ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Showing posts with label tag. Show all posts
Showing posts with label tag. Show all posts

Love

Sunday, October 26, 2008

အချစ်ဆိုတာ


အချစ်ဆိုတာတဲ့။

ကိုဂျုလိုင်က တက်ခ်ထားတာ ကြာပြီ။ ရေးမယ်၊ ရေးမယ်နဲ့ ရေးလို့မရဘူးဖြစ်နေတယ်။ တခြားစာတွေရေးရင် ကျွန်မရဲ့ လက်ချောင်းလေးတွေက စာရွက်တွေပေါ်မှာ၊ ကွန်ပျူတာခလုတ်ခုံပေါ်မှာ ပြေးလွှားဆော့ကစားနေကြ။ အခုကျတော့ အဲလိုမဟုတ်ဘူး ဖြစ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီတက်ခ်လေးကို ရေးရမှာက ကျွန်မရဲ့ နှလုံးသွေးစက်တွေနဲ့ ဖြစ်နေလို့ပါပဲ။


အချစ်တဲ့။

ဒီစကားလုံးလေးကို ကြားရစဉ်တိုင်းမှာ ကျွန်မရဲ့ အတွေးစဉ်တွေထဲကို ပုံရိပ်တခုက လွှမ်းမိုးလာပါတယ်။ သူကတော့ ကျွန်မက အစ်ကိုလို့ ချစ်မြတ်နိုးစွာ တလေးတစား ခေါ်တတ်ပြီး၊ ကျွန်မကို ညီမလေးလို့ ခေါ်တတ်တဲ့ ကျွန်မရဲ့ အချစ်ဦး ချစ်သူတယောက်ပါ။ တခါတလေမှာ သူ့ကို “ကိုမောင်”လို့ ခေါ်ခိုင်းတတ်ပေမယ့်၊ ခေါ်ဖို့မရဲဘူးဆိုပြီး ကျွန်မအမြဲငြင်းခဲ့ဖူးပါတယ်။


သူ့ကိုဘာလို့ ချစ်ခဲ့လဲ ကျွန်မလုံးဝမသိပါဘူး။ သေချာတာကတော့ သူဘယ်သူဘယ်ဝါဆိုတာ လုံးဝမသိရသေးခင်မှာပဲ သူ့မျက်လုံးလေးတွေကို စတင်ဆုံစည်းမိချိန်မှာ ကျွန်မရင်ခုန်သံစည်းချက်တွေ ထွက်ပေါ်လာခဲ့တယ်ဆိုတာပါပဲ။ ကံကောင်းချင်တော့ ကျွန်မတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခွင့်ရခဲ့ကြပါတယ်။ ကံဆိုးချင်တော့ ဘ၀တလျှောက်လုံး ဆုံစည်းခွင့်ဆိုတာကို မရခဲ့ကြပါဘူး။ “ချစ်တိုင်းလဲမညား၊ ညားတိုင်းလဲမချစ်”ဆိုတဲ့ဆိုရိုးစကားက ဘ၀မှာ တကယ်ပဲ ဖြစ်တတ်တာကလား။


ဘာတွေပဲဖြစ်ဖြစ် သူနဲ့ ဆုံတွေ့ခဲ့ရတဲ့ အချိန်လေးတွေဟာ ဘယ်တော့မှ မေ့ပျောက်သွားနိုင်မှာ မဟုတ်တဲ့ အမှတ်တရလေးတွေပါပဲ။ မွေးရပ်မြေတောင်ပေါ်မြို့လေးက စားသောက်ဆိုင်လေးတွေမှာ အတူလက်ဆုံထမင်းစားခဲ့ကြရင်း ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေ၊ တောင်ပေါ်ဘုရားလေးမှာ ဘုရားအတူဖူးရင်း ဆိုခဲ့ဖူးတဲ့ သစ္စာတရားတွေ၊ အလည်ရောက်ခဲ့ဖူးတဲ့ ရွာငယ်ကလေးတွေ၊ ဆွေးနွေးခဲ့ဖူးတဲ့ နိုင်ငံရေးရာလေးတွေဟာ ကျွန်မရဲ့ အတွေးစဉ်တွေထဲကို ထာဝရခိုတွယ် နေရာယူထားခဲ့ပါတယ်။


သူပြောပြခဲ့တဲ့ ခေတ်အဆက်ဆက် တော်လှန်ရေးသမိုင်းတလျှောက်က တိုက်ပွဲခေါ်သံတွေကို ပြန်လည်ကြားယောင်မိတိုင်း ကျွန်မရဲ့ နှလုံးသွေးတွေ ပွက်ပွက်ဆူနေဆဲ၊ အခက်အခဲတွေ ကြုံတွေရတိုင်း လက်ဖ၀ါးကို ဆုပ်ကိုင်အားပေးတတ်တဲ့ သူ့လက်ဖ၀ါးပြင်က အနွေးငွေ့လေးကို ကျွန်မအခုအချိန်ထိ ခံစားနေရဆဲ၊ “ရင်ထဲက ယုံကြည်ချက်အလံကို ဘယ်အရာကမှ လာနှဲ့လို့မရဘူး” ဆိုတဲ့ သူ့စိတ်ဓာတ်အပေါ် လေးစားမှုတွေနဲ့အတူ ကျွန်မရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကလဲ သံမဏိလို ခိုင်မာနေဆဲ။


သူဟာ ကျွန်မအတွက်တော့ ဘ၀တခုပါ။ သူနဲ့ပတ်သက်ပြီး အချစ်ဆိုတာကို ခံစားမိခဲ့ရတယ်။ အချစ်ဆိုတာရဲ့ နောက်ကွယ်က တဦးပေါ်တဦးနားလည်မှု၊ မြတ်နိုးတန်ဖိုးထားမှု၊ ယုံကြည်မှု၊ အခက်အခဲတွေကို အတူဖြတ်ကျော်ရင်ဆိုင်နိုင်မှု ဆိုတဲ့ အရာတွေကိုလည်း နားလည်သဘောပေါက်ခဲ့ရတယ်။ ကျွန်မလျှောက်လှမ်းသင့်တဲ့ ဘ၀လမ်းကြောင်းမှန်ကိုလည်း သူလမ်းညွှန်ပြသခဲ့တယ်။


လူမှုဘ၀တာဝန်အဖြာဖြာနဲ့ ရှုပ်ထွေးနေရတဲ့ ဘ၀မှာ အချိန်ပြည့် သတိရနေတယ်လို့တော့ ကျွန်မမဆိုလိုပါဘူး။ ဒါပေမယ့် တိုက်ဆိုင်မှုလေးတွေ ရှိတဲ့အခါတိုင်း၊ သီချင်းလေးတွေ နားထောင်မိတဲ့ အခါတိုင်း သူဟာ ကျွန်မအတွေးထဲကို ရောက်ရောက်လာတတ်တယ်။ သူကမုန့်ဟင်းခါးသိပ်ကြိုက်တာ။ အရင်တုန်းကဆို ဆိုင်မှာပဲ ကျွန်မတို့ အတူစားခဲ့ကြတာ။ အခုလို ဟိုစပ်စပ်ဒီစပ်စပ် စချက်တတ်စ အချိန်လေးမှာ သူ့ကို ချက်ကျွေးချင်လိုက်တာရှင်။ ဘာတွေဘယ်လိုထည့်ပြီး ဖျော်ထားမှန်းမသိတဲ့ ကော်ဖီတခွက်ကို ချစ်သူရဲ့ ပထမဆုံးဖျော်ဖူးတဲ့ ကော်ဖီလေးအနေနဲ့ ကြိတ်မှတ်သောက်ခဲ့ဖူးတဲ့ သူ့ကို ကော်ဖီဖျော်တိုင်းလဲ သတိရနေဆဲပဲ။


ခရီးတခုခုသွားရရင် တောင်တန်းကြီးတွေကို မြင်မိတိုင်း ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းလေးတွေမှာ ကျင်လည်စွာကားမောင်းနေတဲ့ သူ့ရဲ့ဟန်ကို ပြန်လည်မြင်ယောင်မိနေဆဲ။ ကျွန်မက တောင်ပေါ်လမ်းလေးတွေကို သဘောကျတာမို့ တခါတလေ ကျွန်မတို့နှစ်ယောက် ဘာမှကို မယ်မယ်ရရမဟုတ်ပဲ တောင်ကြီး-ကလော၊ တောင်ကြီး-ရွာငံ၊ တောင်ကြီး-ဟိုပုန်း၊ တောင်ကြီး-ရပ်စောက်လမ်းတွေပေါ်မှာ ကားထွက်မောင်းနေတတ်ကြတယ်။ တွေ့ကရာ လမ်းဘေးဆိုင်လေးတွေမှာ ကားရပ်ပြီး မုန့်စားတတ်ကြသေးတယ်။ လမ်းတလျှောက်လုံး သူ့ကို ကားမောင်းခိုင်းပြီး၊ ဘေးကနေ မုန့်တစွပ်စွပ်စားလိုက်၊ သူ့ပါးစပ်ထဲ မုန့်ထည့်ပေးလိုက်နဲ့ ကလေးဆန်ဆန် ပြုမူခဲ့ဖူးတာလေးတွေကို သူက သည်းခံပြီး ပြုံးပျော်ပေးခဲ့ဖူးတယ်။


အခုအချိန်ထိ ရှော့ပင်ထွက်တဲ့ အခါတိုင်း အမျိုးသားဝတ်စုံတွေဘက်ကို မကြည့်မိအောင် ကျွန်မအမြဲ သတိထားမိနေရတယ်။ တခါတလေမှာ သူဝတ်လေ့ရှိတဲ့ ရှပ်အကျီင်္အဖြူလေးတွေတွေ့ရင် ယောင်နနနဲ့ ကျွန်မသွားကိုင်မိနေဆဲပဲ။ အခြေအနေအကြောင်းကြောင်းကြောင့် ကျွန်မဆီမှာ သူ့ဓါတ်ပုံလေးတောင် အမှတ်တရမရှိခဲ့။ ဒါပေမယ့် ကျွန်မရဲ့ မျက်ဝန်းလေးကတော့ သူ့ပုံရိပ်ကို ထာဝရရင်မှာ သိမ်းထားဖို့ ဓာတ်ပုံရိုက်ယူခဲ့ပြီးသားမို့ တော်သေးတယ်ဆိုရမလား။ သူနဲ့ ပတ်သက်လို့ သူ့လက်ရေးလေးတွေနဲ့ ရေးထားတဲ့ စာလေးတစောင်ပဲ အမှတ်တရ ကျွန်မဆီမှာ ရှိနေခဲ့တယ်။ ကျွန်မနိုင်ငံခြားထွက်လာခါနီးမှာ ပေးလိုက်တဲ့ အော်တိုဆန်ဆန်စာသားလေးတခု။ ထုတ်ဖတ်ရလွန်းလို့ အခုဆိုရင် စာရွက်တွေတောင် မွကြေနေခဲ့ပြီမို့ နေ့စဉ်တွေ့ရအောင် မှန်တင်ခုံလေးမှာ ကပ်ထားလိုက်ရတယ်။ သူရေးထားတာက

ညီမလေးရေ-

အင်မတန်မှ အရည်အသွေးထက်မြက်ပြီး အလွန်တရာ အဖိုးထိုက်တန်တဲ့ ပတ္တမြားကျောက် ရဖို့ဆိုရင် အလွန်တရာ နက်ရှိုင်းပြီး၊ အပင်ပန်း၊ အဆင်းရဲခံမှုတွေနဲ့ ရင်းမှ ရနိုင်မယ် ညီမလေး။

ကိုမောင်” တဲ့။

ဒီစာရွက်လေးနဲ့ ဒီစာသားလေးဟာ ကျွန်မဘ၀အတွက် ဘာနဲ့မှ လဲလှယ်လို့မရနိုင်တဲ့ အဖိုးမဖြတ်နိုင်သော ရတနာ ပစ္စည်းလေးတွေပါ။ ဒီစာသားလေးကို ဖတ်မိစဉ်အခါတိုင်း ကျွန်မဘေးမှာ သူရှိနေသလို အားအင်တွေ ပြည့်လာရတယ်။ စိတ်ခွန်အားတွေ တိုးတက်လာခဲ့ရတယ်။ သူဟာ ကျွန်မဘ၀အတွက် ဘယ်တော့မှ အစားထိုးမရနိုင်တော့တဲ့ ချစ်သူတယောက်ပါပဲ။


ဟိုး- လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူနဲ့ ကျွန်မလေ တောင်ပေါ်ဘုရားလေးတဆူ အနီးမှာ ဆုံကြတုန်း သူက ကတိတခု တောင်းခဲ့ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားခဲ့ရင်၊ မြန်မာပြည်တော်လှန်ရေးကို အသက်မသေသေးသရွေ့ ဆက်လုပ်နေကြပြီး၊ ဒီမိုကရေစီရပြီးတဲ့ ပထမဆုံးနှစ် အောက်တိုဘာ (၂၁)ရက်နေ့မှာ ပြန်ဆုံကြဖို့ကိုပါ။ တကယ်လို့ တယောက်ယောက်ရောက်မလာခဲ့ရင် ကျန်တဲ့တယောက်က ဘုရားပေါ်တက်ပြီး အမျှ ဝေပေးရမယ်တဲ့လေ။


ကျွန်မအဲဒီအချိန်လေးကို စောင့်စားနေမိတယ်။ သူကကော တကယ်ပဲ ရောက်မလာနိုင်တော့တာလား။ ကျွန်မကကော အဲဒီအချိန်ထိ အသက်ရှင်နေပါ့မလား။ ကျွန်မ မသိပါဘူးလေ။ ဘာပဲဖြစ်ဖြစ်ပေါ့ရှင်။ ကျွန်မဘ၀မှာ ဆုတောင်းလေးတခုသာ ပြည့်ခွင့်ရခဲ့မယ်ဆိုရင်တော့ မြန်မာပြည်ဒီမိုကရေစီရပြီးတဲ့နှစ်ရဲ့ ပထမဆုံးအောက်တိုဘာလ (၂၁) ရက်နေ့မှာ ရှမ်းပြည်တနေရာက တောင်ပေါ်ဘုရားလေးဆီမှာ ကျွန်မရဲ့ ချစ်သူလေးကို တွေ့ရပြီး၊ သူကြားချင်တယ်ဆိုတဲ့ “ကိုမောင်”ဆိုတာလေး ခေါ်ဆိုနိုင်ပါရစေလို့ ဆုတောင်းမိမှာ အမှန်ပါပဲ။


တခါတလေတော့လဲ အချစ်ဆိုတာ လွမ်းစရာလေးတွေနဲ့ ပြည့်နှက်နေတတ်တာပါကလား။


ခင်မမမျိုး (၂၆၊၁၀၊ ၂၀၀၈)



အပြည့်အစုံဖတ်ချင်ရင်..>>>

An offhand meal

Friday, October 3, 2008


ဖြစ်သလိုစားတာနဲ့ပတ်သက်ပြီး ရေးမလားလို့ ကိုဂျူလိုင်က ဂျီတော့ခ်မှာမေးလာတော့ ရေးမယ်လို့ အလွယ်တကူပြန်ဖြေလိုက်မိတယ်။ အဲ- တကယ်တက်ခ်လာတော့မှ ကိုယ်မချက်တတ်မပြုတ်တတ်တာ လူသိတော့မှာပဲ လို့ တွေးလိုက်မိတယ်။ ဒါပေမယ့်လဲလေ- “ဆိုခဲစေ၊ မြဲစေ” မို့ ရေးလိုက်ပြီ ကိုဂျုလိုင်ရေ။


ကျွန်မဆိုတာက ငယ်စဉ်ကတည်းက အိမ်ကအစားအစာ မကြိုက်ပဲ အပြင်စာတွေကိုပဲ ဖြစ်သလို စားချင်နေတတ်တဲ့ သူတယောက်ပါ။ ဆိုင်အစားအစာတွေကို သိပ်ကြိုက်တတ်ပါတယ်။ မှတ်မှတ်ရရ ကျွန်မလေးနှစ်လောက်တုန်းက ညနှစ်နာရီကျော်မှာ ပေါက်စီစားမယ်ဆိုပြီး ထငိုပါသတဲ့။ ပေါက်စီမကျွေးရင် တညလုံးလဲမအိပ်ဘူး။ အိမ်ကဘယ်သူမှလဲမအိပ်ရဘူးလို့အမိန့်ထထုတ်ပါသတဲ့။ ဒါနဲ့ ကျွန်မအဘိုးက နံနက်အစောကြီးဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင်က တရုတ်ကြီးကို ညဘက်သွားနှိုးပြီး ပေါက်စီသွားဝယ်ပေးရပါသတဲ့။ အိမ်မှာဆို ဒီကိစ္စက ပြောမဆုံးဘူး။


အရွယ်ရောက် လာတော့လဲ ကျွန်မအိမ်က လူတွေဟာ ကျွန်မတနေ့တာ ဘာတွေစားမလဲဆိုတာကို နံနက်တိုင်း ကြိုမေးထားကြရပြန်ပါတယ်။ ဒါတောင် နေ့လည်ပိုင်း ထမင်းစားကျောင်းလွှတ်ချိန်မှာ အိမ်ပြန်ရောက်လာပြီးရင် ချက်ထားတာတွေကို မစားချင်ဘူးဆိုပြီး၊ ကားမောင်းသူကို ဆိုင်တခုခုဆီ မောင်းခိုင်းတတ်ပါသေးတယ်။ ကျွန်မကြောင့် အိမ်က အလုပ်ဖြုတ်ပစ်လိုက်သူတွေအများကြီးပဲ။ နောက်ပိုင်းကျတော့လဲ သူတို့ကမချက်တတ်တာမဟုတ်၊ ကျွန်မကိုက အိမ်မှာ မစားချင်ဘူးဆိုတာကို အိမ်က သဘောပေါက်သွားပါတော့တယ်။


ကျွန်မဆိုတာက နံနက်မိုးလင်းရင်လဲ အိမ်မှာရှိတဲ့ အစားအစာတွေကို စားချင်မှစားလေ့ရှိပါတယ်။ ပေါင်မုန့်မီးကင်တို့၊ မုန့်ဟင်းခါးတို့ရှိနေပြန်ရင်လဲ ကိုယ်စားချင်တာက ရှမ်းခေါက်ဆွဲဖြစ်နေပြန်တာ ဆိုတော့ အိမ်က ထမင်းစား စားပွဲနဲ့ ရန်ဖြစ်ထားသလား အောက်မေ့ရအောင်ကို ကျွန်မနဲ့ ဝေးနေတတ်လေ့ရှိပါတယ်။ နံနက်မိုးလင်းရင် ကျွန်မအရင်ဆုံးစဉ်းစားရတာက ဘယ်အစားအစာကို ဘယ်ဆိုင်မှာ စားချင်တယ်ဆိုတာပါပဲ။ ကျွန်မနေတဲ့ တောင်ကြီးမြို့ဆိုတာကလဲ အစားအစာတွေ စုံမှစုံ၊ တိုဖူးနွေး၊ ရှမ်းခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ နန်းကြီးသုပ်၊ မုန့်ဟင်းခါး၊ ဟင်းထုပ်၊ဖက်ထုပ်ကြော်၊ ပဲပလာတာ၊ ပဲနံပြားစသည်ဖြင့် အများကြီးရယ်ပါ။ တဆိုင်ထဲမှာတင်လဲ အကုန်လုံးကောင်းတာမဟုတ်ပါဘူး။ ဒီတော့ စားချင်တာကို စဉ်းစားပြီးရင် ဆိုင်ကိုပါ စဉ်းစားရပါသေးတယ်။ အဲလိုကို အိမ်နဲ့ယာနဲ့မစားချင်ပဲ ဆိုင်တကာလှည့် ဖြစ်သလို စားချင်တတ်တဲ့ လူမျိုးပါ။


ဆယ်တန်းအောင်ပြီးနောက်ပိုင်းလုပ်ငန်းခွင်တွေထဲရောက်တော့ ကျွန်မရဲ့ဖြစ်သလိုစားတတ်တဲ့ အကျင့်က ပိုဆိုးလာပါတယ်။ အလုပ်လဲလောဘကြီးသူမို့ အစားအသောက်ကလဲ အချိန်မမှန်။ ကြုံသလိုစားဖြစ်လိုက်တာပါပဲ။ ရန်ကုန်မှာဆိုရင် မြို့ထဲက လသာ၊ တရုတ်တန်းကနေ ကျောက်မြောင်းဘက်အထိ တလျှောက်လုံးနဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားဘက်တ၀ိုက်မှာ ကျွန်မမရောက်ဖူးတဲ့ ဆိုင်တော်တော်နည်းပါတယ်။


မန္တလေးမှာ အဆောင်နေပြီးကျောင်းသွားတက်တော့ ဖြစ်သလိုစားရတဲ့ ထမင်းနပ်တွေက ပိုများလာပါတယ်။ ဆိုင်ဟင်းထမင်းတွေကို ကျွန်မတို့ သူငယ်ချင်းတတွေ တလစီပြောင်းစားကြပါတယ်။ ဒီလတရုတ်ဆိုင်၊ နောက်လမြန်မာဆိုင်၊ နောက်တလ လပေးချိုင့်ဆွဲစသည်ဖြင့်ပါ။ နေတဲ့အဆောင်ဘေးမှာ ညလုံးပေါက်လက်ဖက်ရည်ဆိုင်ဖွင့်လာတော့ ကျွန်မတို့တတွေ ညဘက်ဆိုရင် အဆောင်ပေါ်ကနေ ကြိုးချပြီး လက်ဖက်ရည်မုန့်မှာ၊ ဆိုင်က ကြိုးမှာ ကျွတ်ကျွတ်အိတ်နဲ့ ပြန်ချိတ်ပေးလုပ်နေကြတာနဲ့တင် အဲဒီလက်ဖက်ရည်ဆိုင် တော်တော်စီးပွားဖြစ်သွားပါတယ်။ အဆောင်မှာမနေပဲ အိမ်နဲ့နေတော့ မေမေက ချက်ပြုတ်ကျွေးမွေးဖို့အဖော်ဆိုပြီး လူပို့ပေးပါတယ်။ သိပ်မကြာပါဘူး။ သူထွက်သွားရောရှင့်။ ကျွန်မက သူချက်တာတွေမစားလို့တဲ့ရှင်။ ကဲ- မခက်ဘူးလား။


အလုပ်အကိုင်နဲ့ဖြစ်ဖြစ်၊ လေ့လာရေးခရီးပဲဖြစ်ဖြစ် ခရီးတွေထွက်ဖြစ်တဲ့အခါမှာလဲ ဖြစ်သလိုစားဖြစ်တာချည်းပါပဲ။ ပြီးတော့ ကျွန်မက ဘာအစားအစာဆိုတာ သိပ်ရွေးလေ့မရှိဘူး။ တရုတ်စာ၊ ကုလားစာ၊ ရခိုင်စာ၊ ရှမ်းစာ၊ လားဟူစာ ဘယ်အစားအစာမျိုးကိုမဆို မကြိုက်တာသိပ်မရှိလေတော့ နေရာစုံနဲ့ အဆင်ပြေပါတယ်။ ရောက်တဲ့မြို့မှာ ဘယ်စားသောက်ဆိုင်ကောင်းလဲမေးပြီး သွားစားလိုက်တာပါပဲ။ မှတ်မှတ်ရရ တခါကပအိုဝ့်နယ် ဘုန်းကြီးပျံပွဲတခုသွားတုန်းကဆို ထမင်းထုပ်ဝေတာကို တန်းစီယူကြရတာပါ။ ထမင်းထုပ်ရလာတော့ တိုဖူးသုပ်ရယ်၊ ပဲပုတ်စေ့ဟင်းရယ်၊ ငရုတ်သီးစိမ်းတောင့်လေးရယ် ပါပါတယ်။ ဘုန်းကြီးပျံပွဲလုပ်တဲ့ ကွင်းပြင်မှာ မြေကြီးပေါ်ထိုင်ပြီး စားခဲ့ရတဲ့ အဲဒီထမင်းလေးတနပ်ကို အခုထိအမှတ်ရဆဲပါပဲ။ ခရီးကလဲပမ်း၊ ဗိုက်ကဆာနဲ့ စားလို့ကောင်းလိုက်တာရှင်။


ဒီလိုနဲ့ နိုင်ငံရပ်ခြားရောက်လာတော့ အပြင်မှာ စားရင် ကုန်ကျစရိတ်ပိုများတာမို့ ကျွန်မရဲ့ ဖြစ်သလိုစားတတ်တဲ့ အကျင့်လေးပျောက်သွားမလားလို့ အကြောင်းသိတွေက မျှော်လင့်ကြပါတယ်။ ဟဲဟဲ- သူတို့ထင်သလိုဖြစ်မလားဘူးရှင့်။ အချိန်ပိုအလုပ်တွေလုပ်လိုက်ပြီး မဖြစ်ဖြစ်အောင်ကို အပြင်စာတွေပဲ ၀ယ်စားပါတယ်။ နိုင်ငံမျိုးစုံက အစားအစာမျိုးစုံကိုလဲ အခုအချိန်ထိ ဘယ်နိုင်ငံအစားအစာမကြိုက်ဘူးလို့ ပြောစရာမရှိအောင်ကို အားလုံးကို ကြိုက်နှစ်သက် နေတတ်ပါတယ်။ ကဲ- မခက်ပါလား။ အလုပ်တွေ ရှုပ်နေတာကလဲ ပါမယ်ထင်ပါတယ်။ သားငယ်လေးကျွန်မဘ၀ထဲမရောက်လာခင်တုန်းကဆိုရင် ကျွန်မကနံနက် ခုနစ်နာရီကနေ ည ဆယ့်နှစ်နာရီအထိ အိမ်မှာရှိတာမှ မဟုတ်တာပဲကိုး။ နံနက်ဆိုအလုပ်သွား၊ ကြားအချိန်မှာလဲ အလုပ်ထဲကနေ ကျောင်းကို ခဏပြေးပြီး ဆက်မီနာလေးတွေတက်၊ အလုပ်ပြန်သွား၊ အလုပ်ပြီးရင် စားသောက်ဆိုင်မှာဝင်စား၊ စာကြည့်တိုက်မှာ စာသွားဖတ်နဲ့ ကျောင်းက စာကြည့်တိုက်ပိတ်ချိန် ညဆယ့်နှစ်နာရီမှ အိမ်ပြန်လာတတ်တဲ့ ကျွန်မအတွက် အိမ်ပြန်ပြီး ချက်ပြုတ်စားနေဖို့ကို အချိန်မပေးနိုင်သလိုဖြစ်နေတာကိုး။ ဒီလိုနဲ့ နံနက်ဆိုရင် ကော်ဖီနဲ့ မုန့်တခုခုကို ကင်တင်းမှာဝယ်စား၊ နေ့လည်ဆို sandwich တခုခုစားပြီးဖျော်ရည်သောက်၊ ညနေဆိုရင် တရုတ်၊ ကုလား၊ စပိန်၊ အီတလီ၊ ပြင်သစ် စကော့တလန်စားသောက်ဆိုင်တခုခုသွားစားတတ်တာက ဓလေ့တခုလို ဖြစ်နေပြီ။


ချက်စားဖို့ဆိုတာကလဲ ချက်ပြုတ်ရေးကတော်တော်ကျွမ်းကျင်တာကိုးရှင့်။ လန်ဒန်ရောက်လာတုန်းက ကိုယ့်ဘာသာအိမ်သပ်သပ်ငှားနေဖို့မတတ်နိုင်သေးတာကြောင့် မြန်မာတွေ စုနေကြရပါတယ်။ အဲဒီမှာ အမကြီးတယောက်က ကြက်သားကြော်နေရင်း ဘေးကတယောက်ကို ရေမကျစေနဲ့ လှမ်းပြောတော့၊ ဆီထဲရေကျသွားရင် ဘာဖြစ်လို့လဲ ပြန်မေးဖူးခဲ့တယ်ဆိုရင် ကျွန်မဘယ်လောက်ကျွမ်းကျင်လဲဆိုတာ သိလောက်ရောပေါ့။ ဟဲ- နောက်ပိုင်းတော့ မနေနိုင်တဲ့ အမကြီးများက ဂုတ်ကနေဆွဲပြီး ကြက်ဥကြော်နည်း သင်ပေးကြပါတော့တယ်။ နံနက်စာလေး အိမ်မှာ ကိုယ့်ဟာကို လုပ်စားသွား ပါလားဟယ်။ ပိုက်ဆံကုန်သက်သာတာပေါ့ဆိုပြီး။ ဒါလဲ မရပါဘူးရှင်။ အပြင်ရောက်ရင်ကို ဆိုင်ထဲကနေ တခုခုဝယ်စားချင်နေတာ။ အနည်းဆုံး ကော်ဖီလေးတခွက်ဖြစ်ဖြစ်တော့ ၀ယ်သောက်လိုက်ရမှ။


သားလေးရလာပြီးတော့ တချိန်ကျရင် သားလေးကို ချက်ကျွေးဖို့ လိုတယ်ဆိုပြီး သူငယ်ချင်းအင်္ဂလိပ်မက ကျွန်မကို မြန်မာဟင်းနဲ့ အာရှဟင်းချက်နည်းတွေ သင်ပေးပါတယ်။ ဟီးဟီး- မြန်မာကို အင်္ဂလိပ်က မြန်မာအစားအစာချက်ပြုတ်နည်း ပြန်သင်ပေးသွားတာလေ။ အဲဒီနောက်ပိုင်းတော့ နည်းနည်းလေး အချက်အပြုတ်စိတ်ဝင်စားလာသလိုပဲ။ သားလေးကို ကျွေးချင်တာလဲ ပါတာပေါ့။ အခုဆိုအိမ်မှာ ကမ္ဘာတ၀ှမ်းလုံးက ချက်ပြုတ်နည်းစာအုပ်စုံရှိနေပြီ။ စနေတနင်္ဂနွေဆိုရင် စမ်းသပ်ချက်ပြုတ်ကြည့်နေတာ။ ဒီတပတ်တော့ အရှေ့အလယ်ပိုင်း အစားအစာတွေ လုပ်စားကြည့်မလားပဲ။ စာအုပ်ထဲက ပုံတွေကို မြင်ရတာတော့ စိတ်ဝင်စားစရာ။


ဒါပေမယ့်ပဲလေ။ ဖြစ်သလိုစားလာတာ နှစ်ပေါင်းများစွာ ကြာလာပြီဆိုတော့ အိမ်မှာကို မစားချင်တော့တာ။ ဆယ့်ငါးမိနစ်လေးလောက်စားဖို့ကိုများ အချိန်ကုန်ခံပြီး ဈေးဝယ်ရဦးမယ်၊ ပြင်ဆင်ရဦးမယ်၊ ချက်ရဦးမယ်ဆိုတော့ စိတ်မရှည်ချင်စရာကောင်းလိုက်တာနော်။ သြော်- ဘ၀၊ ဘ၀။


ခင်မမမျိုး (၃၊ ၁၀၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

my recent view

Monday, September 8, 2008


အလုပ်တွေရှုပ်နေတာနဲ့ ကိုဂျူလိုင် တက်ခ်ထားတာ သတိမထားလိုက်မိဘူး။ ဒီနေ့မှ တွေ့တာနဲ့ လတ်တလော အမြင်လေးတွေကို ရေးပေးလိုက်ပါတယ်။ ဘလော့ခ်ဂါလောကထဲက ဒီယဉ်ကျေးမှုလေးကို တခြားဘလော့ခ်တွေမှာ ကြားဖူးဖတ်ဖူးနေတာ။ အခုမှပဲ ကိုယ်တွေ့ကြုံဖူးတော့တယ်။


ကိုယ့်ရဲ့နာမည် - ခင်မမမျိုး
ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ဂေါ်ဇီလာ၊ ဂျပုမ၊ ရှဥ့်မလေး
ကိုယ်ဒီမှာနေတယ် - ခေတ္တလူ့ဘုံ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - မေးလ်ပို့လိုက်ပါ။ ပြန်ဆက်သွယ်ပါ့မယ်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - အနီရောင်
အ၀တ်အစားဆိုရင် - မြန်မာထမီနဲ့ လက်ရှည်အကျီင်္
အစားအစာဆိုရင် - မြန်မာစာ၊ တရုတ်စာ၊ ဥရောပစာ
ပစ္စည်းဆိုရင် -

သီချင်းဆိုရင် - အလွမ်းကဖေး (ဂျေညီညီ)၊ မင်းကလွဲရင် (မီမီဝင်းဖေ)
စာရေးစာဆရာ - ဂျူး၊ မစန္ဒာ၊ မေငြိမ်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်
စာအုပ် - အညတရ ရုပ်ပုံလွှာများ (မြသန်းတင့်)
Life style –
စာဖတ်၊ စာရေး၊ စာသင်နေရတဲ့ဘ၀လေးတခု

ကိုယ့်ရဲ့ဝါသနာ - စာသင်တာ
အလိုချင်ဆုံးလက်ဆောင် - Nobel Prize for Economics
ကိုယ့်ရဲ့ အချစ်ဆုံးသူက - သားသားလေး
ကိုယ့်ရဲ့ အလေးစားဆုံးသူက – လူထုဘက်ကရပ်တည်သူတွေ၊အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်သူတွေ။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - လူကိုလူလို့မြင်သူတွေ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကိုယ်တိုင်။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - လူစိတ်မရှိသူတွေ။
ရင်အခုန်ဆုံးအချိန် - ပြောစရာလားလို့။
အကြောက်ဆုံးအချိန် - သားသားလေးကို အရေးပေါ်ခန်းမှာ အသက်လုနေတဲ့အချိန်။
အပျော်ဆုံးအချိန် - စာဖတ်ချိန်။
အမှတ်တရနေ့ - အောက်တိုဘာ (၂၁)ရက်နေ့ (ဘ၀မှာ အချစ်ဆိုတာကို စတင်တွေ့ရှိတဲ့နေ့)
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - လူသားအားလုံး ဘ၀နဲ့ဆန္ဒတထပ်တည်းဖြစ်ကြပါစေ

အချစ်ဆိုတာ - ဘ၀ရဲ့ခွန်အား
အမုန်းဆိုတာ - နာကျည်းမှုရဲ့နောက်ဆက်တွဲ
အလွမ်းဆိုတာ - တွယ်တာမှုရဲ့ပြယုဂ်
သံယောဇဉ်ဆိုတာ -နှောင်ကြိုးလေးတမျှင်
ဘ၀ဆိုတာ - စစ်မြေပြင်လေးတခု
သူငယ်ချင်းဆိုတာ - ကောင်းတူဆိုးဘက်
ချစ်သူဆိုတာ - ဘ၀ခရီးဖော်

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - စာဂျပိုးတယောက်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က – ဖြစ်ချင်တာကိုဖြစ်အောင်လုပ်မယ်
အပြောချင်ဆုံးစကားတစ်ခွန်း - ဘယ်တော့မှ မလျှော့နဲ့။ ကိုယ့်လမ်းကိုယ်ဆက်လျှောက်


အစဉ်အလာအရ လက်ဆင့်ကမ်း Tag လိုက်ပါပြီရှင်။


ဆရာမ ဒေါ်မေငြိမ်း


မကေသွယ်


မဂျစ်တူး

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP