ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

တော်လှန်စစ်

Sunday, May 22, 2011

နိဒါန်း

တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဓိက အခြေခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှုမရှိတာတွေ၊ ၀ါဒကွဲပြားမှု ညှိနှိုင်းလို့ မရတာတွေနဲ့ အာဏာရှင်စနစ် ကျင့်သုံးမှုတွေကြောင့် တော်လှန်စစ်တွေ ဖြစ်ပွားလာရပါတယ်။ တော်လှန်ရေးတွေမှာ တူနီးရှား၊ အန်ဂိုလန်၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒအလိုက် ကွဲပြားမှုတွေရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာအခြေခံအချက်ကတော့ တော်လှန်စစ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေးအာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေ ရှိသလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးနိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ်ပန်းတိုင်ပဲ ဖြစ်ပါတယ်။



တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း

နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့်ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာက ပေါက်ကွဲမှု အရှိန်ပြင်းပြင်းနဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက စိန်ခေါ်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်းဖြစ်ပေါ်လာတတ်ပြီး အရှိန်အဟုန်လည်း ပြင်းထန်တတ်ပါတယ်။ တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင်ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ်ဆိုတော့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာလဲ ရုတ်ခြည်း ထဖြစ်သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေးပေါ်ပေါက်နိုင်သော အခြေအနေ (Revolutionary situation) ရှိနေတတ်ပေမယ့် တော်လှန်ရေးတရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး၊ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးနဲ့ ၁၉၅၆ ခုနှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင်တော်လှန်ရေးအဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေးခေါ်ဖို့ တောင်းဆိုတတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက်ဖြစ်နေချိန်တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန်မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွားတတ်ပါတယ်။ နောက်ဆက်တွဲတော်လှန်ရေးတွေ ပြတ်တောက်သွားတတ်ပါတယ်။

တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင်တွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေလဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ်တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူးမျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ်ခဲ့စဉ်တုန်းက ဒေါက်တာဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာကို ပြည်တွင်းခေါင်းဆောင်၊ ပြည်ပရောက်ခေါင်းဆောင်၊ ၀ါရင့်ခေါင်းဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင်ခွဲခြားသတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်းပေါ်ထွက်လာတဲ့ တော်လှန်ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ်သတ်မှတ်သွားစမြဲပါ။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင်မှု မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေအများအပြား လိုအပ်ပေမယ့်၊ လက်တွေ့လှုပ်ရှားမှုမှာတော့ မြန်ဆန်တိကျဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာသိမ်းမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ်ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက်အဆင့်ဆင့်နဲ့ လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန်အတိုင်းအတာ တခုအထိ ကြာတတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ်ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နားမှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။ သူပုန်ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်း ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန်တော်လှန်တဲ့အခါ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။


အတွေးအခေါ်နှင့် ယုံကြည်ချက်

နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေးသမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင်တော်လှန်မယ်ဆိုတာကို တော်လှန်ရေးသမားတွေက စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည်ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာဏာကို တရားသောနည်းဖြင့် ဖြစ်စေ၊ မတရားသော နည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရတရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေးစေခိုင်းနိုင်မှု၊ နိုင်ငံတော်ဘဏ္ဍာများကို ခွဲဝေအသုံးပြုနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ တော်လှန်ရေးသမားတွေဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။

သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေးအတွေးအခေါ်နဲ့ တော်လှန်ရေး ယုံကြည်ချက်ဆိုတဲ့ အားသာချက် နှစ်ရပ်ကိုပဲ တော်လှန်ရေးသမားတွေဘက်က ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေးအခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံးထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက်ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ထားနိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားဆိုတိုင်း၊ တော်လှန်ရေးဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ်တလျှောက်မှာ ရထားပေါ်က ခုန်ချသွားသူတွေ ရှိသလို၊ ကြားဘူတာတွေကနေမှ တက်လာသူတွေလဲ ရှိနိုင်ပါတယ်။ အဓိကကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။ တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေတွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုးရှိပါတယ်။


ပြည်သူသာ အခရာ

တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက်အတားအဆီးဖြစ်တဲ့ အာဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲအယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။

လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်းဖြစ်အောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင်အစိုးရတွေကလဲ သက်ဆိုင်ရာကဏ္ဍအလိုက် အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိတတ်ပါတယ်။

ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထုထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ်ထားကြပါတယ်။ တော်လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေတဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေးဖြစ်ပွားရာ မှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်းဆိုတဲ့ တော်လှန်စစ် ရေခံမြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံရေးစစ်

တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ political establishment တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက အဆိုပါ political establishment ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ political establishment မရှိပဲ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) political establishment နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။

political establishment ဆိုရာမှာလဲ တရုတ်ပြည်မှာကဲ့သို့ တပါတီတည်းက ဦးဆောင်တိုက်ပွဲဝင်တာမျိုး မဟုတ်ပဲ၊ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အား ဖြစ်နိုင် ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက်ကို ကြိုတင်သဘောတူ ညှိနှိုင်းထားနိုင်မှသာ တော်လှန်စစ်ကို အင်အားဖြစ်စေမယ့် မဟာမိတ်တပ်ပေါင်းစု ဖြစ်လာမှာပါ။ တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါ။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲကာလ နိုင်ငံရေးဘုံရည်မှန်းချက်ကို ညှိနှိုင်းချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။

တော်လှန်စစ် သဏ္ဍာန်

နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဍာန် (strategic pattern) တွေ ကွဲပြားခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအများစုမှာတော့ တော်လှန်စစ်သဏ္ဍာန်က ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက်ပါတီတရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိပညာရှင်များနဲ့ တက္ကသိုလ်ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်းပါဝင်လာအောင် ပါတီခေါင်းဆောင်များက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက်လာရေးအတွက် မဟာမိတ်ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစုဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ အုတ်မြစ်ချထားတဲ့ အကာအရံ ရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ်မရှိ၊ အကာအရံမရှိပဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ်အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။

တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ Movement Warfare တွေကို အဆုံးသတ်အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက်ဖော်ဆောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ်အောင်ပွဲရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါတယ်။ အဆုံးသတ်အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင်ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက်လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာတခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလို အရည်ပျော်ကျသွားတတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။

နိဂုံး

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာဏာကို မတရား ရယူခံထားရချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစားထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကို စည်းရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

songs

Thursday, May 19, 2011






(www.youtube.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

နောက်ဆုံးထွက်သက် (ကဗျာ)

Sunday, May 15, 2011

နောက်ဆုံးထွက်သက်

အပြည့်အစုံဖတ်ချင်ရင်..>>>

တစစီ ပြန့်ကျဲလို့

Sunday, May 8, 2011

ဝါး..............။
သားလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့်၊ သူဆော့ဖို့ လုပ်ထားပေးတဲ့ အခန်းလေးဆီ ကျွန်မ အပြေးအလွှား သွားမိပါတယ်။ ကစားနေရင်း တခုခုလိုချင်လာရင် သူက ကျွန်မဆီ ပြေးလာနေကြ၊ တခါတလေကျတော့လဲ အမေကို သတိရလို့ဆိုပြီး လာနှုတ်ဆက်ပြီးမှ ပြန်သွားကစားတတ်သေးတာ။ ကစားရင်း ငိုတယ်ဆိုတော့ ကျွန်မတော်တော်လန့်သွားမိတယ်။



ဒီလိုနဲ့ သားကစားနေတဲ့ အခန်းထဲ ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မတော်တော် စိတ်ညစ်သွားပါတယ်။ အခန်းထဲမှာ ခြေချစရာနေရာမရှိအောင် jigsaw အပိုင်းအစလေးတွေက ပြန့်ကျဲလို့ နေပါတယ်။ jigsaw ကစားရင် ကလေးတွေရဲ့ ဆက်စပ်တွေးခေါ်မှုဥာဏ်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သားလေးအတွက် jigsaw ဘူးလေးတွေ ဆယ်ဘူးလောက် ၀ယ်ထားပေးပါတယ်။ တချို့ဘူးလေးတွေထဲက အပိုင်းအစလေးတွေက ဆက်လိုက်ရင် စက်ရုပ်ပုံ၊ တချို့က လေယာဉ်ပျံ၊ တချို့က မော်တော်ကား ပုံလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပုံတမျိုးမျိုး ထွက်လာဖို့ဆိုရင် သူ့ဘူးနဲ့ သူ့အပိုင်းအစလေးတွေကိုက်ညီမှ ဖြစ်နိုင်မှာပါ။

ဒါကြောင့်လဲ အပိုင်းအစ ၂၀၀ ကျော်၊ လေးရာကျော်စီရှိနေတတ်တဲ့ ဘူးလေးတွေကို ကျွန်မက သီးခြားစီ ခွဲထားပေးပါတယ်။ ကစားရင်လဲ အမေနဲ့သား၊ တူတူကစားလေ့ရှိတာမို့ ဘူးလေးတွေထဲက အပိုင်းအစလေးတွေ ထုတ်ပြီးရင်၊ ဆက်စပ်တဲ့ ပုံရိပ်တခုခုကတော့ ထွက်လာတာပါပဲ။ ဒါပေမယ့် အခုတော့ သားပေါက်စလေးက ဘယ်လို ရွှေဥာဏ်တော် စူးရောက်တယ်မသိ။ ဘူးဆယ်ဘူးထဲက ရှိသမျှ အပိုင်းအစလေးတွေအားလုံးကို သွန်ချရောနှောပြီးမှ ကစားဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဟိုနားမှာလဲ အပိုင်းအစ လေးငါးခု၊ ဒီနားမှာလဲ ဆယ်ခုလောက်တွေကို သူလိုက်ဆက်ပြီး ပုံရိပ်ဖော်ဖို့ ကြိုးစားရင်း မရတော့တာကြောင့် ဒေါသတကြီးနဲ့ ထငိုနေတာပါ။

ဒါနဲ့ သားလေးကို ဒီအပိုင်းအစလေးအားလုံးဟာ ပုံရိပ်တွေ အများကြီး ဖြစ်နိုင်စေပေမယ့်၊ ရောနှောပြီး ပုံဖော်လို့ မရဘူးဆိုတာ သေချာ ရှင်းပြရပါတော့တယ်။ ဘယ်လိုပဲ ပြောပေမယ့် သားလေးကတော့ သူဆက်လို့ ရထားတဲ့ အပိုင်းအစလေးတချို့ကို ကိုင်ပြီး၊ ၀မ်းနည်းနေဆဲပါပဲ။

သားလေးကို ရှင်းပြရင်း ကျွန်မရဲ့ အတွေးတွေက political ideologies သင်တန်းတခုဆီကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီတုန်းက communism, socialism, liberalism, conservatism, fascism စတာတွေ ပါဝင်တဲ့ linear spectrum၊ Social Democracy, New Right, New Left, Anarcho-capitalism စတာတွေ ပါဝင်တဲ့ alternative spectrum၊ national communism, international communism, national socialism, international socialism, social democratism, social republicanism, capital democratism, capital republicanism, Progressive Neoliberalism, Conservative Neoliberalism, Nationalism, Activism, Fundamentalism စတာတွေ ပါဝင်တဲ့ Moral Matrix စတာတွေကို ပရော်ဖက်ဆာက သင်ကြားပို့ချပေးခဲ့ပါတယ်။

ပရော်ဖက်ဆာက နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့နဲ့ stable government ဖြစ်ဖို့အတွက် တူညီတဲ့ political ideologies တွေပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာဖို့ လိုအပ်ကြောင်း၊ ဒီလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၊ရွေးကောက်ပွဲအနိုင်ရ ပါတီက အစိုးရဖွဲ့တဲ့အခါ အဲဒီပါတီနဲ့ political ideologies မတူတဲ့ ပါတီတွေက အတိုက်အခံ ပါတီတွေ ဖြစ်လာကြောင်း၊ မတူညီတဲ့ နိုင်ငံရေးဝါဒတွေပေါ် အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပုံရိပ်တွေကို ပါလီမန်မှာ ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေလုပ်ကြပြီး ပုံဖော်ကြကြောင်း၊ မိမိတို့ လိုချင်တဲ့ ပုံရိပ်ကို ဖော်ဆောင်ဖို့အတွက် အစိုးရဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပြီး၊ အစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိမြင်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးလျော့နည်းလာပြီး ရွေးကောက်ပွဲအနိုင်ရရေးကို ကြိုးပမ်းကြတာကြောင့် နိုင်ငံရေးတည်ငြိမ်မှုလဲ ရှိလာကြောင်း စတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။

ပရော်ဖက်ဆာ သင်ကြားပို့ချပေးခဲ့တဲ့ သင်ခန်းစာတွေက အများအပြားပါ။ ဒီအထဲမှာ ကျွန်မ လုံးဝမမေ့နိုင်တာကတော့ political ideologies ကို အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ အားနည်းမှုဟာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ကို ထိခိုက်စေနိုင်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှုစတဲ့ ခေါင်းစီးတွေအောက်မှာ အများပါဝင်နိုင်အောင် နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ တွေ စုဖွဲ့တည်ထောင်ကြပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုတည်း (သို့) ပါတီတခုတည်းမှာတင် political ideologies မတူသူတွေ သွားစုမိနေတတ်ကြပါတယ်။ အဲဒီမှာတင် သက်ဆိုင်ရာ ပါတီ (သို့မဟုတ်) နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အကွဲအပြဲတွေ ဖြစ်ကြ၊ အိုင်ဒီရော်လော်ဂျီ တခုအပေါ်မှာ အခြေခံတဲ့ တိကျသော မူဝါဒတွေကို ပြတ်ပြတ်သားသား ပုံဖော်လို့ မရပဲ ညီညွတ်ရေးကွဲမှာစိုးလို့ ၀ိုးတ၀ါး ပုံဖော်ရတာတွေ ဖြစ်ကြ၊ တပါတီ (သို့) တဖွဲ့တည်းကနေ လားရာမတူတဲ့ ပန်းတိုင်တွေနဲ့ လမ်းစဉ်တွေကို တယောက်တပေါက်ပြောကြနဲ့ ဖြစ်လာတတ်ပါတယ်။

အဲဒီအခါမှာ contentious politics ဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ အတွေးအမြင်တူညီဖို့ ကိုယ့်အဖွဲ့ထဲမှာတင် ပြန်ညှိနေကြရတာနဲ့တင် အချိန်ကုန်ပြီး တိကျတဲ့ မူဝါဒနဲ့ လမ်းစဉ်ကို ချမှတ်လို့မရပဲ လည်နေတတ်ပါတယ်။ conventional politics ဖြစ်တဲ့ လွှတ်တော်တွင်း နိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ ပါတီတူအချင်းချင်း ပါလီမန်မှာ ပြန်ကန့်ကွက်တဲ့ အခြေအနေမျိုးထိကို ဖြစ်သွားတတ်ပါတယ်။ ပါတီတခု၊ အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်တဲ့အခါ မိမိရဲ့ တဦးချင်းလွတ်လပ်ခွင့် (individual freedom) ကို ပါတီ (သို့) အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ ညှိပြီး trade-off လုပ်ရတယ်ဆိုတာကို နားလည်မှုတွေ အားနည်းပြီး၊ မုန်ယိုနေတဲ့ဆင်က ကိုယ့်တပ်ကိုယ်ပြန်နင်းသလို လုပ်လာကြတာတွေလဲ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကြန့်ကြာတတ်တာတွေ၊ လွတ်လပ်ပြီးနိုင်ငံတွေမှာလဲ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ ကွဲလိုက်ပြဲလိုက်နဲ့ ပြည်တွင်းစစ်ဖြစ်တတ်တာတွေဟာ တူညီသော political ideologies တွေပေါ်မှာ အခြေတည်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေ တည်ထောင်ဖို့ အားနည်းချက် နဲ့ ညီညွတ်ရေးတစုံတရာကို အကြောင်းပြပြီး political ideologies မတူညီတဲ့ အစုအဖွဲ့တွေကို မဟာမိတ်တပ်ပေါင်းစုအသွင် စုစည်းလိုက်တဲ့ နိုင်ငံရေးသန္ဓေမမှန်မှု အချက်တွေကြောင့် ဖြစ်တယ်လို့ ပရော်ဖက်ဆာက ရှင်းလင်းပြောကြားခဲ့ပါတယ်။

သားလေးရဲ့ အခန်းထဲက jigsaw အပိုင်းအစလေးတွေကို ကြည့်ရင်း ကျွန်မရဲ့ အတွေးတွေက တက္ကသိုလ်ထဲက lecture hall ဆီ ပြန်ရောက်သွားနေမိပါတယ်။ ဒီအပိုင်းအစလေးတွေထဲမှာ တန်ဖိုးမရှိတဲ့ အပိုင်းအစလေးတွေ တခုမှ မရှိပါဘူး။ တချို့က လေယာဉ်ပျံပုံ၊ တချို့က စက်ရုပ်ပုံ၊ တချို့က မော်တော်ကားပုံ ဆိုပြီး၊ သက်ဆိုင်ရာ ပုံရိပ်တွေအတွက် သူ့နေရာနဲ့သူ အသုံးဝင်ကြတာတွေ ချည်းပါပဲ။ ဒါပေမယ့် အားလုံးက ရောထွေးနေတော့ ဟိုနားတစု၊ ဒီနားတစုနဲ့ ဘာပုံရိပ်မှ ပေါ်လာတာ မရှိတော့ပါဘူး။

သားက ဘာပုံလိုချင်တာလဲလို့ ငိုနေတဲ့ သားလေးကို မေးမိတယ်။ သားလေးက ကတ်ထူဘူးတခုပေါ်က လေယာဉ်ပျံရုပ်လေးကို လက်ညှိုးထိုးပြတယ်။ ကျွန်မပြောလိုက်မိပါတယ်။

"လေယာဉ်ပျံရုပ်လေးဖြစ်လာဖို့က ရောထွေးနေတဲ့ အပိုင်းအစလေးတွေထဲက လေယာဉ်ပျံကို ပုံဖော်ပေးနိုင်တဲ့ အပိုင်းအစလေးတွေကို ပြန်စုရဦးမှာ သားရဲ့။ ချက်ချင်း လေယာဉ်ပျံရုပ်လေးကိုတော့ ဘယ်ရနိုင်ပါ့မလဲ။ အဲဒီအတွက် အချိန်တခုကိုတော့ သားစောင့်ဖို့ လိုလိမ့်မယ်" လို့ပါ။

သြော်- ကျွန်မမြင်ကွင်းထဲမှာတော့ ပုံရိပ်တခုချင်းစီအတွက် တန်ဖိုးရှိတဲ့ အပိုင်းအစလေးတွေကလေ ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစစီ ပြန့်ကျဲလို့.......................။


ခင်မမမျိုး (၈၊ ၅၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

အကျင့်ဆိုး (တေးရေး- ရွှေတိုင်ညွှန့်)

Thursday, May 5, 2011

ရေး- ရွှေတိုင်ညွှန့်


ဆို- သန်းမြတ်စိုး



အလုပ်လုပ်ရာဝယ် အစက သာရယ်


အဆုံးထိအောင်ပင် မကြံချင်တယ်


အာလျှော့တာရယ် ပေါ့ရော့တာရယ်


အဲ့ဒါ အကျင့်ဆိုးတဲ့။


တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို


အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်


နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်


ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်


မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်


ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်


Cho:

(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်


ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်


သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တဲ့ ၀ါသနာရယ်


ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်


သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်


အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်


ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက် ကွယ် )


အလိုက်မသိတာတွေရယ်


ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်


ဒီဥာဉ်မျိုး အလွန်ဆိုးတယ်


ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်


ဆရာ့ကိုလည်း ပစ်ခါပယ်၊


ဒီဥာဉ်မျိုး အလွန်ဆိုးတယ်။


ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊


မြန်မာနိုင်ငံကြီးကို တကယ်၊


ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ


ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။


Cho:

......

......


သီချင်းနားထောင်ရန်-




Ah Kyint Sho- Than Myat Soe by KoMyoe ဒီဇိုင်း ကိုမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

" ဟော- ဟိုမှာ "

Tuesday, May 3, 2011

ဟော- ဟိုမှာ

ကလေးငယ်လေးတစ်ယောက်၊

မန္တလေးမြစ်ဆိပ်က

ကျူးကျော်ရပ်ကွက်လေးမှာ

သူနေတယ်။


သူ့အလုပ်က

"ညဘက်ဆိုရင်

ကုန်စိမ်းဒိုင်ကိုလာတဲ့

ကုန်ကားတွေပေါ်က

ဂေါ်ဖီထုပ်တွေ၊ ပန်းမုန်လာတွေကို

အလစ်သွားသုပ်တယ်၊

နံနက်ဘက်ကျတော့

အမှိုက်ကောက်တယ်၊

နေ့လည်ကျတော့

တောင်းစားတယ်" တဲ့လေ။


ပညာသင်ပေးချင်တဲ့

စေတနာဆရာမလေးကို

သူပြောလိုက်တဲ့စကားက

"စားဖို့တောင် အနိုင်နိုင်

စာဘယ်လိုသင်နိုင်မှာလဲ

အစ်မရယ်" တဲ့။


ဘ၀အမောတွေနဲ့

နွမ်းလျနေတဲ့

ဒီကလေးငယ်လေးကို

အချိုရည်လေး တခွက်နဲ့

အမောဖြေစေတော့

"အဖွားကို တိုက်ချင်လို့

အိတ်နဲ့ထည့်ပေးလို့ ရလား" တဲ့။


သြော်- ခေတ်စနစ်ဆိုးရဲ့

အရိပ်မည်းတွေအောက်မှာ

ကလေးငယ်လေးတွေရဲ့

အနာဂတ်တွေလဲ

ပျောက်ဆုံးလို့။


ခင်မမမျိုး (၂၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

မရေရာမှုများစွာ

Sunday, May 1, 2011

ဖြစ်ရပ် (၁)


စာသင်ခန်း တခုမှာပါ။
ဖြန်းခနဲ အသံနဲ့အတူ သူမ လက်ဝါးတခုလုံး ပူထူသွားပါတယ်။ နာကျင်မှုကြောင့် လက်ကို ရုတ်လိုက်ချင်ပေမယ့်လဲ မရုတ်ရဲ။ ကိုယ့်အပြစ်ကိုယ် သိနေတာကြောင့် ကြိမ်ချက်များကို အံကြိတ်ခံနေ လိုက်ရပါတယ်။

ဆရာမ ကျက်ခိုင်းလိုက်တဲ့ စာကို သူမသေချာ မကျက်ထားမိပါ။ တခေါက်၊ နှစ်ခေါက်သာ ဖတ်ထားခဲ့ပါတယ်။ အချက်အလက်တချို့ကို မှတ်မိနေပေမယ့် စိတ်ထဲမှာတော့ ၀ိုးတ၀ါးပါပဲ။ ဒါပေမယ့် စာမရတဲ့လူတွေ မတ်တပ်ရပ်ဆိုတော့လဲ သူမ မရပ်မိ။ ရပ်လိုက်မိရင်တော့ မတ်တပ်ရပ်ရ ရုံလောက်နဲ့ပဲ ပြီးသွားခဲ့မှာပါ။



အခုတော့ ဒီလိုမဟုတ်။ ဆရာတွေဆိုတာကလဲ တပည့်ရဲ့ မျက်နှာနဲ့ မူဟန်တွေကို မြင်ရုံနဲ့ ဖတ်တတ်သည်လားမသိ။ ခါတိုင်း မေးနေကျမဟုတ်ပဲ ကောက်ခါငင်ခါ ထမေးတော့ သူမမှာ မရေမရာ။ နောက်ဆုံးတော့ တုတ်နဲ့ လက်ဝါးတွေ့ကုန်ကြပါတော့တယ်။

ဒီလိုနဲ့ နောက်တနေ့ နံနက် ကျောင်းအ၀င် ဂိတ်ဝမှာ ဆရာမစောင့်တာမို့ ထပ်ဆုံတော့၊ ဆရာမ စိတ်ဆိုးပြေသည်လား၊ မပြေသေးဘူးလား မသိတာကြောင့် မရဲတရဲနဲ့ပဲ နှုတ်ဆက်လိုက်မိပါတယ်။ ဆရာမက ခပ်တည်တည်ပါပဲ။ ဒီနေ့စာကျက်လာလားလို့ မေးပါတယ်။ ကျက်လာပါတယ်လို့ သူမကလဲ အမြန်ဖြေရပါတော့တယ်။ ဒီတော့မှ ဆရာမက သူမ ပုခုံးကို လှမ်းပုတ်လိုက်ရင်း

"ကိုယ့်ကိုကိုယ် ဘယ်တော့မှ မလိမ်နဲ့ သမီး။ ကျက်ထားတဲ့ စာတွေကို ၀ိုးတ၀ါးဖြစ်နေရင် revision ပြန်ပြီး သေချာရအောင်လုပ်၊ အချိန်အတိုင်းအတာတခုမှာ မရနိုင်သေးဘူးဆိုရင်လဲ မရဘူးပေါ့။ ပြတ်ပြတ် သားသား ၀န်ခံရဲရမယ်။ ရသလိုလို၊ မရသလိုလိုနဲ့ ကိုယ့်ဘာသာကိုယ် လိမ်နေတဲ့လူဟာ သူများတွေကိုလဲ လိမ်နေမိတတ်တယ်၊ အများရှေ့မှာ ဟန်ဆောင်နေမိတတ်တယ်။ အဲဒါဟာ သူတပါးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပဲ။ မနေ့ကဆိုရင်ပဲကြည့်။ ဆရာမက မတ်တပ်ရပ် ခိုင်းတော့ သမီး မရပ်ဘူးနော်။ တကယ်မေးတော့ ဘာမှ ရေရေရာရာ မဖြေနိုင်ဘူး။ အဲဒါ ကိုယ့်ကိုယ်ကို လိမ်တာဖြစ်သလို၊ ဆရာမကိုလဲ လိမ်တာပဲ။ ထိုင်နေသူတွေ စာရလိမ့်မယ်ဆိုတဲ့ ဆရာမရဲ့ မျှော်လင့်ချက်နဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာပဲ။ သမီးကို ဆရာမရိုက်တာ စာမရလို့ ရိုက်တာ မဟုတ်ဘူး။ ၀ိုးတ၀ါးလုပ်နေလို့ ရိုက်တာ။ ရေလယ်မှာ လှေမှောက်ရင် ကမ်းတခုခုကို ရောက်အောင် ကူးရမှာပဲ သမီး။ အဲဒီကမ်းဟာ ကိုယ်သွားဖို့ ရည်ရွယ်ထားတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ထွက်လာတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ်းတခုခုပေါ်ရောက်သွားဖို့ကသာ အဓိကကျတယ်။ ဒီလိုအချိန်မှာ ရေထဲမှာ တ၀ဲလည်လည် လုပ်နေလို့ မရဘူး။ ဆရာမပြောတာကို သမီး နားလည်လား"

ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ စကားလုံးတွေပါ။

ဖြစ်ရပ် (၂)

"သမီးဘာဖြစ်နေတာလဲ။ ဖုန်းနားက ခွာတယ်ကို မရှိဘူး၊ ညသန်းခေါင်ရောက်နေပြီ။ အိပ်တော့လေ။ နက်ဖြန် စာသွားသင်ရဦးမှာ မဟုတ်လား"
"မအိပ်နိုင်သေးပါဘူး မေမေရယ်၊ စပေါ့တွေ စောင့်နေတာ"
"ဟေ"

မေမေက ပြူးတူးပြဲတဲနဲ့ သူမကို ပြန်ကြည့်ပါတယ်။

"မေမေကြည့်မယ်ဆိုလဲ ကြည့်လောက်ပါရဲ့။ ကိုယ်တိုင်စာမေးပွဲ ဖြေတုန်းကတောင် စပေါ့တွေကို စိတ်သိပ်မ၀င်စားတဲ့ သူမတယောက်၊ စာသင်မိတော့မှပဲ တပည့်တွေစာမေးပွဲဖြေခါနီးညမှာ စပေါ့ စောင့်နေရတဲ့ အဖြစ်ပေကိုး"

မေမေက သူမဘေးမှာ ၀င်ထိုင်ပါတယ်။ ပြီးတော့ ခပ်တိုးတိုးမေးတယ်။
"အဲဒီစပေါ့တွေကို သမီးယုံလား" တဲ့။

ဒီတခါ ပြူးတူးပြဲတဲ ဖြစ်သွားတာကတော့ သူမကိုယ်တိုင်ပါ။ တပည့်လေးတွေက "မမ စပေါ့ရရင် သမီးတို့ဆီ ဖုန်းဆက်နော်၊ စောင့်နေမယ်"လို့ ပြောကြလွန်းလို့၊ စပေါ့ထိုင်စောင့်ပေးနေမိတာပါ။ ဒီစပေါ့တွေကို ယုံသလားလို့ ကိုယ့်ဘာသာကိုယ်တောင် ပြန်မမေးမိ။

"သေချာတပ်အပ်ကြီးတော့ ပြောလို့ မရဘူးမေမေ။ အမျိုးမျိုးတော့ ထွက်နေတာပဲ။ ပါတာလဲရှိ၊ မပါတာလဲ ရှိမှာပေါ့"
"မေမေမေးနေတာက အဲဒါတွေ ပါလာမယ်လို့ သမီးယုံသလားလို့"
"ယုံတယ်လဲ မဟုတ်ဘူးမေမေ၊ မယုံဘူးလဲ မဟုတ်ဘူး။ ဒါပေမယ့် စာမေးပွဲဖြေခါးနီးညမှာ စပေါ့လိုက်တာတွေကတော့ ထုံးစံလို ဖြစ်နေတာမို့ သမီးလဲ လိုက်လုပ်နေတာပါ"
"ဒါဆို သမီးစိတ်ထဲမှာ မရေမရာ ဖြစ်နေတယ်ပေါ့"
"အဲလိုပဲ ပြောရမယ်ထင်တယ်"

"ကိုယ်တိုင် မရေမရာ ဖြစ်နေတဲ့ ကိစ္စတွေကို သူများတွေကို ဘာလို့ ချပြချင်ရတာလဲ သမီးရယ်"
"ကလေးတွေက စောင့်နေကြတယ် မေမေ။ သူတို့က လိုချင်နေတာကို သမီးက မပေးရင်၊ သူတို့ ဘယ်ကျေနပ်မလဲ"
"သမီးရဲ့ အလုပ်က သူတို့ကျေနပ်အောင် လိုက်လုပ်ပြဖို့လား"
"မေမေဘာကို ဆိုလိုတာလဲ"

"သမီးအလုပ်က Guide လေ။ သူတို့ စာတွေကို ကြေညက်အောင်၊ စာမေးပွဲအောင်အောင် လမ်းညွှန်ပြင်ဆင်ပေးရတာ။ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးဖို့ မဟုတ်ဘူး။ သူတို့ လိုအပ်တာကို လမ်းညွန်ပေးရမှာ။ သမီး တတ်နိုင်သလောက် တနှစ်ပတ်လုံး ဒါတွေ လုပ်ပေးခဲ့တယ်ဆိုတာ မေမေယုံကြည်တယ်။ ခုလို စာမေးပွဲ မဖြေခင်ညမှာ သမီးတို့အကြားမှာ ရှိနေရမှာကလဲ ဒီလိုယုံကြည်ချက်ပဲ။ သမီးဆီမှာ ငါ့ကလေးတွေကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပေးခဲ့ပြီးပြီဆိုတဲ့ ယုံကြည်ချက်၊ သမီးရဲ့ တပည့်လေးတွေဆီမှာလဲ ငါတို့ စာမေးပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီဆိုတဲ့ ယုံကြည်ချက်။ ခုကျတော့ သမီးတို့က ဒီလိုမဟုတ်ဘူး။ တပည့်တွေကလဲ ငါတို့ ကျက်ပြီးသလောက်နဲ့ ဖြစ်ပါ့မလား၊ အသစ်ထပ်ကျက်ထားဖို့တွေများ လိုမလား၊ မကျက်ထားတာတွေ ပါလာမလားလို့ တွေဝေနေတယ်။ သမီးကိုယ်တိုင်ကလဲ အဲဒီတွေဝေမှုတွေကို ထိန်းကျောင်းပေးပြီး၊ သူတို့ယုံကြည်ချက်တွေ ရှိလာအောင် မလုပ်ပေးပဲ၊ စပေါ့လိုက်ပေးနေတယ်။ သမီးကိုယ်တိုင်တောင် ဇဝေဇ၀ါ မရေမရာဖြစ်နေတာတွေကို တပည့်တွေကို လိုက်လုပ်ခိုင်းဖို့ ပြင်ဆင်နေတယ်။ အဲဒီစပေါ့တွေ ရလာရင် သမီးတို့ ဘာလုပ်ကြမလဲ။ ငါတို့ပြင်ဆင်ထားတာတွေ ဟုတ်မဟုတ် ပြန်ကြည့်ကြမယ်၊ မပြင်ထားတာတွေ ဖြစ်နေရင် သမီးက လိုက်အဖြေရှာမယ်၊ ဖုန်းနဲ့ အဖြေတွေ၊ မှတ်စုတွေ ပေးမယ်။ ဟိုက ကလေးတွေက လိုက်ကျက်ကြမယ်။ ခု ဘယ်နှစ်နာရီ ထိုးနေပြီလဲ။ သန်းခေါင်ဖြစ်နေပြီ။ ဒါတွေကို တညလုံး မအိပ်မနေ လုပ်ကြမယ်ဆိုရင် သမီးတပည့်လေးတွေ စာမေးပွဲခန်းထဲမှာ ဘာဖြစ်သွားမယ် ထင်သလဲ။ စပေါ့တွေ တိုးတာ၊ မတိုးတာတော့ မသိဘူး။ လူတွေတော့ အိပ်ချင်မူးတူးနဲ့ တောင်ရောက်မြောက်ရောက်တွေ ဖြစ်ကုန်လိမ့်မယ်။ တနှစ်လုံး ပြင်ဆင်ထားတာတွေ ပါလာရင်တောင် သေသေချာချာ ဖြေနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီ မရေမရာ အလုပ်တွေဟာ ရှေ့ပိုင်းမှာ ပြင်ဆင်ထားခဲ့တာတွေအားလုံးကို အလဟဿ ဖြစ်သွားစေနိုင်တယ်နော် သမီး"

"မေမေ ပြောတာကို သမီး နားလည်ပါတယ်။ ဒါပေမယ့် ကလေးတွေက သမီးကို အားကိုးနေကြတယ်"
"ဒီလို ဆိုရင်တော့ သမီးကို ညံ့တယ်လို့ပဲ မေမေ သတ်မှတ်ရလိမ့်မယ်"

"ရှင်"

"သူတို့တွေက အားကိုးခံရတာကို ဂုဏ်ယူစရာလို့ သမီးထင်နေလား။ သူတို့တွေက သမီးကို အားကိုးတယ် ဆိုကတည်းက သူတို့တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် သမီးက လမ်းညွှန်မပေးခဲ့လို့ပေါ့။ ခုဆိုကြည့်- စပေါ့လိုက်ပေးဖို့ ဂိုက်ကို အားကိုးတယ်။ ဂိုက်က အားကိုးခံရတယ် ဆိုပြီး၊ ကိုယ်တိုင်တောင် မရေမရာ မသေမချာဖြစ်နေတဲ့ အရာတွေကို သူတို့ကို ပြန်ချပေးတယ်။ ကိုယ့်ကို အားကိုးခံရတယ်ဆိုပြီး၊ မရေမရာကိစ္စတွေကို မသိနားမလည်သူတွေကို လိုက်လုပ်ခိုင်းတာ သိပ်အန္တရာယ်ကြီးတယ်နော်သမီး။ ကလေးတွေ ရှေ့ရေးထိခိုက် သွားလိမ့်မယ်။ သမီးအလုပ်က စာမေးပွဲအောင်အောင် လမ်းညွှန်ပြရမယ့်အလုပ်၊ ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားပေး ရမယ့်အလုပ်၊ သူတို့လမ်းမှားလိုက်နေရင် လမ်းမှန်ပြပေးရမယ့်အလုပ်။ မဖြစ်နိုင်မှန်း သိနေရက်နဲ့ သူတို့ကျေနပ်အောင် လိုက်လုပ်ပေးနေရမယ့် အလုပ်မဟုတ်ဘူး။ မရေမရာကိစ္စတွေကြောင့် သမီးတို့ ရှေ့မှာ ပြင်ဆင်ထားတာတွေ အားလုံးအလဟဿဖြစ်သွားမှာကို မေမေ သိပ်စိုးရိပ်တာပဲ"

ဘ၀မှာ အတွေးအခေါ်သစ်လေးတချို့ကို ၀င်သွားစေခဲ့တဲ့ ညတညပါ။

ဖြစ်ရပ် (၃)

"တနေ့က မျိုးမျိုးပြောတဲ့ လုပ်ငန်းကိစ္စကို မမကြီး စိတ်ဝင်စားတယ်။ အသေးစိတ် ပြန်ပြောပါဦး"
မမကြီးမေးလာတာမို့ လုပ်ငန်းတခုမှာ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကို အားပါးတရ ပြောပြမိပါတယ်။ အခွင့်အလမ်းတွေ၊ အလားအလာတွေကို ပြောပြနေတာကို မမကြီးက စိတ်ဝင်တစားနဲ့ နားထောင်ပေးပါတယ်။

"ဒါပဲလား ငါ့ညီမ"

အားလုံးပြောပြီးချိန်မှာ မမကြီးက အဲလိုပြောလိုက်တော့ သူမစိတ်ထဲ တမျိုးဖြစ်သွားပါတယ်။ ဘာများကျန်ခဲ့ပါလိမ့်ဆိုပြီး၊ အပြေးအလွှားဆန်းစစ်နေမိတယ်။ မမကြီး ဘာကို သိချင်တာပါလိမ့်လို့လဲ တွေးမိတယ်။
"အလုပ်တခုမှာ အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့် risks တွေကိုကော ဆန်းစစ်ပြီးပြီလား"
"ဒါကတော့ မမကြီးရယ်။ အလုပ်လုပ်ရင်တော့ risks ဆိုတာ ရှိမှာပဲ။ risks ကို ကြောက်နေလို့မှ မရတာ။ အချိန်ကုန်ခံ ဆန်းစစ်ဖို့ လိုလို့လား"

"မျိုးမျိုး ပြောသလိုပါပဲ။ risks ကို ကြောက်လို့ မရဘူး။ risks ဆိုတာ အလုပ်တိုင်းမှာ ရှိမှာပဲ။ risks ဆိုတာကိုက မသေချာ၊ မရေရာမှု (uncertainty) က ထွက်ပေါ်လာတဲ့ အရာတွေပဲ။ ဒါပေမယ့် risks ဆိုတာမှာ ထိန်းချုပ်လို့ ရတာ ရှိတယ်၊ ထိန်းချုပ်လို့ မရတာလဲ ရှိတယ်။ လက်ခံလို့ရမယ့် အတိုင်းအတာ ဆိုတာ ရှိသလို၊ ရှောင်ကြဉ်ရမယ့် အတိုင်းအတာလဲ ရှိတယ်။ အခု မမကြီးတို့ စီးပွားရေး လုပ်နေတယ်။ လုပ်ပြီဆိုကတည်းက ဈေးကွက်နဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ၊ ငွေဈေးအတက်အကျနဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ ကြုံနေရတာပဲ။ ဒီအထဲမှာမှ ဘာတွေက ကိုယ့်လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်နိုင်တယ်၊ ဘာတွေက နည်းနည်းလေးပဲ ထိခိုက်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြား သိထားရင် ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။ လိုအပ်တဲ့ ထိန်းချုပ်မှုတွေ စီမံထားလို့ရတာပေါ့။ ခရီးထွက်တဲ့အခါ ဖြစ်ချင်ရာဖြစ် သဘောထားပြီး ထွက်တာထက်စာရင် လမ်းမှာ ကားပျက်နိုင်တယ်၊ ကားဘီးပေါက်နိုင်တယ်၊ လုယက်ခံရနိုင်တယ် စတဲ့ risks တွေ ရှိနိုင်မယ်လို့ ကြိုတင်တွက်ဆထားတာက မကောင်းဘူးလား"

"ဒါပေမယ့် ဒီလို risks တွေကို ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်လာနိုင်ဘူးလား။ မျက်ကန်းတစ္ဆေမကြောက် ဆိုတာမျိုးပေါ့"

"တစ္ဆေကြောက်စရာ မလိုပေမယ့် ချော်လဲနိုင်တဲ့ အခွင့်အရေးပိုများတယ်ဆိုတာကိုတော့ ငါ့ညီမ လက်ခံ တယ်မလား"
ငြင်းလို့ မရတာကြောင့် သူမ ခေါင်းညိတ်လိုက်မိပါတယ်။

"ကဲပါ။ မမကြီးတို့က စကားပုံတွေနဲ့ စကားနိုင်လုနေကြရမယ့် အရွယ်တွေမှ မဟုတ်တာ။ စကားပုံကိစ္စအသာထား။ ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်နိုင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီးတော့ပဲ မမကြီး ပြောချင်တယ်။ risks ကို သိတာနဲ့ ကြောက်တာက မဆိုင်ဘူး မျိုးမျိုး။ risks ကို သိလာတဲ့အခါ ဒါဟာ ဘယ်အတိုင်းအတာအထိ ထိန်းချုပ်မှု၊ ပြင်ဆင်မှု လုပ်လို့ရမလဲဆိုတာကို သိလာနိုင်တယ်။ ဥပမာ- ကားပျက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစားထားရင်၊ မသွားခင်ကတည်းက ကားစစ်ဆေးမှု လုပ်သွားနိုင်တယ်၊ မတော်တဆ ပျက်ခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့ အရေးပေါ် လုပ်နည်းလုပ်ဟန်တွေကို ကြိုတွေးထားနိုင်တယ်။ ကားဘီးပေါက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစား ထားရင် အပိုဘီး ဆောင်ထားတာတွေ၊ ကားဘီးလဲတတ်အောင် သင်ယူထားတာတွေ လုပ်နိုင်တယ်။ ဒါကတော့ ထိန်းချုပ်လို့ရတဲ့ controllable risks တွေပေါ့။ ဒါပေမယ့် uncontrollable risks တွေလဲ ရှိတယ်။ ဥပမာ- ဓားပြတိုက်ခံရတာမျိုးပေါ့။ ဒါမျိုးကျတော့ ဖြစ်နိုင်ချေ (probabilities) တွေ ထည့်စဉ်းစားဖို့ လိုလာပြီ။ လမ်းခရီးအခြေအနေတွေကို သုံးသပ်ဖို့ လိုလာပြီ။ အဲဒီမှာမှ high risk ရှိနေတယ်ဆိုရင်တော့ သွားမယ့် ခရီးစဉ်ရဲ့ လိုအပ်မှု၊ အသုံးဝင်မှုနဲ့ risk ကြောင့် သက်ရောက်လာမယ့် ဆိုးကျိုးတွေကို ချိန်ဆဖို့ လိုလာပြီ။ ဒီတော့မှ သွားမယ်၊ မသွားဖူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရလိမ့်မယ်။ ဒါကြောင့် မမကြီးက risks ကို ထည့်စဉ်းစားပြီးပြီလားလို့ မျိုးမျိုးကို မေးနေတာ"

ဒီတုန်းက မမကြီးစကားတွေဟာ စီးပွားရေးလုပ်ငန်းအတွက် ရည်ရွယ်ပြောခဲ့ပေမယ့်၊ တခြားနေရာ တွေမှာလဲ အသုံးဝင်တယ်ဆိုတာ သူမနောက်မှ သိခဲ့ရပါတယ်။

ဖြစ်ရပ် (၄)

"စစ်ပွဲတခုရဲ့ အကြီးကျယ်၊ အခမ်းနားဆုံး သွင်ပြင်လက္ခဏာ တရပ်က ဘာလဲ"
ဆရာ့စကားအဆုံးမှာ သူမတို့တွေ ကိုယ်စီအတွေးတွေနဲ့ လက်ထောင်မိကြတယ်။ စစ်ဗျူဟာ အခင်းအကျင်း၊ ထောက်လှမ်းရေးသတင်း၊ စိတ်ဓာတ်ခိုင်မာမှု၊ တာဝန်ကျေပြွန်မှု၊ ကျွမ်းကျင်မှု စသဖြင့် အတွေးအမြင်တွေကို ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဆရာလိုချင်တဲ့ အဖြေကိုတော့ သူမတို့အားလုံး ဘယ်သူက မဖြေနိုင်ခဲ့ကြဘူး။ ဆရာ့အဖြေက uncertainty ဆိုတဲ့ မရေရာ၊ မသေချာမှုပါပဲ။ စစ်စကားအရဆိုရင်တော့ Fog of War ပါ။ ဒီလို မရေရာမှုတွေကြောင့်၊ စစ်ပွဲတွေမှာ အနိုင်ရရေးနဲ့ ပတ်သက်ပြီး စီမံချက်မျိုးစုံကို ချမှတ်လို့ ရပါတယ်။ ဒီစီမံချက်တွေအားလုံးဟာ၊ သူ့ရှုထောင့်နဲ့ သူတော့ မှန်နေတာပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ဘယ်ရှုထောင့်နဲ့ ဘယ်စီမံချက် မှန်ကန်တယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လို လုပ်ငန်းတွေကို စီမံချက်တခုအနေနဲ့ ပေါင်းစပ်လုပ်ဆောင်ရင် စစ်ပွဲကို ထိထိရောက်ရောက် အောင်မြင်စေမလဲဆိုတာကသာ တပ်မှုးတွေ ဆုံးဖြတ်ချက်ချရမယ့် အရေးကြီးဆုံး အရာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ရေးစီမံချက်ဆိုင်ရာ အဆင့်ဆင့်ဖြစ်စဉ်တွေ၊ ပြဿနာတွေ၊ war gaming နဲ့ decision-theoretic planning တွေကို ဆရာက အကျယ်တ၀င့် ဆက်ရှင်းပြခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက စစ်ဆင်ရေးတွေမှာ အသုံးပြုလေ့ရှိတဲ့ Operations Research (OR) Planning ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြပြီး၊ Markov Decision Process (MDP) မှာ အခြေခံတဲ့ စီမံချက်ရေးဆွဲမှုတွေကိုလဲ သင်ကြားပေးခဲ့ပါတယ်။ မရေရာမှုတွေဟာ double edged sword လိုပဲ အခွင့်အလမ်းတွေကိုလဲ ဖန်တီးပေးနိုင်သလို၊ အရာရာကိုလဲ ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာကို သင်ခန်းစာများစွာနဲ့ သင်ကြားပြပေးခဲ့ပါတယ်။

“Effects Based Operations (EBO) ဆိုတာ မျက်မှောက်ခေတ် စစ်ဆင်ရေးစီမံချက်တွေမှာ အသုံးဝင်လာတဲ့ ရလဒ်အခြေပြု (outcome-centric) သဘောတရားဖြစ်တယ်။ သူ့ရဲ့ အခြေခံသဘောတရားက ဘာလုပ်ရမယ်ဆိုတာက မစပဲ၊ ပန်းတိုင်ကနေ စပြီး စဉ်းစားရတယ်။ ဥပမာ- စစ်ပွဲမှာ အနိုင်ရဖို့ ဘာတွေလိုအပ်မလဲ။ ခံစစ်စွမ်းရည်၊ တိုက်စစ်စွမ်းရည်နဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားဖို့ လိုအပ်မယ်။ တခုချင်း ပြန်ပြီး စဉ်းစားကြည့်ရအောင်။ တိုက်စစ်စွမ်းရည်ကျဖို့ ဘာတွေ လုပ်နိုင်ဖို့ လိုမလဲ။ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေနဲ့ Airfield တွေကို ဖျက်ဆီးရမယ်။ ထောက်ပို့စွမ်းရည် ကျဆင်းအောင် လုပ်ရမယ်။ ခြေလျင်တပ်တွေကို ရွေ့လျားသွားလာနိုင်မှု နှေးကွေးအောင် လုပ်ရမယ်။ ဒီအတွက် တခုချင်းဆီမှာ သီးခြားလုပ်ဆောင်ရမယ့် စီမံချက်လေးတွေရှိတယ်။ ခံစစ်စွမ်းရည်ကျဖို့ကို ဆက်စဉ်းစားကြည့်ရအောင်။ ရန်သူရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ရေဒါတွေ ပျက်စီးသွားအောင် လုပ်ရမယ်။ ရန်သူ့တပ်တွေကို ချေမှုန်းရမယ်။ တပြိုင်တည်းမှာပဲ စိတ်ဓာတ်စစ်ဆေးရေး လုပ်ဖို့ လိုအပ်တယ်။ ဘယ်လိုအခြေအနေတွေမှာ စိတ်ဓာတ်ကျဆင်းအောင် လုပ်လို့ ရနိုင်မလဲ။ ခေါင်းဆောင်မှု အားနည်းချက်နဲ့ အတွေးအခေါ်တွေ ရှုပ်ထွေးစေမှုတွေဟာ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ အဓိက လက်နက်တွေ ဖြစ်တယ်။ ဒီအတွက် ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ commander capability လျော့သွားအောင် လုပ်ဖို့နဲ့ ၀ါဒဖြန့်ချိရေးယန္တရားတွေကို အသုံးပြုပြီး အတွေးအခေါ် ရှုပ်ထွေးစေမှုတွေကို ဟန်ချက်ညီလုပ်နိုင်ရင် ရန်သူကို စိတ်ဓာတ်ကျဆင်းအောင် လုပ်ယူလို့ ရနိုင်မယ်"

ဆရာက ဒီစကားတွေကို နှုတ်ကလဲပြော၊ slide show နဲ့ နမူနာပုံတွေကို ပြသခဲ့သလို၊ ကွန်ပျူတာလက်တွေ့သင်ခန်းစာ အချိန်မှာလဲ Probabilistic Graphic Models တွေကို အသုံးပြုပြီး၊ စီမံချက်တွေ ရေးဆွဲစေခဲ့ပါတယ်။

ဘ၀ ရပ်တည်မှု အလုပ်အကိုင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါပဲ။

နိဂုံး

ဘ၀မှာ မရေရာ၊ မသေချာမှု (uncertainty) နဲ့ ပတ်သက်ပြီး၊ လူအမျိုးမျိုးဆီက အတွေးအမြင်များစွာကို ရခဲ့ဖူးပါတယ်။ အယူအဆတွေကတော့ အမျိုးမျိုးပါပဲ။ အမှန်တရားဆိုတာကလဲ ရှာဖွေလေ၊ ခက်ခဲလေ။ဘယ်လိုပဲဖြစ်ဖြစ် မသေချာ၊ မရေရာတဲ့ လောကကြီးမှာ ဘယ်သူ့အမြင်၊ ဘယ်သူ့အတွေး၊ ဘယ်သူ့အလုပ်ကက မှန်ကန်တယ်ဆိုတာ သေချာပေါက်မပြောနိုင်ပေမယ့်၊ လက်တွေ့မှာ အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ အတွေးအမြင်၊ သင်ခန်းစာတွေကို အသုံးပြုရင်းနဲ့ မရေရာ၊ မသေချာမှုတွေကို ရင်ဆိုင်ဖြတ်သန်းကြမယ် ဆိုရင်ဖြင့်---------------------။


ခင်မမမျိုး (၁၊ ၅၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP