲ့နေခဲ့တာပါ။ လေးတန်းကာလမှာ ရှစ်လေးလုံးဖြစ်ခဲ့တာမို့ ဆရာမအတန်းမှာ နှစ်နှစ်နေခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတုန်းက ဘာတွေ ဖြစ်နေမှန်း သေချာ မသိပေမယ့် ကျွန်မမှာ စိတ်ဝင်စားလို့ မဆုံး။ လူအုပ်ကြီးတွေရဲ့ တို့အရေးအသံတွေ၊ တောင်ကြီးဘောလုံးကွင်းထဲက တရားဟောသံတွေက အိမ်ထဲကနေ ကြားနေရတယ်။ ဒီတုန်းက အိမ်မှာ ပါပလစ်ကာ ကားပိုလေးတစင်းရှိတယ်။ မောင်းရတာ ပေါ့ပေါ့ပါးပါးရှိလို့ဆိုပြီး တခါတလေ ကားမောင်းသမား မလာတဲ့အချိန် မေမေမောင်းတာ။ ကျွန်မက မြို့ထဲသွားရင် ကားနောက်ခန်းမှာပဲ တက်စီးတယ်။ ဈေးနား ကားရပ်ချိန်ဆို လက်ကမ်းစာစောင်၊ သတင်းစာတွေ အများကြီးရတာပဲ။ စစ်တပ်က အာဏာမသိမ်းခင်မှာပဲ ကျွန်မအိမ်မှာလဲ အာဏာသိမ်းပွဲဖြစ်တယ်။ ဆုံးသွားပြီဖြစ်တဲ့ အဖိုးရဲ့ အခန်းကို ကျွန်မအပိုင် သိမ်းလိုက်တာပါ။ စာအုပ်တွေ၊ သတင်းစာဟောင်းတွေ အများကြီးပဲ။ စာတွေဖတ်ရလွန်းလို့ ထမင်းမေ့၊ ဟင်းမေ့တောင်ဖြစ်တယ်။ တခြားကစားစရာတွေကို ကျွန်မ စွန့်ခွာလိုက်တယ်။ ကျွန်မရဲ့ ကစားစရာတွေက စာအုပ်တွေပဲဖြစ်လာတယ်။ စာအုပ်တွေကလဲ စုံမှစုံ။ အနာဂတ်သာသနာရေး၊ အရှေ့ဘက်မှ နေ၀န်းထွက်သည့်ပမာ၊ သူမ၊ စစ်နဲ့ ငြိမ်းချမ်းရေး။ ကျွန်မသိပ်ကြိုက်တဲ့ စာအုပ်တွေ။ ဒီတုန်းက ရဲရဲတောက် သီချင်းက သိပ်ခေတ်စားတာ။ ဗမာဆို ဓားကိုဆွဲလို့ ထွက်ဖို့တော်ပြီလေ။ ဆိုတဲ့ အသံကို ကြားရရင် ကြက်သီးမွေးညင်းတွေ ထလာတယ်။ အဖိုးဆီမှာရှိတဲ့ ဂျပန်ခေတ်က ဓားရှည်ကြီးကို သွားသွားမြင်မိတယ်။ အဖိုးမဆုံးခင်တုန်းက ဒီဓားကြီးတွေကို သံချေးမတက်အောင် တသသ ပွတ်တိုက်နေကြ။ ကျွန်မကလဲ ဘေးမှာ ထိုင်ပြီးကြည့်နေကြ။

ဒီလိုနဲ့ အာဏာသိမ်းပွဲဖြစ်လာတယ်။ ညသန်းခေါင်ယံမှာကြားရတဲ့ သေနတ်သံ ဆယ့်ခြောက်ချက်ကို မှတ်မိနေဆဲပဲ။ မေမေက တိုက်ပွဲများဖြစ်တာလား၊ တောင်ကြီးမြို့များ အစီးခံလိုက်ရပြီလားဆိုပြီး သေနတ်သံတွေကို လိုက်ရေတွက်ခဲ့တာကိုး။ နောက်တနေ့ မှာ ပူတင်းစားနေတုန်း သေနတ်သံတွေ ထပ်ကြားရပြန်တယ်။ မေမေ့မိတ်ဆွေက ဖုန်းဆက်တယ်။ ညနေ ဆေးခန်းမသွားပါနဲ့။ ပစ်နေကြပြီ။ ဖမ်းနေကြပြီတဲ့။ မေမေ့မိတ်ဆွေအများကြီးပဲ အဖမ်းခံရတာလဲ မှတ်မိပါသေးရဲ့။

ဒီလိုနဲ့ပဲ လေးတန်းမှာ နှစ်နှစ်ဆိုတော့ ဆရာမနဲ့ ပိုရင်းနှီးခဲ့တယ် ဆိုရမလားပဲ။ ကျောင်းပိတ်ချိန်တွေမှာလဲ ဆရာမဆီ ရောက်ဖြစ်ခဲ့တာကိုး။ ဒါပေမယ့် စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင် ဆရာမက တခါမှ လျှော့မပေးခဲ့ဘူး။ ပိုပြီး အထုအထောင်းခံရတယ်။ ဒီတုန်းက အင်္ဂလိပ်စာမှာ verb တွေ အလွတ်ကျက်ရတယ်။ ဆရာမခေါ်လိုက်တဲ့ စကားလုံးကို ချရေးပြီးရင် past tense, present perfect tense တွေပါ ရေးရတယ်။ မှားရင် တလုံးမှားတချက်။ ကျွန်မကိုကျတော့ တလုံးမှား ငါးချက်ဆိုလို့ အသေကျက်လိုက်ရတာ မပြောပါနဲ့တော့။ သီတင်းကျွတ်မှာ သွားကန်တော့တုန်းက အင်္ဂလိပ်စာ သဒ္ဒါစာအုပ်သေးသေးလေး ငါးအုပ်ကို လက်ဆောင်ပေးတယ်။ ငါးတန်းမတက်ခင် ကျောင်းပိတ်တော့ ဒီစာအုပ်လေးတွေက ကျွန်မအတွက် သိပ်အဖိုးတန်လာတယ်။ ဒါလေးတွေကို လေ့ကျင့်ရင်း Readers Digest ထဲက စာလေးတချို့ကို မြည်းစမ်းတတ်လာခဲ့လို့ပါ။ နိုင်ငံခြားထွက်လာပြီး နောက်ပိုင်းမှာ အင်္ဂလိပ်စာလေးတွေ ရေးတိုင်း ဆရာမကျေးဇူးကို အမြဲသတိရနေတာ အသေအချာပါပဲ။

(၅)
ငါးတန်းရောက်တော့ ကျောင်းမှာ ထူးထူးခြားခြားလေးတွေ ဖြစ်လာတယ်။ အရင်တုန်းကလို ဆရာမတယောက်တည်းက မသင်တော့ဘူး။ အတန်းပိုင်ဆရာမ ဒေါ်မြသန်းက သင်္ချာသင်တယ်။ တခြားဘာသာရပ်မျိုးစုံမှာ ဆရာမတွေအများကြီးပဲ။ ဒီနှစ်မှာ မှတ်မှတ်ရရ ဘာမှတော့ သိပ်မရှိ။ စာအုပ်တွေနဲ့ ကျွန်မအလုပ်ရှုပ်နေတယ်။ ကျောင်းစာကိုလဲ သိပ်စိတ်မ၀င်စားတော့ဘူး။ သုံးတန်းတုန်းကလဲ ဒီမင်းတုန်းမင်း၊ သီပေါမင်းပါတော်မူတာတွေပဲ။ ငါးတန်းရောက်တော့လဲ ဒါတွေပဲဆိုတော့ ပျင်းလာတယ်။ ဒါနဲ့ပဲ လူကြီးသူမတွေမေးတော့ ဦးကုလားစာအုပ်ကို ညွှန်းကြတယ်။ ရှာဖတ်ဖြစ်တယ်။ မရောင့်ရဲနိုင်ဘူး။ ပြီးတော့ ကျွန်မက လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတွေ၊ ကမ္ဘာစစ်အကြောင်းတွေကို သိပ်စိတ်ဝင်စားနေတာ။ ဒါနဲ့ပဲ ကားမောင်းသမားတွေကို စာအုပ်အငှားဆိုင်တွေဆီ ပို့ခိုင်းတော့တာပဲ။ ဘာသာပြန်စာအုပ်တွေဆို သိပ်ကြိုက်တာပဲ။ မောင်ထွန်းသူ ဘာသာပြန်တာတွေ ဖတ်ဖြစ်တာများတယ်။ ကာကွယ်ရေးနဲ့ လူမှုရေး ဆေးပညာစာစောင်ဟောင်းတွေ၊ စစ်ပညာဂျာနယ်ဟောင်းတွေ၊ သွေးသောက်မဂ္ဂဇင်းဟောင်းတွေကိုလဲ ဆိုင်တွေရဲ့ ချောင်ကြိုချောင်ကြားက ရတတ်သေးတယ်။ ဒီစာအုပ်အငှားဆိုင်တွေက အစ်ကို၊ အစ်မတွေဟာ ကျွန်မရဲ့ ဆရာတွေလို့ဆိုရင်လဲ မမှားဘူး။ စာအုပ်ကောင်းတွေကို လမ်းညွှန်ပြကြတယ်။ ကျွန်မဖတ်ဖို့ဆိုပြီး ဆိုင်မှာ အငှားမတင်တဲ့ စာအုပ်တွေပါ ထုတ်ပေးတယ်။ ကျွန်မဘယ်လောက်များ အသည်းအသန်ဖြစ်နေလဲဆို ပုလင်းဝယ်၊ ဒန်ဝယ်သည်တွေကိုလဲ မိတ်ဖွဲ့ပြီး စာအုပ်ဟောင်းတွေ ပိဿာချိန်နဲ့ ရောင်းတဲ့လူတွေရှိရင် ၀ယ်ထားဖို့၊ ကျွန်မဈေးပိုပေးမယ်ဆိုတာ မှာရသေးတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးမှာ စာအုပ်လေးတွေများလာတယ်။

ခြောက်တန်းဆရာမတွေနဲ့ကတော့ မှတ်မှတ်ရရလေးတွေ ရှိတယ်။ အတန်းပိုင်ဆရာမက သင်္ချာဆရာမ ဒေါ်ခင်နုနု။ ဆရာမက အတော်ထက်တယ်။ ပြီးတော့ မေမေနဲ့အရမ်းရင်းနှီးနေတဲ့ မိတ်ဆွေတွေ။ ဒီတော့ ကျွန်မကို တော်တော်ဖိတယ်လို့ ဆိုရမယ်။ ကျွန်မကလဲ သင်ရိုးတွေဆို သိပ်စိတ်ဝင်စားတော့တာမဟုတ်ဘူး။ ကျောင်းမှာ ကျွန်မအဆင့်တွေက တရဟောကျနေတာပဲ။ သိပ္ပံဘာသာရပ်ကို ကျွန်မလုံးဝကို မကျက်ချင်တာ။ မနည်းကျိတ်မှတ်ကျက်ရတယ်။ တခြားဘာသာရပ်ဆရာမတွေက သူတို့ဘာသာမှာ ကျွန်မစာမရရင်လဲ အတန်းပိုင်ဆရာမကိုပဲ တိုင်ကြတာ။ ကျွန်မဆိုတာကလဲ ကဗျာတွေ စရေးနေပြီမို့ ဘယ်မဂ္ဂဇင်း ပို့ရင်ကောင်းမလဲပဲ တွေးနေတဲ့လူ။ ညနေကျရင် ဘာသာပြန်စာအုပ်ဖတ်မလား၊ ၀တ္ထုဖတ်မလား၊ မဂ္ဂဇင်းဖတ်မလားပဲ စဉ်းစားနေခဲ့တာ။ ဒီတော့ စိတ်လေနေတယ်ဆိုပြီး ဆရာမက ခဏခဏဆူ၊ ခဏခဏရိုက်။ နောက်ဆုံး ဆရာမနဲ့တင်မက ကျောင်းအုပ်ကြီးရုံးခန်းအထိ ရောက်တဲ့ ပြဿနာတခု တက်တော့တာပဲ။ ပြဿနာက ကုန်ဈေးနှုန်းပြဿနာ။

အဲဒီခြောက်တန်းနှစ်မှာက ကုန်ဈေးနှုန်းတွေ တော်တော်တက်တယ်။ ဆန်ဈေးတွေ အရမ်းတက်တော့မယ်ဆိုပြီး လူကြီးတွေ ပြောတာကြားတော့ ကျွန်မမနေနိုင်ဘူး။ ဒါနဲ့ ဆန်တွေ ဈေးတက်တော့မယ်။ ၀ယ်ထားကြဆိုပြီး လက်လှမ်းမှီရာ ကျောင်းသားကို ပြောတာပဲ။ ဒါကို ဘယ်သူက သွားချွန်တယ်မသိ။ နေရင်းထိုင်ရင်း နိုင်ငံရေးပြောတယ်တွေ ဖြစ်တော့တာပဲ။ အိမ်မှာလဲ လူကြီးတွေက စိုးရိမ်။ ကျောင်းမှာလဲ ဆရာမတွေက စောင့်ကြည့်တွေ ဖြစ်ကုန်တာ။ ဘာသာစုံဆရာမတွေ ၀ိုင်းပြီး ဖိကြတာနဲ့ စာပြန်လုပ်ဖြစ်သွားတယ်။ အဲဒီနှစ်က တကျောင်းလုံးမှာ အဆင့်နှစ်လားမသိဘူး။ ဘာပဲဖြစ်ဖြစ် ကျောင်းစာမှာလဲ မလစ်ဟင်းအောင် လုပ်ပေးခဲ့တဲ့ ဆရာမတို့ကို အမြဲကျေးဇူးတင်နေရပါတယ်။

(၆)
ခြောက်တန်းနှစ်ကနေ ခုနစ်တန်းနှစ် အကြား နွေရာသီရောက်တော့ ကျွန်မဘ၀မှာ အပြောင်းအလဲ တခုဖြစ်လာတယ်။ ကျွန်မရဲ့ စာဖတ်ဝါသနာကို သိနေတဲ့ မေမေက တောင်ကြီးပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးက စာကြည့်တိုက်ကို ခေါ်သွားပေးတာပါ။ ကောင်းတာလဲ ရှိသလိုဆိုးတာလဲရှိပါတယ်။ ကောင်းတာကတော့ အဲဒီမှာ ၁၉၅၀ကာလကနေ ၁၉၈၈ ကာလအထိကြားက ထုတ်တဲ့ ၀တ္ထုတွေ၊ စာစောင်တွေ အများကြီး ရှိနေတာပဲ။ ဆိုးတာကတော့ ဒီစာအုပ်တွေက ချောင်ကြိုချောင်ကြားမှာရှိနေပြီး၊ သတင်းနဲ့ စာနယ်ဇင်းက ထုတ်တဲ့ စာအုပ်တွေက စင်တွေပေါ်မှာ ရှိနေတာပဲ။ ဒီတုန်းကတော့ ဘယ်စာကောင်းတယ်၊ မကောင်းဘူးဆိုတာ ဘယ်သိပါ့မလဲ။ စာအကုန်မရွေးတတ်ခင်မှာဆိုတော့ ဒီစာအုပ်တွေလဲ ဖတ်ဖြစ်တာပဲ။ ဒါပေမယ့်လဲ ဒီလိုဖတ်ဖြစ်တာမှာ အကျိုးတခုတော့ထွက်လာတယ်။ ဒီစာတွေက တဘက်သတ်ရေးတာများတော့ တခြားတဘက်ကို စိတ်ဝင်စားလာတာ၊ သိချင်လာတာပဲ။ ဥပမာ- တပ်မတော်သမိုင်း ပထမတွဲကို ဖတ်ပြီးနောက်ပိုင်းမှာ ကျွန်မအင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် သိပ်တတ်ချင်လာတယ်။ မြန်မာဘက်က ရေးတာကတော့ ဟုတ်ပြီ။ ဒီလိုတွေ။ ဒီအကြောင်းအရာတွေကိုပဲ အင်္ဂလိပ်ဘက်က ရေးရင်ရော။ ဘာတွေဖြစ်မလဲ။ ဒီအထဲမှာမှ ဘယ်ဟာက အမှန်တရားတွေလဲ။ ဘယ်ဟာက လိုရာဆွဲရေးတာတွေလဲ စတာမျိုးတွေပါ။ ပြည်တွင်းသောင်းကျန်းမှုသမိုင်းဆိုတာတွေ ဖတ်မိတော့လဲ ဒီအထဲမှာ ညွှန်းဆိုထားတဲ့ တခြားအဖွဲ့အစည်းတွေကို သိပ်စိတ်ဝင်စားမိလာတယ်။ ဒီထဲက သုံးနှုန်းတဲ့ သောင်းကျန်းသူဆိုသူတွေကို တွေ့ချင်လာတယ်။ အဓိကကတော့ သူတို့ဘက်ကရော ဒီသမိုင်းကို ဘယ်လိုမြင်လဲ။ ဒါကို ကျွန်မသိချင်လာတာ။ (အခုတော့ သိပြီလို့ဆိုရမယ်။ ဘာလို့လဲဆို ကျွန်မဒီတော်လှန်ရေးမှာ ပါနေခဲ့ပြီကိုး။ ဘယ်သူက သောင်းကျန်းနေတာတုန်းဆိုတဲ့ အမှန်တရားကို တွေ့နေရပြီ) ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတုန်းက ၀ိရောဓိ၊ ၀ိဝါဒဆိုတဲ့ စကားလုံးလေးတွေ ကျွန်မ ကဗျာတွေထဲမှာ ခဏခဏပါနေခဲ့တယ်။ ကျွန်မစိတ်ရှုတ်ထွေးနေခဲ့တယ်။ ဘယ်သူကမှန်ပြီး၊ ဘယ်သူက မှားမှန်း ဝေခွဲလို့ကို မရဘူး။

ခုနစ်တန်း၊ ရှစ်တန်း ကာလတွေမှာကျတော့ ကျွန်မရဲ့ ကဗျာ၊ စာစုလေးတွေ ဟိုနားဒီနားမှာ ပါလာတယ်။ တို့ကျောင်းသား၊ မင်္ဂလာမောင်မယ်၊ ရွက်နုဝေ၊ မှုခင်းမဂ္ဂဇင်း စတာတွေမှာပါ။ ဒီနှစ်တွေက ဆရာမတွေက ကျွန်မရဲ့ စာပေ၀ါသနာကို တွန်းအားပေးခဲ့တဲ့ ဆရာမတွေပါ။ ကျွန်မရဲ့ မတောက်တခေါက် စာလေးတွေပါတဲ့ စာစောင်တွေဆို ဆရာမ အခန်းမှာကို ထားပြီး ကြော်ငြာပေးခဲ့ကြတယ်။ ပုံနှိပ်မဟုတ်တဲ့ ၀တ္ထုလေးတွေကိုလဲ ဖတ်ပြီး အားပေးခဲ့ကြတာ။ ကျွန်မနဲ့ ဆရာမတွေနဲ့ သိပ်တည့်တာပဲ။ ကျောင်းစာသင်ချိန်မဟုတ်တဲ့ အချိန်လေးတွေဆို ဆရာမတွေဆီ ရောက်ရောက်နေတတ်တယ်။ ဆရာမတို့နဲ့ ကျွန်မနဲ့က Deal လုပ်ထားသလိုဖြစ်နေတယ်။ ဆရာမတို့လိုချင်တာက အဆင့်မကျဖို့၊ အမှတ်ပေါင်း မကျဖို့။ ဒါတွေ မဖြစ်ဘူးဆိုရင် ကျွန်မလုပ်တာတွေအားပေးတယ်ဆိုတဲ့ အခြေအနေမျိုး။ ကျွန်မကလဲ ကျောင်းသူသာဆိုရမယ်။ ကျောင်းမှာတောင် အမြဲမရှိဘူး။ ကျောင်းကပေးတဲ့ တာဝန်တွေနဲ့ အပြင်ရောက်ချင်ရောက်နေတာ။ ကျောင်းကပေးတဲ့ တာဝန်ဆိုလို့ ထူးထူးဆန်းဆန်းတွေတော့ မဟုတ်ဘူး။ ကျွန်မတို့ကျောင်းဆိုတာက စာကြမ်းပိုးကျောင်း။ တကုတ်ကုတ်နဲ့ ကျောင်းစာပဲ ကျက်နေကြ၊ အမှတ်ပဲ ပြိုင်နေကြတာ။ ဒီလိုကျောင်းမျိုးမှာ ပြင်ပစာတွေ စိတ်ဝင်စားတဲ့ ကျွန်မကို ဆရာမတွေ သတိထားမိတော့တာပေါ့။

ဒီတော့ တနှစ်ပတ်လည်လုံးကျင်းပတဲ့ ပွဲမှန်သမျှ ကျွန်မချောဆွဲခံရတော့တာပဲ။ ဒီတုန်းက ကျွန်မက အရာရာကို လေ့လာစူးစမ်းနေသူပဲ ရှိသေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဗဟုသုတသာရှိပေမယ့် တရားမျှတမှု၊ ယုံကြည်ချက်၊ ရပ်တည်ချက်တွေကို မသိသေးဘူး။ ဒီတော့ပြိုင်ပွဲတွေမှာ ပါဖြစ်ခဲ့တယ်။ တပ်မတော်ရဲ့ အစဉ်အလာကောင်းဆယ့်နှစ်ရပ် အချက်တွေကို စာစီစာကုံးတိုင်းမှာ ထည့်ရေးဖြစ်ခဲ့ဖူးတာပဲ။ နောက်ပိုင်းမှာ ဒီအစဉ်အလာတွေကို တပ်မတော်က မထိန်းသိမ်းပါလားဆိုတာ မျက်မြင်ကိုယ်တွေ့တွေ၊ မှတ်တမ်းတွေအရ သိလာရတဲ့အခါ ကျွန်မရင်ထဲ ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပါတော့။ ဒီတုန်းက အတန်းချိန်မဟုတ်ပဲ အတန်းထဲကို မြန်မာဆရာမများ မ၀င်လာလိုက်နဲ့။ ဆရာမက ဘာပြိုင်ပွဲဆိုတာ မပြောရသေးဘူး။ သူငယ်ချင်းတွေက ခင်မမမျိုးလို့ အော်တော့တာပဲ။ ကျောင်းနံရံကပ်စာစောင်မှာလဲ ကျွန်မတာဝန်ယူဖြစ်လာခဲ့တယ်။ မြို့နယ်ပညာရေးရုံး၊ ပြည်နယ်ပညာရေးရုံးတွေမှာ ကျွန်မနာမည် ပေါက်လာတယ်။ By name နဲ့ ပညာရေးရုံးတွေက ပွဲတောင်းမှုတွေ ရှိလာတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ စာဖတ်ဝါသနာ၊ စာရေးဝါသနာတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာမဒေါ်နော်စာထူး၊ ဒေါ်ခင်သန်းထူး၊ ဒေါ်ခင်နှင်းရီနဲ့ ဘာသာရပ်ဆရာမတွေအားလုံးကို ကျွန်မအမြဲ ကျေးဇူးတင်နေမိမှာ အမှန်ပါပဲ။

(၇)
ကိုးတန်း၊ ဆယ်တန်းကာလတွေဟာ ကျွန်မအတွက် နိုင်ငံရေးအယူအဆနဲ့ ရပ်တည်ချက်ဆိုင်ရာတွေမှာ အားပြိုင်မှုတွေဝင်လာခဲ့တဲ့ နှစ်တွေပဲဖြစ်တယ်။ သတင်းနဲ့ စာနယ်ဇင်းက စာအုပ်တွေလဲ ဖတ်ဖြစ်သလို၊ ဆိုရှယ်လစ်ခေတ်က စာအုပ်တွေလဲ တမင်ကို စုဆောင်း ဖတ်မိလာခဲ့တယ်။ ကွန်မြူနစ်စာပေတွေနဲ့ ရင်းနှီးလာခဲ့သလို အရင်းရှင်စနစ်အကြောင်းတွေ၊ ကမ္ဘာပြုဖြစ်စဉ်တွေ၊ အေအိုင်ဒီအက်စ်နဲ့ ကမ္ဘာ့ကျန်းမာရေး၊ ဘီစီစီအိုင် အရှုပ်တော်ပုံ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စတာတွေကို ပိုပိုပြီး စိတ်ဝင်စားလာတယ်။ အဲဒီမှာ စာပေ၀ိုင်း တခုနဲ့ ကျွန်မအဆက်အသွယ်ရလာတယ်။ အဲဒီအချိန်က ကန့်သတ်စာအုပ်တွေ၊ ရှားပါးစာအုပ်တွေကို ပေးဖတ်ခဲ့ကြသူတွေကို ကျွန်မသိပ်ကျေးဇူးတင်မိတာပဲ။ စာအုပ်တွေထဲကနေ ကျွန်မရင်ထဲကို ရုရှားက သူရဲကောင်းမလေး ဇိုယာရောက်လာအောင် သူတို့ ထည့်ပေးနိုင်ခဲ့ကြတယ်။ အဓိကက သူမရဲ့ ရဲဝံ့ပြတ်သားတဲ့ စိတ်ဓာတ်။ တညလုံး ညှဉ်းပမ်းနှိပ်စက်ခံရပြီး လည်ပင်းမှာ ကြိုးကွင်းစွပ်ထားခံရတဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး၊ ယုံကြည်ချက်ကို မဖောက်မပြန်ပဲ ပြောသင့်တာ ပြောခဲ့တဲ့ အမျိုးသမီးငယ်လေးတယောက်။ သူမဟာ ကျွန်မရဲ့ မမြင်နိုင်တဲ့ ဆရာသမား။ ကျွန်မဘ၀မှာ ကြီးမားတဲ့ အခက်အခဲတချို့ ကြုံလာရတဲ့ အခါတိုင်းမှာ၊ အားလျော့လာတဲ့အခါတိုင်းမှာ ကျွန်မလည်ပင်းကို ပြန်စမ်းကြည့်မိတတ်တယ်။ “ငါ့လည်ပင်းမှာ ကြိုးကွင်းစွပ်ခံထားရတဲ့ အခြေအနေမဟုတ်ဘူး။ မိနစ်ပိုင်းအတွင်းမှာ သေဆုံးတော့မယ်ဆိုတာ သေချာနေတာမဟုတ်ဘူး။ ဒီအခက်အခဲလောက်က မှုစရာမှမဟုတ်တာ“ ဆိုတဲ့ အားအင်တွေကို ကျွန်မကို ပေးနေတတ်တဲ့ ဆရာမလေးတယောက်လို့ ဆိုရမယ်။

ဒီကာလတွေမှာ ကျောင်းမှာလဲ စည်းကမ်း၊ ၀ါသနာ၊ ရည်မှန်းချက်တွေကို မျှမျှတတဖြစ်အောင် ပြုပြင်ဆုံးမပေးခဲ့တဲ့ ဆရာမတွေနဲ့ ထပ်ကြုံတွေ့ရပါတယ်။ ဒီတုန်းက ကိုးတန်းဆရာမတွေက သူ့တပည့်တွေနဲ့အတူ ဆယ်တန်းလိုက်တက်၊ ဆယ်တန်းဆရာမတွေက ကိုးတန်းပြန်ဆင်းနဲ့ လုပ်ထားတဲ့ သင်ကြားရေးပုံစံဖြစ်တာကြောင့် နှစ်နှစ်လုံး လုံး ဆရာမတို့တွေနဲ့ ကြုံခဲ့ရတာပါ။ ဒီတုန်းက အတန်းပိုင်ဆရာမက သင်္ချာဆရာမ ဒေါ်တင်မာညွန့်။ ဆရာမက အိမ်စာပေးရင် သိပ်အပေးကြမ်းတယ်။ ပုစ္ထာတွေအများကြီးကို သင်ရိုးကိုင်ပြီး တရစပ်ပေးတာပါ။ တခါတလေလဲ မေးခွန်းဟောင်းတွေ။ ကျွန်မဆိုတာကလဲ စာကြမ်းပိုးဆိုပေမယ့် ကျောင်းစာကြမ်းပိုးမဟုတ်။ တနေ့နေလို့မှ အနည်းဆုံး စာစောင်လေးတခုမှ မကိုင်ရရင် စိတ်ထဲမှာ တနေ့တာလုပ်ငန်းပြီးတယ်လို့ကို မထင်သူ ဖြစ်နေလေတော့ အတော်ကိုခက်ပါတယ်။ ပြီးတော့လဲ ကျွန်မက ပုစ္ထာဟောင်းတွေ ထပ်တလဲလဲ တွက်ချက်ချင်သူမဟုတ်။ အသစ်တွေလိုက်ရှာနေတဲ့သူ။ နိုင်ငံရပ်ခြား သင်္ချာပုစ္ထာမေးခွန်းလေးတွေပါ လိုက်တွက်ကြည့်နေသူ။ ဒီတော့ ဆရာမပေးတဲ့ အိမ်စာက မပြီးနဲ့မို့ ခဏခဏပြစ်ဒဏ်ခံရပါတယ်။ ကျောက်သင်ပုန်း သုတ်တဲ့ အ၀တ်နဲ့ ကျွန်မခေါင်းပေါ်ဖုန်ခါတဲ့ ပြစ်ဒဏ်ပါ။ တခေါင်းလုံးကို ဖြူဖွေးသွားပါရော။ ဒါပေမယ့် ကျွန်မသူငယ်ချင်းလေးတွေက သိပ်ချစ်ဖို့ကောင်းပါတယ်။ ပြီးရင် ပြန်ခါပေးကြပါတယ်။

အင်္ဂလိပ်စာဆရာမ ဒေါ်တင်ညွန့်ရည်ကျတော့ ကျွန်မက နည်းနည်းကြောက်ပါတယ်။ သူက ကြိမ်လုံးသုံးတတ်သူမို့ပါ။ ပိုဆိုးတာက ရိုက်မယ်ဆိုရင် ဆရာမ တွေ နားနေခန်းကနေ တုတ်သွားယူခိုင်းတတ်တာမျိုးပါ။ ဒီတုန်းက ကျွန်မကလဲ ဆရာမတွေအကြား နည်းနည်း ရေပန်းစားနေလေတော့ ဆရာမ တစ်ရာကျော်ရဲ့ နားနေခန်းထဲဝင်ပြီး၊ တွေ့တဲ့ ကိုယ့်အတန်းဆရာမဆီ တုတ်သွားတောင်းရတာကို စိတ်ထဲ အောင့်သက်သက်။ ဒီလိုနဲ့ပဲ စာလုပ်ဖြစ်သွားပါတော့တယ်။ မြန်မာစာဆရာမကျတော့ ကျွန်မကို သိပ်အလိုလိုက်သူပါ။ မြန်မာစာဆရာမတွေနဲ့ ကျွန်မနဲ့ တော်တော် ရင်းနှီးလေ့ရှိပါတယ်။ သမိုင်းဆရာမ ဒေါ်ကြည်ဝင်းကျတော့ ကျောင်းစာသင်ခန်းပြင်ပမှာ ကျွန်မကိုမြင်ရင် အမြဲပြုံးပြုံးသွားပါတယ်။ ကျွန်မကလဲ သူ့ကို မတွေ့လိုက်နဲ့။ သမိုင်းကြောင်းတွေ အတင်းလိုက်ဆွေးနွေး။ ပြီးတော့ လပတ်စာမေးပွဲတွေမှာ ဖတ်စာအုပ်ထဲက စာတွေ ကျွန်မဖြေနေတာ မဟုတ်ဘူးဆိုတာ ကျွန်မတို့ နှစ်ယောက်ပဲ သိခဲ့ကြတဲ့ ကိစ္စ။ ဆရာမကလဲ အမှတ်လျှော့ပါတယ်။ ကျွန်မကလဲ မရဘူး။ သမိုင်းကို ကျွန်မက ကျက်တာမှ မဟုတ်။ မေးခွန်းလာရင် ကိုယ်သိတာတွေ ချရေးတာကိုး။

ပထ၀ီဆရာမကျတော့ ကျွန်မကို ခဏခဏရိုက်ရပါတယ်။ ကျွန်မက စစ်ပွဲမြေပုံတွေပဲ စိတ်ဝင်စားတာ။ သင်ရိုးထဲက မြေပုံတွေကို စိတ်ဝင်စားတာ မဟုတ်။ ဒီတော့ ဘယ်တော့မှလဲ အိမ်စာပေးဆွဲခိုင်းတဲ့ မြေပုံတွေကို ဆွဲလေ့ဆွဲထမရှိပါ။ အီကိုဆရာမနဲ့ကျတော့လဲ ဒီလိုပါပဲ။ ဆရာမက အလွတ်ကျက်ပြီး ပြန်ခိုင်းလေ့ရှိပါတယ်။ ကျွန်မက စာအလွတ်ကျက်တာမှာ ပါရမီအတော်နည်းတဲ့သူပါ။ အကြောင်းအရာ၊ အချက်အလက်ကိုပဲ ဖတ်ချင်တဲ့သူ၊ ပြီးရင်လဲ ဒီအချက်အလက်တွေကို အသေးစိတ် ထပ်ချဲ့ပြီး သိချင်တဲ့ လူစားမျိုးပါ။ ဒီတော့ ကျွန်မစာမကျက်ဘူးဆိုပြီး ဆရာမကလဲ ဂရုဏာဒေါသနဲ့ အပြင်းအထန် ဆုံးမပါတော့တယ်။

ဓာတု၊ ဇီဝ၊ ရူပ ဘာသာတွေကျတော့ အမှတ်တွေအများကြီး ရနိုင်တဲ့ ဘာသာတွေဖြစ်လို့ ကျွန်မလဲ စိတ်ထဲက မပါပေမယ့် အဓိကထားပြီး ကျက်မှတ်ခဲ့ရပါတယ်။ မချစ်ပေမယ့် အောင့်ကာနမ်းဆိုတာ ဒါမျိုးပဲ ဆိုရမှာပါ။ လုံးဝစိတ်မ၀င်စားပဲ လေ့လာကျက်မှတ်ခဲ့ရတာပါ။ စာကျက်ဖြစ်ပေမယ့် စိတ်မ၀င်စားတော့ စာသင်ချိန်ဆို ကျွန်မအိပ်ငိုက်ပါရော။ ဓာတုဗေဒဆရာမ ဒေါ်စိုးစိုးနိုင်က “ဟေ့။ ဒီအခန်းထဲမှာ ခင်မမမျိုး ရှိသေးရဲ့လား“ လို့ အော်မေးရတဲ့ အထိပါ။ တကယ်တော့ ကျွန်မက ရှေ့ဆုံးမှ ထိုင်နေတာ။ နောက်က သူငယ်ချင်းတွေ အတင်းလှမ်းတွန်းမှ နိုးလာတယ်။ ဆရာမက အပြစ်မယူပါဘူး။ တတန်းလုံးကလဲ ၀ိုင်းရီနေကြလို့ အိပ်ချင်တောင် ပြေသွားခဲ့ရဖူးပါရဲ့။

ကျွန်မတို့တုန်းက ပညာရေးစမ်းသပ်နေတဲ့ ကာလမို့ မဆီမဆိုင် ကိုးဘာသာကို ငါးဘာသာ ပေါင်းပြီး သင်ရတဲ့ ခေတ်ပါ။ ဒီလိုပညာရေးမျိုးနဲ့ ကံကောင်းလို့ ကျွန်မတို့ သူငယ်ချင်းတွေ ဟိုမရောက်၊ ဒီမရောက် တွေ ဖြစ်မကုန်ကြတာပါ။ ဘယ်ဘာသာမှလဲ သေသေချာချာမသိနဲ့ သိပ္ပံစာအုပ်ပဲကိုင်ရမလို၊ အီကိုပဲ ထိုင်ဖတ်ရမလိုနဲ့ တော်တော်ဆိုးတဲ့ကာလပါ။ သင်ရိုးတွေကလဲ အစီအစဉ်တကျ လျှော့ထားတာမဟုတ်ပဲ ရှေ့နှစ် တွေကနေ ကောက်သင်းကောက်ထားတာမို့ ကြားမှာ သဘောတရားတွေက အဆက်ပြတ်နဲ့။ ရှုပ်ယှက်ကို ခတ်နေတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့ ဆယ်တန်းစီ တခန်းလုံး တန်းလုံးကျွတ် သိပ္ပံဂုဏ်ထူးပါအောင် သင်ပေးခဲ့ကြတဲ့ ဆရာမတွေရဲ့ ကျေးဇူးက အတော်ပဲ ကြီးမားလှပါတယ်။

(၈)

“ဒီကိစ္စက အထက်က နာမည်နဲ့ တောင်းဆိုလာတာ။ မလုပ်လို့ မဖြစ်ဘူး“
ဒီစကားကို ဆိုလာသူက ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးချစ်။ ဆယ်တန်းကာလ နံနက်ပိုင်း သင်္ချာအချိန်မှာ ရုံးခန်းက ခေါ်တယ်ဆိုလို့ ရောက်သွားတော့ တပ်မတော်နေ့ ကျပန်းစကားပြောပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ ဆိုလာတာ။ ဒီတုန်းက ဆယ်တန်းစာမေးပွဲ ဖြေဆိုခွင့် ဖောင်တွေတောင် တင်ချိန်နီးနေပြီ။ ကျွန်မရဲ့ ခေါင်းထဲမှာလဲ ကျောင်းစာပဲ စိတ်ဝင်စားတော့တဲ့ကာလ။

“သမီး စိတ်မ၀င်စားတော့ဘူး ဆရာမကြီး။ ဒီကိစ္စတွေ တခန်းရပ်လိုက်ပြီ“
“အဲလိုလုပ်လို့ မရဘူးလေ။ နာမည်နဲ့ တောင်းလာတာ“
“အဲဒီနာမည်နဲ့ဆိုတာကို စိတ်ညစ်တာ ဆရာမကြီး။ နဖားကြိုးထိုးနေတာ“
“ဘာပြောတယ်“
ကျွန်မရဲ့ မှတ်ချက်အဆုံးမှာ ဆရာမကြီး ဆတ်ခနဲ ဖြစ်သွားတာ သတိထားလိုက်မိတယ်။ ထိုင်ပြီးပြောနေရာက မတ်တပ်ရပ်တယ်။ ကျွန်မကို မျက်လုံးပြူးကြည့်တယ်။

“မနှစ်တုန်းကလဲ ဒီလိုပဲ ကျောင်းသူအနေနဲ့ပါတာပဲ ဆရာမကြီး။ ဒါကို ပွဲမတိုင်ခင်မှာ ကြံ့ခိုင်ရေးတံဆိပ်တွေ လာပေးကြတယ်။ သမီးက အသင်းဝင်ထားတာမှမဟုတ်တာ။ ဒါပေမယ့် ဒီတံဆိပ်တွေကြီးတွေနဲ့ ပြောခိုင်းဆိုခိုင်းတော့ အခုအသင်းဝင်တွေလိုဖြစ်နေပြီ။ သမီးတင်မကဘူး။ တခြားပြည်နယ်နဲ့တိုင်းက သမီးလိုကျောင်းသူကျောင်းသားတွေလဲ ဒီအတိုင်းပဲ။ တခြား ကျောင်းသားတွေက လှောင်တာခံရတယ်။ ပိုဆိုးတာက ကျုံးသွင်းတာပဲ“

“ဘာ“
“ကိုးတန်း၊ ဆယ်တန်းကျောင်းသားတွေကို ကျောင်းကနေဆင့်ခေါ်၊ ပြိုင်ပွဲဝင်ခိုင်း၊ တံဆိပ်တပ်ပေး။ ဗဟိုအဆင့်ပြိုင်ပွဲမတိုင်ခင်မှာ စစ်တပ်တွေထဲခေါ်။ ကမ့်တွေသွင်း။ အစိုးရယန္တရားလည်ပတ်ပုံတွေ လာပြော။ဝန်ကြီးပေါင်းစုံက လာတွေ့။ လူကြီးတွေ ပြောခိုင်းတဲ့ အချက်တွေဆိုပြီး ပါအောင်ပြောခိုင်းတာတွေကို ဆိုလိုတာပါဆရာမကြီး။ ဒါနဲ့လဲ မပြီးသေးဘူး။ ကိုယ့်အိမ်ပြန်ရောက်တော့လဲ အိမ်ကို စာအုပ်တွေ လာလာပို့နေကြတယ်“

“ကောင်းတာပဲမဟုတ်ဘူးလား။ သမီးလဲ ဒါတွေ စိတ်ဝင်စားတာပဲ“
“မတူဘူးဆရာမကြီး။ သမီးစိတ်ဝင်စားတာက သမိုင်းကို စိတ်ဝင်စားတာ။ ဒီလိုလုပ်ဖို့မဟုတ်သေးဘူး။ သမီးကိုယ်တိုင်ပဲ ဆုံးဖြတ်ချင်တယ်။ ဒါပေမယ့် အခု သမီးဆယ်တန်းပဲရှိသေးတယ်။ အခုက တိုင်း၊ စစ်ဌာနချုပ် ပွဲတွေကို ခေါ်တဲ့အထိ ဖြစ်နေတယ်။ စစ်ရေးပြအခမ်းအနားတွေမှာဖိတ်၊ တိုင်း၊ တပ်မမှူးတွေနဲ့ နေ့လည်စာစားခိုင်း၊ ညစာစားပွဲတွေတက်ရနဲ့ စာကျက်လဲပျက်တယ်”

ပြောရင်းနဲ့ ကျွန်မအသံတွေ တုန်လာခဲ့တယ်။ ဒီအချိန်တုန်းက ကျွန်မက ဒီမိုကရေစီ နိုင်ငံရေးသမားတွေဆိုတဲ့ အသိနဲ့ ခင်မင်ရင်းနှီးရမယ့်လူတွေ တွေ့ဖူးသေးတာ မဟုတ်ဘူး။ စာပေ၀ိုင်းတွေက အစ်ကိုကြီးတွေကိုတော့ နိုင်ငံရေးသမားတွေများလားလို့ ထင်မိသေးတယ်။ သူတို့ကလဲ ဖွင့်မပြောဘူး။ စာအုပ်တွေပဲ တအုပ်ပြီးတအုပ် ပေးဖတ်နေကြတာ။ (နောက်ပိုင်း သူတို့အဖမ်းခံရပြီး ထောင်ကျသွားတော့မှ သူတို့အကြောင်း သေချာသိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို လမ်းမှန်ပေါ် မသိမသာ တွန်းပို့ပေးခဲ့သူတွေကို ကျေးဇူးတင်နေမိဆဲပါပဲ) ဒီတုန်းကတော့ ကျွန်မပတ်ဝန်းကျင်မှာ နိုင်ငံရေးသမားတွေ လဲရှိနေတယ်ဆိုတာ ဘယ်သိပါ့မလဲ။ ကျွန်မပတ်ဝန်းကျင်မှာ ရှိနေ၊ တွေ့ထိနေရတဲ့ အသိုင်းအ၀ိုင်းတွေက စစ်ဘက်က လူတွေများတယ်။

ဒါပေမယ့် သူတို့ ဆက်ဆံနေတဲ့ ပုံစံတွေက၊ အခြေအနေတွေက ကျွန်မမျှော်လင့်ထားသလို မဟုတ်ဘူး။ တောင်ကြီးမြို့ရဲ့ မင်္ဂလာပွဲ၊ အလှူပွဲများစွာမှာ လူကြီးမိဘတွေနဲ့ သွားဖူးခဲ့စဉ်တွေတုန်းက တချိန်ကျရင် ကိုယ့်ကို တိုက်ရိုက်ဖိတ်ကြားတဲ့ ဖိတ်စာတွေကို ကျွန်မမျှော်လင့်ခဲ့ဖူးတယ်။ ဘယ်သူနှင့် မိသားစုဆိုတာထက် ကျွန်မနာမည်နဲ့ တိုက်ရိုက်လာတာမျိုးပါ။ မိသားစုဆိုတဲ့ စကားလုံးတွေနဲ့သွားရတာ မှီခိုပြီး လိုက်သွားရတဲ့ သဘောပေါက်နေလို့။ ဒါပေမယ့် အသက် ဆယ့်ခြောက်နှစ်ကာလမှာ ကျွန်မဆီကို ပထမဆုံးရောက်လာခဲ့တဲ့ အမည်ရှေ့မှာ ဒေါ်တပ်ထားတဲ့ ဖိတ်စာကတော့ ကျွန်မကို တုန်လှုပ်သွားစေခဲ့ဖူးပါတယ်။ နေရာက သံလွင်ခန်းမ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်။ ကျွန်မသိပ်စိတ်ရှုတ်ခဲ့ရတယ်။ ငယ်စဉ်က အဖိုးဆီကကြားခဲ့ဖူးတာတွေ၊ မိသားစုနဲ့ ရင်းနှီးတဲ့ တောင်ကြီးမြို့က ရှေ့မှီနောက်မှီ နိုင်ငံရေးသမားဟောင်းကြီးတွေနဲ့ တွေ့ရင် ပြောနေကြတဲ့ စကားတွေ၊ စာအုပ်တွေထဲမှာ သိသိသာသာကွဲပြားနေတဲ့ အယူဝါဒတွေ၊ ဟိုတမျိုး၊ ဒီတမျိုးဖြစ်နေတဲ့ သမိုင်းတွေ။ အကုန်လုံးရောနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်တန်းဖြေပြီးရင် အချိန်ယူပြီး လေ့လာဖို့ကိုတော့ ကျွန်မတွေးနေမိခဲ့ပြီ။

“အင်း၊ ဆက်ပြော“
ဆရာမကြီးက ပြန်ထိုင်ပြီး မေးဆတ်ပြတယ်။
“ဟိုတလောက ကျူရှင်အပြန်မှာ သမီးရဲ့ ဒရိုင်ဘာ ကားတိုက်မှုဖြစ်တယ်ဆရာမကြီး။ ဟိုဘက်က ဆိုင်ကယ်။ ဆိုင်ကယ်သမား လက်ထိသွားတယ်။ ယာဉ်ထိန်းရဲရောက်လာတယ်။ မှားတာ သမီးတို့ဘက်ကမှားတာ။ သမီးက လျော်ပေးမယ်ညှိတယ်။ မကြာခင်မှာပဲ တခြားဆိုင်ကယ်တချို့ရောက်လာတယ်။ ကတ်တွေပြပြီး ဆိုင်ကယ်သမားကို သွားခိုင်းလိုက်ကြတယ်“

အခြေအနေအကြောင်းစုံကို ကျွန်မဆက်ရှင်းပြပါတယ်။ ဒီတုန်းကတော့ ကျွန်မဆီမှာ စိုးရိမ်စိတ်ကလဲ ၀င်နေတယ်။ ကျွန်မကားမောင်းသမား ဆိုတာကလဲ ပျော့စိပျော့ညက်။ တခုခုဆိုရင် ကျွန်မကပဲ ဦးလေးဘာလုပ်၊ ညာလုပ်ဆိုရတာ။ လူတွေများ ချရင် ကျွန်မကတောင် သူ့ကို ပြန်ပြီး ကာကွယ်ပေးရင် ပေးရဦးမလားမသိ။ ပြီးတော့ဆယ်တန်းကျူရှင်ချိန်တွေဆိုတာက ကမောက်ကမ။ တချို့ညနေဆို ခုနစ်နာရီကျော်မှ ပြီးတာ။ စုပြီး ၀ိုင်းရိုက်ရင် မခက်ဘူးလား။ ဖြစ်သွားခဲ့တာကလဲ တရားမှ မတရားတာပဲ။ သူများကို ဒီလို မတရားလုပ်လိုက်သလို ဖြစ်သွားတာလဲ စိတ်ထဲမှာ အားမလိုအားမရဖြစ်မိတယ်။

“ခင်မမမျိုး။ ဒါတွေက သူတို့ကို ငြင်းဖို့ အကြောင်းပြချက် ခိုင်လုံတာမှ မဟုတ်တာ“
“ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီတခါတော့ ငြင်းပါရစေ ဆရာမကြီး။ သမီးရှေ့ဆက်မတိုးချင်ဘူး“
“ကျောင်းဂုဏ်သိက္ခာကျလိမ့်မယ် ခင်မမမျိုး။ စပြီးသား ခရီးကို ဆုံးအောင်လျှောက်“
“အဲလိုဆိုရင် သမီး ဒီကျောင်းသူ မဟုတ်တော့ရင် ပိုအဆင်ပြေမယ်ထင်တယ်“

ကျွန်မရွဲ့ပြောလိုက်တာမဟုတ်ပေမယ့် ဆိုစကားက နည်းနည်းတင်းသလိုဖြစ်သွားလို့လားမသိ။ ဆရာမကြီး စိတ်ဆိုးသွားပါတယ်။ ဆရာမကြီးဆိုတာကလဲ တကျောင်းလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရတာ။ ကျွန်မစိတ်ထဲတော့ ဘာကြောင့်ရယ်မသိ။ အ၀င်အထွက်များပြီး ရင်းနှီးမှုလွန်သွားတာပဲလားမသိ။ ရိုသေလေးစားမှုပဲရှိပြီး ကြောက်စိတ်လုံးဝကို မရှိ။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ဆရာမကြီး မဟုတ်ပဲ ပညာရေးဝန်ကြီးဆိုရင်တောင် ကျွန်မပြောဖြစ်ခဲ့မယ်ထင်တယ်။ ကျွန်မက အတင်းအကြပ် စေခိုင်းမှုကို လုံးဝကြိုက်တဲ့လူမျိုးမဟုတ်။ ကျွန်မလုပ်သင့်တယ်ထင်တာကို လုပ်နိုင်ရင် လုပ်မယ်။ အခြေအနေအရ မလုပ်နိုင်ဘူးဆိုရင်လဲ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ခိုင်းလုပ်ခိုင်း ကျွန်မစိတ်ဝင်စားတာမဟုတ်။ အသက်ကြီး လာလေလေ၊ ဒီလိုစိတ်က ပိုကြီးလာလေလေ။

“ကောင်းပြီလေ။ အဲလိုဆိုလဲ အပြင်ကဖြေပေါ့“

ကျွန်မလဲ ဘာမှ ဆက်မပြောပဲ ထွက်လာခဲ့ပါတယ်။ ကျွန်မကို သားဦးစနေသမီးမို့ ဇွဲခတ်တတ်တယ်လို့ လူကြီးတွေက ဆိုကြပါတယ်။ ကျွန်မမှန်တယ်လို့ ယူဆရင် ဘာပဲ ဆုံးရှုံးရ၊ ဆုံးရှုံးရ ကျွန်မစိတ်ထဲ မှုကို မမှု။ နောက်နေ့မှာ ကျွန်မကျောင်းမသွား။ ဒီတုန်းက ကျောင်းက အောင်ချက်ကောင်းရာခိုင်နှုန်းမြင့်ဖို့ ကျောင်းပြေးတာတွေကို တင်းကျပ်ထားတဲ့ကာလ။ ကျောင်းပျက်ရင် မိဘတွေ ကိုယ်တိုင် ဆရာမကြီးဆီ ခွင့်လာတိုင်မှ ရပါတယ်။ ဒီလိုနဲ့ ဘုမသိဘမသိနဲ့ ကျွန်မအမေလဲ ကျွန်မနေမကောင်းဘူး အကြောင်းပြချက်နဲ့ ဆရာမကြီးဆီ သွားရပါတော့တယ်။ ဆရာမကြီးဘာပြောလိုက်တယ် ထင်ပါသလဲ။

“ဒေါက်တာ။ ကလေးကို ကျောင်းပြန်တက်ခိုင်းလိုက်ပါ။ ဘာကြောင့်ကျောင်းပျက်လဲ ကျွန်မသိပါတယ်။ သူဖြစ်ချင်တာ ဖြစ်ရပါစေမယ်“တဲ့။

ဒီလိုနဲ့ ကျွန်မလဲ နောက်နေ့က စပြီး ပုံမှန်ပဲ ကျောင်းဆက်တက်ပါတယ်။ ဆရာမကြီး ဘယ်လိုရှင်းလိုက်တယ်မသိ။ စာမေးပွဲပြီးတဲ့အထိ ဘယ်လိုဖိအားမှ မရှိတော့။ အခုအချိန်အထိ ဒီအဖြစ်အပျက်လေးတွေ တွေးမိတိုင်း ဆရာမကြီးကို သတိတရ ရှိနေဆဲပါပဲ။ ဆယ်တန်းအောင်ပြီး နောက်ပိုင်း၊ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ထိစပ်မိပြီး ကာလတခုမှာ ဆရာမကြီးကို သွားကန်တော့ဖြစ်ခဲ့ပါတယ်။ သမီးလမ်းကြောင်းတခုကို ဆုံးဖြတ်ရွေးချယ်ပြီးသွားပြီလို့ အပြန်မှာ နှုတ်ဆက်ရင်းပြောတော့ ဆရာမကြီးက ပြုံးပြပါတယ်။ ဘာလဲဆိုတာ ဆရာမကြီး မမေးခဲ့ပါ။ ကျွန်မကို ကားပေါ်အထိ လိုက်ပို့ပေးပါတယ်။ ကားပေါ်အတက်မှာ ပခုံးကို လှမ်းပုတ်ပြီး ဂရုစိုက်လို့ ပြောပါတယ်။ ဒီတုန်းတွေက ဒဏ္ဍာရီလား၊ တကယ်လားလို့ မသိနိုင်ပေမယ့် ဆရာမကြီး ငယ်စဉ်က တောခိုခဲ့ဖူးတယ်လို့ ပြောကြတဲ့ အချက်ကို ကျွန်မစိတ်ထဲကတော့ ဟုတ်မယ်လို့ ခံစားမိဖူးတယ်။ အသေအချာကတော့ ဆရာမကြီးမှပဲ သိမှာပါပဲ။ ဆရာမကြီး သက်ရှိထင်ရှားရှိနေသေးလားဆိုတာ ကျွန်မမသိတော့ပါဘူး။ နှစ်ပေါင်း များစွာကြာခဲ့ပြီမို့ သိနိုင်ဖို့လဲ လမ်းလှမ်းမမှီတော့ပါဘူ။ ဒါပေမယ့် ကျွန်မရင်ထဲမှာတော့ ဆရာမကြီး ရှိနေဆဲ။

နိဂုံး

ကျွန်မရဲ့ ဘ၀မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပါပဲ။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း မှာ ပညာသင်ကြားခဲ့တဲ့ တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေ၊ အလုပ်ခွင်ရေးရာတွေမှာ ကြုံတွေ့ခဲ့ရတဲ့ ဆရာ၊ ဆရာမတွေက အများအပြားပါ။ ယူကေနိုင်ငံကို စတင်ရောက်ချိန်မှာ နောက်ဆုံးနှစ် ဂုဏ်ထူးတန်းတက်ခွင့်ရအောင် မြန်မာပြည်မှာ ဖြေထားရမယ့် စာမေးပွဲနဲ့ သင်တန်းတွေကို လမ်းညွှန် ပြောပြပေးခဲ့တဲ့ ဆရာမဒေါ်သိဂီင်္ကို၊ သုံးနှစ်တာစာမေးပွဲ ဘာသာရပ်နှစ်ဆယ်ကို ကိုးလနဲ့ အပြီးဖြတ်ဖြေဖို့ လုပ်တာမှာ ဂရုတစိုက် အားပေးသင်ကြားပေးခဲ့ကြတဲ့ Thames Business School ဆရာ၊ ဆရာမတွေ၊ မဟာဘွဲ့စာမေးပွဲတခုဖြေရချိန်မှာ သားလေးကလဲ သုံးလမပြည့်သေး၊ ကျွန်မဘေးမှာကလဲ ဘယ်သူမှမရှိ၊ ကလေးထိန်းကျောင်းတွေကလဲ သုံးလကျော်မှ လက်ခံတာမို့ ကလေးကို ဘယ်သူနဲ့ ထားခဲ့ရမှန်းမသိဖြစ်နေချိန်မှာ ကလေးကို သူ့ရုံးခန်းထဲ ခေါ်ယူ ထိန်းပေးပြီး စာမေးပွဲဖြေစေခဲ့တဲ့ ဆရာမ အယ်ရီကာ၊ သားလေးမူလတန်းကျောင်းစတက်တဲ့နေ့မှာ ပါရဂူဘွဲ့ပြန်လုပ်ပါမယ်ဆိုတဲ့ ကတိကို မရမက တောင်းယူထားတဲ့ ပါမောက္ခ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စာအုပ်စာတမ်းတွေ ရွေးချယ် ပေးဖတ်ပြီး အသိပညာပေးခဲ့တဲ့ စာပေ၀ိုင်းတခုက ကျောင်းသားတွေ၊ အထွေထွေ ဗဟုသုတနဲ့ နိုင်ငံရေးယူဂျီ ရေးရာတွေ သင်ပေးခဲ့တဲ့ ကျွန်မရဲ့ ပျောက်ဆုံးနေသော ချစ်သူ၊ နိုင်ငံရပ်ခြားရောက်ပြီး မြေပေါ်နိုင်ငံရေးထဲ စရောက်ချိန်မှာ စတိတ်မင့်ရေးသားထုတ်ဝေပုံ၊ ကင်ပိန်းများပြုလုပ်ပုံကစပြီး အသေးစိတ်သင်ပေးခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန် တို့အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ကျင်လည်ခဲ့တဲ့ ဘ၀စုံမှာ ဆရာကောင်းတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒီဆရာကောင်း၊ ဆရာမြတ်တွေအားလုံးကို အခုလို ကမ္ဘာ့ဆရာများနေ့မှာ ဒီစာစုလေးနဲ့ ရိုသေစွာ ဂါရ၀ပြု ဦးညွှတ်မိပါကြောင်း။

ခင်မမမျိုး (၅၊ ၁၀၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP