ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
အိုင်ယာလန်မြောက်ပိုင်းမှ လျှို့ဝှက်စစ်ပွဲ (အပိုင်း-၁)
Friday, September 9, 2011
အပိုင်း (၁)
သမိုင်းနောက်ခံ နိဒါန်း
ယူကေနိုင်ငံမှာ အင်္ဂလန် (England)၊ စကော့တလန် (Scotland)၊ အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) နဲ့ ဝေလနယ်လို့ လူသိများတဲ့ (Wales) ဆိုပြီး နယ်မြေဒေသ လေးခုရှိပါတယ်။ ဒီဒေသ လေးခုအနက် အိုင်ယာလန်မြောက်ပိုင်းမှာ (၁၉၆၉) ခုနှစ်ကနေ (၁၉၉၇) ခုနှစ်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခတွေဟာ ရာစုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဟောင်းများ (Centuries-old Conflicts) တွေကနေ မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။
(၁၇)ရာစုမှာ အင်္ဂလိပ်လူမျိုးတွေက အိုင်ယာလန်ကို ကိုလိုနီလက်အောက်ခံ နယ်မြေအဖြစ် သွတ်သွင်း ခဲ့ပါတယ်။ မြောက်ပိုင်းဒေသမှာ ရှိတဲ့ နယ်မြေအများအပြားမှာ ပရိုတက်စတင့်ဘာသာကို ကိုးကွယ်တဲ့ စကော့တစ်ခ်ျလူမျိုးတွေနဲ့ အင်္ဂလိပ်လူမျိုးတွေက အခြေချနေထိုင်လာကြပါတယ်။ ဒီလိုနဲ့ ဆယ့်ရှစ်ရာစု ကာလရောက်တော့ အိုင်ယာလန်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေအကြားမှာ စီးပွားရေးအရ ကွဲပြား ခြားနားမှုတွေ ရှိလာပါတယ်။ မြောက်ပိုင်းမှာ စက်ရုံ၊ အလုပ်ရုံတွေ ပေါ်ပေါက်လာပြီး လူနေမှု အဆင့် အတန်းတွေလဲ မြင့်မားလာပေမယ့် တောင်ပိုင်းမှာကျတော့ မြေယာပိုင်ဆိုင်မှု အခွင့်အရေးတွေကို ပရိုတက်စတင့်ဘာသာဝင်တွေ ချုပ်ကိုင်ထားတာကြောင့် ကက်သလစ်ဘာသာဝင်တွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းတွေ တစထက်တစ နိမ့်ပါးလာခဲ့ပါတယ်။
လူနေမှုအဆင့်အတန်းတွေ ကွဲပြားမှု ရှိပေမယ့် နိုင်ငံရေးအရ ကွဲပြားခြားနားမှုကတော့ နှစ်ဆယ်ရာစု ကာလမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) နဲ့အတူ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အိုင်ယာလန် မှာ နေထိုင်တဲ့ ကက်သလစ်ဘာသာဝင်တွေက လုံးဝလွတ်လပ်ရေး ရရှိနိုင်ရေးကို ဆန္ဒရှိ ခဲ့ကြပေမယ့် လူနည်းစု ပရိုတက်စတင့် ဘာသာဝင်တွေကတော့ လူများစု ကက်သလစ် ဘာသာဝင်တွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ နေရမှာကို စိုးရိမ်ကြောက်ရွံ့ခဲ့ကြပါတယ်။ ဒီလို နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေကို ဖြေရှင်းပေးတဲ့အနေနဲ့ ဗြိတိန်အစိုးရက (၁၉၂၀) ခုနှစ်မှာ Government of Ireland Act ကို ပြဌာန်းခဲ့ပါတယ်။
ဒီအက်ဥပဒေအရ အိုင်ယာလန်ကို နှစ်ပိုင်းခွဲခြား ထားတာကြောင့် တောင်ပိုင်းဒေသက ကက်သလစ် တွေက ကန့်ကွက်ခဲ့ကြပေမယ့် မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ပရိုတက်စတင့်တွေက ကြိုဆိုလက်ခံ ခဲ့ကြပါတယ်။ (၁၉၂၁) ခုနှစ်မှာတော့ တောင်ပိုင်းက (၂၃) နယ်နဲ့ မြောက်ပိုင်းက (၃) နယ်ကို Irish Free State အဖြစ် သတ်မှတ်ပြီး၊ မြောက်ပိုင်းက (၆) နယ်ကိုတော့ ဗြိတိသျှလက်အောက်ခံ အိုင်ယာလန်မြောက်ပိုင်း (Northern Ireland) အဖြစ် သတ်မှတ်တဲ့ သဘောတူညီချက်စာချုပ်ကို ဗြိတိသျှနိုင်ငံရေးသမားများနဲ့ အိုင်းရစ်နိုင်ငံရေးသမားတွေ အကြား သဘောတူချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ (၁၉၄၉) ခုနှစ်ရောက်တော့ Irish Free State က The Republic of Ireland အနေနဲ့ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အိုင်ယာလန်မြောက်ပိုင်းမှာတော့ ပရိုတက်စတင့်ဘာသာဝင်တွေက လူဦးရေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ကျော်ရှိပြီး၊ လူများစုဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကို ချုပ်ကိုင်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ ယူကေနိုင်ငံတွင်းက နယ်မြေဒေသတခုအနေနဲ့ ဗြိတိသျှစစ်တပ်ရဲ့ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပေမယ့် ကိုယ်ပိုင်စစ်ဝန်ထမ်းတပ်တွေကိုပါ လျှို့ဝှက်ဖွဲ့စည်းလာကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ မှာလဲ ကက်သလစ်ဘာသာဝင်တွေကို ခွဲခြားမှုတွေ ပြုလုပ်လာကြပါတယ်။ လန်ဒန်မှာအခြေစိုက်တဲ့ ဗြိတိသျှပါလီမန်နဲ့ အစိုးရအဆက်ဆက်ကတော့ အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်း အရာတွေဟာ အာဏာခွဲဝေပေးထားတဲ့ နယ်မြေဒေသတခုရဲ့ အတွင်းရေးလို့ သဘောထားပြီး ၀င်ရောက်စွက်ဖက်မှုတွေ မပြုလုပ်ခဲ့ကြပါဘူး။
ဒီလိုနဲ့ (၁၉၆၇) ခုနှစ်ရောက်တော့ ကက်သလစ်ဘာသာဝင် ပညာတတ်လူလတ်တန်းစားတွေရဲ့ အင်အားကြီးထွားလာပြီး ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလို ငြိမ်းချမ်းစွာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကို ပရိုတက်စတင့်ဘာသာဝင် အာဏာပိုင် တွေက လက်နက်ကိုင်အင်အားသုံးပြီး တုန့်ပြန်ဖြေရှင်းခဲ့ကြပါတယ်။ (၁၉၆၉) ခုနှစ်မှာ Belfast နဲ့ Londonderry မြို့တွေမှာရှိတဲ့ ကက်သလစ်ဘာသာဝင်များ နေထိုင်ရာဒေသတွေမှာ အာဏာပိုင်တွေရဲ့ လက်နက်ကိုင်အင်အားသုံးတိုက်ခိုက်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကို တီဗွီသတင်းမှာ ဖော်ပြလာကြတာကြောင့် အာဏာပိုင်တွေရဲ့အင်အားသုံးမှုတွေကို လူအများ သိမြင်လာကြပြီး၊ အဓိကရုဏ်းတွေ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် (၁၉၆၉) ခုနှစ်မှာ ဗြိတိသျှစစ်တပ်က အိုင်ယာလန်မြောက်ပိုင်းအရေးကို ၀င်ရောက်ဖြေရှင်းလာရပါတယ်။ ပါလီမန်ကို ဖျက်သိမ်းပြီး၊ ပါဝါရှယ်ယာ အစိုးရသစ်ထွက်ပေါ်လာဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အိုင်းရစ်အမျိုးသားရေးဝါဒ (Irish Nationalism) ကို လက်ခံယုံကြည်ကြသူများနဲ့ Protestant loyalists တွေအကြားမှာ ပဋိပက္ခတွေ ပြင်းထန်လာခဲ့ပါတယ်။
ပထမအုပ်စုကို အိုင်အာအေအဖွဲ့လို့ လူသိများတဲ့ Provisional Irish Republic Army က ကိုယ်စားပြုပြီး၊ ဒုတိယအုပ်စုကိုတော့ Ulster Defence Force (UDF) က ကိုယ်စားပြုပါတယ်။ နောက်ထပ် နှစ်ပေါင်း (၂၈) နှစ်ကြာတဲ့အထိ ဒီအုပ်စုတွေအကြားမှာ အချင်းချင်းတိုက်ခိုက်မှုတွေ တင်မကပဲ ဗြိတိသျှစစ်တပ်နဲ့ အိုင်ယာလန်မြောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်ခဲ့ကြပါတယ်။ အိုင်အာအေအဖွဲ့ဝင်တွေဟာ အိုင်ယာလန်မြောက်ပိုင်း မဟုတ်တဲ့ အခြားဒေသတွေမှာပါ ဗုံးခွဲတိုက်ခိုက် မှုတွေ ပြုလုပ်လာကြပါတယ်။
(၁၉၉၅-၉၆) ကာလတွေမှာတော့ ကွန်ဆားဗေးတစ်အစိုးရက အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေကို စေ့စပ်ဆွေးနွေးခြင်းနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အားစိုက်ကြိုးပမ်းလာခဲ့ပါတယ်။ ဒီလို ကြိုးပမ်းမှုတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့ ကွန်ဖရင့်ကို တက်ရောက်ဖို့အတွက် အိုင်အာအေ အနေနဲ့ ကနဦး လက်နက်ချရမယ်လို့ တောင်းဆိုချက် ပါဝင်တဲ့အတွက် political deadlock ဖြစ်နေခဲ့ပါတယ်။ လေဘာအစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ ရှေ့ပိုင်းမှာ ဖြစ်နေတဲ့ political deadlocks တွေကို ဖြေရှင်းဖို့အတွက် ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်နှစ်ဘက် သာမက နောက်ကွယ်ကနေ ကူညီအားပေးနေသူများကိုပါ ထည့်သွင်းဆွေးနွေးဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ ဒါကြောင့် အိုင်အာအေရဲ့ အိုင်းရစ်အမျိုးသားရေးဝါဒကို နိုင်ငံရေးအရ ထောက်ခံအားပေးခဲ့တဲ့ အိုင်ယာလန်အစိုးရနဲ့ပါ ညှိနှိုင်းမှုတွေ ပြုလုပ်လာကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်တဲ့ အိုင်းရစ်-အမေရိကန်တွေဟာ အိုင်အာအေရဲ့ အဓိက ဘဏ္ဍာရေးထောက်ပံ့နေသူများ ဖြစ်တဲ့ အတွက် အမေရိကန်အစိုးရနဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ဆောင်ရွက် ခဲ့ကြပါတယ်။ ဒီလို အားစိုက်ကြိုးပမ်းမှုတွေကြောင့် (၁၉၉၈) ခုနှစ်၊ အေပြီလမှာ Good Friday Agreement ပေါ်ထွက်လာပြီး ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အဆင့်ဆင့်ကို ဖော်ဆောင်နိုင် ခဲ့ကြပါတယ်။
ပင်လယ်တွေမှာ အနားသတ်ကမ်းစပ်ရှိသလိုပဲ ပဋိပက္ခတွေတိုင်းမှာလဲ အဆုံးသတ်အဖြေဆိုတာ ရှိစမြဲပါ။ အဆုံးသတ်မှုဟာ အနိုင် (သို့မဟုတ်) အရှုံး (သို့မဟုတ်) စေ့စပ်ဆွေးနွေးမှုမှ ပေါ်ထွက် လာသော ရလဒ်တခုခုတော့ ဖြစ်လာမှာ သေချာပါတယ်။ အိုင်ယာလန်မြောက်ပိုင်း ပဋိပက္ခတွေမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အဆုံးသတ်အဖြေတခု မထွက်ပေါ် လာချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာတော့ ပြင်းထန်မှုတွေ၊ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
အိုင်ယာလန်မြောက်ပိုင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဗြိတိသျှစစ်တပ်က တာဝန်ယူရချိန်မှာ ဗြိတိသျှတို့ ဆီမှာ ဖြစ်ပွားနေတဲ့ ဘာသာရေးကွဲပြားမှုပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် သတင်းအချက် အလက်တွေ၊ မဟာဗျူဟာအခင်းအကျင်းတွေ အဆင်သင့် မရှိနေခဲ့ပါဘူး။ အိုင်ယာလန်မြောက်ပိုင်းမှာ ဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားတဲ့ Royal Ulster Constabulary (RUC) ရဲတပ်ဖွဲ့ဟာ ကက်သလစ်ဘာသာဝင်တွေအပေါ် ပရိုတက်စတင့်ဘာသာဝင်တွေက တိုက်ခိုက်မှုတွေကို လျစ်လျူရှု ထားခဲ့ကြပါတယ်။ ကက်သလစ်ဘာသာဝင်တွေကလဲ ပရိုတက်စတင့်ဘာသာဝင်တွေက ထိန်းချုပ် ထားတဲ့ RUC နဲ့ B-specials ခေါ် အရံရဲတပ်ဖွဲ့ ကို ယုံကြည်မှု မရှိကြပါဘူး။ ပရိုတက်စတင့် အာဏာပိုင်တွေက ကြိုးကိုင်ထားတာဖြစ်တဲ့အတွက် ရဲအဖွဲ့ကိုယ်တိုင်က နိုင်ငံရေးအကြမ်းဖက်မှုတွေကို အားပေးကူညီမှုတွေ လုပ်နေပြန်ပါတယ်။ ဒါကြောင့် ဗြိတိသျှစစ်တပ်ဟာ RUC နဲ့ B-specials တပ်ဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းမှုတွေ သွားရောက်ပြုလုပ်ပြီး၊ ဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်ခဲ့ရတာကြောင့် de facto police တာဝန်တွေကို ထမ်းဆောင်ရပါတော့တယ်။
ဒီလိုဗြိတိသျှစစ်တပ်က ငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်တွေ ထမ်းဆောင်နေချိန်မှာ ပရိုတက်စတင့် ဘာသာဝင်တွေက Ulster Defence Association (UDA) နဲ့ Ulster Volunteer Force (UVF) စတာတွေကို ဖွဲ့စည်းပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်လာကြပါတယ်။ တဘက်မှာကလဲ Republican အဖွဲ့အစည်းဖြစ်တဲ့ အိုင်အာအေကလဲ ပရိုတက်စတင့်ဘာသာဝင်တွေကို သာမက ဗြိတိသျှ စစ်တပ်ကိုပါ ဆန့်ကျင်လာကြပါတယ်။ (၁၉၆၉) ခုနှစ်၊ နိုင်ငံရေးအကြမ်းဖက်မှုတွေမှာ ကက်သလစ် ဘာသာဝင်တွေရဲ့ လူ့အဖွဲ့အစည်းကို လုံလောက်သော စောင့်ရှောက်ကာကွယ်မှုတွေ မပေးနိုင်တဲ့ အတွက် အိုင်အာအေအဖွဲ့တွင်းမှာ officials တွေနဲ့ provisionals တွေဆိုပြီး ကွဲသွားခဲ့ပါတယ်။ ဗြိတိသျှအခွင့်အာဏာကို တိုးမြင့်စေပြီး၊ အိုင်ယာလန်နယ်မြေနှစ်ခု ပြန်လည် ပေါင်းစည်းရေးကို အားလျော့စေတဲ့ ဗြိတိသျှစစ်တပ်များ ရှိနေမှုကို အိုင်အာအေ နှစ်ဖွဲ့စလုံးက ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမယ့် provisional IRA တွေကတော့ လုံခြုံရေးအဖွဲ့ဝင်တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။
နောက်ပိုင်းမှာ ဥပဒေစိုးမိုးရေးကို တာဝန်ယူထားရတဲ့ ဗြိတိသျှစစ်တပ်နဲ့ ကက်သလစ်ဘာသာဝင်တွေ အကြား အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှု ကွဲပြားတာတွေ ဖြစ်လာပါတယ်။ (၁၉၇၀) ခုနှစ်၊ အေပြီလမှာ ပရိုတက်စတင့်အဖွဲ့အစည်းတခုဖြစ်တဲ့ orange order အဖွဲ့က ကက်သလစ် ဘာသာဝင် တွေ နေထိုင်တဲ့ နယ်မြေတွေကိုဖြတ်ပြီး လမ်းလျှောက်ချီတက်ပွဲပြုလုပ်ဖို့ စီမံခဲ့ပါတယ်။ ဒီစီမံချက်ကို ဗြိတိသျှစစ်တပ်က ခွင့်ပြုပေးခဲ့ပါတယ်။ ကက်သလစ်ခေါင်းဆောင်တွေက ဗြိတိသျှစစ်တပ် အနေနဲ့ လုံခြုံရေးတာဝန်ယူပေးဖို့ တောင်းဆိုချက်ကိုလဲ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းလျှောက်ချီတက်ပွဲ လုပ်ရာကနေ အဓိကရုဏ်းတွေ ဖြစ်လာပါတယ်။ ဒီလို အဓိကရုဏ်းတွေကို ဗြိတိသျှစစ်တပ်က အင်အားသုံးပြီး ဖြေရှင်းခဲ့ပါတယ်။ အဓိကရုဏ်းတွေအပြီးမှာ နောက်နောင် အဓိကရုဏ်းတွေ ဖြစ်ပွားလာ ခဲ့ရင် ပစ်ခတ်နှိမ်နင်းမယ်လို့ Lisburn အခြေစိုက် စစ်ဌာနချုပ်က ကြေငြာခဲ့ပါတယ်။
(၁၉၇၂) ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်နေ့မှာ Londonderry မှာ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လက်နက်မဲ့ပြည်သူ (၁၃) ဦး သေဆုံးခဲ့ပါတယ်။ ဒီသွေးစွန်းသော တနင်္ဂနွေနေ့ အပြီးမှာ အိုင်ယာလန် မြောက်ပိုင်း ဒေသတခုလုံး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပျံ့နှံ့သွားပါတယ်။ အုပ်ချုပ်ရေး ယန္တရားကိုပါ ထိခိုက်လာတဲ့အတွက် မတ်လမှာ ဗြိတိန်အစိုးရက အိုင်ယာလန်ပါလီမန်ကို ဖျက်သိမ်းပြီး၊ လန်ဒန်ကနေ တိုက်ရိုက်အုပ်ချုပ်မှု ပြုလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကြမ်းဖက်မှုတွေက မရပ်တန့်သွား ခဲ့ပါဘူး။
Republicans တွေက ကွဲပြားနေတဲ့ အိုင်ယာလန်နယ်မြေနှစ်ခု ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဗြိတိန်အစိုးရကို ဖိအားပေးရမယ်လို့ ယူဆကြပါတယ်။ ဒီဖိအားတွေဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ်လို့လဲ ရွေးချယ်သတ်မှတ်ကြပါတယ်။ ဗြိတိန်အစိုးရကလဲ အိုင်ယာလန်မြောက်ပိုင်းမှာ ဥပဒေစိုးမိုးရေး ရှိလာဖို့က အဓိကဖြစ်တယ်လို့ ယူဆပါတယ်။ ဒီယူဆချက်နှစ်ရပ်ဟာ ပဋိပက္ခ ဖြေရှင်းရေးကို ဦးတည်စေနိုင်ခြင်း မရှိပဲ ထိပ်တိုက်ရင်ဆိုင်မှုဆီကိုသာ ဦးတည်သွားစေခဲ့ပါတော့တယ်။ အခြေအနေတွေအရ ဗြိတိသျှစစ်တပ်က မူလရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကနေ ပုန်ကန်မှုနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ရည်ရွယ်ချက်ကို ကူးပြောင်းသွားပါတယ်။ ငြိမ်းချမ်းရေးအတွက် ၀င်ရောက်ထိန်းသိမ်းရာက ထိန်းသိမ်းသူကိုယ်တိုင် ပဋိပက္ခထဲ ရောက်သွားတာ ဖြစ်ပါတယ်။
ဒီလို ပဋိပက္ခထဲမှာ ပါဝင်တဲ့ actor တခုဖြစ်လာတာကြောင့် ထောက်လှမ်းရေးရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ ပဋိပက္ခတွေမှာ လူအများက စင်ပေါ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကိုပဲ လိုက်လံကြည့်ရှုပြီး စိတ်ဝင်တစား အကဲဖြတ်လေ့ရှိကြပါတယ်။ အထင်နဲ့ အမြင်ကို ပေါင်းစပ်လေ့ ရှိကြပါတယ်။ သို့ပေမယ့် အထင်၊ အမြင်ထက် ပိုပြီး အရေးကြီးတာက အသိပဲ ဖြစ်ပါတယ်။ စင်နောက်မှာ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို မသိပဲ နိုင်ငံရေး၊ စစ်ရေးမှာ လက်ဦးမှုနဲ့ အခြေအနေဖန်တီးခွင့်ကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဒီအသိကို ဆောင်ကျဉ်းပေးနိုင် တဲ့ pivotal aspect ကတော့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ ထောက်လှမ်းရေး အော်ပရေးရှင်းတွေပဲ ဖြစ်ပါတယ်။
အိုင်ယာလန်မြောက်ပိုင်း ပဋိပက္ခတွေမှာလဲ ဗြိတိသျှထောက်လှမ်းရေး အဖွဲ့အစည်းတွေက တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိလာပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလတွေမှာ intelligence community အတွက် အခက်ခဲဆုံးနဲ့ စိန်ခေါ်မှု အများဆုံးလို့ လေ့လာသုံးသပ်သူတွေ သတ်မှတ် ပြောဆိုကြတဲ့ အိုင်ယာလန်မြောက်ပိုင်း လျှို့ဝှက်စစ်ပွဲတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီလျှို့ဝှက် စစ်ပွဲတွေမှာ အားသာချက်တွေ၊ အားနည်းချက်တွေ၊ ခုတ်ရာတခြား၊ ရှရာတခြား နည်းပရိယာယ် မှားတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတိတ်သမိုင်းဆိုတာ နောင်လာနောက်သားတွေ သင်ခန်းစာ ယူဖို့အတွက် letter of instruction ဖြစ်တာကြောင့် အိုင်ယာလန်မြောက်ပိုင်းမှာ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့အစည်းများ ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်စစ်ပွဲအကြောင်းကို ရေးသား တင်ပြအပ်ပါတယ်။
ခင်မမမျိုး (၉၊ ၉၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။
Coogan, T. P. (1995) The Troubles: Ireland's Ordeal, 1966-1995, London: Hutchinson
Hamill, D. (1985) Pig in the Middle: The Army in Northern Ireland, 1969-1984, London: Metheun
Lomas, B. (2000) 'The Good Friday Agreement', Talking Politics, 14 (1), pp. 28-31
Tonge, J. (2002) Northern Ireland: Conflict and Change, London: Pearson, 2nd edition
[အပိုင်း (၂) - ထောက်လှမ်းရေးအဖွဲ့အစည်းများ ကဏ္ဍကို ဆက်လက်ဖော်ပြပါမည်]
စတုတ္ထမဏ္ဍိုင်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
Tuesday, September 6, 2011
နိဒါန်း
အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ THISDAY Newspaper Group ဆိုတဲ့ စာနယ်ဇင်းအဖွဲ့တဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ နိုက်ဂျီးရီးယား စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့စဉ်မှာကတည်းက တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး နှောင်းပိုင်းကာလတွေမှာလဲ ဒီမိုကရေစီစနစ်ရဲ့ အသက် သွေးကြောဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် (သတင်း၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍ) မှာ အင်အားတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ရင်း (၂၀၀၁) ခုနှစ်မှာ Economic Intelligence Group ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ စီးပွားရေးပညာရှင်တွေဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒများကို စောင့်ကြည့်လေ့လာခြင်း၊ ထိရောက်မှုများကို တိုင်းတာသတ်မှတ်ခြင်း၊ အားနည်းချက်ရှိနေသော ကဏ္ဍများကို ဖော်ထုတ်ခြင်း၊ နိုင်ငံတော်မှ ဖော်ဆောင်နေသော မူဝါဒများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အမြင်သဘောထားများကို လေ့လာတင်ပြခြင်း၊ ကမ္ဘာအရပ်ရပ်တွင် ကျင့်သုံးနေသော ထိရောက်သည့် မူဝါဒများကို သုံးသပ်တင်ပြခြင်းဖြင့် ပါလီမန်အတွင်းမှ နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအား ပညာပေးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါတွေဟာ စတုတ္ထမဏ္ဍိုင် အင်အားစုတရပ်အနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်တွေကို ဖော်ဆောင် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
စတုတ္ထမဏ္ဍိုင်
သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်စတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတာဖြစ်တဲ့အတွက် စတုတ္ထမဏ္ဍိုင်ဆိုပြီး ဗြိတိသျှပါလီမန်အမတ် အက်ဒမန်ဗတ်(၁၇၂၉-၁၇၉၇)က တင်စားခေါ်ဝေါ်ခဲ့ရာက စတုတ္ထမဏ္ဍိုင်အဖြစ် အမည်တွင်လာခဲ့တာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ပြီး၊ ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ကြတဲ့ သီအိုရီသဘောတရားတွေမှာလဲ သီအိုရီကြီးလေးခုက ထင်ရှားကျော်ကြားလာခဲ့ပါတယ်။
သတင်းစာနယ်ဇင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ပညာရှင်များဖြစ်ကြတဲ့ Fred S. Siebert, Theodore Peterson. Wilbur Schramm တို့က ကမ္ဘာ့သတင်းစာနယ်ဇင်းလောကမှာ လည်ပတ်နေတဲ့ ယန္တရားတွေဟာ သီအိုရီလေးခုပေါ်မှာ အခြေခံနေတယ်လို့ ဆိုခဲ့ကြပါတယ်။ ပထမသီအိုရီကတော့ အမှန်တရားဆိုတာ ပညာရှိအချို့ရဲ့ ထုတ်ကုန်သာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပြီး၊ Renaissance နှောင်းပိုင်း ကာလတုန်းက ပေါ်ထွက်လာခဲ့တဲ့ Authoritarian theory ဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ စာနယ်ဇင်း သတင်းမီဒီယာဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ကူပေးရမယ် ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Soviet Communist theory ဖြစ်ပါတယ်။
တတိယတမျိုးကတော့ တိုင်းသူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ လိုအပ်သော သတင်းအချက်အလက်များ လုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် မီဒီယာမှာ တာဝန်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံထားတဲ့ Social Responsibility Theory ဖြစ်ပါတယ်။ စတုတ္ထတမျိုးကတော့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအဆမရှိ ဦးစားပေးရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Libertarian Theory ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ သတင်းနဲ့စာနယ်ဇင်းလောကမှာ Social Responsibility Theory နဲ့ Libertarian Theory တွေက ပိုပြီးထင်ရှားလာပါတယ်။
ယူကေနိုင်ငံက ဘီဘီစီသတင်းဌာနနဲ့ အမေရိကန်ပြည်ထောင်စုက NPR သတင်းဌာနတွေဟာ အများပြည်သူရဲ့ အသုံးပြုကနေ ရရှိလာတဲ့ ၀င်ငွေပေါ်မှာ တည်မှီပြီး၊ ကြော်ငြာကဏ္ဍကို မှီခိုမှု နည်းပါးတာကြောင့် ပြည်သူလူထုအကျိုးစီးပွားကို ပိုမိုကိုယ်စားပြုနိုင်ပြီး၊ လုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုမှု လျော့နည်းခြင်း၊ ဖျော်ဖြေရေးကဏ္ဍသာမကပဲ ပညာပေးကဏ္ဍတွေကိုပါ ပူးတွဲအကောင်အထည်ဖော်ခြင်း၊ မီဒီယာကျင့်ဝတ်များကို လေးစားလိုက်နာခြင်း စတဲ့ သွင်ပြင်လက္ခဏာတွေ ရှိတဲ့အတွက် Social Responsibility Theory ကို အခြေခံထားတဲ့ သတင်းဌာနတွေအဖြစ် လေ့လာသုံးသပ်သူများက ဆိုကြပါတယ်။
နိုင်ငံရေးပညာရှင်တွေကတော့ ဒီသီအိုရီ ခွဲခြားမှုတွေဟာ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရာမှာ သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာလဲ authoritarian theory ကို အခြေခံထားရာမှ Social Responsibility Theory နဲ့ Libertarian Theory တွေကို အခြေခံအဖြစ် ကူးပြောင်းရမယ်ဆိုတဲ့ evolutionary mode of political development ကို အသုံးပြုထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိချက်တွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှုတွေကို ဖော်ထုတ်ပေးနိုင်တဲ့အတွက် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးအငြင်းပွားနေတဲ့ အမြင်နှစ်ရပ်ကို ပေါင်းစပ် ပေးပြီးသား ဖြစ်သွားပါတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ the right of expression ဖြစ်တဲ့အတွက် နိုင်ငံရေးအခွင့်အရေး (political right) ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး ဆိုတာကကျတော့ လူမှုရေးအခွင့်အရေး (social right) ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒ ချမှတ်သူတွေ အကြားမှာ နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုရေးအခွင့်အရေးတွေမှာ ဘာကို ပိုပြီး ဦးစားပေးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိပါတယ်။
အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ (civil and political rights) ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် လူမှုအခွင့်အရေး၊ စီးပွားရေးအခွင့်အရေးများနဲ့ ယဉ်ကျေးမှုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးအတွက် empowerment လုပ်ပြီးသား ဖြစ်သွားတယ် လို့ အဆိုရှိကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒ ချမှတ်သူတွေကတော့ လွတ်လပ်စွာ ပြောကြားခွင့်၊ လွတ်လပ်စွာ စုဝေးလှုပ်ရှားခွင့် ဆိုတာ ဆာလောင်မွတ်သိပ်ပြီး၊ ဆင်းရဲနွမ်းပါးသူတွေ အတွက် အသုံးမ၀င်နိုင်တဲ့ အတွက် ဘ၀ရှင်သန်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေကို ကိုယ်စားပြုတဲ့ လူမှုအခွင့်အရေးတွေကို ဦးစားပေးဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးရှုထောင့်ကနေ လေ့လာတွေ့ရှိချက်ဖြစ်တဲ့ evolutionary mode of political development ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှု တွေကို ဖော်ထုတ်ပေးပြီး ဒီလိုကွဲပြားနေတဲ့အမြင်နှစ်ရပ်ကို ပေါင်းစပ်ပေးပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဟာ အုပ်ချုပ်နေတဲ့အစိုးရက ကြိုးကိုင်ထားတာ ခံထားရတဲ့အခါ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အစိုးရကြိုးကိုင် မီဒီယာတွေ ဟာ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း၊ အစိုးရ၀ါဒများကို ဖြန့်ချိပေးခြင်း စတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်လေ့လာ ထိန်းသိမ်း တည့်မတ်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိပါဘူး။
အစိုးရမူဝါဒတွေကိုလဲ လွတ်လပ်စွာ ဝေဖန်ခြင်း၊ အားနည်းချက်များ ထောက်ပြခြင်းတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခါမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အရေးကြီးတာဝန်တခုဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အရေးကြီးလှတဲ့ government watchdog တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ပြည်သူလူထုကိုလဲ သတင်းအချက်အလက်များအားလုံးကို ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ခြင်း မရှိသလို၊ ပြည်သူ့အမြင်များကိုလဲ လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် မရှိတဲ့အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒနဲ့ လုပ်ငန်းဆောင်တာတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးကျေးဇူး ဖြစ်ထွန်းခြင်း ရှိမရှိကို အကဲဖြတ်နိုင်မှာ မဟုတ်ပါဘူး။
သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိမှသာ ပြည်သူလူထုကို သတင်းအချက်အလက်များပေးခြင်းနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ခြင်းများ တိုးမြင့်လာပြီး လူထုကို empower လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကနေ တဆင့် public marketplace ထဲကို အတွေးအခေါ်များ၊ အိုင်ဒီယာများ၊ အမြင်သဘောထားများ စီးဝင်လာစေတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) အားကောင်း လာစေရေး ကိုလဲ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒီလို ပွင့်လင်းမြင်သာမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေမှုတွေ ကနေတဆင့် Universal Declaration of Human Rights ရဲ့ Article 19 (Freedom of expression and information) ကိုလဲ ကာကွယ်စောင့်ရှောက်ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုရေးအခွင့်အရေးဆိုတာ သီးခြားသတ်မှတ် ဦးစားပေးလို့ မရနိုင်ပဲ တပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေဖြစ်ကြောင်း စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အကြားက ဆက်နွယ်မှုတွေက မီးမောင်းထိုးပြခဲ့ပါတယ်။
စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍအား မြှင့်တင်ခြင်း
စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အကြားမှာ ဆက်နွယ်မှုတွေရှိတာကြောင့် စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုလာစေနိုင်ပါတယ်။ ဒီလို စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဦးတည်ပြီး မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ကို ပညာရှင်တွေက လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
(၁) သတင်းအချက်အလက်များပေးခြင်း
သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ လူထုလူတန်းစားအလွှာအသီးသီးကို သတင်းအချက်အလက်များပေးနိုင်တဲ့ အထိရောက်ဆုံး ပြည်သူ့ဆက်ဆံရေး ယန္တရားဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ ဆင်းရဲနွမ်းပါးမှုအခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နိုင်ငံတော်က ဖော်ဆောင်နေတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို လူထုက သိရှိဖို့ လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ဒီလိုမူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုသာမက မူဝါဒတွေရဲ့ လူထုအပေါ် အကျိုးသက်ရောက်မှုတွေ၊ အားသာချက်၊ အားနည်းချက် စတဲ့ သတင်းအချက်အလက်တွေကိုပါ အများပြည်သူထံ ပို့ဆောင်ပေးနိုင်ပါတယ်။
(၂) ပြည်သူ့အမြင်၊ ပြည်သူ့အသံများ ဆောင်ကျဉ်းပေးခြင်း
နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ အများပြည်သူရဲ့ အမြင်တွေနဲ့ သဘောထားတွေကို မူဝါဒချမှတ်ထားသူများ၊ အကြံပေးများနဲ့ မူဝါဒအကောင်အထည်ဖော်ဆောင်နေသူများ သိရှိဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့ အမြင်သဘောထားတွေနဲ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုတဲ့ ပြည်သူ့အသံတွေကို စတုတ္ထမဏ္ဍိုင်က ဆောင်ကျဉ်းပေးနိုင်ပါတယ်။
(၃) Public Debate ပလက်ဖောင်း ဖန်တီးပေးခြင်း
အရေးကြီးတဲ့ ပြည်သူ့ရေးရာမူဝါဒတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ မူဝါဒရေးရာကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲတွေ၊ debate တွေ ပြုလုပ်တဲ့အခါ အများပြည်သူရဲ့ ဗဟုသုတတွေ၊ အတွေးအမြင်တွေ တိုးတက်လာစေနိုင်ပါတယ်။ အကြောင်းအရာတခုချင်းစီကိုလဲ ထဲထဲဝင်ဝင် ခြုံငုံသိရှိသွားစေနိုင်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဟာ ဒီလို public debate ပလက်ဖောင်းကို ဖန်တီးပေးနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Daily Star သတင်းစာမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပို့ကုန်သွင်းကုန် မူဝါဒများ၊ စွမ်းအင် မူဝါဒများနဲ့ ပတ်သက်ပြီး public debates များ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီကနေ ပေါ်ထွက်လာတဲ့ ရလဒ်တွေကို စုစည်းပြီး နိုင်ငံရေးပါတီများနဲ့ အန်ဂျီအိုများကို အကြံပြုချက်များလဲ ပေးအပ်ပြီး public engagement ကို စတုတ္ထမဏ္ဍိုင်ကတဆင့် တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။
(၄) ပြည်သူ့ရေးရာဌာနများ၏ တာဝန်ခံမှု ရှိစေခြင်း
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့ရေးရာဌာနများရဲ့ တာဝန်ခံမှု (accountability) ရှိဖို့ အလွန် အရေးကြီးပါတယ်။ အဆိုပြုချက်တွေနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်တဲ့အခါ ဒီမူဝါဒတွေဟာ သင့်လျော်မှုရှိမရှိ၊ ထိရောက်မှုရှိမရှိ၊ စီမံချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ခြင်း ရှိမရှိ စတာတွေကို မီဒီယာနဲ့ သတင်းစာနယ်ဇင်းတွေက စောင့်ကြပ်ကြည့်ရှုနိုင်ပါတယ်။ အစိုးရအသုံးစရိတ်များရဲ့ မှန်ကန်တိကျမှုကိုလဲ ဆန်းစစ်လေ့လာနိုင်တာကြောင့် ဘဏ္ဍာငွေအလွဲသုံးစားပြုမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုလဲ တိုက်ဖျက်နိုင် ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် သတင်းနဲ့စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်စသော မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတဲ့ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၆၊ ၉၊ ၂၀၁၁)
ရည်ညွှန်းကိုးကားစာရင်း
Deane, J. (2005) “Why the Media Matters,” GFMD October 2005
Gregoire, L. (2005) “Why Development Needs Good Journalism,” WPFD
Hudock, A. (2003) “Hearing the Voices of the Poor: Encouraging Good Governance and Poverty Reduction through Media Support,” World Learning
Obaigbena, N. (2001) “ Role of the press in poverty reduction strategies (PRSP) Design and Implementation Process”, Africa Forum on Poverty Reduction Strategies, Dakar, Senegal, September 10-13, 2001.
Panos London (2005) “ What are the MDGs and why are they important?
www.panos.org.uk/extra/mdgs_index.asp
Panos London (2007) ‘The role of the media in boosting public awareness and debate of trade policy-making’, in WTO (2007) WTO Public Forum 2006: What WTO for the XXIst Century?, London
Siebert, F., Peterson, T., & Schramm, W. (1956) “Four theories of the press: The authoritarian, libertarian, social responsibility, and Soviet communist concepts of what the press should be and do”, Urbana: University of Illinois.
Gingerbread Man ပုံပြင်
Tuesday, August 30, 2011
(စကားချီး။ ။ ဒီကနေ့ သားသားရဲ့ ကျောင်းလက်ဆွဲအိတ်လေးထဲမှာ gingerbread man ပုံပြင်စာအုပ်လေး ပါလာပါတယ်။ သားသားတို့ကျောင်းမှာ တပတ်တခါ ပုံပြင်ပြောတဲ့နေ့ရှိတာကြောင့်၊ အဲဒီနေ့မတိုင်ခင်မှာ ကလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ ပုံပြင်စာအုပ်လေး ထည့်ပေးမယ်လို့ ဆရာမတွေက ပြောပါတယ်။ မိဘက အိမ်မှာ ပုံပြင်စာအုပ်လေးကို ဖတ်ပြရပြီး ကလေးက နောက်နေ့မှာ သူမှတ်မိသလောက် ပြန်ပြောရပြီး၊ ဆရာမက ပုံပြင်လေးတွေကို ပြန်ဖတ်ပြမယ်ဆိုပဲ။ ကလေးတွေရဲ့ မှတ်ဥာဏ်ကို တိုးတက်စေပြီး၊ စကားပြော စွမ်းရည်ကို တိုးတက်စေရုံမက ဆယ်ယောက်ရှိတဲ့ အတန်းဆိုရင် ပုံပြင်ဆယ်မျိုးသိခွင့်ရသွားစေတဲ့ ဒီအစီအစဉ်လေးက စိတ်ဝင်စားစရာပါ။ ၂၁ ရာစုရဲ့ "မိဘဆရာ ပူးပေါင်း၊ ကလေး ပညာကောင်း" အစီအစဉ်လေးတွေက ကျွန်မတို့ ၂၀ ရာစုတုန်းကနဲ့ မတူပဲ ပိုပြီး အားကောင်းလာလေသလား မသိ။။ သားသားရဲ့ ကျောင်းအိတ်လေးထဲက သူ့နာမည်နဲ့ ဖိုင်လေးတဖိုင်ဟာ နေ့စဉ်နေ့တိုင်း ကျောင်းနဲ့ အိမ်ကို အသွားအပြန် ရောက်နေတော့တာပါပဲ။
ဒီဖိုင်လေးထဲမှာ သားရဲ့ တနေ့တာ ကျောင်းသားဘ၀ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ တံဆိပ်တုံးလေ ပါလာပါတယ်။ အဲဒါကို ကြည့်ပြီး ကောင်းတယ်ဆိုရင် ကလေးကို မိဘက ချီးကျူးရပြီး၊ ဆိုးတဲ့ တံဆိပ်လေး ပါလာရင်တော့ မိဘက ဆရာမတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆုံးမစကားပြောဖို့ ဖြစ်ပါတယ်။ တံဆိပ်တုံးလေးဘေးမှာ မိဘက လက်မှတ်ထိုးပေးရပါတယ်။ အလားတူပဲ အိမ်စာစာရွက်လေး (အေ၊ ဘီ၊ စီ၊ ဒီ အရေးကျင့်တဲ့ စာရွက်လေး) ပါလာရင်လဲ ကလေးကို အိမ်စာလုပ်ခိုင်းပြီးတဲ့အခါ မိဘက လက်မှတ်ထိုးရပါတယ်။ ဒီနေ့တော့ ပုံပြင်စာအုပ်လေးကို ဖတ်ပြပြီးတဲ့အခါ ဖတ်ပြပြီးကြောင်းလဲ လက်မှတ်ပြန်ထိုးပေးရပါတယ်။ ပြီးရင် စာအုပ်လေးကို ကျောင်းလက်ဆွဲအိတ်လေးထဲ ပြန်ထည့်ပေးရမှာ ဖြစ်ပေမယ့် ကျွန်မချက်ချင်း ပြန်မထည့် ဖြစ်ပါဘူး။ ပုံပြင်လေးက စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဘာသာပြန် ရေးသားချင်စိတ်လေး ပေါ်လာတာကြောင့်ပါ)
ပုံပြင်လေးကတော့ ဒီလိုပါတဲ့ရှင်။
ဟိုရှေးရှေးတုန်းက ယာခင်းတခုမှာ အဖိုးအိုနဲ့ အဖွားအို ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကြင်နာတတ်တဲ့ ဇနီးမောင်နှံဖြစ်ပေမယ့် သားသမီး မထွန်းကားတာကြောင့် ၀မ်းနည်းစိတ်အားငယ်နေကြပါတယ်။
ကလေးငယ်လေးနဲ့ မိသားစုတွေကို တွေ့တိုင်း "တို့ဆီမှာ သားလေးတယောက်ရှိရင်" လို့ပြောပြီး အဖွားအိုက သက်ပြင်းချလေ့ရှိပါတယ်။
ဒီလိုနဲ့ တနေ့တော့
"ကျွန်မသိပြီ။ gingerbread man ပုံ သားငယ်လေးတယောက် လုပ်မယ်" လို့ အဖွားအိုက ဆိုပါတယ်။
အဖိုးအိုကလဲ သဘောတူတာကြောင့် သူမဟာ မုန့်လုပ်နည်းစာအုပ်လေးကို ထုတ်ပါတယ်။ gingerbread man လေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ချိန်တွယ်တိုင်းတာပြီး ရောသမမွှေလိုက်ပါတယ်။
မုန့်ကို နယ်ပြီး သဏ္ဍာန်လေး ဖော်လိုက်ပါတယ်။ နောက်တော့ မီးဖို (Oven)ထဲထည့်ပြီး ဖုတ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတိုရဲ့ မီးဖိုလေးမှာ gingerbread ရနံ့လေး မွှေးကြိုင်လာပါတယ်။
ဒါကြောင့် အဖွားအိုက အဆင်သင့်ဖြစ်ပြီလို့ ဆိုပြီး မီးဖိုတံခါးလေးကို ဖွင့်လိုက်ပါတယ်။
ဒီအချိန်မှာပဲ အလွန်သေးငယ်တဲ့ gingerbread man လေးက မီးဖိုထဲကနေ ခုန်ထွက်လာပါလေရော။
gingerbread man လေးဟာ ကြမ်းပြင်ပေါ်မှာ ပြေးလွှားပြီး ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ပြေးထွက်သွားပါတယ်။
"ရပ်ပါဦး"
အဖွားအိုက လှမ်းခေါ်တယ်။
"ရပ်ပါဦး၊ ရပ်ပါဦး"
အဖိုးအိုကလဲ လှမ်းပြောတယ်။
ဒါပေမယ့် gingerbread man လေးကတော့ သီချင်းဆိုရင်း လမ်းတလျှောက်ပြေးလွှားသွားပါတယ်။ သူဆိုတဲ့ သီချင်းလေးက
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" ဆိုပဲ။
gingerbread man လေးဟာ နွားတကောင်နဲ့ မြင်းတကောင်ရှေ့က ဖြတ်ပြေးတယ်။
"သင့်ကို ကြည့်ရတာ သိပ်ပြီး အရသာရှိတဲ့ပုံပဲ" လို့ မြင်းက ဆိုတယ်။
နွားကတော့ "လူကလေး၊ ဒီကိုလာ" လို့ ဆိုတယ်။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်းနဲ့ နွားတို့က လိုက်လာတယ်။
ဒီလိုနဲ့ gingerbread man လေးက လယ်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီးရှေ့က ဖြတ်ပြေးတယ်။ လယ်သမားကြီးက
"အွန်း။ တော်တော်ကောင်းမယ့် ပုံပဲ" ဆိုပြီး "လူကလေး၊ ဒီကိုလာ" လို့ ပြောတယ်။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွားနဲ့ လယ်သမားကြီးတို့က လိုက်လာတယ်။
ဒီလိုနဲ့ gingerbread man လေးဟာ ကျောင်းတကျောင်းရှေ့က ဖြတ်ပြေးသွားတဲ့အခါ ကလေးတွေက အော်ကြတယ်။
"တို့တတွေ gingerbread ကို ကြိုက်တယ်။ ဒီကိုလာ၊ လူကလေး" တဲ့။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ လယ်သမားကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင် ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွား၊ လယ်သမားကြီးနဲ့ ကလေးတွေက လိုက်လာတယ်။
ဒီလိုပြေးရင်းပြေးရင်းနဲ့ gingerbread man လေးဟာ မြစ်တခုကို ရောက်လာပါလေရော။
သူက မြစ်ကိုဖြတ်ကူးချင်တယ်။ ဒါပေမယ့် ရေစိုမှာလဲ ကြောက်တယ်။
ဒီလိုအခြေအနေကို မြေခွေးကြီးက သတိထားမိသွားပါတယ်။
"ငါ့ရဲ့ အမြီးပေါ်ကို တွယ်တက်လာခဲ့ပါ။ မြစ်တဘက်ကမ်းကို ရောက်ဖို့ ကူညီပေးမယ်" လို့ မြေခွေးကြီးက ဆိုတယ်။
ဒါကြောင့် gingerbread man လေးက မြေခွေးအမြီးပေါ်ကို တက်လိုက်တယ်။
မြေခွေးက အမြီးကို ရေထဲမှာ ဆွဲပြီး ဖြတ်ကူးတယ်။
ပြီးတော့ "ဆောရီးပါ။ ရေမစိုအောင် ကျောကုန်းပေါ် တက်ပါ" လို့ ပြောတယ်။
gingerbread man လေးက ကျောပေါ်ကို တွယ်တက်လိုက်တယ်။
သိပ်မကြာပါဘူး။ ကျောပေါ်မှာလဲ ရေတွေ စိုလာပြန်ရော။
ဒါနဲ့ မြေခွေးက "ဆောရီးပါ။ ခေါင်းပေါ်ကို တက်" လို့ ပြောလိုက်တယ်။
gingerbread man လေးကလဲ ခေါင်းပေါ်ကို ခြေဖျားလေးထောက်ပြီး ဆက်တက်တာပေါ့။
ဒီလိုနဲ့ ခေါင်းပေါ်လဲ ရောက်ရော မြေခွေးက ခေါင်းကို လှုပ်ရမ်းပြီး gingerbread man လေးကို လေထဲမှာ မြှောက်လိုက်တယ်။ ပြီးတော့ gingerbread man လေးရဲ့ ခြေဖျားကို ဟပ်လိုက်ပါလေရော။
gingerbread man လေးရဲ့ လေးပုံတပုံက မြေခွေးပါးစပ်ထဲ ရောက်သွားတယ်။
မြေခွေးက နောက်တချက် ထပ်ဟပ်လိုက်တော့ တ၀က်လောက်ရာက်သွားတယ်။
မကြာပါဘူး။ လေးပုံသုံးပုံလောက် မြေခွေးပါးစပ်ထဲ ရောက်သွားပါရော။
မြေခွေးက နောက်တချက် ထပ်ဟပ်တယ်။
အဲဒီမှာတင် gingerbread man လေးဟာ မြေခွေးပါးစပ်ထဲ လုံးဝ ရောက်သွားပါတော့တယ်။
ရိုးရာပုံပြင်အား ပြန်ပြောသူ- Mairi Mackinnon
ဘာသာပြန်သူ- ခင်မမမျိုး (၃၀၊ ၈၊ ၂၀၁၁)
ရည်ညွှန်းပုံပြင်စာအုပ်။ ။
The Gingerbread Man (Illustrated by Elena Temporin, Retold by Mairi Mackinnon), 2007, Usborne Publishing Ltd.
Dutch Disease (ဒတ်ခ်ျရောဂါ) အကြောင်း သိကောင်းစရာ
Saturday, August 27, 2011
နိဒါန်း
လူ့ကိုယ်ခန္ဓာမှာ ဖြစ်ပွားနေတဲ့ ရောဂါလက္ခဏာတွေ စတင်ပေါ်ထွက်လာတဲ့အခါ ဂရုတစိုက်စောင့်ကြပ်ကြည့်ရှုပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်တွေ၊ ကုထုံးတွေကို စနစ်တကျ ခံယူဖို့ လိုအပ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေမှာလဲ ရောဂါဝေဒနာတွေ ဖြစ်ပွားလာတတ်တာကြောင့်၊ ကနဦးလက္ခဏာများ စတင် ပေါ်ထွက်လာစဉ် ကတည်းက သတိပြုမိပြီး၊ လိုအပ်သော ကုသမှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ထားမယ်ဆိုရင် ဝေဒနာဆိုးတွေကနေ သက်သာစေနိုင်ပါတယ်။
နိုင်ငံတနိုင်ရဲ့ စီးပွားရေးမူဝါဒတွေမှာ အကြမ်းဖျင်းအားဖြင့် internal objectives (စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်လက်မဲ့ရာခိုင်နှုန်းနည်းပါးရေး၊ ငွေကြေးဖောင်းပွခြင်း လျော့နည်းရေးစသည်များ) ပါဝင်သလို၊ external objectives (နိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်း- balance of payments equilibrium ဖြစ်ရေး၊ နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်းဆောင်တာများအား အားပေးဆောင်ရွက်ရေး၊ ငွေလဲလှယ်နှုန်းများ အလွန်အကျွံ အတက်အကျများမှုအား ကာကွယ်ရေး စသည်များ) လဲ ပါဝင်ပါတယ်။ ဒီလို internal objectives နဲ့ external objectives တွေ အောင်မြင်ရေးအတွက် ငွေလဲလှယ်နှုန်း (exchange rate) က အရေးကြီးပါတယ်။
ငွေလဲလှယ်နှုန်းလျော့နည်းခြင်း (depreciation of exchange rate) ဖြစ်လာတဲ့အခါ ပြည်တွင်းသွင်းကုန် တန်ဖိုးတွေ မြင့်မားလာပြီး၊ ငွေကြေးဖောင်းပွမှု (inflation) ဖြစ်လာပါတယ်။ စီးပွားရေးမှာ ပြည်ပပို့ကုန်ကဏ္ဍ အားကောင်းလာပြီး၊ သွင်းကုန်တင်သွင်းမှု လျော့နည်းလာပါတယ်။ ဒီလို ပြည်ပပို့ကုန်ကဏ္ဍ အားကောင်း လာချိန်မှာ ပို့ကုန်တွေက သဘာဝသယံဇာတအရင်းအမြစ်များ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ စသည်များ) ကို အခြေပြုထားခဲ့ရင်၊ ပြည်တွင်းကို နိုင်ငံခြားငွေ အများအပြား စီးဝင်လာပါတယ်။
တပြိုင်နက်တည်းမှာပဲ နိုင်ငံခြားမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှု (Overseas Development Aid) တွေကနေ တဆင့် နိုင်ငံခြားငွေတွေ အများအပြား စီးဝင်လာပါတယ်။ ဒီအခါမှာ ပြည်တွင်းမှာ exchange rate volatility ဖြစ်လာပါတယ်။ ငွေလဲလှယ်နှုန်း အဆမတန် မြင့်မားမှု (appreciation of exchange rate) ဖြစ်လာရာကနေ၊ စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍများမှ ပြည်ပပို့ကုန်များရဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအား ကျဆင်းလာပြီး၊ ပြည်ပပို့ကုန်ကဏ္ဍကို ထိခိုက်လာစေ နိုင်ပါတယ်။ အကယ်၍ နိုင်ငံတနိုင်ငံမှာ သဘာဝသယံဇာတ အရင်းအမြစ်များအား ပြည်ပသို့ ပို့ဆောင်မှု၊ ပြည်ပနိုင်ငံများအား ရောင်းချမှု စတာတွေကနေ နိုင်ငံခြားငွေ အများအပြား ၀င်ရောက်နေပြီး၊ ပုံမှန်မဟုတ်တဲ့ ငွေလဲလှယ်နှုန်း တိုးတက်မြင့်မားလာခြင်းတွေလဲ ဖြစ်နေပြီဆိုရင်၊ တနည်းဆိုရင် ပြည်တွင်းမှာ သုံးစွဲတဲ့ ငွေက ပုံမှန်မဟုတ်ပဲ မာလာပြီဆိုရင်၊ Dutch Disease ရဲ့ ကနဦးရောဂါလက္ခဏာတွေ ပြသနေပြီလို့ ဆိုနိုင်ပါတယ်။
Dutch Disease ဆိုရာဝယ်
မြောက်ပင်လယ် (North Sea) မှာ သဘာဝဓာတ်ငွေ့ တွေ့ရှိပြီးနောက်ပိုင်း၊ နယ်သာလန်နိုင်ငံရဲ့ စီးပွားရေး အဆောက်အုံကို သက်ရောက်မှုတွေအကြောင်း လေ့လာဆန်းစစ်ထားတဲ့ ဆောင်းပါးတပုဒ်ကို (၁၉၇၇) ခုနှစ်မှာ The Economist က ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးရဲ့ အမည်က “The Dutch Disease” ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာကနေ နိုင်ငံခြားငွေ အများအပြား နိုင်ငံတွင်းသို့ စီးဝင်လာခြင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍ အရင်းအမြစ်များ Booming sector သို့ ရွှေ့ပြောင်းသွားခြင်း စသည်များကြောင့် ဈေးနှုန်းနဲ့ ငွေလဲလှယ်နှုန်း ပြောင်းလဲသွားပုံတွေ၊ ငွေလဲလှယ်နှုန်း မြင့်မားလာတဲ့အတွက် အခြားပို့ကုန်ကဏ္ဍမှာ ဈေးကွက်ရှယ်ယာလျော့နည်းလာပြီး၊ ပို့ကုန်ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်ပုံတွေကို မီးမောင်းထိုးပြထားခဲ့ပါတယ်။
(၁၉၅၉) ခုနှစ်က နယ်သာလန်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး natural resource sector အခြေပြုတဲ့ ပို့ကုန်ဝင်ငွေ တိုးမြင့်လာပါတယ်။ စက်မှုလက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကျဆင်းလာပြီး၊ (၁၉၇၀) ခုနှစ်တွေမှာ စက်မှုကဏ္ဍထဲမှာ လုပ်ကိုင်နေသူတွေ (၁၆) ရာခိုင်နှုန်း လျော့နည်း သွားပါတယ်။ အလုပ်လက်မဲ့ရာခိုင်နှုန်းက (၁.၁) ရာခိုင်နှုန်းကနေ (၅.၁) ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ share of profits ဟာ (၁၉၆၀) ကာလတွေမှာ (၁၆.၈) ရာခိုင်နှုန်းရှိရာကနေ (၁၉၇၀) ကာလတွေမှာ (၃.၅) ရာခိုင်နှုန်းအထိ ထိုးကျသွားပါတယ်။
(၁၉၇၀) ကာလတွေမှာ ဗြိတိန်နိုင်ငံမှာလဲ အလားတူ စီးပွားရေးအခြေအနေတွေ ဖြစ်ပွားခဲ့ပါတယ်။ ရေနံဈေးနှုန်းတွေ လေးဆလောက်တက်နေချိန်မှာ စကော့တလန်ကမ်းခြေအနီးမှာ ရေနံရှာဖွေလာနိုင်တဲ့အတွက် ဗြိတိန်နိုင်ငံဟာ ရေနံတင်ပို့တဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒီလို natural resource sector ကို အလေးပေး ဆောင်ရွက်တဲ့အခါ စတာလင်ပေါင် ငွေလဲနှုန်း မြင့်တက်လာပါတယ်။ သို့ပေမယ့် ဗြိတိန် အလုပ်သမားတွေရဲ့ လုပ်ခတိုးမြင့်တောင်းဆိုမှုတွေ ထွက်ပေါ်လာပြီး၊ အခြားပို့ကုန်တွေကလဲ uncompetitive ဖြစ်လာတဲ့အတွက် ဗြိတိန်မှာ recession ဖြစ်သွားပါတယ်။ ဒါဟာ Dutch Disease ရဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ Angola, Nigeria, Sudan , Venezuela, Sierra Leone, Liberia နဲ့ Congo အပါအ၀င် သဘာဝသယံဇာတ အရင်းအမြစ် ပို့ကုန်ကနေ ရရှိလာတဲ့ နိုင်ငံခြားငွေကြောင့် ငွေလဲနှုန်းတိုးတက်လာတဲ့ နိုင်ငံတွေမှာ Dutch Disease ကို ခံစားနေကြရပါတယ်။
အကျိုးသက်ရောက်မှုများ
Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံတွေနဲ့ ပတ်သက်ပြီး၊ သဘာဝသယံဇာတ အရင်းအမြစ် အမျိုးအစား တမျိုးဖြစ်တဲ့ ရေနံရဲ့ အကျိုးသက်ရောက်ပုံကို ဥပမာပေး တင်ပြလိုပါတယ်။ ရေနံက ရရှိတဲ့ တိုင်းပြည် ၀င်ငွေတွေကလဲ စီးပွားရေးအဆောက်အအုံကို လွှမ်းမိုးမှု ရှိလာတဲ့အခါ ငွေကြေးဖောင်းပွမှုနှုန်းတွေ မြင့်တက်လာပြီး၊ လူနေမှုစရိတ်စကတွေ တက်လာပါတယ်။ ဒီအချိန်မှာ တခြားစီးပွားရေးကဏ္ဍတွေ ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းလာပြီး၊ စီးပွားရေးပြိုင်ဆိုင်မှု (economic competition) ကိုပါ ထိခိုက်စေပါတယ်။
အဲဒီအခါမှာ အစိုးရဟာ ရေနံက ရရှိတဲ့ အကျိုးအမြတ်တွေကို ခံစားရလာတာနဲ့အမျှ လာဘ်စားမှုတွေနဲ့ ဖြုန်းတီးမှုတွေ ဖြစ်လာပြီး၊ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်။ ရေနံက ရရှိလာတဲ့ အကျိုးအမြတ်တွေကို တိုင်းပြည်တွင်းမှာ ပြန်လည် ရင်းနှီးမြှုပ်နှံမှု မလုပ်ပဲ၊ ကိုယ်ပိုင် အကျိုးစီးပွား အတွက် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံတာ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ဖြစ်လာပြီး၊ တိုင်းပြည်ရဲ့စီးပွားရေးမှာ ပြန်လည် ရင်းနှီးမြှုပ်နှံခြင်း မရှိတဲ့အခါ အခြေအနေတွေက ဆိုးသထက်ပိုပြီး ဆိုးလာနိုင်ပါတယ်။
Dutch Disease ရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာကြတဲ့အခါ ဘောဂဗေဒပညာရှင် Corden နဲ့ Neary တို့ ရေးဆွဲခဲ့တဲ့ core model ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီ model အရ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကဏ္ဍများကို သဘာဝအရင်းအမြစ်ကဏ္ဍ (natural resource sector)၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍ စသော သဘာဝအရင်းအမြစ် မဟုတ်သည့် ကုန်သွယ်မှုကဏ္ဍ (non-resource tradables sector) နှင့် ပြည်ပ ကုန်သွယ်ရေးတွင် အသုံးမပြုသော ကုန်စည်များ၊ ၀န်ဆောင်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သော ကုန်သွယ်ရေးမဟုတ်သည့်ကဏ္ဍ (non-tradables sector) ဆိုပြီး ကဏ္ဍသုံးမျိုး ခွဲခြားနိုင်ပါတယ်။
ဒီကဏ္ဍသုံးမျိုးအနက် natural resource sector နဲ့ non-resource tradables sector တွေမှာ ပါဝင်တဲ့ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆန်စပါး၊ စက်မှုထွက်ကုန် စသည်များရဲ့ ဈေးနှုန်းတွေကို ကမ္ဘာ့ဈေးကွက်က သတ်မှတ်ပြီး၊ non-tradables sector က ကုန်စည်များနဲ့ ၀န်ဆောင်မှုများရဲ့ ဈေးနှုန်းတွေ ကိုတော့ ပြည်တွင်းဈေးကွက်က သတ်မှတ်ပါတယ်။ non- tradables တွေရဲ့ ဈေးနှုန်းနဲ့ tradables တွေရဲ့ ဈေးနှုန်းကို အချိုးချပြီး real exchange rate ကို တွက်ချက်နိုင်ပါတယ်။ အကယ်၍ non- tradables တွေမှာ ၀ယ်လိုအား မြင့်တက်လာတဲ့အခါ ငွေလဲလှယ်နှုန်းတိုးတက်မှု (appreciation of real exchange rate) ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတွေ တိုးတက်လာတဲ့အခါ ထုတ်လုပ်မှု၊ ထုတ်ကုန်နဲ့ ၀င်ငွေ တိုးတက်မြင့်မားလာပြီး၊ ငွေလဲလှယ်နှုန်းတွေပါ တိုးတက်လာပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုးတက်မှုက ရေရှည်တည်တံ့ခိုင်မြဲပြီး၊ ၀င်ငွေမြင့်မားမှု၊ consumption မြင့်မားမှုတွေကြောင့် တိုင်းသူပြည်သူများရဲ့ လူနေမှုဘ၀ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒီလိုမဟုတ်ပဲ ငွေလဲလှယ်နှုန်းတိုးတက်မှုက သဘာဝအရင်းအမြစ် သယံဇာတပစ္စည်းများအား ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပနိုင်ငံများသို့ ရောင်းချခြင်း အပေါ်မှာ တည်မှီပြီး ဖြစ်ပေါ်လာတာ ဆိုရင်တော့ အခြားစိုက်ပျိုးရေး ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍများရဲ့ ပြည်ပပို့ကုန် တင်ပို့မှုကို ထိခိုက်နှောင့်နှေးစေပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုကဏ္ဍတွေကို နောက်ကျကျန်ရစ်ခဲ့သော ကဏ္ဍများ (lagging sector) လို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။
Corden နဲ့ Neary တို့ ရေးဆွဲခဲ့တဲ့ core model ကနေ Dutch Disease ရဲ့ အကျိုးသက်ရောက်ပုံ နှစ်မျိုးကို ခွဲခြားသတ်မှတ်နိုင်ပါတယ်။ natural resource sector က စန်းပွင့်လာတဲ့အခါ တခြားကဏ္ဍတွေမှာရှိတဲ့ capital နဲ့ labour တွေက ဒီလိုစန်းပွင့်သော ကဏ္ဍ (booming sector) ထဲကို ရောက်ရှိသွားကြပါတယ်။ ဒီအခါမှာ စီးပွားရေးအဆောက်အအုံထဲက တခြားကဏ္ဍတွေမှာ ထုတ်လုပ်မှု လျော့နည်းလာပါတယ်။ non-tradables sector မှာ ဒီလို လျော့နည်းလာတဲ့အခါ ပို့ကုန် မဟုတ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ဥပမာ- မြေဈေး၊ အိမ်ဈေးတွေလဲ အတိုင်းအဆမရှိ ခုန်တက်သွားတတ်ပါတယ်။ ဒီလို ပြည်တွင်းဈေးကွက်က ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်း မြင့်တက်လာတဲ့ ရာခိုင်နှုန်းတွေနဲ့အညီ tradables sector ရဲ့ နှုန်းတွေက လိုက်ပြီး မမြင့်တက်နိုင်ပါဘူး။ tradables sector က ကုန်ပစ္စည်းတွေကကျတော့ အထက်မှာ ဆိုခဲ့တဲ့အတိုင်း ကမ္ဘာ့ဈေးကွက်က သတ်မှတ်တာတွေ ဖြစ်ပါတယ်။ ဒီအခါမှာ ငွေလဲလှယ်နှုန်း တိုးတက်မှု (appreciation of real exchange rate) ဖြစ်လာတော့တာပါပဲ။ ဘောဂဗေဒ ပညာရှင်တွေက ဒါကို အရင်းအမြစ်ရွေ့လျားမှုဆိုင်ရာ အကျိုးသက်ရောက်မှု (resource-movement effect) လို့ သတ်မှတ်ကြပါတယ်။
နောက်ထပ် အကျိုးသက်ရောက်မှုတခုကတော့ သုံးစွဲမှုဆိုင်ရာ အကျိုးသက်ရောက်မှု (spending effect) ပဲ ဖြစ်ပါတယ်။ natural resource sector စန်းပွင့်လာတဲ့အခါ ၀ယ်လိုအားတွေ မြင့်တက်လာပါတယ်။ non-tradables ကဏ္ဍမှာ ၀ယ်လိုအား မြင့်တက်လာတဲ့ အခါမှာ ပြည်တွင်းဈေးကွက်ကို မူတည်တဲ့ non-tradables တွေရဲ့ ဈေးနှုန်းက မြင့်တက်လာပါတယ်။ non-resource tradables တွေကတော့ ပြည်ပဈေးကွက်ကို မူတည်တာဖြစ်တဲ့အတွက် ဈေးနှုန်းကို မြှင့်ချင်တိုင်းမြှင့်လို့ မဖြစ်နိုင်ပါဘူး။ ဒီအခါမှာ ငွေလဲနှုန်းက တိုးတက်လာ ပါတော့တယ်။
ဒီလို ငွေလဲနှုန်း တိုးတက်လာတာနဲ့အမျှ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုကဏ္ဍကို အခြေပြုတဲ့ ပြည်ပပို့ကုန် လုပ်ငန်းများကို ထိခိုက်လာပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေသူတွေဆီကနေ ပြည်တွင်းကို ပြန်ပို့တဲ့ ငွေအပေါ်မှာ မှီခိုနေရတဲ့ အိမ်ထောင်စုတွေရဲ့ ရပ်တည်ရေးကိုလဲ ထိခိုက်လာနိုင်ပါတယ်။ တနည်းဆိုရင် လူလတ်တန်းစားတွေကို အများဆုံးထိခိုက်စေပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူလတ်တန်းစား (middle class) ရာခိုင်နှုန်း များလာဖို့ လိုအပ်ပါတယ်။ လူလတ်တန်းစားရာခိုင်နှုန်း လျော့နည်းလာပြီး ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစား ရာခိုင်နှုန်း မြင့်မားလာခြင်း၊ ရေပေါ်ဆီ လူတန်းစားတွေဖြစ်တဲ့ အုပ်ချုပ်သူများနဲ့ လုပ်ငန်းရှင်များဆီမှာသာ တိုင်းပြည်ရဲ့ ဓနဥစ္စာများကို ရယူသုံးစွဲခံစားပိုင်ခွင့် များပြားနေခြင်း စတာတွေဟာ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။
Dutch Disease အား ကုစားခြင်း
Dutch Disease ရဲ့ ရောဂါလက္ခဏာတွေကို ကုစားနိုင်တဲ့ ဆေးမြီးတို နည်းလမ်းတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ရောဂါအန္တရာယ် ပိုပြီး မဆိုးရွားစေရန် ကာကွယ်ခြင်း၊ ကုသခြင်းတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် macroeconomic polices (fiscal policy, monetary policy, structural policies) တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။
(၁) Fiscal Policy
ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့နည်းစေဖို့အတွက် fiscal policy ကို main instrument တခု အနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ spending effect ရဲ့ သက်ရောက်မှုက ပိုပြီးဆိုးရွားပါတယ်။ ဒါကြောင့် အသုံးစရိတ်များ ထိရောက်ချောမွေ့စေခြင်း (smoothing of spending) ဖြင့် volatility ကို လျော့နည်းစေနိုင်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် သဘာဝသယံဇာတပစ္စည်းများ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ကျောက်မျက်ရတနာ စသည်များ) ကနေ ရရှိတဲ့ ၀င်ငွေတွေကို စုဆောင်းခြင်း၊ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ဖို့အတွက် natural resource fund တခု ရှိဖို့လိုအပ်ပါတယ်။ volatility လျှော့ချခြင်း၊ အနာဂတ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း စတဲ့ ရည်ရွယ်ချက်တွေပေါ်မှာ မူတည်ပြီး fund အမျိုးအစား (saving fund, stabilization fund, investment fund) စတာတွေကတော့ ကွဲပြားနိုင်ပါတယ်။
ဝင်ငွေတွေရဲ့ မည်၍မည်မျှသော ရာခိုင်နှုန်းကို အစိုးရအသုံးစရိတ်အတွက်အသုံးပြုပြီး၊ မည်၍မည်မျှသော ရာခိုင်နှုန်းကို natural resource fund မှာ ထည့်သွင်းထားရှိရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ fiscal rules တွေ ချမှတ်ဖို့ လိုအပ်ကြောင်း ဘောဂဗေဒ ပညာရှင်များက အကြံပြုထားကြပါတယ်။ အစိုးရအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး medium-term expenditure framework ပေါ်ထွက်လာဖို့အတွက် စီးပွားရေးပညာရှင်များနဲ့ နိုင်ငံရေးသမားများက ၀ိုင်းဝန်းကြိုးပမ်းကြမယ် ဆိုရင် ပိုပြီးအသုံးဝင်နိုင်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် တိုင်းပြည်ဝင်ငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု (transparency) ကို အားကောင်းစေရုံသာမက လာဘ်ပေးလာဘ်ယူမှု (corruption)များနဲ့ တိုင်းပြည်ဘဏ္ဍာကို အာဏာအသုံးပြု၍ အလွဲသုံးစားပြုမှုများ ကိုလဲ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။
ဒတ်ခ်ျရောဂါကို ကုစားဖို့အတွက် fiscal policy ကို အသုံးပြုရာမှာ ပုံမှန်ဝင်ငွေ သတ်မှတ်ချက်နည်းလမ်း (permanent income approach) ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီနည်းလမ်းအရ သဘာဝသယံဇာတ ပစ္စည်းတွေကနေ ရရှိလာမယ့် natural resource revenues ကို ကနဦးတွက်ချက်ပြီး၊ အစိုးရအသုံးစရိတ်အတွက် သင့်လျော်တဲ့ ပမာဏတခု ချမှတ်ပြီးတဲ့အခါ၊ ကျန်ဝင်ငွေများကို တိုင်းပြည်ဥစ္စာဓန (sovereign wealth) အဖြစ် ပြည်ပမှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် အကယ်၍ တချိန်မှာ တိုင်းပြည်ရဲ့ သယံဇာတပစ္စည်းတွေ လျော့နည်းပျောက်ကွယ်လာတဲ့အခါ တိုင်းပြည်ရဲ့ ဥစ္စာဓနတွေကို ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဘောဂဗေဒပညာရှင် Collier ဦးဆောင်တဲ့ ပညာရှင်တွေ ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုပြီးအသုံးဝင်နိုင်တဲ့ “optimal” fiscal rule နည်းလမ်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနည်းလမ်းအရ သဘာဝသယံဇာတကနေ ရရှိလာတဲ့ resource revenues တွေကို ကနဦးအစမှာ ရာခိုင်နှုန်းအနည်းငယ်သာ စုဆောင်းရင်းနှီးမှုတွေ ပြုလုပ်ပြီး၊ တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် လျော်ကန်ပေမယ့် စီးပွားရေးအဆောက်အအုံမှာ ပြန်လည် ရင်းနှီးမြှုပ်နှံတာ မဟုတ်ပဲ စစ်အသုံးစရိတ်များကြီးမားလာမှုနဲ့ အလွဲသုံးစားလုပ်မှုများကို မည်သို့မည်ပုံ ကာကွယ်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုပါ တွဲစပ်အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ တင်းကြပ်တဲ့ fiscal discipline မရှိပဲ ဒီနည်းလမ်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။
(၂) Monetary Policy
Monetary policy ဆိုရာမှာ supply of money ကို ထိန်းချုပ်ခြင်း၊ အတိုးနှုန်းများကို ထိန်းချုပ်ခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ တိုင်းပြည်တွင်းမှာ နိုင်ငံခြားငွေ အမြောက်အမြား စီးဝင်လာတဲ့အခါ nominal exchange rate ကို တရားသေ သတ်မှတ်ထားတဲ့ monetary policy ကို ကျင့်သုံးနေရင် ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုများနိုင်ပါတယ်။ Taylor interest rate rule နဲ့ လိုက်လျောညီထွေရှိတဲ့ nominal exchange rate flexibilityပေါ်မှာ အခြေခံတဲ့ monetary policy ကို ကျင့်သုံးမယ်ဆိုရင် ဒတ်ခ်ျရောဂါရဲ့ ဆိုးကျိုးများကို လျှော့ချနိုင်ပါတယ်။
အတိုးနှုန်းများကို ထိန်းချုပ်မှုဆိုရာမှာလဲ ဘဏ်လုပ်ငန်းများရဲ့ တည်ငြိမ်မှု (stability) နဲ့ ထိရောက်အားကောင်းမှု (efficiency) တို့ကို သုံးသပ်ပြီး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ bank failure မဖြစ်သွားဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဘဏ်လုပ်ငန်းတခုမှာ failure ဖြစ်တာနဲ့ အများပြည်သူရဲ့ ယုံကြည်မှုကို လှုပ်ခါသွားစေနိုင်ပြီး၊ တခြားဘဏ်လုပ်ငန်းတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဗဟိုဘဏ်ဟာ အစိုးရရဲ့ လက်အောက်မှာ မရှိပဲ independent central bank ဖြစ်လာခဲ့ရင် monetary policy ရေးရာတွေကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါတယ်။
(၃) Structural Policies
ဒတ်ခ်ျရောဂါကို ကုစားနိုင်မယ့် နောက်ထပ်မူဝါဒတခုကတော့ trade liberalization ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် non-tradables sector မှာ ဖြစ်ပွားနေတဲ့ demand pressure ကို လျှော့ချနိုင်ပါတယ်။ နောက်ထပ်မူဝါဒတခုကတော့ အစိုးရအသုံးစရိတ်တွေကို လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ ကုန်စီးဆင်းမှုချောမွေ့စေသော infrastructure များ ဖွံ့ဖြိုးလာရေး၊ ပညာရေးနှင့် အရည်အချင်းတိုးမြှင့်ရေး စတာတွေမှာ အသုံးပြုခြင်းဖြစ်ပါတယ်။
အစိုးရအသုံးစရိတ်တွေကို များများစားစား အသုံးပြုစရာ မလိုတဲ့ အခြားမူဝါဒတွေကိုလဲ ချမှတ်ဆောင်ရွက် နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများနဲ့ဆိုင်တဲ့ ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်လိုအပ်ချက်များ ပယ်ဖျက်ခြင်း၊ ကြိုးနီစနစ်ကျင့်သုံးမှုများအား လျှော့ချခြင်း၊ monopolistic
barriers များ လျော့နည်းစေခြင်း စတာတွေ ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) များကို ဖိတ်ခေါ်ခြင်းအားဖြင့်လဲ spillover effects တွေကနေ တဆင့် conditions for learning by doing ကို ဖန်တီးနိုင်ပါတယ်။
နိဂုံး
လူ့ကိုယ်ခန္ဓာမှာ ရောဂါလက္ခဏာတွေ ပြလာတဲ့အခါ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဥာဏ်တွေကို ရယူဖို့ လိုအပ်ပါတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေးကဏ္ဍမှာလဲ ပျက်စီးယိုယွင်းစေမယ့် ရောဂါလက္ခဏာတွေ ပြလာတဲ့အခါ ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံဥာဏ်တွေကို ရယူဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆေးပညာရှင်ဆိုရာမှာလဲ ကဏ္ဍတိုင်းမှာ အလုံးစုံကျွမ်းကျင်နေသူတွေဆိုတာ မရှိတာကြောင့် ခွဲစိတ်ဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် စသဖြင့် အထူးကုဆရာဝန်များစွာနဲ့ ယူနစ်များစွာ ဆေးရုံတွေမှာ ထားရှိကြရပါတယ်။
ဒီလိုပါပဲ။ စီးပွားရေးပညာရှင် ဆိုရာမှာလဲ ကဏ္ဍတိုင်းမှာ အလုံးစုံကျွမ်းကျင်နေသူတွေ မရှိနိုင်ပါဘူး။ Development Economics, Financial Economics, Labour Economics, Health Economics, Environmental Economics, Economic Growth အစရှိတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ရာလိမ္မာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ တိုင်းပြည်တွေမှာ Government Economic Services, Institute of Public Policy စတာတွေ တည်ထောင်ထားရှိခြင်း၊ တက္ကသိုလ်ဌာနများရဲ့ သုတေသနလုပ်ငန်းဆောင်တာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ ပညာရပ်ဆိုင်ရာ ဖိုရမ်များ ကျင်းပခြင်း စတာတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်များ ချို့တဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဒတ်ခ်ျရောဂါကို ကုစားနိုင်ရေး၊ ပိုမိုဆိုးရွားမသွားစေရန် ကာကွယ်ဆောင်ရွက်ရေးအတွက် Macroeconomic policies ကဏ္ဍကို ပိုင်နိုင်ကျွမ်းကျင်သော ကမ္ဘာ့အဆင့်မှီ ပညာရှင်များ ( ဥပမာ- ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာအဆင့်မှီတက္ကသိုလ်များ၊ အပြည်ပြည်ငွေကြေးရံပုံငွေအဖွဲ့ စသည်တို့မှ သုတေသီများ) ရဲ့ အကူအညီနဲ့ အကြံဥာဏ်များကို ရယူနိုင်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၆၊ ၈၊ ၂၀၁၁)
(စာရေးသူသည် ယူကေနိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒ အထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူ ဖြစ်ပါသည်)
ရည်ညွှန်းကိုးကား။ ။
Brahmbhatt, M., O. Canuto and E. Vostroknutova (2010). Dealing with Dutch disease, Economic Premise 16, World Bank, Washington, D.C.
Collier, P., F. van der Ploeg, M. Spence and A.J. Venables (2010). Managing resource revenues in developing economies, IMF Staff Papers, 57, 1, 84-118
Corden, W.M. and J.P. Neary (1982). Booming sector and de-industrialisation in a small open economy, Economic Journal, 92, 825-848.
Corden, W.M. (1984). Booming sector and Dutch Disease economics: Survey and consolidation, Oxford Economic Papers, 36, 359-380.
Giavazzi, F., J. R. Sheen, and C. Wyplosz. (1988). “The Real Exchange Rate and the Fiscal Aspects of a Natural Resource Discovery.” Oxford Economic Papers 40 (3): 427–50.
Ismail, K. (2010). “The Structural Manifestation of the ‘Dutch Disease’: The Case of Oil Exporting Countries.” Working Paper 10/103. International Monetary Fund, Washington, DC.
Morshed, A.K.M. and S.J. Turnovsky (2004). Sectoral adjustment costs and real exchange rate dynamics in a two-sector dependent economy, Journal of International Economics, 62, 147-177.
Torvik, R. (2001). Learning by doing and the Dutch Disease, European Economic Review, 45, 285-306.
Williamson, J. 2008. “Exchange Rate Economics.” Working Paper 2. Commission on Growth and Development, Washington, DC.
ပုန်းတမ်းရှာတမ်း ကစားခြင်း
Wednesday, August 24, 2011
တူတူရေ.............၀ါး။
ကျွန်မတို့ ငယ်ငယ်တုန်းက တူတူပုန်းတမ်း ကစားကြတဲ့အခါ ပုန်းနေသူက အသံပေးရပြီး၊ လိုက်ရှာသူက တူတူ အသံပေးရာကို လိုက်ရှာရပါတယ်။ တခါတရံကျတော့လဲ ပုန်းနေသူက လေးငါးယောက်၊ လိုက်ရှာသူက တယောက်ဖြစ်ပြီး အရင်ဆုံးမိတဲ့သူက တခါပြန်ပြီး လိုက်ရှာသူ ဖြစ်သွားပါတယ်။ ဒါက ကလေးဘ၀ ကစားကြတဲ့ အခါတုန်းကပါ။
လူကြီးဘ၀မှာ ဂိမ်းတွေ ကစားကြတဲ့အခါကျတော့ ပုန်းတမ်းရှာတမ်း ကစားရတာက တူတူပုန်းတမ်း ကစား သလောက် မလွယ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုန်းနေသူက အသံပေးရတာ မဟုတ်ပဲ၊ ရှာဖွေသူ ကသာ ပုန်းနေသူရဲ့ သဲလွန်စကို ဥာဏ်လွှာပြီး လိုက်ရှာကြရတာကြောင့်ပါ။
လူတစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေဟာ အခြားလူတစ်ယောက် (သို့မဟုတ်) အခြားအက်စတီကျူးရှင်းတခုရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ အပြန်အလှန် အကျိုးသက်ရောက် မှုတွေ ရှိနေမယ်ဆိုရင် ဒီလူနှစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းနှစ်ရပ် အကြားမှာ မဟာဗျူဟာအရ အပြန်အလှန် မှီခိုဆက်စပ်မှု (strategic interdependence) ဖြစ်တည်နေပြီလို့ ဆိုနိုင်ပါတယ်။
တဘက်ရဲ့ လုပ်ဆောင်ချက် (သို့မဟုတ်) ပြုမူဆောင်ရွက်ချက်တွေဟာ အခြားတဘက်ကို သက်ရောက်မှု ရှိနေတဲ့ အခြေအနေတွေကို ဂိမ်းသီအိုရီရှုထောင့်အရ strategic games လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒီဂိမ်းတွေမှာ ပါဝင်နေသူတွေကိုတော့ ဂိမ်းကစားသူများ (players) လို့ သတ်မှတ်ကြပြီး၊ ဂိမ်းကစားသူများ အပြန်အလှန် အသုံးပြုကြတဲ့ လှုပ်ရှားမှု အစီအမံတွေကိုတော့ strategy လို့ ခေါ်ဝေါ်ကြပါတယ်။
strategic games တွေဟာ နေရာတကာမှာ ရှိနိုင်ပါတယ်။ သားငယ်လေးကို အရုပ်ဝယ်ပေးဖို့ ဈေးဆိုင်တဆိုင်ကို ခေါ်သွားတဲ့အခါ သားငယ်လိုချင်တာက ကားတစီးဖြစ်ပြီး၊ အမေ၀ယ်ပေးချင်တာက ရဟတ်ယာဉ်လေး ဆိုပါစို့။ အကျိုးစီးပွားနှစ်ခု မတူညီတဲ့အခါ အပေးအယူ (bargain) လုပ်ပြီး cooperative bargaining ၊ Non-cooperative bargaining နည်းလမ်းတွေ အသုံးပြုဖို့ လိုလာတော့မှာ ဖြစ်ပါတယ်။
ဒီလို အမေနဲ့သား ဆက်ဆံရေးက အစပြုပြီး၊ နိုင်ငံတွင်း ပဋိပက္ခတွေမှာ ဘက်နှစ်ဘက် ညှိနှိုင်းတာ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးပြုလုပ်တာတွေအထိ နေရာတိုင်းမှာ strategic games တွေ ရှိနေတတ်ပါတယ်။ တချို့ဂိမ်းတွေမှာ ဘက်နှစ်ဘက်စလုံးက တပြိုင်တည်းလှုပ်ရှားပြီး၊ သူတို့လှုပ်ရှားမှုတွေကလဲ လျှို့ဝှက်ချက် ဖြစ်နေတတ်ပါတယ်။ ဒါကို ဂိမ်းသီအိုရီ သဘောတရားအရ simultaneous move games (သို့မဟုတ်) static games လို့ သတ်မှတ်ခေါ်ဝေါ်ပါတယ်။
တချို့ဂိမ်းတွေမှာကျတော့ ဘက်တဘက်က စတင်လှုပ်ရှားလာပြီးမှ၊ အခြားဘက်တဘက်က တုန့်ပြန်လှုပ်ရှားတာ ဖြစ်ပါတယ်။ ဥပမာ- စစ်တုရင်ကစားခြင်း၊ နိုင်ငံတနိုင်ငံကို အခြားနိုင်ငံက ၀င်ရောက်ကျူးကျော်ခြင်း စတာမျိုးတွေပါ။ ဒါကို ဂိမ်းသီအိုရီအရ sequential-move games (သို့မဟုတ်) dynamic games လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။
ပုန်းတမ်း၊ ရှာတမ်း ကစားပွဲတွေကတော့ တပြိုင်နက်တည်း လှုပ်ရှားတဲ့ simultaneous move games (သို့မဟုတ်) static games အမျိုးအစား ဖြစ်ပါတယ်။ ရာဇ၀တ်ပြစ်မှုကျူးလွန်ထားသူနဲ့ ဥပဒေ ဘက်တော်သားတွေ အကြား၊ သတ်ဖြတ်ခံရဖို့ ခြိမ်းချောက်ခံထားရသူနဲ့ လူသတ်သမားအကြား၊ မြေအောက်ယူဂျီ လှုပ်ရှားသူများနဲ့ အာဏာပိုင်ထောက်လှမ်းရေး များအကြား၊ ထင်ပေါ်ကျော်ကြားသူများနဲ့ သတင်းမုဆိုးများ အကြား၊ နယူးကလီးယား လက်နက် တိတ်တဆိတ်ထုတ်လုပ်နေသူများသူများနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့အစည်းများအကြားနဲ့ စစ်ပွဲများမှာ တဘက်နဲ့တဘက် ရင်ဆိုင်နေရသူများအကြားမှာ ဒီလို ဂိမ်းလေးတွေ ရှိတတ်ပါတယ်။
တခါတရံကျတော့လဲ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့ လက်တွေ ရှိတတ်ပါတယ်။ ဒါတွေဟာ ပုန်းနေတဲ့ လက်တွေပါပဲ။ ပုန်းနေတဲ့လက်တွေကို မသိပဲ ကိုယ်ကပဲ လိုက်ရှာနေတဲ့အခါ၊ တပြိုင်တည်းမှာတင် ကိုယ့်ကိုလဲ ရှာသူရှိနေပြီး မုဆိုးကနေ သားကောင် ပြန်ဖြစ်သွားနိုင် ပါတယ်။
ဒါကြောင့်လဲ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာတွေမှာ ဖြစ်ပေါ်နေတဲ့ ဂိမ်းတွေရဲ့ အရှုံးအနိုင်တွေ၊ ရလဒ်ကောင်းထွက်ပေါ်မှု စတာတွေဟာ ဆုံးဖြတ်ချက်ပေးနိုင်သူများရဲ့ ဦးနှောက်အရည်အသွေးပေါ်မှာ အဓိက မူတည်တယ်လို့ ဆိုစကားရှိကြတာ ဖြစ်ပါတယ်။ စိန်အရောင်းအ၀ယ်လုပ်ချင်ရင် စိန်အကြောင်း နားလည်ဖို့ လိုအပ်သလိုပဲ ဂိမ်းကစားမယ့်သူတွေဟာလဲ ဂိမ်းတွေရဲ့ အကြောင်းတွေ၊ အခြေခံသဘောတရားတွေ၊ လုပ်ထုံး လုပ်နည်းတွေ၊ ကွက်ကျော်ကြည့်နည်းတွေကို သိထားဖို့ လိုပါတယ်။
ပုန်းတမ်း၊ ရှာတမ်း ကစားပွဲရဲ့ အခြေခံသဘောတရားလေးတွေကို ရိုးရှင်းတဲ့ ဥပမာလေးတခုပေးပြီး တင်ပြလို ပါတယ်။ ဖိုးကောင်းလေးနဲ့ ပူစူးမ တို့ဟာ ပိုက်ဆံငါးဆယ် လောင်းကြေးပါတဲ့ ပုန်းတမ်းရှာတမ်း ကစားပွဲတခုကို ကစားကြပါတယ်။ ပူစူးမက အိမ်အတွင်း (သို့မဟုတ်) ပန်းခြံထဲမှာ ပုန်းရမှာဖြစ်ပြီး၊ ဖိုးကောင်းလေးက ပူစူးမကို လိုက်ရှာရမှာ ဖြစ်ပါတယ်။ ဒီလို လိုက်ရှာတဲ့အခါ အိမ်အတွင်း (သို့မဟုတ်) ပန်းခြံ တခုခုမှာ လိုက်ရှာဖို့ ဖိုးကောင်းလေးက ရွေးချယ်ရမှာဖြစ်ပြီး၊ ရှာဖွေချိန် ဆယ်မိနစ် ရပါတယ်။ ဒီဆယ်မိနစ်အတွင်းမှာ ပူစူးမကို ဖိုးကောင်းလေးက ရှာတွေ့ခဲ့ရင် ပိုက်ဆံငါးဆယ်ရမှာဖြစ်ပြီး၊ ရှာမတွေ့ခဲ့ရင်တော့ ပူစူးမက ပိုက်ဆံ ငါးဆယ် ရပါလိမ့်မယ်။
ဒီဂိမ်းလေးကို ပူစူးမ ရှုထောင့်ကနေ စဉ်းစားကြည့်ရအောင်ပါ။ ပူစူးမက အိမ်ထဲမှာ ပုန်းပြီး၊ ဖိုးကောင်းလေးက အိမ်ထဲမှာ လိုက်ရှာခဲ့ရင် ဒီပွဲမှာ ပူစူးမ ရှုံးမှာ ဖြစ်တဲ့အတွက် ပူစူးမရဲ့ အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။ ဒီလို မဟုတ်ပဲ ပူစူးမက ပန်းခြံထဲမှာ ပုန်းပြီး၊ ဖိုးကောင်းလေးက အိမ်ထဲမှာ လိုက်ရှာခဲ့ရင် ဒီဂိမ်းမှာ ပူစူးမ နိုင်မှာ ဖြစ်တဲ့အတွက် အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။ တကယ်လို့ ပူစူးမက အိမ်ထဲမှာပုန်းပြီး၊ ဖိုးကောင်းလေးက ပန်းခြံထဲမှာ လိုက်ရှာခဲ့ရင်လဲ ဒီဂိမ်းမှာ ပူစူးမ နိုင်မှာ ဖြစ်တဲ့အတွက် အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပူစူးမက ပန်းခြံထဲမှာ ပုန်းပြီး၊ ဖိုးကောင်းလေးက ပန်းခြံထဲမှာ လိုက်ရှာခဲ့ရင်တော့ ဒီဂိမ်းမှာ ပူစူးမ ရှုံးမှာ ဖြစ်တဲ့အတွက် ပူစူးမရဲ့ အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။
ဒီဂိမ်းလေးကိုပဲ ဖိုးကောင်းလေး ရှုထောင့်ကနေ စဉ်းစားကြည့်ရအောင်ပါ။ ပူစူးမက အိမ်ထဲမှာ ပုန်းပြီး၊ ဖိုးကောင်းလေးက အိမ်ထဲမှာ လိုက်ရှာခဲ့ရင် ဒီပွဲမှာ ဖိုးကောင်းလေးက နိုင်မှာ ဖြစ်တဲ့အတွက် ဖိုးကောင်းလေးရဲ့ အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။ ဒီလို မဟုတ်ပဲ ပူစူးမက ပန်းခြံထဲမှာ ပုန်းပြီး၊ ဖိုးကောင်းလေးက အိမ်ထဲမှာ လိုက်ရှာခဲ့ရင် ဒီဂိမ်းမှာ ဖိုးကောင်းလေး ရှုံးမှာ ဖြစ်တဲ့အတွက် အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။တကယ်လို့ ပူစူးမက အိမ်ထဲမှာပုန်းပြီး၊ ဖိုးကောင်းလေးက ပန်းခြံထဲမှာ လိုက်ရှာခဲ့ရင်လဲ ဒီဂိမ်းမှာ ဖိုးကောင်းလေး ရှုံးမှာ ဖြစ်တဲ့အတွက် အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပူစူးမက ပန်းခြံထဲမှာ ပုန်းပြီး၊ ဖိုးကောင်းလေးက ပန်းခြံထဲမှာ လိုက်ရှာခဲ့ရင်တော့ ဒီဂိမ်းမှာ ဖိုးကောင်းလေး နိုင်မှာ ဖြစ်တဲ့အတွက် ဖိုးကောင်းလေးရဲ့ အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။
ဒါတွေကို ခြုံကြည့်ပြီး ဇယားလေး တခု ဆွဲလို့ရပါတယ်။
ဖိုးကောင်းလေး
ပူစူးမ
အိမ်ထဲမှာ ရှာမယ်
ခြံထဲမှာ ရှာမယ်
အိမ်ထဲမှာ ပုန်းမယ်
(၀ ၊ ၅၀)
(၅၀၊ ၀)
ခြံထဲမှာ ပုန်းမယ်
(၅၀၊ ၀)
(၀၊ ၅၀)
ဂိမ်းသီအိုရီအရ ဒီလို ဇယားလေးတွေကို pay-off matrix လို့ ခေါ်ပါတယ်။
ဒီဥပမာမှာ ဖော်ပြထားတဲ့ ဂိမ်းက အရမ်းကို ရိုးရှင်းပေမယ့် လက်တွေ့နိုင်ငံရေး၊ စစ်ရေး၊ ရာဇ၀တ်မှု နှိမ်နင်းရေး နယ်ပယ်မှာကျတော့ အလွန်ကို ရှုပ်ထွေးတဲ့ ဂိမ်းတွေ ဖြစ်သွားတတ်ပြီး၊ တခါတရံမှာ models တွေ၊ pay-off matrix လေးတွေ ပေါ်ထွက်လာဖို့ ရာနဲ့ချီတဲ့ ဂိမ်းသီအိုရီကျွမ်းကျင်သူများက ၀ိုင်းဝန်းကြိုးပမ်းကြရတာလဲ ရှိတတ်ပါတယ်။
ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေးနဲ့ နိုင်ငံရေးရာတွေမှာ သက်ဆိုင်ရာ ဂိမ်းရဲ့ သဘောသဘာဝပေါ် မူတည်ပြီး pay-off matrix ပေါင်းများစွာကို ကြိုတင်ရေးဆွဲ၊ ဆန်းစစ်လေ့လာပြီးမှ အရေးပါတဲ့ ခြေလှမ်းတွေကို စလှမ်းကြတာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ လောင်းကြေးထပ်တာ မဟုတ်ပဲ အသက်တွေ၊ ဘ၀တွေ၊ အနာဂတ် လူ့အဖွဲ့အစည်း တွေကို လောင်းကြေးထပ်တာဆိုရင်တော့ ခြေလှမ်းတိုင်းကို ဂရုပြုဖို့ လိုအပ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုန်းတမ်း၊ ရှာတမ်း ကစားတဲ့အခါမှာတော့ ကိုယ်က ပုန်းသူလား၊ ရှာသူလား ဆိုတာ သိဖို့ လိုအပ်သလို၊ တပြိုင်နက်တည်းမှာတင် ရှာသူလဲဖြစ်၊ တခြားရှာသူတွေရဲ့ အန္တရာယ်ကနေ ပုန်းရသူလဲ ဖြစ်တဲ့အခါမျိုး ကြုံလာခဲ့ရင် ပုန်းသင့်တဲ့ အချိန်ပုန်းပြီး၊ ရှာသင့်တဲ့ အချိန် ရှာတတ်ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၃၊ ၈၊ ၂၀၁၁)
လုံလောက်ပြီ၊ ဆက်ပြီး သည်းမခံနိုင်တော့ဘူး (ဘာသာပြန် ရသစာစု)
Tuesday, August 23, 2011
တခါတုန်းက အိမ်တအိမ်မှာ တံခါးနှစ်ချပ်ရှိပါတယ်။ တံခါးတချပ်က အရမ်းလှပတဲ့ ဧည့်ခန်းတံခါးဖြစ်ပြီး၊ နောက်ထပ် တံခါးတချပ်ကတော့ သာမန် ရေချိုးခန်းတံခါး ဖြစ်ပါတယ်။
ဒီတံခါးနှစ်ချပ်ဟာ သွင်ပြင်လက္ခဏာတွေ မတူညီပေမယ့် ဘ၀တူတွေ ဖြစ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်မှာနေတဲ့ ကလေးတွေဟာ တံခါးတွေကို ဆောင့်ပိတ်လိုက်၊ ကန်ကျောက်လိုက် လုပ်လေ့ရှိတဲ့ ဆိုးသွမ်းကလေးတွေ ဖြစ်လို့ပါပဲ။
ဒါကြောင့် ဒီတံခါးနှစ်ချပ်ဟာ ညဘက်လူခြေတိတ်ချိန်ဆိုရင် သူတို့ရဲ့ မသေချာ၊ မရေရာတဲ့ အနာဂတ်ဘ၀တွေနဲ့ ပတ်သက်ပြီး စကားသဲ့သဲ့ ပြောလေ့ရှိကြပါတယ်။ ဧည့်ခန်းတံခါးဟာ အစဉ်အမြဲ မောပန်းနွမ်းနယ် စိတ်ပျက်နေပြီး၊ အချိန်မရွေး ဒေါသတွေ ပေါက်ကွဲတော့မယ့် အခြေအနေမှာရှိတတ်ပါတယ်။ ရေချိုးခန်းတံခါးကတော့ အစဉ်အမြဲ သွေးအေးနေလေ့ရှိပြီး၊ ဧည့်ခန်းတံခါးကို နှစ်သိမ့်လေ့ရှိတယ်။
"စိတ်မပူပါနဲ့။ ဒါဟာ သမရိုးကျ ဖြစ်ရပ်တွေပါ။ သူတို့က ကလေးတွေပဲ ရှိသေးတာကိုး။ နောက်ဆို သူတို့တွေ ဒါမျိုး မလုပ်ရဘူးလို့ သင်ခန်းစာ ရသွားမှာပဲ။ အချိန်လေး နည်းနည်းသာပေးလိုက်။ အခြေအနေတွေ တိုးတက်လာတာကို မြင်တွေ့ရပါလိမ့်မယ်" လို့ သူက အမြဲအားပေးလေ့ရှိပါတယ်။
ရေချိုးခန်းတံခါးက ဒီလိုပြောလိုက်တဲ့အခါတိုင်း ဧည့်ခန်းတံခါးက သွေးအေးသွားလေ့ရှိတယ်။ ဒီလိုနဲ့ တနေ့တော့ အဲဒီအိမ်မှာ ပါတီပွဲကြီးတခုကျင်းပပြီး၊ တံခါးတွေကို ဆောင့်ဖွင့်လိုက်၊ ဆောင့်ပိတ်လိုက်၊ ကန်ကျောက်လိုက် လုပ်ကြတဲ့အခါမှာ ဧည့်ခန်းတံခါးဟာ ဘယ်လိုမှ ဆက်ပြီး သည်းခံနိုင်စွမ်း မရှိတော့ပါဘူး။ "တော်ပြီ၊ လုံလောက်ပြီ။ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ နောက်ပိုင်းမှာ တယောက်ယောက်က လာပြီးဆောင့်ပိတ်လိုက်တာနဲ့ ကွဲကြေကျိုးပဲ့ ပစ်လိုက်မယ်။ ဒါမှ သူတို့တွေ သိသွားမယ်" လို့ သူက ရေရွတ်လိုက်ပါတယ်။ ရေချိုးခန်းတံခါးက ဘယ်လောက်ပဲ ဖြောင့်ဖြပေမယ့် မရတော့ပါဘူး။
ဒီလိုနဲ့ နောက်တနေ့မှာ ကလေးတယောက်က ဆောင့်ပိတ်လိုက်တာနဲ့ ဧည့်ခန်းတံခါး ကွဲကြေကျိုးပဲ့သွားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အိမ်ထဲမှာ ပြဿနာတွေတက်ကြပါတယ်။ ကလေးတွေကို ဂရုစိုက်ဖို့ သတိပေးခံ လိုက်ရပါတယ်။ ဒါကိုကြည့်ပြီး ဧည့်ခန်းတံခါးက ကျေနပ်သွားပါတယ်။ နောက်ဆုံးတော့ လှလှပပ လက်စားချေလိုက်နိုင်ပြီ မဟုတ်လား။
ဒါပေမယ့်လဲ ရက်အနည်းငယ်ကြာတဲ့အခါမှာ အိမ်ပိုင်ရှင်တွေဟာ ကွဲကြေကျိုးပဲ့နေတဲ့ တံခါးတချပ် အိမ်မှာ ရှိနေတာကို စိတ်မသက်မသာ ဖြစ်လာကြပါတယ်။ ဒါကြောင့် တံခါးကို ပြင်ဆင်ခြင်း မပြုတော့ပဲ အစားထိုးလိုက်ပါတော့တယ်။ ဧည့်ခန်းတံခါးဟောင်းကိုတော့ အမှိုက်ပုံနားမှာ ပစ်ထားလိုက်ပါတယ်။
အဲဒီအချိန်မှာ သူလုပ်ခဲ့တာတွေအတွက် အရမ်းလှပတဲ့ ဧည့်ခန်းတံခါးလေးက နောင်တရသွားပါတော့တယ်။ အချိန်အနည်းငယ်လောက် စောင့်သင့်တဲ့ အချိန်မှာ မစောင့်ဆိုင်းမိလို့ ခုဆိုရင် သူဟာ ဖယ်ရှားခြင်း ခံလိုက်ရပါပြီ။ ထယ်ထယ်ဝါ၀ါ လှပသော တံခါးဘ၀ကနေ လွှစာမှုန့်ဘ၀ကို ရောက်သွားရတော့မှာ ဖြစ်ပါတယ်။ တချိန်တည်း မှာပဲ သူ့သူငယ်ချင်း သာမန်ရေချိုးခန်းတံခါးလေးကတော့ သူ့နေရာနဲ့သူ ရှိနေပါတယ်။ ကလေးဆိုးတွေက သူ့ကို ဂရုတစိုက်နဲ့ ကိုင်တွယ်လာကြပါတယ်။
ကံကောင်းချင်တော့ ဧည့်ခန်းတံခါးလေးဟာ လွှစာမှုန့်ဘ၀ကိုတော့ မရောက်သွားရှာပါဘူး။ ဆင်းရဲနွမ်းပါးသူ တယောက်က တံခါးလေးကို အမှိုက်ပုံတွေနားမှာ တွေ့လိုက်ရပါတယ်။ ဒီတံခါးဟာ ကွဲကြေကျိုးပဲ့နေတယ် ဆိုပေမယ့် သူ့ရဲ့ အိမ်ကလေးအတွက်တော့ အကောင်းဆုံးဖြစ်မယ်လို့ သူက တွေးမိသွားပါတယ်။
ဒီလိုနဲ့ပဲ ဧည့်ခန်းတံခါးလေးဟာ တံခါးဘ၀ကို ပြန်ရောက်ခွင့် ရသွားပြီး၊ တံခါးဖြစ်ရခြင်းမှာ စိတ်မသက်သာ စရာတွေ ကြုံတွေ့ရမှာပဲ ဆိုတဲ့ အခြေအနေမှန်ကို ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံသွားပြီ ဖြစ်ပါတယ်။ စောင့်သင့်တဲ့ အချိန်ကို စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းရမယ်ဆိုတာကိုလဲ သူနားလည်သွားပါပြီ။
ရေးသားသူ- Pedro Pablo Sacristán
ဘာသာပြန်သူ - ခင်မမမျိုး (၂၂၊ ၈၊ ၂၀၁၁)
(Pedro Pablo Sacristán ရေးသားသော Short Stories by Values စာအုပ်လေးမှ That's enough ဆိုသော စာစုလေးအား မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါသည်)
Microfinance နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
Sunday, August 21, 2011
နိဒါန်း
ဒေါ်မြမေဆိုတဲ့ ကလေးသုံးယောက်အမေ မုဆိုးမကြီးဟာ ….မြို့မှာ အကြော်များကို ဗန်းကလေးထဲ ထည့်ပြီး လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမဟာ အကြော်မျိုးစုံ ကြော်လှော်ခြင်းနဲ့ လက်သုပ်စုံလုပ်ရာမှာ ကျွမ်းကျင်လှပေမယ့် ဆိုင်ဖွင့်ဖို့ အရင်းအနှီး မရှိပါဘူး။ သူမရဲ့ အိမ်လေးဟာ ကျောင်းသွားကျောင်းပြန် လမ်းဖြစ်တာကြောင့် ဆိုင်လေးဖွင့်ရရင် အောင်မြင်မယ်လို့ သူမမျှော်လင့်နေပါတယ်။ ဒါကြောင့် အသိအကျွမ်းများကို အကူအညီတောင်းပေမယ့် ဘ၀တူတွေမို့ ငွေချေးငှားပေးဖို့ မတတ်နိုင်ကြပါဘူး။ ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့ အိမ်ကို သွားတော့လဲ တရာမှာ ဆယ့်ငါးကျပ်တိုး၊ တရာမှာ နှစ်ဆယ်တိုးတွေ ဖြစ်တာကြောင့် သူမတတ်နိုင်တဲ့ အတိုးနှုန်းထက် ပိုပြီး မြင့်မားနေပါတယ်။
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအများအပြားမှာ ဒေါ်မြမေလိုပဲ ဆင်းရဲနွမ်းပါးမှုသံသရာကနေ ရုန်းထွက်ဖို့ အရင်းအနှီးမရှိသူတွေ အများအပြား ရှိနေပါတယ်။ ဘဏ္ဍာရေးဝန်ဆောင်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဘဏ်တွေက ငွေချေးဖို့ ခဲယဉ်းတာကြောင့် ရပ်ကွက်၊ ကျေးရွာမှာ ရှိတဲ့ ငွေတိုးချေးစားသူတွေနဲ့ မိတ်ဆွေသူငယ်ချင်းများထဲမှ ချေးငွေ (informal credit) ကို အားကိုးကြရပါတယ်။ ဒီလို အားကိုးရာမှာလဲ အတိုးနှုန်းတွေက မြင့်မားခြင်းနဲ့ မိတ်ဆွေများထံမှ ငွေကို ရေတိုကာလအတိုင်းအတာ တခုအထိသာ ချေးယူနိုင်မှု စတာတွေကြောင့် တပိုင်တနိုင် စီးပွားဖြစ် လုပ်ငန်းဆောင်တာလေးတွေ လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူး။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံဥာဏ်တွေ၊ ဗဟုသုတတွေလဲ ရဖို့ ခဲယဉ်းကြပါတယ်။
ဒီလို အခြေအနေတွေ ကြုံနေရသူတွေအတွက် ထွက်ပေါက်လိုပါတယ်။ ဒီထွက်ပေါက်ကတော့ microfinance ပဲ ဖြစ်ပါတယ်။
Microfinance ဆိုရာဝယ်
Micro ဆိုတာကို "သေးငယ်သော" လို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရှူထောင့်ကနေ ရှုမြင်သုံးသပ်တဲ့အခါ သေးငယ်သော စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များ၊ တနိုင်တပိုင်လုပ်ကိုင်သော ကိုယ်ပိုင် စီးပွားရေးသမားများ၊ ၀င်ငွေနည်းပါးသော လူထုလူတန်းစားများ စတာတွေနဲ့ ဆက်စပ်ပါတယ်။ Finance (ဘဏ္ဍာရေး) ဆိုရာမှာလဲ စီးပွားရေးချေးငွေများ၊ ပညာရေးချေးငွေများ၊ စုဆောင်းငွေများနဲ့ အသေးစာအာမခံ လုပ်ငန်းများ စတာတွေနဲ့ ဆက်စပ်ပါတယ်။
Microfinance ဆိုတာမှာ ဒီလိုတိုက်ရိုက်ဘဏ္ဍာရေး ၀န်ဆောင်မှုတွေအပြင် စီးပွားရေးအကြံဥာဏ်နှင့် အခွင့်အလမ်းဆိုင်ရာ ၀န်ဆောင်မှုတွေ၊ ငွေစာရင်းရေးဆွဲမှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းတွေ၊ ပြည်သူ့ ကျန်းမာရေး ပညာပေးမှုတွေ၊ အစားအစာနှင့် အာဟာရသန့်ရှင်းရေး လမ်းညွှန်ဆွေးနွေးမှုတွေစတဲ့ ဘဏ္ဍာရေး မဟုတ်သော ၀န်ဆောင်မှုများပါ ဆက်နွယ် ပတ်သက်နေပါတယ်။
ဒါကြောင့် Mircrofinance ဆိုတာကို သမရိုးကျ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ခံစားခွင့်မရရှိသူများအား ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးမဟုတ်သော အခြားဝန်ဆောင်မှုများ ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ရှိပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူကွဲတွေ အမျိုးမျိုးရှိပေမယ့် ၀န်ဆောင်မှုတွေဟာ ၀န်ဆောင်မှုပေးအပ်ရမယ့် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ၀န်ဆောင်မှုတွေ ဖြစ်ဖို့ လိုအပ်တဲ့ အချက်ကိုတော့ လူအများက လက်ခံထားကြပါတယ်။
Microfinance Institutions (MFIs)
Microfinance ၀န်ဆောင်မှုများ ပေးဖို့အတွက် လူမှုရေးအမြင်နဲ့ ရည်မှန်းချက်များရှိတဲ့ အန်ဂျီအိုတွေ၊ အဖွဲ့အစည်းတွေ၊ ဘဏ်တွေ စတဲ့ Microfinance Institutions (MFIs) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အချို့နိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက microfinance ၀န်ဆောင်မှုတွေ ပေးအပ်လာကြတာ ရှိပါတယ်။ သို့ပေမယ့် ဒီလို လုပ်ဆောင်တဲ့အခါ နိုင်ငံရေးအမြင်၊ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေနဲ့ ရောထွေးသွား စေနိုင်တဲ့အတွက် နောက်ပိုင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆက်စပ်မှုတွေ၊ ပေါင်းစည်းဆောင်ရွက် ရမှုတွေ ရှိနိုင်တယ်ဆိုပေမယ့် သွင်ပြင်လက္ခဏာနဲ့ ရည်မှန်းချက်တွေ မတူညီတဲ့အတွက် သီးခြား အဖွဲ့အစည်း တွေအနေနဲ့ ရပ်တည်လုပ်ဆောင်သင့်ပါတယ်။
Microfinance Institutions (MFIs) တွေမှာ အခြား နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်းတွေနဲ့ ကွဲပြားတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ MFI တွေဟာ informal credit ကို အစားထိုးပြီး ချေးငွေနဲ့ အခြား ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးကြရပါတယ်။ ဒီလို ပေးအပ်ရမှာ ပေါင်နှံစရာပစ္စည်း လိုအပ်ခြင်း မရှိပါဘူး။ ချေးငွေရယူမှု လုပ်ငန်းဆောင်တာတွေက ရိုးရှင်းပြီး၊ စာရွက်စာတမ်း အချက်အလက်ဖြည့်စွက်ရမှုများက သမရိုးကျဘဏ်တွေထက် ပိုပြီး လျော့နည်းပါတယ်။
များသောအားဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် solidarity groups များ စုဖွဲ့စေပြီး၊ အုပ်စုရဲ့ လူမှုအာမခံ (social insurance) ပေါ်မှာမူတည်ပြီး ချေးငွေ ပေးလေ့ရှိပါတယ်။ ပြီးတော့ ချေးငွေ ပြန်လည်ပေးဆပ်ရမှု အနေအထားကလဲ တဦးချင်းလိုအပ်ချက်နဲ့ အညီသတ်မှတ်ရမှာ ဖြစ်ပါတယ်။ အကျိုးအမြတ် ရယူရေး ရည်မှန်းချက်နဲ့ လုပ်ကိုင်တာ မဟုတ်တဲ့အတွက် ဆင်းရဲနွမ်းပါးရဲ့ ဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရတဲ့ အခြေခံ လူထုလူတန်းစားများကို အဓိကထားပြီး ဆောင်ရွက်ပေးရတဲ့ အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။
Microfinance institutions များရဲ့ ရည်ရွယ်ချက်တွေကတော့ အမြတ်ကြီးစား ငွေတိုးချေးစားသူတွေရဲ့ ဆင်းရဲနွမ်းပါးသူများအပေါ် အနိုင်ကျင့်အခွင့်ကောင်းယူနေမှုများကို ရပ်တန့်ရန်၊ ဆင်းရဲနွမ်းပါးသူများကို အကုန် အကျ အနည်းဆုံး၊ သင့်လျော်သော အတိုးနှုန်းတွေနဲ့ ချေးငွေများ ရရှိစေရန် ကူညီပံ့ပိုးပေးရန်၊ စီးပွားရေးနှင့် လူမှုရေး အကျိုးကျေးဇူးဖြစ်ထွန်းစေသော ထင်သာမြင်သာသည့် ပရိုဂျက်များကို ဘဏ္ဍာရေး ထောက်ကူပေးရန်၊ အိမ်ထောင်စုများ၏ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုတွင် ၀င်ငွေက အရေးပါသည်ဖြစ်ရာ အမျိုးသမီးများ၏ ၀င်ငွေ အခွင့်အလမ်းများ တိုးတက်များပြားလာခြင်းဖြင့် ကျားမတန်းတူညီမျှမှု ရရှိလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးရန်၊ တပိုင်တနိုင် ကိုယ်ပိုင်လုပ်ငန်းလေးများမှ အိမ်ထောင်စုအတွက် လိုအပ်မျှတသော ၀င်ငွေများ ရရှိလာစေရန် နှင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန် စတာတွေ ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဆောင်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူ ဖြစ်စေပါတယ်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုးသက်ရောက်မှုများ
Microfinance ကို development tool တခုအနေနဲ့ အသုံးပြုခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုးသက်ရောက်မှု ရှိကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျေးရွာ အချို့မှာ Microfinance အသုံးပြုခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးသက်ရောက်မှုတွေကို ပညာရှင် Khandker ဆိုသူက လေ့လာခဲ့ကြရမှာ ငါးနှစ်အတွင်းမှာ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း ငါးရာခိုင်နှုန်းနှင့် ဆယ်ရာခိုင်နှုန်းအကြား ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကမ္ဘာ့ဘဏ်မှ ပညာရှင် Marguerite Robinson ဆိုသူက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဘဏ္ဍာရေး ၀န်ဆောင်မှုများ ပေးခြင်းအားဖြင့် အိမ်ထောင်စုများ၏ ဘဏ္ဍာရေး စီမံခန့်ခွဲနိုင်စွမ်း တိုးတက်မှု ရှိလာခြင်း၊ ထုတ်လုပ်နိုင်စွမ်း မြင့်မားလာခြင်း၊ သေးငယ်သော စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လာနိုင်ခြင်း၊ ၀င်ငွေတိုးပွား လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်တာကြောင့် Microfinance ဟာလဲ အခြား စက်မှုတော်လှန်ရေး (Industrial Revolution) နဲ့ အိုင်တီတော်လှန်ရေး (IT Revolution) စတာတွေလိုပဲ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် ပေါ်ထွက်လာတဲ့ တော်လှန်ရေးတရပ်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။
ယူကေနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးလေ့လာမှုသိပ္ပံမှ ပညာရှင်များဖြစ်ကြတဲ့ Neil McCulloch နဲ့ Baulch တို့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ၀င်ငွေအတက်အကျဖြစ်မှု (income fluctuations) ကို ထိန်းသိမ်းခြင်းအားဖြင့် ရေတိုကာလမှာ ဆင်းရဲနွမ်းပါးမှုကို လျော့ကျစေနိုင်တဲ့အတွက် Microfinance ကို အသုံးပြုရန် လိုအပ်ကြောင်းနဲ့ ရေရှည်ကာလမှာ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေးအတွက် လူသားအရင်းအမြစ် (Human capital) ပေါ်ထွက်လာအောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အာဖရိကတိုက်၊ ဇင်ဘာတွေနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့ကြတဲ့ Carolyn Barnes နဲ့ Erica Keogh ဆိုသူတို့ကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာ အသုံးမပြုသူများရဲ့ လစဉ်ဝင်ငွေထက် နှစ်ဆခန့် ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ လက်တင်အမေရိကတိုက်၊ ပီရူးနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့တဲ့ Elizabeth Dunn ဆိုသူကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာလဲ အသုံးမပြုသူများရဲ့ လစဉ်ဝင်ငွေထက် ငါးဆယ်ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး၊ Below the poverty line မှာ Microfinance အသုံးပြုသူ နှစ်ဆယ့်ရှစ်ရာခိုင်နှုန်းသာရှိပြီး၊ အသုံးမပြုသူ လေးဆယ့် တစ်ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
စုဆောင်းရေးက ပထမ လား၊ အကြွေးက ပထမ လား (Savings First Vs Credit First)
(၁၉၅၀) ကာလတွေမှာတုန်းက ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် စုဆောင်းငွေရှိရေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆနဲ့ savings mobilization တွေ ကမ္ဘာတ၀ှမ်းမှာ ခေတ်စားခဲ့ပါတယ်။ (၁၉၈၀) နှောင်းပိုင်း ကာလတွေရောက်တော့ အကြွေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆသစ်တွေ ခေတ်စားလာခဲ့ပြီး၊ အသုံးပြု ဖော်ဆောင်သူတွေနဲ့ လေ့လာသူတွေအကြား အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းရှည်ကြာစွာ အငြင်းပွားမှုတွေ ရှိလာခဲ့ကြပြီး၊ နောက်ဆုံးမှာတော့ နည်းလမ်းနှစ်ခုစလုံးမှာ သက်ဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်ဆိုတာကို လက်ခံလာကြတာနဲ့အမျှ နှစ်မျိုးစလုံးကို အသုံးပြုတဲ့ အင်စတီကျူးရှင်းတွေ ပါ ပေါ်ထွက်လာခဲ့ပါတော့တယ်။
စုဆောင်းရေးကို ပထမဦးစားပေးခြင်းအားဖြင့် သတင်းအချက်အလက်များ ရရှိခြင်း၊ အကြွေးကဲ့သို့ ပြန်လည် ပေးဆပ်ရမည့် ရက်များ သတ်မှတ်ချက် မရှိခြင်း၊ စုဆောင်းသူများနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ အကြားတွင် ငွေစုသူများ အနေဖြင့် စတင်ခြင်း၊ စုဆောင်းမှုများမှ အတိုးများ ရရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။ အကြွေးကို ပထမဦးစားပေးခြင်းအားဖြင့် အလှူငွေများရယူကာ ဘဏ္ဍာရေးဝန်ဆောင်မှုများ စတင်ပြုလုပ်နိုင်ခြင်း၊ အများပြည်သူအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ၀န်ဆောင်မှုပေးနိုင်ခြင်း၊ ၀န်ဆောင်မှု များအား ချဲ့ထွင်နိုင်ခြင်း၊ စုဆောင်းခြင်းနဲ့ ဆက်စပ်တဲ့ transaction costs ကြီးမြင့်မှုများကို ထိန်းချုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဒီလို အကျိုးကျေးဇူးတွေနဲ့ တပြိုင်နက်တည်းမှာပဲ အားနည်းချက်တွေလဲ ရှိနိုင်ပါတယ်။ အကြောင်းအရာတိုင်းဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ အားနည်းချက်တွေ ရှိသလို အားသာချက်တွေလဲ ဒွန်တွဲ ရှိနေနိုင်ပါတယ်။ စုဆောင်းရေးကို ပထမဦးစားပေးခြင်းအားဖြင့် ၀င်ငွေအသင့်အတင့်ရှိသော middle income စီးပွားရေးသမား များကို ဆင်းရဲနွမ်းပါးသူတွေထက် ပိုပြီး အကျိုးကျေးဇူးရှိစေနိုင်ပါတယ်။
ကနဦးအနေနဲ့ ယုံကြည်မှု တည်ဆောက်မှု၊ ပါဝင်သူများကို ပညာပေးမှု၊ ပဏာမ စုဆောင်းငွေရှိလာစေရန် အချိန်အတိုင်းအတာ တခုယူရမှု စတာတွေကြောင့် တည်ထောင်ဖို့ ပြင်ဆင်ရတဲ့ အချိန်ကာလကလဲ ပိုပြီး ကြာနိုင်ပါတယ်။ ရရှိလာတဲ့ စုဆောင်းငွေများကို စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး စုဆောင်းငွေလုံခြုံရေး၊ အလွဲသုံးစားမှု၊ voting inequities စတဲ့ ပြဿနာတွေ တက်နိုင်ပါတယ်။ စုဆောင်းငွေများကို လွှဲပြောင်းမှု၊ လိုက်လံ သိမ်းယူမှုတွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေလဲ များပါတယ်။
အကြွေးကို ပထမဦးစားပေးခြင်းအားဖြင့် အလှူငွေ (donor funding) များ၊ ဖောင်ဒေးရှင်းများ၊ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် (Investment funding) များကို တည်မှီလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးတွေဖြစ်တဲ့ ထုတ်ချေးရန် ချေးငွေများ အလုံအလောက်မရှိမှုနဲ့ ငွေကြေးမတည်ငြိမ်မှု ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဆင်းရဲနွမ်းပါးသူများရဲ့ လူ့အဖွဲ့အစည်းအတွင်းကို တိုက်ရိုက်ဝင်ရောက်အကူအညီပေးမှု၊ empower လုပ်ပေးမှု၊ ပညာပေးသင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပပေးမှု စတာတွေမှာ အုပ်ချုပ်ရေးယန္တရားက ထိန်းချုပ်မှုတွေ ပြုလုပ်လာတာတွေ ရှိနိုင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် Microfinance ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပြီးပြည့်စုံသော Development tool တခုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် အခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူနည်းလမ်းတွေဖြစ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု အခွင့်အလမ်းများ တိုးမြှင့်ခြင်း၊ လူမှုအရင်းအနှီး (social capital) များပြားခြင်း၊ လူမှုဝန်ဆောင်မှု (social services) များဆောင်ရွက်ခြင်း စတာတွေနဲ့ တပြိုင်တည်း ပေါင်းစပ်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုနဲ့ နောက်ဆက်တွဲ ပြဿနာများကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၁၊ ၈၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။
Barnes, Carolyn and Keogh , Eric (March 1999) An Assessment of the Impact of Zambuko’s Microenterprise Program in Zimbabwe: Baseline findings. Working Paper. Management Systems International (MSI).
Dunn, Elizabeth. (June 1999) Microfinance Clients in Lima, Peru: Baseline Report for AIMS Core Impact Assessment. University of Missouri-Columbia.
Khandker, Shahid. (2001) Does Micro-finance Really Benefit the Poor? Evidence from Bangladesh, Paper delivered at Asia and Pacific Forum on Poverty: Reforming Policies and Institutions for Poverty Reduction held by the Asian Development Bank, Manila.
McCulloch, Neil and Bob Baulch. (2000) Simulating the impact of Policy upon Chronic and Transitory Poverty in Rural Pakistan, Journal of Development Studies, 36 (6)
Robinson, Marguerite. (2001) The Microfinance Revolution: Sustainable Finance for the Poor, World Bank. Washington.
Smuggling of Migrants အကြောင်း သိကောင်းစရာ
Friday, August 19, 2011
Human Migration ဆိုတာ ယနေ့ကမ္ဘာမှာ အရေးပါတဲ့ သဘောတရား တရပ်ဖြစ်ပေမယ့်၊ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဘ၀အခြေအနေအတွက် လူအများဟာ မွေးရပ်မြေ၊ အိမ်ယာတွေကို ခွဲခွာပြီး အခြားမြို့ရွာ၊ အခြားနိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်တာတွေ၊ အခြေချနေထိုင်တာတွေ ပြုလုပ်ကြပါတယ်။ ၂၀ ရာစုနှောင်းပိုင်းကာလရောက်တော့ ဂလိုဘယ်လိုင်းဇေးရှင်း အရှိန်အဟုန် မြင့်တက်လာတာနဲ့အမျှ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံများကနေ အနောက်ဥရောပ၊ သြစတြေးလျနဲ့ မြောက်အမေရိကနိုင်ငံများဆီကို migration လုပ်မှုတွေ များပြားလာပါတယ်။ ဒေသတွင်းမှာတင် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကနေ အခြားအိမ်နီးချင်းနိုင်ငံတွေကို migration လုပ်မှုတွေလဲ များပြားလာပါတယ်။ တရားဝင် ပြုလုပ်မှုတွေ ရှိသလို၊ တရားမ၀င် ပြုလုပ်တာတွေလဲ ရှိလာပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး၊ smuggling of migrants ဆိုတဲ့ ရာဇ၀တ်ပြစ်မှုတွေကို ကျူးလွန်လာမှုတွေလဲ ရှိပါတယ်။
Smuggling of Migrants ဆိုရာဝယ်
(၂၀၀၀) ခုနှစ်မှာ The United Nations Convention against Transnational Organized Crime ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ Resolution 55/25 အဖြစ် ချမှတ်ခဲ့ကြပါတယ်။ ဒီကွန်ဗင်းရှင်းကို နောက်ထပ် ပရိုတိုကောလ် သုံးခုနဲ့ ထပ်ဆင့်ဖြည့်စွက်ပြီး၊ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု (Transnational Organized Crime) တိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီပရိုတိုကောလ်သုံးခုကတော့ the Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children; the Protocol against the Smuggling of Migrants by Land, Sea and Air; and the Protocol against the Illicit Manufacturing of and Trafficking in Firearms, their Parts and Components and Ammunition စတာတွေ ဖြစ်ပါတယ်။
The Protocol against the Smuggling of Migrants by Land, Sea and Air ရဲ့ ပုဒ်မ (၃) နဲ့ ပုဒ်မ (၆)မှာ smuggling of migrants ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ရာဇ၀တ်ပြစ်မှု မြောက်စေတဲ့ အပြုအမူတွေကို ရှင်းလင်းစွာ ထည့်သွင်းဖော်ပြ ထားပါတယ်။ Smuggling of migrants ဆိုတာ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား မဟုတ်သော လူပုဂ္ဂိုလ်တဦးတယောက်ကို အဲဒီနိုင်ငံမှာ အခြေချနေထိုင်လို့ရအောင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူပြီး အကူအညီပေးခြင်း ဖြစ်ပါတယ်။ ပုဒ်မ (၆) အရ တိုင်းပြည်တခုအတွင်းသို့ ခိုးသွင်းခြင်း၊ အဆိုပါ ခိုးသွင်းခံရသူသည် ခိုးသွင်းခံရသော တိုင်းပြည်၏ နိုင်ငံသား (သို့မဟုတ်) တိုင်းပြည်တွင်းတွင် တရားဝင် နေထိုင်နိုင်ခွင့် မရှိခြင်းနှင့် ယင်းသို့ခိုးသွင်းရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာ ရာဇ၀တ်ပြစ်မှု မြောက်ပါတယ်။
အလားတူပဲ တိုင်းပြည်တခုအတွင်းမှာ တရားဝင်နေထိုင်ခွင့် သက်တမ်းကုန်လွန်နေသူ (သို့မဟုတ်) တရားမ၀င် ၀င်ရောက် နေထိုင်နေသူ တယောက်ကို အဆိုပါ တိုင်းပြည်တွင်းမှာ တရားမ၀င် ဆက်လက်နေထိုင်ခွင့် ရရှိအောင် (သို့မဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးခြင်းနှင့် ယင်းသို့ပြုလုပ်ရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာလဲ ရာဇ၀တ်ပြစ်မှု မြောက်ပါတယ်။
The Protocol against the Smuggling of Migrants by Land, Sea and Air ဟာ migrants များကို အရေးယူဆောင်ရွက်ရတဲ့ legal instrument တခုတော့ မဟုတ်ပါဘူး။ တခါတရံမှာ migrants တွေက ရာဇ၀တ်ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းနေသူများရဲ့ သားကောင်တွေ ဖြစ်နေတတ်ပါတယ်။ အခြားနိုင်ငံသို့ ခိုးသွင်းပေးခြင်း (သို့မဟုတ်) နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသော နိုင်ငံ (သို့) တရားမ၀င် ၀င်ရောက်နေသော နိုင်ငံတခုမှာ တရားမ၀င် ဆက်လက်နေထိုင်ခွင့် ရရှိအောင် (သို့မဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးမည်လို့ ဆိုပြီး ငွေကြေး (သို့မဟုတ်) အခြားတစုံတရာအကျိုးအမြတ်များကို ရယူတောင်းဆိုမှု လုပ်ဆောင်လာပြီဆိုရင် ဒါဟာ ရာဇ၀တ်ပြစ်မှု ကျူးလွန်ရန် ကြံစည်အားထုတ်နေသူများရဲ့ ချဉ်းကပ်မှုဆိုတာကို လူအများနားလည်မှသာ ရာဇ၀တ် ပြစ်မှုတွေရဲ့ သားကောင်တွေဘ၀က လွတ်မြောက်မှာ ဖြစ်ပါတယ်။ Smuggling of migrants ဟာ လူကုန်ကူးမှုနဲ့ ကွဲပြားခြားနားပါတယ်။
လူကုန်ကူးမှု (Human Trafficking (or) Trafficking in Persons)
The Trafficking in Persons Protocol ရဲ့ အပိုဒ် (၃)၊ အပိုဒ်ခွဲ (က) အရ လူကုန်ကူးမှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားရမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ပထမတပိုင်းကတော့ ပြုမူဆောင်ရွက်ချက် ဖြစ်ပါတယ်။ ပြုမူဆောင်ရွက်ရာမှာ လူကုန်ကူးမှု၏ သားကောင်ဖြစ်နိုင်သူများကို ရှာဖွေခေါ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်း (သို့မဟုတ်) ၀ယ်ယူခြင်း စတာတွေ ပါဝင်ပါတယ်။
ဒုတိယအပိုင်းကတော့ နည်းလမ်းများ ဖြစ်ပါတယ်။ လူကုန်ကူးရာမှာ အသုံးပြုတဲ့ နည်းလမ်းတွေကတော့ ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတာတွေ ပါဝင်ပါတယ်။
တတိယအပိုင်းကတော့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ လူကုန်ကူးမှုရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်းချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန်နှင့် အလားသဏ္ဍာန်တူသော အခြေအနေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူရန် စတာတွေ ပါဝင်ပါတယ်။
ဒီလို ရည်ရွယ်ချက်တွေအတွက် လူကုန်ကူးမှုကျူးလွန်ရန် ကြိုးပမ်းအားထုတ်သူများက နည်းမျိုးစုံ အသုံးပြုပြီး၊ ဒါတွေဟာ သားကောင်ဖြစ်သူရဲ့ သဘောတူညီချက်အရ ပြုလုပ်ခြင်းဆိုတဲ့ ခုခံကာကွယ်မှုကို လုပ်တတ်ကြပါတယ်။ ဒီလို သဘောတူညီချက်ဆိုရာမှာ အထက်မှာ ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေအတွက် ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုထားမယ်ဆိုရင် ဒီသဘောတူညီချက်တွေက အလိုအလျောက် ပျက်ပြယ်ပါတယ်။
ခြားနားချက်များနှင့် ကွင်းဆက်များ
Smuggling of migrants နဲ့ လူကုန်ကူးမှုဟာ ကွဲပြားခြားနားပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Smuggling of migrants က ငွေကြေး (သို့မဟုတ်) တစုံတရာ အကျိုးအမြတ်အတွက် ဖြစ်ပါတယ်။ လူကုန်ကူးမှု ကျတော့ ပြည့်တန်ဆာအဖြစ် ရောင်းချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန်နှင့် အလားသဏ္ဍာန်တူသော အခြေအနေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူရန် စတဲ့ အသုံးချမှုအတွက် ဖြစ်ပါတယ်။
နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ တိုင်းပြည်တခုအတွင်းသို့ တရားမ၀င် ၀င်ရောက်မှု (သို့မဟုတ်) တရားမ၀င် နေထိုင်မှု ဖြစ်ပါတယ်။ smuggling of migrants မှာက တိုင်းပြည်တခုကနေ အခြားတိုင်းပြည်တခုအတွင်းကို တရားမ၀င် ခိုးသွင်းမှု (သို့မဟုတ်) တရားမ၀င် နေထိုင်နေသူများအား သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ဘောင်ဝင်သွားအောင် ငွေကြေးရယူ ကူညီပေးမှု စတာတွေ ပါဝင်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ တရားဝင် ၀င်ရောက်မှု (သို့မဟုတ်) တရားဝင်နေထိုင်မှု တွေပါ အကျုံးဝင်သလို၊ တိုင်းပြည်တခုအတွင်းမှာတင် တနေရာမှ အခြားတနေရာသို့ ပို့ဆောင်အသုံးချမှုတွေလဲ ဖြစ်ပွားနိုင်ပါတယ်။
နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ သားကောင်ကိုယ်တိုင်ဖြစ်ပါတယ်။ Smuggling of migrants မှာ သားကောင်ကိုယ်တိုင်ရဲ့ လိုက်လိုက်လျောလျော သဘောတူညီချက် ပါဝင်ပါတယ်။ ဒါကြောင့်လဲ smuggling of migrants ပြစ်မှုကို ကျူးလွန်သူအချို့က သားကောင်ရဲ့ ဆန္ဒသဘောထားပါဝင်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေတာကြောင့် ဒါဟာ ပြစ်မှုမမြောက်ဘူးလို့ ထင်မှတ်မှားနေတတ်တာတွေ ရှိပါတယ်။ သို့ပေမယ့် နိုင်ငံတကာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒါဟာ ရာဇ၀တ်ပြစ်မှု ဖြစ်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ သားကောင်ရဲ့ သဘောတူညီချက် ပါဝင်ရင်တောင် အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ရယူထားတာ ဖြစ်ပါတယ်။
လူကုန်ကူးမှုနဲ့ smuggling of migrants တို့အကြားမှာ အခုလို ကွဲပြားခြားနားချက်တွေ ရှိပေမယ့် ဆက်စပ်မှုတွေလဲ ရှိတတ်ပါတယ်။ အချို့ သားကောင်တွေဟာ အခြားတိုင်းပြည်ကို ခိုးဝင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ငွေပေးခဲ့တာ ဖြစ်ပေမယ့်၊ သက်ဆိုင်ရာ နိုင်ငံကို ရောက်သွားချိန်မှာ ရောင်းစားခံရတာတွေ ရှိနိုင်ပါတယ်။ လူကုန်ကူးမှု ကျူးလွန်သူများက smuggling လုပ်ပေးနေသူများအနေနဲ့ ဟန်ဆောင်အသွင်ယူထားခြင်းတွေ ရှိသလို၊ ရာဇ၀တ်မှုကျူးလွန်သူများ အချင်းအချင်း အစကနဦး ကတည်းက ချိတ်ဆက်ထားမှုတွေလဲ ရှိနိုင်ပါတယ်။ တခါတရံမှာ လမ်းကြောင်းတကြောင်းထဲမှာ smuggling လုပ်ခံရသူများနဲ့ လူကုန်ကူးခံရသူများ အတူတွဲပြီး ပါဝင်နေတတ်ပြီး၊ ပြစ်မှူကျူးလွန်နေသူများဟာ လူကုန်ကူးမှုနဲ့ smuggling of migrants နှစ်မျိုးလုံးကို ကျူးလွန်နေတဲ့ ကွင်းဆက်တရားခံများ ဖြစ်နေနိုင်ပါတယ်။
Smuggling of migrants ဆိုင်ရာ ရာဇ၀တ်မှု သဏ္ဍာန်များ
migrants တွေကို အခြားနိုင်ငံတွင်းသို့ ခိုးသွင်းရာမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုလေ့ရှိတဲ့ ရာဇ၀တ်မှုသဏ္ဍာန်တွေ မတူညီပါဘူး။ ပထမ တမျိုးကတော့ အရေးပေါ် ခိုးသွင်းပေးမှု ဖြစ်ပါတယ်။ ဒီသဏ္ဍာန်မှာ migrants တွေကို နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို ခိုးသွင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ organized trip မပါဝင်ပါဘူး။ သူတို့တတွေဟာ နိုင်ငံ (အေ) အတွင်းမှာ တရားဝင် လှုပ်ရှားသွားလာပြီးမှ၊ နိုင်ငံ (ဘီ) နဲ့ အနီးဆုံး နယ်စပ်ကို ရောက်ရှိသွားကြပါတယ်။ အဲဒီကနေ ဒေသခံတွေကို ငွေပေးပြီး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်ရေးအတွက် အသုံးပြုကြပါတယ်။ ဒီရာဇ၀တ်မှုမှာ လူတဦး တယောက် (သို့မဟုတ်) လူတစုကို အခြားနိုင်ငံအတွင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်သွားနိုင်ရေးအတွက် ငွေကြေးရယူပြီး ဆောင်ရွက်ပေးသူများဟာ လူတဦးတယောက်၊ တဖွဲ့တည်းတင် မကပဲ လူများစွာ၊ အဖွဲ့များစွာ အဆင့်ဆင့် ပါဝင်နေတတ်ပါတယ်။
နောက်ထပ် သဏ္ဍာန်တမျိုးကတော့ စာရွက်စာတမ်း အတုများ အသုံးပြုမှု ဖြစ်ပါတယ်။ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို migrants တွေ ခိုးသွင်းရန် (သို့မဟုတ်) နိုင်ငံ (ဘီ) အတွင်းသို့ တရားမ၀င် ရောက်နေသူများ နိုင်ငံတွင်းတွင် ဆက်လက်နေထိုင်နိုင်ရန် အတွက် နိုင်ငံ (အေ) မှာ နေထိုင်သူကဖြစ်စေ၊ နိုင်ငံ (ဘီ) မှာ နေထိုင်သူက ဖြစ်စေ စာရွက်စာတမ်း အတုများ ပြုလုပ်ပေးမှု ဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုမှာ နိုင်ငံကူးလက်မှတ် အတုများ၊ ဗွီဇာအတုများ နဲ့ အခြားဆက်စပ် စာရွက်စာတမ်း အတုများ ပြုလုပ်ပြီး ခိုးသွင်းမှု (သို့မဟုတ်) ဆက်လက်နေထိုင်နိုင်ရန် ကြိုးပမ်းပေးမှု တွေ ပါဝင်ပါတယ်။
စာရွက်စာတမ်း အတုများ ပြုလုပ်ပေးမှုမှာ အတုအယောင် လက်ထပ်ခြင်းနဲ့ နိုင်ငံရေးဒုက္ခသည်များအဖြစ် လိမ်လည်ခံယူရန် ငွေကြေးများ ရယူဆောင်ရွက်ပေးမှု စတာတွေ ပါဝင်ပါတယ်။ စာရွက်စာတမ်း အတုများဆိုရာမှာ ပတ်စ်ပို့အတုများ၊ ပတ်စ်ပို့ ဓာတ်ပုံများခွာယူ၍ အသစ်ပြန်ကပ်မှုများ၊ ခိုးယူထားသော ပတ်စ်ပို့များတွင် အချက်အလက်များ ပြင်ဆင်ထည့်သွင်းမှုများ၊ နိုင်ငံရေးဒုက္ခသည် မခံယူခင် ပတ်စ်ပို့များအား ဖျက်ဆီးလွှင့်ပစ်ရန် အကြံပေးချက်များ၊ ဖျောက်ဖျက်ပေးမှုများ စတာတွေ ပါဝင်ပါတယ်။
နောက်ထပ်ရာဇ၀တ်မှု သဏ္ဍာန်တမျိုးကတော့ ကြိုတင်ပြင်ဆင်ထားမှုများ ပါဝင်သော stage- to – stage smuggling ဖြစ်ပါတယ်။ ဒီသဏ္ဍာန်မှာ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) (လမ်းခရီးတွင် အခြားနိုင်ငံများတွင်လည်း transit လုပ်ရမှုများ ရှိနိုင်သည်) သို့ ခိုးဝင်ရမယ့် သူများဟာ လမ်းခရီးအတွက် ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရန် မလိုအပ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံအလိုက် stage co-ordinators များ ရှိပါတယ်။ ဒီလူတွေဟာ ကွန်ယက်သဏ္ဍာန် ချိတ်ဆက်ထားပြီး၊ တခါတရံမှာလဲ တဖွဲ့တည်း ဖြစ်နေတတ်ပါတယ်။
ဥပမာ- နိုင်ငံ (အေ) ကနေ လူတယောက်ကို နိုင်ငံ (စီ)ကို ပို့ပေးသူက တယောက်၊ နိုင်ငံ (စီ) မှာ ခေတ္တ ၀ှက်ထားပေးပြီး၊ နိုင်ငံ (ဒီ) သို့ သွားရမည့် အိုင်ဒီ အတု စီစဉ်ပေးသူက တယောက်၊ နိုင်ငံ (ဒီ) ရောက်ချိန်တွင် အခြား အိုင်ဒီ အတုများ ထပ်မံစီမံပြီးမှ နိုင်ငံ (ဘီ) သို့ ပို့ဆောင်ပေးသူများက တယောက်၊ နိုင်ငံ (ဘီ) သို့ ရောက်ချိန်တွင် ကြိုဆို လက်ခံထားသူက တယောက်၊ နိုင်ငံ (ဘီ)တွင် အိုင်ဒီအတုများ ဖျောက်ဖျက်ပေးပြီး၊ တရားဝင် နေထိုင်ခွင့် ရရှိစေရန် လုပ်ဆောင်ပေးသူများက တယောက် ဖြစ်နေတတ်ပါတယ်။ ဒီလူတွေ အားလုံးဟာ ချိတ်ဆက်မှုနှင့် ဖြစ်စေ၊ အဖွဲ့တခုတည်းအနေနှင့်ဖြစ်စေ stage- to- stage smuggling process ကြီး တခုလုံးမှာ ပါဝင်ပြီး ရာဇ၀တ်မှု ကျုးလွန်ကြသူများ ဖြစ်ပါတယ်။
smuggling process တွင် ပါဝင်သူများ
smuggling process မှာ အော်ပရေးရှင်းတခုလုံး (သို့မဟုတ်) အဆင့်တဆင့်ကို ကြိုးကိုင်စီမံကြတဲ့ co-ordinators တွေ ရှိပါတယ်။ co-ordinators တွေမှာ အဆက်အသွယ်များစွာ ရှိပြီး၊ ဆက်သွယ်ရေးစနစ်၊ နေရာချထားရေး အစီအမံ၊ လမ်းကြောင်း စတာတွေအားလုံးကို တာဝန်ယူကြီးကြပ်စီမံလေ့ရှိကြပါတယ်။ co-ordinators တွေဟာ နောက်ကွယ်ကနေ ကြိုးကိုင်စီမံလေ့ရှိကြတဲ့အတွက် သူတို့ကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်သေအထောက်အထားများ ရယူရန် ခဲယဉ်းတာကြောင့် co-ordinators များကို ပစ်မှတ်ထားပြီး စုံစမ်းသူများဟာ covert နည်းလမ်းတွေကို အသုံးပြု လေ့ရှိကြပါတယ်။
နောက်ထပ် တမျိုးကတော့ recruiters တွေ ဖြစ်ပါတယ်။ သူတို့တတွေက smuggling လုပ်မယ့်သူတွေနဲ့ migrants တွေ အကြားမှာ ဆက်သွယ်ပေးရသူများ ဖြစ်ပါတယ်။ migrants များနဲ့ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ တခါတရံ အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေ ဖြစ်တတ်ပါတယ်။ တရားမ၀င် ခိုးသွင်းမှုမှာ ပါဝင်ပတ်သက်နေတဲ့ recruiters တွေဟာ မိခင်နိုင်ငံတွေမှာ အခြေချနေထိုင်သူများ ဖြစ်လေ့ရှိပြီး၊ ရံဖန်ရံခါမှာတော့ နိုင်ငံရပ်ခြားမှ အလည်အပတ် ပြန်လာသူများလဲ ဖြစ်တတ်ပါတယ်။
Recruiters တွေဟာ မိခင်နိုင်ငံမှာ နေထိုင်သူများထဲမှ နိုင်ငံရပ်ခြားသို့ တရားဝင် သွားရောက်ရန် ခက်ခဲနေသူများကို သတင်းအချက်အလက် မှားများပေးခြင်း၊ မက်လုံးများပေးခြင်း (နိုင်ငံဘီတွင် သွားရောက် အလုပ်လုပ်ပါက ဘယ်နှစ်နှစ် အတွင်း ချမ်းသာမည် စသည်များ)ဖြင့် သွားရောက်နိုင်ရန် ကူညီပေးမည်ဆိုကာ smuggling process ထဲသို့ သွတ်သွင်းတတ်ပါတယ်။ နိုင်ငံတွင်း တရားမ၀င်နေထိုင်မှုမှာလဲ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်နေတတ်ပါတယ်။ တရားမ၀င်နေထိုင်သူများ၊ တရားဝင်နေထိုင်ရန် အခက်အခဲဖြစ်နေသူများကို ပစ်မှတ်ထားပြီး စည်းရုံးလေ့ရှိပါတယ်။ အဲဒီကနေတဆင့် migrants smuggling လုပ်နေသူများနဲ့ ထပ်မံဆက်သွယ်ပေးကြပါတယ်။
နောက်ထပ်တမျိုးကတော့ လမ်းခရီး သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေဖို့အတွက် လုပ်ဆောင်ပေးတဲ့ transporters တွေနဲ့ လမ်းပြတွေ ဖြစ်ပါတယ်။ လမ်းခရီးအဆင့်ဆင့်မှာ လမ်းပြတယောက် (သို့မဟုတ်) တစု ရဲ့ လက်ထဲကနေ အခြား လမ်းပြတွေရဲ့ လက်ထဲကို ထပ်မံလွှဲပြောင်းပေးမှုတွေလဲ ရှိနိုင်ပါတယ်။ ကားမောင်းသမားတွေ၊ လမ်းပြတွေ (သို့မဟုတ်) လေယာဉ်နဲ့ လူအများကို ဦးစီးခေါ်ဆောင်သူတွေဟာ smuggling operation ကို လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေ ဖြစ်နိုင်သလို၊ ကန်ထရိုက် အနေနဲ့ လုပ်ကိုင်သူများလဲ ဖြစ်တတ်ပါတယ်။
နောက်ထပ်တမျိုးကတော့ အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရတဲ့ spotters တွေ ဖြစ်ပါတယ်။ ရဲ၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး တို့ရဲ့ လှုပ်ရှားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရပြီး၊ လှုပ်ရှားလို့ ရနိုင်မယ့် အခြေအနေနဲ့ အချိန်အခါတွေကို မီးစိမ်းပြပေးရသူများ ဖြစ်ပါတယ်။ နောက်ထပ်တမျိုးကတော့ လာဘ်စားသော ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့၊ စစ်မှုထမ်း၊ လူဝင်မှုကြီးကြပ်ရေး စသူများက လာဘ်စားပြီး၊ smuggling operation တွေကို မသိချင်ယောင်ပြီး လွှတ်ပေးတာတွေ ရှိပါတယ်။
နောက်တမျိုးကတော့ smuggling process အဆင့်ဆင့်မှာ တည်းခိုနေထိုင်ခွင့်ပြုထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဟိုတယ်၊ တည်းခိုခန်းနဲ့ လူနေအိမ် စတာတွေ ပါဝင်ပါတယ်။ ဒီလို ရာဇ၀တ်မှုတွေမှာ တည်းခိုခန်းပိုင်ရှင်တွေပါ ပါဝင်ပတ်သက် နေတဲ့အခါ စုံစမ်းအရေးယူသူများအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ နောက်တမျိုးကတော့ smuggling process အောင်မြင်သွားစေရန်အတွက် ငွေကြေးရယူပြီး သတင်းထိန်ချန်ထားသူများ ဖြစ်ပါတယ်။ ကားလက်မှတ်နဲ့ ရထားလက်မှတ် ရောင်းသူများ၊ တက္ကဆီကားမောင်းသူများ၊ လေကြောင်းဝန်ထမ်းများ၊ လှေပိုင်ရှင်များနှင့် လှေသားများ၊ ကားစက်ပြင်များ ပါဝင်နိုင်ပါတယ်။ နောက်ထပ်တမျိုးကတော့ ရာဇ၀တ်မှုများကနေ ရလာတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ပြုလုပ်ရာမှာ ကူညီလုပ်ဆောင် ပေးသူများ ဖြစ်ပါတယ်။
ဒီလို active role မှာ ပါဝင်သူတွေအပြင် passive role မှာ ပါဝင်နေသူတွေလဲ ရှိပါတယ်။ ဥပမာ- တက္ကဆီမောင်းသမား တယောက်ဟာ လူအုပ်စုကို မြင်ချိန်မှာ illegal immigrants တွေမှန်း သိမြင်ပေမယ့်၊ safe house ကို လိုက်လံ ပို့ဆောင်ပေးပြီး ပုံမှန်ကြေးပဲ တောင်းယူခဲ့ပေမယ့်၊ သက်ဆိုင်ရာကို သတင်းအချက်အလက် ပေးပို့မှု မရှိပဲ blind eye လုပ်ခဲ့ရင် ဒါဟာလဲ passive role မှာ ပါဝင်ပတ်သက်ခြင်းပဲ ဖြစ်ပါတယ်။
နိဂုံး
smuggling of migrants ဆိုတဲ့ ရာဇ၀တ်မှု ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်းရင်းတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှု စတာတွေကနေ ရုန်းထွက်ဖို့အတွက် ဘ၀အခြေအနေ ပိုမိုကောင်းမွန်စေနိုင်မယ့် တိုင်းပြည်တွေကို migration လုပ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ငွေကြေး (သို့မဟုတ်) အခြားတစုံတရာ အကျိုးအမြတ် အတွက် အခွင့်ကောင်းယူပြီးဖြစ်စေ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့အလုပ်လို့ ထင်မြင်၍ ဖြစ်စေ လုပ်ဆောင်ကြရာကနေ smuggling operations တွေမှာ ရာဇ၀တ်မှုမှန်းသိရက်နဲ့ ဖြစ်စေ၊ မသိ၍ပဲဖြစ်စေ ပါဝင် ပတ်သက်နေသူတွေ အများအပြား ရှိလာပါတယ်။ ဒေါသကြောင့်ဖြစ်တဲ့ လူသတ်မှုတခုမှာ သတ်မိသူကို စာနာနားလည် ပေးလို့ ရနိုင်ပါတယ်။ သို့ပေမယ့် သက်သေအထောက်အထား ဖျောက်ဖျက်ပေးရင်တော့ လူသတ်မှု ကြံရာပါ ဖြစ်သွားနိုင် ပါတယ်။ ဆင်းရဲနွမ်းပါးမှုကနေ ပေါ်ထွက်သွားတဲ့ လုယက်မှုတခုမှာ လုယက်သူရဲ့ ဘ၀အခြေအနေကို စာနာနားလည် ပေးကြလို့ ရနိုင်ပါတယ်။ သို့ပေမယ့် ဆင်းရဲနွမ်းပါးသူတွေ လုယက်ကြပါလို့ အားပေးလှုံ့ဆော်တာတွေ၊ လုယက်လာတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချ ပေးတာကိုတော့ ဘယ်လိုနိုင်ငံရဲ့ ဥပဒေကမှ ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ smuggling of migrants ဟာ (၂၁) ရာစုကမ္ဘာရဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းရေးဆိုင်ရာ ရာဇ၀တ်ပြစ်မှု တခုဖြစ်တဲ့အတွက် smuggling operations တွေမှာ သိရက်နဲ့ ဖြစ်စေ၊ မသိပဲ ဖြစ်စေ ပါဝင်ပတ်သက်ခြင်းများကို ရှောင်ရှားပြီး၊ လူ့အဖွဲ့အစည်းအတွင်းမှာ Rule of Law ရှိလာအောင် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၆၊ ၈၊ ၂၀၁၁)
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
Sunday, August 14, 2011
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၊ အထူးသဖြင့် အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းမှုရာခိုင်နှုန်းက အတော်များပြားပါတယ်။ အာရှဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ ရှိပြီး၊ အာဖရိကဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု မြင့်တက်လာတာနဲ့အမျှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင် အခြေချမှုတွေ များပြားလာတဲ့အတွက် မြို့ပြဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း မြင့်မားလာစေနိုင်တဲ့ အချက်တချက်ဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပြောဆို ထားကြပါတယ်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံကို လျစ်လျူရှုထားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ရာခိုင်နှုန်း နည်းပါးခြင်း၊ လယ်ယာမြေများကို အတင်းအဓမ္မသိမ်းယူခြင်း စတဲ့ အုပ်ချုပ်ရေးယန္တရား လစ်ဟာချက်တွေကြောင့် ကျေးလက်ဆင်းရဲနွမ်းပါးမှုတွေ မြင့်တက်လာပြီး၊ မြို့ပြဆင်းရဲနွမ်းပါးမှုတွေပါ ထပ်ဆင့် မြင့်တက်လာတတ်ပါတယ်။
ကျေးလက်ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်
ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေ၊ အလုပ်အကိုင်၊ အသုံးစရိတ်တွေအားလုံးဟာ စိုက်ပျိုးမွေးမြူရေး၊ တံငါနဲ့ ကျေးလက်အခြေပြု စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု စတာတွေအပေါ်မှာ တည်မှီနေပြီး၊ အများစုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးရေးကဏ္ဍမှာ တည်မှီနေတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍရဲ့ ကြိုတင်မမြင်နိုင်သော အခက်အခဲတွေဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားမှု၊ လေမုန်တိုင်းကျမှု၊ ရေကြီးမှု စတာတွေ ဖြစ်ပွားပြီး၊ လယ်ယာမြေတွေ ပျက်စီးသွားတဲ့ အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်လာတတ်ပါတယ်။
ကျေးလက်ဒေသရဲ့ သွင်ပြင်လက္ခဏာတရပ်က လူဦးရေထူထပ်မှု (population density) လျော့နည်းခြင်း ဖြစ်ပါတယ်။ ဒီလို လျော့နည်းမှုတွေဟာ အခြေခံအဆောက်အအုံ (basic infrastructure)၊ ၀န်ဆောင်မှု အားနည်းချက် စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေအတွက် အရံအတား ဖြစ်လာစေပါတယ်။ ကျေးလက်ဒေသထုတ်ကုန်တွေကို မြို့ပြကို တင်ပို့တဲ့အခါ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမားတာကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု (market competitiveness) ကျဆင်းလာပါတယ်။ ဒါကြောင့် ကျေးလက်နေပြည်သူတွေရဲ့ assets accumulation နဲ့ income volatility management ကို ထိခိုက်စေပါတယ်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကလဲ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြို့ကြီးများနဲ့ နီးစပ်တဲ့ ကျေးလက်ဒေသ (Peri-urban areas) တွေမှာ ဈေးကွက်များသို့ ၀င်ရောက်နိုင်မှု အခွင့်အလမ်း များပြားခြင်း၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုများရှိခြင်း စတာတွေကြောင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသတွေမှာ ဖြစ်ပွား တတ်တဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန်တွေနဲ့ ကွဲပြားခြားနားပါတယ်။ စစ်မက်ဖြစ်ပွားရာဒေသမှာ နေထိုင်ကြတဲ့ ကျေးလက် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကလဲ အခြားဒေသတွေထက် ပိုပြီး ဆိုးရွားမှု ရှိနိုင်ပါတယ်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို ပိုမိုးဆိုးရွားစေတဲ့ အရာတွေကတော့ ဓနရှင်မြေပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ အစိုးရရဲ့ လယ်ယာမြေမူဝါဒဆိုင်ရာ အားနည်းချက်များ၊ လယ်ခွန်၊ ယာခွန် ကောက်ခံမှုများ၊ လယ်ယာမြေများကို မတရားရား သိမ်းယူမှု၊ လယ်ယာထုတ်ကုန်များကို လက်ဝါးကြီးအုပ်မှု စတာတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ rural dualism ပြဿနာကြောင့် ကျေးလက်နေပြည်သူအများအပြား အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ကျေးလက်ဒေသတွေမှာ လယ်သမား၊ ယာသမားတွေနဲ့ subsistence farming system အပြင် မြေပိုင်ရှင်ကြီးတွေနဲ့ commercial production system တွေကပါ အတူတကွ ယှဉ်တွဲတည်ရှိနေပါတယ်။
အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမား၊ ယာသမားတွေဟာ အရင်းရှင်၊ မြေရှင်တွေ၊ ငွေတိုး ချေးစားသူတွေရဲ့သွေးစုပ်ခြယ်လှယ် အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရကြရတာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေ ဆိုးတွေကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗျူရိုကရက်ယန္တရားက အားဖြည့်လိုက်တဲ့အခါ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်ဖို့ ခဲယဉ်းလာကြရပါတော့တယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ ဥပဒေဘက်တော်သားများက မြေရှင်၊ အရင်းရှင်များဘက်မှ ဘက်လိုက်ခြင်း၊ ဆင်းရဲနွမ်းပါးသူများရဲ့ အသံများကို အလေးမထားခြင်း၊ ပြည်ပပို့ကုန်များအား ဦးစားပေးစိုက်ပျိုးစေခြင်း စတာတွေဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာလည်နေစေတဲ့ အကြောင်းတရားတွေပါပဲ။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ
(၁) စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းအားဖြင့် စိုက်ပျိုးရေးမဟုတ်သော အခြားကဏ္ဍများရဲ့ တိုးတက်ရေးကို stimulate လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ agroindustries တွေကနေ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အစားအစာ ဈေးနှုန်းများ ကျဆင်းစေခြင်း၊ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနှုန်းကို လျှော့ချပေးခြင်း စတာတွေကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပေမယ့်၊ ထိရောက်စွာ လျှော့ချပေးနိုင်ရေးအတွက် အခြေအနေအချို့ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုကို အာရုံစိုက်ခြင်းအားဖြင့် မြေယာဈေးကွက် (land markets) နဲ့ အရင်းအနှီးဈေးကွက် (Capital markets) တွေကို ထိခိုက်စေခြင်း မရှိရပါဘူး။ အရင်းအနှီးဈေးကွက်ကို ဖိနှိပ်မှုတွေ လုပ်လာတဲ့အခါ ဈေးကွက်ကို ထိခိုက်ပြီး ဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေတတ်ပါတယ်။
ဈေးနှုန်း၊ အခွန်ကောက်ခံမှုနဲ့ ငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒတွေကို စိုက်ပျိုးရေးကဏ္ဍတွေကို penalize လုပ်ခြင်း မရှိရပါဘူး။ ကျေးလက်ဒေသရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးဖို့နဲ့ ကျေးလက်ဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်ငံလုံးအနှံ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဆင်းရဲ နွမ်းပါးသူတွေအတွက် safety nets တွေနဲ့ လူမှုထောက်ကူပြု အစီအစဉ်တွေကိုလဲ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒတွေ ချမှတ်ရာမှာ ဈေးကွက်နဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အချက်အလက်တွေကို ပဏာမထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေနဲ့ သက်ဆိုင်တဲ့ ဈေးကွက်တွေမှာ ထုတ်ကုန် (products), inputs နဲ့ ဘဏ္ဍာရေးဆိုပြီး ဈေးကွက် (၃) မျိုး ပါဝင်ပါတယ်။ အခြေခံ အဆောက်အအုံ ဆိုရာမှာ စီးပွားရေးအဆောက်အအုံ (လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးရေး) နဲ့ လူမှုရေးအဆောက်အအုံ (ကျန်းမာရေး၊ ပညာရေး၊ ရေအလုံအလောက် ရရှိရေး) စတာတွေ ပါဝင်ပါတယ်။
ဒီအချက်အလက်တွေအပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေကို မိမိပိုင်လယ်ယာမြေအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးသူများ၊ အခြားသူများ ပိုင်ဆိုင်သော လယ်ယာမြေများကို ငှားရမ်းပြီး ထွန်ယက်စိုက်ပျိုးသူများ၊ farm sector နှင့် non-farm sectors များတွင် အလုပ်လုပ်ကိုင်နေရသော မြေယာမဲ့အလုပ်သမားများ နဲ့ အမျိုးသမီးများ စတဲ့ အုပ်စုကြီး လေးမျိုး ခွဲခြားပြီး၊ အုပ်စုတခုချင်းစီအလိုက် သင့်လျော်မယ့် မူဝါဒတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
(၂) Land Inequality လျှော့ချခြင်း
မြေယာမဲ့ခြင်းနဲ့ လယ်ယာမြေအလုံအလောက်မရှိခြင်းတို့ဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပါတယ်။ လယ်ယာမြေ အရည်အသွေး၊ အကြွေးရယူနိုင်မှုနှင့် ဈေးကွက်အခွင့်အလမ်းများ နည်းပါးခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှု အားနည်းခြင်း စတာတွေလဲ ပါဝင်ပေမယ့် land inequality ကတော့ predominant feature ဖြစ်ပါတယ်။ land inequality လျှော့ချခြင်း၊ မြေယာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ share-cropping tenancy contracts တွေကို စနစ်တကျ စီမံဆောင်ရွက်ခြင်း စတာတွေ ရှိမှသာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
(၃) Microfinance (အသေးစားငွေချေး) စနစ် ကျင့်သုံးခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ အများစုဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ အလုပ်အကိုင်တွေပေါ်မှာပဲ မှီခိုနေကြရပါတယ်။ အိမ်ထောင်စုဝင်ငွေ နည်းပါးပြီး၊ ၀င်ငွေရဖို့ ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ဓနရှင်၊ မြေရှင်၊ ကုန်သည်ပွဲစားတွေဆီက အကြွေးရယူသုံးစွဲရပြီး၊ ၀င်ငွေ ရလာချိန်မှာ အကြွေးတွေကို ပြန်ဆပ်ရတာကြောင့် ကြွေးယူသံသရာထဲကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ဒါကို ဓနရှင်၊ မြေရှင်တွေက အခွင့်ကောင်းယူပြီး အဆမတန် များပြားလှတဲ့ အတိုးနှုန်းတွေနဲ့ သွေးစုပ်ချယ်လှယ်ကြတာကြောင့် လယ်သမား၊ ယာသမားတွေဟာ နင်းပြားဘ၀ကို ကျရောက် ကြရပြန်ပါတယ်။ ဒီလို ဂုပ်သွေးစုပ်နေသူတွေ လျော့နည်းစေရေးအတွက် ကျေးလက်ဒေသမှာ Micro Finance Institutions (MFI) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အသေးစားငွေချေးစနစ်ကို လူ့အဖွဲ့အစည်းအခြေပြု အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် target groups တွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ပါတယ်။
(၄) အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်မှု
ကျေးလက်ဒေသရဲ့ အခြေခံစီးပွားရေးအဆောက်အအုံနဲ့ လူမှုရေးအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုခြင်းဟာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရေရှည်မှာ ဖြစ်ထွန်းလာစေနိုင်ပါတယ်။ ဒီလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ လူမှုရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့ လိုအပ်ပါတယ်။
စာတတ်မြောက်နှုန်း မြင့်မားရေး၊ မူလတန်းကျောင်းများ ကျေးရွာအနှံ့ ပေါ်ထွက်လာရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကူညီစောင့်ရှောက်မှုများ (ဥပမာ- အခမဲ့ကျောင်းကားများ ထားရှိရေး၊ ခရီးသည်တင်ကားများအား အခမဲ့ စီးနင်းခွင့် ရရှိရေး စသည်)၊ ကျေးလက်ဒေသ ဆရာ၊ ဆရာမများ အတွက် လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးခြင်းဖြင့် ဆရာ၊ ဆရာမ ရှားပါးမှု ပြဿနာများအား ဖြေရှင်းခြင်း၊ ကျေးလက်ဆေးပေးခန်းများ တိုးမြှင့်ဖွင့်လှစ်ရေး၊ ဒေသခံပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ အကြံဥာဏ်များအား တောင်းယူခြင်း စတာတွေဟာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ကူပြုပါတယ်။
(၅) စိုက်ပျိုးရေးနည်းပညာများအား သုတေသနပြုခြင်းနှင့် ဖြန့်ဖြူးအသုံးပြုခြင်း
စိုက်ပျိုးရေး နည်းပညာ စတာမှာ အများအားဖြင့် မြေယာနှင့် ရေအရင်းအမြစ်၊ ဇီဝဓာတုနဲ့ စက်မှု ဆိုတဲ့ ကဏ္ဍသုံးခု ပါဝင်ပါတယ်။ မြေယာနှင့် ရေအရင်းအမြစ် ကဏ္ဍမှာတော့ မြေဆီလွှာပျက်သုဉ်းမှု လျော့နည်းရေး၊ တသီးစားမှသည် နှစ်သီးစား၊ သုံးသီးစား နိုင်ရေး၊ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး စတာတွေ ပါဝင်ပါတယ်။ ဇီဝဓာတု ကဏ္ဍမှာတော့ ဓာတ်မြေသြဇာအသုံးပြုခြင်း၊ သီးနှံအမျိုးအစားသစ်များပေါ်ထွက်ရေး၊ ထုတ်ကုန်များ အရည်အသွေး မြင့်မားရေး စတာတွေ ပါဝင်ပါတယ်။ စက်မှုကဏ္ဍမှာတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကဏ္ဍသို့ တိုးမြှင့်ရေး စတာတွေ ပါဝင်ပါတယ်။ နည်းပညာသစ်များကို လုပ်ငန်းရှင်များ အကူအညီနဲ့ သုတေသန ပြုပြီးတဲ့အခါ အချို့သော လုပ်ငန်းရှင်များက နည်းပညာများကို တောင်သူလယ်သမားများကို ဖြန့်ဖြူးအသုံးချစေခြင်း မရှိပဲ၊ လက်ဝါးကြီးအုပ်ထားတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါ အစိုးရက ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၆) အစားအစာ လုံခြုံရေး (Food Security)
အစားအစာ လုံခြုံရေးဟာ ၂၁ရာစု ကမ္ဘာရဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာ ထည့်သွင်းစဉ်းစားလာရတဲ့ အချက်ဖြစ်ပါတယ်။ ဥစ္စာဖြို၊ စားဖိုက ဆိုတဲ့ မြန်မာစကားရှိပါတယ်။ စားဝတ်နေရေးမှာ အစားအစာဟာ အိမ်ထောင်စုဝင်ငွေရဲ့ အများဆုံး ပမာဏကို အမြဲတစေ ဖြိုယူနေတဲ့ အရာဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်း၊ လုပ်ခလက်စာ၊ အလုပ်အကိုင် အတက်အကျတွေ ဖြစ်ပွားလာတဲ့အခါမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ အစားအစာ လုံခြုံရေးကို ထိခိုက်လာစေပါတယ်။ အစာအဟာရ မပြည့်စုံမှုကြောင့် လူသားတွေရဲ့ စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ လူသားတွေရဲ့ စွမ်းရည်တွေ ကျဆင်းလာတာနဲ့အမျှ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အစားအစာ လုံခြုံမှု မရှိခြင်း (သို့မဟုတ်) လုံလောက်မျှတမှု မရှိခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ negative externalities ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အစားအစာ လုံခြုံရေး မရှိတဲ့အခါ အစားအစာ ကူညီထောက်ပံ့မှု (food subsidies) တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အစားအစာ ကူညီထောက်ပံ့မှု လုပ်နိုင်တဲ့ သဏ္ဍာန်တွေကတော့ ရိက္ခာများ ထုတ်ပေးခြင်း၊ food stamps လို့ခေါ်တဲ့ လူတဦးချင်းစီအလိုက်၊ အိမ်ထောင်စုအလိုက် အစားအစာတွေ ၀ယ်ယူနိုင်တဲ့ ငွေကြေးပမာဏ တခုနှင့် ညီမျှသော အစားအစာ ၀ယ်ယူခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ ကျေးရွာအလိုက် supplementary feeding programs များ ဖော်ဆောင်ခြင်း စတာတွေ ဖြစ်ပါတယ်။
အချို့နိုင်ငံတွေမှာတော့ အိမ်ထောင်စုတခုချင်းစီရဲ့ ၀င်ငွေပေါ် မူတည်ပြီး ၀င်ငွေနည်းပါးသူများကို အစားအစာ ကူညီထောက်ပံ့ပေးမှုတွေ၊ အသက် ငါးနှစ်အောက် ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီထောက်ပံ့ ပေးမှုတွေ၊ ဒေသတခုချင်းအလိုက် လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဖြည့်ဆည်းပေးမှုတွေ ပြုလုပ်ကြပါတယ်။ အစိုးရတွေက ဦးဆောင်တဲ့ လုပ်ငန်းဆောင်တာတွေအပြင် အန်ဂျီအိုတွေနဲ့ အခြားစေတနာရှင်များက ကူညီထောက်ပံ့ပေးမှုတွေလဲ ရှိတတ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ မြို့ပေါ်က ချမ်းသာသူတွေဆီက အလှူငွေ ကောက်ခံပြီး၊ ကျေးလက်ဒေသ ပြည်သူတွေအတွက် အသုံးပြုခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတော်က ဦးဆောင်ပြီး သင့်လျော်မယ့် အစိုးရဘတ်ဂျက်များ ချမှတ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ land inequality လျှော့ချခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေခြင်း၊ အစားအစာ လုံခြုံရေးအတွက် အန်ဂျီအိုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ခြင်း၊ မြေရှင်၊ အရင်းရှင်များကို ဘက်လိုက်သော တရားစီရင်ရေး စနစ်များနှင့် ဥပဒေများကို ဖယ်ရှားခြင်း၊ ဘက်လိုက်သော ဥပဒေဘက်တော်သားများကို အရေးယူခြင်း၊ rural dualism ပြဿနာများကို တိုက်ဖျက်ခြင်း၊ ဗျူရိုကရက် မြေရှင်စနစ်ကို ဖယ်ရှားခြင်း စသည့် မူဝါဒများ၊ လုပ်ငန်းဆောင်တာများဖြင့်သာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာစက်ဝန်းကို ရပ်တန့်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၄၊ ၈၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။
Behrman, J. (1993) “Macroeconomic policies and Rural Poverty: Issues and Research Strategies”, in Quibria, M.G. (ed) Rural Poverty in Asia, Oxford University Press, Hong Kong
Ashley, C. and S. Maxwell (2001) ‘Rethinking Rural Development’, Development Policy Review, 19 (4), Overseas Development Institute, London
Lipton, M. (2004) ‘New directions for agriculture in reducing poverty: the DFID initiative’.
Marsh, S. P. and T. G. Macaulay (2002) ‘Land reform and the development of commercial agriculture in Vietnam: policy and issues’, Agribusiness Review, Volume 10.
