ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ရွှေပြည်တော်ယောင်တိုင်းဝေး

Thursday, November 27, 2008

(အခုတလော မြန်မာ့ဒီမိုကရေစီအရေးဟာ စစ်အာဏာရှင်တွေရဲ့ အခင်းအကျင်းအတိုင်း လိုက်လျှောက်မှသာ အောင်မြင်နိုင်ဖွယ်ရှိကြောင်း ပညာရှင်ဆန်ဆန် သုံးသပ်ပြောဆိုမှုလေးတွေ ကြားနေရပါတယ်။ အများအားဖြင့် တတိယအုပ်စုဝင်များဆီမှ ဖြစ်ပါတယ်။ သူတို့အကြောင်း စဉ်းစားမိရင်း လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရေးဖူးတဲ့စာလေးကို သွားအမှတ်ရမိပါတယ်)


ရွှေပြည်တော်ယောင်တိုင်းဝေး


ဟိုယောင်ယောင်၊ ဒီယောင်ယောင်’ဆိုသော စကားလုံးကား မြန်မာ့လူ့ဘောင်တွင် အလွန် တွင်ကျယ်လှပါသည်။ လူသားတစ်ယောက်ဟူသည် မိမိဘဝတိုးတက်ရေးအတွက်၊ အဖွဲ့အစည်းတစ်ခုဟူသည် အဖွဲ့ပေါ်ပေါက်လာရခြင်း အကြောင်းရင်းအတွက်၊ နိုင်ငံတစ်ခုဟူသည် နိုင်ငံတော်တိုးတက်ရေး၊ နိုင်ငံသားများ လူနေမှုဘဝ လုံခြုံသာယာရေးအတွက် ရှင်းလင်းသောပန်းတိုင်၊ ပြတ်သားသော ယုံကြည်ချက်၊ ခိုင်မာသော ဆုံးဖြတ်ချက်များ ရှိရပေမည်။ ထိုသို့မရှိလျှင်ကား “ဟိုယောင်ယောင်၊ ဒီယောင်ယောင်” ဖြစ်၍ လူ့ဘောင်လောကအတွက် အကျိုးမရှိသော ဆန်ကုန်မြေလေးများ ဖြစ်တတ်ပါသည်။ ယင်းထက်ပိုဆိုးသည်ကား ထိုသို့သော လူများတွင် ပညာဥာဏ်များ၊ ရာထူးရာခံများရှိပြီး၊ ဆင်ခြင်တုံတရားမရှိပါက လူ့ဘောင်အတွက် အလွန်တရာ အန္တရာယ်ကြီးလာရခြင်းပင်ဖြစ်သည်။


ယခုနှစ်များအတွင်း၊ မြန်မာ့နိုင်ငံရေး လောကအတွင်း၌ တတိယအုပ်စုဆိုသော အုပ်စုတစ်ခု ပေါ်ပေါက်လာပါသည်။ အဖွဲ့ဝင်အင်အား မများလှသော်လည်း အာဏာရှင်စနစ်အား ပြည်သူလူထုက တွန်းလှန်နေသည့် တော်လှန်ရေးတစ်ရပ်အား စစ်အစိုးရနှင့် အတိုက်အခံအုပ်စုများ၏ အာဏာလုပွဲ သဏ္ဍာန်ပြောဆိုကာ လူထုနှင့် တော်လှန်ရေးအား ခွဲထုတ်နေမှု၊ အာဏာရှင်လက်ထဲသို့ လူသတ်လက်နက်များ မရောက်သွားစေရန် တားဆီးခြင်း ခြေလှမ်းများဖြစ်သော နိုင်ငံတကာ အရေးယူမှုများအား ကန့်ကွက်မှု စသည့်လုပ်ရပ်များမှာ မြန်မာလူမျိုးများ အနာဂတ်အတွက် သာမကပဲ၊ ရမ်းကားသော အစိုးရလက်ထဲသို့ ရောက်ရှိသွားသော လက်နက်နည်းပညာများမှတဆင့် နိုင်ငံတကာလုံ ခြုံရေးကိုပါ ထိခိုက်စေနိုင်သဖြင့် ပေါ့ပေါ့တန်တန် သဘောထားရမည့်ကိစ္စတစ်ခု မဟုတ်သည်ကတော့ သေချာလှပေသည်။


အဆိုပါ တတိယအုပ်စုတွင် မည်သို့သော လူအမျိုးအစားများ ပါဝင်နေသည်ကို လေ့လာကြည့်ကြပါစို့။ ပထမအမျိုးအစားမှာ “သေနတ်ကို မိုးပေါ်ထောင်မပစ်၊ တည့်တည့်သာပစ်မည်’ ဆို၍ သန်းပေါင်း များစွာသော လူထုအား ရုပ်မြင်သံကြားမှ ခြိမ်းချောက်ခဲ့သော ကွယ်လွန်သူ အာဏာရှင်ဟောင်း လက်ထက်ကတည်းက အာဏာရှင် မိသားစုဝင်များနှင့် အကျွမ်းတဝင်ရှိ၍၊ မြန်မာပြည်နှင့် ပြည်ပအား အိမ်ဦးနှင့်ကြမ်းပြင်ပမာ ကူးလူးသွားလာခဲ့ကြသော ပညာရှင်အမည်ခံ နိုင်ငံခြားပါမောက္ခများနှင့် ကထိကများဖြစ်ကြသည်။


ဒုတိယအမျိုးအစားများမှာကား အာဏာရှင်ဟောင်းကြီး၏ ပညာတတ် ဇနီးသည်တစ်ယောက်မှ မွေးမြူထားခဲ့သော တပည့်များဖြစ်သည်။ ထိုသူများမှာလဲ နည်းမျိုးစုံသော ထောက်ပံ့မှုများဖြင့်၊ ပြည်ပနိုင်ငံအရပ်ရပ်တွင် အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိခဲ့သူများဖြစ်သည်။


တတိယအမျိုးအစားများကား ထိုသူများထက်ပို၍ ထူးခြားဆန်းကြယ်သူများ ဖြစ်ပါသည်။ သူတို့သည်တစ်ချိန်က မြန်မာ့ဒီမိုကရေစီအရေးတွင် ပြည်တွင်းပြည်ပ၌ တက်ကြွကာလှုပ်ရှားခဲ့ပြီးမှ၊ နအဖအမျိုးသားညီလာခံအား စတင်ထောက်ခံခြင်း ခြေလှမ်းသစ်နှင့်အတူ၊ ဘက်ပြောင်းသွားသူများ ဖြစ်ပါသည်။ သို့ပေမယ်လဲ ယင်းတို့၏ ဂုဏ်သိက္ခာအတွက် ဘက်ပြောင်းခြင်း မပေါ်လွင်အောင်၊ လူထုအကျိုးကိုလို၍ ဆောင်ရွက်နေသယောင်ယောင် ရောင်တော်ပြန်နှင့် ရောလွှတ်နေကြသူများ ဖြစ်ပါသည်။ ထိုသူများနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးခဲ့သော နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများမှ လူတစ်ချို့မှာလဲ ယခင်က မြန်မာ့အရေး ဆောင်ရွက်နေရာမှ ထိုသူများ၏ ဝါဒဖြန့်ချီရေးသမားများ ဖြစ်လာကြပါသည်။ “ပုဂ္ဂိုလ်ခင်မှတရားမင်’ဆိုသော်လဲ၊ အမှားနှင့်အမှန်ကို ခွဲခြားဆုံးဖြတ်သော ဥာဏ်စွမ်းအား နည်းပါးသည်ပင် ဆိုရပေမည်။ မှားနေမှန်းသိပါလျက်၊ ပုဂ္ဂိုလ်ရေးကြောင့် ယုံကြည်ချက် စွန့်သည်ကတော့ မဖြစ်သင့်ပါ။ မိမိ၏ရင်းနှီးသော မိသားစုဝင်ပင်ဖြစ်ပါစေ၊ လိုအပ်လာလျှင်တော့ ပြတ်သားစွာပင် အမှန်တရားဘက်မှ ရပ်တည်ရပေမည်။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်လုပ်ရန် လုပ်ကောင်းသည့် ကိစ္စမဟုတ်ပါ။ နောက်ကွယ်တွင် လူ့အသက်များစွာ၊ ဘဝများစွာနှင့် ဆက်စပ်နေပါသည်။


မည်သို့ဆိုစေ၊ အဆိုပါတတိယအုပ်စုတွင်းမှ ပါရဂူဘွဲ့ရထားသူများ၊ မဟာဘွဲ့ရထားသူများ၏ အာဏာရှင်အလိုကျ ပြောဆိုဆောင်ရွက်နေမှုများကြောင့်၊ ပညာရှင်များကို ဖောက်ပြန်တတ်သော လူတန်းစားများအဖြစ် အချို့က ထင်မြင်ပြောဆိုလာခြင်းမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းပါသည်။ ပါရဂူဘွဲ့များ၊ မဟာဘွဲ့များအတွက် လျှောက်လှမ်းရသော ခရီးလမ်းများမှာ အလွန်ပင် ကြမ်းတမ်းလှပါသည်။ ငယ်ရွယ်နုပျိုသော ကာလတလျှောက်လုံးအား၊ အများနှင့်အတူ မပျော်ပါးနိုင်ပဲ သွားလေရာ စာအုပ်တကိုင်ကိုင်နှင့် ကုန်လွန်ရသော နှစ်ရှည်ကာလများ၊ အိပ်ရေးပျက်ရသောညများ၊ စားရန်ပင် အချိန်မပေးနိုင်၍ လွတ်ရသော ထမင်းနပ်များဖြင့် ကြိုးစားကြရသည်။ ထိုပင်ပန်းဆင်းရဲမှုများစွာ ခံပြီးမှလဲ ပညာရှင်တစ်ယောက်အနေဖြင့်၊ ပညာရှင် အသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းကို ခံကြရခြင်းဖြစ်ပါသည်။


သို့ရာတွင် ထိုအသိအမှတ်ပြုမှုခံရမှုအား ပညာရှင်အနေဖြင့် လူ့လောကကို အကျိုးပြုရန်သာဖြစ်ပါသည်။ သက်ဆိုင်ရာ ပညာရပ်များ နောက်ကွယ်တွင် လူ့လောကအား မည်သို့အကျိုးပြုရန် လမ်းညွှန်များ ပါဝင်ပြီးသားဖြစ်ပါသည်။ တလွဲဆံပင်ကောင်း၍ လူ့လောကအား အကျိုးယုတ်စေသူများဘက်မှ ရပ်တည်လိုက်ပါက လူ့လောကအတွက် အလွန်ပင် အန္တရာယ်ရှိလှပါသည်။ မြန်မာနိုင်ငံတွင် အာဏာရှင် အဆက်ဆက်တို့၏ အကွက်ချပြင်ဆင်၍ မျိုးဆက်သုဉ်းစေခဲ့သော စီမံချက်များကြောင့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ပေါ်လစီရေးရာများကဏ္ဍ၌ ကျွမ်းကျင်ပညာရှင်များ အလွန်ပင်ရှားပါးလှပါသည်။ ယင်းအပေါ်တွင် အခွင့်ကောင်းယူ၍၊ ကိုယ့်ဘာသာကိုယ် ပြတိုက်သွင်းခံ မြန်မာ့အရေးကျွမ်းကျင် လူတန်းစား သတ်မှတ်ကာ၊ အာဏာရှင်ဘက်လိုက် စကားလုံးများ ပြောဆို၍ တလွဲဆံပင် မကောင်းသင့်ကြပါ။ လူထုဘက်မှရပ်တည်၍၊ တတ်ထားသော ပညာရပ်များကို အကျိုးရှိစွာ သုံးသင့်ကြပါသည်။


နိဂုံးချုပ်ဆိုရသော် တတိယအုပ်စုဝင်များ အနေဖြင့်၊ ယုံကြည်ချက်ပျောက်၊ လမ်းစပျောက်ကာ ဟိုယောင်ယောင်၊ ဒီယောင်ယောင်ပြုလုပ်ခြင်းများ၊ အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်အောင် ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်၍ လူထုအကျိုးကို မျှော်ကိုးသင့်ပါကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါသည်။ လူထုအနေဖြင့်လဲ “ရွှေပြည်တော်၊ယောင်တိုင်းဝေး’ အဖြစ်မျိုးသို့ မကျရောက်ရလေအောင် သတိဥာဏ်နှင့်ယှဉ်၍ သူများယောင်တိုင်း လိုက်မယောင်သင့်ပါကြောင်း ပန်ကြားအပ်ပါသည်။


ခင်မမမျိုး (ဇန်န၀ါရီလ၊ ၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဧည့်ခန်း

Monday, November 24, 2008

ဧည့်ခန်း


ဧည့်ခန်း။

စကားလုံးကား နှစ်လုံးတည်းသာ ဖြစ်သည်။ အိမ်တိုင်း၊ အိမ်တိုင်းတွင် ဧည့်ခန်းဆိုသည်ကို ထားရှိတတ်ကြသည်။ လူမျိုး၊ ဓလေ့၊ ထုံးစံ၊ ဘာသာစကား မည်မျှပင်ကွဲပြား၊ ကွဲပြား၊ တူညီတာတစ်ခု တော့ရှိသည်။ ဤကားမိမိတို့ နေထိုင်ရာအိမ်တွင် ဧည့်ခန်းတစ်ခန်းထားရှိခြင်းပင် ဖြစ်သည်။ လူဆိုသည်ကလဲ တစ်ဦးတည်းနေတတ်သော သတ္တဝါများမဟုတ်ကြ။ ထိုနည်းနှယ်နှယ်ပင် ။ တိုးတက်ပြောင်းလဲလာသော ကမ္ဘာကြီးတွင် တံခါးပိတ် အထီးကျန်နေနိုင်သော နိုင်ငံများကား တဖြည်းဖြည်း ရှားပါးလာလေပြီ။ တံခါးများဖွင့်၍ ဧည့်သည်များလာရန် ဖိတ်ကြရသည်။ အဆိုပါ ကမ္ဘာလှည့် ဧည့်သည်များသည်ကား လက်ချည်းသက်သက်လာသည် မဟုတ်။ အိမ်ရှင်နိုင်ငံများအတွက် အကျိုးစီးပွားများ ဖြစ်ထွန်းစေသဖြင့် နိုင်ငံတိုင်းလိုလိုပင် ဧည့်သည်များအား ဆွဲဆောင်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားကြတော့သည်။ စာရေးသူတို့ မြန်မာပြည်ကြီးလဲ အပါအဝင်ပင်ဖြစ်သည်။


ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများသည် ကမ္ဘာ့ကုန်သွယ်မှု၏ ၆ရာခိုင်နှုန်းကို ကိုယ်စားပြုလာသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အစီရင်ခံစာထဲတွင် တွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် အလွန်ပင်အရေးကြီးသော အခန်းကဏ္ဍတစ်ခုပင်ဖြစ်သည်။ (၂ဝဝ၂)ခုနှစ်၊ သြဂုတ်လတွင် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးမှ မြန်မာအစိုးရ၏ ၁၂ရာခိုင်နှုန်းဝင်ငွေသည် ပုဂ္ဂလိကဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ရသည်ဟုဆိုခဲ့သည်။ ကောင်းလေစွ၊ ကောင်းလေစွ။ ကိုယ့်မွေးရပ်မြေ မြန်မာပြည်ကြီး ဝင်ငွေများရသည်ကို စာရေးသူတို့ဝမ်းသာရပေမည်။


သို့ပေမယ့်လဲ၊ သို့ပေမယ့်လဲ-----

အဆိုပါဝင်ငွေများ ဘယ်ရောက်ကုန်ပါသနည်း။ စစ်အုပ်စုကတော့ ကြေငြာသည်။ ‘တည်ဆောက်ပြုပြင်၊ မြန်ပြည်တခွင်’ စီမံကိန်းများတွင် မည်၍မည်မျှကုန်သည် ဟူ၍။ ထိုကိန်းဂဏာန်းများ မှန်သည်၊ မမှန်သည်ကိုတော့ စစ်အုပ်စုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ထမ်းများ အသိဆုံးဖြစ်ပေလိမ့်မည်။ ပြည်သူနှင့် ကမ္ဘာက တကယ် မြင်ခဲ့သည်ကတော့ ထိုတည်ဆောက်ရေး လုပ်ငန်းဆိုသည်များတွင် ထောင်ကျအကျဉ်းသားများအား ရဲဘက်အလုပ်သမားများအဖြစ် မဝရေစာကျွေး၍ အတင်းအဓမ္မ ရိုက်နှက်စေခိုင်းမှုများ၊ လုပ်အားပေး တစ်အိမ်တစ်ယောက်လိုက်ရမည်ဆိုကာ အတင်းအဓမ္မခေါ်ယူ မှုများကိုပင် ဖြစ်သည်။ ထိုလမ်းများ၊ တံတားများပေါ်တွင် ပြည်သူတို့၏သွေးများ၊ချွေးများ၊ အကျဉ်းသမားများစွာ၏ အသက်များ ပေးဆပ်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယင်းအဖြစ်မှန်များကို လိမ်ညာဖုန်းကွယ်၍၊ လုပ်အားခ မည်မျှကုန်သည်ကို စာရင်းထဲထည့်ပြီး၊ မိမိတို့အိတ်ကပ်ထဲထည့်သည်ကတော့ အလွန်ပင် လူမဆန်ရာကျပါသည်။ ထို့အပြင် လမ်း၊ တံတားများအတွက် အမှန်တကယ် လိုအပ်မည့် ပစ္စည်းများကို အသုံးမပြုပဲ အရေအတွက်လျှော့သုံးခြင်း၊ အရည်အသွေး လျှော့သုံးခြင်းများ ပြုလုပ်ကာ ကျန်ငွေများကို ကိုယ်ကျိုးအတွက်သုံးခြင်းသည် ကုန်စီးဆင်းမှု မြန်ဆန်ရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို များစွာ ထိခိုက်နစ်နာစေပါသည်။ နိုင်ငံတော်ရာဇ၀တ်မှု ကျူးလွန်ခြင်းပင်ဖြစ်သည်။


အခြားမေးစရာများကလည်း ရှိလာပါသည်။ နိုင်ငံတော်ဝင်ငွေများ တိုးတက်နေပါလျက် အဘယ်ကြောင့် ဆေးရုံများတွင် ဆေးကုရန် ဆေးဝါးများမရှိရပါသနည်း။ စာသင်ခန်းများတွင် သောက်ရေအိုးဖိုး၊တံမြက်စည်းဖိုးများမှအစ ကလေးငယ်များထံမှ ပိုက်ဆံကို ဆရာ၊ဆရာမများ အလှူခံနေရပါသနည်း။လမ်းမများပေါ်တွင် တောင်းစားရသူ ကလေးငယ်လေးများ၊ အမှိုက်ကောက်ကလေးငယ်လေးများ အ ဘယ်ကြောင့် များလာရပါသနည်း။စားစရာဆန်မရှိ၍ ထမင်းရေ ဝယ်သောက်နေရသူများ အဘယ်ကြောင့် များလာရပါသနည်း။ နိုင်ငံတော်ငွေများ ဘယ်ရောက်ကုန်ပါသနည်း။


ငယ်စဉ်ကတော့ အဂ္ဂိရတ်သမားများ ဖိုထိုးပြီး ရွှေရသည်ဟု ကြားရလျှင် စာရေးသူမှာ သိပ်မယုံချင်လှ။ယခု မျက်ဝါးထင်ထင်ဆိုတော့ ယုံရလေပြီ။ နအဖတို့၏အဂ္ဂိရတ်ဖိုများသည် ရွှေတင်မဟုတ်ပဲ၊ စိန်များ၊ရတနာများပင် ထွက်လေသည်။ စစ်အုပ်စုနှင့် အပေါင်းအပါ ခါတော်မှီသူဌေးများထံတွင် စိန်များ၊ရတနာများတင်းတောင်းပြည့် ထွက်လာဖို့ ပြည်သူတို့၏ သွေး၊ချွေး၊မျက်ရည်စက်များကို စတေးနေကြလေသည်။


ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများမှ ရရှိလာသောဝင်ငွေများ မည်သည့်နေရာများသို့ ရောက်သွားခဲ့သည်ဆိုသည်မှာ အဖြေကတော့ ရှင်းနေပါသည်။ ကမ္ဘာလှည့် ခရီးသည်များ မြန်မာပြည်သွားသင့်၊ မသွားသင့်၊ မသွားရန် ပိတ်ဆို့ခြင်းလုပ်သင့် မလုပ်သင့် ဆိုသည်ကတော့ မိမိတို့၏ ကိုယ်ပိုင်စိတ်ထား တန်ဖိုးထားမှု နှလုံးသားများဖြင့်သာ စပ်ဆိုင်ပါသည်။


လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသည်က ရှိတတ်ကြပါသည်။ ‘အိမ်ကိုဧည့်သည် လာသည်ပဲ။ ဧည့်ခန်းကို လှလှပပ ပြင်ထားရင်ပြီးရောပေါ့။ မြေတိုက်ထဲက အကျဉ်းသားတွေကိစ္စ၊ အိမ်နောက်ဖေးက အလုပ်သမားတွေ အစာမစားရတဲ့ကိစ္စ၊ တချို့အိမ်သားတွေ ငတ်နေတဲ့ကိစ္စ၊ ဧည့်သည်တွေဆီကရတဲ့ ပိုက်ဆံကို အိမ်အတွက်မသုံးပဲ အိတ်ကပ်ထဲထည့် ဖျောင်ပစ်တဲ့ကိစ္စ မီးဖိုချောင်မှာ ယင်တလောင်းလောင်းနဲ့ ညစ်ပတ်ပေရေနေတဲ့ကိစ္စ၊ အိမ်ခန်းတွေထဲမှာ အေအိုင်ဒီအက်စ် ရောဂါသည်တွေ ပြည့်နှက်နေတဲ့ ကိစ္စတွေဟာ ဧည့်သည်တွေ သိဖို့မလိုပါဘူး။သိအောင် လုပ်နေတဲ့ လူတွေကသာ အဖျက်သမားတွေ’ဟူ၍ ဆိုနေကြသူ အိမ်သားများရှိသလို၊ ‘သူတို့ဟာ သူတို့သေတာ၊ ငတ်တာ ငါတို့နဲ့ ဘာမှမဆိုင်၊ ငါတို့ဘာသာ အပန်းဖြေ အနားယူချင်လို့သွားတာ။ ဧည့်ခန်းလှနေရင်ပြီးတာပဲ’ဆိုသူ ဧည့်သည်များကလဲ ရှိသည်ဆိုတော့ မြန်မာပြည် အလည်သွားသင့်၊ မသွားသင့်ဆိုသည်မှာ ဆုံးဖြတ်သူများ၏ စိတ်ထားများနှင့်သာ ပတ်သက်ပါသည်။


ဧည့်ခန်း’ကိုသာ လှအောင်ပြင်မည်ဆိုသော အိမ်သားများအား တစ်ခုတော့ပြောချင်ပါသည်။ ဧည့်သည်များထဲတွင် ဇိမ်ခံချင်သူများသာမကပဲ အခြေအနေမှန်ကို လက်တွေ့လေ့လာချင်သူများလဲ ပါသေးသည်ဆိုသော အချက်ကိုပင်ဖြစ်သည်။ လူတစ်ယောက်၏ မျက်လုံးများကို မျက်မှန်စိမ်းတပ်၍ ရချင်ရပါမည်။ လူတစ်ယောက်၏ နားများကို တခဏတာပိတ်ထား၍ ရချင်ရပါမည်။ သို့ပေမယ့် လူတစ်ယောက်၏ ဦးနှောက်နှင့် အသိဉာဏ်ကို သင်းကွပ်၍မရပါ။ ပို၍ခက်သည်က ကိုယ်ချင်းစာနာစိတ်ရှိသော၊ လူပီသသော နှလုံးသားများကို ရာထူးအာဏာ အခွင့်အရေးများပေး၍ ဆွဲဆောင်သိမ်းသွင်း၍ မရခြင်းပင်ဖြစ်သည်။ အမှန်တရားကို မည်သည့်အရာနှင့်မျှ ဖုန်းကွယ်၍ ရမည်မထင်ပါနှင့်။


မည်သို့ဆိုစေ၊ ‘ဧည့်ခန်း’သာမက အိမ်တစ်အိမ်လုံး သာယာလှပရေးအတွက် ကျွနိုပ်တို့ အားလုံး၌ တာဝန်ရှိပါကြောင်းနှင့်၊ အိမ်ကြီးကို အရုပ်ဆိုးအကျည်းတန်အောင် ပြုလုပ်နေသူများကို အမြန်ဆုံး ဖယ်ရှားသင့်ပါကြောင်း ပြောကြားရင်းဖြင့် နိဂုံးချုပ်ပါမည်။


ခင်မမမျိုး (၁၆၊ ၁၂၊ ၂၀၀၆)

အပြည့်အစုံဖတ်ချင်ရင်..>>>

မိုးကြိုးပစ်၊ ထန်းလက်နဲ့ကာ၊ မရဘူးကွယ်

Friday, November 21, 2008


(လွန်ခဲ့တဲ့ နှစ်နှစ်က ဆောင်းပါးဟောင်းလေးကို ပြန်တင်လိုက်ပါတယ်)


မိုးကြိုးပစ်၊ ထန်းလက်နဲ့ကာ၊ မရဘူးကွယ်


နှစ်ဆယ်ရာစု နှောင်းပိုင်းမှစ၍ ကမ္ဘာတခွင်တွင် ပြိုးပြိုးပြက်ပြက်နှင့် လျှပ်စီးများ လင်းလက်လာသည်။ တိုးတက်လာသော သတင်းနှင့်နည်းပညာ လျှပ်စီးများ။ မည်သို့ဆိုစေ၊ ဤနည်းပညာ အသစ်အဆန်းများဖြင့် ကမ္ဘာကြီးကား နေ့ချင်းညချင်းပင် ရွာကြီးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ အလင်းရောင်သည် မှန်ကန်မှု၊ ခိုင်မာတည်ကြည်မှု၊ တိုးတက်သော အမြင်ရှိမှု တို့အပေါ်တွင် အခြေခံသူများအတွက် အထောက်အကူ ဖြစ်စေသော်လဲ မသမာမှု၊ လိမ်လည်မှု၊ အမှန်တရားများအား ဖုန်းကွယ်လိုမှု တို့အပေါ်တွင် အခြေခံသူများအတွက်ကား ငယ်ထိပ်မိုးကြိုးပစ်သကဲ့သို့နှယ် ဖြစ်သွားသည်။ မိုးကြိုးပစ်တာကို ထန်းလက်နှင့်ကာ၍ မရနိုင်မှန်းသိရက်နှင့်ကာဖို့ ကြိုးစားကြသူများ ပေါ်ပေါက်လာသည်။


ကျွန်မတို့ မြန်မာနိုင်ငံတွင် နအဖဗိုလ်ချုပ်ကြီးများ ငွေကုန်ကြေးကျခံကာ ပြုလုပ်နေရသော စီမံကိန်းတစ်ရပ်ရှိသည်။ ထိုစီမံကိန်းကြီးကား သတင်းမှန်ပြည်သူဆီသို့ မရောက်စေရေး စီမံကိန်း။ အဆိုပါ စီမံကိန်းအောက်တွင်ရှိနေသည့် မြောက်မြားစွာသော စီမံချက်များအတွက် ခန့်အပ်ထားရသော လူသားအရင်းအမြစ်များ၊ အသုံးပြုရသော နည်းပညာစနစ်များကား အများအပြား။ အဆိုပါ လူသားအရင်းအမြစ်များ၊ နည်းပညာစနစ်များကိုသာ မြန်မာပြည် တိုးတက်ရေးအတွက် မှန်ကန်စွာ သုံးစွဲခဲ့မည်ဆိုလျှင် ယခုအချိန်တွင် မြန်မာပြည်ကြီး တိုးတက်ပြီးသား ဖြစ်နေခဲ့လိမ့်မည်။


သို့ပေမယ့် မြန်မာပြည်တိုးတက်ရေးသည် စစ်အုပ်စုတို့အတွက် အရေးကြီးသည်မဟုတ်။ အရေးကြီးသည်က အာဏာတည်မြဲရေး။ အာဏာတည်မြဲဖို့ဆိုရာတွင် ပြည်သူ့ထံမှအာဏာကို မတရားရယူထားသည်မို့ ပိုင်ရှင်များပြန်တောင်းမည်ကို ကြောက်တလန့်လန့် ဖြစ်နေကြရရှာသည်။ ထိုသို့ပြန်မတောင်းစေရန် ပြည်သူများကို သတင်းအမှောင် ချထားမှဖြစ်မည်၊ သတင်းမှန်များကို စိတ်မဝင်စားအောင် လုပ်ထားမှဖြစ်မည်ဟု စစ်အုပ်စုတို့က ယူဆကြသည်။


ဤ စကောလောက်မှ ဇောက်မနေသော အယူအဆအတွေးတို့ဖြင့် ကျောင်းသင်ခန်းစာများ ပြောင်းသည်။ နားမလည်သူ ကလေးငယ်များအား နအဖအာဘော်များ ရိုက်သွင်းသည်။ ၈၈လူသတ်ပွဲမြင်ခဲ့သည့် ပြည်သူများ အာရုံပြောင်းစေရေးအတွက် တနေ့တာလုပ်ငန်းများ မရှုပ်ရှုပ်အောင် ဖန်တီးထားသည်။ ရန်ကုန်မြို့တော်ကြီးတွင် ညမှရေပေးသည်။ ညဘက်တရေးနိုး ရေထတင်နေရသည်နှင့်ကို တိုက်ခန်းနေ ပြည်သူများ ဒုက္ခရောက် နေရတော့သည်။ အထက်တန်းလွှာများ အတွက်ကား ဇိမ်ခံဟိုတယ်များ၊ ကလပ်များကို စစ်အုပ်စုဆွေမျိုးများက ဦးဆောင်ကာ ဖွင့်ပေးသည်။ ညဘက်ကလပ် တက်နေရသည်နှင့်ပင် မအားနိုင်ကြတော့။ လူငယ်များအတွက်လဲ စတိတ်ရှိုးများ မရိုးရအောင်ပင်။ ရှိသူများရော၊ မရှိသူများပါ စတိတ်ရှိုးထဲ အာရုံရောက်ကုန်ကြသည်။


လူလတ်ပိုင်းများအတွက်လဲ အချိန်ကုန်စရာများ ဖန်တီးပေးသည်။ ဘောလုံးပွဲနှင့် ချဲထီလောင်းကစားများ။ ချဲထီက (၁၅)ရက် တစ်ခါဆိုတော့ တစ်နေ့တစ်ခါ လောင်း၍ရသည့် နှစ်လုံးထီများ ထပ်ပေါ်လာပြန်သည်။ တနေကုန်တနေခန်း တကုပ်ကုပ်နှင့် ဆိုက်ကားဂိတ်မှအစ ဘုန်းကြီးကျောင်းများအဆုံး တွက်နေလိုက်ကြသည်မှာ ကမ္ဘာပေါ်တွင် နေ့စဉ်သချာင်္ အတွက်ဆုံး တိုင်းပြည်ကိုသာ ဆုပေးပါက မြန်မာပြည်ပင် ဗိုလ်စွဲပေလိမ့်မည်။ အဆိုပါနှစ်လုံးထီများနောက်တွင် မည်သူများ ကြိုးကိုင်နေသနည်း။ စစ်အုပ်စုအသိဆုံးပင် ဖြစ်ပေလိမ့်မည်။ တချိန်တည်းမှာပင် မြဝတီရုပ်မြင်သံကြား ပေါ်လာပြီး၊ အခန်းဆက် စိတ်ဝင်စားဖွယ် တရုတ်ကားများ၊ ကိုးရီးယားကားများ ဆက်တိုက်ပြတော့သည်။မူလတန်းကလေးမှအစ အသက်ရှစ်ဆယ်ကျော်များအဆုံး၊ အခန်းဆက် ကိုးရီးယား၊ တရုတ်ကားများ ရူးလိုက်ကြသည်မှာ ကလေးငယ်များ ကျန်စစ်သားကိုပင် မသိတော့။ ကျန်ကျောင်းကိုတော့ အားလုံးသိကြသတဲ့။ နှစ်ပေါင်းတစ်ရာ လောက်ကြာလျှင် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှု ဆိုသည်ပင် ကမ္ဘာမှာ ကွယ်ပျောက်တော့မည်လားမသိ။


ဤမျှနှင့် အမှန်ကို ဖုံးကွယ်မရ၍ မရနိုင်သေးမှန်းသိတော့ ဂျာနယ်များ ထုတ်ကြပြန်သည်။ နာမည်မျိုးစုံနှင့် ဖြစ်သော်လဲ အများစုကား ထောက်လှမ်းရေး ကြိုးကိုင်ဂျာနယ်များ။ မဆီမဆိုင် ဘောလုံးဂျာနယ်ထဲလဲ နိုင်ငံရေးသမားများအား အပုပ်ချသတင်းပါလာသည်။ ဖက်ရှင်ဂျာနယ်ထဲလဲ ကျောင်းသားတပ်မတော်ကို အဖျက်လုပ်ငန်းများ လုပ်သည်ဆိုပြီး သတင်းမှားများ ထည့်ထားပြန်သည်။ သတင်းစာ ရှင်းလင်းပွဲဆိုသည်နှင့် ပြည်သူအားလုံး တပြိုင်နက်တည်း တီဗွီခလုတ်ပိတ်သည်ကို သိထားကြလေတော့ လူအများ စိတ်ဝင်စားသည့်နေရာတွင် ဆွမ်းဆန်ထဲ ကြွက်ချေးရောထည့်သည့် ကိစ္စကို ဦးစားပေး လုပ်လာကြသည်။


ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ ရေဒီယို()ခုမှ တစ်နေ့နှစ်နာရီခန့်စီ ထုတ်လွှင့်သော သတင်းမှန်များကို လူထုထဲမပြန့်ပွားစေရန်ကိုလည်း နည်းမျိုးစုံဖြင့် ဟန့်တားကြသည်။ စွပ်စွဲပြောဆိုကြသည်။ အသံသတင်းကိုပင် ‘သမီးလင်နောက်လိုက်’သလို ဤမျှ ပျာယာခတ်ခဲ့ရသော နအဖတို့သည် အသံတင်မက၊ ရုပ်ပုံများပင် တွေ့မြင်ရသော လျှပ်စီးများနှင့်အတူ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာသည့် အင်တာနက်ဆိုတာကြီးကိုကား ဒူးတုန်အောင် ကြောက်ကြလေတော့သည်။


ရှောင်၍ရမည်ထင်ပြီး ရှောင်ကြည့်ကြသေးသည်။ မြန်မာလူမျိုးတို့သည် တကမ္ဘာလုံးတွင် အင်တာနက် တော်လှန်ရေးကြီးဖြစ်ပွားပြီး နှစ်ပေါင်းများစွာကြာမှသာ အင်တာနက်ဆိုသော စကားလုံးကို စတင်ကြားဖူး ကြခြင်းသာဖြစ်သည်။ အသုံးပြုခွင့်ပေးပြန်တော့လဲ အဆမတန် ကြီးမားသော စရိတ်များဖြင့် ပြည်သူအများ အလွယ်တကူ မသုံးနိုင်အောင် ပြုလုပ်ထားကြသည်။ စီးပွားရေးလုပ်ငန်း အချို့ကို စပေးသည်။ ပြီးမှတစတစ တိုးတက်၍ အင်တာနက်ကဖီးလေးများ ပေါ်လာသည်။ သုံးစွဲချင်သူများမှာ မွေးစာရင်း၊ သေစာရင်းလုပ်သလို ဘာလုပ်ဖို့သုံးမည်ကအစ မှတ်တမ်းပေးရသည်။ မည်သည့်ဝက်ဘ်ဆိုဒ်များအား မည်သူကဝင်သည်ထွက်သည် လိုက်စစ်နေကြသည်မှာလဲ အမောတကော။ ပိတ်လိုက်ရသည့် အင်တာနက်စာမျက်နှာများမှာလဲ အများအပြား။ နအဖကိုယ်စား ရင်မောလိုက်ပါဘိခြင်း။ လူသတ်သမား အလောင်းမည်သို့ ဖျောက်ရမှန်းမသိပဲ ဗျာများနေသည့်ပုံနှင့် တူလှသည်။


ယခင်က သူတို့ချပေးသည့် အီးမေးလ်ကိုသုံးကြရရာမှ အခြားအီးမေးလ်တချို့ ဖွင့်ပေးသည်။ စကားပြောခွင့်ကို ပိတ်လိုက်ဖွင့်လိုက်။ အချင်းချင်းပေးသည့် ရည်စားစာကအစ လိုက်ဖတ်နေကြရရှာသည့် စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများဘဝမှာလဲ လူ့သိက္ခာနှင့် ချိန်ထိုးကြည့်လျှင် အလွန်ပင်ရွံစရာ ကောင်းသည့်အလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများဘ၀သို့ ရောက်နေကြလေပြီ။ ထမင်းတလုပ်အတွက်နှင့် လူ့စည်းကမ်း၊ လူ့သိက္ခာများကို ချိုးဖောက်နေကြရရှာသည့် ဘဝများပါတကား။


ပြည်ပမှလွှင့်တင်ထားသော အက်တာနက်စာမျက်နှာများအား ဖွင့်ပေးသင့် မဖွင့်ပေးသင့်၊ စစ်ဆေးနေ ကြရသည်မှာလဲ တော်တော်ပင် အချိန်ကုန် လူပင်ပန်းမည့်အလုပ်။ သို့ပေမယ့် မည်မျှဖုံးဖုံး၊ မလုံနိုင်ပဲဖြစ်နေသည်ကတော့ အမှန်ပင်။ မြန်မာလူမျိုးအချို့၏ ဦးနှောက်နှင့် အသိဥာဏ်ထက်မြက်မှုကို မည်သို့သင်းကွပ်၍ ရပါမည်နည်း။ မတရားမှုကို ငြိမ်မခံပဲ အမှန်ဘက်ကရပ်တည်ကာ ကူညီပေးတတ်သော နိုင်ငံတကာမှ နည်းပညာရှင်များ၏ ကျွမ်းကျင်သော ဦးနှောက်များကိုလဲ မည်သို့ယှဉ်နိုင်ပါမည်နည်း။ ကျွမ်းကျင်ပညာရှင်များက ပိတ်ထားသောတံခါးကို မည်သို့ဖွင့်လှစ်ရမည်ကို နည်းစနစ်များပေးလေ့ ရှိကြပါသည်။


နအဖတို့ကဲ့သို့မတရားအစိုးရများ၏ Internet Censorships များကိုကျော်လွှားနိုင်သည့် Psiphon Software ကား ထွက်ပေါ်လာလေသည်။ အသေးစိတ်သိလိုသူများ www.psiphon.ca တွင် လေ့လာ၍အခမဲ့ ဒေါင်းလုပ် လုပ်နိုင်ပါကြောင်း သတင်းကောင်းပါးရင်းဖြင့်----


(မှတ်ချက်။ နိဂုံးချုပ်ရန် စဉ်းစားရင်း ကက်ဆက်ခလုတ်ကို အမှတ်တမဲ့ ဖွင့်မိတော့ ကိုင်ဇာ၏ သီချင်းသံက လွင့်ပျံလာသည်။‘မိုးကြိုးပစ် ထန်းလက်နဲ့ကာ၊ မရဘူးကွယ်’တဲ့။ ဤသည်ကပင် နိဂုံးဖြစ်သွားပြီထင်ပါသည်)


ခင်မမမျိုး

(၉၊ ၁၂၊ ၂၀၀၆)

အပြည့်အစုံဖတ်ချင်ရင်..>>>

National Security, International Security and Burma affairs

Tuesday, November 18, 2008

နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့် မြန်မာပြည်ရေးရာ


Emancipation ဆိုတာ လူတဦးတယောက်ကို ဖြစ်စေ၊ အုပ်စုတခုကိုဖြစ်စေ လွတ်လပ်စွာ ရွေးချယ်ဆောင်ရွက်နိုင်မှုကို ပိတ်ပင်တားဆီးနေတဲ့ ကာယ၊ ဥာဏပိုင်းဆိုင်ရာ တားမြစ်ချက်တွေကနေ လွတ်မြောက်စေခြင်းဖြစ်တယ်။ လုံခြုံရေးနဲ့ Emancipation ဆိုတာဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တကယ်တန်းကျတော့ ပါဝါကျင့်သုံးမှုနဲ့ အမိန့်ပေးမှုပေါ်မှာ အခြေမခံတဲ့ emancipation ကသာ မှန်ကန်သော လုံခြုံရေးကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်”

( ကင်ဘုဒ်၊ ၁၉၉၁)


နိဒါန်း

ဟိုတလောက အောက်စဖို့ဒ်တက္ကသိုလ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတခုကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ယူကေနိုင်ငံမှ မဟာဗျူဟာလေ့လာရေးနဲ့ လုံခြုံရေးအထူးပြု သုတေသနဌာနတွေဖြစ်တဲ့ King's College London, Brunel University, University of Aberystwyth, Scottish Center for War Studies, University of Aberdeen, Defence College of Management and Technology (DCMT), Joint Services Command and Staff College တို့တွေက ပညာရှင်များနဲ့ သုတေသန ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာများက စုံလင်လှပါတယ်။ Analyst's view, practitioner's view, policy maker's view စသည်ဖြင့် ရှုထောင့်အမြင်များကလဲ စုံလင်လှပါတယ်။ ဘယ်လိုပဲအမြင်တွေ၊ သုံးသပ်ပုံတွေ၊ ချဉ်းကပ်နည်းလမ်းတွေ ကွဲပြားပေမယ့် အားလုံးမလွဲမသွေ လက်ခံထားရတဲ့ သဘောတရားတခုကတော့ ရှိနေပါတယ်။ ဒါကဘာလဲဆိုတော့ လုံခြုံရေးဝန်းကျင် (security environment) ဟာ တစတစ ကျယ်ဝန်းနက်နဲလာတယ်ဆိုတာပါပဲ။


လုံခြုံရေးကိစ္စရပ်ဆိုတာနဲ့ လူအများက စစ်ပွဲတွေ၊ ဗုံးပေါက်ကွဲမှု စတာတွေကိုပဲ မြင်ယောင်မိ တတ်ကြပါတယ်။ စစ်ရေးအင်အား၊ တရားဥပေဒေစိုးမိုးရေး စတာတွေကိုပဲ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် နှစ်ဆယ့်တစ်ရာစုရဲ့ လုံခြုံရေးဆိုတာမှာကျတော့ ဒါတွေတင်မကပဲ လူသားလုံခြုံရေး (Human Security)၊ လူ့အဖွဲ့အစည်းလုံခြုံရေး (Societal Security)၊ စီးပွားရေးရာလုံခြုံရေး (Economic Security)၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး (Environmental Security)၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဆိုင်ရာလုံခြုံရေး (HIV/ AIDS Security) ဆိုတာတွေက ပိုမိုအရေးကြီးလာပါတယ်။ ဒါတင်မကပဲ ကျားမခွဲခြားဆက်ဆံမှု၊ လူအများအပြား သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းများ (weapons of mass destruction)၊ အကြမ်းဖက်မှု (Terrorism)၊ ကာကွယ်ရေးကုန်သွယ်မှု (Defence Trade)၊ ကလေးစစ်သားများ (Child soldiers) အသုံးပြုမှု၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများ (Transnational crimes)၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများ စတဲ့ ကိစ္စရပ်များကလဲ နိုင်ငံတော်လုံခြုံရေးနဲ့ အပြည်ပြည်ဆိုင်ရာလုံခြုံရေးကို ခြိမ်းချောက်နေပါတယ်။ နိုင်ငံတော်လုံခြုံရေးဆိုတာကို အရင်လေ့လာကြည့်ကြရအောင်ပါ။


နိုင်ငံတော်လုံခြုံရေး (National Security)

နိုင်ငံတော်ဆိုတာက ရေမြေပိုင်နက်ပေါ်မှာ အခြေပြုထားတဲ့ entity တခုဖြစ်ပါတယ်။ ဒီ entity တခုမှာ အုပ်ချုပ်မယ့်အစိုးရ ရှိရမယ့်အပြင် အခြားနိုင်ငံများမှလည်း နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြု ခံထားရပါမယ်။ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်နှစ်ခုက တောက်လျှောက်လွှမ်းမိုး လာခဲ့ပါတယ်။ ပထမတချက်က နိုင်ငံတကာရေးရာဇာတ်ခုံမှာ နိုင်ငံများဟာ ဗဟိုချက်မသရုပ်ဆောင်များ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ အရေးကြီးဆုံးအချက်ဟာ နိုင်ငံတော်လုံခြုံရေးဆိုတာပါပဲ။


နိုင်ငံတော်လုံခြုံရေး ဆိုတာမှာ အချက်လေးချက်ပါဝင်ပါတယ်။ ပထမအချက်က အန္တရာယ်ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင်အုပ်ချုပ်ရေး (autonomy)၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး (Development) နဲ့ အုပ်စိုးမှု (rule) တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်လေးချက်ဟာ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံကျသော အချက်များဖြစ်ပါတယ်။


အန္တရာယ်ကင်းရှင်းရေးဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေးဖြစ်ပါတယ်။ နိုင်ငံသားများအနေနဲ့ အန္တရာယ် ကင်းရှင်းစွာနဲ့ မိမိတို့ဘ၀ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ပြည်တွင်းရာဇ၀တ်မှုများ လျော့ပါးစေဖို့ ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေရှိရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုရာမှာ နိုင်ငံတော်အစိုးရဟာ ပြည်ပသြဇာလွှမ်းမိုးမှုကင်းတဲ့ အစိုးရတရပ်ဖြစ်ရပါမယ်။ အစိုးရတရပ်မှာ အော်တိုနော်မီကျဆင်းလာပြီဆိုရင် ပြည်သူလူထုအနေနဲ့ အစိုးရလုပ်ငန်းဆောင်တာများအပေါ်မှာ ယုံကြည်မှုတစတစ ကင်းမဲ့လာမှာဖြစ်ပါတယ်။ တော်လှန်ပုန်ကန်မှုများလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဥပမာ- တရုတ်အင်ပါယာကြီးကို ၁၉၁၁ ခုနှစ်မှာ ပျက်သုဉ်းစေခဲ့တဲ့ တော်လှန်ရေးဟာ အစိုးရရဲ့ အော်တိုနော်မီ ကျဆင်းလာမှုကြောင့်ဖြစ်ပါတယ်။


နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး တိုးတက်မှုများကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူများဟာ နိုင်ငံသားများရဲ့ လူနေမှုအဆင့်အတန်းတိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ နိုင်ငံတော်ဂုဏ်သိက္ခာမကျဆင်းရေး တို့အတွက် တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ်မှာ နိုင်ငံတော်အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာသုံးရပ်ကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။


ဒါကြောင့်လည်း national security agenda ချမှတ်တဲ့အခါမှာ စစ်အင်အား (military power) သာမက အခြားသော အကြောင်းအရာများဖြစ်တဲ့ စီးပွားရေးအဆောက်အအုံ၊ ကုန်သွယ်ရေးစနစ်၊ မြေပိုင်နက်၊ ရေပိုင်နက်၊ မဟာမိတ်ဖွဲ့မှု၊ အများလက်ခံကျင့်သုံးတဲ့ နိုင်ငံရေးစနစ် စတာတွေကို ထည့်သွင်းကြရပါတယ်။ အတိုချုပ်ဆိုရရင်တော့ နိုင်ငံတော်လုံခြုံရေးဆိုတာဟာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများကို ကာကွယ်စောင့်ရှောက်ဖို့၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရှိဖို့ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူအစိုးရတရပ်ဟာ နိုင်ငံတော်လုံခြုံရေးကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်တော့တဲ့ အခါကျရင် ဒီဂယက်ဟာ အပြည်ပြည်ဆိုင်ရာလုံခြုံရေးကို ထိခိုက်လာစေ ပါတော့တယ်။



အပြည်ပြည်ဆိုင်ရာလုံခြုံရေး


စစ်အေးတိုက်ပွဲကာလတုန်းက အပြည်ပြည်ဆိုင်ရာလုံခြုံရေးမှာ high politics ကိစ္စရပ်တွေဖြစ်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ နျူကလီးယား deterrencesummit သံတမန်ရေးရာ၊ လက်နက်ထိန်းချုပ်ရေး၊ မဟာမိတ်နိုင်ငံရေး ဆိုတာတွေက လွှမ်းမိုးခဲ့ပါတယ်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာကျတော့ low politics ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်၊ ရှားပါးသယံဇာတ၊ လူဦးရေပေါက်ကွဲမှုထိန်းချုပ်ရေး၊ စွမ်းအင်ရေးရာ၊ ကူးစက်ရောဂါ၊ ကျားမရေးရာ ကိစ္စရပ်တွေက နေရာယူ လွှမ်းမိုးလာခဲ့ပါတယ်။


လက်ရှိအပြည်ပြည်ဆိုင်ရာလုံခြုံရေးကို နိုင်ငံရေးဆန်းစစ်တရပ်ဖြစ်တဲ့ Three Levels of Analysis နဲ့ အတိုချုံး တင်ပြပေးပါမယ်။ structural level ဆန်းစစ်ချက်အရဆိုရင် အမေရိကန်ဟာ ကမ္ဘာ့ရေးရာများမှာ ပါဝါလွှမ်းမိုးမှု ရှိနေဆဲဖြစ်ပါတယ်။ New Powers များဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံများ အင်အားကြီးမားလာမှုဟာ အပြည်ပြည်ဆိုင်ရာစနစ်ရဲ့ ပါဝါချိန်ခွင်လျှာမှာ အနည်းနဲ့အများတော့ သက်ရောက်မှုရှိလာပါတယ်။ နိုင်ငံတော်လုံခြုံရေး agenda မှာ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကို နိုင်ငံတနိုင်ငံချင်းစီရဲ့ ဦးစားပေးမှုကွဲပြားပါတယ်။


Domestic institutional level ဆန်းစစ်ချက်အရဆိုရင် ဒီမိုကရေစီနဲ့ တံခါးဖွင့်စီးပွားရေး အရင်းရှင်စနစ်ဟာ နိုင်ငံအများစုမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လုပ်ဆောင်ပြသနေတဲ့ အာဏာရှင် အရင်းရှင်စနစ် 'authoritarian capitalism' အပေါ်မှာ နိုင်ငံတချို့က စိတ်ဝင်စားမှုရှိနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ငွေကြေးဂယက်ဟာ တရုတ်နိုင်ငံအပေါ်မှာ ဆိုးဝါးစွာ သက်ရောက်မှုတွေ ရှိနေတာကြောင့် စိတ်ဝင်စားမှု လျော့နည်းလာကြပါတယ်။


နောက်ဆုံးတဆင့်ဖြစ်တဲ့ Individual level ဆန်းစစ်ချက်အရ ဆိုရင်တော့ လူ့အခွင့်အရေး ကိစ္စရပ်များဟာ တကမ္ဘာလုံးက ပြည်သူလူထုအတွက် အရေးကြီးနေဆဲပါပဲ။ ဖွံ့ဖြိုးတိုးတက်ရေး၊ အန္တရာယ်ကင်းဝေးရေး၊ ရောဂါဘယကင်းရှင်းရေးတို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအတွက် အရေးပါသော ကိစ္စရပ်များဖြစ်နေပါတယ်။ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကတို့မှာ လူသားလုံခြုံရေး (Human Security) သဘောတရားက တစတစ နေရာယူလွှမ်းမိုးနေပါတယ်။


ဒီလိုကိစ္စတွေကြားထဲမှာ wildcards လို့ ကျွန်မတို့ လုံခြုံရေးအသိုင်းအ၀ိုင်းအတွင်းမှာ ခေါ်ကြတဲ့ ကိစ္စရပ်တွေကလည်း တစတစ ကျယ်ပြန့်လာပါတယ်။ ပထမတချက်က နည်းပညာအဆမတန် တိုးတက်မြင့်မားနေမှုပါ။ သတင်းနှင့်နည်းပညာ တော်လှန်ရေး (IT Revolution) က အရှိန်အဟုန်နဲ့ ဖြစ်ပွားနေပါတယ်။ ဇီဝနည်းပညာ တော်လှန်ရေး (Biotechnology Revolution) က စတင်နေပါပြီ။ နာနိုနည်းပညာ တော်လှန်ရေး (Nanotechnology Revolution) က အရှိန်စယူနေပါပြီ။ အခုလက်ရှိအချိန်မှာ တက္ကသိုလ် သုတေသနဌာနအများစုမှာ Nanotechnology သုတေသီများကို ဦးစားပေး ခန့်အပ်လာနေကြပါတယ်။ ပီအိတ်ခ်ျဒီစကောလားရှစ်များပေးပြီး လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုကို လုပ်လာကြပါတယ်။ ဒီနည်းပညာက တိုးတက်ပြန့်ပွားလာရင် အသုံးဝင်မှုတွေအများကြီးရှိလာမှာဖြစ်သလို တဘက်ကလဲ လုံခြုံရေးအမြင်အရ နယူးကလီးယား လက်နက်လိုပဲ ကြောက်စရာကောင်းပါတယ်။ ဥပမာ- ရုရှားထုတ် 'Father of All Bombs' ဆိုတဲ့ ဗုံးဟာ နျှူကလီးယားလက်နက်မဟုတ်ပေမယ့် ပျက်စီးစေမှုစွမ်းရည် (destruction capabilities) မှာကျတော့ နျူကီးယားလက်နက်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာပြောင်းလဲမှုတွေဟာ နိုင်ငံရေးတည်ငြိမ်မှု၊ စစ်အသုံးစရိတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေးစတာတွေမှာ အကျိုးသက်ရောက်မှုတွေရှိနေသလို အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာလည်း ကြီးစွာသော သက်ရောက်မှုဖြစ်နေပါတယ်။


နောက်ထပ် wildcard တခုကတော့ စွမ်းအားအရင်းအမြစ် (Energy resources) တွေနဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေ၊ ပဋ္ဋိပက္ခတွေဖြစ်ပါတယ်။ အဓိက စွမ်းအင်ဒေသတွေဖြစ်တဲ့ ပါရှန်းပင်လယ်ကွေ့၊ ကော်ကေးဆပ်နဲ့ အာရှအလယ်ပိုင်း၊ ဆိုင်ဘေးရီးယားအရှေ့ဖျားပိုင်းတွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အခက်ခဲဆုံး ဒေသတွေ ဖြစ်လို့နေပါတယ်။ ဒီဒေသတွေအပေါ်မှာ ဖွံ့ဖြိုးဆဲ economies တွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့မှ ၀င်ရောက်ခြယ်လှယ်ရန် ကြိုးပမ်းမှုတွေကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့် စွမ်းအင်အရေးဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်လာနိုင်တဲ့ အရေးကြီးကိစ္စရပ်တရပ် ဖြစ်ပါတယ်။


ဒီလိုပဲ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတရပ်ကတော့ ရာသီဥတုပြောင်းလဲမှု (Climate Change) ကိစ္စရပ်ပါ။ ကမ္ဘာကြီးပူနွေးလာမှုဟာ ကြိုတင်မျှော်မှန်း တွက်ဆထားတဲ့နှုန်းတွေထက် ပိုမိုမြန်ဆန်လို့ နေပါတယ်။ သစ်တောပြုန်းတီးမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ အပင်သေများနဲ့ သမုဒ္ဒရာကြမ်းပြင်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု စတဲ့ global biosphere response က ခန့်မှန်းရ အလွန်ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေပါတယ်။


အခုလို တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဘက်ပေါင်းစုံက ဖြစ်ပွားပြီး အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ခြိမ်းချောက်နေချိန်မှာ နိုင်ငံတော်လုံခြုံရေးကို စနစ်တကျ စီမံဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အစိုးရများကြောင့် ကမ္ဘာ့လုံခြုံရေးအခြေအနေဟာ တစတစ ဆိုးရွားလာရပါတယ်။ ဆက်လက်ပြီး မြန်မာပြည်အစိုးရအမည်ကို ဓားပြတိုက်ယူထားတဲ့ စစ်အုပ်စုကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာ ဆိုးကျိုးသက်ရောက်နေမှုများကို ရေးသားတင်ပြပါမယ်။


မြန်မာပြည်နှင့် နိုင်ငံတော်လုံခြုံရေး

မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရေးပေါ်လစီက စစ်မှန်တဲ့ နိုင်ငံတော်လုံခြုံရေး သဘောတရားပေါ်မှာ အခြေမခံပဲ သန်းရွှေနဲ့ အပေါင်းအပါ စစ်အုပ်စုများ လုံခြုံရေးအပေါ်မှာ အခြေခံထားပါတယ်။ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံစည်းမျဉ်းလေးချက်ကို နားမလည်သူများကို မှားယွင်းတဲ့ သဘောတရား ရေးရာများ သွတ်သွင်းပြီး၊ ရာထူးအာဏာ အခွင့်အလမ်းများပေးကာ လက်ကိုင်တုတ်များအဖြစ် မွေးမြူထားပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်တွယ်ရေးကို ကြိုးပမ်းတည်ဆောက်နေပါတယ်။ state formation (နိုင်ငံတည်ထောင်မှုပုံစံ) မှားယွင်းမှုကြောင့် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ intra-state conflicts များနဲ့ နိုင်ငံရေးစနစ် (political system) မှားယွင်းမှုကြောင့် ဖြစ်ပွားနေတဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို လက်ညှိုးထိုးပြီး တပ်မတော်အခန်းကဏ္ဍကို အတင်းကာရော တိုးမြှင့်နေကြပါတယ်။ တကယ်တန်းကျတော့ လက်ရှိဖြစ်ပွားနေတဲ့ intra-state conflict အမျိုးအစားဟာ ဖယ်ဒရယ်ပြည်ထောင်စု ပုံစံနဲ့မှသာ တည်ငြိမ်မှုရှိသွားမှာဖြစ်ပါတယ်။ စစ်ရေးအင်အားသုံးပြီး လက်နက်ချခိုင်းထားရုံနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး (national unity) ကို မတည်ဆောက် နိုင်ပါဘူး။ ဒီလိုပါပဲ။ နိုင်ငံရေးစနစ်မှားယွင်းနေမှုကိုလည်း လမ်းပြမြေပုံချရုံ၊ ရွေးကောက်ပွဲ ကျင်းပပေးရုံလောက်နဲ့ မဖြေရှင်းနိုင်ပါဘူး။ ပြည်သူလူထုက တောင်းဆိုနေတဲ့ စစ်မှန်သော ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် မစတင်မချင်း နိုင်ငံရေးလှုပ်ရှားမှုတွေက ရှိနေမြဲ ဖြစ်မှာပါပဲ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချလိုက်ရုံနဲ့ ဒီပြဿနာဟာ ပြေလည်မှာ မဟုတ်ပါဘူး။ ဒီလိုမပြေလည်နိုင်မယ့် ကိစ္စနှစ်ရပ်ကိုပဲ မီးမောင်းထိုးပြီး၊ နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်အနေနဲ့ သတ်မှတ်ထားကြပါတယ်။ တကယ်တန်းကျတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီး ဒီမိုကရေစီနဲ့ ဖဒရယ်ပြည်ထောင်စုကို ဖော်ဆောင်လိုက်တာနဲ့စစ်မဟာဗျူဟာပညာရှင် ကားလ်ဗွန် ကလော့ဝတ်ဆိုခဲ့တဲ့ “အစိုးရရယ်၊ စစ်တပ်ရယ်၊ ပြည်သူရယ်” ဆိုတဲ့ “eternal trinity” သဘောတရား အတိုင်း အလိုအလျောက် သူ့နေရာနဲ့သူ ပြန်လည် တည်ငြိမ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလက်ရှိ နိုင်ငံတော်လုံခြုံရေး ပြဿနာဆိုတာတွေဟာ စစ်အာဏာရှင်စနစ်ရှိနေလို့သာ ဖြစ်ပွားနေတာဖြစ်ပါတယ်။


နအဖစစ်အုပ်စုဟာ ဒီလိုမှားယွင်းတဲ့ သဘောတရားရေးရာတွေကို သွတ်သွင်းနေရုံမကပဲ၊ စစ်အုပ်စုပီပီ military power စစ်အင်အားကို နိုင်ငံတော်လုံခြုံရေး မူဝါဒမှာ ထိပ်ဆုံးက ထည့်သွင်းပြန်ပါတော့တယ်။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” လို့ဆိုကြပြန်ပါတယ်။ တကယ်တမ်းကျသော ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တရပ် တည်ဆောက်ရေးဆိုတာမှာက တိုင်းပြည်အင်အား အပေါ်မှာ အများကြီးမူတည်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှ တပ်မတော်အင်အားကိုလည်း တည်ဆောက်နိုင်မှာပါ။ စစ်အသုံးစရိတ်ခွဲဝေချထားရာမှာ % of GDP ဆိုတာက အရေးကြီးပါတယ်။ အာရှနိုင်ငံများရဲ့ စစ်အသုံးစရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသန တခုကို စာရေးသူ ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ် % of GDPဟာ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားနေတယ်ဆိုတာပါပဲ။ အာရှတိုက်ရဲ့ အမြင့်မားဆုံးနိုင်ငံများမှာ ပါဝင်ပါတယ်။


သို့ပေမယ့် တခုစိတ်ပျက်စရာ ကောင်းတာက ရာခိုင်နှုန်းမြင့်မားနေပေမယ့် ပမာဏကတော့ အခြားအိမ်နီးချင်းနိုင်ငံများကို မမှီတာပါပဲ။ ငွေတဆယ်ရှိသူက ငါးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ငါးကျပ်ကို ကစားစရာ သေနတ်ဝယ်ဖို့သုံးပြီး၊ ငွေတသိန်းရှိသူက ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေတသောင်းနဲ့ ရိုင်ဖယ်သေနတ်တလက် ၀ယ်သလိုမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ခေတ်မီတပ်မတော်တရပ် တည်ဆောက်မယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကနဦးဦးစားပေး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စစ်ရေးအင်အားနဲ့ စီးပွားရေးအင်အား တွဲစပ်မှသာ နိုင်ငံတော်ဂုဏ်သိက္ခာကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။


နှစ်ဆယ့်တစ်ရာစုမှာ နိုင်ငံတိုင်းလိုလို ခေတ်မီတပ်မတော်တည်ဆောက်နေကြပါတယ်။ ဒါပေမယ့် မြေပြင်စစ်ထက်စာရင် sea powerAir Power ကို ဦးစားပေးတည်ဆောက်နေကြတာပါ။ မြန်မာပြည်ကတော့ Land warfare ကိုပဲ အာရုံစိုက်နေပါတယ်။ ဒါကြောင့် လတ်တလောဖြစ်သွားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ပဋ္ဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်၊ လေတပ်နဲ့ ယှဉ်ပြိုင်နိုင်လောက်အောင် မြန်မာတပ်မတော်မှာ sea power, Air power မရှိတာကြောင့် လက်မြှောက်တပ်ဆုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ စစ်အသုံးစရိတ်ရာခိုင်နှုန်းမှာ မြန်မာ % of GDP လောက် မမြင့်ပါဘူး။ ဒါပေမယ့် သုံးစွဲနိုင်မှု ပိုမိုများပြားပါတယ်။ ဒါကြောင့် ထိပ်တိုက်ဆုံတွေ့ချင်မှာ ကလေးကစားစရာ သေနတ်နဲ့ ရိုင်ဖယ်သေနတ်လို အင်အားကွာဟနေတာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းပြည်အင်အားရှိမှသာ တပ်မတော်က အင်အားရှိမှာဖြစ်ပါတယ်။ တိုင်းပြည်က ပြည်သူလူထုကို ကလေးကစားစရာ သေနတ်နဲ့ အနိုင်ကျင့် ဗိုလ်ကျပြနေရုံနဲ့ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံစည်းမျဉ်းထဲက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမှာပါဝင်တဲ့ နိုင်ငံတော် ဂုဏ်သိက္ခာမကျဆင်းရေးကို မဆောင်ကျဉ်းပေးနိုင်ပါဘူး။


ဒါကြောင့် စစ်အင်အားတိုးတက်ဖို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရှိဖို့ လိုအပ်လှပါတယ်။ အမျိုးသားဖွံ့ဖြိုးရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး တိုးတက်မှုတွေလိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ဟာ တပ်မတော်နဲ့ ဘာမှမဆိုင်ပါဘူး။ အစိုးရနဲ့သာ ဆိုင်ပါတယ်။ ပြည်သူကရွေးကောက် တင်မြှောက်တဲ့ အစိုးရက ဆောင်ကျဉ်းရမှာပါ။ ပြည်သူ့အစိုးရက တာဝန်ပေးတဲ့ ကျရာနေရာကနေသာ တပ်မတော်အနေနဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာပါ။


ဒီလိုမဟုတ်ပဲ အုပ်ချုပ်ရေးယန္တရားကို မတန်မရာ နေရာဝင်ယူလိုက်တော့ eternal principle ဖြစ်တဲ့ အစိုးရရယ်၊ ပြည်သူရယ်၊ တပ်မတော်ရဲ့ဆိုတာက ပျက်ယွင်းသွားပါတယ်။ ပြည်သူလူထုနဲ့ အစိုးရဓားပြ စစ်တပ်တို့ ထိပ်တိုက်ဖြစ်လာကြပါတယ်။ ထိပ်တိုက်ဖြစ်လာတော့ လူထုကို နည်းမျိုးစုံသုံးပြီး နှိမ်နင်းပါတော့တယ်။ ဒီလိုနှိပ်နင်းပြန်တော့ ပြည်သူလူထု ဘေးအန္တရာယ်ကင်းဝေးရေး ဆိုတဲ့ နိုင်ငံတော်လုံခြုံရေး အခြေခံအချက်ကို ချိုးဖောက်လိုက်ပါလေရော။ တဆက်တည်းမှာပဲ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာတွေမှာ မမှန်မကန် ကျင့်သုံးဆောင်ရွက်မှုတွေ ဖြစ်လာတော့တယ်။ တခါ လူထုကို ခြိမ်းချောက်ဖို့ စစ်အင်အား တိုးချဲ့မှုတွေကို ပြည်သူ့ဘဏ္ဍာကနေ အလွန်အကျွံသုံးစွဲမှုတွေ ဖြစ်လာတာရယ်၊ အုပ်ချုပ်ရေးယန္တရား အကျင့်ပျက်လာဘ်စားမှုတွေရယ်၊ ဗဟိုချုပ်ကိုင်စနစ်တွေရယ်၊ ဆွေတော်မျိုးတော်ကောင်းစားရေး ၀ါဒတွေရယ်ကြောင့် တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ပညာရေးက အဘက်ဘက်က ဆက်တိုက် ကျဆင်းလာတော့တယ်။ မတရားဖိနှိပ်မှုတွေများလာတော့ နိုင်ငံတကာက မနေနိုင်ပဲ ၀င်ရောက်ပြောဆိုမှုတွေက ထပ်ဖြစ်လာပြန်တယ်။ အဲဒီအခါမှာ နိုင်ငံတကာဖိအားကို အလေးမပြုပဲ နေနိုင်ရေးအတွက် အားကိုးရာရှာရတော့တယ်။ ရှာရင်း ပေါက်ဖော်ကြီးနဲ့ နအဖသတို့သမီးတို့ ဆုံတွေ့ကြရာက တရုတ်ကြိုးဆွဲ ရုပ်သေးလေးဘ၀ကို ရောက်သွားပြန်တယ်။ အဲဒီမှာတင် နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံအချက်တခုဖြစ်တဲ့ အော်တိုနော်မီဟာ ကျဆင်းလာပါတော့တယ်။ ဒီလိုနဲ့ နိုင်ငံတော်လုံခြုံရေး အခြေခံအချက်လေးရပ်လုံးကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်စွမ်းမရှိပဲ ဖြစ်လာပြီး၊ နိုင်ငံတော်လုံခြုံရေးသာမက အပြည်ပြည်ဆိုင်ရာလုံခြုံရေး အပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။


မြန်မာပြည်နှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး


ပထမဦးဆုံး လူသားလုံခြုံရေး (Human Security) ကဏ္ဍကို အရင်ကြည့်ကြရအောင်ပါ။ ၁၉၉၄ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ လူသားလုံခြုံရေး ဆိုတာကို လူသားတဦးချင်းဖွံ့ဖြိုးတိုးတက်ရေးကို ပိတ်ပင်တားဆီးနေတဲ့ အန္တရာယ်များမှ ကင်းဝေးရေး အခြေအနေတရပ်အနေနဲ့ ဖော်ပြထားပါတယ်။ လူသားများဘ၀မှာ ရေရှည်ခြိမ်းချောက်မှုများ ဖြစ်နေတဲ့ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယကူးစက်ပြန့်ပွားခြင်းနဲ့ အဖိနှိပ်အချုပ်ချယ်ခံရခြင်း စတာတွေက ကင်းဝေးဖို့ ဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး တရှိန်ထိုးကျဆင်းပြီး၊ စီးပွားရေးတိုးတက်မှု နှောင့်နှေးနေတာကြောင့် လူအများ ဆင်းရဲနွမ်းပါးမှုဒဏ်ကို မရှုမလှ ခံနေကြရပါတယ်။ ထမင်းနပ်မှန်အောင် မစားနိုင်သူ အရေအတွက်က တစတစ များပြားလာပါတယ်။ အစာရေစာမလုံလောက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အများအပြား ဖြစ်နေပါတယ်။ ရောဂါဘယများကို စနစ်တကျကုသရန် ငွေကြေးမလုံလောက်မှုကြောင့် အသက်ဆုံးရှုံး ရသူများမှာလည်း ဒုနဲ့ဒေးဖြစ်လာပါတယ်။ ပိုပြီးဆိုးဝါးတာကတော့ နအဖစစ်အုပ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုပါ။ စကားဟဟမပြောရဲ၊ ထမင်း၀၀ မစားရတဲ့ ဘ၀ကို ပြည်သူများ ရောက်ရှိနေပါတယ်။ လူအများစုကို အကြောက်တရားသွင်းပြီး ဖိနှိပ်မှုတွေကြောင့် လူတဦးချင်းဆီရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ များစွာ ထိခိုက်နေပါတယ်။ တိုင်းရင်းသား ပြည်သူများအပေါ် ရန်သူလိုသဘောထားပြီး လူမျိုးတုန်း စစ်ပွဲများဆင်နွှဲနေတာကြောင့် အခုဆိုရင် Internally Displaced persons (အိုင်ဒီပီ) အရေအတွက်ဟာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများကလဲ တစတစ များပြားလာပါတယ်။


ဒါနဲ့အတူ ဆက်စပ်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတခုဖြစ်တဲ့ လူကုန်ကူးမှုကပါ နောက်ဆက်တွဲလာပါတယ်။ မြန်မာပြည်နိုင်ငံရေး မတည်ငြိမ်မှုပေါ်မှာ အခွင့်အရေးယူပြီး ၀င်ငွေရှာတဲ့ မသမာသူ နိုင်ငံရေးအရေခြုံများကလဲ စီးပွားဖြစ် လူကုန်ကူးမှုတွေ လုပ်ကိုင်လာကြပါတယ်။ နိုင်ငံတခုမှာ လူသားလုံခြုံရေးကို အုပ်ချုပ်သူတွေက တာဝန်မယူနိုင်တဲ့အခါ ဒီလိုဖြစ်ရပ်တွေက ပေါ်ပေါက်စမြဲပါပဲ။ ပြဿနာရဲ့ အရင်းအမြစ်က နအဖသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့ ဖယ်ဒရယ်နိုင်ငံတရပ် အဖြစ် ပေါ်ထွက်လာခဲ့ရင် ဒီလိုအခွင့်အရေးသမားတွေဟာ အလိုအလျောက် ကွယ်ပျောက်သွားမှာပါ။ နိုင်ငံရေးအရေခြုံများနဲ့ နိုင်ငံရေးသမားများကို ခွဲခြားရှုမြင်ဖို့ လိုအပ်လှပါတယ်။


ဒုတိယအနေနဲ့ လူ့အဖွဲ့အစည်း လုံခြုံရေး (societal security) ကို ကြည့်ကြရအောင်ပါ။ လူ့အဖွဲ့အစည်းလုံခြုံရေးကို စစ်ရေးနိုင်ငံရေး ခြိမ်းချောက်မှုများနဲ့ တင်ပြချင်ပါတယ်။ စစ်ရေးခြိမ်းချောက်မှု ဆိုတာက လူ့အဖွဲ့အစည်းထဲမှ လူနည်းစုတိုင်းရင်းသားများကို အာဏာသိမ်း စစ်တပ်မှ လက်နက်အင်အားနဲ့ အနိုင်ယူဗိုလ်ကျစိုးမိုးခြင်းဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားရွာငယ်များကို မီးရှို့ဖျက်ဆီးမှု၊ တိုင်းရင်းသူများကို မုဒိန်းကျင့်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ တိုင်းရင်းသားတပ်များကို အနိုင်ကျင့် လက်နက်ချခိုင်းမှုများဟာ လူ့အဖွဲ့အစည်းကို စစ်ရေးနည်းဖြင့် ခြိမ်းချောက်မှုဖြစ်ပါတယ်။ နိုင်ငံရေးခြိမ်းချောက်မှုဆိုတာကလဲ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ လူတစုကနေ ပြည်သူအများကို မတရားဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် ခြိမ်းချောက်မှုဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဖိနှိပ်ထားရုံမက လူမိုက်လက်ကိုင်တုတ်များမွေးပြီး၊ လူထုရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာကြောင့် လူ့အဖွဲ့အစည်း အပေါ်မှာ နိုင်ငံရေးခြိမ်းချောက်မှုရှိနေပါတယ်။ ဒီလို လူ့ဘောင်အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ခြိမ်းချောက်နေခြင်းဟာ နိုင်ငံတကာအတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာပါတယ်။


ဒီလိုနဲ့ မြန်မာ့ လူသားလုံခြုံရေး၊ လူ့အဖွဲ့စည်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို လူဦးရေရွေ့လျားမှု၊ နိုင်ငံရေး ခိုလှုံခွင့်၊ အိုင်ဒီပီ၊ ငတ်မွတ်ခေါင်းပါးမှု ရှုထောင့်များကနေ ဂယက်ရိုက်လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နိုင်ငံတွေဟာ အဓိက ဇာတ်ကောင်တွေဖြစ်တယ်ဆိုပေမယ့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးသဘောတရားအရ state-centric security နဲ့ လူသားလုံခြုံရေး (Human security) တို့မှာ Human security ကို ဦးစားပေးရပါတယ်။ ဒါကြောင့် မြန်မာပြည်သူ ပြည်သားများ လုံခြုံရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြရတဲ့ အထိပါပဲ။ ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံဆိုင်ရာအားနည်းချက် (Structural failure) ကြောင့်သာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဗွီတိုအာဏာ ကျင့်သုံးမှုကြောင့် မအောင်မြင်ခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရေးရာကတော့ ကမ္ဘာ့လုံခြုံရေးအပေါ်မှာ ဂယက်ရိုက်မှုတွေ ရှိနေခဲ့ပါပြီ။


တတိယပိုင်းအချက်အနေနဲ့ စီးပွားရေးရာ လုံခြုံရေး (economic security ) ကဏ္ဍကနေ လေ့လာကြည့်ရအောင်ပါ။ လက်ရှိမြန်မာပြည်မှာ စီးပွားရေးတိုးတက်မှုနှောင့်နှေးခြင်း၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု စတာတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေကြရပါတယ်။ စီးပွားရေးလုပ်ငန်းအများစုကိုလဲ စစ်အုပ်စုနဲ့ အပေါင်းအပါများကသာ ကြီးစိုးလုပ်ကိုင်နေကြပါတယ်။ တိုင်းပြည်တခုမှာ စီးပွားရေးရာလုံခြုံရေးအတွက် ထောက်ပံ့ရေးလုံခြုံရေး၊ ဈေးကွက်ဝင်ရောက်မှု လုံခြုံရေး၊ ငွေကြေးစနစ်ခိုင်မာတောင့်တင်းမှုလုံခြုံရေး၊ နည်းပညာစွမ်းရည်လုံခြုံရေး၊ လူမှုစီးပွား paradigm လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် လုံခြုံရေး၊ စီးပွားရေးစနစ်လုံခြုံရေး၊ မဟာမိတ်ပြုလုံခြုံရေးဆိုတဲ့ economic security typologies ရှစ်မျိုးနဲ့ ပြည့်စုံရပါတယ်။


ဒီရှစ်မျိုးလုံးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ ကုန်ပစ္စည်းတင်သွင်းမှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထားမှုတွေ ရှိနေပါတယ်။ ပြည်တွင်းကုန်စည်စီးဆင်းမှု၊ ဖြန့်ချိရေး၊ ထောက်ပံ့ရေး လမ်းကြောင်းများမှာလဲ အဆင့်ဆင့်လိုင်းကြေးပေးပြီးမှ လုပ်ဆောင်နေကြရပါတယ်။ ဈေးကွက် ၀င်ရောက်နိုင်မှုမှာလည်း ဈေးကွက်ကို နအဖဦးပိုင်နဲ့ အပေါင်းအပါများကသာ ကြီးစိုးနေကြပါတယ်။ ဘယ်လိုဈေးကွက်ပဲဝင်ဝင် ပါမစ်ရဖို့လာဘ်ပေးလာဘ်ယူခြင်းက စတင်ရပါတယ်။ ငွေကြေးစနစ်မှာလည်း ခိုင်မာမှုမရှိပါဘူး။ ဘဏ်လုပ်ငန်းများ စိတ်ချယုံကြည်ရမှုမရှိပါဘူး။ ငွေကြေးဖောင်းပွနှုန်းက အရှိန်အဟုန်နဲ့ မြင့်တက်နေပါတယ်။ နည်းပညာစွမ်းရည်ပိုင်းမှာလည်း High tech လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲမှုများ ရှိနေပါတယ်။ လူမှုစီးပွား paradigm ပိုင်းမှာလည်း ကာကွယ်ပေးမှုမရှိတာကြောင့် အခုဆိုရင် မြန်မာပြည်ဈေးကွက်တော်တော်များများဟာ ဘိန်းကုန်ကူးသမားများလက်ထဲမှာ ရောက်နေပါတယ်။ နယ်စပ်ဖြတ်ကျော်လုံခြုံရေးဆိုတာမှာလဲ နယ်စပ်ကုန်သွယ်ရေးအဖွဲ့များ၊ ဥပဒေဘက်တော်သား အမည်ခံများရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ကြီးစိုးခြယ်လှယ်မှုများသာ ဖြစ်ပွားနေပါတယ်။ စီးပွားဖက်လုံခြုံရေးအပိုင်းမှာလဲ နည်းဗျူဟာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (tactical cooperation) နဲ့ တွေ့ဆုံညှိနှိုင်း ပူးပေါင်းဆာင်ရွက်မှု (negotiated cooperation) အပိုင်းတွေမှာ စည်းမျဉ်းနည်းလမ်းပေါင်းများစွာ ရှိနေပါတယ်။


ဒီလို စီးပွားရေးရာလုံခြုံမှုမရှိတဲ့အခါကျတော့ လူငယ်အများအပြား တိုင်းပြည်မှ ထွက်ခွာသွားပြီး ဦးနှောက်ယိုစီးမှု ပြဿနာ စတင်ပါတော့တယ်။ brain drain ပြဿနာကို ပြောပြီး၊ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ ပညာတတ်လူငယ်များကို အပြစ်တင်ပြောဆိုပေမယ့် brain gain ဖြစ်အောင် နအဖဘက်က ဆောင်ရွက်ချက် တစုံတရာမှ မရှိပါဘူး။ စစ်တပ်ပညာတော်သင်များကို ပြည်ပစေလွှတ်ပညာသင်ကြားမှုများပဲ ရှိပါတယ်။ ဒီလိုသင်ကြားစေရာမှာလဲ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပညာရပ်များမဟုတ်ပဲ စစ်အင်အား၊ စစ်အာဏာရှင်ယန္တရား ကာကွယ်ရေးဆိုင်ရာ ပညာရပ်များကိုပဲ သင်ကြားစေတာ ဖြစ်ပါတယ်။ စီးပွားရေးရာလုံခြုံမှုမရှိတဲ့အတွက် နောက်တချက်ဖြစ်ပွားလာတဲ့ ပြဿနာကတော့ လူကုန်ကူးမှု၊ လိင်ကျေးကျွန်ပြုမှု စတာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လိင်လုပ်သားများအဖြစ် အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်လုပ်ကိုင်သူများမှ အိတ်ခ်ျအိုင်ဗွီပိုးများ ကူးစက်ပျံ့နှံ့မှုတွေဖြစ်လာပါတယ်။ ဒီလို လူကုန်ကူးမှုတွေ၊ ရောဂါပိုးပျံ့ပွားမှုတွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်လာပါတယ်။


ဒါတွင်မက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်နေတဲ့ အကြီးမားဆုံး မြန်မာ့ရေးရာ ပြဿနာတရပ်ကတော့ မူးယစ်ဆေးဝါးကိစ္စပါ။ နအဖစစ်အုပ်စုဟာ “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော” စိတ်ဓာတ်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေကို အားပေးဆောင်ရွက်နေပါတယ်။ နိုင်ငံတကာက ဖိအားပေးလာတဲ့အခါမှသာ ဟန်ပြဖျက်ဆီးရေးပွဲများ လုပ်ပြီး ကမ္ဘာကို မျက်လှည့်ပြနေတာပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ သတင်းကို ထောက်လှမ်းရယူနိုင်အောင် လူအင်အား၊ နည်းပညာအကူအညီ စတာတွေနဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ စစ်အုပ်စုဟာ တကယ်သာ ဒီလိုအင်အားတွေသုံးပြီး မူးယစ်နှိမ်နင်းရေး လုပ်ခဲ့မယ်ဆိုရင် မူးယစ်ဆေးဝါးထုတ်ဝေမှု၊ ဖြန့်ဖြူးမှုတွေကို မလွဲမသွေ ဖော်ထုတ်နိုင်မှာပါပဲ။ မျက်စိစုံမှိတ် အားပေးနေလို့သာ မြန်မာပြည်ဟာ ကမ္ဘာမှာ ဒုတိယအများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ရှိနေတာပါ။ ဒီမြန်မာ့မူးယစ်ဆေးဝါးပြဿနာဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်မှုတွေ အများကြီးဖြစ်နေစေပါတယ်။


ဒါကြောင့် နိဂုံးချုပ်ဆိုရရင်တော့ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုတဲ့အတိုင်း လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးဆိုင်ရာ မြန်မာ့ရေးရာ ပြဿနာများဟာ နအဖစစ်အုပ်စု တည်ရှိနေခြင်းကြောင်း ဖြစ်ပွားနေတာပါ။ စစ်အာဏာရှင်ကြိုးဆွဲ ရုပ်သေးအရပ်သားအစိုးရ တက်လာရုံနဲ့လဲ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာ ပျောက်ကွယ်သွားမှာ ဖြစ်တာကြောင့် မြန်မာ့ပြည်သူလူထု လုံခြုံရေး၊ ကမ္ဘာသူကမ္ဘာသားများ လုံခြုံရေးတို့အတွက် နအဖစစ်အုပ်စုအား ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်တွဲလှုပ်ရှားကြပါစို့၊ လို့ တိုက်တွန်းလိုက်ရပါတယ်။


ခင်မမမျိုး (၁၈၊ ၁၁၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Daewoo- Get Out!

Monday, November 17, 2008

ဒေဝူးမြန်မာပြည်ကထွက်သွား


(အခုတလော ယူကေနိုင်ငံမှာ အခြေစိုက်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ၀န်ဆောင်မှုတွေကို မြန်မာပြည်ပရောဂျက်မှာ စာချုပ်ချုပ်လုပ်ကိုင်ဖို့ ဒေ၀ူးကနေ ကမ်းလှမ်းနေတဲ့ သတင်းတွေ ကြားရပါတယ်။ ဒီလုပ်ငန်းတွေကို မြန်မာပြည်ပရောဂျက်မှာ မပါဝင်ဖို့ ကင်ပိန်းလိုက်လုပ်နေရင်းနဲ့ လွန်ခဲ့တဲ့နှစ်နှစ်က ဆောင်းပါးလေးတပုဒ် ရေးခဲ့ဖူးတာကို သွားပြီးသတိရမိပါတယ်။)


၂ဝဝ၆ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်။


တတိယအကြိမ်မြောက် ကမ္ဘာအနှံ့ဆန္ဒပြပွဲများ ခြိမ်းခြိမ်းညံသောနေ့။ “ဒေဝူးမြန်မာပြည်ကထွက်သွား”ဟူသော ကြွေးကြော်သံများတခဲနက်ထွက်ပေါ်လာသည်။ ထုတ်ဖော် ဟစ်ကြွေးခွင့်မရသော မြန်မာပြည်သူထူထု၏ နှလုံးသားပဲ့တင်သံများမှာလဲ ကမ္ဘာအရပ်ရပ်မှ မြန်မာများနှင့် တထပ်တည်း။ တသားတည်း။


ကုမ္ပဏီတစ်ခုအား ဝိုင်းဝန်းမောင်းထုတ်နေရသည်မှာ အကြောင်းရင်း မသိလျှင်တော့ မြန်မာပြည်သားများ စီးပွားရေး အမြင်မရှိဟူ၍ ထင်ချင်စရာရှိသည်။ နအဖအကြိုက်ဆောင် ပညာရှင်ဆိုသူများကလဲ ဝေဖန်ကြသည်။ မြန်မာပြည်အား စီးပွားရေးမပိတ်ဆို့ပဲ၊ စီးပွားရေးလမ်းများဖွင့်ပေးသင့်သည်ဆိုပဲ။ ထိုသို့သောလူများကား ဒေဝူးနှင့် နအဖတို့၏ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအား၊ အားတက်သရော ထောက်ခံကြသည်။ (၁၉၈၉)ခုနှစ်မှ (၁၉၉၆)ခုနှစ်ကာလတွင်စစ်အာဏာရှင်တို့ ထုတ်ပြန်ခဲ့သော ကူးသန်းရောင်းဝယ်ရေးဥပဒေများ၊ ရင်းနှီးမြှုပ်နှံရေး ဥပဒေများကိုသာ စနစ်တကျလေ့လာကြည့်လျှင် စီးပွားရေးခြွတ်ခြုံကျမှု ပြဿနာ အရင်းခံများသည် နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုကြောင့်လား၊ စစ်အာဏာရှင်တို့ ပေါ်လစီညံ့ဖျင်းမှုများ၊ လာဘ်ပေးလာဘ်ယူမှုများကြောင့်လားဆိုသည့် အဖြေကား ထွက်ပေါ်လာပါလိမ့်မည်။ ဖက်စပ်စီးပွားရေး လုပ်ငန်းများတွင် ကိုယ်တိုင်ဖြစ်စေ၊ မိသားစုမှဖြစ်စေ ပါဝင်လုပ်ဆောင်ခဲ့သူများ အသိဆုံးပင်ဖြစ်မည်။ စနစ်တကျ လေ့လာစူးစမ်းပြီးမှ ပြောဆိုသည်မှာ ပိုမိုကောင်းမွန်ပါမည်။ အကြောင်းအရာတခုကို ဘက်လိုက်မပြောဆိုသင့်ပါ။ အမှန်တရားဆိုလျှင် ရန်သူကလုပ်လျှင်လဲ ချီးကျူးရမည်။မိတ်ဆွေမှလုပ်လျှင်လဲ အားပေးရမည်။ အမှားဆိုလျှင်တော့ ရန်သူကလုပ်လျှင်လဲ ဆန့်ကျင်ရမည်။ မိတ်ဆွေမှလုပ်လျှင်လဲ ထောက်ပြရမည်။ ဝေဖန်ရမည်။ ဤသည်ကား လူ့ကျင့်ဝတ်။


ဒေဝူးမြန်မာပြည်ကထွက်သွား’ဟူသော ကြွေးကြော်သံများ အဘယ်ကြောင့်ထွက်ပေါ်ခဲ့ပါသနည်း။


(၂ဝဝ၄)ခုနှစ်တွင် ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက်တစ်တွင်းတူးဖော် တွေ့ရှိကြောင်း၊ ခန့်မှန်းတန်ဖိုးဒေါ်လာ (၄ဝ)ဘီလီယံရှိကြောင်း၊ ဒေဝူးမှကြေညာသည်။ ယင်းနောက် အိန္ဒိယနိုင်ငံတွင်အဆုံးသတ်ပြီး၊ မြန်မာနိုင်ငံမှ ရခိုင်နှင့်ချင်းပြည်နယ်ကို ဖြတ်သန်းသွားမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီး ထွက်လာသည်။ ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာကား



()သဘာဝပတ်ဝန်းကျင်


ဓာတ်ငွေ့ထုတ်ဖော်ရာတွင်သုံးသော drilling mudများတွင် polycydric aromatic hydro carbons, barium, arsenic စသည့် ဓာတ်ငွေ့များ၊ ရေဒီယိုသတ္တုကြွပစ္စည်းများ radio active materials (e.g.radium၂၂၆) နှင့် အခြားပတ်ဝန်းကျင် ညစ်ညမ်းစေသော ဓာတ်သတ္တုများပါဝင်သည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းများကို စနစ်တကျမစွန့်ပစ်ပါက toxic brine သည် စိုစွတ်မြေနှင့် သားငါးသတ္တဝါများပေါ်တွင် ဆိုးဝါးစွာ သက်ရောက်စေနိုင်သည်။ သို့ဖြစ်၍ သဘာဝဓာတ်ငွေ့ပိုက်လိုင်း မတည်ဆောက်ခင်တွင် နိုင်ငံတကာ လုပ် ထုံးလုပ်နည်းများအတိုင်း သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှု ဆန်းစစ်ချက်များပြုလုပ်ရပါသည်။ ရွှေစီမံကိန်းတွင်ကား ယင်းသို့သောဆန်းစစ်ချက်များ ပြုလုပ်ထားခြင်းမရှိပါ။


()ဒေသခံပြည်သူများ


ပိုက်လိုင်းစီမံကိန်းတလျှောက်တွင် ကျေးရွာအများအပြားရှိနေသည်။ လုပ်ထုံးလုပ်နည်းအမှန်ကား တတ်နိုင်သမျှ ပြည်သူများ မထိခိုက်စေရန် ပိုက်လိုင်းများ ရေးဆွဲရပါသည်။ မလွဲမရှောင်သာလျှင်ကား ဒေသခံများနှင့်ညှိနှိုင်း၍ နစ်နာကြေးပေးခြင်း၊ နေရာချထားခြင်း စသည်များပြုလုပ်ရပါသည်။


နအဖတို့သမိုင်းတလျှောက်တွင်ကား နစ်နာကြေးပေးဖို့ဝေးစွ။ သေနတ်ပြ၍မြေယာများသိမ်းဆည်းသည်။ ရွာများပြောင်းရွှေ့သည်။ ဒေသခံများဘဝကား အိုးပစ်အိမ်ပစ်၍ လုပ်ကိုင်စားသောက်ရန် ခက်ခဲသော နေရာများသို့ ရွှေ့ပြောင်းခံရရုံနှင့်လဲ မပြီးသေး။ အတင်းအကြပ်လုပ်အားပေးစေခိုင်းခံရမှုများ၊ လုံခြုံရေး အကြောင်းပြ၍ နယ်မြေခံစစ်အင်အားများတိုးချဲ့ကာ အနိုင်ကျင့်စော်ကား ရက်စက်ခံရမှုများ ကလဲရှိသေးသည်။


()ဒေဝူးကုမ္ပဏီ


သန်းပေါင်းများစွာသော ဒေါ်လာများရပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်လဲလုပ်ရန်မလို၊ နစ်နာကြေးများလဲပေးရန်မလို၊ ပိုက်လိုင်းလုံခြုံရေးဝန်ထမ်းများလဲ ငှားရန်မလို၊ လုပ်ခကြေးငွေများလဲ လုပ်အားနှင့်အညီ ပေးရန်မလို၊ ကံကောင်းလျှင် အခမဲ့လုပ်သားများလဲရနိုင်သည်ဆိုတော့ မျက် ဖြူဆိုက်လေ၊ ဆရာကြိုက်လေဖြစ်နေသည်။ ဤသည်ကိုက ဒေဝူးတွင် စီးပွားရေးလုပ်ငန်းတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာမဲ့ကြောင်း ထင်ရှားနေသည်။


လောကတွင်အရာရာ၌ ကျင့်ဝတ်ဆိုသည်မှာ ရှိပါသည်။ အမှန်တရားနှင့် တာဝန်ယူမှုသည် လူ့သိက္ခာ၊ အဖွဲ့အစည်းတစ်ရပ်၏ သိက္ခာပင်ဖြစ်သည်။ သိက္ခာရှိသည်ဆိုလျှင် သုဘရာဇာပင်တန်ဖိုးရှိသည်။ ညအချိန်မတော် အုတ်ဂူခိုးဖောက်သူုများကို အသက်နှင့်ရင်းပြီးရင်ဆိုင်သူ၊ သုဘရာဇာ၏ ဂုဏ်သိက္ခာကား၊ ကျက်သရေရှိလှသည်။ ထို့အတူပင် တရားမျှတစွာ၊ သမာသမတ်တည်စွာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်သူသည် တိုင်းပြည်၏ ကျက်သရေဆောင် ကုန်သည်ပွဲစား၊ စီးပွားရေးသမားဖြစ်သည်။ ထိုသို့မဟုတ်ပဲ ဖြတ်လမ်းလိုက်အချောင်နှိုက်ကာ ကြီးပွားချင်သူများ (လူပွဲစားများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူများ) ဆိုသည်ကား စီးပွားရေးသမားမဟုတ်။ မသမာသူများ၊ အခွင့်အရေး သမားများ၊ သူတပါးမျက်ရည်နှင့် ထမင်းစားသူများသာဖြစ်သည်။


လူတစ်ဦးချင်း၏ ကျင့်ဝတ်ပင်လျှင် ဤမျှအရေးကြီးသည်ဆိုလျှင် စီးပွားရေးလုပ်ငန်းတစ်ခု စောင့်ထိန်းရမည့်ကျင့်ဝတ်ဆိုလျှင်ကား အဘယ်သို့ဆိုဖွယ်အံ့နည်း။ သည်သို့ဆိုလျှင် အပြစ်မဲ့ လူအများအား ချိန်ရွယ်ထားသော သေနတ်ထဲသို့ ကျည်ဆန်များထည့်ပေးနေသော ဒေဝူးအား မြန်မာပြည်သားများက ‘ဒေဝူးမြန်မာပြည်က ထွက်သွား” ဟူ၍မောင်းမထုတ်သင့်ပေဘူးလား။ မထွက်မချင်း မောင်းထုတ်ဖို့ကြိုးပမ်းနေရမည်ကား မြန်မာအားလုံး၏ တာဝန်တစ်ရပ် ဖြစ်၍နေပေပြီ။


()နအဖ


ရွှေစီမံကိန်းမှအမေရိကန်ဒေါ်လာ၁၂ဘီလီယံမှ ၁၇ဘီလီယံအား နအဖတို့ ရရှိမည်ဖြစ်ပါသည်။ နအဖတို့၏ မသမာမှုများအားပြောရလျှင် စာဖွဲ့၍မကုန်နိုင်ပါသောကြောင့် ဤဆောင်းပါးတွင် ပြောမနေတော့ပါ။ တစ်ခုပဲဆုတောင်းမိပါသည်။ “ဤဘီလီယံဒေါ်လာများသည် စိန်များအဖြစ်သို့မပြောင်းပဲ ဆေးရုံများ၊ စာသင်ကျောင်းများအဖြစ်သို့ ပြောင်းလဲခွင့်ရပါစေ” ဟူ၍။ ဆုတောင်း၍သာ နေရပေမယ့်လည်း သေချာနေသည်ကတော့ နအဖဆွေမျိုးသားချင်းများ၏ တိုက်တာအိုးအိမ်များ၊ စိန်ရွှေရတနာများ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်မှာ မြေခတ်မလွဲဖြစ်နေလေတော့....................။


သို့ဖြစ်ရာ အနှစ်ချုပ် ဆိုရသော်ကား၊

ဒေဝူးမြန်မာပြည်ကထွက်သွား’



ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၆)

အပြည့်အစုံဖတ်ချင်ရင်..>>>

Arms struggle

Wednesday, November 5, 2008

လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်ပွဲနှင့် နိုင်ငံရေးချိန်ခွင်လျှာ


ဘယ်လိုစစ်ပွဲမှာ သင်ဝင်တိုက်နေတယ်ဆိုတာ နားလည်ခြင်းဟာ အောင်ပွဲရဲ့ ပထမဆုံးခြေလှမ်းပဲ”

(ဗိုလ်ချုပ်အန်တိုနီဇင်နီ)


နိဒါန်း


တော်လှန်ရေးတရပ်၏ ကံကြမ္မာသည် တော်လှန်သူများ၏ အတွေးအခေါ်ပြတ်သားမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ စနစ်တကျဆောင်ရွက်မှုတို့အပေါ်တွင် တည်မှီနေသဖြင့် အတွေးအခေါ် ရှုပ်ထွေးေ၀၀ါးမှုများဖြင့် တော်လှန်ရေး၏ အရှုံးကို ကိုယ်တိုင်မဆုံးဖြတ်မိစေရန် သတိပြုရမည်” တဲ့။ ဒီစကားစုလေးကို စကြားခါစက နည်းနည်းတော့ မရှင်းသလိုဖြစ်နေခဲ့တယ်။ တော်လှန်သူများကိုယ်တိုင်က တော်လှန်ရေးအရှုံးကို ဆုံးဖြတ်မိသလို ဖြစ်တတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီးပါ။ နောက်ပိုင်းကျတော့ နိုင်ငံရေးချိန်ခွင်လျှာညှိဖို့မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ ဒီမိုကရေစီတော်လှန်ရေးသမားအချို့ရဲ့ ပြောဆိုဝေဖန် သံတွေကြားလာခဲ့ရတယ်။ “လက်နက်ကိုင်တော်လှန်ရေး ခေတ်ကုန်နေပြီ”၊ “လက်နက်ကိုင်တော်လှန်ရေးလုပ်တာ ဦးနှောက်မရှိသူတွေပဲလုပ်တာ” ဆိုပြီး ပြောဆိုသံတွေ ထွက်လာသလို “ဒီမိုကရေစီတိုက်ပွဲဆိုတာ လက်နက်နဲ့တိုက်လို့မရဘူး။ ညင်သာစွာ ပြောင်းမှရတာ။ နအဖအခင်းအကျင်း အတိုင်း လိုက်လျှောက်ပြီး ဖြည်းဖြည်းချင်းပြောင်းယူရမှာ” ဆိုတဲ့ ဒူးထောက်ကျောသပ်ခံရေး အတွေးအမြင်တွေလည်း ထွက်ပေါ်လာပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်၊ နိုင်ငံရေးချိန်ခွင်လျှာဆိုတဲ့ စကားလုံးလေးတွေကို သတိသွားရမိပါတယ်။


လက်နက်ကိုင်တော်လှန်ရေးနှင့်ဒီမိုကရေစီ

မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ရန် လိုအပ်တယ်တဲ့”။ ဒီဥပဒေသဟာ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကမ္ဘာအရပ်ရပ်မှာ ကျင့်သုံးခဲ့ကြတဲ့ ဥပဒေသပါ။ ကမ္ဘာပေါ်မှာ ဖိနှိပ်သူ လူတန်းစားဆိုတာရှိနေသရွေ့ အဖိနှိပ်ခံလူတန်းစားတွေ ရှိကြစမြဲ ဖြစ်သလို၊ ဖိနှိပ်သူတွေကို အဖိနှိပ်ခံရသူတွေက တော်လှန်ပုန်ကန်မှုဆိုတာဟာလဲ အချိန်မရွေး ပေါ်ပေါက်နေနိုင်စမြဲပါပဲ။ အချို့က ဒီမိုကရေစီတော်လှန်ရေးမှာ စစ်ပွဲဆိုတာ မလိုအပ်ပဲ ညင်သာစွာ ပြောင်းလဲမှုပဲ လိုအပ်တယ်လို့ ဆိုတတ်ကြပါတယ်။ လက်နက်မဲ့တော်လှန်ရေး (Revolutions without arms) ဆိုတဲ့ သဘောတရားကို ဦးစားပေးဖော်ပြတတ်ကြပါတယ်။


သို့ပေမယ့်လဲ ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီလှိုင်းလုံးကြီးများကို လေ့လာကြည့်တာနဲ့ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲများကြားက ဆက်နွယ်မှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (Democratization) ကို ဖြစ်စေနိုင်တဲ့ ပြဌာန်းချက် ခြောက်ချက်ရှိပါတယ်။ ဒီခြောက်ချက်ထဲမှာ transnational and international engagements including war ဆိုတဲ့အချက်ကို အရေးပါသော အချက်တချက်အဖြစ် ပညာရှင်များက မီးမောင်းထိုးပြထားကြပါတယ်။


ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမအဆင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဟာ anti-imperial struggle တခုဖြစ်တဲ့ အမေရိကန်တော်လှန်ရေးကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အသွင်ကူးမှုဒုတိယအဆင့်ကျတော့ အမေရိကန်ပြည်တွင်းစစ်ကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်လို့ ပညာရှင်အချို့ကဆိုခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီဟာ တော်လှန်ရေးစစ်ပွဲအပေါ်မှာ အခြေပြု ပေါ်ပေါက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒီလိုပါပဲ။ ဥရောပမှာဆိုရင်လဲ ပြင်သစ်တော်လှန်ရေး (၁၇၉၈) ဟာ မြေရှင်ပဒေသရာဇ်စနစ်နဲ့ royal absolutist rule ကို ချုပ်ငြိမ်းပြီး၊ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်စေခဲ့ပါတယ်။ ဥရောပတောင်ပိုင်းက ပေါ်တူဂီ နိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာလဲ တော်လှန်ရေးစစ်ပွဲအသွင်သဏ္ဍာန်နဲ့ ဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာပြီး၊ နိုင်ငံရေးသုတေသီ Dankwart Rustow က ဒီမိုကရေစီဆိုတာ ပဋ္ဋိပက္ခတွေက မွေးဖွားလာတာဖြစ်ပြီး၊ ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်များစွာမှာ ညင်သာစွာ ပြောင်းလဲမှုရှားပါးကြောင်း ပြောဆိုခဲ့ပါတယ်။ များသောအားဖြင့် လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်ပါဝင်မှုမရှိပဲ ရရှိခဲ့တဲ့ တော်လှန်ရေးအောင်ပွဲတွေကို ညွှန်းဆိုပြတဲ့အခါမှာ တောင်အာဖရိကနိုင်ငံကို ဥပမာပေးတတ်ကြပါတယ်။


သို့ပေမယ့် တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ Geopolitics အနေအထားလုံးဝမတူပါဘူး။ နိုင်ငံတကာ ဖိအားပေးမှုရဲ့ ထိရောက်နိုင်မှု အခြေအနေမတူသလို၊ ဒေသဆိုင်ရာလုံခြုံရေး (regional security) ရှုထောင့်ကနေ ရှုမြင်သုံးသပ်မှု အနေအထားတွေလဲ မတူပါဘူး။ ပြီးတော့ တောင်အာဖရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ စတင်ခဲ့တာက incumbent de Klerk government အနေနဲ့ဖြစ်ပြီး၊ ၁၉၉၃ စက်တင်ဘာကျမှ ပါဝါခွဲဝေကြားဖြတ်အစိုးရအဆင့်ကို တက်လှမ်းသွားခဲ့တာပါ။ ဒီလိုကူးပြောင်းမှုဖြစ်စဉ်ဆိုတာက အာဏာရှင်တွေဘက်က စတင်မှ ဖြစ်တာပါ။ စတင်လာအောင် တွန်းအားပေးမှုတွေကလဲ ထိရောက်စွာ လုပ်နိုင်မှ ဖြစ်တာပါ။ မြန်မာနိုင်ငံမှာကျတော့ နိုင်ငံတကာဖိအားကလဲ တောင်အာဖရိကတုန်းကလောက် ထိရောက်မှုရှိနိုင်မှာမဟုတ်သလို၊ မြန်မာနအဖရဲ့ strategic doctrine ကလဲ အတိုက်အခံအပြီးသတ် ချေမှုန်းရေးဖြစ်တာကြောင့်၊ ဒီလိုဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မျိုး မြန်မာပြည်မှာ လုံးဝဖြစ်လာစရာ အကြောင်းမရှိပါဘူး။


နောက်တမျိုးဖြစ်တဲ့ နမ်ဘီးယား၊ ကမ်ဘောဒီးယား ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေလို နိုင်ငံတကာက ကြားဝင်လာပြီး၊ အပြည်ပြည်ဆိုင်ရာနိုင်ငံများပူးပေါင်းပါဝင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပြောင်းလဲမှုဖြစ်စဉ်စတင်ဖို့ဆိုတာကလဲ ဖြစ်နိုင်ချေနည်းပါးပါတယ်။ ဒီတော့ အသွင်ကူးပြောင်းမှုဖြစ်စဉ် အမျိုးအစားတွေမှာက နှစ်မျိုးပဲ ကျန်ပါတယ်။ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့) ပါဝါရှယ်ယာကြားဖြတ်အစိုးရ များမှတဆင့် ဒီမိုပြောင်းလဲမှုဖြစ်စဉ်ကို စတင်ဖို့ပါ။ ဒီလိုကြားဖြတ်အစိုးရတွေ စတင်နိုင်ဖို့ လူထုတိုက်ပွဲပုံစံ၊ လက်နက်ကိုင်တော်လှန်ရေး အသွင်သဏ္ဍာန်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။


ပါဝါရှယ်ယာပုံစံလုပ်မည်ထားဦး။ တပ်မတော်က တပ်မှူးများနဲ့ တပ်များ၊ လူထုနဲ့ ပူးပေါင်းလာနိုင်ဖို့က ကြိုတင်စည်းရုံး nominate လုပ်ထားဖို့တွေ လိုအပ်သလို၊ ထွက်လာနိုင်အောင် လမ်းခင်းပေးဖို့လဲ အလွန်ကို လိုအပ်လှပါတယ်။ ယခုလက်ရှိ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့စည်းပုံ၊ ကွပ်ကဲပုံတွေက လူထုတိုက်ပွဲအသွင်တမျိုးတည်းအနေနဲ့မှာ ပူးပေါင်းနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့များမှာလဲ ဒီလိုအခြေအနေပါပဲ။ ရင်ဆိုင်ထိန်းချုပ်အနေအထားနဲ့ လှုပ်ရှားခွင်ကျဉ်းတဲ့ အနေအထားတွေမို့ စစ်မျက်နှာအားလုံး ဖွင့်လှစ်ထားမှသာ အခွင့်အလမ်းသာပြီး၊ အာဏာရှင်ကို ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ့် အခြေအနေဖြစ်လာပါမယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဟာ အလွန်ပဲ အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်နက်ကိုင်တော်လှန်ရေးမဟုတ်ပဲ လက်နက်မဲ့တော်လှန်ရေးပဲ လုပ်ခဲ့မယ်ဆိုရင် ရန်သူနဲ့ တိုက်ပွဲဝင်မယ့် အနေအထားဟာ ကန့်သတ်စစ်ပွဲ ပုံသဏ္ဍာန်မျိုးဖြစ်သွားပါပြီ။


ကန့်သတ်စစ်ပွဲ


စစ်မဟာဗျူဟာရေးရာမှာ အလုံးစုံစစ်ပွဲ နဲ့ ကန့်သတ်စစ်ပွဲ သဘောတရားတွေဟာ အလွန်ပဲ အရေးပါလှပါတယ်။ အလုံးစုံစစ်ပွဲဆိုတာက အဆုံးသတ်အောင်ပွဲကိုရဖို့အတွက် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ စီးပွားရေးအရင်းအမြစ်နဲ့ လူထုအင်အားတွေအပေါ်မှာ ကန့်သတ်ချက်လုံးဝမထားပဲ တိုက်ပွဲဝင်တဲ့ စစ်ပွဲသဏ္ဍာန်ဖြစ်ပါတယ်။ ကန့်သတ်စစ်ပွဲဆိုတာကတော့ အဆုံးသတ်အောင်ပွဲကို မရည်ရွယ်ထားပါဘူး။ တကွေ့မှာ Bargained termination ကို ဦးတည်တာဖြစ်တဲ့အတွက်ကြောင့် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ အင်အားစတာတွေံအပေါ်မှာ တမင်တကာ ကန့်သတ်ချက်တွေထားရှိပြီးမှ တိုက်ပွဲဝင်တာပါ။ ဒီလိုတမင်တကာ ကန့်သတ်ချက်ထားတာဟာ များသောအားဖြင့် တိုက်ပွဲဝင်မှုနည်းလမ်းတွေမှာ ဖြစ်ပါတယ်။ ဥပမာ- ဗုံးတော့ကြဲမယ်၊ နူးကလီးယားဗုံးမဟုတ်ရဘူး။ ဒါပေမယ့် ပေါက်ကွဲအားပြင်းထန်တဲ့ conventional bomb တော့ ဖြစ်ရမယ်ဆိုတာမျိုးတွေပါ။ ဒါပေမယ့် ဒီလိုကန့်သတ်စစ်ပွဲဆင်နွှဲတဲ့အခါမှာ အရေးကြီးဆုံးပြဿနာတရပ်ကိုတော့ ရင်ဆိုင်ရတတ်ပါတယ်။ စစ်ပွဲကြာရှည်မှုရဲ့ strain တွေပါ။


နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြားမှာ ကန့်သတ်စစ်ပွဲ မဟာဗျူဟာကို security calculus ပေါ်အခြေခံတွက်ချက် ချမှတ်တတ်ကြပါတယ်။ ပြည်တွင်းတော်လှန်ရေးများမှာကျတော့ ကန့်သတ်စစ်ပွဲဆင်နွှဲဖို့က အလွန်ပဲခက်ခဲလှပါတယ်။ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၆၅) နဲ့ နိုက်ဂျီးရီးယား- ဘီယာဖရင်စစ်ပွဲ (၁၉၆၇- ၇၀) စစ်များမှာ အလုံးစုံစစ်ပွဲမဟာဗျူဟာကိုပဲ ချမှတ်ခဲ့ရပါတယ်။ အလုံးစုံစစ်ပွဲဖြစ်တာမို့ စစ်ဆင်ရေးတခုရဲ့ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ Objectives, means, targets, arena လေးမျိုးစလုံးမှာ deliberate restraint တွေ မထားခဲ့ကြပါဘူး။ တခါစစ်ပွဲတခုမှာ တဘက်ရန်သူရဲ့ဗျူဟာကိုလဲ အဓိကဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။ တဘက်ရန်သူက အလုံးစုံချေမှုန်းရေးစစ်ဆင်နွှဲနေတဲ့ အချိန်မှာ “လက်နက်မဲ့တော်လှန်ရေးပဲလုပ်မှာ၊ လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘူး”၊ “အကြမ်းမဖက်သောနည်းတခုကိုပဲ ကျင့်သုံးပြီးတိုက်ပွဲဝင်မှာ” ဆိုတာတွေက စစ်ဆင်ရေးတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားတာကြောင့် ချိန်ခွင်လျှာမညီမျှပဲ ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်အားသန်ရာ တိုက်ပွဲသဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲဝင်ကြရမှာ ဖြစ်ပါတယ်။


နိုင်ငံရေးချိန်ခွင်လျှာ


ဓာတုဗေဒညီမျှခြင်းတခုလို ဓာတ်သတ္တုများနဲ့ တိုင်းတာရတာမဟုတ်တဲ့အတွက် နိုင်ငံရေးချိန်ခွင်လျှာ ညီမျှခြင်းကို တွက်ချက်တိုင်းတာရတာ အလွန်ပဲ ခက်ခဲလှပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် မိုင်ကယ် အီလွိတ်ဗိတ်မင်ကတော့ တော်လှန်ရေးကာလရဲ့ နိုင်ငံရေးပါဝါညီမျှခြင်းကို stable stateအခြေအနေမှာ 10= 10 နဲ့ သတ်မှတ်ခဲ့ပြီး၊ X(-Y)+ A+B-C= X(-Z)+D+E – F ကို ရေးဆွဲခဲ့ပါတယ်။ A, B, C, D, F ဆိုတာက law, order, justice, corruption, expression နဲ့ stabilityစတဲ့ အချက်တွေဖြစ်ပြီး၊ X ကတော့ မူရင်း stable state အခြေအနေကိန်းညွှန်းကို ဆိုထားပါတယ်။ (-Y) နဲ့ (-Z) ကတော့ ပါဝါညီမျှမှု ပြောင်းလဲလာတာတွေကို ညွှန်ပြတာဖြစ်ပါတယ်။


သူ့ညီမျှချင်းအရ 9=11 အခြေအနေဟာ ရန်သူရဲ့ ပါဝါကျဆင်းတဲ့ ပထမအဆင့်ဖြစ်ပြီး၊ 8= 12 အခြေအနေကတော့ ဒုတိယအဆင့်ဖြစ်ပါတယ်။ 7=13 အခြေအနေကတော့ တော်လှန်ရေးအင်အားစုများ (revolution apparat) ညီညွတ်စွာနဲ့ ဖွဲ့စည်းပေါ်ပေါက်ရမယ့် အခြေအနေဖြစ်ပြီး၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံဆင်နွှဲရင်း 3= 17 အခြေအနေမှာ ရန်သူရဲ့ state apparat လုံးဝပြိုလဲမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကြားဖြတ်အစိုးရတခု ချက်ချင်းပေါ်ပေါက်လာဖို့ လိုအပ်လှပါတယ်။


သမိုင်းကြောင်းအရ မြန်မာ့ နိုင်ငံရေးပါဝါညီမျှချင်းဟာ ၁၉၈၈ မှာ 3= 17 အခြေအနေအထိ ဖြစ်သွားခဲ့ဖူးပါပြီ။ ကြားဖြတ်အစိုးရ အချိန်နဲ့အညီ ပေါ်ပေါက်ရန် နှောင့်နှေးခဲ့မှုကြောင့် ရန်သူက ငြိမ်ပိအဖွဲ့အနေနဲ့ ပါဝါညီမျှခြင်းကို ပြန်ညှိယူသွားခဲ့တာပါ။ ဒီလိုညှိသွားခြင်းအားဖြင့် ချိန်ခွင်လျှာက ရန်သူ့ဘက်ကို အလေးအနည်းငယ် ပြန်သာသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖဟာ stable state ကိုတော့ လုပ်နိုင်စွမ်း မရှိပါဘူး။


အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ လာဘ်စားမှု၊ စီးပွားရေးပေါ်လစီမနိုင်နင်းမှု စတဲ့ အထွေထွေ အားနည်းချက်တွေကြောင့် အခုဆိုရင် နိုင်ငံရေးချိန်ခွင်လျှာက 7=13 အခြေအနေကို ကျော်လွန်လာပြီဖြစ်ပါတယ်။ 3=17 အခြေအနေဖြစ်သွားနိုင်ရေးကတော့ တော်လှန်ရေးအင်အားစုများရဲ့ ညီညွတ်မှု၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို စနစ်တကျပေါင်းစပ်နိုင်မှု၊ လူထုစည်းရုံးရေးစွမ်းရည် စတာတွေအပေါ်မှာ မူတည်နေပါတယ်။


ဒါကြောင့် မြန်မာပြည်လွတ်မြောက်ရေး၊ တရားမျှတညီညွတ်သော ဖယ်ဒရယ်နိုင်ငံတော်သစ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်လာအောင် ဖော်ဆောင်နိုင်ရေးတို့မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်ရှိဒီမိုကရေစီ တော်လှန်ရေးရဲ့ အဆုံးအဖြတ်တိုက်ပွဲကို ပြတ်သားသော အတွေးအခေါ်၊ ခိုင်မာသော ဆုံးဖြတ်ချက်၊ စနစ်ကျသော ဆောင်ရွက်ချက်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ရင်း၊ အရှုံးနဲ့ ပြိုလဲမှုကို ဦးတည်စေနိုင်တဲ့ အတွေးအခေါ်ရှုပ်ထွေးေ၀၀ါးမှုများကိုလည်း ဖယ်ရှားပစ်ကြပါစို့လို့ ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၅၊ ၁၁၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP