ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Feminism

Saturday, November 1, 2008

အမျိုးသမီးဝါဒ


(photo source: www.rachelsofield.blogspot.com)

အမျိုးသမီးဝါဒ ဆိုတဲ့ စကားရပ်ကို ကြားတာနဲ့ အချို့သော အမျိုးသားတွေက မိန်းမကြီးစိုးရေးဝါဒအနေနဲ့ ထင်မှတ်မှားကြသလို၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုလည်း မ၀ါဒီတွေအဖြစ် စွပ်စွဲပြောဆိုလှောင်ပြောင်ခြင်းများ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုအထင်မှားမှုတွေ၊ လှောင်ပြောင်မှုတွေဟာ အမျိုးသမီးဝါဒ (Feminism) အကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတနည်းပါးလို့ ဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာ အမျိုးသမီးဝါဒ အမျိုးအစားများနဲ့ အတွေးအမြင်များကို ဖော်ပြပေးပါမယ်။


လူ့ဘောင်အဖွဲ့အစည်းပေါ်မူတည်ပြီး၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍတွေမှာ ကွဲပြားခြားနားမှုတွေ ရှိခဲ့ပါတယ်။ များသောအားဖြင့် အမျိုးသမီးများကို မိခင်များနဲ့ အိမ်ရှင်မများအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ စစ်ရေးရာများမှာ အမျိုးသားများကသာ နေရာယူကြီးစိုးထားခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များရောက်တော့ ဒီအခြေအနေတွေဟာ ပြောင်းလဲလာပါတယ်။ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးစတာတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားလာကြပါတယ်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။


အမျိုးသမီးဝါဒဒုတိယလှိုင်းလုံး (Second wave of Feminism) ဟာ အဲဒီအချိန်မှာမှ စတင်ခဲ့တာ မှန်ပေမယ့် အမျိုးသမီးများရဲ့ နိုင်ငံရေးရာလှုပ်ရှားမှုတွေကတော့ ၁၉ရာစုနှောင်းပိုင်းမှာကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ (၁၈၅၂)ခုနှစ်မှာ အမျိုးသမီးငြိမ်းချမ်းရေးလူ့အဖွဲ့အစည်းများရဲ့ သတင်းစဉ်အဖြစ် Sisterly Voices ကို ထုတ်ဝေခဲ့ဖူးပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာလဲ ဂျိန်းအဒန်စ်နဲ့ အခြားအမျိုးသမီးဝါဒီများမှ အမျိုးသမီးများငြိမ်းချမ်းရေးပါတီ (Women's Peace Party) (ယခုအခေါ် Women's International League for Peace and Freedom)ကို တည်ထောင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ပေါ်ပေါက်ခဲ့တဲ့ universal suffrage movement ဟာလဲ အမျိုးသမီးများ အမျိုးသားများနှင့် တန်းတူမဲပေးခွင့်ကို ရရှိစေခဲ့ပါတယ်။ ပညာရှင်အများစုက ဒီလှုပ်ရှားမှုကို အမျိုးသမီးဝါဒ ပထမလှိုင်းလုံး (First wave of Feminism) အနေနဲ့ သတ်မှတ်ထားကြပါတယ်။ (၁၉၈၀)ပြည့်နှစ်များကျတော့ အမျိုးသမီးများရဲ့လှုပ်ရှားမှုတွေမှာ အရှိန်မြင့်လာခဲ့ပါပြီ။ Women's action for Nuclear Disarmament (WAND) ဆိုရင် နယူးကလီးယားလက်နက်တပ်ဆင်မှုများကို ကန့်ကွက်ခဲ့ပြီး၊ ဗြိတိန်နိုင်ငံဂရင်းဟမ် လေတပ်စခန်းအနီးမှာ နှစ်ပေါင်းများစွာ စခန်းချနေရာယူပြီး ကန့်ကွက်ခဲ့ကြတဲ့အထိပါ။


ဒီလိုအမျိုးသမီးလှုပ်ရှားမှုများစွာပေါ်ပေါက်နေတဲ့ကြားမှာပဲ အမျိုးသမီးဝါဒ အမျိုးမျိုးကလဲ ပေါ်ပေါက်လာပါတယ်။ နိုင်ငံတကာရေးရာမှာ တခုတည်းသော feminist theory ဆိုတာ မရှိသေးပါဘူး။ အမျိုးအစားများစွာ ကွဲပြားသလို အတွေးအမြင်များစွာကလဲ ပေါ်ပေါက်လာပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် စတီဗ်စမစ်နဲ့ ပက်ထရစ်ရှာအိုဝင်တို့က အမျိုးသမီးဝါဒအမျိုးအစားများကို လစ်ဘရယ်အမျိုးသမီးဝါဒ (Liberal Feminism)၊ ဆိုရှယ်လစ်၊မတ်စ် အမျိုးသမီးဝါဒ (Socialist/ Marxist Feminism)၊ ရှုထောင့်အမျိုးသမီးဝါဒ (Standpoint Feminism)၊ ပို့စ်မော်ဒန်အမျိုးသမီးဝါဒ (Post-modern Feminism) နဲ့ ပို့စ်ကိုလိုနီအမျိုးသမီးဝါဒ (Post-colonial Feminism) ဆိုပြီး ငါးမျိုးခွဲခြားသတ်မှတ်ခဲ့ပါတယ်။


လစ်ဘရယ်အမျိုးသမီးဝါဒက ကမ္ဘာ့နိုင်ငံရေးမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ ကို မေးခွန်းထုတ်ပြောဆိုပါတယ်။ ဒီဝါဒအရ လူ့ဘောင်အဖွဲ့အစည်းရဲ့ အခြေခံယူနစ်များဟာ လူတဦးချင်းစီဖြစ်ပြီး၊ ဒီလူတဦးချင်းကို ဇီဝဗေဒအရ အမျိုးသားနဲ့ အမျိုးသမီးဆိုပြီး ခွဲခြားထားတာဖြစ်ပါတယ်။ သို့ပေမယ့် အခွင့်အရေးသတ်မှတ်ချက်မှာကျတော့ လူသားဆိုတာအပေါ်မှာ အခြေခံသတ်မှတ်ရမှာဖြစ်တဲ့အတွက် အမျိုးသမီးများဟာလည်း အမျိုးသားများရတဲ့ အခွင့်အရေးများအားလုံးကို တန်းတူရရှိရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် နိုင်ငံအများစုမှာ အမျိုးသမီးများရသင့်တဲ့အခွင့်အရေးများကို အမျိုးသားများရဲ့ အတွေ့အကြုံနဲ့ မျှော်လင့်ချက်များအပေါ်မှာ အခြေခံချမှတ်ထားကြပြီး၊ အမျိုးသမီးများ ပါဝါကျင့်သုံးမှုနဲ့ နိုင်ငံရေးရာမှာ ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်မှုများကို ကန့်သတ်ထားကြပါတယ်။ ထုံးတမ်းစဉ်လာအရ အမျိုးသမီးများကို မျိုးဆက်ပြန့်ပွားရေး (reproductive economies) နဲ့ အခြားအခြေခံတာဝန်များမှာပဲ နေရာပေးထားတတ်ကြပါတယ်။ သို့ပေမယ့် အမျိုးသားများနဲ့ အမျိုးသမီးများဟာ တန်းတူအခွင့်အရေး ရရှိရုံသာမက၊ တန်းတူတာဝန်များ (equal responsibilities)ကိုလည်း ထမ်းဆောင်ကြရမှာဖြစ်တယ်လို့ ဒီဝါဒက ဆိုထားပါတယ်။


ဆိုရှယ်လစ်၊ မတ်စ်အမျိုးသမီးဝါဒကတော့ အမျိုးသမီးများရဲ့ ဘ၀များကို အဆုံးအဖြတ်ပေးတာဟာ စီးပွားရေးရာများလို့ သတ်မှတ်တာကြောင့် ရုပ်ဝတ္ထုအမျိုးသမီးဝါဒလို့လည်း တခါတရံမှာ ခေါ်ဆိုတတ်ကြပါတယ်။ မတ်စ်အမျိုးသမီးဝါဒအရ အမျိုးသမီးများ တန်းတူရည်တူအခွင့်အရေး မရရှိမှုတွေဟာ အရင်းရှင်စီးပွားရေးစနစ်ကြောင့်လို့ဆိုထားပြီး၊ ဆိုရှယ်လစ်အမျိုးသမီးဝါဒကတော့ အရင်းရှင်စီးပွားရေးစနစ်သာမက အမျိုးသားများရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့်လဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အမျိုးသမီးများ တန်းတူရည်တူအခွင့်အရေး ရရှိဖို့အတွက် အရင်းရှင်စီးပွားရေးစနစ်နဲ့ patriarchy ပါဝါစနစ်တွေကို ဖယ်ရှားရမယ်လို့ ဒီဝါဒက ဆိုထားပါတယ်။


နောက်တမျိုးကတော့ ရှုထောင့်အမျိုးသမီးဝါဒပါ။ ဒီဝါဒက ဆိုရှယ်လစ်အမျိုးသမီးဝါဒကနေ သွေဖည်ထွက်ပေါ်လာတဲ့ မူကွဲဖြစ်ပါတယ်။ ဒီဝါဒအရ ယနေ့ကမ္ဘာ့နိုင်ငံရေးရဲ့ ဗဟုသုတ၊ အခြေခံသဘောတရား၊ ခွဲခြားသတ်မှတ်ရှုမြင်ပုံတွေ အားလုံးဟာ အမျိုးသားများရဲ့ ပြုမူဆောင်ရွက်ပုံတွေ၊ အတွေ့အကြုံတွေ အပေါ်မှာသာ အခြေခံထားတဲ့အတွက် universal standard မဟုတ်ဘူးလို့ ဆိုထားပါတယ်။ တကယ်လို့ ကမ္ဘာ့နိုင်ငံရေးရာများကို အမျိုးသမီးများရဲ့ ရှုထောင့်မှကြည့်ရင် သွင်ပြင်တမျိုး ဖြစ်လာနိုင်ကြောင်း ဆိုကြပါတယ်။ ရှုထောင့်အမျိုးသမီးဝါဒီ J. Ann. Tickner ကဆိုရင် realism ၀ါဒဘိုးအေကြီးလို့ဆိုကြတဲ့ Hans Morgenthau ချမှတ်ထားခဲ့တဲ့ political realism အခြေခံစည်းမျဉ်းခြောက်ချက်ဟာ အမျိုးသားများရဲ့ တန်ဖိုးထားမှုတွေ၊ အမြင်တွေအနေနဲ့ ရေးထားတာဖြစ်ကြောင်း ဝေဖန်ပြီး၊ အမျိုးသမီးရှုထောင့်မှ အခြေခံစည်းမျဉ်းခြောက်ချက်ကို ပြန်လည်ရေးသားခဲ့ပါတယ်။


နောက်တမျိုးကတော့ ပို့စ်မော်ဒန်အမျိုးသမီးဝါဒပါ။ ဒီဝါဒက gender နဲ့ sex ဆိုတာကို ခွဲခြားဖော်ပြထားပါတယ်။ sex ဆိုတာက ဇီဝဗေဒအရ သဘာဝဖြစ်ပြီး၊ genderကတော့ ပြုလုပ်တည်ဆောက်ထားမှုဖြစ်ကြောင်း ညွှန်းဆိုပြသကြပါတယ်။ သူတို့ရဲ့ အဆိုအရ masculinity နဲ့ femininity ဟာ လူ့ဘောင်အဖွဲ့အစည်းက ခွဲခြားတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအမျိုးသား၊ အမျိုးသမီးအခန်းကဏ္ဍဆိုတာဟာ သဘာဝအတိုင်းမဟုတ်ပဲ လူ့ဘောင်က ဇီဝခွဲခြားသတ်မှတ်မှုများအပေါ် မှီတည်နေတာ ဖြစ်ကြောင်း ဆိုကြပါတယ်။ ပို့စ်မော်ဒန်အမျိုးသမီးဝါဒီ V. Peterson က အစဉ်အလာအရ gender structure သတ်မှတ်မှုများဟာ အာဏာသုံးစွဲမှု၊ အလုပ်ခွဲဝေမှုတို့အပေါ်မှာ သက်ရောက်မှုရှိပြီး၊ ဘယ်လိုအလုပ်တွေကို အမျိုးသားကလုပ်ရမယ်၊ အမျိုးသမီးကလုပ်ရမယ်၊ ဘယ်လိုအလုပ်တွေကို တန်ဖိုးထားတယ်ဆိုတာတွေဟာ သဘာဝအရ ပေါ်ပေါက်လာတာမဟုတ်ပဲ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်သာဖြစ်ကြောင်း ရေးသားပြောဆိုခဲ့ပါတယ်။


နောက်ဆုံးတမျိုးကတော့ ပို့စ်ကိုလိုနီအမျိုးသမီးဝါဒပါ။ ဒီဝါဒက ပို့စ်ကိုလိုနီဝါကကနေ မြစ်ဖျားခံလာတာပါ။ ပို့စ်ကိုလိုနီဆိုတာက လက်ရှိကမ္ဘာ့နိုင်ငံရေးမှာ ကိုလိုနီစနစ်ပုံစံပါဝါတွေ ရှိနေဆဲဖြစ်ကြောင်း ပြဆိုထားတဲ့ ၀ါဒတရပ်ပါ။ ပို့စ်ကိုလိုနီအမျိုးသမီးဝါဒီဖြစ်တဲ့ Gayatri Spivak က လစ်ဘရယ်အမျိုးသမီးဝါဒနဲ့ အခြားသော အမျိုးသမီးဝါဒများဟာ global south (ဖွံ့ဖြိုးဆဲနိုင်ငံများ) မှ အမျိုးသမီးများရဲ့ အကျိုးအမြတ်နဲ့ အတွေးအမြင်တွေကို လျစ်လျူရှုထားတယ်လို့ ဆိုထားပါတယ်။ male dominance သာမက ခေတ်သစ်ကိုလိုနီဝါဒတွေကပါ အမျိုးသမီး အခွင့်အရေးများကို တားဆီးနေကြောင်း ဒီဝါဒက ဆိုထားပါတယ်။


အထက်မှာ ဖော်ပြထားသလိုပဲ အမျိုးသမီးဝါဒအမျိုးအစား မျိုးစုံကွဲပြားမှုတွေနဲ့အတူ အတွေးအမြင်ကလဲ မျိုးစုံဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးရေးရာ လှုပ်ရှားမှုတွေကတော့ တစထက်တစ ကမ္ဘာတ၀ှမ်းကို ပျံ့နှံ့နေခဲ့ပါပြီ။ ၁၉၉၅ မှာ ကျင်းပပြီးစီးခဲ့တဲ့ ဘီဂျင်းကွန်ဖရင့်ဟာဆိုရင် global feminism အသက်ဝင်လာခြင်းရဲ့ ပြယုဂ်တခုပဲဖြစ်ပါတယ်။ ဒီလိုတဘက်က တိုးတက်မှုတွေ ရှိလာနေဆဲမှာပဲ အမျိုးသမီးဝါဒအပေါ်မှာ discredit လုပ်ပြီး၊ အမျိုးသမီးအခွင့်အရေးများအပေါ် တိုက်ခိုက်နေတဲ့ right-wing and fundamentalist movements တွေကလဲ ကမ္ဘာအနှံ့မှာ ကြီးထွားနေဆဲပါပဲ။ တချိန်တည်းမှာပဲ ကမ္ဘာ့အမျိုးသမီးအများစုဟာလဲ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ဈေးပေါသောလုပ်အားအဖြစ် သတ်မှတ်ခိုင်းစေမှုတွေ၊ လူကုန်ကူးမှုတွေ၊ တရားမ၀င် sex trade တွေရဲ့ ဓါးစာခံတွေ ဖြစ်နေကြရဆဲပါပဲ။ အမျိုးသမီးဝါဒဆိုင်ရာ ဗဟုသုတတွေ အမျိုးသမီးများအကြားကို ပျံ့နှံ့စေရေးနဲ့ မိမိတို့အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူရမည့် အသိပညာများ တိုးပွားလာရေး၊ အမျိုးသမီးများရဲ့ နစ်နာချက်များကို ကိုယ်စားပြုဖော်ထုတ်ပေးနိုင်မယ့် အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးဟာ ၂၁ရာစု ကမ္ဘာ့နိုင်ငံရေးရဲ့ အရေးကြီးဆုံးလိုအပ်ချက်တရပ်ဖြစ်ပါကြောင်း ရေးသားရင်း နိဂုံးချုပ်လိုက်ပါတယ်။


ခင်မမမျိုး (၁၊ ၁၁၊ ၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP