ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အမျိုးသား အကျိုးစီးပွားဆိုရာဝယ်

Thursday, February 25, 2010

နိဒါန်း
နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ပုံတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွား ဆိုတဲ့ သဘောတရားဟာ အလွန် အရေးကြီးလှပါတယ်။ ဒီသဘောတရားကို အသုံးပြုပြီး စစ်ဘုရင်တွေက သွေးချောင်းစီး စစ်ပွဲတွေ ဆင်နွှဲခဲ့ကြဖူးပါတယ်။ အာဏာရှင်တွေက အုပ်ချုပ်ခံပြည်သူလူထုကြီးကို ညှဉ်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အ၀ှမ်းမှာ ပဋ္ဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီသဘောတရားကို အသုံးပြုပြီး တနိုင်ငံရဲ့ အကျိုးစီးပွားကို တခြားနိုင်ငံက ထိခိုက်စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ရှားရေး၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကလဲ ထွက်ပေါ်လာပါတယ်။ Hans Morgenthau က ကမ္ဘာကြီးတခုလုံးကို နိုင်ငံရေးအားဖြင့် တိုင်းနိုင်ငံတွေအနေနဲ့ ခွဲခြမ်း စိတ်ဖြာထားတာဖြစ်တဲ့အတွက် ဒီတိုင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကသာလျှင် ကမ္ဘာ့နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုရှိမယ်လို့ ဆိုထားခဲ့ပါတယ်။ (၁၈၄၈) ခုနှစ်မှာ Lord Palmerston ကလဲ “ငါတို့ဆီမှာ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး။ ရေရှည်တည်တံ့နေတဲ့ ရန်သူဆိုတာလဲ မရှိဘူး။ ငါတို့ရဲ့ အကျိုး စီးပွားတွေကသာလျှင် ထာဝရရေရှည်တည်တံ့နေတဲ့ အရာတွေ ဖြစ်တဲ့အတွက် ဒီအကျိုး စီးပွားတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့ကသာ ငါတို့ရဲ့ တာဝန်ဖြစ်တယ်” လို့ အဆိုရှိခဲ့ဖူးပါတယ်။



တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခဲယဉ်းပြီး၊ ဒီသဘောတရားကို နိုင်ငံခေါင်းဆောင်တွေက နည်းမျိုးစုံနဲ့ သဘောပေါက်နားလည်မှုတွေ ကွဲပြားကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာအပေါ်မှာ အခြေခံပြီးမှ နိုင်ငံတော်က ကျင့်သုံး ရတဲ့ အမျိုးသားရေးမူဝါဒတွေနဲ့ ဒီမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် စစ်ရေးအင်အား၊ စီးပွားရေးအင်အား စတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့အတွက် ဒီသဘောတရားကို နားလည်နိုင် မှုတွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသဏ္ဍာန်တွေနဲ့ ဟန်ချက်ညီ အသုံးပြုနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ အမျိုးသားအကျိုးစီးပွားရဲ့ အနက်အဓိပ္ပာယ်တွေနဲ့ တွေးမြင်ယူဆပုံတွေ၊ အမျိုးအစား ကွဲပြားမှုတွေ၊ သဘောတရား နားလည်မှုအပေါ်ကို လွှမ်းမိုးနိုင်တဲ့ အကြောင်းအချက်တွေကို ကွဲကွဲ ပြားပြား သိမြင်မှသာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ ဒီသဘောတရားကို ကောင်းမွန် ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုရာဝယ်

စစ်ဘုရင်နပိုလီယံက ရုရှားကို ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာ ပြင်သစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဟစ်တလာကလဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့တာတွေနဲ့ ဂျူးလူမျိုးတွေကို သုတ်သင်ရှင်းလင်းခဲ့မှုတွေကို ဂျာမဏီရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်တာလို့ ဆိုပြန်ပါတယ်။ စတာလင်ကလဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ သြဇာခံ အစိုးရတွေကို ပိုလန်နဲ့ ဥရောပ အရှေ့ပိုင်းနိုင်ငံတွေမှာ အာဏာရအောင် ကြိုးပမ်းခဲ့မှုတွေကို ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာလို့ ဆိုပြန်ပါတယ်။ အီရတ်က ကူဝိတ်ကို ကျူးကျော်ခဲ့ တုန်းက အီရတ်အစိုးရကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ စီနီယာဘွတ်ခ်ျကလဲ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွားအတွက် စစ်ပွဲဆင်နွှဲခဲ့တာလို့ ဆိုခဲ့ပါတယ်။ ပါကစ္စတန် သမ္မတ Benazir Bhutto ကလဲ အိန္ဒိယ ကက်စ်မီးယားဒေသ နိုင်ငံရေး မတည်ငြိမ်မှုဟာ ပါကစ္စတန်ရဲ့ အမျိုးသားအကျိုးစီးပွားလို့ ယူဆတယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ်အာဏာရှင်တွေကလဲ အာဏာတည်မြဲရေးအတွက် သွေးချောင်းစီး လူသတ်ပွဲပြုလုပ်တာ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တာလို့ ဆိုကြပြန်ပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို ဓားတချောင်းဘ၀ကို ရောက်နေတာနဲ့ တူပါတယ်။ စားဖိုမှူးလက်ထဲ ရောက်ပြီး၊ ဟင်းချက်ဖို့ အသုံးပြုခံရတဲ့အခါကျတော့ အရသာရှိတဲ့ ဟင်းကောင်းတခွက်အတွက် အထောက်အကူပြုပါတယ်။ ထင်းခုတ်သမားလက်ထဲရောက်ပြီး ညမီးလှုံ့ဖို့ လိုအပ်မယ့် ထင်းတွေကို ခုတ်ဖို့ အသုံးပြုခံရတဲ့ အခါကျတော့ လူတွေကို အနွေးဓာတ်ပေးမယ့် မီးဖိုလေးတခုဖြစ်လာစေပြန်ပါတယ်။ အဲလိုမဟုတ်ပဲ ဓားပြလက်ထဲရောက်တော့ လူတွေရဲ့ စည်းစိမ် ဥစ္စာကို ခြိမ်းချောက်တဲ့ လက်နက်ကိရိယာဖြစ်လာပါတယ်။ လူသတ်သမားလက်ထဲ ရောက်တော့ လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ လက်နက်ပစ္စည်း ဖြစ်လာပါတော့တယ်။

ဒါကြောင့် အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရား တခုတည်းနဲ့ ကောင်းမွန်တဲ့ သဘောတရားလား၊ ဆိုးရွားတဲ့ သဘောတရားလားဆိုတာကို ဘယ်သူမှ မဆိုနိုင်ပါဘူး။ ကိုင်စွဲအသုံးပြုသူရယ်၊ အသုံးပြုခံရတဲ့ ပစ္စည်းရယ်၊ အသုံးပြုလိုက်တဲ့ အချိန်၊ နေရာနဲ့ အခြေအနေတွေရယ်၊ အသုံးပြုပုံနည်းလမ်းရယ်၊ နောက်ဆက်တွဲ သက်ရောက်စေမှုရယ်ကသာ ကောင်းခြင်း၊ ဆိုးခြင်းကို ဖော်ကျူးပေးနိုင်တာ ဖြစ်ပါတယ်။ ဘယ်အရာကိုမှ တရားသေသတ်မှတ်ထားလို့ မရပါ။ အပြည့်အ၀ မှန်ကန်တဲ့ အမှန်တရားလို့ သတ်မှတ်လို့ မရပါ။ တိကျတဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဖော်ဆောင်လို့မရပါ။ အခြေအနေ၊ အချိန်အခါအရ အနက်အဓိပ္ပာယ် များစွာကို လူပေါင်းများစွာက ဖော်ထုတ်ခဲ့ကြပါတယ်။ ဘယ်သူတွေက ဘယ်လို အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်ဆိုတာကို လေ့လာဖို့ ဆိုသလို၊ ဒီဖွင့်ဆိုခဲ့မှုဟာလဲ လက်ရှိ အခြေအနေ၊ အချိန်အခါနဲ့ ထင်ဟပ်မှုရှိရဲ့လား ဆိုတာကို စဉ်ဆက်မပြတ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

လေ့လာဆန်းစစ်မှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေမှာ ဘယ်သူက ဒါကို ပြောခဲ့တာမို့ မှန်တယ်ဆိုပြီး ပြောဆိုတတ်တာတွေ ရှိပါတယ်။ ဒါတွေဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများပြီး၊ တိုးတက်တဲ့ အတွေးအခေါ် နည်းပါးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဖြစ်များပါတယ်။ အဲဒီကနေ အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးငြင်းခုံမှု မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေကြတဲ့ တောင်စဉ်ရေမရ အရက်သမား စကားဝိုင်းတွေ ဖြစ်သွားတတ်တာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေ ရေးသားခဲ့တဲ့ ကျမ်းဂန်စာပေတွေ၊ ခေါင်းဆောင်တွေရဲ့ အဆိုအမိန့် စကားလုံးတွေကို ကိုးကားတဲ့အခါမှာ သူပြောခဲ့တဲ့ ဆိုတာထက် သူပြောခဲ့တဲ့ အကြောင်းအရာဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ သင့်လျော်နိုင်စေမှု၊ အသုံးဝင်မှုတွေကို အဓိကထားပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ပဲ စကားပြောနေရင်း “ဒါကို ဦးတောက်တဲ့က ပြောခဲ့တာ၊ ဒေါ်ဘုမက ပြောခဲ့တာ။ မင်းက သူတို့လောက်ပဲ တတ်ဦးမတဲ့လား။ မင်းကဘာမို့လို့လဲ” ဆိုတာမျိုးတွေ၊ “ငါဆိုတဲ့ ရွှေဇီးကွက်က ပြောတာ။ ငါဘာလဲ ဆိုတာ မင်းတို့ သိတယ်မလား။ ငါပြောတာမှန်တယ်” ဆိုတာမျိုးတွေ ပါလာပြီဆိုရင်တော့ အဲလိုလူမျိုးဟာ အဝေးဆုံး ကနေ ရှောင်ရှားသင့်သူတွေ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ရင် မိမိရဲ့ အတွေးအခေါ်တွေကို တိုးတက်မှု မရှိစေတော့ပဲ သင်းကွပ်ခံရနိုင်လို့ပဲ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ ပညာရှင်ပေါင်းများစွာ၊ ခေါင်းဆောင်ပေါင်းများစွာက အနက်အဓိပ္ပာယ်များစွာကို ဖွင့်ဆိုခဲ့ကြပါတယ်။ Padleford နဲ့ Lincoln တို့က အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတော် အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူ့အဖွဲ့ အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံတော်ရဲ့ မြေပြင်ပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက် စတာတွေအပေါ်မှာ ဗဟိုပြုတယ်လို့ ဆိုထားခဲ့ပါတယ်။ Robert Osgood ဆိုသူကလဲ အမျိုးသားအကျိုးစီးပွားဆိုတာ တိုင်းပြည်အကျိုးအတွက် တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် နိုင်ငံတော်ရေးရာကိစ္စတွေလို့ ဆိုခဲ့ပါတယ်။ Morgenthau ကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး identity နဲ့ ယဉ်ကျေးမှုရေးရာ identity ကို အခြားနိုင်ငံတွေက ထိပါးစော်ကားလို့ မရအောင် ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုခဲ့ပါတယ်။

ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာခြုံငုံကြည့်ရင် အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတနိုင်ငံရဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ၊ political identity cultural identity စတာတွေနဲ့ ဆက်စပ်ကြောင်း ယေဘုယျ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆက်စပ်မှုတွေမှာမှ ဘယ်လို အချက်တွေကို ဦးစားပေးရမယ်၊ ဘယ်လိုအကြောင်းတရားတွေက ယာယီဖြစ်တယ်၊ ဘယ်လိုအချက်တွေက ရေရှည် အရေးဖြစ်တယ် ဆိုတာတွေကို ထပ်မံပြီး ခွဲခြားစိတ်ဖြာကြည့်ဖို့ လိုအပ်ပါမယ်။ ဒီလို မစိတ်ဖြာခင်မှာ အမျိုးသားအကျိုးစီးပွားကို ဒဿနိကဗေဒရှုထောင့်ကနေ ဘယ်လို သုံးသပ်ခဲ့ကြသလဲဆိုတာကို ရေးသားတင်ပြလိုပါတယ်။

ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားရဲ့ အခြေခံစဉ်းစားတွေးခေါ်မှုတွေကို ဆယ့်ငါးရာစုခေတ် တွေးခေါ်ပညာရှင် Machiavelli ရေးသားခဲ့တဲ့ စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အီတလီနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုဆိုတာ မရှိနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ အဲဒီခေတ်အချိန်ကာလမှာ အီတလီနိုင်ငံ ပေါင်းစည်းရေး၊ ပြည်ပအင်အားကြီးနိုင်ငံများရဲ့ ခြိမ်းချောက်မှုမှ လွတ်ကင်းရေးစတာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် ဒီလိုရေးသားချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
medieval ခေတ်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များရဲ့ အဆိုအမိန့်တွေမှာလဲ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ တွေးခေါ်စဉ်းစားမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လူတွေမှာ ၀ိညာဉ်တွေ ရှိပြီး၊ သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လည်ဆန်းစစ်ခံရမှာ ဖြစ်တဲ့အတွက် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စံချိန်စံညွှန်းတွေ ရှိတယ် လို့ သူတို့က ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာကျတော့ ၀ိညာဉ်နဲ့ သေဆုံးပြီး နောက်ပိုင်း ကာလဆိုတာ မရှိတဲ့အတွက် နိုင်ငံတွေဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ဖို့နဲ့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကို မဆို အကောင်အထည်ဖော်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် Thomas Aquinas တင်သွင်းခဲ့တဲ့ jus ad bellum နဲ့ jus in bello သီအိုရီတွေထဲမှာ ဒီသဘောတရားတွေကို ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။ ဒီသီအိုရီသဘောတရားတွေဟာ နိုင်ငံတော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ realism ၀ါဒရဲ့ အခြေခံတွေ ဖြစ်လာခဲ့ပါတယ်။

စစ်ရေးပါရဂူ ကလော့ဝတ်စ်ကလဲ အမျိုးသားအကျိုးစီးပွား သဘောတရားနဲ့ ပတ်သက်ပြီး ဆိုထားခဲ့ဖူးပါတယ်။ သူက နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေကို နိုင်ငံတနိုင်ငံအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေက တွန်းအားပေးတာ ဖြစ်တာကြောင့် နိုင်ငံတနိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် စစ်ဖြစ်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေတွေ ရှိနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ တခြားဘယ်အကြောင်းအရာကိုမှ ဦးစားပေး မစဉ်းစားသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လဲ အောင်ပွဲ၊ အချိန်အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်မရှိတဲ့ စစ်ပွဲတွေကကျတော့ အမျိုးသားအကျိုးစီးပွားအတွက် ကောင်းကျိုး မဖြစ်စေ တဲ့အတွက် မိုက်မဲရူးသွပ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလတွေရဲ့ ဥရောပ နိုင်ငံရေးနဲ့ သံတမန်ရေးအတွေးအခေါ်တွေမှာ raison d’etat (သို့မဟုတ်) Staatsraison သဘောတရားတွေက လွှမ်းမိုးပျံ့နှံ့နေခဲ့ပါတော့တယ်။

(၂၀) ရာစု ကာလထဲမှာတော့ Hans Morgenthau ရဲ့အတွေးအခေါ်တွေက အမေရိကန်နဲ့ ကမ္ဘာတ၀ှမ်းမှာ ပျံ့နှံ့လာပါတယ်။ နိုင်ငံတွေဟာ စနစ်တကျ သုံးသပ်လေ့လာမှုမရှိပဲ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး တခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်စေတတ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ဒီလို ထိခိုက်မှုဖြစ်စေတဲ့အခါ ဖြစ်ရပ်တော်တော် များမှာတော့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အပေးအယူလုပ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေဟာ အပေးအယူလုပ်လိုစိတ်မရှိပဲ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မှု တခုတည်းကိုသာ ဦးစားပေးလာပြီဆိုရင်တော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးတွေ အတွက် အန္တရာယ်ရှိလာပါပြီ။ နိုင်ငံတွေဟာ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို အကြောင်းပြုပြီး၊ နယ်ချဲ့ စနစ်ကို ကျင့်သုံးလာတဲ့အခါ စစ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေအနေနဲ့ တကမ္ဘာလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေတာတွေထက်စာရင် ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေး စဉ်းစားလေ့ ရှိကြပါတယ်လို့ သူက ဆိုခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားဆိုတာက အလွန်အရေးပါတာမှန်ပေမယ့် ပါဝါပေါ်အခြေတည်ပြီး ထည့်သွင်းစဉ်းစားမှု လုပ်ဖို့ လိုတယ်လို့ သူက အကြံပြုထားခဲ့ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး မူဝါဒတရပ်မချမှတ်ခင်မှာ ဒီမူဝါဒကို ကျင့်သုံးအကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ National Power ကို တိုးမြင့်စေတာလား၊ အားလျော့စေတာလားဆိုတာကို ထည့်သွင်းမှုတွေ ပြုလုပ်လို့ရှိရင် နိုင်ငံတော်အနာဂတ်အတွက် ကောင်းမွန်တဲ့ မူဝါဒတွေ ပေါ်ထွက်လာနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။

သူ့ရဲ့ အယူအဆတွေကို ကန့်ကွက်သူတွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပေမယ့်၊ ဒီအယူအဆတွေထဲမှာ rational ဖြစ်တဲ့ အချက်အလက်တွေလဲ အများအပြား ပါဝင်နေပါတယ်။ တိုင်းပြည်တပြည်ရဲ့ National Power ဆိုတာက လူဦးရေ၊ တည်နေရာ အနေအထား၊ ရာသီဥတုအခြေအနေ၊ သဘာဝသယံဇာတ၊ ထုတ်လုပ်မှုစွမ်းအား၊ စီးပွားရေးအင်အား၊ စစ်အင်အား စတဲ့ tangible elements တွေသာမက ဦးဆောင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရအမျိုးအစား၊ လူ့အဖွဲ့အစည်း ညီညွတ်မှု စတဲ့ intangible elements တွေနဲ့ပါ တိုင်းတာရတာဖြစ်ပါတယ်။ တချို့အစိုးရတွေက အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အသုံးပြုပြီး စစ်အင်အားကြီးထွားလာအောင် ဦးစားပေး ဆောင်ရွက်တတ်ကြပါတယ်။ အဲဒီအခါမှာ စစ်အသုံးစရိတ် ကြီးမားတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတော့တယ်။ စီးပွားရေးအင်အားမှာ ယုတ်လျော့အားနည်းလာပါတယ်။ ဒါကြောင့် Hans Morgenthau ဆိုထားခဲ့သလိုပဲ နိုင်ငံတွေဟာ အမျိုးသားအကျိုးစီးပွားကို အသုံးပြုပြီး မူဝါဒတွေချမှတ်တဲ့အခါ National Power ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ အခင်းအကျင်းတွေမှာ အသုံးဝင်တဲ့ အယူအဆတရပ်ဖြစ်ပါတယ်။

စစ်အင်အား ကြီးထွားလာအောင် ပြုလုပ်တာ၊ ခေတ်မီဖွံ့ဖြိုးသော တပ်မတော်တရပ်ပေါ်ထွက်လာအောင် ပြုလုပ်တာတွေဟာ စီးပွားရေး ခိုင်မာတောင့်တင်းမှ တိုင်းပြည်ရဲ့ ဂျီဒီပီများလာမှ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ငွေတမတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်လို့ မရပါ။ အိမ်တအိမ်မှာရှိတဲ့ အိမ်ထောင်ဦးစီးဟာ အိမ်တအိမ်လုံးရဲ့ ၀င်ငွေ ဆယ်သိန်းရှိနေချိန်မှာ အိမ်ကို ကာကွယ်ဖို့ဆိုပြီး တသောင်းတန် ဓားတလက်ဝယ်တာက အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ၀င်ငွေ နှစ်သောင်းရှိနေချိန်မှာ တသောင်းတန်ဓားဝယ်မယ်ဆိုရင်တော့ အိမ်ကလူတွေ အစာရေစာ မ၀ပဲ ငတ်ဖို့ များပါတယ်။ ဒီလိုအိမ်ထောင်ဦးစီးမျိုးက အိမ်ရဲ့ အကျိုးစီးပွားအတွက် ဒီဓားကို ၀ယ်ရတာပါလို့ ဘယ်လောက်ပဲ လူကြားကောင်းအောင် ဟစ်နေနေ၊ ဒါကို ရူးသွပ်မှု လို့ပဲ လူအများက သုံးသပ်ပါလိမ့်မယ်။ ပိုပြီး ဆိုးတာက အဲဒီဓားကြီးကို ကိုင်ပြီး အိမ်က လူတွေကို ခုတ်မယ်တကဲကဲ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ အိမ်တအိမ်မှာ အဲလိုအရူးက အိမ်ထောင်ဦးစီး လုပ်နေလို့ မရတာကတော့ အသေအချာပါပဲ။ အရူးကို မဖယ်ရှားနိုင်ရင်တော့ အဲဒီအိမ်တအိမ်လုံး ဒုက္ခဆင်းရဲ ကြုံကြရမှာပါ။

နိုင်ငံတွေမှာလဲ ဒီလိုပဲ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေတိုင်းမှာ စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းပဲ သုံးစွဲကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ဂျီဒီပီများလေ စစ်အသုံးစရိတ်ကလဲ ကြီးလာလေလေပါပဲ။ နိုင်ငံရဲ့ National Power ကလဲ တိုးလာလေလေပါပဲ။ ရေမြင့်လို့ ကြာတင့်တာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ တိုင်းပြည်စီးပွားရေးကလဲ ဆုတ်ယုတ်၊ စစ်အသုံးစရိတ်ကလဲ ကြီး၊ စစ်အသုံးစရိတ်ကြီးလာလို့ စီးပွားရေးက ပိုဆုတ်ယုတ်နဲ့ သံသရာလည်နေတဲ့ နိုင်ငံတွေကတော့ ဘယ်လောက်ပဲ ကြိုးစားပေမယ့်လဲ နိုင်ငံတကာ စစ်အင်အား အဆင့်အတန်းကလဲ မမှီနိုင်၊ စီးပွားရေးအင်အား အဆင့်အတန်းကလဲ ဆုတ်ယုတ်ပျက်စီး၊ အုပ်ချုပ်သူတွေကို အဖိနှိပ်ခံပြည်သူတွေက တော်လှန်လာကြတဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုကလဲ မရ၊ နိုင်ငံတော်အုပ်ချုပ်သူများ အတွက်ကလဲ ဘယ်အရာကို ဘယ်အချိန်မှာ ဦးစားပေးရမှန်း မသိပဲ ၀မရှိပဲ ၀ိလုပ်ချင်တဲ့ မိုက်မဲရူးသွပ်နေသူများအဖြစ်သာ ကမ္ဘာက သတ်မှတ်ခံရနဲ့ national power လဲ မရ၊ တိုင်းပြည်သိက္ခာကျတာပဲ အဖတ်တင်ကျန်ရစ်တတ်ပါတယ်။ ရေမမြင့်တဲ့အတွက် ကြာလဲ မတင့်ပါ။ ဖွတ်မရ၊ ဓားမဆုံးပြီး၊ နိုင်ငံသူ၊ နိုင်ငံသားတွေမှာသာ ရေနည်းငါး ဘ၀လို မျက်နှာငယ်ကြရပါတော့တယ်။

အမျိုးအစားကွဲပြားမှုများ

Realists တွေက နိုင်ငံတနိုင်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာကို အမျိုးအစားလေးမျိုး ခွဲခြားပြီး ဖော်ပြလေ့ရှိကြပါတယ်။ ပထမအမျိုးအစားကတော့ အရေးကြီးမှုအပေါ်မှာ အခြေခံပြီး အမျိုးသားအကျိုးစီးပွားဆိုတာကို vital interests နဲ့ secondary interests ဆိုပြီး ခွဲခြားဖော်ပြပါတယ်။ ဥပမာ- စစ်အေးကာလတုန်းက ကျူးဘားမှာ ဘယ်လို missiles မှ မရှိစေရဘူးဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ vital interest ဖြစ်ပါတယ်။ စစ်အေးကာလနှောင်းပိုင်းမှ ကမ္ဘာ့ ရေနံရောင်းလိုအားကို ဘယ်နိုင်ငံကမှ ထိန်းချုပ်ခြင်း မရှိစေရဆိုတာက အမေရိကန်ရဲ့ secondary interest ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ ရေတိုရေရှည် အချိန်ကာလအပေါ်မှာ အခြေခံပြီး temporary interests နဲ့ permanent interests ဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ ဥပမာ- အီရန်ကို ဆန့်ကျင်ဖို့ အီရတ်ကို ကူညီတာ စတာမျိုးက temporary interests ဖြစ်ပါတယ်။ Western Hemisphere မှာ hostile power မရှိရဘူးဆိုတာက အမေရိကန်ရဲ့ permanent interest ဖြစ်ပါတယ်။

တတိယအမျိုးအစားကတော့ တိကျသောသတ်မှတ်ချက်ပေါ်မှာ အခြေခံပြီး specific interests နဲ့ general interests ခွဲခြားသတ်မှတ်ချက်ဖြစ်ပါတယ်။ ဥပမာ- ဂျပန် ကုန်သွယ်မှု အတားအဆီးတွေ မရှိရဘူးဆိုတာက specific interest ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ general interest ပဲ ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစားကတော့ compatibility ပေါ်မှာ အခြေခံပြီး complementary interests နဲ့ conflicting interests ဆိုပြီး ခွဲခြားသတ်မှတ်မှု ဖြစ်ပါတယ်။ ဥပမာ- ကိုဆိုဗိုအရေးမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုက complementary interest ဖြစ်ပြီး၊ ဆာဗ့်တွေကို ရုရှားတွေက ကူညီမှုကကျတော့ conflicting interest ဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေမှာ ဒီလိုအမျိုးအစား ကွဲပြားမှုတွေက အလွန်အရေးကြီးပါတယ်။ ဥပမာ- တခြားနိုင်ငံတခုရဲ့ လူ့အခွင့်အရေးကိစ္စတွေဆိုတာက Permanent, general, secondary interests ဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေဟာ လူ့အခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံငယ်တွေ အပေါ်မှာသာ အရေးယူမှုတွေ ပြုလုပ်တတ်ပေမယ့် နိုင်ငံကြီးတွေအပေါ် ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာကျတော့ ရှေ့တန်းတင်လေ့ မရှိတတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာ ဒီအချက်ကို ထည့်သွင်းပြီး ဆွေးနွေးလေ့ရှိကြပါတယ်။ တရုတ်ပြည်ကို စီးပွားရေးပိတ်ဆို့အရေးယူခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်စေနိုင်မှု၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမှာ ဆိုးဝါးတဲ့ အကျိုးသက်ရောက်စေမှု၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်းချက်ရှိစေမှု စတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တွေက ရေးသား တင်ပြထားကြပါတယ်။ အထူးသဖြင့် မြောက်ကိုးရီးယားရဲ့ နယူးကလီးယားအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု လျော့နည်းသွားစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မြောက်ကိုးရီးယားအရေးဟာ အမေရိကန် ပြည်ထောင်စုရဲ့ specific interests ဖြစ်ပြီး၊ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကကျတော့ general interestsပဲ ဖြစ်တဲ့ အတွက် ပိုပြီး အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီလို competing interests တွေဖြစ်လာတဲ့အခါ ဘယ်လိုအကျိုးစီးပွားကို ဘယ်လိုအချိန်အတွက် ပိုပြီး ဦးစားပေးသင့်သလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ လေ့လာသုံးသပ်ပြီး ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အကြောင်းအရာ တခုတည်းပေါ်မှာတင် မူတည်ပြီး တနိုင်ငံနဲ့ တခြားတနိုင်ငံတို့ရဲ့ အကျိုးစီးပွားတွေက ထပ်တူမကျနိုင်ပါဘူး။ ဥပမာ- ဆားဗီးယားတွေက ကိုဆိုဗာ အယ်ဘေးနီးယားတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား သတ်မှတ်ချက်က general, temporary and secondary interests ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားရဲ့ အမျိုးသားအကျိုး စီးပွားသတ်မှတ်ချက်ကကျတော့ specific, permanent and vital interests ဖြစ်သွားပါပြီ။ ဒီလိုပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်ရင်လဲ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အကျိုးစီးပွားတွေက မတူညီပါဘူး။ လူ့အခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး စတာတွေနဲ့ ဆိုင်တဲ့အတွက် general and temporary interests ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒေသတွင်းသြဇာအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ရေးနဲ့ ဆိုင်တာဖြစ်ပေမယ့် ဒေသတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ သြဇာအာဏာ ကြီးထွားလာရေးကိုပါ တွဲစပ်ထားတာဖြစ်တဲ့အတွက် secondary interests အဆင့်မှာပဲ ရှိပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက်ကျတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတာကတကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အမေရိကန် ရေတပ်ထိန်းချုပ်ထားတဲ့ မလက်ကာရေလက်ကြားကနေ တဆင့် ဖြတ်စရာမလိုပဲ မြန်မာနိုင်ငံကနေ တဆင့် ဖြတ်သန်းတင်သွင်းနိုင်မယ့် အလားအလာ ရှိနေတာ၊ မဟာဗျူဟာ စီမံကိန်းတွေလဲ ရှိနေတာတွေက တကြောင်း၊ စစ်ရေး၊ နိုင်ငံရေးအချက်အချာ ဒေသ တခုဖြစ်နေတာက တကြောင်း စတာတွေကြောင့် မြန်မာ့အရေးဟာ specific, permanent and vital interests ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ထိပ်တိုက် ဖြစ်လာနိုင်စရာ အကြောင်း မရှိပါ။ အမျိုးသားအကျိုးစီးပွားနှစ်ခု ထပ်တူ မကျနေတဲ့အတွက် vital interests အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ နယ်မြေဒေသကို secondary interests အဖြစ် သတ်မှတ်ထားတဲ့ အမေရိကန်က စစ်အင်အားသုံးပြီး ၀င်လာနိုင်စရာ အကြောင်း မရှိရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို သတိမမူတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ- မြန်မာအတိုက်အခံတွေအနေနဲ့ အမေရိကန်တွေကပဲ အီရတ်ကို ၀င်သလို မြန်မာပြည်ကို ၀င်လာလေမလားဆိုပြီး စိတ်ကူးယဉ်မိသွားတတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အီရတ်က အမေရိကန်အတွက် vital interests ဆိုတာကို သတိပြုမိဖို့ လိုအပ်လှပါတယ်။ ဒီလို သတိမမူ၊ ဂူမမြင်တာတွေ များလာတဲ့အခါကျရင် “အမောင်၊ တောင်မှန်း၊ မြောက်မှန်း မသိ” ဖြစ်ကိန်း ဆိုက်တတ်တာကြောင့်ပါ။

နာဂစ်ကာလတုန်းက အမေရိကန်တပ်တွေ မြန်မာပြည်ကို ၀င်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Responsibility to Protect ထဲမှာ ပြဌာန်းထားတဲ့ အချက်တွေထဲမှာ သဘာဝဘေးအန္တရာယ်ဆိုတဲ့ စကားလုံး မပါဝင်ပါဘူး။ ဆွဲယူအသုံးပြုမှသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒီလိုဆွဲယူအသုံးပြုပြီးမှ ပြင်သစ်က ဦးဆောင်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်ပါတယ်။ လုံခြုံရေးကောင်စီဆိုတာကလဲ log-rolling problem ရှိတဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မကျလာပါဘူး။ အဲဒီအခါမှာ ကမ္ဘာ့ကုလသမဂ္ဂက authorised လုပ်တဲ့ multilateral intervention မဟုတ်တဲ့ coalition အသွင်သဏ္ဍာန်နဲ့ multilateral intervention တွေ၊ unilateral intervention စတာတွေကို ထပ်မံတောင်းဆိုကြပါတယ်။ ဒါပေမယ့် ၀င်ရောက်ခြင်း မပြုခဲ့ကြပါဘူး။ အဓိကကတော့ ဖြစ်တဲ့ ကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ အစိုးရရဲ့ လျစ်လျူရှုမှု ဖြစ်တဲ့ အတွက် တခြားနိုင်ငံတွေအတွက် general, temporary, secondary interests ဖြစ်နေရခြင်းကြောင့်ပါပဲ။ နိုင်ငံတကာ ဥပဒေအရမှာလဲ legitimized intervention မဖြစ်နိုင်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ အများအပြား ရှိလာနိုင်လို့ဖြစ်ပါတယ်။ ဒီလို အမျိုးသားအကျိုးစီးပွား သဘောတရားကို သတိမမူတဲ့ အတိုက်အခံတွေက ဒါကို နိုင်ငံတကာက ပါးစပ်နဲ့ပဲ ပြောတယ်၊ ဘာရယ်နဲ့ အပြစ်တင်ဝေဖန်ကြပြန်ပါတယ်။ အာဏာရှင်ဘက်တော်သားတွေကလဲ အမေရိကန်နဲ့ ဥရောပတို့ကပဲ သူတို့ရဲ့ စစ်အင်အားကို ကြောက်လန့်လို့ မ၀င်ရဲသလိုလို ဆိုကြပြန်ပါတယ်။ ဒါကို အကြောင်းပြုပြီး တဘက်နဲ့ တဘက် အင်တာနက်ပေါ်မှာ ငြင်းခုန်ရန်ဖြစ်နေကြသူတွေကလဲ ရှိပြန်ပါသေးတယ်။ တောထဲမှာ အလေ့ကျပေါက်တဲ့ အရွက်ကို ခုမှ စမြင်သူအချင်းချင်း တယောက်က အေ အရွက်လို့ပြော၊ နောက်တယောက်က ဘီ အရွက်လို့ ပြောပြီး ငြင်းနေကြတာနဲ့ အတူတူပါပဲ။ အချိန်ကုန်၊ လူပမ်းပြီး ဘာမှလဲ အကျိုးရှိတာ မဟုတ်ပါ။

ဒီကြားထဲ ကိုးကိုးကျွန်းကို အမေရိကန်ရေတပ်ကို နှစ်တရာတပ်စွဲခွင့်ပေးပြီး၊ မြန်မာကို အမေရိကန် ၀င်ပေးပါလို့ ပြောပေးကြပါ ဆိုတဲ့ စာတွေကလဲ ထွက်လာပြန်ပါသေးတယ်။ ဒီထက် ပိုဆိုးတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေပိုင်နက် အငြင်းပွားတာကို စစ်ဖြစ်လာရင်တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အမေရိကန်က ၀င်ကူညီပေးပြီး မြန်မာအာဏာရှင်စစ်တပ်ကို တိုက်လိမ့်မယ် ဆိုတာမျိုးတွေ ပြောပြီး မြန်မာလူထုကို မဆက်စပ်၊ မသက်ဆိုင်တဲ့ အတွေးမှား၊ မျှော်လင့်ချက်မှားတွေ ပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတနိုင်ငံရဲ့ permanent and vital interests နဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ” ဆိုတာ မရှိနိုင်ကြောင်း ပြောဆိုထားခဲ့ဘူးပါတယ်။ နိုင်ငံ ခေါင်းဆောင်များစွာကလဲ အမြဲတမ်း မဟာမိတ်၊ အမြဲတမ်း ရန်ဘက် ဆိုတာ မရှိနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ဖြစ်ပါတယ်။
အခုလက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ဖို့ လိုအပ်တဲ့ အဓိက အချက်ကတော့ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို မဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ National Power ကို လျော့ကျစေနိုင်တယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ကနေ မြန်မာတမျိုးသားလုံးကို တောင်းဆိုလာတဲ့ temporary interests ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွက် permanent and vital interests ဖြစ်တဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ စတာတွေကို ဘယ်သူကမှ ဘာအကြောင်းကြောင့်မှ compromise လုပ်လို့ မရပါဘူး။

ကိုယ့်ရန်သူရဲ့ ရန်သူတိုင်းကို မိတ်ဆွေဖွဲ့လို့ မရပါဘူး။ ကိုယ့်ရန်သူရဲ့ မိတ်ဆွေတိုင်းကို ရန်သူသတ်မှတ်လို့ မရပါဘူး။ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ လက်လွတ် စပယ် လုပ်ကိုင်ဆုံးဖြတ်လို့ မရပါဘူး။ ဒီလိုပါပဲ။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာလဲ အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးစနစ် မှန်ကန်ကောင်းမွန် လာချိန်ကျမှ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေ၊ ပြည်သူ့ဆန္ဒခံယူပွဲတွေနဲ့ စဉ်းစားသတ်မှတ်ကြရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။ လူမျိုးစုသတ်မှတ်ရေး၊ နယ်မြေပိုင်နက် ခွဲဝေသတ်မှတ်ရေး ကိစ္စရပ်တွေ အားလုံးကို ဘယ်လိုလူတွေက ဘယ်လိုကတိတွေပဲ ပေးထားခဲ့သည်ဖြစ်စေ၊ ဘယ်လိုနိုင်ငံတွေက ထောက်ခံမှုပြုသည်ဖြစ်စေ ဒါတွေဟာ အကျုံးမ၀င်ပါဘူး။

ဘာတွေပဲ ပြောနေနေ လက်တွေ့မှာကျတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး မြန်မာတမျိုးသားလုံးရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး၊ လူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှုတွေ၊ အိမ်ကြက်ချင်း အိုးမဲသုပ်ပြီး ခွပ်ခိုင်းမှုတွေ ရှိနေသမျှကာလပတ်လုံး အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ တန်းတူညီမျှရေး ကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေတာက စစ်အာဏာရှင်စနစ်သာ ဖြစ်ပါတယ်။ တပ်မတော်မဟုတ်ဘူး။ ဒါပေမယ့် တပ်မတော်ဟာ စစ်အာဏာရှင်စနစ်ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့အတွက် ဖျက်ဆီးသူတွေထဲမှာ ပါဝင်နေတယ်။ ရဲတပ်ဖွဲ့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ မတရားတဲ့ ဥပဒေတွေကို ရဲတပ်ဖွဲ့က အသုံးပြုနေကြရတယ်။ ကြံ့ဖွံ့တွေ မဟုတ်ဘူး။ ဒါပေမယ့် အာဏာရှင်ဒေါက်တိုင်အဖြစ် စနစ်ကို ထောက်မထားသလို ဖြစ်နေတယ်။ ဒါကြောင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်ထဲ၊ ရဲတပ်ဖွဲ့ထဲ၊ ကြံ့ဖွံ့ထဲ ၀င်ရောက်ခဲ့သူတွေဟာ ပြည်သူ့ ရင်ခွင်ကို ခိုလှုံပြီး အာဏာရှင်စနစ်ကို ဖီဆန်ဆန့်ကျင်ဖို့ လိုအပ်လှပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်အာဏာရှင်စနစ်ဆိုး အောက်ကနေ လွတ်မြောက်ရေးအတွက် တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ အပါအ၀င် မြန်မာ တမျိုးသားလုံး လက်တွဲပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ဖော်ဆောင်နိုင်ဖို့က လက်တွေ့ကျသော လုပ်ငန်းစဉ် တိုက်ပွဲဝင်လမ်းကြောင်း တရပ်အဖြစ် လိုအပ်နေပြီ ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာကို အချို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေးတို့နဲ့ ယှဉ်ပြီး ပေါ်ထွက်လာတယ်လို့ ထင်တတ်ကြတယ်။ ဒါတွေဟာ strategy framework သဘောတရားအပေါ်မှာ ကွဲလွဲစွာ နားလည်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းဆောင်တာမှာမဆို ends (အဆုံးသတ် ပန်းတိုင်)၊ ways (သွားမယ်လမ်းကြောင်း) နဲ့ means (resources) သုံးမျိုး ဟန်ချက်ညီမှ အောင်မြင်နိုင်တာ ဖြစ်တယ်။ ကျောင်းသားတယောက်က ဘ၀မှာ ဘွဲ့တခုရဖို့ လိုအပ်တယ်လို့ ယူဆတယ်။ အဲဒီအခါမှာ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ကို ထားတယ်။ ဘွဲ့ရဖို့ ကြိုးစားမယ်ဆိုပြီးတော့လဲ မိဘဆွေမျိုး အသိုင်းအ၀ိုင်းကို ကြေညာတယ်။ ဒါက ends ဖြစ်တယ်။ ဒါပေမယ့် ဒါတခုတည်းနဲ့တင် မပြီးသေးဘူး။ ဒီလိုဘွဲ့ရဖို့အတွက် ဆယ်တန်းအောင်ရမယ်၊ တက္ကသိုလ် တက်ရမယ်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စာမေးပွဲတွေ အဆင့်ဆင့် ဖြေရမယ်။ ဒါက ways ဖြစ်တယ်။ ဒီလိုရှိရုံလောက်နဲ့လဲ မရသေးဘူး။ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်မယ့် လမ်းကြောင်း အဆင့်ဆင့်မှာ အချိန်ကုန်မယ်၊ ငွေကုန်မယ်၊ လူရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိမယ်။ ဒါတွေက means တွေပဲ ဖြစ်တယ်။

မြန်မာပြည်အရေးမှာဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဆိုတာတွေက မြန်မာနိုင်ငံ အနာဂတ်အတွက် လိုအပ်တဲ့ အမျိုးသားအကျိုးစီးပွားတွေ ဖြစ်တယ်။ တမျိုးသားလုံး ဦးတည်ရမယ့် ပန်းတိုင် ends ဖြစ်တယ်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာက ဒီပန်းတိုင်ကို ရောက်အောင်သွားဖို့ လမ်းကြောင်းအဆင့်ဆင့်ထဲက အဆင့် တဆင့်သာပဲ ဖြစ်ပါတယ်။ ways တွေထဲက တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းဖော်ဆောင်မှုတွေမှာ strategic picture တခုလုံးကို ခြုံငုံကြည့်ပြီးမှ complementary interests လား၊ competing interests လားဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုအပ်လှပါတယ်။ ဒီလိုမဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေလို့ကတော့ ဟင်္သာကိုးသိန်း ပျက်ကိန်း ကြုံပါလိမ့်မယ်။ ပင်လယ်ထဲ သင်္ဘောပျက်နေချိန်မှာ အသက်ကယ်လှေတွေပေါ် လူတွေရောက်ဖို့က အရေးကြီးပါတယ်။ သင်္ဘောပျက်နေမှ သင်္ဘောဆောက်ပြီး ကယ်ဖို့ လုပ်နေလို့မရပါဘူး။ သင်္ဘောဆောက်တာကတော့ ရေရှည်အတွက် ဆောက်ဖို့ လိုမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီသင်္ဘောနဲ့ပဲ ကယ်မယ်လုပ်နေလို့တော့ မရပါဘူး။ ရေတို၊ ရေရှည် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ရေရှည်ပဲ အာရုံစိုက်နေရင် နောက်တွန့်ပါတယ်။ ရေတိုပဲ အာရုံစိုက်နေရင် ရှေ့ကျွံပါတယ်။ ဟန်ချက်မညီရင် အောင်မြင်မှု ရမှာလဲ မဟုတ်ပါ။ ပြည်တွင်းပဋ္ဋိပက္ခမှာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပဋ္ဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာက မူဝါဒတွေ၊ မဟာဗျူဟာတွေကို အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားရဲ့ အမျိုးအစားကွဲပြားမှုတွေ အပေါ်မှာ အခြေခံပြီးမှ strategy framework ကို ချမှတ်မယ်ဆိုရင် အောင်မြင်ဖို့ အလားအလာတွေ ပိုရှိမှာ ဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အတိုချုပ်အနေနဲ့ ရေးသားတင်ပြပြီး မြန်မာပြည်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာအချို့ကို ယေဘုယျဥပမာအနေနဲ့ ထည့်သွင်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို သီးသန့်ရေးသားထားတဲ့ ဆောင်းပါး မဟုတ်ပါဘူး။ ရေးသားထုတ်ဝေဖို့ လိုအပ်သော အချိန်ကာလ မဟုတ်သေးပါ။ ကုလားစာ၊ ဘိုစာ၊ တရုတ်စာ ချက်စားဖို့ နေနေသာသာ မီးဖိုထဲ ဝေးလို့ အိမ်ထဲ တောင် ရောက်သေးတာ မဟုတ်ပဲ ဘိုစာကောင်းတယ်၊ တရုတ်စာ ကောင်းတယ်နဲ့ ငြင်းခုန်ဆွေးနွေးမှုတွေကိုလဲ စိတ်ပါဝင်စားမှု မရှိလှပါ။ ကုလားစာ ချက်လိုသူက တကယ်ချက်ရမယ့်အချိန်မှာ မှန်မှန်ကန်ကန် ချက်တတ်အောင် ပြင်ဆင်လေ့လာထားဖို့၊ ဘိုစာ ချက်လိုသူက မီးဖိုထဲရောက်မှ ဟိုဟာမသိ၊ ဒီဟာမသိနဲ့ အင်္ဂလန်မှ စားဖိုမှူးများ ပြန်ပင့်နေရတဲ့ ဘ၀ မရောက်ဖို့၊ တရုတ်စာ ချက်လိုသူကလဲ မီးဖိုထဲရောက်မှ ရွာရိုးကိုးပေါက် ပြန်ထွက်လျှောက်ပြီး သားလှီးဓား လိုက်ရှာနေရတဲ့ ဘ၀မရောက်ဖို့ကိုသာ ကိုယ့်အသိနှင့်ကိုယ် ၀ိုင်းဝန်းကြိုးပမ်း ပြင်ဆင်ထားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၂၅၊ ၂၊ ၂၀၁၀)

ရည်ညွှန်းကိုးကား-

St. Thomas Aquinas, Summa Theologica, 2-2ae, Quest. 40, Art. 1 in Aquinas, Selected Political Writings, trans. J. G. Dawson (Oxford: Blackwell, 1948).

Hans J. Morgenthau, Politics Among Nations (6th ed.; New York: Knopf, 1985).

Niccolo Machiavelli, The Prince and the Discourses (New York: Random House, 1940).

Morgenthau, “Alliances in Theory and Practice,” in Arnold Wolfers, ed., Alliance Policy in the Cold War (Baltimore: Johns Hopkins Univ. Press, 1959).

Donald E. Nuechterlein, America Overcommitted: United States National Interests in the 1980s (Lexington: Univ. of Kentucky Press, 1985)

K. J. Holsti, International Politics: A Framework for Analysis, 5th ed. (Englewood Cliffs, N.J.: Prentice Hall, 1988)

Paul M. Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict from 1500-2000 (New York: Random House, 1987)

Barry O’Neill, “Power and Satisfaction in the United Nations Security Council,” Journal of Conflict Resolution, 40 (June 1996), 219-37;

Stephen M. Wait, “The Search for a Science of Strategy, A Review Essay,” International Security, Summer 1987, Vol. 12, No. 1, pp. 142-143

အပြည့်အစုံဖတ်ချင်ရင်..>>>

songs for student movement

Tuesday, February 23, 2010

လျှပ်စစ်မီးရရှိရေး- ဒို့အရေး

ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရေး- ဒို့အရေး

စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး- ဒို့အရေး

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု- အောင်ရမည်။








(www.youtube.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

ပိုစတာ

Saturday, February 13, 2010




ဗိုလ်ချုပ်ပေးသော စစ်ပညာဖြင့်၊ ပြည်သူတွေကို မသတ်ပါနှင့်။

တပ်နှင့်ပြည်သူ၊ လက်တွဲကူ၍၊ အာဏာရှင်ကို ဖယ်ရှားစို့။

အပြည့်အစုံဖတ်ချင်ရင်..>>>

ဗိုလ်ချုပ်မွေးနေ့၊ ဒို့မမေ့

အပြည့်အစုံဖတ်ချင်ရင်..>>>

တို့ဗိုလ်ချုပ်ကမှာခဲ့တယ်၊ ‘ရရင်ရ၊ မရရင်ချ’

အချိန်ကား ၂ဝဝ၅ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်။
နေရာကား ရန်ကုန်တိုင်း၊ တွံ့တေးမြို့။

အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးအောင်ဖေက ကျူရှင်မှ တပည့်တွေကို ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးအကြောင်း ပြောပြပြီး၊ ဓာတ်ပုံကို အလေးပြုခဲ့သည်။ တစ်မျိုးသားလုံးကို သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကယ်တင်ခဲ့သည့် လွတ်လပ်ရေးဗိသုကာများကို တိုင်းသူပြည်သားများက လေးစားတာ၊ အရိုအသေပေးတာ နိုင်ငံတိုင်းမှာ ဖြစ်နေကျ၊ ရှိနေကျ။ သို့ပေမယ့် စစ်အာဏာရှင်ဆိုး ဖိနပ်အောက်က မြန်မာပြည်မှာတော့ ဤသည်ကပင် ပြစ်မှုတစ်ခုဖြစ်သွားခဲ့ကာ ဆရာဦးအောင်ဖေ ခမျာ မတရားအစိုးရ၏ အမျက်တော်ရှ၊ ထောင်တွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတော့သည်။ ထောင်ဒဏ်ကား သုံးနှစ်။ ဓာတ်ပုံလေးတစ်ပုံနှင့်ပင် စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှသဝန်တို မရှုစိမ့် ဖြစ်နေရပါသနည်း။ အဖြေက ရှင်းပါသည်။ ဗိုလ်ချုပ်ဆိုသော ရာထူးဂုဏ်ပုဒ်ချင်းတူပေမယ့် စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များက ဆီနှင့်ရေပမာ၊ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်ကိုး။



ယနေ့ခေတ်စစ်အာဏာရှင်များ သူတို့ပခုံးနှင့်ရင်ဘတ်ပေါ်တွင် မည်၍မည်မျှများပြားသော တံဆိပ်ကြီးများ၊ ရာထူးဂုဏ်ဆောင်များတပ်ဆင်ကာ ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသည်သော အမည်နာမတို့ကို ခံယူထားစေကာမူ ‘တို့ဗိုလ်ချုပ်’ဟု လူထုက ကြည်ညိုလေးစားစွာ အခေါ်ခံခဲ့ရသူ ကတော့ မြန်မာပြည်တွင် တစ်ဦးတည်းသာ ရှိခဲ့ပါသည်။ ထိုသူကား သခင်အောင်ဆန်း (ဝါ) ဗိုလ်ချုပ်အောင်ဆန်း။ မြန်မာတစ်မျိုးသားလုံးကို ကျွန်ဘဝမှ ကယ်တင်ခဲ့သူ၊ ကိုယ်ကျိုးမဖက်ပဲ လူထုအကျိုးကိုသာ သယ်ပိုးခဲ့သူ၊ နယ်ချဲ့အစိုးရတို့ နည်းမျိုးစုံဖြင့် သွေးခွဲနေသည့်ကြားမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ကျဉ်းနိုင်ခဲ့သူ၊ မြန်မာပြည်သူတို့အတွက် အသက်နှင့်ဘဝကို စွန့်လွှတ်ခဲ့သည့် တကယ့်ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတစ်ယောက်။

မြန်မာပြည်ကြီး ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုံး၍ သူ့ကျွန်ဘဝသို့ အလုံးစုံ ကျရောက်ပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်ကာလတစ်ခုတွင် မြန်မာပြည်အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ သူရဲကောင်း တစ်ဦး ဖွားမြင်လာခဲ့သည်။ အချိန်အတိအကျဆိုလျှင်တော့ (၁၉၁၅)ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်။ ‘ခေါင်းဆောင်ဟူသည် မွေးရာပါဖြစ်သည်’ဟု အချို့သော ခေါင်းဆောင်မှုပညာ လေ့လာသူ သုတေသနပညာရှင်များက ဆိုကြပါသည်။ အချို့ကလဲ ‘ခေါင်းဆောင်မှုဟူသည် လေ့ကျင့်ယူ၍ ရသည်’ဟု ဆိုကြသည်။ အဆိုပါ ပညာရှင်တို့သည် ဗိုလ်ချုပ်ကိုကား မွေးရာပါခေါင်းဆောင်ဟု သတ်မှတ်ကြမည်လား။ လေ့လာလေ့ကျင့်မှုမှ တိုးတက်လာသော ခေါင်းဆောင်ဟု သတ်မှတ်ကြမည်လား မသိ။ ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုကို ခေါင်းဆောင်မှု ပညာရပ် ရှုထောင့်မှ ဆန်းစစ်ထားသော စာတမ်းများကား ပေါ်ထွက်လာခြင်း မရှိသေး။ မည်သို့ဆိုစေ ခေါင်းဆောင်ကောင်း အရည်အချင်းရှိ၍ လူထုက ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု တင်မြှောက်ခြင်း ခံခဲ့ရကဲ့သို့၊ လူထု၏ အသိအမှတ်ပြုမှုနဲ့ ထိုက်တန်စွာ ခေါင်းဆောင်ကောင်း ပီသခဲ့သူ ဖြစ်သည်မှာကား သိသာ ထင်ရှားလှပါသည်။

ခေါင်းဆောင်တယောက်၏ တာဝန်ယူမှု၊ တာဝန်သိမှုနှင့် မိမိခေါင်းဆောင်နေသည့် လုပ်ငန်းဆောင်တာ အပေါ်တွင် ထားရှိသော သစ္စာတရားတို့ကို ဗိုလ်ချုပ်ထံတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပါသည်။အထင်ရှားဆုံး ဥပမာ သာဓက တခုကား “ငရဲခွေးကြီးလွတ်နေပြီ” ဆောင်းပါး ဂယက်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းဘ၀၏ တာဝန်ယူမှုနှင့် သစ္စာရှိမှု။ ကျောင်းသားဘ၀တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ အလုပ်မှုဆောင် ကော်မတီဝင်ဖြစ်လာခဲ့ပြီး၊ သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်လာခဲ့သော အချိန်ကာလတွင် တာဝန်ယူထားသော အလုပ်နှင့် ရဲဘော်ရဲဘက်အပေါ်တွင် ထားရှိသော သစ္စာတရား၊ စွန့်လွှတ်အနစ်နာခံသည့် ခေါင်းဆောင်ပီသသော စိတ်ထားကား ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပါသည်။

(၁၉၃၆)ခု၊ ဖေဖော်ဝါရီလတွင် အိုးဝေမဂ္ဂဇင်းပါ “ငရဲခွေးကြီးလွတ်နေပြီ’ ဆောင်းပါးနှင့် ပတ်သက်သည့် အာဏာဖီဆန်ရေး ဂယက်ကြီး ပေါ်ထွက်လာခဲ့ပါသည်။ ဆောင်းပါးရေးသူ၏ အမည်ရင်းကို တက္ကသိုလ်အာဏာပိုင်တို့က မေးမြန်းစစ်ဆေးသော်လဲ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းသည် တာဝန်ခံအယ်ဒီတာ ပီသစွာ ဆောင်းပါးရေးသူ၏ အမည်ရင်းကို ထုတ်ဖော်မပြောခဲ့။ ရဲဘော်ရဲဘက် အချင်းချင်းအပေါ်တွင် သစ္စာစောင့်သိခဲ့သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်။ အာဏာပိုင်တို့၏ ကျောင်းမှထုတ်ပယ် အရေးယူမှုကို ကျေနပ်စွာ ခံယူခဲ့သည်။ မခံရပ်နိုင်သူများက အချင်းချင်း သစ္စာစောင့်သိတတ်သည့် တက္ကသိုလ်ကျောင်းသားများ။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရမှုကို ‘ငါနှင့်မဆိုင်၊ ငါဘီအေ၊ ဘီအယ်လ်၊ အိုင်စီအက်စ်ရပြီး အရေးပိုင်ဖြစ်ရင်ပြီးရော’ဟူသည့် စိတ်ထားမျိုး မထားခဲ့ကြ။ ကိုယ်ကျိုးရှာရုန်းထွက်လိုစိတ်တွေ မမွေးခဲ့ကြ။ လက်သည်းဆိတ်လျှင် လက်ထိတ်နာ ဆိုသကဲ့သို့ ဝန်းရံပေးခဲ့ကြပြီး၊ ကျောင်းသားသပိတ် အရေးတော်ပုံကြီးပင် ဖြစ်လာခဲ့ရသည်။ ‘စုစည်းမှုတစ်ရပ်ဆီမှ ထွက်ပေါ်လာသောအင်အားတစ်ရပ်ကို အဘယ်သို့သော အာဏာပိုင်သည် မာန်တင်းခံနိုင်ပါအံ့နည်း’။ နောက်ဆုံးတော့ အာဏာပိုင်များ အလျှော့ပေးကာ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

အရေးကြုံလာသော အခြေအနေနှင့် အချိန်အခါတွင် ကိုယ်လွတ်မရုန်းတတ်သော သူများကိုသာ လူအများက ခေါင်းဆောင်ကောင်းအဖြစ် အထင်ကြီး လေးစားတတ်ကြသည်မှာကလဲ လူ့သဘာဝ။ ခါတော်မှီခေါင်းဆောင်နှင့် လူအများရင်ထဲကို စွဲစွဲမြဲမြဲ စူးစိုက်ဝင်ရောက်နိုင်သည့် ခေါင်းဆောင် တို့၏ တန်ဖိုးက တခြားစီဖြစ်သည်။ ခေါင်းဆောင်ဟူသည် ဆုတ်ခွာချိန်တွင်ပင် နောက်လိုက်များကို စွန့်ခွာမထားခဲ့ရ။ ပြေးဖို့ လိုအပ်လျှင်လဲ ကိုယ်လွတ်ရုန်း မပြေးရ။ ထမ်းပိုးပြေးသင့်လျှင်ပင် ထမ်းပိုးပြေးရမည်။ တာဝန်ခံရမည်။ တာဝန်ယူရမည်။ အနစ်နာခံရမည်။ “နောက်ကျခြေထောက်၊ သစ္စာဖောက်” ဆိုပြီး အရေးကြုံသည့်အချိန်တွင် စွန့်ခွာ ပြေးတတ်သူများကို ခါတော်မှီခေါင်းဆောင် ဖြစ်နေစေကာမူ ခေါင်းဆောင်ကောင်းအဖြစ် လူအများက သတ်မှတ်လေ့မရှိကြ။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကား ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းနှင့် သတ္တိသွေးတို့ ပြည့်စုံလှသည်ဖြစ်ရာ ကျောင်းသားခေါင်းဆောင်ဘ၀မှ အမျိုးသားခေါင်းဆောင်အဖြစ်သို့ တမုဟုတ်ချင်း ရောက်ရှိလာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဥက္ကဌ၊ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ရန် လူအများက ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ထိုမှတဆင့် တို့ဗမာအစည်းအရုံးဝင်ဖြစ်ကာ သခင်အမည်ခံယူ၍ သခင်အောင်ဆန်းဟူ၍ မြန်မာပြည်တဝှမ်းဝှမ်း ဟိုးဟိုးကျော်လာသောအခါတွင်ကား နယ်ချဲ့တို့ လျစ်လျူမရှုရဲကြတော့။ ဆုငွေထုတ်၊ ဖမ်းဝရမ်းထုတ်ကာ အပူတပြင်း လိုက်လံ ဖမ်းဆီးကြတော့သည်။

သခင်အောင်ဆန်းကား ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆက်စပ်စဉ်းစားနိုင်သော အမြော်အမြင်ရှိသည့် ခေါင်းဆောင်ကောင်း တစ်ဦးလည်းဖြစ်သည်။ မည်သို့သောအခြေအနေတွင် မည်သည့်တိုက်ပွဲဝင်ပုံစံကို အကောင်အထည်ဖော်ရမည်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိသည်။ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ချပြဆွေးနွေးပြီး၊ သဘောတူဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်စွမ်းလဲ ရှိသည်။ လူအများနှင့် ချပြဆွေးနွေးရာတွင် လှေကားချ စည်းရုံးနိုင်စွမ်း ရှိရမည်။ “ငါသိ၊ ငါတတ်” သဘောမျိုးနှင့် အပေါ်စီးက ဆွေးနွေးတတ်သူကို မည်သူမှ ခေါင်းဆောင်ကောင်း မသတ်မှတ်။ “ငါ့စကားနွားရ” ပြောတတ်သူဟုသာ သတ်မှတ်ပြီး ရှောင်ဖယ်သွားလေ့ ရှိကြသည်။

သခင်အောင်ဆန်းကား အားတက်သရော ငြင်းခုန်ဆွေးနွေးတတ်သော်လည်း အချက်အလက်နှင့် ဆွေးနွေးတတ်သူဖြစ်သည်။ တောင်စဉ်ရေမရ ပြောချင်ရာ၊ ပြောနေတတ်သူ မဟုတ်။ မြန်မာလူ့ဘောင်၏ အခက်အခဲနှင့် အခြေအနေကို နားလည်သကဲ့သို့၊ ကမ္ဘာ့အခင်းအကျင်းကိုလဲ နားလည်ခဲ့သူ ဖြစ်သည်။ ကမ္ဘာစစ်ဖြစ်ပွားနေသော ခေတ်အခါသမယတွင် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် ကိုင်ဆောင်ခွင့် မရသော မြန်မာတို့အဖြစ်၊ တနေ့တခြား လုံးပါးပါးတော့မည်ကို သူနားလည်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေးမလုပ်ပဲ နယ်ချဲ့စနစ်ကို သုတ်သင်နိုင်မည်မဟုတ်ကြောင်း သိမြင်သည်။ ဤသို့သောအကြောင်းများဖြင့် ရဲဘော်သုံးကျိပ်ပေါ်လာခဲ့ကာ မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မွေးဖွားလာခဲ့ရသည်။ သခင်အောင်ဆန်းသည် မြန်မာ့ တပ်မတော်၏ ဖခင်ရင်းအစစ်။

နယ်ချဲ့ထွက်ပြီး၊ ဖက်ဆစ်ဝင်လာ၍ မင်းသားရုပ်ကိုခွာကာ ဘီလူးရုပ်ကို လှစ်ပြပြန်တော့လဲ ဖက်ဆစ်ပေးထားသော ရာထူးစည်းစိမ်တို့တွင် မွေ့လျော်ခြင်းမရှိ။ ပြည်သူ့မျက်နှာ တစ်မျက်နှာတည်းကိုသာ ကြည့်ခဲ့သည်။ ပြည်သူ့သစ္စာကိုသာခံယူခဲ့သည်။ နိုင်ငံတကာအခြေအနေကို စောင့်စားခဲ့သည်။ အချိန်အခါကောင်းကို စောင့်၍ ဂျပန်တို့ ကမ္ဘာစစ်တွင် အရေးနိမ့်စ ပြုလာသောအချိန်တွင်မှ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်လူထု တစ်ရပ်လုံးပါဝင်သည့် ဖက်ဆစ်တော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွှဲခဲ့သည်။ အခွင့်အခါကောင်းကို စနစ်တကျ အသုံးချတတ်ခဲ့သူ ဖြစ်သည်။

ဖက်ဆစ်တော်လှန်ရေးအပြီး၊ ဖတပလမှ အမည်ပြောင်းလာသော ဖဆပလအဖွဲ့ချုပ်ကြီး၏ ဥက္ကဌအဖြစ် အရွေးချယ်ခံရပြီး မြန်မာ့လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းဝင် အောင်ဆန်း၊ အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်မနှင့် တောင်တန်းသားများ သွေးစည်းညီညွတ်ရေးအတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ ပြည်ထောင်စုကြီး မပြိုကွဲအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

တောင်တန်းဒေသများတို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးပြီး နောက်တနေ့၌ ဒူးဝါးကြီးဆမားဆင်ဝါနောင်သည် တာဝါလိမ်းအိမ်ရှိ ဗိုလ်ချုပ်ရုပ်ကလာဘ်ကိုကြည့်ပြီး မျက်ရည်ပေါက်ကြီးငယ်ပင် ကျခဲ့သည်။ ဤမျှအထိ တောင်တန်းသား ခေါင်းဆောင်ကြီးများ၏ ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သူဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေးတွင် ဂျင်းဖော၊ ကရင်၊မွန်၊ချင်း၊ သျှမ်းစသော တိုင်းရင်းသားများအားလုံး ဗမာများနှင့်အတူ လက်တွဲပါဝင်ခဲ့ပုံနှင့် ပတ်သက်၍ ဦးပုကလေးရေးသားသော ‘ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ’ စာအုပ်တွင် ‘ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ဘွား တိုင်းရင်းသား အားလုံးအပေါ် ညီရင်းအစ်ကို ဆွေမျိုးဥာတိအစစ်ကဲ့သို့ ယူဆထားလျက် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်သည့်ဘက်ကမှ မငဲ့ညှာပဲ အဂတိတရားကင်းရှင်းစွာ ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးလိမ့်မည် ဟူသော အသိဥာဏ်သည် တိုင်းရင်းသား လူနည်းစုတိုင်း၏ ဦးနှောက်တွင် စွဲမြဲလျက်ရှိလေပြီ’ ဟူ၍ ဗိုလ်ထွန်းလှက နိဒါန်းရေးထားခဲ့လေသည်။

ထိုသို့ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ ချစ်ခင်လေးစား၊ အားကိုးအားထားခြင်းကို ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းကား ၁၉၄၇ခု၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် မသမာသူများ လက်ချက်ကြောင့်၊ အခြားအစိုးရအဖွဲ့ဝင် ခေါင်းဆောင်ကြီးများ၊ သက်တော်စောင့် ကိုထွေးတို့နှင့်အတူ ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်ကား သူချစ်သော မြန်မာပြည်သူပြည်သားတို့အတွက် သူ၏ အသက်ခန္ဓာကို ပေးလှူသွားခဲ့သည်။ မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာ ဗိုလ်ချုပ်ကျေးဇူးကြီးမားပေစွတကား။

သို့ပေမယ့် ကျေးဇူးဟူသည် ကျေးဇူးသိနေရုံနှင့် မပြီးသေး။ “ဗိုလ်ချုပ်ပုံကို အိမ်မှာချိတ်ကာ နေ့စဉ်ထိုင်ကန်တော့ပါသည်၊ ဗိုလ်ချုပ်မွေးနေ့တိုင်း အခမ်းအနားတွေ ကျင်းပပါသည်” ဆိုသည်က ကျေးဇူးသိတတ်မှုမျှသာ ဖြစ်သည်။ ကျေးဇူးဆပ်ခြင်းကား မဟုတ်။ ကျေးဇူးသိလျှင် ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြဖို့လိုသည်။

ဗိုလ်ချုပ်၏ ကျေးဇူးအားဆပ်ရန်နှင့် ပတ်သက်၍ ဆရာကြီးရန်အောင်က

‘မြန်မာပြည်ဖွား၊ ပြည်ထောင်သားတို့
ကွဲပြားမရှိ၊ မြင်လိုဘိ၏။
နတ္ထိဝမ်းစာ၊ စုတ်ချာအိုးအိမ်
ရောင်မှိန်အဝတ်၊ မွဲငတ်အလုပ်သမား
လယ်သမားတို့၊ ဖွံ့ထွားချမ်းသာ
ဆန္ဒာတောင့်တ၊ တွေ့လိုလှ၏။
မွေးဖဗိုလ်ချုပ်
အားထုတ်တောင့်တ၊အဝဝကို
စေ့ငပြီးပြေ၊ ဆောင်ရွက်လေလျှင်
မည်ပေကျေးဇူးဆပ်ခြင်းတည်း’ဟု စပ်ဆိုခဲ့လေသည်။

ယခုကား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ အနှစ်ခြောက်ဆယ်ကျော် ခဲ့လေပြီ။ သူအသက်ပေးပြီး ရယူပေးခဲ့သည့် လွတ်လပ်ရေးအရသာကို သူချစ်သော တိုင်းရင်းသားပြည်သူများကား ယခုအချိန်ထိ မခံစားကြရသေး။ ဤအဖြစ်ကိုသာ တမလွန်မှ တွေ့မြင်နေပါက မည်မျှ ဝမ်းနည်းနေရှာမည်မသိ။ သူတည်ထောင်ခဲ့သော ပြည်သူ့တပ်မတော်ကြီး၊ စစ်အာဏာရှင်လက်ကိုင်ဒုတ် လူသတ်စစ်တပ်ကြီးအဖြစ်သို့ အသွင်ကူးပြောင်းနေသည်ကို ကြည့်ရင်းဖြင့်လည်း မည်မျှ နှမြောတသ ဖြစ်နေမည်မသိ။ သူမြင်တွေ့လိုသော ပြည့်စုံကုံလုံသည့် မြန်မာပြည်သူပြည်သားတို့ဘဝမှာ အာဏာရှင် လက်ပါးစေများကြောင့် မသေချာမရေရာ၊ ပုံပြင်ပမာဖြစ်နေရသည်ကို တွေ့မြင်ရင်း မည်မျှ ယူကြုံးမရ ဖြစ်နေရှာမည်မသိ။ (၁၉၈၉)ခုနှစ်က သူကျဆုံးခဲ့သော အာဇာနည်နေ့အထိမ်းအမှတ် နှစ်ပတ်လည် ချီတက်ပွဲအား ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်းလမ်းဆုံအထွက်၊ ဗီယက်နမ်သံရုံးရှေ့တွင် အာဏာရှင်များက ပိတ်ဆို့တားဆီး၊ ဝိုင်းဝန်း ရိုက်နှက်သဖြင့် သွေးချောင်းစီးဖြစ်ခဲ့ရသည်ကို ကြည့်ရင်းဖြင့် လူထုကြီးကိုယ်စား မည်မျှ ဒေါသထွက်နေရှာမည်မသိ။

မည်သို့ဆိုစေ သူသာ သက်ရှိထင်ရှား ရှိနေသည်ဆိုပါက ဒီမိုကရေစီတိုက်ပွဲဝင်နေကြသော မြန်မာပြည်သူ လူထုကြီးအား စကားတစ်ခွန်းတော့ သေချာပေါက်မှာလိမ့်မည် မလွဲပါ။ ဤအရာသည် ‘ရရင်ရ၊ မရရင်ချ’ မှလွဲ၍ မည်သည်များ ဖြစ်နိုင်ပါဦးမည်နည်း။

ခင်မမမျိုး (၂၀၀၇)

(၂၀၀၇) ခုနှစ်က ရေးသားဖြန့်ဝေထားသော ဆောင်းပါးဟောင်း တပုဒ်ဖြစ်ပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

လွဲချော်နေသော ကာရန်များ

(၁)
အချိန်ကား (၂၀၀၅) ခုနှစ်။
နေရာကား မန္တလေး ရတနာပုံတက္ကသိုလ်။

သမိန်ပေါသွပ် ကာတွန်း စာအုပ်လေးတအုပ်ကို သဲကြီးမဲကြီးဖတ်ရင်း ၀တ်မှုန်နဒီတယောက် တော်တော် အူမြူးနေလေသည်။ ပထွေးနှင့် နေရသော ဘ၀မှာ ဒီလို စိတ်ပျော်ရွှင်စရာလေးများကို ရှာကြံတတ်မှ။ နိုင်ငံတော်အစိုးရကြီး၏ ပညာရေးအဆင့်မြှင့်ပေးသည့် ကောင်းမှုကုသိုလ်ကိုပဲ သာဓုခေါ်လေရမလား မသိ။ တက္ကသိုလ်ကြီး တခုလုံးတွင် နိုင်ငံရေးမှ လွဲ၍ အရာရာကို ခွင့်ပြုထားလေသည်။ ထန်းတောကြီးအနီးတွင် ဖြစ်သည်မို့ မူးယစ်ပျော်ပါးချင်သူများအတွက် အဆင်သင့်ရုံမက ချုံနွယ်ပိတ်ပေါင်းများကလဲ များပြားလှသည်မို့ ချုံခိုလိုသူ စုံတွဲများအတွက်ကလဲ ရေကန်အသင့်၊ ကြာအသင့်။ ကျောင်းတက်ချိန်ဆိုပေမယ့်လဲ ကင်တင်းများမှာ လူအပြည့်။ တနှစ်ကို တရာခိုင်နှုန်းလောက်ပဲ စာမေးပွဲချရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် ကိုယ်က အညံ့ဆုံးမဟုတ်ရင် စိတ်သိပ်ပူစရာ မလို။ အတန်းလဲ တက်ဖို့ သိပ်မလိုလှ။ စာမေးပွဲနီးရင် အနီးကပ်ကျူရှင်လေးတက်။ မေးခွန်းနဲ့ အဖြေအတွဲကလေးယူ။ မိတ္တူဆိုင်မှာ စာလုံးလေးတွေ ချုံ့ပြီးကူး။ ဘာချာခေါက်ကလေး ခေါက်သွားရုံသာ။ တခုတော့ ရှိပါသည်။ ဘယ်မေးခွန်းမှာ ဘာကို ဖြေရမယ်ဆိုတဲ့ အမေးနဲ့ အဖြေတွဲသိဖို့တော့ လိုပါသည်။ ကိုယ့်ခုံအမှတ်ကို မမေ့မလျော့ အဖြေလွှာထဲမှာ တပ်ခဲ့ဖို့တော့ လိုပါသည်။ ကူးတာတောင် မေးခွန်းနဲ့ အဖြေမှားကူးလို့ ကျသွားတတ်သူတွေလဲ ရှိသည်ဆိုတော့ ဒါလေးကတော့ တော်တော်ဂရုစိုက်ဖို့ လိုပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်လျှင် ဘွဲ့ရမည်ကတော့ မုချ။ ဒီတော့လဲ သမိန်ပေါသွပ် ကာတွန်းလေး ဖတ်ဖို့ အချိန်ရသည်ပေါ့။



“ဟဲ့။ ၀တ်မှုန်။ နင်က ကျောင်းပြေးပြီး ဒီမှာ လာထိုင်နေတယ်ပေါ့လေ”
ထွေးလေးက ပြောပြောဆိုဆိုနှင့် ရောက်လာသည်။ စားပွဲပေါ်က အကြော်တခုကို ကောက်ဝါး လိုက်သေးသည်။

“စာမေးပွဲမှ မနီးသေးတာ။ ဘာလုပ်မှာလဲဟယ်”
“ဟဲ့။ ပညာသင်နေတာလေ။ ဘာလုပ်ရမတုန်း။ ကျောင်းသားဆိုတာ ကျောင်းတက်ရမယ်။ ပညာဆည်းပူးရမယ်။ ပညာရေးအကြောင်း တွေးရမယ်လေ၊ ဟုတ်ဘူးလား”

“ဘာလုပ်မှာတုန်းဟဲ့။ ခေါင်းထဲ ထည့်မနေနဲ့။ ငါ့ကို အတန်းထဲမှာ စာတော်တဲ့လူလို့ လူတွေက အသိအမှတ်ပြုပြီးသား။ ငါစာကျက်နေမှာပဲ လို့လဲ သူတို့ ထင်ထားပြီးသား။ လုပ်မနေနဲ့။ စာမေးပွဲရာသီရောက်ရင် စာအုပ်လေးတကိုင်ကိုင်နဲ့ စာတွေကျက်ပြ၊ လူတွေကို စာကျက်ဖို့ လိုက်ပြောပြလိုက်မယ်ဟာ။ ပြီးရင် ဆိုင်ရာပိုင်ရာလေးတွေကို ဆက်သွယ်လိုက်။ ခွံ့ကျွေးလိုက်။ ငါ့နာမည်ကို ဘယ်သူက ကျော်နိုင်မလဲ။ ဟုတ်ဘူးလား”

“နင့်ဟာကလဲ မဟုတ်သေးပါဘူးဟယ်။ ရာသီပေါ် သီးနှံရောင်းနေတာ ကျနေတာပဲ”

“နင်ဟာလေ။ ငတုံးမပဲ ထွေးလေးရဲ့။ လောကကြီးဆိုတာ ဒီလိုပဲ ခပ်နပ်နပ် နေရတယ်။ မဟုတ်ရင် ငါက စာတွေရဲ့ ထောင်ချောက်ထဲ ရောက်သွားမှာပေါ့။ ထောင်ကျတယ်ဆိုတာ မကောင်းဘူးဟဲ့။ ငါ့လိုပဲ လွတ်လွတ်လပ်လပ်နေ။ နာမည်ကောင်းယူ။ ဆရာလုပ်။ ဟုတ်ပြီလား”

ဝတ်မှုန်နဒီအား ကြည့်ရင်း ထွေးလေး တယောက် ခေါင်းကို တတွင်တွင် ကုတ်နေတော့သည်။

(၂)

“မမရွှေရည်ဦး။ ခဏထိုင်မယ်နော်”

ထွေးလေးတယောက် ခေါင်းကို တတွင်တွင် ကုတ်နေဆဲ ကယ်တင်ရှင်က ပေါ်လာသည်။ ပထမနှစ်မှ ကျောင်းသူလေးတယောက်။ ၀တ်မှုန်နဒီရဲ့ ကျောင်းနာမည်က ရွှေရည်ဦး။ နောက်ဆုံးနှစ်မှာ အတန်းကိုယ်စားလှယ်ဖြစ်ပြီး၊ စာတော်သူလို့ နာမည်ကြီးသူမို့ ထွေးလေးတို့ မေဂျာမှာ ရွှေရည်ဦးဆိုလျှင် မသိသူကား မရှိ။

“အေးအေး။ ထိုင်လေ။ ညီမလေး”

သမိန်ပေါသွပ် စာအုပ်ကို လွယ်အိတ်ထဲသို့ မသိမသာ ထိုးထည့်ရင်း ၀တ်မှုန်နဒီက ဖိတ်ခေါ်လိုက်သည်။ စာအုပ်တပိုင်းတစ ပေါ်သွားမှာစိုးလို့ ထွေးလေးက လွယ်အိတ်ကို သူမဘက်ဆွဲပေးလိုက်ရသေးသည်။

“ဒီဘက်ထွက်လာတော့လေ။ မမကို တွေ့လိုက်ရတာ အရမ်းဝမ်းသာသွားတာပဲ။ ဒါနဲ့ လာမိတ်ဆက်တာ။ ဟိုနေ့ကကျတော့ အတန်းကိုယ်စားလှယ်တွေ ရောနေတာဆိုတော့ မမ မမှတ်မိမှာစိုးလို့”

“လူကိုတော့ မှတ်မိပါတယ်။ နာမည်တော့ သိပ်မမှတ်မိလိုက်ဘူး။ မမကလေ လူတွေအများကြီးနဲ့ တွေ့ရတာဆိုတော့။ ဒီလိုပါပဲ။ ကျော်ဟိန်းကို လူသိများပေမယ့် ကျော်ဟိန်းကတော့ လူတိုင်းကို မသိဘူးပေါ့”

ပြောတာက နည်းနည်းလွန်နေသဖြင့် ထွေးလေးက ၀တ်မှုန်ခြေထောက်ကို ဖိကန်လိုက်သည်။

“အမယ်လေး”
“ဘာဖြစ်လို့လဲဟင် မမ”

“ဘာမှ မဖြစ်ပါဘူး။ ပုရွက်ဆိတ်”
“ရှင်”

ပထမနှစ်ကလေးမလေးက ပြူးကြောင်ကြောင်နှင့် ပြန်ရွတ်လေသည်။

“ကင်တင်းတွေကလေ မြေကြီးပေါ်မှာ ဆိုတော့ ပုရွက်ဆိတ်တွေရှိတယ်နော်။ ခြေထောက်ကို ပုရွက်ဆိတ်ကိုက်လို့။ ဒီလိုပါပဲ ငါ့ညီမရယ်။ ဒါကလဲ အစ်မတို့ တိုင်းပြည်မို့သာပေါ့။ အင်္ဂလန်မှာသာဆို ဒီကိစ္စဟာ ဆိုင်ကို တရားစွဲလို့ ရပြီ”

“မမက အင်္ဂလန်လဲ ရောက်ဖူးတာလား။ ဘယ်တုန်းကလဲ မမ။ ညီမလဲ အရင်အပတ်ကမှ အလည်သွားပြီး ပြန်လာတာ”

ကောင်မလေး စကားဆုံးတော့ ၀တ်မှုန်နဒီ (ခေါ်) ရွှေရည်ဦး အသံက ခဏတိတ်သွားသည်။ တကျောင်းလုံးက လူတွေနှင့် စကားပြောရာတွင် အင်္ဂလန်ပြောလိုက်၊ ဥရောပ ပြောလိုက်၊ စင်ကာပူ ပြောလိုက်နှင့် ဟိုမှာဆိုဘယ်လို၊ ဒီမှာဆို ဘယ်လို ပြောတော့ လူတွေက အထင်ကြီး မဆုံးကြ။ ခုမှ တကယ်ရောက်ဖူးသူနှင့် မျက်ဝါးထင်ထင် ကြုံရတာ ဆိုတော့ ဘာဆက်ပြောရမှန်းမသိ။ မြိုင်ရာဇာ တွတ်ပီ၏ “ဒီနေ့ကံမကောင်းပါလား” မျက်နှာ မဖြစ်သွားအောင် သတိထားလိုက်ရသည်။ ထွေးလေးကတော့ ဗိုက်ကလေး မျက်နှာ ဖြစ်သွားသည်။ သို့ပေမယ့် တကျောင်းလုံးမှာ နာမည်ကြီးနေသည့် ရွှေရည်ဦးပေပဲ။ ဒီလောက်တော့ နပ်သည်လေ။

“ဒါတွေက ထားလိုက်ပါတော့ ညီမလေးရယ်။ ဒီအကြောင်းတွေ ပြောရရင် ပြီးမှာကိုး မဟုတ်တော့ဘူး။ ညီမလေး နာမည် အရင်ပြောပါဦး။ အစ်မမှတ်မိအောင်”
“ထက်မျိုးနွယ်ပါ မမ”
“သြော်- နာမည်လေးက လှတယ်နော်။ မမလဲ ကိုယ့်ဟာကို ပြန်မိတ်ဆက်ရဦးမယ်”
“မမကိုတော့ သိပါတယ် မမရဲ့။ မမနာမည်က ဒီလောက်ကြီးနေတာ”

ထက်မျိုးနွယ်စကားသံဆုံးတော့ ရွှေရည်ဦး၏ တဟင်းဟင်း ရီသံလေးက ထွက်လာသည်။
“ဟင်းဟင်း။ ညီမလေး။ ဘာစားမလဲ။ တခုခု မှာဦးလေ”
“စားလာပါပြီမမ။ ညီမက မမနဲ့ တွေ့ပြီး စကားပြောကြည့်ချင်ရုံ သက်သက်ပါ”

“ဒီကောင်မလေး မဆိုးဘူး” လို့ ထွေးလေး စဉ်းစားလိုက်မိသည်။ တကူးတက လာတွေ့သူတွေဆိုတော့ မှာစားပြီးလျှင် ဒီအတိုင်း ဘယ်သူက ထပြန်လို့ ကောင်းပါမည်လဲ။ အရင်မှာထားတာတွေပါ ပေါင်းပြီး အားနာပါးနာ ရှင်းကြရသည် မဟုတ်လား။ ဒီကိစ္စမျိုးဆိုတာက ကြိုပြီး ခပ်ရှင်းရှင်းနေမှ ကောင်းသည့် ကိစ္စ။

“အင်း။ ဟုတ်တာပေါ့။ မမတို့တုန်းကလဲ ဒီလိုပဲ။ နာမည်ကြီး စီနီယာကြီးတွေဆို လိုက်တွေ့ပြီး ပညာယူရတာ။ စီနီယာဆိုကတည်းက ကိုယ့်ထက်အသက်ကြီးတယ်၊ အတွေ့အကြုံရှိတယ် မဟုတ်လား။ ဒီတော့ ပညာရှာရတာပေါ့နော်”

“ဟုတ်ကဲ့ မမ၊ မမပြောတာကို ညီမလက်ခံပါတယ်။ ဒါပေမယ့် စီနီယာဆိုတိုင်းတော့ ညီမ အထင်တကြီးနဲ့ ပညာ လိုက်မယူချင်ဘူး။ တော်ကြာနေ စာခိုးချတဲ့ ပညာတို့၊ ချုံခို အတတ်ပညာတို့တွေ သင်ပေးတာ ခံနေရပါဦးမယ်။ ဟဲဟဲ”

ထက်မျိုးနွယ်ပြောတော့ ရေနွေးကြမ်းသောက်နေသော ထွေးလေးတယောက် သီးမလို ဖြစ်သွားရသည်။ ၀တ်မှုန်ကတော့ ဟန်ဆောင်ကောင်းသူဆိုတော့ ဟန်မပျက်လှ။

“ဒီလိုရှိတယ် ညီမလေးရ”
ဒီအသံထွက်လာသည်နှင့် ထွေးလေးတယောက် စိတ်ဓာတ်ကျသွားသည်။ အတန်းအားချိန်လေး ကင်တင်းဘက် ထွက်လာမိတာ မှားပြီထင်သည်။ ညနေအတန်းတွေ တက်ရတော့မှာ မဟုတ်။ သူစိမ်းရှေ့မှာ ထထွက်လို့ကလဲ မကောင်း။ ဟိုကလေးမလေးလဲ ဒီတညနေတော့ အရည်မရ၊ အဖတ်မရ စကားလုံးများ နားထောင်ရင်း အချိန်ကုန်ရပေတော့မည်။ နှုတ်က ဖွင့်မပြောပေမယ့် စိတ်ထဲကတော့ ကြိမ်းလိုက်မိသည်။

“ဘုမသိ၊ ဘမသိနဲ့။ နာမည်ကြီးတိုင်း အထင်ကြီးချင်နေကြတဲ့ ကလေးတွေ။ ကောင်းတယ်။ ခံရတာတောင် နည်းသေး”

(၃)

“ညီမတော့ အဲလို မယူဆဘူး မမရဲ့”
တနေ့ခင်းလုံး အချိန်ကုန်တော့မည် ယူဆသော ထွေးလေးရဲ့ ယူဆချက်က မှားသွားလေသည်။ ကောင်မလေးက ၀တ်မှုန် ပြောသမျှ၊ ဆရာလုပ်သမျှကို ငြိမ်နားထောင်နေမည့် ပုတ်သင်ညိုကား မဟုတ်။ ပြောသည့် အချက်အလက်များကို ပြန်မေးသည်။ သူယူဆတာတွေကိုလဲ ပြန်ပြောနေသည်။ ဒီလိုနှင့် ၀တ်မှုန်လဲ စကားပြောင်းရင်းပြောင်းရင်း သူ့နာမည်ကိစ္စ ရောက်သွားကြသည်။

“အင်း။ ညီမက မမကို မရွှေရည်ဦးအနေနဲ့ပဲ ခေါ်နေတော့ မမပြောထားရဦးမယ်။ နောက်ကို မမနဲ့ မိတ်ဆွေဖြစ်ပြီး ခေါ်တဲ့ပြောတဲ့အခါ မ၀တ်မှုန်နဒီအနေနဲ့ ခေါ်ပြောရမယ်နော်။ ရွှေရည်ဦး ဆိုတဲ့ မသုံးနဲ့ သိလား”
“ရှင်”

ထက်မျိုးနွယ်က အံ့သြသံနှင့် ရေရွတ်သည်။
“ဒီလိုပါ။ မမ ဆယ်နှစ်တုန်းက မမအမေက နောက်အိမ်ထောင်ပြုတယ်လေ။ ဒီတော့ မမပထွေးက မမနာမည်ကို ပြောင်းပစ်လိုက်တယ်။ ၀တ်မှုန်နဒီကနေ ရွှေရည်ဦး ဆိုပြီးတော့”
“ဟုတ်လား”

“ဒါကြောင့် ပြောတာပေါ့။ ပထွေးကို မမက လုံးဝကျေနပ်တာမဟုတ်ဘူး။ မမ အမေကိုကော၊ စည်းစိမ်တွေကိုကော အပိုင်စီးရုံသာမက မမတို့နာမည်တွေကိုပါ သူ့နာမည် ပါအောင် ပြောင်းပစ် တယ်လေ။ သိပ်စိတ်ပုပ်တဲ့ လူကြီး”
“ဟုတ်ကဲ့”

ထက်မျိုးနွယ်က နားထောင်နေရင်း ခေါင်းကုတ်သည်။ ထွေးလေးကတော့ နားထောင်နေရတာ ရိုးအီနေပြီဖြစ်သော ဓာတ်ပြားဟောင်းကြီးမို့ အာရုံ အပြောင်းအလဲ ရလိုရငြား နဘေးနဘီသို့ လိုက်ကြည့်မိသည်။

“ဒီတော့ မမအနေနဲ့က ဒီလို မတရား နာမည်ပြောင်းခံရမှု ကို ဆန့်ကျင်သင့်တယ်။ ဟုတ်တယ်မလား”
“ဟုတ်တာပေါ့ မမရဲ့။ မမက ဒီတော့ ဘယ်လို ဆန့်ကျင်လိုက်တုန်း”

“မမရဲ့ နီးစပ်ရာ လူတွေအားလုံးကို လိုက်ပြောတယ်လေ။ မမကို ၀တ်မှုန်နဒီပဲ ခေါ်ပါလို့။ ကျောင်းနာမည်ဖြစ်နေတဲ့ ရွှေရည်ဦးဆိုတာက ပထွေးက ပြောင်းထားတဲ့ နာမည်ဖြစ်တဲ့အကြောင်း၊ ပထွေးက ဘယ်လောက် ယုတ်မာကြောင်း၊ ဘယ်လောက်စိတ်ပုပ်ကြောင်းကိုပေါ့”

“ဟုတ်ကဲ့။ အဲဒီတော့ မမကို လူတွေအားလုံးက ၀တ်မှုန်နဒီလို့ အသိအမှတ် ပြုသွားရောလားဟင်”

“အကုန်လုံးကတော့ ဘယ်ပြုမလဲ။ ပြုဖို့လိုက်ပြောနေရတာပေါ့။ တနေ့တနေ့။ မောလိုက်တာ။ ဒါနဲ့ပဲ အချိန်ကုန်နေတာပဲ။ ညီမလေးတို့ ဂျူနီယာတွေကိုလဲ ပြောလိုက်စမ်းပါဟယ်နော်။ ရွှေရည်ဦးဆိုတဲ့ နာမည်က ပထွေးက ပြောင်းထားတဲ့ နာမည်မို့သာ တရားဝင် နာမည်ဖြစ်နေတာလို့။ အဲဒါကို ပထွေးက ပြောင်းထားတဲ့ နာမည်မို့ မမက လုံးဝ အသိအမှတ်မပြုဖူးလို့။ ဒါကြောင့် ပထွေးနှိပ်စက်ခံနေရတဲ့ မမကို စာနာသနားပြီး ၀တ်မှုန်နဒီအနေနဲ့သာ ခေါ်ဝေါ် သုံးစွဲဖို့”

“မမရယ်။ မမကိုယ်စား မောလိုက်တာ”
“ဘာ”
“ဟီး။ စိတ်မရှိနဲ့နော်။ ညီမက ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါ”

စကားပြောခန်းက အရှိန်မြင့်လာပြီဖို့ ထွေးလေး တယောက် နားစွင့်လိုက်မိသည်။
“ဘာလို့ ညည်းက မောရတာတုန်း”

တခါမှ မဝေဖန်ခံရဘူးသဖြင့် ၀တ်မှုန်တယောက် ဒေါခီးသွားပုံပေါ်သည်။ ညီမလေးကနေ ညည်း ဖြစ်သွားသည်။ ဇာတိကပြပြီ။

“ဒီလိုပါ မမရဲ့။ စိတ်မရှိပါနဲ့။ ညီမပြောချင်တာက မမအဲလိုတွေပြောပြီး လူတွေကို လိုက်ရှင်းမယ့်အစား မမနာမည်ကို တရားဝင် ပြန်ပြောင်းဖို့ ကြိုးပမ်းပါလားလို့ ပြောချင်တာပါ”
“မရဘူး။ ပထွေးသြဇာက သိပ်ကြီးတာ။ သူ့အသိုင်းအ၀ိုင်းကလဲ သိပ်တောင့်။ လူတွေဆိုတာကလဲ မကောင်းပါဘူး။ ကိုယ်ကျိုးရှာသမားတွေ။ ပထွေးက အိမ်ထောင်ဦးစီးဆိုတော့ ပထွေးပြောတာကိုပဲ အတည်လိုက်ပြုပေးကြတာ”

“မမက ကြိုးစားကြည့်ပြီးပြီမို့လား။ တရားဝင်ကော ကြေညာပြီးပြီလား”
“လုပ်ဖူးတယ်ထင်တာပဲ။ ငယ်ငယ်တုန်းက။ မရပါဘူး”
“ညီမဆိုရင်တော့ ဆက်တိုက်လုပ်နေမှာပဲ။ တခါလေး မရတာနဲ့ပဲ လက်လျှော့လိုက်တော့ အတည်ပြုပေးသလို ဖြစ်သွားတာပေါ့ မမရဲ့။ တရားဝင်သွားတာပေါ့”

“တရားဝင်တာတွေ၊ မ၀င်တာတွေ သိပါဘူးဟယ်။ အရေးကြီးတာက မမနဲ့ နီးစပ်သူတွေက ပထွေး မကောင်းကြောင်း သိနေကြရင် ပြီးတာပဲ”

“မမက ပထွေးမကောင်းတာ လူသိစေချင်တာလား။ မမနာမည်ရင်း တရားဝင်တာကို လိုချင်တာလား”

ထက်မျိုးနွယ် မေးခွန်းကို နားထောင်ရင်း ထွေးလေး စိတ်ထဲမှ လက်ခုပ်တီးလိုက်မိသည်။ ထွေးလေးလဲ မေးချင်နေတာ ကြာလှပြီ။ ကာတွန်းစာအုပ်ထဲမှ စကားလုံးများ လာရွတ်ပြမှာကို နားငြီး၍သာ မသိချင်ယောင် ဆောင်နေရခြင်း ဖြစ်သည်။

“အင်း။ ငါ့ညီမကလဲ ပေါက်တီးပေါက်ရှာတွေ မေးနေပြန်ပြီ။ အင်းပေါ့လေ။ မမတို့ကသာ ဒီကျောင်းတော်ကြီးထဲမှာ လေးနှစ်ဖြတ်သန်းပြီးပြီ ဆိုတော့ အတွေ့အကြုံတွေ ရှိတာကိုး။ ညီမတို့က အသစ်လေးတွေပဲ။ ဒါတွေ ဘယ်နားလည်ပါ့မလဲ”

“ဟုတ်ကဲ့မမ။ မမရဲ့ ဖြတ်သန်းမှု ကြီးတွေကို ခုနကပဲ မမပြောပြပြီးသွားပြီလေ။ ညီမကလဲ လေးစားပါတယ်၊ အထင်ကြီးပါတယ်လို့ ပြောပြီးပြီဆိုတော့ အဲဒီကို ပြန်မသွားပဲ ခုနက ပြောနေတာလေးကို ဆက်ကြရအောင်လားနော်။ မဟုတ်ရင် စကားက လိုရင်း မရောက်တော့လို့ပါ။ ညီမကို သိချင်တာလေး မေးခွင့်ပြုပါနော်”

“အေး၊ အေး။ မေး၊ မေး”

ဝတ်မှုန်၏ ဆောင့်ကြီးအောင့်ကြီး အသံက ပေါ်ထွက်လာသည်။ သမိန်ပေါသွပ်နှင့် အူမြူးထားသည်များ ပျောက်သွားလောက်ပြီလားလို့ ထွေးလေး ဘေးက လှမ်းကြည့်နေမိသည်။

“မမကို အိမ်က လူတွေကကော ဘယ်လိုအသိအမှတ်ပြုလဲဟင်။ မ၀တ်မှုန်လို့လား။ မရွှေရည်ဦး လို့လား”
“အလကားပါ။ အိမ်က လူတွေက ငကြောက်တွေပါ။ သူတို့က ၀တ်မှုန်နဒီ ဆိုတာကို မေ့ချင်ချင် ဖြစ်နေကြပြီ။ ပထွေးကိုပဲ ကြောက်နေကြတာပဲ။ မမကိုလဲ ရွှေရည်ဦးလို့ပဲ အသိအမှတ်ပြုထားကြတယ်”

“ဒီတော့ မမက ဘာလုပ်လဲဟင်။ သူတို့ကို လိုက်ပြောပြီး အသိအမှတ်မပြုဖို့ မပြောဘူးလား”
“အို- အားအားယားယားဟယ်။ အဲလို ငကြောက်တွေများ ထားပစ်ခဲ့တာပေါ့။ မေးထူးခေါ်ပြောတောင် သိပ်မလုပ်တော့ဘူး။ တနေ့လုံး ကျောင်းမှာ လာနေတယ်။ သူငယ်ချင်းတွေကို ၀တ်မှုန်လို့ ခေါ်ခိုင်းတယ်။ ပြီးတော့ ညီမလေးတို့လို အသစ်လေးတွေကို ၀တ်မှုန်လို့ပဲ ခေါ်ဖို့ လိုက်ပြောတယ်။ တွေ့သမျှ၊ ကြုံသမျှလူတွေကို ပထွေးမကောင်းကြောင်း လိုက်ရှင်းပြရတယ်လေ။ ဒီလိုပဲ ဆန့်ကျင်ရတာပေါ့။ ဟုတ်တယ်မလား”

“ဟုတ်ကဲ့မမ။ တော်တော်ထိရောက်မှာပေါ့နော်”
“အမယ်လေး။ ထိရောက်တာပေါ့ဟယ်။ ခုဆို တကျောင်းလုံး သိနေပြီ။ ညီမလေးသာ အသစ်ကလေးမို့ မသိတာ”
“သူတို့က သိတော့ ဘာလုပ်ပေးလဲဟင်မမ။ ဟို- ညီမကလေ၊ မမတို့လို အတွေ့အကြုံကြီးတဲ့ လူတွေဆီက ပညာရချင်လို့ မေးတာပါနော်။ စိတ်မရှိပါနဲ့”

“မရှိပါဘူး။ မရှိပါဘူး။ ဒီကလဲ ပြောပြချင်နေတာ။ ကျောင်းကလူတွေက အဲလိုပဲ သိသွားကြတော့လေ သူတို့လူကြီးတွေကို ပြန်ပြောပြကြတာပေါ့နော်။ မမနဲ့ မမမောင်လေး၊ ညီမလေးတွေ ဘယ်လောက်သနားဖို့ ကောင်းတဲ့အကြောင်း။ အဲဒီထဲမှာလေ မမပထွေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပါတာကိုးနော်။ သူတို့က “ခင်ဗျား။ မယားပါ ကလေးတွေကို ဒီလို မနှိပ်စက်သင့်ဘူး။ ကျုပ်တို့ ကန့်ကွက်တယ်” လို့ သွားပြောကြတယ် သိလား။ ပြီးတော့ မမကိုလဲ မုန့်ဖိုးပေးကြတယ်။ ပထွေးက ပိုက်ဆံတွေကို လက်ဝါးကြီးအုပ်ထားတာကိုးနော်။ ဒါကြောင့် မမတို့ သုံးဖို့စွဲဖို့ ပေးတာ။ ကဲ- ဘယ်လောက်ကောင်းလိုက်တဲ့ လူကြီးတွေလဲ”

“ဟာ။ ကောင်းလိုက်တာနော်။ သူတို့က အဲလိုပြောတော့ ပထွေးက မမတို့ကို နှိပ်စက်တာ ရပ်သွားလားဟင်။ မမနာမည်ကိုကော ပြန်ပြောင်းပေးသေးလား”
“မရပ်ပါဘူးဟယ်။ ဒီလောက် မကောင်းတဲ့ လူကြီး။ သူကြောင့်လေ မမတို့ ဘယ်လောက် ဒုက္ခရောက်လဲသိလား။ မမမောင်လေးကိုဆိုရင်လေ သူက ခါးပတ်ကြီးနဲ့ကို ရိုက်တာ”

“မမအဲဒါတွေ ပြောပြီးပြီလေ”
“ဟုတ်လား။ ဆောရီးနော်။ ဒီလိုပဲ။ မမခေါင်းထဲမှာကတော့လေ ဒါတွေပဲ ရှိနေတာ။ သူဘာတွေ ယုတ်မာတယ်၊ ဘယ်လို နှိပ်စက်တယ်၊ ဘယ်လို စိတ်ပုပ်တယ် ဆိုတာတွေ”

“မမက အကြီးဆုံးသမီးလေ။ ဒီတော့ အနှိပ်စက်ခံနေရသူတွေထဲမှာ ခေါင်းဆောင်မဟုတ်လား”

ခေါင်းဆောင်အသံကြားလိုက်သည်နှင့် ၀တ်မှုန် ကိုယ်လေးက မတ်မတ်လေး ဖြစ်သွားသည်။ ထွေးလေးကတော့ အသင့် ပြင်ထားလေသည်။ မတော်တဆ လေပေါ် မြှောက်တက်သွားလျှင် လိုက်ဆွဲချဖို့။

“ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ညီမလေးက တော်တယ်။ မှန်မှန် ကန်ကန် မြင်တတ်တယ်”
“ညီမ ဆိုလိုချင်တာကလေ။ မမက ခေါင်းဆောင်ဆိုတော့ မမရဲ့ မောင်လေး၊ ညီမလေးတွေ အပေါ်မှာ တာဝန်ရှိတယ်လေနော်။ သူတို့နဲ့ တူတူ စုစည်းပြီး ပထွေးကို ဆန့်ကျင်ကြပါလား။ နာမည်ကိစ္စတွေကတော့ မမရယ်။ မမတို့ အိမ်မှာ၊ မမတို့ အသိုင်းအ၀ိုင်းမှာ ပထွေးအာဏာ မရှိတော့တဲ့အခါ မမတို့ချင်းညှိပြီး ပြန်ပြင်လို့ ရတာပဲ မဟုတ်ဘူးလား။ ဦးစားပေးသင့်တဲ့ ကိစ္စတွေ စနစ်တကျ ရှိသင့်တာပေါ့နော်။ ခုအခြေအနေဆိုရင် ပထွေးအာဏာရှိနေသမျှ အိမ်မှာလဲ မမနာမည်က တရားဝင်မှာမဟုတ်၊ အပြင်မှာလဲ တရားဝင်မှာ မဟုတ်တဲ့ တူတူ အတားအဆီးဖြစ်နေတဲ့ ပထွေးအာဏာကို အရင် ၀ိုင်းဖယ်ရှားဖို့ ကြိုးစားကြပါလားလို့။ ပိုပြီး ထိရောက်အောင်ပါ”

“ဘာလဲ။ ညီမလေးက မမလုပ်နေတာတွေ မထိရောက်ဘူးလို့ ဆိုလိုချင်တာလား။ ထိရောက်သမှ ထိရောက်လွန်းလို့။ မနှစ်တုန်းကလေ ဦးဝကြီးက မမ ပထွေးဆီ ရေးလိုက်တဲ့ စာများ ဘယ်လောက်ပြင်းထန်လဲ ဆိုတာ မဖတ်ဖူးပဲနဲ့များ။ နောက်လကျရင် မမ သုံးဖို့စွဲဖို့ ဦးကျော်စွာကြီးကလဲ ပိုက်ဆံတွေ ထုတ်ပေးဦးမှာ။ ကဲ- ဘယ်လောက် ထိရောက်လဲ။ အများကြီးပဲ။ ဥပမာတွေ ထုတ်ပေးရရင်”

“ဟုတ်ကဲ့မမ။ မမတော်ပါတယ်။ တတ်ပါတယ်။ ကောင်းသလိုသာ လုပ်ပါ။ ညီမကလဲ မမပြောလာလို့သာ ပြန်ပြောတာပါ။ ကဲ- မမရေ။ ကုမ္ပဏီမှာ အစည်းအဝေး ရှိသေးလို့၊ သွားတော့မယ်နော်”

“ဘာ အစည်းအဝေးတုန်း”
“ဒါရိုက်တာ အစည်းအဝေးပါ မမ။ ညီမက အလုပ်တဘက်နဲ့ ကျောင်းတက်နေတာပါ။ ----က အထွေထွေ မန်နေဂျာပါ။ အဲလိုဆိုတော့လေ အစည်းအဝေးလဲ ရှိတာကြောင့် မမနဲ့ အချိန်အကြာကြီး စကားထိုင်ပြောနေဖို့တော့ အချိန်မရှိလို့ပါ။ မမ အချိန်ပေးတာတွေအတွက် ကျေးဇူးပဲနော်။ နောက်မှ တွေ့ကြသေးတာပေါ့”
“အေး၊ အေး။ မမက ဒီကျောင်းနဲ့ ပတ်သက်ရင် အကုန်သိပြီးသား။ ညီမက အသစ်လေးဆိုတော့ ဘာမှ သိပုံ မပေါ်သေးဘူး။ လေ့လာဦးပေါ့ ”

“ဟုတ်ကဲ့ပါ မမ။ ကျေးဇူး အထူးတင်ပါတယ်။ မမလဲ ကျောင်းရဲ့ ပြင်ပက အကြောင်းအရာတွေကို လေ့လာလိုက်ပါဦးနော်။ ရေအိုင်ပျက်ထဲက ဖားသူငယ်လို ဖြစ်မှာစိုးလို့ပါ”

ပြောရင်းဆိုရင်း ထက်မျိုးနွယ်က ထထွက်သွားလေသည်။
ဝတ်မှုန်ကတော့ ရှူးရှူးရှဲရှဲနှင့် ကျန်ခဲ့သည်။

“အလကား ကောင်မလေး။ ငါ့ကိုများ ပြန်ပြောသွားသေးတယ်။ ငါ့ပထွေးရဲ့ သူလျှိုများလား မသိဘူး”
ဖြစ်သွားသည်နှင့် စွပ်စွဲချက်နှင့် ဘာမှလဲ မဆိုင်သည်မို့ ထွေးထွေး မနေနိုင်၊ မထိုင်နိုင် ၀င်ပြောမိသည်။

“သူ ပြောသွားတာတွေကကော မဟုတ်လို့လား ၀တ်မှုန်ရဲ့။ နင်တို့၊ ငါတို့က ဒီကျောင်းတော်ကြီးထဲက ဆရာကြီးတွေလေ။ ကျောင်းကြီးရဲ့ ပြင်ပမှာ ငါတို့ မသိတာတွေ အများကြီး ရှိသေးတာပဲ ဥစ္စာ။ ဖရက်ရှာလေးတွေမှာလဲ အမျိုးမျိုး ရှိတယ်လေ။ တချို့က အထက်တန်းကျောင်းပြီးတာနဲ့ ငါတို့ကျောင်းထဲ ရောက်လာတာ၊ တချို့က ပြင်ပကမ္ဘာမှာ ကျင်လည်နေရင်းနဲ့ ငါတို့ ကျောင်းထဲ ရောက်လာတာ။ နောက်တခါ နင်ပြောရင် ပြင်ပကမ္ဘာနဲ့ ကျောင်းနဲ့ တွဲပြီး ကျင်လည်နေသူတွေကို ဆရာကြီး စတိုင်နဲ့ သွားမပြောနဲ့ပေါ့။ သူတို့က ငါတို့လို ကျောင်းထဲ ငုတ်တုတ်ထိုင်၊ စကားများနေတဲ့ လူတွေကို ဘယ်လိုလုပ် အထင်ကြီးမှာတဲ့လဲ”

“မိထွေးလေး။ နင်လဲ သွားပြီ။ ဦးနှောက်ဆေးခံလိုက်ရပြီ။ ဘာလဲ။ နင်က ငါ့ကို သစ္စာဖောက်ပြီး ငါ့ပထွေးကို ထောက်ခံချင်တယ် ပေါ့လေ”

ထွေးလေး တယောက် နားမကြားချင်ယောင် ဆောင်နေလိုက်တော့သည်။ လွဲချော်နေသော ကာရန်များအကြားမှာ စကားဘယ်လို ဆက်ရမည်မှန်း မသိတော့။ စေတနာ၊ ဝေဒနာ စကားလား ဆိုတာလဲ မခွဲခြားတတ်၊ ပုတ်သင်ညိုလို ခေါင်းညိမ့်ပြီး နားထောင်ပေးသူများဆိုလျှင် အကောင်းထင်၊ ဘေးကနေ ၀န်းရံပေးမည့်သူများကို ဆရာကြီး စတိုင်နဲ့ ဆက်ဆံ၊ တကယ်လက်တွဲရမည့်သူများကို ငကြောက်တွေလို့ထင်၊ လက်တဘက်မှာ စီးပွားရေးလုပ်ငန်းတွေ ဟန်မပျက် ဆက်လုပ်ရင်း တခြားလက်တဘက်ကနေ ပေးစာကမ်းစာလေး စွန့်ကြဲပေးနေသူများကို ကျေးဇူးရှင်လို့မြင်၊ သနားတယ် ပြောစကားများမှာ စိတ်သာယာ၊ ဦးစားမပေးသင့်သေးတဲ့ ကိစ္စတွေကို ပုံကြီးချဲ့၊ ဝေဖန်သူကို သူလျှို တံဆိပ်ကပ်၊ အနီးမှာရှိသူကို ဘယ်တော့ သစ္စာဖောက်မလဲလို့ မယုံမကြည်ဖြစ်နှင့် အတွေးအခေါ် ကာရန်များ လွဲချော်နေသော ရွှေရည်ဦး တယောက်၊ ဒီကာရန်တွေကို ပြန်မထိန်းညှိသရွေ့ သူမနာမည်ကို တရားဝင် ပြန်ပြောင်းခွင့် ရနိုင်ရှာပါ့မလား။

ထွေးလေးတယောက် အတွေးများနှင့် ရင်မောနေမိပါတော့သည်။

ခင်မမမျိုး (၁၁၊ ၂၊ ၂၀၁၀)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးအလုပ်သမားလှုပ်ရှားမှုနှင့် တောင်ကိုးရီးယားနိုင်ငံ

Friday, February 12, 2010

(ဒီမိုကရက်တစ် မြန်မာ့အသံမှ အမျိုးသမီးအခွင့်အလမ်း ကဏ္ဍတွင် ၂၀၀၉ ခုနှစ်က ထုတ်လွှင့်ထားသော အသံလွှင့် ဆောင်းပါး ဖြစ်ပါသည်)

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။
အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ တောင်ကိုးရီးယားနိုင်ငံရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ အရေးပါခဲ့တဲ့ အမျိုးသမီး အလုပ်သမား လှုပ်ရှားမှုအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်၊ နွေရာသီကာလမှာ ဒီမိုကရေစီတောင်းဆိုတဲ့ အလုပ်သမား လှုပ်ရှားမှုများနဲ့ ဆန္ဒပြပွဲတွေဟာ တောင်ကိုးရီးယား နိုင်ငံတ၀ှမ်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီအသွင်ပြောင်းမှုကို တခဲနက်တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ စာနယ်ဇင်းသမားများရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တောင်းဆိုမှုတွေ၊ ကျောင်းဆရာ၊ ဆရာမများ သမဂ္ဂရဲ့ ဒီမိုကရေစီပညာရေး ဖော်ဆောင်ရန် တိုက်တွန်းကြေညာချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံရေးပညာရှင်တွေက ၁၉၈၀ နှောင်းပိုင်းကာလများမှာ ပေါ်ပေါက်လာခဲ့တဲ့ ဒီလှုပ်ရှားမှုတွေဟာ ၁၉၇၀ ပြည့် ကာလများမှာ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသမီး အလုပ်သမား လှုပ်ရှားမှုများရဲ့ ရလာဒ်လို့ ပြောကြားခဲ့ကြပါတယ်။ နိုင်ငံရေးလှုပ်ရှားမှု တိုက်ပွဲကြီးတွေကို အာဏာရှင်တွေက ဖြိုခွင်းတိုက်ခိုက်လိုက်တဲ့အခါ ဒီတိုက်ပွဲတွေဟာ ပြီးဆုံးသွားပြီလို့ တချို့က ယူဆတတ်ကြပါတယ်။ အမှန်ကတော့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ တိုက်ပွဲကြီးတခု နောက်ထပ်မထွက်ပေါ်လာသေးတာပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှု တိုက်ပွဲတွေဟာ တော်လှန်ရေးမျိုးဆက်တွေကို မွေးဖွားပေးပါတယ်။ တက်ကြွလှုပ်ရှားသူတွေအချင်းချင်း ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေနဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင် လာပါတယ်။ ညီညွတ်ရေးဆိုတာ တိုက်ပွဲက ပေါ်ထွက်လာတဲ့ ညီညွတ်ရေးကမှ ရေရှည်မှာ စစ်မှန်ခိုင်ခံ့ပါတယ်။ တိုက်ပွဲတွေဟာ တော်လှန်ရေးမျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်ကို ပေါင်းကူး တည်ဆောက်ပေးပါတယ်။ ဒါကြောင့်လဲ တောင်ကိုးရီးယားနိုင်ငံရဲ့ ၁၉၈၀ နှောင်းပိုင်းကာလများမှာ ပေါ်ပေါက်ခဲ့တဲ့ လူထုတိုက်ပွဲများဟာ ၁၉၇၀ ကာလ အမျိုးသမီး အလုပ်သမား လှုပ်ရှားမှုများရဲ့ ရလာဒ်အဖြစ် ဖော်ကျူးကြတာ ဖြစ်ပါတယ်။

၁၉၇၀ ကာလ အမျိုးသမီး လှုပ်ရှားမှုတွေကို ငယ်ရွယ်တဲ့ အမျိုးသမီး အလုပ်သမားများက ဦးဆောင်ခဲ့တာပါ။ စက်ရုံ၊ အလုပ်ရုံများစွာက အမျိုးသမီး အလုပ်သားများဟာ ဒီမိုကရက်တစ် အလုပ်သမား သမဂ္ဂများကို ဖော်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတနိုင်ငံမှာ အလုပ်သမား၊ လယ်သမားများဟာ နိုင်ငံတော်လူဦးရေရဲ့ ရာခိုင်နှုန်းအများစုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒီလို အမျိုးသမီးအလုပ်သမားများက မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အလမ်းများကို ဦးဆောင်တောင်းဆိုလာတဲ့အခါ အခြေခံလူ့အခွင့်အရေးတွေကို ထိန်းချုပ် ထားခြင်းခံရတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ နိုင်ငံရေး စိတ်ဓာတ်တွေ နိုးကြားလာပါတယ်။ အမျိုးသမီး အလုပ်သမား ကွန်ယက်များက တစတစ ကြီးထွားလာပါတယ်။

အာဏာရှင်များကလဲ အာဏာရှင်အစိုးရပီသစွာ ဖိနှိပ်ချုပ်ချယ်မှုများစွာကို ပြုလုပ်ပါတော့တယ်။ အင်အားသုံးအနိုင်ကျင့် နှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ သမဂ္ဂအဖွဲ့ဝင်များကို ထောင်ချမှုတွေက တရဟောပေါ်ထွက်လာပါတယ်။ ဒီလိုနည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီးနေခဲ့ပေမယ့် အမျိုးသမီး အလုပ်သမားတွေ နောက်မဆုတ်ခဲ့ကြပါဘူး။ အမျိုးသမီးတွေ ဦးဆောင်တဲ့ အလုပ်သမား သပိတ်တွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်။ အာဏာရှင်တွေက ဒီသပိတ်မှာ ပါဝင်သူတွေကို သူပုန်တွေလို့ သတ်မှတ်ကြပါတယ်။ အလုပ်လုပ်ကိုင်ခွင့်တွေကို ပိတ်ပင်ခဲ့ကြပါတယ်။ ဒါတွေကို အမျိုးသမီးအလုပ်သမားထုကလဲ အစာငတ်ခံဆန္ဒပြပွဲတွေ၊ လူထုတိုက်ပွဲတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ အာဏာရှင်တွေ ထူထောင်ထားတဲ့ လက်ကိုင်ဒုတ်အဖွဲ့တွေနဲ့ အပြိုင်အဆိုင် အလုပ်သမားအဖွဲ့တွေကို ထူထောင်ခဲ့ကြပါတယ်။ အမျိုးသမီး အလုပ်သမား အစည်းအရုံးကနေတဆင့် အလုပ်သမား အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။

အာဏာရှင်အစိုးရတွေဟာ လူထုလှုပ်ရှားမှုတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလိုက်တဲ့အခါ ဒါကို နိုင်ပြီလို့ သတ်မှတ်တတ်ကြပါတယ်။ တောင်ကိုးရီးယားအစိုးရကလဲ ဒီအတိုင်းပဲ ထင်ခဲ့ပါတယ်။ အမျိုးသမီး အလုပ်သမား လှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နင်းပြီး ပွဲပြီး မီးသေဖြစ်အောင် ပြုလုပ်ပါတော့တယ်။ ဒါပေမယ့် ဒီလိုနိုင်ငံတော်အကြမ်းဖက်မှုတွေဟာ ပွဲပြီး မီးသေ ဘယ်တော့မှ ဖြစ်လေ့မရှိပါဘူး။ ဒီလိုနိုင်ငံတော်အကြမ်းဖက်မှုတွေကြောင့် ပြည်သူလူထုကြီးဟာ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဆိုးရွားယုတ်မာတဲ့ သဘောထားမှန်ကို မျက်မြင်သိခွင့်ရသွားပါတယ်။

ဒီလိုနဲ့ ၁၉၇၀ ပြည့်လွန်ကာလ အမျိုးသမီး အလုပ်သမား အခွင့်အရေး လှုပ်ရှားမှုတွေဟာ ၁၉၈၀ နှောင်းပိုင်း ကာလလဲရောက်ရော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးအဖြစ် အသွင် ကူးပြောင်းသွားပါတော့တယ်။ အမျိုးသမီးတွေ ဦးဆောင်တဲ့ အလုပ်သမားလှုပ်ရှားမှုတွေက တဆင့် လူထု၊ လူတန်းစား အလွှာအားလုံးမှာ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ နိုးကြားလာပါတယ်။ အမျိုးသားတွေ၊ ပညာတတ်လူငယ်တွေ တစတစနဲ့ ပူးပေါင်းပါဝင်လာကြပါတယ်။ အတိုက်အခံနိုင်ငံရေး အစုအဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ အခြေခံ လူတန်းစားတွေဘက်က ရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်တဲ့ လူလတ်တန်းစားတွေလဲ ပေါ်ထွက်လာပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။
အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုဆိုတာ အမျိုးသား၊ အမျိုးသမီး တန်းတူ အခွင့်အရေး ရရှိမှု တခုတည်းကိုတင် ကိုယ်စားပြုတာ မဟုတ်ပါဘူး။ လူသားတိုင်း ရရှိခံစားရမယ့် လူ့အခွင့်အရေးကို တန်းတူညီမျှ ခံစားခွင့်ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အာဏာရှင်နိုင်ငံများမှာဆိုရင် အမျိုးသမီး များသာမက အမျိုးသားများပါ လူသားအားလုံးရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးကြရပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုရင်း တိုင်းပြည်တခုလုံးရဲ့ ကံကြမ္မာ အလှည့်အပြောင်းကိုပါ ဦးဆောင်ခေါ်ယူနိုင်စွမ်းရှိတယ်ဆိုတာ တောင်ကိုးရီးယားနိုင်ငံရဲ့ ဒီမိုကရေစီ တော်လှန်ရေးက သက်သေပြနေပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

Joint Solidarity Statement by Asia-Pacific Workers associations

Solidarity Statement for the Struggle of Workers in Burma

အပြည့်အစုံဖတ်ချင်ရင်..>>>

ပြည်ထောင်စုနေ့၊ ဒို့မမေ့

Union Day Statement (2010) by Free Burma Federation

အပြည့်အစုံဖတ်ချင်ရင်..>>>

အလုပ်သမား သပိတ်တိုက်ပွဲများ မှာ ပူးပေါင်း ပါဝင်ကြပါစို့

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညတ်ရေး အဖွဲ့ချုပ်ွဲ

အပြည့်အစုံဖတ်ချင်ရင်..>>>

ပိုစတာ

Tuesday, February 9, 2010


အပြည့်အစုံဖတ်ချင်ရင်..>>>

ပြင်ဆင်ကြစို့

မတရားမှုသည်
ဥပဒေ
ဖြစ်လာသောအခါ
တော်လှန် ပုန်ကန်ခြင်းကား
တာဝန်တရပ်
ဖြစ်လာသည်။

အာဏာရှင်စနစ်သည်
ပြည်သူလူထုကို
ဖိနှိပ်သောအခါ
ဆန့်ကျင်ရေး
လှုပ်ရှားမှုများကား
မလွဲမသွေ
ပေါ်ပေါက်လာသည်။

စီးပွားရေးရာ
မူဝါဒများသည်
အဖိနှိပ်ခံ
အလုပ်သမား
လယ်သမား
နင်းပြားများ၏
ဘ၀ရပ်တည်ရေးကို
မဆောင်ကျဉ်းပေးသောအခါ
အလုပ်သမား
လယ်သမား
သပိတ်များကား
မလွဲဧကန်
ပေါ်ပေါက်လာသည်။

အလုပ်သမား
သပိတ်များမှသည်
လယ်သမားသပိတ်
ကျောင်းသားသပိတ်
သံယာတော်သပိတ်
ပြည်သူ့ဝန်ထမ်းသပိတ်
မျိုးချစ်တပ်မတော်သား သပိတ်
အထွေထွေသပိတ်များဆီသို့
ကူးဆက်သွားသောအခါ
အာဏာရှင်စနစ်ကား
ဧကန်မုချ
ပြိုကျပေမည်။

ပြင်ဆင်ကြစို့
ရဲဘော်တို့။

အပြည့်အစုံဖတ်ချင်ရင်..>>>

အလုပ်သမား သပိတ်တိုက်ပွဲများ ပူးပေါင်းဆင်နွှဲကြ

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညတ်ရေး အဖွဲ့ချုပ်ွ

အပြည့်အစုံဖတ်ချင်ရင်..>>>

ပိုးစုန်းကြူးလေးများ (၀တ္ထုတို)

Monday, February 8, 2010

(၁)

“ကဲ- ဒါဆို ဒီနေ့တော့ ဒီလောက်ပဲ။ တနေ့စာတနေ့ မှန်မှန်ကျက်ကြနော်။ ကြွေးလည်ပင်း နစ်တယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။ အေး- ပိုက်ဆံကြွေး လည်ပင်းနစ်ရင် တခြားလူတွေက ၀င်ကူလို့ ရတယ်။ စာကြွေးလည်ပင်းနစ်ရင် ဘယ်သူမှ ၀င်ကူလို့ မရဘူးနော်။ ပညာသင်နေတုန်းမှာ စာကြွေးတွေ လည်ပင်း မနစ်စေနဲ့”

ဆော့ပင်အဖုံးကို ပိတ်ရင်း ကျောင်းသားများကို ဆုံးမ စကားပြောမိသည်။ အခြေအနေအရသာ ဆရာ၊ တပည့် ဖြစ်နေပေမယ့် သူမနဲ့ ကျောင်းသားများရဲ့ အသက်တွေက သိပ်ကွာလှတာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားလေးတွေကို မောင်လေး၊ ညီမလေးတွေလို စိတ်ထဲမှာ သတ်မှတ်ထားမိသည်။ ဆယ်တန်းဆိုသော တောင်လေးတတောင်ကို ကျော်သွားစေချင်မိသည်။ ဒါကြောင့်လဲ ကျောင်းတွေ ပိတ်ထားချိန်မှာ သူငယ်ချင်းတွေ စုပြီး ဒီဆယ်တန်းကျူရှင်လေးကို ဖွင့်ဖြစ်သွားကြတာ ဖြစ်သည်။



“ကဲ- အားလုံးသွားလို့ ရပြီနော်။ အိမ်ကို တန်းပြန်ကြဦး”

ကလေးတွေကို အတန်းဆင်းပေးလိုက်ရင်း ခဏရပ်စောင့်နေဖြစ်သည်။ သီးသန့်စာမေးလိုသော ကလေးတွေ၊ အခက်အခဲလေးများကို ဖွင့်ဟတိုင်ပင်လိုသော ကလေးတွေက ဒီအချိန်မှာ သူမနား ရောက်လာတတ်သည် မဟုတ်လား။

သို့ပေမယ့် ဒီနေ့ရောက်လာတာက ကလေးများ မဟုတ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဖြစ်လေသည်။
“ဟဲ့။ ထက်ထက်။ အစုတ်ပလုတ်မ”

နှုတ်ဆက်နေကျ ထုံးစံအတိုင်း ကျော်စွာက လှမ်းနှုတ်ဆက်သည်။ ပြောင်စပ်စပ် မျက်နှာက သူမ ခပ်တည်တည်နှင့် လှည့်ကြည့်မှ ပြန်တည်သွားသည်။ ကိုယ်လဲ ဆရာတယောက်ဖြစ်နေပြီမို့ မျက်နှာကို တည်တည်တံ့တံ့ထားဖို့ သူမပြောပေါင်းလဲ များလှပြီ။ ဘယ်တော့မှ နားထောင်လေ့မရှိ။

“ကျော်စွာ။ နင်ဟာလေ။ ကလေးတွေရှေ့မှာဆို တည်တည်တံ့တံ့နေပါလို့ ဘယ်နှစ်ခါ ပြောရမလဲ”

လူတွေအားလုံး ရှင်းသွားတော့ စိတ်တိုတိုနှင့် သူမ ပြောမိသည်။

“သူတို့တွေများကွာ။ ငါနဲ့ဆို Peace ပါတယ်။ အိုကေပါပဲ”
“အေး။ နင်ကသာ အိုကေပြောတယ်။ စည်းကမ်းပိုင်းနဲ့ ပတ်သက်လာတဲ့အခါကျရင် မအိုကေပဲ နင့်ဆိုပြီးပြီးရော လုပ်နေကြလို့ ငါဝင်ကိုင်နေရတာ ဘယ်နှစ်ခါ ရှိပြီလဲ။ မရဘူးဟ။ လူတွေမှာ သူ့စည်း၊ ကိုယ့်စည်း ဆိုတာ ရှိရတယ်။ အရောတ၀င်နေတာနဲ့ ရင်းရင်းနှီးနှီးနေတယ် ဆိုတာကနေ ထွက်လာတဲ့ ရလာဒ်တွေက တခြားစီပဲ။ ငါဒီလိုပြောလို့ ငါက ဆရာဆိုပြီး ကျောင်းသားတွေကို မလေးမစား ဆက်ဆံတာကို ပြောနေတာ မဟုတ်ဘူးနော်။ ငါတို့ ဆရာတွေဘက်ကလဲ သူတို့ကို လေးလေးစားစားနဲ့ ဆက်ဆံမယ်၊ ရင်းရင်းနှီးနှီး ရှိရမယ်။ ဒါပေမယ့် ဆရာ့စည်း၊ တပည့်စည်းဆိုတာတော့ ထားဖို့ ပြောနေတာ။ ငါပြောတာ နင်မယုံရင် အဲဒီထဲက ကျောင်းသားကြီး သုံးယောက်လောက်ကို အပြင်ခေါ်ထုတ်ပြီး ဘီယာတူတူ သွားသောက်ကြည့်လိုက်ပါလား။ ပေါက်ကရလေးဆယ်တွေ သွားပြောကြည့်ပါလား။ သိပ်မကြာဘူး။ တပတ်ပဲ။ ဒီစာသင်ခန်းကို နင်ထိန်းလို့ ရတော့မယ် မထင်နဲ့”

“အေးပါ ထက်ထက်ရယ်။ နင့်စကားကို ငါနားထောင်ပါ့မယ်။ ငါက ပျော်ပျော်နေတတ်လို့ပါဟ”
“နင့်သဘာဝကို ငါနားလည်ပါတယ်ဟာ။ ငါလဲ လောကကြီးထဲမှာ ဟန်ဆောင်နေရတာတွေကို မုန်းတဲ့လူပါပဲ။ ဒါပေမယ့် လူတွေဆိုတာက လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီတဲ့ သွင်ပြင်လက္ခဏာကို မျှော်လင့်တတ်ကြတယ်။ လူ့အဖွဲ့အစည်းရဲ့ ပြင်ပမှာ သီးခြား မနေနိုင်သေး သရွေ့၊ ဒါမှ မဟုတ်ရင်လဲ ပြောင်းလဲပစ်ဖို့ မလုပ်နိုင်သေးသရွေ့ကတော့ လူထုလူတန်းစားတွေထဲမှာ သတ်မှတ်ထားတဲ့ စာရိတ္တရေချိန်နဲ့ လူမှုရေး ရေချိန်တွေကို စောင့်ထိန်းမှု တစုံတရာလေး ရှိဖို့ လိုအပ်တယ်။ မြေကြီး ဆန်သင့်တဲ့ နေရာမှာ မြေကြီးဆန်ဖို့လိုသလို၊ ကောင်းကင်ဆန်သင့်တဲ့နေရာမှာလဲ ကောင်းကင်ဆန်ဖို့ လိုလိမ့်မယ်။ အဲဒီလို မဟုတ်ရင် တခြားလူတွေအသာထားလို့ ကိုယ့်သားသမီးအရင်းကတောင် ကိုယ့်ကို မလေးမစား လုပ်မှာပဲ”

ကျော်စွာက မျက်နှာငယ်လေးနှင့် သူမကို ကြည့်သည်။ ပြောမယ့်သာပြောရပေမယ့် သူငယ်ချင်းတွေအားလုံးထဲမှာ သူက သဘောအကောင်းဆုံး။ အနွံအတာ အခံနိုင်ဆုံး။ သဘောကောင်းတယ် ဆိုပြီး သူများတွေက ဂုပ်ခွစီးသွားမှာ စိုးလို့သာ သတိပေးနေရခြင်းဖြစ်သည်လေ။

“ကဲ-ကဲ။ ဟိုနှစ်ယောက် တော်ကြတော့။ မိထက်မ။ ပစ္စည်းသိမ်း။ မုန့်သွားစားမလို့ လာခေါ်တာ။ ငါတို့တံခါးတွေ ပိတ်ပေးမယ်”

နန်းက ပြောရင်းဆိုရင်းနှင့် ကျူရှင်တံခါးများကို လိုက်ပိတ်ပေးသည်။

“ဟဲ့။ နေဦး။ ညာဘက်ထောင့်က နောက်ဆုံးခုံနားမှာ နေကြာစေ့ခွံတွေ ရှိလိမ့်မယ်။ မို့မို့တို့တွေ၊ ငါစာသင်နေတုန်း ခိုးစားနေကြတာ။ သွားသိမ်းလိုက်ကြဦး”
“ဟဲ့။ နင်က ဘယ်လိုလုပ်သိတာလဲ”

“သိတာပေါ့ဟ။ ငါက အပေါ်စီးက ကြည့်နေတဲ့သူပဲ။ မျက်လုံးဝေ့ကြည့်လိုက်ရင် သိသာနေတာပဲ ဥစ္စာ။ နောက်ပြီး ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ လူတွေရဲ့ မျက်နှာက သိသာတယ်ဟဲ့။ ကလေးတွေဆိုတော့ ပိုဆိုးတာပေါ့။ ဒီကောင်မလေးတွေကို ငါကြည့်နေတာ နှစ်ရက်ရှိပြီ။ အတန်းထဲမှာ ဆူဆူပူပူ မလုပ်ချင်လို့။ နက်ဖြန်အတန်းပြီးရင်တော့ ခေါ်ပြောမှရတော့မယ်”

“နင်ဟာလေ။ တချို့ကိစ္စတွေကျရင်လဲ မသိချင်ယောင် ဆောင်နေလိုက်ပါဟာ။ ၀င်ပြောနေရင် လူမုန်းများလိမ့်မယ်”

“မုန်းတော့လဲ ဘာဖြစ်လဲဟာ။ ငါပြောတာတွေက ငါ့အတွက်မှ မဟုတ်တာ။ စေတနာနဲ့ ပြောတာပဲ။ ယူတတ်တဲ့လူ ယူပေါ့။ အေး- မယူလို့လဲ ငါက လိုက်ခံစားနေမှာတော့ မဟုတ်ဘူး။ ပြောဖို့ လိုအပ်လို့ ငါပြောတယ်။ ဒါဆို ငါ့တာဝန်ကျေပြီ”

“ကဲကဲ။ တော်ကြတော့။ မြန်မြန်လုပ်ကြဟာ။ ငါဗိုက်ဆာလှပြီ။ နင်စာသင်နေသံ ကြားကတည်းက ငါက ဗိုက်ဆာနေတာ”

သင်းသင်းက ၀င်ပြောသည်။ ပြောပြီး စိတ်ကောက်သည့် လက္ခဏာအဖြစ် ပါးလေးကလဲ ဖောင်းထားလိုက်သေးသည်။ အစားအင်မတန် ကြိုက်လှသော သင်းသင်းကို သူ သင်နေသည့် ဓာတုဗေဒ ဘာသာထဲမှ အက်ဆစ်များကိုရော သောက်ချင်စိတ် မရှိဘူးလားလို့ သူမတို့ ၀ိုင်း နောက်နေကျ။

“ဟဲ့။ ငါစာသင်နေတဲ့အသံကြားပြီး နင်က ဗိုက်ဆာလာတယ်ဆိုတော့ ငါကဘာပြောနေလို့တုန်း”
“နင်က အပင်တွေအကြောင်း သင်နေတာကိုး”
“ဟောတော့”

သူမ ဒါပဲ ပြောလိုက်နိုင်တော့သည်။ သို့ပေမယ့် ကျော်စွာနဲ့ အောင်နိုင်တို့ကတော့ သူတို့ ခေါ်နေကျအတိုင်း ထအော်လိုက်ကြပါသည်။
“အစားပုပ်မ၊ ငတ်ကြီးကျ”

(၂)

“ဒီကိစ္စကို လုံးဝ မကျေနပ်ဘူးဟာ။ ငါသွားရှင်းမယ်”
အောင်နိုင်က ရှူးရှူးရှားရှားနှင့် ပြောသည်။
“ဟဲ့။ နေဦး အောင်နိုင်ရဲ့။ ဒီကိစ္စမျိုးဆိုတာ ဒီလို ရှင်းလို့ ရတာ မဟုတ်ဘူး”

ကားသော့ကောက်ဆွဲသော အောင်နိုင့် ရှပ်အကျီင်္ကို လှမ်းဆွဲရင်း တားရသည်။ ဒီပြဿနာကို စကြားရတော့ အောင်နိုင်တင် မဟုတ်။ သူမတို့အားလုံး စိတ်တိုသွားကြတာတော့ အမှန်ဖြစ်သည်။ သို့ပေမယ့် ပြဿနာဆိုတာက သွေးပူတုန်း ရှင်းလျှင် ပိုပြီး ကြီးထွားလာတတ်တာမို့ ပြန်ထိန်းနေရခြင်းဖြစ်သည်။

ဖြစ်သည့် ပြဿနာကလဲ နည်းနည်းနောနော မဟုတ်။ မြို့မှ နာမည်ကြီး ကျူရှင်ဆရာများ ပေါင်းထားသည့် ကျူရှင်ကြီးတခုမှ ဆရာများက သူမတို့ ကျူရှင်လေးကို တိုက်ခိုက်ပြောဆိုလာကြတာ ဖြစ်သည်။

“မလောက်လေး၊ မလောက်စားတွေကများ ငါတို့ကို ပခုံးချင်း လာယှဉ်တယ်”
“ခုမှ ဆယ်တန်း အောင်ကြရုံရှိသေး။ ဂုဏ်ထူးလေးတွေ ပါတာနဲ့ပဲ သူတို့ဟာသူတို့ သိပ်ထင်နေကြတာ”
“တို့က ဒီလောကထဲမှာ အတွေ့အကြုံတွေအများကြီးရယ်။ တို့ကို လာယှဉ်ရင် ကွဲသွားမှာပေါ့”

အသံများက တစတစ ပျံ့နှံ့ပြီး သူမတို့ဆီ ပြန်ရောက်လာသည်။ သူမတို့ဆီမှာ ဘာသာရပ်အချို့ လာတက်ပြီး၊ သူတို့ဆီမှာ တခြားဘာသာရပ်တက်ရသော ကျောင်းသားများလဲ ကြားညပ်နေကြသည်။ ကြားကနေ ဘာလုပ်ရမှန်း မသိ။ ငယ်နိုင်ကျောင်းသား အချို့ကို သူမတို့ဆီ မသွားကြဖို့ ဗြောင်ဖွင့်ပြောပြီး တားနေကြတာတွေတောင် ရှိလာသည်။

“တကတည်းဟာ။ လူကြီးတွေဖြစ်ပြီး အဲလိုစိတ်ဓာတ်မျိုးတွေ ရှိတယ်တဲ့”

သင်းသင်းက စိတ်ပျက်သော မျက်နှာဖြင့် ၀င်ပြောသည်။ အစားအင်မတန်ပုပ်သော သင်းသင်းတယောက် ရှေ့မှ ကြက်ဆီ ထမင်း ပန်းကန်ကိုပင် မေ့နေပုံ ပေါ်သည်။

“တကယ်ဆို သူတို့က ငါတို့ထက် အသက်နှစ်ဆလောက်ကြီးနေတဲ့ ဆရာကြီးတွေဟာ။ ငါတို့ကို လက်ကမ်းကြိုပြီး လိုအပ်တာတွေတောင် ဖြည့်ဆည်းပေးရဦးမှာ”

“အေးလေ။ ဒီမြို့မှာ သူတို့ပဲ သင်မယ်ဆိုပြီး လုပ်နေလို့ ရမလား။ သူတို့ အသက်တွေက ကြီးနေပြီ။ သူတို့သေတော့ ဘယ်သူတွေက ဆက်သင်ကြမှာတုန်း။ အဲလိုဖြစ်ရင် မြို့က ကလေးတွေပဲ နစ်နာမှာမဟုတ်ဘူးလား။ ကျောင်းတွေမှာက စာကောင်းကောင်းသင်ကြတော့တာမှ မဟုတ်တာ။ ကျူရှင်တွေရှိနေလို့ ဒီမြို့က ကလေးတွေ အောင်ချက်ကောင်းနေတဲ့ဟာကိုး”

“ဟဲ့။ မြို့ကောင်းစားရေးတွေ ဘာတွေ ပြောမနေနဲ့။ သူတို့တွေဆီမှာ ငါလုပ်မှ၊ ငါပြောမှ ဆိုတဲ့ စိတ်တွေ ၀င်နေကြမှတော့ မြို့ကောင်းစားရေးတွေ၊ မြို့အနာဂတ်တွေ ဘယ်တွေးနိုင်ကြတော့မှာလဲ။ ဒါကြောင့်လဲ ငါတို့ လူငယ်တွေက တတ်နိုင်တာလေးတွေ လုပ်နေတာကိုး ဒီလိုပြောနေကြတာပေါ့”

“သူတို့က ငါတို့ဘာတွေလဲ ဆိုတာကို ထည့်တွေးဖို့ မေ့နေတာလဲဖြစ်မှာပေါ့။ ငါတို့က ဒီအလုပ်ကို တသက်လုံး လုပ်မယ့်လူတွေလဲ မဟုတ်ဘူး။ မလုပ်ရင်လဲ အနေသာကြီး။ သူတို့သာ ဒါနဲ့ နာမည်ကြီးပြီးသားမို့ ဒါနဲ့ ဆက်ရပ်တည်နေကြရမှာ။ ငါတို့က ဒါတွေမလုပ်ပဲ၊ ဒီလောကနဲ့ မပတ်သက်ပဲနဲ့လဲ ငါတို့ဘ၀ကို တည်ဆောက်နေနိုင်တာပဲ။ တော်ပြီဟာ။ နင်တို့ခေါ်လို့ ငါက ကန့်လန့်ကန့်လန့် ပါလာရတာ။ သူတို့ တနှစ်လောက် အာပေါက်မတတ် ပြောပြီး ရှာရတဲ့ ပိုက်ဆံ သိန်းသုံးဆယ်၊ လေးဆယ်ဆိုတာ ငါ တနေ့တည်း စိန်တလုံး ၀ယ်ရောင်း ဖြစ်သွားသလောက်ပဲရှိတယ်။ ဘာအကျိုးမှ မရှိပဲ သူတို့ ဟိုပြော၊ ဒီပြောတာ ခံဖို့ အချိန်ကုန်၊ လူပမ်း အဖြစ်မခံနိုင်ဘူး”

“အေးဟာ။ အချိန်ကုန်တယ်။ လုပ်မနေကြနဲ့တော့။ ငါတို့က အနာဂတ်တွေ အများကြီး ကျန်သေးတယ်။ ပညာသင်ယူကြရဦးမှာ။ ဘ၀တွေ တည်ဆောက်ကြရဦးမှာ။ ဒီကြားထဲကမှ ရတဲ့ အချိန်လေးတွေ ဖဲ့ပြီး လုပ်သင့်တာလေးတွေ လုပ်နေကြတာ။ တကယ်ဆို စိတ်ထားတွေသာ မှန်ရင် သူတို့ကတောင် ၀မ်းသာကြရဦးမှာ။ သူတို့က ကျောင်းသားတထောင်ကို စာသင်ပေးနေနိုင်တဲ့ အချိန်မှာ ငါတို့က နှစ်ရာလောက်ကို သင်ပေးနိုင်တယ်ဆိုရင် ပေါင်းလိုက်တော့ ထောင့်နှစ်ရာ မဖြစ်သွားဘူးလား”

“ဟဲ့။ ငါဘယ်နှစ်ခါ ပြောရမလဲ။ သူတို့ဆီမှာက အဲလို တွေးနိုင်တဲ့ ဦးနှောက်တွေ မရှိတော့လို့ပဲ ဒီလိုတွေ ဖြစ်လာတာပေါ့။ “ငါတို့ပဲသိတယ်၊ ငါတို့ပဲတတ်တယ်၊ ငါတို့ပဲ အတွေ့အကြုံရှိတယ်၊ ငါတို့လုပ်တာမျိုး လာမလုပ်နဲ့၊ ငါတို့ကို လာမကျော်နဲ့။ ငါတို့နဲ့ လာမယှဉ်နဲ့” ဆိုတဲ့ အတ္တစိတ်တွေ ကြီးစိုးနေတာကိုး။ ကောင်းတဲ့ အလုပ်တခုကို လုပ်တဲ့ လူတွေများလာလေလေ လူတွေအတွက် အကျိုးကျေးဇူး ပိုများလေလေ ဆိုတာကို ဘယ်ထည့်တွက်ကြတော့မှာလဲ”

“တောက်။ ငါက အပြိုင်အဆိုင်တွေ သိပ်များပြီး၊ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးတဲ့ လောကလို့ လူတွေ ပြောနေကြတဲ့ ကျောက်လောက၊ ကားလောကတွေမှာ ကျင်လည်နေတဲ့ ကောင်ပါကွာ။ ငါတို့ လောကမှာလဲ ဒီလိုလူစားတွေ အများကြီး တွေ့ဖူးတာပဲ။ ဒါပေမယ့်ကွာ၊ ကျောင်းသားတွေရဲ့ ပညာရေးအတွက်၊ ကြီးကြီးကျယ်ကျယ် ဆိုရရင်ကွာ၊ လူတွေရဲ့ အနာဂတ်တွေအတွက် လုပ်ပေးနေ ပါတယ် ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေ ဒီလောက်အောက်တန်းကျနေတာကို ငါက အံ့သြတာ”

“ဟေ့ကောင်။ ဘာမှ အံ့သြမနေနဲ့။ မပတ်သက်နဲ့တော့ကွာ။ ပြီးတာပဲ။ ဒီလောကထဲမှာ မနေနဲ့တော့။ မိထက်။ ကျူရှင်ပိတ်လိုက်ကြရအောင်ဟာ။ နင်လုပ်ချင်တယ်ဆိုလို့သာ ငါတို့က ၀ိုင်းလုပ်ပေးနေတာ။ ဒီလို ဗိုလ်ကျစိုးမိုးရေး ၀ါဒကြီးစိုးနေတဲ့ လောကနဲ့ ငါတို့နဲ့ ဖြစ်မှာ မဟုတ်ဘူး။ အလကားပဲ။ အချိန်ကုန်တယ်”

တယောက်တပေါက် ဒေါသစွက်နေသော အသံများက စားသောက်ဆိုင်လေးထဲမှ သီးသန့်ခန်းလေးမှာ ကျယ်လောင်ပျံ့နှံ့နေခဲ့လေသည်။

(၃)

“နေကြပါဦးဟယ်။ အဲလိုတယောက်တပေါက် ပြောနေကြတာထက် ပြဿနာကို ဘယ်လိုရှင်းကြမလဲ ဆိုတာကို အရင်တွေးကြရအောင်ပါ။ ခဏလေး စိတ်လျှော့ပြီး ထမင်းအရင်စားကြစို့ဟာ။ ကြက်ဆီထမင်းတွေ အေးကုန်ပြီ။ ဟဲ့။ မိသင်း။ ငါလေ။ နင်နဲ့ ပေါင်းလာတာ ငယ်ငယ်လေးကတည်းက။ အစားအရင်မစားပဲ စကားအရင်ပြောတာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ဟီးဟီး”

သူမက ရယ်ကျဲကျဲနှင့် ပြောတော့ မိသင်းက မပြုံးချင်ပဲ ပြုံးလေသည်။
“မိထက်။ အစုပ်ပလုပ်မ။ ငါတို့ ဒီလောက် ဒေါသထွက်နေတာကိုး။ နင့်မျက်နှာက ဘာလို့ ပြုံးစိစိ ဖြစ်နေရတာလဲ။ ဒီကျူရှင်ကို နင်က ခေါင်းခံဖွင့်ထားတာ။ နင့်ကို ပြောနေကြတာတွေ နင်မကြားဘူးလား”

စပ်ဖြီးဖြီး ကျော်စွာမျက်နှာကလဲ ဒီတခါတော့ အတော်တည်နေလေသည်။
“ကြားသားပဲ။ ဘာဖြစ်တုန်းဟ။ သူတို့မှာ ပါးစပ်ရှိလို့ ပြောနိုင်တာပဲလေ။ တကယ်ဆို သူတို့မှာ ပါးစပ်ရှိနေတာကိုပဲ ငါတို့က ၀မ်းသာပေးရဦးမှာ”
“ဟဲ့။ နင်ရူးနေလား”

“မရူးပါဘူးဟဲ့။ တကယ်ပြောတာပါ။ သူတို့ဆီမှာ ပါးစပ်ပါတော့ စာသင်နိုင်တယ်ဟာ။ စာသင်နိုင်တော့ သူတို့နဲ့ ဆက်စပ်တဲ့ တပည့်တွေ အကျိုးကျေးဇူးရှိတာပေါ့။ ခုကိစ္စမှာလဲ ငါ့ဘက်က သူတို့ကို နားလည်တယ်။ ဘာကြောင့် သူတို့ ဒီလို ဖြစ်နေလဲ ဆိုတာကိုး”

“နင် ဘာတွေ ပြောနေတာလဲ”
သင်းသင်းက မျက်လုံးကြီးပြူးရင်း ၀င်ပြောသည်။

“ငါဆယ်တန်း ဖြေပြီးစတုန်းက ငါ့အစ်မက ဈေးကွက်စီးပွားရေးပညာ၊ လူအစုအဖွဲ့ စိတ်ပညာနဲ့ ဘောဂဗေဒ ပညာတွေကို ဆရာခေါ်ပြီး သင်ပေးခဲ့တယ်ဟ။ အဲဒါတွေ လေ့လာရင်းနဲ့ ဈေးကွက်ရဲ့ သဘောတရားတွေနဲ့ ဈေးကွက်ထဲမှာ ကျင်လည်နေကြသူတွေရဲ့ စိတ်နေစိတ်ထားတွေကို ဆက်စပ်တွေးမိလာတယ်။ ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ အုပ်စုဖွဲ့ယှဉ်ပြိုင်မှုတွေကို လေ့လာဖြစ်ခဲ့တယ်။ ခုလဲ ဒီလိုပါပဲဟာ။ ကျူရှင်လောက ဆိုတော့ အလွတ်သင်ပညာရေး ဈေးကွက်လို့ ပြောရမှာပေါ့။ ဒီလောကထဲမှာ တဦးချင်းစီ ၀င်ပြီး ပါဝင်နေကြရင်း နာမည်တွေကြီးလာတယ်။ ဒီတော့ နာမည်ကြီးလာသူတွေရဲ့ သဘောသဘာဝအတိုင်း ငါဆိုတဲ့ အတ္တတွေ ကိုင်စွဲမိကြတယ်။ ဒီဘာသာရပ်ကို ငါကမှ မသင်ရင် တခြားသူတွေ တတ်တော့မှာ မဟုတ်ဘူး။ ငါမှ ငါဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ ပိုပြီး ဆိုးလာတာကတော့ ဒီလိုစိတ်အခြေခံ ရှိသူတွေအားလုံး အုပ်စုဖွဲ့လိုက်နိုင်မှုပဲ။ ဒီတော့ တကယ့် အင်အားကြီး အုပ်စုဖြစ်လာတယ်။ ဒီအုပ်စုထဲမှာလဲ သူတို့အချင်းချင်း အားပြိုင်ကြတာပဲဟ”
“အေး။ အဲဒါတော့ ငါသိတယ်။ ငါ့ညီတ၀မ်းကွဲက အဲဒီမှာ တက်ဖူးတယ်။ သူတို့အချင်းချင်းလဲ ပြိုင်နေကြတာပဲ”

“သူတို့အချင်းချင်းလဲ ပြိုင်နေကြသလို တခြားသူတွေက သူတို့နဲ့ ယှဉ်ပြိုင်လာမှာကိုလဲ အမြဲ သတိနဲ့ စောင့်ကြည့်နေကြတယ်။ သူတို့က ဒီဈေးကွက်တခုလုံးကို ချုပ်ကိုင်ထားချင်တာကိုးနော်”

“ရမလားဟ။ အဲလိုလုပ်လို့”
“မရဘူးလေ။ မရလို့လဲ ငါတို့ကျူရှင်ဖွင့်တော့ ကျောင်းသားသစ်တွေ ရောက်လာကြတာပေါ့။ သူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ သူတို့ကျူရှင်တွေကို မတက်နိုင်သူတွေလဲ အများကြီးပဲ ရှိနေတာပဲကိုး။ ငါတို့တွေက ကျူရှင်လခတွေ ဈေးသက်သက်သာသာနဲ့ ဖွင့်လိုက်တယ်ဟာ။ မတတ်နိုင်သူတွေဆို အလကားတောင် သင်ပေးကြတယ် မဟုတ်လား”

“အေးလေ။ တကယ်ဆို သူတို့ မလုပ်ပေးနိုင်တာတွေကို ငါတို့က လုပ်နေတာကို အမြင်ကျယ်ကျယ်နဲ့ ၀မ်းသာပေးရဦးမှာပဲကိုး”

“သီးခြားကုလားထိုင်တွေပေါ် ထိုင်နေသူတွေရဲ့ စိတ်ဆိုတာက အဲလိုမဟုတ်ဘူးဟ။ သူတို့ ကုလားထိုင်နား ရောက်လာရင် တခြားကိစ္စတွေထက် ကုလားထိုင်နေရာ ဖယ်ပေးရမှာကို အရင်ကြိုတွေးလေ့ ရှိကြတယ်။ ငါ့ကုလားထိုင်ကိုများ လာလုလေမလားပေါ့နော်။ ခုကိစ္စမှာလဲ အဲလိုပဲ။ ဈေးကွက်ထဲက သူတို့ဝန်ဆောင်မှု မပေးနိုင်တဲ့ လူတွေကို ငါတို့က ၀င်ပေးနေပါလား ဆိုတာကို အရင်မစဉ်းစားကြပဲ သူတို့တော့ ငါတို့ လုပ်သလိုတွေ လုပ်နေပြီ။ ကြာရင် ငါတို့လူတွေ သူတို့ဆီရောက်သွားရင် ဒုက္ခပါပဲ။ ငါတို့ နေရာပျောက်တော့မယ် ဆိုတာတွေကို တွေးကုန်ကြတာ။ ဒါကြောင့်လဲ သူတို့သားသမီးအရွယ်လောက် ရှိနေတဲ့ ငါတို့လူငယ်တွေကို မကြိုဆိုကြတော့ပဲ အရင် ကြိုကန်ထားဖို့ စဉ်းစားကြတာ”

“အေးလေ။ ဒါကို ပြောနေတာ။ ငါတို့က ငြိမ်ခံနေကြရမှာလား။ မဆီမဆိုင် ကိုယ့်ထမင်းကိုယ်စားပြီးတော့ အမြင်မကျယ်တဲ့လူတွေ များနေတဲ့ ဒီလောကကြီးထဲမှာ နေကြဖို့ လိုအပ်သလား”

“ဒီလိုလောကကြီးထဲမှာ နေဖို့ လိုအပ်သလား၊ မလိုအပ်ဘူးသလားဆိုတာကတော့ ဒီလောကထဲကို ငါတို့ဘာကြောင့် ၀င်လာခဲ့သလဲ ဆိုတာနဲ့ပဲ ပတ်သက်မယ်ထင်တယ်။ ငါတို့အားလုံးက တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ။ ကျောင်းတွေ ပိတ်ထားဆဲ ကာလတွေမှာ ကိုယ်ပိုင်ဝင်ငွေတွေ ရှာရင်းနဲ့ ကိုယ့်ဘာသာကိုယ်လဲ ရပ်တည်နေနိုင်တဲ့ လူတွေ။ ငါတို့ရဲ့ အသက်အရွယ်၊ ငါတို့ရဲ့ ပညာရေး၊ ငါတို့ရဲ့ အနာဂတ်တွေအတွက် ငါတို့ကိုယ် ငါတို့ တည်ဆောက်ဖို့ အများကြီး လိုသေးတယ်။ ဒီအတွက် အချိန်တွေဟာ စက္ကန့်နဲ့ မလပ် ငါတို့တွေအတွက် အရေး ကြီးနေတယ်။ အချိန်တိုင်းဟာ ငွေ မဟုတ်ရင် ပညာတွေ ချည်းပဲ။ အဲဒီလို အဖိုးတန် အချိန်တွေကို ငါတို့ ဒီလောကအတွက် ဖဲ့ပေးဖို့ ကြိုးစားကြတယ်။ လိုအပ်ချက်တွေ ရှိနေတဲ့ ထောင့်တနေရာကနေ ပါဝင်ပြီး၊ ကွက်လပ်လေးတွေကို ဖြည့်ပေးဖို့ ကြိုးစားကြတယ်။ ငါတို့ ရည်ရွယ်ချက်က ကွက်လပ်လေးတွေကို ဖြည့်ဖို့လေ၊ သူတို့ထင်သလို သူတို့ ကုလားထိုင်ကြီးတွေကို ၀င်လုဖို့မှ မဟုတ်တာပဲ။ အချိန်တန်ရင် ငါတို့လမ်းကို ငါတို့ ဆက်လျှောက်ကြမှာ။ ဒီတော့ သူတို့ ပြောချင်တာတွေ ပြောနေတာကို ဘာဂရုစိုက်စရာလိုလဲ။ ငါတို့ ဖြည့်နိုင်တဲ့ ကွက်လပ်လေးတွေကို ဖြည့်ပေးနိုင်ဖို့အတွက် သူတို့ရဲ့ ခွင့်ပြုချက်လဲ မလိုဘူး။ ထောက်ခံမှုလဲ မလိုသလို ကန့်ကွက်မှုလဲ မလိုအပ်ဘူးလေ။ ဒီတော့ ထောက်ခံတယ်ပြောပြော၊ ကန့်ကွက်တယ်ပြောပြော၊ ငါတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြရမှာပဲ”

“သူတို့က ငါတို့ကျူရှင်ကို လာမတက်ကြဖို့ လိုက်ပြောနေတဲ့ကိစ္စကိုး”
“အဲဒီလို ပြောနေရုံနဲ့ ကျောင်းသားတွေအားလုံး ထွက်သွားမယ်လို့ နင်ထင်လို့လား။ ငါတော့ မထင်ဘူး။ ငါ့ကျောင်းသားလေးတွေထဲမှာ သူတို့ လခကို မတတ်နိုင်သူတွေက အများကြီးရယ်။ သူတို့က အားလုံးကို အလကား ခေါ်သင်ပေးလိုက်ရင်တော့ တမျိုးပေါ့ဟာ။ ဒါပေမယ့် သူတို့ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်။ ငါတို့ အလုပ်က သူတို့နဲ့ ပြိုင်ဖို့ မဟုတ်ဘူးနော်။ ကွက်လပ်ဖြည့်ဖို့။ ငါတို့ ဖြည့်ဖို့ လိုတဲ့ ကွက်လပ်လေးတွေကို ဖြည့်နိုင်သွားရင် ငါတို့ အောင်မြင်တာပဲ”

“ခုကိစ္စက ငါတို့က ပြိုင်တာမှ မဟုတ်ပဲ။ သူတို့ကသာ မလောက်လေး မလောက်စားတွေက လာယှဉ်တယ်လို့ လိုက်ပြောနေကြတာ”

“လူတွေအားလုံးဟာ အတ္တရဲ့ ကျေးကျွန်တွေပါပဲဟာ။ သူတို့က ငါဆိုတဲ့ အတ္တကြီးတွေကနေ စတွက်ကြတာကိုး။ ကိုယ့်ဟာကိုယ် ကြီးမြတ်နေပါလားလို့ ထင်နေတော့ အဲလိုပဲ ပြောမှာပေါ့။ ငါတို့ကသာ သူတို့ကို ပြောနေတယ်။ ငါတို့လဲ အတ္တတွေ ရှိကြတာပဲလေ။ သူတို့က အဲလိုပြောလာတော့ ငါတို့ကလဲ “သူဘာလဲ၊ ငါဘာလဲ” ဆိုပြီး စတွေးမိကြတော့တာပဲ မဟုတ်ဘူးလား။ အဲဒီ ”ငါဘာလဲ၊ သူဘာလဲ” ဆိုတဲ့ အတ္တတွေကြောင့် စစ်တွေဖြစ်ကြ၊ တိုက်ကြခိုက်ကြတွေ ကမ္ဘာမှာ ဖြစ်နေတာပေါ့။ မြေစာပင် ဖြစ်နေကြရသူတွေလဲ မနည်းတော့ဘူး။ ခုသူတို့က သူတို့ရဲ့ အတ္တတွေနဲ့ ငါတို့ကို ရန်ဘက်လို သဘောထားပြောနေကြပြီ။ ဒါကို ငါတို့က ”ငါဘာလဲ၊ သူဘာလဲ” အတ္တတွေနဲ့ တုန့်ပြန်ပြီး ဘေးထွက်နေလိုက်ကြရင် ဘယ်သူတွေ မြေစာပင်ဖြစ်မလဲ။ ငါတို့ ကျောင်းသားလေးတွေ ဖြစ်ကုန်မှာ။ ဒါကြောင့် ငါနင်တို့ကို တောင်းပန်တယ်။ စာသင်နှစ်ကုန်အောင်တော့ ပြီးအောင် သင်ပေးကြပါဟာ”

သူမစကားဆုံးတော့ အားလုံးငြိမ်သက်သွားကြသည်။ အတန်ကြာငြိမ်နေပြီးမှ ကျော်စွာက စကားစသည်။
“ပြောသာ ပြောနေရတာပါ။ ငါလဲ ကလေးတွေကို သံယောဇဉ် တွယ်နေပြီဟ။ ကလေးတွေက ငါတို့ကို မျှော်လင့်ထားကြတာ။ ငါတို့ဘက်က တပိုင်းတစနဲ့ ပိတ်လိုက်ရင် ကလေးတွေ သနားပါတယ်”

ကျော်စွာ့စကားကြောင့် သူမ၀မ်းသာသွားသည်။ စိတ်ထဲ ပေါ်လာသည့် ဥပမာလေးကို ပြောပြလိုက်မိသည်။

“လမင်းကြီးရှိနေလို့ ဆိုပြီးတော့ ပိုးစုန်းကြူးလေးတွေက သူတို့ အလင်းရောင်လေးတွေကို မသိမ်းထားကြပါဘူးဟာ။ လသာညတွေမှာ ပိုးစုန်းကြူးလေးတွေရဲ့ အလင်းရောင်လေးတွေက အကျိုးကျေးဇူး ရှိချင်မှ ရှိမှာပေါ့လေ။ ဒါပေမယ့် လမိုက်ညတွေမှာတော့ သူတို့အလင်းရောင်လေးတွေက အကျိုးကျေးဇူး တစုံတရာ ရှိချင်လဲ ရှိလာမှာပေါ့။ ငါတို့တွေလဲ ပိုးစုန်းကြူးလေးတွေလိုပဲ ကိုယ့်ဟာကိုယ် သဘောထားပြီး၊ လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်နော်”

သူမစကားအဆုံးမှာ သူငယ်ချင်းများက ခေါင်းညိတ်ပြကြသည်။ အမြန်စားသောက်ပြီး ကားကိုယ်စီဖြင့် အသီးသီး ထွက်လာခဲ့ကြသည်။ တွေးရင်း၊ ငေးရင်း၊ ဘေးစကားများ နားထောင်ရင်း အချိန်ကုန်နေကြလို့ မရ။ ပိုးစုန်းကြူးများပီပီ ကိုယ်ပေးနိုင်သည့် အလင်းရောင်လေးတွေ ပေးနိုင်ဖို့ အတွက် အစမ်းစာမေးပွဲ အဖြေလွှာများကို စစ်ကြရဦးမည်။ ကိုယ်ပိုင်အလင်းရောင်လေးတွေနဲ့ အမှီအခိုကင်းကင်း လမ်းလျှောက်နိုင်ဖို့အတွက် ပညာ၊ ဥစ္စာများ ရှာဖွေကြရဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် “ပိုးစုန်းကြူးတွေကလဲ လမင်းကြီး သာတာ၊ မသာတာကို စိတ်မ၀င်စား၊ လမင်းကြီးကလဲ ပိုးစုန်းကြူးတွေကို အလင်းရောင်ရှိရပါ့မလားလို့ ရန်လိုက်မရှာပဲ” အတူတကွဲ ယှဉ်တွဲရပ်တည်နိုင်မှုတွေ ပြည့်နှက်နေသည့် သဘာဝတရားကြီးကိုတော့ သူမ နှစ်ခြိုက်မိပါရဲ့။

ခင်မမမျိုး (၈၊ ၂၊ ၂၀၁၀)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲခေါ်သံ

Wednesday, February 3, 2010

Democratic Forces


Statement

Public Letter

Farmers

Workers

Campaign Letter- Military

Campaign Letter- USDA

Students

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် နိုင်ငံတော်ပြုပြင်တည်ဆောက်ရေး

Monday, February 1, 2010

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတိုင်းမှာ စစ်ရေးနည်းနဲ့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးနည်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ပြည်ပကူညီဝင်ရောက် ဖြေရှင်းပေးမှုကြောင့်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု ကြောင့်ပဲဖြစ်ဖြစ် ပဋိပက္ခတွေ ပြေလည်ပြီးတဲ့အခါ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးကို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ နိုင်ငံတော်တွင်းမှာမှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံးရဲ့ လုံခြုံရေး၊ တရားဥပေဒေစိုးမိုးရေး၊ တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ လူနေမှုဘ၀ တိုးတက်သာယာရေး စတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီလိုဆောင်၇ွက်တဲ့အခါမှာ လူဦးရေရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများအရေးကိုလဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ဆောင်ရွက်ကြတဲ့အခါ ကဏ္ဍသုံးမျိုးကို ဦးစားပေးတည်ဆောက်ဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။



ပထမကဏ္ဍကတော့ အမျိုးသမီးများနဲ့ အမျိုးသားများအကြားက တန်းတူညီမျှမှုမရှိတဲ့ အခွင့်အရေးတွေ၊ ပညာရေးနဲ့ အရင်းအမြစ်တွေ၊ အာဏာခွဲဝေမှုပုံစံတွေကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးများ အင်တိုက်အားတိုက် ပါဝင်လာနိုင်အောင် လမ်းကြောင်းပြ ကူညီရေးဖြစ်ပါတယ်။ အမျိုးသမီးရဲ့ နိုင်ငံရေးဦးဆောင်ပါဝင်မှု အခွင့်အလမ်းတွေ၊ ပိုင်ဆိုင်မှု အခွင့်အလမ်းတွေ၊ ကန့်သတ်ဖယ်ရှားမှု လုံးဝမရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အိမ်တွင်း အကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှုမျိုးစုံကနေ ကင်းဝေးရေး အခွင့်အလမ်းတွေကို အမျိုးသမီးများ အားလုံး ရရှိခံစားနိုင်ဖို့ အရေးကြီးလှပါတယ်။ ဒီလိုအခွင့်အလမ်းတွေရမှာလဲ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးမှာ အမျိုးသမီးများအားလုံး အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ပဋိပက္ခများ ဖြေရှင်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်သစ် ပြုပြင်တည်ဆောက်ရေးကို အကောင်အထည်ဖော်ခဲ့ကြတဲ့ တောင်အာဖရိကနိုင်ငံနဲ့ တချို့ အာဖရိကနိုင်ငံများမှာ လွှတ်တော်အမတ်တွေရဲ့ ရာခိုင်နှုန်း (၂၀) ခန့်ဟာ အမျိုးသမီးများ ဖြစ်ရမယ်ဆိုတဲ့ အမျိုးသမီးများနိုင်ငံရေး ဦးဆောင်ပါဝင်ခွင့်ကို သတ်မှတ်ခဲ့တာတွေရှိပါတယ်။ အရှေ့တီမော နိုင်ငံမှာကျတော့ ကုလသမဂ္ဂ အကူအညီနဲ့ စွမ်းရည်မြင့်မားတဲ့ အမျိုးသမီးများကို ရွေးချယ်လေ့ကျင့်ပြီး၊ ရွေးကောက်ပွဲမှာ စနစ်တကျ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာ အရှေ့တီမောနိုင်ငံရဲ့ လွှတ်တော်အမတ် (၂၆) ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများ ဖြစ်လာခဲ့ပါတယ်။ ရ၀မ်ဒါနိုင်ငံရဲ့ လွှတ်တော်အမတ် (၄၉) ရာခိုင်နှုန်းကိုလဲ အမျိုးသမီးများက ကိုယ်စားပြုနေပါတယ်။

နိုင်ငံရေးဦးဆောင်မှုမှာတင် မဟုတ်ပဲ အမျိုးသမီးများရဲ့ ပိုင်ဆိုင်မှုအခွင့်အလမ်း၊ အမွေဆက်ခံမှု အခွင့်အလမ်းတွေကို တန်းတူညီမျှရှိစေမယ့် ဥပဒေတွေ ပြဌာန်းနိုင်ဖို့ကလဲ အရေးကြီးလှပါတယ်။ ဥပဒေအကြောင်းအရာများနဲ့ ပတ်သက်ပြီး၊ အမျိုးသမီးများနားလည်စေရေး၊ တဦးချင်း အခွင့်အလမ်းများကို သိရှိတောင်းဆိုတတ်စေရေးအတွက် လိုအပ်တဲ့ သင်တန်းများကိုလဲ ဖွင့်လှစ်ပို့ချပေးဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို စောင့်ရှောက်ကာကွယ် ပေးနိုင်မယ့် အလုပ်သမားဥပဒေတွေလဲ ရေးဆွဲ ချမှတ်ပေးဖို့ လိုအပ်လှပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူတဦးချင်းစီရဲ့ ၀င်ငွေတိုးတက်မှုက အရေးကြီးတာကြောင့် အမျိုးသမီးတွေရဲ့ ၀င်ငွေတိုးတက်မှ နိုင်ငံတော်ရဲ့ စီးပွားရေးလဲ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံး အချက်တချက်ကတော့ အမျိုးသမီးများအားလုံး အကြမ်းဖက်ခံရမှုကနေ ကင်းဝေးဖို့ဖြစ်ပါတယ်။ ပဋိပက္ခတွေပြီးဆုံးသွားတဲ့အခါမှာ နိုင်ငံတော် အကြမ်းဖက်မှုတွေ၊ မုဒိမ်းပြုကျင့်မှုကို စစ်ပွဲသုံးလက်နက်အဖြစ် အသုံးပြုမှုတွေ ရပ်စဲသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအလေ့အထတွေနဲ့ ယဉ်ပါးခဲ့တဲ့ အာဏာရှင်လက်ကိုင်ဒုတ်ဟောင်းတွေဟာ တဦးနဲ့တဦး လေးလေးစားစား ဆက်ဆံရမယ်ဆိုတဲ့ လူ့အဖွဲ့အစည်းသစ်နဲ့ အံဝင်ဂွင်ကျ မနေနိုင်လာတဲ့အခါမှာ နီးစပ်ရာမိသားစုတွေအပေါ်မှာ အနိုင်ကျင့်နှိပ်စက်မှုတွေ ပြုလုပ်လေ့ရှိကြောင်း နိုင်ငံတကာ ဖြစ်ရပ်များမှာ တွေ့ရှိရပါတယ်။ တချို့ကျတော့လဲ အမျိုးသမီးတွေကို နှိပ်စက်အနိုင်ကျင့်မှု၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေဟာ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ရာဇ၀တ်မှု မြောက်တယ်ဆိုတာကို နားလည်သိရှိခြင်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်သစ်မှာ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ဥပဒေများကို ချမှတ်ဆောင်ရွက်ရမှာဖြစ်သလို၊ တဘက်ကလဲ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနဲ့ပတ်သက်တဲ့ ပညာပေး အစီအစဉ်များကိုလဲ ပြုလုပ်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ထည့်သွင်းဆောင်ရွက်တဲ့အခါ ပါဝင်ရမယ့် ဒုတိယ ကဏ္ဍတခုကတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒများ ချမှတ်ရေးမှာ အမျိုးသမီးများ ပါဝင်ခွင့်ရှိရေးပဲဖြစ်ပါတယ်။ နိုင်ငံသစ်တည်ဆောက်ဖို့ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အစိုးရအသုံးစရိတ်ခွဲဝေမှု၊ ကုန်သွယ်ရေး၊ ဈေးနှုန်း၊ ပြည်သူပိုင်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းပေးမှု၊ ပြည်သူ့ဝန်ထမ်းလျှော့ချမှုစတာတွေ သင့်လျော်သလို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့ အခါမှာ အမျိုးသမီးများပါဝင်ဆောင်ရွက်ခွင့်ရှိမှသာ အမျိုးသမီးအခွင့်အလမ်းအတွက် အရေးကြီးတဲ့ တန်းတူညီမျှမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမှု ရှိဖို့တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပမာဆိုရင် နိုင်ငံတော်ပြုပြင် တည်ဆောက်မှုမှာ အသေးစားငွေချေးစနစ်ဟာ အရေးပါတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုတွေ၊ စစ်ပွဲတွေပြီးဆုံးသွားတဲ့အခါတိုင်း အရင်အစိုးရဟောင်းရဲ့ စီးပွားရေးမူဝါဒတွေ ကြောင့်ပဲဖြစ်ဖြစ်၊ စစ်ပွဲတွေကြောင့်ပဲဖြစ်ဖြစ်၊ ပြည်သူလူထုမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အရင်းအနှီး မရှိပဲ ဖြစ်နေတတ်ပါတယ်။ အစိုးရသစ်ဟာ ပြည်သူလူထုကို ရင်းနှီးလုပ်ကိုင်ဖို့ ငွေကြေးအရင်းအနှီးနဲ့ နည်းပညာတွေ ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ငွေချေးစနစ်နဲ့ ငွေကြေးအရင်းအနှီးများ ထုတ်ချေးတဲ့အခါ အမျိုးသားနဲ့ အမျိုးသမီးတွေအားလုံး တန်းတူညီမျှ ချေးငွေတွေရနိုင်ဖို့ လိုအပ်လှပါတယ်။

တခါ နိုင်ငံသစ်တည်ဆောက်တဲ့အခါမှာ DDR လို့ အတိုကောက်ခေါ်လေ့ရှိတဲ့ demilitarization, demobilization, re-integration အစီအစဉ်ကို အသုံးပြုပြီး၊ ပဋိပက္ခဖြစ်စဉ်မှာပါခဲ့တဲ့ အာဏာရှင်ဟောင်းရဲ့ လက်ကိုင်ဒုတ်စစ်သားတွေ၊ ပြည်သူလူထုဘက်က ရပ်တည်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေး သမားတွေရဲ့ ပြန်လည်ထူုထောင်ရေး၊ နိုင်ငံသစ်တည်ဆောက်ရေးမှာ လူ့အဖွဲ့အစည်းနဲ့အတူ လက်တွဲပါဝင် လာနိုင်ရေးတွေ အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ အမျိုးသားစစ်သားတွေသာမက အမျိုးသမီး မိသားစုတွေအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှ ပါတယ်။


နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ထပ် ကဏ္ဍကြီးတခုကတော့ အမျိုးသားများရဲ့ မိသားစုတွင်းအာဏာကြီးစိုးမှု၊ ပြဿနာတွေကို ဦးနှောက်နဲ့ မဖြေရှင်းပဲ ရိုက်နှက်တိုက်ခိုက် အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းတတ်မှု၊ ရန်လိုတဲ့စိတ်တွေနဲ့ တိုက်ခိုက်ရေး စိတ်ကြီးမားမှုတွေအပေါ်မှာ အခြေခံထားတဲ့ လူ့အဖွဲ့အစည်းတွေကို ပူးပေါင်း ဆောင်ရွက်မှု၊ ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းမှုနဲ့ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုတွေအပေါ်မှာ အခြေတည်တဲ့ လူ့အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့အတွက် လူမှုအရင်းအနှီးကို တည်ဆောက်ရပါမယ်။ ပဋိပက္ခတွေဟာ လူ့အဖွဲ့အစည်းကြားမှာ တဦးပေါ်တဦး အယုံအကြည်မဲ့မှုတွေ၊ နားလည်မှု လွဲမှားတာတွေကို ဖြစ်ပွားစေပါတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေ ပြီးသွားတဲ့အခါမှာလဲ ဒါတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်နေခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံဖြစ်ခဲ့သူတွေ၊ အတွေးအခေါ်မတူညီခဲ့သူတွေ၊ ရန်ဘက်ဟောင်းတွေ၊ လူ့အဖွဲ့အစည်းတွေ အကြားမှာ အချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အညှိုးအတေးတွေ၊ လက်စားချေလိုစိတ်တွေ ကြီးထွားနေခဲ့ရင် နိုင်ငံတော်တည်ဆောက်ရေးမှာ အဟန့်အတားတွေ ထပ်ဖြစ်လာတတ်ပါတယ်။ ဒီလိုပြုလုပ်ဆောင်ရွက်တဲ့အခါမှာ တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှု၊ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်မှုတွေပေါ်မှာ အခြေခံတဲ့ မိသားစုတွေ၊ အမျိုးသမီး ပူးပေါင်းဆောင်ရွက်ရေးကွန်ယက်တွေဟာ အရေးကြီးတဲ့ ယူနစ်တွေ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အခါ၊ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းဆောင်တာတွေကို မလွဲမသွေ ၀ိုင်းဝန်းအကောင်အထည် ဖော်ကြရမှာ မလွဲမသွေပါပဲ။ ဒီလိုအကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံတော်ရဲ့ လူဦးရေ တ၀က်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများအားလုံး အင်တိုက်အားတိုက် ပါဝင်နိုင်ခွင့်ရရေး၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုအပေါ်မှာ အခြေတည်တဲ့ လူ့အဖွဲ့တရပ်ပေါ်ပေါက်လာနိုင်ရေးဟာ အလွန်ပဲ အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး

(မြန်မာအမျိုးသမီး သမဂ္ဂမှ ထုတ်ဝေသော ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် ရေးသားထားသော ဆောင်းပါး ဖြစ်ပါသည်)


အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP