တိုက်ပွဲခေါ်သံ၊ မိုးလုံးညံ
မတရားအာဏာသိမ်း စစ်အုပ်စုလက်အောက်၌ အနှစ်နှစ်ဆယ်ကြာအောင် ကျရောက်နေသည့် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် တိုက်ပွဲခေါ်သံတခုက ပြတ်ပြတ်သားသား ထွက်ပေါ်လို့ လာချေပါပြီ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကုလသမဂ္ဂကိုယ်စားလှယ်ကို တွေ့ဆုံရန် ငြင်းဆိုလိုက်ခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာ့အရေးတွင် ပါဝင်လုပ်ကိုင်ခဲ့မှုများသည် မည်မျှအကျိုးသက်ရောက်မှု နည်းခဲ့သည်ကို မီးမောင်းထိုးပြလိုက်ပါပြီ။ အစာငတ်ခံတိုက်ပွဲဝင်ခြင်းဖြင့် မြန်မာလူထုသည် မိမိတို့အရေးကို မိမိတို့ဘာသာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အသံတိတ် တိုက်ပွဲခေါ်သံကို ပေးအပ်ခဲ့ပါပြီ။
တွေ့ဆုံဆွေးနွေးသောနည်းဖြင့် အဖြေရှာရေးကို အတိုက်အခံဘက်မှ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြသည်။ ယူအင်မှလည်း ကြားဝင်စေ့စပ်ပေးမည်ဟု နအဖကို ကမ်းလှမ်းထားခဲ့သည်။ နအဖမှ လက်ခံခြင်းမရှိ။ လျှောက်ပြန်သံပေးလုပ်၍၊ ရွှေရည်စိမ်ဒီမိုကရေစီ စီမံချက်များ ပြ၍ ကမ္ဘာကို လှည့်စားခဲ့ကြသည်။
လှည့်စားခံနေရမှန်းသိသော်လည်း စေ့စပ်ပေးမည့် ယူအင်တွင် နအဖလက်ခံလာအောင် တွန်းအားပေးနိုင်သော ပါဝါကမရှိပြန်။ ဖွဲ့စည်းပုံစည်းမျဉ်းပိုင်းဆိုင်ရာ အားနည်းချက်များကလဲ ယူအင်တွင်ရှိနေသည်။ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲများကလည်း ယူအင်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားနေသည်။ သို့ပေမယ့် ယူအင်အနေဖြင့် ပါဝါမရှိသည်ကို ထုတ်ပြော၍လည်းမဖြစ်ပြန်သည်မို့ အထူးကိုယ်စားလှယ်ခန့်၍ ပုံမှန်စေလွှတ်ခြင်း၊ ကြေညာချက်များထုတ်ခြင်း၊ အစီရင်ခံစာများ တင်သွင်းခြင်းတို့ဖြင့် ရုပ်လှအောင် ဖန်တီးပေးထားခြင်းသာ ဖြစ်သည်။
ဤအခြေအနေတွင် မြန်မာတို့ ဘာလုပ်ကြမည်နည်း။
လူထုခေါင်းဆောင်ကတော့ တိုက်ပွဲခေါ်သံ ပေးလိုက်ပါပြီ။
မတရားမှုသည် ဥပဒေ ဖြစ်လာသောအခါ တော်လှန်ပုန်ကန်ရေးသည် တာဝန်တရပ်ဖြစ်လာရစမြဲသာ ဖြစ်သည်။
စစ်အာဏာရှင်စနစ် ပြုတ်ကျရေးသည် ပထမ
ဒီမိုကရေစီစနစ် တည်ဆောက်ရေးသည် ဒုတိယ
ဒီမိုကရေစီစနစ် ထွန်းကားရေးသည် တတိယ။
ဤသည်ကား ကျွန်ုပ်တို့အားလုံး ဦးတည်ကြရမည့် ပန်းတိုင်သာဖြစ်တော့သည်။
သို့ဖြစ်ရာ တော်လှန်ရေးပုံသဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲနွှဲကြရင်း လူထုခေါင်းဆောင်၏ တိုက်ပွဲခေါ်သံကို မိုးလုံးညံကြပါစို့ ဟု တိုက်တွန်းရေးသားအပ်ပါကြောင်း။
ခင်မမမျိုး (၂၇၊ ၈၊ ၂၀၀၈)
 

 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
