ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

လူထုခေါင်းဆောင်အတွက် မွေးနေ့လက်ဆောင်

Friday, June 19, 2009

‘သစ္စံဓမ္မ၊ ၀ီရိယနှင့် စာဂဟူသည်။ ရန်သူအောင်မှု၊ ကြောင်းလေးခုဖြင့်၊သတ္တုမဒ္ဒန၊ ကိစ္စပြီးကုန်၊ ကိုယ်မှုလုံသား’

ဟု သံဝရပျို့တွင် ပါရှိလေသည်။ သစ္စာ၊ ဓမ္မ၊ ဓိတိ၊ စာဂ တရားများသည် ဘုရားဟော တရားတော်လာ ရန်အောင်ကြောင်း တရားလေးပါးပင်ဖြစ်သည်၊ စာရေးသူတို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကား ထိုတရားများကို လက်ကိုင်ပြု၍ လူထုကိုယ်စား စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့၊ တိုက်ပွဲဝင်ဆဲ ခေါင်းဆောင်တစ်ဦးဖြစ်သည်၊

အရှင်နာဂသိန်က မှန်သော သစ္စာစကားဖြင့် ရေမျက်နှာပြင်ပေါ်ကိုလဲ ပြေးသွားနိုင်၏။ ပညာရှိတို့သည် မှန်သောစကားဖြင့် အဆိပ်ကိုသော်လဲ ပျောက်နိုင်ကုန်၏။ မှန်သောစကားဖြင့် မိုးသည် ထစ်ကြိုးလျက် ရွာ၏။ မှန်သောစကား၌ တည်ကုန်သော ပညာရှိတို့သည် နိဗ္ဗာန်ကို တောင့်တနိုင်၏ ဟု ဟောကြားခဲ့လေသည်၊ လူထုခေါင်းဆောင်ကား မြန်မာ့ဒီမိုကရေစီတော်လှန်ရေးတလျှောက် မဖောက်မပြန် မှန်ကန်သော လူထုအကျိုးပြုစကားကိုသာ ပြောကြားခဲ့သူဖြစ်သည်။ မြန်မာ့လူမျိုးတို့စုပေါင်း၍ ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲဝင်ကြရန် ပြောကြားခဲ့သော ‘ လှေတစ်စင်းကို လှော်တဲ့နေရာမှာ လှော်တဲ့ လူကနှစ်ယောက်၊ စီးတဲ့လူက ၁၉၈ယောက်ဆိုရင် မြန်မြန်ရောက်ဖို့မလွယ်ဘူး’ဆိုသော စကားမှာ လောကဓမ္မတာ ဖြစ်ရိုးဖြစ်စဉ် လူတို့၏ စိတ်ထား အမှန်တရားကို မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်ပါသည်၊

ထို့ထက်မက ဓမ္မဟူသော ဥာဏ်ပညာဖြင့်လဲ ရိုးရှင်းသော စကားလုံးများဖြင့် ဒီမိုကရေစီတော်လှန်ရေး. အနှစ်သာရတို့ကို ရှင်းလင်းဟောပြောခဲ့ကာ စစ်အာဏာာရှင်တို့၏ ကောက်ကျစ်စဉ်းလဲမှု၊ စောက်ကားမှုတို့ကို ဥာဏ်လွှာသုံး၍ ရင်ဆိုင်ခဲ့လေသည်။ ‘ဒီမိုကရေစီဆိုတာ ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့အရာတစ်ခုဖြစ်တယ်’ဆိုသော စကားဖြင့် အာဏာရှင်အောက်တွင် ရင်ထဲက အမှန်တရား စကားကိုပင် တိုးတိုးတိတ်တိတ်ကြိတ်ပြောရကာ ကြမ္မာဆိုးနှင့် တွေ့နေရသည့် ပြည်သူလူထုအား ဒီမိုကရေစီ၏ အနှစ်သာရကို မီးမောင်းထိုးပြခဲ့ပါသည်။

ဓိတိဟူသော မပြတ်ထုတ်အပ်သော လုံ့လ၀ီရိယဖြင့်လဲ ရန်သူကို ရင်ဆိုင်ခဲ့လေသည်။ အကျယ်ချုပ်ချခံရ၍ စကားပြောခွင့်မရ။ လူများနှင့် တွေ့ခွင့်မရသော်လဲ စိတ်ပျက်မသွားခဲ့၊ စိတ်မလျှော့သွားခဲ့။ လွတ်မြောက်သည်နှင့် လွတ်မြောက်သည့်နေ့မှစကာ ပြည်သူ့ရင်ခွင်သို့ချက်ချင်းခိုလှုံသည်။ လူထုရှိရာသို့ ခြေလှမ်းသည်။ ၂၀၀၂၊ ၂၀၀၃ ကာလအတွင်း သွားရောက်ခဲ့သော စည်းရုံးရေးခရီးစဉ်များမှာ တောင်မြောက်အရှေ့အနောက် လူးလာခေါက်ပြန်နှင့် သာမန်လူများလုပ်ရန် အလွန်ပင် ခဲယဉ်းလှပေသည်၊ လူထုအတွက်ဆိုလျှင် မည်မျှခရီးပမ်းပမ်း၊ မမောမပန်း၊ ရောက်ရာနေရာတွင် အသင့်စောင့်ကြိုနေသော လူထုအား အပြုံးလးဖြင့် နှုတ်ခွန်းဆက်နေကြ။ နေဏ္ဍမအား၊ ညမနား လူထုအကျိုးကိုသာ အမြဲစဉ်းစားလုပ်ကိုင်ခဲ့သူဖြစ်သည်၊

စာဂဟူသည်ကား ပေးကမ်းစွန့်ကြဲခြင်းဖြစ်လေသည်။ ဘေးရန်တွေ့သောအခါ့ ကိုယ့်အသက်ကို မစွန့်ဝံ့ပဲ ထိတ်လန့်ခြင်းဖြစ်လျှင်အမှုကို ကောင်းစွာ မလုပ်ဆောင်နိုင်၊ အကျိုးအကြောင်းကို မသိနိုင်ဖြစ်၍ ဘေးရန်တွေ့ကာလအသက်ကို မစွန့်ဝံ့လျှင် ရှုံးပါး ပျက်စီးကြောင်း ယောအတွင်းဝန် ဦးဘိုးလှိုင်က ရာဇာ ဓမ္မသင်္ဂဟကျမ်းတွင် ဆိုထားခဲ့ပါသည်။ လူထုခေါင်းဆောင်ကား အသက်ကိုပင် စွန့် ၀ံ့ခဲ့သူဖြစ်သည်။ ဧရာဝတီတိုင်းတွင် စစ်အာဏာရှင်လက်ပါးစေချိန်ရွယ်ခဲ့သည့် သေနတ်ပြောင်းဝကို သူမမည်သို့ ရင်ဆိုင်ခဲ့ပါသနည်း၊ စာဂနှင့် ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ခြင်း ဖြစ်လေသည်။ ‘အနိုင်မခံ။ အရှုံးမပေးတဲ့စိတ် မွေးမြူကြပါ” ဆိုသောစကားကို အပြောမဟုတ်။ အလုပ်နှင့် သက်သေပြသွားသူဖြစ်သည်၊

ချုပ်၍ဆိုရသော် ဤသို့ သစ္စာ၊ ဓမ္မ၊ ဓိတိ၊ စာဂတရားများဆုပ်ကိုင်ထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကား စစ်အာဏာရှင်တို့၏ အကျဉ်းစံဘ၀တွင် သူမ၏ ခြောက်ဆယ့်လေးနှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းရတော့မည်ဖြစ်ပါသည်။ အဆိုပါခေါင်းဆောင်အား မည်သို့သော မွေးနေ့လက်ဆောင်မျိုးပေးသင့်ပါသနည်း။ သူမပြောခဲ့သော စကားများကို နားထောင်၍ သူမလုပ်ခဲ့သော တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်ရင်း သူမလွှင့်ထူခဲ့သည့်အလံကို မလှဲစတမ်း တိုက်ပွဲဝင်နေခြင်းသည်ကား သူမအတွက် အကောင်းဆုံးလက်ဆောင် ဖြစ်မည်ဟု ထင်ပါသည်။ လူထုခေါင်းဆောင်မွေးနေ့တွင် ပြည်သူလူထု လွတ်မြောက်ရေးအတွက် မဖောက်မပြန် တိုက်ပွဲဝင်သွားမည့် သစ္စာ တရား လက်ဆောင်ကို ပေးအပ်ကြပါစို့။

ခင်မမမျိုး

(ရန်အောင်ကြောင်း လေးပါး၊ လက်ကိုင်ထားသည့်၊ လူထုခေါင်းဆောင်ဦးဆောင်သော တော်လှန်ရေး အမြန်အောင်ပွဲဆင်နိုင်ပါစေသား။)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP