ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

စိန်လူသား (၀တ္ထုတို)

Sunday, September 18, 2011

Diamond (Short Story)

အပြည့်အစုံဖတ်ချင်ရင်..>>>

အိုင်ယာလန်မြောက်ပိုင်းမှ လျှို့ဝှက်စစ်ပွဲ (အပိုင်း-၁)

Friday, September 9, 2011

အပိုင်း (၁)
သမိုင်းနောက်ခံ နိဒါန်း

ယူကေနိုင်ငံမှာ အင်္ဂလန် (England)၊ စကော့တလန် (Scotland)၊ အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) နဲ့ ဝေလနယ်လို့ လူသိများတဲ့ (Wales) ဆိုပြီး နယ်မြေဒေသ လေးခုရှိပါတယ်။ ဒီဒေသ လေးခုအနက် အိုင်ယာလန်မြောက်ပိုင်းမှာ (၁၉၆၉) ခုနှစ်ကနေ (၁၉၉၇) ခုနှစ်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခတွေဟာ ရာစုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဟောင်းများ (Centuries-old Conflicts) တွေကနေ မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။



(၁၇)ရာစုမှာ အင်္ဂလိပ်လူမျိုးတွေက အိုင်ယာလန်ကို ကိုလိုနီလက်အောက်ခံ နယ်မြေအဖြစ် သွတ်သွင်း ခဲ့ပါတယ်။ မြောက်ပိုင်းဒေသမှာ ရှိတဲ့ နယ်မြေအများအပြားမှာ ပရိုတက်စတင့်ဘာသာကို ကိုးကွယ်တဲ့ စကော့တစ်ခ်ျလူမျိုးတွေနဲ့ အင်္ဂလိပ်လူမျိုးတွေက အခြေချနေထိုင်လာကြပါတယ်။ ဒီလိုနဲ့ ဆယ့်ရှစ်ရာစု ကာလရောက်တော့ အိုင်ယာလန်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေအကြားမှာ စီးပွားရေးအရ ကွဲပြား ခြားနားမှုတွေ ရှိလာပါတယ်။ မြောက်ပိုင်းမှာ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်ပေါက်လာပြီး လူနေမှု အဆင့် အတန်းတွေလဲ မြင့်မားလာပေမယ့် တောင်ပိုင်းမှာကျတော့ မြေယာပိုင်ဆိုင်မှု အခွင့်အရေးတွေကို ပရိုတက်စတင့်ဘာသာဝင်တွေ ချုပ်ကိုင်ထားတာကြောင့် ကက်သလစ်ဘာသာဝင်တွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းတွေ တစထက်တစ နိမ့်ပါးလာခဲ့ပါတယ်။

လူနေမှုအဆင့်အတန်းတွေ ကွဲပြားမှု ရှိပေမယ့် နိုင်ငံရေးအရ ကွဲပြားခြားနားမှုကတော့ နှစ်ဆယ်ရာစု ကာလမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) နဲ့အတူ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အိုင်ယာလန် မှာ နေထိုင်တဲ့ ကက်သလစ်ဘာသာဝင်တွေက လုံးဝလွတ်လပ်ရေး ရရှိနိုင်ရေးကို ဆန္ဒရှိ ခဲ့ကြပေမယ့် လူနည်းစု ပရိုတက်စတင့် ဘာသာဝင်တွေကတော့ လူများစု ကက်သလစ် ဘာသာဝင်တွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ နေရမှာကို စိုးရိမ်ကြောက်ရွံ့ခဲ့ကြပါတယ်။ ဒီလို နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေကို ဖြေရှင်းပေးတဲ့အနေနဲ့ ဗြိတိန်အစိုးရက (၁၉၂၀) ခုနှစ်မှာ Government of Ireland Act ကို ပြဌာန်းခဲ့ပါတယ်။

ဒီအက်ဥပဒေအရ အိုင်ယာလန်ကို နှစ်ပိုင်းခွဲခြား ထားတာကြောင့် တောင်ပိုင်းဒေသက ကက်သလစ် တွေက ကန့်ကွက်ခဲ့ကြပေမယ့် မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ပရိုတက်စတင့်တွေက ကြိုဆိုလက်ခံ ခဲ့ကြပါတယ်။ (၁၉၂၁) ခုနှစ်မှာတော့ တောင်ပိုင်းက (၂၃) နယ်နဲ့ မြောက်ပိုင်းက (၃) နယ်ကို Irish Free State အဖြစ် သတ်မှတ်ပြီး၊ မြောက်ပိုင်းက (၆) နယ်ကိုတော့ ဗြိတိသျှလက်အောက်ခံ အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) အဖြစ် သတ်မှတ်တဲ့ သဘောတူညီချက်စာချုပ်ကို ဗြိတိသျှနိုင်ငံရေးသမားများနဲ့ အိုင်းရစ်နိုင်ငံရေးသမားတွေ အကြား သဘောတူချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ (၁၉၄၉) ခုနှစ်ရောက်တော့ Irish Free State က The Republic of Ireland အနေနဲ့ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အိုင်ယာလန်မြောက်ပိုင်းမှာတော့ ပရိုတက်စတင့်ဘာသာဝင်တွေက လူဦးရေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ကျော်ရှိပြီး၊ လူများစုဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကို ချုပ်ကိုင်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ ယူကေနိုင်ငံတွင်းက နယ်မြေဒေသတခုအနေနဲ့ ဗြိတိသျှစစ်တပ်ရဲ့ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပေမယ့် ကိုယ်ပိုင်စစ်ဝန်ထမ်းတပ်တွေကိုပါ လျှို့ဝှက်ဖွဲ့စည်းလာကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ မှာလဲ ကက်သလစ်ဘာသာဝင်တွေကို ခွဲခြားမှုတွေ ပြုလုပ်လာကြပါတယ်။ လန်ဒန်မှာအခြေစိုက်တဲ့ ဗြိတိသျှပါလီမန်နဲ့ အစိုးရအဆက်ဆက်ကတော့ အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်း အရာတွေဟာ အာဏာခွဲဝေပေးထားတဲ့ နယ်မြေဒေသတခုရဲ့ အတွင်းရေးလို့ သဘောထားပြီး ၀င်ရောက်စွက်ဖက်မှုတွေ မပြုလုပ်ခဲ့ကြပါဘူး။

ဒီလိုနဲ့ (၁၉၆၇) ခုနှစ်ရောက်တော့ ကက်သလစ်ဘာသာဝင် ပညာတတ်လူလတ်တန်းစားတွေရဲ့ အင်အားကြီးထွားလာပြီး ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလို ငြိမ်းချမ်းစွာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကို ပရိုတက်စတင့်ဘာသာဝင် အာဏာပိုင် တွေက လက်နက်ကိုင်အင်အားသုံးပြီး တုန့်ပြန်ဖြေရှင်းခဲ့ကြပါတယ်။ (၁၉၆၉) ခုနှစ်မှာ Belfast နဲ့ Londonderry မြို့တွေမှာရှိတဲ့ ကက်သလစ်ဘာသာဝင်များ နေထိုင်ရာဒေသတွေမှာ အာဏာပိုင်တွေရဲ့ လက်နက်ကိုင်အင်အားသုံးတိုက်ခိုက်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကို တီဗွီသတင်းမှာ ဖော်ပြလာကြတာကြောင့် အာဏာပိုင်တွေရဲ့အင်အားသုံးမှုတွေကို လူအများ သိမြင်လာကြပြီး၊ အဓိကရုဏ်းတွေ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် (၁၉၆၉) ခုနှစ်မှာ ဗြိတိသျှစစ်တပ်က အိုင်ယာလန်မြောက်ပိုင်းအရေးကို ၀င်ရောက်ဖြေရှင်းလာရပါတယ်။ ပါလီမန်ကို ဖျက်သိမ်းပြီး၊ ပါဝါရှယ်ယာ အစိုးရသစ်ထွက်ပေါ်လာဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အိုင်းရစ်အမျိုးသားရေးဝါဒ (Irish Nationalism) ကို လက်ခံယုံကြည်ကြသူများနဲ့ Protestant loyalists တွေအကြားမှာ ပဋိပက္ခတွေ ပြင်းထန်လာခဲ့ပါတယ်။

ပထမအုပ်စုကို အိုင်အာအေအဖွဲ့လို့ လူသိများတဲ့ Provisional Irish Republic Army က ကိုယ်စားပြုပြီး၊ ဒုတိယအုပ်စုကိုတော့ Ulster Defence Force (UDF) က ကိုယ်စားပြုပါတယ်။ နောက်ထပ် နှစ်ပေါင်း (၂၈) နှစ်ကြာတဲ့အထိ ဒီအုပ်စုတွေအကြားမှာ အချင်းချင်းတိုက်ခိုက်မှုတွေ တင်မကပဲ ဗြိတိသျှစစ်တပ်နဲ့ အိုင်ယာလန်မြောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်ခဲ့ကြပါတယ်။ အိုင်အာအေအဖွဲ့ဝင်တွေဟာ အိုင်ယာလန်မြောက်ပိုင်း မဟုတ်တဲ့ အခြားဒေသတွေမှာပါ ဗုံးခွဲတိုက်ခိုက် မှုတွေ ပြုလုပ်လာကြပါတယ်။

(၁၉၉၅-၉၆) ကာလတွေမှာတော့ ကွန်ဆားဗေးတစ်အစိုးရက အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေကို စေ့စပ်ဆွေးနွေးခြင်းနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အားစိုက်ကြိုးပမ်းလာခဲ့ပါတယ်။ ဒီလို ကြိုးပမ်းမှုတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့ ကွန်ဖရင့်ကို တက်ရောက်ဖို့အတွက် အိုင်အာအေ အနေနဲ့ ကနဦး လက်နက်ချရမယ်လို့ တောင်းဆိုချက် ပါဝင်တဲ့အတွက် political deadlock ဖြစ်နေခဲ့ပါတယ်။ လေဘာအစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ ရှေ့ပိုင်းမှာ ဖြစ်နေတဲ့ political deadlocks တွေကို ဖြေရှင်းဖို့အတွက် ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်နှစ်ဘက် သာမက နောက်ကွယ်ကနေ ကူညီအားပေးနေသူများကိုပါ ထည့်သွင်းဆွေးနွေးဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ ဒါကြောင့် အိုင်အာအေရဲ့ အိုင်းရစ်အမျိုးသားရေးဝါဒကို နိုင်ငံရေးအရ ထောက်ခံအားပေးခဲ့တဲ့ အိုင်ယာလန်အစိုးရနဲ့ပါ ညှိနှိုင်းမှုတွေ ပြုလုပ်လာကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်တဲ့ အိုင်းရစ်-အမေရိကန်တွေဟာ အိုင်အာအေရဲ့ အဓိက ဘဏ္ဍာရေးထောက်ပံ့နေသူများ ဖြစ်တဲ့ အတွက် အမေရိကန်အစိုးရနဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ဆောင်ရွက် ခဲ့ကြပါတယ်။ ဒီလို အားစိုက်ကြိုးပမ်းမှုတွေကြောင့် (၁၉၉၈) ခုနှစ်၊ အေပြီလမှာ Good Friday Agreement ပေါ်ထွက်လာပြီး ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အဆင့်ဆင့်ကို ဖော်ဆောင်နိုင် ခဲ့ကြပါတယ်။

ပင်လယ်တွေမှာ အနားသတ်ကမ်းစပ်ရှိသလိုပဲ ပဋိပက္ခတွေတိုင်းမှာလဲ အဆုံးသတ်အဖြေဆိုတာ ရှိစမြဲပါ။ အဆုံးသတ်မှုဟာ အနိုင် (သို့မဟုတ်) အရှုံး (သို့မဟုတ်) စေ့စပ်ဆွေးနွေးမှုမှ ပေါ်ထွက် လာသော ရလဒ်တခုခုတော့ ဖြစ်လာမှာ သေချာပါတယ်။ အိုင်ယာလန်မြောက်ပိုင်း ပဋိပက္ခတွေမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အဆုံးသတ်အဖြေတခု မထွက်ပေါ် လာချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာတော့ ပြင်းထန်မှုတွေ၊ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

အိုင်ယာလန်မြောက်ပိုင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဗြိတိသျှစစ်တပ်က တာဝန်ယူရချိန်မှာ ဗြိတိသျှတို့ ဆီမှာ ဖြစ်ပွားနေတဲ့ ဘာသာရေးကွဲပြားမှုပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် သတင်းအချက် အလက်တွေ၊ မဟာဗျူဟာအခင်းအကျင်းတွေ အဆင်သင့် မရှိနေခဲ့ပါဘူး။ အိုင်ယာလန်မြောက်ပိုင်းမှာ ဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားတဲ့ Royal Ulster Constabulary (RUC) ရဲတပ်ဖွဲ့ဟာ ကက်သလစ်ဘာသာဝင်တွေအပေါ် ပရိုတက်စတင့်ဘာသာဝင်တွေက တိုက်ခိုက်မှုတွေကို လျစ်လျူရှု ထားခဲ့ကြပါတယ်။ ကက်သလစ်ဘာသာဝင်တွေကလဲ ပရိုတက်စတင့်ဘာသာဝင်တွေက ထိန်းချုပ် ထားတဲ့ RUC နဲ့ B-specials ခေါ် အရံရဲတပ်ဖွဲ့ ကို ယုံကြည်မှု မရှိကြပါဘူး။ ပရိုတက်စတင့် အာဏာပိုင်တွေက ကြိုးကိုင်ထားတာဖြစ်တဲ့အတွက် ရဲအဖွဲ့ကိုယ်တိုင်က နိုင်ငံရေးအကြမ်းဖက်မှုတွေကို အားပေးကူညီမှုတွေ လုပ်နေပြန်ပါတယ်။ ဒါကြောင့် ဗြိတိသျှစစ်တပ်ဟာ RUC နဲ့ B-specials တပ်ဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းမှုတွေ သွားရောက်ပြုလုပ်ပြီး၊ ဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်ခဲ့ရတာကြောင့် de facto police တာဝန်တွေကို ထမ်းဆောင်ရပါတော့တယ်။

ဒီလိုဗြိတိသျှစစ်တပ်က ငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်တွေ ထမ်းဆောင်နေချိန်မှာ ပရိုတက်စတင့် ဘာသာဝင်တွေက Ulster Defence Association (UDA) နဲ့ Ulster Volunteer Force (UVF) စတာတွေကို ဖွဲ့စည်းပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်လာကြပါတယ်။ တဘက်မှာကလဲ Republican အဖွဲ့အစည်းဖြစ်တဲ့ အိုင်အာအေကလဲ ပရိုတက်စတင့်ဘာသာဝင်တွေကို သာမက ဗြိတိသျှ စစ်တပ်ကိုပါ ဆန့်ကျင်လာကြပါတယ်။ (၁၉၆၉) ခုနှစ်၊ နိုင်ငံရေးအကြမ်းဖက်မှုတွေမှာ ကက်သလစ် ဘာသာဝင်တွေရဲ့ လူ့အဖွဲ့အစည်းကို လုံလောက်သော စောင့်ရှောက်ကာကွယ်မှုတွေ မပေးနိုင်တဲ့ အတွက် အိုင်အာအေအဖွဲ့တွင်းမှာ officials တွေနဲ့ provisionals တွေဆိုပြီး ကွဲသွားခဲ့ပါတယ်။ ဗြိတိသျှအခွင့်အာဏာကို တိုးမြင့်စေပြီး၊ အိုင်ယာလန်နယ်မြေနှစ်ခု ပြန်လည် ပေါင်းစည်းရေးကို အားလျော့စေတဲ့ ဗြိတိသျှစစ်တပ်များ ရှိနေမှုကို အိုင်အာအေ နှစ်ဖွဲ့စလုံးက ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမယ့် provisional IRA တွေကတော့ လုံခြုံရေးအဖွဲ့ဝင်တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။

နောက်ပိုင်းမှာ ဥပဒေစိုးမိုးရေးကို တာဝန်ယူထားရတဲ့ ဗြိတိသျှစစ်တပ်နဲ့ ကက်သလစ်ဘာသာဝင်တွေ အကြား အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှု ကွဲပြားတာတွေ ဖြစ်လာပါတယ်။ (၁၉၇၀) ခုနှစ်၊ အေပြီလမှာ ပရိုတက်စတင့်အဖွဲ့အစည်းတခုဖြစ်တဲ့ orange order အဖွဲ့က ကက်သလစ် ဘာသာဝင် တွေ နေထိုင်တဲ့ နယ်မြေတွေကိုဖြတ်ပြီး လမ်းလျှောက်ချီတက်ပွဲပြုလုပ်ဖို့ စီမံခဲ့ပါတယ်။ ဒီစီမံချက်ကို ဗြိတိသျှစစ်တပ်က ခွင့်ပြုပေးခဲ့ပါတယ်။ ကက်သလစ်ခေါင်းဆောင်တွေက ဗြိတိသျှစစ်တပ် အနေနဲ့ လုံခြုံရေးတာဝန်ယူပေးဖို့ တောင်းဆိုချက်ကိုလဲ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းလျှောက်ချီတက်ပွဲ လုပ်ရာကနေ အဓိကရုဏ်းတွေ ဖြစ်လာပါတယ်။ ဒီလို အဓိကရုဏ်းတွေကို ဗြိတိသျှစစ်တပ်က အင်အားသုံးပြီး ဖြေရှင်းခဲ့ပါတယ်။ အဓိကရုဏ်းတွေအပြီးမှာ နောက်နောင် အဓိကရုဏ်းတွေ ဖြစ်ပွားလာ ခဲ့ရင် ပစ်ခတ်နှိမ်နင်းမယ်လို့ Lisburn အခြေစိုက် စစ်ဌာနချုပ်က ကြေငြာခဲ့ပါတယ်။

(၁၉၇၂) ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်နေ့မှာ Londonderry မှာ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လက်နက်မဲ့ပြည်သူ (၁၃) ဦး သေဆုံးခဲ့ပါတယ်။ ဒီသွေးစွန်းသော တနင်္ဂနွေနေ့ အပြီးမှာ အိုင်ယာလန် မြောက်ပိုင်း ဒေသတခုလုံး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပျံ့နှံ့သွားပါတယ်။ အုပ်ချုပ်ရေး ယန္တရားကိုပါ ထိခိုက်လာတဲ့အတွက် မတ်လမှာ ဗြိတိန်အစိုးရက အိုင်ယာလန်ပါလီမန်ကို ဖျက်သိမ်းပြီး၊ လန်ဒန်ကနေ တိုက်ရိုက်အုပ်ချုပ်မှု ပြုလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကြမ်းဖက်မှုတွေက မရပ်တန့်သွား ခဲ့ပါဘူး။

Republicans တွေက ကွဲပြားနေတဲ့ အိုင်ယာလန်နယ်မြေနှစ်ခု ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဗြိတိန်အစိုးရကို ဖိအားပေးရမယ်လို့ ယူဆကြပါတယ်။ ဒီဖိအားတွေဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ်လို့လဲ ရွေးချယ်သတ်မှတ်ကြပါတယ်။ ဗြိတိန်အစိုးရကလဲ အိုင်ယာလန်မြောက်ပိုင်းမှာ ဥပဒေစိုးမိုးရေး ရှိလာဖို့က အဓိကဖြစ်တယ်လို့ ယူဆပါတယ်။ ဒီယူဆချက်နှစ်ရပ်ဟာ ပဋိပက္ခ ဖြေရှင်းရေးကို ဦးတည်စေနိုင်ခြင်း မရှိပဲ ထိပ်တိုက်ရင်ဆိုင်မှုဆီကိုသာ ဦးတည်သွားစေခဲ့ပါတော့တယ်။ အခြေအနေတွေအရ ဗြိတိသျှစစ်တပ်က မူလရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကနေ ပုန်ကန်မှုနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ရည်ရွယ်ချက်ကို ကူးပြောင်းသွားပါတယ်။ ငြိမ်းချမ်းရေးအတွက် ၀င်ရောက်ထိန်းသိမ်းရာက ထိန်းသိမ်းသူကိုယ်တိုင် ပဋိပက္ခထဲ ရောက်သွားတာ ဖြစ်ပါတယ်။

ဒီလို ပဋိပက္ခထဲမှာ ပါဝင်တဲ့ actor တခုဖြစ်လာတာကြောင့် ထောက်လှမ်းရေးရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ ပဋိပက္ခတွေမှာ လူအများက စင်ပေါ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကိုပဲ လိုက်လံကြည့်ရှုပြီး စိတ်ဝင်တစား အကဲဖြတ်လေ့ရှိကြပါတယ်။ အထင်နဲ့ အမြင်ကို ပေါင်းစပ်လေ့ ရှိကြပါတယ်။ သို့ပေမယ့် အထင်၊ အမြင်ထက် ပိုပြီး အရေးကြီးတာက အသိပဲ ဖြစ်ပါတယ်။ စင်နောက်မှာ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို မသိပဲ နိုင်ငံရေး၊ စစ်ရေးမှာ လက်ဦးမှုနဲ့ အခြေအနေဖန်တီးခွင့်ကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဒီအသိကို ဆောင်ကျဉ်းပေးနိုင် တဲ့ pivotal aspect ကတော့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ ထောက်လှမ်းရေး အော်ပရေးရှင်းတွေပဲ ဖြစ်ပါတယ်။


အိုင်ယာလန်မြောက်ပိုင်း ပဋိပက္ခတွေမှာလဲ ဗြိတိသျှထောက်လှမ်းရေး အဖွဲ့အစည်းတွေက တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိလာပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလတွေမှာ intelligence community အတွက် အခက်ခဲဆုံးနဲ့ စိန်ခေါ်မှု အများဆုံးလို့ လေ့လာသုံးသပ်သူတွေ သတ်မှတ် ပြောဆိုကြတဲ့ အိုင်ယာလန်မြောက်ပိုင်း လျှို့ဝှက်စစ်ပွဲတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီလျှို့ဝှက် စစ်ပွဲတွေမှာ အားသာချက်တွေ၊ အားနည်းချက်တွေ၊ ခုတ်ရာတခြား၊ ရှရာတခြား နည်းပရိယာယ် မှားတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတိတ်သမိုင်းဆိုတာ နောင်လာနောက်သားတွေ သင်ခန်းစာ ယူဖို့အတွက် letter of instruction ဖြစ်တာကြောင့် အိုင်ယာလန်မြောက်ပိုင်းမှာ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့အစည်းများ ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်စစ်ပွဲအကြောင်းကို ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၉၊ ၉၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။

Coogan, T. P. (1995) The Troubles: Ireland's Ordeal, 1966-1995, London: Hutchinson

Hamill, D. (1985) Pig in the Middle: The Army in Northern Ireland, 1969-1984, London: Metheun

Lomas, B. (2000) 'The Good Friday Agreement', Talking Politics, 14 (1), pp. 28-31

Tonge, J. (2002) Northern Ireland: Conflict and Change, London: Pearson, 2nd edition


[အပိုင်း (၂) - ထောက်လှမ်းရေးအဖွဲ့အစည်းများ ကဏ္ဍကို ဆက်လက်ဖော်ပြပါမည်]

အပြည့်အစုံဖတ်ချင်ရင်..>>>

စတုတ္ထမဏ္ဍိုင်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး

Tuesday, September 6, 2011

နိဒါန်း

အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ THISDAY Newspaper Group ဆိုတဲ့ စာနယ်ဇင်းအဖွဲ့တဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုက်ဂျီးရီးယား စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့စဉ်မှာကတည်းက တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး နှောင်းပိုင်းကာလတွေမှာလဲ ဒီမိုကရေစီစနစ်ရဲ့ အသက် သွေးကြောဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် (သတင်း၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍ) မှာ အင်အားတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ရင်း (၂၀၀၁) ခုနှစ်မှာ Economic Intelligence Group ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ စီးပွားရေးပညာရှင်တွေဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒများကို စောင့်ကြည့်လေ့လာခြင်း၊ ထိရောက်မှုများကို တိုင်းတာသတ်မှတ်ခြင်း၊ အားနည်းချက်ရှိနေသော ကဏ္ဍများကို ဖော်ထုတ်ခြင်း၊ နိုင်ငံတော်မှ ဖော်ဆောင်နေသော မူဝါဒများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အမြင်သဘောထားများကို လေ့လာတင်ပြခြင်း၊ ကမ္ဘာအရပ်ရပ်တွင် ကျင့်သုံးနေသော ထိရောက်သည့် မူဝါဒများကို သုံးသပ်တင်ပြခြင်းဖြင့် ပါလီမန်အတွင်းမှ နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအား ပညာပေးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါတွေဟာ စတုတ္ထမဏ္ဍိုင် အင်အားစုတရပ်အနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်တွေကို ဖော်ဆောင် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။



စတုတ္ထမဏ္ဍိုင်

သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်စတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတာဖြစ်တဲ့အတွက် စတုတ္ထမဏ္ဍိုင်ဆိုပြီး ဗြိတိသျှပါလီမန်အမတ် အက်ဒမန်ဗတ်(၁၇၂၉-၁၇၉၇)က တင်စားခေါ်ဝေါ်ခဲ့ရာက စတုတ္ထမဏ္ဍိုင်အဖြစ် အမည်တွင်လာခဲ့တာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ပြီး၊ ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ကြတဲ့ သီအိုရီသဘောတရားတွေမှာလဲ သီအိုရီကြီးလေးခုက ထင်ရှားကျော်ကြားလာခဲ့ပါတယ်။

သတင်းစာနယ်ဇင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ပညာရှင်များဖြစ်ကြတဲ့ Fred S. Siebert, Theodore Peterson. Wilbur Schramm တို့က ကမ္ဘာ့သတင်းစာနယ်ဇင်းလောကမှာ လည်ပတ်နေတဲ့ ယန္တရားတွေဟာ သီအိုရီလေးခုပေါ်မှာ အခြေခံနေတယ်လို့ ဆိုခဲ့ကြပါတယ်။ ပထမသီအိုရီကတော့ အမှန်တရားဆိုတာ ပညာရှိအချို့ရဲ့ ထုတ်ကုန်သာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပြီး၊ Renaissance နှောင်းပိုင်း ကာလတုန်းက ပေါ်ထွက်လာခဲ့တဲ့ Authoritarian theory ဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ စာနယ်ဇင်း သတင်းမီဒီယာဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ကူပေးရမယ် ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Soviet Communist theory ဖြစ်ပါတယ်။

တတိယတမျိုးကတော့ တိုင်းသူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ လိုအပ်သော သတင်းအချက်အလက်များ လုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် မီဒီယာမှာ တာဝန်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံထားတဲ့ Social Responsibility Theory ဖြစ်ပါတယ်။ စတုတ္ထတမျိုးကတော့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအဆမရှိ ဦးစားပေးရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Libertarian Theory ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ သတင်းနဲ့စာနယ်ဇင်းလောကမှာ Social Responsibility Theory နဲ့ Libertarian Theory တွေက ပိုပြီးထင်ရှားလာပါတယ်။

ယူကေနိုင်ငံက ဘီဘီစီသတင်းဌာနနဲ့ အမေရိကန်ပြည်ထောင်စုက NPR သတင်းဌာနတွေဟာ အများပြည်သူရဲ့ အသုံးပြုကနေ ရရှိလာတဲ့ ၀င်ငွေပေါ်မှာ တည်မှီပြီး၊ ကြော်ငြာကဏ္ဍကို မှီခိုမှု နည်းပါးတာကြောင့် ပြည်သူလူထုအကျိုးစီးပွားကို ပိုမိုကိုယ်စားပြုနိုင်ပြီး၊ လုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုမှု လျော့နည်းခြင်း၊ ဖျော်ဖြေရေးကဏ္ဍသာမကပဲ ပညာပေးကဏ္ဍတွေကိုပါ ပူးတွဲအကောင်အထည်ဖော်ခြင်း၊ မီဒီယာကျင့်ဝတ်များကို လေးစားလိုက်နာခြင်း စတဲ့ သွင်ပြင်လက္ခဏာတွေ ရှိတဲ့အတွက် Social Responsibility Theory ကို အခြေခံထားတဲ့ သတင်းဌာနတွေအဖြစ် လေ့လာသုံးသပ်သူများက ဆိုကြပါတယ်။

နိုင်ငံရေးပညာရှင်တွေကတော့ ဒီသီအိုရီ ခွဲခြားမှုတွေဟာ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရာမှာ သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာလဲ authoritarian theory ကို အခြေခံထားရာမှ Social Responsibility Theory နဲ့ Libertarian Theory တွေကို အခြေခံအဖြစ် ကူးပြောင်းရမယ်ဆိုတဲ့ evolutionary mode of political development ကို အသုံးပြုထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိချက်တွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှုတွေကို ဖော်ထုတ်ပေးနိုင်တဲ့အတွက် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးအငြင်းပွားနေတဲ့ အမြင်နှစ်ရပ်ကို ပေါင်းစပ် ပေးပြီးသား ဖြစ်သွားပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး

စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ the right of expression ဖြစ်တဲ့အတွက် နိုင်ငံရေးအခွင့်အရေး (political right) ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး ဆိုတာကကျတော့ လူမှုရေးအခွင့်အရေး (social right) ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒ ချမှတ်သူတွေ အကြားမှာ နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုရေးအခွင့်အရေးတွေမှာ ဘာကို ပိုပြီး ဦးစားပေးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိပါတယ်။

အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ (civil and political rights) ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် လူမှုအခွင့်အရေး၊ စီးပွားရေးအခွင့်အရေးများနဲ့ ယဉ်ကျေးမှုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးအတွက် empowerment လုပ်ပြီးသား ဖြစ်သွားတယ် လို့ အဆိုရှိကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒ ချမှတ်သူတွေကတော့ လွတ်လပ်စွာ ပြောကြားခွင့်၊ လွတ်လပ်စွာ စုဝေးလှုပ်ရှားခွင့် ဆိုတာ ဆာလောင်မွတ်သိပ်ပြီး၊ ဆင်းရဲနွမ်းပါးသူတွေ အတွက် အသုံးမ၀င်နိုင်တဲ့ အတွက် ဘ၀ရှင်သန်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေကို ကိုယ်စားပြုတဲ့ လူမှုအခွင့်အရေးတွေကို ဦးစားပေးဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။

သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးရှုထောင့်ကနေ လေ့လာတွေ့ရှိချက်ဖြစ်တဲ့ evolutionary mode of political development ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှု တွေကို ဖော်ထုတ်ပေးပြီး ဒီလိုကွဲပြားနေတဲ့အမြင်နှစ်ရပ်ကို ပေါင်းစပ်ပေးပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဟာ အုပ်ချုပ်နေတဲ့အစိုးရက ကြိုးကိုင်ထားတာ ခံထားရတဲ့အခါ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အစိုးရကြိုးကိုင် မီဒီယာတွေ ဟာ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း၊ အစိုးရ၀ါဒများကို ဖြန့်ချိပေးခြင်း စတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်လေ့လာ ထိန်းသိမ်း တည့်မတ်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိပါဘူး။

အစိုးရမူဝါဒတွေကိုလဲ လွတ်လပ်စွာ ဝေဖန်ခြင်း၊ အားနည်းချက်များ ထောက်ပြခြင်းတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခါမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အရေးကြီးတာဝန်တခုဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အရေးကြီးလှတဲ့ government watchdog တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ပြည်သူလူထုကိုလဲ သတင်းအချက်အလက်များအားလုံးကို ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ခြင်း မရှိသလို၊ ပြည်သူ့အမြင်များကိုလဲ လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် မရှိတဲ့အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒနဲ့ လုပ်ငန်းဆောင်တာတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးကျေးဇူး ဖြစ်ထွန်းခြင်း ရှိမရှိကို အကဲဖြတ်နိုင်မှာ မဟုတ်ပါဘူး။

သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိမှသာ ပြည်သူလူထုကို သတင်းအချက်အလက်များပေးခြင်းနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ခြင်းများ တိုးမြင့်လာပြီး လူထုကို empower လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကနေ တဆင့် public marketplace ထဲကို အတွေးအခေါ်များ၊ အိုင်ဒီယာများ၊ အမြင်သဘောထားများ စီးဝင်လာစေတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) အားကောင်း လာစေရေး ကိုလဲ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒီလို ပွင့်လင်းမြင်သာမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေမှုတွေ ကနေတဆင့် Universal Declaration of Human Rights ရဲ့ Article 19 (Freedom of expression and information) ကိုလဲ ကာကွယ်စောင့်ရှောက်ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုရေးအခွင့်အရေးဆိုတာ သီးခြားသတ်မှတ် ဦးစားပေးလို့ မရနိုင်ပဲ တပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေဖြစ်ကြောင်း စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အကြားက ဆက်နွယ်မှုတွေက မီးမောင်းထိုးပြခဲ့ပါတယ်။

စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍအား မြှင့်တင်ခြင်း

စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အကြားမှာ ဆက်နွယ်မှုတွေရှိတာကြောင့် စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုလာစေနိုင်ပါတယ်။ ဒီလို စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဦးတည်ပြီး မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ကို ပညာရှင်တွေက လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။

(၁) သတင်းအချက်အလက်များပေးခြင်း

သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ လူထုလူတန်းစားအလွှာအသီးသီးကို သတင်းအချက်အလက်များပေးနိုင်တဲ့ အထိရောက်ဆုံး ပြည်သူ့ဆက်ဆံရေး ယန္တရားဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ ဆင်းရဲနွမ်းပါးမှုအခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နိုင်ငံတော်က ဖော်ဆောင်နေတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို လူထုက သိရှိဖို့ လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ဒီလိုမူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုသာမက မူဝါဒတွေရဲ့ လူထုအပေါ် အကျိုးသက်ရောက်မှုတွေ၊ အားသာချက်၊ အားနည်းချက် စတဲ့ သတင်းအချက်အလက်တွေကိုပါ အများပြည်သူထံ ပို့ဆောင်ပေးနိုင်ပါတယ်။

(၂) ပြည်သူ့အမြင်၊ ပြည်သူ့အသံများ ဆောင်ကျဉ်းပေးခြင်း

နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ အများပြည်သူရဲ့ အမြင်တွေနဲ့ သဘောထားတွေကို မူဝါဒချမှတ်ထားသူများ၊ အကြံပေးများနဲ့ မူဝါဒအကောင်အထည်ဖော်ဆောင်နေသူများ သိရှိဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့ အမြင်သဘောထားတွေနဲ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုတဲ့ ပြည်သူ့အသံတွေကို စတုတ္ထမဏ္ဍိုင်က ဆောင်ကျဉ်းပေးနိုင်ပါတယ်။

(၃) Public Debate ပလက်ဖောင်း ဖန်တီးပေးခြင်း

အရေးကြီးတဲ့ ပြည်သူ့ရေးရာမူဝါဒတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ မူဝါဒရေးရာကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲတွေ၊ debate တွေ ပြုလုပ်တဲ့အခါ အများပြည်သူရဲ့ ဗဟုသုတတွေ၊ အတွေးအမြင်တွေ တိုးတက်လာစေနိုင်ပါတယ်။ အကြောင်းအရာတခုချင်းစီကိုလဲ ထဲထဲဝင်ဝင် ခြုံငုံသိရှိသွားစေနိုင်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဟာ ဒီလို public debate ပလက်ဖောင်းကို ဖန်တီးပေးနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Daily Star သတင်းစာမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပို့ကုန်သွင်းကုန် မူဝါဒများ၊ စွမ်းအင် မူဝါဒများနဲ့ ပတ်သက်ပြီး public debates များ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီကနေ ပေါ်ထွက်လာတဲ့ ရလဒ်တွေကို စုစည်းပြီး နိုင်ငံရေးပါတီများနဲ့ အန်ဂျီအိုများကို အကြံပြုချက်များလဲ ပေးအပ်ပြီး public engagement ကို စတုတ္ထမဏ္ဍိုင်ကတဆင့် တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။

(၄) ပြည်သူ့ရေးရာဌာနများ၏ တာဝန်ခံမှု ရှိစေခြင်း

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့ရေးရာဌာနများရဲ့ တာဝန်ခံမှု (accountability) ရှိဖို့ အလွန် အရေးကြီးပါတယ်။ အဆိုပြုချက်တွေနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်တဲ့အခါ ဒီမူဝါဒတွေဟာ သင့်လျော်မှုရှိမရှိ၊ ထိရောက်မှုရှိမရှိ၊ စီမံချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ခြင်း ရှိမရှိ စတာတွေကို မီဒီယာနဲ့ သတင်းစာနယ်ဇင်းတွေက စောင့်ကြပ်ကြည့်ရှုနိုင်ပါတယ်။ အစိုးရအသုံးစရိတ်များရဲ့ မှန်ကန်တိကျမှုကိုလဲ ဆန်းစစ်လေ့လာနိုင်တာကြောင့် ဘဏ္ဍာငွေအလွဲသုံးစားပြုမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုလဲ တိုက်ဖျက်နိုင် ပါတယ်။

နိဂုံး


နိဂုံးချုပ်ဆိုရရင် သတင်းနဲ့စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်စသော မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတဲ့ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၆၊ ၉၊ ၂၀၁၁)



ရည်ညွှန်းကိုးကားစာရင်း


Deane, J. (2005) “Why the Media Matters,” GFMD October 2005

Gregoire, L. (2005) “Why Development Needs Good Journalism,” WPFD

Hudock, A. (2003) “Hearing the Voices of the Poor: Encouraging Good Governance and Poverty Reduction through Media Support,” World Learning

Obaigbena, N. (2001) “ Role of the press in poverty reduction strategies (PRSP) Design and Implementation Process”, Africa Forum on Poverty Reduction Strategies, Dakar, Senegal, September 10-13, 2001.

Panos London (2005) “ What are the MDGs and why are they important?
www.panos.org.uk/extra/mdgs_index.asp

Panos London (2007) ‘The role of the media in boosting public awareness and debate of trade policy-making’, in WTO (2007) WTO Public Forum 2006: What WTO for the XXIst Century?, London

Siebert, F., Peterson, T., & Schramm, W. (1956) “Four theories of the press: The authoritarian, libertarian, social responsibility, and Soviet communist concepts of what the press should be and do”, Urbana: University of Illinois.

အပြည့်အစုံဖတ်ချင်ရင်..>>>

စက်တင်ဘာ မျှော်လင့်ချက် (ကဗျာ)

Friday, September 2, 2011

စက်တင်ဘာ မျှော်လင့်ချက်

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP