ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Buy Nothing Day (UK) (28th November)

Friday, November 27, 2009




နိုဝင်ဘာ (၂၈ ) ရက်နေ့ဟာ ကျွန်မတို့ ယူကေမှာ ဘာမှ မ၀ယ်တဲ့နေ့ ကင်ပိန်းကို ဖော်ဆောင်တဲ့ နေ့ ဖြစ်ပါတယ်။ ကင်ပိန်း ဖော်ဆောင်သူတွေက ဒီနေ့ဟာ ဈေးဝယ်ခြင်းရဲ့ ပတ်ဝန်းကျင်အပေါ် ထိခိုက်တဲ့ ဆိုးကျိုးတွေနဲ့ လူမှုကျင့်ဝတ်ဆိုင်ရာ ဆိုးကျိုးတွေကို လူအများ သတိပြုမိစေရန် ရည်ရွယ်ဖော်ဆောင်ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံက ပြည်သူလူထုဟာ ကမ္ဘာ သဘာဝ အရင်းအမြစ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲနေကြပါတယ်။ ဒီလို သုံးစွဲမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ချမ်းသာ ဆင်းရဲ ကွာခြားမှုတွေ ပိုများလာပါတယ်။ ဒါကို လူအများ သတိပြုမိစေလိုကြောင်း ကင်ပိန်းဖော်ဆောင်သူများက ဆိုထားကြပါတယ်။

လူတွေဟာ ပစ္စည်းတွေ မ၀ယ်ယူခင်မှာ

- ကိုယ့်မှာ တကယ် လိုအပ်သလား။
-ကိုယ့်မှာ ဒီလိုပစ္စည်းတွေ ဘယ်လောက်ရှိနေသလဲ။
- ဘယ်လောက်ကို အမှန်တကယ် အကျိုးရှိရှိ သုံးစွဲမှာလဲ။
- ဒီပစ္စည်းဟာ ဘယ်လောက်ကြာကြာခံမှာလဲ။
- သူငယ်ချင်း၊ မိသားစုတွေဆီကနေ ဒီပစ္စည်းတွေကို ငှားရမ်းလို့ ရနိုင်မလား။
- ကိုယ့်ဘာသာ သန့်ရှင်းရေး၊ ထိန်းသိမ်းရေး လုပ်နိုင်မလား။
- ပြန်ပြင်လို့ ရနိုင်မလား။
- ဒီပစ္စည်းကို တကယ် လိုချင်သလား။
- အကောင်းဆုံးဈေးနဲ့ရနိုင်တဲ့ အကောင်းဆုံး တန်ဖိုးကို စုံစမ်းပြီးပြီလား။
- ဒီပစ္စည်းကို recycled လုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားသလား။
- ဒီပစ္စည်းကို recycle လုပ်နိုင်သလား။

ဆိုတဲ့ အချက်တွေကို တွေးတောဖို့ လိုကြောင်း ဒီကင်ပိန်း ဖော်ဆောင်သူများက တင်ပြထားကြပါတယ်။

အပြည့်အစုံဖတ်ချင်ရင်..>>>

စစ်မှန်သော ရွေးကောက်ပွဲ၊ အာဏာရှင်ရွေးကောက်ပွဲနှင့် မြန်မာပြည်အနာဂတ်

ရွေးကောက်ပွဲ။
ဒီစကားလုံးဟာ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ မီဒီယာတွေ၊ စာတမ်းဖတ်ပွဲတွေမှာ ရေပန်းအတော်စားနေတဲ့ စကားလုံးတခုပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေတည်ပြီး ထွက်ပေါ်လာမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးကြ၊ ငြင်းခုံကြ၊ သဘောထားတွေ ဖလှယ်ကြနဲ့မို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလောကတခုလုံးမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အသံတွေ အများအပြား ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ အချက်တခုဖြစ်တာကြောင့် ရွေးကောက်ပွဲကို အားပေးထောက်ခံသင့်တယ်၊ ရွေးကောက်ပွဲ ၀င်သင့်တယ်၊ ပါလီမန်ထဲရောက်မှ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ အဆိုပြုသူတွေလဲ ရှိပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေ၊ ပါတီထောင်ခွင့်တွေ ထွက်ပေါ်လာသေးတာ မရှိပေမယ့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စည်းရုံးလှုံဆောင်မှုတွေကလဲ ပြည်တွင်းမှာ ပေါ်ထွက်နေပါတယ်။ တပြိုင်နည်တည်းမှာတင် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ အကျိုးကျေးဇူးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ဆုပ်ကိုင်ပြီး ပြည်သူလူထုနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းအကောင်အထည်ဖော်တဲ့ အာဏာရှင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကင်ပိန်းတွေကလဲ ထွက်ပေါ်လာပါတယ်။



ဒီနေရာမှာ စကားလုံးအရ ကွဲပြားမှု အချက်နှစ်ခုကို သတိပြုမိဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသင့်တယ်လို့ အဆိုရှိသူများက ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်ဖြစ်တဲ့ အာဏာရှင်ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို ထည့်သွင်းအသုံးပြုထားတာ မရှိပါဘူး။ ဒီလိုပဲ။ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သူများကလဲ အာဏာရှင်ရွေးကောက်ပွဲကို ဆန့်ကျင်တာဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီတော့ စစ်မှန်သော ရွေးကောက်ပွဲကို ဘာကြောင့် ထောက်ခံသင့်သလဲ၊ အာဏာရှင်ရွေးကောက်ပွဲကို ဘာကြောင့် ကန့်ကွက်သင့်သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ရွေးကောက်ပွဲဆိုရာဝယ်

ရွေးကောက်ပွဲနဲ့ မဲပေးခြင်း ဆိုတာ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy ) နဲ့ အများဆုံး ဆက်နွယ်နေပါတယ်။ ကိုယ်စားပြုခြင်း (representation) ဆိုတာကို နိုင်ငံရေးရှုထောင့်ကနေ အနက်အဓိပ္ပာယ်ပြန်ဆိုတဲ့အခါ လူအများကို ကိုယ်စားပြုပြီး၊ လူတဦးတယောက်ကနေ (သို့မဟုတ်) လူတစုကနေ ရပ်တည်တာ၊ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တာလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီဆိုတာကတော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ကိုယ်စားပြုမှု ဆိုတဲ့ သဘောတရား ပါဝင်လာတဲ့အတွက် အစိုးရဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောတွေနဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်တခုဖြစ်ပါတယ်။ ဒီတော့ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့ အခြေအနေ (necessary condition) တခုဖြစ်လာပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံး နှလုံးသား ဖြစ်တယ်လို့ တွေးမြင်ယူဆသူတွေလဲ ပေါ်ထွက်လာပါတယ်။ ဒီအတွေးအမြင်ကို ရောင်ပြန်ဟပ်စေတဲ့ အယူအဆတွေကို Joseph Schumpeter ရေးသားတဲ့ Capitalism, Socialism, Democracy (1942) စာအုပ်ထဲမှာ အတိအကျ တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက သူတို့ကို အုပ်ချုပ်မယ့်သူတွေကို လက်ခံခြင်း၊ ကန့်ကွက်ခြင်း ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ သူ့ရဲ့ အဆိုကို လက်ခံပြီး ဒီမိုကရက်တစ်အစိုးရဆိုတာကို ရွေးကောက်ပွဲပြုလုပ်ပေးတဲ့ အစိုးရအနေနဲ့သာ ယုံကြည်ရေးသားကြတဲ့ နိုင်ငံရေးသီအိုရီပညာရှင်တွေ အများအပြားပါပဲ။ ဒါပေမယ့် အာဏာရှင်အစိုးရတွေကလဲ ရွေးကောက်ပွဲတွေ ကျင်းပလာပြီး ဒီမိုကရေစီအစိုးရတွေအနေနဲ့ အသွင်ဆောင်လာတဲ့ အခါမှာကျတော့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်ဖို့အတွက် စစ်မှန်သော ရွေးကောက်ပွဲဆိုတဲ့ သဘောတရားက ထပ်မံထွက်ပေါ်လာရပါတော့တယ်။

စစ်မှန်သော ရွေးကောက်ပွဲ

စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို တိုင်းတာဖို့အတွက် နိုင်ငံရေးပါတီတွေအကြား၊ အဖွဲ့အစည်းတွေ အကြား ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ တပါတီစနစ်ကို တပါတီအာဏာရှင်စနစ်အဖြစ် သတ်မှတ် ပုံဖော်ခြင်းဟာ ဒီအချက်နဲ့ ဆိုင်ပါတယ်။ အပြိုင်အဆိုင် ကင်းမဲ့နေတာဖြစ်တဲ့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်သော ရွေးကောက်ပွဲလို့ မသတ်မှတ်နိုင်ပါဘူး။ စစ်မှန်သော ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ခံရပြီး တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင်အစိုးရပဲဖြစ်ပါတယ်။ ဒီလိုအစိုးရရှိနေတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးစနစ်ကိုလဲ အာဏာရှင်စနစ် လို့ပဲ သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာက တခြားနိုင်ငံရေးဆက်ဆံရေး လမ်းကြောင်းတွေလိုပဲ အစိုးရနဲ့ လူထုအကြား၊ ရေပေါ်ဆီနိုင်ငံရေးသမားတွေနဲ့ အများပြည်သူတွေကြားမှာ တဦးနဲ့ တဦးလွှမ်းမိုးခွင့်ကို ကြိုးပမ်အားထုတ်ကြရတဲ့ နှစ်လမ်းသွားပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်။

အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့

(၁) နိုင်ငံရေးသမားများကို ရွေးချယ်ခန့်ထားခြင်း

ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်အတွက် လိုအပ်တဲ့ ပြည်သူ့ရေးရာဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့ နိုင်ငံရေးသမားတွေကို ရွေးချယ်ခန့်ထားခြင်း တမျိုးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးသမားတွေကို ကနဦး ရွေးချယ်ကြရပါတယ်။ ဒီနိုင်ငံရေးသမားတွေဟာ ပြည်သူ့ရေးရာ ဌာနတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ အတွေးအကြုံတွေ ရှိနေဖို့ လိုအပ်သလို လူထုဆက်ဆံရေးမှာလဲ ကျွမ်းကျင်သူများ ဖြစ်ရပါမယ်။ ဒီနိုင်ငံရေးသမားတွေရဲ့ နောက်ကွယ်မှာလဲ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ရှိရပါမယ်။ ပြည်သူ့ရေးရာဌာနတခုကို နိုင်နိုင်နင်းနင်း၊ မှန်မှန်ကန်ကန် တာဝန်ယူနိုင်မှုဆိုတာ ကမ္ဘာ့အမြင့်ဆုံး တောင်တွေကို တက်တာနဲ့ အတူတူပါပဲ။ တောင်ထိပ်ရောက်သွားတဲ့ တောင်တက်သမားတွေကိုပဲ လူအများက မှတ်မိ ချီးကျူးတတ်ကြတယ်။ စံချိန်တင်တတ်ကြတယ်။ ဒီတောင်တက်သမားတယောက် တောင်ထိပ် ရောက်သွားဖို့ ဇွဲလုံ့လ၀ီရိယ၊ သတ္တိနဲ့ စိတ်ခွန်အားတွေလိုအပ်သလို၊ စနစ်တကျပံ့ပိုးပေးနိုင်တဲ့ crew member လေးရာကျော်လိုအပ်ပါတယ်။ နောက်ကွယ်မှာ ပံ့ပိုးမှုတွေမပါပဲ ကမ္ဘာ့အမြင့်ဆုံးတောင်တွေရဲ့ တောင်ထိပ်တွေကိုရောက်သွားတဲ့ တောင်တက်သမားတွေ အတော်နည်းပါတယ်။

နိုင်ငံရေးသမားဆိုတာလဲ ဒီအတိုင်းပါပဲ။ ပြည်သူ့ရေးရာဌာနတခုခုကို တာဝန်ယူရမယ့် နိုင်ငံရေးသမားတွေလဲ ဒီအတိုင်းပါပဲ။ ဘယ်သူမှ ကဏ္ဍစုံမှာ နက်နက်နဲနဲ မကျွမ်းကျင်နိုင်ပါ။ ကဏ္ဍစုံမှာ ကျွမ်းကျင်သူတွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကသာ ကျွမ်းကျင်သယောင်ယောင်ဖြစ်နေတဲ့ အရည်အချင်းထက် ပိုတန်ဖိုးရှိပါတယ်။ ဒီအရည်အချင်းမှာ အားနည်းနေတဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်သလို၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်လဲ လက်တွေ့လုပ်ငန်း ဆောင်တာတွေကျရင် ကသောင်းကနင်းဖြစ်တတ်ပါတယ်။ အစိုးရအဖွဲ့တခုမှာ တာဝန်ယူဖို့ မျှော်မှန်းတဲ့ နိုင်ငံရေးသမားမှာ ရွေးကောက်ခံခဲ့ရရင် သက်ဆိုင်ရာ နယ်မြေမှာ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ အစိုးရအဖွဲ့ ကော်မတီတွေမှာ ပါဝင်တဲ့အခါ ကိုယ့်ပခုံးပေါ် ရောက်လာနိုင်မယ့် တာဝန်တွေ၊ အစိုးရ၀န်ကြီးဌာနတွေကို တာဝန်ယူဖွဲ့စည်းတဲ့အခါ ၀န်ကြီးဌာန ယန္တရား လည်ပတ်ပုံတွေ၊ ကိုယ်ပိုင် ရုံးမှာ ဘယ်လိုအတွေ့အကြုံနဲ့ ဘယ်လိုအသိပညာရှိတဲ့ လူတွေ လိုအပ်တယ် ဆိုတာတွေကို သိရှိနေဖို့ အလွန်အရေးကြီးပါတယ်။

တချို့နိုင်ငံတွေမှာ တော်လှန်ရေးကနေ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ပါလီမန်တွေထဲမှာ ပြဿနာတွေ တက်လေ့ရှိတယ်။ တော်လှန်ရေးသမားကနေ အမတ်ဖြစ်လာသူတွေကလဲ တော်လှန်ရေးကို စွန့်လွှတ်ပေးဆပ်အနစ်နာခံပြီး အနိုင်ရအောင်နွှဲလာတာ ဆိုတဲ့ မာနတွေ ရှိတယ်။ အာဏာရှင်ဟောင်းလက်ထက်က ဗျူရိုကရက် လူတန်းစားတွေကလဲ အုပ်ချုပ်ရေးဌာနတွေကို စီမံခန့်ခွဲတာကို အတွေ့အကြုံတွေ ရှိလာတာဆိုတဲ့ မာနတွေရှိတယ်။ ပညာရှင်တွေကလဲ အသိပညာ၊ ဗဟုသုတနဲ့ ပြည့်စုံသူတွေဆိုတဲ့ မာနရှိတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဘယ်သူမှ မပြည့်စုံပါဘူး။ တော်လှန်ရေးခေါင်းဆောင်ရဲ့ အတွေ့အကြုံဆိုတာကလဲ Conventional Politics အတွေ့အကြုံ မဟုတ်ပါဘူး။ တော်လှန်ရေးခေါင်းဆောင်ဖြစ်တာနဲ့ ၀န်ကြီးဌာနတခုကို ဦးဆောင်စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းရှိနေပါပြီလို့ ဘယ်သူမှ တထစ်ချ မပြောနိုင်ပါဘူး။ ဒီလိုပဲ ဗျူရိုကရက်တွေအတွက်ကလဲ သူတို့ဆီရှိခဲ့တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးပုံစံတွေဟာ စနစ်သစ်နဲ့အညီ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်ဆိုတာ နားလည်လက်ခံရမှာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေဘက်ကလဲ စာတွေ့နဲ့ လက်တွေ့ အမြဲတမ်းထပ်တူမကျနိုင်ဘူးဆိုတာကို လက်ခံရမှာပဲဖြစ်ပါတယ်။ အဓိကက အရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်လာတဲ့အခါ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဘယ်လို ဆောင်ကျဉ်းပေးနိုင်မလဲ ဆိုတာက အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေအတွက် အရေးကြီးဆုံးပါပဲ။ ဒါကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ဒီလိုနားလည်မှုမရှိတဲ့ အစိုးရအဖွဲ့တွေ အကွဲကွဲအပြဲပြဲနဲ့ အပျက်ပျက်အယွင်းယွင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဖဆပလ အစိုးရလက်ထက်က ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေနဲ့ ဂိုဏ်းဖွဲ့မှုတွေဟာ ဒီလိုအာရုံစိုက်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်အထိမှာလဲ ဒီလို “မင်းကဘာလဲ၊ ငါက ဘာလဲ“ ဆိုတာတွေက နိုင်ငံရေးလောကတွေမှာ ရှိနေကြဆဲပဲ။ အကြောင်းအရာကိစ္စတခုကို ဆွေးနွေးနေတုန်းမှာ မင်းကဘာလဲလို့ တဘက်လူကို မမေးခင်၊ ပြောနေတဲ့ အကြောင်းအရာမှာ ဒီမေးခွန်းမေးဖို့ လိုအပ်သလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ ငါက ဘာ၊ ဘယ်လိုလုပ်ခဲ့တာ၊ ဘာတွေ ပေးဆပ်ခဲ့တာတွေ မပြောခင် ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ဒါက ဆက်စပ်သလားဆိုတာ အရင်စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားမှုတွေသာ ကြိုရှိမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အချိန်တ၀က်ကျော် သက်သာပြီး၊ ဘာလုပ်သင့်လဲဆိုတာကို ဦးတည်သွားနိုင်မှာ အသေအချာပါပဲ။

(၂) အစိုးရဖွဲ့စည်းခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲရဲ့ တခြားလုပ်ငန်းတာဝန်တရပ်ကတော့ အစိုးရဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာ ရွေးကောက်ပွဲတွေဟာ အစိုးရအဖွဲ့တွေကို တိုက်ရိုက် ရွေးချယ်ပေါ်ပေါက်လာစေပါတယ်။ တချို့နိုင်ငံတွေမှာကျတော့ ရွေးကောက်ပွဲတွေဟာ အစိုးရဖွဲ့စည်းခြင်းကို လွှမ်းမိုးသက်ရောက်မှုရှိစေပါတယ်။ ပါတီစုံ၊ ၀ါဒစုံ အရွေးကောက်ခံ ကိုယ်စားလှယ်တွေအကြားမှာ အာဏာခွဲဝေမှုတွေအတွက် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ်ပါ။

(၃) ကိုယ်စားပြုမှုဖော်ဆောင်ခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ လူထုရဲ့ ဆန္ဒသဘောထားကို ဆောင်ကျဉ်းပေးတဲ့ လူထုကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်မှန်တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ လူ့အဖွဲ့အစည်းတခုလုံးကို ကိယ်စားပြုထားတဲ့ microcosm လို့ ပညာရှင်များက သတ်မှတ်ကြတာ ဖြစ်ပါတယ်။

(၄) မူဝါဒများကို လွှမ်းမိုးထိန်းချုပ်ခြင်း

အစိုးရတွေဟာ အာဏာရှင်စနစ် အစိုးရတွေ ဖြစ်လာတဲ့အခါ အစွန်းရောက်မူဝါဒတွေ၊ ပြည်သူ့သဘောထား အမှန်နဲ့ မကိုက်ညီတဲ့ မူဝါဒတွေ၊ အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေကို ပြဌာန်းတတ်ပါတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတွေကို ပေါ်ထွက်လာစေနိုင်တာကြောင့် ဒီလို မူဝါဒရေးရာကို အာဏာနဲ့ အလွဲသုံးစားပြုလုပ်မှုတွေကို တားဆီးပေးနိုင်ပါတယ်။

(၅) ပြည်သူလူထုအား နိုင်ငံရေးအသိပညာ ဖြန့်ဖြူးပေးခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတခု မပေါ်ထွက်လာခင်မှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် သင့်တော်တဲ့ စည်းရုံးရေးကာလ တခုရှိဖို့ အရေးကြီးပါတယ်။ ဒီကာလတွေမှာ နိုင်ငံရေးပါတီတွေ၊ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးစနစ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။ ဒီလိုသတင်းအချက်အလက်တွေ ထုတ်ပေးနိုင်ဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးမှာ တန်းတူညီမျှ အခွင့်အရေးတွေ ရှိဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စည်းရုံးဟောပြောထုတ်ဖော်ပြောကြားခွင့် တွေကို လက်ရှိအစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေ ရှိရင်၊ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့ သဘောထားတွေကိုပဲ စာနယ်ဇင်း၊ သတင်း၊ မီဒီယာတွေကနေ ဖြန့်ဝေတယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုနိုင်ပါတယ်။

(၆) Legitimacy တည်ဆောက်နိုင်ခြင်း

Legitimacy ဆိုတာ လက်တင်စကား legitimare ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ to make lawful (တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်း) ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖြစ်၊ အာဏာရှင်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် Legitimacy ကို အတိုင်းအတာတခုအထိ တည်ဆောက်နိုင်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ သူတို့ကိုယ်တိုင်ပါဝင်တဲ့ အစိုးရတွေပဲ ဖြစ်ဖြစ်၊ သူတို့ ကြိုးကိုင်ထားတဲ့ အစိုးရတွေပဲဖြစ်ဖြစ် အစိုးရသစ်တွေရဲ့ legitimacy ရဖို့အတွက် ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။ အာဏာရှင် ရွေးကောက်ပွဲတွေ ဆိုတာ ဒီလုပ်ငန်းဆောင်တာပေါ်မှာ အဓိကဗဟိုပြုပြီး ထွက်ပေါ်လာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဒီအချက်တွေနဲ့ ရည်ညွှန်းပြောဆို လေ့ရှိကြပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာလာကြပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာကတော့ electoral process ကို တန်းတူညီမျှအားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့်မရှိအောင် အာဏာရှင်ဘက်တော်သားတွေက ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေ ကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ်လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဒီလိုသွင်ပြင်လက္ခဏာ၊ လုပ်ငန်းဆောင်တာတွေ ရှိနေတတ်ပါတယ်။

အာဏာရှင်ရွေးကောက်ပွဲနှင့် အတိုက်အခံအင်အားစု အက်ကြောင်းများ

အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ လူအများက အသိအမှတ် မပြုကြပါဘူး။ ရှေ့ပိုင်းမှာ ဆိုခဲ့သလိုပဲ အာဏာရှင်ရွေးကောက်ပွဲတွေမှာ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ ပိတ်ပင်တားမြစ်မှုတွေ အတိုင်းအတာတခု အထိ ရှိနေတတ်လို့ပါပဲ။ ဒါပေမယ့်လဲ အာဏာရှင်ရွေးကောက်ပွဲတွေကတော့ အများအပြား ပေါ်ထွက်နေဆဲပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပေါ်ထွက်နေရလဲ။ အာဏာရှင် ရွေးကောက်ပွဲတွေ ထွက်ပေါ်လာရခြင်းဟာ အာဏာရှင်တွေအတွက် အကျိုးကျေးဇူးတွေ ရှိနေစေလို့ပါပဲ။

နိုင်ငံရေးပညာရှင် Gandhi နဲ့ Peuter တို့က အာဏာာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံ အင်အားစု တွေကို အတွေးအခေါ် စစ်ပွဲအသွင်သဏ္ဍာန်နဲ့ အစိတ်စိတ်အမြွာမြွာ ကွဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။ (၁၉၄၆) ကနေ (၂၀၀၆) ခုနှစ်အထိ နှစ်ပေါင်း ခြောက်ဆယ်ကာလအတွင်းမှာ ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ရွေးကောက်ပွဲတွေကို လေ့လာပြီးမှ ဒီအချက်ကို သူတို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ အင်အားစုတွေအကြားမှာ ဖြစ်ပျက်နေတဲ့ အက်ကြောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အင်မတန် တော်တည့်မှန်ကန်တဲ့ အဆိုတရပ်လို့ ဆိုရပါလိမ့်မယ်။

အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံအင်အားစု ဆိုတာမှာကလဲ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။ တချို့ကကျတော့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာက ကိုယ့်မှာ အာဏာ မရနိုင်တဲ့အတွက် ဆန့်ကျင်တာ ဖြစ်ပါတယ်။ မိဘမျိုးရိုးကြောင့်ပဲ ဖြစ်ဖြစ်၊ ပညာအရည်အချင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေကြေးပြည့်စုံတာကြောင့်ပဲဖြစ်ဖြစ်၊ လူအများကြားမှာ ရေပန်းစားတာကြောင့်ပဲ ဖြစ်ဖြစ် မိမိကိုယ်ကို ပါလီမန်အမတ်ဖြစ်သင့်တယ်လို့ အလိုလိုနေရင်း အထင်ကြီး ဘ၀င်မြင့်နေသူတွေ အတိုက်အခံ လောကထဲမှာ ရှိတတ်ပါတယ်။ အာဏာရှင်က ရွေးကောက်ပွဲတွေ ကျင်းပပေးတဲ့အခါ ဒီလိုလူမျိုးတွေကို နှစ်ခါ ခေါ်စရာ မလိုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို ကောက်ခါငင်ခါ ထောက်ခံကြတော့တာပါပဲ။ တချို့ အတိုက်အခံတွေကျတော့လဲ နှစ်ပေါင်းများစွာ ကြာတတ်တဲ့ တော်လှန်ရေးသဘောသဘာဝမှာ ပါနေကြရင်း လူမှုရေး၊ စီးပွားရေးမှာ ရုန်းရင်းကန်ရင်း အားကုန်ပင်ပန်းလာတာရှိပါတယ်။ “ ရွေးကောက်ပွဲဖြစ်သွားရင်တော့ အာဏာရှင်အစိုးရဟာ political legitimacy ဖြစ်သွားတော့မှာပါ။ တို့ ဆက်တိုက်လို့လဲ ဘာထူးမှာလဲ။ မဖြစ်မနေ လျှောက်ရတော့မယ့် ခင်းပြီးသား လမ်းမှာပဲ တက်လျှောက်လိုက်တော့မယ်“ လို့ ယူဆလာတတ်ကြပါတယ်။ ဒီလိုစိတ်ဓာတ်ကျနေသူတွေဆီကလဲ အာဏာရှင်ရွေးကောက်ပွဲကို ထောက်ခံမှုတွေ ပေါ်ထွက်လာတတ်ပါတယ်။

မိမိပညာ၊ မိမိအရည်အချင်းတွေနဲ့ ဘ၀ရပ်တည်နေတာမဟုတ်ပဲ နိုင်ငံတကာအကူအညီနဲ့ ရပ်တည်နေရတာဆိုရင် ပိုဆိုးတတ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ပြည်ပအခြေစိုက် အတိုက်အခံ အင်အားစုရှိတဲ့ နိုင်ငံတွေတိုင်းမှာ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးဟာ အတော်ဂယက်ရိုက်စေတတ်ပါတယ်။ တော်လှန်ရေးကာလတွေမှာ ပြည်ပနိုင်ငံတွေ၊ အန်ဂျီအိုတွေက တော်လှန်ရေးသမားတွေကို ထောက်ပံ့ကူညီပေးကြပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲဆိုတာ ပေါ်ထွက်လာတဲ့အခါကျတော့ “ရွေးကောက်ပွဲပြီးသွားရင် ထောက်ပံ့ကူညီမှုတွေများ ရပ်သွားလေမလား” ဆိုတဲ့ အတွေးက အင်အားစုတွေကို ကိုင်လှုပ်လာပါတော့တယ်။ တခြားဘ၀ ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း အတွက်ကလဲ ပြင်ဆင်ထားတာ အားနည်းတဲ့အခါမှာကျတော့ ပေါ်လစီပြောင်း၊ ဘက်ပြောင်းသွားတဲ့ အန်ဂျီအိုတွေနဲ့ ဆက်သွယ်လှုပ်ရှားနေရသူတွေ ကြားညပ်ပါတော့တယ်။ ဘ၀ရပ်တည်ရေးကတဖက်၊ နိုင်ငံရေးရပ်တည်ချက်ကတဖက် လွန်ဆွဲလာတဲ့အခါမှာ နိုင်ငံရေးရပ်တည်ချက်ကို ဦးစားပေးရွေးချယ်သူတွေ ရှိလာသလို၊ ဘ၀ရပ်တည်ရေးကို ဦးစားပေးရွေးချယ်သူတွေ ရှိလာပါတော့တယ်။ ဒီလိုလူတွေဆီကနေလဲ အာဏာရှင်ရွေးကောက်ပွဲ ထောက်ခံရေး အဆိုတွေ ထွက်ပေါ်လာတတ်ပါတယ်။

နောက်ထပ်ကွဲအက်နိုင်တဲ့ အက်ကြောင်းတခုကတော့ ပညာရှင်တွေ၊ လေ့လာသူတွေ ဆီမှာ ဖြစ်ပါတယ်။ အခြေအနေ၊ အကြောင်းကြောင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုတွေဟာ ပညာရှင်တွေကို အသိအမှတ်ပြုမှု အလွန်အားနည်းပါတယ်။ ဘယ်ကဘယ်လို ထွက်လာမှန်းမသိခဲ့တဲ့ ပညာတတ်တွေ ဖောက်ပြန်တတ်တယ်၊ မယုံရဘူး ဆိုတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို ဂရုမစိုက်ဘူး၊ လက်တွေ့လုပ်လာတာ ဆိုတဲ့ စကားလုံးတွေက တခါတရံ တော်လှန်ရေး အသိုင်းအ၀ိုင်းမှာ အလွန်ကြီးစိုးပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ သီအိုရီအခြေခံမပါပဲ ထွက်ပေါ်လာခဲ့တဲ့ လက်တွေ့အလုပ်တွေ အတော်နည်းနေပါပြီ။ ငွေကြေးဝန်ဆောင်မှုအတွက် သုံးနေကြတဲ့ ဘဏ်ကတ်တွေဟာ သင်္ချာသီအိုရီတွေပေါ်မှာ အခြေခံထားပါတယ်။ သောက်သုံးနေကြတဲ့ ရေသန့်တွေ၊ အချိုရည်တွေရဲ့ ထုတ်လုပ်မှုဖြစ်စဉ်မှာ ဓာတုဗေဒသီအိုရီတွေကို အခြေခံထားပါတယ်။ နောက်ဆုံး ဒီမိုကရေစီတော်လှန်ရေး၊ ကွန်မြူနစ်တော်လှန်ရေး ဆိုတဲ့ တော်လှန်ရေးတွေမှာတောင် ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ် သီအိုရီတွေ၊ ကွန်မြူနစ်ဝါဒသီအိုရီတွေပေါ် အခြေခံပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မာ့စ်က သီအိုရီတွေ အများကြီးပါတဲ့ စာအုပ်တွေ ရေးခဲ့တယ်။ Adam Smith က စီးပွားရေးသီအိုရီတွေပါတဲ့ စာအုပ်ကို ရေးခဲ့တယ်။ သူတို့ က လက်တွေ့အကောင်အထည်ဖော်ခဲ့တာ မဟုတ်ပါ။ ဒီသီအိုရီတွေကို ကိုင်စွဲပြီး လက်တွေ့အကောင်အထည်ဖော်သူတွေက ဖော်ဆောင်ခဲ့ကြပါတယ်။

ဒါကြောင့် သီအိုရီနဲ့ လက်တွေ့နဲ့ကို ခွဲခြားဖယ်ထုတ်နေစရာ မလိုအပ်ပါ။ သီအိုရီသမားတွေဘက်ကလဲ လိုအပ်မယ်ထင်တာကို ပညာရပ်တွေပေါ်မှာ အခြေခံပြီး ပြောစရာရှိတာပြော၊ ရေးစရာရှိတာ ရေးလိုက်ရုံပဲ ရှိပါတယ်။ ဒါကို လူတွေ လိုက်လုပ်ရမယ်လို့ မျှော်လင့်စရာ မလိုအပ်ပါ။ ယူသင့်တာယူ၊ ပယ်သင့်တာ ပယ်ကြရုံပါပဲ။ ဒါပေမယ့် လောကမှာ လူတွေဆိုတာကလဲ မလိုတဲ့အလုပ်တွေကိုမှ ဇာချဲ့ချင်ကြပါတယ်။ ပညာရှင်တွေ၊ သီအိုရီကျွမ်းကျင်သူတွေကလဲ သူပဲတတ်၊ သူပဲသိသလိုလို မာနတွေရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကို တကယ့် ရေပေါ်ဆီတွေလို အတွေးတွေ ၀င်ပြီး ဘ၀မြင့်တတ်ကြတယ်။ သူတပါးကို မသိသလို၊ မတတ်သလို ဆက်ဆံချင်တတ်ကြတယ်။ လူတွေမှာကလဲ ဘ၀မြင့်စိတ်ရှိသလို၊ အငုံ့စိတ်တွေရှိတတ်ကြတယ်။ လက်တွေ့မပါတဲ့ ပညာရှင်ကလဲ အတွေ့အကြုံမရှိတာကို ကိုယ့်ကိုကိုသိပြီး အငုံ့စိတ်ရှိတယ်။ လက်တွေ့ပဲရှိပြီး စာတွေ့နည်းသူကလဲ သီအိုရီသမားတွေ ပြောတိုင်းလက်ခံရမှာလား ဆိုပြီး မိမိမှာ စာတွေ့အားနည်းတာကို အငုံ့စိတ်ရှိတယ်။ အဲဒီမှာတင် မာနတွေ၊ အငုံ့စိတ်တွေ တိုက်ခတ်မိကြပြီး သည်းမခံနိုင်သူတွေကလဲ ဘေးထွက်ထိုင်တယ်။ “ငါ့ကို ဒီလိုလုပ်ရလား“ ဆိုပြီး မာနနဲ့ မခံချင်စိတ်တွေ ရောထွေးလာသူတွေကျတော့ ရန်သူနဲ့ သွားပေါင်းသူကလဲ ပေါင်းတယ်။ ရန်သူနဲ့မပေါင်းပဲ တစင်ထောင်သူကလဲ ထောင်တယ်။ ဒါတွေဟာ အငုံ့စိတ်နဲ့ ဘတပြန်ကျားတပြန် ခွဲခြားမှုတွေ၊ ပညာ၊ အတွေ့အကြုံတွေနဲ့ ပတ်သက်တဲ့ မာနတွေ၊ ရန်သူရဲ့ သပ်လျှိုသွေးခွဲမှုတွေ၊ ရန်သူ့ဘက်တော်သားတွေ ပါဝင်လာတာတွေ အားလုံး ပေါင်းဆုံသွားလို့ပဲ ဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံအင်အားစုတွေကို ဖြိုခွဲပစ်နိုင်စွမ်း ရှိတယ်။ ဒါကို လေးလေးနက်နက် သတိပြုမိပြီး အတိုက်အခံအင်အားစုတွေဟာ တော်လှန်ရေးအတွေးအခေါ် ညီညွတ်ကြဖို့ လိုတယ်။ ညီညွတ်ရေးဆိုတာမှာလဲ ဒီစကားလုံးဆိုလိုက်တာနဲ့ အဖွဲ့ချုပ်ကြီးတွေ၊ တပ်ပေါင်းစုကြီးတွေပဲ သွားမြင်နေတတ်ကြတာ ကျွန်မတို့ မြန်မာတွေရဲ့ အားနည်းချက်တရပ်လို့ပဲ ဆိုရမှာပါပဲ။ ဒီလိုနဲ့ ညီညွတ်ဖို့ တပ်ပေါင်းစုကြီးတွေ ထပ်ထောင်ကြ၊ ကွဲကြပြဲကြ၊ ဟိုအဖွဲ့ပေါ်လာ၊ ဒီအဖွဲ့ပေါ်လာနဲ့ နှစ်ပေါင်းများစွာကြာအောင် မပြီးနိုင်တဲ့ အဖွဲ့တည်ထောင်ရေး သံသရာစက်ဝန်းကြီးတွေ လည်နေကြတော့တာပဲ။ လူတွေကလဲ ဟိုအဖွဲ့ကြည့်လဲ ဒီလူ၊ ဒီအဖွဲ့ကြည့်လဲ ဟိုလူပဲ လည်နေတတ်ကြတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ ထွက်ပေါ် လာတာဖြစ်တယ်။ တိုက်ပွဲမရှိပဲ ညီညွတ်ရေးလုပ်နေရင်တော့ အဖွဲ့ဥက္ကဌလုနေကြ၊ အဖွဲ့နာမည် ရွေးနေကြတာနဲ့တင် အချိန်ကုန်နေကြမှာပဲ။ အဓိကက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတဲ့ တော်လှန်ရေးအတွေးအခေါ်မှာ ညီညွတ်ဖို့ပဲ။ တော်လှန်ရေးအတွေးအခေါ်မှာ အခြေခံပြီးမှ တိုက်ပွဲဝင် လမ်းကြောင်းဆိုတာ ချမှတ်လို့ရတာဖြစ်တယ်။ တချို့က ဒီလိုအတွေးအခေါ်မျိုး ရှိနေလို့ အတိုက်အခံဖြစ်နေတာပေါ့လို့ ဆိုချင်ဆိုကြမယ်။ တကယ်ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလို အတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ လမ်းစဉ်တွေကို တကယ်ပဲ ချမှတ် လုပ်ကိုင်နေကြသလား၊ မိမိတို့ပါတီ၊ မိမိတို့အဖွဲ့အစည်း ရပ်တည်ရေးကိုပဲ ဦးစားပေးနေကြသလား ဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပြီဖြစ်တယ်။ မြေပေါ် မြေအောက်၊ မီဒီယာအစရှိပြီး လုပ်နည်းလုပ်ဟန် ကွဲပြားမှုဆိုတာက နားလည်လက်ခံလို့ ရပေမယ့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်မသွားစေဖို့ သတိပြုမိဖို့ လိုအပ်တယ်။ မြန်မာပြည်ရဲ့ မျက်မှောက်ခေတ်မှာ လိုအပ်နေတဲ့ ညီညွတ်ရေးဆိုတာက ဒီလို တော်လှန်ရေးအတွေးအခေါ် ညီညွတ်ရေးကို ဆိုလိုတာဖြစ်တယ်။ အဖွဲ့ဖွဲ့ရေး သံသရာစက်ဝန်းထဲမှာ တ၀ဲလည်လည် ပတ်ချာလည်နေတာကို ဆိုလိုတာ မဟုတ်ဘူး။

တော်လှန်ရေးထဲမှာ ကိုယ့်ကိုကိုယ်ဘောင်ပြန်ခတ်ထားကြတဲ့ အယူအဆတွေနဲ့ ပြုမူဆောင်ရွက်မှုတွေကို တော်လှန်ရေး အတွေးအခေါ်ကသာ ကျော်လွှားနိုင်လိမ့်မယ်။ “တို့ကတော့ ရှစ်လေးလုံးအုပ်စုတွေ၊ တို့ကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တို့ကတော့ ဒီပဲယင်းအုပ်စု၊ တို့ကတော့ အန်အယ်ဒီ၊ တို့ကတော့ ကျောင်းသား၊ တို့ကတော့ --------“ ဆိုတဲ့ ဘောင်ခတ်မှုတွေဟာ တော်လှန်ရေးရဲ့ စည်းရုံးရေးကို ကျဆင်းစေတဲ့ အချက်တွေဆိုတာ သတိပြုသင့်တဲ့ အချိန်ရောက်နေပြီဖြစ်တယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ အသွင်မတူတွေကို စည်းဝိုင်းပြင်ကို တွန်းပို့လိုက်သလို ဖြစ်သွားတတ်တယ်။ တော်လှန်ရေးမှာ ပေးဆပ်ခဲ့မှုဆိုတာတွေကို သူများတွေကသာ တလေးတစား ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်လုပ်ခဲ့တာ၊ ဘယ်လိုပေးဆပ်ခဲ့ရတာဆိုပြီး လိုက်ပြောနေရင် လူအရိုအသေ တန်တတ်တယ်။ ကမ္ဘာ့တော်လှန်ရေးသမိုင်းတလျှောက်မှာ လူမသိ၊ သူမသိ အသက် ပေးဆပ်စွန့်လွှတ် ခဲ့ကြသူတွေက အများကြီးပဲ ဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ဆက်သားလေးတွေ အနေနဲ့ တာဝန်ကျေခဲ့ကြတဲ့ ကလေးငယ်လေးတွေ ဘယ်လောက်အရေအတွက်အထိ ဖက်ဆစ်လက်ထဲ ကျရောက်ခဲ့သလဲ။ လူမသိ၊ သူမသိ သေခဲ့ကြသလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။

ဒါပေမယ့် ဒီလိုပေးဆပ်မှုကို သူတို့ ကျေနပ်ခဲ့ကြတယ်။ သေနိုင်မယ့်အလုပ်မှန်းသိရဲ့နဲ့ ကျေကျေနပ်နပ် လုပ်ခဲ့ကြတယ်။ ကိုယ်သတ်မှတ်တဲ့ တန်ဖိုး၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်၊ ကိုယ်ရွေးချယ်တဲ့ ရပ်တည်ချက်အတွက် ကိုယ့်ရဲ့ပေးဆပ်မှုတွေကို မိမိကိုယ်ကို ကျေနပ် ဂုဏ်ယူနေဖို့က အရေးကြီးဆုံး မဟုတ်ဘူးလား။ လူတကာကို လိုက်ပြောပြီး၊ “မင်းတို့နဲ့ ငါက မတူဘူးနော်။ ငါက ဘယ်လိုလုပ်ခဲ့တာ။ ဘယ်လိုပေးဆပ်ခဲ့တာ၊ မင်းတို့ငါနဲ့လာမယှဉ်နဲ့“ လို့ လိုက်ယှဉ်ပြနေစရာ မလိုအပ်ဘူး။ ဒါတွေဟာ ကိုယ့်ကိုယ်ကို ဘောင်ခတ်လိုက်တာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ လူထုစည်းရုံးရေးမှာ အခက်အခဲတွေ ဖြစ်လာတတ်သလို၊ ကိုယ်ပါဝင်တဲ့ တော်လှန်ရေးကြီးတခုလုံးရဲ့ ပုံရိပ်လဲ ကျဆင်းတတ်ပါတယ်။ တော်လှန်ရေးကို တကယ်တန်ဖိုးထားတယ်ဆိုရင် ကိုယ့်ကြောင့် တော်လှန်ရေးမှာ လူသစ်တယောက်မရောက်လာရင်တောင် ရှိပြီးသားလူတွေ မဆုံးရှုံးစေသင့်ဘူး။ တော်လှန်ရေးရဲ့ စည်းရုံးရေးကို မထိခိုက်စေသင့်ဘူး။ တိတိကျကျဆိုရရင် groups တွေ ပေါ်ထွက်လာမှုဟာ ကောင်းပါတယ်။ ဒါပေမယ့် ဘောင်ခတ်ပြီး ပိတ်မိနေတဲ့ အုပ်စုတွေ မဖြစ်စေဖို့ကိုလဲ သတိထားသင့်ကြတယ်။

အဓိကကတော့ မြန်မာ့နိုင်ငံရေးဟာ အထည်ကြီးပျက်နိုင်ငံရေး မဟုတ်။ တချိန်က အောင်မြင်ခဲ့တာလေးတွေကို သာယာနေရုံနဲ့ အောင်ပွဲရမှာ မဟုတ်။ လက်ရှိအခြေအနေမှာ၊ လက်ရှိ လူသူအင်အား၊ လက်ရှိတော်လှန်ရေးရေစီးကြောင်းတွေနဲ့ ဘာလုပ်ဖို့ လိုတယ်ဆိုတာကို ဦးစားပေးကြဖို့ အချိန်တန်နေပါပြီ။ ဘောင်ခတ်မှုတွေကြောင့် တော်လှန်ရေး အတွေးအခေါ်တွေကို မထိခိုက်မိစေဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးအတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ ညီညွတ်ရေးမှာ ပြည်သူတရပ်လုံး ပူးပေါင်းဆောင်ရွက်လာ စေရေးကသာ အဓိက ပန်းတိုင်ဖြစ်သင့်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့် အက်ကြောင်းတွေအတွက် သတိထားပြီးပြင်ဆင်ထားသင့်ပါတယ်။

အာဏာရှင်ရွေးကောက်ပွဲနှင့် ဒေါက်တိုင်ပြိုလဲမှု ထိန်းသိမ်းခြင်း

စစ်အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် စစ်တပ်ကို အာဏာရှင် ဒေါက်တိုင်တွေအဖြစ် အသုံးချရပါတယ်။ ဒီလိုနဲ့ အာဏာရှင်သက်တမ်းတွေ ကြာလာတဲ့အခါ အာဏာရှင်တွေရဲ့ ပင်မဒေါက်တိုင်တွေ ဖြစ်တဲ့ စစ်တပ်အတွင်းမှာ မကျေနပ်မှုတွေ၊ ကွဲလွဲမှုတွေပေါ်ပေါက်လာပါတယ်။ ဒီဒေါက်တိုင်တွေ ပြိုလဲရင် အာဏာရှင်စနစ် ပြိုလဲနိုင်တာကြောင့် အာဏာရှင်တွေဟာ တပ်မတော်နဲ့ စစ်အာဏာရှင်အစိုးရအကြားက မကျေလည်မှု ပြဿနာရပ်တွေကို အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပပြီး ဖြေရှင်းလေ့ရှိတယ်လို့ နိုင်ငံရေးပညာရှင် Geddes က ဆိုထားခဲ့ဖူးပါတယ်။ အာဏာရှင်နိုင်ငံတွေအတွက်တော့ စစ်တပ်ဆိုတာ အာဏာရှင်တွေရဲ့ coercive power ကို ထိန်းသိမ်းပေးနိုင်တဲ့ အဓိကဒေါက်တိုင်ကြီးဖြစ်ပါတယ်။

၁၉ ရာစုကာလတွေမှာ ကမ္ဘာနဲ့ အ၀ှမ်းမှာ စစ်တပ်ဆိုတာ သီးခြား political institution တရပ်အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော် မပါဝင်မှာ စိုးရိမ်စရာ အကြောင်းကို မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ဆိုတာကိုက နိုင်ငံတော်ရဲ့ နိုင်ငံရေး အင်စတီကျူးရှင်း တရပ် ဖြစ်နေလို့ပါ။ နိုင်ငံရေးပညာရှင်တွေက တပ်မတော်ရဲ့ အခန်းကဏ္ဍကို ကဏ္ဍသုံးမျိုးခွဲခြားပြီး ဖော်ပြထားပါတယ်။ ပထမတမျိုးကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ရေးဆိုင်ရာ instrument တခုအနေနဲ့ပါ။ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပါမယ်။ ဒီအတွက် နိုင်ငံတိုင်းလိုလိုမှာ တပ်မတော်ဆိုတာ ရှိပါတယ်။ တပ်မတော်သားတွေဆိုတာကိုလဲ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေသူများအဖြစ် နိုင်ငံတိုင်းမှာ လူထုက တလေးတစားရှိပါတယ်။ ဘယ်နိုင်ငံရဲ့ ပါလီမန်ထဲမှာမှ တပ်မတော်သားတွေ မပါဝင်ပါဘူး။ ဒါပေမယ့်လဲ လူတွေက သူတို့ရဲ့ ရပ်တည်မှုနဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားကြပါတယ်။ အာဏာရှင်နိုင်ငံတွေမှာသာ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်ရတဲ့ တပ်မတော်သားတွေအတွက် လူထုက ယူကြုံး မရ ခံစားကြရပါတယ်။ ပြည်သူတွေရဲ့ အသွေးအသားထဲက ပေါ်ထွက်လာခဲ့တဲ့ တပ်မတော်သားတွေဟာ ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေဘက်ကို သေနတ်ပြောင်းမလှည့်ပဲ မိဘပြည်သူတွေဘက်ကိုမှ သေနတ်ပြောင်း လှည့်ရက်လေခြင်းလို့ စိတ်မကောင်းဖြစ်ကြရပါတယ်။

နိုင်ငံတော်မှာ တပ်မတော်ရဲ့ နောက်ထပ်အခန်းကဏ္ဍတခုကတော့ တရားဥပဒေစိုးမိုးရေး တာဝန်ပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ တပ်မတော်မှာပဲဖြစ်ဖြစ် အမိန့်နာခံမှု ယဉ်ကျေးမှုနဲ့ ရာထူး အဆင့်အတန်းသတ်မှတ် တာဝန်ယူမှု ဆိုတာ ရှိပါတယ်။ ဒီအချက်နှစ်ချက်ဟာ အရေးပေါ် အခြေအနေတွေမှာ operational efficiency ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒါကြောင့်လဲ အရေးပေါ် သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါတွေမှာ ကယ်ဆယ်ရေးတာဝန်တွေ၊ ရိက္ခာဖြန့်ဖြူးရေး တာဝန်တွေကို တပ်မတော်ကို တာဝန်ပေးလေ့ရှိကြပါတယ်။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ဖရိုဖရဲ ဖြစ်နေရတဲ့ အခါမှာလဲ တပ်မတော်က တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူရပါတယ်။ ဒါပေမယ့် ဒီတာဝန်ကို အသုံးပြုပြီး တပ်မတော်ကို အာဏာရှင်တွေက ပြန်အသုံးချတတ်တာတွေလဲ ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာတဲ့အခါ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို စဉ်းစားဖော်ထုတ်ပြီး တွေးတော ဆင်ခြင်မှုတွေ ပြုရပါမယ်။ အမှန်နဲ့အမှားကို ဖော်ထုတ်ရပါမယ်။ ဒီနေရာမှာ တရားဥပဒေဆိုတာကိုလဲ ထည့်သွင်းစဉ်းစား ကြည့်ဖို့ လိုအပ်လှပါတယ်။ ဘယ်လို တရားဥပဒေလဲ။ မတရားမှုတွေကနေ ဥပဒေဖြစ်နေတာလား။ ပုန်ကန်ထကြွမှုတွေ၊ လူထုတိုက်ပွဲတွေ ဆိုတာကကော ဘာကြောင့် ပေါ်ထွက်နေရတာလဲ။ မတရားတဲ့ ဥပေဒေကို ပုန်ကန်နေကြတာလား၊ တရားတဲ့ ဥပဒေကို ပုန်ကန်နေကြတာလားဆိုတာ ဆင်ခြင်မိဖို့ လိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်မှာ လူထုတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာတော့ တပ်မတော်သားတွေမှာ အရိုးစွဲအောင် ရိုက်သွင်းခံထားရတဲ့ အမိန့်နာခံတတ်မှုနဲ့ လူသားပီသစွာ စဉ်းစားတွေးခေါ်ဆင်ခြင်မှု နှစ်ခုအကြားမှာ ပဋ္ဋိပက္ခဖြစ်ရတော့တာပါပဲ။ ဒီလွန်ဆွဲပွဲတွေထဲမှာ တခါတရံမှာ အမိန့်နာခံတတ်မှုက အနိုင်ရသွားပါတယ်။ တခါတရံမှာ စဉ်းစားတွေးခေါ်ဆင်ခြင်မှုက အနိုင်ရသွားပါတယ်။ အာဏာရှင်တွေကို တော်လှန်ကြတဲ့ လူထုတော်လှန်ရေးတွေမှာ တပ်မတော်က ပြည်သူတွေဘက်ကို ရပ်တည်လိုက်တယ်ဆိုတာမျိုးတွေဟာ စဉ်းစားတွေးခေါ် ဆင်ခြင်မှုက အနိုင်ရသွားတာတွေဖြစ်ပါတယ်။ အာဏာရှင်အမိန့်ပေးတဲ့အတိုင်း ဦးလည်မသုန် တာဝန်ကျေပွန်တယ်ဆိုတာကတော့ အမိန့်နာခံမှုက အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ဘယ်နှစ်ဘက်ဆိုတာတွေထက် တာဝန်က တရားဥပဒေစိုးမိုးရေးဆိုတာကို စတင်စဉ်းစားမိဖို့ပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာမှာကလဲ စစ်အာဏာရှင်တွေရဲ့ အမိန့်ကို နာခံမှပဲ တရားဥပဒေ စိုးမိုးရေး ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူလူထုဘက်က ရပ်တည်ပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ အမြော်အမြင်ရှိပြီး၊ ဆင်ခြင်တုံတရားရှိတဲ့ တပ်မတော်ခေါင်းဆောင်က ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလဲ တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်လို့ ရတယ်ဆိုတာ စစ်မှန်တဲ့ တပ်မတော်သားတွေ သိရှိနေဖို့ လိုအပ်လှပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ တပ်မတော်ထဲမှာ အချိန်တန်ရင် လူသားပီသစွာ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ရွေးချယ်မယ့် တပ်မတော်သားတွေ ရှိတယ်ဆိုတာကိုလဲ သဘောပေါက်သိမြင်ကြပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲတွေ ကျင်းပပြီး၊ စစ်တပ်နဲ့ ပြည်သူအကြား သဘောထားကွဲလွဲမှု ပုံသဏ္ဍာန်တွေဖြစ်အောင် ထပ်မံပြုလုပ်တတ်ကြပါတယ်။

နောက်ထပ် တပ်မတော်ရဲ့ အခန်းကဏ္ဍတရပ်ကတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ မူဝါဒတွေမှာ instrument policy အနေနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အစိုးရအဖွဲ့ကမှ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ စစ်မဟာဗျူဟာအခင်းအကျင်းနဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ တပ်မတော်အကြီးအကဲတွေကို မတိုင်ပင်မညှိနှိုင်းပဲ မူဝါဒတွေ မချမှတ်ကြပါဘူး။ ချမှတ်လို့လဲ မရပါဘူး။ ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် ပင်တဂွန်လို့ ခေါ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ကွန်ဂရက်အတွင်းက Armed Services Committee တွေကတဆင့် အမေရိကန် တပ်မတော်ရဲ့ ပါဝါကျင့်သုံးလွှမ်းမိုးမှုတွေ ရှိနေတာဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးရာတွေအတွက် insider group ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေရဲ့ strategic expertise နဲ့ technical knowledge တွေကို ပိုင်ဆိုင်ထားတဲ့ တခုတည်းသော အင်စတီကျူးရှင်းကြီးဖြစ်ပါတယ်။ ဒါကြောင့်လဲ အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ နိုင်ငံတော်ဖြစ်တည်မှု တြိဂံသဏ္ဍာန်ကို ပညာရှင်တွေက ဖော်ကျူုးထားကြတာဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်ဟာ အစိုးရအဖွဲ့အစည်းတွေမှာ ပါဝင်ပြီး၊ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍသစ်ကို တောင်းဆိုနေစရာ မလိုအပ်ပါဘူး။ သူ့ဘာသာသူ ဘုရားဒကာမို့ ဘုရားဒကာကြီး၊ ရပ်ရွာလူကြီးလို့ တလေးတစား သတ်မှတ်ထားတာကို အနေမတတ်၊ အထိုင်မတတ်နဲ့ ရွာထဲလှည့်ပြီး ကြက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ဖဲဝိုင်းလဲ လူကြီးလုပ်ချင်၊ အရက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ကလေးတွေကစားတဲ့ ကျောက်ဒိုးဝိုင်းလဲ ပါလိုက်ချင်ချင် လုပ်နေလို့ ရှိသမျှသိက္ခာကျပြီး ပါလေရာလူကြီးလို့ လူအရိုအသေတန် ကုန်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်အဆင့်နဲ့ ကိုယ့်နေရာကို သိဖို့ လိုအပ်လှပါတယ်။ နအဖစစ်အာဏာရှင်တွေက ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆိုရင် “နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး“ ဆိုတဲ့ စကားလုံးကြီးကို သုံးပြီး တပ်မတော်က မူလနေရာယူထားတဲ့ ဘုရားဒကာ၊ ရပ်ရွာလူကြီး အခန်းကဏ္ဍကို ပါလေရာ လူကြီး ကဏ္ဍကို လျှော့ချလိုက်တာသာ ဖြစ်ပါတယ်။ အစိုးရ၊ ပြည်သူ၊ တပ်မတော်ဆိုတဲ့ တြိဂံသဏ္ဍာန်ဖြစ်တည်မှုကို ပြယ်ပျက်စေပြီး၊ အစိုးရနေရာမှာ တပ်မတော်ကို ခြေဖြတ်၊ လက်ဖြတ်ပြီး ထည့်သွင်းလိုက်ခြင်းသာ ဖြစ်ပါတယ်။

အဲဒီအခါမှာ တပ်မတော်ရဲ့ မူလရပ်တည်ချက်နဲ့ ပင်မတာဝန်တွေလဲပျက်၊ တပ်မတော်နဲ့ ပြည်သူအကြား၊ တပ်မတော်နဲ့ အစိုးရအကြားက အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ လေးစားမှုတွေလဲ ပျက်ပြယ်ရှုပ်ထွေးကုန်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်နဲ့ တပ်မတော်ထဲ ၀င်လာတဲ့ နိုင်ငံ့သားကောင်းရတနာတွေဟာလဲ ကိုယ်ကပြရမှာ မဟုတ်တဲ့ စင်ပေါ်မှာ အာဏာရှင်တွေ ကြိုးဆွဲတဲ့ ရုပ်သေးလေးအဖြစ် တက်ကကြရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ ခဲနဲ့ ပေါက်မှုတွေ၊ တံထွေးနဲ့ ထွေးမှုတွေကို ကြားထဲကနေ ခံကြရတော့မှာ ဖြစ်ပါတယ်။ ဒီလိုရုပ်သေးဘ၀ရောက်ပြီးမှ မိမိနဲ့ သက်ဆိုင်တဲ့ ပင်မတာဝန်တွေကို ပြန်ပြီး တာဝန်ထမ်းဆောင်ပြန်တော့လဲ မိခင်တပ်မတော်ကြီးအတွင်းမှာ ကိုယ်နဲ့ ကျောင်းအတူတူဆင်းခဲ့သူတွေကို အထက်လူကြီးတွေအနေနဲ့ ဆက်ဆံရတာတွေ၊ သဘောသဘာဝမတူတဲ့ ပတ်ဝန်းကျင်တခုမှာ သဟဇာတဖြစ်အောင် ပြန်ညှိရတာတွေနဲ့ လူကန့်လန့်တွေဘ၀ကို ကျရောက်ကြရဦးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မတော်သားတွေ နိုင်ငံရေးဝါသနာမပါရဘူး၊ နိုင်ငံရေး မလုပ်ရဘူးလို့ ဆိုလိုနေတာ မဟုတ်ပါ။ ၀ါသနာပါရင် တပ်က ထွက်ပြီး နိုင်ငံရေးသမားဘ၀ကို အပြည့်အ၀ ခံယူလို့ရပါတယ်။ ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ်အနေနဲ့ နိုင်ငံရေးသမားတွေအကြား ရောက်နေမှာကတော့ အမြင်မတော်၊ ဆင်တော်နဲ့ ခလောက် ဆိုသလိုပဲ ဖြစ်ပါလိမ့်မယ်။ တပ်မတော်သားကိုယ်စားလှယ် ဆိုတာကိုက အင်အားပြမှု အနေအထားတခု ဖြစ်နေတာကြောင့် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်၊ တန်းတူညီမျှခွင့် အခြေခံသဘောတရားတွေ လွှမ်းခြုံနေတဲ့ ပါလီမန်နဲ့ သင့်လျော်မှု မရှိပါဘူး။ မအပ်စပ်ပါဘူး။ အင်အားအတူတူညီမျှပြီး အတူတကွကစားနေကြတဲ့ ကလေးတွေအကြားမှာ ဗလတောင့်တောင့်၊ အင်အားကြီးကြီး လူကြီးတယောက်ကို တွေ့လိုက်ရရင် ဒီလူကြီးကို လူ့အဖွဲ့အစည်းက ဘယ်လိုမြင်ပါသလဲ။ဒီလူကြီးဟာ ကျပ်မပြည့်တဲ့ လူကြီးဖြစ်နိုင်ဖို့က ရာခိုင်နှုန်းတော်တော်များတယ် မဟုတ်ပါလား။ ဒါကြောင့် တပ်မတော်သားတွေကို နိုင်ငံရေးမလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ကြောင်း ဆိုတာဖြစ်ပါတယ်။ ကျပ်မပြည့်တဲ့ လူကြီး မဖြစ်စေဖို့ အင်အားအရေခွံကို ခွာပြီး ရိုးရှင်းစွာ နိုင်ငံရေးကစားကွင်းထဲကို ၀င်လာသင့်ပါတယ်။

ဒါဖြင့်ရင် နအဖစစ်အုပ်စုတွေဟာ ရိုးရှင်းစွာ အရပ်သားပါတီသစ်ထောင်ပြီး၊ ရွေးကောက်ပွဲထဲ ၀င်လာတာမဟုတ်ပဲ ဘာဖြစ်လို့ ကလိမ်ကကျစ်ဥာဏ်တွေသုံးပြီး နိုင်ငံရေးအာဏာရဖို့ လုပ်နေကြရသလဲ ဆိုတာကို စဉ်းစားကြည့်ကြရအောင်ပါ။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့ ၀င်ရောက်ယှဉ်ပြိုင်မှု မလုပ်ရဲသလဲ။ အဖြေက ရှင်းပါတယ်။ ဆင်ဖြူရဲ့ မျက်နှာကို ဆင်မည်းက မကြည့်ဝံ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် ရိုးသားဖြောင့်မတ်စွာ အုပ်ချုပ်မှု မရှိခဲ့ပါဘူး။ မတရားမှုတွေကို ဥပဒေဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလုပ်ပဲ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်၊ ဆွေတော်မျိုးတော် ကောင်းစားရေးကိုသာ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ မြန်မာ့မျိုးဆက်တွေရဲ့ ပညာရေးကို စနစ်တကျ အကွက်ချပြီး ဖျက်ဆီးထားခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးမထားတာကြောင့် နအဖလက်အောက်မှာ နေ့စဉ်နဲ့အမျှ မကြွေသင့်ပဲ ကြွေနေရတဲ့ အသက်ပန်းလေးတွေ အများကြီးပါပဲ။ ဒါတွေကို သူတို့သိနေကြပါတယ်။ ပါးစပ်ကနေသာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ပေးနေတယ်လို့ ထွက်ဆိုနေပေမယ့် ဒီစကားတွေ မဟုတ်ဘူးဆိုတာ သူတို့ကိုသူတို့ သိနေကြပါတယ်။ လူဆိုတာက မှန်မှန်ကန်ကန် လုပ်နေသူတွေဆိုရင် ပြတ်ပြတ်သားသား ဘာကိုမှ ရင်ဆိုင်ရမှာ မစိုးရိမ်ပေမယ့် ခိုးကြောင်ခိုးဝှက်လုပ်ထားသူတွေကျတော့ အလိမ်တွေ ပေါ်မှာ ကြောက်ပြီး ဟိုဖုံး၊ ဒီဖိလုပ်တာ၊ လူတွေကို မရိုးမသား ဆက်ဆံတာတွေ လုပ်တတ်ပါတယ်။ ဘယ်သူကမှ ရန်မရှာပဲနဲ့ ရန်လိုနေတတ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊ တဘက်သားကို မယုံကြည်စိတ်တွေနဲ့ပဲ လူတွေကို ဆက်ဆံတတ်ပါတယ်။

နအဖစစ်အာဏာရှင်တွေမှာလဲ ဒီလက္ခဏာတွေ အများကြီး တွေ့ရပါတယ်။ သူတို့ မကောင်းပြုခဲ့တဲ့ကံတွေ သူတို့ဆီ ပြန်လာမှာကို စိုးရိမ်စိတ်တွေ၊ သားစဉ်မြေးဆက် ဆွေတော်မျိုးတော် ကောင်းစားရေးအတွက် စုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့စိတ်တွေ၊ လူတဦးနဲ့တဦး အပြန်အလှန်လေးစားမှုရှိတဲ့ ယဉ်ကျေးတဲ့လူ့အသိုင်းအ၀ိုင်းမှာ မနေဖူးပဲ မုဆိုးဘ၀နဲ့ သားကောင်လိုက်ပစ်နေတဲ့ ဘ၀မှာပဲ နေဖူးတာကြောင့် သားကောင်တလှည့်ဖြစ်လာမှာကို စိုးရွံ့စိတ်တွေက သူတို့ရဲ့ စိတ်အစဉ်တွေကို လွှမ်းမိုးပါတော့တယ်။ ဒီအခါမှာ ပါလီမန်ထဲမှာဖြင့် သူတို့ရဲ့ လက်အောက်ငယ်သား ရုပ်သေးကြိုးဆွဲလေးတွေ ပါနေရင်တော့ ဒီလိုကြောက်လန့်ရမှုတွေ လျော့တန် ကောင်းပါရဲ့ ဆိုတဲ့ အတွေးတွေနဲ့ မကြံကောင်း၊ မစည်ရာ တပ်မတော်ကြီးတရပ်လုံး သမိုင်းအဆက်ဆက် သိက္ခာကျစေမယ့်၊ ပါလီမန်ထဲ တပ်မတော်သားတွေ သွတ်သွင်းတဲ့ အစီအစဉ်ကြီး ကို အကောင်အထည် ဖော်ကြတော့တာပဲ ဖြစ်ပါတယ်။ သူတို့နဲ့ သူတို့သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အတွက် တပ်မတော်ရဲ့ အနာဂတ်ကြီးကို ပုံဖျက်ဖို့ ကြိုးစားနေကြသူများပဲ ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မဟာစီမံကိန်းကြီးမှာ တပ်မတော် သားကောင်းရတနာတွေ အသုံးချခံကြရပါမယ်။

နိုင်ငံတကာ အရပ်ရပ်က အဆင့်မြင့် တပ်မတော် တွေဆိုတာက သူ့အဆင့်အတန်းနဲ့သူ သီးခြားရပ်တည်ပြီး၊ ရွေးကောက်ပွဲဆိုရင် တပ်မတော် သားတွေဟာ မဲတောင်ပေးခွင့်မရှိပါဘူး။ ဒါမှလဲ ဘက်လိုက်မှုကင်းပြီး၊ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့ ကာကွယ်ရေးကဏ္ဍနဲ့ နိုင်ငံတော်လုံခြုံရေးကဏ္ဍမှာ အပြည့်အ၀ အာရုံစိုက် တာဝန် ထမ်းဆောင်နိုင်မှာမို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှုမှာဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို စနစ်တကျ ပြန်တည်ဆောက်ရမှာဖြစ်တဲ့ အတွက် ပိုပြီးတောင် သီးခြားရပ်တည်သင့်ပါသေးတယ်။ ဒါကြောင့် တပ်မတော်ရဲ့ မှန်ကန်တဲ့အနာဂတ် အခန်းကဏ္ဍအတွက် အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်တွေ ခြယ်လှယ်ပုံသွင်းတာကို လက်မခံပဲ ပြည်သူလူထုနဲ့ လက်တွဲသင့်ပါတယ်။

အာဏာရှင်ရွေးကောက်ပွဲနှင့် legitimacy

အာဏာရှင်ရွေးကောက်ပွဲတွေ ပေါ်ထွက်လာရတဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့ legitimacy (တရားဝင်ခွင့်) ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ legitimacy ဆိုတာမှာ ပြည်တွင်းနဲ့ ပြည်ပ နှစ်မျိုးရှိပါတယ်။ ပြည်တွင်းတရားဝင်ခွင့် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အာဏာရှင်တွေဟာ အာဏာကို ဆုပ်ကိုင်ထားရတာ၊ ကိုယ်လိုရာ ဖန်တီးဆောင်ရွက်နေရတာတွေကို အင်မတန် ပျော်ရွှင်နှစ်သက်ပြီး သာယာကြပါတယ်။ အာဏာနဲ့ ငွေကြေးဆိုတာ လူတွေရဲ့ စိတ်တွေကို ၁၈၀ ဒီဂရီတောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ လူသားဆိုတာကလဲ ဦးနှောက်နဲ့ စိတ်ခံစားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်တဲ့အတွက် ၀မ်းနည်းစရာရှိရင်လဲ ပယ်ပယ်နယ်နယ် ငိုကြွေးလိုက်ရမှ၊ ခံစားလိုက်ရမှ ဖြစ်တတ်သလို သာယာစရာ၊ ၀မ်းသာစရာတွေရှိရင်လဲ အပြတ်အသတ်ကို အရာရာမေ့ပြီး သဘောတွေ့ မနောခွေ့တတ်ကြတာ မဟုတ်ပါလား။ ဒီတော့ အာဏာရှင်တွေကလဲ လူသားတွေမို့ အာဏာတွေ၊ အာဏာနဲ့ တွဲလာတဲ့ ငွေကြေးအရှိန်အ၀ါတွေကို သဘောတွေ့လာကြပါတယ်။ ဒါပေမယ့် အာဏာကို ဒီအတိုင်းပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် ပြည်တွင်းမှာကော၊ ပြည်ပမှာပါ တရားဝင်အစိုးရဖြစ်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ကြပါတယ်။ ဒီအတွက် ရှဉ့်လဲ လျှောက်သာ၊ ပျားလဲစွဲသာဖြစ်အောင် လူသေအလောင်းကို မှော်သွင်းပြီး ရှင်အောင်လုပ်ထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သရဲကြီးပြီး သဘက်ဖြစ်သွားရင် မနိုင်မှာစိုးတဲ့အတွက် ထိန်းညှိရေး၊ ထိန်းချုပ်ရေး ယန္တရားတွေကိုလဲ စီမံထည့်သွင်းကြရပြန်ပါတယ်။ ရုပ်သေးကြိုးဆွဲဖြစ်ဖို့အတွက် စစ်ဗိုလ်တမတ်သားလဲ ထည့်ရ၊ အကျိုးမျှော်လို့ ညောင်ရေလောင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ အတင်းရွေးကောက်ပွဲဝင်ခိုင်းရ၊ တပ်မတော်သားတွေက ပြည်သူတွေနဲ့ ပေါင်းသွားမှာ စိုးရိမ်ရသေး တဲ့အတွက် တခြားမွေးထားတဲ့ ရပ်ကွက်ထဲက လူမိုက်၊ လူတေ မွေးစားသားလေးတွေကိုလဲ ချီးမြှောက်ရ၊ ရွေးကောက်ပွဲအတွက် စည်းရုံးခိုင်းရ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုတော်လာဘ်တော်တွေ ပေးရ၊ ကိုယ့်ပညာနဲ့ကိုယ် တကမ္ဘာလုံးဘယ်မှာနေနေ တင့်တင့်တယ်တယ် အေးအေးလူလူ နေနိုင်ပေမယ့် မြှောက်ပင့် ခိုင်းစားခံရတာကိုမှ ဂုဏ်ယူချင်နေကြတဲ့ ပညာရှင်တပိုင်း၊ ဗျူရိုကရက်ပေါက်စတပိုင်းတွေကို မြှောက်ပင့်ပေးပြီး ရွေးကောက်ပွဲကို လူတွေ ထောက်ခံချင်လာအောင် ပြောခိုင်း၊ ဆိုခိုင်းရနဲ့ ဖြစ်နေတော့တာပါပဲ။

ဒါတွေက မြန်မာပြည်က အာဏာရှင်တွေတင်မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းဒေသ၊ အာဖရိကဒေသနဲ့ လက်တင်အမေရိက နိုင်ငံများစွာက အာဏာရှင် ရွေးကောက်ပွဲတွေမှာ ဒီလိုလက္ခဏာရပ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမှာ ကိုယ့်ဘက်တော်သားတွေ အများအပြား ပါဝင်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းယူတတ်ကြတာ အာဏာရှင်တိုင်းလိုလိုပါ။ ဒါမှလဲ သူတို့ရဲ့ အနာဂတ်အတွက် စိတ်အေးရမှာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် မြန်မာပြည်အာဏာရှင်လို ရုပ်ပျက်ဆင်းပျက် ဖွဲ့စည်းပုံဥပဒေထဲ ကိုယ်လိုချင်တဲ့ အချက်တွေ ဆွဲထည့်ပြီး၊ မဲမခိုးရပဲ ပါလီမန်ထဲ လူရောက်အောင် လုပ်တဲ့ အာဏာရှင်တွေတော့ ကမ္ဘာမှ ရှာမှရှားပါပဲ။ မြန်မာတွေမှာ ကမ္ဘာတ၀ှမ်းက လူတွေနဲ့ မတူတဲ့ ထူးခြားဆန်းကျယ် အရည်အချင်းတချို့ ရှိတတ်ပါတယ်။

ဒီအထဲမှာ သူခိုးက လူပြန်ဟစ်တတ်တဲ့ အရည်အချင်းဟာ လူသိရှင်ကြား နာမည်ကျော်ကြားတဲ့ အရည်အချင်းတရပ်အနေနဲ့ ပါပါတယ်။ နအဖစစ်အုပ်စုကလဲ ဒီအရည်အချင်းနဲ့ အင်မတန်ပြည့်မှီပါတယ်။ ကိုယ်တိုင်က ပြည်သူ့အာဏာကို ကြောင်တောင် ၀င်နှိုက်ထားပေမယ့် အာဏာကို ပြည်သူ့ဆီကသာ သက်ဆင်းစေဖို့ တောင်းဆိုနေကြသူတွေ ကျပြန်တော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို နှောင့်ယှက်ဖျက်ဆီးသူများလို့ သမုတ်ပြန်ပါတယ်။ လင်ယောက်ျားကြီး ငုတ်တုတ်ရှိနေတဲ့ မိန်းမတယောက်ကို ကြောင်တောင်ဝင်နှိုက်ပြီး၊ လင်ယောက်ျားကြီးကို သူခိုးပါ စွပ်စွဲ တာမျိုးနဲ့ တူပါတယ်။ ကြမ်းပိုးက လိပ်ဖြစ်အောင် တတ်နိုင်ပါပေ့လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့်လဲ ဒီလောက်တောင် ဗြောင်ကြီး ကြောင်တောင်နှိုက်နေတာဆိုတော့ နအဖ စစ်အုပ်စုဟာ ပြည်တွင်းတရားဝင်ခွင့် (domestic legitimacy) ကို ဒီလောက်အထိ အလေးထားရုံ မပေါ်ပါဘူး။ ရွေးကောက်ပွဲဖြစ်ရင် ပြီးရောလောက်သာ သဘောထားပါတယ်။

နအဖစစ်အုပ်စု အမှန်တကယ်ဦးတည်တာက international legitimacy ပဲ ဖြစ်ပါတယ်။ တနည်းဆိုရရင် political liberalization နည်းလမ်းကနေ legitimacy ရလာမယ့် အခွင့်အရေးတွေကို မျက်စပစ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Levitsky နဲ့ Way တို့က စစ်အေးကာလနှောင်းပိုင်းမှာ Political liberalization နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အသုံးစရိတ်တွေ မြင့်တက်လာတယ်ဆိုတာကို သုံးသပ်တင်ပြခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေက အာဏာရှင်အစိုးရတချို့ကို liberalization လုပ်ရင် ရလာနိုင်မယ့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ထောက်ပံ့ကူညီမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပြီး ဆွဲဆောင်သိမ်းသွင်းတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကနဦးဒီမိုကရေစီပြောင်းလဲမှု (Initial Democratization) မစတင်နိုင်သေးတဲ့ တိုင်းပြည်တွေမှာ Political liberalization ကနေ တဆင့် ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု (democratic consolidation) ကိုတက်လှမ်းနိုင်မလား ဆိုတာကို အနောက်အုပ်စု နိုင်ငံကြီးတွေက စဉ်းစားလာကြတာတွေ ရှိပါတယ်။ ဒီလိုစဉ်းစားလာမှုတွေရှိတဲ့အခါ မူလက ကနဦးဒီမိုကရေစီ ပြောင်းလဲမှုကို အကောင်အထည်ဖော်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို Political liberalization လမ်းကြောင်းပေါ်ရောက်အောင် နည်းမျိုးစုံနဲ့ တွန်းပို့တာတွေ ရှိတတ်ပါတယ်။

ဒီနည်းလမ်းတွေထဲမှာ အတွေးအခေါ် နည်းလမ်းနဲ့ ငွေကြေး incentives နည်းလမ်းတွေ ပါဝင်ပါတယ်။ “ဘာပါလီမန်မှ မရှိတာထက်စာရင် စစ်ဗိုလ်တမတ်သား ပါလီမန်ကလဲ ကောင်းတာပဲ“၊ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေရှိတာကို လုပ်ရတာ“၊ “ဘယ်လိုပုံစံနဲ့ပဲ သွားသွား၊ democratic consolidation ကသာ အဓိကဖြစ်တာမို့ Initial democratization ထဲက အသုံးအနှုန်းတွေဖြစ်တဲ့ လူထုတိုက်ပွဲတို့၊ တော်လှန်ရေးတို့၊ ပါဝါရှယ်ယာကြားဖြတ်အစိုးရတို့ စတဲ့ စကားလုံးတွေကို မသုံးတော့ပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ ပြောကြ“၊ “မလွဲမသာလျှောက်ရမယ့် လမ်းကိုပဲ လိုက်လျှောက်ပြီး ပါလီမန်ထဲမှာပဲ တိုက်ပွဲဝင်တာကောင်းတယ်“ စတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေဟာ political liberalization လမ်းကြောင်းကို အခြေတည်ပြီး ထွက်ပေါ်လာတာတွေပဲ ဖြစ်ပါတယ်။

တပြိုင်နက်တည်းမှာ ဒီလမ်းကြောင်းခိုင်မာသွားဖို့အတွက် နိုင်ငံရေးသမားတွေကို သက်ဆိုင်ရာအန်ဂျီအိုတွေ၊ နိုင်ငံတွေကတဆင့် ရွေးကောက်ပွဲဝင်ဖို့ လှုံဆော်တာတွေ၊ ရွေးကောက်ပွဲပြီးရင် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုတာတွေ၊ ရွေးကောက်ပွဲကို ထောက်ခံတဲ့ ကင်ပိန်းတွေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လိုအပ်တဲ့ သင်တန်းတွေ ကျင်းပပေးနိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေ လုပ်ကြတာတော့တာပါပဲ။ တချိန်တည်းမှာပဲ အာဏာရှင်ကိုလဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ကုန်သွယ်ရေး၊ စီးပွားရေးအကျိုးအမြတ်တွေနဲ့ မက်လုံးပေးပါတယ်။ ဒါက အနောက်နိုင်ငံတွေ initial democratization ကနေ democratic consolidation ကို သွားတဲ့ လမ်းကြောင်းကို မထောက်ခံတော့ပဲ Political liberalization ကနေ democratic consolidation ကိုသွားတဲ့ လမ်းကြောင်းကို ခင်းပေးတဲ့အခါ လုပ်လေ့လုပ်ထရှိတာတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ ဒီလိုလမ်းခင်းပေးမှုတွေဟာ အောင်မြင်မှုနည်းပါးပြီး၊ အာဏာရှင်ရွေးကောက်ပွဲတွေကတဆင့် အာဏာရှင်အင်စတီးကျူးရှင်းတွေ ပိုမိုခိုင်မာတောင့်တင်းလာအောင် ပြုလုပ်ပေးလိုက်သလိုသာ ဖြစ်သွားတယ်တယ်လို့ ပညာရှင်တွေက ထောက်ပြရေးသားလာကြပါတယ်။ Political liberalization ဖြစ်လာပေမယ့် ဒီမိုကရေစီအမြစ်တွယ်ခိုင်မာမှုကို ဆက်ပြီး အကောင်အထည် မဖော်နိုင်တော့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြားဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ international legitimacy နဲ့ နောက်ဆက်တွဲ အကျိုးအမြတ်တွေ ရလာနိုင်တာကြောင့် အာဏာရှင်တွေက ရွေးကောက်ပွဲတွေကို လုပ်ချင်နေကြတာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ဒီလို အာဏာရှင်ရွေးကောက်ပွဲတွေရဲ့ နောက်ပိုင်းကာလမှာ ပေါ်ထွက်လာနိုင်မယ့် မြန်မာပြည်အနာဂတ် အခြေအနေကို လေ့လာကြည့်ကြရအောင်ပါ။



မြန်မာပြည်အနာဂတ်


ဒီလိုနဲ့ အတိုက်အခံအင်အားစုများပြိုကွဲရေး၊ စစ်တပ်ကို အသုံးချပြီး စစ်အာဏာရှင်များရဲ့ အနာဂတ် ကောင်းစားရေး၊ legitimacy ရရှိရေးတွေကို ရည်ရွယ်ပြီး ထွက်ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေပြု အာဏာရှင်ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ အနာဂတ်မြန်မာပြည်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို တွက်ဆကြည့်ကြရအောင်ပါ။

အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါ အာဏာာရှင်တွေကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေအကြားမှာ အက်ကြောင်းတွေ ဖြစ်မယ်၊ အဖွဲ့တွေ ပြိုကွဲမယ်၊ တဦးနဲ့တဦး မယုံကြည်မှုတွေ ဖြစ်မယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှန်တရားတရပ် တရပ်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ အနောက်အုပ်စုက political liberalization လမ်းကြောင်းကိုပဲ ဦးစားပေးလာတဲ့အခါ အတိုက်အခံအင်အားစုတွေအကြားမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လူထုတိုက်ပွဲဆိုတဲ့ စကားလုံးတွေကို စကားဟဟတောင် မပြောရဲတော့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အာဏာရှင်ရွေးကောက်ပွဲကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံရေး ဆိုတဲ့ စကားလုံးတွေကပဲ ပေါ်ထွက်လာမယ်လို့ ပညာရှင်တွေ ဆန်းစစ်ထားကြတာကလဲ ဖြစ်နိုင်ချေရှိတဲ့ အမှန်တရားတရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဆိုလိုက်တာနဲ့ပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုတဲ့ လမ်းစဉ်ကြီးက လူထုထဲကနေ ပျောက်ကွယ်သွားမှာလား ဆိုတာကတော့ လုံးဝ မဟုတ်ပါဘူး။

“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်သည်“ တဲ့။

ဒါဟာ ကမ္ဘာတ၀ှမ်းက လူထု တော်လှန်ရေးတွေမှာ လက်ကိုင်စွဲခဲ့တဲ့ ဥပဒေသ တရပ်ဖြစ်ပါတယ်။ ဖိနှိပ်မှုဆိုတာ ရှိနေသရွေ့ ပုန်ကန်ထကြွမှုတွေ ဆိုတာကလဲ ရှိနေစမြဲပါပဲ။ တော်လှန်ရေးအင်အားစုတရပ် ပြိုလဲကျတာနဲ့ အင်အားစုအသစ်တွေကလဲ ထွက်ပေါ်လာစမြဲပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေမှာေ၀၀ါးမှု ရှိလာတာနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်သစ်တွေက ပေါ်ပေါက်လာစမြဲပါပဲ။ လူထုကို ကိုယ်စားပြုဖို့ လူထုက ရွေးချယ်ထားသူတွေဟာ လူထုကို ကိုယ်စားမပြုတော့တာနဲ့ လူထုက လက်မခံတော့ပါဘူး။ အာဏာဆိုတာ ပြည်သူ့ဆီကပဲ သက်ဆင်းပါတယ်။ ပြည်သူလူထုဟာ သမိုင်းအဆက်ဆက်မှာ တာဝန်ကျေခဲ့တယ်။ မတရားမှုကို ခေါင်းငုံ့မခံဘူး။ ဒါတွေကို ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းတလျှောက်မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

၁၉၂၀ ကာလတွေမှာ ဂျီစီဘီအေ ပေါ်ပေါက်လာတယ်။ လူထုလှုပ်ရှားမှုကြီးရဲ့ တပ်ဦးအဖွဲ့ကြီးအဖြစ် လူထုက အားပေးခဲ့ကြတယ်။ မကြာပါဘူး။ ၁၉၂၂ ရောက်တော့ ဒိုင်အာခီအုပ်ချုပ်ရေး စကားလုံးလေးနဲ့ နယ်ချဲ့အာဏာရှင်က မျက်စပစ်လိုက်တာနဲ့ ဂျီစီဘီအေလဲ နှစ်ခြမ်းကွဲပါလေရော။ ၁၉၂၉ လဲ ရောက်ရော ဂျီစီဘီအေ အသင်းကြီး လေးစိပ်လောက် ကွဲနေခဲ့ပြီ။ နိုင်ငံရေးဒိတ်ဒိတ်ကြဲ ခေါင်းဆောင်ကြီးတွေ လူထုမျက်နှာကို မကြည့်ကြပဲ အာဏာနောက်၊ ဥစ္စာဓနနောက် တကောက်ကောက်လိုက်ပြီး အာဏာအဝေမတည့်ကြနဲ့ အမတ်နွံနစ်လိုက်ကြပုံများ လူကြားမကောင်း၊ သူကြားမကောင်း။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတောင် “တောင်ကျရေနွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်“ လို့ စာချိုးရေးရတဲ့အထိကို ရွေးကောက်ပွဲနွံ၊ အမတ်နွံနစ်ပြီး အာဏာနောက်၊ ဥစ္စာနောက် လိုက်ခဲ့ကြတာကလား။ ဒီအချိန်မှာ လူထုဘာလုပ်ခဲ့ကြသလဲ။ အမျိုးသားလွတ်မြောက်ရေး၊ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့ သခင်သသောင်းဦးဆောင်တဲ့ တို့ဗမာ အစည်းအရုံးကြီးကို အားရပါးရ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါရောလား။ ဒိုင်အာခီအမတ်တွေ ပါလီမန်ထဲဝင်ပြီး နယ်ချဲ့တွေ ပြောသမျှ ခေါင်းပေါင်းစတလူလူနဲ့ ခေါင်းတော်ညိမ့်နေကြချိန်မှာ “ကမ္ဘာမကြေ၊ ဗမာတတွေ၊ ဒါ-ဒို့ပြေ၊ ဒါ-ဒို့မြေ၊ ဒါ ငါတို့ပြေ“ ဆိုတဲ့ သီချင်းတွေက တောရောမြို့ပါ မကျန် ပျံ့နှံ့နေခဲ့ပြီ။ လုံးဝလွတ်လပ်ရေး တောင်းဆိုသံတွေက ပါလီမန်နဲ့ နယ်ချဲ့ အာဏာရှင်အသိုင်းအ၀ိုင်းကလွဲရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲထင်နေခဲ့ပြီ။

လူထုရဲ့ ခေါင်းဆောင်တွေ၊ လူထုကို ကိုယ်စားပြုသူတွေဆိုတာ လူထုရဲ့ မျက်နှာကို ဖတ်တတ်ရမယ်၊ လူထုရဲ့ နှလုံးသားထဲက စကားသံတွေကို နားထောင်တတ်ရမယ်၊ လူထုရဲ့ မျက်လုံးက ကျလာတဲ့ မျက်ရည်တွေကို ခံစားတတ်ရမယ်။ ဒါတွေကို သွေဖည်ပြီး လူထုကသာ ခေါင်းဆောင်တွေ ဆုံးဖြတ်လုပ်ကိုင်တာကို လက်ခံရမယ်ဆိုတဲ့ အတွေးအခေါ်တွေ လူထုကိုယ်စားပြုသူတွေရဲ့ စိတ်ထဲ ရောက်လာတာနဲ့ တပြိုင်နက် သူတို့နဲ့ လူထုကြီး ကွဲကွာသွားပြီဆိုတာ အသေအချာပဲ။

အာဏာရှင်တွေဟာ ရွေးကောက်ပွဲတွေ မကျင်းပခင်မှာ elite management ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား စီမံခန့်ခွဲမှုကို ကနဦးလုပ်ကြတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြတယ်။ အဓိကကတော့ နိုင်ငံရေးဦးဆောင်နေသူတွေ၊ ခေါင်းဆောင်တွေကို သူတို့ရဲ့ စီမံကိန်းထဲ ရောက်အောင် ရာထူးအာဏာ၊ ဥစ္စာဓန၊ ပျော့ပျောင်းသော အတွေးအခေါ်တွေနဲ့ ချဉ်းကပ်ပြီး ကျုံးသွင်းခြင်းပါ။ ဒီလိုလုပ်လာတဲ့အခါမှာ နိုင်ငံရေးဒိတ်ဒိတ်ကြဲခေါင်းဆောင်ကြီးတွေကတောင် လက်ခံလိုက်ပြီဆိုတဲ့ သတင်းစကားကို လူထုထဲ ဖြန့်လိုက်တာနဲ့ လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ လျော့ပါးသွားမယ်လို့ ယူဆကြပါတယ်။ အဓိကကတော့ အာဏာရှင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေပဲ အနာဂတ်နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မယ်။ ဒါကို လူထုက လက်ခံရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးတွေ ပေါ်လွင်စေဖို့အတွက် elite democratization process နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေက ဟန်ချက်ညီ ထွက်ပေါ်ရပါတယ်။ ဒါကို အချို့ကလဲ ဘောလုံးပွဲနဲ့ ဥပမာပေးတတ်ကြပါသေးတယ်။ လူထုက ပွဲကြည့်ပရိသတ်သာ ဖြစ်တယ်။ တကယ်အရှုံး၊ အနိုင်၊ သရေကျတာတွေက ကွင်းထဲက ဘောလုံးသမားတွေနဲ့ ဆိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပါ။

ဒါပေမယ့် ပြည်သူလူထုဟာ ဘောလုံးပွဲကို သက်တောင့်သက်တာ ထိုင်ကြည့်နေရတဲ့ ပရိသတ်မဟုတ်ဘူး။ စစ်အာဏာရှင်ဆန့်ကျင်ရေးကာလတလျှောက်လုံးမှာ ပြည်သူလူုထုတရပ်လုံးရဲ့ သွေးတွေ၊ ချွေးတွေ၊ နှလုံးသွေးစက်တွေ ရင်းထားရတာ။ နှစ်ရှည်ထောင်ဒဏ်ကျတဲ့ ဖခင်တယောက်ကို တနေ့တွေ့ရမှာပဲ လို့ မျှော်လင့်နေတဲ့ ကလေးငယ်လေးတယောက်ရဲ့ ခံစားချက်၊ သမီးငယ်လေး မုဒိမ်းကျင့်သတ်ဖြတ်ခံရလို့ နှလုံးကွဲအောင်ခံစားနေရတဲ့ မိအို၊ ဖအိုတွေရဲ့ ငိုကြွေးနေတဲ့ နှလုံးသား၊ ပျောက်ဆုံးသွားတဲ့ လင်ယောက်ျားတွေ၊ ဇနီးသည်တွေ၊ ချစ်သူတွေကို မျှော်လင့်ရင်း ကျဆင်းနေတဲ့ ဇနီးမယားတွေ၊ လင်ယောက်ျားတွေ၊ ချစ်ကြင်နာသူတွေရဲ့ မျက်ရည်စက်တွေ၊ ဆေးရုံပေါ်မှာ ဆေးဝါးဝယ်ဖို့ မတတ်နိုင်လို့ မသေသင့်ပဲ သေရတဲ့ အမေ့အလောင်းကို ဖက်ပြီး ငိုင်နေရတဲ့ သားသမီးတွေရဲ့ အသက်မဲ့မျက်နှာ၊ ဆာလောင်ပြီး ငိုကြွေးနေတဲ့ ကလေးငယ်လေးကို အဆာပြေကျွေးစရာ ဘာမှ မရှိလို့ အံကြိတ်ရင်း ခံစားနေရတဲ့ ဖခင်တယောက်ရဲ့ လက်သီးဆုပ်၊ ရွယ်တူကျောင်းတက်နေတဲ့ ကလေးတွေကို ငေးကြည့်ရင်း ၀မ်းနည်းနေတဲ့ လမ်းဘေးက သူတောင်းစားကလေးငယ်လေးရဲ့ ရင်ထဲက စကားသံတွေ၊ မျက်စိရှေ့မှာ ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်နေတာကို မြင်ထားရတဲ့ လူထုရဲ့ နာကျည်းမှုတွေ။

ဒါတွေဟာ “လူထုကြီးရေ။ ခင်ဗျားတို့ အားလုံးကို မေ့ထားလိုက်ကြတော့။ ကျုပ်တို့က အားလုံးကို သင်ပုန်းချေပြီး အမျိုးသားသင့်မြတ်ရေးပဲလုပ်မယ်“ လို့ စကားလေးတခွန်းပြောလိုက်တာနဲ့ ပြီးဆုံးသွားမယ့် အရာတွေ မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်ဖြစ်သွားဖို့ဆိုတာ ပါလီမန်ထဲ နိုင်ငံရေးခေါင်းဆောင်တွေ ရောက်သွားရုံ၊ အာဏာရှင်ရွေးကောက်ပွဲပြီးသွားရုံလောက်နဲ့ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်ပြီးသွားခဲ့တဲ့ အမှန်တရားတွေ၊ တာဝန်ရှိသူတွေကို လူထုအကြားမှာ ဖော်ထုတ်ပြရမယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ လူထုကို ၀န်ချတောင်းပန်ရမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို စနစ်ရဲ့သားကောင်တွေက နားလည်ခွင့်လွှတ်မှုရှိလာအောင် ကြိုးပမ်းအားထုတ်ရမယ်။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပြီးတော့မှ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ဆိုတာ ထွက်ပေါ်လာတာဖြစ်တယ်။ ပြီးတော့ ဒီကော်မရှင်က ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေ (interim constitution) ရဲ့ final clause ဖြစ်တဲ့ “ပြစ်ဒဏ်ပေးတာ မဟုတ်ပေမယ့် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို သိနားလည်မှု လိုအပ်တယ်။ လက်စားချေဖို့ မဟုတ်ပေမယ့် မှားယွင်းမှုအတွက် ၀န်ချတောင်းပန်တာ၊ လျော်ကြေးပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်“ ဆိုတဲ့ အချက်အပေါ်မှာ မူတည်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ကာလတွေမှာ လူထုရဲ့ စိတ်အနာတွေကို ကုစားဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီးရှိသေးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တောင်းဆိုနေရတဲ့ စကားလုံး မဟုတ်ဘူး။ လုပ်ဆောင်ရတဲ့ အလုပ်ပဲ ဖြစ်တယ်။ ပဋ္ဋိပက္ခတွေပြီးဆုံးပြီးမှ ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ နအဖကို တောင်းဆိုရအောင် နအဖရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီလိုပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ စာပိုဒ်တပိုဒ်တလေ၊ လိုက်လျောမှုတစုံတရာများ ရှိနေတာမှ မဟုတ်သေးတာကလား။ ဒီလိုမဟုတ်ပဲ အတိတ်ကိုမေ့လိုက်ဖို့၊ သင်ပုန်းချေဖို့၊ ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဆိုတာက ဘာနဲ့ သွားတူသလဲဆိုရင် နယ်ချဲ့ခေတ်တုန်းက ကျေးရွာသူလေးကို မြို့ပိုင်သားက စော်ကားလိုက်တဲ့အခါ သူကြီးက ကြားဝင်ပြီး “ငါက ရွာအကြီးအကဲအနေနဲ့ ဆုံးဖြတ်ပေးမယ်။ ပြီးတာတွေလဲ မေ့လိုက်ကြတော့။ မဟုတ်ရင် နင်ကလဲ မိန်းကလေးဆိုတော့ ရပ်ကျော်ရွာကျော်ဖြစ်ပြီး သိက္ခာကျမယ်။ ဟိုဘက်ကလဲ မြို့ပိုင်သား။ အာဏာရှိတဲ့မင်းတွေ။ ဖက်ပြိုင်ဖို့ မကြိုးစားပါနဲ့“ လို့ ပြောနေတာနဲ့ တူတယ်။ အဲဒီလို ဆိုလိုက်တာနဲ့ ရွာလူထုက မြို့ပိုင်သားရဲ့ ပြစ်မှုကို ကျေနပ်သွားရောတဲ့လား။ မကျေနပ်တဲ့အပြင် နယ်ချဲ့ရဲ့ ဖိနှိပ်စော်ကားမှုတွေကို ပိုပြီး မြင်လာကြတော့တာပါပဲ။ သူကြီးကိုကျတော့ ဘယ်လိုအမည်တပ်ပါသတဲ့လဲ။ “နယ်ချဲ့ အလိုတော်ရိ“ လို့ အမည်တပ်ပါတယ်။

မျက်မှောက်ခေတ်မှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက အမျိုးသားသင့်မြတ်ရေးကို အသာထားလို့ စစ်ကျွန်စနစ် ရှင်သန်ခိုင်မာရေး၊ အာဏာရှင်သားစဉ်မြေးဆက်ကောင်းစားရေးတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့စိတ်ကြိုက် ရေးဆွဲပြီးမှ မဲလိမ်၊ မဲခိုးပြီး အတည်ပြုထားတာ ဖြစ်တယ်။ စကားကမ်းလှမ်းမှု၊ လိုက်လျောမှုလေးတွေ ဆိုတာက သူတို့ဘက်က ပိုင်ပြီဆိုတော့မှ elite management process ဖြစ်တဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို အာဏာရှင်ရွေးကောက်ပွဲတွေ၊ အာဏာရှင်အလိုကျ အတွေးအခေါ် နွံထဲတွေ ကျုံးသွင်းယူတဲ့ စီမံခန့်ခွဲရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နေတာပဲဖြစ်တယ်။ ဒါကို မမြင်ပဲ “မောင်မောင်ခေါ်တိုင်း ဗျာလိုက်ထူး“ လို့ကတော့ “အာဏာရှင်အလိုတော်ရိ“ ဆိုတဲ့ ဆိုင်းဘုတ်ကို လူထုက လည်ပင်းမှာ စွပ်ပေးလာကြမှာပဲ ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ရွေးကောက်ပွဲ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ မဟုတ်တာကြောင့် လူထုနဲ့အတူလက်တွဲပြီး အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးသမားတွေကလဲ စဉ်ဆက်မပြတ်ဆက်ထွက်နေဦးမှာ အသေအချာပဲ။ အာဏာရှင်ရွေးကောက်ပွဲတွေဟာ ရေပေါ်ဆီ နိုင်ငံရေးအသိုင်းအ၀ိုင်းတွေကို လူထုနဲ့ ခွဲထုတ်ပြီး ရာထူးအာဏာ၊ ဥစ္စာနွံထဲ နှစ်လိုက်တာနဲ့ နွံထဲမှာ အနစ်မခံကြတဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုနဲ့ဟာ ပိုပြီး ပူးပေါင်းမိလာကြမှာပဲဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ရွေးကောက်ပွဲအလွန် ကာလတွေမှာ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကတော့ ရှိနေဦးမှာပဲဖြစ်သလို၊ တော်လှန်ရေး လှုပ်ရှားမှုတွေကလဲ ရှိနေဦးမှာပဲ ဖြစ်တယ်လို့ ဆိုနိုင်တယ်။

အာဏာရှင်တွေဟာ ပင်မဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်ဒေါက်တိုင်ပြိုလဲမှုကို အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ထိန်းသိမ်း ဖြေရှင်းလေ့ရှိတယ်လို့ ရှေ့ပိုင်းမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူနဲ့ ပူးပေါင်းသွားချိန်မှာ စစ်တပ်ဒေါက်တိုင် ပြိုလဲပါတယ်။ နအဖစစ်အာဏာရှင်တွေက ပါလီမန်ထဲကို စစ်ဗိုလ်အမတ်တွေ ထည့်လိုက်တာဟာ မြားတစင်းထဲနဲ့ ဌက်နှစ်ကောင် ပစ်ချလိုက်တာပါ။ အာဏာဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တာကြောင့် တပ်တွင်းမှာလဲ အာဏာရူး၊ အမတ်ရူးတွေရဲ့ အပြိုင်အဆိုင်တွေ ပေါ်လာကြဦးမှာပါ။ တခါ စစ်ဗိုလ်အမတ်တွေ တပ်ထဲ ပြန်ရောက်လာတဲ့အခါမှာလဲ အမတ်မဟုတ်ခဲ့ဖူးတဲ့ စစ်ဗိုလ်တွေနဲ့ တပ်ထဲမှာ သဘောထားအကွဲလေးတွေ ဖြစ်ကြဦးမှာပါ။ ဒီလိုအချိန်လေးတွေမှာ အမတ်ရူးတဲ့ ဗိုလ်ကလဲ အမတ်ဖြစ်ဖို့ တပ်မတော်အကြီးအကဲကြီးတွေကို ကပ်ရ၊ ဖားရ ဖြစ်ကြမယ်။ တပ်တွင်းမှာလဲ သဘောထားအကွဲလေးတွေနဲ့ တပ်မတော်တွင်းစည်းလုံးညီညွတ်ရေး ဖရိုဖရဲတွေဖြစ်မယ်။ ရာထူး၊ အာဏာတွေမှာ ပုံစံအမျိုးမျိုးနဲ့ သာယာကြမယ်။ အောက်ခြေက တပ်သားတွေနဲ့ အရာရှိတွေအကြားမှာ ကွာဟမှု သိပ်ကြီးမယ်။ ရာထူးအာဏာစည်းစိမ်တွေကြောင့် ပြည်သူဘက်က ရပ်တည်တဲ့ တပ်မတော်ဖြစ်လာဖို့ ရာခိုင်နှုန်းက တော်တော်နည်းသွားပါမယ်။ တပ်ချုပ်ကြီးအလိုကျတပ်မတော်သာ ဖြစ်နေပါမယ်။ တချိန်တည်းမှာပဲ တပ်မတော်က သူ့အလုပ်ကို သူမလုပ်ပဲ နိုင်ငံရေးအာဏာမှာ ကန့်လန့်ကန့်လန့် ၀င်လုပ်နေတော့ ပြည်သူတွေက မျက်မုန်းကျိုးကြပါမယ်။ ပြည်သူနဲ့ စစ်တပ်ကြား ဘယ်လိုမှ ပေါင်းစည်းလို့ မရနိုင်တော့တဲ့ စည်းတွေ ဖြစ်လာကုန်မယ်။ ဒီလိုဖြစ်လာလေလေ၊ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်နဲ့ အနာဂတ်ဘ၀ လှပလေ လို့ သူတို့ယူဆကြပါတယ်။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုတာမျိုးပါ။

ဒါပေမယ့် တပ်မတော်ထဲမှာ ရှိနေတဲ့ အက်ကြောင်းဟာ ရာထူးအာဏာတွေအပေါ်မှာပဲ အခြေခံပြီး ရှိနေတဲ့ အက်ကြောင်း မဟုတ်ပါဘူး။ အထင်ရှားဆုံး အက်ကြောင်းကြီးက အမိန့်နာခံမှုနဲ့ လူသားပီသစွာ စဉ်းစားဆင်ခြင်တွေးခေါ်မှု ဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ တပ်မတော်သား တွေဟာ ပြည်သူလူထုဆိုတဲ့ မိခင်ဆီက မွေးဖွားလာခဲ့ကြတဲ့ အမေ့သားတွေပါ။ ရာထူးအာဏာ၊ ဥစ္စာတွေကြောင့် ဘ၀မေ့ပြီး အမေအိုကြီးကို ခြေထောက်နဲ့ ကန်တတ်သူတွေ ရှိသလို၊ အမေအိုကို အလုပ်အကျွေးပြုချင်နေကြတဲ့ သားကောင်းရတနာတွေလဲ ရှိနေဆဲပါပဲ။ ဒီလိုသားကောင်းရတနာတွေဟာ အချိန်ကာလတခုမှာ အမိန့်နာခံမှုဆိုတဲ့ တံတိုင်းကြီးကို ကျော်လွှားပြီး အမေ့ရင်ခွင်ကို ပြန်ခိုလှုံလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်ပေးလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးနဲ့ တူတဲ့ ပြည်သူလူထုဟာ ဒီအချိန်ကို နှစ်ပေါင်းများစွာ စောင့်နေခဲ့ကြပါတယ်။ အမေ့ရင်ခွင်ကို ခိုလှုံလာမယ့် သားကောင်းရတနာတွေကို မျှော်လင့်နေကြပါတယ်။ သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ အမေ့မေတ္တာ၊ စေတနာတွေကို တချိန်မှာ သားတွေ နားလည်လာကြမှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ပြည်သူလူထု၊ အမေ့ရင်ခွင်ဆီပြန်လာတဲ့ တပ်မတော်နဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေက တဘက်၊ ဒေ၀ဒတ်ကို ဆရာတင်ပြီး ကာကွယ်ပေးနေတဲ့ တပ်မတော်သားအချို့နဲ့ လူထုစေတနာကို စော်ကားပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို သစ္စာဖောက်တဲ့ အာဏာရှင်အလိုတော်ရိတွေက တဘက် ထိပ်တိုက်ရင်ဆိုင်ရမှုတွေ ရှိလာကြဦးမှာ မလွဲသေချာပါပဲ။

အနာဂတ်မြန်မာပြည်မှာ နောက်ထပ်ဖြစ်လာနိုင်တာကတော့ legitimacy နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အာဏာရှင်တွေက “အာဏာရှင်ရွေးကောက်ပွဲလေးတွေ ကျင်းပလိုက်ရရင်ဖြင့် legitimacy တော့ရပြီ၊ ပြည်ပက အရေးယူမှုတွေတော့ ရပ်ပြီ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ကူညီထောက်ပံ့မှုလေးတွေ ၀င်လာလို့တော့ဖြင့် တို့ရဲ့ သားစဉ်မြေးဆက်တွေ ထောင်ထားတဲ့ လုပ်ငန်းတွေ အကျိုးအမြတ်ရပြီ၊ အရိုးအရင်းကိုက်ဖို့ မွေးထားတဲ့ အဖွဲ့လေးတွေကလဲ တို့ကို တော့ သစ္စာရှိရှိနဲ့ တွယ်နှောင်နေတော့မယ်။ အရိုးအရင်းကိုယ်တဲ့ အဖွဲ့လေးတွေလဲ အများကြီး ပေါ်လာဦးမယ်။ အဖွဲ့တွေအချင်းချင်းလဲ ချကြဦးမယ်။ ဒါနဲ့ပဲ သူတို့ဘာသာရှုပ်နေပြီး တို့ကို ဆန့်ကျင်ဖို့ ကိစ္စ တွေးဖြစ်ကြတော့မှာ မဟုတ်ဘူး“ လို့ ထင်ကြပါလိမ့်မယ်။ ၂၀၁၀ အလွန်ကာလ အိပ်မက်ကြီးတွေ မက်ပြီး၊ အိပ်မက်ထဲ အနိုင်ဂိုးသွင်းလိုက်ရတဲ့ ဘောလုံးသမားမျက်နှာနဲ့ ဆန့်ဆန့်ကြီးပြုံးပြီး အိပ်ယာထဲမှာ လှဲနေကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်ဖြစ်ရပ်တွေဆိုတာ အိပ်မက်နဲ့ မတူညီနိုင်ပါဘူး။

အာဏာရှင်တွေ မျှော်မှန်းထားသလို အကျိုးအမြတ်တွေ ရမှာကလဲ အသေအချာပဲ။ အရိုးအရင်းကိုက်တဲ့ အဖွဲ့တွေသာ မကပဲ၊ အန်ဖတ်ထဲ အသားစလေးများ ရှိဦးမလားဆိုပြီး ရှာကြတဲ့ အဖွဲ့တွေလဲ ထွက်လာဦးမှာပဲ။ အဖွဲ့တွေအချင်းချင်း အဝေမတည့်ပဲ အပြိုင်အဆိုင်တွေလဲ ဖြစ်ကြဦးမှာပဲ။ ဒါပေမယ့် legitimacy ဆိုတာ ယုံကြည်ကိုးစားမှု (trust) နဲ့ ထိရောက်မှု (Effectiveness) ပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။

legitimacy ဆိုတာ ပြည်ပက ထောက်ပံ့မှုတွေ ၀င်လာရုံ တခုတည်းနဲ့ ရလာနိုင်တာ မဟုတ်ပါဘူး။ legitimacy နဲ့ အတူ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု (trust) ကပါ တပြိုင်တည်းတွဲနေတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေကို လူထုက မဲမပေးပဲနေသည်ဖြစ်စေ၊ ခြိမ်းချောက်ခံရလို့ မဲပေးရသည်ဖြစ်စေ လူထုရင်ထဲက အသိအမှတ်မပြုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလဲ ပြည်သူ့အစိုးရလို့ လူထုက အသိအမှတ်မပြုပါဘူး။ ယုံကြည်ကိုးစားမှု မရှိပါဘူး။ ဒီနေရာမှာ တချို့က ဆိုပါမယ်။ အာဏာရှင်ဘက်တော်သားတွေကို လူထုက မယုံကြည်သင့်ဘူးဆိုရင် ဒီမိုကရေစီ သမားတွေကကော ဘယ်လောက်ယုံကြည်စရာ ကောင်းသလဲ လို့ မေးစရာ ရှိပါတယ်။ ရိုးအီစွာ ကြားနေကြရပြီဖြစ်တဲ့ မရသေးတဲ့ အာဏာကို အဝေမတည့် ဖြစ်ကြတာတွေ၊ ငွေကြေးအလွဲသုံးစားမှုတွေ၊ တော်လှန်ရေးအဓွန့်ရှည်ပါစေလို့ ဆုတောင်းနေကြသံတွေ နဲ့ ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်နေတာတွေ ကကော ယုံစရာကောင်းသလားလို့ ဆိုကြပါလိမ့်မယ်။

ဒီအတွက် ကျွန်မဆီမှာကလဲ ဖြေစရာ အဖြေတခုပဲ ရှိပါတယ်။ လူဆိုတာ လူပဲဖြစ်တယ်။ လူတိုင်း၊ လူတိုင်းဆီမှာ လူပီသတဲ့ ကောင်းတဲ့ စိတ်ထားတွေ ရှိသလို လူ့လောကကို အကျည်းတန်စေတဲ့ မကောင်းတဲ့ စိတ်ထားတွေလဲ ရှိတယ်။ အာဏာရှင်ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်တွေရှိတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်ထားတွေ ရှိတယ်။ တခါတရံမှာ ကောင်းတဲ့ စိတ်က အနိုင်ရတယ်၊ တခါတရံမှာ မကောင်းတဲ့ စိတ်ထားက အနိုင်ရတယ်။ ဒီလိုမကောင်းတဲ့ စိတ်ထားက အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက ဥစ္စာဓနစည်းစိမ် ငွေကြေးတွေနဲ့ ရာထူးအာဏာတွေပဲ ဖြစ်တယ်။ ကောင်းတဲ့ စိတ်ထားက မကောင်းတဲ့ စိတ်ထားကို အနိုင်ရလာအောင် ဖန်တီးပေးနိုင်တာတွေက စည်းကမ်း၊ ဘာသာတရား၊ တရားမျှတတဲ့ ဥပဒေနဲ့ စစ်မှန်တဲ့ စနစ်တွေပဲ ဖြစ်တယ်။ ကျွန်မတို့ဆီမှာ လူသတ်တာဟာ မကောင်းဘူးဆိုတဲ့ ဘာသာတရား အဆုံးအမ၊ လူသတ်မှုဖြစ်ရင် အဖမ်းခံရမယ်ဆိုတဲ့ ဥပဒေအတားအဆီး တွေသာ မရှိဘူးဆိုရင်၊ ဒေါသ၊ မောဟစတဲ့ မကောင်းတဲ့ စိတ်ထားတွေ၊ အလိုရမက် လောဘတွေက လူကို ကြီးစိုးလာတဲ့အခါ လူမသတ်မိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဒါကြောင့် လူတိုင်းမှာ မကောင်းတဲ့ စိတ်၊ ကောင်းတဲ့ စိတ်တွေ ဒွန်တွဲရှိနေတယ် ဆိုတာ ယေဘူယျ နားလည်ထားရမှာဖြစ်တယ်။

အခုမြန်မာပြည်က စစ်အာဏာရှင်တွေဟာ ဘာလို့ ရမ်းကားနေသလဲ။ အစိုးရတရပ်ကို ထိန်းညှိပေးနိုင်မယ့် စနစ်တခုရဲ့ ထိန်းကျောင်းမှု မရှိလို့ပဲဖြစ်တယ်။ ပြည်ပအတိုက်အခံတွေမှာကော ဘာကြောင့် ဒီလိုပြဿနာတွေ လူသိရှင်ကြား ဖြစ်လာရသလဲ။ “ တော်လှန်ရေးကာလမှာ အချင်းချင်း နားလည်ခွင့်လွှတ် ထားသင့်တယ်၊ မကောင်းတာလေးတွေ ရှိရင်လဲ ဖုံးဖိထားသင့်တယ်၊ ရန်သူသိရင် ၀မ်းသာသွားလိမ့်မယ်“ ဆိုတဲ့ အယူအဆတွေနဲ့ စည်းကမ်းတကျ ထိန်းညှိမှု မရှိလို့ ပရမ်းပတာဖြစ်ကုန်တာပဲ ဖြစ်တယ်။ ရာထူးအာဏာဆိုတာ ကြာကြာဆုပ်ကိုင်ထားရင် လူတွေရဲ့ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့ စိတ်တွေကို အနိုင်ရလာအောင် တွန်းပို့ပေးတတ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဒီမိုကရေစီ စနစ် ရှင်သန်ပေါ်ထွန်းရေးဆိုတာ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်နေတာပဲ ဖြစ်တယ်။ ဒီရည်မှန်းချက်က အန်အယ်ဒီပါတီ အာဏာရရေးကို ပြောနေတာ မဟုတ်ဘူး။ အတိုက်အခံတွေ အာဏာရရေးကို ဆိုလိုတာ မဟုတ်ဘူး။ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့စိတ်တွေကို အနိုင်ရစေတဲ့ စနစ်ကို ဖယ်ရှားပြီး၊ တရားနည်းလမ်းကျပြီး မကောင်းတဲ့ စိတ်တွေကို ထိန်းညှိပေးနိုင်မယ့် စနစ်သစ်ကို အစားထိုးတာကို ဆိုလိုတာ ဖြစ်တယ်။ ဒါကြောင့် “အာဏာရှင်လဲ ဒီအတိုင်းပဲ၊ အတိုက်အခံတွေလဲ ဒီအတိုင်းပဲ။ အတိုက်အခံဆိုတဲ့ လူတွေ အာဏာမရသေးခင်မှာတောင် ဒီလောက်ဖြစ်နေတာ၊ အာဏာရရင် ပိုဆိုးမှာပေါ့ “ ဆိုတဲ့ အဆိုတွေဟာ မှားယွင်းတယ်။ ဒီအတိုက်အခံတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲတွေမှာ လူထုက ရွေးချယ်ပါမယ်လို့ကော ဘယ်သူက တပ်အပ်ပြောနိုင်တာမို့လဲ။ အဖြေက ရှင်းရှင်းလေးသာ ဖြစ်တယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ဘက်တော်သားလဲ ၀င်ပြိုင်၊ အတိုက်အခံတွေလဲ ၀င်ပြိုင်၊ တခြားဘယ်သူမဆို ၀င်ပြိုင်လို့ရတယ်။ ဒါပေမယ့် စစ်မှန်သော ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်သူ့အစိုးရဖြစ်တာနဲ့ ပြည်သူလူထု အကျိုးကိုပဲ ဆောင်ကျဉ်းကြရမယ်။ မဆောင်ကျဉ်းပဲ ကိုယ်ကျိုးရှာသူတွေကို စနစ်က ဖယ်ထုတ်ပစ်မှာသာ ဖြစ်တယ်။ ဒီတော့ “အာဏာရှင်လဲ ဒီအတိုင်းပဲ။ အတိုက်အခံလဲ ဒီအတိုင်းပဲ။ ဒါပေမယ့် လူတွေရဲ့ မကောင်းစိတ်တွေကို စနစ်က ဖယ်ရှားပေးလိမ့်မယ်။ ဒီအတွက် မှန်ကန်တဲ့ စနစ်ဖြစ်လာအောင် အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်“ လို့ စဉ်းစားဖို့ လိုအပ်တယ်။


ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲကတော့ မှန်ကန်တဲ့ စနစ်ကို ဖန်တီးပေးနိုင်တာ မဟုတ်ပဲ အာဏာရှင် မျိုးစေ့တွေ ချပေးနေတာဖြစ်တဲ့အတွက် အဲဒီကနေ ထွက်ပေါ်လာတဲ့ အစိုးရဟာ လူထုရဲ့ ယုံကြည်ကိုးစားမှု မရမှာ အသေအချာပဲ ဖြစ်တယ်။ ဒါကြောင့် ယုံကြည်ကိုးစားမှုနဲ့ ယှဉ်ပြီး ထွက်ပေါ်လာတာ မဟုတ်တဲ့ legitimacy ဆိုတာကလဲ စက္ကူကျားတခုပဲ ဖြစ်လာမှာ သေချာတယ်။ Legitimacy နဲ့ ယှဉ်တွဲနေတဲ့ နောက်ထပ်အချက်တခုကတော့ ထိရောက်မှုရှိခြင်း (Effectiveness) ပါ။ နိုင်ငံတခုမှာ ရှိတဲ့ အစိုးရတရပ်ရဲ့ ရပ်တည်နိုင်မှုဟာ တရားဝင်မှုနဲ့ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှု တွေအကြားက ဆက်နွယ်မှုပေါ်မှာ မူတည်ကြောင်း နိုင်ငံရေးပညာရှင် Lipset က ဆိုထားပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမို့ တရားဝင်အစိုးရလို့ ခေါ်တွင်နိုင်ပေမယ့် တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်မှု မရှိရင် ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ လူထုက ဖြုတ်ချတာ၊ အာဏာသိမ်းတာတွေ ဖြစ်လာတတ်လေ့ရှိတယ်။

ဥပမာဆိုရရင် မြန်မာနိုင်ငံမှာ ပထစ အစိုးရဟာ တရားဝင်မှုရှိခဲ့ပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းတယ်။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို သေချာ မထူထောင်နိုင်ဘူး။ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေထက် အကွဲကွဲအပြဲပြဲနဲ့ အချိန်ကုန်နေကြတယ်။ လူထုက သူတို့အပေါ် ယုံကြည်ကိုးစားမှု နည်းလာတယ်။ တရားဝင်အစိုးရဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ်နေတဲ့ cycle of military dictatorship ကို ကာကွယ်ပေးနိုင်မယ့် ယန္တရားတွေ မကျင့်သုံးနိုင်ကြဘူး။ civilian rule ကို အားကောင်းလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် စစ်အာဏာသိမ်းတာ ခံခဲ့ရတာပဲဖြစ်တယ်။ တခါ မဆလ အစိုးရမှာကျတော့လဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် legitimacy ရှိတယ်လို့ ဆိုနိုင်ပေမယ့် မဆလအစိုးရကို လူထုက ယုံကြည်ကိုးစားမှုမရှိဘူး။ တိုင်းပြည်အုပ်ချုပ်ရေးမှာလဲ အကြောက်တရားနဲ့ ဖိနှိပ်နိုင်တာပဲ ရှိပြီး တိုင်းပြည်အုပ်ချုပ်ရေးကို မနိုင်နင်းဘူး။ မဆလအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ တစတစ ယိုယွင်းပျက်စီးလာတယ်။ ဒါကြောင့်လဲ ၁၉၈၈ ခုနှစ်မှာ လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတော့ တမဟုတ်ချင်း မဆလ အစိုးရပြုတ်ကျသွားတာပဲ ဖြစ်တယ်။

ဒီတော့ တရားဝင်မှုနဲ့အတူ ယုံကြည်ကိုးစားမှုနဲ့ အစိုးရတာဝန်တွေ ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှု ဆိုတာတွေကပါ အစိုးရတခု ရပ်တည်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဟာလဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် တရားဝင်မှုတော့ ရှမှာအမှန်ပဲ။ ဒါပေမယ့် လူထုရဲ့ ယုံကြည်ကိုးစားမှု မခံရတာရယ်၊ အစိုးရတာဝန်တွေ ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ မဟုတ်တာရယ်ကြောင့် တချိန်မှာ လူထုက ဆန့်ကျင်တာ (သို့မဟုတ်) စစ်အာဏာရှင်တွေက အာဏာသိမ်းတာတွေ ခံကြရဦးမှာပဲ ဖြစ်တယ်။ “ဘာကြောင့် ဒီလိုဆိုရလဲ၊ အတိုက်အခံ နိုင်ငံရေးသမားပီပီ ခင်ဗျားက မကောင်းတာတွေပဲ ပြောနေတာပဲ“ လို့ ကျွန်မကို မေးလာခဲ့ရင် အဖြေရှိတယ်။ ကျွန်မဘာကြောင့် ဆိုရလဲ ဆိုတော့ ၂၀၁၀ အာဏာရှင် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်းရဲ့ နောက်ဆက်တွဲ လမ်းပြမြေပုံ အဆင့်တခုပါလို့ နအဖစစ်အာဏာရှင်တွေက ကြေညာထားလို့ပဲဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်တွေ ပါလီမန်မှာ ပါဝင်နေတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ထားတယ်။ တပ်မတော်ရဲ့ အင်မတန် မွန်မြတ်သန့်စင်လှတဲ့ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍကို သီးခြားရပ်တည်မှု မပေးထားပဲ နိုင်ငံရေးထဲ ဆွဲထည့်ထားတယ်။ စစ်အာဏာသိမ်းမှုတွေကို အားပေးအားမြှောက်တဲ့ အချက်တွေ ပါဝင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့တခုရဲ့ ထိထိရောက်ရောက် အုပ်ချုပ်စီမံမှုတွေမှာ အခက်အခဲတွေဖြစ်မယ်။ စစ်အာဏာ သိမ်းမှုတွေဆီ ပြန်ပြီး ဦးတည်သွားနိုင်တယ်။ နောက်တချက်က နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်တယ်။ လက်ရှိမြန်မာနိုင်ငံကြီးရဲ့ စီးပွားရေးအခြေအနေ ယိုယွင်းပျက်စီး မှုတွေဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်ပါလို့ မျက်စိစုံမှိတ်ပြီး အော်ဟစ်နေကြသူတွေ ရှိတယ်။ ဒီလိုအော်ဟစ်နေသူတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကြောင့် တိုင်းပြည်စီးပွားရေး နှောင့်နှေးမှုဖြစ်တာတွေ၊ အုပ်ချုပ်သူတွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို စကားဟဟတောင် မပြောရဲကြဘူး။ အမေရိကန် ဆက်ရှင် ရုတ်သိမ်းလိုက်တာနဲ့ပဲ တိုင်းပြည်စီးပွားရေးကြီးက ကောင်းလာမယ်လို့ မျက်လုံးကြီးတွေပြူးပြီး နှုတ်ခမ်းတလန်၊ ပန်းတလန်နဲ့ ပြောတတ်ကြတယ်။ ဒါကို ဘောဂဗေဒ နားလည်သူတွေက ပါးစပ်ကြီးတွေ ဟပြီး နားထောင်ကြရတယ်။ မနေနိုင်လွန်းလို့ ဘောဂဗေဒနဲ့ ကျောင်းပြီးထားတဲ့ ဗိုလ်ချုပ်တယောက်က ဖွင့်ဟပြောလိုက်တုန်းကလဲ ဒီဗိုလ်ချုပ် ဖြုတ်ထုတ်ခံလိုက်ရဖူးတယ်။

ဒါတွေက ထားတော့။ ဆက်ရှင်ကြောင့် နိုင်ငံတော်စီးပွားရေး ယိုယွင်းပျက်စီးရတယ်လို့ အော်ဟစ်နေသူတွေဟာ အာဏာရှင်ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာ မတော်တဆများ ဆက်ရှင်ရုတ်သွားခဲ့ရင် တိုင်းပြည်စီးပွားရေးကြီးကို ဘယ်လိုကောင်းအောင် လုပ်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကော ရှိကြရှာပါ့မလားလို့ သံသယဖြစ်မိပါတယ်။ ဘယ်လိုဒီမိုကရေစီ တိုင်းပြည်မှာမဆို စစ်အသုံးစရိတ်ဆိုတာ နိုင်ငံတော် ဂျီဒီပီရဲ့ ၁ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အတွင်းမှာပဲ ထားကြပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးမှာ ဘတ်ဂျက်ခွဲဝေမှုတွေ စနစ်တကျ ရှိပါတယ်။ အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ စစ်အသုံးစရိတ်ကို လိုအပ်သလို သုံးစွဲမယ်လို့ ဆိုထားတဲ့အပေါ်မှာ နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ အရေးကြီးဆုံးကဏ္ဍတခုဖြစ်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို ဘယ်လိုထိရောက်အောင် လုပ်ကြမလဲ။ ကန့်ကွက်လိုက်လို့ စစ်အာဏာရှင်က ဖွဲ့စည်းပုံကြီးကိုင်ပြီး အကြောင်းရှာ အာဏာပြန်သိမ်းမှုကိုကော ဘယ်လိုကာကွယ်ကြမလဲ။ မတရားစီးပွားရှာနေတဲ့ အာဏာရှင်အသိုင်းအ၀ိုင်းကို ကျော်လွှားပြီး၊ စီးပွားရေးတရားမျှတမှုတွေကို ဘယ်လို ဖော်ဆောင်ကြမလဲ။

ငွေကြေးလည်ပတ်မှုစနစ်ကို စနစ်တကျ စီမံခန့်ခွဲဖို့အတွက် ငွေကြေးတွေ ရိုက်ထုတ်ချင်တိုင်းထုတ်နေတဲ့ အာဏာရှင်နဲ့ ၀ိသမစီးပွားရေးသမားတွေ လက်ထဲက ငွေမည်းတွေကို ကော ဘယ်လိုကိုင်တွယ်ကြမှာလဲ။ နောက်ဆုံးပူးသတ်မယ်၊ ပါလီမန်ထဲ ၀င်တိုက်မယ်၊ တိုင်းပြည်စီးပွားရေး ကောင်းအောင် ပါလီမန်ထဲမှာ ပြောမယ်လို့ မောင်းတင်ထားသူတွေ ပါလီမန်ထဲ ရောက်ခွင့်တောင် ရှိကြပါ့မလား။ ရှိခဲ့ရင်လဲ အာဏာရှင်ရဲ့ သစ္စာရှိစီးပွားရေးသမားတွေ၊ ဒေါက်တိုင်ကိုယ်စားလှယ်တွေ၊ အရိုးအရင်းအဖွဲ့ကိုယ်စားလှယ်တွေ အများအပြားပါတဲ့ ပါလီမန်ထဲမှာ majority rule ကို ဘယ်လိုကျော်လွှားကြမှာလဲ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ တိုင်းသူပြည်သားတွေအတွက် ပါလီမန်တိုက်ပွဲ ၀င်နွှဲနိုင်ဖို့ ရွေးကောက်ပွဲကို ထောက်ခံရတာပါလို့ ဆိုနေသူတွေဟာ မျှော်မှန်းထားတဲ့အတိုင်း အမတ်မင်းများဖြစ်ခဲ့ရင် တကယ်ကော ကိုယ်ပြောသလို လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားသုံးသပ်ပြီးမှ အသံကောင်းတွေ ဟစ်သင့်ကြပါတယ်။ ဒီတော့ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်ဟာ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံအုပ်ချုပ်မှု မလုပ်နိုင်တဲ့အခါ (၂၀၀၈ ဖွဲ့စည်းပုံနဲ့ကတော့ မလုပ်နိုင်တာ အသေအချာပဲဖြစ်ပါတယ်) အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ပဲ အာဏာရှင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ လူထုတိုက်ပွဲတွေက ပေါ်ထွက်လာဦးမှာ မလွဲမသွေပါပဲ။ သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေနဲ့ တက်လာတဲ့ အစိုးရတိုင်းမှာ ပုန်ကန်ခြားနားမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ ရင်ဆိုင်ရမှာ ဖြစ်သလို အစိုးရတဆက်ဆက်လက်ထက်မှာ စစ်အာဏာပြန်သိမ်းခံရတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူထုတိုက်ပွဲတွေနဲ့ ဖြုတ်ချခံရတာ ဖြစ်ရင်ဖြစ် ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ ဟာ အများပြောနေသလို လမ်းဆုံး မဟုတ်ဘူး။ ၂၀၀၈ အာဏာရှင်ဖွဲ့စည်းပုံ ဥပဒေအပေါ်အခြေခံထားသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလဲ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးဆုံး ကိစ္စရပ်တခုကတော့ အမျိုးသား တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ဆိုင်တဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ လူမျိုးကြီးဝါဒ ကျင့်သုံးမှု၊ နိုင်ငံတည်ထောင်မှုစနစ် မှားယွင်းမှု၊ သွေးခွဲခံရမှု စတာတွေကြောင့် လူမျိုးစုတွေအကြားမှာ ပဋ္ဋိပက္ခတွေ ရှိနေတဲ့ တိုင်းပြည်တခုဖြစ်ပါတယ်။ ဒီပဋ္ဋိပက္ခတွေဟာ ဗမာနဲ့ ကရင်အကြား၊ ကရင်နဲ့မွန်အကြား ပဋ္ဋိပက္ခတွေမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ ရဲ့ ဒေါက်တိုင်ဖြစ်နေရတဲ့ တပ်မတော်အတွင်းမှာ ကရင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ဗမာတွေ၊ ပအိုဝ့်တွေ အများအပြား ပါဝင်ပါတယ်။ ရှမ်းရွာကို ဗမာစစ်ဗိုလ်တယောက်က မီးရှို့လိုက်တာဟာ ရှမ်းနဲ့ ဗမာ ပဋ္ဋိပက္ခမဟုတ်ပါဘူး။ ကရင်အမျိုးသမီးကို ရခိုင်စစ်ဗိုလ်က မတရားစော်ကားမှုဟာ ကရင်နဲ့ ရခိုင် လူမျိုးအကြားက ပဋ္ဋိပက္ခ မဟုတ်ပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်လက်ကိုင်ဒုတ်အဖြစ် အသုံးချခံနေရတဲ့ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံပြည်သူတွေအကြားက ပဋ္ဋိပက္ခတွေပဲဖြစ်ပါတယ်။ ဒီလိုပဋ္ဋိပက္ခတွေကို အင်အားသုံးပြီး အနိုင်ယူဖြေရှင်းလို့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံ၊ လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးအခွင့်အရေးတွေ ပေးရုံ၊ စစ်အင်အားသုံး ထိပ်တိုက်ရင်ဆိုင် ၀ိုင်းရံပြီး၊ အာဏာရှင်ဖိနှိပ်သူတွေရဲ့ လမ်းစဉ်ကို ထောက်ခံခိုင်းရုံနဲ့ ဒီပဋ္ဋိပက္ခတွေဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လူမျိုးစုတွေရဲ့ တန်းတူရည်မျှမှုအခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ကူးပြောင်းလိုက်နိုင်ရင်လဲ ဒါဟာ အင်အားမမျှသေးလို့ ခြေတလှမ်းဆုတ်တာပဲ ဖြစ်ပါလိမ့်မယ်။ အချိန်အတိုင်းအတာတခုမှာတော့ မပျောက်တဲ့ စိတ်အနာတွေဟာ ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ရင် မြန်မာတပြည်လုံး မီးဟုန်းဟုန်းတောက် ဖြစ်သွားပါလိမ့်မယ်။ မိဘနဲ့ သားသမီး အရင်းအချာကြီးတွေ မှာတောင် အင်အားသုံးဖိနှိပ်ရင် အာဏာဖီဆန်မှုဆိုတာ ပေါ်ထွက်တတ်ပါသေးတယ်။ အမျိုးသားသွေးစည်းမှုကို အင်အားသုံးဖိနှိပ်ပြီး သွေးစည်းခိုင်းလို့ ဘယ်သောအခါမှာ အောင်မြင်မှာ မဟုတ်တာ အသေအချာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ တိုင်းနိုင်ငံတခုမှာ လိုအပ်တဲ့ နိုင်ငံရေးစနစ်၊ တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံချက် မပေးထားပါဘူး။ လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်လို့ရမယ့် ယန္တရားများစွာကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ပြုပြီး တက်လာတဲ့ အာဏာရှင်ရွေးကောက်ပွဲအနိုင်ရ အစိုးရတွေလက်ထက်မှာ အာဏာဖီဆန်ရေးတိုက်ပွဲတွေ၊ လွတ်မြောက်ရေး တိုက်ပွဲတွေ မလွဲမသွေ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အာဏာဆိုတာ ပြည်သူဆီကပဲ သက်ဆင်းတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆီက အာဏာကို မတရားလုယူပြီး တရားဝင်အစိုးရဖြစ်အောင် ပြုလုပ်ယူတာပဲဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ရွေးကောက်ပွဲတွေကို ပြည်သူလူထုက အသိအမှတ်ပြုမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ပြည်သူလူထုက ယုံကြည်အားကိုးမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်ပြုပြီး ရင်းနှီးမြှုပ်နှံမှု တွေ၊ ထောက်ပံ့မှုတွေ ပြုလုပ်လာတတ်ကြပေမယ့် ဒါတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်တွေကိုပဲ သက်ဆိုးရှည်စေတယ်ဆိုတာ နိုင်ငံရေးလေ့လာသူ ပညာရှင်များက အခိုင်အမာ ဖော်ထုတ်ပြောဆိုထားကြပါတယ်။ တရားဝင် အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င် အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးတာ မဟုတ်ဘူးဆိုရင် အာဏာကို အမှန်တကယ်ပိုင်ဆိုင်တဲ့ ပြည်သူလူထုက လူထုအားနဲ့ ဖြုတ်ချခွင့်ရှိပါတယ်။ မတရားမှုတွေ ဥပဒေဖြစ်လာတဲ့အခါ ပုန်ကန်ဖို့အတွက် အဖိနှိပ်ခံပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုရဲ့ ကံကြမ္မာကို ရေပေါ်ဆီ နိုင်ငံရေးသမားတွေကပဲ ဆုံးဖြတ်လို့ မရပါ။ လူထုရဲ့ ကံကြမ္မာကို လူထုကိုယ်တိုင်ကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာ တပ်မတော်ကြီးကို မွေးဖွားခဲ့တဲ့ တပ်မတော်သားတွေရဲ့ မိခင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အမိန့်နာခံတတ်မှုထက် လူသားပီသစွာ ဆင်ခြင်တွေးခေါ်နိုင်မှုရှိတဲ့ ပြည်သူ့တပ်မတော်သားတွေ အမေ့ရင်ခွင်ဆီ ပြန်ခိုလှုံလာဖို့ လူထုကြီးတရပ်လုံးက စောင့်မျှော်နေလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၉)


ရည်ညွှန်းကိုးကား

Blaydes, L. (2008) 'Authoritarian Elections and Elite Management: Theory and Evidence from Egypt', Paper presented at the Princeton University Conference on Dictatorships, April, 2008

Dogan, M. (1992) 'Conceptions of Legitimacy', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of Government and Politics: Volume 1, Routledge, London and New York

Denver, D. (1992) 'Campaigns and Elections', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of Government and Politics: Volume 1, Routledge, London and New York

Gandhi, J. & Lust-Okar, E. (2009) 'Elections Under Authoritarianism', Annual Review of Political Science, Vol. 12, p. 403- 422

Gandhi, J. & Peuter, O. (2008) 'Opposition Coordination in Legislative elections under authoritarianism', Paper presented at the annual meeting of the APSA 2008 Annual meeting, Hynes Convention Center, Boston, Massachusetts, Aug 28, 2008

Geddes, B. (2005) "The Role of Elections in Authoritarian Regimes" Paper presented at the annual meeting of the American Political Science Association, Marriott Wardman Park, Omni Shoreham, Washington Hilton, Washington, DC, Sep 01, 2005

Heywood, A. (2002) Politics, 2nd edition, Palgrave Macmillan, New York
Kadirgamar-Pajasingham, S. (2005) 'Essentials of Free and Fair elections', Paper presented at the Regional Dialogue on Free, Fair and Credible Elections, Islamabad, Pakistan (29-30 June, 2005)


Lindberg, (2006) Why Do Opposition Parties Boycott Elections? in Schedler, A. (ed.) Electoral Authoritarianism: The dynamics of Unfree Competition, Social Science and Research Network


Piombo, J. (2004) 'Manipulating Legitimacy” International Election Monitoring, Electoral Fraud and Domestic political legitimacy', Paper presented at the annual meeting of the International Studies Association, Le Centre Sheraton Hotel, Montereal, Quebec, Canada, Mar 17, 2004

Reilly, B. (2001) Democracy in Divided Societies: Electoral Engineering for Conflict Management, Cambridge University Press, Cambridge

Steiner, H. & Alston, P. (2000) International Human Rights in Context: Law, Politics, Moral, 2nd edition, Oxford University Press, Oxford

Sartori, G. (1994) Comparative Constitutional Engineering: An Inquiry into Structures, Incentives and Outcomes, Macmillan, London

အပြည့်အစုံဖတ်ချင်ရင်..>>>

တရားမျှတမှုနှင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများ

Wednesday, November 25, 2009

မြန်မာစကားပုံမှာ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတဲ့ စကားပုံ တခုရှိပါတယ်။ ဒီစကားပုံ အစပြုခဲ့သူတွေဟာ ရှေ့နေတွေလား၊ ဆေးသမားတွေလား ဆိုတာကိုတော့ အတိအကျ မည်သူမျှ ပြောနိုင်မှာ မဟုတ်ပါ။ လူတွေက ကျန်းမာရေး အခက်အခဲတွေ ဖြစ်တဲ့အခါ ဆေးပညာရှင်တွေကို အားကိုးကြပါတယ်။ တရားရေးပြဿနာတွေ ဖြစ်တဲ့အခါ ရှေ့နေတွေကို အားကိုးကြပါတယ်။ သေရေး၊ ရှင်ရေး၊ ဘ၀ရေး ကိစ္စတွေမို့ ဆေးသမားတွေနဲ့ ရှေ့နေတွေဆိုရင် အလွန်လေးစား အားထားကြပါတယ်။ နောက်ဆုံး တချို့ ရပ်ကွက်လေးတွေမှာဆို ဆေးရုံ၊ ဆေးခန်း မသွားနိုင်လို့ လမ်းဘေး ကွမ်းယာဆိုင်လေးကနေ ဆေးဝယ်သောက်ကြရပါတယ်။ အဲဒီအခါကျရင် ဒီကွမ်းယာရောင်းသမားလေးက သိပ်မျက်နှာရတာပဲ။ ဝေးလံခေါင်ဖျားဒေသတွေမှာ ဒေါက်တာရမ်းကုတွေ ပေါ်ထွက်နေရခြင်း၊ လုပ်စားလို့ ရနေခြင်းကလဲ ဒီသဘောပဲ ဖြစ်ပါတယ်။ လူတွေက ဆေးသမားနဲ့ ရှေ့နေတွေကို ကယ်တင်ရှင်တွေလို့ သတ်မှတ်ယူဆထားကြပါတယ်။ ဒီတော့ တခုခု အမှားအယွင်းနဲ့ သေသွားတာ၊ တစုံတရာ ဆိုးကျိုးတွေ ဖြစ်သွားတာဆိုရင်လဲ “မမှားသောရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတာ မရှိပါဘူးလေ ဆိုပြီး ခွင့်လွှတ်လိုက်ကြတာပါပဲ။



ဒီအတွေးအခေါ်တွေက မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတာလေးတွေပါ။ ဒီလိုနိုင်ငံတွေမှာ အစိုးရရဲ့ ကျန်းမာရေး ၀န်ဆောင်မှု အားနည်းလေ့ရှိတယ်။ ကျန်းမာရေး မကောင်းလို့ ဆေးရုံကား လှမ်းခေါ်ဖို့ မရှိဘူး။ လှမ်းခေါ်ဖို့ တယ်လီဖုန်းစတဲ့ ဆက်သွယ်ရေး ကိရိယာတွေကိုတောင် လူတိုင်း မသုံးစွဲနိုင်ဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာမခံလုပ်ငန်းတွေ မရှိဘူး။ အရေးပေါ်လာရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေရှိတဲ့ နေရာတွေကို သွားကြရတယ်။ ဒီလိုသွားတာမှာလဲ ငွေကြေးကုန်ကျစရိတ် ပြဿနာနဲ့ ရင်ဆိုင်ကြရပြန်တယ်။ ဘယ်လိုအချိန်မှာ ဘယ်နေရာ၊ ဘယ်ဒေသတွေအတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတဲ့ အလုပ်တာဝန် ခွဲဝေသတ်မှတ်မှုတွေ မရှိတာကြောင့် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေဆီ ပြေးခေါ်ကြရတယ်။ တာဝန်သတ်မှတ်မှုမရှိတဲ့ အခါမှာကျတော့ လူနာဆီ လိုက်သွားမယ်၊ မလိုက်သွားဘူးဆိုတာက ဆေးပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်သလို ဖြစ်နေတယ်။ ဒီတော့ ဆေးပညာရှင်တွေရဲ့ တန်ဖိုးနဲ့ အခန်းကဏ္ဍက အရမ်းကြီးမားသယောင် ဖြစ်နေတယ်။

မြို့တွေပေါ်မှာ ဆေးရုံတွေသွားတဲ့ အခါကျတော့လဲ ပြည်သူ့ဆေးရုံတွေဆီ သွားမှာလား၊ အထူးကု ဆေးခန်းကြီးတွေဆီ သွားမှာလား ဆိုတာက ငွေကြေးနဲ့ တိုင်းတာပြီး ဆုံးဖြတ်ကြရပြန်တယ်။ ပြည်သူ့ဆေးရုံတွေမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံကုသခံရဖို့ကလဲ အခက်အခဲတွေ ရှိကြပြန်သေးတယ်။ အထူးကုဆရာဝန်ကြီးတွေ ရောက်လာပြီး လူနာတွေကို လှည့်လည်ကြည့်ရှုတယ် ဆိုပြန်တော့လဲ သူတို့တတွေ ပြန်သွားရင် သူနာပြုတွေက အထူးကု ဆရာဝန်ကြီးတွေ လှည့်လည်စစ်ဆေးခ ဆိုတာကို လိုက်တောင်းကြပြန်သေးတယ်။ တခါ အထူးကုဆရာဝန်တွေအကြားက အပြိုင်အဆိုင် ပြဿနာတွေကလဲ ရှိသေးတယ်။ သားဖွားမီးယပ်အထူးကု နှစ်ယောက်ရှိတဲ့ ပြည်သူ့ဆေးရုံတခုမှာ အိုဂျီတွေ လူနာလုပြီး ကြားထဲက လူနာတွေ ဒုက္ခရောက်တာတွေလဲ ကြုံဖူးတွေ့ဖူးတယ်။ မိခင်လောင်းတွေက မွေးဖွားချိန် ဂရုစိုက်ဖို့ အိုဂျီတွေကို သူတို့ဆေးခန်းမှာ သွားအပ်ကြရတယ်။ ခွဲမွေးမယ်ဆိုရင်လဲ မွေးဖို့ အပ်ကြတယ်။ ဆေးပညာကျင့်ဝတ်အရ မခွဲသင့်တဲ့ လူနာတွေကို ခွဲတာ ကျင့်ဝတ်နဲ့ညီလား၊ မညီလားတော့ မသိဘူး။

ဒါပေမယ့် ဗေဒင်ဆရာက ဒီအချိန်မွေးရင် ကောင်းမယ် တွက်ချက်ပေးလို့ဆိုပြီး အဲဒီအချိန်မွေးလို့ ရမလားဆိုပြီး အိုဂျီတွေကို အခါသွားပေးတဲ့ လူနာတွေလဲ ရှိသေးရဲ့။ ငွေကြေး အပေးအယူ ကိစ္စ တည့်သွားလို့ ခွဲပေးတဲ့ အိုဂျီတွေလဲ ရှိရဲ့။ ဒီလိုနဲ့ မွေးလူနာတွေ ဆေးရုံပေါ်ရောက်လာတဲ့အခါ ဒါက ပထမအိုဂျီ လူ၊ ဒါက ဒုတိယအိုဂျီလူနဲ့ ဖြစ်နေတော့တယ်။ ဆေးရုံရောက်လာရင်လဲ သူနာပြုတွေက ရိုးရိုးရောက်လာတဲ့ မွေးလူနာလား၊ ဘယ်မမ အိုဂျီရဲ့ မွေးလူနာလား ဆိုတာတွေ မေးကြရတယ်။ ဂျူနီယာဒေါက်တာလေးတွေ၊ ဆေးကျောင်းသားလေးတွေ၊ သားဖွားသင်တန်းသူတွေများ မမအိုဂျီရဲ့ လူနာတွေကို သွားမကိုင်လိုက်လေနဲ့။ မီးပွင့်တွေ တောက်သွားနိုင်တယ်။ တကယ်ဖြစ်သင့်တာက သားဖွားရ လွယ်ကူသူတွေဆို သားဖွားဆရာမတွေက မွေးလိုက်ပြီး၊ တကယ်ခက်ခဲပြီး လိုအပ်တဲ့ ကေ့စ်တွေကိုမှ အထူးကုတွေက ကိုင်သင့်တယ် မဟုတ်လား။ ဒါပေမယ့် မြန်မာပြည်က မြို့ကြီး ဆေးရုံတွေမှာကတော့ အဲလိုပဲ ဖြစ်နေကြတယ်။ တခါတလေ အပ်ထားတဲ့ အိုဂျီက ပိုက်ဆံပိုရတဲ့ အထူးကုဆေးခန်းက လူနာကို ဦးစားပေးလိုက်လို့၊ ဒီဘက်ဆေးရုံမှာကလဲ ဆရာဝန်ငယ်လေးတွေက မမအိုဂျီလူနာကို မကိုင်ရဲလို့နဲ့ ပြဿနာတက်နေကြတာတွေလဲ ရှိသေးတယ်။

ဒီကြားထဲ “ကြက်တူရွေးတော်တော်၊ မယ်ဘော်က ခပ်ကဲကဲ“ ဖြစ်နေတာတွေကလဲ ရှိတတ်တယ်။ “ကျွန်မသားလေးက၊ သမီးလေးက ဘယ်အိုဂျီနဲ့ မွေးတာလေ“ ဆိုပြီး အပြိုင်အဆိုင်လုပ်ကြတာ။ ဒီအထဲမှာ ကျွန်မ မိဘတွေလဲ ပါပါတယ်။ ကျွန်မအမေကဆို “သမီးလေးကို မွေးတုန်းကလေ မမအိုဂျီ------က မွေးပေးတာ။ သူက အင်္ဂလန်ပြန်လေ။ အမ်အာစီအိုဂျီ---------“ ဆိုတာမျိုးတွေ လာပြောတတ်တာကလား။ ငယ်တုန်းကတော့ ဒီလိုပဲ နားထောင်တာပေါ့။ ကြီးလာတော့ ပြန်မေးမိလာတယ်။ “သမီးကိုမွေးတုန်းက normal delivery ပဲ မဟုတ်လား အမေ။ အိုဂျီနဲ့ မွေးမွေး၊ အရပ်တည်းက သားဖွားဆရာမနဲ့ပဲ မွေးမွေး၊ ဘယ်သူကပဲ မွေးပေးပေး သမီးလူ့လောကထဲ ရောက်လာအောင် ကူညီပေးခဲ့သူတယောက်ရဲ့ တန်ဖိုးက တူတူပဲ။ လူသားတယောက် ဖြစ်တည်လာမှုနဲ့ အဲဒီလူသားတယောက်ရဲ့ အနာဂတ်ကို ဘယ်သူမွေးပေးတယ်ဆိုတာက အဆုံးအဖြတ် ပေးနိုင်သလား“ ဆိုတဲ့ မေးခွန်းကို ဒုတိယနှစ်ဆေးကျောင်းသူ ဘ၀မှာ ကျွန်မမေမေ့ကို ပြန်မေးဖြစ်ခဲ့တယ်။

ဒီအချိန်ကာလတွေမှာတုန်းက “ဘယ်သူလုပ်တယ် လုပ်တာထက် အလုပ်ပြီးမြောက်မှုက အဓိက ကျတယ်ဆိုတာ၊ ဘယ်သူပြောတယ် ဆိုတာထက် ပြောတဲ့ စကားက အဓိက ကျတယ်“ ဆိုတဲ့ ဒဿနကို ကျွန်မသိတတ် နားလည်နေခဲ့ပြီ။ စကားတခွန်းရဲ့ မှန်ကန်မှုကို လေ့လာသုံးသပ်ရာမှာ ဘယ်သူပြောတယ် ဆိုတာထက် ဒီစကားထဲက မှန်ကန်တဲ့ အချက်အလက် ဘယ်လောက်ပါမယ်၊ ခံစားချက်နဲ့ ပြောတာက ဘယ်လောက်ပါမယ်၊ သုံးသပ်ချက်က ဘယ်လောက်ပါမယ်၊ ရပ်တည်တဲ့ standpoint ၊ ဘက်လိုက်မှုရှိမရှိ ဆိုတာလေးတွေကို စဉ်းစားဖို့ အရင်သင့်တယ်။ ဆရာဝန်တွေ၊ ပါမောက္ခတွေ၊ ပညာတတ်တွေ ပြောတိုင်းလဲ အမြဲ မမှန်နိုင်သလို တောင်းရမ်းစားသောက်နေရသူတွေ၊ ပညာမဲ့တွေက ပြောတာကို မမှန်နိုင်ဘူးလို့လဲ သုံးသပ်လို့ မရဘူး။ အရေးကြီးတာက မျှမျှတတ သုံးသပ်နိုင်ဖို့ပဲ။ ဒါကြောင့် တရားမျှတမှုဆိုတဲ့ စကားလုံးက လူ့လောကထဲမှာ ပေါ်ထွက်လာတာပဲ ဖြစ်တယ်။ အာဏာ၊ ပညာ၊ ဥစ္စာပစ္စည်းရှိသူတွေနဲ့ အာဏာမဲ့၊ ပညာမဲ့၊ ပစ္စည်းမဲ့တွေအကြားမှာ ပြဿနာတွေ ဖြစ်လာတဲ့အခါ မှန်ကန်တဲ့ တရားစီရင်ရေး စနစ် ဟာ အလွန်ပဲအရေးကြီးလှတယ်။ ကွာဟမှုတွေမှာ အသာစီးရသူတွေက အနိုင်မပိုင်းနိုင်ဖို့ တရားမျှတမှုနဲ့ စနစ်ကသာ ထိန်းချုပ်ပေးနိုင်မှာ ဖြစ်တယ်။

ဒီလိုတရားမျှတမှုနဲ့ ထိန်းချုပ်ပေးနိုင်တဲ့ စနစ်တွေ ရှိလာဖို့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ၀န်ဆောင်မှု ဆိုတဲ့ စကားလုံးရဲ့ အခန်းကဏ္ဍကို တိုးမြှင့်လာကြတယ်။ ဥပမာ- ဆေးပညာရှင်တွေဆီမှာ ဆိုရင်လဲ မသေသော ဆေးသမားလို့ မျက်စိမှိတ်ကြွေးကြော်နေလို့ မရဘူး။ သူ့ရဲ့ အမှားကြောင့် မသေသင့်ပဲ သေတာဆိုရင် သူ့မှာ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာရှင်တွေနဲ့ လူနာအကြားမှာ ကျန်းမာရေးဝန်ဆောင်မှုဆိုတာ ရှိတဲ့အတွက်ပဲ ဖြစ်တယ်။ ဆေးပညာရှင်တွေဟာ ပြည်သူ့ဆေးရုံတွေမှာဆိုရင် အစိုးရဆီက လခ ယူထားတယ်။ အထူးကုဆေးရုံတွေမှာဆိုရင် အထူးကုဆေးရုံတွေက သတ်မှတ်တဲ့ ဈေးနှုန်းထဲကနေ ဝေစုကော်မရှင်ပြန်ယူထားတယ်။ ၀န်ဆောင်မှု ပေးရမယ့် လူနာတွေက ပြည်သူ့ကျန်းမာရေးဘတ်ဂျက်အတွက် အစိုးရကို အခွန်ဆောင်ထားတယ်။ အထူးကုဆေးရုံမှာဆိုရင်လဲ ကျသင့်တဲ့ ငွေကို ရှင်းရတယ်။ ဒါကြောင့် ထိုက်တန်တဲ့ ကျန်းမာရေး ၀န်ဆောင်မှုကို သူတို့မှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ အမှားအယွင်းဖြစ်လာရင် လုပ်ထုံးလုပ်နည်း နည်းလမ်းတွေအတိုင်း တိုင်တန်းအရေးယူစေမှု ပြုလုပ်ပိုင်ခွင့် ရှိတယ်။

ဒီလိုပဲ။ ပါမောက္ခနဲ့ ကျောင်းသားတွေမှာလဲ ပါမောက္ခက ကျောင်းသားတွေကို ပညာရေးဝန်ဆောင်မှုပေးဖို့ တက္ကသိုလ်ကနေ လစာယူထားတယ်။ ကျောင်းသားတွေက ပညာရေးဝန်ဆောင်မှုအတွက် တက္ကသိုလ်ကို ၀န်ဆောင်ခ ပေးထားတယ်။ ဆရာတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ ကျောင်းသားတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေကို တက္ကသိုလ်က ချမှတ်ထားတယ်။ ကျောင်းသားက စည်းမျဉ်းတွေကို ဖောက်ရင် လုပ်ထုံးလုပ်နည်းအရ အရေးယူရမယ်။ ဆရာဘက်က ဖောက်ဖျက်ရင်လဲ ကျောင်းသားက complaint တက်ရမယ်။ ဆရာမို့ ရိုသေလေးစားပါတယ်တွေ ဘာတွေနဲ့ တွေးခေါ်စရာ မလိုအပ်ဘူး။ တဦးနဲ့ တဦးပတ်သက်မှုဟာ အပေးအယူအနေနဲ့ ပတ်သက်မှုပဲ ဖြစ်တယ်။ ဒီလိုပဲ။ တခြားသက်ဆိုင်ရာ ရုံးဌာနတွေမှာလဲ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို ၀န်ဆောင်မှု ပေးရတာဖြစ်တယ်။ ပြည်သူလူထုဘက်ကနေလဲ ဒီလိုပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ခ လစာတွေအတွက် အခွန်ပေးဆောင်မှုတွေ ရှိတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမှာ တဘက်တလမ်း ပါဝင်ဆောင်ရွက်ထားမှုတွေ ရှိတယ်။ ၀န်ထမ်းတွေဘက်ကလဲ ပြည်သူလူထုကို ၀န်ဆောင်ပေးဖို့ လုပ်ခလစာတွေ ယူထားတယ်။ ဒီအတွက် ၀န်ဆောင်မှု မလွဲမသွေ ပေးရမယ်။ ဒီလိုပဲ။ ရဲတပ်ဖွဲ့ဆိုရင်လဲ ဒီအတိုင်းပဲ။ တရားဥပဒေစိုးမိုးရေး တာဝန်ယူထားတယ်။ ဒီအတွက် ဒီဝန်ဆောင်မှုကို တာဝန်ကျေပြွန်ရမယ်။ ဆရာဝန်မို့ ဆေးပညာ တတ်တယ်ဆိုပြီး ပြည်သူကို မတရားလုပ်ခွင့် မရှိစေရဘူး။ အစိုးရခေါင်းဆောင်မို့ ဥပဒေမဲ့ လုပ်ခွင့်မရှိစေရဘူး။ ၀န်ထမ်းမို့၊ အရာရှိမို့ဆိုပြီး အာဏာပြမှု မရှိစေရဘူး။ ရှေ့နေမို့ဆိုပြီး အမှုသည်ကို လိမ်ညာအကျိုးယုတ်စေမှု မရှိစေရဘူး။ တရားသူကြီးမို့ဆိုပြီး မမှန်မကန် အမိန့်ချလို့မရဘူး။ ဒီလိုတွေ လုပ်လာရင်လဲ ပြည်သူလူထုမှာ မတရားမှုကို ခေါင်းငုံ့မခံပဲ ကိုင်စွဲထားနိုင်တဲ့ တရားမျှတမှုဆိုင်ရာ လုပ်နည်း လုပ်ဟန်တွေ ရှိရမယ်။ ဒါဟာ တိုးတက်တဲ့ နိုင်ငံတွေမှာ ထွက်ပေါ်နေတဲ့ တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေ ပြောင်းပြန်ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေသရွေ့ ပြဿနာတွေဟာ တက်နေဦးမှာပဲ ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး ၀န်ဆောင်မှုကို ပြည်သူလူထုထံ ပေးရမယ့် တပ်မတော်က နိုင်ငံတော်အာဏာကို ယူထားတယ်။ ၀န်ဆောင်မှု ပေးရမယ့်သူတွေက အုပ်ချုပ်သူတွေ ဆိုပြီး ဥပဒေအထက်မှာ နေကြတယ်။ မတရားမှုတွေ ပြုလုပ်ကြတယ်။ စစ်အရာရှိဦးထုပ်ကို ကားပေါ် တင်ထားရင် မီးပွိုင့်နီဖြတ်မောင်းလဲ မော်တော်ပီကယ်က မတားရဲဘူး။ ဘယ်လောက်အခြေအနေဆိုးနေပြီလဲ ဆိုရင် စစ်ဗိုလ်ကို လူမိုက်ငှားတဲ့ အဆင့်အထိ ရောက်နေပြီဖြစ်တယ်။ စီးပွားရေးအရ စာချုပ်ချုပ်ရင် သက်သေဆိုပြီး စစ်ဗိုလ်တွေ ခေါ်လာကြတာတွေ ရှိသေးတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကို အာဏာရှင်နဲ့ နီးစပ်သူတွေကသာ လက်ဝါးကြီး အုပ်ထားကြတယ်။ ရာဇ၀တ်မှုတွေမှာတောင် ပါဝင်ပတ်သက်သူတွေဟာ အာဏာရှင်နဲ့ နီးစပ်ပတ်သက်ရင် ဥပဒေဘက်တော် သား တွေက စကားတောင်မဟရဲကြဘူး။

တရားဥပဒေစိုးမိုးရေး ၀န်ဆောင်ပေးရတဲ့ ပြည်သူ့ရဲတွေ၊ တရားရုံးတွေကလဲ ဒီအတိုင်းပဲ။ ကိုလိုနီခေတ်တုန်းကလဲ ပုလိပ်အဖွဲ့ကို ဆိုရင် ပလိပ်ရောဂါဆိုးနဲ့တောင် နှိုင်းယှဉ်ကြတယ်။ “ရုံးရောက်၊ ဂတ်ရောက် မဖြစ်ချင်ဘူး“ ဆိုတဲ့ စကားတွေက အဲဒီခေတ်ကတည်းက ပေါ်ထွက်လာတာတွေ ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်မင်းကိုယ်ချင်းခေတ် ရောက်တော့လဲ ဒါတွေက မပျောက်သွားဘူး။ တကယ်ကတော့ ရုံးတွေ၊ ဂတ်တွေဟာ ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှု ပေးနေရင်၊ တရားမျှတမှု ဆောင်ကျဉ်းပေးနေရင် အမှန်တရားကို လက်ကိုင်ပြုထားသူတွေအတွက် ကြောက်စရာ လန့်စရာ မဟုတ်ဘူး။ အမှန်တရားအတွက် ရင်ဆိုင်ရဲရမှာပဲ ဖြစ်တယ်။ ရဲတွေ၊ စစ်တပ်တွေတင်မကပဲ ပြည်သူ့ဝန်ထမ်းလောကမှာကလဲ ပြဿနာက အဖုံဖုံ ဖြစ်နေပြန်တယ်။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို သက်ဆိုင်တဲ့ ၀န်ဆောင်မှုကို ပေးဖို့ တာဝန်ရှိသူတွေဖြစ်တယ်။ အိုးအိမ်ငှာနက အမှန်တကယ် လိုအပ်နေသူတွေဆီ အိုးအိမ်တွေ ရောက်သွားအောင် စီမံပေးရမယ်။ အခွန်ရုံးက မှန်ကန်တဲ့ အခွန်နှုန်းထားတွက်ချက်မှုကို လူထုဆီ ပံ့ပိုးပေးရမယ်။ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီ တွေက သတ်မှတ်ထားတဲ့ ၀န်ဆောင်မှုတွေကို စနစ်တကျ ထမ်းဆောင်ရမယ်။ လူထုက တလေးတစားဆက်ဆံရမယ်။ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူဆိုတာ ရပ်ရွာလူကြီးဆိုပြီး ရပ်ရွာက ကိုးကွယ်ထားရမယ့် လူမဟုတ်ဘူး။ ရပ်ကွက်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးကို တာဝန်ထမ်းဆောင်ရမယ့် သူတွေသာဖြစ်တယ်။ ရုံးတွေသွားရင် ပြည်သူလူထုက ၀န်ထမ်းတွေကို ကြောက်ရွံ့ရိုသေပြနေစရာ မလိုအပ်ဘူး။ နိုင်ငံသူနိုင်ငံသား တွေဖြစ်တဲ့အတွက် ခံစားထိုက်တဲ့ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်ရှိတယ်။ ၀န်ဆောင်မှုကို တောင်းဆိုပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လဲ ခက်တာကတော့ မြန်မာနိုင်ငံမှာ ဒါတွေက ပြောင်းပြန်ဖြစ်နေတယ်။ ၀န်ဆောင်မှုပေးရမယ့် လူတွေကို ၀န်ဆောင်မှု ရပိုင်ခွင့် ရှိသူတွေက “ဆရာရယ်။ ဒါလေးပြီးအောင် လုပ်ပေးပါနော်။ ဒါက ဆရာ့အတွက် လက်ဘရည်ဖိုး“ ဆိုပြီး တောင်းတောင်းပန်ပန် ပြောနေကြရပြန်တယ်။

စည်ပင်သာယာကိစ္စတွေလဲ ဒီအတိုင်းပဲ။ အမှန်က သက်ဆိုင်ရာ ဌာနတွေက ဒါအတွက် အခွန်ကောက်ပြီးရင် စည်ပင်ကလဲ သူတို့လုပ်ရမယ့် တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ပဲ ရှိတယ်။ ဒီအထဲမှာမှ တာဝန်မကျေပဲ အမှိုက်ပုံတွေ ဖြစ်လာရင် စည်ပင်က လူတွေကို လက်ဖက်ရည်ဖိုးပေးပြီး ခေါ်ရှင်းခိုင်းရတယ် ဆိုတာကလဲ ရှိသေးတယ်။ စည်ပင်ဘက်ကလဲ လူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်အောင် ပညာပေးရမယ်။ ပညာပေးလို့မှ မလိုက်နာရင် အရေးယူရမယ်။ ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ရမယ်။ နောက်ဆုံး မဆီမဆိုင် ကိုယ်ထူကိုယ်ထ စနစ်ဆိုပြီး အမှိုက်သန့်ရှင်းရေး ပွဲတွေ လုပ်တာက ရှိသေးတယ်။ မရှုပ်တဲ့ အလုပ်ကို အလကားနေရင်း ရှုပ်နေကြတယ်။ တကယ်က သူ့တာဝန်၊ ကိုယ့်တာဝန် ကျေပြီးရင် အပိုအလုပ်တွေ ဘာမှ လုပ်စရာ မလိုအပ်ဘူး။

ဒီလိုပဲ။ ကျောင်းဆရာ၊ ဆရာမဆိုတာကလဲ သူရဲ့ သက်ဆိုင်ရာ ကျောင်းမှာ ကျောင်းသားတွေကို ပညာရေး ၀န်ဆောင်မှု အပြည့်အ၀ ပေးရမယ်။ ဒါဟာ တာဝန်တရပ်သာ ဖြစ်တယ်။ ကျောင်းမှာ ပညာရေး ၀န်ဆောင်မှု အပြည့်အ၀ပေးပြီး ပြင်ပအချိန်မှာ ကျူရှင်သင်တာမျိုးက မြန်မာပြည်ရဲ့ စားဝတ်နေရေး အခြေအနေအရ လက်ခံပေးလို့ ရပေမယ့် ကျောင်းမှာ စာကောင်းကောင်း မသင်ပဲ ကျူရှင်မှာမှ ကောင်းကောင်းသင်တာတွေ၊ ကျူရှင်မတက်တဲ့ ကျောင်းသားကို အတန်းထဲမှာ ငြိုငြင်တာတွေ၊ ကျူရှင်မှာ မေးခွန်းကြိုထုတ် ပေးတာကကျတော့ ကျောင်းမှာ ယူထားတဲ့ တာဝန်မကျေတာပဲဖြစ်တယ်။ ဆရာကောင်းတာတွေ၊ မကောင်းတာတွေ၊ ကျင့်ဝတ်တွေကို ပြောနေတာ မဟုတ်ဘူး။ တာဝန်ယူမှုနဲ့ တာဝန်ကျေပွန်မှုကို ဆိုလိုနေတာပဲ ဖြစ်တယ်။ ဒီလခလောက်နဲ့ လောက်မှ မလောက်တာ လို့ ပြောစရာရှိတယ်။ မြန်မာပြည်ရဲ့ စီးပွားရေး အခြေအနေအရ ဒါက အမှန်တရားပဲ။ ဒီလိုဆို ဒီလခနဲ့ အလုပ်ကို မလုပ်ပဲ ပြင်ပမှာ ကျူရှင်သင်စားလို့လဲ ဖြစ်နိုင်တာပဲ။ ဒီအလုပ်ကို လက်ခံပြီး လုပ်တယ်ဆိုရင်တော့ ဒီအလုပ်ရဲ့ တာဝန်ကို ကျေပြွန်ရမှာပဲ ဖြစ်တယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဒီလိုဝန်ဆောင်မှု သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ ဆရာသမားဆိုတော့ မှားတာတွေ လုပ်နေမှန်းသိတဲ့ မိဘတွေကလဲ မပြောရဲကြဘူး။ ကျောင်းသားတွေကလဲ မဝေဖန်ရဲကြဘူး။ အမှန်ကတော့ ဒီကျောင်းကပေးတဲ့ ၀န်ဆောင်မှုကို လာယူတာဖြစ်တဲ့အတွက် ကျောင်းက ပေးအပ်မယ်ဆိုတဲ့ ၀န်ဆောင်မှု အပြည့်အ၀ မရရင် complaint တက်ပိုင်ခွင့် ရှိကိုရှိတယ်။

တက္ကသိုလ်၊ ကောလိပ်မှာလဲ ဒီအတိုင်းပဲ။ ကျွန်မတို့ လက်ထက်မှာတုန်းက ဗြောင်ကြီးကို ကျူရှင်မှာ မေးခွန်းတွေ အောက်ပေး၊ အဖြေတွေ အောက်ပေး၊ စာမေးပွဲနီးလာတော့ အုပ်စုလေးတွေ ဖွဲ့ပြီး ရွှေဆွဲကြိုးကန်တော့ခိုင်းတဲ့ ဆရာမတွေပါ တွေ့ဖူးတယ်။ ရွှေဆွဲကြိုးတောင် ဘယ်ဆိုင်က ဆွဲကြိုးမှ ဆိုတာကလဲ ပါသေးတယ်။ ဒီကိစ္စ မေမေ့ကို ပြန်ပြောတော့ “ထားလိုက်ပါ သမီးရယ်။ ဆရာဆိုတာ မပြစ်မှားကောင်းဘူး“ တဲ့။ ကျွန်မက ဆရာဆိုတာကို ပြစ်မှားတာ မဟုတ်ဘူး။ ဆရာဆိုတာနဲ့ပဲ သူ့လုပ်ရပ်မှန်သမျှ မှန်တယ်လို့ ထောက်ခံနေစရာ မလိုအပ်ဘူး။ သူပြောသမျှ အမှန်တွေလို့ ခေါင်းညိတ်နေစရာ မလိုအပ်ဘူး။ ဒီကျောင်းကို သွားတက်မှုမှာ ကျွန်မဘက်က အချိန်၊ အားထုတ်မှုနဲ့ ငွေကုန်တယ်။ ဒါက ကျွန်မလိုချင်တဲ့ ပညာရေး ၀န်ဆောင်မှုကို ရဖို့ဖြစ်တယ်။ ပညာဆိုတာကို တတ်ဖို့ဖြစ်တယ်။ စာမေးပွဲ အောင်ဖို့ မဟုတ်ဘူး။ ဒီအတွက် ကျွန်မနဲ့ ကျောင်းနဲ့အကြားမှာ ပညာဝန်ဆောင်မှု အပေးအယူ contract ရှိတယ်။ ကျောင်းက ဒီလိုဝန်ဆောင်မှုပေးမယ်ဆိုပြီး ကျွန်မဆီက ငွေယူထားတယ်။ အချိန်တောင်းထားတယ်။ ဒီငွေတွေရယ်၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ပညာရေးဘတ်ဂျက်ရယ်ကနေ ကျောင်းလည်ပတ်တယ်။ ဆရာတွေကို ပညာရေးဝန်ဆောင်မှုပေးရမယ်ဆိုပြီး နိုင်ငံတော်နဲ့ ကျောင်းက ခန့်ထားတယ်။ ဒီတော့ ဆရာတွေကလဲ လိုအပ်တဲ့ တာဝန်ကျေပြွန်မှု ရှိရမယ်။ ဒါကို ကျွန်မမိခင်ကို ကျွန်မပြန်ပြောဖြစ်ခဲ့တယ်။

ဆေးပညာရှင်နဲ့ လူနာအကြားမှာကလဲ ဒီအတိုင်းပဲ ဖြစ်တယ်။ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ အမှန်က ကျန်းမာရေးအခွင့်အလမ်းဆိုတာ လူတိုင်း ခံစားခွင့်ရှိတဲ့ မွေးရာပါ အခွင့်အလမ်းပဲဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတော်က ကျန်းမာရေး ၀န်ဆောင်မှုကို အပြည့်အ၀ မပေးနိုင်ဘူး။ နိုင်ငံတွေမှာ လူထုက အစိုးရကို အခွန်ပေးပြီး အခွန်ငွေကနေ ကျန်းမာရေးဘတ်ဂျက်ချပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုတာတွေတို့၊ ကျန်းမာရေးအာမခံလုပ်ငန်းတွေကို လူတွေက ပိုက်ဆံပေးရပြီး ကျန်းမာရေးမကောင်းတဲ့အခါ ကုန်ကျစရိတ်ကို အာမခံလုပ်ငန်းတွေက ပြန်ပေးတာတို့ ဆိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးပညာရှင်တွေနဲ့ ဆေးကုသခံသူတွေအကြားမှာ ကျန်းမာရေး ၀န်ဆောင်မှု contract ရှိတယ်။ လူတွေသေတိုင်းလဲ ဆေးပညာရှင် အမှားလို့ ပြောလို့ မရနိုင်သလို၊ လူတွေ ရှင်သွားတိုင်းလဲ ဆေးပညာရှင်က အသက်ကယ်တာလို့ချည်းပဲ ပြောနေလို့မရဘူး။ ကျွန်မအမေမှာ သူကျင်လည်ခဲ့ရတဲ့ အသိုင်းအ၀ိုင်းကြောင့် တခါတရံမှာ ကြက်တူရွေးကတော်တော် မယ်ဘော်ကဲကဲ ကိစ္စလေးတွေ ရှိပေမယ့် ကျွန်မ နှစ်သက်တဲ့ အကျင့်လေးတွေ တချို့လဲ ရှိတယ်။ အဲဒါကတော့ ညသန်းခေါင်အချိန်တွေမှ မြို့အနီးတ၀ိုက်က ရွာတွေကနေ လူနာလာခေါ်ရင်လဲ အ၀တ်ကောက်လဲပြီး လိုက်တတ်တဲ့အကျင့်၊ သူအင်မတန် နှစ်သက်တဲ့ ဒေါက်မြင့်ဖိနပ်လေးတွေ စီးလို့ မရလို့ ဖိနပ်ကိုင်ပြီးသွားရလဲ လူနာအတွက်ဆိုရင် ဖိနပ်ကိုင်ပြီး ခြေဖ၀ါးချည်းသွားရလဲ သွားတဲ့အကျင့်နဲ့ သူ့ကိုယ်သူ ကျေးဇူးရှင်အဖြစ် မသတ်မှတ်တတ်တဲ့ အကျင့်ပဲ။ ဆရာဝန်တယောက်အနေနဲ့ သူလုပ်သင့်တယ်လို့ ထင်တာကို ဘာမျှော်ကိုးမှုမှမရှိပဲ သူလုပ်ပေးတာဖြစ်တယ်လို့ သူအမြဲတမ်း ပြောလေ့ရှိတယ်။ မှတ်မှတ်ရရ ရွာတရွာက လူနာမိသားစုက အသက်သခင် ကျေးဇူးရှင်ပါဆိုပြီး ငှက်ပျောခိုင်ကြီး တခိုင်ကိုချ၊ ဆန်လေးပြည်လောက် အိတ်လေးဆွဲပြီး လာကန်တော့တယ် ဆိုတုန်းက ပြန်ပြောတဲ့စကား။ “ကျွန်မတို့ ဆရာဝန်တွေကို အသက်သခင်ကျေးဇူးရှင်တွေလို့ သတ်မှတ်လို့ မရဘူးလေ။ အဲလိုသာ သတ်မှတ်စတမ်းဆို ဆေးရုံမှာ သေတဲ့ လူနာတောင် ရှိပါဦးမလား။ လူနာရဲ့ကံရယ်၊ အချိန်မှီလာခေါ်ပေးတဲ့ ဦးလေးတို့ မိသားစုရယ်၊ ကျွန်မရဲ့ ဆေးပညာအတတ်ရယ် ပေါင်းစပ်သွားလို့ပါ။ ဒေါ်ဒေါ် ကျွန်မကို ကျေးဇူးတင်မနေနဲ့။ မိသားစုကို ကျေးဇူးတင်“ တဲ့။ ကျွန်မမှာ ကျွန်မအမေကို တစိမ့်စိမ့် ကြည့်ပြီး ချစ်လိုက်ရတာ မပြောပါနဲ့တော့။ သူအမှန်ကို ဆိုတယ်လေ။ ကျေးဇူးရှင်ဖြစ်ရ နည်းလား ဆိုပြီး ကျေးဇူးမတင်တင်အောင် ထိုင်ပြောနေတာမှ မဟုတ်တာပဲ။

ကျွန်မအဖေနဲ့ကျတော့ ဒီလိုကိစ္စနဲ့ပဲ ပတ်သက်ပြီး စိတ်အခန့်မသင့် ဖြစ်ကြရဖူးတယ်။ ဆေးပညာ ကိစ္စနဲ့တော့ မဟုတ်ဘူး။ ဒီကျေးဇူးရှင် ဆိုတဲ့ ကိစ္စနဲ့။ တရက်တော့ ကျွန်မက အဖေ့ဆီ သွားတွေ့ဖြစ်တယ်။ အဲဒီမှာ လူတစုက သူ့ကို ကန်တော့နေကြတယ်။ ကျွန်မအရွယ်ကောင်မလေး တယောက်က ဘဘလို့ ခေါ်လို့။ မဆီမဆိုင် လက်အောက်မှာ တကယ်အလုပ်လုပ်သူလဲ မဟုတ်ပဲ တကယ် အလုပ်လုပ်နေသူရဲ့ ဇနီးကလဲ “ကျွန်မတို့ဆီမှာ အစ်ကိုကြီးရဲ့ ကျေးဇူးတွေက အများကြီးပါ“ ဆိုပြီး အပေါ်ယံက သကာရည်လောင်း၊ စိတ်ထဲက မပါတဲ့ မျက်နှာကြီးနဲ့ အပြောကောင်းလို့။ အဖေကလဲ မိန့်မိန့်ကြီး ထိုင်လို့။ ကျေးဇူးရှင်ကြီးအဖြစ် သြ၀ါဒတွေ ခြွေနေလိုက်တာ။ တယောက်က တယောက်ထက် ရာထူးပိုကြီးတာ၊ အရင်စောမွေးလို့ လုပ်ငန်းအတွေ့အကြုံများတာနဲ့ပဲ ကိုယ့်အရည်အချင်းနဲ့ ကိုယ် သက်ဆိုင်တဲ့ အလုပ်လုပ်နေတဲ့အပေါ်မှာ သွားကန်တော့နေစရာ လိုအပ်သလား။ “အသက်တရက်တမနက် ကြီးလို့ ကန်တော့ရမယ်“ လို့ တွင်တွင်ကြီး လူကြားကောင်းအောင် ပြောနေသူတွေက လမ်းဘေးမှာ တောင်းစားနေတဲ့ အဖိုးအိုကြီးတွေ၊ သင်္ချိုင်းက သုဘရာဇာအိုကြီးတွေကို ဘယ်နှစ်ခေါက်များ သွားထိုင်ကန်တော့ကြဖူးလဲ။ အသက်ကြီးရင် ကန်တော့ရမယ် ဆိုတာက ကိုယ့်အတွက် အကျိုးကျေးဇူးပြုပေးနေတဲ့ အသက်ကြီးသူတွေအတွက်ပဲလား။ ဒါဆိုလဲ အသက်ကြီးလို့ ကန်တော့တာ မဟုတ်ပဲ ကိုယ့်အတွက် အကျိုးပြုနေလို့ ကန်တော့တယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုလိုက်ရင် ဘာဖြစ်သွားမှာလဲ။ ဒီနေရာမှာ ကန်တော့ခံသူကလဲ စဉ်းစားစရာရှိတာက ကိုယ်က ကိုယ့်လုပ်သက်နဲ့ကိုယ် အတွေ့အကြုံနဲ့ အဆက်အသွယ်နဲ့ စီမံခန့်ခွဲရေးရာထူးရနေလို့ ဒီရာထူးနဲ့ ဆိုင်တဲ့ တာဝန်ကို လုပ်နေတာ၊ ကိုယ်စီမံခန့်ခွဲနေရသူတွေကလဲ သူတို့ရဲ့ အရည်အချင်းနဲ့ အလုပ်အကိုင်နဲ့ ဆိုင်တဲ့ တာဝန်ကို ထမ်းဆောင်နေတာ။ ဘာဆိုင်လို့ ရာထူးကြီးတာနဲ့ အကန်တော့ခံပြီး ကျေးဇူးရှင် သတ်မှတ်ခံချင် နေကြရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ခေတ်ဘယ်အခါက စခဲ့မှန်းမသိတဲ့ ဒီထုံးတမ်းစဉ်လာကြီးကတော့ မြန်မာတွေဆီမှာ အရိုးကို စွဲလို့။ နောက်ဆုံး န၀တ၊ နအဖ ခေါင်းဆောင်တွေတောင် ဘယ်သွားသွား ဘယ်လာလာ အကန်တော့ ခံပွဲတွေ လုပ်ကုန်ကြပါရောလား။

ကိုယ့်ဟာကို လေးစားစရာတွေ့လို့ ကန်တော့ချင်လွန်းလို့ ကန်တော့တာ၊ ကျေးဇူးရှင်သတ်မှတ်တာတွေကို မလုပ်သင့်ဘူးလို့ ဆိုလိုနေတာမဟုတ်ပါ။ စိတ်ထဲက မပါပဲ အစဉ်အလာအရ လုပ်နေကြတာတွေကတော့ ကြာလာရင် လူ့အဖွဲ့အစည်းအတွက် ကောင်းလှတာတော့ မဟုတ်။ အကျိုးလိုလို့ ညောင်ရေလောင်းတာတွေ သိပ်များလာပြီး၊ ရာထူးတက်လမ်းအခွင့်အလမ်းတွေဟာ အရည်အချင်းပေါ် မူတည်တာ မဟုတ်ပဲ အထက်လူကြီးပေါ် မူတည်တာတွေ ဖြစ်လာတတ်တယ်။ အဲဒီအခါ နိုင်ငံတော်ရဲ့ ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်တယ်။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးလာတတ်တယ်။ ငယ်စဉ်ကာလမှာလဲ ဆရာ၊ ဆရာမတွေကို လက်ဆောင်ပဏ္ဍာပေး ကန်တော့၊ အလုပ်လုပ်စဉ်ကာလမှာ အထက်လူကြီးတွေကို တံစိုးလက်ဆောင်ပေး ကန်တော့နဲ့ စစ်မှန်တဲ့ အရိုအသေပေးမှုမဟုတ်ပဲ အခွင့်အရေး ရလိုမှုနဲ့ အရိုအသေ ပေးချင်ယောင်ဆောင်တဲ့ လူတွေ ပါဝင်ရုန်းကန်လှုပ်ရှားနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ အပေါင်းလက္ခဏာ ဖြစ်လာမှာ မဟုတ်တာတော့ အသေအချာပဲ။

ဆေးပညာရှင်တွေနဲ့ ကျေးဇူးရှင် ကဏ္ဍအကြောင်း ပြန်ဆက်ကြရအောင်ပါ။ နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ပေးတဲ့ နိုင်ငံတွေမှာ လူနာတွေ ကျန်းမာရေး ပြန်ကောင်းလာတယ်ဆိုတာမှာ ကျေးဇူးရှင်တွေက အများကြီးပဲ ဖြစ်တယ်။ နိုင်ငံတော်ကျန်းမာရေးစနစ်၊ အခွန်ထမ်းပြည်သူလူထု၊ ကျန်းမာရေးဘတ်ဂျက်ခွဲဝေမှုပုံစံ၊ အရေးပေါ် တယ်လီဖုန်း အော်ပရေတာ၊ အရေးပေါ်ဖုန်းကို ကိုယ်တိုင်ဖုန်းဆက်တာ မဟုတ်ရင် ဆက်ခေါ်ပေးတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ တက်စီနဲ့သွားတာဆိုရင် တက်စီမောင်းသူ၊ ဘတ်စ်နဲ့သွားရင် ဘတ်စ်မောင်းသူ၊ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပါဝင်လုပ်ဆောင်တဲ့ ဆရာဝန်၊ ဆရာမ၊ ဓာတ်ခွဲပညာရှင်၊ ဆေးရုံသန့်ရှင်းရေးသမား၊ ဆေးဝါးပြည့်စုံမှု၊ ဆေးဝါးတွေ ဆေးရုံမှာ အဆင်သင့်ဖြစ်နေအောင် ထုတ်ပေးတဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဆေးစတိုခန်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ဘယ်လိုရောဂါကို ဘယ်လိုဆေးဝါးနဲ့ ကုသသင့်တယ်ဆိုတာ တီထွင်ပေးခဲ့တဲ့ ဆေးပညာရှင်ကြီးတွေ၊ ဒီဆရာဝန်၊ ဆရာမတွေကို မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်တွေက ဆရာတွေ၊ ဆေးပညာစာအုပ်ရေးသားခဲ့သူတွေ တသီသတန်းကြီးပဲ ဖြစ်တယ်။ အားလုံးက ကိုယ်ထမ်းဆောင်ရမယ့် တာဝန်တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်နေကြလို့ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီး ကောင်းကောင်းမွန်မွန် လည်ပတ်နေတာသာဖြစ်တယ်။ တဦးတယောက်တည်းရဲ့ စွမ်းအားတွေကြောင့် မဟုတ်ဘူး။ ဒီယန္တရားထဲ ပါသူတွေအားလုံးဟာ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုကို ပေးနေကြသူတွေဖြစ်တယ်။ ကိုယ်တိုင်ကလဲ လူတယောက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားခွင့်ရှိတယ်၊ အခွန်ထမ်းပြည်သူ တယောက်အနေနဲ့ ကိုယ်နဲ့ ထိုက်သင့်တဲ့ ၀န်ဆောင်မှုကို ရသင့်တဲ့အတွက် ဒီဝန်ဆောင်မှုရဲ့ စားသုံးသူ ဖြစ်လာရတာဖြစ်တယ်။ နိုင်ငံတော်က တာဝန်ယူတဲ့ ဆေးရုံတွေမှာ မဟုတ်ပဲ တခြားပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းမှာဆို ပိုရှင်းတယ်။ ဒါက ဈေးဝယ်သလိုပဲဖြစ်တယ်။ ကိုယ်က ကျန်းမာရေးဝန်ဆောင်မှုဆိုတဲ့ ကုန်ပစ္စည်းလိုချင်တယ်။ ဒီအတွက် ငွေပေးတယ်။ ဆရာဝန်တွေ၊ ဆရာမတွေဘက်က ကျန်းမာရေးဝန်ဆောင်မှု ကုန်ပစ္စည်းကို ရောင်းတယ်။ ၀န်ဆောင်မှုဆိုတာက ကိုင်တွယ်လို့ရတဲ့ အကောင်အထည်ပြ မဟုတ်တဲ့အတွက် မကြိုက်လို့ ဆိုပြီး ပြန်လဲလို့မရဘူး။ ဒါပေမယ့် ၀န်ဆောင်မှု မကောင်းရင်တော့ စားသုံးသူတယောက်အနေနဲ့ Complaint တက်ခွင့်ရှိရမယ်၊ လျော်ကြေး တောင်းခွင့်ရှိရမယ်၊ ထိခိုက်နစ်နာမှုရှိရင် တရားဥပဒေနဲ့အညီ ဖြေရှင်းခွင့်ရှိရမယ်။

စားသောက်ဆိုင်တခုမှ စားပွဲထိုးရဲ့ ၀န်ဆောင်မှုကို မကျေနပ်တဲ့အခါ ဆိုင်မန်နေဂျာကို တိုင်တန်းကြတယ်။ ရုံးငှာနဆိုင်ရာတခုခုမှာ ၀န်ထမ်းရဲ့ ၀န်ဆောင်မှုကို မကျေနပ်တဲ့အခါ သက်ဆိုင်ရာ ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ တိုင်တန်းမှု ပြုရမယ်။ ကျောင်းဆရာမရဲ့ Professional Misconduct ကို သက်ဆိုင်ရာ ပညာရေးဌာနတွေဆီ တိုင်ရမယ်။ ပြည်သူ့ဆေးရုံမှာဆိုရင်လဲ ဆေးရုံအကြီးအကဲကို တိုင်တန်းရမယ်။ ကျန်းမာရေးဝန်ကြီးဌာနကို တိုင်တန်းရမယ်။ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးရမယ်။ လိုအပ်သလို အရေးယူတာတွေ လုပ်ရမယ်။ ပုဂ္ဂလိကဆေးရုံမှာဆိုရင်လဲ သက်ဆိုင်ရာ ဆေးပညာရှင်တွေနဲ့ ပတ်သက်ပြီး တရားဝင်တိုင်ကြားမှုပြုလုပ်ရမယ်။ ပုဂ္ဂလိက ဆေးရုံက စုံစမ်းရေးဘုတ်အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုလုပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လူနာနဲ့ ပတ်သက်ပြီး၊ ဆေးပညာရှင်ရဲ့ ညံ့ဖျင်းမှု၊ မတော်တဆဖြစ်မှုကြောင့် ထိခိုက်နစ်နာမှုရှိတယ်ဆိုရင် ဒီလူနာကို ကျန်းမာရေးဝန်ဆောင်မှုပေးတာက ပုဂ္ဂလိက ဆေးရုံဖြစ်လို့ပဲ။ ဆေးရုံနဲ့ လူနာအကြားမှာ ၀န်ဆောင်မှု contract ရှိတယ်။ ဆေးရုံနဲ့ ဆေးပညာရှင်အကြားမှာလဲ အလုပ်ခန့်ထားမှုနဲ့ ဆိုင်တဲ့ contract ပဲဖြစ်ဖြစ်၊ ကော်မရှင်စား contract ပဲဖြစ်ဖြစ် ရှိတယ်။ ဒါကို ချိုးဖောက်မှု ပြုတဲ့အခါမှာ Medical Negligence ဖြစ်မှုဟာ တရားမမှု မြောက်တယ်။ တခါတရံမှာ ရာဇ၀တ်မှု မြောက်တာလဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နစ်နာတဲ့ လူနာရှင်ဘက်က လိုအပ်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်တယ်။

အခုတလော ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ခွဲစိတ်မှု အမှားအယွင်းကနေ လူသေဆုံးမှုပြဿနာနဲ့ ပတ်သက်ပြီး အင်တာနက်အွန်လိုင်းပေါ်မှာ အတော်ကို သတင်းတွေ ပျံ့နှံ့နေတယ်။ ဒီကိစ္စကို သေချာကြည့်မယ်ဆိုရင် တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို တွေ့မြင်ရမှာဖြစ်တယ်။ ဆေးရုံက ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှုကို ငွေနဲ့ရောင်းတယ်။ လူနာရှင်ဘက်က ဆေးရုံကို ဆေးဝါးကုသ စရိတ်ပေးရတယ်။ တနည်းဆိုရင် ၀န်ဆောင်မှုကို ၀ယ်ယူတယ်။ ဆေးရုံက ဆေးပညာရှင်တွေကို လုပ်ခ (သို့မဟုတ်) ကော်မရှင်ပေးပြီး ဆေးပညာအသုံးချခိုင်းထားတယ်။ ဒီအတွက် ဆေးရုံနဲ့ လူနာရှင်အကြားမှာ၊ ဆေးရုံနဲ့ ဆေးပညာရှင်တွေအကြားမှာ contract တွေ ရှိတယ်။ အဲဒီမှာ လူနာသေတယ်။ ဒီလို လူနာသေမှုဟာ ဆရာဝန်ရဲ့ ခွဲစိတ်မှုအမှားအယွင်းကြောင့်လို လူနာရှင်ဘက်က မီဒီယာကနေတဆင့် ထုတ်ဖော်စွပ်စွဲထားတယ်။ ဒါနဲ့ ပတ်သက်ပြီး မီဒီယာရဲ့ ရေးသားချက်တွေက မမျှတဘူးလို့ သုံးသပ်သူတွေလဲ ရှိတယ်။ ဆောင်းပါးတွေမှာ ရေးသားထားချက်တွေမှာ လူနာရှင်ရဲ့ ပြောကြားချက်တွေကို ကိုးကားထားတယ်။ ဒီတော့ တဘက်တည်းအမြင်လို့လဲ ဆိုနိုင်တယ်။ ဒါပေမယ့် ဒီလို ဆိုရအောင် မီဒီယာဘက်က သက်ဆိုင်ရာဆေးခန်းနဲ့ ဆရာဝန်ကို ဆက်သွယ်ခဲ့တာ မရှိဘူးဆိုတာသေချာမှ တဘက်သတ်လို့ ဆိုနိုင်မှာဖြစ်တယ်။

တကယ်လို့ မီဒီယာဘက်က ဆက်သွယ်မေးမြန်းပြီးမှ သက်ဆိုင်တဲ့ ဆေးခန်းနဲ့ ဆရာဝန်တွေက လိုအပ်တဲ့ ထုတ်ဖော်ပြောကြားမှု၊ ငြင်းဆိုမှု ဘာမှ မလုပ်တာဆိုရင်တော့ မီဒီယာရဲ့ ကိုးကားရေးသားချက်ကို ဘက်လိုက်တယ်လို့ မဆိုနိုင်ဘူး။ ဒီနေရာမှာ သက်ဆိုင်ရာ ဆရာဝန်ကို လူသတ်မှု တရားခံအနေနဲ့ ရေးသားဖြန့်ဝေချက်တွေက မှားတယ်။ လူသေစေမှုအတွက် သံသယဖြစ်ထားခြင်း ခံရသူ၊ surgical error ဖြစ်တဲ့ ဆရာဝန်တယောက်အနေနဲ့ စွပ်စွဲသတ်မှတ်ခံထားရသူ အနေနဲ့သာ ဥပဒေကြောင်းအရ သုံးနှုန်းလို့ ရမှာဖြစ်တယ်။ ခွဲစိတ်မှုတွေတိုင်းမှာ risks တွေရှိတယ်။ ဒီ risks တွေကို လူနာ (သို့) လူနာရှင်ကို ကြိုတင်ပြောဆိုဖို့ ဆရာဝန်ဆီမှာ တာဝန်ရှိတယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဆရာဝန်တွေကလဲ “ငါပြောတော့ကော သူတို့က ဘာနည်းလည်မှာလဲ“ လို့ အယူအဆရှိတယ်။ လူနာတွေကလဲ “ဆရာတို့ကပဲ နားလည်တာပါ။ ဆရာတို့ လုပ်သင့်တာလုပ်ပါ“ လို့ ဆိုတတ်ကြတယ်။ တကယ်က အဲလိုမဟုတ်ဘူး။ ဆရာဝန်တွေ၊ ဆေးပညာရှင်တွေဘက်က လူနာဘက်က နားလည်နိုင်တဲ့ စကားလုံး အသုံးအနှုန်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ risk တွေကို ရှင်းထားရမယ်။ လူနာတွေဘက်ကလဲ နားလည်အောင် မေးရမယ်။ အဲဒီလိုဖြစ်လာရင် risk ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဆရာဝန်အမှားလို့ စိတ်ထဲက ကြိတ်ပြီး သတ်မှတ်ထားမှုတွေ တော်တော်နည်းသွားမယ်။ ဆေးသမားဂုဏ်ဆိုတာကို ထောက်ထားပြီး ဖွင့်မပြောကြတဲ့ လူနာတွေ၊ လူနာရှင်တွေ မြန်မာပြည်မှာ အများကြီးပဲ။ စိတ်ထဲကနေ ဒီဆရာဝန် ငါ့အမေကို သတ်တယ်လို့ တွေးနေကြတဲ့ လူနာရှင်တွေ မရှိဘူးလို့ ဘယ်သူတပ်အပ်ပြောနိုင်သလဲ။ ဒါတွေဟာ စိတ်ထဲမှာ ပြောနေရမယ့် အရာတွေ မဟုတ်ဘူး။ မျက်မှောက် ရှင်းရမယ့် အရာတွေသာဖြစ်တယ်။ risk နဲ့ error ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာဖို့လိုတယ်။ ဒါမှ risk ကို error လို့ထင်ပြီး သက်ဆိုင်တဲ့ ဆရာဝန်၊ ဆရာမတွေကို စိတ်ထဲက နားကြည်းနေတာတွေ၊ မယုံမကြည်ဖြစ်တာတွေ လျော့နည်းသွားမှာဖြစ်တယ်။ အဲဒီလိုပဲ error တွေ ဖြစ်ရင်လဲ လုပ်နေတဲ့ ဆေးပညာရှင်တွေကို သူတို့အမှားတွေ သူတို့သိအောင် ထောက်ပြလိုက်သလိုဖြစ်တယ်။ တခြားဆေးပညာရှင်တွေ သင်ခန်းစာ ယူလို့ ရလာမှာဖြစ်တယ်။

လူတယောက်ကားမောင်းသွားရင် မဆင်မခြင်မောင်းမှုကြောင့် လူသေစေမှုဖြစ်ရင် ဥပဒေအရ အရေးယူဆောင်ရွက်ရမှုတွေ ရှိတယ်။ ဒီလိုပဲ ဆရာဝန်တယောက်ရဲ့ အမှား (error) ကြောင့် လူသေစေမှု ဖြစ်တာမှာ ဆရာဝန်မို့ဆိုပြီး ချန်လှပ်ထားခွင့်ရှိသလား။ ဥပဒေကြောင်းအရ တရားမမှု၊ ရာဇ၀တ်မှု တခုခုမှာ ပြစ်ဒဏ်နဲ့ ညီမျှတဲ့ ပေးဆပ်မှုကို တော့ ပြန်လည်ပေးဆပ်ရမှာပဲဖြစ်တယ်။ ကျွန်မတို့ စကောတလန်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ အက်ဥပဒေတွေထဲမှာ Surgical Errors ဆိုတာကို
(၁) မှားယွင်းသော ခွဲစိတ်မှု ပြုလုပ်ခြင်း
(၂) ရောဂါနှင့် မသက်ဆိုင်သော မှားယွင်းသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွင် ခွဲစိတ်ခြင်း
(၃) မေ့ဆေးပေးမှုနှင့် ပတ်သက်ပြီး ခွဲစိတ်နေစဉ် ဖြစ်ပွားလာသော အမှားများ
(၄) cosmetic surgery အမှားများ ကို ထည့်သွင်းဖော်ပြထားပါတယ်။
ဒီလိုအမှားတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ ဆေးကုသခွင့် လိုင်စင်ရုတ်သိမ်းမှု၊ ရာဇ၀တ်မှုမြောက်ရင် ဥပဒေအရ အရေးယူမှု၊ တရားမမှုမြောက်ရင် လျော်ကြေးပေးဆောင်ရမှု စတာတွေ ရှိတယ်။

ဒီတော့ အခုကိစ္စမှာ သက်ဆိုင်ရာဆရာဝန်ကို တရားခံအဖြစ် စွပ်စွဲနေတာတွေ၊ လူထုကို သတင်းပေးတဲ့ မီဒီယာက တဘက်သတ်ပဲ သတင်းယူခဲ့တာလား၊ ပါဝင်ပတ်သက်နေသူတွေက ပြောဆိုဖို့ ငြင်းဆန်ပြီး ရှောင်ပြေးနေတာလား ဆိုတာ မသေချာခင်မှာ မီဒီယာဘက်လိုက်မှုလို့ ပြောဆိုနေတာတွေထက်စာရင် တကယ်ဖြစ်သင့်တာကတော့ နစ်နာသူတွေဘက်ကနေ တရားဝင်တိုင်ကြားမှုတွေ၊ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းပေးဖို့တောင်းဆိုမှုတွေ၊ လိုအပ်ရင် Post-Mortem စစ်ဆေးမှုတွေ၊ ဆေးကုသမှုနဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို ဥပဒေဘက်တော်သားအကူအညီနဲ့ တောင်းဆိုကြည့်ရှုစစ်ဆေးခိုင်းမှုတွေ၊ surgical risks လား၊ surgical errors လားဆိုတာ လေ့လာဆန်းစစ်ပြီး error တွေ၊ Medical Negligence တွေ ဖြစ်နေခဲ့ရင်လဲ တရားစွဲဆိုမှုတွေ ပြုလုပ်သင့်တဲ့ ကိစ္စရပ် တခုသာဖြစ်တယ်။ ဒီလိုလုပ်ဆောင်ချက်တွေကသာ တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။

လူနာတွေဘက်က ဆရာဝန်ဘက်ကို “ ဆေးကုသခွင့် လိုင်စင်ကို လူသတ်လိုင်စင်များ မှတ်နေလား မသိဘူး“၊ “အဲဒီဆရာဝန်ပေါ့။ တို့အဖေကို သတ်လိုက်တာ“၊ “မြန်မာပြည်က ဆေးကျောင်းသားတွေ အဆင့်မရှိဘူး။ ဆရာဝန်တွေတကယ်မတတ်ဘူး။ စင်ကာပူသွားကုကြ“၊ “ဆရာဝန်တွေလဲ ငွေမျက်နှာပဲ ကြည့်နေကြတယ်“ ဆိုတဲ့ စကားလုံးတွေ ထွက်ပေါ် ပြောဆိုမှုတွေဟာ အမှန်တကယ် တတ်ကျွမ်းနားလည်ပြီး လူနာတွေအပေါ်မှာ တကယ်စေတနာထားတဲ့၊ တာဝန်ကျေတဲ့ ဆရာဝန်တွေကိုပဲ ရမ်းပြီး စော်ကားလိုက်သလို ဖြစ်စေနိုင်ပါတယ်။ တပြိုင်နက်တည်းလိုမှာပဲ ဆရာဝန်တွေဘက်က လူနာတွေဘက်ကို ဂရုမစိုက်ပဲ “သူတို့က ဘာနားလည်မှာလဲ“၊ “တို့ကိစ္စတွေထဲ လာပြောရအောင် ဆရာဝန်မို့လား“၊ “နောက်လာမယ့် လူနာတွေ အများကြီးရှိသေးတယ်။ မေးစရာရှိရင်လဲ ရှေ့က ဆရာမကို မေးလိုက်လေ။ တို့က ဆရာဝန်။ ဒါတွေလိုက်ရှင်းမပြနေနိုင်ဘူး“၊ “ငါမှားသွားလဲ မသိချင်ယောင်ဆောင် နေလိုက်လဲ ငါ့လိုလူမျိုးက ဘယ်သူက ဘာလာလုပ်လို့ ရမှာမို့လဲ“ ဆိုတဲ့ အတွေးအခေါ် တွေ မထားရှိဖို့ လိုအပ်ပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေ၊ ဆေးပညာရှင်တွေဘက်က ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုအတတ်ပညာကို ရင်းပြီး ဘ၀ရပ်တည်ရေး၊ ၀င်ငွေရရေး လုပ်ဆောင်ပါတယ်။ လူနာတွေဘက် ငွေကြေးနဲ့ရင်းပြီး ဒီဝန်ဆောင်မှုကို ၀ယ်ယူပါတယ်။ ပစ္စည်းဝယ်မယ့်သူက ကိုယ်ဝယ်မယ့်ပစ္စည်းရဲ့ အရည်အသွေးကို ကြည့်ရမယ်။ ကောင်းကျိုးဆိုးကျိုးတွေ နားလည်ရမယ်။ ၀န်ဆောင်မှု မှန်မှန်ကန်ကန် မရှိရင် complaint တက်ရပါမယ်။ ပစ္စည်းရောင်းသူဘက်ကလဲ ကိုယ့်ပစ္စည်း အရည်အသွေးကို တောက်ပြောင်အောင် လုပ်ရမယ်။ မှန်ကန်သင့်တော်တဲ့ ၀န်ဆောင်မှုကို ပေးရမှာပဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုမကြာသေးမီက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ တခြား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တယ်ဆိုရင် ဥပဒေကြောင်းအရ ရှာဖွေစုံစမ်း ဖော်ထုတ်စစ်ဆေးရမယ့် တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတခုပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အကောင်အထည် ဖော်နိုင်မလား ဆိုတာကတော့ တည်ဆဲ ဥပဒေတွေနဲ့ သက်ဆိုင်ပါတယ်။ အကောင်အထည်မဖော်နိုင်ဘူး ဆိုရင်တော့ တရားမျှတမှုကို မဆောင်ကျဉ်းပေးနိုင်တဲ့ နအဖ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် ကြောင့်လို့ပဲ ဆိုရပါလိမ့်မယ်။ နောက်ထပ်အားနည်းချက် တခုလဲရှိပါတယ်။ တခါတုန်းက ကျွန်မနဲ့ မြန်မာပြည် အကြောင်းတွေကိုလဲ စဉ်ဆက်မပြတ်လေ့လာနေတဲ့ ပရော်ဖက်ဆာတယောက်နဲ့ မြန်မာတွေအကြောင်း စကားပြောဖြစ်တုန်းက သူကပြောပါတယ်။ “နင်တို့ မြန်မာတွေက အာဏာရှင်စနစ်ကို တကယ်ကော နှစ်နှစ်ကာကာ ဖယ်ရှားလိုကြတာလား။ အာဏာရှင်ဆန်တဲ့ လူ့ဘောင်ထဲက အတွေးအခေါ်တွေကိုကော ပြောင်းလဲနေကြပြီလား။ လွတ်လပ်မှုဆိုတာ ကိုယ်က စတာဖြစ်တယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်နေတယ် ဆိုတဲ့ နင့်ဆီမှာတောင် တခါတလေ ငါပေးလိုက်တဲ့ မှတ်ချက်တွေကို နင်ပြန်မငြင်းဘူး။ ငါက ငြင်းအောင် ပြောလဲမငြင်းဘူး။ ကိုယ့်ကိုယ်ကိုက စပြီးပြင်ဖို့ လိုတယ်“ လို့ ပြောပါတယ်။ ကျွန်မသေချာပြန်ပြီး စဉ်းစားကြည့်ရင်း ပြင်ဖို့ ကြိုးစားရပါတော့တယ်။

ကျွန်မတို့ဆီမှာ မသိမသာ အရိုးစွဲနေတဲ့ “လူကြီးတွေ စကားပြောနေရင် လူငယ်တွေက လူကြီးတွေနဲ့ တန်းတူရည်တူ ယှဉ်ပြီး မပြောရဘူး၊ မငြင်းခုံရဘူး“၊ “ဆရာတွေဆိုရင် ပြန်မပြောရဘူး၊ မိဘစကားကို အလုံးစုံ နားထောင်ရမယ်“၊ “ရုံးရောက်ဂတ်ရောက် မဖြစ်ချင်ဘူး“၊ “တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ရင် ခေါင်းပဲ နာလိမ့်မယ်“၊ “ကိုယ့်အလွန်မဖြစ်စေနဲ့၊ သည်းခံလိုက်“၊ “ပြုသူအသစ်၊ ဖြစ်သူအဟောင်း“၊ “သည်းခံခြင်းကသာ အောင်မြင်ပါတယ်၊ ကိုယ့်ဘ၀ ၀ဋ္ဋ်ကြွေးနဲ့ ကိုယ်ပါ“၊ “ အတိတ်က သူ့ကို ဘာလုပ်ခဲ့မိမှန်းမှ မသိတာ။ ဒါကြောင့် ပြန်ခံရတာ နေမှာပါ။ စိတ်ထဲ မထားနဲ့တော့“၊ “သူ့တရားသူစီရင်မှာပါ“ ဆိုတဲ့ အတွေးအခေါ်တွေနဲ့ကတော့ တရားမျှတမှု ရလာဖို့ ဆိုတာ မလွယ်ကူပါဘူး။ ခက်တာက ဒီအတွေးတွေကလဲ ကိုယ့်ထက် အင်အားကြီးသူတွေရှေ့မှာမှ ပေါ်လာတတ်တာတွေကလဲ ရှိသေးရဲ့။ အင်အားနည်းရင်တော့ သည်းခံဖို့ စိတ်က ပျောက်သွားတတ်ပြန်သေးတယ်။ ဥပမာ- ခွေးတကောင်က ကလေးကို ကိုက်လိုက်ပြီဆိုပါတော့။ သည်းခံဖို့အတွေးက မထွက်လာဘူး။ တုတ်ဆွဲပြီး ရိုက်ပစ်တော့တာပဲ။ အဲ- ရဲတယောက်က အပြစ်မရှိတဲ့ ကိုယ့်ကလေးကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းသွားပြီး တညလုံး စခန်းမှာ ရိုက်လိုက်ပြီ ဆိုပါတော့၊ ငွေပေးပြီးလဲ သွားရွေးလာရသေး။ မတရားတာလဲ ခံရသေး။ အချုပ်အနှောင်ခံရတဲ့ ၀ဋ္ဋ်ကြွေးပါလာလို့လား မသိဘူး ဆိုပြန်ရော။ ဒီလိုသာ ပြောစတမ်းဆိုရင် ခွေးကိုက်ခံရမယ့် ၀ဋ္ဋ်ကြွေးပါလာလို့ပါလို့ကော ဘာလို့ မတွက်ကြသလဲ။ အဓိကကတော့ ဘယ်သူက ကိုယ့်ကို ထိခိုက်ရင် ပြန်လုပ်မယ်၊ ဘယ်သူက ထိခိုက်ရင် ပြန်မလုပ်ဘူး ဆိုပြီး စိတ်ထဲမှာကိုက ဖိနှိပ်မှုကို လက်ခံနေလို့ ဖိနှိပ်ခံနေရခြင်းသာ ဖြစ်တယ်။

ဒါကြောင့် တရားမျှတမှုနဲ့ ၀န်ဆောင်မှုရေးရာ ပြဿနာတွေကို တရားမျှတမှုကို အလိုရှိသူတိုင်းက မားမားမတ်မတ် ရင်ဆိုင်ရပ်တည်ဖို့ လိုအပ်လှပါကြောင်းနဲ့ ဖိနှိပ်မှုနဲ့ မတရားမှုဆိုတာ ဖိနှိပ်တာတွေ၊ မတရားတာတွေကို ခေါင်းငုံ့ခံနေသူတွေပဲ ကြုံတွေ့ရမယ့် ပြဿနာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၂၅၊ ၁၁၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP