ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

တော်လှန်ရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်ခြင်း (အပိုင်း-၁)

Monday, October 11, 2010

နိဒါန်း

ကမ္ဘာပေါ်မှာ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံများနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများအပြား ရှိပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်ခြင်း (Modernization) ဆိုတာကို ယေဘုယျအားဖြင့် ထုတ်လုပ်မှုအား မြင့်မားလာခြင်းမှတဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းလို့ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ အချို့ကတော့ အောင်မြင်မှု၊ ကြောင်းကျိုးဆီလျော်စွာ တွေးခေါ်နိုင်စွမ်းရှိမှု စတာတွေကို လူမှုစံနှုန်းအဖြစ် သတ်မှတ်လာတဲ့ အပြုအမူပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာတွေကို ထည့်သွင်းသတ်မှတ်ကြပါတယ်။ အချို့ကလဲ ရိုးရှင်းတဲ့ အလုပ်ခွဲဝေမှုရှိနေတဲ့ လူအစုအဝေး (community) အဆင့်ကနေ အပြန်အလှန် အမှီသဟဲပြုနေတဲ့ အသင်းအဖွဲ့ (association) သို့ ပြောင်းလဲခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ လူမှုဗေဒပညာရှင် (sociologists) များကလဲ ခေတ်မှီခြင်း (modern) နဲ့ ရှေးရိုးအစဉ်အလာအတိုင်းကျင့်သုံးခြင်း (traditional) တို့အကြားက ကွဲပြားခြားနားမှုတွေကို လေ့လာနေကြဆဲပဲ ရှိပါသေးတယ်။ တပြိုင်နက်တည်းမှာပဲ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံများရဲ့ ပြောင်းလဲတိုးတက်မှုသဏ္ဍာန်တွေနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပြောင်းလဲတိုးတက်မှု သဏ္ဍာန်တွေကို ပညာရှင်များစွာက ရှုထောင့်မျိုးစုံကနေ လေ့လာတင်ပြခဲ့ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ နိုင်ငံကြီးတွေဟာ ဒီလိုအခြေအနေကို ရောက်ရှိလာဖို့အတွက် ဘယ်လိုပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ကြရသလဲ။ ဒီလိုပြောင်းလဲမှုတွေမှာ တော်လှန်ရေး (revolution) ဆိုတာ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ခဲ့သလား ဆိုတာတွေကို ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တွေးခေါ်ပညာရှင်များက ခေတ်မှီဖွံ့ဖြိုးတိုးတက်ခြင်းကို ရှုထောင့်လေးမျိုးကနေ ခွဲခြားလေ့လာခဲ့ကြပါတယ်။ Ethnocentric view ကို အခြေခံတဲ့ ပညာရှင်များက လူ့အဖွဲ့အစည်းတခုရဲ့ ပြောင်းလဲတိုးတက်မှုသဏ္ဍာန်ကို အသေးစိတ်လေ့လာပြီး၊ ဒီသဏ္ဍာန်ပေါ်မှာ မူတည်တဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သွင်ပြင်လက္ခဏာတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ Multilinear view ကို အခြေခံတဲ့ ပညာရှင်များကတော့ လူ့အဖွဲ့အစည်းများရဲ့ ပြောင်းလဲတိုးတက်မှုသဏ္ဍာန်တွေကို နှိုင်းယှဉ် လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နောက်ထပ်ရှုထောင့် နှစ်မျိုးဖြစ်တဲ့ Objective Idealist view နဲ့ Technological determinist view တွေကတော့ ဂျာမန်တွေးခေါ်ပညာရှင် Hegel ရဲ့ အတွေးအခေါ်များကနေ မြစ်ဖျားခံဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးဆိုတဲ့ အနက်အဓိပ္ပာယ်ကိုလဲ တွေးခေါ်ပညာရှင်များက ရှုထောင့် သုံးမျိုးခွဲပြီး လေ့လာခဲ့ကြပါတယ်။ ယဉ်ကျေးမှုရေးရာရှုထောင့် (Cultural Approach) က ကြည့်မယ်ဆိုရင် တော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းကို ဖြစ်ထွန်းစေတဲ့ တန်ဖိုးထားမှုစနစ် (value system) ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေမှာ တွေးခေါ်ပညာရှင် Thomas Khun ဖော်ပြထားခဲ့တဲ့ ကမ္ဘာကြီးကို လူအများက ရှုမြင်တဲ့ သဘောတရားရေးရာ framework ပြောင်းလဲမှု (paradigm shift) လဲ ပါဝင်ပါတယ်။ နိုင်ငံရေးဘောဂဗေဒရှုထောင့် (Political - economic approach) ကကြည့်မယ်ဆိုရင် တော်လှန်ရေးဆိုတာ Mode of production ကို လွှမ်းမိုးချုပ်ကိုင်နိုင်မှု တွေအပေါ် ပြောင်းလဲမှု ဖြစ်စေခြင်းဖြင့် အုပ်စိုးသူ လူတန်းစားသဘောသဘာဝကို ပြောင်းလဲစေခြင်း ဖြစ်ပါတယ်။ ကျဉ်းမြောင်းသော နိုင်ငံရေးရှုထောင့် (Narrowly political approach) ကကြည့်မယ်ဆိုရင်တော့ တော်လှန်ရေးဆိုတာ အာဏာရှင်ကို ဖြိုချခြင်းဖြစ်ပါတယ်။

အချို့တွေးခေါ် ပညာရှင်များကတော့ ဒီအမျိုးအစားများကို ပေါင်းစပ်ပြီး ဆက်စပ်တွေးခေါ်လေ့ ရှိကြပါတယ်။ Karl Marx က တော်လှန်ရေးဆိုတာကို နိုင်ငံရေးဘောဂဗေဒရှုထောင့်နဲ့ ကျဉ်းမြောင်းသော နိုင်ငံရေးရှုထောင့် နှစ်မျိုးကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါတယ်။ လူမှုဗေဒပညာရှင် Max Weber ကတော့ တော်လှန်ရေးဆိုတာကို နိုင်ငံရေး ဘောဂဗေဒရှုထောင့်နဲ့ ယဉ်ကျေးမှုရေးရာရှုထောင့် နှစ်မျိုးကို ပေါင်းစပ်ပြီး အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။ လူမှုဗေဒ ပညာရှင် W.F. Wertheim ကတော့ တော်လှန်ရေးဆိုတာကို ရှုထောင့် သုံးမျိုးလုံး ပေါင်းစပ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါတယ်။ အခြားတဖက်မှာလဲ ခေတ်မှီဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ ပတ်သက်ပြီး တွေးခေါ်ပညာရှင် Edmund Burke က ခေတ်မှီဖွံ့ဖြိုး တိုးတက်ခြင်း ဆိုတာကို တိုင်းပြည်ရဲ့ အစဉ်အလာဓလေ့ထုံးစံ ဘောင်အတွင်းကနေပဲ ရှုမြင်သုံးသပ်ခဲ့ပါတယ်။ ဒဿနိကဗေဒ ပညာရှင်များကတော့ သူ့ကို relativist တယောက်အဖြစ် သတ်မှတ်ကြပါတယ်။ အခုဆက်လက်ပြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်ခြင်းဆိုင်ရာ ရှုထောင့်လေးမျိုးနဲ့ တော်လှန်ရေးတို့အကြားက ဆက်နွယ်မှုတွေကို ရေးသားတင်ပြပါမယ်။

Ethnocentric view

လူ့အဖွဲ့အစည်းတွေအကြားက လူမှုရေးဆိုင်ရာ အတွေးအခေါ် အများစုဟာ ethnocentric view (လူ့အဖွဲ့အစည်းတခု၏ တိုးတက်ပြောင်းလဲမှုသဏ္ဍာန်ကို လေ့လာ၍ သွင်ပြင်လက္ခဏာများအား ရှုမြင်သုံးသပ်ခြင်း) ပေါ်မှာ အခြေခံထားပါတယ်။ ကမ္ဘာကြီးပေါ်မှာ civilized ဖြစ်တဲ့ လူတွေနဲ့ Barbarians ဆိုပြီး လူနှစ်မျိုးနှစ်စား ကွဲပြားနေတဲ့အနက် ဘယ်အချိန်မှာ ဘယ်လိုလူတွေက အောင်ပွဲခံမယ်ဆိုတာ မသိနိုင်ပါဘူး။ ရိုမင်အင်ပါယာကတော့ barbarians တွေကို ရိုမင်နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုခဲ့ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ရိုမင်ဥပဒေအပေါ် တည်မှီထားတဲ့ အင်စတီကျူးရှင်းတွေအပေါ်မှာ မူတည်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်သူတွေ လက်ခံလာအောင် ပြုလုပ်ထားခဲ့ပါတယ်။ အမျိုးမျိုးကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေဟာ Pax-Romana အသွင်သဏ္ဍာန်ကို ဆောင်လာတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှု တစုံတရာ ရှိခဲ့တယ်လို့တော့ ဆိုနိုင်ပါတယ်။ လူမှုတော်လှန်ရေး (social revolution) တော့ မရှိခဲ့ပါဘူး။ တော်လှန်ရေးဆိုတာကို အရစ်စ်တိုတယ်ရဲ့ sense of statis အနေနဲ့ ကြည့်မယ်ဆိုရင်တော့ Rome မြို့တော်က ဗဟိုအစိုးရဟာ အကြိမ်ကြိမ် ဖြုတ်ချခံခဲ့ရတဲ့အတွက် တော်လှန်ရေးတွေ ရှိခဲ့တယ်လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ အခြားကမ္ဘာတဘက်မှာလဲ Han Empire ဟာ ရိုမင်အင်ပါယာနဲ့ အလားသဏ္ဍာန်တူတဲ့ ယုံကြည်မှု၊ ရှုထောင့်တွေနဲ့ ကြီးထွားခဲ့ပါတယ်။

ဥရောပနဲ့ တရုတ်ပြည်နှစ်ခုစလုံးမှာလဲ ယဉ်ကျေးမှုစိမ့်ဝင်ခြင်း (cultural diffusion) ရှိခဲ့ပါတယ်။ ဥရောပတခွင်မှာ ခရစ်ယာန်ဘာသာနဲ့ ရိုမင် တန်ဖိုးတွေ ပျံ့နှံ့ခဲ့သလို Islamic culture ထဲက တန်ဖိုးများ (ဥပမာ- သင်္ချာဘာသာရပ်) တွေလဲ ပျံ့နှံ့စိမ့်ဝင်မှုတွေ ရှိလာခဲ့ပါတယ်။ တရုတ်ပြည်မှာလဲ ဗုဒ္ဓဘာသာနဲ့ ကွန်ဖြူးရှပ်တန်ဖိုးတွေ စိမ့်ဝင်ပျံ့နှံ့ခဲ့ပါတယ်။ ဥရောပနဲ့ တရုတ်ပြည် နှစ်နေရာစလုံးမှာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေလဲ ရှိလာခဲ့ပါတယ်။ ဆယ့်ခုနစ်ရာစု ကာလမှာတော့ ဥရောပတခွင်မှာ အခြေခံပြောင်းလဲမှုတွေ ရှိလာပါတယ်။ လူပုဂ္ဂိုလ်တဦးချင်းစီကို political actor အဖြစ် ပြောင်းလဲ ရှုမြင်လာမှုတွေဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောတရားအသစ်တွေကို မွေးဖွားလာစေခဲ့ပါတယ်။ နိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်က အခြေခံနိုင်ငံရေးယူနစ်ဟာ politically-determined citizen ဖြစ်ပြီး၊ pre-social individual တွေ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ဆိုထားခဲ့ပါတယ်။ ရှေးဦးကာလ ခရစ်ယန်ဘာသာဝင်များက pre-social ဆိုတာကို လူသားဝိညာဉ်လို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ဆယ့်ခုနစ်ရာစုခေတ်ကာလရောက်ချိန်အထိ နိုင်ငံတော်အနေနဲ့ လူသားတဦးချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးတွေကို စောင့်ရှောက်ကာကွယ်ပေးဖို့ တာဝန်ရှိတယ် ဆိုတဲ့အချက်ကို သိမြင်ခြင်း မရှိခဲ့ကြသေးပါဘူး။ ဆယ့်ခုနစ်ရာစုကာလတွေမှာကျတော့ လူတဦးချင်းစီကို political actor အဖြစ် ရှုမြင်လာခြင်းနဲ့အတူ နိုင်ငံသားတဦးချင်းစီနဲ့ ပတ်သက်တဲ့ နိုင်ငံတော်ရဲ့ တာဝန်တွေကိုလဲ ဖော်ထုတ်ပြဌာန်းလာကြပါတော့တယ်။ ဒီလိုအမြင်ပြောင်းလဲမှုတွေ ဘာကြောင့် ဖြစ်ပွားလာခဲ့ရသလဲဆိုတာ ပညာရှင်များက တိတိကျကျ မပြောနိုင်ကြပေမယ့်၊ ဒီလိုပြောင်းလဲမှုတွေဟာ တော်လှန်ရေးရဲ့ အသီးအပွင့်ဖြစ်တယ်ဆိုတာကိုတော့ အများစုက လက်ခံထားကြပါတယ်။

Marxists များက ဒါဟာ ရှေးဦးအရင်းရှင်တော်လှန်ရေးရဲ့ အသီးအပွင့်လို့ ဆိုခဲ့ကြပါတယ်။ ပရိုတက်စတင့်ဘာသာတရားကို ကျင့်ကြံလိုက်နာခြင်းဖြင့် ကနဦး capitalist accumulation အတွက် လိုအပ်ချက်ဖြစ်တဲ့ investment maximization လုပ်သလို ဖြစ်သွားတယ်လို့ သူတို့က မြင်ပါတယ်။ တချိန်တည်းမှာပဲ individualism ဟာ လူတဦးချင်းစီကို ချည်နှောင်နေတဲ့ မျိုးနွယ်စုပတ်သက်မှုတွေကို ဖယ်ရှားပြီး transferable labour force ကို ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။ Weberian tradition ကို လိုက်နာတဲ့ ပညာရှင်များကတော့ ယဉ်ကျေးမှုတော်လှန်ရေး (cultural revolution) နဲ့ အရင်းရှင်တော်လှန်ရေး (၀ါ) နိုင်ငံရေးဘောဂဗေဒ တော်လှန်ရေး (political-economic revolution) တော်လှန်ရေးနှစ်ရပ် တပြိုင်တည်း ဖြစ်ပေါ်လာတဲ့အတွက် ဒီလိုပြောင်းလဲမှုတွေ ဖြစ်ပွားလာတယ်လို့ ဆိုခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသူများကတော့ ဒီလိုရှုမြင်သုံးသပ်မှုတွေဟာ ဥရောပက တိုးတက်ပြောင်းလဲလာတဲ့ နိုင်ငံကြီးအချို့ကိုပဲ အခြေခံပြီး ရှုမြင်သုံးသပ်ချက်တွေ ဖြစ်တဲ့အတွက် ethnocentric view ကနေ လေ့လာဆန်းစစ်ချက်တွေပဲ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ပညာရှင်အချို့ကလဲ ကျဉ်းမြောင်းသော နိုင်ငံရေးရှုထောင့်ကနေပြီး ဆယ့်ခုနစ်ရာစုကာလ အင်္ဂလန်နိုင်ငံက နိုင်ငံရေးအခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။ ၁၆၈၈ ခုနှစ်မှာ အင်္ဂလန်မှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးဟာ ကိုယ်စားပြုမှုနဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပေါ်ထွက်လာစေခဲ့တဲ့ အအောင်မြင်ဆုံးတော်လှန်ရေးတရပ် ဖြစ်ခဲ့ပါတယ်။ အစကနဦးပိုင်းမှာ အင်္ဂလိပ်လူမျိုးတွေနဲ့ပဲ ပတ်သက်တဲ့ နိုင်ငံရေးရာတခုလို့ မှတ်ယူထားခဲ့ကြပေမယ့် ရာစုကာလ တခုကို ဖြတ်သန်းပြီး နောက်ပိုင်းမှာတော့ ကမ္ဘာအ၀ှမ်းက နိုင်ငံတွေ စတင် လက်ခံကျင့်သုံးလာကြတဲ့ စနစ်တခု ဖြစ်လာပါတော့တယ်။ ပြင်သစ်တွေးခေါ်ပညာရှင် Montesquieu ဖော်ထုတ်ခဲ့တဲ့ အာဏာချိန်ခွင်လျှာညှိရေး 'balance of powers' (အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ သုံးရပ်) သဘောတရားဟာ အဲဒီခေတ်ကာလက အင်္ဂလန်နိုင်ငံရေး ကို တည်မှီပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လေ့လာသူအချို့ကတော့ အင်္ဂလန်နိုင်ငံရေးကို ဖော်ညွန်းနိုင်တဲ့ တိကျသော ပြယုဂ်မဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Montesquieu အနေနဲ့ သမိုင်းကြောင်း ရှင်းပြချက်မဟုတ်တဲ့ ideal type- political model တခုကို ဖော်ထုတ်ခဲ့တယ်လို့တော့ ဆိုနိုင်ပါတယ်။ ၁၉၅၀၊ ၁၉၆၀ ကာလတွေမှာ နိုင်ငံရေးသိပ္ပံပညာရှင်တွေက နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု (political development) ဆိုင်ရာ လေ့လာမှုတွေ ပြုလုပ်တဲ့ အခါမှာ Montesquieu ရဲ့ သဘောတရားတွေကို အသုံးပြုခဲ့ကြပါတယ်။

ဒီလို နိုင်ငံတခုရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုသဏ္ဍာန်တွေကို ဖော်ထုတ်ပြီး political model တွေ တည်ဆောက်မှုတွေကို ပညာရှင်အများအပြားက လုပ်လေ့ရှိတတ်ပေမယ့် ethnocentric approach နဲ့ ဆက်စပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ ၁၆၈၈ အင်္ဂလိပ်တော်လှန်ရေးကို အကြောင်းပြုပြီး၊ ဒီတော်လှန်ရေးရဲ့ political model အတိုင်း လိုက်နာကျင့်သုံးမှုကို ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတခုအဖြစ် ယူဆသူများ ရှိကြပါတယ်။ အခြားတဘက်မှာလဲ ဆိုဗီယက်ယူနီယံက ဘော်ရှီဗစ်တော်လှန်ရေးကို အကြောင်းပြုပြီး၊ ဒီတော်လှန်ရေးနဲ့သဏ္ဍာန်တူတဲ့ political upheaval အတိုင်း ပြုလုပ်ဖို့ လိုတယ်လို့ ယူဆသူများလဲ ရှိလာပါတယ်။ Whig tradition ကို လိုက်နာသူများက ဗြိတိန်ရဲ့ နိုင်ငံရေးသဘောတရားတွေကို တကမ္ဘာလုံးမှာ ဖြန့်ဖြူးခဲ့ကြသလို၊ ဒီအစဉ်အလာရဲ့ American version နောက်မှာလဲ စစ်ရေးအကြံပေးတွေ၊ ဒေါ်လာတွေ ပါလာခဲ့ပါတော့တယ်။ ၁၉၆၀ ကာလတွေမှာ ပေါ်ထွက်လာခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေးအခေါ်တွေနဲ့ ရုရှားက အိန္ဒိယအတွက် ချမှတ်ပေးဖို့ ကြံရွယ်ခဲ့တဲ့ 'non-capitalist path to development' လမ်းကြောင်းတွေမှာတော့ Multi-linear view ကို သုံးစွဲလာတယ်လို့ ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၁၊ ၁၀၊ ၂၀၁၀)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP