ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အမျိုးသမီးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေး

Thursday, April 8, 2010

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ် အစီအစဉ်မှာ အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို တင်ပြမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုတာမှာ တပါတီအာဏာရှင်စနစ်၊ လူတဦးတယောက်တည်းက အာဏာကို ချုပ်ကိုင်ထားတဲ့ အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ် ဆိုပြီး အမျိုးအမည်တွေ ကွဲပြားပါတယ်။ ဘယ်လိုပဲကွဲပြား၊ ကွဲပြား အာဏာရှင်စနစ်တွေအားလုံးမှာ တူနေတဲ့ သွင်ပြင်လက္ခဏာကတော့ လူထု၊ လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်တာပဲ ဖြစ်ပါတယ်။ လူထုရဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ပြောဆိုဟောပြောခွင့်၊ စုဝေးပြီး ဆန္ဒထုတ်ဖော်ခွင့် တွေကို ပိတ်ပင်တားဆီးထားတဲ့ အစိုးရဆိုရင် ဒါဟာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရပဲဖြစ်ဖြစ်၊ အာဏာသိမ်းပြီး တက်လာတဲ့ အစိုးရပဲဖြစ်ဖြစ် အာဏာရှင် အစိုးရပဲ ဖြစ်ပါတယ်။



ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုတွေ ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။ လက်တင်အမေရိက နိုင်ငံတွေရဲ့ လေးပုံသုံးပုံ၊ အာရှတိုက်နဲ့ အာဖရိကတိုက်နိုင်ငံတွေရဲ့ တ၀က်ကျော်က ပြည်သူလူထုဟာ စစ်အာဏာရှင်လက်အောက်ကို ကျရောက်ခဲ့ရဖူးပါတယ်။ နိုင်ငံရေးပညာရှင်တွေက စစ်အာဏာသိမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဓိက အကြောင်းရင်းကတော့ တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ ဆိုတဲ့ မူရင်းရည်ရွယ်ချက်ပျောက်သွားပြီး၊ တိုင်းပြည်အုပ်ချုပ်ရေး အခန်းကဏ္ဍမှာပါ ၀င်ရောက်စွက်ဖက်ဖို့လိုအပ်တယ်လို့ ထင်မြင်ယူဆလာတာဖြစ်ပါတယ်။ ဒီလိုထင်မြင်ယူဆချက်တွေနဲ့ တိုင်းပြည်အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ ပါဝင်စွက်ဖက်တာ အချိန်ကြာလာတော့ ထိပ်တန်းခေါင်းဆောင်များက အာဏာကို တပ်မက်စွဲလန်းလာပါတယ်။ အထူးသဖြင့် စစ်ဘက်ထိပ်တန်းအရာရှိများရဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ကာကွယ်ဖို့၊ အာဏာတည်မြဲဖို့က တပ်မတော်ရဲ့ ဦးစားပေးရည်မှန်းချက် ဖြစ်လာပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး ရည်မှန်းချက်ဟာ ပျောက်ကွယ်သွားပါတယ်။

ဒါပေမယ့် ၁၉၈၀ နောက်ပိုင်းကာလမှာကျတော့ တတိယလှိုင်း ဒီမိုကရေစီလှိုင်းလုံးကြီးနဲ့အတူ နိုင်ငံတော်တော်များများဟာ စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုတွေ အများအပြားပေါ်ပေါက်လာခဲ့ပါတယ်။ တပ်မတော်ဆိုတာ ထိပ်သီး စစ်ခေါင်းဆောင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ မဟုတ်ပဲ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ဆိုတဲ့ မူလရည်မှန်းချက်ကို သဘောပေါက် နားလည်ထားကြတဲ့ မျိုးချစ်တပ်မတော်သားတွေကလဲ လူထုနဲ့ ပူးပေါင်းလာကြပါတယ်။ လူထုရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အခွင့်အလမ်းတွေ ရလာခဲ့ကြပါတယ်။ အခုဆိုရင် စစ်အာဏာရှင်လက်အောက်မှာ ကျရောက်နေရတဲ့ နိုင်ငံအရေအတွက်ဟာ အနည်းငယ်ပဲ ကျန်ပါတော့တယ်။

အခုဆက်လက်ပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ဆက်လက်တင်ပြပါတယ်။ အမျိုးသမီးများရဲ့ အာဏာရှင်တိုက်ဖျက်ရေး၊ အစိုးရဖြုတ်ချရေး လှုပ်ရှားမှုတွေထဲမှာ ထင်ရှားတဲ့ လှုပ်ရှားမှုကတော့ ချီလီနိုင်ငံအမျိုးသမီးများရဲ့ အိုးလွတ်ခွက်လွတ်များ ချီတက်ပွဲပဲ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ချီလီနိုင်ငံမှာ ဖြစ်ပွားနေခဲ့တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အစားအစာရှားပါးမှုကို ဆန့်ကျင်တဲ့ ဒီလှုပ်ရှားမှုကြီးကို အမျိုးသမီးတွေက ဦးဆောင်ခဲ့ကြပါတယ်။ ထောင်ပေါင်းများစွာသော အမျိုးသမီးတွေဟာ ကုန်ဈေးနှုန်း ကျဆင်းအောင် မလုပ်ပေးနိုင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ ဒန်အိုးဒန်ခွက်လွတ်တွေကို တီးခေါက်ပြီး လမ်းပေါ်ထွက် ဆန္ဓပြခဲ့ကြပါတယ်။ တချို့သော အမျိုးသမီးတွေဟာ ဆိုရင် စစ်သားတွေကို ကြက်စာတွေနဲ့ ပစ်ပေါက်ပြီး၊ လူထုအတွက် မားမားမတ်မတ်မရပ်တည်ရဲပဲ အာဏာရှင်ခိုင်းသမျှ လိုက်လုပ်နေတာကို မီးမောင်းထိုးပြခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုတွေရဲ့ အကျိုးရလာဒ်အနေနဲ့ ချီလီနိုင်ငံက အစိုးရပြုတ်ကျသွားပေမယ့် အာဏာသိမ်းလိုက်တဲ့ စစ်တပ်က စစ်အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးပါတော့တယ်။ ဒါပေမယ့် ချီလီနိုင်ငံက အမျိုးသမီးတွေဟာ ရဲရဲဝံ့ဝံ့ပဲ စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။ ချီလီနိုင်ငံတခုတည်းမှာတင် မဟုတ်ပါဘူး။ လက်တင်အမေရိကက စစ်အာဏာရှင်စနစ် နိုင်ငံပေါင်းစုံမှာ အမျိုးသမီးနိုင်ငံရေးကွန်ယက်တွေ ပေါ်ထွက်လာပါတယ်။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးတက်ကြွမှုကို စစ်အာဏာရှင်တွေက မိသားစုရေးရာ၊ အိမ်မှုကိစ္စရေးရာ၊ နိုင်ငံရေးမဟုတ်တဲ့ လူမှုဝန်ထမ်း လုပ်ငန်းဆောင်တာတွေနဲ့ အသွင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်နိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်နဲ့ မူဝါဒတွေဟာ နိုင်ငံတော်ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုလူတန်းစားအားလုံးရဲ့ လူနေမှုဘ၀ သာယာဝပြောရေးအတွက် အလွန်ပဲ အရေးကြီးပါတယ်ဆိုတဲ့ အချက်ကို လက်တင်အမေရိက အမျိုးသမီးများက ကောင်းကောင်း သဘောပေါက်ခဲ့ကြပါတယ်။

၁၉၇၀ နှောင်းပိုင်းကာလတွေနဲ့ ၁၉၈၀ ဆယ်စုနှစ်ကာလများတလျှောက် လက်တင်အမေရိကမှာ အမျိုးသမီးလှုပ်ရှားမှုတွေ မြေပေါ်မြေအောက် အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ ထင်ရှားတာတွေကတော့ လူ့အခွင့်အရေးအဖွဲ့အစည်းများနဲ့ လူထုလူတန်းစား အဖွဲ့အစည်းများ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ပင်ကိုယ်သဘာဝက မိခင်စိတ်ရှိသူတွေ၊ တဦးနဲ့တဦး ဒုက္ခရောက်ရင် ကူညီဖေးမချင်တဲ့ အခြေခံစိတ်ရှိသူတွေ ဖြစ်တာကြောင့် အလွယ်တကူ စုဖွဲ့လှုပ်ရှားလို့ လွယ်ကူပါတယ်။ ဒီလိုနဲ့ ချီလီက အမျိုးသမီးလှုပ်ရှားမှုတွေဟာ တစတစ ကျယ်ပျံ့လာခဲ့ပါတယ်။ လူတန်းစားအလွှာမျိုးစုံက အမျိုးသမီးတွေ ပါဝင်တာကြောင့် အာဏာရှင်စနစ်ကြောင့် ဖြစ်ရတဲ့ လူမှုရေး၊ စီးပွားရေး ချို့ယွင်းအားနည်းချက်တွေကို ထောက်ပြပြောဆိုနိုင်ခဲ့ကြပါတယ်။ လူထုလူတန်းစားတွေ စုဖွဲ့လှုပ်ရှားလာတဲ့ အဖွဲ့အစည်းတွေဟာ အိမ်နီးနားချင်း၊ မိတ်ဆွေ၊ သူငယ်ချင်းတွေပေါ်မှာ အခြေခံစည်းရုံးပြီး၊ ကွန်ယက်ချိတ်ဆက်လှုပ်ရှားလာကြပါတယ်။


ဒါတင်မကသေးပါဘူး။ ချီလီ၊ အယ်ဆာလ်ဗေတာ၊ အာဂျင်တီးနား အပါအ၀င် လက်တင်အမေရိက နိုင်ငံများနဲ့ အာရှတိုက်က သီရိလင်္ကာနိုင်ငံတို့မှာ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသမီးလူ့အခွင့်အရေးအဖွဲ့များရဲ့ အခန်းကဏ္ဍကလဲ အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အလွန်ပဲ အရေးပါလှပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို ခံရတဲ့ မိသားစုဝင်တွေက တရားရုံးတွေ၊ ရဲစခန်းတွေမှာ သူတို့ သားတွေ၊ လင်ယောက်ျားတွေ၊ ဖခင်တွေကို သွားရောက်ရှာဖွေတွေ့ဆုံဖို့ ကြိုးစားမှုတွေကနေ အစပြုလာခဲ့တာပါ။ တဖြည်းဖြည်း ကွန်ယက်တွေ ကျယ်ပြန့်လာပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတော့တယ်။ သူတို့တွေဟာ ပျောက်ဆုံးနေတဲ့ သူတို့ မိသားစုဝင်တွေ၊ အကျဉ်းကျခံထားရတဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို မိခင်တွေ၊ အဖွားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ စစ်အာဏာရှင် အစိုးရတွေကို ထိတ်လန့်တကြား ဖြစ်စေခဲ့ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံပရိသတ်များရှင်။

အာဏာရှင်စနစ်ဆိုတာ လူသားတွေရဲ့ အနာဂတ်ဘ၀ပန်းတိုင်ကို စနစ်တကျ စီမံဖျက်ဆီးတဲ့ စနစ်ဖြစ်ပါတယ်။ လူတွေကို အကြောက်တရားတွေသွင်းပြီး၊ လူတွေရဲ့ အောင်စိတ်ကို အညွန့်ချိုးတဲ့ စနစ်ဖြစ်ပါတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ချွတ်ချုံကျစေတဲ့ စနစ်ဖြစ်ပါတယ်။ အာဏာရှင်လူတန်းစားနဲ့ သူတို့ အမျိုးအဆွေ၊ နီးစပ်သူတွေကလွဲရင် လူထုတရပ်လုံးကို ဆင်းရဲတွင်းထဲ တွန်းပို့စေတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြရမှာပဲဖြစ်ပါတယ်။ ဒါဟာ သမိုင်းပေးတာဝန်ပါပဲ။ ဒီလို အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အမျိုးသားများကပဲ တိုက်ပွဲဝင်ရုံနဲ့လဲ အောင်မြင်မှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတခုလုံးအပေါ် ကျရောက်နေတဲ့ အရိပ်ဆိုးကို လူ့အဖွဲ့အစည်းမှာ နေထိုင်ကြတဲ့ အမျိုးသားများရော၊ အမျိုးသမီးများပါ စုပေါင်းတိုက်ပွဲဝင်ကြမှ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာလဲ အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။


ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးများ၏ ဥပဒေရေးရာ အခွင့်အရေးများကို မြှင့်တင်ခြင်း

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

အမျိုးသမီးများရဲ့ အခွင့်အရေးတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို ပိတ်ပင်ထားတဲ့ အတားအဆီးတွေထဲမှာ ဥပဒေရေး အခွင့်အလမ်းတွေဟာ အဓိကကျပါတယ်။ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံမှု၊ အမျိုးသမီးများ ဆင်းရဲနွမ်းပါးမှု၊ အခမဲ့စေခိုင်းမှု၊ ဥပဒေရေးရာ အခွင့်အရေးတွေကို နားမလည်တဲ့ အမျိုးသမီးများကို အနိုင်ကျင့်စော်ကားမှု စတာတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပွားနေဆဲပါပဲ။ အမျိုးသမီးအခွင့်အလမ်းတွေကို နှိမ့်ချထားတဲ့ ဥပဒေတွေ၊ နိုင်ငံတော်ရဲ့ တရားစီရင်ရေးကဏ္ဍချို့ယွင်းမှုတွေ၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ အမျိုးသမီးအခွင့်အလမ်းတွေကို ကန့်သတ်ထားကြပါတယ်။




ဒါကြောင့်လဲ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အကြား ငါးနှစ်တာကာလအတွင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ ဒေသခံ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေ ပူးပေါင်းပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံ ဆယ်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဥပဒေအခွင့်အလမ်း မြှင့်တင်ရေးအစီအစဉ်တွေ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီအစီအစဉ်တွေမှာ ကဏ္ဍ သုံးခု ပါဝင်ခဲ့ပါတယ်။ ပထမကဏ္ဍတခုကတော့ အမျိုးသမီးတွေရဲ့ ဥပဒေရေးရာ အခွင့်အလမ်းတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အယ်လ်ဘေးနီးယားနိုင်ငံ၊ မိုဇင်းဘတ်နိုင်ငံနဲ့ ဘီနင်နိုင်ငံတို့မှာ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ အယ်လ်ဘေးနီးယားနိုင်ငံမှာ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေကို ပြဌာန်းပေးဖို့ အယ်လ်ဘေးနီးယား အမျိုးသမီးများက လက်မှတ်ရေးထိုးတောင်းဆိုမှုကို ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံထဲမှာရှိနေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဟာ နယ်အနှံ့၊ မြို့အနှံ့ကို သွားရောက်ပြီး လက်မှတ်များစုဆောင်းခဲ့ကြတာမှာ အယ်လ်ဘေးနီးယားအမျိုးသမီးများက တခဲနက်အားပေးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလက်မှတ်တွေကို အယ်လ်ဘေးနီးယား အစိုးရကို တင်ပြခဲ့ကြတာကြောင့် အယ်လ်ဘေးနီးယား ပါလီမန်ကနေ ဒီဥပဒေကို ပြဌာန်းပေးလာခဲ့ပါတယ်။

မိုဇင်ဘတ်နိုင်ငံမှာဆိုရင်လဲ အမျိုးသမီးတွေကို လူကုန်ကူးတာနဲ့ ပတ်သက်ပြီး ဥပဒေတရပ် မရှိခဲ့သေးတာကြောင့်၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံအမျိုးသမီးများ စုပေါင်းပြီး၊ လူကုန်ကူးမှုကို တားမြစ်တဲ့ ဥပဒေတရပ် ပေါ်ထွန်းလာအောင် ကြိုးပမ်းခဲ့ကြပါတယ်။ ဘီနင်မှာဆိုရင်လဲ နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တားမြစ်တဲ့ ဥပဒေတရပ် ပေါ်ထွက်လာခဲ့ပါတယ်။

အမျိုးသမီးများရဲ့ ဥပဒေရေးရာအခွင့်အလမ်းတွေကို မြှင့်တင်ရေးဆိုင်ရာ ဒုတိယကဏ္ဍတခုကတော့ ချမှတ်ပြဌာန်းထားတဲ့ အမျိုးသမီးအခွင့်အရေးဥပဒေတွေ ကျင့်သုံးရေး၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေကို တိုးမြှင့်ပေးရေးပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့၊ အမျိုးသမီး အခွင့်အလမ်းတွေ တိုးမြှင့်စေနိုင်ဖို့ ဆိုတာ ဥပဒေတရပ် ပြဌာန်းထားရုံနဲ့ မလုံလောက်ပါဘူး။ တရားရေးဆိုင်ရာ ၀န်ထမ်းများအားလုံးက ဒီဥပဒေကို လက်တွေ့နားလည် ကျင့်သုံးမှု ပြုလုပ်ဖို့ လိုအပ်လှပါတယ်။ ဒါနဲ့ပတ်သက်ပြီး အယ်လ်ဘေးနီးယား၊ ဘီနင်၊ ရ၀မ်ဒါနိုင်ငံများမှာ တရားရေးဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ဥပဒေလေ့လာသူတွေကို အမျိုးသမီးအခွင့်အရေးဥပဒေ ကျင့်သုံးရေးဆိုင်ရာနဲ့ ပတ်သက်ပြီး လေ့လာသင်ယူစေတဲ့ သင်တန်းပေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေက ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဘွဲ့တွေ၊ ဒီပလိုမာ ပရိုဂရမ်တွေကိုလဲ ဖော်ထုတ်ခဲ့ကြပါတယ်။ ဥပဒေသင်ရိုးညွှန်းတန်းများမှာ အမျိုးသမီးတွေရဲ့ ဥပဒေအခွင့်အလမ်းဆိုင်ရာ ဘာသာရပ်များ ထည့်သွင်းလာခဲ့ကြပါတယ်။

နောက်ထပ်အရေးပါတဲ့ ကဏ္ဍတခုကတော့ အမျိုးသမီးများ ဥပေဒေရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်လူထုလူတန်းစားအဖွဲ့အစည်းတွေရဲ့ အကြံပေးနိုင်မှု၊ သင်တန်းပေးနိုင်မှု၊ အကူအညီပေးနိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးရေးဖြစ်ပါတယ်။ ဘီနင်နိုင်ငံမှာဆိုရင် အရပ်ဘက်လူထု လူတန်းစားအဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီး၊ သင်တန်းမှူးတရာကျော်ကနေ အမျိုးသမီးများရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေကို အမျိုးသမီး တသိန်းကျော်ကို သင်တန်းပို့ချပေးခဲ့ကြပါတယ်။ တောင်အာဖရိကနိုင်ငံများဆိုရင်လဲ အမျိုးသမီးအဖွဲ့အစည်းများက ဦးဆောင်ပြီး၊ သိန်းနဲ့ချီတဲ့ အမျိုးသမီးတွေကို ဥပဒေရေးအခွင့်အလမ်းသင်တန်းတွေ ပို့ချပေးခဲ့ကြပါတယ်။

ဒါတွင်မကသေးပါဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးများရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရေးအတွက် စာနယ်ဇင်း၊ သတင်းမီဒီယာတွေကနေ တင်ပြမှုတွေ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းဖြန့်ဝေမှုတွေလဲ ပြုလုပ်လာခဲ့ကြပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတော် စီးပွားရေး တိုးတက်ဖို့၊ အလုပ်သမား၊ တောင်သူလယ်သမား လူထုလူတန်းစားမရွေး သာတူညီမျှ ကောင်းစားဖို့၊ ဆင်းရဲနွမ်းပါးမှုလျော့ကျစေဖို့ စတဲ့ ကဏ္ဍတွေအားလုံးမှာ အမျိုးသမီးများရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်တွင်းရေး အခွင့်အလမ်းတွေ တိုးမြင့်လာဖို့ လိုအပ်လှပါတယ်။ ဒီလိုတိုးမြင့်လာဖို့ဆိုတာမှာလဲ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုတွေပါ ပါဝင်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေကို ချမှတ်ပြဌာန်းဖို့ လိုအပ်သလို၊ ဒီဥပဒေအခွင့်အလမ်းတွေကို လူ့အဖွဲ့အစည်းအတွင်းက အမျိုးသမီးများအားလုံး နားလည်လာဖို့လဲ လိုအပ်ပါတယ်။ ဒီအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကနေတဆင့် နိုင်ငံတကာ အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမျိုးသမီးများရဲ့ ဥပဒေရေးအခွင့်အလမ်း မြှင့်တင်မှုအစီအစဉ်တွေ အကောင်အထည်ဖော်လို့ရပါတယ်။

ဒါတွင်မကသေးပါဘူး။ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဥပဒေချမှတ်ပြဌာန်းနိုင်ဖို့ စည်းရုံးလှုံဆော်မှုတွေ ပြုလုပ်တာ၊ လက်မှတ်ရေးထိုးကင်ပိန်းတွေ ပြုလုပ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်နိုင်ပါတယ်။ တက္ကသိုလ်၊ ကောလိပ် ပညာရေး ၀န်ထမ်းများကလဲ အမျိုးသမီးအခွင့်အရေးသင်တန်းတွေ ပို့ချတာ၊ သင်ရိုးညွန်းတန်းတွေမှာ ထည့်သွင်းတာတွေကို ဦးဆောင်ဆွေးနွေးပြုလုပ်ခြင်းနဲ့ အမျိုးသမီးအခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

လက်တင်အမေရိကမှာဆိုရင် အာဏာရှင်လက်အောက်မှာ စုဖွဲ့ပေါ်ထွက်လာခဲ့တဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကိုပါ ပံ့ပိုးပေးနိုင်ခဲ့ကြပါတယ်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေ တဖြည်းဖြည်း စုဖွဲ့မိရာကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် နိုင်ငံရေးနေရာ ကျယ်ပြန့်လာခဲ့ပါတယ်။ အမျိုးသမီးများကနေတဆင့် လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို တည်ဆောက်လာနိုင်ခဲ့ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုကနေ အိမ်တွင်းဒီမိုကရေစီ ကျင့်သုံးမှု စတင်လာခဲ့ပါတယ်။ အမျိုးသမီးများရဲ့ ဥပဒေရေးရာ အခွင့်အလမ်းတောင်းဆိုမှုတွေကနေ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုကို တိုးမြင့်ပေးခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုတာကလဲ အမျိုးသမီး၊ အမျိုးသားအားလုံးရဲ့ အခွင့်အရေးဖြစ်တာမို့ လူ့အခွင့်အရေး အပြည့်အ၀ရရှိရေးဆိုတာမှာ အမျိုးသမီးအခွင့်အရေးများ ရရှိဖို့ကလဲ အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများရဲ့ ဥပဒေရေးဆိုင်ရာ အခွင့်အရေးများကို မြှင့်တင်ပေးခြင်းဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုရှိတဲ့ လူ့ဘောင်တရပ် ပေါ်ထွန်းရေးအတွက် အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီး ကလေးသူငယ် အခွင့်အရေး

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ ငယ်ရွယ်နုနယ်တဲ့ အမျိုးသမီးငယ်လေးတွေရဲ့ အခွင့်အရေးကို စီစဉ်တင်ဆက်မှာဖြစ်ပါတယ်။ ကမ္ဘာနဲ့အ၀ှမ်းမှာ ပြင်းထန်ရက်စက်တဲ့ ကံကြမ္မာဆိုးတွေကို ရင်ဆိုင်တွေ့ကြုံနေကြရတဲ့ ကလေးငယ်လေးတွေ အများကြီးပါပဲ။ တချို့ကလေးလေးတွေဟာဆိုရင် မိဘဆွေမျိုးတွေရဲ့ စိတ်ဖိစီးမှုသားကောင်တွေ ဘ၀ကို ကျရောက်နေရရှာပါတယ်။ မိသားစုရဲ့ အထွေထွေ ကျပ်တည်း အဆင်မပြေမှုတွေကြားမှာ ဘာအပြစ်မှ မရှိပဲ နေ့စဉ်နဲ့အမျှ ထုထောင်းရိုက်နှက်ခံကြရတဲ့ ကလေးငယ်တွေ အများကြီးပါပဲ။ တချို့ကလေးငယ်လေးတွေ ကျပြန်တော့ အရွယ်နဲ့မမျှတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်ဖို့ ခိုင်းစေခံနေကြရပါတယ်။ တိုင်းသူပြည်သားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေ ရှိနေတဲ့ နိုင်ငံတွေက ကလေးငယ်များ ဘ၀ကဆိုရင် ပိုဆိုးပါတယ်။ နိုင်ငံတော် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မကောင်းလို့ မသေသင့်ပဲ သေခဲ့ရတဲ့ ကလေးသူငယ်တွေ၊ ပညာရေး စနစ် မကောင်းလို့ အချိန်မတန်ပဲ လမ်းပေါ်ရောက်ပြီး လေလွင့် ပျက်စီးခဲ့ရတဲ့ ကလေးသူငယ်လေးတွေလဲ အများကြီးပါပဲ။ တချို့ကလေးငယ်လေးတွေဆိုရင် ကလေးစစ်သားလေးတွေ ဘ၀ကို သွတ်သွင်းခံကြရပါတယ်။



ဒီလိုကလေးသူငယ် အခွင့်အရေး ဆုံးရှုံးနေကြရတဲ့ ကလေးငယ်တွေထဲမှာ မိန်းကလေးများရဲ့ အခြေအနေက ပိုဆိုးပါတယ်။ မိန်းကလေးငယ်လေးတွေဟာ ကျား၊ မ ခွဲခြား ဆက်ဆံမှုတွေ၊ အင်အားသုံး အနိုင်ကျင့် နှိပ်စက်ခံရမှုတွေ၊ မိသားစုထဲမှာ မိန်းကလေးကို နှိမ့်ချဆက်ဆံတတ်တဲ့ အစဉ်အလာဆိုးတွေရဲ့ ဒဏ်ကိုပါ ခံစားကြရပါတယ်။ ဒီလို အစဉ်အလာဆိုး ရှိနေတဲ့ နိုင်ငံတွေမှာဆိုရင် မိန်းကလေးတွေဟာ ဘ၀ အစမှာကတည်းက မိသားစုအတွင်းမှာ၊ ရပ်ရွာအတွင်းမှာ၊ ကျောင်းတွေမှာ အမျိုးသားတွေနဲ့ တန်းတူရည်တူ မဆက်ဆံတဲ့ ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ကြရပါတယ်။ ဒီလိုကြုံတွေ့တဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။ ဖခင်တွေ၊ အစ်ကိုတွေရဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ သူတပါးဆီကို အခကြေးငွေနဲ့ ရောင်းစားခံရမှု၊ လိမ်လည်လှည့်ဖျားခေါ်ဆောင်ပြီး လူကုန်ကူးခံရမှု၊ ပြည့်တန်ဆာဘ၀ သွတ်သွင်းခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု စတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရတဲ့ မိန်းကလေးငယ်လေးတွေလဲ ယနေ့ခေတ်ကမ္ဘာမှာ အများအပြား ရှိနေဆဲပါပဲ။ အာရှတိုက်တခုတည်းမှာတင် ကလေးပြည့်တန်ဆာဦးရေဟာ သိန်းနဲ့ ချီပြီး ရှိနေပါတယ်။

မိန်းကလေးငယ်လေးတွေရဲ့ အခွင့်အရေးအကြောင်း မပြောခင်မှာ စီအာစီလို့ခေါ်တဲ့ ကလေးသူငယ် အခွင့်အရေး ကွန်ဗင်းရှင်းအကြောင်းကို ကနဦးတင်ပြပါမယ်။ ၁၉၅၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ကလေးသူငယ် အခွင့်အရေး ကြေညာစာတမ်းကြီးကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကြေညာစာတမ်းဟာ အပြည်ပြည်ဆိုင်ရာ ဥပေဒေကြောင်းအရ အကျုံးဝင်တဲ့ စာတမ်းကြီး ဖြစ်မလာခဲ့ပါဘူး။ ဒီလိုနဲ့ ၁၉၇၉ ခုနှစ်ရောက်တော့ ပိုလန်အစိုးရက အပြည်ပြည်ဆိုင်ရာ ဥပေဒကြောင်းအရ အကျုံးဝင်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းတခု ရေးဆွဲဖို့ အကြံပြုပါတယ်။ နောက်ထပ်ဆယ်နှစ်ကြာကာလတလျှောက် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ ပူးပေါင်းပြီး ရေးဆွဲခဲ့ကြပါတယ်။ ၁၉၈၉၊ နိုဝင်ဘာ (၂၀) မှာတော့ ဒီကွန်ဗင်းရှင်း ကို ကမ္ဘာ့ကုလသမဂ္ဂအထွေအထွေ ညီလာခံက အတည်ပြုထုတ်ပြန်ခဲ့ပြီး၊ နောက်ထပ်တနှစ်အတွင်းမှာပဲ ဥပဒေကြောင်းအရ ဥပေဒေအာဏာသက်ရောက်မှု ရှိလာခဲ့ပါတယ်။

ဒီကွန်ဗင်းရှင်းရဲ့ အပိုဒ် (၂) မှာဆိုရင် ခွဲခြားဆက်ဆံမှု ပုံစံအမျိုးမျိုးကနေ ကင်းဝေးရေးဟာ ကလေးငယ်တွေရဲ့ အခွင့်အရေး ဖြစ်ကြောင်း ကို အတိအလင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်လဲ သဘောထားသေးသိမ်တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ကျား၊ မခွဲခြားဆက်ဆံ မှုတွေ၊ ယောက်ျားလေးများကို မိန်းကလေးများထက် ဦးစားပေးမှုတွေဟာ မိန်းကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လုပ်အားဆိုင်ရာ ကိစ္စရပ်တွေမှာ ရိုက်ခတ်နေဆဲပါပဲ။ ကမ္ဘာ့အမျိုးသမီးများ ညီလာခံတွေမှာလဲ ကမ္ဘာ့အဖွဲ့အစည်းတွေဟာ ဒီကိစ္စရပ်ကို ဦးစားပေး ဆွေးနွေးနေကြရဆဲပါပဲ။ ကမ္ဘာ့အမျိုးသမီးများ ညီလာခံရဲ့ ကလေးသူငယ်အခွင့်အရေးကော်မတီ အစီရင်ခံစာထဲမှာ “မိန်းကလေးတွေဟာ အထူးအခွင့်အရေးကို ခံစားရမယ့် အထူးအုပ်စုတွေ မဟုတ်သလို၊ ခွဲခြားဆက်ဆံခံရမယ့် အထူးအုပ်စုတွေလဲ မဟုတ်ဘူး။ လူ့အခွင့်အရေးကို ယောက်ျားလေးတွေနဲ့ အတူတူ ခံစားခွင့်ရှိသူတွေ ဖြစ်တယ်။ ဒါကြောင့် သမီးတွေ၊ အမတွေ၊ ညီမတွေအနေနဲ့ မဆက်ဆံပဲ၊ လူသားတွေအနေနဲ့ သတ်မှတ်ဆက်ဆံရမယ့် သူတွေ ဖြစ်တယ်“ ဆိုတဲ့ အချက်ကို အတိအလင်း ထည့်သွင်းထားပါတယ်။

ဒီလို အသိဥာဏ်တိုးတက်မြင့်မားပြီး၊ လူသားချင်းစာနာစိတ်ရှိတဲ့ လူ့အဖွဲ့အစည်းတွေက ဦးဆောင်ပြီး၊ ကျားမ တန်းတူရည်တူ ဆက်ဆံရေး ကိစ္စရပ်တွေကို ဆောင်ရွက်နေဆဲမှာပဲ၊ မိန်းကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေး အခွင့်အလမ်းတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ လူ့အဖွဲ့အစည်းတွေကလဲ ရှိနေဆဲပါပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကလေးငယ်ဖျက်ချမှုနှုန်းမှာ မိန်းကလေးကိုယ်ဝန်ကို ဖျက်ချမှုက ယောက်ျားလေး ကိုယ်ဝန်ကို ဖျက်ချမှုထက် ပိုများပါတယ်။ တချို့ လူ့အဖွဲ့အစည်းတွေမှာကျတော့ မိန်းကလေးကိုယ်ဝန်ကို မဖျက်ချပဲ မွေးပြီးမှ မွေးကင်းစကလေးငယ်ကို သတ်ပစ်တာတွေ ရှိပါတယ်။ တချို့လူ့အဖွဲ့အစည်းတွေမှာကျတော့ ဒီလိုရက်စက်တဲ့ လုပ်ရပ်တွေ မပြုလုပ်ပေမယ့် ယောက်ျားလေးနဲ့ မိန်းခလေး ခွဲခြားဆက်ဆံမှုတွေ မိသားစုထဲမှာ ပြုလုပ်တတ်ကြပါတယ်။ ပညာရေးမှာလဲ ယောက်ျားလေးတွေရဲ့ ပညာရေးကိုပဲ ဦးစားပေး တဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေဆဲပါပဲ။

နောက်ထပ်အရေးကြီးတဲ့ အချက်တခုကတော့ ကလေးလုပ်သားပါပဲ။ ယနေ့ကမ္ဘာမှာ သန်းပေါင်းများစွာသော ကလေးငယ်လေးတွေဟာ စက်ရုံ၊ အလုပ်ရုံတွေမှာ၊ လယ်ကွင်း၊ စိုက်ခင်းတွေမှာ၊ ဈေးတန်းတွေ၊ အစားအစာဆိုင်တွေမှာ အလုပ်လုပ်နေကြရပါတယ်။ ကလေးလုပ်သားဟာ ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပြယုဂ်တွေပါပဲ။ ကလေးဝင်ငွေလေးတွေက မိသားစုရဲ့ ၀မ်းရေးကိုလဲ တနည်းတဖုံ အထောက်အကူ ဖြစ်စေတာကြောင့် ကလေးငယ်လေးတွေကို အလုပ်ခိုင်းစေရတဲ့ မိဘတွေ ရှိနေပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေနဲ့ မြင်သာထင်သာတဲ့ လုပ်ငန်းခွင်တွေမှာ ကြည့်မယ်ဆိုရင်တော့ ယောက်ျားလေးတွေ က ပိုများသယောင်ထင်ရပါတယ်။ ဒါပေမယ့် ယူနီဆက်လေ့လာချက်စာတမ်းများအရ ကမ္ဘာတ၀ှမ်းက အိမ်အကူ အလုပ်ကို လုပ်နေကြတဲ့ လုပ်သားများရဲ့ ကိုးဆယ်ရာခိုင်နှုန်းဟာ အသက်ဆယ့်ခြောက်နှစ်အောက် အမျိုးသမီးငယ်လေးများဖြစ်ကြောင်း တွေ့ရှိရပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ လူကုန်ကူးခံရမှုနဲ့ ပြည့်တန်ဆာအဖြစ် သွတ်သွင်းခံရမှုပဲ ဖြစ်ပါတယ်။ ခန့်မှန်း အမျိုးသမီးငယ် နှစ်သန်းကျော်လောက်ဟာ ကမ္ဘာတ၀ှမ်းက လိင်ဖြင့် အသက်မွေးတဲ့ လုပ်ငန်းတွေထဲကို ရောက်ရှိနေကြောင်း ပညာရှင်များက လေ့လာသုံးသပ်ထားကြပါတယ်။ ဒီလို ရောက်နေရတာဟာ သူစိမ်းတွေ၊ မိသားစုဝင်တွေက ရိုက်နှက်နှိပ်စက်ပြီး အတင်းအကြပ်သွတ်သွင်းခံရတာ၊ ချော့မော့ဖျောင်းဖျပြီး သွတ်သွင်းခံရတာတွေဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကမ္ဘာလှည့် ခရီး စင်တာတွေ ဖြစ်တဲ့ အမေရိကအလယ်ပိုင်း၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရဲ့ ဇိမ်ခန်းများစွာမှာ အသက်ဆယ့်ခြောက်နှစ်အောက် အမျိုးသမီးငယ်လေးတွေ ရှိနေကြပါတယ်။ ဒီအမျိုးသမီးငယ်လေးတွေမှာ ဒေသခံတွေအပြင် မြန်မာပြည်ရဲ့ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု လမ်းကြောင်းက တဆင့် ရောက်ရှိလာကြတဲ့ မြန်မာ မိန်းကလေးတွေလဲ ပါဝင်နေပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံပရိသတ်များရှင်-

တကယ်တော့ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကလေးငယ်လေးတွေဆိုတာ မိသားစု၊ နိုင်ငံတော်နဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေရဲ့ အနာဂတ်ကို ပုံဖော်ကြမယ့် ရတနာလေးတွေ ဖြစ်ပါတယ်။ ကိုယ်ချင်းစာနာမှု၊ အပြန်အလှန်မေတ္တာထားမှု၊ တဦးနဲ့တဦးလေးစားနားလည်မှုအပေါ် အခြေခံတဲ့ လူ့အဖွဲ့အစည်းပေါ်ထွက်လာဖို့ဆိုတာ ကလေးသူငယ်များရဲ့ ငယ်စဉ်ဘ၀ ကိုယ်ရော စိတ်ပါ ရှင်သန်ဖွံ့ဖြိုးမှုနဲ့ ပညာရည် မြင့်မားမှု တွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ခွဲခြားဆက်ဆံခံရတာတွေ၊ ကြောက်ရွံ့စိုးထိတ်နေရတာတွေက ကင်းဝေးဖို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီး ကလေးငယ်များရဲ့ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းတွေကို မြှင့်တင်ပေးရင်း၊ လူကုန်ကူးမှုနဲ့ လိင်ကျေးကျွန်အဖြစ် သွတ်သွင်းမှုတွေကိုလဲ အမျိုးသားရေး အသိနဲ့ ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့ လို့ တိုက်တွန်းပြောကြားလိုပါတယ်။

ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ် အမျိုးသမီး အခွင့်အလမ်းအစီအစဉ်မှာ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို စီစဉ်တင်ဆက်မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်း တော်တော်များများမှာ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက တစတစ မြင့်မားလာပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ နိုင်ငံတွေမှာ ဆိုရင် ချမ်းသာသူများနဲ့ ဆင်းရဲသားများအကြားက ၀င်ငွေကွာဟမှုက အရမ်းကို ကြီးမားလှပါတယ်။ ကမ္ဘာနဲ့အ၀ှမ်းမှာ နေ့စဉ်နဲ့အမျှ ငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို ခံစားနေရသူတွေ အများကြီးပါပဲ။ ဒီအထဲမှာမှ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေကို အပြည့်အ၀ မရရှိကြတဲ့ အမျိုးသမီးများရဲ့ အခြေအနေက ပိုဆိုးပါတယ်။ အမျိုးသမီးများနဲ့ ကလေးများဟာ ဆင်းရဲနွမ်းပါးတဲ့ ဒဏ်ကို အများဆုံး ခံစားရကြသူများ ဖြစ်ပါတယ်။ သန်းပေါင်းများစွာသော လုတွေဟာ အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ စစ်မက်ဖြစ်ပွားမှုနဲ့ ပဋ္ဋိပက္ခတွေကြောင့် သေဆုံးရသူတွေ၊ နိုင်ငံရေး ဒုက္ခသည် တွေကလဲ ကမ္ဘာနဲ့အ၀ှမ်းမှာ သန်းနဲ့ချီပြီး ပျံ့နှံ့နေပါတယ်။


တကယ်တော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို လမ်းတံတားတွေ၊ တိုက်တာ အဆောက်အအုံတွေနဲ့ပဲ တိုင်းတာသတ်မှတ်လို့ မရပါဘူး။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်မှု၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာဖို့က အရေးကြီး ဆုံးဖြစ်ပါတယ်။ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာက လူ့အဖွဲ့အစည်းရဲ့ တိုးတက်ရေးကို ခြိမ်းချောက်နေတဲ့ ငတ်မွတ်ခေါင်းပါးမှု၊ အစာရေစာ ရှားပါးမှု၊ ကူးစက်ရောဂါ ပျံ့ပွားမှု၊ ရာဇ၀တ်မှုထူပြောမှု စတာတွေ လျော့နည်းပြီး၊ လူနေမှုဘ၀အဆင့်အတန်း တိုးတက် မြင့်မားလာခြင်းပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း တခုလုံး စီးပွားရေးအရင်းအမြစ်တွေ၊ အခွင့်အလမ်းတွေကို တန်းတူရည်တူ ရရှိခံစားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ပြုလုပ်တဲ့ အခါမှာ လူဦးရေရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အရေးပါတဲ့ ကဏ္ဍတခုဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးများရဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာ ဖြစ်နေလို့ပါပဲ။

ဒါကြောင့်လဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီးများရဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကို အစီအစဉ်သုံးမျိုး သတ်မှတ်ပြီး ဦးစားပေးဆောင်ရွက်လာကြပါတယ်။ ပထမတမျိုးကတော့ ဘ၀တိုးတက်ကောင်းမွန်ရေး အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အမျိုးသမီးတွေရဲ့ စာတတ်မြောက်နှုန်း မြင့်မားဖို့၊ လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ဖို့နဲ့ အမျိုးသမီး အခွင့်အလမ်းတွေကို ပညာပေး ဟောပြောဖို့ စတဲ့ လုပ်ငန်းဆောင်တာတွေ ပါဝင်ပါတယ်။ နောက်တမျိုးကတော့ မိသားစုကူညီထောက်ပံ့ရေး အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ အမျိုးသမီးတွေဟာ မိသားစု ထဲမှာရော၊ လူ့အဖွဲ့အစည်းမှာပါ အမျိုးသားများနဲ့ တန်းတူရည်သူ အခွင့်အရေး ရှိတယ်ဆိုတာကို လူ့အဖွဲ့အစည်းကို ပညာပေးဖို့နဲ့ အမျိုးသမီးအားလုံး မိသားစု ၀င်ငွေ တိုးမြင့်ရေး လုပ်ငန်းဆောင်တာတွေမှာ ပါဝင်လာနိုင်ဖို့ ဖြစ်ပါတယ်။

ဒါတွင်မကသေးပါဘူး။ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ ဒီလူ့အဖွဲ့အစည်းတွင်းမှာ ရှိနေတဲ့ မိသားစုတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားမှု၊ စီးပွားရေး အခြေအနေတွေအပေါ်မှာ အခြေပြုနေတာဖြစ်တဲ့ အတွက် မိသားစု စီးပွားရေး တိုးတက်မှု အစီအစဉ်တွေလဲ ပေါ်ပေါက်လာပါတယ်။ မိသားစု စီးပွားရေး တိုးတက်မှုမှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ပံ့ပိုးကူညီပေးတဲ့ အသေးစားငွေချေးစနစ်များကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီချေးငွေတွေဟာ အမျိုးသမီးများနဲ့ အမျိုးသားများကို ကိုယ်ပိုင်အလုပ် ဖန်တီးလုပ်နိုင်ခွင့်ကို အကူအညီ ပေးပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အိုးလုပ်ငန်း၊ လက်မှုလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း စတာလေးတွေကို အိမ်ကနေ လုပ်လို့ရတာ အတွက်ကြောင့် ဆင်းရဲနွမ်းပါးတဲ့ မိသားစုဝင်အမျိုးသမီးတွေနဲ့ အိမ်ထောင်ဦးစီး အမျိုးသမီးတွေအတွက် အကျိုးရှိပါတယ်။

ပရော်ဖက်ဆာ ယူနတ်စ်က အမျိုးသမီးတွေကို ဦးစားပေးတဲ့ အသေးစားငွေချေးစနစ်ဟာ မိသားစုဝင်ငွေ တိုးတက်မှုနဲ့ မိသားစုဘ၀ တိုးတက်ကောင်းမွန်ရေးအတွက် အကျိုးရှိစေသလို အမျိုးသမီးတွေရဲ့ မိသားစု ရေးရာ အဆင့်အတန်းကိုလဲ တိုးမြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေရဲ့ ၀င်ငွေတိုးမြင့်လာတာကြောင့် အိမ်ထောင်ဦးစီး ယောက်ျားတွေရဲ့ မိသားစု ငွေကြေးဆိုင်ရာ ၀န်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါတင်မကပဲ အမျိုးသမီးများရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် တိုးမြင့်လာတာကြောင့် အိမ်တွင်း အကြမ်းဖက်မှုများပါ လျော့နည်းသွားကြောင်း လေ့လာဆန်းစစ်ချက်များမှာ တွေ့ရှိရပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံပရိသတ်များရှင်။

တိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ ဒဂါင်္း ပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ လူ့အဖွဲ့အစည်းရဲ့ ခေတ်မှီတိုးတက်ရေးကို ပြုလုပ်ဆောင်ရွက်တဲ့အခါတိုင်းမှာ လိုက်လျောညီထွေတဲ့ ပြုပြင်ပြောင်းလဲရေးကို လက်ခံ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် တိုးတက်မှုကို သွေဖည်စေတဲ့ အတွေးအခေါ်တွေ၊ အမြင်တွေ၊ အယူအဆတွေကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ လူမှုရေး တိုးတက်ဖို့အတွက် လူမှုရေး ပြုပြင်ပြောင်းလဲမှုဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ ဒီလို လူမှုရေး ပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးဆုံးအချက်ကတော့ အမျိုးသမီးနဲ့ အမျိုးသားများ တန်းတူရည်တူ အခွင့်အရေး ရရှိဖို့ပဲ ဖြစ်ပါတယ်။ တိုးတက်ခေတ်မီတဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ အာရှကျားနဲ့ ဥရောပနိုင်ငံများမှာ အမျိုးသမီးရဲ့ အခန်းကဏ္ဍ တိုးမြင့်ပါဝင်လာမှုကြောင့် လူ့အဖွဲ့အစည်းတခုလို မြင့်မားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လူမှုရေး တိုးတက်ဖွံ့ဖြိုးရေးမှာ အမျိုးသမီးများရဲ့ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး အခွင့်အလမ်းများ ရရှိခံစားနိုင်ခွင့်ဟာ အလွန်ပဲ အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် လူ့စွမ်းအားအရင်းအနှီး (Human Capital)

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ အမျိုးသမီးနဲ့ လူ့စွမ်းအား အရင်းအနှီး တို့အကြားက ပတ်သက်ဆက်နွယ်မှုတွေကို တင်ပြမှာ ဖြစ်ပါတယ်။ လူ့စွမ်းအား အရင်းအနှီးဆိုတာ လူသားတွေရဲ့ စံနှုန်းမြင့်တဲ့ အရည်အချင်းတွေနဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ရေရှည်ရရှိလာမယ့် အကျိုးစီးပွားအတွက် ငွေအရင်းအနှီး မြှုပ်နှံရပါတယ်။ ဒီလိုပါပဲ။ နိုင်ငံတော်နဲ့ မိသားစုတွေမှာလဲ လူတယောက်ရဲ့ ထုတ်လုပ်မှု စွမ်းအားနဲ့ ၀င်ငွေတိုးတက်မြင့်မားလာဖို့ လူ့စွမ်းအား အရင်းအနှီး မြှုပ်နှံရပါတယ်။ လူ့စွမ်းအားအရင်းအနှီး မြှုပ်နှံမှုမှာ ပညာရေးရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းခွင် လေ့ကျင့်သင်ကြားရေး မြှုပ်နှံမှုနဲ့ ဘ၀တသက်တာ သင်ယူလေ့လာမှုတွေ ပါဝင်ပါတယ်။


လူတယောက်ရဲ့ အရည်အချင်းဟာ ပညာရေး တခုတည်းပေါ်မှာပဲ မူတည်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်အကိုင် အခွင့်အလမ်းမှာကျတော့ ပညာအရည်အချင်းကိုပဲ စံနှုန်းသတ်မှတ် တိုင်းတာလေ့ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပညာရေးဟာ လုပ်ငန်းခွင်အတွက် လိုအပ်မယ့် ကျွမ်းကျင်မှု အရည်အချင်းတွေကို ဖြည့်ဆည်းပေးနိုင်လို့ပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာတယောက်ကို အင်ဂျင်နီယာ ဘွဲ့တွေ၊ အောင်လက်မှတ်တွေ ရထားသူကိုပဲ ခန့်အပ်လေ့ရှိပါတယ်။ စာရင်းကိုင်အလုပ်ကို စာရင်းကိုင်ဘွဲ့တွေ၊ အောင်လက်မှတ်တွေ ရထားသူတွေကိုပဲ ခန့်အပ်လေ့ရှိပါတယ်။ ဒီလို ကျွမ်းကျင်မှု အရည်အချင်းတွေကိုသာမက ယေဘူယျ အရည်အချင်းတွေ ဖြစ်တဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်း၊ စာရေး၊ စာဖတ်စွမ်းရည်တွေကိုလဲ စာသင်ကျောင်းတွေ၊ ကောလိပ်၊ တက္ကသိုလ်တွေက လေ့ကျင့်သင်ကြားပေးပါတယ်။ ဒါတင်မကပဲ အလုပ်အကိုင်ထဲမှာ လိုအပ်တဲ့ အပြုအမူတွေဖြစ်တဲ့ အချိန်လေးစားမှု၊ ညွန်ကြားချက်တွေကို လိုက်နာဆောင်ရွက်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှု တွေကို ပညာရေးအဆောက်အအုံက လေ့ကျင့်ပေးပါတယ်။ လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာလဲ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ စွမ်းရည်တွေ မြင့်မားဖို့ လုပ်ငန်းခွင် လေ့ကျင့်သင်ကြားပေးမှုတွေ လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အသိဥာဏ်ကို အခြေပြုတဲ့ စီးပွားရေးအဆောက်အအုံ၊ လူမှုရေးအဆောက်အအုံကို တည်ဆောက်နိုင်ဖို့အတွက် ဒီအဆောက်အအုံတွင်းက လူသားတွေရဲ့ ဘ၀တသက်တာ သင်ယူလေ့လာမှုတွေကလဲ အရေးကြီးပါတယ်။ ပညာသင်ယူလေ့လာမှုဆိုတာ ဘွဲ့ရတာလေးနဲ့တင် ပြီးဆုံးတာ မဟုတ်ပါဘူး။ မိမိကျွမ်းကျင်ရာ ပညာရပ်တွေရဲ့ တိုးတက်ပြောင်းလဲမှုတွေကိုလဲ မျက်ချေမပြတ် စောင့်ကြည့်လေ့လာနေရမှာဖြစ်ပါတယ်။

ဒါကြောင့်လဲ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေးမှာ လူ့စွမ်းအား အရင်းအနှီး မြှုပ်နှံမှုဟာ အရေးပါတဲ့ အခန်းကဏ္ဍတခု ဖြစ်လာပါတယ်။ မကြာသေးခင်ကာလက နိုင်ငံပေါင်း (၁၉၂) နိုင်ငံရဲ့ ငွေကြေးနဲ့ လူ့စွမ်းအား အရင်းအနှီး ပိုင်ဆိုင်မှုတွေကို ပညာရှင်များက သုံးသပ်လေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှာ လူ့စွမ်းအား အရင်းအနှီးဟာ (၆၄%) ကျော် ပါဝင်နေတာ တွေ့ရှိရပါတယ်။ ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတော်တော်များများမှာ လူ့စွမ်းအား အရင်းအနှီး အများအပြား ရှိနေတာ တွေ့ရှိရပါတယ်။ ဖွံဖြိုးဆဲတိုင်းပြည်တော်တော်များများမှာကျတော့ ပညာတတ်တွေ နည်းပါးတာ၊ ရှိတဲ့ပညာတတ်တွေကို အသုံးမပြုနိုင်တာ၊ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် ဦးနှောက်ယိုစီးမှု ပြဿနာဖြစ်နေတာ စတာတွေကြောင့် လူ့စွမ်းအားအရင်းအနှီးတွေ နည်းပါးနေတတ်ပါတယ်။ ဒီလိုလူ့စွမ်းအား အရင်းအနှီး နည်းပါးတာဟာ လူ့အဖွဲ့အစည်းရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်ပါတယ်။ လူ့စွမ်းအား အရင်းအနှီး အများအပြားရှိတဲ့ လူ့အဖွဲ့အစည်းတွေကသာ ရေရှည်မှာ တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူ့အဖွဲ့အစည်းဆိုတာကလဲ အမျိုးသားနဲ့ အမျိုးသမီး အားလုံးကို ကိုယ်စားပြုတာမို့ အမျိုးသမီးတွေရဲ့ လူ့စွမ်းအားအရင်းအနှီး တိုးတက်မြင့်မားဖို့ကလဲ အရေးကြီးပါတယ်။

အမျိုးသမီးတွေရဲ့ လူ့စွမ်းအားအရင်းအနှီးတိုးတက်ရေးကို ပိတ်ပင်တားဆီးနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အရေးကြီးဆုံး တခုကတော့ အမျိုးသမီးတွေရဲ့ လူမှုဘ၀ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ အတွေးအခေါ်၊ အပြုအမူတွေကို သူနေထိုင်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ဆရာသမားတွေက အနည်းနဲ့ အများ လွှမ်းမိုးမှုရှိပါတယ်။ တချို့လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ ပညာရေးကို လူ့အဖွဲ့အစည်း၊ မိဘ၊ ဆွေမျိုးတွေကိုယ်တိုင်ကိုက တားဆီး ပိတ်ပင်လေ့ရှိပါတယ်။ မိန်းကလေးပဲ။ သေစာ၊ ရှင်စာ ဖတ်တတ်ရင်တော်ရောပေါ့။ မိန်းကလေးပဲ။ ဘွဲ့တခုရရင် တော်ရောပေါ့။ အချိန်တန်တော့လဲ ယောက်ျားယူပြီး အိမ်မှုကိစ္စတွေ စီမံရမှာ။ ပညာတွေအများကြီး တတ်ထားတော့လဲ ဘာလုပ်မှာလဲ။ ပညာတွေ သိပ်သင်မနေနဲ့။ ယောက်ျားတွေက မယူရဲပဲ နေဦးမယ် စတဲ့ စကားသံတွေဟာ တချို့သော လူ့အဖွဲ့အစည်းတွေအတွင်းမှာ ပေါ်ထွက်နေတတ်ပါတယ်။ ဒီစကားသံတွေဟာ အမျိုးသမီးတွေရဲ့ လူမှုဘ၀ဖြစ်စဉ်ကို လွှမ်းမိုးလာတဲ့အခါ အမျိုးသမီးတွေရဲ့ လူ့စွမ်းအားအရင်းအနှီး တိုးတက်ရေးကို ထိခိုက်စေပါတယ်။ အမျိုးသမီးတွေဟာ သူတို့ဘ၀ရဲ့ တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ၊ ပညာရေးရင်းနှီးမြှုပ်နှံမှုတွေ၊ ဘ၀အာမခံချက်ရရှိဖို့တွေကို စိတ်မ၀င်စားပဲ ဖြစ်သွားတတ်ပါတယ်။ ဒီအခါမှာ အမျိုးသမီးတွေရဲ့ အနာဂတ် ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ ၀င်ငွေတိုးတက်မှု တွေ လျော့ကျသွားပါတယ်။

ဒါတင်မကသေးပါဘူး။ အမျိုးသမီးသဘောသဘာဝနဲ့ အမျိုးသားသဘောသဘာဝကို ခွဲခြားသတ်မှတ်မှုတွေကလဲ အမျိုးသမီးတွေရဲ့ ရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်ထားပြီး လူ့စွမ်းအားအရင်းအနှီး တိုးတက်ရေးကို နှောင့်နှေးစေပါတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ နောက်လိုက်သဘောသဘာဝသာ ရှိပြီး၊ အမျိုးသားတွေလို ဦးဆောင်မှု အရည်အချင်း မရှိဘူးလို့ တချို့က သတ်မှတ်တတ်ကြပါတယ်။ အမျိုးသမီးတွေဟာ အလွယ်တကူ အားလျှော့ အရှုံးပေးတတ်ပြီး၊ အမျိုးသားတွေလို အားသွန်ခွန်စိုက် အရှုံးမပေးစတမ်း လုပ်ကိုင်နိုင်မှာ မဟုတ်ဘူးလို့လဲ ယူဆတတ်ကြပါတယ်။ အမျိုးသမီးတွေဟာ စိတ်လှုပ်ရှားလွယ်တာကြောင့်၊ စဉ်းစားချင့်ချိန်ပြီး လုပ်ရတဲ့ အလုပ်အကိုင်တွေမှာ အမျိုးသားတွေလို အောင်မြင်မှာ မဟုတ်ဘူးလို့လဲ ခြုံငုံပြောဆိုတတ်ကြပါတယ်။ ဒီလိုအပြောအဆိုတွေဟာ ကိုယ်ပိုင်အရည်အချင်းတွေ၊ ကိုယ်ရည်ကိုယ်သွေးကို ကာယကံရှင်တွေ ကိုယ်တိုင်က မသိသေးခင်မှာပဲ လူ့အဖွဲ့အစည်းက သတ်မှတ်ပေး လိုက်တာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်လိုက်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ မိမိကိုယ်မိမိ ယုံကြည်မှုတွေ၊ ကိုယ်ပိုင်ရပ်တည်ချက်တွေ လျော့ကျသွားစေပါတယ်။ အမျိုးသားတွေ အပေါ်မှာ မှီခိုအားကိုးလိုစိတ်တွေ ဖြစ်ပေါ်လာပါတယ်။ အမျိုးသားတွေ ရဲ့ ဦးဆောင်မှုကိုပဲ ဝေဖန်သုံးသပ်မှု မပြုပဲ လိုက်နာ ဆောင်ရွက်တာတွေ ဖြစ်လာပါတယ်။ လုပ်ငန်းခွင် ပြိုင်ဘက်ဟာ အမျိုးသားဖြစ်နေတဲ့အခါ ပြိုင်ဆိုင်ဖို့ မ၀ံ့မရဲ ဖြစ်ကြတဲ့ အမျိုးသမီးတွေလဲ ရှိလာပါတယ်။ ဒီလို သဘောသဘာဝ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဆိုရင် အမျိုးသမီးတွေရဲ့ လူ့စွမ်းအား အရင်းအနှီး တိုးမြင့်မှု နှောင့်နှေးတာကြောင့် လူ့အဖွဲ့အစည်းရဲ့ ခေတ်မှီတိုးတက်မှုလဲ နှေးကွေးနေတတ်ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

လူ့အဖွဲ့အစည်း တိုးတက်မြင့်မားဖို့အတွက် လူ့စွမ်းအား အရင်းအနှီးဟာ ပဓာနကျပါတယ်။ လူ့စွမ်းအား အရင်းအနှီး တိုးမြှင့်ဖို့မှာကလဲ အမျိုးသားများသာမက အမျိုးသမီးများရဲ့ လူ့စွမ်းအားအရင်းအနှီးတွေကိုပါ တိုးမြင့်လာအောင် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ ဒီလိုရင်းနှီး မြှုပ်နှံရမှာ အတားအဆီးတွေ ရှိလာတဲ့အခါ အမျိုးသမီးတွေရဲ့ လူ့စွမ်းအား အရင်းအနှီးတွေတင် လျော့နည်းသွားမှာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတခုလုံးရဲ့ အနာဂတ် တိုးတက်မြင့်မားမှုကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများရဲ့ လူ့စွမ်းအား တိုးမြင့်ရေးကို ၀ိုင်းဝန်း လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်။

ခင်မမမျိုး (၂၀၀၉)


အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် မိသားစုအခွင့်အလမ်း

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ် အမျိုးသမီးအခွင့်အလမ်းအစီအစဉ်မှာ အမျိုးသမီးနဲ့ မိသားစု အခွင့်အလမ်းများကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။ မိသားစုဆိုတာ လူမှုအဆောက်အအုံကို တည်ဆောက်ထားတဲ့ အခြေခံ ယူနစ်လေးတွေ ဖြစ်ပါတယ်။ လူမှုရေးသိပ္ပံပညာရှင်များကတော့ မိသားစုဆိုတာကို လက်ထပ်ထားတဲ့ စုံတွဲ၊ ဒါမှမဟုတ်ရင် အတူနေတဲ့ စုံတွဲလို့ ပုံဖော်သတ်မှတ်ကြပါတယ်။ ဒီစုံတွဲမှာ ကလေးတွေ ရှိရင်လဲ ရှိမယ်။ ကလေးမရှိတဲ့ စုံတွဲလဲ ဖြစ်ချင်ဖြစ်နေမှာပဲ။ ဒီလိုပဲ လင်ယောက်ျား၊ ဇနီးမယားနဲ့ လမ်းခွဲထားပြီး၊ ကလေးနဲ့ အတူနေတဲ့ မိခင်၊ ဖခင်တွေကိုလဲ မိသားစုအနေနဲ့ သတ်မှတ်ကြပါတယ်။



၂၀၀၀ခုနှစ်နောက်ပိုင်း လူမှုရေးရာ သုံးသပ်ချက်တွေမှာ မိသားစု တွေကို စုံတွဲမိသားစု၊ မိခင်တဦးတည်းရှိတဲ့ မိသားစုနဲ့ ဖခင်တဦးတည်းရှိတဲ့ မိသားစု အနေနဲ့ သုံးမျိုးခွဲ ပြောဆိုကြပါတယ်။ မိသားစုနေထိုင်ရာ အိမ်ထောင်စုတွေမှာလဲ မိသားစုတခုတည်း နေထိုင်တဲ့ အိမ်ထောင်စုနဲ့ မိသားစုများစွာ စုပေါင်းနေထိုင်တဲ့ အိမ်ထောင်စု အနေနဲ့ ခွဲခြားသတ်မှတ်ကြပါတယ်။ ဒီလိုစနစ်တကျခွဲခြားသုံးသပ်မှုတွေဟာ လူသားတွေရဲ့ ပြုမူဆောင်ရွက်ပုံ၊ စိတ်ခံစားမှု၊ အခွင့်အလမ်းဆိုင်ရာ လေ့လာမှုတွေကို အထောက်အကူတွေ အများကြီး ပေးပါတယ်။ လူတယောက်ရဲ့ လူအများကို ပြောဆိုဆက်ဆံတာ၊ ဆုံးဖြတ်ချက်ချမှတ်လုပ်ကိုင်တာ၊ လူနေမှုအဆင့်အတန်းနဲ့ ပတ်သက်တဲ့ စံနှုန်းတွေ တိုင်းတာသတ်မှတ်တာ တွေမှာ သူကြီးပြင်းပေါက်ဖွားခဲ့တဲ့ မိသားစု၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းရဲ့ ပုံသဏ္ဍာန်တွေကလဲ အများကြီး လွှမ်းမိုးနေတတ်ပါတယ်။

လူမှုရေးသတ်မှတ်ချက်များအရ မိသားစုတွင်းမှာ အမျိုးသမီးတွေဟာ သမီးဘ၀၊ ညီမဘ၀၊ အစ်မ ဘ၀၊ ဇနီးသည်ဘ၀၊ မိခင်ဘ၀ ဆိုတဲ့ အခန်းကဏ္ဍတွေမှာ အရွယ်နဲ့ အချိန်အခါနဲ့ အညီ ပါဝင်ကြရပါတယ်။ ကျောက်ခေတ်ကာလ လူ့အဖွဲ့အစည်းတွေက အစပြုလို့၊ အခုလို တိုးတက်ခေတ်မှီနေတဲ့ ကာလ လူ့အဖွဲ့အစည်းတွေအထိ လုံးဝမပြောင်းလဲသေးတဲ့ စံနှုန်းတခုကတော့ မိသားစုတိုင်းမှာ ကလေးငယ်ပြုစုပျိုးထောင်မှု၊ အိမ်မှုကိစ္စအလုပ်တာဝန်တွေ လုပ်ဆောင်မှုပါပဲ။ အစဉ်အလာ ဓလေ့ထုံးစံတွေကတော့ ဒီတာဝန်တွေကို အမျိုးသမီးများရဲ့ တာဝန်တွေလို့ပဲ သတ်မှတ်ထားခဲ့ပါတယ်။ မိသားစုတွင်းမှာ အမျိုးသမီးတွေ ပြုမူနေထိုင်ရမယ့် ပုံစံတွေကိုလဲ ချမှတ်ထားလေ့ရှိပါတယ်။ အမျိုးသမီးအခွင့်အလမ်း လှုံဆော်သူ ပညာရှင်တွေက ဒါတွေဟာ သဘာဝအတိုင်းဖြစ်နေတာ မဟုတ်ပဲ လူ့အဖွဲ့အစည်းရဲ့ ပုံသွင်းသတ်မှတ်ချက်တွေသာဖြစ်တယ်ဆိုတာ ထောက်ပြပြောဆိုလာကြပါတယ်။

အစဉ်အလာ၊ ဓလေ့ထုံးစံတွေက သမီးတွေဟာ ဖခင်တွေ ပြောတဲ့စကားတွေကို နားထောင်ရမယ်။ ပြန်ပြီး ဆွေးနွေးပြောဆိုတာတွေ မလုပ်ရဘူး၊ ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် အိမ်ထောင်စုအကြီးအကဲရဲ့ ပြောဆိုဆုံးဖြတ်မှုကသာ အတည်ဖြစ်တယ်။ ညီမ၊ အစ်မတွေဟာ အစ်ကိုတွေ၊ မောင်တွေနဲ့ ပတ်သက်လာရင် အစစအရာရာ အနစ်နာခံရမယ်။ ပြုစုစောင့်ရှောက်ရမယ်။ အမေတွေအားလုံးဟာ သားသမီးတွေကို ချစ်ရမယ်။ ဇနီးသည်တွေအားလုံးဟာ လင်ယောက်ျားကို မှီခိုရမယ် စတဲ့ လူမှုရေး မျှော်မှန်းချက်တွေကို ချမှတ်ထားလေ့ရှိပါတယ်။ အမျိုးသမီးတွေကလဲ ငယ်စဉ်ကတည်းက ဒါတွေကိုပဲ နားရည်ဝအောင် သင်ယူခဲ့ရတာမို့ ဒီဓလေ့ထုံးစံတွေကို လိုက်နာကြရပါတယ်။ ဒါတွေဟာ မိသားစုအတွင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အမျိုးသမီးတွေကိုယ်တိုင်က ရွေးချယ်ဆုံးဖြတ်ရတာ မဟုတ်ပဲ လူအဖွဲ့အစည်းရဲ့ ပုံသွင်းသတ်မှတ်ချက်တွေကို လိုက်နာလိုက်ရတာပဲ ဖြစ်ပါတယ်။

မိသားစုထဲက သမီးတွေရဲ့ အခန်းကဏ္ဍကို ကြည့်ကြရအောင်ပါ။ တကယ်တော့ မိသားစုထဲကို ကလေးငယ်လေးတယောက်ရောက်လာတယ်ဆိုတာ အင်မတန်ပျော်ရွင်စရာကောင်းတဲ့ အဖြစ်အပျက် လေးပါ။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်သဘောထား သေးသိမ်တဲ့ ယောက်ျာ့းတွေကတာ့ မွေးလာတဲ့ကလေးဟာ ယောက်ျားလေးမဟုတ်ပဲ မိန်းကလေးဖြစ်နေခဲ့ရင် ကလေးငယ်လေးကို လက်မခံပဲ စွန့်ပစ်တာ၊ သူများကို ပေးပစ်တာ၊ လက်ခံမွေးထားရင်တောင် ဇနီးသည်ကို နောက်ထပ်ယောက်ျားလေးတယောက် ထပ်မွေးဖို့ တောင်းဆိုတာတွေ ပြုလုပ်တတ်ပါတယ်။ တချို့သောအစွန်းရောက်လူ့အဖွဲ့အစည်းတွေမှာဆို ကလေးငယ်လေးကို ဂရုမစိုက်တာ၊ သတ်ပစ်တာတွေအထိတောင် ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့်လဲ မွေးကင်းစမိန်းကလေးသေဆုံးမှုဟာ မွေးကင်းစ ယောက်ျားလေးသေဆုံးမှုထက် ပိုများပါတယ်။ တိုးတက်ပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းတချို့မှာတောင် မိန်းကလေးမမွေးပဲ ယောက်ျားလေးမွေးလာတာဟာ အလွန်ကံကောင်းသယောင် ပြောဆိုတိုင်းတာမှုတွေ ရှိနေတတ်ပါသေးတယ်။ ပညာရှင်များရဲ့ လေ့လာသုံးသပ်မှုအရ သားငယ်လေးများအပေါ် ဖခင်တွေက ပေးတဲ့ အချိန်ဟာ သမီးငယ်လေးများအပေါ် ဖခင်တွေက ပေးတဲ့ အချိန်ထက် ပိုများတာကို တွေ့ရှိရပါတယ်။ အိမ်ထောင်ကွဲမှုနှုန်းတွေမှာလဲ သားမွေးထားတဲ့ အိမ်ထောင်ထက် သမီးမွေးထားတဲ့ အိမ်ထောင်တွေရဲ့ အိမ်ထောင်ကွဲမှုနှုန်းက ပိုများပါတယ်။ တချို့သော ယောက်ျားတွေက သားမမွေးပဲ သမီးပဲ မွေးတဲ့ အိမ်ထောင်ဘက်တွေအပေါ် အမြင်တမျိုးနဲ့ မြင်တတ်တဲ့ စိတ်ထားတွေ ရှိနေတာကြောင့်လို့ ပညာရှင်များက လေ့လာသုံးသပ်ကြပါတယ်။

ဒီလိုနဲ့ မိသားစုထဲမှာ သမီးငယ်လေးတွေ လူလားမြောက်လာတဲ့အခါမှာကျတော့ မိခင်ဖြစ်သူတွေက နောင်တချိန် ဇနီးသည်၊ မိခင်ဖြစ်လာမယ့် သမီးတွေကို သူနားလည်ထားတဲ့ အစဉ်အလာတွေအတိုင်း ပုံပြန်သွင်းပါတယ်။ သမီးနဲ့ အမေကြားက ဆက်ဆံရေးကို ပညာရှင်တွေက ငယ်ရွယ်တဲ့ မိခင်၊ ဇနီးသည်အဖြစ် ပုံဖော်ပေးတဲ့ ဆက်ဆံရေးလို့ သတ်မှတ်ပြောဆိုကြပါတယ်။ အိမ်တွင်းမှုလုပ်ငန်း တာဝန်တွေနဲ့ ပတ်သက်ရင်သမီးနဲ့သားတွေမှာ သမီးကိုသာ ရွေးချယ်စေခိုင်းလေ့ရှိပြီး၊ သားတွေကိုကျတော့ ပညာတတ်အောင်၊ လူမှုဆက်ဆံရေး ကျွမ်းကျင်လာအောင် လေ့ကျင့်ပေးတဲ့ မိသားစုပုံသွင်းမှုတွေ အများကြီး ရှိပါတယ်။ မိခင်တွေကတင် မဟုတ်ပါဘူး။ ဖခင်တွေကလဲ သူတို့ရဲ့ သမီးငယ်တွေကို ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေအဖြစ် ရှုမြင်ပါတယ်။ သမီးငယ်လေးတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးလို့ရနိုင်အောင် ကြိုးစားဆက်ဆံကြပါတယ်။ တချို့ ဖခင်တွေဆိုရင် မိသားစုထဲမှာ ယောက်ျားတွေက အကြီးအကဲတွေဖြစ်ပြီး၊ မိန်းမတွေက ယောက်ျားတွေကို ပြုစုကျွေးမွေးဖို့၊ လိုအပ်တာ ဖြည့်ဆည်းပေးဖို့ လုပ်ရမယ်ဆိုပြီး သမီးငယ်လေးတွေကို နှိမ့်ချဆက်ဆံမှုတွေ ပြုလုပ်တတ်လေ့ရှိပါတယ်။

အခုဆက်လက်ပြီး၊ မိသားစုထဲမှာ ညီမတွေ၊ အစ်မတွေအဖြစ် နေထိုင်ရတဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တင်ပြပေးပါမယ်။ တချို့ မိသားစုတွေမှာဆိုရင် သားတွေက နေရာပိုပေးခံရပြီး၊ သမီးတွေကို နှိမ့်ချဆက်ဆံတာတွေ ရှိတတ်ပါတယ်။ သားတွေရဲ့ ပညာရေးအောင်မြင်မှုတွေ၊ အစွမ်းအစတွေကို သမီးတွေရဲ့ အောင်မြင်မှုတွေထက် ပိုမို တန်ဖိုးထားတတ်ကြပါတယ်။ မောင်နှမဆက်ဆံရေးမှာကျတော့ မိဘတွေရဲ့ ဆက်ဆံမှုပုံစံကို ပုံတူကူးယူပြီး၊ မောင်တွေ၊ အစ်ကိုတွေက ညီမ၊ အစ်မတွေကို အားနွဲ့တဲ့ အမျိုးသမီးများအဖြစ် ခွဲခြားဆက်ဆံမှုတွေ ရှိလာတတ်ပါတယ်။ တချို့လူ့အဖွဲ့အစည်းတွေမှာကျတော့ အစ်မတွေ၊ ညီမတွေဟာ သဘာဝအရ အားနည်းသူတွေ၊ ၀င်ငွေနည်းသူတွေ၊ လင်ယောက်ျားအပေါ်မှာ မှီခိုရမယ့်သူတွေ၊ မိမိကိုယ်ကို ယုံကြည်မှုအားနည်းသူတွေဖြစ်တာကြောင့် ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ်လို့ ထင်မြင်ယူဆတဲ့ အစ်ကိုတွေ၊ မောင်တွေလဲ ရှိပါတယ်။

အမျိုးသမီးများရဲ့ မိသားစုအခန်းကဏ္ဍ နောက်တမျိုးကတော့ ဇနီးသည်ဘ၀ဖြစ်ပါတယ်။ အစဉ်အလာတွေကတော့ လင်ယောက်ျားကို အကြီးအကဲ အိမ်ဦးနတ်အဖြစ် သတ်မှတ်ခိုင်းလေ့ရှိပါတယ်။ ဒီအစဉ်အလာတွေကို အမျိုးသားတွေက ပုံဖော်ခဲ့တာလား၊ အမျိုးသမီးတွေက ပုံဖော်ခဲ့တာလား သေချာ မသိနိုင်ပေမယ့် အမျိုးသားများအပေါ် အလေးသာမှုပေးပြီး၊ အမျိုးသမီးများရဲ့ တန်းတူရည်တူ လူသားအခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ထားပါတယ်။ အမျိုးသမီးတွေ ဇနီးသည်ဘ၀ ရောက်ရတဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ တချို့ကကျတော့ ဆွေစဉ်မျိုးဆက် ထုံးစံတွေအရ ဆွေမျိုးအချင်းချင်း ပြန်လည်ပေါင်းစပ်ပေးတာကြောင့်ဖြစ်ပါတယ်။ တချို့ကျတော့ မိဘအသိုင်းအ၀ိုင်းက ရွေးချယ် ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ တချို့ကျတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘ၀လက်တွဲဖော် ရွေးချယ်တာဖြစ်ပါတယ်။ တချို့ကျတော့လဲ အမျိုးသားတွေရဲ့ ထောင်ချောက်ထဲ မတော်တဆ ကျရောက်သွားလို့ အခြေအနေအရ ဇနီးသည်ဖြစ်လာတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဇနီးသည်ဘ၀ရောက်လာတဲ့ အမျိုးသမီးတွေမှာ မိမိကံကြမ္မာကို မိမိရွေးချယ်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတွေ ရှိရမှာ ဖြစ်ပါတယ်။ တချို့သော အိမ်ထောင်ဘက်တွေက အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် တိုးတက်မှု အခွင့်အလမ်းတွေကို ကန့်သတ်ထားတတ်ကြပါတယ်။ အမျိုးသမီးတွေရဲ့ ကလေးယူတာ၊ မယူတာတွေအပေါ်မှာလဲ လင်ယောက်ျားကသာ ဆုံးဖြတ်တတ်ကြပါတယ်။ ကလေးမွေးဖွားခြင်း၊ သားဆက်ခြားခြင်း ကိစ္စတွေမှာ အမျိုးသမီးများက ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတွေ ရှိလာဖို့ လိုအပ်ပါတယ်။

မိခင်ဘ၀မှာလဲ ဒီအတိုင်းပါပဲ။ လူ့အဖွဲ့အစည်းက မိခင်တွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်တာတွေ လုပ်တတ်လေ့ရှိပါတယ်။ ကလေးအမေဖြစ်နေပြီ။ အလည်အပတ်မသွားနဲ့။ အိမ်မှာပဲနေ။ ကလေးကို စောင့်ရှောက်ဆိုတဲ့ ဆုံးမသံလိုလို သြ၀ါဒတွေကို တချို့လူ့အဖွဲ့အစည်းမှာ ပြောလေ့ရှိပါတယ်။ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာကျတော့ ကလေးရဲ့ ကျန်းမာရေးအတွက် လေကောင်းလေသန့်ရဖို့ ကလေးငယ်လေးတွေကို မိခင်က နေ့စဉ်ခေါ်ထုတ်လမ်းလျှောက်ပေးရမယ်၊ တွန်းလှည်းလေးတွေနဲ့ ပန်းခြံကို ခေါ်သွားသင့်တယ်လို့ အကြံပေးပြီး မွေးကင်းစကလေးငယ်လေးတွေအတွက် လိုအပ်တဲ့ တွန်းလှည်း၊ အသုံးအဆောင်၊ ပြင်ပကို ခေါ်ဆောင်သွားရင် လိုအပ်မယ့် အရာတွေ ၀ယ်ယူဖြည့်ဆည်းဖို့ နိုင်ငံတော်ကနေ ကလေးမွေးပြီးစ မိသားစုတွေကို စရိတ်ထုတ်ပေးပါတယ်။ ငယ်စဉ်ကတည်းက ပြင်ပလူ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့ကလေးနဲ့ သီးခြား မိသားစုဝန်းကျင်မှာ ကြီးလာရတဲ့ ကလေးတွေရဲ့ လူ့အဖွဲ့အစည်းနဲ့ ဆက်နွယ်မှုပုံစံတွေဟာ ကွာခြားတတ်ပါတယ်။ ဒါတွင် မကသေးပါဘူး။ တချို့သော လူ့အဖွဲ့အစည်းတွေမှာဆိုရင် ဖခင်ဖြစ်သူတွေက မိခင်ဖြစ်သူကို သားသမီးများရှေ့မှာ နှိမ့်ချဆက်ဆံပြတာတွေကြောင့် မိခင်အပေါ်မှာ သားသမီးများရဲ့ လေးစားမှုလျော့သွားတာတွေလဲ ဖြစ်တတ်ပါတယ်။ သားသမီးတွေကို မိခင်တဦးတည်းက စောင့်ရှောက်ရတဲ့ မိသားစုတွေရဲ့ မိခင်တွေအပေါ်မှာလဲ တယောက်တည်း ထိန်းသိမ်းစောင့်ရှောက်လို့ အောင်မြင်မှာ မဟုတ်ကြောင်း နှိမ့်ချပြောဆိုတတ်တဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေတတ်ပါသေးတယ်။ မိသားစုထဲမှာ မိခင်တွေအားလုံး တန်းတူညီတူ အခွင့်အရေးတွေရဖို့၊ အပြန်အလှန်လေးစားမှုတွေ ရှိဖို့ အထူးပဲလိုအပ်လှပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

တကယ်တော့ မိသားစုတခုအတွင်းမှာ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှအခွင့်အရေးရှိမှုတွေဟာ အလွန်ပဲ အရေးကြီးပါတယ်။ အမျိုးသမီးတွေအနေနဲ့ သမီးဘ၀မှာပဲဖြစ်ဖြစ်၊ မိခင်ဘ၀မှာပဲဖြစ်ဖြစ်၊ ဇနီးသည်ဘ၀မှာပဲဖြစ်ဖြစ်၊ အစ်မ၊ ညီမဘ၀မှာပဲဖြစ်ဖြစ် ဘယ်လိုအခန်းကဏ္ဍမျိုးမှာပဲ ရှိနေရှိနေ၊ သက်ဆိုင်ရာ မိသားစုဝင်တွေက အမျိုးသမီးများရဲ့ တန်းတူညီမျှ အခွင့်အရေးတွေကို အသိအမှတ်ပြုပေးဖို့ လိုအပ်လှပါတယ်။ အပြန်အလှန်လေးစားမှုတွေနဲ့ ဆက်ဆံရမှာဖြစ်ပါတယ်။ အကြောက်တရားကင်းတဲ့၊ လွှမ်းမိုးချုပ်ချယ်မှုကင်းတဲ့ လူ့ဘောင်ကသာ လူသားအားလုံးရဲ့ သာယာအေးချမ်း၊ ပျော်ရွှင်မှုတွေကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဆိုတာ မိသားစုဆိုတဲ့ အခြေခံယူနစ်လေးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် မိသားစုတွင်းက အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှမှုကနေ လူ့အဖွဲ့အစည်းတခုလုံးရဲ့ တန်းတူုညီမျှမှုအထိ တည်ဆောက်ရင်း တိုးတက်သော မြန်မာ့ လူ့ဘောင်ကို ရှေးရှုတည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ ကမ္ဘာတ၀ှမ်းလုံးမှာ ယနေ့ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေရဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆောင်တာတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။



ယနေ့ခေတ်ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကို ပညာရှင်တွေက ရေ၊ မြေ၊ လေ ဆိုပြီး၊ အမျိုးအစားသုံးမျိုး ခွဲခြားဖော်ပြလေ့ရှိပါတယ်။ လေထုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကတော့ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတုပြောင်းလွဲ ဖောက်ပြန်မှု၊ လေထုညစ်ညမ်းမှု၊ အက်ဆစ်မိုး၊ အိုဇုန်းလွှာပါးလွှာမှု စတာတွေ ဖြစ်ပါတယ်။ ရေ နဲ့ ပတ်သက်တဲ့ ပြဿနာတွေကတော့ ညစ်ညမ်းရေ၊ စိုစွတ်မြေလျော့နည်းမှု၊ စနစ်တကျမရှိတဲ့ ငါးဖမ်းမှုတွေကြောင့် ဖြစ်ပွားရတဲ့ ပင်လယ်သတ္တ၀ါများ မျိုးပြုန်းမှုအန္တရာယ် စတာတွေ ဖြစ်ပါတယ်။ မြေထုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကတော့ သစ်တောပြုန်းတီးမှု၊ အစားအစာထုတ်လုပ်မှုမှာ ကြိုးကိုင်ချယ်လှယ်မှု၊ ခြောက်သွေ့မြေပြုန်းတီးမှု စတာတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေအပြင် အဆိပ်သင့်စေတတ်တဲ့ ဓာတုပစ္စည်း အန္တရာယ်တွေ၊ နယူးကလီးယားလက်နက်၊ နယူးကလီးယား ပါဝါတို့ရဲ့ အန္တရာယ်တွေကလဲ ၂၁ ရာစုကမ္ဘာကြီးကို တစတစ ခြိမ်းချောက်လာပါတယ်။

ယနေ့ခေတ်ကမ္ဘာမှာ ရာသီဥတု ပြောင်းလွဲဖောက်ပြန်မှုတွေဟာ တစတစ များပြားလာပါတယ်။ ရေကြီးမှု၊ မိုးခေါင်ရေရှားမှု၊ မုန်တိုင်းကျရောက်မှုတွေဟာ လူသားတွေရဲ့ အသက်ဇီဝိန်တွေကို ဖျက်ဆီးပစ်ရုံသာမက အသက်ရှင် ကျန်ရစ်နေတဲ့ လူသားတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ အစာအာဟာရ ဖူလုံရေးတွေကို ထိခိုက်စေခဲ့ပါတယ်။ ပညာရှင်များရဲ့ ခန့်မှန်းချက်အရ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုနဲ့ ရာသီဥတုပြောင်းလွဲဖောက်ပြန်မှုတွေကြောင့် လူဦးရေ (၃၄၄) သန်းဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံစားရနိုင်ဖွယ် ရှိနေပါတယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာတွေဟာ လူ့အဖွဲ့အစည်းရဲ့ ရှင်သန်ဖြစ်တည်မှုကို တိုက်ရိုက်ခြိမ်းချောက်နေတဲ့ အရေးကြီး ပြဿနာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီမှ ထိပ်တန်းဘောဂဗေဒပညာရှင် Faith Birol က သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့ လိုအပ်တဲ့ မူဝါဒတွေကိုသာ အလျင်အမြန် မချမှတ်ခဲ့ရင်၊ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေထက် နှစ်ဆပိုကြီးတဲ့ ပြဿနာကြီးတွေကို ရင်ဆိုင်ရဖွယ် ရှိနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒီလို သဘာဝပတ်ဝန်းကျင်ပြဿနာတွေရဲ့ ဆိုးကျိုးတွေကို အများဆုံးရင်ဆိုင်ကြရတာကတော့ အမျိုးသမီးများ ဖြစ်ပါတယ်။ ပညာရှင် မာဆာက ရာသီဥတုပြောင်းလွဲမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်ကြီးတွေနဲ့ ပတ်သက်ပြီး လေ့လာခဲ့ရာမှာ သေဆုံးသူများရဲ့ (၈၅) ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့ပါတယ်။ အာရှဆူနာမီမှာလဲ သေဆုံးသူအများစုဟာ အမျိုးသမီးများ ဖြစ်ခဲ့ပါတယ်။ တခြားပြဿနာတွေဖြစ်တဲ့ သစ်တောပြုန်းတီးမှု၊ သန့်ရှင်းရေ မရရှိမှု၊ ချက်ပြုတ်သုံးစွဲရန် စွမ်းအင်ရှားပါးမှု စတာတွေလဲ အိမ်မှုကိစ္စရေးရာများမှာ အများဆုံးတာဝန်ရှိနေတဲ့ အမျိုးသမီးများအတွက် ကြီးစွာသော အခက်အခဲတွေဖြစ်နေပါတယ်။

အချို့သော ဒေသက အမျိုးသမီးများမှာဆိုရင် သောက်သုံးရေ ရရှိဖို့ ငါးနာရီလောက် အချိန်ပေးကြရပါတယ်။ သဘာဝပတ်ဝန်းကျင်ပြဿနာများနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် တကမ္ဘာလုံး ဆင်းရဲနွမ်းပါးသူများရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများကို ပိုမိုထိခိုက်မှု ရှိနေပါတယ်။ “တိတ်ဆိတ်သောဆူနာမီ”လို့ ခေါ်ဝေါ်ပြောဆိုလေ့ရှိကြတဲ့ အစာရေစာရှားပါးမှု ပြဿနာဆိုးရဲ့ ဒဏ်ကို အများဆုံးခံနေကြရသူများဟာလဲ အမျိုးသမီးနဲ့ ကလေးများပဲ ဖြစ်ပါတယ်။ ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများဟာ အမျိုးသားများထက်စာရင် အမျိုးသမီးများအပေါ် ပိုမိုထိခိုက်မှုရှိတာကြောင့် စက်မှုဇုန်များမှာ နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူ အမျိုးသမီးများရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒီလိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများရဲ့ ဆိုးကျိုးတွေကို အများဆုံးခံစားရင်ဆိုင်နေကြရတာဟာ အမျိုးသမီးများ ဖြစ်နေတာကြောင့်၊ ဒီပြဿနာတွေကို ဖြေရှင်းဖို့၊ သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတွေမှာ အမျိုးသမီးများပါဝင်ဆောင်ရွက်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်နိုင်ခွင့် အခွင့်အလမ်းတွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်။

တကယ်တော့ လူ့အဖွဲ့အစည်းရဲ့ သဘာဝအရင်းအမြစ်များ အသုံးပြုမှု၊ အခြေခံ စားသောက်ကုန် သုံးစွဲမှုများမှာ အဓိက လုပ်ဆောင်နေသူများက အမျိုးသမီးများသာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုမှာ အရေးကြီးတဲ့ဖြစ်စဉ်တခုဖြစ်တဲ့ အလေအလွင့်နဲ့ ပိုလျှံသုံးစွဲမှုများကို လျှော့ချရေး၊ ပြန်လည်အသုံးပြုရေး၊ ပြန်လည်ထုတ်လုပ်ရေး (reduce, reuse, recycle) ဖြစ်စဉ်ကို ပိုမိုထိရောက်စေဖို့အတွက် အမျိုးသမီးများရဲ့ နားလည်သိရှိမှုနဲ့ ဆုံးဖြတ်လုပ်ကိုင်မှုတွေ လိုအပ်လှပါတယ်။

သဘာဝအရ လူသားတွေမွေးဖွားရှင်သန်စေမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုကို စွမ်းဆောင်နိုင်သူများဖြစ်တဲ့ အမျိုးသမီးများဟာ သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာများကို ကမ္ဘာနဲ့အ၀ှမ်း သိရှိနားလည်စေရေးအတွက်လဲ အဓိကနေရာကနေ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ (၁၉၆၈) ခုနှစ်မှာတုန်းက ဆွီဒင်သံတမန် အင်ဂါတော်စ်စန်ဟာ သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာများနဲ့ ပတ်သက်တဲ့ ညီလာခံတခုကျင်းပဖို့ ကုလသမဂ္ဂကို အကြံပြုခဲ့ဖူးပါတယ်။ ဒီလိုအကြံပြုချက်အပေါ်မှာ မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က အသိအမှတ်ပြု နားထောင်ပြီး၊ (၁၉၇၂) ခုနှစ်မှာ စတော့ဟုမ်းကုလသမဂ္ဂ လူမှုပတ်ဝန်းကျင်ညီလာခံကို ကျင်းပဖို့ စီမံဆောင်ရွက်ခဲ့ပါတယ်။ ဒီစတော့ဟုမ်း ညီလာခံကြောင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာဆိုရင် အမျိုးသမီးများဟာ သဘာဝပတ်ဝန်းကျင်ရေးရာတွေမှာ စည်းရုံးလှုံ့ဆော်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ သိပ္ပံပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ရေးရာ ဘောဂဗေဒပညာရှင်များတွင်သာမက ဒေသဆိုင်ရာအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် ဆုံးဖြတ်ချက်ချမှတ်သူများအဖြစ်ပါ ဦးဆောင်ပါဝင်နေကြပြီဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂညီလာခံများကလဲ သဘာဝပတ်ဝန်းကျင်ရေးရာတွေမှာ အမျိုးသမီးနဲ့ အမျိုးသားများ တန်းတူရည်တူ ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်ခွင့်မရှိရင် ရေရှည်မှာ အောင်မြင်ဖို့ ခဲယဉ်းကြောင်း အသိအမှတ်ပြုလက်ခံပြီး၊ ၂၁ရာစု ပတ်ဝန်းကျင်ရေးရာ စီမံခန့်ခွဲမှုအဆင့်တိုင်းမှာ အမျိုးသမီးများ ပါဝင်ခွင့်ရရှိရေးကို ကမ္ဘာနဲ့အ၀ှမ်း ဦးစားပေးဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာဆိုရင် (၁၉၈၉) ခုနှစ်တုန်းက မြန်မာ့ရေမြေသဘာဝရဲ့ (၇၅) ရာခိုင်နှုန်းကျော်ဟာ သစ်တောများဖြစ်ပေမယ့်၊ စစ်အုပ်စုအစိုးရလက်ထက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စနစ်တကျ ဆောင်ရွက်ဖို့ အားနည်းတာတွေ၊ လူအများကို ပညာပေးတဲ့ အစီအစဉ်များ ထိထိရောက်ရောက် မလုပ်တာတွေ၊ သစ်ထုတ်လုပ်မှုကို ရေရှည်ထိန်းသိမ်းထုတ်လုပ်မှု စီမံချက်အကောင် အထည်ဖော်ဆောင်ရွက်မှုမရှိပဲ ရေတိုမှာ အရေအတွက် များလာဖို့ စစ်အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ဆက်စပ်သူများရဲ့ သစ်လုပ်ငန်းများမှ ၀င်ငွေတိုးပွားဖို့ဆိုတာတွေကိုသာ အာရုံစိုက်တာတွေ စတဲ့ အထွေထွေ အားနည်းချက်များကြောင့် အခုဆိုရင် မြန်မာ့ရေမြေရဲ့ သစ်တောများဟာ (၅၀) ရာခိုင်နှုန်းအောက်ကို လျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။ တခြားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်တဲ့ ရေကြီးတာ၊ မိုးခေါင်ရေရှားတာ၊ ရာသီဥတု ပြောင်းလွဲဖောက်ပြန်တာ၊ မုန်တိုင်းကျတာ၊ စိုက်ပျိုးဖြစ်ထွန်းတဲ့ မြေဧက လျော့နည်းလာတာ စတဲ့ ပြဿနာများလဲ ဖြစ်ပွားနေပါတယ်။

ဒီလို ပတ်ဝန်းကျင်ရေးရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအမျိုးသမီးရဲ့ ပူးပေါင်းပါဝင်မှု၊ ပြဿနာများကို သိရှိနားလည်မှုတွေ လိုအပ်လှပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတော်အုပ်ချုပ်သူများဟာ လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်စွာစုဝေးခွင့်၊ ဟောပြောခွင့်တွေကို ပိတ်ပင်ထားတာကြောင့်၊ ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှား အမျိုးသမီးများရဲ့ ပြည်သူလူထုကို အသိပညာပေးမှု အခွင့်အလမ်းကို ပိတ်ပင်တားဆီးထားသလို၊ အမျိုးသမီးများရဲ့ ပတ်ဝန်းကျင်ရေးရာ သိရှိနားလည်ခွင့် အခွင့်အလမ်းဟာလဲ လျော့ကျသွားပါတယ်။

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရေးရာတွေမှာလဲ အမျိုးသားများကသာ ဆုံးဖြတ်လုပ်ကိုင်နေကြပြီး၊ လူဦးရေရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများကို ပါဝင်ဆုံးဖြတ်လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားပါတယ်။ တကယ်တော့ သဘာဝပတ်ဝန်းကျင်ရေးရာတွေနဲ့ ပတ်သက်တဲ့ အမျိုးသမီးအခွင့်အလမ်းဆိုတာ အခုစစ်အုပ်စု လုပ်ပြနေသလို အမျိုးသမီးရေးရာအဖွဲ့က ဦးစီးကျင်းပတဲ့ သစ်ပင်စိုက်ပွဲလေးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ရေးရာတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးများကို ပညာပေးမှုအားနည်းတာ၊ ပါဝင်ဆောင်ရွက်ခွင့်မပေးတာ၊ ဆုံးဖြတ်လုပ်ကိုင်ခွင့် မပေးတာတွေဟာ အမျိုးသမီးများရဲ့ အခွင့်အလမ်းကို ပိတ်ပင်တားဆီးနေတာဖြစ်သလို၊ စစ်အုပ်စုလက်ထက်မှာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့ အချက်တခုလဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် ဖွံ့ဖြိုးတိုးတက်ရေး

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်
အခုတပတ် အမျိုးသမီးအခွင့်အလမ်းအစီအစဉ်မှာ အမျိုးသမီးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို တင်ပြပေးပါမယ်။ ဖွံ့ ဖြိုးတိုးတက်ရေးဆိုတာကို ကောင်းမွန်သော ပြောင်းလဲမှုလို့ ပညာရှင် ချိန်ဘာစ် ဆိုသူက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒါကြောင့်လူ့အဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မား လာတာ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာတာ၊ ပညာရေးတိုးတက်မြင့်မားလာတာ၊ လူ့အဖွဲ့အစည်း တခုလုံးအတွက် အကျိုးရှိမယ့် အောင်မြင်မှုတွေ ရရှိလာတာ စတာတွေအားလုံးကို ဖွံ့ဖြိုး တိုးတက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။



ဒီလို ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ပညာရှင်တွေက အပိုင်းနှစ်ပိုင်း ထပ်ခွဲပြီး ပြောလေ့ရှိပါတယ်။ ခေတ်မှီဖွံ့ဖြိုးလာတာက တပိုင်း ဖြစ်ပါတယ်။ လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာက တပိုင်း ဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာက နိုင်ငံတော်ရဲ့ ထုတ်လုပ်မှု နည်းပညာကဏ္ဍတွေမှာ သမရိုးကျ နည်းပညာတွေကနေ သိပ္ပံနည်းကျ နည်းပညာတွေကို အသုံးပြုလာတာမျိုး ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဘိုးဘွားအစဉ်အလာအတိုင်း စိုက်ပျိုးမှုတွေကနေ ဈေးကွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြောင်းလဲ စိုက်ပျိုးလာတာမျိုး ဖြစ်ပါတယ်။ လူနဲ့တိရစ္ဆာန်ကို အသုံးပြုထုတ်လုပ်မှုတွေကနေ စက်မှုနည်းပညာကို ပြောင်းလဲအသုံးပြုလာတာမျိုး ဖြစ်ပါတယ်။ တောင်ယာနဲ့ ကျေးရွာတွေကနေ မြို့ပြလူနေ မှုအဆောက်အအုံကို ရွှေ့ပြောင်းလာတာမျိုးကို ခေါ်ဆိုတာဖြစ်ပါတယ်။

လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာကတော့ ဒီလိုထုတ်လုပ်မှုဖြစ်စဉ်ကနေ အစပျိုးစဉ်းစားတာ မဟုတ်ပဲ လူတွေနဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို စတင်စဉ်းစားတာဖြစ်ပါတယ်။ လူသားလိုအပ်ချက်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဒီလို တင်ပြထားကြပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ထုတ်လုပ်မှုတိုးတက်တာ၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုရာခိုင်နှုန်း မြင့်မားလာတာတွေလောက်နဲ့ တိုင်းတာလို့ မရဘူးလို့  သူတို့ က ပြောပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လူသားအားလုံးကို ကိုယ်စားပြုသင့်တယ်ဆိုတာကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုက လူ့အဖွဲ့တွေမှာ ပစ္စည်းချို့တဲ့တာ သိပ်မရှိရဘူး။ လူတိုင်း၊ လူတိုင်းဟာ ကိုယ့်ရဲ့  စားသောက်နေထိုင်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ စွမ်းအားတွေ ရှိနေရမယ်။ အလုပ် အကိုင်အခွင့်အလမ်းတွေ ရှိနေရမယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေ နည်းနိုင်သမျှ နည်းရပါမယ်။ လူသားတိုင်းမှာ တန်းတူညီမျှမှုရှိနေရမယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးဆိုတာကလဲ စစ်မှန်တဲ့ လွတ်လပ်ရေးဖြစ်ရပါတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ရေးကို ပြောတာဖြစ်ပါတယ်။ ပညာရေးအဆင့်အတန်းတွေကလဲ တိုးတက်မြင့်မားရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကနေလဲ ကင်းဝေးရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေအထဲမှာ အရေးကြီးတဲ့ အခြေအနေတရပ်အဖြစ် ပညာရှင်များ ထောက်ပြပြောဆို တာကတော့ အမျိုးသမီးများရဲ့ တန်းတူညီမျှခွင့်ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရင်၊ တန်းတူရည်တူအခွင့်အရေးတွေ မရရှိဘူးဆိုရင် ဒါကို လူ့အဖွဲ့အစည်းတခုလုံး တိုးတက်မြင့်မားနေပါပြီလို့ မဆိုလိုနိုင်ပါဘူး။၂၀ရာစုနှောင်းပိုင်းကာလတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့စကားလုံးဟာ ကမ္ဘာတ၀ှမ်းဟာ အရှိန်အဟုန်နဲ့ ထိုးဖောက်နေရာယူလာတာနဲ့အမျှ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလဲ အရေးပါသော ကဏ္ဍတခု ဖြစ်လာခဲ့ပါတယ်။

ပညာရှင်များက အမျိုးသမီးများရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဟာဗျူဟာ လိုအပ်ချက်များနဲ့ လက်တွေ့ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်စည်းပေးနိုင်မယ့် စီမံချက်တွေကို ရေးဆွဲတင်ပြလာကြ ပါတယ်။ မဟာဗျူဟာလိုအပ်ချက်ဆိုတာက အစဉ်အလာ၊ ဓလေ့ထုံးစံတွေအရ အမျိုးသားများရဲ့ နောက်လိုက်တွေအဖြစ်သာ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အနေအထားကို ပြုပြင်ပြောင်းလဲ ရမယ့် လိုအပ်ချက်တွေပါ။ ဒီလိုအပ်ချက်တွေထဲမှာ အဓိကကတော့ အစဉ်အလာ၊ ဓလေ့ထုံးစံတွေက သတ်မှတ်ထားခဲ့တဲ့ အမျိုးသမီးများရဲ့ နောက်လိုက် အခန်းကဏ္ဍကို ဖယ်ရှားပြီး၊ အမျိုးသမီးများနဲ့ အမျိုးသားများ တန်းတူရည်တူ အခွင့်အရေး ရရှိဖို့ ဖြစ်ပါတယ်။

အမျိုးသမီးတွေကို အိမ်တွင်းရေးရာတွေမှာ အဓိက တာဝန်ရှိသူတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အမျိုးသားများက ၀င်ငွေရှာရမယ်၊ အမျိုးသမီးများကတော့ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစု ပျိုးထောင်မှုကိစ္စတွေ၊ မိသားစုကျန်းမာရေးကိစ္စတွေ၊ ချက်ပြုတ်ရေးကိစ္စတွေ ပြုလုပ်ရမယ်လို့ ဆိုတတ်ကြပါတယ်။ ဒါကြောင့် လက်တွေ့ လိုအပ်ချက်များဖြစ်တဲ့ အစားအစာ၊ သောက်သုံးရေ၊ အမိုးအကာ၊ အသေးစားငွေချေးစနစ်၊ ရပ်ရွာ ၀န်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေကို ဖြည့်ဆည်းပေးဖို့ စီမံချက်တွေလဲ ချမှတ်ဖို့ လိုတယ်ဆိုတာကို ပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။

၂၀ ရာစုနှောင်းပိုင်းကာလတွေမှာ စီးပွားရေး အခြေအနေကြောင့် အမျိုးသမီးများလည်း အလုပ်ထွက်လုပ်လာကြပါတယ်။ ဒီအခါမှာ အလုပ်ခွဲဝေမှုပုံစံဟာ ပြောင်းလဲသွားပြီး၊ အမျိုးသားအလုပ်၊ အမျိုးသမီးအလုပ်ဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့်၊ ဓလေ့ထုံးစံ၊ အဆိုအမိန့်တွေရဲ့ အကာအကွယ်ကို ယူပြီး၊ ရေသာခိုအချောင်လိုက်ချင်တဲ့ လူဖျင်းလူညံ့တွေလဲ တချို့သော လူ့အဖွဲ့အစည်းတွေမှာ ကျန်ရစ်နေဆဲပဲ ဖြစ်ပါတယ်။

ဒီလိုလူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေဟာ တာဝန်နှစ်ရပ်လုံးကို ထမ်းဆောင် ရပါလိမယ့်မယ်။ ဒါကြောင့် အိမ်တွင်းမှု ထမ်းဆောင်ရာတွေမှာ လွယ်ကူဖို့ လိုအပ်လာပါတယ်။ မြန်မြန်ချက်ပြုတ်နိုင်မယ့် နည်းပညာသစ်တွေ အသုံးပြုနိုင်ခွင့်ရရှိရပါမယ်။ သောက်သုံးရေ အလွယ်တကူ ရရှိရပါမယ်။ သားဆက်ခြားမှု အသိပညာများ ရရှိရပါမယ်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် ရှိရပါမယ်။
မြန်မာပြည်မှာတော့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်တဲ့ စီမံချက်တွေ ချမှတ်ထားခြင်း မရှိသေးပါဘူး။ အမျိုးသမီးရေးရာအဖွဲ့ ၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များကလဲ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား မဆောင်ရွက်ပဲ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေး ၀ါဒဖြန့်ချိမှုတွေမှာပဲ လက်ကိုင်တုတ်တွေအဖြစ် ပါဝင်ဆောင်ရွက်နေကြပါတယ်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုဆိုတာ မရှိသေးပါဘူး။ သောက်ရေ၊ သုံးရေ ကိုလည်း အလွယ်တကူမရနိုင်သေးပါဘူး။ ချက်ပြုတ်ရေးမှာ လျှပ်စစ်မီးတောင် ပုံမှန်မရလို့ ညသန်းခေါင် မီးလာချိန်မှ ထမင်းထချက်နေရတဲ့ အဖြစ်ပါ။

မဟာဗျူဟာလိုအပ်ချက်များကို ပြည့်မှီဖို့လည်း ဝေးလွန်းလှပါတယ်။ စစ်အုပ်စုကိုယ်တိုင်ကိုက ဓလေ့ထုံးစံ၊ အဆိုအမိန့်တွေကို အသုံးပြုပြီး၊ လူသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ တွေးတောခွင့်၊ ရေးသားဖော်ထုတ်ခွင့်စတာတွေကို ဖိနှိပ်နေတာဖြစ်တဲ့အတွက်၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မဖော်ဆောင်နေသေးပါဘူး။

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်

ယနေ့ခေတ်ကာလမှာ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ နအဖစစ်ခေါင်းဆောင်များ ပြောကြသလို မဟုတ်တော့ပါဘူး။ လမ်း၊ တံတား ဘယ်နှစ်ခု ဆောက်လုပ်ပြီးတာ၊ စီးပွားရေး တိုးတက်မှုရာခိုင်နှုန်း ဘယ်လောက်တိုးတက်လာတာ ဆိုတာတွေနဲ့ပဲ တိုင်းတာလို့ မရတော့ပါဘူး။ လူသားတွေရဲ့ လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာမှ လူ့အဖွဲ့အစည်းရဲ့ တ၀က်ကျော် ရှိနေတဲ့ အမျိုးသမီးတွေရဲ့ မဟာဗျုဟာလိုအပ်ချက်တွေ၊ လက်တွေ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့  လည်း မဖြစ်မနေ အရေးကြီးတဲ့အကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှု

အစဉ်အလာ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ အခုတပတ်မှာ အမျိုးသမီးနဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုအကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။



နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီး ဖြစ်ဖြစ် သူတို့ရဲ့ ဘ၀တွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ ထုံးတမ်းစဉ်လာ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့ သဏ္ဍာန်ဖြစ်ပါတယ်။ နောက်တမျိုးကတော့ အဲဒီလို ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်ရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာဖြစ်ပါတယ်။

နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလရောက်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ တက်ကြွလှုပ်ရှားနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို၊ ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲ ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်ကြပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံအပါအ၀င် တချို့သောနိုင်ငံတွေမှာဆိုရင် ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေ သတ်မှတ်မှုတွေ၊ ဘာသာတရားအဆိုအမိန့်တွေကို အသုံးပြုပြီး၊ အမျိုးသားတွေက အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူး ဆိုတာမျိုးတွေနဲ့ လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ ပျံ့နှံ့နေဆဲပဲ ဖြစ်ပါတယ်။ ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ ပြင်ပ၀န်းကျင်မှာ ပါဝင်ပတ်သက်စေတာတွေ ရှိနေစေခဲ့ပါတယ်။

နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေ တ၀က်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်နွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို နိုင်ငံရေးရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

ဒီလိုအတွေးအခေါ်တွေ၊ လုပ်ဆောင်မှုတွေကြောင့် ကိုယ့်ဘ၀အပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းခဲ့ကြတာပါ။ တကယ်တော့ ဒီလိုအတွေးခေါ်တွေ၊ လုပ်ဆောင်မှုတွေဟာ တိုးတက်ခေတ်မှီတဲ့နိုင်ငံကြီးတွေမှာလဲ ရှိခဲ့ဖူးတာပါပဲ။ ဒီနိုင်ငံကြီးတွေမှာလဲ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာမှ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေ ရရှိလာခဲ့ကြတာပါ။

ကျွန်မတို့တိုင်းပြည်မှာကျတော့ ဒီလိုအတွေးအခေါ်တွေ၊ အယူအဆတွေရဲ့ လွှမ်းမိုးမှုတွေတင်သာမက အုပ်ချုပ်သူ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကပါ အပိုထပ်ဆောင်းလာပါတယ်။ အမျိုးသားများသာ ပါဝင်တဲ့ စစ်တပ်ကသာ တိုင်းပြည်အာဏာကို သိမ်းယူထားတာကြောင့် အမျိုးသမီးများရဲ့ အစိုးရအဖွဲ့ဝင်အဖြစ် နိုင်ငံရေးပါဝင်ပတ်သက်နိုင်မှုအခွင့်အရေးဟာ ဆုံးရှုံးသွားပါတယ်။ တခါ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုလဲ ဖိနှိပ်ချုပ်ချယ်ထားတာကြောင့် အမျိုးသမီးများရဲ့ ထုံးတမ်းစဉ်လာနိုင်ငံရေး ပါဝင်ပတ်သက်ခွင့်ဟာလဲ လျော့နည်းသွားပြန်ပါတယ်။ ချီတက်ဆန္ဒပြပွဲတွေ၊ လူထုစုဝေးပွဲတွေကို ပိတ်ပင်ထားတာကြောင့် တက်ကြွစွာလှုပ်ရှားရတဲ့ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေ မှာလဲ အမျိုးသမီးတွေ ပါဝင်ခွင့် မရတော့ပြန်ပါဘူး။ စစ်အုပ်စုဟာ ခေတ်ဆွေးနေတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို အသုံးပြုပြီး အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုအခွင့်အရေးကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရဲ့ လူဦးရေတ၀က်ကျော်ဟာ အမျိုးသမီးများဖြစ်တာကြောင့် အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခွင့်အရေးကို ပိတ်ပင်ထားခြင်းဟာ စစ်အုပ်စုအာဏာတည်မြဲရေးရဲ့ လက်နက်ကြီးတခုသဖွယ် ဖြစ်နေပါတယ်။

တကယ်တော့ လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လူဦးရေ တ၀က်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီး တွေအပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ၀ိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတ၀ှမ်းက လူ့အဖွဲ့အစည်းအားလုံး တိုးတက်မြင့်မားဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၂၀၀၉)


အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် ငြိမ်းချမ်းရေး

စစ်ပွဲများနဲ့ အမျိုးသမီးများအရေးဟာ ဆက်စပ်နေတာကြောင့် စစ်မက်ရေးရာတွေမှာ အမျိုးသမီးတွေရဲ့ ပြောရေးဆိုခွင့်ရရှိဖို့ဟာ အရေးကြီးသလို၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုများမှာလဲ အမျိုးသမီးများရဲ့ ပါဝင်ဆောင်ရွက်ခွင့်၊ ဆွေးနွေးပြောဆိုခွင့်တွေဟာ အရေးကြီးလှပါတယ်။ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတာကို တချို့က လုံးဝဆန့်ကျင်ဘက်လို့ ယူဆကြပေမယ့်၊ ဒီနှစ်ခုဟာ အမြဲတမ်း ခြားနားနေတာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် တိုက်ရတဲ့ စစ်ပွဲတွေလဲ ကမ္ဘာတလွှားမှာ အမြောက်အမြား ရှိခဲ့ဖူးပါတယ်။ စစ်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးသိပ္ပံပေါ် အခြေခံပြီး ကွဲပြားခြားနားတဲ့ အမျိုးသမီးဝါဒတွေကို နိုင်ငံရေးပညာရှင် မေရီဘားကူးစ်က သုံးမျိုးခွဲခြားပြီး ဖော်ပြခဲ့ဖူးပါတယ်။ ပစိဖိတ်အမျိုးသမီးဝါဒီများက အမျိုးသမီးတွေရဲ့ ပင်ကိုယ်စိတ်ဖြစ်တဲ့ မိခင်စိတ်ဟာ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများအတွက် သင့်လျော်တယ်လို့ အဆိုပြုခဲ့ကြပြီး၊ ငြိမ်းချမ်းရေးလမ်းစဉ်များအတွက် အမျိုးသမီးများကို အသုံးပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။ လစ်ဘရယ်အမျိုးသမီးဝါဒီများကတော့ အမျိုးသမီးများနဲ့ အမျိုးသားများဟာ တန်းတူညီမျှခွင့်ရှိရမှာဖြစ်တဲ့အတွက် စစ်မက်ရေးရာ ဆုံးဖြတ်ချက်များမှာပါ အမျိုးသားများနဲ့ အမျိုးသမီးများ တန်းတူရည်တူ ပါဝင်ဆုံးဖြတ်နိုင်ခွင့်ကို တောင်းဆိုခဲ့ကြပါတယ်။ စစ်မက်ဆန့်ကျင်ရေး အမျိုးသမီးဝါဒီများကတော့ လက်နက်ကိုင်စစ်ပွဲများနဲ့ လုံခြုံရေးကို စစ်ရေးရှုထောင့်က ရှုမြင်သုံးသပ်ချက်အားလုံးကို ဆန့်ကျင်ပြောဆိုခဲ့ကြပါတယ်။ အခုတပတ် “အမျိုးသမီးနဲ့ နိုင်ငံရေး” အစီအစဉ်မှာ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးကဏ္ဍကို ဆွေးနွေးတင်ပြသွားပါမယ်။



အစဉ်အလာ ဓလေ့ထုံးစံတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ စေ့စပ်ညှိနှိုင်းပွဲတွေကနေ ဖယ်ရှားထားတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီကို တစထက်တစ ရွေ့လျားနေရာယူလာခဲ့ပါတယ်။ (၁၈၇၀) ခုနှစ်မှာတုန်းက ဖရန်ကို-ပါရှန်းစစ်ပွဲနဲ့ အမေရိကန် ပြည်တွင်းစစ်တွေကို ဆန့်ကျင်ပြီး၊ မိခင်တွေဟာ တခြားမိခင်တွေရဲ့ သားတွေကို သတ်ဖြတ်ဖို့အတွက် သူတို့သားတွေကို ပြုစုပျိုးထောင်ခဲ့တာ မဟုတ်ဘူး လို့ အဆိုပြုခဲ့တဲ့ Julia Howe ဆိုတဲ့ အမျိုးသမီးကြီးဟာ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုတွေမှာ နာမည်ကျော်ကြားလှပါတယ်။ ဆယ့်ကိုးရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ်ရာစုအစပိုင်း ကာလများရောက်တဲ့အခါကျတော့ အမျိုးသမီးများဦးဆောင်တဲ့ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာလှုပ်ရှားမှုတွေ၊ ပညာရေး၊ ကျန်းမာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်လာပါတယ်။ ၁၉၁၅ ခုနှစ်မှာ ကျင်းပတဲ့ Hague ငြိမ်းချမ်းရေးကွန်ဖရင့်မှာ အမျိုးသမီး တစ်ထောင်ကျော်တက်ရောက်ခဲ့ပြီး၊ စစ်ပွဲတွေမှာ အမျိုးသမီးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်ကို တညီတညွတ်တည်း ငြင်းဆိုခဲ့ကြပါတယ်။ စစ်ပွဲဖြစ်မှ အမျိုးသမီးတွေကို ကာကွယ်တာထက် စစ်မဖြစ်အောင် ငြိမ်းချမ်းရေးလုပ်ရမယ်ဆိုတာကို လက်ခံအတည်ပြုခဲ့တာကြောင့် အစိုးရ ဆယ့်လေးခုဆီကို ငြိမ်းချမ်းရေးစကားပြောဆိုဖို့ အမျိုးသမီးကိုယ်စားလှယ်များ ရွေးချယ်စေလွှတ် ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလကစပြီး အမျိုးသမီးငြိမ်းချမ်းရေးလှုပ်ရှားမှုများ စတင်ခဲ့ရာက ၁၉၈၀ပြည့်လွန် ကာလများရောက်တော့ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများအတွက် အမျိုးသမီးများ ဦးဆောင်ဖွဲ့စည်းခဲ့ကြတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အာရှတိုက်မှာဆိုရင် ဖိလစ်ပိုင်အမျိုးသမီးများဟာ ကလေးငယ်တွေကို အကာအကွယ်ပေးမယ့် ငြိမ်းချမ်းရေးဇုန်တွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အထင်ရှားဆုံးဥပမာတခုကတော့ အိုင်ယာလန်မြောက်ပိုင်းက အမျိုးသမီးမဟာမိတ်အဖွဲ့ပါ။ ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ မိုင်ခရိုအင်တာပရိုက်စ်စတဲ့ ရေးရာလေးတွေဟာ တဘက်နဲ့တဘက်ရန်သူလို တိုက်ခိုက်နေကြတဲ့ ကက်သလစ်နဲ့ ပရိုတက်စတင့် ဘာသာဝင်အမျိုးသမီးတွေကို ညီညွတ်စွာပြဿနာဖြေရှင်းရေးအတွက် ပူးပေါင်းမိစေခဲ့ပါတယ်။ အဲဒီကစတင်ပြီး အိုင်းရစ်အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး၊ အိုင်ယာလန်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။

ဒီလိုငြိမ်းချမ်းရေးလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး၊ နိုင်ငံရေးပညာရှင် ဘားဂစ်ဘရော့ခ်က အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုများဟာ အကြမ်းမဖက်လှုပ်ရှားမှု၊ ပါတီနိုင်ငံရေးမဟုတ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ လူသားတွေရဲ့ အသက်တွေ၊ ဘ၀တွေကို ကယ်တင်မှုစတဲ့ အချက်သုံးချက်ပေါ်မှာ အခြေခံတယ်လို့ အဆိုပြုခဲ့တယ်။ သူ့အဆိုကို အချို့ကလက်ခံခဲ့ကြပေမယ့် အကြမ်းမဖက်လှုပ်ရှားမှုဆိုတာနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အုပ်ချုပ်ရေးစနစ်တွေပေါ်မှာ မူတည်ကြောင်း ငြင်းဆိုမှုတွေ ပေါ်ထွက်လာခဲ့တယ်။ တကယ်တော့ နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးမှုရှိရေး၊ နိုင်ငံသူနိုင်ငံသားများရဲ့ ဘ၀လုံခြုံတိုးတက်မှုရှိရေးဆိုတာက အဲဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်ပေါ်မှာလဲ အများကြီး မူတည်နေတာကြောင့်၊ အချို့သော အမျိုးသမီးများဟာ ဖောက်ပြန်တဲ့နိုင်ငံရေးစနစ်တွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံရေးစနစ်တွေ၊ နိုင်ငံတော်အကြမ်းဖက်မှု ပြုလုပ်နေတဲ့ အာဏာရှင်တွေကို တော်လှန်ဖို့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရတာဖြစ်ကြောင်း ပြောဆိုသူတွေလဲ ပေါ်ပေါက်လာခဲ့တယ်။ နိုင်ငံရေးပညာရှင် ကော့ခ်ကတော့ အမျိုးသမီး တော်လှန်ရေးသမားများဟာ မိခင်စိတ်ရှိတဲ့ ငြိမ်းချမ်းရေးလိုလားသူများ ဖြစ်တာအတွက်ကြောင့် မတရားမှုတွေတွေ့လာတဲ့အခါမှာ လက်ပိုက်ကြည့်မနေနိုင်တော့ပဲ တော်လှန်ရေးသမားတွေ ဖြစ်လာရတာလို့ ဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးအတွက် တော်လှန်ရေးလုပ်တဲ့ အမျိုးသမီး လှုပ်ရှားမှုများအပါအ၀င်၊ အမျိုးသမီးငြိမ်းချမ်းရေးလှုပ်ရှားမှု လှိုင်းလုံးကြီးဟာ ကမ္ဘာတ၀ှမ်းလုံးမှာ တစတစ မြင့်တက်လာခဲ့ပါတယ်။

အခုဆိုရင် ကမ္ဘာတလွှားက ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ တစတစ ကြီးမားလာခဲ့ပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂက ဦးစီးကျင်းပတဲ့ အမျိုးသမီးရေးရာကွန်ဖရင့်ကြီးတွေမှာ ကမ္ဘာတ၀ှမ်းက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို နှီးနှောဖလှယ်ခွင့်ရကြပြီး၊ အမျိုးသမီးများ ချိတ်ဆက်လှုပ်ရှားကြတဲ့ ကွန်ယက်များကလဲ တစတစ ကျယ်ပြန့်လာခဲ့ပါပြီ။ အမျိုးသမီးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်ဆိုတဲ့ အခြေခံသဘောတရားကိုလဲ နိုင်ငံတကာအစိုးရအများစုက သဘောတူလက်ခံခဲ့ကြရပါပြီ။ ၂၀၀၈ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခြောက်ထောင့် ငါးကြိမ်မြောက် အစည်းအဝေးမှာ ကမ္ဘာ့ကုလသမဂ္ဂအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ အိုင်ရင်းအယ်လ်ဘာတီက အမျိုးသမီးများဟာ ပဋ္ဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး လုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ကျား၊မရေးရာနဲ့ အမျိုးသမီးများ ဘ၀တိုးတက်မြင့်မားမှုဆိုင်ရာမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်တဲ့ ရေချယ်မေရန်ဂျာကလည်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ အမျိုးသမီးများမှ အမျိုးသားများနည်းတူ တန်းတူရည်တူ ပါဝင်ခွင့်ရရေးနဲ့ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခွင့်ရရေးဟာ ပဋ္ဋိပက္ခဖြေရှင်းရေးအတွက် အရေးပါသော အချက်တချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာတ၀ှမ်းမှာ ဒီလိုပြောင်းလဲမှုတွေ ဖြစ်ပေါ်နေဆဲမှာပဲ ကျွန်မတို့မြန်မာပြည်မှာတော့ အမျိုးသမီးများကနေ ငြိမ်းချမ်းရေးဆောင်ကျဉ်းပေးနိုင်ခွင့် အခွင့်အရေးများကို ကန့်သတ် ခံထားရပါတယ်။ စစ်အာဏာပိုင်များဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်တာကိုတောင် အသိအမှတ်မပြုခဲ့ပါဘူး။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကိုလဲ ထပ်ခါတလဲလဲ လျစ်လျူရှုထားခဲ့ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ အမျိုးသမီးကျောင်းသူခေါင်းဆောင် မနီလာသိန်း၊ မမီးမီးစတဲ့ အမျိုးသမီးများစွာကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခဲ့ပါတယ်။ စစ်အုပ်စုမှ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒေမှာလည်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များတွေမှာ အမျိုးသားများနဲ့ပဲ ဖွဲ့စည်းထားတဲ့ တပ်မတော်ကသာ ဦးဆောင်နိုင်ရေး ထည့်သွင်းထားတာကြောင့် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ကန့်သတ်ထားသလို ဖြစ်နေတယ်။ မြန်မာအမျိုးသမီးများ အတွက်တော့ နိုင်ငံတကာအမျိုးသမီးများနည်းတူ ပဋ္ဋိပက္ခဖြေရှင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းများဟာ အလွန်ပင်ရှားပါးနေဆဲပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးများရဲ့ ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်မှု အခွင့်အရေးများကို ထိန်းချုပ်ထားတဲ့ စစ်အုပ်စုကို ဖယ်ရှားပစ်ဖို့ လိုအပ်လှပါကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် စစ်ပွဲများ

အစဉ်အလာ ဓလေ့ထုံးစံတွေအရ အမျိုးသမီးတွေကို မျိုးဆက်သစ် ရင်သွေးငယ်များ မွေးဖွားပြီး၊ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ပျိုးထောင်သူများ အဖြစ်သာ အများက ရှုမြင်ထားကြပါတယ်။ အထူးသဖြင့် စစ်ပွဲများနဲ့ ပတ်သက်ရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုထားတတ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် အယ်လ်စတိန်း ဆိုခဲ့တဲ့အတိုင်း လူ့ဘောင်အဖွဲ့အစည်းဟာ အမျိုးသားတွေရဲ့ ကလေးသူငယ်ဆိုင်ရာ ပြောဆိုခွင့်များနဲ့ အမျိုးသမီးတွေရဲ့ စစ်ရေးဆိုင်ရာ ပြောဆိုခွင့်များကို ပိတ်ပင်ထားလေ့ရှိပါတယ်။ ဒါပေမယ့် စစ်ပွဲဆိုတာ လူ့ဘောင်အဖွဲ့အစည်းတခုလုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေတဲ့ အရာဖြစ်တာကြောင့် အမျိုးသမီးများနဲ့ စစ်ပွဲများဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ မလွဲမသွေ ဆက်စပ်နေတယ်ဆိုတာ အသေအချာပါပဲ။



ကမ္ဘာ့သမိုင်းတလျှောက်လုံးမှာ ဖြစ်ပွားခဲ့တဲ့၊ နိုင်ငံများအကြားက ပဋ္ဋိပက္ခစစ်ပွဲတွေနဲ့ ပြည်တွင်းစစ်တွေရဲ့၊ သားကောင်များဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ပဋ္ဋိပက္ခနဲ့ စစ်ပွဲများ ဖြစ်ပွားတဲ့အခါတိုင်းမှာ အမျိုးသမီးတွေဟာ မိမိတို့ မိသားစုဝင်တွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ တာဝန်တွေ၊ ဒဏ်ရာရသူတွေကို စောင့်ရှောက်ကူညီဖေးမရေး တာဝန်တွေနဲ့ တိုင်းပြည်ရဲ့စီးပွားရေး တည်ငြိမ်မှုဆိုင်ရာ ကြီးမားလေးလံတဲ့ တာဝန်တွေကို ပါဝင်ထမ်းဆောင် ကြရပါတယ်။ ဒီလိုကြီးလေးတဲ့ တာဝန်တွေကို တဘက်ကထမ်းဆောင်ရင်း ကိုယ်ရောစိတ်ပါ ပင်ပန်းကြရသလို၊ စစ်ထွက်နေကြတဲ့ အိမ်ထောင်ဖက်တွေ၊ ဖခင်တွေနဲ့ ရင်သွေးတွေအတွက် စိုးရိမ်ပူပန် သောကရောက်ကြရပြန်ပါတယ်။ ဒါတွေက စစ်မက်ဖြစ်ပွားရာ ဇုံမှာမဟုတ်ပဲ နောက်တန်းမှာ ကျန်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ဘ၀အခြေအနေပါ။ စစ်မက်ဇုံမှာ ရောက်ရှိနေရတဲ့ အမျိုးသမီးတွေရဲ့ ဘ၀များကတော့ ပိုပြီးဆိုးဝါးလှပါတယ်။ မိဘမောင်ဘွား သေကြေပျက်စီးမှုတွေ၊ ရင်သွေးငယ်ပျောက်ဆုံးမှုတွေ၊ အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးတွေစတဲ့ စစ်ပွဲရဲ့ အနိဌာရုံတွေကို ကြုံတွေ့ကြရရုံသာမက၊ အဓမ္မပြုကျင့်ခံရမှုတွေနဲ့ လိင်ကျေးကျွန်အဖြစ် သွတ်သွင်းခံရမှုတွေစတဲ့ လောကငရဲကိုပါ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။

ဂရိစစ်ပွဲ ဒဏ္ဍာရီတွေမှာ ပါခဲ့တဲ့ ဆာဘိုင်းအမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်းက အစပြုလို့၊ ၁၉၉၀ နှစ်များအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘော်လကန်ဒေသဆိုင်ရာ ပဋ္ဋိပက္ခတွေမှာ အမျိုးသမီးများ အဓမ္မပြုကျင့် သတ်ဖြတ်ခံရခြင်း ဖြစ်စဉ်တွေအထိ သမိုင်းဖြစ်ရပ်တွေဟာ စစ်ရဲ့သားကောင် အမျိုးသမီးများဘ၀ကို မီးမောင်းထိုးပြနေခဲ့ပါတယ်။ ရန်သူ့ဘက်တော်သားလို့ သတ်မှတ်ခံရတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့် မတရားစော်ကားမှုတွေဟာ စစ်ပွဲတွေရဲ့ လက်နက်တွေသဖွယ် အသုံးပြုခြင်း ခံခဲ့ရပါတယ်။ ဒီလိုအဓမ္မပြုကျင့်မှု၊ အနိုင်ကျင့်စော်ကားမှုတွေနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေဟာ အမျိုးသမီးများအပေါ် ရာဇ၀တ်မှုကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုရာဇ၀တ်မှုတွေကို တိုင်းပြည်တပြည်ရဲ့ တပ်မတော်ကနေ ကျူးလွန်တာဆိုရင် ဒါဟာ နိုင်ငံတော်ရာဇ၀တ်မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ (၂၀၀၀) ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ Resolution 1325, အပိုဒ် (၁၀)မှာ “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဖြစ်တဲ့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ရိုက်နှက်ညှဉ်းပမ်းမှု အပါအ၀င် အကြမ်းဖက်မှု သဏ္ဍာန်မျိုးစုံရဲ့ အန္တရာယ်ကနေ ကင်းဝေးစေရေးအတွက်၊ လက်နက်ကိုင်စစ်ပွဲများမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းများအားလုံးမှ အမျိုးသမီးတွေကို အထူးဂရုပြု စောင့်ရှောက်ရေး ပြုလုပ်ရန် တောင်းဆိုချက်များ”ကို ဖော်ပြထားခဲ့ပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာဆိုရင်လဲ ပြည်တွင်းစစ်ရဲ့ သားကောင်များဘ၀ကို ကျရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ အများအပြား ရှိနေခဲ့၊ ရှိနေရဆဲပဲ ဖြစ်ပါတယ်။ စစ်အုပ်စုအဆက်ဆက်ဟာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းလေ့ရှိခဲ့ပါတယ်။ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေးတွေကို လျစ်လျူရှုထားခဲ့ပါတယ်။ ဒီလို တရားမျှတမှုနဲ့ တန်းတူညီမျှမှု ဆိတ်သုဉ်းလာတဲ့အခါ ပြည်တွင်းစစ်မီးဆိုတာ တောက်လောင်စမြဲပါပဲ။ ဒီလိုပြည်တွင်းစစ်တွေ ဖြစ်လာတဲ့အခါကျတော့ စစ်အုပ်စုဟာ လက်နက်ကိုင် အင်အားစုတွေအပေါ် အကြမ်းဖက်ချေမှုန်းရေးကို ပြုလုပ်ပါတော့တယ်။ အဲဒီမှာ စစ်အုပ်စုက လက်နက်တခုအနေနဲ့ အသုံးပြုခဲ့တာကတော့ အဓမ္မပြုကျင့်မှုပါပဲ။ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားရွာငယ်တွေမှာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေနဲ့ အနိုင်ကျင့်စော်ကားမှုတွေကြောင့် ကချင်၊ ကယန်း၊ ကရင်နဲ့ ရှမ်းအမျိုးသမီးများစွာ စစ်ပွဲရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။

စစ်ပွဲတွေဟာ ဒီလိုစစ်ပွဲရဲ့သားကောင် အမျိုးသမီးများကိုသာမက၊ တိုက်ပွဲဝင်သူရဲကောင်း အမျိုးသမီးများကိုလဲ ပေါ်ပေါက်စေခဲ့ပြန်ပါတယ်။ အစဉ်အလာတွေအရ စစ်မက်ရေးရာတွေဟာ အမျိုးသားတွေရဲ့ အလုပ်သဖွယ် အများက ယူဆထားခဲ့ကြပေမယ့် အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး စစ်ပွဲကို ပါဝင်ရင်ဆိုင်ခဲ့ကြတဲ့ အမျိုးသမီးတွေလဲရှိခဲ့ပါတယ်။ ၁၅ ရာစုနှစ်တုန်းက Joan of Arc ဆိုတဲ့ အမျိုးသမီးစစ်သူကြီးဟာ အင်္ဂလန်ကို သိမ်းပိုက်ချေမှုန်းဖို့အတွက် ပြင်သစ်စစ်သားတွေကို ဦးဆောင်ချီတက်ခဲ့ဖူးပါတယ်။ ယနေ့ခေတ်မှာဆိုရင်လဲ ၁၉၉၁ခုနှစ်၊ ပင်လယ်ကွေ့စစ်ပွဲကာလက စစ်မြေပြင်ကို သွားရောက်အမှုထမ်းခဲ့ကြတဲ့ အမျိုးသမီး ရဟတ်ယာဉ်ပိုက်လော့တွေ အများကြီး ရှိခဲ့ပါတယ်။ ၂၀၀၃ခုနှစ်၊ အီရတ်စစ်ပွဲမှာဆိုရင် အမျိုးသမီးစစ်သည်တော်များဟာ မြေပြင်၊ ဝေဟင် စစ်ပွဲသဏ္ဍာန်မျိုးစုံမှာ ပါဝင်နေကြပါပြီ။ တိုက်ပွဲဝင်အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုများမှာဆိုရင် ပိုမိုသိသာစွာ မြင်တွေ့နိုင်ပါတယ်။ ဗီယက်နမ်၊ ပီရူး၊ အီတလီ၊ ပါလက်စတိုင်း၊ သီရိလင်္ကာနိုင်ငံများက လက်နက်ကိုင်တော်လှန်ရေးများမှာ အမျိုးသမီး စစ်သည်တော်များစွာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း လစ်ဘရယ်အမျိုးသမီးဝါဒီများက အမျိုးသမီးတွေမှာ နိုင်ငံရေးဇာတ်ခုံမှာသာမက စစ်ပွဲတွေမှာပါ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အရည်အချင်းနဲ့ ပြတ်သားတဲ့စိတ်ဓာတ်တွေ ရှိကြောင်း အဆိုပြုထားခဲ့ကြပါတယ်။ ဒီအဆိုကို အချို့သော ကမ္ဘာ့သမိုင်းဖြစ်ရပ်များက သက်သေထူပေးခဲ့ပါတယ်။ ၁၉၈၀ နှစ်များအတွင်းက ဗြိတိသျှဝန်ကြီးချုပ် မားဂရက်သက်ချာဟာ ဖော့ခ်လင်းကျွန်းစုများကို အာဂျင်တီးနားအစိုးရဆီက ပြန်လည်သိမ်းပိုက်နိုင်ဖို့ ဖော့ခ်လင်းစစ်ပွဲကို ဦးဆောင်ညွှန်ကြားခဲ့ပါတယ်။ အင်ဒရာဂန္ဒီဟာ ၁၉၇၁ ခုနှစ်မှာ စစ်မက်ကြားက အိန္ဒိယနိုင်ငံကို ဦးဆောင်အုပ်ချုပ်ခဲ့သလို၊ ၁၉၇၃ခုနှစ်မှာလဲ ဂေါ်လ်ဒါမီးယာဟာ အစ္စရေးကို ဦးဆောင်အုပ်ချုပ်ခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် ဟိုလင်ဒေးလ်ဆိုခဲ့ဖူးသလိုပဲ “အမျိုးသားတွေကို စစ်သားတွေဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပြီး၊ အမျိုးသမီးတွေကို အကူသဘော သတ်မှတ်ချက်တွေဟာ တကယ်တော့ မှားယွင်းတဲ့ အယူအဆတွေသာ ဖြစ်ပါတယ်”

ကျွန်မတို့မြန်မာပြည်မှာဆိုရင်လဲ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဖက်ဆစ်တော်လှန်ရေးလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကာလတလျှောက်မှာ တိုက်ပွဲဝင်သူရဲကောင်း အမျိုးသမီးများစွာ ပေါ်ပေါက်ခဲ့ပါတယ်။ နယ်ချဲ့ကိုတော်လှန်ခဲ့တဲ့ ၀က်ထီးကန်တိုက်ပွဲမှာ ရှမ်းအမျိုးသမီးများဦးဆောင် ပါဝင်ခဲ့ကြပါတယ်။ ဒီလိုဦးဆောင်ခဲ့ကြတဲ့ ရှမ်းအမျိုးသမီးစစ်သူကြီးများရဲ့ သတ္တိကို ဗြိတိသျှစစ်တပ်မေဂျာ စနော့ဂရပ်စ်က သူရေးသားထုတ်ဝေခဲ့တဲ့ Narratives of the Burmese War ဆိုတဲ့စာအုပ်မှာ မှတ်တမ်းတင်ရေးသားခဲ့တဲ့အထိပါပဲ။ ချင်းတောင်တန်းတွေမှာ ဖြစ်ပွားခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများမှာလည်း ချင်းအမျိုးသမီးတွေဟာ အမျိုးသားများနည်းတူ နယ်ချဲ့ကို ရင်ဆိုင်ခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေးမှာလည်း အမျိုးသမီးရဲမေများစွာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများမှာလည်း အမျိုးသမီးရဲမေများစွာ ပါဝင်ခဲ့ကြပါတယ်။ တောထဲတောင်ထဲမှာ၊ စစ်မြေပြင်တွေမှာ ပင်ပန်းဆင်းရဲမှုတွေကို ရဲရဲဝံ့ဝံ့အံတုနိုင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးများရဲ့ စိတ်ဓာတ်ခိုင်မာကြံ့ခိုင်မှုတွေဟာ အံ့မခန်းဖွယ်ပါပဲ။ အမျိုးသမီးတွေဟာ တိုင်းပြည်အတွက် လိုအပ်လာတဲ့အခါမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နိုင်တယ်ဆိုတာ ထင်ရှားလှပါတယ်။ နိုင်ငံတခုရဲ့ စစ်ရေးကိစ္စတွေ၊ ကာကွယ်ရေးကိစ္စရပ်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးရာတွေမှာ အမျိုးသမီးများရဲ့ ပြောရေးဆိုပိုင်ခွင့် အခွင့်အလမ်းတွေလဲ ရရှိရမှာ ဖြစ်ပါတယ်။ စစ်မက်ရေးရာ ဖြစ်ပွားမှုတိုင်းမှာ အမျိုးသမီးတွေလဲ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ဖြစ်ဖြစ် ပါဝင်ပတ်သက်ကြရတာမို့ အမျိုးသမီးများရဲ့ အသံကို နားမထောင်ပဲ အမျိုးသားများကပဲ ဆုံးဖြတ်လုပ်ကိုင်မယ်ဆိုရင် ဒါဟာအမျိုးသမီးများကို တဖက်သတ်အနိုင်ကျင့် စော်ကားရာ ကျပါတယ်။

ဒါကြောင့် မြန်မာအမျိုးသမီးများ စစ်ရဲ့သားကောင်များ ဘ၀မရောက်ရှိစေဖို့နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ၊ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ စစ်ရေးဆုံးဖြတ်ချက်များမှာ ပါဝင်နိုင်ဖို့ အရေးဟာလဲ နိုင်ငံတခုရဲ့ ကံကြမ္မာအတွက် အရေးကြီးလှပါကြောင်း ပြောကြားလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် စီးပွားရေး၊ လူမှုရေး အခွင့်အလမ်း

စီးပွားရေးနဲ့ လူမှုအခွင့်အရေးတွေဆိုတာမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိရေး၊ စီးပွားရေး၊ လူမှုရေးရာများမှာ အမျိုးသမီးနဲ့ အမျိုးသားတွေ တန်းတူအခွင့်အရေး ရရှိရေး၊ ကောင်းမွန်လုံခြုံတဲ့ အလုပ်ခွင် အနေအထားရရှိရေး၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းနိုင်ရေး၊ အလုပ်ခွင်ဆိုင်ရာ မကျေနပ်ချက်များရှိပါက အလုပ်သမားသပိတ်မှောက်ပိုင်ခွင့်ရှိရေး၊ လုံလောက်သောအစားအစာ၊ အ၀တ်အထည်နဲ့ နေရာထိုင်ခင်းများ ရရှိရေး စတဲ့ အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်မှာ လူသားတွေ ဖြစ်တည်စကတည်းက အမျိုးသမီးတွေဟာလဲ အမျိုးသားများနည်းတူ အလုပ်သမားများ ဖြစ်ကြပါတယ်။ ဒါပေမယ့် အစဉ်အလာအရ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ဟာ အိမ်တွင်းမှုလုပ်တာ၊ မိသားစုကို စောင့်ရှောက်တာ၊ ရင်သွေးတွေကို ပြုစုပျိုးထောင်တာတွေ ဖြစ်တဲ့အတွက် လုပ်ခ ခံစားခွင့် မရကြပါဘူး။ ဒီအခါမှာ လုပ်အားကို ၀င်ငွေတန်ဖိုးနဲ့ လဲလှယ်ခွင့်ရနေကြတဲ့ အမျိုးသားတွေက အိမ်ထောင်ဦးစီးနေရာကို အလိုလိုရောက်လာကြပါတယ်။ ဒီအခြေအနေတွေဟာ ၁၉ ရာစုနှောင်းပိုင်း စက်မှုတော်လှန်ရေးနဲ့ အတူ ပြောင်းလဲလာခဲ့ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားများနည်းတူ အိမ်ရဲ့ပြင်ပမှာ ၀င်ငွေရှာတဲ့အလုပ်ကို လုပ်ကိုင်လာကြပါတယ်။ အိမ်ထောင်တခုမှာ ခေါင်းဆောင်၊ နောက်လိုက်ဆိုတာတွေ မရှိတော့ပါဘူး။ အလုပ်ခွဲဝေလုပ်ကိုင်မှုနဲ့ အပြန်အလှန် လေးစား နားလည်မှုတွေကသာ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာ စံနှုန်းတွေဖြစ်လာခဲ့ပါတယ်။ မိသားစုရေးရာမှာ ပြောင်းလဲလာသလို၊ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေဟာလဲ တစတစနဲ့ အမျိုးသမီးနဲ့ အမျိုးသားများ တန်းတူရည်တူ အလုပ်အကိုင် အခွင့်အလမ်း ရပိုင်ခွင့် အက်ဥပဒေတွေကို ပြဌာန်းလာကြရပါတယ်။



နိုင်ငံတကာအမျိုးသမီးကွန်ယက်ရဲ့ လေ့လာချက်စာတမ်းများအရ ကမ္ဘာ့အလုပ်အကိုင်တွေရဲ့ ၆၆ရာခိုင်နှုန်းကို အမျိုးသမီးများက လုပ်ကိုင်နေရပြီး၊ ၀င်ငွေမှာကျတော့ ကမ္ဘာ့ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကိုသာ ခံစားခွင့်ရှိကြပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ အမျိုးသမီးတွေအနေနဲ့ ၀င်ငွေမရရှိတဲ့ မိသားစုအလုပ်တွေ၊ သေးငယ်တဲ့စီးပွားရေး လုပ်ငန်းတွေမှာသာ ပါဝင်ဆောင်ရွက်ခွင့် ရနေတာတွေ၊ အမျိုးသမီးနဲ့ အမျိုးသားအကြားက လုပ်ခလစာကွာဟချက်တွေနဲ့ ရာထူးမြင့်မား ၀င်ငွေများတဲ့အလုပ်တွေကို အမျိုးသားများကသာ လက်ဝါးကြီးအုပ်လုပ်ကိုင်ထားတာတွေကြောင့် ဖြစ်ကြောင်း လေ့လာသူတွေက ထုတ်ဖော်ပြောကြားကြပါတယ်။ အာရှပစိဖိတ်ဒေသဆိုင်ရာ စစ်တမ်းများအရ ဒေသတွင်း အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ရှာဖွေခွင့် ကန့်သတ်ချက်များကြောင့် နှစ်စဉ် ခန့်မှန်းဒေါ်လာ ၄၇ ဘီလီယံဆုံးရှုံးမှုရှိကြောင်း တွေ့ရှိရပါတယ်။

တကယ်တော့ အမျိုးသမီးတွေရဲ့ ၀င်ငွေတိုးတက်များပြားလာမှုဟာ အိမ်တအိမ်ရဲ့ ၀င်ငွေကို တိုးတက်စေနိုင်ပါတယ်။ တချို့သော လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးများရဲ့ တပိုင်တနိုင်လုပ်ငန်းလေးတွေကြောင့် ရင်သွေးငယ်များ ပညာသင်ကြားခွင့်တွေ ရရှိလာကြပါတယ်။ မိသားစုဝင်ငွေ တိုးတက်များပြားလာမှုဟာ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးကို အထောက်အကူ ပေးတာကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အလွန်ပဲ အရေးကြီးလှပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျေးလက်ဒေသတွေမှာ အမျိုးသမီးတွေဟာ ထင်းရှာတဲ့အလုပ်၊ ရေခပ်တဲ့အလုပ် စတာတွေနဲ့ အချိန်တွေကုန်နေကြရပါတယ်။ ဒီလိုဒေသတွေမှာ လုပ်အားချွေတာလို့ရနိုင်စေမယ့် နည်းစနစ်တွေ ပံ့ပိုးပေးတဲ့အခါကျရင် အမျိုးသမီးတွေဟာ ၀င်ငွေရရှိရေး လုပ်ငန်းဆောင်တာတွေမှာ ပိုမိုကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ အမျိုးသားများနည်းတူ စီးပွားရေးအခွင့်အလမ်းတွေ ရရှိနိုင်မှုကို ကန့်သတ်နေတဲ့ တခြားအချက်တခုကတော့ အမျိုးသမီးတွေဟာ ၀င်ငွေမရတဲ့ အလုပ်တွေမှာ အချိန်တွေကို ပိုမိုအသုံးပြုနေရလို့ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ဒီအချက်နဲ့ ပတ်သက်ပြီး၊ တောင်းဆိုချက်တရပ်ကို တောင်းဆိုခဲ့ကြပါတယ်။ စီးပွားရေးအခွင့်အလမ်းကို အမျိုးသမီးများ အပြည့်အ၀ ခံစားနိုင်ဖို့အတွက် ရင်သွေးပြုစုပျိုးထောင်မှု ထုံးတမ်းစဉ်လာတွေကို ပြောင်းလဲရပါမယ်ဆိုတဲ့အချက်ပါ။ အမျိုးသမီးတွေဟာလဲ အမျိုးသားတွေနဲ့တန်းတူ မိသားစုစီးပွားရေးကို ရုန်းကန်နေတာဖြစ်တဲ့အတွက် ရင်သွေးပြုစုပျိုးထောင်မှုဟာ အမျိုးသမီးများရဲ့ တာဝန်လို့ သတ်မှတ်ထားတာတွေ၊ အိမ်ထောင်စုရဲ့ အကြီးအကဲကို အမျိုးသားအဖြစ် သတ်မှတ်တာတွေကို ပြောင်းလဲပစ်ရပါမယ်။ မိသားစုရဲ့ တာဝန်အရပ်ရပ်ကို တာဝန်ခွဲဝေယူခြင်းအားဖြင့် အိမ်မှုကိစ္စတာဝန်၊ ကလေးပြုစုရေးတာဝန်နဲ့ အလုပ်တာဝန်တွေကြောင့် စိတ်ဖိစီးမှုဖြစ်ကြရတဲ့ အမျိုးသမီးများကို အိမ်ထောင်ဘက် အမျိုးသားများက အကူအညီပေးရမယ်လို့ ဆိုထားကြပါတယ်။

အစိုးရတွေအနေနဲ့လဲ ကလေးငယ်ထိန်းသိမ်းစောင့်ရှောက်ရေး ကျောင်းများဖွင့်လှစ်ပြီး၊ အမျိုးသမီးများရဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်မှုကနေ ထွက်ပေါ်လာမယ့် စီးပွားရေးပြောင်းလဲတိုးတက်နိုင်တဲ့ ရလာဒ်များကို ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ ကနေဒါနိုင်ငံမှာဆိုရင် အမျိုးသမီးများတန်းတူညီမျှရေးဆိုင်ရာ ၀န်ကြီးဌာနတခုကိုပါ သီးသန့်ဖွင့်လှစ်ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပြုလုပ်အကောင်အထည်ဖော်နေပါတယ်။ အာရှ၊ ပစိဖိတ်ဒေသနဲ့ အာဖရိကဒေသက ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ တိုးတက်ရေးဆိုင်ရာ စီမံချက်တွေမှာလဲ အမျိုးသမီးများရဲ့ စွမ်းရည်ဖော်ထုတ်ပေးရေး၊ စီးပွားရေးအခွင့်အလမ်းများ အပြည့်အ၀ ရရှိစေရေး၊ လူမှုအခွင့်အလမ်းများ ရရှိပြီး မိသားစုမှာ ပြောရေးဆိုခွင့် ရှိစေရေး ဆောင်ရွက်ချက်များကို ဦးစားပေးအချက်အနေနဲ့ ထည့်သွင်းထားကြပါတယ်။ တကယ်တော့ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်တာကြောင့်၊ လူ့အဖွဲ့အစည်းတခုလုံး တိုးတက်မြင့်မားရေးအတွက် ဒီလိုဆောင်ရွက်ချက်တွေ ထွက်ပေါ်လာရတာ ဖြစ်ပါတယ်။ နိုင်ငံတခုရဲ့ စီးပွားရေးယန္တရားတခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ နိုင်ငံသူနိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်။ ယန္တရားရဲ့ အစိတ်အပိုင်းတခု ချို့ယွင်းနေတာဟာလဲ လည်ပတ်တဲ့အခါမှာ အခက်အခဲတွေ အများကြီးဖြစ်ပေါ်စေနိုင်ပါတယ်။ အမျိုးသမီးတွေကို စီးပွားရေးအခွင့်အလမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများပေးခြင်းဟာ နိုင်ငံရဲ့စီးပွားရေးယန္တရားတခုလုံး ချောချောမောမော လည်ပတ်နိုင်စေဖို့ပဲ ဖြစ်ပါတယ်။

ဒီလို အမျိုးသမီးတွေရဲ့ စီးပွားရေးအခွင့်အလမ်းတွေအတွက် တကမ္ဘာလုံးက တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေချိန်မှာ ကျွန်မတို့မြန်မာပြည်မှာကတော့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အစဉ်အလာ၊ ဓလေ့ထုံးစံတွေ၊ စစ်အုပ်ချုပ်မှုစနစ်တွေကြောင့် အမျိုးသမီးတွေရဲ့ စီးပွားရေး၊ လူမှုရေး အခွင့်အလမ်းများစွာဟာ ပိတ်ပင်ခံထားရပါတယ်။ အထင်ရှားဆုံး ဥပမာတခုကို ပြရရင် အခုနအဖ စစ်အုပ်စုရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေမူကြမ်း အပိုဒ် (၃၅၂) မှာ “အစိုးရဟာ အမျိုးသားတွေနဲ့ပဲ သင့်လျော်တဲ့ အလုပ်နေရာတွေမှာ အမျိုးသားတွေကိုပဲ ခန့်အပ်မယ်” ဆိုတဲ့အချက်ပါနေပါတယ်။ တကယ်တော့ နှစ်ဆယ့်တစ်ရာစုရဲ့ တိုးတက်ခေတ်မီတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသားအလုပ်၊ အမျိုးသမီးအလုပ်ဆိုတဲ့ ကွဲပြားမှုတွေ မရှိတော့ပါဘူး။ ကမ္ဘာတလွှားက နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့အစည်းတွေ၊ ပြည်သူ့လွှတ်တော်တွေ၊ စစ်ဘက်ဆိုင်ရာတွေ စတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍမျိုးစုံမှာ အမျိုးသမီးအကြီးအကဲတွေ အများအပြားပါဝင်နေကြပါပြီ။ ဒါကြောင့် ဒီလို အမျိုးသမီးအခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာ အခြေခံပြီး၊ ခေတ်မှီတိုးတက်သော နိုင်ငံတော်သစ်ပေါ်ပေါက်ဖို့ဆိုတာဟာ အလွန်ပင် ခဲယဉ်းလှပါတယ်။

ဒါတင်မကသေးပါဘူး။ အမျိုးသမီးများရဲ့ ဘ၀အဆင့်အတန်းတိုးတက်မြင့်မားမှုနဲ့ စီးပွားရေးအခွင့်အလမ်းများ အပြည့်အ၀ခံစားခွင့် ရရှိဖို့အတွက် လိုအပ်တဲ့ ပေါ်လစီတွေ၊ ဥပဒေတွေဟာလဲ မြန်မာပြည်မှာ မရှိသေးပါဘူး။ တိုင်းရင်းသားကျေးရွာတွေမှာ အမျိုးသမီးတွေကို အတင်းအကြပ် အခမဲ့ အလုပ်စေခိုင်းမှုတွေကလဲ ရှိနေပါသေးတယ်။ စစ်တက္ကသိုလ်တွေမှာ အမျိုးသမီးများ တက်ရောက်ပညာသင်ကြားခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးနိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေကို ပိတ်ပင်ထားတာပဲဖြစ်ပါတယ်။ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးနေတဲ့ စာခိုးချပညာရေးစနစ်ကြောင့် ဘွဲ့ရအမျိုးသမီးများစွာ ပေါ်ပေါက်နေပေမယ့်လဲ ဘွဲ့ရအလုပ်အကိုင် အခွင့်အလမ်းတွေကလဲ အင်မတန်ကို ရှားပါးလွန်းလှပါတယ်။ အမျိုးသမီးတွေရဲ့ စီးပွားရေး၊ လူမှုရေးအခွင့်အလမ်း မရေရာမသေချာမှုတွေရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ လူကုန်ကူးမှုပြဿနာ၊ ပြည့်တန်ဆာပြဿနာတွေကလဲ မြန်မာနိုင်ငံမှာ ကြီးထွားနေပါတယ်။ ဒီပြဿနာများကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြည့်တန်ဆာနှိမ်နင်းအရေးယူရေး စီမံချက်တွေ ဟန်ပြလုပ်ပြရုံနဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မြန်မာအမျိုးသမီးတွေရဲ့ စီးပွားရေးအခွင့်အလမ်း အပြည့်အ၀ခံစားခွင့်ကပဲ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် ထိရောက်တဲ့ စီးပွားရေး၊ လူမှုရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ပေါ်လစီတွေ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ကလဲ အမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေအပေါ် ထိန်းချုပ်ထားတဲ့ အယူအဆတွေကို ပြောင်းလဲဖို့လိုအပ်သလို၊ အမျိုးသမီးတွေ ကိုယ်တိုင်ကလဲ ဒါတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေပါလား ဆိုတာကို နားလည်လက်ခံပြီး၊ တောင်းဆိုမှုတွေ ပြုလုပ်ဖို့ လိုအပ်လှပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။


ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့် ပညာရေး၊ ကျန်းမာရေးအခွင့်အလမ်း

ခေတ်မီတိုးတက်သော နိုင်ငံသစ်တခုတည်ဆောက်ရာမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိကကျပါတယ်။ ရှေးယခင်ကတော့ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဥစ္စာအရင်းအနှီးကိုပဲ ထည့်သွင်းပြောဆိုခဲ့ကြပေမယ့်၊ တစတစနဲ့တချို့သော ကြွယ်ဝတဲ့တိုင်း ပြည်တွေဟာ ဥစ္စာဓန အများအပြားမရှိပဲ အချိန်နဲ့ငွေကိုပညာရေးမှာ မြှုပ်နှံရာကနေ အသိပညာ အရင်းအနှီး ရလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်လာကြတာကို ပညာရှင်တွေ သတိပြုမိလာကြပါတယ်။ အဲဒီကနေစလို့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုတဲ့ စကားလုံးတွေဟာ ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ မူဝါဒတွေမှာ လွှမ်းမိုးနေရာယူလာပါတော့တယ်။ ဒီလိုလူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ဆိုတာမှာ ပညာရေးအခွင့်အလမ်းများမှာသာမက ကျန်းမာရေး အခွင့်အလမ်းများ အပြည့်အ၀ ခံစားခွင့်ရရှိဖို့လဲ လိုအပ်လှပါတယ်။ တကယ်တော့ “ကျန်းမာရေး ဆိုတာကလဲ လာဘ်ကြီးတပါးပဲ” မဟုတ်ပါလားရှင်။



ဒါကြောင့်လဲ လူသားတိုင်း ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းတွေ အပြည့်အ၀ ရရှိလာနိုင်ဖို့ကို ကမ္ဘာနဲ့အ၀ှမ်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ လူဦးရေရဲ့ တ၀က်ကျော်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ပညာရည် တိုးတက်မြင့်မားလာခြင်း၊ ကျန်းမာကြံ့ခိုင်လာခြင်းဟာ လူ့အဖွဲ့အစည်းတခုလုံး တိုးတက်မြင့်မားလာရေးအတွက် အရေးကြီးတာကြောင့်၊ “အမျိုးသမီးတွေ အတွက် ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းများ ရရှိရေး” လှုပ်ရှားမှုတွေဟာလဲ ပေါ်ပေါက်လာခဲ့ပါတယ်။

အမျိုးသမီးရေးရာ လှုပ်ရှားမှုတိုင်းလိုလိုမှာ ဦးစားပေးဆောင်ရွက်ကြတဲ့ အပိုင်းကတော့ အမျိုးသမီးများ ပညာသင်ကြားနိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ၁၈၀၀ပြည့်နှစ်များအထိ အမျိုးသမီးများ မူလတန်းပညာသင်ကြားခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။ နိုင်ငံအများစုမှာ အမျိုးသမီးများ တက္ကသိုလ်ပညာတက်ရောက်သင်ကြားခွင့် အခွင့်အရေးဟာ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာမှ အရှိန်အဟုန်နဲ့ တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေကို ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ပေးလိုက်ခြင်းဟာ လူ့ဘောင်တခုလုံးအတွက် ကြီးစွာသော တိုးတက်ပြောင်းလဲမှု ခြေလှမ်းတွေဖြစ်ကြောင်း တတ်သိပညာရှင်များက ထောက်ပြပြောဆိုကြပါတယ်။ ၂၀၀၄ခုနှစ်က အရှေ့အလယ်ပိုင်းဒေသ ရုပ်မြင်သံကြားအစီအစဉ်တခုနဲ့ တွေ့ဆုံဆွေးနွေးခန်းမှာ အမေရိကန်သမ္မတ ကတော် လော်ရာဘွတ်ရှ်က အမျိုးသမီးတွေကို ပညာသင်ကြားခွင့် ရရှိစေခြင်းဟာ စီးပွားရေးတိုးတက်မှု အကျိုးစီးပွားတခုကိုတင် ဖြစ်ထွန်းစေတာ မဟုတ်ပဲ၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးကိုပါ ရရှိစေကြောင်း၊ ပညာတတ်အမျိုးသမီးတွေဟာ သားဆက်ခြားခြင်း၊ ကလေးငယ်များ အစာအာဟာရ ပြည့်မှီအောင် တွက်ချကျွေးမွေးပြုစုခြင်း၊ ကလေးပြုစုပျိုးထောင်ခြင်း၊ ကလေးပညာရေး စတာတွေမှာ ဗဟုသုတ ပိုများတာကြောင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

၂၁ရာစုကာလမှာကျတော့ အမျိုးသမီးများရဲ့ ပညာသင်ကြားနိုင်ခွင့် အခွင့်အလမ်းဟာ အာရှတိုက်နဲ့ အာဖရိကတိုက် နိုင်ငံအချို့ကလွဲရင် နိုင်ငံတော်တော်များများမှာ ရရှိနေပါပြီ။ ၂၀၀၇ခုနှစ် အာရှပစိဖိတ်ဒေသ စီးပွားရေး၊ လူမှုရေးစစ်တမ်းအရ အာရှပစဖိတ်ဒေသမှာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားက ပညာသင်ကြားခွင့် အခွင့်အလမ်းတွေ ခြားနာမှုကြောင့် ဒေသစီးပွားရေးမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းသုံးဆယ် ဆုံးရှုံးနေကြောင်း တွေ့ရှိရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးငယ်တွေရဲ့ အထက်တန်းကျောင်းတက်ရောက်မှုနှုန်းဟာ ရာခိုင်နှုန်းလေးဆယ်ဝန်းကျင်မှာပဲ ရှိနေပါသေးတယ်။ မူလတန်းတက်ရောက်မှုနှုန်းဟာလဲ ရာနှုန်းပြည့်မဟုတ်သေးပါဘူး။ ဓလေ့ထုံးစံအရ ကန့်သတ်ချက်တွေ၊ နိုင်ငံရဲ့ စီးပွားရေးဆုတ်ယုတ်မှုတွေ၊ အစိုးရရဲ့ ပညာရေးဘတ်ဂျက်ခွဲဝေမှု အားနည်းချက်တွေနဲ့ ပညာရေးမူဝါဒ ချို့ယွင်းချက်တွေဟာ မြန်မာအမျိုးသမီးတွေရဲ့ ပညာသင်ကြားနိုင်ခွင့် အခွင့်အရေးကို ထိခိုက်စေခဲ့ပြီး၊ ဆက်လက်ထိခိုက်နေဆဲပဲဖြစ်ပါတယ်။ ဒီလိုထိခိုက်မှုတွေဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးကြန့်ကြာစေပါတယ်။

ပညာရေးအခွင့်အလမ်းလိုပဲ ကျန်းမာရေးအခွင့်အလမ်းတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်၊ ကိုယ်ဝန်ဖျက်ချမှု အခွင့်အရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှု စတဲ့အချက်တွေဟာလဲ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါတယ်။ ဒါကြောင့်လဲ ၁၉၉၀ နှောင်းပိုင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုများဟာ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းတွေကို ဦးစားပေးလာခဲ့ကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေဖြစ်တဲ့ ကာကွယ်ဆေးထိုးတာ၊ ကိုယ်ဝန်ရှိမရှိစစ်ဆေးတာ၊ လိင်နှင့်ပတ်သက်သော ကူးစက်ရောဂါတွေရှိမရှိ စစ်ဆေးတာ စတဲ့အချက်တွေကနေ ရှုပ်ထွေးနက်နဲလှတဲ့ ဆေးစစ်ချက်တွေဖြစ်တဲ့ နှလုံးရောဂါ၊ ရင်သားကင်ဆာ စတဲ့ ရောဂါများအား ကုသရန် စစ်ဆေးချက်များပါ ပါဝင်ပါတယ်။ အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားနိုင်ခွင့် အခွင့်အလမ်းများ နည်းပါးမှုကြောင့် ကမ္ဘာတ၀ှမ်းမှာ ဆိုးကျိုးဖြစ်ပွားနေရပါတယ်။ ၂၀၀၅ခုနှစ် မှတ်တမ်းများအရ ကမ္ဘာတ၀ှမ်းက အိတ်ခ်ျအိုင်ဗီကူးစက်ခံရသူ ၃၈.၆ သန်းအနက် ၁၇.၃ သန်းဟာ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဒီပြဿနာတွေရဲ့ နောက်ဆက်တွဲကတော့ ကမ္ဘာပေါ်မှာ မိဘမဲ့ကလေးငယ်တွေ အများကြီး ပေါ်ထွက်လာခဲ့ရတာပါ။

ယူနီဆက်စာရင်းဇယားများအရ ကျွန်မတို့မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသူ အမျိုးသမီး တသိန်းကျော်ရှိနေပါတယ်။ စီးပွားရေးအခြေအနေ ဆုတ်ယုတ်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ လူကုန်ကူးမှု၊ လိင်ကျွန်အဖြစ်သွတ်သွင်းခံရမှု၊ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမှု စတာတွေအပြင်၊ လုံလောက်တဲ့ ကျန်းမာရေးအသိပညာပေးခြင်း မရှိတာတွေ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်း အားနည်းချက်တွေရယ်ဟာ ဒီလိုအဖြစ်ဆိုးတွေရဲ့ အရင်းခံအချက်တွေပါပဲ။ ဒီလို လုံလောက်တဲ့ ကျန်းမာရေးအသိပညာပေးမှု မရှိတာတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေဟာ အေအိုင်ဒီအက်စ်ရောဂါပိုး ပျံ့ပွားမှုတွေသာမက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းကိုလဲ တိုးတက်မြင့်မားစေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးမှုဟာ နှစ်စဉ် သုံးထောင်နဲ့ ငါးထောင်ကျော်အတွင်းမှာ ရှိနေကြောင်း နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများရဲ့ မှတ်တမ်းများမှာ ရေးသားထားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးရုံ၊ ဆေးခန်းများမှာ မှတ်ပုံတင်ခွင့်ရရှိရေး၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရေး၊ နိုင်ငံပိုင်ဆေးရုံများမှာ အခမဲ့သားဖွားခွင့်ရရှိရေးဟာ တိုးတက်သော လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးအတွက် အလွန်ပဲ အရေးကြီးလာပါတယ်။

ဒါတွင်မကသေးပါဘူး။ အမျိုးသမီးများ အကြမ်းဖက်ခံရမှုအရေးဟာလဲ ပြည်သူ့ကျန်းမာရေးဆိုင်ရာမှာ အရေးကြီးတဲ့ အကြောင်းအရာ တရပ်ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ၁၉၉၆ ခုနှစ် အစီရင်ခံစာမှာ အမျိုးသမီးများ အကြမ်းဖက်ခံရမှုရဲ့ ရေတိုရေရှည် ကျန်းမာရေးဆိုးကျိုးများကို ဖော်ထုတ်ထားခဲ့ပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ အမျိုးသမီး ၁၀ ရာခိုင်နှုန်းမှ ၆၉ ရာခိုင်နှုန်းထိဟာ အမျိုးသားအဖော်ရဲ့ အကြမ်းဖက်မှုကို ဘ၀မှာ တကြိမ်တော့ အနည်းဆုံးခံခဲ့ကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေဟာ အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အိမ်တွင်းအကြမ်းဖက် ရိုက်နှက်နှိပ်စက်မှု၊ မိသားစုတွင်းမှ ပြောရေးဆိုခွင့်မရှိပဲ အနှိမ်ခံရမှု စတဲ့ပုံသဏ္ဍာန်အမျိုးမျိုးရှိပါတယ်။ ဒါတွေဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို စိတ်ရောကိုယ်ပါ ထိခိုက်စေတဲ့ အရာတွေဖြစ်တာကြောင့်၊ အမျိုးသမီးများရဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကင်းဝေးစေရေးအတွက် သင့်လျော်သော ဥပေဒေများကို သက်ဆိုင်ရာအစိုးရများမှ ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံမှာတော့ “သားကိုသခင်၊ လင်ကိုဘုရား”၊ “မယားနေစ၊ ကြောင်သေမှ” စတဲ့ အစွန်းရောက် ထုံးတမ်းစဉ်လာ အဆိုအမိန့်တွေရယ်၊ စီးပွားရေးဆုတ်ယုတ်မှုကြောင့် ဖြစ်ပွားရတဲ့ စိတ်ဖိစီးမှုပေါက်ကွဲမှုတွေရယ်၊ စစ်အုပ်စုရဲ့ “အဓမ္မပြုကျင့်တာကို စစ်ဆင်ရေးလက်နက်အဖြစ်” အသုံးပြုမှုတွေရယ်၊ စတာတွေကြောင့် နိုင်ငံတော်အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေ ရှိနေသလို၊ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ အမျိုးသမီးတွေလဲ အများကြီး ရှိနေကြပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရေးကို ထိခိုက်မှုဖြစ်လာတာနဲ့အမျှ လုပ်အားနဲ့ နိုင်ငံတော်တည်ဆောက်ရေး၊ အသိဥာဏ်စွမ်းပကားနဲ့ လူ့ဘောင်ကို တိုးတက်စေရေး၊ မိခင်မေတ္တာနဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေး စတဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေလာပါတယ်။ ဒါကြောင့် မြန်မာ့လူ့ဘောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများပညာရေး၊ ကျန်းမာရေးအခွင့်အလမ်းများ အပြည့်အ၀ခံစားခွင့်ရရှိရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြပါစို့ လို့ပြောကြားရင်း နိဂုံးချုပ်ပါရစေရှင်။

ခင်မမမျိုး (၂၀၀၉)

(ဒီမိုကရက်တစ် မြန်မာ့အသံ၊ အမျိုးသမီး အခွင့်အလမ်း အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သော ဆောင်းပါးဖြစ်ပါသည်)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးနှင့်နိုင်ငံရေး၊ ဥပဒေရေးအခွင့်အလမ်း

ကျွန်မတို့ ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူသားတွေအကြားမှာ လူမျိုးတွေ ဘယ်လိုပဲကွဲပြားကွဲပြား၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေ ဘယ်လိုပဲ ခြားနားခြားနား၊ တူညီတာတခုတော့ ရှိပါတယ်။ အဲဒါကတော့ လူသားတိုင်းမှာရှိတဲ့ မွေးရာပါ လူ့အခွင့်အရေးပါ။ လူသားတိုင်းဟာ မိမိတို့ ကံကြမ္မာကို ကိုယ်တိုင်စီမံဖန်တီးခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေကို ရရှိခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ သက်ဆိုင်ရာ နိုင်ငံအစိုးရများရဲ့ အဓိကလုပ်ငန်းတာဝန်တွေထဲမှာလဲ လူသားတို့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အချက်တချက် ပါဝင်ပါတယ်။ ကျွန်မတို့ လူသားတွေအားလုံးဟာ မွေးရာပါလူ့အခွင့်အရေးတွေကို အပြည့်အ၀ အသုံးချနိုင်မှာသာ လူ့စွမ်းအားတွေ တိုးတက်လာမှာဖြစ်ပါတယ်။ လူ့စွမ်းအားတွေ တိုးတက်လာတာနဲ့အမျှ လူ့အဖွဲ့အစည်းရဲ့ စားသောက်နေထိုင်ရေး အဆင့်အတန်းတွေကလဲ “ရေမြင့်ရင် ကြာတင့်” ဆိုသလိုပဲ တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်း ရှင်သန်တိုးတက်ရေးအတွက် လူ့အခွင့်အရေးဟာ ပဓာနကျပါတယ်။ လူ့အခွင့်အရေးဆိုတာမှာလဲ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော တန်းတူအခွင့်အရေး ရနိုင်ဖို့က အရေးကြီးလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်လူဦးရေတွေရဲ့ တ၀က်ကျော်ဟာ အမျိုးသမီးများ ဖြစ်နေလို့ပါပဲ။



အမျိုးသမီးတွေ လူ့အခွင့်အရေး အပြည့်အ၀ မရရှိခြင်းဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ စွမ်းအားတွေ ကျဆင်းတာနဲ့ အတူတူပါပဲ။ ဒါကြောင့် အမျိုးသမီးများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် အခွင့်အရေးတွေရရှိဖို့လိုအပ်လှပါတယ်။ ဒီလိုနဲ့ “အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်” ဆိုတာ သိရှိလက်ခံလာကြတာနဲ့အမျှ ကမ္ဘာတ၀ှမ်းမှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသမီးလှုပ်ရှားမှုတွေဟာ ၁၇ ရာစုနဲ့ ၁၈ ရာစုနှစ်တွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုင်းပြည်တွေမှာ အစပြုခဲ့ရာက ၂၀ရာစုရောက်တဲ့အခါမှာ အာရှနဲ့ အာဖရိကတိုက်က နိုင်ငံများကို ပျံ့နှံ့သွားခဲ့ပါတယ်။ အခုဒီအစီအစဉ်မှာ အမျိုးသမီးနဲ့နိုင်ငံရေးနှင့် ဥပဒေရေးဆိုင်ရာ အခွင့်အရေးတွေကြားက ဆက်နွယ်မှုတွေကို တင်ပြပေးပါမယ်။

နိုင်ငံရေးအခွင့်အရေးဆိုတာ မဲပေးပိုင်ခွင့်၊ ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံနိုင်ခွင့်နဲ့ တရားမျှတသော ရွေးကောက်ပွဲ စတာတွေနဲ့ ပတ်သက်ပြီး၊ ဥပဒေရေးဆိုင်ရာ အခွင့်အရေး ဆိုတာကတော့ မျှတသော တရားစီရင်ရေးစနစ်၊ မြေယာပိုင်ဆိုင်မှုအခွင့်အရေးစတာတွေနဲ့ ပတ်သက်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေဟာ မဲပေးပိုင်ခွင့်အတွက် ခက်ခက်ခဲခဲ လှုပ်ရှားပြီးမှ အောင်မြင်မှုတွေ ရရှိခဲ့ရပါတယ်။ နယူးဇီလန်နိုင်ငံဟာ အမျိုးသမီးများ မဲပေးပိုင်ခွင့်ကို (၁၈၉၃) ခုနှစ်မှာ ပထမဦးဆုံး ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံတခုပါ။ ၂၀ရာစုကာလတလျှောက် နိုင်ငံပေါင်းများစွာမှာ လှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်ပေါက် အောင်ပွဲဆင် နိုင်ခဲ့ကြပေမယ့် အချို့သော နိုင်ငံများက အမျိုးသမီးတွေမှာတော့ ဒီအခွင့်အရေးကို အခုထိမရကြသေးရှာပါဘူး။ ဘရူနိုင်းနဲ့ ဗာတီကန်စင်တီးတို့မှာ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်ကို ကန့်သတ်ထားပါတယ်။ အမျိုးသမီးများ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့်မှာလဲ ဒီအတိုင်းပါပဲ။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ နယူးဇီလန်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံပေါင်းများစွာမှာ အမျိုးသမီးနိုင်ငံတော် အကြီးအကဲတွေ ပေါ်ပေါက်ခဲ့ပေမယ့်၊ အမျိုးသမီးများကို နိုင်ငံရေးဇာတ်ခုံပေါ် မရောက်အောင် ပိတ်ပင်တားဆီးနေတဲ့ နိုင်ငံများစွာလဲ ရှိနေပါသေးတယ်။

အမျိုးသမီးတွေကို မဲပေးပိုင်ခွင့် ပေးခြင်းအားဖြင့် နိုင်ငံတော်အစိုးရရဲ့ လူထုကို ကိုယ်စားပြုမှု အရည်အသွေးဟာ မြင့်တက်လာပါတယ်။ အစိုးရတရပ်ဟာ လူထုကို ကိုယ်စားပြုရမှာဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ပွဲပါဝင်ခွင့်တွေကို ကန့်သတ်ထားတဲ့အစိုးရကို လူထုအားလုံးကို ကိုယ်စားပြုတဲ့အစိုးရလို့ မသတ်မှတ်နိုင်ပါဘူး။ မဲပေးပိုင်ခွင့်အပြင် အမျိုးသမီးတွေကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်၊ နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းဟာလဲ ကြီးစွာသော အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ နိုင်ငံရေးရာမှာ အမျိုးသမီးတွေ ပါဝင်လာတာဟာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ အရည်အသွေးကို မြင့်တက်လာစေနိုင်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် နော်ဒါလ်ဗာလ် ဆိုခဲ့သလိုပဲ အမျိုးသမီးတွေ နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်စေတာဟာ အမျိုးသမီးတွေရဲ့ အမြင်သစ်တွေ၊ အရည်အချင်းတွေနဲ့ စွမ်းဆောင်ရည်တွေကို အသုံးပြုခွင့်ရရှိလာတာပဲ ဖြစ်ပါတယ်။ ဒီလိုကွဲပြားတဲ့အမြင်တွေကို ဖော်ထုတ်ခွင့်ပေးတာဟာ ကြံဆတီထွင်တာကို အားပေးတဲ့အတွက် တိုးတက်မှုကို ဦးတည်စေတဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။ ဒါတွင်မကပဲ တခြားသော အမျိုးသမီးတွေရဲ့ စိတ်အင်အားကို တိုးမြှင့်ပေးတာကြောင့် ကြိုးစားချင်စိတ်၊ တိုးတက်ချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတော့တယ်။ နိုင်ငံတော်ရဲ့ လူဦးရေ တ၀က်ကျော်မှာ တိုးတက်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာတာဟာ လူ့ဘောင်တခုလုံးရဲ့ တိုးတက်မြင့်မားရေးကို ထောက်ကူပေးခြင်းသာဖြစ်ပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေဟာ တရားဝင်မဲပေးခွင့်ရှိပါတယ်။လွတ်လပ်ရေး ရပြီးစကာလက မြန်မာအမျိုးသမီးများဟာ လွှတ်တော်အမတ်များအဖြစ်၊ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် နေ၀င်းစစ်အုပ်စုက နိုင်ငံတော်အာဏာသိမ်းပိုက်ပြီး နောက်ပိုင်းမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးအခွင့်အရေးတွေ ဆုံးရှုံးသွားခဲ့ရပါတယ်။ ၁၉၉၀ ခုနှစ်မှာ မဲပေးခွင့်နဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခွင့်တွေ ရှိခဲ့ပြန်တော့လဲ အနိုင်ရတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို စစ်အုပ်စုက အာဏာမလွှဲပေးခဲ့ပြန်ပါဘူး။ စစ်အုပ်စုကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှာလဲ ကိုယ်စားလှယ် ၁၀၈၀ ယောက်မှာ အမျိုးသမီး (၆၇) ယောက်သာ ပါဝင်ခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက အစိုးရအဖွဲ့ဝင်တွေမှာ အမျိုးသမီးတွေ ပါဝင်နေပေမယ့် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရထဲမှာ အမျိုးသမီးအစိုးရအဖွဲ့ဝင် မရှိပါဘူး။ ဒါကြောင့် မြန်မာအမျိုးသမီးတွေဟာ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေဖြစ်တဲ့ မဲပေးပိုင်ခွင့်၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ တရားမျှတသော ရွေးကောက်ပွဲနဲ့ အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခွင့် စတာတွေကို ပီပီပြင်ပြင် ခံစားခွင့်မရခဲ့ကြဘူးဆိုတာ ထင်ရှားနေပါတယ်။ ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးနေတာဟာ မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးတိုးတက်ရေးကို အများကြီး နှောင့်နှေးစေပါတယ်။

ဥပဒေဆိုင်ရာအခွင့်အရေးများအကြောင်းကို ဆက်လက်တင်ပြပါမယ်။ ဥပဒေရေးရာ အခွင့်အရေးများ ကတော့ ထိခိုက်နစ်နာမှုနဲ့ဆိုင်တဲ့ အခွင့်အရေးတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်တဲ့ အခွင့်အရေးတွေနဲ့ ရုံးတော်မှာ တရားမျှတစွာ ကြားနာစစ်ဆေးခံနိုင်ခွင့် စတာတွေနဲ့ ပတ်သက်ပါတယ်။ လူတိုင်းလူတိုင်းမှာ မိမိတို့ ဆန္ဒကို ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးလှုံ့ဆော်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးဟောပြောခွင့်တွေ ရရှိရမှာဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာတ၀ှမ်းက ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ကလေးငယ်များ အစာအဟာရ ဖူလုံစွာရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစတာတွေနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြပါတယ်။ အများသမီးတွေ ချိတ်ဆက်လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေဟာလဲ ကမ္ဘာ့လူဘောင်တခုလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တတပ်တအား တာဝန်ယူဆောင်ရွက်နေကြပါတယ်။ ဒါဟာ အမျိုးသမီးတွေ လွတ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးလှုံ့ဆော်ခွင့်နဲ့ စုဝေးဟောပြောခွင့်တွေ ရရှိခံစားနိုင်မှုကနေ ထွက်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာအမျိုးသမီးတွေမှာတော့ ငြိမ်းချမ်းစွာ မိမိတို့သဘောဆန္ဒကို ထုတ်ဖော်ဟောပြောခွင့်တွေ အပြည့်အ၀ မရရှိကြပါဘူး။ နိုင်ငံရေးရာ ပြောဆိုခွင့်တွေကို ပိတ်ပင်တားမြစ်ခံရတဲ့အပြင် ကြီးလေးသော ထောင်ဒဏ်များကိုလဲ ချမှတ်ခံနေကြရပါတယ်။ တရားမျှတစွာ ကြားနာစစ်ဆေးခွင့်ကိုလဲ မရရှိကြပါဘူး။ မြန်မာစစ်အစိုးရလက်ထက် တရားစီရင်ရေးစနစ်မှာ နိုင်ငံရေးပြစ်မှုတွေဖြစ်တိုင်း တဘက်သတ်စစ်ဆေး အမိန့်ချမှတ်မှုတွေကို ကြုံကြရသလို၊ တခြားပြစ်မှုတွေမှာလဲ “ငွေများတရားနိုင်”ဆိုတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကသာ လွှမ်းမိုးနေပါတယ်။ အမျိုးသမီးတွေရဲ့ ထိခိုက်နစ်နာမှုတွေကို တင်ပြဖို့ဆိုတာမှာလဲ ကြီးလေးတဲ့ မုဒိမ်းမှု၊ လိမ်လည်ကာမရယူမှု စတာတွေမှာတောင် ပြစ်မှုကျူးလွန်သူတွေဟာ ထိရောက်တဲ့ အရေးမယူမခံရပဲ လွတ်မြောက်သွားတာတွေ အများအပြားဖြစ်ပါတယ်။ ဥပဒေရေးရာတွေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ထိရောက်အောင် ကာကွယ်ပေးဖို့ ချို့ယွင်းချက်တွေ ရှိနေတာရယ်၊ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံစတာတွေရယ်ကြောင့် ရေတိမ်နစ်ခဲ့ရတဲ့ အမျိုးသမီးတွေ အများအပြားဖြစ်နေပါတယ်။ ဒီလိုအမျိုးသမီးတွေမှာ နစ်နာမှု ဖြစ်စေတာဟာ လူ့အဖွဲ့အစည်းကို လုပ်အားနဲ့ပဲဖြစ်ဖြစ်၊ မျိုးဆက်သစ်မွေးဖွားပေးခြင်းနဲ့ပဲဖြစ်ဖြစ် အကျိုးပြုပေးနိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးနဲ့ တိုးတက်ရေးကို ထိခိုက်တာဖြစ်တဲ့အတွက်၊ လူ့အဖွဲ့အစည်းတခုလုံးကိုပါ နစ်နာမှုဖြစ်စေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ ဥပဒေရေးဆိုင်ရာ အခွင့်အရေးတွေကို မြှင့်တင်ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါရစေရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

မိုင်းအန္တရာယ် သိမှတ်ဖွယ်

Sunday, April 4, 2010

မိုင်းဆိုသည်မှာ
မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။




မိုင်းအသုံးပြုမှု သမိုင်းကြောင်း

ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ်အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

ဘာကြောင့် မိုင်းကို အသုံးပြုရသလ
(၁) စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန်
(၂) ရန်သူ့စစ်ကြောင်းများကို လမ်းလွှဲရန် (သို့မဟုတ်) သတ်ကွင်းသို့ မောင်းသွင်းရန်
(၃) အချို့သော လမ်းကြောင်းများကို ရန်သူများ အသုံးပြုခြင်းမှ ရှောင်ရှားစေရန်၊ နယ်မြေစိုးမိုးရန်
(၄) ရန်သူ့လှုပ်ရှားမှုများ နှောင့်နှေးကြန့်ကြာစေရန်
(၅) နိုင်ငံများအကြား ကျူးကျော်မှုများကို တားဆီးရေးအတွက် နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရန်
(၆) ရန်သူများအား ထိခိုက်ဒဏ်ရာရစေရန်၊ သေကြေပျက်စီးစေရန်

ပေါက်ကွဲစေတတ်သော ပစ္စည်းအမျိုးအစားများ
(၁) anti-personnel landmines
ဒီမိုင်းအမျိုးအစားမှာ မြေမြှုပ်မိုင်းနဲ့ ဆွဲမိုင်းတွေ ပါဝင်ပါတယ်။
(၂) Anti-armor (တင့်ကားများ၊ လက်နက်ကြီးများ)
တင့်ကားတွေနဲ့ လက်နက်ကြီးတွေကို ဖောက်ခွဲဖို့ အသုံးပြုလေ့ရှိတဲ့ မိုင်းအမျိုးအစားဖြစ်ပါတယ်။
(၃) ခဲယမ်းမီးကျောက်များ
လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်၊ မော်တာကျည်၊ ဒုံးကျည်၊ ကျည်ဆံ စတာတွေ ဖြစ်ပါတယ်။
(၄) လက်လုပ်ဗုံးများ
(၅) ဓာတုပစ္စည်းများ

မိုင်းနှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကြောင့် ဖြစ်ပွားတတ်သော ပျက်စီးဆုံးရှုံးမှုများ

(၁) ကိုယ်ခန္ဓာ ထိခိုက်မှု- မိုင်းတွေ ပေါက်ကွဲခြင်းကြောင့် လူတွေ သေကြေပျက်စီးတာ၊ ခြေလက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံ ချို့ယွင်းတာတွေ ဖြစ်စေနိုင်ပါတယ်။
(၂) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု- မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းပြီး သိမ်ငယ်စိတ်များ ဖြစ်စေနိုင်ပါတယ်။
(၃) စီးပွားရေးဆိုင်ရာ ထိခိုက်မှု- မြေမြှုပ်မိုင်းတွေကို လယ်ယာမြေတွေမှာ မြှုပ်နှံမှုတွေကြောင့် ကျွဲနွားတွေ သေကြေပျက်စီးမှုဟာ လယ်သမား၊ ယာသမားတွေရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ လူကို ထိခိုက်ဒဏ်ရာရစေမှုမှာလဲ ထိခိုက်သူဟာ အိမ်ရဲ့ စားဝတ်နေရေးကို ရှာဖွေနေသူဆိုရင် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်စေနိုင်ပါတယ်။ စိုက်ပျိုးမြေတွေကို စွန့်လွှတ်ရမှုတွေ ရှိစေပါတယ်။
(၄) ဘ၀ရပ်တည်ရေးဆိုင်ရာ ထိခိုက်မှု- အဆိုးဝါးဆုံးကတော့ သောက်သုံးရေ ရရှိနိုင်မယ့် နေရာဒေသတွေကို မသွားရဲအောင် ဖြစ်စေတတ်ပါတယ်။

ဘာကြောင့် လူတွေ မိုင်းအန္တရာယ်ရဲ့ သားကောင်တွေ ဖြစ်ကြရသလဲ
တချို့က ဒါကို ကံဆိုးလို့လို့ ဆိုတတ်ကြပါတယ်။ အရာအားလုံးမှာ ကံကိုယုံပြီး ဆူးပုံနင်းလို့ မရပါ။ မိုင်းအန္တရာယ်ရဲ့ သားကောင်ဖြစ်ရသူတွေကို လေ့လာကြရာမှာ နယ်မြေဒေသအခြေအနေကို သိရက်နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေ ပြုလုပ်တတ်သူတွေ အများအပြား ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဘာကြောင့် ဒီလို စွန့်စားမှုတွေ လုပ်တတ်ကြသလဲ။
(၁) အမှုမဲ့၊ အမှတ်မဲ့နေခြင်း- မိုင်းနင်းပြီးမှ သေမယ်ဆိုတဲ့ လူဟာ သေမှာပဲ။ ရှောင်လို့ ရမှာ မဟုတ်ပါဘူး လို့ ယူဆပြီး အမှုမဲ့၊ အမှတ်မဲ့နေခြင်း။ အန္တရာယ်ကို ထည့်သွင်းစဉ်းစားမှု မပြုခြင်း
(၂) အတင့်ရဲခြင်း- အန္တရာယ်မှ လွတ်မြောက်ထားဖူးသူများမှ နောင်တွင်လည်း လွတ်မြောက်မည် ယူဆပြီး အတင့်ရဲခြင်း
(၃) စွန့်စားခြင်း- အန္တရာယ်ရှိမှန်း သိလျက်နှင့် စွန့်စားသွားလာလိုစိတ်ရျိခြင်း
(၄) စီးပွားရေးလိုအပ်ချက်- သံထည်ပစ္စည်းများအား ရှာဖွေရောင်းချခြင်း (စစ်အတွင်းမှ ကျန်ရစ်သော ဗုံးဆန်၊ အမြောက်ဆန်များကို ရှာဖွေရင်း အသက်ဆုံးရှုံးမှုများ ရှိတတ်ပါတယ်)

မိုင်းနှင့် ခဲယမ်းမီးကျောက်အန္တရာယ် ရှိနိုင်သော နေရာဒေသများ
ပျက်စီးနေသော အဆောက်အအုံများ
ဖုန်းဆိုးမြေ
စစ်တလင်း ဒေသ ကွင်းပြင်များ
တောလမ်းများ
ယာယီအခြေစိုက် စစ်ခန်းချရာနေရာများ
တိုက်ပွဲများ ဖြစ်ပွားတတ်သည့် ဒေသများ
စစ်ကြောင်းများသွားလာလှုပ်ရှားတတ်သော လမ်းများ
စွန့်ပစ်ထားသော စစ်လက်နက် ပစ္စည်းများ
စွန့်ပစ်ထားသော အဆောက်အဦး၊ နေရာဒေသများ

အချက်ပြအမှတ်အသားများ
အနီးအနားမှ သစ်ပင်များတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ တြိဂံနှင့် အန္တရာယ် အချက်ပြအမှတ်အသားများ ရှိတတ်သည်။ အဆိုပြအချက်ပြအမှတ်အသားများ မရှိသော်လည်း မိုင်းနှင့် ပေါက်ကွဲစေသော ခဲယမ်းမီးကျောက် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သော သက်သေများမှာ သေဆုံးနေသော တိရစ္ဆာန်များ၊ မိုင်းအစိတ်အပိုင်းများ၊ ဆွဲမိုင်း ၀ါယာများ၊ လုံခြုံရေး အစို့အပိတ်များ၊ ပုံမှန်မဟုတ်သော အမိုက်သရိုက် အစုအပုံများ၊ ကျည်ခွံများ ပျံ့ကျဲနေမှုများ၊ ပုံမှန်မဟုတ်သော နယ်မြေဒေသအခြေအနေ စသည်တို့ဖြစ်သည်။

မိမိနှင့် အကျွမ်း မ၀င်သော နယ်မြေလမ်းခရီးကို သွားရောက်ပါက လိုက်နာဆောင်ရွက်ဖွယ်များ
(၁) နယ်မြေခံလူထုနှင့် တာဝန်ရှိသူများအား လုံခြုံသော လမ်းကြောင်းကို မေးမြန်းရန်
(၂) တောလမ်းခရီး အသုံးပြုခြင်းမှ ရှောင်ရှားရန်
(၃) လမ်းကြောင်းနှင့် လှေကားထောင့် စသည်များမှ အတားအဆီးများကို သတိပြုရန်
(၄) မိမိ မမြင်ဖူးသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန်

သံသယဖြစ်ဖွယ် ပစ္စည်းအား တွေ့ရှိပါက မည်သို့ ပြုမူဆောင်ရွက်မည်နည်း
(၁) အနီးသို့ မသွားပါနှင့်။ (ပစ္စည်းမဟုတ်ပဲ ပေါက်ကွဲမှုကြောင့် ရသော ဒဏ်ရာနှင့် လဲလျောင်းနေသူ ဖြစ်စေကာမူ အစောတလျင် အနီးသို့ မသွားပါနှင့်။ ၀န်းကျင်တွင် ထပ်မံ ပေါက်ကွဲစေတတ်သော မိုင်းများ ရှိနေတတ်သည်)
(၂) မကိုင်ပါနှင့်
(၃) ပစ္စည်းကို ယူဆောင်ပြီး မလွှင့်ပစ်ပါနှင့်
(၄) နီးစပ်ရာ တာဝန်ရှိသူများကို ဆက်သွယ်ပါ

မိုင်းကွင်းထဲ ရောက်နေပါက ပြုလုပ်ဖွယ်ရာများ
(၁) စိတ်ကို အေးအေး ထားပါ
(၂) လှုပ်ရှားမှုများကို ရပ်တန့်ပါ
(၃) မည်သည့်သံသယဖြစ်ဖွယ်ပစ္စည်းများကိုမှ မကိုင်တွယ်ပါနှင့်
(၄) လူသူများအနီးအနားတွင် ရှိပါက အော်ဟစ်အကူအညီတောင်းပါ။

မိုင်းအန္တရာယ်ကို လူအများ အဘယ်ကြောင့် သတိပြုသင့်သနည်း။

မိုင်းအန္တရာယ်ကြောင့် အနည်းဆုံး ခြေတဘက်ဆုံးရှုံးကြရသူများ ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိနေပါတယ်။ မိုင်းများကို ဖယ်ရှားရတာက ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ထက် ပိုမို ကုန်ကျလျက်ရှိပါတယ်။ မိုင်းအန္တရာယ်သားကောင်များရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သားပြည်သူလူထုသာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ဟာ နှစ်ပေါင်းများစွာ ကြာအောင် လူ့အဖွဲ့အစည်းကို ခြိမ်းချောက်နေဦးမှာပါပဲ။

မိုင်းအန္တရာယ်ကင်းဝေးရေးအတွက် ဘာတွေ လုပ်ဆောင်သင့်သလဲ။
မိုင်းအန္တရာယ် ကင်းဝေးရေးအတွက် အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေအပါအ၀င် ပြည်သူလူထု တရပ်လုံးက နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းဆောင်တာတွေကတော့

(၁) မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education)
ရုပ်မြင်သံကြား၊ ရေဒီယို၊ စာနယ်ဇင်း စတာတွေကနေတဆင့် မိုင်းအန္တရာယ်ကို လုအများ သတိထားမိလာအောင် ပညာပေးခြင်း
မိုင်းအန္တရာယ်ဖြစ်ပွားမှု မြင့်မားသော နေရာဒေသများတွင် မိုင်းအန္တရာယ် ပညာပေးအဖွဲ့များ ဖွဲ့စည်းပြီး ကျေးရွာများတွင် လှည့်လည် ဟောပြောပညာပေးခြင်း
လူထုအခြေပြု မိုင်းအန္တရာယ် လျှော့ချရေး (Community based mine risk reduction- CBMRR) စီမံကိန်းများ အကောင်အထည်ဖော်ခြင်း
မိုင်းအန္တရာယ်သတိပြုမိစေရေး နေ့များ သတ်မှတ်ပြီး အခမ်းအနားများ ပြုလုပ်ခြင်း
ဆိုင်းဘုတ်များ ရေးဆွဲပြီး လူထုပညာပေးခြင်း

(၂) မြေမြှုပ်မိုင်း ရှင်းလင်းရေး (Mine Clearance- Demining)
မိုင်းရှင်းခွေးများ အသုံးပြုခြင်း
UXO (Unexploded Ordnance)များ ရှင်းလင်းခြင်း
စက်ပစ္စည်းများ အသုံးပြု ရှင်းလင်းခြင်း

(၃) အန္တရာယ် သားကောင်များအား ကူညီပံ့ပိုးခြင်း (Victims Assistance)
၂၀၀၉ ခုနှစ် Convention on Cluster Munitions (CCM) မှာ သားကောင်ဆိုတာကို မိုင်းအန္တရာယ်နဲ့ အခြား ခဲယမ်းမီးကျောက်များ အသုံးပြုမှုကြောင့် ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၊ စီးပွားရေး ပျက်စီးဆုံးရှုံးမှု၊ လူမှုရေး ထိခိုက်နစ်နာမှုနဲ့ လူသားတယောက်ခံစားရမယ့် အခွင့်အရေးများ ဆုံးရှုံးရမှုတွေကို ကြုံတွေ့ခဲ့ရသူများလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီအထဲမှာ တိုက်ရိုက် ထိခိုက်သူတွေ ပါသလို သွယ်ဝိုက် ထိခိုက်ဆုံးရှုံးရတဲ့ မိသားစုဝင်တွေလဲ ပါပါတယ်။ ဒီလို သားကောင်တွေကို နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက ကူညီစောင့်ရှောက်ရမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။


(၄) ကိုယ်စားပြု လျှောက်လဲချက်ပေးခြင်း (advocacy)
အန္တရာယ်ကို လူအများ သတိပြုမိလာအောင် ပြုလုပ်ခြင်း
မိုင်းအန္တရာယ် ကင်းဝေးရေး လှုပ်ရှားမှုများအတွက် လူ့စွမ်းအားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ ရှာဖွေအသုံးပြုခြင်း
နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ မိုင်းများအသုံးပြုမှုနှင့် ဖယ်ရှားမှုများတွင် နိုင်ငံတကာ ဥပဒေများ၏ စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ခြင်း ရှိမရှိ လေ့လာစောင့်ကြည့်ခြင်း
အန္တရာယ်သားကောင်များ၏ လူ့အခွင့်အရေးများကို မီးမောင်းထိုးပြခြင်း
မိုင်းအန္တရာယ်ကင်းဝေးရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်လာစေရန် ကင်ပိန်းများ ဖော်ဆောင်ခြင်း၊ စည်းရုံးလှုံဆော်ခြင်း
မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘဏ္ဍာရေး ခွဲဝေ အသုံးပြုမှု စရိတ် တိုးမြင့်လာအောင် ဆောင်ရွက်ခြင်း
နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေး အဖွဲ့များတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များ ထွက်ပေါ်လာအောင် ကြိုးပမ်းခြင်း
အစီရင်ခံစာများ ထုတ်ဝေခြင်း

စတာတွေပဲ ဖြစ်ပါတယ်။

လူတိုင်း၊ လူတိုင်း မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ အန္တရာယ်မှ ကင်းဝေးကြစေရန် ရည်သန်လျက်။

ခင်မမမျိုး (၄၊ ၄၊ ၂၀၁၀)

ရည်ညွန်းကိုးကား။

Australia Agency for International Development (2005) Mine Action Strategy, AUSADI

Chris Rush (2009) 'Sri Lanka: Mine Action in a Deteriorating Environment', Journal of Mine Action, 13 (3), Mine Action Information Centre

Geneva International Centre for Humanitarian Mining (2005) Mine Action: Lessons and Challenges, Geneva

Mudhafar Aziz Hamad (2007) 'The Child-to-Adult Method in Mine-risk Education', Journal of Mine Action, 11 (1), Mine Action Information Centre

Salomon Schreuder (2007) 'Iraq Facing the Legacy of Landmines and Explosive Remnants of War', Journal of Mine Action, 11 (2), Mine Action Information Centre

United Nations (2010) Gender Guidelines for Mine Action Programmes, March, 2010
US Department of State (2005) The Landmine Action Smart book, 2nd edition

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP