ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

မြို့ပြသူပုန် မှတ်စုများ

Saturday, April 30, 2011

မြို့ပြသူပုန် မှတ်စုများ

အပြည့်အစုံဖတ်ချင်ရင်..>>>

ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှု

Friday, April 29, 2011

နိဒါန်း

စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လူအများရဲ့ လုံခြုံရေးကို ထိခိုက်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်မှု (violence) အသွင်သဏ္ဍာန်မျိုးစုံကို ပဋိပက္ခ (conflicts) တွေကို ဖြေရှင်းဖို့အတွက် အသုံးပြုကြပါတယ်။ လူမျိုးစုကွဲပြားမှု၊ ဘာသာရေးအယူအဆကွဲပြားမှု၊ နိုင်ငံရေးအမြင်ကွဲပြားမှုစတဲ့ ကွဲပြားခြားနားမှုတွေ အကြားမှာ အတူတကွ ယှဉ်တွဲ နေထိုင်မှုကို ဦးစားပေးခြင်းမရှိပဲ၊ ပဋိပက္ခတွေ ဖြစ်လာအောင် အကြမ်းဖက်မှု နည်းမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းမှုတွေ ပြုလုပ်ကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တောင်းဆိုမှုတွေ ပေါ်ထွက်နေချိန်မှာပဲ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ဗိုလ်ကျစိုးမိုးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) စတာတွေကြောင့် ပေါ်ထွက်လာတဲ့ ပဋိပက္ခတွေကလဲ အများအပြား ရှိနေဆဲပါပဲ။



ငြိမ်းချမ်းရေးဆိုရာဝယ်

ငြိမ်းချမ်းရေးဆိုတာကို စစ်ပွဲတွေမရှိတာ၊ စစ်ပွဲတွေအဆုံးသတ်တာလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးမှာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် များစွာရှိပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှု၊ အတွင်းစိတ်သဘော တည်ငြိမ်အေးချမ်းမှု၊ ထိပ်တိုက်ရင်ဆိုင် အင်အားသုံးမှုများ ကင်းဝေးမှု စတာတွေဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်း အတွေးအခေါ်တွေကနေ မြစ်ဖျားခံလာတဲ့ ငြိမ်းချမ်းရေးသိပ္ပံကတော့ စစ်ပွဲတွေမဖြစ်လာအောင် ကာကွယ်ရေးနဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုမှုတွေဟာ တစတစနဲ့ စစ်ပွဲတွေသာမကတော့ပဲ၊ ငြိမ်းချမ်းစွာ တည်ရှိသော အနေအထား (state of peace) ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။

၂၀ ရာစု ကာလ ကမ္ဘာတ၀ှမ်းမှာ ပေါ်ပေါက်လာတဲ့ အမျိုးသမီးလှုပ်ရှားမှုတွေကြောင့် လူတဦးချင်းစီပေါ်မှာ သက်ရောက်နေတဲ့ အကြမ်းဖက်မှု (violence) ကိုလဲ ငြိမ်းချမ်းရေး လေ့လာသူများက ထည့်သွင်းလေ့လာမှုတွေ ပြုလုပ်လာကြပါတယ်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို တိုက်ခိုက်နေသော စစ်ပွဲတွေလို့ သတ်မှတ်ယူဆရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးရှိမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ လူတဦးနဲ့တဦးအကြားမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအပြင် မိမိကိုယ်ကို ထိခိုက်စေခြင်းနဲ့ သေကြောင်းကြံမှု ပြုလုပ်ခြင်းတွေဟာလဲ အတွင်းစိတ်ငြိမ်းချမ်းမှု (‘inner peace’) မရှိခြင်းကြောင့်လို့ ယူဆပြီး၊ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်လာကြပါတယ်။ ငြိမ်းချမ်းရေးသုတေသီတဦးဖြစ်တဲ့ Johan Galtung က ဆေးပညာ နယ်ပယ်မှာ ရောဂါဘယဆိုတာကို ကျန်းမာရေးရဲ့ ဆန်းကျင်ဘက်အနေနဲ့ သတ်မှတ်ချက်ကို နမူနာ ယူပြီး၊ ငြိမ်းချမ်းရေး သုတေသန နယ်ပယ်မှာ အကြမ်းဖက်မှု ဆိုတာ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။



ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ တည်ရှိနေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ထင်မြင်ယူဆမှုတွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေ လျှော့ချမှု ဆိုတာမှာ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကနေ စပြီး၊ လူနှစ်ဦးအကြားမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ ဒေါသတွေ၊ အာဃာတ တွေကို လျှော့ချမှုအထိ အကျုံးဝင်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချတာကို ‘negative peace‘ လို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ ဥပမာ- အိမ်တွင်းအကြမ်းဖက်မှုပြုလုပ်တဲ့ အိမ်ထောင်ဘက်ကို ကွာရှင်းတာ၊ လူအများသေစေတတ်တဲ့ နယူးကလီးယား လက်နက်တွေကို လျှော့ချထိန်းချုပ်တာနဲ့ လူအချင်းချင်း ကျေးကျွန်အဖြစ် အနိုင်ကျင့်စေခိုင်းမှုတွေကို ပယ်ဖျက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာကို ဒီလို လျှော့ချခြင်းအသွင်နဲ့ negative peace အဖြစ် သတ်မှတ်မှုတွေ ရှိသလို၊ positive peace အနေနဲ့ ငြိမ်းချမ်းရေးဆိုတာ state of harmony ပေါ်ထွက်လာခြင်းလို့ သတ်မှတ်မှုတွေလဲ ရှိပါတယ်။ State of harmony ဆိုတာမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေ ပါဝင်ပါတယ်။ ဒီလို state of harmony ပေါ်ထွက်လာဖို့အတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှု (Culture of Peace) ရှိဖို့ လိုအပ်ပါတယ်။ 1999 UN Declaration on a Culture of Peace မှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူ့ဘ၀ကိုလေးစားတန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအားရပ်စဲခြင်း၊ အကြမ်းမဖက်ရေး သဘောတရားများကို ပညာပေးစည်းရုံးမှု၊ ဆွေးနွေးအဖြေရှာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင့်သုံးခြင်း၊ အခြားနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ကို လေးစားတန်ဖိုးထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ကျားမတန်းတူညီမျှအခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှုင့်တင်ခြင်း၊ ပဋိပက္ခပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသော အခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများသဘောဆန္ဒအား လေးစားမှု၊ ဆွေးနွေးအဖြေရှာမှု၊ အပြန်အလှန် နားလည်မှုစသည့် သဘောတရားများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများအကြားတွင် ပျံ့နှံ့လာခြင်း စတဲ့ သဘောတရားတွေ အပေါ်မှာ အခြေခံတဲ့ စံနမူနာတန်ဖိုး သတ်မှတ်ချက်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ဘ၀နေထိုင်မှုတွေ ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆိုတာကို ဒီလို negative peace, positive peace တွေအနေနဲ့ သတ်မှတ်မှုတွေ ရှိပေမယ့်၊ ဒီလို သတ်မှတ်မှုတွေဟာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့သာ ဆိုင်ပြီး၊ ပဋိပက္ခတွေ ပေါ်ထွက်လာတာနဲ့ state of peace ကွယ်ပျောက်သွားနိုင်ကြောင်း Galtung က ဆိုထားခဲ့ပြီး၊ ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခတွေကို အကြမ်းမဖက်သော အပြုအမူနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်းရည်ရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းများစွာ ရှိပါတယ်။ ဒီအထဲမှာ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကတော့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် ပေးဆပ်ရမှုများတဲ့ ဖြေရှင်းနည်းတွေပါပဲ။ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကြောင့် လူပေါင်းများစွာရဲ့ အသက်တွေ၊ ဘ၀တွေ ပျက်စီးရုံမကပဲ၊ နောက်ဆက်တွဲအနေနဲ့ စိတ်ဒဏ်ရာတွေပါ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်ခဲ့စေပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ကိုယ်ချင်းစာနာမှု၊ တီထွင်ဆန်းသစ်မှု၊ အကြမ်းမဖက်မှု စတာတွေအပေါ်မှာ အခြေခံပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ရေးသားတင်ပြခဲ့ကြပါတယ်။

ပဋိပက္ခဆိုရာဝယ်

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်က ပဋိပက္ခဆိုတာ ဆိုးဝါးမှု၊ အကြမ်းဖက်မှု မဟုတ်ပဲ လူတွေရဲ့ဘ၀၊ လူမှုဆက်ဆံရေးနဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ အရာဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိပြီး၊ ဒီရည်မှန်းချက်ပန်းတိုင်တွေ အကြားမှာ မတူညီကွဲပြားမှုတွေ၊ သဟဇာတမရှိမှုတွေ ဖြစ်လာတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ပဋိပက္ခတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေတတ်ပြီး လူတယောက်ရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေခြင်း (intra-personal conflict)၊ လူနှစ်ဦးအကြား ပဋိပက္ခ (interpersonal conflict) ၊ အုပ်စုတွင်း ပဋိပက္ခ (intra-group conflict)၊ အုပ်စုများအကြားမှ ပဋိပက္ခ (intergroup conflict), နိုင်ငံတွင်းပဋိပက္ခ (national (intra-state) conflicts) နဲ့ နိုင်ငံများအကြားမှ ပဋိပက္ခ ( international (inter-state) conflicts) ဆိုပြီး၊ အမျိုးမျိုးကွဲပြားပါတယ်။

ပဋိပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေမှာ ဒီလို ကွဲပြားခြားနားပြီး၊ သဟဇာတမဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ (Content or contradiction) အပြင်၊ သက်ဆိုင်သူတွေရဲ့ အမြင်သဘောထား (Attitude) နဲ့ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေလဲ ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး၊ ပဋိပက္ခအေဘီစီ သုံးနာညီတြိဂံ ပေါ်ထွက်လာပါတယ်။ ပဋိပက္ခတွေတိုင်းမှာ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content ဆိုတာတွေရှိနေပြီး၊ ဒီသုံးမျိုးက ဆက်စပ်နေပါတယ်။ ဒီအချက်သုံးခုကို လေ့လာခြင်းအားဖြင့် ပဋိပက္ခတွေအပေါ်မှာ နားလည်မှု ပိုရှိပြီး၊ ဒီလိုပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလဲ ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- အားလပ်ရက်တရက်မှာ ယောက်ျားဖြစ်သူက အိမ်မှာ စာဖတ်ချင်ပြီး၊ မိန်းမဖြစ်သူက ဈေးဝယ်ထွက်လိုတဲ့အခါ သူတို့ဆီမှာ မတူညီကွဲပြားတဲ့ content or contradiction တွေ ရှိနေပါပြီ။ ဒီအခါမှာ တဦးတဘက်ကဖြစ်စေ၊ နှစ်ဦးစလုံးကဖြစ်စေ သူတို့ရဲ့ မိသားစုဆက်ဆံရေးကို အားလပ်ရက် အသုံးချမှု အမြင်သဘောထား (attitude) တွေထက် ပိုပြီး တန်ဖိုးထားရင် (သို့မဟုတ်) တဘက်နဲ့တဘက် လိုအပ်ချက်တွေနဲ့ ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို နားလည်မှုပေးနိုင်ရင်၊ ဒီမိသားစုမှာ ကွဲပြားမှုတွေကို ဖြေရှင်းနိုင်မယ့် shared strategy ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋိပက္ခဆိုတာ ပြဿနာမဟုတ်ပဲ ဒါကိုရှုမြင်သုံးသပ်ပုံနဲံ ကိုင်တွယ်ဖြေရှင်းပုံကသာ ပြဿနာဖြစ်ကြောင်း ပညာရှင်တွေက မီးမောင်းထိုး ဖော်ပြခဲ့ကြပါတယ်။ အထက်က ဖော်ပြထားတဲ့ ဥပမာမှာ ယောက်ျားဖြစ်သူက 'မင်းသွားချင်တိုင်း အမြဲလိုက်မပို့ပေးနိုင်ဘူး၊ မင်းဘာသာသွား၊ ငါစာဖတ်စရာရှိတယ်'လို့ ပြောပြီး၊ မိန်းမဖြစ်သူကလဲ 'ရှင်ဟာ မိန်းမတွေရဲ့ လိုအပ်ချက်ကို မလိုက်လျောပေးနိုင်တဲ့ ယောက်ျားပဲ။ ရှင်ပို့ပေးမှ သွားရမှာ မဟုတ်ဘူး။ ကျွန်မဘာသာ တက္ကဆီနဲ့ သွားမယ်' ဆိုပြီး၊ အပြန်အလှန်အော်ဟစ်မှုတွေ ဖြစ်ပွားလာခဲ့ပြီ ဆိုပါစို့။ ဒီလို conflict escalation ဖြစ်ပွားလာမှုဟာ 'ငါမှန်တယ်၊ သူမှားတယ်'ဆိုတဲ့ အမြင်သဘောထား (attitudes) နဲ့ တဘက်နဲ့တဘက် အော်ဟစ်မှု၊ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်တဲ့ အပြုအမူ (behaviour) တွေကြောင့် ပဲ ဖြစ်ပါတယ်။ ဒီလို အမြင်သဘောထားနဲ့ အပြုအမူတွေအပေါ်မှာ အခြေတည်ပြီး၊ ပဋိပက္ခတွေ ကြီးထွားလာချိန်မှာ မိန်းမဖြစ်သူက တက္ကဆီနဲ့ အပြင်ထွက်သွားခဲ့လို့ တဘက်နဲ့ တဘက်စွပ်စွဲမှုတွေ၊ ရန်ပွဲတွေ မဖြစ်လာရင်တောင် ဒါဟာ ပြီးဆုံးသွားတဲ့ ပဋိပက္ခလို့ မဆိုနိုင်ပါဘူး။ တိုက်ဆိုင်ချိန်မှာ အချိန်မရွေး ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။

ပဋိပက္ခအရေးလေ့လာသူ Keltner ရဲ့ ‘struggle spectrum’ အရ ပဋိပက္ခတွေ ဆင့်ကဲဖြစ်ပေါ်မှုတွေမှာ အဆင့်ခြောက်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကွဲပြားမှုဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ သဘောတူညီချက် မရမှုပါ။ အဲဒီအခါမှာ အငြင်းပွားမှု အဆင့်ကို တက်သွားပြီး၊ သူမှန်တယ်-ငါမှန်တယ်နဲ့ ပြောဆိုမှုတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ စွပ်စွဲပြောဆိုမှုတွေ ရှိလာပြီး၊ ရန်ပွဲအသွင် ရောက်သွားတတ်ပါတယ်။ ဒီလို ပဋိပက္ခအဆင့်တွေတိုင်းမှာ ဦးတည်ရာ နှစ်ခုရှိပါတယ်။ တခုကတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာခြင်း (conflict escalation) ဖြစ်ပြီး၊ ဒုတိယဦးတည်ရာကတော့ ပဋိပက္ခရေချိန် လျော့ကျလာခြင်း (conflict de-escalation) ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပေါ်မှု အဆင့်တွေမှာ ပိုမိုကြီးထွားလာခြင်း၊ လျော့ကျလာခြင်းက လူတွေရဲ့ အမြင်သဘောထားတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုပေါ်မှာ မူတည်ပါတယ်။

လူမှုစိတ်ပညာနဲ့ လူမှုမနုဿဗေဒပညာရပ်တွေမှာ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားနဲ့ ပြုမူ ဆောင်ရွက်ပုံတွေကို လေ့လာဖော်ထုတ် ထားပါတယ်။ အမြင်ကျဉ်းမြောင်းခြင်း၊ ခြိမ်းချောက်ခြင်း၊ အင်အားသုံးဖြေရှင်းခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တယူသန်ခြင်း၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း၊ ဘာသာရေး၊ လူမျိုးရေးအယူအဆ အစွန်းရောက်ခြင်း စတာတွေဟာ ပဋိပက္ခတွေကို ကြီးထွားစေနိုင်ပြီး၊ လူသားဆန်မှု၊ သည်းခံခွင့်လွှတ်မှု၊ လူ့သိက္ခာကို တန်ဖိုးထားမှု၊ ရိုးသားမှု၊ အပြန်အလှန်လေးစားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကတော့ ပဋိပက္ခတွေကို လျော့ကျစေ နိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ မတူညီပါဘူး။ ပဋိပက္ခတွေက ပုံမှန်ဖြစ်ပွားနေတဲ့ အရာတွေဖြစ်ပြီး၊ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content သုံးခုပေါင်းစပ်ပါဝင်ပြီး၊ စစ်ပွဲတွေကတော့ ပြုမူဆောင်ရွက်ပုံ (Behaviour) နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေကို ပြုမူဆောင်ရွက်ပုံအား ပြောင်းလဲခြင်း (behaviour change) နဲ့ အဆုံးသတ်လို့ရပါတယ်။ ပဋိပက္ခတွေကိုတော့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲရုံနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ပဋိပက္ခကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ၊ မတူညီတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပဋိပက္ခဖြစ်ပွားမှုအဆင့် လျော့ကျစေနိုင်တဲ့ အမြင်သဘောထားတွေကိုင်စွဲပြီး၊ ခြိမ်းချောက်အင်အားသုံး အနိုင်ကျင့်ဗိုလ်ကျခြင်း မပါသော ပြုမူဆောင်ရွက်ပုံတွေနဲ့ ဖြေရှင်းနိုင်ဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု (violence) ဆိုရာဝယ်

အကြမ်းဖက်မှုဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ အကြမ်းဖက်မှုဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုသဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေအထိ ပါဝင်ပါတယ်။ လူအများက အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိသွားတတ်ကြပါတယ်။ ဒါတွေက အကြမ်းဖက်မှု အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။ (ဒီနေရာမှာ violence နဲ့ terrorism နှစ်မျိုးစလုံးကို အကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဘာသာပြန်ကြတာကြောင့်လဲ သဘောတရားတွေ ရောထွေးနေတာ ဖြစ်ပါတယ်။ terrorism က အကြမ်းဖက်မှုရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ ရှိပါတယ်)

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ အကြမ်းဖက်မှု (violence) ဆိုတာကို တိုက်ရိုက်အကြမ်းဖက်မှု (Direct Violence)၊ (Structural Violence) နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (Cultural Violence) ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုက ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုမှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကိုသာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။

ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ တိုက်ရိုက်အကြမ်းဖက်မှုတွေကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ အကြမ်းဖက်ခံရခြင်းပဲ ဖြစ်ပါတယ်။ လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ ကွာဟချက်ကြီးမှု၊ ကျားမခွဲခြားသတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး ၀န်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင်ရပ်တည်နေရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or repressive structures တွေရဲ့ အကြမ်းဖက်မှုကို ခံစားရလို့ဖြစ်ပါတယ်။

နောက်ထပ် အကြမ်းဖက်မှုတခုကတော့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (cultural violence) ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု ရှိခြင်းဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက တိုက်ရိုက်အကြမ်းဖက်မှု ခေါင်းစီးအောက် ရောက်သွားမှာပါ။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုဆိုတာက တိုက်ရိုက်အကြမ်းဖက်မှုနဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့ နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ်ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။

အကြမ်းဖက်မှု အမျိုးအစားသုံးမျိုးဟာ ပဋိပက္ခ အေဘီစီသုံးနာညီ တြိဂံပါ အချက်တွေနဲ့ ဆက်နွယ်မှုရှိပါတယ်။ structural violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးတည်သွားစေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ပြုမူဆောင်ရွက်မှုတွေကို သက်ရောက်စေနိုင်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုက အမြင်သဘောထားတွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။

ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီသဘောတရားကို လက်ခံပြီး၊ ငြိမ်းချမ်းရေး ဆောင်ကျဉ်းဖို့ ကြိုးပမ်းသူတွေက အကြမ်းမဖက်သော အတွေးအခေါ်၊ အမြင်သဘောထားတွေ ပျံ့နှံ့လာဖို့ ကြိုးပမ်းလုပ်ဆောင်လေ့ရှိကြပါတယ်။ သို့ပေမယ့် ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမရှိပဲ၊ အမြင်သဘောထား (attitudes) တွေ ပြောင်းလဲရုံနဲ့ မဖြစ်နိုင်ပါဘူး။ Behaviour change ကို အကြမ်းမဖက်သော အပြုအမူ ဖြစ်လာစေဖို့ ဆိုတာမှာကလဲ လုံခြုံရေးရှိတယ်လို့ ခံစားရမှု (sense of security) ရှိမှ ဖြစ်ပါတယ်။ ညဘက်အပြင်ထွက်ရင် မလုံခြုံနိုင်ဘူးလို့ ခံစားရလို့ လက်နက်ဆောင်သွားတတ်သူများရဲ့ behaviour ကို အကြမ်းမဖက်သော အမြင် သဘောထားတွေ ဖြန့်ဖြူးပေးရုံနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ လက်နက်ဆောင်သွားဖို့ မလိုအပ်တော့တဲ့ sense of security ရှိလာမှသာ လက်နက်နဲ့ အကြမ်းဖက်မှု မလုပ်ဘူးဆိုတဲ့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲခြင်း ရှိလာမှာပါ။

ဒီလိုပါပဲ။ ကျားဆိုးတကောင်ရဲ့ ခြိမ်းချောက်မှုရှိနေတဲ့ ရွာတရွာမှာ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားခြင်းကိုလဲ အကြမ်းမဖက် အတွေးအခေါ်၊ အမြင်သဘောထားတွေ ဖြန့်ဖြူးပေးပြီး၊ လက်နက်ကိုင်စွဲခြင်း ရပ်တန့်ဖို့ လုပ်လို့မရပါ။ အမြင် သဘောထားနဲ့ ပြုမူဆောင်ရွက်မှုက အကြမ်းမဖက်ခြင်း အသွင်ဆောင် လာသည်ပဲထား၊ ကျားဆိုးအန္တရာယ်ကတော့ ကင်းဝေးမှာ မဟုတ်ပါ။ ကျားသနားမှ နွားချမ်းသာမယ့် ဘ၀ ရောက်သွားကြရုံပဲ ရှိမှာပါ။ အဲဒီအခါမှာ လူတွေကလဲ နွားတွေ မဟုတ်တဲ့အတွက် ကျားဆိုးအန္တရာယ်ကို ခုခံကာကွယ်ဖို့ တုတ်၊ ဓား လက်နက်တွေ ပြန်လည်ကိုင်ဆောင်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကို ပညာရှင်တွေက အကြမ်းဖက်မှုသံသရာစက်ဝန်း (cycle of violence) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒါကြောင့် ကျားဆိုးနဲ့တူတဲ့ အန္တရာယ်ကို ဖယ်ရှားပြီး၊ sense of security ရှိလာချိန်ကျမှသာ အကြမ်းမဖက်သော အမြင်သဘောထားများ ဖြန့်ဖြူးမှု၊ အကြမ်းဖက်သဏ္ဍာန် ပြုမူဆောင်ရွက်တတ်မှုနဲ့ ပဋိပက္ခပြဿနာများကို အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်ရှိလာမှုတို့နဲ့ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုတွေ လျော့နည်းပြီး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေအပေါ်မှာ အခြေတည်တဲ့ state of harmony ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီအတွက် ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ ဆိုတာ အကြမ်းမဖက်မှု အမြင်သဘောထားတွေ၊ ပြုမူဆောင်ရွက်မှုတွေ ရှိလာရုံနဲ့ မလုံလောက်ပါဘူး။ sense of security ရှိစေမယ့် political and socio-economic structures တွေ ရှိဖို့လိုအပ်ပါတယ်။ structural violence ရှိနေရင် လူသားလုံခြုံရေး (Human Security) ကို ထိခိုက်စေတဲ့အတွက် ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် structural violence ဖြစ်ထွန်းစေတဲ့ နိုင်ငံရေး-လူမှုစီးပွားရေး စနစ်တွေကို ဖယ်ရှားပြီးမှသာ ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၂၈၊ ၄၊ ၂၀၁၁)




ရည်ညွန်းကိုးကား။

Brock-Utne B (1997). Linking the micro and macro in peace and development studies. In Turpin J and Kurtz L (eds). The web of violence: from interpersonal to global. Chicago, University of Illinois Press.

Farmer P (2005). Pathologies of power: health, human rights, and the new war on the poor. Berkeley CA, University of California Press.

Galtung J (1996). Peace by peaceful means: peace and conflict, development and civilisation. London, Prio/Sage.

Galtung J (2002). What is peace studies? In Johansen J, Vambheim V (eds). Three papers by Johan Galtung. Tromsø, Centre for Peace Studies, University of Tromsø.

Galtung J (2004). Transcend and transform: an introduction to conflict work. London, Pluto Press.

Keltner J (1997). The management of struggle: elements of dispute resolution through negotiation, mediation and arbitration. Cresskill, NJ, Hampton Press.

WHO (2002). World report on violence and health. Geneva, WHO.

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ

Saturday, April 23, 2011

စစ်ရဲ့ အခြေခံသဘောတရားများ (principles of war) တွေဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ်ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို စစ်ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေးညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက်တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တသမတ်တည်း မထားပဲ၊ အခြေအနေရဲ့ တောင်းဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်နိုင်ခြင်းဟာ အောင်ပွဲရအောင် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေရဲ့ အရည်အချင်း တရပ်ပဲ ဖြစ်ပါတယ်။


ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိခြင်း (Paradoxical Reasoning)

လောကမှာ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ဒဂါင်္းပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလို ဒွန်တွဲတည်ရှိနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အကောင်းအဆိုး၊ သုခဒုက္ခ၊ အရှုံးအနိုင် စတာတွေဟာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု (Paradoxical Reasoning) ရဲ့ အခြေခံတွေပါပဲ။ စစ်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ စစ်ပွဲမှာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ စစ်ပွဲရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပါပဲ။ နောက်ထပ်ထင်ရှားတဲ့ အဆိုအမိန့် တခုကတော့ "အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်တယ်" ဆိုတဲ့ အယူအဆပါ။

ခေါင်းဆောင်တယောက်ဟာ ဒီလိုဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေတဲ့ သဘောတရားတွေကို နားလည်ပြီး၊ လိုက်လျောညီထွေတွေးခေါ်ခြင်း (adaptive thinking) ရှိဖို့ လိုအပ်ပါတယ်။ နောက်လိုက်တွေရဲ့ ထကြွလုံ့လရှိမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ဦးဆောင်လိုစိတ် ထက်သန်မှုတွေကို အားပေးတဲ့ အနေနဲ့ စွန့်ဦးလုပ်ဆောင်မှု (Initiative) ကို ခွင့်ပြုပေးရင်း၊ တပြိုင်နက်တည်းမှာပဲ strategic big picture တခုလုံးကို ထိခိုက်စေတဲ့ ပြုမူဆောင်ရွက်မှုတွေ ပေါ်ထွက်လာခြင်း မရှိအောင် ကွပ်ကဲမှုနဲ့ ထိန်းကျောင်းမှု (Command and Control) ပြုလုပ်နိုင်ရပါမယ်။

ခုခံစစ်၊ တိုက်စစ်၊ တော်လှန်စစ်စတဲ့ စစ်ပွဲတွေအပါအ၀င် တဘက်ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေးစစ်မျက်နှာတွေ အားလုံးမှာ ကွပ်ကဲမှု တစုတစည်းတည်းရှိခြင်း (unity of command) ဟာ အောင်ပွဲရဲ့ သော့ချက်ပါပဲ။ ဘယ်လိုအခြေအနေနဲ့ အချိန်အခါတွေမှာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ Initiative နဲ့ Command and Control ကို ဦးစားပေးမလဲဆိုတာကို ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေမှုကတော့ Internal Focus (မိမိအင်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ ကျွမ်းကျင်မှု စသည်များ) နဲ့ External Focus (ရန်သူ့အင်အား၊ နိုင်ငံတကာနှင့် အန်ဂျီအိုအဖွဲ့များ၏ ဘက်လိုက်မှု အခြေအနေ၊ ရာသီဥတု၊ ပထ၀ီဝင်နိုင်ငံရေး စသည်များ) ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်မျိုးစလုံးကို အာရုံစိုက်ပြီး၊ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ကြည့်ပြီး အရှုံးအနိုင်ကို တွက်ချက်လို့ ရပါတယ်။ External Focus ကိုပဲ အာရုံစိုက်တဲ့ဘက်က မလွဲမသွေ ရှုံးပါလိမ့်မယ်။

coup d'oeil

လိုက်လျောညီထွေရှိမှုနဲ့ ကွပ်ကဲထိန်းကျောင်းမှုတွေကို တန်ဖိုးထားရင်း အခြေအနေတွေကို အတွင်းမှ အပြင်သို့ကြည့်ခြင်း၊ အပြင်မှ အတွင်းသို့ ကြည့်ခြင်းတွေ တပြိုင်နက်တည်း ပြုလုပ်ခြင်းကို စစ်ပညာရှင် ကလော့ဝစ်က coup d'oeil လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ coup d'oeil နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာ လေးမျိုး ရှိပါတယ်။ ပထမတမျိုးက human implications တွေနဲ့ သက်ဆိုင်ပါတယ်။ တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေရှိတဲ့ အဖွဲ့အစည်းယဉ်ကျေးမှု ရှိလာစေဖို့ ခေါင်းဆောင်တွေက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

ဒုတိယတမျိုးကတော့ လေ့လာသင်ယူမှု (learning implications) နဲ့ သက်ဆိုင်ပါတယ်။ တင်းမာတဲ့ အခြေအနေတခုမှာ အရှုံးအနိုင် ခေါင်းဆောင်ကဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ခေါင်းဆောင်နဲ့ သူ့အဖွဲ့အစည်းရဲ့ မြန်မြန်ဆန်ဆန် တွေးခေါ် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်တတ်မှုပေါ်မှာ မူတည်ပါတယ်။ နောက်လိုက်တွေရဲ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေါင်းဆောင်က အကဲဖြတ်ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။

တတိယအချက်ကတော့ စီမံချက်ချမှတ်ခြင်း (Planning implications) နဲ့ သက်ဆိုင်ပါတယ်။ အောင်ပွဲကို ဦးတည်စေတဲ့ စီမံချက်တွေ ချမှတ်နိုင်ဖို့ တိကျတဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာတွေရဲ့ ပြင်ပ၀န်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ပြီး၊ အောင်ပွဲရစေနိုင်မယ့် လှုပ်ရှားမှုတွေဖြစ်လာအောင် စီမံချက်တွေနဲ့ ထိန်းကွပ်ရပါတယ်။

နောက်ဆုံးအချက်ကတော့ structural implications တွေပဲ ဖြစ်ပါတယ်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အခြေခံသဘောတရား စတာတွေကို တိတိကျကျ စေ့စပ်သေချာစွာ သိရှိဖို့ လိုပါတယ်။ တိုက်စစ်၊ ခံစစ်မှာ တိကျစွာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ရောထွေးပြီး institutional inertia ကို မဖော်ထုတ်နိုင်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒီ coup d'oeil ဆိုင်ရာ အချက်တွေကို စွန့်ဦးတီထွင် လုပ်ဆောင်စေမှု၊ ကွပ်ကဲထိန်းချုပ်မှု၊ ပြင်ပအာရုံထားမှု၊ အတွင်းအာရုံစိုက်မှု စတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေမှုတွေအကြားမှာ အခြေအနေ၊ အချိန်အခါနဲ့ အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်လှပါတယ်။


စစ်၏ အခြေခံသဘောတရားများနှင့် ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှု

(က) တိုက်စစ်နှင့် ခံစစ် (Offensive-Defensive)

တိုက်စစ်က ရန်သူက ကိုယ်က ဦးအောင်တိုက်ခိုက်တာဖြစ်ပြီး၊ ခံစစ်က ရန်သူက ကိုယ့်ကို ကနဦးတိုက်ခိုက်လာတာကို ခုခံကာကွယ်စစ် ဖြစ်ပါတယ်။ သဘောတရားအရ ဆန့်ကျင်နေပေမယ့် အတူတကွ ဒွန်တွဲတည်ရှိနေပါတယ်။ ဘယ်စစ်က အောင်ပွဲရစေမယ်လို့ တရားသေ ယူဆချက် မပြုလုပ်နိုင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ တိုက်စစ် ဆင်နွှဲရမယ့်အချိန်မှာ ခံစစ်ဆင်နွှဲမှုနဲ့ ခံစစ်ဆင်နွှဲရမယ့် အချိန်မှာ တိုက်စစ်ဆင်ရင်တော့ သေချာပေါက်ရှုံးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဆိုဗီယက်တပ်တွေရဲ့ space-for-time ခံစစ်ဗျုဟာက တိုက်စစ် အော်ပရေးရှင်းတွေအတွက် အကောင်းဆုံး စစ်မြေပြင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၈၀ ကာလတွေမှာ အမေရိကန်ကျင့်သုံးခဲ့တဲ့ Strategic Defence Initiative က စစ်အေးတိုက်ပွဲကို အဆုံးသတ် စေခဲ့ပါတယ်။ အခြေအနေအရ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးစလုံးကို ပေါင်းစပ်တိုက်ပွဲဝင်ရတာလဲ ရှိပါတယ်။ နေတိုးအဖွဲ့ကြီးက ဒီလို ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးပေါင်းစပ်ထားတဲ့ active defence လို့ ခေါ်တဲ့ strategic doctrine ကို ကျင့်သုံးခဲ့ပါတယ်။

(ခ) ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု (Objective- Surprise)

ရည်မှန်းချက်ဆိုတာမှာ ကြိုတင်စီမံမှု ပါဝင်ပါတယ်။ ကြောင်းကျိုးဆက်နွယ်မှုကို ကြိုတင် သုံးသပ်ချက်တွေ ရှိပါတယ်။ ရုတ်ခြည်းဖြစ်ပေါ်မှုမှာကျတော့ ကြိုတင်စီမံသုံးသပ်ချက်တွေ မပါဝင်ပါဘူး။ မထင်မှတ်ထားတဲ့ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ စစ်မြေပြင်မှာတော့ ရန်သူမထင်မှတ်ထားတဲ့ အချိန်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်တာကို surprise attack လို့ သုံးနှုန်းကြပါတယ်။ နိုင်ငံရေးကစားပွဲမှာ ၀ှက်ဖဲ အသုံးပြုပြီး surprise attack လုပ်ကြတာတွေလဲ ရှိပါတယ်။
တခါတရံမှာ စစ်ဆင်ရေးစီမံချက်ထဲမှာ တံတားကူးပြီး တဘက်ကမ်းရောက်ရင် အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားချက်ပါပြီး၊ ပကတိမြေပြင်မှာ တံတားရှာလို့ မရတာတွေလဲ ရှိတတ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ပွဲတွေမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို တပ်မှူးတွေက unwanted surprise လို့ ခေါ်ဝေါ်သုံးနှုံးကြပါတယ်။

စစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာပဲ ဖြစ်ဖြစ် စီမံချက်အတိုင်း လက်တွေ့မှ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ရည်မှန်းချက်ကို ပြည့်မှီချင်မှ မှီမှာပါ။ ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု ဆန့်ကျင်ဘက်ဒွန်တွဲနေတာကို အကောင်းဆုံး တုန့်ပြန်နည်းကတော့ concurrent deductive reasoning ကို အခြေခံပြီး လက်ရှိရှိနေပြီးသား စီမံချက်ကို အကောင်အထည်ဖော်ခြင်းနဲ့ inductive reasoning ကို အခြေခံပြီး၊ ရုတ်ခြည်းဖြစ်ပေါ်လာမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။

(ဂ) လှုပ်ရှားမှု- လုံခြုံရေး (Maneuver- Security)

ဒီအခြေခံသဘောတရား နှစ်ခုကလဲ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေပါတယ်။ စခန်းထိုင်နေရင် လုံခြုံရေးအတွက် စိတ်ချရပေမယ့် တိုက်ကင်းလှည့်လည်စဉ်မှာ ရန်သူနဲ့ ထိတွေ့မှုဖြစ်ပြီး ကျဆုံးထိခိုက်မှုတွေ ရှိတတ်ပါတယ်။ သို့ပေမယ့် လုံခြုံရေးကို ပထမဦးစားပေးပြီး၊ လှုပ်ရှားမှု မရှိပြန်ရင်လဲ တိုက်ပွဲက ရေရှည်မှာ အီလာပြီး၊ တဘက်ရန်သူက ရင်ဆိုင်ထိန်းချုပ်မှု လုပ်လာမယ့် အန္တရာယ် ရှိတတ်ပါတယ်။

စစ်ရဲ့ သဘောသဘာဝအရ စခန်းသိမ်းပိုက်ခံရမှ ရှုံးတာ မဟုတ်ပါဘူး။ ရင်ဆိုင်ထိန်းချုပ်ပြီး containment လုပ်ခံထားရတာကလဲ ရှုံးတာပါပဲ။ လုံခြုံရေးကို အားစိုက်လွန်းရင် လှုပ်ရှားမှု အားနည်းပြီး၊ လှုပ်ရှားမှုကို အားစိုက်လွန်းရင် လုံခြုံရေးကို ထိခိုက်ပါတယ်။ သက်ဆိုင်ရာ strategic doctrine ပေါ်မှာ အခြေခံပြီး၊ ဦးစားပေးသင့်တဲ့ အရာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

(ဃ) ရိုးရှင်းမှု - ရှုပ်ထွေးမှု (Simplicity- Complexity)

တချို့မဟာဗျူဟာ စဉ်းစားတွေးခေါ်ချက်တွေက ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အော်ပရေးရှင်းတွေလဲ အများအပြား ရှိနိုင်ပါတယ်။ ကမ္ဘာတ၀ှမ်းက command and staff college တွေမှာ သင်တန်းပို့ချသူတွေ ကြုံတွေ့လေ့ရှိတာက သင်တန်းသားတွေရဲ့ ရိုးရှင်းမှု၊ ရှုပ်ထွေးမှုတွေကို တုန့်ပြန်လက်ခံပုံ မတူညီမှုပဲ ဖြစ်ပါတယ်။ တချို့က တိုက်ခိုက်ရေးမှာ တော်ပေမယ့် တပ်ရေး၊ တပ်ထောက်အပိုင်းတွေမှာ အားနည်းတာလဲ ရှိပါတယ်။

အရေးကြီးတာကတော့ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာစတဲ့ ကဏ္ဍတွေအားလုံးမှာ back office အတွက် သင့်တော်မယ့်သူတွေနဲ့ field work အတွက် သင့်တော်မယ့်သူတွေ သီးခြားစီ ရှိပါတယ်။ ခေါင်းဆောင်တွေက တာဝန်ခွဲဝေပေးတဲ့ အခါ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုပါတယ်။ တခါတရံမှာလဲ ရိုးရှင်းစွာ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ့် field work ကိုမှ လူရာသွင်းမှုတွေကြောင့်၊ ရှုပ်ထွေးနက်နဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် လူတွေက field work ထဲ လိုက်ဆင်းပြီး၊ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှုတွေ ဖြစ်တတ်ပါတယ်။

ရိုးရှင်းမှု- ရှုပ်ထွေးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ အမိန့်ဖြစ်ပါတယ်။ စစ်ဘုရင် နပိုလီယံရဲ့ adjutant technique လို့ လူသိများတဲ့ ရှင်းလင်းပြတ်သားသော အမိန့်ဟာ တိုက်ပွဲရဲ့ အရှုံးအနိုင်အတွက် အရေးကြီးပါတယ်။ စစ်မြေပြင် (သို့မဟုတ်) စစ်မြေပြင်သဏ္ဍာန် နိုင်ငံရေးအခင်းအကျင်း အခြေအနေတခုမှာ တိုက်ရင် ကောင်းမလားဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်နေလို့ မရပါဘူး။ တိုက်ချင်သူတိုက်ကြဆိုပြီး စွန့်ဦးလုပ်ဆောင်စေမှုလဲ လုပ်လို့ မရပါဘူး။

ကွပ်ကဲမှု တစုတစည်းတည်း (unity of command) ရှိရပါမယ်။ ခေါင်းဆောင်တွေက တက်မိန့်၊ ဆုတ်မိန့် ပေးရပါမယ်။ တိုက်ပွဲအီနေရင် ကျားထိုးတက်ရင်လဲတက်၊ အကျအဆုံး အနည်းဆုံးနဲ့ ဆုတ်ခွာမှုပြီး တိုက်စစ်အတွက် ပြန်လည်အားယူမှု လုပ်ရင်လဲ လုပ်ရပါမယ်။ ဒီလို ရှင်းလင်းပြတ်သားတဲ့ အမိန့်ကို မပေးပဲ၊ တိုက်ပွဲအီနေတာကို အချိန်ဆွဲထားရင် ဒုတိယအတွေး (second thought) တွေ ၀င်လာပြီး၊ မိမိတပ်တွေ ဖရိုဖရဲ ဖြစ်တတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ရိုးရှင်းမှုနဲ့ ရင်ဆိုင်ဖြေရှင်းနည်းက အရေးပေါ်အခြေအနေမှာ သင့်လျော်ပါတယ်။

(င) Mission- People

စစ်ဆင်ရေးတွေမှာ မိမိဘက်က ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရည်မှန်းချက်တာဝန်ကို ပြည့်မှီအောင် ထမ်းဆောင်ဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒီအချက်နှစ်ခုကလဲ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေ ပါတယ်။ အထူးသဖြင့် သူသေကိုယ်သေ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေမှာပါ။ ရည်မှန်းချက်တာဝန်ကို ပြည့်မှီဖို့ ရဲဘော်အချို့ရဲ့ အသက်တွေကို စတေးဖို့ လိုအပ်လာတာတွေ ရှိတတ်ပါတယ်။ စစ်မှာ ဒီအချက်ကို မလွဲမသွေ လက်ခံနိုင်ဖို့ လိုပါတယ်။

မိမိဘက်က ထိခိုက်ကျဆုံးမှု ဖြစ်နိုင်ချေကို risks မယူရဲရင် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရပါ။ တဘက်နဲ့ တဘက် လက်နက်ကိုင်စွဲတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်စွဲထားတဲ့ ဘက်တဘက်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် ဒီကိစ္စဟာ ခေါင်းဆောင်တွေအတွက် အောင်ပွဲနဲ့ စတေးရမှုအကြားမှာ ချိန်ခွင်လျှာညှိရမယ့် အချက်ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် စစ်ရဲ့ အခြေခံသဘောတရားတွေဟာ တခုချင်း သီးခြားဖြစ်တည်နေတာတွေ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှုတွေ အများအပြား ရှိပါတယ်။ စစ်ဘုရင် ကလော့ဝစ်က ကွဲပြားခြားနားတဲ့ အကြောင်းအရာနှစ်ခုကို ဆက်စပ်အသုံးပြုရတဲ့အခါ၊ ဒီအကြောင်းအရာနှစ်ခုမှာ ဘုံဆက်နွယ်မှု ရှိနေမယ်ဆိုရင် polarity ဟာ အကြောင်းအရာတွေဆီမှာ မဟုတ်ပဲ ဆက်နွယ်မှု ပေါ်မှာ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တခုနဲ့ တခု ဆက်နွယ်နေပြီး၊ အပြန်အလှန် တည်မှီနေသလို၊ဆန့်ကျင်ဘက်ဒွန်တွဲ ဖြစ်တည်မှုလဲရှိနေတဲ့ စစ်ရဲ့ အခြေခံ သဘောတရားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးပြုနိုင်သူတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အောင်ပွဲရနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၄၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Alger, J. (1982) The Quest for Victory: The History of the Principles of War, Westport, CN:
Greenwood Press

Howard, M. (1983) Clausewitz, Past Masters series, Oxford University Press

Howard, M. & Paret, P. (1976) Clausewitz: On War, Princeton University Press

Edward Luttwak (1987) Strategy: The Logic of War and Peace, Cambridge, MA: The Belknap Press of Harvard University Press

အပြည့်အစုံဖတ်ချင်ရင်..>>>

Nanotechnology အကြောင်း တစေ့တစောင်း

Wednesday, April 20, 2011

၂၁ရာစု ကမ္ဘာ့နည်းပညာလောကမှာ နယူးကလီးယား နည်းပညာနဲ့ အပြိုင် နာမည်ကြီးလာတဲ့ နည်းပညာ ဆန်းတခုကတော့ နာနိုနည်းပညာ (Nanotechnology) ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနိုနည်းပညာဟာ စက်မှုတော်လှန်ရေးလှိုင်းလုံးတခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။



နာနိုနည်းပညာ ဆိုရာဝယ်

နာနိုနည်းပညာဆိုတာ အလွန်သေးငယ်တဲ့ အရာဝတ္ထုများဆိုင်ရာ နည်းပညာ ဖြစ်ပါတယ်။ တစ်နာနိုမီတာဟာ အက်တမ် ၅ခုရဲ့ အကျယ်အ၀န်းခန့်သာ ရှိပြီး၊ 10-9 m နဲ့ ညီမျှပါတယ်။ DNA strand တခုဟာ နှစ်နာနိုမီတာရှိပြီး၊ သွေးနီဥဆဲလ်ရဲ့ အကျယ်အ၀န်းက ၇၀၀၀ နာနိုမီတာ ရှိပါတယ်။ လူ့ဆံပင်ရဲ့ ဆံချည်မျှင်ဟာ ၈ သိန်းနာနိုမီတာနဲ့ ညီမျှပြီး၊ ပရွက်ဆိတ်တကောင်ရဲ့ အရွယ်အစားဟာ ငါးသန်းနာနိုမီတာနဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတွေအားလုံးဟာ အက်တမ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နာနို နည်းပညာကို အသုံးပြုပြီး၊ အက်တမ်လေးတွေနဲ့ အရာဝတ္ထုတွေကို ဖွဲ့စည်းတည်ဆောက်လို့ ရပါတယ်။

နာနိုနည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများ

နာနိုအရွယ်အစား ရိုဘော့တွေဖြစ်တဲ့ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် လူ့လောကအတွက် အကျိုးကျေးဇူးရှိစေမယ်လို့လဲ သိပ္ပံပညာရှင်တွေက ခန့်မှန်းသတ်မှတ်ထားကြပါတယ်။ ဥပမာ- မော်လီကျူးအနည်းငယ်သာ ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတာတွေ၊ သွေးကြောမျှင် လေးတွေကို ပြင်ဆင်တာတွေနဲ့ တစ်ရှုးတွေ တည်ဆောက်မှုတွေကို ပြုလုပ်နိုင်မယ်လို့ တွက်ဆပြီး သုတေသနတွေ ပြုလုပ်နေကြပါတယ်။

အခုဆိုရင် နာနိုနည်းပညာကို အသုံးပြုပြီး ရေသန့်စင်စနစ် တီထွင်ဖို့ သုတေသနပြုမှုတွေ၊ အစားအစာတွေရဲ့ အရသာနဲ့ ပါဝင်မှုတွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့ သုတေသနပြုမှုတွေ၊ ကာကွယ်ဆေးနဲ့ ရောဂါကုသရေး နည်းပညာသစ် ရှာဖွေရေးအတွက် သုတေသနပြုမှုတွေ အများအပြား ရှိနေပါပြီ။ Estrasorb လို့ အမည်ရှိတဲ့ skin lotion ဟာ ကမ္ဘာ့ဆေးဝါးဈေးကွက်ထဲကို ပထမဆုံး ၀င်ရောက်လာတဲ့ နာနိုနည်းပညာ အသုံးပြုဆေးဝါးဖြစ်ပါတယ်။

နာနိုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာအောင် သုတေသန ပြုခြင်းအားဖြင့် နေရောင်ခြည်ဆဲလ်တွေကို ထုတ်လုပ်လာနိုင်မယ်လို့ ယူဆပြီး အကောင်အထည်ဖော်နေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။ ရေနံယိုစိမ့်မှုတွေ ဖြစ်ပွားတဲ့အခါ oil spill ထဲမှာပါဝင်တဲ့ အက်တမ်တွေကို သဘာဝပတ်ဝန်းကျင်ကို ထိခိုင်မှုမရှိအောင် နာနိုပိုက်လိုင်းလေးတွေနဲ့ ပြောင်းလဲ ပြုပြင်နိုင်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။

ရောဂါရှာဖွေကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် နာနိုနည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာသုတေသနပြုနေဆဲမှာပဲ၊ ဈေးကွက်ထဲရောက်လာတဲ့ နာနိုနည်းပညာအသုံးပြု ကုန်ပစ္စည်းတွေဖြစ်တဲ့ နေရောင်ကာမှန်တွေ၊ spray ဗီတာမင်တွေနဲ့ wrinkle-resistant fabric တွေရဲ့ အကျိုးကျေးဇူးတွေကိုလဲ စားသုံးသူအချို့ ခံစားနေကြရပါပြီ။

သို့ပေမယ့်လဲ လုံခြုံရေး ဆန်းစစ်လေ့လာသူ ပညာရှင်အချို့ကတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ သတင်းနဲ့ နည်းပညာ၊ စွမ်းအင်၊ ဆေးဝါးပစ္စည်း၊ ထောက်လှမ်းရေးကိရိယာနဲ့ စစ်လက်နက်ပစ္စည်း ဆန်းသစ်တီထွင်ရေး တို့အတွက် အကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ နာနိုနည်းပညာဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းချောက်လာနိုင်ကြောင်း ထင်မြင်ယူဆကြပါတယ်။

စစ်လက်နက်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုပြီး ထုတ်လုပ်မှုဟာ ကုန်ကျစရိတ်သက်သာပြီး၊ မြန်ဆန်လာနိုင်ပါတယ်။ လက်နက်တွေရဲ့ အရွယ်အစား ပမာဏကလဲ သေးငယ်တဲ့အတွက် အသုံးပြုရတာ ပိုမိုလွယ်ကူလာနိုင်ပါတယ်။ ဥပမာ- ကွန်ပျူတာနည်းပညာနဲ့ sensor နည်းပညာတွေကို နာနိုနည်းပညာနဲ့ ပေါင်းစပ်တီထွင်ထားတဲ့ smart bullets တွေဟာ ပစ်မှတ်ကို တိတိကျကျ ဖော်ထုတ်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

ဓာတုလက်နက်နဲ့ ဇီဝလက်နက် ထုတ်လုပ်မှုတွေမှာလဲ အထောက်အကူဖြစ်လာနိုင်ပါတယ်။ autonomous fighting systems တွေကို တီထွင် ဆန်းသစ်မှုတွေလဲ ရှိလာနိုင်ပါတယ်။ စစ်မြေပြင်က စစ်သားတွေရဲ့ ကျန်းမာရေးအခြေအနေကို ၀တ်ထားတဲ့ စစ်ယူနီဖောင်းတွေကနေတဆင့် သေးငယ်တဲ့ sensors တွေကို အသုံးပြုပြီး စစ်ဆေးကြည့်ရှုနိုင်တဲ့ သုတေသနစီမံကိန်းတွေနဲ့ ပင်ပန်းနွမ်းနယ်မှု၊ ထိခိုက်ဒဏ်ရာရမှုတွေကို စစ်ယူနီဖောင်းတွေကတဆင့် exterior support ပြုလုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ သုတေသနစီမံကိန်းတွေလဲ စတင်နေပြီ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေဆီမှာ nano-weapons of mass destruction တွေ ရောက်ရှိသွားမယ့်အရေးကလဲ စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီထက်ပိုပြီး ကြောက်မယ်ဖွယ်ရာ ကောင်းတဲ့ အရေးကတော့ အစားအစာ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ လုံခြုံရေး လေ့လာသူများ ပါဝင်တဲ့ ETC အုပ်စုက နာနိုနည်းပညာဟာ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍ တွေကနေ တဆင့် အစားအစာ၊ စားသုံးမှု သဏ္ဍာန်တွေကိုပါ သက်ရောက်မှု ရှိလာစေနိုင်ကြောင်း တင်ပြထားခဲ့ပါတယ်။

ဒီလိုနာနို နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်မှုတွေ ကြီးမားလာတာနဲ့အမျှ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေရဲ့ နာနိုနည်းပညာအပေါ် အာရုံစိုက်မှုတွေကလဲ ကြီးထွားလာပါတော့တယ်။



နာနိုနည်းပညာအား အာရုံစိုက်ခြင်း

ကနဦးအစမှာ နာနိုနည်းပညာကို အင်အားကြီးနိုင်ငံတွေကသာ အာရုံစိုက်ကြပေမယ့်၊ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကပါ အာရုံစိုက်လာကြပါတယ်။ အဓိက အကြောင်းရင်းကတော့ နာနိုနည်းပညာဟာ nano-divide လို့ခေါ်တဲ့ နာနိုနည်းပညာကို ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေနဲ့ မပိုင်ဆိုင်တဲ့ တိုင်းပြည်တွေအကြား ကွာခြားမှုကို ဖြစ်လာစေနိုင်လို့ပါပဲ။ အကျိုးအမြတ်များစေနိုင်တဲ့ ကုန်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုနိုင်တဲ့ နိုင်ငံတွေက ထုတ်လုပ်ပြီး၊ ကမ္ဘာ့ဈေးကွက်ကို လက်ဝါးကြီးအုပ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်လာကြပါတယ်။

အထူးသဖြင့် နာနိုနည်းပညာနဲ့ ဆက်နွယ်တဲ့ စက်မှုတော်လှန်ရေးသာ ပေါ်ထွက်လာခဲ့ရင် ကုန်ကြမ်းပစ္စည်းတွေကို နာနိုနည်းပညာနဲ့ တည်ဆောက်လာနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ commodity market ကြီးတခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး၊ နည်းပညာမရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်လာပါတယ်။ တောင်အာဖရိကနိုင်ငံမှာဆိုရင် မြေအောက်သယံဇာတပစ္စည်းတွေဖြစ်တဲ့ ရွှေနဲ့ တိုင်တေနီယမ်သတ္တုတွေကို နာနိုနည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်တင်နိုင်မယ့် သုတေသန စီမံကိန်းတွေကို အကောင်အထည်ဖော်နေကြပြီ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ သဘာဝသယံဇာတပစ္စည်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ်မှာ မူတည်နေတဲ့ တိုင်းပြည်တွေမှာလဲ နာနိုနည်းပညာ လေ့လာမှုတွေ၊ သုတေသန စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုတွေ ပြုလုပ်လာကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝသယံဇာတ အရင်းအမြစ်အပေါ်မှာ မူတည်တယ်ဆိုတဲ့ အချက်ကို နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြင်းဆိုခဲ့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိခဲ့ပါတယ်။

နာနိုနည်းပညာ တော်လှန်ရေး အောင်မြင်သွားခဲ့ရင်တော့ သဘာဝသယံဇာတ အရင်းအမြစ် ပိုင်ဆိုင်မှုရဲ့ competitive advantage ဟာ လျော့ကျပျက်ပြယ်သွားတော့မှာ ဖြစ်ပါတယ်။ နာနိုနည်းပညာ တော်လှန်ရေးဟာ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာကိုသာမက ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲတွေကိုပါ ဦးတည်သွားနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ နာနိုလက်နက် အပြိုင်အဆိုင် ထုတ်လုပ်မှု (nano arms race) လဲ ဖြစ်ပွားလာနိုင်ပါတယ်။

နိဂုံး

နည်းပညာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဒွန်တွဲနေပါတယ်။ ကောင်းကျိုးတွေကို အကောင်းဆုံး ရယူခံစားနိုင်အောင် ကြိုးပမ်းပြီး၊ ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ပြုလုပ်ဖို့ကိုတော့ လူသားတွေကသာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရဲ့ အခြေအနေကို မျက်ချေမပြတ် အာရုံစိုက်ခြင်း၊ သင့်လျော်သော မူဝါဒများ၊ စီမံကိန်းများ ချမှတ်ခြင်းစတဲ့ pre-cautionary approach ကို အသုံးပြုပြီး နာနိုနည်းပညာရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက် နိုင်မှုတွေကို လျှော့ချနိုင်ပါတယ်။ နည်းပညာကို တလွဲဆံပင်ကောင်း အသုံးပြုပြီး၊ လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းချောက်လာမယ့် ဆိုးကျိုးတွေကိုလဲ justice approach နဲ့ တားဆီးလျှော့ချနိုင်အောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ခင်မမမျိုး (၂၀၊ ၄၊ ၂၀၁၁)
ရည်ညွှ့န်းကိုးကား။ ။

ETC Group (2004) “26 Governments Tiptoe Toward Global Nano Governance: Grey Governance?”, 30 June 2004

4th Nanoforum General Report: “Benefits, Risks, Ethical, Legal and Social Aspects of Nanotechnology”, first published in June 2004, updated October2005

Ministry of Defence, UK (2003) 'Nanotechnology: Its Impact on Defence and the MoD'

Petersen J.L. & Egan D.M. (2002) ‘Small Security: Nanotechnology and Future Defense’, Defense Horizons 8

အပြည့်အစုံဖတ်ချင်ရင်..>>>

ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု

Tuesday, April 19, 2011

"စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက်
ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။
တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာလရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်"


ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျသူများအဖြစ်သာ ယူဆထားခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရာတွေမှာ ဘာမှ အရေးကြီးသူတွေ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ဂုဏ်ရည်မြင့်မားပြီး လေးစားဖွယ်ရာ ကောင်းတဲ့ အမျိုးသားတွေကို ဖြည့်ဆည်းပေးသူများအဖြစ်သာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုထုံးတမ်းစဉ်လာတွေ ရှိတဲ့ ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ သီးခြားကိုယ်ပိုင် ရပ်တည်ခွင့် မရှိပါဘူး။ ဘ၀တသက်တာလုံး ဖခင်တွေ၊ အိမ်ထောင်ဘက်တွေနဲ့ သားယောက်ျားလေးတွေအပေါ်မှာပဲ မှီခိုနေကြရပါတယ်။

ရှေးခေတ်ဂရိနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန်ဆိုတာ ကလေးမွေးဖွားတာ၊ အစားအစာ ချက်ပြုတ်တာနဲ့ အိမ်မှုကိစ္စတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ လုပ်ငန်းတာဝန် ဆိုတာ ကတော့ နိုင်ငံရေးရာ တွေးခေါ်စဉ်းစားတာ၊ အကြံပေးတာ၊ စစ်မက်ဖြစ်ပွားချိန်မှာ တိုက်ပွဲဝင်တာတွေနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်တာတွေ ဖြစ်ပါတယ်။ ရှေးခေတ်ဂရိပြည်က အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်မှုတွေ မလုပ်ရဲကြပါဘူး။ အိမ်ထောင်ဘက် လင်ယောက်ျားတွေကို မရိုသေရင် နတ်ဘုရားတွေက စိတ်ဆိုးပြီး ပြစ်ဒဏ်ခတ်တယ်ဆိုတဲ့ အယူအဆတွေကလဲ လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ရိုက်နှက်ညှဉ်းပမ်းမှုတွေ၊ နတ်ဘုရားတွေက ပေးမယ့် ပြစ်ဒဏ်တွေကို ကြောက်ရွံ့ပြီး ဘ၀တလျှောက်လုံး အမျိုးသားတွေထက် နိမ့်ကျသူတွေအဖြစ်ပဲ ခံယူကျင့်သုံးနေခဲ့ကြပါတယ်။

ဒါပေမယ့်လဲ (၁၉) ရာစုရောက်တော့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီး စာရေးဆရာတွေ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီး စာရေးဆရာတွေဖြစ်တဲ့ Artemis၊ Thaleia၊ Eurydice တို့ဟာ အမျိုးသမီးတွေရဲ့ ပညာရေး၊ လူမှုရေး အခြေအနေ နိမ့်ကျမှုတွေကို မီးမောင်းထိုး ဖော်ပြလာကြပါတယ်။ (၁၈၈၇) ခုနှစ်ရောက်တော့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူ Calliope Parren က ဦးဆောင်ပြီး အမျိုးသမီးများ ဆိုတဲ့ သတင်းစာကို စတင်ထုတ်ဝေပါတော့တယ်။ အကြောက်တရားတွေ လွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်းတခုအတွင်းမှာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်တဲ့အခါ ကလောင်လက်နက်ဟာ အရေးကြီးလှပါတယ်။ လှုပ်ရှားမှုကြီးရဲ့ အခြေခံသဘောတရားတွေ၊ စည်းမျဉ်းတွေ၊ လုပ်ငန်းဆောင်တာတွေ၊ အတွေးအခေါ်တွေကို လူထုထဲမှာ ကနဦး ချပြဖို့ လိုပါတယ်။ ဒီလို ချပြပြီး အတွေးအခေါ် အုတ်မြစ်ချပြီးမှ ဖော်ဆောင်တဲ့ လှုပ်ရှားမှုတွေဟာ ကောက်ရိုးမီးတောက်ပမာ ၀ုန်းခနဲ ထတောက်တဲ့ လှုပ်ရှားမှုတွေထက် ပိုပြီး အောင်မြင်တတ်ပါတယ်။ ဂရိအမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ ဒီကလောင်လက်နက်ကို အသုံးပြုပြီး အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုကြီးကို စတင်ခဲ့ကြပါတယ်။

အတွေးအခေါ် အုတ်မြစ်ချပြီး လှုပ်ရှားတဲ့ လှုပ်ရှားမှု ဖြစ်တာကြောင့် ဂရိအမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုဟာ တစတစ ကျယ်ပြန့်လာခဲ့ပြီး၊ မျိုးဆက်သစ် အမျိုးသမီးအခွင့်အလမ်း ခေါင်းဆောင်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ (၁၉၂၀) ခုနှစ်ရောက်တော့ အမျိုးသမီး ဂီတဆရာမတဦးဖြစ်တဲ့ Theodoropoulou က အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၃၀ ကာလတွေရောက်တော့ စစ်အာဏာရှင် Ioannis Metaxas ရဲ့ လက်အောက်မှာ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုတွေကို တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီးတွေဟာ ဒုတိယကမ္ဘာစစ်ကာလ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ကျရာနေရာကနေ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ ရောက်တော့ ဂရိလူ့အဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အများအပြား ပေါ်ထွက်လာပါတယ်။ မြို့ပြ လူနေမှုအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာမှု၊ စက်မှုနိုင်ငံတော်သစ် တည်ဆောက်လာမှု၊ လူလတ်တန်းစား လူဦးရေ များပြားလာမှုတွေနဲ့အတူ အမျိုးသမီးမဲပေးခွင့် အခွင့်အလမ်းတွေလဲ ရရှိလာပါတယ်။

ဒါပေမယ့်လဲ (၁၉၆၇) ခုနှစ်ရောက်တော့ ဂရိနိုင်ငံမှာ Papadopoulos စစ်အာဏာသိမ်းမှု ဖြစ်ပွားပါတော့တယ်။ စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ လှုပ်ရှားသွားလာမှုတွေကိုပါ ကန့်သတ်ချုပ်ချယ်ခဲ့ကြပါတယ်။ ကျောင်းသားပွဲတော်တွေမှာ ကျောင်းသားတွေနဲ့ ယှဉ်တွဲပြီး ကျောင်းသူတွေ ပါဝင်ဆင်နွှဲခွင့်ကိုပါ တားမြစ်ပိတ်ပင်ခဲ့ကြပါတယ်။ အာဏာသိမ်းစကာလမှာ လူအများစုဝေးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်တွေကို ပိတ်ပင်ထား တာကြောင့် အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ခေတ္တရပ်တန့်သွားပေမယ့်၊ အချိန်အနည်းငယ်အတွင်းမှာပဲ မြေအောက်လှုပ်ရှားမှု ကွန်ယက်တွေကို ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလတွေမှာ တနိုင်ငံလုံးစစ်ကျွန်ဘ၀ကို ကျရောက်နေချိန်ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီးမှသာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အလမ်းတွေ ရရှိလာနိုင်မယ်ဆိုတဲ့ အချက်ကို ဂရိအမျိုးသမီး ခေါင်းဆောင်တွေနဲ့ ကျောင်းသူတွေက သိနားလည်ခဲ့ကြပါတယ်။ ဒါကြောင့်လဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

(၁၉၇၃)ခုနှစ်ရောက်တော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက အရှိန်ကောင်း လာခဲ့ပါတယ်။ မေလမှာ ဂရိရေတပ်မတော်က အရာရှိတွေဟာ နိုင်ငံတကာ စစ်ရေး ပူးတွဲလေ့ကျင့်မှု လုပ်နေရာကနေ ဂရိနိုင်ငံကို မပြန်တော့ပဲ ရေတပ်သင်္ဘောကို ရောမကို ဦးတည် ခုတ်မောင်းသွားခဲ့ပါတယ်။ အနီးဆုံး လေဆိပ်ကနေ တယ်လီဖုန်းနဲ့ နိုင်ငံတကာ သတင်းစာနယ်ဇင်းတွေကို အကြောင်းကြားပြီး ဂရိစစ်အာဏာရှင်တွေရဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကို ဖော်ထုတ်ဆန့်ကျင်လိုက်ကြပါတယ်။ စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်ဟာ တကမ္ဘာလုံးကို ပျံ့နှံ့သွားပြီး ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို အာဏာရှင်တွေက သတ်ဖြတ်နှိမ်နင်းတာကြောင့် ဂရိစစ်တပ်တွင်းက အရာရှိတွေကိုယ်တိုင်က စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ကြတော့ပဲ (၁၉၇၄) ခုနှစ်ရောက်တော့ အာဏာရှင်စနစ်ကြီး ပြိုလဲသွားခဲ့ပါတယ်။

ဂရိအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူအများအပြားဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီး တွေဟာ ဇွဲလုံ့လ မလျှော့ပဲ အဆုံးသတ်အောင်ပွဲရတဲ့အထိ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုလမ်းကြောင်းကိုလဲ မသွေမဖည် ဆုပ်ကိုင်ထားခဲ့ကြပြီး အာဏာရှင်စနစ်ကို ဖယ်ရှားပြီး နောက်ပိုင်းကာလရောက်တော့ မပြီးဆုံး သေးတဲ့ လှုပ်ရှားမှုတွေကို ဆက်လက်အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ဂရိအမျိုးသမီးတွေရဲ့ ဇွဲလုံ့လနဲ့ နောက်မဆုတ်စတမ်း တိုက်ပွဲဝင်ရဲတဲ့ အားမာန်တွေကြောင့် ၁၉၈၃ ခုနှစ်မှာ ကျားမ တန်းတူညီမျှခွင့်ကို အသိအမှတ်ပြုတဲ့ မြေယာဥပဒေသစ် ထွက်ပေါ်လာပါတယ်။ တန်းတူညီမျှ လုပ်အားခ ရရှိရေး၊ ပညာသင်ခွင့် အခွင့်အလမ်း ရရှိရေး လှုပ်ရှားမှုတွေကိုလဲ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ (၁၉၈၁) ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ဂရိအစိုးရ အုပ်ချုပ်ရေးယန္တရား အဆက်ဆက်မှာလဲ အမျိုးသမီး ၀န်ကြီးတဦး အနည်းဆုံးပါဝင်ပြီး၊ အမျိုးသမီး ဒုတိယ၀န်ကြီးများစွာ ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီတွေမှာလဲ အမျိုးသမီး ခေါင်းဆောင်အများအပြား ပေါ်ထွက်လာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဂရိကွန်မြူနစ်ပါတီကို အမျိုးသမီးခေါင်းဆောင်က ဦးဆောင်ခဲ့ပါတယ်။

အမျိုးသမီးတွေဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာတွေနဲ့ ပတ်သက်ပြီး အရေးကြီးသူတွေ မဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတဲ့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အခုဆိုရင် အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးသမီး ပညာရှင်တွေ၊ အမျိုးသမီး အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ အများအပြားပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေး ပညာရှင် Laura Cram က ဒီလိုပြောင်းလဲမှုတွေဟာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစနစ် ထွန်းကားရေး တိုက်ပွဲတွေမှာ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းတိုက်ပွဲဝင်ရဲတဲ့ ရဲစွမ်းသတ္တိနဲ့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု လမ်းကြောင်းကို လက်ဆင့်ကမ်းပခုံးပြောင်းပြီး မဆုတ်မနစ် ကိုင်စွဲခဲ့ကြတဲ့ ဇွဲလုံ့လတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၂၀၀၉)

(၂၀၀၉ ခုနှစ်တွင် ဒီမိုကရက်တစ် မြန်မာ့အသံ၊ အမျိုးသမီး အခွင့်အလမ်း အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သော အသံလွှင့်ဆောင်းပါး ဖြစ်ပါသည်)

အပြည့်အစုံဖတ်ချင်ရင်..>>>

အကောင်းဆုံးကျောင်း

Friday, April 15, 2011

မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။




'ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ'
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။

'ဟေ့၊ ဖက်တီး'
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။

ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။

အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။

'ကောင်းလိုက်တာ၊ ကျောင်းမသွားရတော့ဘူး'
မြေးလေးက ၀မ်းသာအားရ ပြောတယ်။

'ကျောင်းသွားရမှာပါ၊ ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး'

အဘိုးအိုက ပြန်ပြောလိုက်တယ်။ ပြီးတော့
'မြေးလေးတက်ရမယ့် ကျောင်းကို အဘိုးကိုယ်တိုင် ရှာမယ်'

အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။

ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံးဝဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ၀မ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။

ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေး တခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။

'အဘိုး၊ နေကောင်းရဲ့လား။ ရေတခွက် ယူလာပေးရမလား'
အသံတသံက ထွက်ပေါ်လာတယ်။
'ကစားကွင်းထဲမှာ ခုံတန်းရှည်လေး ရှိတယ်။ လာထိုင်ပါလား'
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။

မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
'မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ' လို့ ပြောလိုက်တယ်။

'အဘိုးမှားနေပြီ။ ကျွန်တော်တို့ကျောင်းက အကောင်းဆုံး ကျောင်း မဟုတ်ပါဘူး။ အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ'

ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။

ညနေခင်းမှာ ကလေးရဲ့ အမေက အဘိုးအိုကို ပြောတယ်။

'အဖေ။ အဖေက စာဖတ်တတ်တာလဲ မဟုတ်ဘူး။ အကောင်းဆုံးကျောင်းနဲ့ ဆရာကို ရှာတွေ့တယ်လို့ ဘယ်လိုသိသလဲ'

အဘိုးအို ပြန်ဖြေလိုက်တာက

'ဆရာတယောက်ရဲ့ အရည်အချင်းကို ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်'


မူရင်းစာရေးသူ- A.Lopatina and M.Skrebtsova (Wise Short Tales)
ဘာသာပြန်သူ- ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာနှင့် သင်္ကြန်ကဗျာစာစုများ

Thursday, April 14, 2011

PCFB Poems

အပြည့်အစုံဖတ်ချင်ရင်..>>>

အတာရေနဲ့အတူ

Tuesday, April 12, 2011

နှစ်ကူးချိန် အခါသမယ

အတာရေသွန်းလောင်းချိန်မှာ

ရွှေရည်စိမ် အပြုံး

ရွှေရည်စိမ် စေတနာ၊

ရွှေရည်စိမ် အမုန်း

ရွှေရည်စိမ် မေတ္တာ၊

ရွှေရည်စိမ် မောင်နှမ

ရွှေရည်စိမ် သစ္စာ၊

ရွှေရည်စိမ် ဘဝ

ရွှေရည်စိမ် မိတ်သဟာ၊

ရွှေရည်စိမ် ဖွဲ့စည်းပုံ

ရွှေရည်စိမ် ဒီမိုကရေစီတို့

အတာရေနဲ့အတူ

ကွယ်ပျောက်ပါစေသား။

မြန်ပြည်သူတို့ ဘဝ

အေးချမ်းပါစေသား။


ခင်မမမျိုး (၁၂၊ ၄၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

ကြားညပ်နေတဲ့ မြန်မာပြည်

Thursday, April 7, 2011

မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြု (The use of force) ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယသမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာတန်ဖိုး (strategic value) အမြင့်ဆုံးနိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ထားခြင်း ခံရတဲ့ နိုင်ငံတနိုင်ငံလဲ ဖြစ်ပါတယ်။ မြန်မာ့အရေးကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ အချက်တွေပေါ်မှာပဲ မူတည်ပြီး တွက်ချက်စဉ်းစားမှု လုပ်လို့ မရနိုင်ပါ။ ပထ၀ီဝင်နိုင်ငံရေး (Geopolitical factors) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ ဆက်စပ်စဉ်းစားမှု လုပ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးရှိမယ့် ချဉ်းကပ်မှုသဏ္ဍာန်သစ်တွေ၊ မဟာဗျူဟာအခင်းအကျင်းတွေကို ထိထိရောက်ရောက် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။




၂၀၁၁ ခုနှစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ

ဝါရှင်တန်က ထုတ်ပြန်လိုက်တဲ့ National Military Strategy မှာ အာရှ-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအကျိုးစီးပွား (strategic interests) တိုးမြှင့်ရေး ပါရှိပြီး၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ရေး အချက်တွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တည်ဆောက်ရး (military modernization) နဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အချက်တွေကိုလဲ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ အာရှနိုင်ငံတွေအကြားက ကာကွယ်ရေးညွှန်ကြားချက် (defence guidelines) တွေကလဲ ပြုပြင်တိုးချဲ့မှုတွေ ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံက ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘော၊ ကင်းထောက်လေယာဉ်နဲ့ ရဟတ်ယာဉ်အမြောက်အမြား ၀ယ်ယူဖို့ စီမံထားပါတယ်။ တောင်ကိုးရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကလဲ ရေငုပ်သင်္ဘောဝယ်ယူဖို့ စီမံချက်တွေရှိပြီး၊ မလေးရှားနိုင်ငံရဲ့ လက်နက်တင်သွင်းမှုက ရာခိုင်နှုန်းတက်လာပါတယ်။ စင်ကာပူနိုင်ငံကလဲ ရေငုပ်သင်္ဘော နှစ်စီး ထပ်ပြီး ၀ယ်ယူအင်အားဖြည့်လာပါတယ်။ သြစတြေးလျနိုင်ငံကလဲ ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ တိုးချဲ့ဖို့ စီမံလာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံရှိပြီး၊ လက်နက်တင်သွင်းမှုကိန်းဂဏန်းတွေကို ထပ်ဖြည့်လိုက်ရင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ အထက်မှာ ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေက ဆိုထားခဲ့ပါတယ်။ high seas operations အတွက် နယူးကလီးယား ပါဝါသုံး လေယာဉ်တင်သင်္ဘော သုံးစီးကို ၂၀၁၇ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ ပြုလုပ်ထားတဲ့ စီမံချက်အရ ပထမဦးဆုံး လေယာဉ်တင်သင်္ဘောကို ၂၀၁၁ ခုနှစ်မှာ အပြီးတည်ဆောက်နိုင်မယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ F-22 ဂျက်တိုက်လေယာဉ်ဒီဇိုင်းကို ပုံစံတူယူထားတဲ့ J-20 stealth jet fighter ကို ဇန်န၀ါရီလမှာ စမ်းသပ်ခဲ့ပါတယ်။

အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာလဲ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိရှိပြီး၊ ၃၃ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ဖို့ စီမံချက်ရှိပါတယ်။ scorpene submarines တည်ဆောက်မှုများ ရှိပြီး၊ anti-aircraft submarine နဲ့ စစ်လက်နက်ပစ္စည်းအများအပြား ၀ယ်ယူမှုတွေ ရှိပါတယ်။ ဘိုအင်းလေကြောင်းကုမ္ပဏီအပါအ၀င် လေကြောင်းကုမ္ပဏီတွေမှာ ဂျက်တိုက်လေယာဉ် ၁၂၆ စင်း မှာယူထားဆဲပါ။

အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အကြားက စစ်အင်အားအပြိုင်အဆိုင် တိုးချဲ့မှု (arms race) ဟာ အာရှ-ပစိဖိတ်ဒေသမှာ ရှိတဲ့ နိုင်ငံတွေရဲ့ စစ်ရေးတာဝန်ရှိသူတွေ၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံရေးသမားတွေအတွက် မလွဲမသွေ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေဖြစ်ပါတယ်။


တရုတ်- အိန္ဒိယ ဆက်ဆံရေး (Sino- Indian Relations)

၁၉၅၀ ကာလတွေမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တတိယကမ္ဘာရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေးရင်းနဲ့ ကောင်းမွန်ခဲ့ကြပါတယ်။ ဒါပေမယ့် တိဘက်ခေါင်းဆောင် ဒလိုင်လားမားကို အိန္ဒိယသမ္မတ နေရူးက ခိုလှုံခွင့်ပေးမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြားက သံတမန်ဆက်ဆံရေး ပျက်ယွင်းလာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အိန္ဒိယအုပ်ချုပ်ခံ နယ်တွေကို တရုတ်တပ်တွေ ၀င်ရောက်တပ်စွဲလာတဲ့အခါမှာ အိန္ဒိယက Forward Policy ကို ကျင့်သုံးပြီး၊ တရုတ်တပ်တွေကို ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံကလဲ armed co-existence policy ကို ကျင့်သုံးပြီး၊ စစ်ရေးအရ ထိပ်တိုက်ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ပွဲပြီးဆုံးသွားခဲ့ပေမယ့် အိန္ဒိယဘက်က humiliating defeat အနေနဲ့ သတ်မှတ်ထားဆဲပါ။

၁၉၆၄ခုနှစ်မှာ တရုတ်နိုင်ငံက နယူးကလီးယားလက်နက်နိုင်ငံ (nuclear weapon state) ဖြစ်လာချိန်မှာ အိန္ဒိယက စစ်ရေးအရ ခြိမ်းချောက်မှုအနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ ဆယ်နှစ်အကြာမှာ အိန္ဒိယနိုင်ငံကလဲ နယူးကလီးယား လက်နက် ပိုင်ဆိုငတဲ့ နိုင်ငံ ဖြစ်လာခဲ့ပကါတယ်။ ၁၉၇၀၊ ၁၉၈၀ ကာလတလျှောက်မှာ နှစ်နိုင်ငံအကြား nuclear arms race တွေ ဖြစ်ပွားခဲ့ပြီး၊ ၁၉၈၀ နှောင်းပိုင်းမှာမှ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ fair and reasonable settlement ပြုလုပ်ဖို့အတွက် ပူးတွဲအလုပ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ဒီအလုပ်အဖွဲ့ရဲ့ ထောက်ခံချက်တွေဖြစ်တဲ့ ၁၉၉၃ ခုနှစ် Maintenance of Peace and Tranquillity နဲ့ ၁၉၉၆ ခုနှစ် Confidence Building Measures ဆိုင်ရာ စာချုပ်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဒီလိုအပြုသဘောဆက်ဆံရေးတွေ ရှိနေပေမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ပါကစ္စတန်အရေး၊ တိဘက်အရေးနဲ့ ဟိမ၀န္တာတောင်တန်း တောင်ပိုင်းနဲ့ Aksai Chin Plateau တို့မှာရှိနေတဲ့ နယ်နိမိတ်အငြင်းပွား ဒေသ နှစ်ခုနဲ့ ပတ်သက်ပြီး ပြေလည်မုတွေ မရှိခဲ့ပါဘူး။ အိန္ဒိယဘက်က မဟာဗျူဟာ အမြင်မှာ တရုတ်နိုင်ငံဟာ အိန္ဒိယကို ခြိမ်းချောက်နိုင်တယ် ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမှုတွေ ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးကလီးယား စမ်းသပ်မှုတွေ ဖြစ်ပွားနေချိန်မှာ၊ ကာကွယ်ရေးဝန်ကြီးက တရုတ်ဟာ အိနိံ္ဒယရဲ့ ရန်သူနံပါတ် (၁) လို့ သတ်မှတ်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက မဟာဗျူဟာလေ့လာသူတွေကလဲ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ ရှိနေပြီး၊ ပစိဖိတ်မှာကလဲ အမေရိကန်ရဲ့ ပါဝါရှိနေတာကြောင့် မဟာမိတ်တန်ဖိုး (alliance values) ပြောင်းသွားခဲ့ရင် တရုတ်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ တွက်ဆထားကြပါတယ်။ အာရှနိုင်ငံရေးအခင်းအကျင်းမှာ ပေါ်ထွက်လာတဲ့ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံတို့အကြားက trilateral security dialogue အခင်းအကျင်းတွေ၊ အင်ဒို- ဂျပန် မဟာမိတ် အခင်းအကျင်းတွေ ပါဝင်နေတဲ့ Asian-Pacific trilateralism ဟာ တရုတ်နိုင်ငံကို စစ်ရေးအရ ၀ိုင်းဝန်းပိတ်ဆို့မှု ပြုလာနိုင်တယ်လို့ ယူဆထားကြပါတယ်။

၂၁ ရာစုမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ စစ်ရေးအပြိုင်အဆိုင်အင်အားတိုးချဲ့မှုတွေ ကြီးမားလာခြင်းရဲ့ အဓိက အရေးကတော့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်မှုပဲ ဖြစ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာနဲ့ ပတ်သက်ရင် တရုတ်နဲ့ အိန္ဒိယကို two scorpions in a bottle လို့ စစ်မဟာဗျူဟာ အသိုင်းအ၀ိုင်းက သတ်မှတ်ထားပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရဲ့ survival ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့ အရှေ့မြောက်ပိုင်းဒေသ ပဲဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအင်အား (economic power) ဟာ ရေနံတင်သွင်းမှုပေါ်မှာ မူတည်နေပါတယ်။ လက်ရှိမှာ နိုင်ငံတွင်းလိုအပ်ချက်ရဲ့ ၆၅ ရာခိုင်နှုန်းက ပင်လယ်ကွေ့ဒေသကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးတင်သွင်းရတာပါ။ ၂၀၁၅ မှာဆိုရင် ၇၅ ရာခိုင်နှုန်း အထိ တင်သွင်းဖို့ လိုအပ်လာမယ်လို့ သတ်မှတ်ထားကြပါတယ်။

တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကလဲ အိန္ဒိယသမုဒ္ဒရာကို တည်မှီနေတာ ဖြစ်ပါတယ်။ အဲဒီမှာမှ တရုတ်နိုင်ငံက ဆိပ်ကမ်းတွေကို အ၀င်အထွက်လုပ်နေတဲ့ သင်္ဘောတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ မလက်ကာ ရေလက်ကြားကနေ ဖြတ်သန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် Malacca Dilemma ဟာ တရုတ်မဟာဗျူဟာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအတွက် ကြီးမားလှတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။ မလကာရေလက်ကြားနဲ့ အိန္ဒိယသမုဒ္ဒရာကို အိန္ဒိယနဲ့ အနောက်နိုင်ငံတွေက ထိန်းချုပ်သွားနိုင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးအင်အားပြိုလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်ရေးကို စတင်စီမံလာခဲ့ကြပါတယ်။

အိန္ဒိယသမုဒ္ဒရာနှင့် အပြိုင်အဆိုင် စစ်အင်အားတိုးချဲ့မှုများ

တရုတ်နိုင်ငံ People's Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြန့်ကျက်ထိန်းချုပ်ထားနိုင်ရေးမှာ ပုလဲသွယ်မဟာဗျူဟာက အဓိက ကျပါတယ်။ ဒီဗျူဟာအရ တရုတ်ပြည်မကနေ ပါရှန်းပင်လယ်ကွေ့အထိ SLOC (Sea Lines of Communication) တလျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ မဟာဗျူဟာအရ ပူးတွဲခြင်း၊ ဆိပ်ကမ်းတည်ဆောက်ခြင်း စတာတွေ ပြုလုပ်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဟိုင်နန်ကျွန်းက military facilities တွေ တိုးမြှင့်မှု၊ ဗီယက်နမ်အရှေ့ပိုင်းက Woody ကျွန်းပေါ်မှာ airstrip တိုးချဲ့မှု၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာ container shipping facility တည်ဆောက်မှု၊ မြန်မာနိုင်ငံ၊ ရခိုင်ဒေသမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မှု၊ ပါကစ္စတန်နိုင်ငံ ၊ ဂျီဝါဒါဆိပ်ကမ်း စတောတွေဟာ ဒီဗျူဟာရဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်။

တရုတ်ရေတပ်ကို offshore waters (Green Water) Navy Status ကနေ High Seas (Blue Water) Navy Status အထိ မြှင့်တင်ရန် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ရာကနေ nuclear-powered aircraft carrier တည်ဆောက်ရေး စီမံကိန်းတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းတောင်ပိုင်းက Sanya ရေတပ်စခန်းမှာ nuclear-powered ballistic missile submarines (SSBNs) တည်ဆောက်မှုတွေ ရှိနေပါတယ်။

အိန္ဒိယ နိုင်ငံကလဲ light aircraft carrier တည်ဆောက်မှု၊ missile-armed submarines တည်ဆောက်မှု တွေ ပြုလုပ်ပြီး three dimensional nuclear strategic capability ကို တိုးမြှင့်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ နှစ်သုံးဆယ်ရေငုပ်သင်္ဘောတည်ဆောက်မှု စီမံကိန်းကို အကောင်အထည် ဖော်ပြီး၊ project-15 B လို့ခေါ်တဲ့ စစ်သင်္ဘော တည်ဆောက်မှုစီမံကိန်းတွေကိုလဲ ပြုလုပ်နေပါတယ်။ Land-based naval aviation ဗျူဟာကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းပြင်ဆင်မှုတွေ ရှိနေပါတယ်။

စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့ရုံမက အရေးကြီးတဲ့ မဟာဗျူဟာ ဒေသတွေ ထိန်းချုပ်ရေးတွေကိုလဲ ပြုလုပ်နေကြပါတယ်။

မဟာဗျူဟာဒေသများ

အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာ စစ်ရေးပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အရေးကြီးတဲ့ မဟာဗျူဟာ ဒေသ သုံးခုရှိပါတယ်။ ပထမတခုက အမ်ဒမန်ကျွန်းစုပေါ်က Port Blair ဖြစ်ပါတယ်။ ဒီဒေသဟာ မလက္ကာရေလက်ကြားနဲ့ ရေမိုင် (၅၀၀) အကွာမှာ ရှိပြီး၊ India's East Command အတွက် အချက်အချာအကျဆုံး နေရာ ဖြစ်ပါတယ်။

ဒုတိယတခုက တိဗက်ဒေသ ဖြစ်ပါတယ်။ ၂၀၁၀၊ သြဂုတ်လမှာ Qinghai- Tibet ရထားလမ်းကတဆင့် တရုတ်လေတပ်အတွက် အရေးကြီးတဲ့ combat readiness materials တွေကို နေရာရွှေ့ပြောင်း ချထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိဘက်မှာ တရုတ်ရဲ့ လေတပ်အခြေစိုက်စခန်း လေးခုရှိရာက၊ အောက်တိုဘာလမှာ လေတပ်အခြေစိုက်စခန်းတခုကို ထပ်မံ တည်ဆောက်ထားခဲ့ပါတယ်။

တတိယတခုက မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ- အနောက်အုပ်စုတွေရဲ့ အကြားမှာ အရေးကြီးဆုံး ဖြစ်တဲ့ Burma factor ဆိုတာကို စစ်မဟာဗျူဟာ ရှုထောင့်ကနေ မဖြစ်မနေ ထည့်သွင်းစဉ်းစားကြပါတယ်။ အန်ဒမန်ကျွန်းစုတွေနဲ့ ရေမိုင် သုံးဆယ်အကွာမှာရှိတဲ့ ကိုးကိုးကျွန်းနဲ့ မြန်မာ့ပင်လယ်ရေပိုင်နက်ထဲက ဟိုင်းကြီးကျွန်းတွေက အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပွားလာနိုင်ချေရှိတဲ့ future conflicts တွေရဲ့ decisive victory ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒီကျွန်းတွေပေါ်မှာ တရုတ်ရေတပ်ရဲ့ naval facilities, radars နဲ့ signal-intelligence posts တွေသာ ရှိနေမယ်ဆိုရင် အိန္ဒိယတပ်နဲ့ အနောက်အုပ်စုတပ်တွေရဲ့ လှုပ်ရှားမှုတွေအားလုံးကို တရုတ်က မျက်ချေမပြတ်စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေနိုင်မှာဖြစ်ပါတယ်။ တရုတ်ရေတပ်ကို carrier strike force, land-based naval aviation ဗျုဟာတွေနဲ့ ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့ ဆိုတာကလဲ မြန်မာနိုင်ငံ လေတပ်စခန်းတွေကို အခြေပြုတဲ့ air cover မရှိမှ ဖြစ်နိုင်မှာပါ။ ဒါကြောင့် Burma factor ဟာ ၂၁ရာစု strategic challenges ဗဟိုချက်မမှာ ရှိတဲ့ အိန္ဒိယသမုဒ္ဒရာတွင်းက strategic rivalries တွေရဲ့ အရေးအကြီးဆုံး strategic decisive factor ဖြစ်နေပါတယ်။

နိဂုံး

အခုလို စစ်ရေးအရ၊ နိုင်ငံတကာ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်မားလာကြတဲ့ ၂၀၁၁ ခုနှစ်မှာ၊ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကလဲ ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာ အမေရိကန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ အစိုးရသစ်ကို ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ ချဉ်းကပ်မှုမျိုးစုံတွေ အပြိုင်အဆိုင် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေအကြားမှာ တိုင်းပြည်တိုးတက်ရေး၊ စစ်ရေးအရ ကြားမညပ်စေရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးတည်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေလဲ ပေါ်ထွက်လာသင့်ပြီ ဖြစ်ပါတယ်။

ကြားညပ်ပြီး စုပ်ပြတ်သပ်ချုံးချုံးကျနေတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်သူတွေဟာ မြန်မာနိုင်ငံသားတွေပါပဲ။ အပြန်အလှန် စွပ်စွဲမှုတွေ၊ စိန်ခေါ်မှုတွေ၊ တဘက်နဲ့ တဘက် အနိုင်ယူလိုမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ ရလဒ်ထွက်ပေါ်လာရေးကို မစဉ်းစားပဲ ရလဒ်ဖြစ်အောင် ဦးဆောင်သူအနေနဲ့ သတ်မှတ်ခံချင်မှုတွေ၊ နဖားကြိုးထိုးခံမှုတွေကနေ ဖောက်ထွက်ပြီး၊ မြန်မာနိုင်ငံသားတွေ အချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှု၊ အသိအမှတ်ပြုမှု၊ ဘုံအကျိုးစီးပွား ရှာဖွေနိုင်မှုတွေ ပေါ်ထွက်လာတဲ့ တနေ့မှာ ကြားညပ်နေသော်လည်း ဘက်မလိုက်တဲ့ မူဝါဒကို အခြေခံသော ခေတ်မှီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်လာနိုင်မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၄၊ ၂၀၁၁)

(စာရေးသူသည် ယူကေနိုင်ငံ အခြေစိုက်၊ စစ်ရေးလေ့လာသူတဦးဖြစ်ပြီး China and Indian Ocean: Strategic Interests in the 21st Century စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါသည်)



အပြည့်အစုံဖတ်ချင်ရင်..>>>

ဆုံးရှုံးနေသော လူ့အခွင့်အရေးများ

Friday, April 1, 2011

Human Rights

အပြည့်အစုံဖတ်ချင်ရင်..>>>

ပြောက်ကျားတိုက်ပွဲများ

Friday, March 25, 2011

တိုက်ပွဲ(၁)- ပြက္ခဒိန် ပိုစတာ


အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- မန္တလေးတိုင်း

"ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ။ ငါတို့ ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး။ တခုခုတော့ လုပ်ရမယ်"
"ငါလဲ မင်းလိုပဲ စဉ်းစားမိတယ်။ ဘယ်နဲ့ကွာ။ စစ်မတိုက်ချင်လို့ စစ်တက္ကသိုလ်မတက်ပဲ ရိုးရိုးတက္ကသိုလ်တက်တာပေါ့။ ဘွဲ့ရပြီးကာမှ ငါတို့က စစ်သားဝင်လုပ်ရမှာလား"
"အေးကွာ။ တတိယကမ္ဘာစစ်ဖြစ်နေတာလဲ မဟုတ်ဘူး"
"တတိယကမ္ဘာစစ်ဖြစ်နေတာ မဟုတ်ဘူးဟေ့။ လူသတ်ပွဲဖြစ်နေတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေ၊သီလရှင်တွေကို ပစ်သတ်တာ၊ ရိုက်သတ်တာ မတွေ့ဘူးလား။ ငါတို့ကို စစ်မိန့်နဲ့ အဲလို သတ်ခိုင်းဖို့ ကြံစည်နေတာ"
"မိုက်ရိုင်းတယ်ကွာ။ ငါကတော့ စစ်မိန့်တွေ၊ဘာတွေ ဂရုမစိုက်ဘူး။ ဦးနှောက်ရှိတဲ့ လူကွ။ ငါ့ကိုလာပြီး ဘုန်းကြီးသတ်ခိုင်းလို့ကတော့ ငါ့သေနတ်ပြောင်းဝမှာ ဘုန်းကြီးတွေ မရှိစေရဘူး။ သေနတ်ပြောင်းပြန်လှည့်မှာပဲ"



"သေနတ်ပြောင်းပြန်လှည့်တာက နောက်မှကွ။ ပြန်မလှည့်ခင် ငါတို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ခိုင်းမယ်၊ ရွာတွေ မီးရှို့ခိုင်းမယ်၊ မိုင်းကွင်းဖြတ်ခိုင်းမယ်၊ လူသတ်ခိုင်းမယ်။ ဒါတွေ လုပ်ဖို့ စစ်တပ်မှာ အင်အားအပြည့် မရှိတော့ဘူးကွ။ သူတို့တပ်တွေမှာ ဗိုလ်တွေပဲ ရှိပြီး၊ အရာခံ၊ အကြပ်၊ တပ်သားဖွဲ့စည်းပုံတွေ မပြည့်ဘူးလို့ ကြားတယ်။ အဲဒီပြဿနာကို ဖြေရှင်းတာ"
"ဒါတခုတည်းတင် မဟုတ်ဘူးကွ။ ငါတို့တိုင်းပြည်က နောင်တခေတ်ရဲ့ ခေါင်းဆောင် လူငယ်မျိုးဆက်သစ်တွေကို စစ်ဗိုလ်တွေရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နာခံရပြီး၊ ဦးကျိုးသွားအောင် လုပ်တာ။ ဒါမှလဲ သူတို့ရဲ့ စစ်သွေးကြွနိုင်ငံတော် တည်ဆောက်ရေး စီမံချက်ကြီး အောင်မြင်သွားမှာပေါ့"
"အေး၊ ဟုတ်တယ်ကွ။ ခုဆို ရွေးကောက်ပွဲမှာလဲ အရပ်ဝတ်ဗိုလ်တွေနဲ့ ကြံ့ဖွတ်တွေပဲ အနိုင်ရကြတယ်။ လွှတ်တော်ထဲမှာလဲ ရွေးကောက်ပွဲမ၀င်ပဲ အချောင်ပါလာတဲ့ ဖားတပိုင်း၊ ငါးတပိုင်းတွေကလဲ ရှိသေးတယ်ကွာ။ ဒီတော့ လွှတ်တော်နိုင်ငံရေးမှာ သူတို့ပဲ ကြီးစိုးထားတာ။ ဒါပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကိုတော့ သူတို့ ကြောက်တယ်ကွ။ ဒါကြောင့် လူငယ်တွေ ဦးကျိုးသွားအောင် ချိုးဖို့ လုပ်တာ"
"အဲလိုဆိုရင် ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအားလုံး စစ်ကျွန်ဘ၀ရောက်ပြီပေါ့ကွ။ လွှတ်တော်တွင်းမှလဲ ဖားတပိုင်း၊ ငါးတပိုင်းတွေ၊ လွှတ်တော်ပြင်ပမှာလဲ စစ်မှုထမ်းဟောင်းတွေပဲ ဖြစ်ကုန်ပြီပေါ့။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ကြမှာလဲ"
"တောက်၊ ခံပြင်းတယ်ကွာ"
"ခံပြင်းနေလို့ မပြီးဘူးကွ။ ဒါကို ငါတို့က ငြိမ်ခံနေကြမှာလား။ ငါတော့ကွာ။ စစ်မှုထမ်းပြီး ဦးချိုးခံရ၊ စစ်မြေပြင်မှာ ခွေးသေ၊ ၀က်သေ အသေခံရတာထက်စာရင် မတရားတဲ့ ဒီအမိန့်အာဏာတွေကို ဖီဆန်ပြီး သေရတာကမှ တော်သေးတယ်လို့ မြင်တယ်"
"ဟုတ်တယ်ကွ။ ငါတို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဒီလိုဖြစ်နေရတာ။ ဒီစနစ်ကို မဖယ်ရှားမချင်း ငါတို့ ဘ၀အနာဂတ်တွေ မရေမရာဖြစ်နေဦးမှာပဲ"
"ငါတို့ ဘာလုပ်ကြမလဲ"
"အေး၊ ဟုတ်တယ်။ ငါတို့ တခုခုလုပ်ရမယ်။ ဒါပေမယ့် ငါတို့မှာ အဆက်အသွယ် မရှိဘူးကွ"
"မန္တလေးဘက်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းတချို့ရှိတယ်။ သူတို့ကတော့ အင်တာနက်ပေါ်ကနေ ပိုစတာလေးတွေ ရတယ်။ အဲဒါလေးတွေ ပရင့်ထုတ်ပြီး၊ ပိုစတာကင်ပိန်း လုပ်တယ်ကွ"
"မင်းကလဲကွာ။ ပိုစတာကပ်ရုံနဲ့ ဒီအစိုးရက ပြုတ်ကျမှာတဲ့လား"
"အဲလိုတော့ မဟုတ်ဘူးလေကွာ။ တဘက်ရန်သူက အင်အားကြီးတယ်။ ငါတို့ အုပ်စုလေးမှာက လူ ၅ယောက်ပဲ ရှိတာ။ ဒီအတိုင်းပဲ ထွက်တိုက်လိုက်ရင် အင်အားချင်းမမျှဘူးလေ။ ဒီတော့ ပြောက်ကျားတိုက်ပွဲ လုပ်ရမယ်။ ဒီလို လုပ်တာမှာလဲ ငါတို့လိုမျိုး စစ်အာဏာရှင်စနစ်ကို တိုက်ချင်တဲ့ လူတွေအားလုံး ပါဝင်လာအောင် လှုံ့ဆော်ဖို့ ပိုစတာကင်ပိန်း လုပ်ဖို့လိုတယ်"
"ဒါပေမယ့် ငါတို့ဆီမှာ ပိုစတာမှ မရှိတာ"
"သားတို့ ဘာတွေ ပြောနေကြတာလဲ"

အဖေ ၀င်လာသဖြင့် လူငယ်တစု ပြောနေသော စကားဝိုင်း ရပ်သွားသည်။ သူတို့ လူငယ်များ အချင်းချင်းဆွေးနွေးနေသော စကားလုံးများကို အဖေများ ကြားသွားလေသလားဟူသော စူးစမ်းကြည့်ဖြင့် မိုးအေးက လှမ်းကြည့်သည်။ အဖေက ခပ်အေးအေးပင်။
"သားတို့တွေ၊ ပိုစတာလုပ်ချင်လို့လား။ လူငယ်ဆိုတာ မရှိတာကို အကြောင်းပြတာထက်၊ ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားရတယ်။ လိုရင်ကြံဆ၊ နည်းလမ်းရပေါ့ကွာ။ သြော်-သား၊ မင်းအမေ သိမ်းထားတဲ့ ပြက္ခဒိန်ဟောင်းတွေ အများကြီးရှိတယ်လေ။ ပြက္ခဒိန် စာမျက်နှာ အလွတ်တဘက်မှာ မင်းတို့ဆွဲချင်တဲ့ ပုံဆွဲပြီး၊ ကြွေးကြော်သံတွေ ရေးလိုက်ရင် ပိုစတာဖြစ်ပြီပေါ့ကွ။ ကွန်ပျူတာတွေ၊ ဂရပ်ဖစ်တွေ မပေါ်တဲ့ ခေတ်တုန်းက အဖေတို့တွေ ဒီလိုပဲ လုပ်ခဲ့ကြတာပဲ"
"အဖေ"
မိုးအေးက ၀မ်းသာအားရဖြင့် လှမ်းခေါ်တော့ အဖေက သားပခုံးကို လှမ်းဖက်လိုက်သည်။
"ပိုစတာသွားကပ်ရင်တော့ သတိထားကြကွာ။ သတိရှိရှိနဲ့လုပ်။ တိုက်ပွဲဖော်တယ်ဆိုတာ သတိရှိရတယ်"

ထူးခြားသော အားအင်တခုက အဖေဆုပ်ကိုင်ထားသော လက်မောင်းများမှတဆင့် မိုးအေးကိုယ်ထဲသို့ စီးဝင်သွားသည်။ အခန်းထဲမှ မိုးအေးသူငယ်ချင်းများတွင်လဲ အပြုံးကိုယ်စီဖြင့်။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ မကြာမီရက်ပိုင်းအတွင်းတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြက္ခဒိန် ပိုစတာများ မိုးအေးတို့ မြို့လေးတွင် ပျံ့နှံ့သွားပေတော့မည်။ အခြားမြို့များ၊ ရွာများသို့လည်း အဆိုပါ ပြောက်ကျားတိုက်ပွဲလေးများ ဆက်လက်ပျံ့နှံ့သွားပါက …...................................။

တိုက်ပွဲ (၂) – ဗလာစာရွက်၊ ဖြန့်ဝေစာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ပဲခူးတိုင်း

"မမဆီမှာ ပိုက်ဆံ အပိုနည်းနည်းများ ရှိလားဟင်"
"ဟဲ့၊ မိသူ။ နင်ငါ့ကို ဒီလိုတခါမှ မမေးဖူးပါဘူး။ ဘာဖြစ်လို့လဲ။ အမေက မုန့်ဖိုးမပေးဘူးလား"
"မုန့်ဖိုးတော့ ပေးပါတယ်။ ဒါပေမယ့် ငွေနည်းနည်းလိုနေလို့ပါ"
"မဟုတ်သေးပါဘူးဟယ်။ မိသူ၊ နင်မှန်မှန်ပြောစမ်း။ ဘာလုပ်မလို့လဲ။ နင့်မှာ ရည်းစားရှိနေပြီလား။ ဆယ်တန်းကျောင်းသူ ရည်းစားထားကို မမခွင့်မပြုဘူးနော်"
"မဟုတ်ပါဘူး၊ မမရဲ့။ ရည်းစားမထားပါဘူး။ ညီမလေးက ဒီစာရွက်လေးတွေကို ကော်ပီကူးပြီး ဖြန့်ချင်လို့ပါ"
သူသူ့လက်ထဲမှ စာရွက်လေးတွေကို ကြည့်ပြီး၊ မမမျက်လုံးပြူးသွားသည်။
"ဟဲ့၊ ဒါက စစ်အစိုးရဆန့်ကျင်ရေးကြေငြာချက်တွေပဲ"
"ဟုတ်တယ်မမ။ ညီမလေး ဒါတွေကို ဖြန့်ချင်လို့။ အဲဒါ ကော်ပီဆွဲဖို့ ငွေလိုနေတာ"
"ဘာလို့ လုပ်ချင်ရတာလဲ မိသူရယ်။ နင်အဖမ်းခံရလိမ့်မယ်"
မမရယ်၊ အဖမ်းခံရမှာကို ညီမလေး မကြောက်ပါဘူး။ ညီမလေးတို့ ဘ၀တွေ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာ မမအသိဆုံးနေမှာပါ။ မမဆိုရင် အဝေးသင်နဲ့ ဘွဲ့ရပြီးပြီ။ ဒီဘွဲ့လေးရအောင် စတိုးဆိုင်မှာ အလုပ်လုပ်ရင်း မမ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ မုဆိုးမအမေလဲ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ ဟော- ခုဘွဲ့ရတော့ကော မမဘ၀က တိုးတက်လာလား။ မမဘွဲ့ရရင် ရုံးတရုံးမှာ အရာရှိဖြစ်မှာပဲလို့ မျှော်လင့်ချက်လေးနဲ့ အမေ့မှာ ရုန်းကန်ခဲ့ရတာ။ ၀န်ထမ်းရွေးချယ်ရေးက အဝေးသင်ဘွဲ့ရတွေကို အရာရှိအလုပ် မလျှောက်ရဘူးဆိုတော့ ခုမမ ဘာလုပ်နေရလဲ။ မနက်မှာ စတိုးဆိုင်အရောင်းစာရေး၊ ညနေမှာ စားသောက်ဆိုင် အဆိုတော်။ ခုညီမလေး ဆယ်တန်းအောင်ပြီးရင်ကော၊ ဘာဖြစ်လာမှာလဲ။ ဘယ်မှာလဲ ညီမလေးတို့ ကျောမွဲကျောင်းသူတွေရဲ့ အနာဂတ်"

သူသူ့ အပြောကြောင့် မမ ငိုင်သွားသည်။ ဘွဲ့ရရင်တော့ ဘ၀ အပြောင်းအလဲလေး တစုံတရာဖြစ်မလားလို့ မမ မျှော်လင့်ခဲ့ဖူးသည်။ သို့ပေမယ့် ဘ၀ပြောင်းဖို့နေနေသာသာ၊ မယိုင်လဲအောင်တောင် မနည်းထိန်းနေရသည်။ အမေမျှော်လင့် ခဲ့သလို၊ ရုံးအရာရှိဖြစ်ဖို့ဝေးစွ။ ရုံးစာရေးအလုပ်ပင် အဆက်အသွယ်ကောင်းရှိမှ ရသည်တဲ့။ ဖခင်ကလဲ မရှိ၊ ဆွေမျိုး သားချင်းလဲ မရှိသော မုဆိုးမအမေနှင့် ညီအစ်မနှစ်ယောက်ဘ၀မှာ ဘယ်လိုအဆက်အသွယ် ရှိပါမည်တဲ့လဲ။ စားသောက်ဆိုင် အဆိုတော် အလုပ်လေး ရတာတောင် ကံကောင်းပေလွန်းလို့။

"မမရယ်။ ညီမလေးတို့ဘ၀တွေ ဒီလိုနဲ့ပဲ အဆုံးသတ်ရတော့မှာလားဟင်။ ညီမလေးတို့ မရေရာ၊ မသေချာ ဘ၀နဲ့ပဲ မဆုံးချင်ဘူး။ ကျောင်းမှာလဲ ကျူရှင် မတက်နိုင်တော့ သိပ်မျက်နှာငယ်တာပဲ။ ဒီကြားထဲ ရေအိုးဖိုး၊ တံမြက်စည်းဖိုး၊ အချိန်ပိုဖိုး၊ ဆရာကန်တော့ပွဲအလှူငွေဆိုပြီး တမျိုးပြီးတမျိုးတောင်းကြသေးတယ်။ ဟိုနေ့တုန်းကဆို အေတန်းက ဗိုလ်မှူးသမီး တယောက်က ညီမလေးတို့ကို မဆီမဆိုင်ချိုးချိုးဖဲ့ဖဲ့လာပြောလို့ ညီမလေးတို့ ဘီတန်းက ကျောင်းသူတွေနဲ့ စကားများကြတယ်။ ဆရာမတွေက ဘာလုပ်လဲသိလား မမ။ အကောင်သမီးနဲ့ ရန်ဖြစ်လို့တဲ့။ ညီမလေးတို့ကို ရိုက်ပြီး သူ့ကိုတောင်းပန်ခိုင်းတယ်။ ညီမလေးတို့ဘ၀တွေက ဘာဖြစ်နေပြီလဲဟင်။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေး။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ အနာဂတ်ပန်းတိုင်"

သူသူက ပြောရင်း မျက်ရည်များကျလာသည်။ မမလဲ မျက်ရည်ကို မနည်းထိန်းထားရသည်။ ဆိုင်မှာ ပြောနေကြသော ဇိုင်းဂနိုင်း လူသတ်ပွဲကို သတိရလာသည်။ စားသောက်ဆိုင်ကအပြန် လူငယ်ချင်းရန်ဖြစ်တာကို တဘက်စစ်ဗိုလ်က စစ်တပ်ခေါ်လာပြီး လမ်းမပေါ်မှာတင် လူငယ်တွေကို ပစ်သတ်သတဲ့။ မမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေပြီလဲ။ ရောမခေတ်ကလို ကျွန်ဇာတ်သွင်းခံနေရပြီလား။ ဒါဆို ဘယ်သူတွေက သခင်တွေလဲ။ ဘယ်သူတွေက ကျွန်တွေလဲ။ ပြည်သူလူထုက စစ်အာဏာရှင်တွေရဲ့ ကျွန်တွေ ဖြစ်နေပြီလား။

"ညီမလေးကို ပိုက်ဆံနည်းနည်းပေးပါ မမရယ်။ ကော်ပီဆွဲပြီး၊ ကြေငြာချက်လေးတွေ သွားဖြန့်ချင်လို့ပါ"

"မမဆီမှာလဲ ငွေပိုငွေလျှံ သိပ်မရှိဘူး သူသူ။ ပြီးတော့ ကော်ပီသွားဆွဲတုန်း ကော်ပီဆိုင်က အစိုးရလူတွေကို သတင်းပေးလိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီလိုလုပ်ပါလား။ မမတို့ ရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ဗလာစာအုပ်လေးတွေ ၀ယ်မယ်လေ။ ပြီးရင် အချိန်အားတွေမှာ ဗလာစာရွက်တွေပေါ်မှာ ကူးရေးမယ်။ မမသူငယ်ချင်းတွေကိုလဲ ကူရေးခိုင်းမယ်၊ သူသူ့သူငယ်ချင်းတွေကိုလဲ ကူရေးခိုင်း။ ပြီးရင် စုပြီး ဖြန့်မယ်လေ"

"ကောင်းတယ်မမ။ အဲဒါကောင်းတယ်။ ညီမလေးက ငွေမရှိလို့ စိတ်ဆင်းရဲနေတာ။ ခုလိုဆို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ကြေငြာချက်တွေ ဖြန့်လို့ ရပြီပေါ့နော် မမ"

သူသူက မျှော်လင့်ချက်မျက်ဝန်းလေးများဖြင့် ၀မ်းသာအားရ ပြောသည်။ မမလည်းပျော်ပါသည်။ အချိန်အားရတာနှင့် ကြေငြာချက်စာလေးများကို ဗလာစာအုပ်ထဲမှာ ကူးပြီး စာရွက်လေးတွေ လိုက်ဖြန့်မည်။ သူငယ်ချင်းများကိုလဲ ကူးပြီး ဖြန့်ခိုင်းမည်။ ငွေမရှိလို့ စစ်အာဏာရှင်စနစ်ကို မတိုက်နိုင်တာ မဖြစ်စေရ။ ဗလာစာရွက်၊ ဖြန့်ဝေစာများဖြင့် စစ်အစိုးရကို တိုက်မည်။ ဗလာစာရွက်၊ ဖြန့်ဝေစာလေးများ တပြည်လုံးအနှံ့၊ ပျံ့နှံ့သွားသော တနေ့မှာ …............................။

တိုက်ပွဲ (၃) - နှုတ်ခမ်းနီ လှုံ့ဆော်စာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်

"ဟဲ့။ ကျော်အောင်။ သား ဒါဘာလုပ်နေတာလဲ"

ကျောင်းသို့ အစောကြီးလာပြီး၊ ပြတင်းပေါက်မှန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ လိုက်ကပ်နေသော ကျော်အောင်တယောက်၊ နောက်မှ အသံကြောင့် ရုတ်တရက်လန့်သွားရသည်။ လှည့်ကြည့်လိုက်တော့ ကျော်အောင်တို့ ဌာနမှ ကထိက ဆရာမ။
"ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ ဆရာမ"
"ကဲလာလာ၊ ဆရာမတို့ ကင်တင်းဘက်သွားရအောင်၊ ဒီနားမှာ ရပ်နေလို့ သိပ်မကောင်းဘူး"

ပြောပြောဆိုဆိုဖြင့် ဆရာမက ကင်တင်းဘက်ထွက်သွားတာကြောင့် ကျော်အောင်လဲ ဆရာမနောက်သို့ လိုက်သွားရသည်။

"ဘာလို့ ဒီလို လုပ်ရတာလဲ သားရယ်။ သားက စာလဲတော်တယ်။ မိဘတွေ မရှိတော့ပေမယ့် ကိုယ့်ထူးကိုယ်ချွန်ကြိုးစားရင်း အလုပ်လုပ်နေရတာ။ ဆရာမနဲ့ တွေ့တာမဟုတ်ပဲ တခြားလူတွေနဲ့ တွေ့သွားရင် သားဘ၀ပျက်သွားမှာပေါ့"
"ကျွန်တော်တို့ လူငယ်တွေရဲ့ ဘ၀တွေက ပျက်ပြီးသားပါ ဆရာမရယ်။ ဒီလိုကျောင်းတက်နိုင်အောင် ကျွန်တော် ဘာလုပ်နေရတယ်လို့ ဆရာမထင်လဲ"
"သားပြောမှ ဆရာမသိမှာပေါ့"
"ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ် မတက်ခင် အလုပ်ရှာတယ်ဆရာမ။ အလုပ်က လွယ်လွယ်ကူကူ မရဘူး။ နောက်တော့ အသိတယောက်အဆက်အသွယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်သွင်းတဲ့ အလုပ်ရတယ်။"
"လိုင်စင်မဲ့ဆိုင်ကယ်။ ဒါဆို ဥပဒေနဲ့ ဘယ်ကင်းပါ့မလဲ"
ဆရာမက အံ့သြတကြီးနှင့် ကျော်အောင့်ကို ကြည့်သည်။

"ဟုတ်တယ်ဆရာမ။ ယိုးဒယားဘက်ကနေ ဆိုင်ကယ်ပစ္စည်းတွေသွင်း၊ ပြန်ဆင်ထားတဲ့ ၀စ်ဒေါက် တွေလေ။ ကျွန်တော်တို့က ဆင်ပြီးသားဆိုင်ကယ်တွေကို တောင်ကြီးအထိ သွားမောင်းယူပေးရတာ"
"အန္တရာယ်များလိုက်တာဟယ်"
"ဟုတ်တယ်ဆရာမ။ အန္တရာယ်များပါတယ်။ ဒါပေမယ့် ငွေလွယ်လွယ်ရတော့ ဒီအလုပ်တွေထဲမှာ လူငယ်တွေ အများကြီးပဲ။ ဆိုင်ကယ်တင်မဟုတ်ဘူး ဆရာမ။ ရာဘဆေးတွေ သွင်းတဲ့လိုင်းတွေ၊ ကားတွေသွင်းတဲ့လိုင်းတွေ အများကြီးရှိတယ်။ ဒါတွေကို ဘယ်သူတွေက လုပ်နေတယ်ထင်လဲဟင် ဆရာမ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာကို လူမှုရေးဦးတည်ချက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင်တွေ ကိုယ်တိုင် လုပ်နေကြတာ။ ကျွန်တော်တို့ကို အဲဒီပခုံးကြယ်ပွင့်ပါ ပုဂ္ဂိုလ်တွေနဲ့ ဆွေမျိုးသားချင်းတွေက ခိုင်းနေကြတာဗျ။ သူတို့အချင်းချင်း စားကျက်လုပြီး သူ့လူ၊ ကိုယ့်လူစားကြရင်လဲ ကျွန်တော်တို့ လူငယ်တွေက မဖြစ်စလောက်ငွေလေးတွေနဲ့ ကြားကနေ ထောင်ကျခံကြရတာပါ"

ဆရာမက ဂရုဏာမျက်လုံးဖြင့် လှမ်းကြည့်နေရုံမှတပါး ဘာမှ ဆက်မပြောနိုင်ဖြစ်သွားသည်။
"ဒီစစ်အာဏာရှင်တွေလက်အောက်မှာ ကျွန်တော်တို့ တိုင်းပြည်ကြီးရဲ့ စီးပွားရေးကဏ္ဍကြီးတခုလုံး ခြွတ်ခြုံကျ ပျက်စီးနေတာကို ပညာတတ်ကထိကကြီးဖြစ်တဲ့ ဆရာမက ပိုပြီး သိမှာပါဗျာ။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်သူတွေက လုပ်နေကြတာလဲ။ တရားဝင်စီးပွားရေး လုပ်ငန်းတွေမှာလဲ စစ်အာဏာရှင်တွေနဲ့ ဆွေမျိုးသားချင်းတွေ၊ နီးစပ်ရာတွေက ချုပ်ကိုင်ထားကြတာပါ။ တရားမ၀င်စီးပွားရေး လုပ်ငန်းတွေမှာလဲ သူတို့နဲ့ ဝေစားမျှစား လုပ်နိုင်သူတွေကပဲ ချုပ်ကိုင်ထားကြတာပါ။ ပြည်သူတွေဆိုတာက လက်ဝေခံတွေပါ။ ကျွန်တော်တို့ တိုင်းပြည်ကြီးတခုလုံး နွံနစ်နေပြီ ဆရာမ။ အဲဒီနွံထဲမှာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်တွေပါ မြှုပ်နေပြီ။ ကျွန်တော်တို့ ဘယ်လို ရုန်းထွက်ရမလဲ။ ဒီစစ်အာဏာရှင်တွေကို မဖြုတ်ချပဲ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုတည်ဆောက်လို့ ရမှာတဲ့လဲ။ ကျွန်တော်တို့ရဲ့ ဘ၀တွေကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ဘယ်လို ရုန်းကန်လို့ ရမှာတဲ့လဲ။ တက္ကသိုလ်ပရ၀ုဏ်တွေအထဲထိ ရောက်နေတဲ့ နှစ်လုံးထီ၊ သုံးလုံးထီတွေ၊ ရာဘဆေးတွေ၊ စာကူးချပညာရေးစနစ်တွေ၊ အမှတ်ဝယ်စနစ်တွေကို ကျော်လွှားပြီး ဆရာမတို့ကကော ဘယ်လို ပညာရေးအဆင့်အတန်းကို မြှင့်တင်နိုင်မှာတဲ့လဲ"

တက္ကသိုလ်ကျောင်းတော်ကြီးမှ သင်ကြားထားပေးခြင်းမရှိသော ပကတိအရှိတရား ဘ၀ပညာများကို ရရှိထားသော တပည့်ငယ်ကို ကြည့်ရင်း ဆရာမ ငိုင်သွားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် တပည့်လေးကို သတိကြီးကြီးနှင့် လုပ်စရာရှိတာများလုပ်ဖို့ သတိပေးရသည်။ တပည့်ငယ်နှင့် လမ်းခွဲပြီးချိန်အထိ ကျောင်းသူကျောင်းသားများ၊ ဆရာမများက ကျောင်းပရ၀ုဏ်တွင်းမှ သိပ်မရှိသေးကြ။

ပြတင်းပေါက်မှန်တခုပေါ်မှာ ကြွေးကြော်သံများပါသော စာရွက်လေးကို ကြည့်ရင်း သူမ ပြုံးမိသည်။ ပြီးတော့ သူမအိတ်ထဲမှ နှုတ်ခမ်းနီတောင့်လေးကို ထုတ်ပြီး စာရွက်မကပ်ထားသော ပြတင်းမှန်များပေါ်တွင် စစ်အစိုးရဖြုတ်ချရေး- ဒို့အရေး ဟု လိုက်ရေးလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးရန်အဖြေလွှာတချို့ ရုံးခန်းထဲ ကျန်ခဲ့တာမို့ ကျောင်းစောစောလာခဲ့မိတာကို ကိုယ့်ဘာသာကိုယ် ကျေနပ်မိတာတော့အမှန်။ လှုံ့ဆော်စာ စာရွက်များ လက်ထဲမှာ မရှိပေမယ့် သူမတို့ မိန်းကလေးများရဲ့ ပိုက်ဆံအိတ်တွေထဲမှာ နှုတ်ခမ်းနီတောင့်များ ကိုယ်စီဆောင်ထားလေ့ရှိပါသည်။ အဆိုပါ နှုတ်ခမ်းနီလေးများဖြင့် လူအများမြင်နိုင်သော မှန်များပေါ်တွင် လှုံ့ဆော်စာများ လိုက်ရေးထားပါက နှုတ်ခမ်းနီ လှုံ့ဆော်စာများကလဲ တနည်းတဖုံဖြင့် လူထုလှုပ်ရှားမှုကို ထောက်ကူပြုမည် မလွဲ............။

တိုက်ပွဲ (၄)- ကြက်ခြေခတ်၊ ဆန္ဒဖော်ထုတ်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ဧရာဝတီတိုင်း

"မမ၊ ကော်ဖီသောက်ပါဦးရှင့်"
သူနာပြုဆရာမ ဖျော်ပေးသော ကော်ဖီကို ဟန်ပင်မဆောင်နိုင်တော့ပဲ အားရပါးရ မော့ချလိုက်မိသည်။
"သြ၀ါဒခံယူပွဲ အဆင်ပြေရဲ့လား မမ"
"နော်ဆေးရယ်။ မသိတာလဲ မဟုတ်ပဲနဲ့၊ မေးနေသေးတယ်။ တို့လဲ လူနာတွေ ဆေးကုချင်လို့ ဆရာဝန်လုပ်တာပါဟယ်။ သူတို့နဲ့ကျမှပဲ ကိုယ့်ဘာသာကိုယ် ဆရာဝန်လား၊ မူလတန်းကျောင်းသူလားဆိုတာ မသိတော့ဘူး။"
"တိုးတိုးပြောမမ။ တော်ကြာ ဟိုကြံ့ဖွတ်သူနာပြုမ ကြားသွားလို့ တိုင်နေဦးမယ်"
"အမယ်လေး။ တိုင်စမ်းပါစေဟယ်။ နယ်ပြောင်းခံရရုံမကလို့ အလုပ်ထုတ်ခံရရင်တောင် တို့မှာ နားအေးပါးအေး နေရဦးမယ်။ ခုတော့ တခါလာ ၀န်ကြီး၊ တခါလာ ဒုဝန်ကြီး၊ တခါလာ တိုင်းမှူးနဲ့ တယောက်ပြီးတယောက်လာပြီး သြ၀ါဒပေးနေကြတာ။ တို့မှာ အလုပ်ပျက်၊ အကိုင်ပျက်နဲ့။ ဒီကြားထဲ သူတို့အလာမှာ လက်အုပ်လေးတွေ ချီပြီ ကြိုရသေးတယ်။ ဘယ်နဲ့ဟယ်။ လူ့အသက်ကယ်တဲ့ လက်ဆိုပြီး ကိုယ့်ဘာသာကိုယ်ကျေနပ်နေတာ။ ခုမှပဲ လူသိရှင်ကြား လူသတ်သမားတွေကို လက်အုပ်ချီနေရတယ်။ ကိုယ့်လက်ကိုတောင် ကိုယ် မသတီတော့ဘူး"
"မမ။ ဒီနေ့ တခုခုဖြစ်လာတယ်ထင်တယ်။ ဒီလိုပြောတာ တခါမှ မကြားဖူးဘူး"
"ဘာမှမဖြစ်လာပါဘူးနော်ဆေးရယ်။ တို့စိတ်ကုန်နေတာကြာပြီ။ ပြောမထွက်ပေမယ့် ရင်ထဲမှာ မခံချင်စိတ်တွေ အပြည့်ပဲ။ ရှစ်လေးလုံးတုန်းက ဆေးရုံထဲ ၀င်ပစ်တာတွေ သိပြီးကတည်းက သူတို့ မျက်နှာတွေကို မြင်ရရင် မျက်စိထဲ ဆံပင်မွှေးစူးသလို ခံစားနေရတာ"
"မမတောင် ဒီလိုခံစားရရင် နော်ဆေးတို့ဆို ပိုဆိုးတာပေါ့ မမရယ်။ ရွာမှာတုန်းကဆိုရင်လေ သူတို့ဝင်လာပြီဆိုရင် ဘယ်သူအသတ်ခံရမလဲ၊ ဘယ်သူ မုဒိမ်းကျင့်ခံရမလဲဆိုပြီး တထိတ်ထိတ်နဲ့ နေကြရတာ။ ကလေးတောင် သူတို့လာပြီပြောရင် အငိုတိတ်တယ်။ အဲလောက်ထိ ရမ်းကားကြတာ။ အပြစ်မဲ့ လူတွေကို အပြစ်ရှာပြီး သတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေ မြင်ရ၊ ကြားရဖူးတော့ သိပ်မုန်းတာပဲ မမရယ်။ အမှန်ပြောရရင် မြို့ပေါ်မှာ ဗမာဆို မုန်းနေတာ"
"မမလဲ ဗမာပါပဲ နော်ဆေးရယ်။ မမတို့ ဗမာတွေက နော်ဆေးတို့တွေကို ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ စစ်တပ်ကို ထိန်းချုပ်ပြီး လုပ်နေကြတာပါ။ တကယ်တမ်းကျတော့ ဗမာလူမျိုးတွေအပါအ၀င် တိုင်းရင်းသား ပြည်သူတွေအားလုံးက စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေကြရတာပါ"
"ဟုတ်ပါမယ် မမ။ မမတို့နဲ့ နာဂစ်ကယ်ဆယ်ရေး လိုက်မိတော့မှ နော်ဆေး သဘောပေါက်သွားတာပါ။ နော်ဆေးတို့ တိုင်းရင်းသားတွေကိုတင် သတ်ဖြတ်နှိပ်စက်နေတာမှ မဟုတ်ပဲ။ ဗမာလူမျိုးတွေကိုလဲ ဖိနှိပ်လိုက်ကြတာနော်။ ကူညီကယ်တင်မယ့် လူတွေကိုလဲ တိုင်းပြည်ထဲ အ၀င်မခံဘူး။ ဒုက္ခဆင်းရဲ ရောက်နေကြသူတွေကိုလဲ မစောင့်ရှောက်ဘူး။ ဒီကြားထဲ မနေနိုင်လို့ အလောင်းတွေစုပြီး သဂြိုလ်ပေးသူတွေကိုလဲ ဖမ်းလားဆီးလားနဲ့"
"ကျန်းမာရေးစောင့်ရှောက်သူတယောက်အနေနဲ့ ဒီအကြောင်းတွေကို ပြန်ကြားရတိုင်း၊ ပြန်တွေးမိတိုင်း အော့နှလုံးနာမိတယ် နော်ဆေးရယ်။ အရေးထဲ သေစာရင်းလူနာမည်တွေကို သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ လိုက်ထည့်နေတာက တမျိုး"
"ဟုတ်တယ်မမရယ်။ ဒါလား လူထုဆန္ဒ။ မုန်တိုင်းရောက် တမလွန်ရောက်သွားသူတွေရဲ့ အလောင်းတွေကိုကျတော့ ပုပ်ပွနေမှ သဂြိုလ်ကြပြီး၊ ဒီလူတွေရဲ့ နာမည်တွေကိုကျတော့ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ ထည့်ထားတာကို လူထုဆန္ဒ အပြည့်အ၀ ရထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောနေတာများ၊ သူတို့မို့ မရှက်မကြောက်"
"ဟိုတလောက ရွေးကောက်ပွဲကကော ဘာထူးလို့လဲ နော်ဆေးရယ်။ ကြိုတင်မဲတွေ လိုက်ကောက်ကြတာပဲလေ။ တို့တွေအားလုံး ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ခွင့်မှ မရခဲ့ကြတာ"
"အဲဒီတုန်းက ဖော်ထုတ်ခွင့် မရပေမယ့် အချိန်တော့ မနှောင်းသေးဘူး မမ။ နော်ဆေးတို့တွေ သူတို့လုပ်ရပ်တွေကို လက်မခံဘူးဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုတော့ တနည်းနည်းနဲ့ ဖော်ထုတ်ကြရမယ်"
"ပြောပါဦးနော်ဆေး။ နော်ဆေးက ဘယ်လိုနည်းတွေ တွေ့ထားလို့လဲ"
"အထွေထွေ သပိတ်မပေါ်သေးပေမယ့် ပြောက်ကျားတိုက်ပွဲလှုပ်ရှားမှုတော့ လုပ်လို့ရမယ်ထင်တယ် မမ"
"ပြောက်ကျားနည်းဆိုလို့ လူတိုင်းအလွယ်တကူ ပါဝင်နိုင်တဲ့ နည်းတွေနဲ့ စသင့်တယ်ထင်တယ်"
"ဟုတ်တယ် မမ။ ဥပမာ- သတင်းစာတွေ၊ ဂျာနယ်တွေထဲက အစိုးရဦးတည်ချက်ဆိုတာတွေ၊ ကြွေးကြော်သံတွေကို ကြက်ခြေခတ်ပြီး ဆန္ဒဖော်ထုတ်တာကတော့ လူတိုင်းအလွယ်တကူ လုပ်လို့ရတယ်။ အဲဒီကြက်ခြေခတ်ထားတဲ့ သတင်းစာဖြတ်ပိုင်းတွေကို သစ်ပင်တွေ၊ အုတ်နံရံတွေမှာ လိုက်ကပ်ထားလို့လဲ ရတယ်။ ရုံးတွေ၊ ဆိုင်တွေမှာလဲ ဖတ်ပြီးရင် မသိမသာ ကြက်ခြေခတ်ထားလိုက်ရင် နောက်လူက မြင်သွားမှာပဲ"
"ဟုတ်တယ်။ ဒါလဲ လှုပ်ရှားမှုတခုပဲ။ အခြေအနေ၊ အချိန်အခါကြည့်ပြီး လူတိုင်းပါလို့ရတယ်။ ဆန္ဒအစစ်အမှန်ကို ကြက်ခြေခတ်သင်္ကေတနဲ့ ဖော်ထုတ်ပြလို့ရတယ်"
ဒေါက်တာကြူကြူက ပြောရင်းဆိုရင်း၊ သူမရှေ့မှာရှိသော ကျန်းမာရေးစာစောင်၊ မဂ္ဂဇင်းများမှ ဦးတည်ချက်စာမျက်နှာများကို ကြက်ခြေခတ် စလုပ်ချိန်တွင် နော်ဆေးကလဲ ဆေးရုံထဲမှ သတင်းစာများကို သွားယူလေတော့သည်။ ကြက်ခြေခတ် သင်္ကေတများပါသော သတင်းစာများ၊ စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများဖြင့် စစ်မှန်သော ဆန္ဒကို ဖော်ထုတ်ကြသည့် တိုက်ပွဲများ လူထုကြားသို့ ပျံ့နှံ့လာခြင်းဖြင့်................................။

တိုက်ပွဲ (၅)- အမှောင်တိုက်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရန်ကုန်တိုင်း

"တောက်။ မီးကပျက်ပြန်ပြီကွာ"
ဦးစိတ်တို၏ တောက်ခေါက်သံက အမှောင်နှင့် အတူ ထွက်ပေါ်လာသည်။ အကြောင်းသိသော သားနှင့် သမီးကလဲ အခန်းထဲက ထွက်လာကြသည်။ မီးပျက်လျှင် ဖယောင်းတိုင်ခြွေတာသည့်အနေဖြင့် မိသားစုအားလုံး အခန်းတခန်းထဲမှာပဲ စုနေကြသည်။ စာကျက်သူကလဲ ၀ါကျင့်ကျင့် ဖယောင်းတိုင်မီးရောင်လေးဖြင့် စာကျက်ကြရသည်။ ဖခင်၏ လုပ်စာလေးတခုတည်းနှင့် တအိမ်လုံးစားနေကြရသော မိသားစုလေးအတွက် သူများတွေလို အက်ဗာတာ အိပ်မက်တွေလဲ မမက်နိုင်ပါ။
"အမယ်လေး၊ လာကြပါဦးတော်"
အိမ်နောက်ဖေးဘက်မှ အသံကြားတော့ သားသမီးနှစ်ယောက်က ပြုံးကြသည်။ ဦးစိတ်တိုက ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်သည်။
"ဒီမိန်းမကွာ။ ကလေးပဲ နှစ်ယောက်ရနေပြီ။ ခုထိ သရဲကြောက်တုန်း"
မကျေမနပ်ဖြင့် ရေရွတ်မိပေမယ့် ထုံးစံအတိုင်း နောက်ဖေးအိမ်သာမှ ပြန်ထွက်လာသော မိန်းမဖြစ်သူကို ဖယောင်းတိုင်လေးဖြင့် သွားကြိုရပြန်သည်။
"ရှင်ကလဲတော်။ မှောင်မှောင်မည်းမည်းကြီးကို။ ကျုပ်ကြောက်တာပေါ့"
အိမ်ထဲပြန်ရောက်လာတော့ ဒေါ်ပိစိကလဲ ထုံးစံအတိုင်း အရှက်ပြေပြောသည်။ ကြားနေကြ စကားမို့ ဘယ်သူမှ ဘာမှ ပြန်မပြောကြ။

"ငါတို့ဘ၀တွေလဲ ဘယ်တော့များကျမှ အမှောင်ထဲက လွတ်မလဲ မသိပါဘူးကွာ"
"ရှင်က ဘယ်အမှောင်ကို ပြောနေတာတုန်း"
"သြော်- ဒီမိန်းမ။ မီးမှောင်တာကို ပြောတာပေါ့။ ငါ့မှာ တနေ့လုံး အလုပ်က ပင်ပန်းလာပြီး အပျင်းပြေစာအုပ်လေး ဖတ်ချင်တာတောင် မဖတ်ရဘူး။ မီးက ပျက်ပြီ"
"သိပါဘူးတော်။ ဈေးမှာ ဟိုကောင်မတွေ ပြောသံကြားတာတော့ အမှောင်က နှစ်မျိုး ရှိတယ်တဲ့။ မီးမလာတဲ့ အမှောင်က တမျိုး။ နောက်တမျိုးက စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်တခုလုံးကျနေတာကလဲ အမှောင်ထဲ ရောက်နေတာပဲတဲ့"
"ဟ။ မင်းတို့က နိုင်ငံရေးပြောနေကြတာလား"
"နိုင်ငံရေးဆိုတာလဲ ကျုပ်တို့အရေးပါပဲ တော်ရယ်။ ကျုပ်တို့နိုင်ငံကြီးတိုးတက်မှ ကျုပ်တို့ရဲ့ ဘ၀တွေလဲ တိုးတက်မှာပေါ့တော်။ ခုတော့ ကျုပ်မှာလေ၊ ဈေးရောင်းတာတောင် အေးအေးဆေးဆေး မရောင်းရဘူး။ ဈေးခေါင်းတွေ ကြောက်ရ၊ စည်ပင်တွေ ကြောက်ရနဲ့။ ဒီကြားထဲ ဈေးတွေက တက်တော့ အမြတ်မရပဲ အရင်းထဲက မပါသွားအောင်တောင် မနည်းပြောရောင်းနေရတာ။ ခုဆို ကျုပ်ဘုရားရှိခိုးရတာတောင် စိတ်မဖြောင့်ဘူးတော်။ ငါးပါးသီလခံပြီး အလေးခိုးနေရတာ မကောင်းပါဘူးရှင်"
"ငါတို့လဲ မထူးပါဘူးကွာ။ ဒီခေတ်ကြီးမှာ ရုံးကားမောင်းတယ်ဆိုတာနဲ့ ဆီခိုးတာနဲ့က ဒွန်တွဲနေတာပဲ။ ဒီလိုမှ မလုပ်ရင်လဲ လခက လောက်မှ မလောက်တာ"
"တခါတလေ၊ ကျုပ်စဉ်းစားမိတယ်။ ကလေးတွေကြီးလာရင် စာရိတ္တကောင်းဖို့ သင်ပေးရမှာလား၊ အနေအစားချောင်အောင် ဘာမဆိုလုပ်ဖို့ သင်ပေးရမှာလားလို့"
"ဟေ"
ဦးစိတ်တို ငိုင်သွားသည်။ အလင်းရောင်ဖျော့ဖျော့ကြားမှ သူ့မိန်းမမျက်နှာကို ပြန်ကြည့်မိသည်။
"ကျုပ်တကယ်ပြောနေတာ။ ကျုပ်လေ၊ စိတ်မကောင်းဘူး သိလား။ ဈေးထဲမှာ ပြောနေကြတာတော့ ဒါတွေဟာ စစ်အစိုးရကြောင့်တဲ့။ အုပ်ချုပ်သူတွေကိုယ်တိုင်က စာရိတ္တတွေ ချို့ယွင်းပြီး တိုင်းပြည်ဘဏ္ဍာခိုးစားနေကြမှတော့ တတိုင်းပြည်လုံးမှာလဲ သူခိုးကြီး၊ သူခိုးလေးတွေ ပြည့်နေတော့မှာပေါ့တဲ့"

စကားဝိုင်းက အတန်ကြာတိတ်ဆိတ်သွားသည်။ ကလေးများလဲ စာဖတ်ရင်း စားပွဲပေါ်မှာ မှောက်အိပ်နေကြသည်။ ဦးစိတ်တိုက ငုတ်တုတ်ထိုင်နေသည်။ ဒေါ်ပိစိကလဲ နံရံမှီပြီး ငိုက်နေသည်။
"ဟော- မီးလာပြီတော့"
မီးပြန်လာသဖြင့် ဒေါ်ပိစိက ၀မ်းသာအားရ ဖြစ်သွားသည်။
"မီးခလုတ်တွေ သွားပိတ်လိုက်စမ်း"
"ရှင်ဘာပြောတယ်"
"ဟုတ်တယ်။ မီးခလုတ်တွေကို ပိတ်ပစ်လိုက်။ ဒီနည်းနဲ့ ငါတို့တိုင်းပြည်ကို ကယ်တင်ရမယ်"
ဒေါ်ပိစိက အလန့်တကြားဖြင့် ဦးစိတ်တိုကို ကြည့်သည်။
"ငါတို့တွေက သူတို့မီးဖြတ်ရင် မီးမလာဘူးဆိုပြီး စိတ်ညစ်၊ သူတို့မီးပေးရင် မီးလာပြီဆိုပြီး ပျော်နဲ့ သူတို့ခြယ်လှယ်သမျှ ငုံ့ခံနေမှတော့ တတိုင်းပြည်လုံး သူတို့လက်ထဲ ရောက်နေတာ ဆန်းသလားကွ။ ဒီတော့ အာဏာဖီဆန်ရမယ်။ သူတို့မီးပေးတဲ့ နေ့တွေမှာလဲ တတ်နိုင်သမျှ အမှောင်ချပြီး အာဏာဖီဆန်ရမယ်။ မီးမပေးတဲ့ နေ့တွေမှာလဲ မီးပေးဖို့ လျှပ်စစ်ရုံးတွေကို သွားဝိုင်းပြီး တောင်းဆိုရမယ်။ မင်းလဲဒါကို ဈေးထဲမှာပြော။ ငါလဲ လူတွေကို ပြောမယ်။ ဒီလိုအာဏာဖီဆန်တဲ့ တိုက်ပွဲတွေနဲ့မှ ငါတို့ တိုင်းပြည်တခုလုံး အမှောင်ကျနေတာကို ကယ်နိုင်မှာပေါ့ကွ"

ဦးစိတ်တိုစကားဆုံးတော့ ဒေါ်ပိစိက မီးခလုတ်ကို အမြန်သွားပိတ်လိုက်သည်။ အာဏာဖီဆန်သည့် အမှောင်တိုက်ပွဲစလေပြီ။ မတရားသည့် အမိန့်အာဏာဟူသမျှကို တတ်နိုင်သည့်နည်းလမ်းဖြင့် ဖီဆန်သည့် တိုက်ပွဲများ တနိုင်ငံလုံးကို ပျံ့နှံ့သွားခြင်းဖြင့်...........။

ပြောက်ကျားတိုက်ပွဲများမှသည်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆီသို့



ခင်မမမျိုး (၂၆၊ ၃၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

The Use of Force အကြောင်း တစေ့တစောင်း

Tuesday, March 22, 2011

နိဒါန်း

၁၉၄၅ အလွန် ကမ္ဘာ့နိုင်ငံရေးလောကမှာ အချုပ်အခြာအာဏာ ကစားပွဲ (Sovereignty Game) ဆိုတဲ့ သဘောတရားက ခေတ်စားလာခဲ့ပါတယ်။ နိုင်ငံတခုရဲ့ ရပ်တည်နိုင်မှု (survival) ဟာ စစ်အင်အားဆိုတာပေါ်မှာ မူတည်နေခဲ့တာကြောင့် ကမ္ဘာတလွှားမှာ စစ်ပွဲတွေ၊ ကျူးကျော်သိမ်းပိုက်မှုတွေ၊ ကိုလိုနီနယ်ချဲ့စနစ် ကျင့်သုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ ရပ်တည်မှုဟာ ကျူးကျော်စစ်တွေအပေါ် ခုခံစစ်စွမ်းပကား (defensive military capabilities) တခုတည်းပေါ်မှာ မူတည်ခြင်း မရှိပဲ အချုပ်အခြာအာဏာ (sovereignty) ကို နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးမှုပေါ်မှာ မူတည်ရမယ်ဆိုတဲ့ သဘောတရားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားတွေအရ နိုင်ငံတခုကို အခြားနိုင်ငံတခုက စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) အား ထိန်းချုပ်မှုတွေကို Article 2 (4), Articles (39-51) of UN Charterနဲ့ Article 53 of the Vienna Convention on the Law of Treaties 1969 တို့မှာ ဖော်ပြထားခဲ့ပါတယ်။

ဒီလို စစ်ရေးအင်အားအသုံးပြုမှုအား ထိန်းချုပ်ခြင်း (prohibition of the Use of Force) ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံကျင့်သုံးနေတဲ့ acceptable norm တခု ဖြစ်နေပေမယ့်လဲ အကြောင်းကြောင်းအရရ စစ်အင်အားအသုံးပြုရတဲ့ အခြေအနေတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအစုအဖွဲ့တွေကနေ နိုင်ငံတခုကို စစ်ရေးအင်အား အသုံးပြုမှုကို ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခြေအနေတွေမှာ ပြုလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ လေ့လာသုံးသပ်မှုတွေ ရှိလာပါတယ်။ အခုဒီဆောင်းပါးမှာ စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ Just War Doctrine နဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) တွေကို ရေးသားတင်ပြပါမယ်။



Just War Doctrine

၂၀ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု စစ်ရေးအင်အားအသုံးပြုမှုတွေမှာ Just War Doctrine ကို အသုံးပြုပြီး ဒီစစ်ပွဲတွေရဲ့ တရားမျှတမှုကို လေ့လာဆန်းစစ်ကြပါတယ်။ Just War Doctrine သဘောတရားရဲ့ အခြေခံက laws of armed conflict ရဲ့ functions နှစ်ခုဖြစ်တဲ့ jus ad bellum (lit. the law towards war) နဲ့ jus in bello (lit. the law in war) တို့ပဲ ဖြစ်ပါတယ်။ jus ad bellum က နိုင်ငံတကာဆက်ဆံရေးမှာ စစ်ရေးအင်အားအသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ အသုံးပြုမှုအား ကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး၊ jus in bello ကတော့ မလွဲမရှောင်သာ စစ်ရေးအင်အား အသုံးပြုရတဲ့အခါ စစ်ပွဲတွင်းမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ လျော့နည်းရန် ရည်ရွယ်ပါတယ်။

Just War Doctrine အရ စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို jus ad bellum နဲ့ jus in bello ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ တိုင်းတာပါတယ်။ Jus ad bellum criteria အရ နိုင်ငံတခုဟာ အခြားနိုင်ငံတခုအပေါ် စစ်ရေးအင်အားအသုံးပြုမှုဟာ တရားမျှတကြောင်း ဖော်ပြနိုင်ဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်း (legitimate authority), တရားမျှတသော အကြောင်းရင်း (just cause), မှန်ကန်သော ရည်ရွယ်ချက် (right intention), အောင်မြင်မှုအလားအလာ (chance of success), အချိုးအစား (proportionality), နောက်ဆုံးနည်းလမ်း (last resort) ဆိုတဲ့ အချက် အများစုနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။

စစ်ရေးအင်အားအသုံးပြုဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ခွင့်ပြုချက်ရှိမှသာ နိုင်ငံတကာရေးရာမှာ စစ်ရေးအင်အား အသုံးပြုလို့ ရပါတယ်။ UN Charter Article 39 နဲ့ Article 42 အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်လာကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ရင်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် လိုအပ်မယ့် air, sea, land forces တွေကို အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာတွေ ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် နိုင်ငံတကာ လုံခြုံရေးကို ထင်ထင်ရှားရှား ထိခိုက်မှု မရှိလို့ပဲဖြစ်စေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အားနည်းချက်တွေကြောင့်ဖြစ်စေ၊ လုံခြုံရေးကောင်စီက စစ်ရေးအင်အား အသုံးပြုမှု ခွင့်ပြုချက် မပေးနိုင်တဲ့ အခြေအနေတွေ ပေါ်ထွက်လာပါတယ်။

အဲဒီအခြေအနေတွေမှာ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရတွေအနေနဲ့ စစ်ရေးအင်အားကို အသုံးပြုရတဲ့ အခြေအနေတွေလဲ ရှိလာပြန်ပါတယ်။ အထူးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ့် အစိုးရကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရန်ရှာလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားပြိုလဲသွားပြီး၊ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ အုပ်စုတွေ အချင်းချင်း သတ်ဖြတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့ အခြေအနေတွေမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စစ်ရေးအင်အားသုံး ၀င်ရောက်ဖြေရှင်းနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားလာရာကနေ The Right to Protect (R2P) သဘောတရားတွေပါ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

Jus ad bellum criteria အရ ဒုတိယအချက်ကတော့ တရားမျှတသော အကြောင်းရင်း (just cause) ဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှုကို ဖြစ်ပွားစေခဲ့တဲ့ တရားသော အကြောင်းရင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ အထင်ရှားဆုံး အကြောင်းရင်းကတော့ မိမိကိုယ်ကို ကာကွယ်ခြင်း (self-defence) ပဲ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံကို အခြားနိုင်ငံတခုက စစ်ရေးအရ တိုက်ခိုက်လာခဲ့ရင် စစ်အင်အားအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ရေးလေ့လာသူများအကြား အငြင်းပွားစရာ အချက်တခုကလဲ ထပ်မံပေါ်ထွက်လာပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့ မိမိနိုင်ငံကို တိုက်ခိုက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတနိုင်ငံကို စစ်ရေးအင်အားသုံး တိုက်ခိုက်မှု (preemptive self-defence) ဟာ တရားမျှတသော အကြောင်းရင်း ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ အာဖဂန်နစ်စတန် နိုင်ငံကို တိုက်ခိုက်မှုဟာ ဒီသဘောတရားပေါ်မှာ အခြေခံထားပါတယ်။

နောက်ထပ် အချက်တခုကတော့ မှန်ကန်သောရည်ရွယ်ချက် (right intention) ပဲ ဖြစ်ပါတယ်။ စစ်အင်အားအသုံးပြုမှုဟာ အာဏာလွန်ဆွဲဖို့အတွက် မဟုတ်ရပါဘူး။ စစ်ပွဲဖြစ်ပွားရာ နယ်မြေမှာ ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) နဲ့ လူသားလုံခြုံရေး (human security) ကို တည်ဆောက်နိုင်ရေးအတွက် ဖြစ်ရပါမယ်။ ဒီအချက်နဲ့ စစ်အင်အား အသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာသုံးသပ်ကြပါတယ်။

နောက်ထပ်ထင်ရှားတဲ့ အချက်ကတော့ အောင်မြင်နိုင်သော အလားအလာ (chance of success) ဖြစ်ပါတယ်။ ၂၁ ရာစုမှာ သူရဲကောင်းဝါဒ (heroism) ကို အခြေခံတဲ့ suicide missions တွေကို ပြည်တွင်းစစ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာပဲ အသုံးပြုလေ့ရှိကြပါတယ်။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပရော်ဖယ်ရှင်နယ် စစ်တပ်တွေနဲ့ စစ်ရေးနားလည်သူတွေက အောင်မြင်နိုင်သော အလားအလာ မရှိတဲ့ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိကြပါဘူး။ တန်ဖိုးရှိပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် (valuable and clear goals) တွေ မရှိပဲ စစ်အင်အားအသုံးပြုမှုဟာ တရားသော စစ်မဟုတ်ပါဘူး။ စစ်ပွဲဆိုတာ တိုက်ခိုက်ရေးသမားတွေနဲ့ စစ်ပွဲဖြစ်ပွားရာနယ်မြေဒေသက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက် ခြိမ်းချောက်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်နိုင်သော အလားအလာကို တွက်ချက်သုံးသပ်မှုတွေနဲ့ ရည်မှန်းချက် သတ်မှတ်မှုတွေကို စစ်ပွဲမစခင်ကတည်းက ပြုလုပ်ဖို့ လိုအပ်ပါတယ်။

နောက်ထပ်အချက်ကတော့ အချိုးအစား (proportionality) ဖြစ်ပါတယ်။ စစ်အင်အားအသုံးပြုမှုဟာ ခြိမ်းချောက်မှု၊ မတရားမှုတွေ ခံစားရမှုတွေအတွက် မှန်ကန်သော အချိုးအစားနဲ့ အသုံးပြုမှုဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံကို စစ်အင်အားအသုံးပြု တိုက်ခိုက်ခြင်း မပြုလုပ်ခင်မှာ စစ်ပွဲ၏ ရလဒ်များ (outcomes of war) ကို ချိန်ဆတွက်ချက်လေ့ရှိပါတယ်။ စစ်ပွဲရဲ့ရလဒ်တွေဟာ စစ်ပွဲမတိုင်မီ အခြေအနေထက် ပိုပြီး ဆိုးကျိုးကို ဦးတည်စေရင် စစ်ရေးအင်အားကို အသုံးပြုခြင်း ပြုလုပ်လေ့မရှိပါဘူး။

နောက်ထပ်အချက်တခုကတော့ နောက်ဆုံးနည်းလမ်း (last resort) ဖြစ်ပါတယ်။ စစ်ပွဲကို ရှောင်ရှားနိုင်မယ့် အခြားနည်းလမ်းတွေဖြစ်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းမှု၊ constructive engagement ပြုလုပ်မှုစတဲ့ နည်းလမ်းတွေနဲ့ လုံးဝအောင်မြင်မှု မရှိနိုင်မှသာ စစ်ရေးအင်အား အသုံးပြုမှုကို ပြုလုပ်ကြပါတယ်။

jus in bello function (lit. the law in war) ကတော့ စစ်ဥပဒေတွေဖြစ်တဲ့ Geneva law နဲ့ Hague law တွေကို အခြေတည်ထားပါတယ်။ Geneva law က စစ်ရေးပဋိပက္ခရဲ့ သားကောင်တွေကို ကာကွယ်ရေးအပိုင်းတွေနဲ့ ဆက်စပ်ပြီး၊ Hague law ကတော့ စစ်ပွဲများ အသုံးပြုတဲ့ နည်းလမ်းတွေ၊ ဗျူဟာအခင်းအကျင်းတွေ၊ စစ်လက်နက် အသုံးပြုမှုတွေနဲ့ ဆက်စပ်ပါတယ်။ စစ်ရေးပညာရှင်များက jus in bello နဲ့ ပတ်သက်ပြီး စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာဖို့ criteria နှစ်ခုကို အသုံးပြုပါတယ်။ ပထမတခုကတော့ အချိုးအစား (proportionality) ဖြစ်ပြီး၊ ဒုတိယတခုကတော့ ခွဲခြားသတ်မှတ်မှု (discrimination) ဖြစ်ပါတယ်။

အချိုးအစား ဆိုရာမှာ စစ်ဆင်ရေးနည်းလမ်း အသုံးပြုမှု အချိုးအစားဟာ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေနဲ့ အချိုးအစားညီမျှမှု ရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှု မပြုလုပ်ခင်က ချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ သွေဖည်ပြီး၊ collateral damage ဖြစ်ပေါ်စေတဲ့ စစ်ဆင်ရေးနည်းလမ်းတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ခွဲခြားသတ်မှတ်မှု ဆိုတာကတော့ အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ရှိမရှိ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဘယ်လိုစစ်ပွဲမှာပဲဖြစ်ဖြစ် အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ခွဲခြားသတ်မှတ်ချက် ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ အကြမ်းဖက်မှု (Terrorism) နဲ့ တရားသောစစ်ပွဲတွေကို ခွဲခြားထားတဲ့ စည်းဘောင်တခုလဲ ဖြစ်ပါတယ်။

အခုဆက်လက်ပြီး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) အကြောင်းကို ရေးသားတင်ပြပါမယ်။

Humanitarian Intervention

နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအများစုကနေ တခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်းဆိုတဲ့ မူလအခြေခံသဘောတရားမှာ non-military means တွေဖြစ်တဲ့ အရေးပေါ်ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း၊ ကျွမ်းကျင်မှု တို့ဖြင့် ထောက်ပံ့ကူညီခြင်းနဲ့ သံတမန်ရေးရာ နည်းလမ်းများ၊ ပိတ်ဆို့အရေးယူမှု နည်းလမ်းများဖြင့် လူ့အခွင့်အရေး မြှင့်တင်ခြင်း စတာတွေနဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခြင်း (military intervention) တို့ပါ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် စစ်အေးတိုက်ပွဲအလွန် ကာလတွေမှာ non-military means တွေကို humanitarian aid အနေနဲ့ပဲ သတ်သတ်မှတ်မှတ် ခေါ်ဆိုအသုံးပြုလာကြပြီး၊ humanitarian intervention ဆိုတာကို military intervention တမျိုးအနေနဲ့ပဲ သတ်မှတ် အသုံးပြုလာကြတာကြောင့် humanitarian intervention နဲ့ စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) တို့ဟာ ဒွန်တွဲလာပါတော့တယ်။

စစ်ရေးလေ့လာသူတွေက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုတာကို intervention ဆိုင်ရာ အဆိုးမြင်ဝါဒီတွေနဲ့ အကောင်းမြင်ဝါဒီတွေ အပြိုင်အဆိုင်ကစားကွင်း အနေနဲ့ သုံးသပ်ဖော်ပြကြပါတယ်။ Intervention optimism (၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အကောင်းမြင်ဝါဒ) ဆိုတာက failed states တွေကို နိုင်ငံတကာက ၀င်ရောက်ကူညီပြီး နိုင်ငံတော်သစ်ထူထောင်ပေးနိုင်မယ် လို့ ယူဆထင်မြင်ချက်ဖြစ်ပါတယ်။ Intervention pessimism (၀င်ရောက်စွက်ဖက်ခြင်း ဆိုင်ရာ အဆိုးမြင်ဝါဒ) ဆိုတာကတော့ humanitarian crisis တွေကို နိုင်ငံတကာက consent မပေးရင် ၀င်ရောက်စွက်ဖက် ထိန်းသိမ်းခွင့် မရှိဘူးဆိုတဲ့ အယူအဆပါ။

ဒီလို အယူအဆကွဲပြားမှုတွေ ကြောင့် စစ်အေးတိုက်ပွဲလွန်ကာလမှာ humanitarian intervention နဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ failures တွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အဆိုးမြင်ဝါဒကြောင့် ရ၀မ်ဒါမှာ ရက်ပေါင်း၁၀၀ ကျော်အတွင်း လူရှစ်သိန်းသေကြေပျက်စီးမှုကို နိုင်ငံတကာက ထိုင်ကြည့်နေခဲ့ကြရပါတယ်။ ဖြစ်ပွားချိန်မှာ UN Peacekeeping force ဖြစ်တဲ့ အင်အားနှစ်ထောင့်ငါးရာရှိ United Nations Assistance Mission for Rwanda (UNAMIR) က အစိုးရနဲ့ အတိုက်အခံတွေအကြားက အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ဆိုတဲ့ တာဝန်နဲ့ ရ၀မ်ဒါနိုင်ငံတွင်းမှာ ရောက်ရှိနေချိန်ဖြစ်ပါတယ်။

ပြင်သစ်၊ အီတလီနဲ့ ဘယ်လ်ဂျီယံတပ်တွေကလဲ ပဋိပက္ခမှာ ပိတ်မိနေတဲ့ ဥရောပတိုက်သားတွေကို ကယ်တင်ဖို့ နိုင်ငံတွင်းကို ၀င်သွားခဲ့ကြပါတယ်။ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ ရည်မှန်းချက်တာဝန် မရှိတဲ့အတွက် ဒီတပ်တွေအနေနဲ့ ရ၀မ်ဒါပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခြင်း မပြုနိုင်ခဲ့ကြပါဘူး။ လူရှစ်သိန်းကျော်သေပြီးနောက်ပိုင်းမှသာ ပြင်သစ်တပ်တွေက ရ၀မ်ဒါအနောက်ပိုင်းမှာ Humanitarian Protection Zone သတ်မှတ်ဖို့ စစ်အင်အားသုံး ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါက intervention pessimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တခု ဖြစ်ပါတယ်။

intervention optimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တွေလဲ ရှိပါသေးတယ်။ ၁၉၉၃ ခုမှာ ဆိုမာလီးယားပဋိပက္ခကို ၀င်ရောက်ထိန်းသိမ်းဖို့ ပြုလုပ်ခဲ့တဲ့ UNOSOM II မှာ ဖြစ်ပါတယ်။ ဘာသာရေးအယူအဆ ပဋ္ဋိပက္ခတွေ၊ လူမျိုးစုပဋ္ဋိပက္ခတွေနဲ့ ပြည့်နှက်နေပြီး၊ လက်နက်ကိုင်အင်အားစု အများအပြားရှိနေတဲ့ ဆိုမားလီးယားနိုင်ငံမှာ နယ်မြေဒေသ အုပ်ချုပ်ရေးယန္တရားတွေဟာ စစ်ဘုရင်တွေ (warlords) လက်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ပြည်တွင်းစစ်နဲ့ famine ဒဏ်တွေကြောင့် ဆိုမာလီးယား ပြည်သူလူထုဟာ ကြီးစွာသော ဒုက္ခတွေ၊ လူမှုဆင်းရဲတွေကို ခံစားနေကြရပါတယ်။ ဒါပေမယ့် စစ်ဘုရင်တွေက humanitarian aid ကို ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ ပြုလုပ်တာကြောင့် ယူအင်က ပါကစ္စတန် တပ်သား ငါးရာ အင်အားရှိတဲ့ Unite Nations Operations in Somalia (UNOSOM I) ကို peacekeeping တာဝန်နဲ့ စေလွှတ်ခဲ့ပါတယ်။

သို့ပေမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့အတွက် အမေရိကန်ဦးဆောင်တဲ့ United Task Force (UNITAF) က အင်အားသုံးသောင်း ခုနစ်ထောင်ကျော်နဲ့ ၀င်ရောက်ပြီး demilitarized zones around aid operations ဆိုတဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည် ဖော်ခဲ့ရပါတယ်။ ၁၉၉၃ ရောက်တော့ လုံခြုံရေးကောင်စီ resolution အရ UNITAF က ရည်မှန်းချက်တာဝန်တွေကို (UNOSOM II) ကို လွှဲပြောင်းပေးခဲ့ရပါတယ်။ သို့ပေမယ့် UNOSOM II ကတော့ ပိုမိုကြီးလေးတဲ့ ရည်မှန်းချက်တာဝန်နဲ့ ဆိုမားလီးယားမြေပေါ်ကို ၀င်ရောက်သွားခဲ့ပါတယ်။ ကွဲပြားခြားနားနေသော ဆိုမာလီ လက်နက်ကိုင်အင်အားစုများကို အင်အားသုံး လက်နက်ချခိုင်း၍ ဆိုမာလီးယား နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ကူညီအားဖြည့်ရန် ဖြစ်ပါတယ်။ သို့ပေမယ့် ဆိုမားလီးယားစစ်မြေပေါ်က ယူအင်တပ်တွေနဲ့ အခြေအနေက လအနည်းငယ် အတွင်းမှာတင် အင်အားပြုန်းတီးမှုတွေ ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၉၉၅ ခုနှစ်မှာ ရည်မှန်းချက်တာဝန် မပြည့်မှီပဲ ဆုတ်ခွာခဲ့ရပါတယ်။ ကနဦး UNITAF က ဖြည့်ဆည်းထားတဲ့ demilitarized zones သတ်မှတ်ထားမှုတွေကိုပါ ပျက်ယွင်းစေခဲ့ပါတယ်။ ဒါက intervention optimism ကြောင့် ဖြစ်ရတဲ့ failure တခုပါ။

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူလူထုအကြားမှာပဲ ပဋိပက္ခတွေ ရှိနေခဲ့ရင် intervention လုပ်တာနဲ့ ထိရောက်ပေမယ့်၊ နယ်မြေဒေသ၊ လူမျိုးစုအပေါ်မှာ အခြေခံတဲ့ လက်နက်ကိုင်အင်အားစုတွေ ရှိနေရင်တော့ international intervention လုပ်ရုံနဲ့ မထိရောက်နိုင်ပါဘူး။ လူမျိုးစုတွေအကြားမှာ Reconciliation process ကို ဆယ်စုနှစ်ပေါင်းများစွာ၊ အခန့်မသင့်ရင် ရာစုနှစ်ပေါင်းများစွာ ပြုလုပ်နိုင်မှသာ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို ဆိုမားလီးယားနိုင်ငံက သက်သေထူထားပါတယ်။ ဒါကြောင့်လဲ လူမျိုးစုပဋ္ဋိပက္ခများရှိမှု၊ လက်နက်ကိုင်အင်အားစု အများအပြားရှိမှု စတဲ့ သွင်ပြင်လက္ခဏာတွေရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ ဆုံးဖြတ်ချက်တွေမှာ shadow of Somalia က ရိုက်ခတ်မှု ရှိနေတတ်ပါတယ်။ Humanitarian crisis တွေ ဖြစ်ပေါ်နေချိန်တွေမှာတောင် စစ်ရေးအင်အားအသုံးပြုမှု မပါဝင်တဲ့ အခြားနည်းလမ်းတွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။

လုံခြုံရေးကောင်စီရဲ့ Resolution ဆိုတာ ဒီလို ၀င်ရောက်စွက်ဖက်မှုဆိုင်ရာ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ အားပြိုင်မှုတွေ၊ shadow of Somalia အကျိုးဆက်တွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ ဗွီအိုအာဏာအသုံးပြုပြီး ပါဝါဂိမ်းကစားမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ပထ၀ီနိုင်ငံရေး အခြေအနေ၊ အကြောင်းတရားတွေနဲ့ ဆက်စပ်နေတာကြောင့် အားနည်းမှုတွေ အများအပြား ရှိလာပါတယ်။ ဒါကြောင့်လဲ ဒီလိုအားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့ The Right to Protect (R2P) ဆိုတဲ့ သဘောတရားက ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

R2P ကို ပေါ်ထွက်လာစေခဲ့တဲ့ အဓိက တွန်းအားကတော့ ကိုဆိုဗို အရေးကြောင့် ဖြစ်ပါတယ်။ ကိုဆိုဗိုအရေးမှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ဗွီတိုအာဏာကစားပွဲ ပြုလုပ်ကြတဲ့အတွက် ယူအင်က ခွင့်ပြုထားခြင်း မရှိတဲ့ unilateral intervention တွေကို regional organizations တွေနဲ့ တနိုင်ငံချင်းစီက ပြုလုပ်ခဲ့ကြရပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ပေါ်ထွက်လာခဲ့တဲ့ International Commission on Intervention and State Sovereignty (ICISS) က The Responsibility to Protect (R2P) ဆိုတဲ့ စာတမ်းကို ထုတ်ပြန်ပြီး၊ လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်မှုတွေပြုလုပ်ရန် လိုအပ်တဲ့ သင့်လျော်သော အချိန်ကာလတခုမှာ လုံခြုံရေးကောင်စီအနေနဲ့ လုပ်သင့်တဲ့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်ဖို့ နှောင့်နှေးခဲ့ရင် General Assembly in Emergency Special Sessions မှာ စဉ်းစားဖို့နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက သင့်လျော်တဲ့ လုပ်ငန်းဆောင်တာတွေ ကနဦးဆောင်ရွက်ပြီးမှ ယူအင်လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်ရယူဖို့ ဆိုတဲ့ alternative actions တွေကို ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

R2P ရဲ့ သဘောတရားက The Use of Force နဲ့ ပတ်သက်တဲ့ အခြေခံ စည်းမျဉ်းတွေကို သတ်မှတ်ပေးထားပါတယ်။ Just cause အနေနဲ့ လူအများအပြား သေကြေပျက်စီးမှုနှင့် လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ထည့်သွင်းထားပါတယ်။ Humanitarian intervention ရဲ့ precautionary principles အနေနဲ့လဲ မှန်ကန်သော ရည်ရွယ်ချက်၊ နောက်ဆုံးနည်းလမ်း၊ အချိုးအစားညီမျှသော နည်းလမ်းနဲ့ သင့်တင့်လျောက်ပတ်သော အလားအလာတို့ကို ထည့်သွင်းထားပြီး၊ operational principles အနေနဲ့ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်တာဝန်၊ rules of engagement နဲ့ common military approach တို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

နိဂုံး

နိဂုံးချုပ်ဖော်ပြရရင် ပဋိပက္ခတွေကို ငြိမ်းချမ်းသော နည်းလမ်းများ (peaceful means) နဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ကမ္ဘာ့လူ့အဖွဲ့အစည်းတခုလုံးက လက်ခံခြင်း မရှိသမျှ ကာလပတ်လုံး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) ဆိုတာကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲတိုင်းဟာ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပေမယ့် ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) ကို တည်ဆောက်ရတဲ့ စစ်ပွဲတွေကလဲ မလွဲသာ မရှောင်သာ ကမ္ဘာပေါ်မှာ ရှိနေဦးမှာ အသေအချာပါပဲ။ စစ်အင်အားအပြိုင်အဆိုင်တိုးချဲ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး တွက်ချက်တဲ့ strategic calculus တွေ မှားယွင်းပြီး၊ pre-emptive self-defence မဟာဗျူဟာနဲ့ စစ်ရေးအင်အား အသုံးပြုမှုတွေကလဲ ဖြစ်လာနိုင်ချေ ရှိနေဦးမှာပါ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း မပြုတဲ့ နိုင်ငံတော်အစိုးရတွေ ရှိနေသမျှ ကာလတလျှောက်လုံးမှာလဲ စစ်ရေးအင်အား အသုံးပြုမှု အလားအလာတွေ ရှိနေဦးမှာပါပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ရေးအင်အား အသုံးပြုမှု (The Use of Force) ဟာ Just War Doctrine နဲ့ Humanitarian Intervention သဘောတရားတွေနဲ့ ကိုက်ညီနေသမျှ ကာလပတ်လုံး ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးပြုစေမှာ ဖြစ်ပြီး၊ ဒီသဘောတရားတွေကို ကျော်လွန်သွားတဲ့ အခြေအနေကာလတခုမှာတော့ တတိယကမ္ဘာစစ်ကို ဦးတည် သွားစေမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၁၊ ၃၊ ၂၀၁၁)

(စာရေးသူသည် ယူကေနိုင်ငံမှ စစ်မဟာဗျူဟာလေ့လာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ ရရှိထားပြီး၊ စစ်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ သုတေသီ တဦး ဖြစ်ပါသည်)


ရည်ညွှန်းကိုးကား။

Dower, N(2009)”The Ethics of War and Peace”, Polity Press, Cambridge, UK

Coppieters, B & Fotion, N(2002)”Moral Constraints On War: Principles and Cases”, Lexington Books, Maryland, US.

Elshtain, J.B.(2003)”Just War Against Terror”, Basic Books, New York, US.

Evans, M. (2005)”Just War Theory: A Reappraisal”, Edinburgh University Press, Edinburgh, UK.

Guthrie, C & Quinlan, M(2007)”Just War”, Bloomsbury Publishing, London, UK.

ICISS. The Responsibility to Protect. Supplementary Volume to the Report of the ICISS. Ottawa: International Devlopment Research Centre, 2001.

Johnson, J.T(1981)”Just War Tradition and the Restraint of War”, Princeton University Press, Princeton, US.

Tanca, Antonio. Foreign Armed Intervention in Internal Conflict. Dordrecht: Martinus Nijhoff Publishers, 1993

United Nations. "United Nations Charter." United Nations. 25 November 2008 .

Weiss, Thomas G. Humanitarian Intervention. Cambridge: Polity Press, 2007.


အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP